Menu & Search

အကျပ်အတည်းကို အလကား မဖြစ်စေနဲ့

July 16, 2020

မောင်မြတ်ထင်၏ ဆင်ခြင်ခြင်း

(ကပ်ရောဂါဆိုက်နေတဲ့ ဒီအချိန်ကတော့ ပြန်လည် ဆင်ခြင်ရမယ့် ကာလ ကြီး။ လုပ်တာကိုင်တာတွေ မှန်သလား၊ မှားသလား။ အကျပ်အတည်းကို အလကား မဖြစ်စေနဲ့ ဆိုတဲ့ စကားရှိတာကိုး။)

ဒီနှစ် မတ်လ၊ ရွှေပြည်ကြီးမှာ ကိုဗစ်လူနာတယောက် စတွေ့။ ကျောင်းတွေ ပိတ်ရပြီး အိမ်မှာပဲ နေရတဲ့အခါ လုပ်မိ ကိုင်မိတာလေးတွေ ဆင်ခြင်မိတာလေးတွေ ရှိတယ်။

ပထမ ဘယ်တော့ပြီးမယ်မှန်းမသိလို့ “ဒီတောင်ကို မောင် ကျော်ချင်မှ ကျော်မယ်” ဆိုတဲ့ အတွေးက ရောက်လာတာ။ သေခြင်းကနီးတော့ မသေခင် လုပ်စရာလေးတွေ လုပ်မှပဲ။ ဒါနဲ့ စတီဗင် တိုက်တွန်းခဲ့တဲ့ “ကမ္ဘာကြီးကို ဘယ်သူတွေက ကျွေးမွေးနေသတုံး” အပြီးသတ်တယ်။ အယ်မလီ ဒစ်ကင်ဆင်ရဲ့ Poetry for Young People ကိုလည်း အပြီးသတ်တယ်။ ဟိုစာအုပ်က ဒီနှစ်ထဲ မကြာသေးဘူး၊ အယ်မလီရဲ့ ကဗျာစာအုပ်က ၄-၅ နှစ် ရှိပြီ။

တချို့က ဆိုကြတယ်

ပြောသည်နှင့် တပြိုက်နက်ပင်

စကားလုံးဟာ

သေသွားသတဲ့ရှင်။

 

A word is dead

When it is said,

some say.

ကျမက ဆိုမယ်

အဲဒီနေ့မှ

သူ့ဘဝ စသရှင်။

 

I say it just

Begins to live

That day.

 

ဘဝတာတိုတိုမှာ

ထိုအရာဟာ တနာရီပဲ ခံသရှင်

 

In this short life

That only lasts an hour,

 

သေးတာလေးသာ

ကျမတို့မှာ အားရှိလို့ပဲရှင့်။

 

How much, how little,

Is within our power!

ဘာရယ် မဟုတ်ဘူး၊ အဲသလိုဟာတွေပဲဗျ။ ကလေးတွေအတွက် ဖတ်ရအောင်ပဲ။ ဒါပေမဲ့ မသေခင်တော့လည်း ပြီးစီးဖို့ လိုတယ် မဟုတ်လား။

နှစ်အုပ်ပြီးသွားတော့ စားပွဲပေါ် ပုံထားပြီး စာအုပ်လုပ်မယ့်သူ ဝင်းကျော်ကို ဒါလေးတွေတော့ ချန်ထားခဲ့တယ်ကွလို့ မှာတယ်။

ကလေးတွေအတွက် လိုမှာပဲဆိုပြီး ပီယေးမွန်ဒရီယန်လည်း စ ထားတယ်။ အဲဒါကိုတော့ ယခုထိ လက်စမသတ်နိုင်ဘူး။ စာအုပ် နှစ်အုပ် ပြီးပြီပဲ တော်ပါပြီလေဆိုပြီး တင်းတိမ်သွားလို့ နေမယ်။ ဖတ်ချင်ရာတွေပဲ ဖတ်တော့တယ်။ ကကုလသင်္ချာစကားဟာ ဘုရားသုံးတဲ့ ဘာသာစကား ရယ်လို့ တနေရာမှာ ဖတ်ဖူးပြီး ပျင်းပျင်းလည်း ရှိ၊ အထက်က ပြောသလို တင်းတိမ်သွားတာလည်း ပါမယ်။ ကကုလစာအုပ်ကို လျှောက်ဖတ်တယ်။ အဆုံးမသတ်ဘူး။

အဲသလို လျှောက်လုပ်နိုင်တာက ငါတို့ဖြင့် ထမင်းမငတ်နိုင်ဘူး ဆိုတာက သေချာသလောက် ရှိတာကိုး။ တောကို ကိုဗစ်မရောက်၊ တော သားတွေ ကျန်းမာကြလို့၊ ရာသီဥတု သိပ်များ မဆိုးရွားရင်၊ စိုက်နိုင်ပျိုးနိုင် လို့ ကောက်ပဲသီးနှံ ထွက်မှာပေါ့။ တောသားတွေက ကိုယ့်ကိုယ်ကိုယ် ကာ ကွယ်နိုင်တယ်။ သို့သော် ဒါငါတို့လုပ်တာကွလို့ အချောင်အသားယူတဲ့ သူ ယူပါ။ အလကားပေးလိုက်မယ်။

ကျန်နေတာက ရန်ကုန်၊ ကိုဗစ်ဟာ ရန်ကုန်ရွှေမြို့တော်ကြီးကို ဝိုင်းဝန်း လက်သီးလက်မောင်းတန်း ကာကွယ်ကြတဲ့ အဖြစ်ကြီးရယ်။ ရွာ ဆိုတာက အသိုက်အဝန်း ကွန်မြူနတီ။ ယခုအဖြစ်က မြို့ကြီးပြကြီးဟာ အသိုက်အဝန်း မဟုတ်ဘူးလို့ ထင်လင်းသွားတယ်။ အသိုက်အဝန်းဆို တော့ အစေးကပ်တယ်၊ အမြီးအမောက်တည့်တယ်။ အသိုက်အဝန်းမဟုတ်တော့ အစေးမကပ်ဘူး။ ပြဿနာကို ဖြေရှင်းရတာ ခက်တယ်။ လူတွေ အစေးကပ်မှ ပြဿနာ ပြေလည်တာကိုး။ ဒီနေရာမှာတော့ ကိုဗစ်ကို ကာကွယ်နိုင်တာကိုးလို့ အနက်ကောက်ပါ။ But the energy of community is much more self-generating. You fall into a mindset of “Trust” of one another and beyond. အဲသလိုကိုး။

ရောဂါဖြစ်နိုင်ခြေ၊ သေနိုင်ခြေ ဘယ်လောက်ရှိသလဲ တွက်တယ်။ ဝူဟန်မှာ ဖြစ်ကာစ သေနှုန်းက ၃ ဒသမ ၄ ရာခိုင်နှုန်း၊ သိပ်များတယ်။ ဒါပေတဲ့ အလွန် မကျန်းမာတဲ့ သူတွေကိုပဲ ပိုးစစ်ပြီး တွက်နှုန်း၊ တောင်ကိုရီးယားက အနည်းအကျဉ်း ရောဂါလက္ခဏာ ရှိတဲ့သူတွေပါ စစ်ပြီး တွက်တဲ့ သေနှုန်းက ၁ ရာခိုင်နှုန်း၊ ဂျာမနီမှာတော့ ၀ ဒသမ ၄ ရာခိုင်နှုန်းပဲ ရှိတယ်။ “ဒိုင်းမွန်း ပရင့်ဆက်” အပျော်စီး သင်္ဘောက တွက်နှုန်းကတော့ အမှန်ဆုံး ဖြစ်နိုင်တယ်။ လူပေါင်း ၃,၇၁၁ ဦး။ ပိုးတွေ့တာက ၅ ပုံ ၁ ပုံ (ဝါ) ၂၀ ရာခိုင်နှုန်း။ သေတာက ၈ ဦးပဲ။ သေနှုန်း ၀ ဒသမ ၂ ရာခိုင်နှုန်း။ အပျော်စီး သင်္ဘောမှာ သင်္ဘောစီးတွေက အဘိုးကြီး အဘွားကြီးများတာ၊ ၆၀ ကျော်တွေ များတာ။ ဒါတောင် ရှစ်ယောက်ပဲ။ နောက်ပိုင်း တရုတ်မှာလည်း သေနှုန်းက ၀ ဒသမ ၅ ရာခိုင်နှုန်းပဲလို့ တွက်လာတယ်။ ဘာပဲဖြစ်စေ သေနှုန်းက တုပ်ကွေး ကြောင့် သေနှုန်းထက် ငါးဆ တော့ များတယ်။ ကျနော်တို့မှာတော့ ယခုထိ သေသူ ခြောက်ဦးပဲ ရှိသတဲ့။ အိမ်ထဲမှာချည်း မနေနိုင်ဘဲ လော့ခ်ဒေါင်းပြီး တော့ ကျောင်းဘက်ထွက်ထွက်နေရတဲ့ ကျနော်က သိပ်တော့လည်း မပူ ပင်တော့ဘူး။ တွက်ထားတာမို့ ဖြစ်သွားလည်း ဖြစ်စေ။

“ကျနော်တို့ဟာ အသက်ရှင်ခြင်းရဲ့ ဆယ်ပုံတပုံ မရှိတတ် ရှိ တတ်ကလေးထဲမှာ နေနေရတာ၊ နေကောင်းအောင်သာ နေပါ” လို့  မိတ်ဆွေကြီး တဦးက ပြောဖူးတယ်။ နေကောင်းအောင် နေတယ်ဆိုတာက တထိတ်ထိတ် တလန့်လန့်နဲ့ နေရတာမျိုး မဟုတ်ဘူး ထင်တာပဲ။ မနှစ် စက်တင်ဘာက နှလုံးခုန် မမှန်လို့ ဆေးရုံ ခဏတက်ရတော့ သေခြင်း အကြောင်း၊ နေခြင်းအကြောင်း စဉ်းစားခဲ့ဖူးတယ်။ တိဘက်စာအုပ် ဖတ် ကြည့်တယ်။ သူတို့က သေတာကို အရေးတယူ လုပ်တဲ့သူတွေမို့ပဲ။ ခေတ်ဆေးပညာက မသေဖို့ကို အားထုတ်တာ။ သေခြင်း၊ ကောင်းစွာ သေခြင်း ဆိုတာ ဘာရယ်လို့တောင် စဉ်းစားတာ မဟုတ်ဘူး။ ကောင်းစွာ သေခြင်း ဆိုတာက မနာမကျင်ဘဲ သေခြင်းတော့ မဟုတ်ဘူး။ ပိုက်အမျိုးမျိုးနဲ့ အိုင် စီယူ (အသည်းအသန်ခန်း) ထဲ သေရတာနဲ့ ဆွေမျိုးညာတကာတွေအလယ် သေရတာ ဘယ်သင်းက ကောင်းသတုံး။ သတိမေ့သွားရင်တော့ ဆက်မကု ကြပါနဲ့တော့လို့ စာရေးထားမှပဲ။

နေခြင်းကတော့၊ ကောင်းတယ် ထင်တာလေးတွေလုပ်ပြီး နေဖို့ ပဲ။ သူရော ကိုယ်ရော အကျိုးရှိ၊ ဝန်တာလည်း မလေးတဲ့ အလုပ်လုပ်၊ အဲ သလို နေခြင်းပဲလို့ ထင်တယ်။ စာဖတ်ချင်တယ်။ စာရေးချင်တယ်။ ခြံတွေထဲ လျှောက်ချင်တယ်။ မနက်ခင်း လေတညင်းညင်း လက်ဖက်ရည်ဆိုင်လေးမှာ ထိုင်ချင်တယ်။ အရင်က သေမှာ မကြောက်၊ နာမှာ ကြောက်တယ်။ ယခုတော့ နာမှာလည်း ထူးမကြောက်နဲ့ကွလို့ ဖြစ်သွားပြီ။ သဘာဝ ကျကြရမှာပဲ။

ဒီဗိုင်းရပ်စ်က ပျောက်သွားမှာ မဟုတ်ဘူးဆိုတာ စဉ်းစားရမယ့် အချက်ကြီးလို့ ထင်တယ်။ ဒီဗိုင်းရပ်စ်နဲ့ နေသွားကြရမှာ။ လူဆိုတာက အပေါက်တွေနဲ့။ မျက်စိ၊ နား၊ နှာ၊ ပါးစပ်ကို ပိတ်လို့ မရနိုင်ဘူး။ ဗိုင်းရပ်စ် ဆိုတာတွေကလည်း လူသာမက ယူကရီယုတ် (eukaryotes) တွေအပေါ် မှာကို (ဘက်တီးရီးယားဟာ ယူကရီယုတ်တွေလို့ အကြမ်းဖျင်းမှတ်ပါ) အီဗော်လူးရှင်းမှာ အရာရောက်ခဲ့တာ။ (ဗိုင်းရပ်စ်ဟာ ဒီအင်အေကို အကောင် တကောင်မှ နောက်တကောင် ကူးပေးနိုင်တယ်။ အလျားလိုက် မျိုးဗီဇ ကူးခြင်းလို့ ခေါ်ပါတယ်)။ လူ့အစာလမ်းကြောင်းက သက်ရှိတွေ (gut biome) လိုတာက ဘက်တီးရီးယား၊ ဗိုင်းရပ်၊ ယိစ်နဲ့ တခြားအကောင်တွေ၊ လူ့ကိုယ်ခံအားဟာ သူတို့ရှိတန်သလောက် ရှိမှ ကောင်းတယ်။

လူက၊ လူလူချင်း တွေ့ဖို့ကလည်း လိုတယ်။ တယောက်ထီးထီး မို့ စိတ်ကျခြင်း၊ အလုပ်လက်မဲ့မို့ စိတ်ပျက်ခြင်း၊ အမြဲကြောက်လန့်နေရလို့ ကျန်းမာရေး ချွတ်ယွင်းခြင်းတွေကလည်း သေတဲ့အထိ ဒုက္ခပေးတာပဲ။ လေထု ညစ်ညမ်းခြင်းဟာ သေဖို့ အန္တရာယ်ကို ၆ ရာခိုင်နှုန်း၊ ဝခြင်းက ၂၃ ရာခိုင်နှုန်း၊ အရက် အလွန်အကျွံ သောက်ခြင်းက ၃၇ ရာခိုင်နှုန်း၊ အထီးကျန်ခြင်းက ၄၅ ရာခိုင်နှုန်းတိုးစေတယ်လို့ ဆရာဝန်တွေက ဆိုတယ်။ ယခု ခဏတော့ လှမ်းလှမ်းက နေကြရမှာကို လိုက်ရပေတဲ့ သည့်နောက်တော့ အတူ တည်ရှိတယ် လုပ်ရမှာ။

ကျနော့်မြေးကြီးဟာ နှစ်လကျော်ပြီ။ သူ့သူငယ်ချင်းတွေနဲ့ မ တွေ့ရဘူး။ သူငယ်ချင်းနဲ့ “ဇွမ်း” မှာ တွေ့ရတာနဲ့တင် ပျော်နေလိုက်တာ။ လူချင်း တွေ့တယ်၊ ဆုံတယ်၊ အတူစားတယ်၊ အတူသွားတယ်ဆိုတာ မိုက် ခရုပ်ချင်း (ပိုးမွှားချင်း) ဖလှယ်တာပဲလို့ ဆိုတယ်။ အပင်စိုက်ဖို့ မြေအတူ ဆွရင်၊ သဲနဲ့ ကစားရင်လည်း ဘက်တီးရီးယားတွေ လက်ထဲရောက်၊ ပါးစပ် ထဲရောက် “ကိုယ်ခံအား” ပိုကောင်းတယ်လို့ ဆိုတယ်။

ကိုဗစ်ကြောင့် မရဏဟာ ပိုလို့ထင်ရှားလာတယ်။ ကိုဗစ်ကြောင့် ငါးသိန်း သို့မဟုတ် ငါးသန်း သေမယ်ဆိုပါစို့။ ယခု အဲသလောက်ထိ မသေသေးဘူး။ မနှစ်က FAO စာရင်းအရ ငတ်လို့ ကလေး ငါးသန်း သေတယ်။ စိတ်ကျရောဂါနဲ့ စိတ်ပျက်လို့ ကိုယ့်ကိုယ်ကိုယ် သတ်သေတာ တသန်း။ အမေရိကန်မှာ မူးယစ်ဆေးလွန်လို့ သေတာ ခုနစ်သောင်းတဲ့။ အဝလွန်ရောဂါ က သန်း ၁၀၀ တဲ့။

ကျနော်တို့ ရွှေပြည်ကြီး တချို့အရပ်တွေက ကိုဗစ်ကို မ ကြောက်ဘဲ သေနတ်ကို ပိုကြောက်တယ်။ ကိုဗစ်ကို ပုန်းခိုပြီး တရုတ်တွေလက်ထဲ စစ်ကိုင်းတိုင်းဘက်ဆီမှာ မြေဧက သိန်းဂဏန်း၊ ခေါင်လန်ဖူး ဘက်ဆီတော့ ဧက သုံးသိန်းလောက် မြေတွေရောက် သွားတယ်။ လုပ်ပိုင်ခွင့်ရသွားတယ်။ ဆိုင်ရာ လွှတ်တော် ကိုယ်စားလှယ်တောင် မသိလိုက်ဘူးလို့ ပြောတယ်။ အစိုးရများဟာ တယ်မထူးပါဘူးလို့ လူတွေ သိကြရတာပ။

ကိုဗစ်ဖြစ်တော့ အစားအစာနဲ့ လယ်ယာစိုက်ပျိုးရေးရဲ့ အဓိက ဖြစ်ခြင်းကို အစိုးရခေါင်းဆောင်ကြီးများဟာ ဆင်ခြင်မိကြမယ်လို့ ကိုယ်နဲ့ နှိုင်းကြည့်တယ်။ နောက်မှ “မင်းက လမ်းပေါ်ကလူပဲ။ လမ်းပေါ်က လူတွေနဲ့ မတူအောင် သူတို့က စဉ်းစားမှာပဲ” လို့ သတိရတယ်။ အထက်ကလာတဲ့ စဉ်းစားနည်းမျိုးပဲ။ အရင်က ခရိုနီကြီးတွေကို မြေတွေ ပေးပစ်တယ်။ ၁၀ ရာခိုင်နှုန်း၊ ၁၅ ရာခိုင်နှုန်းလောက်ပဲ လုပ်ကြတယ်။ ယခု တောင်သူငယ်တွေကို ပိုကြည့်ပေးဖို့နဲ့ မြေယာရဲ့ အဓိပ္ပာယ်ကို ဆင်ခြင်ပြီး ယခုထက် လေးနက်ဖို့ပဲ။ မြေဥပဒေ နှစ်ခုက ပြင်ဖို့ လိုနေတယ်လို့ ဝိုင်းပြောနေကြတာ၊ ဆူလို့ ညံလို့ပဲ။ မကြားကြဘူး။

အာဏာရှိသူများ စဉ်းစားပုံတွေထဲမှာ ဗဟိုက မချုပ်ကိုင်တော့ဘဲ လွှတ်လိုက်ခြင်း (devolution လို့ခေါ်ကြတာ)၊ ဗဟိုက မချုပ်ကိုင်၊ သို့သော် စောင့်ကြည့် အကဲခတ်၍ လိုအပ်သော်မှ ဝင်ထိန်း၊ ဝင်ပါခြင်း (delegation လို့ ခေါ်ကြတာ)။ ဒါမျိုးဗဟိုချုပ်ကိုင်မှု လျှော့ချခြင်းတွေ မပါဘူး။ ကျောင်းဖွင့်ခြင်း ဆိုပါစို့။ နယ်ကျောင်းတွေ ဘာကြောင့် မဖွင့်ရသလဲ မစဉ်းစား တတ်ဘူး။ ရန်ကုန်ပဲ ကိုဗစ် ဖြစ်တာပဲ။ နယ်တွေမှာ ဖြစ်မှ မဖြစ်တာ (ဖြစ်ပွားနှုန်း ကြည့်တော်မူကြပါ)။ သို့သော် နယ်တွေလည်းမဖွင့်ရဘူး။ ကျောင်းသာ မဖွင့်ရတာ၊ ရွှေဘိုဘက်ဆီမှာ တန့်ဆည်ဘက်ဆီမှာ လူတွေက နှာခေါင်းတောင် မစည်းဘူး။

ထိန်းချုပ်ထားချင်တဲ့ အကျင့်ကလည်း ပါနေ၊ မျှတတာနဲ့ တပြေးညီလုပ်တာ မတူဘူးဆိုတာလည်း မေ့နေပုံ ရပါတယ်။ သည်လို ပြောတာက၊ “မတူတာကို မတူသလို၊ တူတာကို တူသလို လုပ်ပေးတော့မှ မျှတတယ်” လို့ လူကြီးသူမတွေ ပြောတာ ကြားဖူးလို့ပါ။

ထိန်းချုပ်ချင်တဲ့ အကျင့်က အာဏာ၊ နေရာရှိရင် အလို အလျောက် ပေါ်လာတာလို့ ပြောကြတာပဲ။ control reflex ပဲ။ reflex ဆို တာက အလိုအလို တုံ့ပြန်တာ။ အာဏာရှိသူတွေက အလိုအလျောက်ကို တုံ့ပြန်တယ်။ ဥပမာက တူကြီးကြီး တခုရှိတဲ့ လူလိုပဲတဲ့။ တူရှိမှတော့ ထုစရာ ရှာတော့တာပဲ။ တနေရာရာမှာ ထောင်နေတဲ့ သံရှိရင်၊ ထွက်နေ ရင် နှက်လိုက်တာပဲ၊ ထုလိုက်တာပဲ။ ကျနော်တို့ဆီမှာ ထုတဲ့၊ နှက်တဲ့ ဥပဒေတွေကို အသင့်ပြင်ထားတယ်။ စာနယ်ဇင်းသမားတွေ တူနဲ့ တွေ့တာပ။ ဆန္ဒထုတ်ဖော်သူတွေလည်း တူနဲ့ နှက်တာပ။

ကပ်ရောဂါဖြစ်တယ်၊ ရာသီဥတု ပူတဲ့ဒဏ်က ပြင်းပြင်း ကျစပြု နေပြီ။ ဖွံ့ဖြိုးတိုးတက်ခြင်းဆိုတာ ဘာလဲ။ ဘယ်သူ့အတွက် ဖွံ့ဖြိုး တိုး တက်ခြင်းလဲ။

မောင်မြတ်ထင် ဆင်ခြင်တာတွေကတော့၊ အထက်ကလို fear reflex, control reflex ကြောက်၍ တုံ့ပြန်ခြင်း၊ ထိန်းချုပ်လို၍ တုံ့ပြန် ခြင်းတွေပါကလား။ အာဏာရှိသူတွေနဲ့ သမားရိုးကျစီးပွားရေးပညာရှင် ဆိုတာတွေက အခြားလမ်း ရှိကောင်းရဲ့လို့ ဘယ်တွေးမလဲ။ အဲသလိုဟာ တွေပ။ မောင်မြတ်ထင်အနေနဲ့က အသက် ၇၀ ထဲ၊ ဘကြီးဦးချစ်စ မိန့်ခဲ့တဲ့ ငါ့မြေးကြီး နေတတ်အောင် နေ၊ အဲလေ မင်းတို့ခေတ်နဲ့ မင်းတို့ကိုးဆိုတဲ့ စကားကို နာနာ နှလုံးသွင်းရတယ်။

Maung Myat Htin

မောင်မြတ်ထင်သည် စာရေးဆရာ ကိုတာ၏ ကလောင်ခွဲတခုဖြစ်ပါသည်။ ထင်ရှားသော စာရေးဆရာ၊ ထုတ်ဝေသူတဦးဖြစ်ပြီး ဘုန်းတော်ကြီးကျောင်း အခြေခံသော ပညာရေးကို မြှင့်တင်ပေးနေသူဖြစ်ပါသည်။

Related article
ကိုဗစ်ကပ်ဘေး –  အရပ်ဘက်အဖွဲ့အစည်းများ ဘယ်ဆီသို့

ကိုဗစ်ကပ်ဘေး –  အရပ်ဘက်အဖွဲ့အစည်းများ ဘယ်ဆီသို့

ဒါပေမဲ့ အရပ်ဘက်အင်အားစုနယ်ပယ်မှာတော့ နိုင်ငံတော်ရဲ့ သီးခြားစဉ်းစားပေးချက်မျိုး မတွေ့ရဘဲ၊ ထွက်ရှိလာတဲ့ညွှန်ကြားချက်တွေအပေါ်မူတည်ပြီး ဆောင်ရွက်နေရတာကြောင့် အကန့်အသတ်အချို့နဲ့ ခြေချုပ်မိနေရတဲ့ အခင်းအကျင်းပုံစံတွေကို…

ကိုဗစ်အလွန် ခရီးသွားလုပ်ငန်း

ကိုဗစ်အလွန် ခရီးသွားလုပ်ငန်း

ကိုဗစ်အလွန်တွင် ခရီးသွားလုပ်ငန်း အမြန်ဆုံးပြန်လည် ဦးမော့လာစေရန်အတွက် ခရီးသွားလုပ်ငန်းတွင် ပါဝင်နေသည့် Stakeholder များအားလုံး တက်ညီလက်ညီ ပူးပေါင်းကာ…

ကိုဗစ်-၁၉ က ဒီမိုကရေစီကို ကူးစက်စေသလား

ကိုဗစ်-၁၉ က ဒီမိုကရေစီကို ကူးစက်စေသလား

ကိုဗစ်ကာလတွင် လူမှု လွတ်လပ်ခွင့်နှင့် လှုပ်ရှားမှုနယ်ပယ်လည်း သိသိသာသာ ချုပ်ချယ်ခံခဲ့ရသည်။ နိုင်ငံသားလွတ်လပ်ခွင့် များလည်း ကန့်သတ်ခံရသည်။ လူစုလူဝေးပြုမှုများလည်း…

Discussion about this post

Leave a Reply

Your email address will not be published. Required fields are marked *

Type your search keyword, and press enter to search