မြန်မာနိုင်ငံနှင့် ကိုဗစ်ကာကွယ်ဆေး ထိုးနှံနိုင်မှု အလားအလာ
မြန်မာနိုင်ငံက အခုအချိန်မှာ လူပေါင်း ၁ ဒသမ ၇ သန်းကို ကာကွယ်ဆေး ထိုးနှံ ပြီး…
ကာကွယ်ခြင်းဟာ ကုသခြင်းထက် ထိရောက်တယ်ဆိုတာ ဘယ်တော့မှ မမှားတဲ့ ပုံသေနည်းတခုပါ။၂၀၂၀ ပြည့်နှစ် မတ် ၂၃ ရက်ကစပြီး မြန်မာနိုင်ငံထဲ တရားဝင် ဝင်ရောက်လာတဲ့ ကိုဗစ် ၁၉ (COVID-19) ရောဂါဟာ အာဆီယံဒေသတွင်း နိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင် ရောဂါဝင်ရောက်ချိန် နောက်ကျ တိုတောင်းပေမဲ့ အလျင်အမြန် တိုးပွားလာတာကို တွေ့ရမှာဖြစ်ပြီး သေပျောက်နှုန်းလည်း အနည်းငယ်မြင့်ပါတယ်။
မြန်မာဟာ အာဆီယံမှာ Pandemic preparedness လို့ခေါ်တဲ့ ကပ်ရောဂါ အဆင်သင့်ဖြစ်မှုမှာ အဆင့် ၇ သာ ရှိပြီး လူတသိန်းမှာ အထူးကြပ်မတ်ကုသကုတင်( ICU ) ၁ ဒသမ ၁ ပဲ ပိုင်ဆိုင်ထားပါတယ်။ ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုတွေမှာ အကန့်အသတ်တွေ၊ မပြည့်စုံမှုတွေ ရှိနေတဲ့ မြန်မာမှာ ရွေးချယ်စရာ များများစားစားမရှိလှပါဘူး။ အကောင်းဆုံး နည်းလမ်းကတော့ ပြည်သူတွေက မိမိဘာသာ ရောဂါ မကူးစက်အောင်၊ မိမိကတဆင့် အခြားသူတွေကို ထပ်မံရောဂါ မပြန့်ပွားအောင် ထိန်းချုပ်ခြင်းကသာ အကောင်းဆုံး နည်းလမ်းတခု ဖြစ်သွားမှာပါ။
ဘယ်လိုနည်းလမ်းတွေနဲ့ ကာကွယ်ကြမလဲ
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) နဲ့ အမေရိကန် ကူးစက်ရောဂါ ထိန်းချုပ်ရေးဌာန (US-CDC) က ဆေးမလိုတဲ့ နည်းလမ်းတွေ ဖော်ပြထားပေးပါတယ်။
ဆေးကုစရာမလိုဘဲ ရောဂါကို ထိန်းချုပ်တဲ့နည်းလမ်း (Non- pharmaceutical intervention – NPI) ဒါမှမဟုတ် လူထုအတွင်း ရောဂါလျှော့ချနည်းဗျူဟာ ( Community mitigation strategies) လို့ သုံးနှုန်းကြပါတယ်။ အထူးသဖြင့် လေထဲကတဆင့် လူလူချင်း ကူးစက်နှုန်းမြင့်တဲ့ ကိုဗစ် ၁၉ လိုရောဂါမှာ ဒီနည်းလမ်းဟာ မရှိမဖြစ် အရေးပါလာပါတယ်။
ဘယ်လိုလုပ်ကြမလဲလို့ အသေးစိတ် ပြန်ခွဲမယ်ဆို
၁။ မိသားစု အဆင့်
၂။ ကျောင်း၊ အလုပ် နေရာလိုက်အဆင့်
၃။ လူစုလူဝေးအဆင့် မဖြစ်အောင်ကန့်သတ်ခြင်း
၄။ ရောဂါဖြစ်နိုင်ချေရှိသူတွေကို ထိန်းချုပ်ခြင်း ဒါမှမဟုတ် ကွာရန်တင်း
၅။ ပတ်ဝန်းကျင် သန့်ရှင်းရေး ( Environmental non pharmaceutical intervention )ဆိုပြီး ပြန်ကွဲပြားပါတယ်။
၁။ မိသားစုအဆင့်
ရောဂါပြန့်ပွားနေစဉ်ကာလ အိမ်ထဲမှာပဲနေပါ၊ မလိုအပ်ဘဲ အပြင်မသွားပါနဲ့(Stay at home)လို့ ဆိုတာက မဖြစ်မနေ အပြင်သွားရမယ့် ကျန်းမာရေးကိစ္စ၊ အစားအသောက် ဝယ်ရေးကိစ္စ၊ နာရေး( တချို့နိုင်ငံတွေမှာ နာရေးတောင်မှ လူ ၅ ယောက်ထက် ပိုမသွားခိုင်းပါဘူး။) တို့မှတပါး အပြင်မထွက်ခိုင်းတာပါ။ လက်ဖက်ရည်ဆိုင် ထိုင်တာ၊ ဘောလုံးပွဲ စုကြည့်တာ၊ မကြာခဏ ကွမ်းယာဆေးလိပ်ထွက်ဝယ်တာ၊ ဘီယာဆိုင်ထိုင်တာ ရှော့ပင်းထွက်တာ စတာတွေကို ဒီလိုရောဂါဖြစ်ပွားနေချိန်မှာ ရှောင်ကြဉ်ဖို့လိုပါတယ်။ မဖြစ်မနေ ထွက်ရမယ်ဆိုလည်း နှာခေါင်းစည်း စနစ်တကျတပ်၊ လက်ကို မကြာခဏ စက္ကန့် ၂၀ ခန့်ကြာ ဆေးကြောဖို့လိုပါတယ်။
၂။ ကျောင်း၊ အလုပ်အကိုင်နေရာ
ဒီလို ကျောင်းတွေ အလုပ်အကိုင်နေရာတွေ ကွာရန်တင်းလုပ်ရတာ လွယ်မလိုနဲ့ ခက်ပါတယ်။ အဓိက စီးပွားရေး၊ လူမှုရေး စတာတွေနဲ့ တိုက်ရိုက် ပတ်သတ်လာလို့ပါ။ အဆင့်လိုက် စဉ်းစားစရာတွေ အတော်များပါတယ်။ ကလေးတွေ ကျောင်းပိတ်၊ မိဘတွေက အလုပ်ဆက်ဆင်းရရင် ဘယ်သူက ကလေးတွေကို စောင့်ရှောက်ပေးမလဲ။ အလုပ်တွေ ရပ်ထားရရင် ရေရှည်မှာ ဘယ်သူက စားဝတ်နေရေးဖြေရှင်းပေးမလဲ။
ရေရှည်အတွက် အလုပ်အကိုင်ပုံစံတွေ ဘယ်လို ပြောင်းလဲမလဲ၊ တနေ့လုပ်မှ တနေ့စားရတဲ့ လူတန်းစားတွေ အတွက် အရေးပေါ်စားနပ်ရိက္ခာ မည်သို့ဖြေရှင်းမလဲ စတာတွေ ထွက်လာပြီး အစိုးရနဲ့ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေ ကြိုတင်အဖြေရှာထားဖို့ လိုပါတယ်။ မြန်မာမှာ ရောဂါက အခုမှစတာပါ။
ဒီနေရာမှာ နည်းပညာဟာ အရေးပါလာပါပြီ။ ဒစ်ဂျစ်တယ်နည်းပညာကို မြင့်မားစွာ အသုံးပြုနေတဲ့ နိုင်ငံတွေမှာ Tele working Tele office Tele school ဆိုပြီး လိုက်လျောညီထွေစွာ ပြောင်းလဲလို့ရပေမဲ့ တိုင်းပြည်လူဦးရေရဲ့ ၅၈ ရာနှုန်းခန့်က ဆင်းရဲမွဲတေမှုအဆင့်နား ရောက်နေပြီး ဒစ်ဂျစ်တယ် နည်းပညာနဲ့အကျွမ်းဝင်မှု ( Digital literacy) လည်း အားနည်းသေးတဲ့ မြန်မာနိုင်ငံအနေနဲ့ ဒီနည်းပညာကို နိုင်ငံတဝှမ်း ထိရောက်စွာ အသုံးချဖို့ ဆိုတာ ကြီးမားတဲ့ စိန်ခေါ်မှုဖြစ်ပါတယ်။ ဒါပေမဲ့လည်း အစိုးရအနေနဲ့ မဖြစ်မနေ လက်ရှိကိုဗစ်အတွက်ရော ကိုဗစ် အလွန်ကာလ အတွက်ပါ ထည့်စဉ်းစားထားရမှာပါ။
၃။ လူစုလူဝေးအဆင့် မဖြစ်အောင်ကန့်သတ်ခြင်း
ဒီနေရာမှာ တရားဥပဒေစိုးမိုးမှုက အရေးပါလာပါပြီ။ အားကစားပွဲတွေ၊ အခမ်းအနားတွေ၊ ဘာသာရေးပွဲတော်တွေ၊ ဆန္ဒပြမှုတွေ၊ လူစုစေတဲ့ နေရာတွေ ( ကုန်စိမ်းဈေး၊ ဘဏ်၊ ဈေးဝယ်စင်တာ၊ စာတိုက်၊ အစိုးရရုံး စတာတွေ) မှာ လူမစုအောင် ဘယ်လို ထိန်းချုပ်မလဲ၊ မလိုက်နာရင် ဘယ်လို အရေးယူမလဲ ဆိုတာတွေကို အရေးပေါ်ကာလ ဥပဒေတွေ ပြဋ္ဌာန်းပြီး တင်းကျပ်စွာ ထိန်းချုပ်နိုင်ဖို့လိုပါတယ်။ မြန်မာမှာရော နိုင်ငံတကာမှာပါ အခမ်းအနားတွေ၊ ဘာသာရေးပွဲတွေကနေတဆင့် ကူးစက်မှုတွေ ကြီးမားသွားတာကို တွေ့ရပါမယ်။ ထိရောက်တဲ့ နည်းလမ်းတွေကတော့ ကာဖျူးဆိုတဲ့ အပြင်မထွက်ရအမိန့်နဲ့ အသွားအလာကန့်သတ်တဲ့ ဒေသန္တရအမိန့်တွေပါပဲ။ လောလောဆယ်တော့ မြန်မာမှာ ထိန်းချုပ်မှု အနည်းငယ်အားနည်းနေတာကို တွေ့ရပါ တယ်။
၄။ ရောဂါဖြစ်နိုင်ချေရှိသူတွေကို ထိန်းချုပ်ခြင်း သို့မဟုတ် ကွာရန်တင်း
ဒီအဆင့်က အရမ်းအရေးကြီးပါတယ်။ ၂၀၂၀ ပြည့်နှစ် ဧပြီ ၁၆ ရက်မှာ အမေရိကန်အခြေစိုက် MIT တက္ကသိုလ်ကနေ ပထမဆုံး ကိုဗစ် ၁၉ အချက်အလက်တွေအသုံးပြုထားတဲ့ ကွာရန်တင်းရဲ့ အကျိုးသက် ရောက်မှုတွေကို ဖော်ပြထားတဲ့ တွက်ချက်မှုတွေကို ကနဦး ဖော်ပြချက်အနေနဲ့ ဖော်ပြလိုက်ပါတယ်။ ယခင်က တွက်ချက်မှုတွေကတော့ ဖြစ်ပွားခဲ့ပြီးတဲ့ ဆားစ်(SARS) ရောဂါ၊ မားစ်(MERS) ရောဂါတွေရဲ့ အချက်အလက်ကိုယူပြီး တွက်ချက်ထားတာဖြစ်ပါတယ်။ အခုကတော့ လက်ရှိဖြစ်ပွားနေတဲ့ ကိုဗစ် ၁၉ အချက်အလက်တွေကို အခြေခံထားတဲ့အတွက် ပိုမိုတိကျတဲ့ ခန့်မှန်းမှုတွေကို တွက်ချက်နိုင်ပါတယ်။
ဒီနေရာမှာ ကွာရန်တင်း (quarantine) နဲ့ အိုင်ဆိုလေးရှင်း(isolation) နှစ်ခုကို ကွဲပြားဖို့လိုပါတယ်။ ကွာရန်တင်းဆိုတာ ရောဂါဖြစ်နိုင်ချေရှိပေမဲ့ မဖြစ်သေးတဲ့လူတွေကို သီးခြား ဖယ်ထုတ်ထားခြင်းလို့ အဓိပ္ပာယ်ရပြီး အိုင်ဆိုလေးရှင်းကတော့ ရောဂါကူးစက်ခံသွားရတဲ့ လူနာကို သီးခြားဖယ်ထုတ်ထားခြင်းလို့ အဓိပ္ပာယ်ရပါတယ်။ အလွယ်ဆို ကွာရန်တင်းလို့ပြောရင် လူကောင်းလို့ ယေဘူယျသတ်မှတ်လို့ရပြီး အိုင်ဆိုလေးရှင်းဆိုရင် လူနာလို့ သတ်မှတ်လို့ရပါတယ်။
MIT model အရကြည့်မယ်ဆို ကွာရန်တင်းဟာ ရောဂါကိုထိန်းချုပ်ဖို့ ဆေးရုံတွေရဲ့ လူနာစုပြုံမှုဆိုတဲ့ ဝန်ကိုလျှော့ချဖို့ အတော်ထိရောက်တဲ့ နည်းလမ်းတခု ဖြစ်တာကို ထင်ရှားစွာတွေ့မြင်ရမှာပါ။ US :No quarantine model ဆိုတဲ့ အမည်းရောင်လိုင်းအရ ကွာရန်တင်း မလုပ်ရင် ကူးစက်ခံရသူပမာဏက သုညခြောက်လုံး အဆင့်အထိကို ထိုးတက်သွားမှာဖြစ်ပါတယ်။ တင်းကျပ်စွာ လော့ဒေါင်း(lock down) လုပ်ခဲ့တဲ့ ရောဂါအစပြုရာ ဝူဟန်မှာတော့ အတော်အသင့် ထိန်းချုပ်နိုင်ပြီး လော့ဒေါင်းမလုပ်ဘဲ ‘များများစစ်၊ မြန်မြန်စစ် ရောဂါ ရှိသူကို ခွဲထား’ ဆိုတဲ့ အိုင်ဆိုလေးရှင်းနည်းကိုသုံးခဲ့တဲ့ ကိုရီးယားက ပိုပြီးထိရောက်စွာ ရောဂါထိန်းချုပ်နိုင်တာကို တွေ့ရပါတယ်။
ဒီနေရာမှာတော့ စစ်ဆေးနိုင်တဲ့ ပမာဏ ကန့်သတ်မှုရှိတဲ့ မြန်မာနိုင်ငံအတွက် ကွာရန်တင်းနည်းလမ်းက မရှိမဖြစ် ရွေးချယ်ရမယ့် နည်းလမ်းတခုပါ။
ကွာရန်တင်းမျိူးစုံ ရှိပါတယ်။ နိုင်ငံတော်က စီစဉ်ပေးတဲ့ စတိတ် ကွာရန်တင်း ( state quarantine )၊ လူထု အခြေပြုထောက်ပံ့မှုရှိတဲ့ ကွာရန်တင်း ( Community based facility quarantine)၊ ဟိုတယ် ကွာရန်တင်း( Hotel quarantine )၊ အိမ် ကွာရန်တင်း(Home quarantine) စသဖြင့်မျိုးစုံပါ။
ဘယ်လိုပဲ ကွာရန်တင်း လုပ်သည်ဖြစ်စေ အဓိက အခြေခံကျတဲ့အချက်တွေဖြစ်တဲ့ အခြေခံကျန်းမာရေး စောင့်ရှောက်မှု၊ အစားအသောက် စီစဉ်ပေးမှု၊ ပုံမှန် သန့်ရှင်းရေးရှိမှု၊ လူမှုရေးကျင့်ဝတ်၊ ဥပဒေ စတာတွေ နဲ့သင့်လျော်မှုရှိမှု စတဲ့အချက်တွေပြည်စုံ ဖို့လိုပါတယ်။ မဟုတ်ရင် ကွာရန်တင်းဆိုတာ ကြောက်စရာတခု အနေနဲ့ မြင်သွားနိုင်ပြီး ရောဂါပိုမိုပြန့်ပွားနိုင်ပါတယ်။
၅။ ပတ်ဝန်းကျင် သန့်ရှင်းရေး ( Environmental non pharmaceutical intervention )
ကိုဗစ် – ၁၉ ဟာ စကားပြော၊ ချောင်းဆိုး၊ နှာချေ တွေကတဆင့် ပြင်ပကိုရောက်ရှိလာပြီး ပြင်ပမျက်နှာပြင်နဲ့ လက် စတာတွေမှာ နာရီအနည်းငယ်ကနေ ရက်အနည်းငယ်ကြာတဲ့အထိ အသက်ရှင်နေထိုင်နိုင်တာကို တွေ့ရပါ တယ်။
ဒါကြောင့် ပုံမှန် လူအများသုံးတဲ့ ရေချိုးခန်း၊ အိမ်သာ၊ အိပ်ခန်း၊ ဧည့်ခန်း၊ ဘုရားခန်း၊ ဝတ်ပြုခန်း၊ အစည်း အဝေးခန်း ၊ လှေကားလက်တန်း၊ ဓာတ်လှေကား၊ အေတီအမ်စက်၊ တံခါးလက်ကိုင် စတာတွေကို သက်ဆိုင်ရာ ဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ ပိုးသတ်ဆေးရည်တွေနဲ့ ပုံမှန်သန့်ရှင်းရေး လုပ်ပေးဖို့လိုပါတယ်။ အိမ်မှာ ဆိုရင်လည်း ကီးဘုတ်၊ ဖုန်း၊ ရီမို့ကွန်ထရိုး၊ အိမ်သော့၊ တက်ဘလက် စတာတွေကိုလည်း အရက်ပျံ ၇၀ ရာနှုန်းပါတဲ့ အရည်နဲ့ ပွတ်တိုက်သန့်စင်ဖို့ လိုအပ်ပါတယ်။
တကိုယ်ရည် အနေနဲ့ကတော့ နှာချေ၊ ချောင်းဆိုးအပြီး၊ အစာမစားခင်၊ စားပြီး၊ အိမ်သာသုံးအပြီး၊ တိရစ္ဆာန်တွေကို ကိုင် တွယ်အပြီး၊ လူနာတွေကို ထိတွေ့အပြီး၊ အခြားသူရဲ့ ပစ္စည်းတွေကို ကိုင်တွယ်ပြီးတိုင်း ဆပ်ပြာနဲ့ စက္ကန့် ၂၀ ကြာအောင်ဆေးကြော ဒါမှမဟုတ် အရက်ပျံ အနည်းဆုံး ၆၀ ရာနှုန်းအထက်ပါတဲ့ လက်ဆေးဂျဲလ် ဒါမှမဟုတ် လက်ဆေးရည်နဲ့ ဆေးကြောဖို့လိုပါတယ်။
ပြည်သူ တယောက်ချင်းစီကအစ ဒီနည်းလမ်းတွေကိုသာ ထိရောက်စွာ ပြုလုပ်နိုင်မယ်ဆို မြန်မာပြည်ဟာ ကိုဗစ် ကြောင့် ထိခိုက်ရမှုတွေကနေ များစွာရှောင်ရှားနိုင်မှာပါ။
ဆေးမလိုတဲ့ ကာကွယ်နည်းတွေနဲ့ ကိုဗစ် ၁၉ ကို အနိုင်တိုက်နိုင်ကြပါစေ။
ဒေါက်တာဉာဏ်ဝင်းဖြိုး
References
www.who.int/influenza/preparedness/pandemic/influenza_risk_management_checklist_2018/en/
www.cdc.gov/nonpharmaceutical-interventions/environmental/index.html
news.mit.edu/2020/new-model-quantifies-impact-quarantine-measures-covid-19-spread-0416
www.cdc.gov/coronavirus/2019-ncov/community/organizations/cleaning-disinfection.html
www.lowyinstitute.org/the-interpreter/decisive-month-covid-19-myanmar-and-region-beyond
ဒေါက်တာဉာဏ်ဝင်းဖြိုးသည် ဘန်ကောက်အခြေစိုက် INGO တခု၏ ရွှေ့ပြောင်းလုပ်သားများအတွင်း တီဘီ ရောဂါ၊ HIV ရောဂါ၊ ငှက်ဖျားရောဂါနှင့် အခြားအဖြစ်များသော ကူးစက်ရောဂါတိုက်ဖျက်ရေး အကြံပေးနှင့် ကြီးကြပ်စစ်ဆေးရေးမှူးတဦး ဖြစ်သည်။ မဲခေါင်ဒေသတွင်း ငှက်ဖျားရောဂါတိုက်ဖျက်ရေး RAI2E စီမံကိန်း၏ ထိုင်းနိုင်ငံကိုယ်စားလှယ်အဖြစ်လည်းကောင်း ဂျီနီဗာအခြေစိုက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ တီဘီရောဂါ တိုက်ဖျက်ရေးဌာန၏ WHO CSTF on TB အဖွဲ့ဝင်အဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်လျက်ရှိပါသည်။
မြန်မာနိုင်ငံက အခုအချိန်မှာ လူပေါင်း ၁ ဒသမ ၇ သန်းကို ကာကွယ်ဆေး ထိုးနှံ ပြီး…
လော့ခ်ဒေါင်းချ ဆောင်ရွက်တဲ့ အခါမှာ ဆင်းရဲတဲ့အိမ်ထောင်စုတွေ၊ အလုပ်အကိုင် ဆုံးရှုံးသွားသူတွေ၊ ချို့တဲ့အားနည်းတဲ့ လူတွေအတွက်လည်း အဓိကစဉ်းစားပေးပြီး ကုစားရေး…
တရုတ်နိုင်ငံဟာ ကာကွယ်ဆေးကို အများကောင်းကျိုးအဖြစ် အသုံးပြုမယ်၊ မြန်မာနိုင်ငံစတဲ့ မိတ်ဖက်နိုင်ငံတွေကို ဦးစားပေးဖြန့်ဝေမယ် ဆိုတာဟာ စေတနာကောင်းရင်တောင် လက်တွေ့…
ပညာရှင်များ၏ လေ့လာသုတေသနပြုပြီ ရေးသားထားသော အချက်အလက်များကိုပြည့်စုံစွာဖတ်ခြင်းအားဖြင့် ရှူထောင့်ပေါင်းစုံအခြေအနေအရပ်ရပ်တိုင်းကို နားလည်သိရှိခဲ့ရပါသည်.ကျေဇူးလည်းအရမ်းတင်ပါသည်.