မြန်မာနိုင်ငံနှင့် ကိုဗစ်ကာကွယ်ဆေး ထိုးနှံနိုင်မှု အလားအလာ
မြန်မာနိုင်ငံက အခုအချိန်မှာ လူပေါင်း ၁ ဒသမ ၇ သန်းကို ကာကွယ်ဆေး ထိုးနှံ ပြီး…
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်၏ နောက်ဆုံးအဆိုအရ COVID-19 သည် လူသားများနှင့်အတူ ဆက်လက် ရှင်သန်သွားဖို့ ရှိသည်ဆိုသည့် သတင်းအရ ၎င်း COVID-19 နှင့်အတူ မြန်မာြပည်၏ စိုက်ပျိုးထုတ်လုပ်မှုလုပ်ငန်းအတွက် အနာဂတ်အစီအမံများနှင့် ပတ်သက်၍ အကြံပြုစာရေးသားပေးရန် မေတ္တာရပ်ခံချက်အရ လည်းကောင်း၊ ယခုကဲ့သို့ စိုက်ပျိုးရေးထုတ်ကုန်လုပ်ငန်း အစီအမံဆောင်းပါးကို မိမိဖြတ်သန်းခဲ့သော စိုက်ပျိုးရေးဘဝအတွေ့အကြုံများနှင့် လက်ရှိဖြစ်တည်နေသော အကြောင်းတရားများအပေါ် အခြေခံ၍ COVID-19 နှင့်အတူ ရှေ့ဆက်ရမည့် မြန်မာ့စိုက်ပျိုးရေးထုတ်ကုန်ခရီး အစီအစဉ်ကို စေတနာ၊ ဝါသနာ၊ ဘဝ အတွေ့အကြုံအပေါင်းဖြင့် အကြံပြုပါရစေ။
တကယ်တမ်း၌ စိုက်ပျိုးရေးနှင့် မွေးမြူရေး ကုန်ထုတ်လုပ်ငန်းနှစ်ခုတွင် မွေးမြူရေးလုပ်ငန်းသည် စိုက်ပျိုးရေးလုပ်ငန်းအပေါ် ရာခိုင်နှုန်းအပြည့် မှီခိုလျက်ရှိ၏။ အကြောင်းကား မွေးမြူရေးအစားအစာ အားလုံးသည် စိုက်ပျိုးရေးထုတ်ကုန် သီးနှံများကိုသာ အသုံးပြုနေရသောကြောင့်ဖြစ်၏။ သို့ဖြစ်၍ မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးလုပ်ငန်း မတိုးတက်သရွေ့ မွေးမြူရေးလုပ်ငန်းသည်လည်း အလားတူဖြစ်မည်မှာ အသေအချာပင်ဖြစ်ပါသည်။
သို့ဆိုလျှင် လက်ရှိစိုက်ပျိုးရေးလုပ်ငန်းအကြောင်းကို ခြေခြေမြစ်မြစ်လေ့လာသုံးသပ်၍ လူသားနှင့် အတူ ဆက်လက်ရှင်သန်နေဦးမည့် COVID-19 နှင့်ယှဉ်တွဲကာ မြန်မာ့စိုက်ပျိုးရေးထုတ်ကုန်လုပ်ငန်းအား မည်သို့ ရေရှည်ရှင်သန်ဖြစ်ထွန်းအောင်မြင်အောင် လုပ်ကြမည်နည်းဆိုသည့် အစီအမံခရီးစဉ်ဇာတ်လမ်းကို “တွက်ရေးမှာ စက်သူဌေး၊ တွက်ကြည့်တော့ စက်မရှိ” ဟူသည့် စကားပုံအား အရင်းခံလျက် ထင်သာမြင်သာ လက်တွေ့ဘဝ အတွေ့အကြုံများနှင့်အတူ လေ့လာကြည့်ကြပါစို့။
တွက်ရေးမတော့ စက်သူဌေး
လွန်ခဲ့သောနှစ်ပေါင်း ၂၀ ခန့်၊ သက္ကရာဇ် ၂၀၀၀ ကပင် မြန်မာ့ရေမြေသယံဇာတ သဘာဝပေါကြွယ်ဝမှုကို မျက်မြင်မျှဖြင့် သဘောကျပြီး မြန်မာပြည်သည် အနာဂတ်ကာလတွင် အရှေ့တောင်အာရှကို ကျော်လွှားပြီး ကမ္ဘာမြေပေါ်ရှိ အခြားတိုင်းပြည်များကိုပါ ကျွေးမွေးထောက်ပံ့နိုင်စွမ်းရှိသည့် တိုင်းပြည်တပြည်ဖြစ်လာမည်ဟု အေဒီဘီ၊ ကမ္ဘာ့ဘဏ်၊ အက်ဖ်အေအို၊ အပြည်ပြည်ဆိုင်ရာဆန်စပါးသုတေသနဌာနမှ ပညာရှင်များက တွက်ရေးမတော့ စက်သူဌေးသဖွယ် မှတ်ချက်ပြုခဲ့ကြ၏။
မှတ်ချက်ပြုလောက်အောင်ပင် ဧရာဝတီမြစ်မကြီးသည် တိုင်းပြည်၏ ကျောရိုးမသဖွယ် ပြည်မ၏ အလယ်ခေါင်တလျှောက် ဖြတ်သန်းစီးဆင်းလျက်ရှိ၏။ စိုက်ပျိုးမြေသည် အရှေ့တောင်အာရှ ၁၀ နိုင်ငံတွင် အင်ဒိုနီးရှားပြီးလျှင် ဒုတိယနေရာတွင် အကျယ်ပြန့်ဆုံးမြေဧရိယာကို ပိုင်ဆိုင်ထား၏။ မုတ်သုံမိုးရေကို မေမှ အောက်တိုဘာထိ ငါးလကြာ အလကားရရှိ၏။ စိုက်ပျိုးမွေးမြူရေးအတွက် အဓိကစွမ်းအားဖြစ်သည့် နေရောင်ခြည်ကို တနှစ်ပတ်လုံးရရှိ၏။ မြေအနိမ့်အမြင့်အလိုက် ရှည်လျားသော ပင်လယ်ကမ်းခြေမှသည် မြစ်ဝကျွန်းပေါ်၊ မြေပြန့်မြစ်ဝှမ်း၊ အပူပိုင်းဇုန်၊ တောင်ပေါ်ချိုင့်ဝှမ်း၊ တောင်ပေါ်မြေပြန့်စိုက်ခင်း၊ တောင်ယာမြေ စသည်ဖြင့် ကွဲပြားခြားနားသော မြေယာအမျိုးအစားများနှင့် အီကွေတာရာသီမှသည် သမပိုင်း အအေးပိုင်းရာသီသုံးမျိုးကို ပိုင်ဆိုင်ထား၏။ ဤသို့ မြေအနိမ့်အမြင့်၊ ရာသီစုံကွဲပြားမှု၊ မိုးရွာသွန်းမှု ကွဲပြားမှု၊ နေ့တာကွဲပြားမှု စသည့် ရာသီမြေသဘာဝမျိုးစုံတွင် ကမ္ဘာ့သီးနှံမျိုးစုံကို စိုက်ပျိုးဖြစ်ထွန်းနိုင်၏။
ယင်းသို့ ကွဲပြားခြားနားသော ရောင်စုံစိုက်ပျိုးမြေတွင် ကွဲပြားခြားနားသော သီးနှံစိုက်ပျိုးရေးလုပ်ငန်းဖြင့် အသက်မွေးမြူကြသည့် မြန်မာပြည်လူဦးရေ၏ ၇၀ ရာခိုင်နှုန်းသော တောင်သူအခြေခံလူတန်းစားများမှာ ယနေ့ထိတိုင် ရိုးရိုးသားသား ကြိုးကြိုးစားစားဖြင့် လယ်ယာစိုက်ပျိုးရေးကို မှီတွယ်၍ အသက်မွေးဝမ်းကျောင်းပြုနေကြခြင်းသည်ပင် တွက်ရေးတွင် စက်သူဌေးဖြစ်လောက်သည့် ဈေးအပေါဆုံးသော လူ့စွမ်းအားများပင်ဖြစ် ပေသည်။
တွက်ကြည့်တော့ စက်မရှိရခြင်းအကြောင်းများ
နှစ်ပေါင်းထောင်ကျော်၊ ပုဂံခေတ်မှ ယနေ့ထိတိုင် သယံဇာတပေါကြွယ်ဝသည့် မြန်မာပြည်၏ သမိုင်းတွင် အင်္ဂလိပ်ကိုလိုနီကာလမှ ၁၉၆၂ ခုနှစ်အတွင်း မည်သည့်စိုက်ပျိုးရေးပညာရှင်များမပါဘဲ ကြက်ခြေခတ်၊ လက်ဗွေနှိပ်ဖြင့် ဘုန်းကြီးကျောင်းထွက် တောင်သူများက ကမ္ဘာ့ဆန်တင်ပို့မှုအများဆုံးနိုင်ငံအဖြစ် ရပ်တည်အောင် ဂုဏ်ဆောင်နိုင်ခဲ့သည့် အချိန်ကာလတခုမှလွဲ၍ ၁၉၆၂ ခုနှစ်မှသည် ယနေ့ထိတိုင် ဝန်ကြီးဌာနမျိုးစုံက ပညာမျိုးစုံပေး၍ စိုက်ပျိုးရေးနိုင်ငံမှသည် စက်မှုနိုင်ငံတော်အဖြစ်ပြောင်းလဲရေး ကြွေးကြော်သံဖြင့် နှစ်ပေါင်း ၅၈ တိုင် ဟစ်ကြွေးဆောင်ရွက်လာခဲ့သော်လည်း ယခုလက်ရှိအနေအထားမှာ သီးနှံရိတ်သိမ်းပြီးတိုင်း ကြွေးထူနွံနစ်လယ်သမားအဖြစ်သာ အရှေ့တောင်အာရှနိုင်ငံများ၏ နောက်ဆုံးနေရာမှာသာ ရှင်သန်နေရသည့်အဖြစ်က ထင်သာမြင်သာ ….။
ပင်လယ်ရေကို ရေချိုအဖြစ်ပြောင်းလဲထုတ်လုပ်ပြီး စိုက်ပျိုးရေ၊ အိမ်သုံးရေအဖြစ်လည်းကောင်း၊ အိမ်သုံးရေကိုလည်း ရေသန့်အဖြစ်ပြောင်းလဲပြီး စိုက်ပျိုးရေအဖြစ်သုံး၍ အရှေ့အလယ်ပိုင်းကန္တာရလယ်မြေတွင် ဟင်းသီးဟင်းရွက်၊ ပန်းမန်များ စိုက်ပျိုးထုတ်လုပ်ပြီး နိုင်ငံတည်ဆောက်နေသော အစ္စရေးနိုင်ငံ၏ စိုက်ပျိုး ထုတ်လုပ်နိုင်မှုစွမ်းအားကိုကြည့်ပြီး ကျနော်တို့နိုင်ငံ၏ လက်ရှိအနေအထားအား နှိုင်းယှဉ်သုံးသပ်ဆုံးဖြတ်နိုင် ကြပါလိမ့်မည်။ ရှက်တတ်မည်ဆိုလျှင် ရှက်ကြစေသတည်း ….။
လေလွင့်ဆုံးရှုံးလျက်ရှိသော စိုက်ပျိုးမြေများ
ပထမဆုံးသော သုံးသပ်ချက်မှာမူ စိုက်ပျိုးမြေယာများ အဟောသိကံ လေလွင့်ဆုံးရှုံးရခြင်းဖြစ်၏။
တွက်ရေးမတော့ မြေသူဌေးဖြစ်သူ မြန်မာပြည်၏ လက်ရှိမြေအသုံးချမှုသည် စိုက်ပျိုးနိုင်သော စုစုပေါင်းမြေယာ၏ ၂၀ ရာခိုင်နှုန်းသာ အသုံးချနေရဆဲဖြစ်သည်။ ၁၉၈၈ ခုနှစ်နောက်ပိုင်းမှစတင်၍ ၂၀၁၅ ခုနှစ် အတွင်း ၂၇ နှစ် ကာလအတွင်း စိုက်ပျိုးမြေယာများအား တလွဲသုံး၊ မလိုအပ်ဘဲ လိုသည်ထက် အပိုအလျှံ ထားသုံး၊ အနိုင်ကျင့်သုံး၊ အကျင့်ပျက်ခြစားပြီးသုံး စသဖြင့် မခိုင်မာသောဥပဒေကို အလွဲသုံးစားပြု၍ တိုင်းပြည်၏ ရိက္ခာမြေကို အိမ်ခြံမြေ၊ စက်ရုံအလုပ်ရုံဈေးကွက်အတွက် ကိုယ်ကျိုးအလွဲသုံးစားပြုမှုများ၊ ရှင်းလေရှုပ်လေနှင့် သောင်မတင် ရေမကျ မြေယာအမှုများ၊ မူဝါဒအပေါ် လက်တလုံးခြားလှည့်ကစား၍ စိုက်ပျိုးမြေအများစုကို အသွင်အမျိုးမျိုးပြောင်းကာ လုပ်စားနေသော အကျင့်ပျက်ခြစားဝန်ထမ်းနှင့် အုပ်ချုပ်သူများကြောင့် လေလွင့်ဆုံးရှုံးမှုများတို့သည် တွက်ကြည့်သည့်အခါ စိုက်ပျိုးရန်မြေများ လေလွင့်ဆုံးရှုံးခြင်းဆိုသည့် အဖြေသာ ပေါ်လွင်နေသည်မို့ တိကျသည့် မြေအသုံးချရေးမူဝါဒများနှင့် အစီအမံများ ပြန်လည်မပြုလုပ်နိုင်သရွေ့ မြန်မာပြည်၏မြေယာများ လေလွင့်ဆုံးရှုံးနေဦးမည် ဖြစ်ပါသည်။
လေလွင့်ဆုံးရှုံးပျက်စီးနေသော သဘာဝတောတောင်၊ ရေအရင်းအမြစ်များနှင့် လျစ်လျူရှုခံနေရသော စိုက်ပျိုးရေးအစီအမံများ
ဒုတိယ စက်မရှိရခြင်းအကြောင်းမှာကား ၁၉၈၈ ခုနှစ်မှ ၂၀၁၅ ခုနှစ် တိုင် ၂၇ နှစ်တာကာလအတွင်း သဘာဝသယံဇာတအရင်းအမြစ်ဖြစ်သည့် မြန်မာပြည်မနှင့် ပြည်နယ်များရှိ သစ်တောကြီးများ ပျောက်ကွယ်သွားခြင်းနှင့်အတူ ၂၀၀၈ ခုနှစ် နာဂစ်ကာလမှ ယနေ့ထိတိုင် အချိန်အခါမဟုတ် မိုးရွာသွန်းသဖြင့် စိုက်ပျိုးသီးနှံများ ရေဖုံးလွှမ်းခံရခြင်း၊ မိုးခေါင်မှုကြောင့် သဘာဝရေတွင်း၊ ရေကန်၊ ချောင်း၊ ဆည်မြောင်းများ ခန်းခြောက်လာသဖြင့် နှစ်စဉ်စိုက်ပျိုးရေနှင့် သောက်သုံးရေရှားပါးမှု ပြဿနာသည် အစဉ်တည်တံ့ခိုင်မြဲလာခြင်း၊ သာမန်အမြင့်မားဆုံးသော အပူချိန် ၃၈ – ၄၂ ဒီဂရီအဆင့်သို့ သိသိသာသာမြင့် တက်လာခြင်းသည် လူနှင့် တိရစ္ဆာန် စသော သက်ရှိများ၏ ကျန်းမာရေးနှင့် စိုက်ပျိုးသီးနှံများ၏ ပုံမှန်အထွက်နှုန်းများကိုပင် ထိခိုက်လာသဖြင့် ရာသီသဘာဝပျက်စီးလာမှုအပေါ် ယခုအချိန်မှစ၍ သတိပြုထိန်းသိမ်း ဆောင်ရွက်ခြင်းမပြုပါက တွက်ကြည့်တော့စ က်မရှိရခြင်းအကျိုးများသာ ရရှိမည်မှာ အသေအချာဖြစ်ပါသည်။
အများစု သတိမပြုမိသော အချက်သည်ကား ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်များတလျှောက် ကချင် ပြည်နယ်ဒေသတွင် ရွှေမိုင်းများ၊ ကျောက်စိမ်း၊ မြေရှားကျောက်၊ သတ္တုမိုင်း၊ ကျင်းစာများသည် ဧရာဝတီ၊ ချင်းတွင်းမြစ်ကြီးများအတွင်း စီးဝင်သွားပြီး မြစ်ကောကြီးများအဖြစ် ယနေ့ ပခုက္ကူမြို့၊ မကွေးမြို့ကြီးများ အထိတိုင် ရောက်ရှိနေခြင်းပင်ဖြစ်ပါသည်။ သစ်တောသစ်ပင်များ ပြုန်းတီးမှုကြောင့် တိုက်စားခံရသော မြန်မာပြည်တနံတလျား မြေဆီလွှာများနှင့် ပူးပေါင်းကာ ထပ်ဆင့်တိုးပွား၍ မြစ်ရေများသည် နုန်းအနယ်များအဖြစ် မြစ်ကြောင်းတလျှောက် အနယ်ထိုင်ခြင်းအပြင် ဧရာဝတီမြစ်ဝထိတိုင် စီးဆင်းသွားပြီး မုတ္တမ ပင်လယ်ပြင်၏ ရွှေဝါရောင် ရေမျက်နှာပြင်ကြီးများကို နာဆာသိပ္ပံရှင်များက ဓာတ်ပုံရိုက်ကူးကာ စိုးရိမ်ဖွယ်ရာအဖြစ် သတိပြုရန် ပေးပို့ခဲ့သေး၏။ သို့ဖြစ်၍ သစ်တောပြုန်းတီးခြင်းနှင့် မြစ်ဖျားများရှိ တရားမဝင်သတ္တုမိုင်းကျင်းစာများကြောင့် မြန်မာပြည်၏ ပြည်သူပြည်သားအပါအဝင် အပင်၊ တိရစ္ဆာန်သက်ရှိသတ္တဝါများ အားလုံးအတွက် ရေအရင်းအမြစ်များ တိမ်ကောပျောက်ဆုံးပြီး အပူချိန်မြင့်မားမှုကြောင့် ကမ္ဘာတွင် ရာသီဆိုးဒဏ်ကို အခံစားရဆုံး ဒုတိယအဆင့်နိုင်ငံအဖြစ်မှ လွတ်ကင်းစေရန် ယခုအချိန်မှစ၍ သဘာဝသယံဇာတများကို စနစ်တကျအရေးယူ ထိန်းသိမ်းဆောင်ရွက်သင့်နေပြီ ဖြစ်ပါသည်။
အမေရိကန်ပြည်ထောင်စုတွင် မိုင်ပေါင်းတထောင်နီးပါးရှည်လျားသည့် နိုင်ငံ၏အရှေ့မှ အနောက်သို့ ဖြတ်စီးနေသော ကော်လိုရာဒိုမြစ်ကို အသုံးချကာ ပြည်မတပြည်လုံး၏ သောက်သုံးရေ၊ စိုက်ပျိုးရေနှင့် ကုန်ပစ္စည်းသယ်ယူ ပို့ဆောင်ရေးကို တန်ချိန်ထောင်သောင်းဝင်ဆံ့သည့် ကာဂိုကုန်တင်သယ်သင်္ဘောကြီးများဖြင့် လွန်ခဲ့သော နှစ်ပေါင်း ၂၀၀ ကျော်မှ ယနေ့ထိတိုင် ထိုမြစ်ကြီးကို အချိန်နှင့်အမျှ အကျိုးရှိစွာအသုံးချနေခြင်း ဥပမာကိုကြည့်ပြီး ဧရာဝတီ၊ ချင်းတွင်းမြစ်မကြီးများ မတိမ်ကော မပျောက်ပျက်ခင် ကယ်တင်ရန် မီသော်မီငြား ပြန်လည် ပြုပြင်ထိန်းသိမ်းရန်မသင့်ကြပေဘူးလား။
ဆောင်ရွက်သင့်သော ရေအရင်းအမြစ် အစီအမံများ
မြစ်၊ ချောင်း၊ အင်းအိုင်၊ ဆည်မြောင်း၊ ချောင်း၊ ကန် အားလုံး တိမ်ကောရသည့် အကျိုးဆက်သည် သာမန်မိုးရွာ ရုံမျှဖြင့် ရေတို့မှာ နေစရာမရှိလေသည့်အခါ စိုက်ပျိုးမြေများရှိ သီးနှံများအား ဖုံးလွှမ်းဖျက်ဆီးခြင်းနှင့် မိုးခေါင်သည်နှင့် မြစ်၊ ချောင်း၊ အင်းအိုင်၊ ဆည်မြောင်း၊ ချောင်းကန်အားလုံး ရေခန်းခြောက်သည့် ဖြစ်စဉ်မှာ စိုက်စရာမဆိုထားနှင့် သောက်သုံးရေအတွက်ပါ ခြိမ်းခြောက်လျက်ရှိနေသည်။ အားကိုးအားထားပြုစရာ စိုက်ပျိုးရေးဝန်ကြီးဌာန၏ ၈၀ ရာခိုင်နှုန်းသော ဘတ်ဂျက်ကို ရာစုနှစ်ဝက်လောက်သုံးပြီး ဆောက်လုပ်ထားသည့် ဆည်မြောင်းများသည် စိုက်ပျိုးမြေ အားလုံး၏ ၁၅ ရာခိုင်နှုန်းခန့်သာ ရေပေးနိုင်သော်လည်း ယခုအခါတွင်မူ ရေဝေရေလဲသစ်တောများ ပြုန်းတီးမှု၊ ဆည်ကောမှုကြောင့် ပတ်ဝန်းကျင်သီးနှံအတွက် ရေကိုလုံလောက်အောင် မပေးနိုင်တော့ပေ။ ထိုသို့ စိုက်ပျိုးရေ၊ သောက်သုံးရေတို့အတွက် အဓိက ရေအရင်းအမြစ်များ ပျောက်ဆုံးနေရမှုကိုသာ လျစ်လျူပြုပြီး စိုက်ပျိုးရေး၊ မွေးမြူရေးဝန်ကြီးဌာနက စိုက်ပျိုးရေး၊ မွေးမြူရေးစီမံကိန်းများကိုသာ ပုံမှန်လုပ်နေကျအတိုင်း စီမံကိန်းများ ရေးဆွဲ၊ ကွင်းဆင်းပညာပေးဖို့သာ ပြုလုပ်နေကြမည်ဆိုလျှင် အနာနှင့် ဆေး လွဲလို့နေဦးမည် ဖြစ်ပါသည်။ သက်ရှိအားလုံး လူ၊ တိရစ္ဆာန်၊ သီးနှံ၊ သစ်ပင်များ ရေရှည်ရှင်သန်ဖြစ်ထွန်းနိုင်ရန် ရေကောင်း၊ မြေကောင်း၊ ရာသီကောင်းဆိုသည့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးအတွက်ပါ ထည့်သွင်း စဉ်းစားခြင်း သို့မဟုတ် စိုက်ပျိုးရေး၊ မွေးမြူရေးဝန်းကြီးဌာနနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနတို့၏ ပူးပေါင်းဆောင်ရွက်ခြင်းသည် အဓိကပဓာနကျသော အချက်ဖြစ်ပါသည်။ အထူးသဖြင့် အထက်ဖော်ပြပါ ပျက်စီးယိုယွင်းလျက်ရှိသော ရေအရင်းအမြစ်များဖြစ်သည့် မြစ်၊ ချောင်း၊ အင်းအိုင်၊ ဆည်မြောင်း၊ ချောင်း၊ ကန်များကို တူးဖော်ပေးမည်လော၊ မြန်မာပြည် တောင်မြောက်တန်းလျက် သွယ်ဆင်းလျက်ရှိသည့် ပဲခူး၊ ရှမ်း၊ ရခိုင်၊ ချင်း၊ ကရင်၊ တနင်္သာရီ တောင်တန်းတလျှောက် တောင်ကျ ချောင်းငယ်များတွင် တောင်သူများ ကိုယ်ထူကိုယ်ထ တဖက်ပိတ် လယ်သမားတမံငယ်များ ဆောက်လုပ်ရန် နိုင်ငံတော်မှ နည်းပညာ၊ ဘိလပ်မြေ၊ အုတ်၊ သဲ၊ ကျောက်သာ အကူအညီပေးခြင်းဖြင့် ရေရှည်တည်တံ့ခိုင်မြဲသော စိုက်ပျိုးရေ၊ သောက်သုံးရေ ရေအရင်းအမြစ်များ တည်ဆောက်ပေးမည်လော၊ မြေအောက်ရေတွင်းများ တူးပေးမည်လော၊ ဧရာဝတီမြစ်ဝကျွန်းပေါ်နှင့် မြစ်ဝှမ်းတလျှောက် မြစ်ရေတင် ရေသွင်းစိုက်စနစ်များ စီမံပေးမည်လော၊ ရေရှားသည့် အပူပိုင်းဇုန်ဒေသတွင် အစ္စရေးနိုင်ငံကဲ့သို့ အဆင်ပြေရာ ရေအရင်းအမြစ်များကိုသုံး၍ ရေဖျန်း ရေစက်ချစနစ်တို့အား တပ်ဆင်ပေးမည်လော၊ ရွာသမျှသောမိုးရေကို ပိုမိုလှောင်နိုင်စွမ်းဆောင်ရန် တိမ်ကောနေသည့် မြစ်၊ ချောင်း၊ အင်းအိုင်၊ ဆည်မြောင်း၊ ချောင်း၊ ကန်တို့အား တူးဖော်ပေးကြမည်လော၊ လုပ်စရာတို့ အများကြီး ရှိလို့နေပါသည်။ ထိုကဲ့သို့ ရေအရင်းအမြစ် စီမံမှုမျိုးများကို လုံးဝထည့်သွင်းမစဉ်းစားပါဘဲ လုပ်နေကျအတိုင်း စိုက်ပျိုးရန် လယ်သမားတို့အား ချေးငွေပေးဖို့သာ ဆက်လုပ်နေမည်ဆိုလျှင် မြန်မာပြည်၏ စိုက်ပျိုးမွေးမြူရေးသည် ထူးမခြားနား မြုပ်မျော မျောလို့သာနေမည် ဖြစ်သည်။ ဒါသည်ပင် စိုက်ပျိုးမွေးမြူရေးစီမံသူများ ထည့်သွင်း စဉ်းစားဆောင်ရွက်ရန် ပထမဦးဆုံးသော အရေးကြီးဆုံး လိုအပ်ချက်နှင့် လက်ရှိမြန်မာပြည်၏ တွက်ကြည့်တော့ စက်မရှိရခြင်း၏ အရေးကြီးဆုံးအချက်ပင်ဖြစ်ပါသည်။
အစိုးမရ ရာသီ၊ လယ်ယာလုပ်သားရှားပါး၊ အရင်းမဲ့ အလုပ်သမားနဲ့ မိရိုးဖလာ လယ်လုပ်ကိရိယာများ
တတိယ တွက်ပြီးတော့ စက်မရှိရသည့် အကြောင်းမှာ အထက်ဖော်ပြပါ သဘာဝတောတောင် သယံဇာတများ ပျက်စီးဆုံးရှုံးမှု အကျိုးဆက်ကြောင့်လည်းကောင်း၊ ဈေးကွက်အခြေအနေမပေးမှုအရ လည်းကောင်း၊ တောင်သူအများစုသည် စိုက်သမျှ အရှုံးဖြင့်သာ ရင်ဆိုင်နေရပါသည်။ အရင်းအနှီးမှာလည်း တာစူလို့မရသောကြောင့် အကြွေးသံသရာ လည်ပြီး အကြွေးနွံနစ်ရခြင်းဖြစ်သလို ကိုယ့်မှာရှိကြသည့် ကျွဲ၊ နွား၊ လယ်လုပ်ကိရိယာများဖြင့်သာ အများစုသည် ဖြစ်သလို စိုက်လို့ရသည်ကို ယူနေရသည့် စိုက်ပျိုးရေးခေါ်သော Subsistence Agriculture အဆင့်မှ မတက်နိုင်ပါ။ ထိုသို့ သဘာဝကံအကျိုးပေးပေါ် မျှော်၍ ရသလောက်မျှသာ ယူဆိုသည့် စိတ်ဝင်စားစရာမကောင်းသော စိုက်ပျိုးရေးလုပ်ငန်းအား စွန့်ခွာပြီး မြို့ကြီးပြကြီးများသို့ မျိုးဆက်သစ်တောင်သူလူငယ်များ သွားရောက် လုပ်ကိုင်ကြခြင်းကြောင့် တကယ့် မြန်မာပြည်စိုက်ပျိုးရေးလုပ်ငန်း၏ အဓိက လုပ်အားစွမ်းအားများမှာ ပျောက်ဆုံးနေပြီး လယ်ယာလုပ်သားရှားပါးမှုသည် ထက်ဆင့်ပွားပြဿနာဖြစ်လာသည်။ ထိုသို့ အစိုးမရသည့်ရာသီဦတုက အချိန်မရွေး ရေကြီးလိုက်၊ မိုးခေါင် လိုက်၊ လယ်ယာအလုပ်သမားက ရှားပါး၊ မိမိတို့ ပိုင်ဆိုင်သည်ကလည်း ကယိုးကယိုင်၊ အင်းအားချည့်နဲ့နေသည့် ကျွဲ၊ နွားနှင့် အိမ်လုပ်ထွန်တုံး၊ ထွန်တံအနေအထားရှိသော မြန်မာပြည်၏ အများစုသော ဆင်းရဲသူတောင်သူ အများစုကို မျက်ကွယ်ပြုပြီး မိမိတို့၏ တသက်လုံးလုပ်နေကျ ဘုတ်အုပ်ကြီးအတိုင်း မိမိတို့အိပ်မက်ထဲက ဂဏန်းများ မစားရဝခမန်း ရေးဆွဲကြ၊ လေထဲ တိုက်အိမ်ဆောက်ကြလျက် တွက်ရေး စက်သူဌေး စီမံကိန်းများဖြင့်သာ ယခုအတိုင်းသာ မျက်စိစုံမှိတ် လုပ်နေကြလျှင်မူ တွက်ကြည့်တော့ စက်မရှိကိန်းသာ။ ထို့သို့ တဦးတယောက် လယ်သမားတဦးစီချည်း မနိုင်ဝန်ဖြစ်နေသည့် အနေအထားမှ လွတ်မြောက်ရန် ကျေးရွာအုပ်စုအလိုက် လယ်သမားအစုအဖွဲ့ (Farmer Task Force) များဖွဲ့စည်းပေးပြီး လယ်ယာသုံး စက်ကိရိယာများကို ဝယ်ယူအသုံးချစေကြမည်ဆိုလျှင်မူ သဘဝဘေးဒဏ်နှင့် မနိုင်ဝန်ကို ထမ်းနေရသည့် ဆင်းရဲသူ တောင်သူများ၏ သေမထူး နေမထူး ရသမျှသာယူ စိုက်ပျိုးရေးလုပ်ငန်းအား နာလန်ထူစေပြီး နိုင်ငံတော်အတွက် ရေရှည်တည်တံ့ တိုးတက်ခိုင်မြဲသည့် စိုက်ပျိုးရေးလုပ်ငန်းအဖြစ် ရောက်ရှိစေမည်ဖြစ်ပါသည်။
ပေါင်းစပ်ညှိနှိုင်းမှု ကင်းသော အစိုးရအဖွဲ့အစည်းများ
စတုတ္ထအချက် တွက်ပြီး စက်မရှိရခြင်း အကြောင်းမှာ ငါ့မြင်းငါစိုင်း စစ်ကိုင်းရောက်ရောက် ဆိုသကဲ့သို့ အစိုးရအဖွဲ့အချင်းချင်း၊ အဖွဲ့အစည်းတခုအတွင်းမှာရှိသည့် ဌာနအချင်းချင်း ပူးပေါင်းဆောင်ရွက်မှု အလေ့အထ လုံးဝမရှိသေးခြင်းဖြစ်ပါသည်။
ဥပမာအားဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံအနေနှင့် သူတို့ပြည်တွင်းသို့ သီးနှံတင်သွင်းကုန် အခွန်ငွေ ၆၅ ရာခိုင်နှုန်းကို မပေးဆောင်နိုင်သဖြင့် မြန်မာ့စိုက်ပျိုးရေးထုတ်ကုန်ပစ္စည်းများကို တရုတ်နယ်စပ်တွင် တရုတ်ကုန်သည်များက တဖက်သတ်ဆုံးဖြတ်ပေးသည့် ဈေးကွက်တွင်သာ ယခုနှစ်ပေါင်း ရာစုနှစ်ဝက်ကျော်သည့်တိုင် ရောင်းချနေရခြင်းသည် ရေရှည်တည်တံ့ဖွံဖြိုးသော ဈေးကွက်မဟုတ်သဖြင့် နယ်စပ်ကုန်သွယ်ရေးတွင် နေ့စဉ် ဖြေရှင်းလို့မဆုံး ပြဿနာဖြစ်နေပေသည်။ ယင်းပြဿနာအတွက် အဓိကတာဝန်ယူဆောင်ရွက်နေသော စိုက်ပျိုးရေး၊ မွေးမြူရေး၊ စီးပွားကူးသန်း၊ အကောက်ခွန်၊ ဘဏ္ဍာရေး၊ နယ်စပ်လုံခြုံရေးအဖွဲ့အစည်းများက ပူးပေါင်းညှိနှိုင်း၍ ရေရှည်တည်တံ့သည့် အပြန်အလှန်ကုန်သွယ်ရေးစနစ်တခုကို ပြည်မကြီးနှင့်သော်လည်းကောင်း၊ ယူနန်ပြည်နယ်နှင့်သော်လည်းကောင်း၊ ကုန်သွယ်ရေးစာချုပ် ချုပ်ဆိုအလုပ်လုပ်ရန် ဖြစ်ပေသည်။ အပြန်အလှန် မျှတသော ကုန်သွယ်ရေးစနစ်တခု မတည်ထောင်နိုင်သရွေ့ တွက်ရေးစက်သူဌေး၊ တွက်ပြီးစက် မရှိဖြစ်နေဦးမည် ဖြစ်ပါသည်။
ဒုတိယအကြီးမားဆုံး ပူးပေါင်းညှိနှိုင်းဆောင်ရွက်မှုမရှိခြင်း ကိစ္စသည် တောင်သူများ ထုတ်လုပ်သော သီးနှံများကို အကာအကွယ်ပေးသောဥပဒေ မဲ့နေခြင်းဖြစ်ပါသည်။ ဥပမာအားဖြင့် ဆီအုန်းကို အကန့်အသတ်မဲ့ နှစ်စဉ် ဒေါ်လာဘီလီယံချီ၍ သွင်းကုန်ခွင့်ပြုထားခြင်းကြောင့် မြန်မာပြည်အပူပိုင်းဇုန်အတွက် မြေပဲ၊ နှမ်း၊ နေကြာ၊ မုန်ညှင်း၊ ပန်းနှမ်း၊ ပြည်တွင်းဆီအုန်းဈေးကွက်များ နာလန်မထူတော့ဘဲ နှစ်စဉ်အရှုံးဖြင့်သာ ရင်ဆိုင်စိုက်ပျိုးနေရသည့် တောင်သူများအတွက် မျှမျှတတဖြစ်စေရန် ဆိုင်ရာအထက်ဖော်ပြပါအဖွဲ့အစည်းများက အကာကွယ်ပေးမှသာ ရေရှည်ခံသော စိုက်ပျိုးရေးဖြစ်မည် ဖြစ်ပါသည်။
ထို့အတူ ရှမ်းပြည်အဓိကထုတ်ကုန် အားလူး၊ ခရမ်းချဉ်၊ ဂျင်း၊၊ ကြက်သွန်သီးနှံများ ရိတ်သိမ်းချိန်နှင့် ကိုက်၍ တရုတ်ပြည်မှ အားလူး၊ ချင်း၊ ခရမ်းချဉ်၊ ကြက်သွန်များကို တင်သွင်းခွင့်ပြုနေခြင်းသည် ကိုယ့်ဒေသခံ တောင်သူများကို အကာအကွယ်ပေးရမည့်အစား ဆင်းရဲတွင်းက မတက်အောင် ရေနစ်သူဝါးကူထိုးသည့်နှယ် ဖြစ်နေပါသည်။ ထိုသည်ကိုလည်း ဝန်ကြီးဌာနအချင်းချင်း ညှိနှိုင်းဆောင်ရွက်သင့်ပါသည်။
ဝန်ကြီးဌာနတခုတည်းအတွင်း ပူးပေါင်းဆောင်ရွက်မှု အားနည်းချက် ဥပမာအနေဖြင့် မြန်မာပြည် စိုက်ပျိုးမြေအားလုံးနီးပါးမှာ စပါးသီးနှံအတွက် မြေယာပြုပြင်ခြင်းအတွက် ထွန်စက်ကြီးငယ်များ၊ လက်တွန်း ထွန်စက်များနှင့် ရိတ်သိမ်းချွေလှေ့စက်များကို ငှားရမ်းပေးခြင်း၊ အရစ်ကျဝယ်ယူသုံးစေခြင်းတွင်သာ ရပ်တန့် လျက်ရှိနေပါသည်။ သီးနှံတခု စတင်စိုက်ပျိုးသည်မှ ရိတ်သိမ်းချိန်အထိ လိုအပ်နေသည့် အခြားသော မျိုးစေ့၊ မြေဩဇာချစက်များ၊ ပေါင်းလိုက်မြေဆွ ကြားလိုက်ထွန်စက်များ၊ ဆေးဖျန်းစက်ကြီးများ၊ ရိတ်သိမ်းချွေလှေ့စက်များကို အကျယ်အပြန့် စိုက်ပျိုးလျက်ရှိသော ပဲမျိုးစုံ၊ နှမ်း၊ နေကြာ၊ မြေပဲ၊ ပြောင်း ယာသီးနှံများအတွက်ပါ အကျယ်အပြန့်အသုံးပြုရန် ယခုအထိ အလေ့အကျင့်မရှိကြသဖြင့် သက်ဆိုင်ရာစက်မှုလယ်ယာလုပ်ငန်းတွင် အထူးကျွမ်းကျင်နားလည်ကြသော ပညာရှင်များနှင့် လယ်ယာစိုက်ပျိုးရေးပညာရှင်တို့၏ ပူးပေါင်း ညှိနှိုင်းဆောင်ရွက်မှသာ ယခုကဲ့သို့ လယ်ယာလုပ်သားရှားပါးခြင်းနှင့် ရာသီဥတုဖောက်ပြန်ခြင်းကြောင့် လယ်ယာလုပ်ငန်း လေလွင့်ဆုံးရှုံးခြင်းတို့ကို လျော့ကျစေပြီး သေမထူး နေမထူး ရသည်ကိုသာယူသည့် စိုက်ပျိုးရေး လုပ်ငန်းမှ လွတ်မြောက်စေမည်ဖြစ်ပါသည်။ ထို့အတူ ရှားပါးသောစိုက်ပျိုးရေကို စပါးတမျိုးတည်းသာ တပြည်လုံး ဦးစားပေးအစီအစဉ်ထားရှိသတ်မှတ်ခြင်းထက် ဈေးနှုန်းလိုအပ်မှုအရ၊ ဒေသကွဲပြားမှုအရ သီးနှံကွဲပြားမှုအပေါ် အရေးပေးခြင်း၊ စိုက်ပျိုးရေသက်သက်မျှ၊ သောက်သုံးရေသက်သက်မျှ သတ်မှတ်ခြင်းမျိုး မဟုတ်ဘဲ သီးနှံသက်တမ်းတလျှောက် ရေလိုအပ်လျှင် လိုအပ်သလိုပေးနိုင်သော အစီအမံများ ချမှတ်ပေးသင့်ပါသည်။ အမှန်စင်စစ် ပဲမျိုးစုံ၊ နှမ်းသီးနှံသည် စပါးထက် ရေလိုအပ်မှု သုံးဆနည်းပြီး အကျိုးအမြတ် နှစ်ဆခန့် ပိုပါသည်။ ယခုလို ရေကိုအကျိုးရှိအောင် အသုံးပြုကြမည်ဆိုလျှင် မည်သည့်သီးနှံကို ဦးစားပေးမည်နည်းဆိုသည်ကို စိုက်ပျိုးရေးဌာနနှင့် ဆည်မြောင်းဌာနတို့ လေ့လာသုံးသပ်ဆုံးဖြတ်၍ အကျိုးများသော လုပ်ငန်းကို ပူးပေါင်း ဆောင်ရွက်သင့်ပါသည်။
အလားတူ ကျောက်ဆည်မြို့နယ်၊ မြို့ကြီးရေလှောင်တမံတွင် ပင်လယ်တမျှ ကျယ်ပြန့်သော ရေလှောင်တမံကြီးရှိ၏။ ယခုနှစ် နွေသီးနှံ နှမ်း၊ ပဲမျိုးစုံအတွက် စိုက်ပျိုးရေကို ၂၀ ရက်ခန့်သာ ပေးပြီး နောက်လာမည့် မိုးစပါးနှင့် တာတမံပြင်ဆင်ထိန်းသိမ်းရေးအတွက်ဟုဆိုကာ ရေပေးခြင်းကို ရပ်တန့်လိုက်လေတော့သည်။ တာဝန်ကျေ စိုက်ရေသာပေးပြီးနောက် ဖြစ်ချင်ရာဖြစ် မောင်ဘချစ်သဘောမျိုး နွေရာသီကာလတလျှောက် မြန်မာပြည် တနံတလျား ဆည်မြောင်းများသည် ရေခန်းခြောက်ကာ မြောင်းပြင်ခြင်းလုပ်ငန်းများကိုသာ ခရီးသွားရင်း အစဉ်တွေ့ရှိရခြင်းကို တွေးမိလျက် ဆည်ရေကို မိုးစပါးနှင့် နွေစပါးသီးနှံအတွက်သာ လှောင်ထားပြီး အသုံးချသောမူဝါဒနှင့် အမှန်နွေရာသီကာလမှာမူ နွေသီးနှံ ပဲ၊ နှမ်းများ စစိုက်သည်မှ ပန်းပွင့်ချိန်အထိ နှစ်လတာကာလဝန်းကျင်ကို ရေပေးရမည့်အစား စိုက်ရေသာပေးပြီး မမြင်ရသေးသည့် လာမည့် မိုးစပါးအတွက် ရေလှောင်ထားပြီး မြောင်းပြင်ခြင်းလုပ်ငန်းကို ဦးစားပေးဆောင်ရွက်နေကြသည့် ယနေ့မြင်ကွင်းများကား စိုက်ပျိုးရေး၊ ဆည်မြောင်းဦးစီးဌာနတို့၏ တောင်သူအများစုရေလိုအပ်ချက်အတွက် ပူးပေါင်းညှိနှိုင်းဆောင်ရွက်မှု အားနည်းသည့် သာဓကများသာ ဖြစ်ပေလိမ့်မည်။ တွက်ကြည့်တော့ စက်မရှိသောအကြောင်းရင်းများသာ ဖြစ်ပေတော့သည်။
ဤသို့ တွက်ပြီးနောက် စက်မရှိရခြင်းအကြောင်းရင်းများဖြစ်သည့် မြေယာစီမံခန့်ခွဲမှု၊ ရေအရင်းမြစ်များနှင့် သဘာဝပတ်ဝန်းကျင် သယံဇာတများ အချိန်နှင့်အမျှ ပျက်သုဉ်းမှု၊ လယ်ယာသုံးစက်ကိရိယာများ အသုံးချမှု အားနည်းမှု၊ သီးနှံဈေးကွက် အာမခံချက်မရှိမှုနှင့် ဌာနအချင်းချင်း ပူးပေါင်းညှိနှိုင်းဆောင်ရွက်မှု အားနည်းမှုများကို ပြန်လည်သုံးသပ် ညှိနှိုင်းပြုပြင် ဆောင်ရွက်ခြင်းမရှိသရွေ့ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းသည် ယခုကဲ့သို့ မြုပ်မျော မျောနေမည်သာဖြစ်ပြီး လက်ရှိမြန်မာပြည်၏ စိုက်ပျိုးရေးထုတ်ကုန်တန်ဖိုး ဒေါ်လာ ငါးဘီလီယံနီးပါးနှင့် စိုက်ပျိုးရေးသွင်းကုန် ၂ ဒသမ ၅ ဘီလီယံနီးပါး အခြေအနေမှ ရုန်းမထွက်နိုင်ရှိပေသည်။ အမှန်စင်စစ် ပြည်တွင်း၌ စိုက်ပျိုးမွေးမြူ၍ရသော ဆီအုန်း၊ ဂျုံ၊ ကော်ဖီ၊ သကြား၊ နို့ထွက်ပစ္စည်း စသည်တို့ကိုသာ တင်သွင်းခြင်းမရှိဘဲ ပြည်တွင်းဖူလုံအောင် စိုက်ပျိုးမွေးမြူမည်ဆိုပါက စိုက်ပျိုးရေးသွင်းကုန်အဖြစ်မှ ထုတ်ကုန်အဖြစ် စုစုပေါင်း ဒေါ်လာ ၇ ဒသမ ၅ ဘီလီယံကို ရရှိနိုင်ပေမည်။
ကိုဗစ်နဲ့အတူ ရှင်သန်ပေါက်ဖွားလာသင့်သော စိုက်ပျိုးရေး ပုံစံအသစ် ( Agricultural New Normal Model)
ယခုအခါ ကမ္ဘာ့ရောဂါကပ်ဘေးဖြစ်လျက်ရှိသော COVID-19 သည် ပညာရှင်များခန့်မှန်းချက်အရ နှစ်နှစ်မှသည် နှစ်ပေါင်းများစွာ လူများနှင့်အတူ ယှဉ်သန်နေမည်ဆိုပါက ယခုအထက်ဖော်ပြပါ မြန်မာနိုင်ငံ၏ စားဝတ်နေရေးအသက်သွေးကြောပမာ အားကိုးရသည့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းအား ယခုကဲ့သို့ တွက်ပြီးကြည့်တော့ စက်မရှိတော့သော စိုးရိမ်ဖွယ်ရေမှတ် အနေအထားရှိသော အခြေအနေမှ ပြန်လည်ပြုပြင် ပြောင်းလဲကြိုစား ရုန်းထွက်ခြင်းမရှိဘဲ၊ ပူးပေါင်းညှိနှိုင်းမှုမရှိဘဲ ဆက်လက်၍ ငါ့မြင်း ငါစိုင်း စစ်ကိုင်းရောက်ရောက်သဘောဖြင့် ကိုယ့်ဌာန၊ ကိုယ့်ဝန်းကျင်၊ ကိုယ့်မာန်မာန ကိုယ်စီဖြင့်သာ ဆက်လက်၍သာ ခရီးဆက်ကြမည်ဆိုလျှင်မူ ရေနစ်သူကို COVID-19 ဝါးက ကူထိုးမည်မှာ သေချာသောကြောင့် မြန်မာနိုင်ငံနှင့်တကွ ပြည်သူအားလုံး၏ ပိုမိုစိုးရိမ်ဖွယ်ရာရှိသော စားဝတ်နေရေးအခြေအနေကိုသာ မြင်မိပါသည်။
ယခုအခါ နိုင်ငံတော်မှ COVID-19 ကာလ တောင်သူအများစု၏ အခက်အခဲကို ကူညီပံ့ပိုးသောအားဖြင့် ကျပ်ဘီလီဘံပေါင်း ၁၀၀ အား စိုက်ပျိုးရေးလုပ်ငန်းများတွင် စီမံသုံးစွဲရန် ချထားပေးပြီးဖြစ်သည်ကို သိရပါသည်။ သို့ရာတွင် တိုင်းပြည်မှ ပံ့ပိုးသော ယင်းအဖိုးတန်ငွေကို တောင်သူများ၏ ယခုမိုးဦးရာသီတွင် လိုအပ်သော မျိုးစေ့၊ မြေဩဇာ၊ ပိုးသတ်ဆေး၊ ထွန်ယက်ကုန်ကျစရိတ် စသဖြင့် မိုးစိုက်စပါးစိုက်ပျိုးမှု အဆင်ပြေစေရေးအတွက်သာ ရှေးရှုလျက် တောင်သူတဦးချင်းအား ဝေမျှပေးပါက ပံ့ပိုးလိုက်သောငွေများသည် ယခုမိုးရာသီ စပါးတမျိုးတည်း၏ အကျိုးစီးပွားကိုသာ အထောက်အပံ့ပြုမည်ဖြစ်ပါသည်။
အကယ်၍ အထက်တွင်ဖော်ပြခဲ့သော တွက်ကြည့် စက်မရှိတော့သော အကြောင်းရင်းများဖြစ်သည့် မသေချာမရေရာသော မိုးခေါင်ရေကြီးခြင်း၊ အပူချိန်မြင့်တက်ခြင်း၊ လုပ်အားရှားပါးခြင်း ပြဿနာများကို ရေရှည်ကူညီဖြေရှင်းပေးနိုင်သော လယ်ယာသုံးစက်ကိရိယာဖြစ်သည့် မြေယာပြုပြင်ခြင်းအတွက် ထွန်စက် ကြီးငယ်များ၊ လက်တွန်းထွန်စက်၊ လယ်ယာသီးနှံစုံ အစိုအခြောက်မျိုးစေ့ချစက်နှင့် မြေဩဇာချစက်များ၊ ကြားလိုက်ပေါင်းရှင်း မြေဆွထွန်များ၊ ပိုးသတ်ဆေးဖျန်းစက်ကြီးများ၊ လယ်ယာအစိုအခြောက် သီးနှံစုံ ရိတ်သိမ်းချွေလှေ့စက်များကို ကျေးရွာအုပ်စုအလိုက် လယ်သမားအစုအဖွဲ့ (Farmers’ Task Force)များ ဖွဲ့စည်း၍ ယင်းတို့အား လယ်သမားအဖွဲ့အစည်းပုံစံအဖြစ် စည်းကမ်းမူဝါဒများချမှတ်ကာ ပေးကမ်းလုပ်ကိုင်စေခြင်းဖြင့် ယခုမိုးရာသီအတွက် တဦးချင်း ပေးကမ်းခြင်းမှ ရရှိသော အကျိုးကျေးဇူးထက် ပိုမိုရေရှည်ခံပြီး ထင်သာမြင်သာသော ရေရှည် အကျိုးတရားများကို ရရှိမည်မှာ အသေအချာပင်ဖြစ်ပါသည်။
ဒုတိယရွေးချယ်စရာအဖြစ် တောင်သူအစုအဖွဲ့များသည် အတွေ့အကြုံနည်းသဖြင့် အဆင်သင့်မဖြစ်သေး၊ လေ့လာသင်ယူရန် လိုအပ်သည်ဟု ထင်မြင်ယူဆပါကလည်း ပုဂ္ဂလိက ကန်ထရိုက်ကုမ္ပဏီများနှင့်လည်းကောင်း၊ UNOPS နှင့်လည်းကောင်း၊ JICA၊ KOICA ကဲ့သို့ INGOS များနှင့်လည်းကောင်း ပေါင်းစပ်ညှိနှိုင်း၍ နိုင်ငံတော်၏ အဖိုးတန်ပံ့ပိုးငွေကို အစိုးရ၊ ပုဂ္ဂလိက၊ INGOS နှင့် တောင်သူလယ်သမားတို့၏ အကျိုးတူ ကန်ထရိုက်စနစ်ဖြင့်သာ စနစ်တကျပူးပေါင်းဆောင်ရွက်မည်ဆိုပါက ထင်သာမြင်သာရှိပြီး Covid-19 ၏ အချိန်နှင့်အမျှ တိုက်ခိုက်မှုများကို ကျော်လွှားကာ ရေရှည်တိုးပွားပြီး အကျိုးများသော စိုက်ပျိုးရေးထုတ်ကုန်လုပ်ငန်းဖြစ်လာမည် ဖြစ်ပါသည်။
ဤစာတမ်း၏ အနှစ်ချုပ်အား မီးမောင်းထိုးပြရပါလျှင် ကမ္ဘာ့နိုင်ငံတိုင်းတွင် COVID-19 ၏ ဖိအားကြောင့် လူအချင်းချင်း အစုအဖွဲ့ နီးနီးကပ်ကပ်နေထိုင်လုပ်ကိုင်ခြင်းကို လျှော့ချသည့်သဘောဖြင့် နေအိမ်များမှ အလုပ်လုပ်ကိုင်ခြင်း Work from Home စနစ်ကြောင့် Online Network အင်တာနက်ကွန်ရက်ဖြင့် လုပ်ကိုင်ကြခြင်းဖြင့် လူအများ ရောဂါကင်းပြီး ငွေကုန်ကြေးကျသက်သာသော ကုမ္ပဏီကြီးများက အရသာကောင်းတွေ့နေကြ၏။ ဤသဘော တရားအတိုင်းပင် လုပ်အားရှားပါးနေသော၊ သဘာဝဘေးဒဏ် အလူးအလဲခံစားရင်း စိုက်ရသမျှသာ ယူနေရသော မြန်မာပြည်စိုက်ပျိုးရေးသည် COVID-19 ၏ ဖိအားပေးမှုပြဿနာကို အခွင့်အလမ်းတရပ်အဖြစ် ရယူပြီး လုပ်အားဖိစီးမှု၊ ရာသီဖိစီးမှုဒဏ် အလူးအလဲခံနေရသည့် မြန်မာ့လယ်ယာကုန်ထုတ်လုပ်ငန်းတွင် လယ်ယာ အသေးသုံးစက်ကိရိယာများကို စတင်မြေပြင်စိုက်သည်မှ မျိုးစေ့ချ၊ အပင်ပြုစု၊ ပိုးမွှားကာကွယ်၊ ရိတ်သိမ်း နယ်လှေ့၊ သိုလှောင်သည်အထိ လယ်သမားအစုအဖွဲ့ (Farmers’ Task Force) များ ဖွဲ့စည်း၍ စီမံလုပ်ကိုင် စေခြင်းဖြင့်လည်းကောင်း သို့မဟုတ် ကုမ္ပဏီများ၊ INGOS များနှင့် UNOPS တို့နှင့် ပေါင်းစပ်ညှိနှိုင်း၍ ကန်ထရိုက်လယ်ယာများ ထူထောင်စိုက်ပျိုးထုတ်လုပ်ခြင်းဖြင့် COVID-19 နှင့်အတူ လိုက်လျောညီထွေရှိပြီး အချိန်၊ လုပ်အားသက်သာပြီး ထုတ်လုပ်မှုအား ပိုမိုအားကောင်းသော COVID-19 နှင့်အညီ ခေတ်မီတိုးတက်သော စိုက်ပျိုးရေးစနစ်တခုအဖြစ် အသွင်ပြောင်းရန်သာ အထူးလိုအပ်ပါကြောင်း …. ။
ဒေါက်တာထွန်းဝင်းသည် စိုက်ပျိုးရေး ကျွမ်းကျင်ပညာရှင်တဦးဖြစ်ပြီး လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတွင် နှစ် ၃၀ ကြာ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။
မြန်မာနိုင်ငံက အခုအချိန်မှာ လူပေါင်း ၁ ဒသမ ၇ သန်းကို ကာကွယ်ဆေး ထိုးနှံ ပြီး…
လော့ခ်ဒေါင်းချ ဆောင်ရွက်တဲ့ အခါမှာ ဆင်းရဲတဲ့အိမ်ထောင်စုတွေ၊ အလုပ်အကိုင် ဆုံးရှုံးသွားသူတွေ၊ ချို့တဲ့အားနည်းတဲ့ လူတွေအတွက်လည်း အဓိကစဉ်းစားပေးပြီး ကုစားရေး…
တရုတ်နိုင်ငံဟာ ကာကွယ်ဆေးကို အများကောင်းကျိုးအဖြစ် အသုံးပြုမယ်၊ မြန်မာနိုင်ငံစတဲ့ မိတ်ဖက်နိုင်ငံတွေကို ဦးစားပေးဖြန့်ဝေမယ် ဆိုတာဟာ စေတနာကောင်းရင်တောင် လက်တွေ့…
It is comprehensive and pointing out the gaps and areas to improve in Agricultural Sector.
Thanks to Dr. Tun Win.