မြန်မာနိုင်ငံနှင့် ကိုဗစ်ကာကွယ်ဆေး ထိုးနှံနိုင်မှု အလားအလာ
မြန်မာနိုင်ငံက အခုအချိန်မှာ လူပေါင်း ၁ ဒသမ ၇ သန်းကို ကာကွယ်ဆေး ထိုးနှံ ပြီး…
အယ်ဒီတာမှတ်ချက် – ကိုဗစ်-၁၉ ကပ်ဘေးက Think Tank မူဝါဒသုတေသနအဖွဲ့တွေအပေါ် သက်ရောက်နိုင်ခြေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၆ သန်းလောက်က ကမ္ဘာကြီးကို တိုက်မိခဲ့တဲ့ ဂြိုဟ်သိမ်တခုကြောင့် ဒိုင်နိုဆောသတ္တဝါတွေ မျိုးပြုန်းသွားစေသလို အားနည်း ပျောက်ကွယ်သွားနိုင်တဲ့အထိကို ဖြစ်စေနိုင်တယ်လို့ Think Tank လေ့လာသူတွေက စိုးရိမ်တကြီး ရေးသားပါတယ်။ ကျန်တဲ့ ဦးစားပေးတွေပေါ်လာလို့ ဒီနယ်ပယ်အတွက် ရန်ပုံငွေထောက်ပံမှုတွေ လျော့နည်းသွားမယ်။ အာဏာရှင်တပိုင်း နိုင်ငံတွေက အစိုးရတွေကလည်း ကိုဗစ်ကို အကြောင်းပြပြီး လွတ်လပ်တဲ့ အရပ်ဘက်အဖွဲ့တွေ၊ မူဝါဒသုတေသနအဖွဲ့တွေကို နှိပ်ကွပ်မှုတွေ ပိုလုပ်လာမယ်လို့ သုံးသပ်ကြပါတယ်။ ဒေါက်တာအောင်ခင်က Think Tank တွေအကြောင်း မိတ်ဆက်ပေးပြီး ကိုဗစ်ကြောင့် ဖြစ်လာနိုင်မယ့်အခြေနေကို တစေ့တစောင်း တင်ပြထားပါတယ်။
အင်္ဂလိပ်ဘာသာစကားမှာ Think Tank လို့ခေါ်တဲ့ ဝေါဟာရကို ဒုတိယကမ္ဘာစစ်အတွင်းမှာ စတင်အသုံးပြုတယ်လို့ ဗြိတိသျှစွယ်စုံကျမ်း ( Britannica Encyclopedia ) က ဆိုတယ်။ စစ်မှုရေးရာ မဟာဗျူဟာနဲ့ နည်းဗျူဟာတွေကို လုံလုံခြုံခြုံ ဆွေးနွေးနိုင်မယ့်နေရာကို ရည်ညွှန်းတာဖြစ်လို့ Think Tank ဟာ စစ်သုံးစကားဖြစ်ပါတယ်။ ဒါကြောင့် Think Tank ရဲ့ မူရင်းအဓိပ္ပာယ်က စစ်ဗျူဟာ လေ့လာရေးဌာနပါ။ ဒါပေမဲ့ စစ်ပြီးခေတ် အမေရိကန်ပြည်ထောင်စုမှာ ပေါ်လစီမူဝါဒ လေ့လာဆန်းစစ်တဲ့ အစုအဖွဲ့တွေကို Think Tank လို့ ခေါ်ကြတာကြောင့် အရပ်သုံးဝေါဟာရ ဖြစ်လာပါတယ်။
ယထာဘူတကျစွာ ကြည့်ရှု ဆင်ခြင်နိုင်ဖို့အတွက် မူဝါဒလေ့လာရေးအဖွဲ့ဟာ သူတပါးဩဇာခံ မဟုတ်ဘဲ မိမိဘာသာ လွတ်လပ်စွာ တသီးတခြား ရပ်တည်နိုင်ရမယ်လို့ အင်္ဂလိပ်–အမေရိကန် အယူအဆရှိပါတယ်။ ဒါပေမဲ့ အာဏာရှင်ဓလေ့ ရင့်သန်တဲ့ နိုင်ငံတွေမှာတော့ အာဏာပိုင် အဖွဲ့အစည်းနဲ့ ပတ်သတ်တဲ့ မူဝါဒလေ့လာရေးအဖွဲ့တွေ ရှိလာပါတယ်။ ဒီအဖွဲ့အစည်းတွေဟာ နှီးနှောဖလှယ်ပွဲ ကျင်းပတယ်၊ စာအုပ်စာတမ်း၊ အစီရင်ခံစာနဲ့ စာစောင်တွေ ထုတ်ဝေကြတယ်။ ဘာသာရပ်ဆိုင်ရာ လေ့လာဆန်းစစ်ရေး အဖွဲ့တွေလည်း ရှိပါတယ်။ အရပ်သားအသင်းအဖွဲ့ ( Civil Society ) နဲ့ မူဝါဒလေ့လာရေးအဖွဲ့ဟာ ကွာခြားပါတယ်။ လေ့လာဆန်းစစ်ရေးအဖွဲ့ဟာ သုတေသီစုံညီတဲ့ အဖွဲ့ဖြစ်တာမို့ အရေးကိစ္စတခုအတွက် စည်းရုံးလှုံ့ဆော်တာမျိုး၊ ဆန္ဒပြ ကန့်ကွက်တာမျိုး မလုပ်ကြပါဘူး။
ဒါပေမဲ့ မကြာမီက ထုတ်ဝေတဲ့ စာမျက်နှာ ၂၇၀ ရှိတဲ့ Lauder Institute University of Pennsylvania ရဲ့ 2019 Global Think Tank Index Report မှာ မူဝါဒလေ့လာရေးအဖွဲ့ ၇ မျိုးရှိတယ်လို့ ဖော်ပြပါတယ်။
၁။ ပထမအမျိုးအစားက အစိုးရထောက်ပံ့မှုမယူဘဲ မိမိဘာသာ သီးခြားလွတ်လပ်စွာ ရပ်တည်တဲ့ အဖွဲ့မျိုးအမျိုးအစား ဖြစ်ပါတယ်။
၂။ အစိုးရနဲ့ကင်းရှင်းပေမဲ့ ငွေကြေးထောက်ပံ့သူရဲ့အလိုကျ လိုက်လုပ်တာဟာ ဒုတိယအမျိုးအစားဖြစ်တယ်။
၃။ အစိုးရဌာနတခုအနေနဲ့ လှုပ်ရှားတာက တတိယအမျိုးအစားပါ။
၄။ စတုတ္ထကတော့ အစိုးရရဲ့ထောက်ပံ့မှုနဲ့ တည်ထောင်တဲ့အဖွဲ့ဖြစ်ပါတယ်။
၅။ ပဥ္စမက တက္ကသိုလ်ရဲ့ ပေါ်လစီသုတေသနဌာန ဖြစ်ပါတယ်။
၆။ ဆဋ္ဌမက နိုင်ငံရေးပါတီနဲ့ဆက်ထားတဲ့ အဖွဲ့ဖြစ်ပါတယ်။
၇။ သတ္တမက စီးပွားရေးအကျိုးရရှိအောင် ပေါ်လစီ သုတေသနလုပ်တဲ့အဖွဲ့ဖြစ်ပြီး ကုမ္ပဏီကြီးတွေနဲ့ ဆက်ထားလေ့ရှိပါတယ်။ ဒီအမျိုးအစားကို အမေရိကန်မှာ အများဆုံးတွေ့နိုင်ပါတယ်။
Pennsylvania တက္ကသိုလ် ၂၀၁၉ စာရင်းအရ ကမ္ဘာမှာ စုစုပေါင်း Think Tank ၈၂၄၈ ခုရှိတဲ့အနက် အမေရိကန်မှာ ၁၈၇၂ ခုရှိလို့ အများဆုံးဖြစ်ပါတယ်။ (ဒုတိယနေရာ မပါဘူး)အိန္ဒိယက ၅၀၉ နဲ့ တတိယနေရာ ယူထားပါတယ်။ အင်္ဂလန် ၃၂၁ စတုတ္ထဖြစ်ပြီး ဂျာမဏီက ၂၁၈ ပဉ္စမ ဖြစ်ပါတယ်။ ရုရှားမှာ ၂၁၅ ခုရှိပြီး ဂျပန်မှာ ၁၂၈ ခု ရှိပါတယ်။ အာ ဆီယံနိုင်ငံတွေထဲမှာ အင်ဒိုနီးရှားက ၃၁ ရှိလို့ အများဆုံးဖြစ်ပါတယ်။ မလေးရှားမှာ ၂၃ ခု၊ ဖိလစ်ပိုင်မှာ ၂၁ ခု၊ စင်ကာပူမှာ ၁၈ ခု၊ ထိုင်းမှာ ၁၅ ခု၊ ကမ္ဘောဒီးယားမှာ ၁၄ ခု၊ ဗိယက်နမ်မှာ ၁၁ ခု၊ လာအိုမှာ ၄ ခု ရှိကြောင်း ဖော်ပြထားပါတယ်။ ဒီစာရင်းမှာ မြန်မာမပါပါဘူး။ Asia Foundation က ၂၀၁၆ မှာ ထုတ်ပြန်ထားတဲ့ Director of Policy Institute in Myanmar မှာတော့ မြန်မာပြည်မှာ ပေါ်လစီလေ့လာတဲ့ Think Tank စုစုပေါင်း ၄၆ ခုရှိ တယ်လို့ဖော်ပြပြီး တခုစီရဲ့မှတ်တမ်း အကျဉ်းကိုလည်း ဖော်ပြပါတယ်။ ဒီအတိုင်းဆိုရင် အာဆီယံနိုင်ငံတွေထဲမှာ လေ့လာဆန်းစစ်ရေးအဖွဲ့ Think Tank အများဆုံးဟာ မြန်မာပြည်ဖြစ်နေပါတယ်။ ဒါပေမဲ့ Asia Foundation Directory ထဲမှာ အမျိုးသမီးအရေး၊ ပညာရေး၊ တိုင်းရင်းသားအရေးစတဲ့ ရေးရာအရပ်သားအသင်းအဖွဲ့ Civil Society တွေလည်း ပါဝင်နေတာတွေ့ရပါတယ်။
မူဝါဒရေးရာ အသင်းအဖွဲ့တွေကို ကနေဒါအခြေစိုက် International Development Research Center (IDRC) က ၂၀၁၈ မှာ စစ်တမ်းကောက်ကြည့်ပါတယ်။ အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာ၊ နီပေါ စတဲ့ အိန္ဒိယဒေသနိုင်ငံတွေကို လေ့လာရာက ၂၀၁၈ မှာ မြန်မာနဲ့ အင်ဒိုနီးရှား ပါဝင်လာတာ ဖြစ်ပါတယ်။ မြန်မာပြည်အ ဖွဲ့အစည်း နှစ်ခုကို ကြည့်ပြီးအကဲဖြတ်ထားတာပါ။ Centre For Economic and Social Development (CESD) နဲ့ Advancing Life and Regenerating Motherland(ALARM) ကို မေးမြန်းစုံစမ်းပါတယ်။ မူဝါဒလေ့လာတဲ့ အရည်အသွေးမှာ အိန္ဒိယဒေသနိုင်ငံတွေဟာ ပျမ်းမျှနှုန်း ၆၀ ရာခိုင်နှုန်းရှိပြီး မြန်မာက အများဆုံး ၂၅ ရာခိုင်နှုန်းသာ ရှိပါတယ်တဲ့။
မြန်မာ့ခေါင်းဆောင်ပိုင်းမှာ ၃၀ ရာခိုင်နှုန်းလောက်ကသာ မူဝါဒလေ့လာရေးအဖွဲ့ရဲ့ အကြံဉာဏ်ကို တန်ဖိုးထားတယ်လို့ ဆိုပါတယ်။ အိန္ဒိယဒေသက မူဝါဒရေးရာအဖွဲ့ ၄၀ ရာခိုင်နှုန်းဟာ အမှုထမ်းကို တက္ကသိုလ်ဘွဲ့ရထဲက ရွေးချယ်ပါတယ်။ မြန်မာ့တက္ကသိုလ်တွေမှာ သုတေသနအားနည်းတာကို မူဝါဒလေ့လာရေးမှာလာပြီး ရောင်ပြန်ဟပ်သလို ဖြစ်နေပါတယ်။အိန္ဒိယဒေသလောက် အဆင့်မရှိဘူးဆိုပေမဲ့ အစိုးရနဲ့ဆက်ဆံရေးကောင်းတဲ့ အဖွဲ့နှစ်ဖွဲ့ရှိတယ်လို့ IDRC သုတေသီ Edgard Rodriguez က ဆိုပါတယ်။ ရန်ကုန်အခြေစိုက် Renaissance Institute နဲ့ နေပြည်တော်အခြေစိုက် Myanmar Development Institute ဟာ အစိုးရနဲ့ နီးစပ်တယ်လို့ဆိုပါတယ်။
အကန့်အသတ်တွေရှိတဲ့ကြားက မူဝါဒလေ့လာရေးအဖွဲ့ဦးရေ တိုးပွားလာတာဟာ ကောင်းတဲ့လက္ခဏာ ဖြစ်တယ်လို့ Edgard Rodriguez က မြင်ပါတယ်။ ဒါပေမဲ့ ရေရှည်ရပ်တည်နိုင်ဖို့နဲ့ ထိရောက်ဖို့အတွက် ကြိုးပမ်း နေကြရပါတယ်။ မူဝါဒလေ့လာရေးအဖွဲ့ဟာ အဖွဲ့ဝင်သစ်ရဖို့လိုပါတယ်။ ဒီကိစ္စဟာ အချိန်ကြာတတ်ပါတယ်။ အရည်အသွေးရှိတဲ့ လူနည်းစုထဲမှာ ရှာဖွေရတာဖြစ်ပြီး အတွေ့အကြုံရှိသူကို ဆက်ပြီးသုံးနိုင်ဖို့လည်း အခက်အခဲ ရှိတယ်လို့ဆိုပါတယ်။ မြန်မာ့တက္ကသိုလ်တွေဟာ အရည်အသွေးမြင့်မားသူတွေကို အလုံအလောက် မွေးထုတ်နိုင်တဲ့ အခြေအနေမရှိသေးဘူးလို့ Edgard Rodriguez က ဆိုပါတယ်။ ရန်ပုံငွေရှာနေရတာနဲ့ အချိန်ကုန်နေလို့ သုတေသနဘက်မှာ အာရုံမစိုက်နိုင်တဲ့ မူဝါဒလေ့လာရေးအဖွဲ့တွေလည်း ရှိပါတယ်။ ဘဏ္ဍာငွေမရှိရင် ဘာမှမလုပ်နိုင်ပါဘူး။
ဒီနေရာမှာ ကျနော့်အတွေ့အကြုံလေး ပြောပါရစေ။ မြန်မာပြည်က ထွက်ခွာပြီး ပထမဆုံး ကျနော်အလုပ် လုပ်တာ Institute of South East Asian Studies (ISEAS) ဖြစ်တယ်။ သုတေသန အရာရှိအနေနဲ့ အလုပ်လုပ်ရတာမို့ အစိုးရအမှုထမ်း ဖြစ်ပါတယ်။ အဲဒီတုန်း( ၁၉၇၈ )က ISEAS အဆောက်အဦးဟာ စင်ကာပူတက္ကသိုလ်ဝင်းထဲမှာရှိပြီး ဒဿန ပညာ မဟာဌာနနဲ့ ကပ်နေတာကတကြောင်း၊ ဘုတ်အဖွဲ့ထဲမှာ တက္ကသိုလ်ပါမောက္ခ အတော်များများ ပါတာကတကြောင်းမို့ ISEAS က ငွေများများ ပေးနိုင်တာဖြစ်လို့ ဧည့်သည်အဖြစ် နိုင်ငံခြားပညာရှင်တွေ ဝင်လာမစဲ တသဲသဲဖြစ်နေတယ်။ ကျနော့်အရင် ဆရာကြီး ဒေါက်တာထင်အောင်နဲ့ သမိုင်းပါမောက္ခ ဒေါက်တာကျော်သက်ကလည်း သုတေသနပညာရှင်တွေအဖြစ် လပိုင်းလောက် ISEAS မှာ နေသွားကြပါတယ်။
တနေ့တော့ ကျနော်အပါအဝင် သုတေသနပညာရှင်အချို့ကို ညွှန်ကြားရေးမှူး ဒေါက်တာဆန်ဒူးက ခေါ်တွေ့ပြီး ‘ခေတ်ပြိုင်အရှေ့တောင်အာရှ’ ဂျာနယ် Contemporary South East Asia (CSEA) ကို ထုတ်ဝေဖို့ပြောပါတယ်။ အယ်ဒီတာက စင်ကာပူသား လမ်ဂျိုချုပ်၊ ကျနော်က တွဲဘက်အယ်ဒီတာ၊ ကော်မတီဝင်သုံးဦးပါဝင်တဲ့အဖွဲ့ ဖြစ်ပါတယ်။ လက်တွေ့မှာတော့ လမ်ဂျိုချုပ်နဲ့ ကျနော် နှစ်ယောက်တည်း တာဝန်ယူရတဲ့ ဂျာနယ်ဖြစ်ပါတယ်။ စင်ကာပူတက္ကသိုလ်ပုံနှိပ်တိုက်က ရိုက်နှိပ်ထုတ်ဝေတယ်။ သုံးလတကြိမ် ထုတ်တာမို့ စာမူရှာရတာ စိတ်ညစ်စရာပဲ။ လမ်ဂျိုချုပ် Oxford တက္ကသိုလ်က ဘွဲ့ရပြီး ပထမဆုံးရန်ကုန်တက္ကသိုလ် ပထဝီဌာနမှာ လက်ထောက် ကထိကလုပ်ဖူးတာမို့ ကျနော့်ကို သူ့ညီလေးတဦးလို ကူညီတတ်တယ်။ တနေ့တော့ ဖိလစ်ပိုင်သမ္မတ မားကို့စ်ရေးတယ်ဆိုတဲ့ ဆောင်းပါးတစောင် ရောက်လာတယ်။ မားကို့စ်ဟာ သူခိုးသမ္မတမို့ သူ့ဆောင်းပါးကို မထည့်သင့်ဘူးလို့ ပြောသူတွေ ရှိလာတယ်။ စင်ကာပူသား လမ်ဂျိုချုပ်ကတော့ အစိုးရအချင်းချင်းဆက်သွယ်ရာက မားကို့စ်ဆောင်းပါး ရောက်လာတာကို သိတယ်။ စင်ကာပူက ငွေအင်အား တောင့်တင်းတာကြောင့် မူဝါဒလေ့လာရေးကို အများကြီး အားပေးနိုင်တယ်။ ဒါပေမဲ့ စင်ကာပူအစိုးရ အသိုင်းအဝိုင်းကို ဝေဖန်ရင်တော့ Passport အသိမ်းခံရမှာ သေချာတယ်။
အမေရိကန်ပြင်ပက မူဝါဒလေ့လာရေးအဖွဲ့ Think Tank ၁၅၇ ခုကို Pennsylvania တက္ကသိုလ်က အဆင့် သတ်မှတ်ရာမှာ ISEAS က အဆင့် ၆၈ မှာ ရောက်နေပါတယ်။ Singapore Institute of International Affairs ကတော့ အဆင့် ၄၂ မှာရှိပါတယ်။ ဒီအဖွဲ့အစည်းက အမှုထမ်းတွေဟာ အစိုးရလခစားတွေပါ။ လွတ်လွတ်လပ်လပ် စဉ်းစားတွေးခေါ်နိုင်မယ် မထင်ပါဘူး။ နှီးနှောဖလှယ်ပွဲကျင်းပတာ၊ စာအုပ်ထုတ်တာ၊ သုတေသနလုပ်တာတွေဟာ ငွေရှိမှ ထိရောက်ပါတယ်။ အမေရိကန်နဲ့ မြောက်ကိုးရီးယားသမ္မတတို့ စင်ကာပူမှာ တွေ့ဆုံနိုင်အောင် စီစဉ်ပေးတဲ့ ကြားပွဲစား စင်ကာပူအစိုးရဟာ ဒေါ်လာ ၂၅ သန်း အိတ်ထဲက စိုက်လိုက်ရတယ်။ ဒေါ်လာ ၂၅ သန်းဖိုး အပြည်ပြည်ဆိုင်ရာမှာ လူတွင်ကျယ်ဖြစ်အောင် လုပ်တဲ့နည်းပဲ။
အာဆီယံအသင်း မပေါ်ခင်က စင်ကာပူဟာ တရုတ်ယဉ်ကျေးမှု လေ့လာရေး အချက်အချာနေရာ ဖြစ်ခဲ့တယ်။ မော်စီတုန်းရဲ့ ကွန်မြူနစ်ရန်ကြောင့် တရုတ်ပြည်မသွားနိုင်တဲ့ အချိန်အခါဖြစ်ပါတယ်။ နန်ယန်ရှီဟွေ့ (ခေါ် ) တောင်ပင်လယ်လေ့လာရေးအသင်း (Nanyang Xuehui) ဟာ တရုတ် Think Tank ဖြစ်မယ်ထင်တယ်။ အသင်းတည်ထောင်သူတဦးဖြစ်တဲ့ ဟူးယွန်ရှောင်( Hsu Yun Tsiao )ဆီကို ချန်ရည်စိန်က ၁၉၆၁ မှာ မိတ်ဆက်စာရေးပြီး မြန်မာပြည်က တရုတ်သမိုင်းကို လေ့လာမယ့် သူ့ရည်မှန်းချက်ကို ဖော်ပြကြောင်း Chinese in Colonial Burma (2017) စာအုပ်မှာ သုတေသီ Yi Li က ရေးထားတယ်။ စင်ကာပူဟာ ငွေကြေးတောင့်တင်းတာကြောင့် လေ့လာရေးဌာနတွေကို မြေတောင်မြှောက်ပေးနိုင်တယ်။ လစာနည်းတဲ့ ထိုင်းက ပါမောက္ခတွေ စင်ကာပူ ISEAS မှာ သုတေသန လုပ်လေ့ရှိကြတယ်။ ပညာတတ်လောကမှာ ငွေစကားပြောရင် ရိုင်းတယ်လို့ထင်ပေမဲ့ ငွေအင်အားမကောင်းရင် ဘာမှ ထိရောက်မှာမဟုတ်ပါ။
တရုတ်ပြည်က မူဝါဒလေ့လာရေး ဌာနအများစုဟာ အစိုးရနဲ့ မကင်းနိုင်ကြပါဘူး။ တရုတ်သိပ္ပံအကယ်ဒမီ China Academy of Sciences (CAS) နဲ့ လူမှုသိပ္ပံအကယ်ဒမီ China Academy of Social Sciences (CASS) ဟာ အစိုးရပိုင် Think Tank တွေဖြစ်ပါတယ်။ CASS မှာ လက်အောက်ခံ သုတေသနအဖွဲ့ ၃၁ ခုနဲ့ သုတေသီ ၃၀၀ ကျော်ရှိပါတယ်။ CASS ဟာ မူဝါဒနဲ့ပတ်သတ်ပြီး အစိုးရအပေါ် ဩဇာညောင်းနိုင်တာကြောင့် အမေရိကန်ပြင်ပက Think Tank ၁၅၇ ခုမှာ အဆင့် ၂၄ ရထားပါတယ်။ China Institute of Contemporary International Relations (CICIR) ကတော့ အဆင့် ၉ မှာ ရှိပါတယ်။ ဒါကြောင့် အစိုးရထောက်ပံ့မှုရယူတိုင်း အရည်အသွေး မရှိဘူးလို့ မပြောနိုင်ပါဘူး။ လွတ်လပ်မှုရတဲ့အပေါ်မှာ မူတည်ပြီး ဆွေးနွေး အကြံပေးချက်တွေဟာ တောက်ပြောင်လာနိုင်ပါတယ်။
Pennsylvania တက္ကသိုလ်ထုတ် ၂၀၁၉ Think Tank အညွှန်းမှာ အရှေ့တောင်အာရှက ထိပ်တန်းအဖွဲ့ ၁၀၇ ဖွဲ့ကို ဖော်ပြပါတယ်။ ထိပ်ပိုင်းမှာ စင်ကာပူက Think Tank ၈ ခု ပါဝင်ပါတယ်။ မြန်မာကတော့ Tagaung Institute of Political Studies က အဆင့် ၄၉၊ Institute for Strategy and Policy (ISP) က အဆင့် ၁၀၃၊ Asian Institute of Technology (Thailand) က အဆင့် ၁၀၄၊ Asia-Europe Institute (Malaysia) က အဆင့် ၁၀၇ အသီးအသီး ရရှိကြပါတယ်။
အခုလို Covid-19 ရောဂါကပ်နဲ့ ရင်ဆိုင်နေရလို့ တပြည်လုံးအကျပ်အတည်းဖြစ်နေချိန်မှာ မူဝါဒလေ့လာ ရေး Think Tank အဖွဲ့တွေဟာ အရေးကြီးတဲ့အခန်းကနေ ပါဝင်နိုင်ပါတယ်။ ပြည်သူလူထုနဲ့ရော အာဏာပိုင်အဖွဲ့ အစည်းတွေနဲ့ရော ထိတွေ့နေတဲ့ အဖွဲ့အစည်းတွေဖြစ်လို့ သတင်းမှားနဲ့ လုပ်ကြံသတင်းတွေကို ရှင်းလင်းနိုင်ပါတယ်။ ပြဿနာတခုကို ဘက်ပေါင်းစုံကကြည့်ပြီး အမြန်ဆုံးတင်ပြတာဟာ မူဝါဒလေ့လာရေးအဖွဲ့တွေရဲ့ လုပ်ရိုးလုပ်စဉ် လုပ်ငန်းဖြစ်လို့ Covid-19 ပြဿနာကို အလားတူ ဘက်ပေါင်းစုံတင်ပြနိုင်ပါတယ်။ သတင်းဖြန့်ချိဖို့မဟုတ်ဘဲ Covid-19 ကြောင့် ဖြစ်ပေါ်လာမယ့် လူမှုစီးပွားရေးဒုက္ခတွေကို ပြည်သူတွေနားလည်အောင် Think Tank အဖွဲ့တွေက လိုရင်းတိုရှင်း တင်ပြနိုင်ပါတယ်။ ဒီလို အယူအဆအမျိုးမျိုး၊ လုပ်ကွက်အမျိုးမျိုးနဲ့ အကျိုးသက်ရောက်မှုအမျိုးမျိုးကို ရှင်းလင်းတင်ပြတာမျိုး အစိုးရဌာနတွေ လုပ်လေ့လုပ်ထ မရှိပါဘူး။
Covid-19 ရောဂါ ကပ်ကြီးကြောင့် တကမ္ဘာလုံး စီးပွားရေးကျဆင်းနေပါတယ်။ နိုင်ငံတိုင်းမှာ Covid-19 ကပေးတဲ့ ကျန်းမာရေးနဲ့ လူမှုစီးပွားရေး ဒုက္ခတွေကို ရင်ဆိုင်နေကြရပါတယ်။ လုပ်ငန်းတွေ ပိတ်ထားရတဲ့အတွက် အလုပ်လက်မဲ့ဦးရေ အများအပြား တိုးပွားနေပါတယ်။ အစိုးရတွေက ထောက်ပံ့ငွေ ထုတ်ပေးပေမဲ့ အလုပ်လက် မဲ့တွေဆီ ထောက်ပံ့ကြေး ရောက်၊ မရောက် သိဖို့လိုပါတယ်။ အလုပ် ရပ်ဆိုင်းထားလို့ ဒုက္ခရောက်သူတွေရဲ့ အခြေအနေကို သိရှိဖို့လိုပါတယ်။ ဒီနေရာမှာ Think Tank အဖွဲ့က ဝင်ရောက် ဆန်းစစ်လေ့လာပြီး ဆောင်ရွက်ရမယ့် ကိစ္စတွေကို အချိန်မီတင်ပြနိုင်ပါတယ်။
Covid-19 ရောဂါပြန့်ပွားမှု ကြီးမားလာလို့ လုပ်ငန်း အများအပြား ရပ်ဆိုင်းပြီး တပြည်လုံးကို Lockdown လုပ်တဲ့အခါမှာ Think Tank အဖွဲ့ဝင်တွေရဲ့ အခြေအနေဟာ စိုးရိမ်စရာ ဖြစ်လာနိုင်ပါတယ်။ အလုပ်မလုပ်ဘဲ ဘယ်လောက်ကြာရှည် ရပ်တည်နိုင်မယ်ဆိုတာ မခန့်မှန်းနိုင်ပါဘူး။ ရန်ပုံငွေလည်း နည်းပါးလာနိုင်တာမို့ ဆက်လက်ရှင် သန်ရေးဟာ အရေးကြီးလာပါတယ်။ အရေးပေါ်ကိစ္စတွေကို ဦးစာပေးရတဲ့အတွက် Think Tank တွေကို ထောက်ပံ့မှု လျော့နည်းသွားနိုင်ပါတယ်။ အာဏာရှင်ဆန်တဲ့အစိုးရဟာ Covid-19 ရောဂါကပ်ကို အကြောင်းပြပြီး အမိန့်မနာခံတဲ့ အဖွဲ့တွေကို နှိပ်ကွပ်နိုင်ပါတယ်။ ဒါကြောင့်မို့ မြန်မာပြည်က Think Tank တွေဟာ Covid-19 အန္တရာယ်ကို အပြုသဘောနဲ့တုံ့ပြန်ပြီး သင့်တော်တဲ့ မူဝါဒတွေကို တင်ပြဖို့ အချိန်တန်နေပြီ ဖြစ်ပါတယ်။
ကျမ်းကိုးစာရင်း
ဒေါက်တာအောင်ခင်သည် VOA သတင်းဌာနတွင် သတင်းဆောင်းပါးများ ပုံမှန်ရေးသားနေသူဖြစ်သည်။ သမိုင်းလေ့လာသူ ဦးအောင်ခင် ကလောင်ဖြင့်လည်း ထင်ရှားသူဖြစ်ပါသည်။
မြန်မာနိုင်ငံက အခုအချိန်မှာ လူပေါင်း ၁ ဒသမ ၇ သန်းကို ကာကွယ်ဆေး ထိုးနှံ ပြီး…
လော့ခ်ဒေါင်းချ ဆောင်ရွက်တဲ့ အခါမှာ ဆင်းရဲတဲ့အိမ်ထောင်စုတွေ၊ အလုပ်အကိုင် ဆုံးရှုံးသွားသူတွေ၊ ချို့တဲ့အားနည်းတဲ့ လူတွေအတွက်လည်း အဓိကစဉ်းစားပေးပြီး ကုစားရေး…
တရုတ်နိုင်ငံဟာ ကာကွယ်ဆေးကို အများကောင်းကျိုးအဖြစ် အသုံးပြုမယ်၊ မြန်မာနိုင်ငံစတဲ့ မိတ်ဖက်နိုင်ငံတွေကို ဦးစားပေးဖြန့်ဝေမယ် ဆိုတာဟာ စေတနာကောင်းရင်တောင် လက်တွေ့…
Discussion about this post