Menu & Search

ကိုဗစ်-၁၉ ကြောင့် မတည်ငြိမ်မှုတွေ ဖြစ်လာနိုင်သလား

May 5, 2020

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က အသစ်တွေ့ရှိထားတဲ့ အဆုတ်ရောင်ရောဂါဟာ နိုင်ငံတကာ အရေးပေါ်အခြေအနေ ဖြစ်လာနိုင်တယ်ဆိုတာကို ဇန်နဝါရီ ၃၀ ရက် မှာ ကြေညာခဲ့ပါတယ်။ တရုတ်နိုင်ငံ၊ ဝူဟန်မြို့မှာ ဒီဇင်ဘာလကတည်းက အစပြုပြီး ကိုရိုနာဗိုင်းရပ်စ်ကနေ ကူးစက်မှုဖြစ်ခဲ့တဲ့ ‘ကိုဗစ်-၁၉’ ခေါ် အဆုတ်ရောင်ရောဂါကို ကပ်ရောဂါဆိုးအဖြစ် WHO က မတ် ၁၁ ရက်နေ့မှာ သတ်မှတ်ခဲ့တယ်။ အခုဆိုရင် တကမ္ဘာလုံးမှာ တရားဝင်ရောဂါကူးစက်သူ ပေါင်း ၂ ဒသမ ၈ သန်းနီးပါး ရှိလာပြီး သေဆုံးသူပေါင်း နှစ် သိန်းနီးနီး ရောက်ရှိလာပြီ ဖြစ်တယ်။  မြန်မာနိုင်ငံမှာတော့ တရားဝင် ထုတ်ပြန်ချက်တွေအရ ဧပြီ ၂၄ ရက် အထိ ရောဂါပိုး တွေ့ရှိသူ ၁၃၂ ယောက် ရှိပြီဖြစ်တယ်။

ကိုဗစ်-၁၉ က ကျန်းမာရေး ကပ်ဆိုးတခုဆိုပေမဲ့ သူ့ရဲ့ ရိုက်ခတ်မှုက ကျန်းမာရေးနယ်ပယ်ထက် ပိုမို ကျယ်ပြန့်ပါတယ်။ စီးပွားရေး၊ လူဝင်မှုကြီးကြပ်ရေး၊ ငွေကြေးစီးဆင်းမှု၊ အလုပ်လက်မဲ့ပြဿနာ စတဲ့ ချက်ချင်းလက်ငင်း မြင်နိုင် ခန့်မှန်းနိုင်တဲ့ အကျပ်အတည်းတွေကို ကြုံရမှာဖြစ်သလို အလွယ်တကူ သိရှိခန့်မှန်းဖို့ ခက်တဲ့ လုံခြုံရေးနဲ့ မတည်ငြိမ်မှု ပြဿနာတွေက နောက်ဆက်တွဲ လိုက်လာနိုင်ပါတယ်။

ကမ္ဘာနဲ့ချီတဲ့ ရောဂါကပ်ဘေးလို အဖြစ်အပျက်မျိုးကို ရှားပါးတဲ့ အဖြစ်အပျက်အနေနဲ့ ‘ငန်းနက်’ (Black Swan) လို့ တင်စားခေါ်ဝေါ်ကြပါတယ်။ ကိုဗစ်-၁၉ လို ရိုက်ခတ်မှုကြီးမားတဲ့ အဖြစ်အပျက်တွေရဲ့ နောက်မှာ လူအများစု မစဉ်းစားထားတဲ့ နောက်ထပ် ‘ငန်းနက်’ တွေ ထပ်ပေါ်လာတတ်ပါတယ်။

ကိုဗစ်-၁၉ ရဲ့ ရိုက်ခတ်မှုတွေကြောင့်  အခြားနိုင်ငံတွေ ကြုံတွေ့ရတဲ့ သမားရိုးကျ စိန်ခေါ်မှုတွေအပြင် တိုင်းပြည်ရဲ့ လက်ရှိအခြေအနေတွေအရ ကြုံတွေ့ရနိုင်တဲ့ မတည်ငြိမ်မှုနဲ့  လုံခြုံရေးပြဿနာကို မူဝါဒ ချမှတ်သူတွေအနေနဲ့  ထည့်သွင်းစဉ်းစားထားဖို့ လိုပါလိမ့်မယ်။

မြန်မာပြည်ဟာ Weak State လို့ ဆိုတဲ့ ချည့်နဲ့တိုင်းပြည်တခုပါ။ ချည့်နဲ့တဲ့တိုင်းပြည်တွေမှာ မတည် မငြိမ်မှုတွေ ဖြစ်နိုင်ချေများတယ်လို့ သုတေသနတွေ့ရှိချက်တွေက ဆိုပါတယ်။  ၁၉၉၄ ခုနှစ် လောက်ကစပြီး အမေရိကန်အစိုးရက ကမ္ဘာပေါ်က မတည်မငြိမ်မှုတွေကို လေ့လာဖို့ State Failure Task Force ဆိုပြီး  တိုင်းပြည်ပြိုလဲမှုများလေ့လာရေး အလုပ်အဖွဲ့ဆိုပြီး အမေရိကန်ရဲ့ ထိပ်တန်း သုတေသီတွေပါတဲ့ အဖွဲ့တခုကို တာဝန်ပေးခဲ့ပါတယ်။ ဆိုမာလီယာမှာ အစိုးရပြိုလဲပြီးနောက်ပိုင်း တိုင်းပြည်ကို ဘယ်သူမှ မအုပ်ချုပ်နိုင်တော့ဘဲ စစ်ဘုရင်အုပ်စုတွေ ကြီးစိုးခဲ့တဲ့ အချိန်မှာ ပြန်လည် ထူထောင်နိုင်ဖို့ အမေရိကန်တပ်တွေ ဝင်ရောက်ခဲ့ပေမဲ့ သူတို့လည်း လက်လျော့ပြီး ပြန်ထွက်လာရတာကို သင်ခန်းစာယူခဲ့တာပါ။ ဒါကြောင့် အခြားနိုင်ငံတွေမှာ မတည်မငြိမ်ဖြစ်မှုတွေက နိုင်ငံတကာလုံခြုံရေးကို ထိခိုက်နိုင်တယ်ဆိုတဲ့ စဉ်းစားချက်နဲ့ မတည်ငြိမ်မှုတွေ မဖြစ်ခင် ကြိုတင်သိရှိနိုင်အောင် လေ့လာနိုင်ဖို့ ဖြစ်ပါတယ်။ နောက်တော့ အဲဒီ ပရောဂျတ်ကို Political Instability Task Force (PITF) နိုင်ငံရေးမ တည်ငြိမ်မှုများ လေ့လာရေးအလုပ်အဖွဲ့ဆိုပြီး နာမည်ပြောင်းခဲ့တယ်။

ထူးခြားချက်ကတော့ အာဖဂန်နစ္စတန်၊ ဆိုမာလီယာနဲ့ အလားတူနိုင်ငံများလိုပဲ မြန်မာနိုင်ငံကိုလည်း စောင့်ကြည့်ရမယ့် ချည့်နဲ့နိုင်ငံတခုအဖြစ် ပရောဂျတ်အစပိုင်းကတည်းက လေ့လာစောင့်ကြည့်ခဲ့ကြတာ ယခုတိုင်ပဲ ဖြစ်တယ်။  မတည်မငြိမ်ဖြစ်နိုင်ချေများတဲ့ နိုင်ငံတွေမှာ လက္ခဏာရပ် သုံးခုရှိတယ်လို့  PITF  သုတေသန တွေ့ရှိချက်တွေက ဆိုပါတယ်။

ပထမ တခုက ဒီမိုကရေစီ မကျ၊ အာဏာရှင် မကျ ဖားတပိုင်းငါးတပိုင်း နိုင်ငံရေးစနစ်မျိုးရှိတဲ့ နိုင်ငံတွေပါ။ အထူးသဖြင့် အာဏာရှင်စနစ်ကနေ ဒီမိုကရေစီ ကူးပြောင်းစပြုတဲ့ နိုင်ငံအချို့တွေက ဒီစနစ်မျိုးထဲမှာ ရှိနေတတ်တယ်။ လက်ရှိမြန်မာပြည်ရဲ့  နိုင်ငံရေးစနစ်က ဒီသဏ္ဌာန်ဆောင်ပါတယ်။

ဒုတိယ တခုကတော့ တိုင်းပြည်တခုရဲ့ လူနေမှု အဆင့်အတန်းပါ။ ဘယ်လောက်ဖွံ့ဖြိုးလဲဆိုတာ တိုင်းတဲ့ ပေတံတခုလည်းဖြစ်တယ်။ တနှစ်မပြည့်ခင် ကလေးမွေးသေနှုန်းနဲ့ တိုင်းတာလေ့ရှိတယ်။ တကမ္ဘာလုံး ကလေးသေနှုန်းရဲ့  အလယ်အလတ်နှုန်းကိုကျော်တဲ့ နိုင်ငံတွေကို ဆိုလိုတာပါ။ ကမ္ဘာ့ဘဏ်ရဲ့ ကိန်းဂဏန်းတွေအရ ၂၀၁၈ ခုနှစ်မှာ ကလေး ၁၀၀၀ မွေးရင် တနှစ်အောက်ကလေး မွေးသေနှုန်းအလယ်လတ် ကိန်းဂဏန်းက  ၁၅ ဒသမ ၁ ရှိပါတယ်။ မြန်မာပြည်ရဲ့နှုန်းက ၃၇ ဒသမ ၆ ပါ။ အရှေ့တောင်အာရှမှာ လာအို၊ တီမောလတ်စတီနဲ့ မြန်မာတို့က အမြင့်ဆုံးပါ။

နောက်တချက်က ဂိုဏ်းဂဏ ပြဿနာပါ။ နိုင်ငံတခုမှာ လူမျိုးစုအခြေခံတဲ့ နိုင်ငံရေးအင်အားစုတွေ၊ ဘာသာရေးအစုအဖွဲ့တွေ၊ ကိုယ့်အစုအဖွဲ့ ကောင်းစားရေးအတွက် အာဏာရဖို့ အင်အားပြိုင်ဆိုင်မှုတွေ ရှိတဲ့ နိုင်ငံရေးစနစ်မျိုးကို ဆိုလိုတာပါ။ မြန်မာနိုင်ငံမှာဆိုရင်တော့ အရပ်ဘက်-စစ်ဘက် ဆက်ဆံရေး ပြဿနာ၊ ဘာသာရေးကိုခုတုံးလုပ်တဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေ၊ လူမျိုးစု လက်နက်ကိုင်ပဋိပက္ခတွေက ဂိုဏ်းဂဏပြဿနာတွေနဲ့ ချည်နှောင်ထားတဲ့ နိုင်ငံရေးစနစ်တခု ဖြစ်လာစေခဲ့ပါတယ်။ ဂိုဏ်းဂဏ အစိုင် အခဲကြီးထွားတဲ့ နိုင်ငံရေးစနစ်တခုဟာ မတည်ငြိမ်မှုတွေဖြစ်စေနိုင်တဲ့ ရေခံမြေခံဖြစ်ရုံသာမက ဒီမို ကရေစီစနစ်ခိုင်မာရေးကိုလည်း အတားအဆီးဖြစ်စေတယ်လို့ သုတေသနတွေက ဆိုပါတယ်။

မြန်မာနိုင်ငံဟာ မတည်ငြိမ်မှုရေခံမြေခံတွေနဲ့ ပြည့်နှက်နေတဲ့ ချည့်နဲ့နိုင်ငံတခုပါ။ နိုင်ငံတခုရဲ့  အဓိက ထောက်တိုင်တွေ ချည့်နဲ့​နေတဲ့ (Structurally Weak)တိုင်းပြည်တခုပါ။ ချည့်နဲ့တိုင်းပြည်ဖြစ်တိုင်း ပြိုလဲတိုင်းပြည် (Failed State) တခု အလိုလိုတော့ မဖြစ်ပါဘူး။ တိုင်းပြည်တခု ပြိုလဲလောက်တဲ့ မတည်ငြိမ်မှုတွေ မဖြစ်ခင် ရှေ့ပြေးလက္ခဏာတွေ၊ အကျပ်အတည်းတွေ ဖြစ်ပေါ်လေ့ရှိပါတယ်။

ဒီအကြောင်းအရာကို လေ့လာတဲ့ ပညာရှင်တွေအကြား ရှေ့ပြေးလက္ခဏာတွေကို ရှာဖွေတဲ့အခါ  ရောဂါ ကပ်ဘေး ဒါမှမဟုတ် သဘာဝဘေးအန္တရာယ် ကြီးကြီးမားမားကျရောက်တဲ့ အချက်ကလည်း တခု အပါအဝင် ဖြစ်ပါတယ်။

၂၀၀၈ ခုနှစ်က နာဂစ်မုန်တိုင်းကျရောက်လို့ ဒုက္ခရောက်ခဲ့ကြတဲ့အချိန်မှာရှိတဲ့ အာဏာရှင် နိုင်ငံရေး စနစ်ထက် လက်ရှိ ဒီမိုကရေစီအပြောင်းအလဲ နိုင်ငံရေးစနစ်က မတည်မငြိမ်မှုတွေဖြစ်ဖို့ ရေခံမြေခံ ပိုများ ပါတယ်။ နိုင်ငံတွေရဲ့ မတည်ငြိမ်မှုတွေကို လေ့လာတဲ့ သုတေသနတွေမှာလည်း ဒီမိုကရေစီ အပြောင်း အလဲ ကာလက ပိုပြီး မတည်ငြိမ်မှုတွေဖြစ်စေတယ်လို့ တွေ့ရှိပါတယ်။ တပ်မတော်အုပ်ချုပ်တဲ့ အာဏာရှင် စနစ်အောက်မှာ နိုင်ငံရေးလွတ်လပ်ခွင့်တွေကို ပိတ်ထားပါတယ်။ မကျေနပ်ချက်တွေကို ထုတ်ဖော်ခွင့်၊ လှုပ်ရှားခွင့် မရှိဘူး။ လှုံ့ဆော်ခွင့် မရှိပါဘူး။ ဒီမိုကရေစီ အပြောင်းအလဲကာလအတွင်း မကျေ နပ်ချက်တွေက ပျောက်သွားတာမဟုတ်ပါဘူး။ ဒီမကျေနပ်ချက်တွေကို လှုံ့ဆော်ဖို့ နိုင်ငံရေး လွတ်လပ်ခွင့်တွေ ရှိလာကြတဲ့အခါ ပိုမိုလှုပ်ရှားလာကြပါတယ်။ ဒါကြောင့် ပွတ်တိုက်မှုတွေ ပိုများ လာပါတယ်။

ရောဂါကပ်ဘေးတခု ကျရောက်လာရင် သူရဲ့နောက်ဆက်တွဲပြဿနာက ရင်းမြစ်တွေ ရှားပါးမှု ဖြစ်လာ တယ်။ စီးပွားရေးကပ်ဆိုက်လာတယ်။ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ရဲ့  အချက်အလက်တွေအရ  တကမ္ဘာလုံး ကုန်သွယ်မှုရဲ့  ၁၃ ရာခိုင်နှုန်းကနေ ၃၂ ရာခိုင်နှုန်းအထိ ကျဆင်းလာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ မြန်မာနိုင်ငံရဲ့ ပြည်ပပို့ကုန်ကဏ္ဍမှာလည်း ထိခိုက်မှုတွေ အများကြီး ရှိမယ်။ ပို့ကုန်ရဲ့ ၁၀ ရာခိုင်နူန်းက အထည်ချုပ်လုပ်ငန်းဖြစ်တဲ့အတွက်ကြောင့်  စက်ရုံတွေပိတ်ရတဲ့အခါ အဲဒီကအလုပ်သမား ခုနစ်သိန်းကို ထိခိုက်လာနိင်တယ်။ ကိုဗစ်-၁၉ ကြောင့် အလုပ်ဆုံးရှုံးမှု စုစုပေါင်းဘယ်လောက်ရှိလဲဆိုတာ စာရင်းအင်း ပြည့်ပြည့်စုံစုံ မထွက်သေးပေမဲ့ ကော်လာဖြူ၊ ကော်လာပြာ အနည်းဆုံး ၂၅ ရာခိုင်နှုန်းသော အလုပ်သမား စုစုပေါင်းရဲ့ အလုပ်ဆုံးရှုံးမှု ဖြစ်လာနိုင်တယ်။ မြန်မာအစိုးရအနေနဲ့  အခြားနိုင်ငံတွေလို အင်တိုက်အားတိုက် စီးပွားရေးနာလန်ထူဖို့ ငွေကြေးအမြောက်အမြားသုံးစွဲမယ်ဆိုတဲ့ အစီအစဉ်တွေ ကိုလည်း ကြေညာတာ မတွေ့ရသေးပါဘူး။ ဒါဆို ခန့်မှန်းလို့ရတာက ကိုဗစ်-၁၉ ဟာ နောက်နှစ် ၂၀၂၁ အထိ ဆက်ဖြစ်မယ်ဆိုရင် စီးပွားပျက်ကပ် ဖြစ်နိုင်ချေက ပိုများသွားပြီဖြစ်တယ်။

အခုဆို ကိုဗစ်-၁၉ နဲ့ ဆက်နွယ်နေတဲ့ ဒုစရိုက်မှုတွေကို စတွေ့နေရပါပြီ။ ပြီးခဲ့တဲ့ တလအတွင်း ကိုဗစ်-၁၉ နဲ့ ဆက်နွယ်တဲ့ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ရှစ်ခု ဖြစ်ခဲ့ပါတယ်။ တကယ်လို့ ရောဂါပျံ့နှံ့မှု ပိုများလာရင် ကိုယ့်ရပ်ကိုယ့်ရွာလုံခြုံရေးဆိုပြီး ဥပဒေကို ကျော်လွန်တဲ့ ရပ်ရွာအခြေပြုလူထု လှုပ်ရှားမှုတွေ ဖြစ်လာ နိုင်ပါတယ်။

လုံခြုံရေးတပ်ဖွဲ့တွေအနေနဲ့ စစ်ဆင်ရေးတာဝန်ယူရတဲ့ နယ်မြေတွေကနေ လူနေထူထပ်တဲ့ မြို့၊ ရွာတွေထဲ ရွှေ့ပြောင်းနေရာချတာတွေ ဖြစ်လာခဲ့ရင် အဲဒီဒေသက တိုင်းရင်းသား လက်နက်ကိုင် တွေကလည်း အင်အားချိန်ခွင်လျှာလျော့သွားတဲ့ ဒေသတွေမှာ နေရာဝင်ယူတာမျိုး ဖြစ်လာနိုင်တယ်။ အဲဒီလိုအခြေအနေမှာ အပစ်အခတ်ရပ်ထားပြီး တပ်နေရာချထားရေး ခိုင်ခိုင်မာမာရှိတဲ့ အဖွဲ့တွေနဲ့ ပြဿနာဖြေရှင်းရေးက လုပ်နိုင်မယ်ဆိုသော်ငြားလည်း အပစ်မရပ်ထားတဲ့ အဖွဲ့တွေနဲ့ ထိပ်တိုက် ရင်ဆိုင်မှု ပိုများလာနိုင်ပါတယ်။

လက်ရှိအနေထားအရ ရခိုင်မှာ အပစ်ခတ်ရပ်စဲရေး ဖြစ်နိုင်ခြေ နည်းပါတယ်။ မိုးတွင်းကြောင့် တိုက်ပွဲ အရေအတွက် နည်းသွားနိုင်ပေမဲ့ စစ်ပွဲအရှိန်အဟုန် ဆက်ရှိနေတဲ့အတွက်ကြောင့် ကိုဗစ်-၁၉ ဖြစ်နေတဲ့ ဒေသခံတွေ အတွက် အခက်ခဲတွေ ပိုကြီးလာမယ်။ ရောဂါပျံ့နှံ့လာတဲ့အခါ ရခိုင်မြောက်ပိုင်း ရွာတွေကနေ ရွှေ့ပြောင်းသူတွေ၊ စစ်ရှောင်သူတွေက အခြားရောဂါအဖြစ်နည်းတဲ့ နေရာတွေကို ရွှေ့ပြောင်းဖို့ ကြိုးစားလာနိုင်ပါတယ်။ ဒီလိုဖြစ်လာခဲ့ရင် စစ်ရှောင်၊ ရောဂါရှောင်သူတွေနဲ့ ဒေသခံတွေအကြား ထိပ်တိုက် ရင်ဆိုင်မှုတွေ ဖြစ်လာပါမယ်။ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရဲ့ ရိုက်ခတ်မှုကို အကြီးမားဆုံး ခံရသူတွေက ရခိုင်မြောက်ပိုင်းဒေသ ဖြစ်သွားနိုင်တယ်။

ဘယ်လိုပုံစံနဲ့ပဲ အစပျိုးပျိုး နိုင်ငံရေးပြဿနာအဆင့်ကို ရောက်တဲ့အချိန်မှသာ မတည်ငြိမ်မှု အကျပ် အတည်းအဆင့်ကို ရောက်တာပါ။ ကိုဗစ်-၁၉ ကြောင့် ဖြစ်လာနိုင်တဲ့ ရိုက်ခတ်မှုတွေကို နိုင်ငံရေးပြဿနာ မဖြစ်လာအောင် ရှောင်ရှားဖို့က အရေးကြီးပါတယ်။ မြန်မာပြည်တွင်းက နိုင်ငံရေး အင်အားစုတွေ အနေနဲ့လည်း ကိုဗစ်-၁၉ အကျပ်အတည်းကို နိုင်ငံရေးပြဿနာအဖြစ် အရောင်မဆိုးဖို့ လိုပါမယ်။

ဒါပေမဲ့ ၂၀၂၀ မှာ ရွေးကောက်ပွဲလုပ်ဖြစ်မယ်ဆိုရင်တော့ ရွေးကောက်ပွဲရဲ့ သဘောသဘာဝအရ  ကိုဗစ်-၁၉ အကျပ်အတည်းကို ကိုင်တွယ်ပုံနဲ့ပတ်သက်ပြီး အစိုးရရဲ့ အားနည်းချက်တွေကို ဝေဖန်၊ ထောက်ပြ၊ တိုက်ခိုက်မှုတွေ ဖြစ်လာနိုင်ပါတယ်။ ရွေးကောက်ပွဲနဲ့  ကိုဗစ်-၁၉ က မီးတောက်နဲ့ ဓာတ်ဆီလို ဖြစ်လာ နိုင်ပါတယ်။ ရွေးကောက်ပွဲကို ရွှေ့မယ်ဆိုရင်လည်း အဓိက နိုင်ငံရေးအင်အားစုတွေရဲ့ သဘောတူညီမှုကို မရခဲ့ရင် ပြဿနာ ပိုမိုကြီးထွားသွားနိုင်ပါတယ်။

ကိုဗစ်-၁၉ ရဲ့ ရိုက်ခတ်မှုကြောင့် ဖြစ်လာနိုင်တဲ့ မတည်ငြိမ်မှုတွေကို ကျော်လွှားဖို့အတွက် အစိုးရအနေနဲ့ အချက် လေးချက်ကို အဓိကထားဖို့လိုပါလိမ့်မယ်။ ပထမဆုံး အစိုးရအနေနဲ့  လူထုကြားမှာ အရှိအရှိအတိုင်း ကြုံလာနိုင်တဲ့ အခက်အခဲတွေအတွက် စိတ်ဓာတ်ပိုင်းအရပြင်ဆင်ထားမှု (Expectation Management)လုပ်ဖို့လိုလိမ့်မယ်။ အကျပ်အတည်းရောက်တော့မယ်ဆိုတာကို လူထုကို အသိပေးဖို့လို လိမ့်မယ်။

ဒုတိယအနေနဲ့  မဟာဗျူဟာကျတဲ့ လုံခြုံရေးအစီအမံတခုကို ရေးဆွဲပြီး အစိုးရနဲ့ တပ်မတော်ကြားမှာ သဘောတူညီမှု ရဖို့လိုတယ်။ အချို့ဒေသတွေမှာ အရပ်သားအုပ်ချုပ်မှုက မထိန်းနိုင်ခဲ့ရင် ဘာလုပ်မလဲ ဆိုတဲ့ အတိုင်းအတာအထိ ဆွေးနွေးသဘောတူညီမှုရှိဖို့ လိုမယ်။

တတိယကတော့ အဓိကနိုင်ငံရေးအင်အားစုတွေနဲ့ အစိုးရအကြား ရွေးကောက်ပွဲ ကျင်းပရေး၊ မကျင်း ပရေးနဲ့ပတ်သက်ပြီး ဘုံသဘောထား ရရှိအောင် ဆွေးနွေးနိုင်ဖို့လိုမယ်။ ရွေးကောက်ပွဲဖြစ်ခဲ့ရင် မဲဆွယ်မှု တွေကနေ မတည်မငြိမ်မှုတွေ မဖြစ်လာအောင် ဘယ်လိုရှောင်ရှားသင့်တယ်ဆိုတဲ့ အစီအမံတွေ ရှိဖို့လိုပါ မယ်။ အဓိကအင်အားစုတွေရဲ့ ပူးပေါင်းဆောင်ရွက်မှု ရှိဖို့လိုမယ်။

စတုတ္ထကတော့ အပစ်ခတ်ရပ်စဲထားတဲ့အဖွဲ့တွေနဲ့ အစိုးရ၊ တပ်မတော်တို့အကြား ကိုဗစ်-၁၉ ကာကွယ် ရေးနဲ့ပတ်သက်တဲ့ ကိစ္စတွေကို နှစ်ဖက်ထိစပ်လှုပ်ရှားတဲ့ ဒေသတွေအတွင်း ပူးပေါင်းဆောင်ရွက်မှုတွေ ရှိသင့်တယ်။ ဒါ့အပြင် မတည်မငြိမ်မှုတွေ ဖြစ်လာခဲ့ရင် နိုင်ငံရေးပြဿနာအဖြစ် အသွင် မပြောင်း ရလေအောင် တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အစိုးရတို့အကြား နားလည်မှု တည်ဆောက်ထားဖို့ လိုပါ လိမ့်မယ်။

ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကာလတွေက မတည်ငြိမ်မှုတွေအတွက် အန္တရာယ်များပါတယ်။ ကိုဗစ်-၁၉ ရောဂါကပ်ဆိုးကြီးက မတည်ငြိမ်မှုတွေအတွက် တွန်းအားတခုလို ဖြစ်လာနိုင်ပါတယ်။ အခြေခံ ထောက်တိုင်တွေ ယိုင်နဲ့နေတဲ့ တိုင်းပြည်တခုမှာ ဒီဒေါက်တိုင်တွေကို အချိန်တိုတိုအတွင်းမှာ ခိုင်ခန့် အောင် လုပ်နိုင်မှာ မဟုတ်ပါဘူး။ အခုလို ကပ်ဆိုးကြုံနေရတဲ့ အခြေအနေမှာ ဖြစ်လာနိုင်တဲ့ မတည်ငြိမ်မှု ပြဿနာကို လျှော့ချဖို့အတွက် အမြန်ဆုံးနည်းကတော့ အဓိကအင်အားစုတွေအကြား နားလည်မှု တည်ဆောက်တဲ့ Elite Pact ချဉ်းကပ်မှုမျိုး ဖြစ်သင့်တယ်လို့ တိုက်တွန်းအကြံပြုလိုပါတယ်။

Dr Min Zaw Oo

ဒေါက်တာမင်းဇော်ဦးသည် မြန်မာ့ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအင်စတီကျု (MIPS) ၏ အလုပ်အမှုဆောင် အရာရှိအဖြစ် တာဝန်ယူလျက်ရှိသည်။ မြန်မာပြည်ပြင်ပတွင် ရှိစဉ်အတွင်း မတည်ငြိမ်မှုများကို သုတေသနပြုသည့် အဖွဲ့အစည်းများတွင် တာဝန်ထမ်းဆောင်ခဲ့သည်။

Related article
မြန်မာနိုင်ငံနှင့် ကိုဗစ်ကာကွယ်ဆေး ထိုးနှံနိုင်မှု အလားအလာ

မြန်မာနိုင်ငံနှင့် ကိုဗစ်ကာကွယ်ဆေး ထိုးနှံနိုင်မှု အလားအလာ

မြန်မာနိုင်ငံက အခုအချိန်မှာ လူပေါင်း ၁ ဒသမ ၇ သန်းကို ကာကွယ်ဆေး ထိုးနှံ ပြီး…

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါနှင့်  လော့ခ်ဒေါင်းမှတ်စု  (လော့ခ်ဒေါင်းနှင့်အတူနေထိုင်ခြင်း)

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါနှင့် လော့ခ်ဒေါင်းမှတ်စု (လော့ခ်ဒေါင်းနှင့်အတူနေထိုင်ခြင်း)

လော့ခ်ဒေါင်းချ ဆောင်ရွက်တဲ့ အခါမှာ ဆင်းရဲတဲ့အိမ်ထောင်စုတွေ၊ အလုပ်အကိုင် ဆုံးရှုံးသွားသူတွေ၊ ချို့တဲ့အားနည်းတဲ့ လူတွေအတွက်လည်း အဓိကစဉ်းစားပေးပြီး ကုစားရေး…

တရုတ်နိုင်ငံ၏ ကိုဗစ်-၁၉ကာကွယ်ဆေး သံတမန်လှုပ်ရှားမှုနှင့် မြန်မာနိုင်ငံအတွက် အလားအလာ

တရုတ်နိုင်ငံ၏ ကိုဗစ်-၁၉ကာကွယ်ဆေး သံတမန်လှုပ်ရှားမှုနှင့် မြန်မာနိုင်ငံအတွက် အလားအလာ

တရုတ်နိုင်ငံဟာ ကာကွယ်ဆေးကို အများကောင်းကျိုးအဖြစ် အသုံးပြုမယ်၊ မြန်မာနိုင်ငံစတဲ့ မိတ်ဖက်နိုင်ငံတွေကို ဦးစားပေးဖြန့်ဝေမယ် ဆိုတာဟာ စေတနာကောင်းရင်တောင် လက်တွေ့…

Discussion about this post

Leave a Reply

Your email address will not be published. Required fields are marked *

Type your search keyword, and press enter to search