Menu & Search

ကိုဗစ် အလွန်ကာလ မြန်မာနိုင်ငံ ထူထောင်ရေးအတွက် တွေးမျှော်ကြည့်ခြင်း

May 5, 2020

ဒီစာကို ရေးဖြစ်ဖို့ ပထမဆုံး စပြီးစဥ်းစားမိတဲ့ ကိစ္စက ပြည်တွင်းပြောင်းရွှေ့နေထိုင် အခြေချ အလုပ်လုပ်ကြသူ (Internal/ Domestic Migrants) တွေ များလာမလား ဆိုတာပါ။ နာဂစ်အပြီး ၂၀၀၉ ခုနှစ်ကနေ ၂၀၁၄ ခုနှစ် ငါးနှစ်တာ ကာလအတွင်းမှာ ဧရာဝတီတိုင်းကနေ ရန်ကုန်ကို ပြောင်းရွှေ့အခြေချနေထိုင်၊ အလုပ်လုပ်ကြသူတွေ ၈၀၀,၀၀၀(ရှစ်သိန်း) လောက်ရှိခဲ့တာ တွေခဲ့ကြရပါတယ်(Khin, 2020)။ အခု ကိုဗစ် COVID-19 အလွန် ကာလမှာ ထိုင်း၊ မလေးရှားတို့က ပြန်လာတဲ့ မြန်မာတွေ အဲဒီ နိုင်ငံတွေကို ပြန်ကြမလား။ အဲဒီ နိုင်ငံတွေမှာ အလုပ်တွေ ရှိမှာလား။ မပြန်ကြရင် ရန်ကုန်၊ မန္တလေး စတဲ့ မြို့ကြီးတွေကို ကူးပြောင်းနေထိုင် အလုပ်လုပ်ကြမှာလား။ ကိုဗစ် အပြီးမှာ ကျနော်တို့ အိမ်နီးချင်း နိုင်ငံတွေလည်း စီးပွားရေး ကျဆင်းမှု၊ ဝယ်လိုအား ကျဆင်းမှု၊ အလုပ်အကိုင် လျှော့ချမှုတွေ ကြုံကြရမယ်လို့ ခန့်မှန်းကြပါတယ်(ASEAN, 2020)။

အဲဒီတော့ ထိုင်း၊ မလေးရှားတို့က ပြန်လာတဲ့ မြန်မာတွေအနေနဲ့ တချို့တော့ အဲဒီနိုင်ငံတွေကို ပြန်ကြပြီး တချို့တော့ ပြည်တွင်းက စီးပွားရေး ပိုမိုကောင်းမွန်တဲ့ မြို့ကြီးတွေကို ကူးပြောင်းနေထိုင် အလုပ်လုပ်ကြမယ့် အခြေအနေ ဖြစ်ပေါ်နိုင်ပါတယ်။ အဲဒီလို ပြည်တွင်းပြောင်းရွှေ့နေထိုင်အခြေချ အလုပ်လုပ်ကြသူတွေ များလာမယ်ဆိုရင် ဘယ်လိုမျိုး ဆိုးကျိုး၊ ကောင်းကျိုးတွေ ဖြစ်လာနိုင်သလဲ။ ဘာတွေ ပြင်ဆင်ထားဖို့ လိုမလဲ။ အဲဒီကနေဆက်ပီး စဥ်းစားလိုက်တာ တိုင်းပြည်ထူထောင်ရေးအထိ ရောက်သွားပါတယ်။ တဆင့်ချင်း ချရေးကြည့်ပါမယ်။

၁။ ပြည်တွင်း ပြောင်းရွှေ့နေထိုင်အခြေချ အလုပ်လုပ်ကြသူ မိန်းကလေးတွေ အများဆုံး ဝင်ရောက် လုပ်ကိုင်လေ့ရှိတာကတော့ ရန်ကုန်တိုင်းက စက်မှုဇုန်တွေ၊ အထည်ချုပ် စက်ရုံတွေ၊ CMP လုပ်ငန်းတွေ ဖြစ်ပါတယ်(UNESCO, 2016)။ အဲဒီ စက်မှုဇုန်တွေ ဆက်ပြီး အလုပ်ကောင်းဦးမလား။ အဲဒီ မေးခွန်းကို ဖြေဖို့ အောက်ပါ အချက်တွေကို သတိပြုကြရပါမယ်။

၁.၁။ ရခိုင်အရေးကြောင့် စီးပွားရေးပိတ်ဆို့မှု ဖြစ်နိုင်ခြေတွေ၊

၁.၂။ ကမ္ဘာ့စီးပွားရေး ကျဆင်းမှုကြောင့် ဝယ်လိုအား ကျဆင်းမှုတွေ၊

၁.၃။ ၂၀၂၀ ကိုဗစ် အလွန် ရင်းနှီးမြှုပ်နှံသူတွေက ကွန်ပျူတာနဲ့ ဒစ်ဂျစ်တယ် ထိန်းချုပ်စနစ်တွေ၊ ရိုဘော့တွေ၊ AI ခေါ်တဲ့ ဉာဏ်ရည်တု နည်းပညာတွေ၊ Data Analytics ခေါ်တဲ့ တကမ္ဘာလုံးက သတင်းအချက်အလက်တွေကို အချိန်နဲ့ တပြေးညီ တွက်ချက်ပြီး စက်တွေကို အလိုအလျောက် ထိန်းချုပ်မောင်းနှင်တဲ့ နည်းပညာမြင့် စက်ရုံတွေကို ရင်းနှီးမြှုပ်နှံလာနိုင်ခြေ၊ အဲဒါတွေကို စဥ်းစားလိုက်ရင် လက်ရှိ မြန်မာပြည်ရဲ့ CMP လုပ်ငန်းတွေ၊ အခြား စက်မှုလုပ်ငန်းတွေ၊ စက်မှုဇုန်တွေရဲ့ အနာဂတ်နဲ့ လက်ရှိလုပ်သားတွေ၊ ပြည်ပက ပြန်လည် ဝင်ရောက်လာပြီး ပြည်တွင်း စက်မှုလုပ်ငန်းတွေကို ဝင်ရောက် လုပ်ကိုင်နိုင်ခြေရှိတဲ့ လုပ်သားတွေ၊ အလုပ်သမ မြန်မာ အမျိုးသမီးတွေရဲ့ အနာဂတ်ကို မမှန်းဆရဲအောင်ပါပဲ။

၂။ ပြည်တွင်း ပြောင်းရွှေ့ နေထိုင်အခြေချ အလုပ်လုပ်ကြသူ ယောက်ျားလေးတွေ ဝင်ရောက် လုပ်ကိုင်လေ့ရှိတဲ့ ဆောက်လုပ်ရေး လုပ်ငန်းတွေ (UNESCO, 2016)ရော ဆက်ပြီးအခြေအနေ ကောင်းဦးမလား။ အခု လက်ရှိ ဆောက်လုပ်ရေး လုပ်ငန်းတွေ အခြေအနေကို ကြည့်ရင် အိမ်ခြံမြေစျေးကွက် အခြေအနေက ပြားချပ်ချပ် အခြေအနေ(Myint, 2020) ဆိုတော့ ဖြေရခက်ပါတယ်။ ဆောက်လုပ်ရေး လုပ်ငန်းတွေကို အိမ်ခြံမြေ ကဏ္ဍ သက်သက်ထက် လမ်း၊ တံတား၊ ရထားလမ်း၊ ဆည်မြောင်း၊ တာတမံ၊ လေယာဥ်ကွင်း စတဲ့ အခြေခံ အဆောက် အအုံ(Infrastructure)တွေ ဘက်ကို ရွှေ့ဖို့လိုပါမယ်။

၃။ အရင်တုန်းက ပြည်တွင်းရွှေ့ပြောင်းလုပ်ကိုင်ကြသူတွေကို ဆွဲဆောင်ခဲ့တဲ့ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် တို့က ကျောက်မျက် တူးဖော်ရေးလုပ်ငန်းတွေ(UNESCO, 2016)ကလည်း ရပ်ဆိုင်းလုနီးနီး ဖြစ်နေပါတယ်။ အဲဒီတော့ အဖြေ ကြိုရှာထားဖို့ လိုပါမယ်။ ကျနော် ဆက်စဥ်းစားကြည့်မိပါတယ်။ ကိုဗစ်အလွန် စီးပွားရေးကို ပြန်လှုပ်နှိုးဖို့လိုသလို အလုပ်အကိုင်တွေ ဖော်ထုတ်ဖို့လည်း လိုလာပါမယ်။ အာရှဖွံဖြိုးရေးဘဏ်(ADB)ကတော့ ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးကြောင့် စီးပွားရေးထိခိုက်မှုတွေကို သက်သာရာရစေဖို့ ဒေါ်လာ ၂၀ ဘီလျံ ကူညီမယ်လို့ ကြေညာခဲ့ပါတယ်(ADB, 2020)။ မြန်မာနိုင်ငံအနေနဲ့လည်း စီးပွားရေးကို လှုပ်နှိုးဖို့ ရင်းနှီးမြှုပ်နှံမှုတွေလုပ်ဖို့ လိုအပ်ပါမယ်။ ဘယ်နေရာတွေကို ဦးစားပေး ရင်းနှီးမြှုပ်နှံရမလဲဆိုတာ ရွေးချယ်ကြရပါမယ်။

၄။ မြန်မာနိုင်ငံ GDP ရဲ့ ၄၀ ရာခိုင်နှုန်း၊ အဲဒီကနေ ၃၅ ရာခိုင်နှုန်း ပတ်ဝန်းကျင် ရောက်ခဲ့ရာကနေ အခု ၃၀ ရာခိုင်နှုန်းအောက် ရောက်သွားခဲ့တဲ့ စိုက်ပျိုးရေးကဏ္ဍကို တိုးတက်ပြောင်းလဲ ချဲ့ထွင်ဖို့ အရေးကြီးပါတယ်။ စိုက်ပျိုးရေး ကဏ္ဍအတွက် အမြင်ရှိတဲ့ ခေါင်းဆောင်(Visionary Leader) တယောက် လိုပါမယ်။ စိုက်ပျိုးရေးကဏ္ဍကို အခြေခံကျကျ ပြုပြင်ပြောင်းလဲဖို့ လိုပါတယ်။ မြေ၊ ရေ၊ မြေဆီ သြဇာ ပြည့်ဝပြီးသား၊ အခြေခံကောင်းတွေ ရှိပြီးသား မြန်မာနိုင်ငံရဲ့ စိုက်ပျိုးရေးကဏ္ဍကို Transformational Change ​ပြောင်းလဲနိုင်မယ့် ခေါင်းဆောင်တွေ အများကြီး ရှိပါတယ်။ လူမှန် နေရာမှန် နေရာချ၊ တာဝန်ပေးအပ်ဖို့ အရေးကြီးပါတယ်။ နိုင်ငံအနေနဲ့လည်း စိုက်ပျိုးရေးကဏ္ဍကို မဟာဗျူဟာကျ ပြုပြင်ပြောင်းလဲနိုင်ဖို့ ရင်းနှီးမြှုပ်နှံဖို့ လိုပါမယ်။

၅။ လမ်း၊ တံတား၊ ရထားလမ်း၊ ဆည်မြောင်း၊ တာတမံ၊ လေယာဥ်ကွင်း စတဲ့ အခြေခံ အဆောက်အအုံ (Infrastructure) တွေ တည်ဆောက်ရင် တိုင်းပြည်ရဲ့ အနာဂတ်အတွက် ပြင်ဆင်ရာ ရောက်ပြီး စီးပွားရေးကို နှိုးဆွရာလည်း ရောက်ပါမယ်။ ပြီးတော့ အလုပ်အကိုင်တွေ ဖော်ထုတ်ရာလည်း ရောက်ပါမယ်။ လက်ရှိ အိမ်ခြံမြေ ဆောက်လုပ်ရေး( Real Estate Development) ကဏ္ဍက လုပ်ငန်းရှင်တွေ၊ လုပ်သားတွေကို အခြေခံ အဆောက်အအုံ(Infrastructure Development) တည်ဆောက်ရေးဘက်ကို ပြောင်းရွှေ့လိုက်နိုင်ရင် သားရွှေအိုး ထမ်းလာတာကို မြင်ရတဲ့ကိန်း ဆိုက်တာနဲ့ တူပါမယ်။ အိမ်ခြံမြေကဏ္ဍမှာတော့ လူဦးရေ အများစုကို နေစရာ ဖော်ဆောင်ပေးနိုင်မယ့် တန်ဖိုးနည်း/ တန်ဖိုးမျှတ အိမ်ရာစီမံကိန်းတွေ ဖော်ဆောင်တာမျိုး ဆောင်ရွက်သင့်ပါတယ်။

၆။ စတုတ္ထ စက်မှုတော်လှန်ရေးနဲ့အတူ Digital Economy နည်းပညာ​မြင့် စီးပွား​​ရေးပုံစံသစ်ကို ဖော်ဆောင်ပြီး တိုင်းပြည်ရဲ့ စက်မှုလုပ်ငန်းတွေကို တိုးတက်ပြောင်းလဲဖို့ အချိန်ကောင်းလည်း ဖြစ်ပါမယ်။

CMP အထည်ချုပ် လုပ်ငန်းတွေရဲ့ အနာဂတ်က မရေရာသလို အခြား ဒုတိယမျိုးဆက်စက်မှုနည်းပညာတွေနဲ့ စက်မှုလုပ်ငန်းတွေ၊ စက်ရုံ အလုပ်ရုံတွေကလည်း တရုတ်၊ ထိုင်း၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှနဲ့ အခြား အာဆီယံ နိုင်ငံတွေရဲ့ စက်ရုံ၊ အလုပ်ရုံတွေကို ထုတ်ကုန်အားဖြင့်ရော၊ ဈေးနှုန်းအားဖြင့်ပါ မယှဥ်နိုင်တော့တဲ့ အခြေအနေပါ။ ဒစ်ဂျစ်တယ် နည်းပညာတွေနဲ့ စက်မှုကုန်ထုတ်လုပ်ငန်းတွေ တည်ထောင်ဖို့ ပြောင်းလဲရမယ့်အချိန် ဖြစ်ပါတယ်။ Manufacturing ကုန်ထုတ်လုပ်မှုကဏ္ဍသာမက Supply Chain ကုန်ကြမ်းမှ ကုန်ချော၊ အဲဒီကတဆင့် သယ်ယူ ပို့ဆောင်မှု အဆင့်ဆင့်ကို ဖြတ်ကျော်ပြီး သုံးစွဲသူ၊ စားသုံးသူဆီ ရောက်တဲ့အထိ လမ်းတလျှောက်လုံးမှာ ဒစ်ဂျစ်တယ် နည်းပညာတွေ အသုံးချမှုတွေကို အားပေး၊ ကူညီ၊ ပြောင်းလဲရပါမယ်။ (အစိုးရကို ကိုယ်တိုင်ဝင် ကုန်ထုတ်၊ ဖြန်ဖြူးဖို့ ပြောနေတာ မဟုတ်တာတော့ သတိချပ်စေချင်ပါတယ်။)

အထက်ပါ အချက် ၄၊ ၅၊ ၆ တွေကို ဖော်ဆောင်ဖို့ ဒေါ်လာ ဘီလီယံနဲ့ ချီတဲ့ ငွေတွေ ရင်းနှီးမြှုပ်နှံပြီး စီးပွားရေး အင်ဂျင်ကြီးကို နှိုးပေးဖို့ လိုသလို ပညာရေး ပြုပြင်ပြောင်းလဲမှုနဲ့ ခေါင်းဆောင်အဆင့်ဆင့် မွေးထုတ်၊ ဖော်ထုတ်၊ နေရာပေး၊ တာဝန်ပေးဖို့ လိုပါမယ်။

၇။ ပညာရေးကဏ္ဍ ပြောင်းလဲဖို့က အခြေခံကျတဲ့ လိုအပ်ချက်ဖြစ်ပေမဲ့ ရေရှည် အချိန်ယူ ဆောင်ရွက်ဖို့ လိုသလို တချိ့ကဏ္ဍတွေမှာ နည်းပညာအကူအညီနဲ့ ခုန်ပျံကျော်လွှား ပြောင်းလဲနိုင်တာတွေလည်း ရှိပါတယ်။ ပညာရေး အတွက်လည်း မူဝါဒတွေ ချမှတ်ပေးနိုင်မယ့် Visionary Leader နဲ့ ဖော်ဆောင်ပေးမယ့် ခေါင်းဆောင် အဆင့်ဆင့် လိုပါတယ်။ စဥ်ဆက်မပြတ် တိုးတက်ပြောင်းလဲနိုင်ဖို့ အခြေခံကတော့ ပညာရေးပါပဲ။

၈။ စိုက်ပျိုးရေးနဲ့ ပညာရေး ကဏ္ဍအပြင် ကဏ္ဍအသီးသီး၊ ဒေသအသီးသီး၊ လူမျိုးစု အသီးသီးအတွင်းမှာ ခေါင်းဆောင်အဆင့်ဆင့် လိုအပ်ချက်ကို ဖြည့်ဆည်းဖို့ကတော့ အနာဂတ်ကို မျှော်ကြည့်နိုင်တဲ့ ခေါင်းဆောင် (Visionary Leader) လိုသလို ကဏ္ဍအသီးသီးကို ပြောင်းလဲမှုတွေ ဖော်ဆောင်နိုင်တဲ့ ခေါင်းဆောင်တွေ၊ နိုင်ငံရဲ့ တိုင်းဒေသနဲ့ ပြည်နယ် အသီးသီးမှာ သက်ဆိုင်ရာ တိုင်းဒေသ၊ ပြည်နယ်တွေနဲ့ လူမျိုးစုတွေအလိုက် စီးပွားရေး၊ လူမှုရေး ၊ နိုင်ငံရေးတွေကို ဦးဆောင်နိုင်တဲ့ ခေါင်းဆောင်တွေ၊ လုပ်ငန်းဖော်ဆောင်မှုကို တာဝန်ယူ ဆောင်ရွက်ကြမယ့် လူငယ်၊ လူလတ် ခေါင်းဆောင်တွေ စသဖြင့် ခေါင်းဆောင် အဆင့်ဆင့်၊ ခေါင်းဆောင်မျိုးဆက် အသွယ်သွယ် ဝင်ရောက်ပါဝင် ဆောင်ရွက်ကြဖို့ လိုပါတယ်။

အဲဒီလိုမျိုး ခေါင်းဆောင်တွေကို ပြုစုပျိုးထောင် မွေးထုတ်ဖို့လိုသလို ခေါင်းဆောင်မှု အရည်အချင်း၊ အရည်အသွေး ရှိတဲ့ နယ်ပယ်အသီးသီးက ပညာရှင်တွေ၊ ကျွမ်းကျင်သူတွေ၊ အတွေ့အကြုံ ရင့်ကျက်ပြည့်ဝပေမဲ့ ချောင်ထိုးခံ ထားရတဲ့ ပညာရှင်ကြီးတွေကို ဖော်ထုတ်၊ ခေါ်ထုတ်၊ နေရာပေး ဦးဆောင်ခိုင်းရင် ဖြစ်နိုင်ပါတယ်။

ထိပ်ဆုံးက တဦးတည်းသော ခေါင်းဆောင်ရဲ့ အားနဲ့တော့ ပြောင်းလဲတည်ဆောက်၊ ဖောက်ထွက်နိုင်ဖို့ ခက်ပါလိမ့်မယ်။ (ဒီနေ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တယောက်တည်းကို ရည်ညွှန်းတာ မဟုတ်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်အလွန် ခေါင်းဆောင်တွေကိုပါ ရည်ရွယ်ပါတယ်။)

၉။ ကျနော် ဉာဏ် မမီတဲ့ ကိစ္စသုံးခု ရှိပါသေးတယ်။
၉.၁။ ပြည်တွင်းငြိမ်းချမ်းရေး၊
၉.၂။ ရခိုင်အရေးနဲ့
၉.၃။ အခြေခံဥပဒေကိစ္စ တို့ပါ။

အဲဒါတွေကတော့ ကျနော့်စဥ်းစားတွေးခေါ်နိုင်မှုဘောင် အပြင်ဘက်က ကိစ္စတွေပါ။ အရေးအကြီးဆုံး ကိစ္စတွေကို မဆွေးနွေးနိုင်တာကိုတော့ ခွင့်လွှတ်စေချင်ပါတယ်။

ကိုဗစ်အလွန် တိုင်းပြည်ကို ထူထောင်ဖို့ ဒီနေ့ စဥ်းစားမိတာတွေပါ။ ဝိုင်းစဥ်းစား ဆွေးနွေးပေးကြပါဦး။

ဒေါက်တာ ဇော်နိုင်

မြန်မာသက္ကရာဇ် ၁၃၈၂ ခုနှစ်၊ နှစ်ဆန်း ၁ ရက်နေ့

Ref:
ADB (2020, April 13). ADB Triples COVID-19 Response Package to $20 Billion. Available at https://www.adb.org/news/adb-triples-covid-19-response-package-20-billion

ASEAN (2020, April 1). Economic Impact of COVID-19 Outbreak on ASEAN. Available at https://asean.org/storage/2020/04/ASEAN-Policy-Brief-April-2020_FINAL.pdf

Khin, Ei (2020, Jan 13). Climate migrations in Myanmar. Retrieved from https://www.bnionline.net/en/news/climate-migrations-myanmar

Myint, Yee Y. (2019, May 6) Property market in Myanmar expected to stay flat till 2020. Retrieved from https://www.mmtimes.com/news/property-market-myanmar-expected-stay-flat-till-2020.html

UNESCO (2016). Overview of Internal Migration in Myanmar. Retrieved from https://bangkok.unesco.org/sites/default/files/assets/article/Social%20and%20Human%20Sciences/publications/myanmar.pdf

Dr Zaw Naing

ဒေါက်တာဇော်နိုင်သည် Mandalay Technology ၏ စီမံအုပ်ချုပ်မှုဒါရိုက်တာ ဖြစ်ပါသည်။

Related article
မြန်မာနိုင်ငံနှင့် ကိုဗစ်ကာကွယ်ဆေး ထိုးနှံနိုင်မှု အလားအလာ

မြန်မာနိုင်ငံနှင့် ကိုဗစ်ကာကွယ်ဆေး ထိုးနှံနိုင်မှု အလားအလာ

မြန်မာနိုင်ငံက အခုအချိန်မှာ လူပေါင်း ၁ ဒသမ ၇ သန်းကို ကာကွယ်ဆေး ထိုးနှံ ပြီး…

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါနှင့်  လော့ခ်ဒေါင်းမှတ်စု  (လော့ခ်ဒေါင်းနှင့်အတူနေထိုင်ခြင်း)

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါနှင့် လော့ခ်ဒေါင်းမှတ်စု (လော့ခ်ဒေါင်းနှင့်အတူနေထိုင်ခြင်း)

လော့ခ်ဒေါင်းချ ဆောင်ရွက်တဲ့ အခါမှာ ဆင်းရဲတဲ့အိမ်ထောင်စုတွေ၊ အလုပ်အကိုင် ဆုံးရှုံးသွားသူတွေ၊ ချို့တဲ့အားနည်းတဲ့ လူတွေအတွက်လည်း အဓိကစဉ်းစားပေးပြီး ကုစားရေး…

တရုတ်နိုင်ငံ၏ ကိုဗစ်-၁၉ကာကွယ်ဆေး သံတမန်လှုပ်ရှားမှုနှင့် မြန်မာနိုင်ငံအတွက် အလားအလာ

တရုတ်နိုင်ငံ၏ ကိုဗစ်-၁၉ကာကွယ်ဆေး သံတမန်လှုပ်ရှားမှုနှင့် မြန်မာနိုင်ငံအတွက် အလားအလာ

တရုတ်နိုင်ငံဟာ ကာကွယ်ဆေးကို အများကောင်းကျိုးအဖြစ် အသုံးပြုမယ်၊ မြန်မာနိုင်ငံစတဲ့ မိတ်ဖက်နိုင်ငံတွေကို ဦးစားပေးဖြန့်ဝေမယ် ဆိုတာဟာ စေတနာကောင်းရင်တောင် လက်တွေ့…

Discussion about this post

Leave a Reply

Your email address will not be published. Required fields are marked *

Type your search keyword, and press enter to search