မြန်မာနိုင်ငံနှင့် ကိုဗစ်ကာကွယ်ဆေး ထိုးနှံနိုင်မှု အလားအလာ
မြန်မာနိုင်ငံက အခုအချိန်မှာ လူပေါင်း ၁ ဒသမ ၇ သန်းကို ကာကွယ်ဆေး ထိုးနှံ ပြီး…
မြန်မာနိုင်ငံ လေကြောင်းပို့ဆောင်ရေးကဏ္ဍအပေါ် လျှပ်တပြက်အမြင်
မြန်မာနိုင်ငံ၏ လေကြောင်းကဏ္ဍသည် နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုအတွက် အရေးပါသည့် အခန်းကဏ္ဍတွင် ရှိနေ သည်။ လေကြောင်း ပို့ဆောင်ရေးအပေါ် အဓိကမှီခိုနေရသော ကဏ္ဍမှာ တိုးရစ်ခရီးသွား လုပ်ငန်းဖြစ်သည်။ ခရီးသွားကဏ္ဍကို မြှင့်တင်ပေးခြင်းဖြင့် လေကြောင်းပို့ဆောင်ရေးသည် နိုင်ငံ၏ စီးပွားဖွံ့ဖြိုးတိုးတက်မှုအတွက်လည်း မောင်းနှင်အားတခု ဖြစ်စေသည်။
မြန်မာနိုင်ငံတွင် (နိုင်ငံတကာ) ခရီးသည်ပမာဏမှာ အစဉ်သဖြင့် တိုးတက်လာနေသည်။ လေကြောင်းလိုင်းများ ပိုမိုလာပြီး ခရီးစဉ်များလည်း တိုးချဲ့၍လာနေသည်။ အောက်ပါဇယားတွင် ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာ လေဆိပ်သုံးခုရှိ ဒေတာအချက်အလက်များကို ဖော်ပြထားပါသည်။
အလားတူပင် နိုင်ငံတကာ ဧည့်ခရီးသွား အရေအတွက်မှာလည်း တိုးတက်လာခဲ့သည်။ နိုင်ငံတကာဧည့်သည်များမှ စုစုပေါင်း အသုံးစရိတ်မှာ ၂၀၁၉ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၂၈၁၈ ဒသမ ၇ သန်း ရှိသည်။[2] ခရီးသွားလုပ်ငန်းကြောင့် မြန်မာနိုင်ငံ၏ စီးပွားဖွံ့ဖြိုးတိုးတက်မှုအတွက် အကြီးအကျယ် အထောက်အကူဖြစ်စေသည်မှာ သံသယရှိစရာ မရှိပေ။
COVID‐19 ကူးစက်ကပ်ရောဂါသည် လေကြောင်းပို့ဆောင်ရေး ကဏ္ဍအတွက် လုံးဝမျှော်လင့်မထားသော စိန်ခေါ်မှုကြီး ဖြစ်စေခဲ့ပြီး နောက်ပိုင်းတွင် ခရီးသွားလုပ်ငန်းအပေါ်တွင်ပါ ဆိုးကျိုးသက်ရောက်စေသည်။ မည်သို့ပင်ဖြစ်စေ မြန်မာနိုင်ငံရှိ လေကြောင်းလုပ်ငန်းများဖြစ်သော အထူးသဖြင့် မြန်မာအမျိုးသားလေကြောင်း (MNA) နှင့် အပြည်ပြည်ဆိုင်ရာ မြန်မာ့ လေကြောင်း (MAI) တို့က COVID‐19 ကူးစက်ရောဂါ တုံ့ပြန်တိုက်ဖျက်ရေးအတွက် နည်းလမ်းစုံဖြင့် အထောက်အကူပြုပေးခဲ့သည်။ ဥပမာအားဖြင့်- မကြာခဏဆိုသလို လေယာဉ်များပျံသန်းပြီး ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်း ပွင့်နေစေရေးအတွက်၊ ကမ္ဘာလုံးဆိုင်ရာနှင့် ဒေသတွင်း ထောက်ပို့လမ်းကြောင်းများ အထောက်အကူဖြစ်စေရေးအတွက်၊ ကျန်းမာ ရေး လုပ်ငန်းတွင် မရှိမဖြစ် လိုအပ်နေသော နှာခေါင်းစည်းများ၊ ဓာတ်ခွဲခန်းသုံး ဆေးနှင့် ဓာတုပစ္စည်းများ၊ ကျန်းမာရေးဆိုင်ရာ ပစ္စည်းကရိယာများ၊ အသက်ကယ်ကုသရေးလုပ်ငန်းများအတွက် ပို့ဆောင်ပေးခဲ့ကြသည်။ ထို့အပြင် နိုင်ငံရပ်ခြားရှိ မြန်မာနိုင်ငံသားများ အိမ်ပြန်နိုင်ရေးအတွက်လည်း ပျံသန်းပေးခဲ့သည်။
လက်ရှိပြဿနာ
COVID‐19 ကူးစက်ကပ်ရောဂါ၏ ထိခိုက်မှုမှာ ကြီးမားလှသည်။ ယနေ့တွင် မိမိတို့အနေဖြင့် ခရီးသည် တင်လေကြောင်းသမိုင်းတလျှောက် မကြုံစဖူး စိန်ခေါ်မှုကြီးကို ရင်ဆိုင်နေကြရသည်။ မရေမတွက်နိုင်သော လေကြောင်းခရီးသွားလာမှု ပြဿနာများအပြင် နောက်ထပ်ထွက်ပေါ်လာသော ပြဿနာများကိုလည်း ဖြေရှင်းနိုင်ရန် နည်းလမ်းများ ရှာကြံနေကြရသည်။ ကူးစက်ဘေးပြီးနောက် “အသစ်သော အခြေအနေ” (new normal) တွင် လေကြောင်းပို့ဆောင်ရေး ဝန်ဆောင်မှုပေးနိုင်ရန် ဖြစ်နိုင်သော နည်းလမ်းများ အားလုံးကိုလည်း မိမိတို့ကြံဆနေကြရသည်။
နိုင်ငံအများက သူတို၏လေဆိပ်များကို သူတို့နိုင်ငံသားများအတွက်မှအပ ပိတ်ထားခဲ့ကြသည်။ လေကြောင်းခရီးသွားလာမှု ကို တင်းကျပ်စွာ ထိန်းချုပ်ဆောင်ရွက်နေပြီး လူများကိုလည်း အိမ်တွင်နေကြရန်သာ တိုက်တွန်းခဲ့ကြသည်။ အလားတူပင် မြန်မာနိုင်ငံတွင်လည်း ဗိုင်းရပ်စ်ပိုး ကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရေးအတွက် လုပ်ဆောင်ချက်အမျိုးမျိုးကို ဆောင်ရွက်ခဲ့ကြပါသည်။ သို့သော် ဆောင်ရွက်ရသော လုပ်ငန်းများအတွက် တန်ဖိုးကြီးလှပါသည်။ မြန်မာနိုင်ငံ၏ နိုင်ငံတကာလေဆိပ် သုံးခုသို့ ခရီးသည်ဝင်ရောက်မှုသည် ၂၀၂၀ ခုနှစ် ဖေဖေါ်ဝါရီလတွင် ၃၆ ရာခိုင်နှုန်း ကျဆင်းသွားခဲ့သည်။[4] ရောဂါကူးစက် မှုကြောင့် လေကြောင်းသွားလာမှုများ ရပ်တန့်အပြီး ယခင်လ ကိန်းဂဏန်းများနှင့် နှိုင်းယှဉ်ခြင်း ဖြစ်သည်။
လေကြောင်းလိုင်း ၂၉၀ ပါဝင်သော ကမ္ဘာတခုလုံးတွင် လေကြောင်းပျံသန်းမှု ၈၂ ရာခိုင်နှုန်းကို ကိုယ်စားပြုထားသော အပြည်ပြည်ဆိုင်ရာ လေကြောင်းပို့ဆောင်ရေး အဖွဲ့ချုပ် (IATA) က COVID-19 ကူးစက်ကပ်ဘေးကြောင့် နိုင်ငံများအပေါ် ထိခိုက်သက်ရောက်မှုကို လေ့လာခဲ့ရာ အောက်တွင်ဖော်ပြထားသည့် ဇယားအတိုင်း ခန့်မှန်းတွက်ချက်ထားသည်။
ဤသို့ အရေးကြုံရသည့် အခြေအနေတွင် စီးပွားရေးအရ ကျဆင်းမှုမှာလည်း မရှောင်လွှဲနိုင်ပါ။ သို့သော်လည်း အစိုးရအများက COVID-19 ကူးစက်ကပ်ဘေးကြောင့် ပိတ်ဆို့ တင်းကျပ်ထားမှုများကို များမကြာမီကာလတွင် ပြန်လည်လျှော့ချပေးရန် စဉ်းစားနေကြသည်။ လေကြောင်းပျံသန်းမှု အပါအဝင် စီးပွားရေးလုပ်ငန်းများ တဖြည်းဖြည်းချင်း ပြန်လည် သက်ဝင်လာကြတော့မည် ဖြစ်သည်။ မြန်မာနိုင်ငံအတွင်းနှင့် ပြည်ပသို့ လေကြောင်းပျံသန်းမှုများကိုလည်း ပြန်လည်စတင်နိုင်ကြမည်ဖြစ်ရာ၊ တဖက်တွင် လေကြောင်းပို့ဆောင်ရေး ဝန်ထမ်းများနှင့် ခရီးသည်များ၏ ကျန်းမာရေးအတွက် ကာကွယ်မှုပေးရန်မှာလည်း အထူးအရေးကြီးပါသည်။
နိုင်ငံအဆင့်
နိုင်ငံအဆင့်တွင် Corona Virus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီကို ဖွဲ့စည်းခဲ့ပြီး ကူးစက်ဘေးကြောင့် မရှောင်မလွှဲသာသည့် စီးပွားရေးထိခိုက်မှု လျော့နည်းစေရေန် ဆောင်ရွက်နေသည်။ COVID‐19 စီးပွားရေးထိခိုက်မှု သက်သာရေးအစီအစဉ် (CERP) ကို စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန (MoPFI) က ထုတ်ပြန်ခဲ့ပြီး ယင်းတွင် အကျယ်အပြန့်သော စီးပွားရေးနှင့် လူမှုရေးကုစားမှု အစီအစဉ်များပါဝင်သည်။ လေကြောင်းလိုင်းများသို့ ဘဏ္ဍာရေးကုစားမှု အစီအစဉ်နှင့်ပတ်သက်၍ တိုက်ရိုက် ငွေကြေးထောက်ပံ့ပေးခြင်း၊ ချေးငွေထုတ်ပေးခြင်း၊ အခွန်သက်သာခွင့်ပေးခြင်းများကို ထည့်သွင်းစဉ်းစားပါက များစွာအထောက်အကူ ဖြစ်စေမည် ဖြစ်သည်။ ထို့အပြင် အစိုးရအနေ ဖြင့် လေကြောင်းလိုင်းများသည် နိုင်ငံတကာ ကုန်သွယ်မှုနှင့် ခရီးသွားလုပ်ငန်းကို မြှင့်တင်ရန်၊ နိုင်ငံ၏ စီးပွားရေးအတွက် အရေးပါသော အခန်းကဏ္ဍတွင် ရှိနေကြောင်း အသိအမှတ်ပြု၍ လုပ်ငန်းနယ်ပယ်အလိုက် သီးသန့်ထောက်ပံ့ပေးမှုများ ဆောင်ရွက်နိုင်ပါသည်။
ဘေးကင်းလုံခြုံစေရေး ရှုထောင့်နှင့်ပတ်သက်၍ အမျိုးသားအဆင့် ဗဟိုကော်မတီ၏ လမ်းညွှန်မှုအောက်တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနတို့နှင့် သေချာတိုင်ပင်၍ ခရီးသည်များ၏ ယုံကြည်မှုပြန်လည်ရရှိစေရေးနှင့် လေဆိပ်များအပါ အဝင် သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုများ ပြန်လည် ဖွင့်လှစ်နိုင်ရေးအတွက် တာဝန်နှင့် ဝတ္တရားများကို ဆောင်ရွက်စေနိုင်ပါသည်။
လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန (DCA) ၏ ဆောင်ရွက်ချက်များ
သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနအောက်ရှိ၊ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန (DCA) ဌာနက စည်းကြပ် ထိန်းသိမ်းသူတဦးအဖြစ် အမျိုးသားအဆင့် ဗဟိုကော်မတီ၏ အတည်ပြုချက်နှင့်အတူ ၂၀၂၀၊ မတ် ၂၉ ရက်တွင် သတင်းထုတ်ပြန်ခဲ့ပါသည်။ COVID 19 ကူးစက်မှု မြန်မာနိုင်ငံအတွင်းသို့ လေကြောင်းခရီးဖြင့် တင်သွင်းမလာစေရေးအတွက် ယာယီလုပ်ငန်းစဉ်များ ချမှတ်ခဲ့သည်။ ၂၀၂၀၊ မတ် ၃၀ ရက် (မြန်မာစံတော်ချိန်) ၂၃: ၅၉ နာရီမှ ဧပြီ ၁၃ ရက်၂၃: ၅၉ နာရီအထိ ကုန်တင်လေယာဉ်များ၊ ကယ်ဆယ်ရေး လေယာဉ်များ၊ လေကြောင်း ကျန်းမာရေး ကယ်ဆယ်ရေးနှင့် အထူးလေယာဉ်များမှအပ ဝင်ရောက်ခွင့် ပိတ်ပင်ခဲ့သည်။ ယင်းသို့ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများတွင် မြန်မာနိုင်ငံ၏ မည်သည့်လေဆိပ်တွင်မဆို နိုင်ငံတကာ ခရီးသည်တင်လေကြောင်းလိုင်းများ ဆင်းသက်ခွင့်ကို ကန့်သတ်ခြင်းများ၊ ယခင်က DCA ဌာနက ဆင်းသက်ခွင့်ပြုထားသော လေယာဉ်ဆင်းသက်ခွင့်အားလုံးကို ဆိုင်းငံ့ခြင်းတို့ အပါအဝင်ဖြစ်သည်။ ဤထုတ်ပြန် ကြေညာချက်ကို သုံးကြိမ်တိုင်တိုင် သက်တန်းတိုးခဲ့ပြီး နောက်ဆုံး မေ ၃၁ ရက်၂၃:၅၉ နာရီ တိုင် အသက်ဝင်နေမည် ဖြစ်သည်။ COVID-19 တုံ့ပြန်တိုက်ခိုက်ရေးတွင် လေကြောင်းကုန်သွယ်မှုသည် မရှိမဖြစ်လိုအပ်သည့် အလျောက် DCA ဌာနသည် ကုန်တင်လေကြောင်းများ စဉ်ဆက်မပြတ် ရှိစေရေးနှင့် ထောက်ပို့ကွင်းဆက်ပြတ်တောက် မသွားစေရေးအတွက် ကူညီပံ့ပိုးပေးရာ၌ အရေးပါသော အခန်းကဏ္ဍက ရှိနေသည်။ မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ပရှိ မြန်မာသံရုံးများ၊ လေကြောင်းလိုင်းများနှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်၍ DCA ဌာနက မြန်မာနိုင်ငံသားများကို ပြည်ပမှ ပြန်လည်ခေါ်ယူရာတွင် ကူညီပေးခဲ့သည်။
ထိန်းသိမ်းစည်းကြပ်သူများသို့ အကြံပြုချက်
လေကြောင်းကဏ္ဍ ပြန်ဖွင့်ရာတွင် ဘေးအန္တရာယ် လျော့နည်း ကျဆင်းစေရေးအတွက် အဆင်သင့် ဥုံဖွ အဖြေရှိမနေပါ။ ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်တလျှောက်တွင် လုပ်ငန်းအချို့ကို ဆောင်ရွက်ထားပြီး ဖြစ်သင့်ပါသည်။ ယင်းတို့အနက် အောက်ဖော်ပြပါ လုပ်ငန်းများကို COVID 19 ကူးစက်ကပ်ဘေး တုံ့ပြန်ကာကွယ်ရေးအတွက် ဆောင်ရွက်ပါရန် တိုက်တွန်းလိုပါသည်။
၁။ DCA ဌာနအတွက် ဘိဇနက် ဆက်လက် တည်မြဲစေရေး အစီအစဉ် (Business Continuity Plan) ကို ရေးဆွဲ၍ COVID 19 အကျပ်အတည်းနှင့် ဖြစ်လာနိုင်သော အနာဂတ်တွင် အလားတူ အကျပ်အတည်းများအပေါ် အရေးပေါ် အခြေအနေကို တုံ့ပြန်နိုင်ရန်။
၂။ အရေးပေါ်အရန် အစီအစဉ်များကို ရေးဆွဲထားရန်။ ယင်းတွင် အစီအစဉ်ရေးဆွဲမှု၊ ချမှတ်ခြင်းနှင့် အကောင်အထည်ဖော် ခြင်းတို့ ပါဝင်ပြီး လေကြောင်းပျံသန်းမှုအပေါ် တင်းကျပ်ကန့်သတ်ထားသည်များကို အချိန်နှင့်အမျှ ပြန်လည်သုံးသပ် စိစစ်နေခြင်းလည်း ပါဝင်မည် ဖြစ်သည်။
၃။ COVID 19 ကူးစက်ကပ်ဘေးအန္တရာယ် လျော့နည်းကျဆင်းစေရေးအတွက် ကျန်းမာရေး အာဏာပိုင်များနှင့် အတူတ ကွ လက်တွဲကာ လိုအပ်သောလုပ်ငန်းများ လုပ်ဆောင်ခြင်း၊ လေကြောင်းပို့ဆောင်ရေးအနေဖြင့် လေယာဉ်ဝန်ထမ်းများနှင့် ခရီးသည်များ၏ ကျန်းမာရေးနှင့် နေပျော်မှုအတွက် ကာကွယ်ပေးရန် ရည်ရွယ်ခြင်း ဖြစ်သည်။
၄။ လေယာဉ်ပျံသန်းမှု ဝန်ထမ်းများ၏ လိုင်စင်များအပါအဝင် အဓိကကျသည့် လိုင်စင်များအားလုံးအပေါ် အထွေထွေကင်း လွတ်ခွင့်နှင့် သက်တန်းတိုးခြင်း၊ အသိအမှတ်ပြုလက်မှတ်ထုတ်ပေးခြင်း လုပ်ငန်းစဉ်များ ရေးဆွဲထားရှိရန် လိုအပ်သည်။
၅။ ချီကာဂို အပြည်ပြည်ဆိုင်ရာ သဘောတူညီချက်၊ နောက်ဆက်တွဲ ၉ နှင့်ပတ်သက်၍ သက်ဆိုင်ရာ ပြဌာန်းချက်များနှင့် အညီ ကယ်ဆယ်ရေး၊ ကုန်တင်လေယာဉ်များအတွက် ခွင့်ပြုမိန့်ထုတ်ပေးခြင်းကို ဆောလျင်စွာ ဆောင်ရွက်ပေးနိုင်ရေး လုပ်ငန်းစဉ်များကို ပြန်လည်သုံးသပ်ထားရှိသင့်သည်။ ယင်းသို့ ကယ်ဆယ်ရေး၊ကုန်တင်လေယာဉ်များ ချောမွေ့စွာဝင်ရောက်ခွင့်နှင့် ထွက်ခွာခွင့်အတွက် လိုအပ်သော ခွင့်ပြုမှုများကို ပျော့ပြောင်းဆီလျော်မှုရှိစွာ ကျင့်သုံးသင့်သည်။
၆။ ဆေးဝါးနှင့် မရှိမဖြစ်လိုအပ်သော ထောက်ပံ့ပစ္စည်းများအပေါ် မလိုလားအပ်သော ကန့်သတ်မှုများ မပြုမိစေအောင် ထိန်းသိမ်းခြင်း။
၇။ စဉ်ဆက်မပြတ်သော၊ ရေရှည်တည်တံ့သည့် ဒေသဆိုင်ရာ ထောက်ပံ့ကွင်းဆက်အတွက် ကုန်တင်လေကြောင်းလိုင်းများ ကို သေချာရှိစေခြင်း။
၈။ လေဆိပ်များ ပြန်လည်ဖွင့်ခြင်းနှင့် လေကြောင်းလိုင်းများ ဘေးကင်းလုံခြုံစွာရှိရေးအတွက် လေကြောင်းလိုင်းများတွင် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ လမ်းညွှန်ချက်များ ရေးဆွဲထားခြင်း။
၉။ မကြာသေးမီက ငွေကြေးအခက်အခဲဖြစ်ရမှု သက်သာစေရန်အတွက် ပေးဆောင်ရန်ငွေများကို ဖြစ်နိုင်သမျှ ဆိုင်းငံ့စေမည့် အစီအစဉ်များ စဉ်းစားထားရှိခြင်း။
၁၀။ မတူကွဲပြားသော အခြားအေဂျင်စီများ၊ နိုင်ငံတကာနှင့် ဒေသဆိုင်ရာအဖွဲ့အစည်းများနှင့် သတင်းအချက်အလက် အလျင်အမြန် ဖလှယ်ရေး ပလက်ဖောင်းများ တီထွင်ဖန်တီးမှုရှိစွာ၊ ခေတ်သစ် IT နည်းပညာသုံး၍ တည်ထောင်ပြီး၊ COVID 19 ကူး စက်ကပ်ဘေးနှင့် ပတ်သက်၍ အရေးကြီးသည့်၊ အချိန်နှင့်တပြေးညီဖြစ်သည့် တုံ့ပြန်မှုများ ဆောင်ရွက်ရန် လိုအပ်ပါသည်။
လေကြောင်းလိုင်းများသို့ အကြံပြုချက်
မြန်မာနိုင်ငံရှိ လေကြောင်းလိုင်းများဖြစ်သော MNA နှင့် MAI တို့က လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန (DCA)၊ ကျန်းမာရေးအာဏာပိုင်များ၊ သက်ဆိုင်ရာနိုင်ငံတကာ အဖွဲ့အစည်းများ၏ အကြံပြုချက်များအတိုင်း ဝန်ထမ်းများနှင့် ခရီးသည်များ ဘေးအန္တရာယ်ကင်းရှင်းလုံခြုံစေရေးအတွက် ဘက်စုံပြင်ဆင် ဆောင်ရွက်ထားကြသည်မှာ များစွာအားတက်ဖွယ်ပင်ဖြစ်ပါသည်။ လေကြောင်းလိုင်းများအနေဖြင့် မကြာသေးမီက ထုတ်ပြန်ခဲ့သော ဥရောပကော်မရှင်၏ သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုများ တဖြည်းဖြည်း ပြန်လည်ထူထောင်ရေးနှင့် ဆက်သွယ်ပေါင်းစည်းမှုဆိုင်ရာ လမ်းညွှန်ချက်များ (Guidelines on the progressive restoration of transport services and connectivity) နှင့် IATA အဖွဲ့ချုပ်၏ လေကြောင်း သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုများ ဘေးကင်းလုံခြုံစွာ ပြန်လည်ထူထောင်ရေး ထုတ်ပြန်ချက်များကိုလည်းဖြစ်နိုင်လျှင် ကြည့်ရှုကိုးကား စေလိုပါသည်။ ဩစတြေးလျ၊ နယူးဇီလန် နှင့် စင်္ကာပူနိုင်ငံများက လေကြောင်းပို့ဆောင်ရေးကဏ္ဍကို ပံ့ပိုးပေးနိုင်ရန် ကူညီထောက်ပံ့မှု အကြီးအကျယ်ပေးမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ [6] မြန်မာအစိုးရက လေကြောင်းလိုင်းများကို အလားတူ ထောက်ပံ့ပေးမှုများ လုပ်ဆောင်မည်ဆိုပါက၊ လေကြောင်းလိုင်းများအနေဖြင့် ပြန်လည်ထူထောင်ရေး အစီအစဉ်များကို ပြင်ဆင်ရေးဆွဲထားရန် လိုအပ်ပြီး၊ ထောက်ပံ့မှုကို အကျိုးရှိစွာ အသုံးပြုနိုင်ရန်၊ အရေးပါသည့် လေကြောင်းလိုင်း ချိတ်ဆက်မှုများကို ပြန်လည်ထူထောင်နိုင်ရန်၊ လုပ်ငန်းများ ပြန်လည်အစပျိုးနိုင်ရန် သေချာဆောင်ရွက်နိုင်ကြမည် ဖြစ်သည်။ COVID‐19 ကူးစက်ကပ်ဘေးကာလတွင် လေကြောင်းလိုင်းများ၏ ငွေလွယ်မှု အကျပ်အတည်းကို ဖြေရှင်းနိုင်ရန်အတွက် ဝန်ထမ်းများကို အလုပ်ထုတ်ပယ်ရန် မဟုတ်ဘဲ၊ ဘိဇနက်စီးပွားရေးလုပ်ငန်း ရေရှည်ဆက်လက်လည်ပတ်နိုင်စေရေးအတွက် ဝန်ထမ်းများ၏ အဆင့်အလိုက် လစာဖြတ်တောက် လျော့ချခြင်း (ဥပမာအားဖြင့်- ရာထူးမြင့်သူများကို လစာပိုမိုဖြတ်တောက်ခြင်းမျိုး) စသည့် အခြားနည်းလမ်းများ ရှာဖွေနိုင်ကြမည် ဖြစ်သည်။
လေဆိပ်လုပ်ငန်းဆောင်ရွက်သူများသို့ အကြံပြုချက်
ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ရန်ကုန် အေရိုဒရုန်းကုမ္ပဏီလီမိတက် (YACL) က လည်ပတ်ဆောင်ရွက်နေပြီး မန္တလေးလေဆိပ်ကို MC‐Jalux လေကြောင်း ဝန်ဆောင်မှုကုမ္ပဏီလီမိတက် (MJAS) ကလည်းကောင်း၊ နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ပိုင်အိုနီယာ အေရိုဒရုမ်း ဝန်ဆောင်မှု ကုမ္ပဏီလီမိတက်တို့က လည်ပတ်ဝန်ဆောင်မှုပေး နေကြသည်။ COVID‐19 ကူးစက်ကပ်ဘေး တုံ့ပြန်မှုအဖြစ် ခရီးသည်များကို ကျန်းမာရေးစစ်ဆေးရန်၊ ကိုယ်အပူချိန် တိုင်းတာ စစ်ဆေးရန်ကဲ့သို့သော ကျန်းမာရေးဝန်ဆောင်မှုများပေးရန် လေဆိပ်များက အရည်အသွေး ပြည့်မီမှုရှိမနေကြပါ။ သို့အတွက်ကြောင့် ယင်းလုပ်ငန်းများကို စွမ်းဆောင်နိုင်သော အာဏာပိုင်များက တာဝန်ယူဆောင်ရွက်သင့်ပြီး လေဆိပ် ကွာရန်တင်း အရာရှိများနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ရောဂါကူးစက်မှု ကာကွယ်ရေးနှင့် ထိန်းချုပ်ရေးဌာန (CDC) မှာ ဝန်ထမ်းများ အပါအဝင် တာဝန်ယူသင့်ပါသည်။ လေဆိပ်လုပ်ငန်း လည်ပတ်ဆောင်ရွက်နေကြသည့် အဖွဲ့အစည်းများ၏ လိုအပ်ချက်အရ ဆောင်ရွက်ပေးမှုများအားလုံးမှာ လေဆိပ်တွင် ရောဂါကူးစက်မှုအန္တရာယ်ကို မြေပြင်ပေါ်နှင့် လေယာဉ်ပေါ်တွင် လျော့နည်းစေရန်ဖြစ်ပါသည်။ လေဆိပ်လည်ပတ်ဆောင်ရွက်သူများအနေဖြင့် လေဆိပ်များနှင့်ပတ်သက်သည့် အပြည်ပြည်ဆိုင်ရာကောင်စီ Airports Council International (ACI) ၏ APAC လေဆိပ်ကဏ္ဍ ပြန်လည်ထူထောင်ရေးဆိုင်ရာ ကနဦး လမ်းညွှန်ချက်များ (APAC Initial Guidance for Recovery of the Airport Sector) ကိုလည်း ဖြစ်နိုင်လျှင် ကိုးကား အသုံးချစေလိုပါသည်။ လေဆိပ်များ ပြန်လည်အစပျိုးရာနှင့် ပြန်လည်ထူထောင်ရာတွင် လုံခြုံဘေးကင်းစွာ ဆောင်ရွက်နိုင်ရေးအတွက် လက်တွေ့ကျသော၊ ဖြစ်နိုင်သော ကိစ္စများကို အကောင်အထည် ဖော်ကြရန် လမ်းညွှန်ချက်များ ဖြစ်ပါသည်။
နိဂုံး
COVID‐19 ကူးစက်ကပ်ဘေးက ပေးလိုက်သော စိန်ခေါ်မှုများကို ဆက်လက်လေ့လာ သင်ယူနေရဆဲ အချိန်တွင် ကူးစက် ကပ်ရောဂါဘေး လျော့နည်းစေရေးနှင့် စီးပွားရေး ပြန်လည်ထူထောင်ရေး၊ ဘေးကင်းလုံခြုံစွာ ခရီးသွားနိုင်ကြရေးအတွက် ချိန်ညှိ၍ အထိရောက်ဆုံး လုပ်ဆောင်ကြရမည်ကိုလည်း စိတ်ထဲ အလေးဂရုသွင်းထားစေလိုပါသည်။ ထိန်းသိမ်းစည်းကြပ် သူများ၊ ကျန်းမာရေး အာဏာပိုင်များနှင့် သက်ဆိုင်ရာ လုပ်ငန်းနယ်ပယ်အားလုံးတို့ အတူတကွပူးပေါင်းလုပ်ဆောင်ကြမှသာ ယခုမုန်တိုင်းကို ကျော်လွန်နိုင်မည် ဖြစ်ပါသည်။ နောက်ဆုံး ပြန်လည်အစပျိုးခြင်းနှင့်အတူ ပြန်လည်နာလန်ထစေရေး အတွက် အတူတကွ လုပ်ဆောင်ကြရမည် ဖြစ်ပါသည်။
[1] လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန (DCA) ၏ စရင်းအချက်အလက်များ
[2] https://tourism.gov.mm/wp‐content/uploads/2020/05/Myanmar‐Tourism‐Statisitcs‐2019‐1.pdf
[3] ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ဝန်ကြီးဌာန၏ စရင်းအချက်အလက်များ
[4] (လေကြောင်းပို့ဆောင်ရေး DCA) မှ ညွှန်ကြားရေးမှူး ဦးနေဝင်း၏ ဖြေကြားမှု
[5] https://www.iata.org/en/pressroom
[6] https://www.iata.org/en/pressroom
အောင်စိုးမိုးသည် ဂျာကာတာရှိ အာဆီယံအတွင်းရေးမှူးချုပ်ရုံး (လေကြောင်းပို့ဆောင်ရေးဌာန)မှ အကြီးတန်းအရာရှိ ဖြစ်ပါသည်။ ၂၀ဝ၃ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ လေကြောင်းပို့ဆောင်ရေး ပြန်ကြားမှုဦးစီးဌာန၌ အမှုဆောင်အင်ဂျင်နီယာချုပ်နှင့် ကြီးကြပ်စစ်ဆေးရေးအရာရှိတာဝန် ယူခဲ့သည်။ မြန်မာနိုင်ငံ ပြည်သှူအုပ်ချုပ်ရေးကွန်ရက် ပြညောမေ ဏကဘူငခ ဗိာငညငျအမအေငသည နြအတသမု (ဏြဗြ) ၏ ဗဟိုအလုပ်အမှုဆောင် အ¸ဝင်တဦး ဖြစ်ပါသည်။
မြန်မာနိုင်ငံက အခုအချိန်မှာ လူပေါင်း ၁ ဒသမ ၇ သန်းကို ကာကွယ်ဆေး ထိုးနှံ ပြီး…
လော့ခ်ဒေါင်းချ ဆောင်ရွက်တဲ့ အခါမှာ ဆင်းရဲတဲ့အိမ်ထောင်စုတွေ၊ အလုပ်အကိုင် ဆုံးရှုံးသွားသူတွေ၊ ချို့တဲ့အားနည်းတဲ့ လူတွေအတွက်လည်း အဓိကစဉ်းစားပေးပြီး ကုစားရေး…
တရုတ်နိုင်ငံဟာ ကာကွယ်ဆေးကို အများကောင်းကျိုးအဖြစ် အသုံးပြုမယ်၊ မြန်မာနိုင်ငံစတဲ့ မိတ်ဖက်နိုင်ငံတွေကို ဦးစားပေးဖြန့်ဝေမယ် ဆိုတာဟာ စေတနာကောင်းရင်တောင် လက်တွေ့…
Discussion about this post