မြန်မာနိုင်ငံနှင့် ကိုဗစ်ကာကွယ်ဆေး ထိုးနှံနိုင်မှု အလားအလာ
မြန်မာနိုင်ငံက အခုအချိန်မှာ လူပေါင်း ၁ ဒသမ ၇ သန်းကို ကာကွယ်ဆေး ထိုးနှံ ပြီး…
မြန်မာနိုင်ငံကို ကိုရိုနာ ကိုဗစ်-၁၉ ဗိုင်းရပ်စ်ပိုးရောက်ရှိလာသည်မှာ ပထမဆုံး အတည်ပြုလူနာစတင်တွေ့ရှိသည့် အချိန်မှတွက်လျှင် တလကျော်ပြီဖြစ်သည်။ ကူးစက်ခံရသူပေါင်း ၁၄၆ ဦး ရှိပြီဖြစ်၍ ထိုအထဲမှ ငါးဦးဆုံးပါးသွားခဲ့ သည်။ ကိုဗစ်-၁၉ ရောဂါပိုး၏ ဗဟိုချက်သည် ရန်ကုန်မြို့ဖြစ်နေသည်။ နိုင်ငံတော်အစိုးရအနေဖြင့် ကိုဗစ်-၁၉ ရောဂါကူးစက်မှုကို ကာကွယ်ကုသထိန်းချုပ်ရန် အတတ်နိုင်ဆုံးဆောင်ရွက်နေသည်ကို တွေ့ရသည်။ အစိုးရ၏ ဆောင်ရွက်ချက်များကို နှစ်မျိုး ခွဲခြားသတ်မှတ်နိုင်သည်။
ပထမနည်းလမ်းမှာတော့ Mitigation Strategy ဟုခေါ်သည့် ရောဂါကူးစက်မှုနှုန်းကို ကျဆင်းသွားရန် ဆောင် ရွက်ချက်ဖြစ်သည်။ လူစုလူဝေးများ မပြုလုပ်ရန်၊ လူတဦးနှင့် တဦး ၆ ပေခွာ နေထိုင်ကြရန်၊ အပြင်ထွက်လျှင် နှာခေါင်းစည်းတပ်ဆင်ရန်၊ မကြာခဏလက်ဆေးရန်နှင့် ကူးစက်ခံရသည်ဟု ယူဆသူများကို ရှာဖွေဖေါ်ထုတ် စစ်ဆေးပြီး သီးသန့်ထားခြင်း၊ သတ်မှတ်ဆေးရုံများ၌ ကုသပေးခြင်း၊ ယင်းတို့နှင့်ထိတွေ့ခဲ့သူများကို သီးခြားကန့်သတ်ထားခြင်း(identify, test, isolate, treatment, trace, quarantine) တို့ပြုလုပ်ခြင်း ဖြစ်သည်။
ဒုတိယနည်းလမ်းကတော့ Suppression Strategy ဟုခေါ်ဆိုသည့် တနိုင်ငံလုံး သို့မဟုတ် မြို့ကြီးများ အတိုင်းအတာဖြင့် အသွားအလာ ထိတွေ့ဆက်ဆံမှုများကို ပိတ်ပင်တားမြစ်လိုက်ခြင်းဖြစ်သည်။ တနယ်နှင့် တနယ် သွားလာမှုများကိုလည်း ကန့်သတ်ပိတ်ပင်ခြင်းများ ပြုလုပ်ခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင် ပြီးခဲ့သည့် ဧပြီ ၁၀ မှ ၁၉ အထိ ရန်ကုန်မြို့၊ မန္တလေးမြို့များတွင် တားမြစ်မိန့်ထုတ်ပြန် ကန့်သတ်ခဲ့သည်။ သို့သော် လည်း ယခုအခါ ရန်ကုန်မြို့၌ ရုံးများ၊ ဈေးများ၊ အရောင်းစင်တာများ၊ သွားလာမှုများကို ကိုဗစ်-၁၉ ကူးစက်သူ အများဆုံး မြို့နယ် ၇ မြို့နယ်မှလွဲ၍ အခြားမြို့နယ်များတွင် ခွင့်ပြုခဲ့သည်။ Partial Suppression ပြုလုပ်သည် ဟုဆိုနိုင်သည်။
ထိုအခြေအနေ၌ ရန်ကုန်မြို့တွင် ကူးစက်ခံရသူများပြားလာခြင်း၊ မည်သည့်နေရာ၊ မည်သူ့ထံမှ ကူးစက်ခဲ့သည်ကို ဆက်စပ်မရသည့် ကူးစက်မှုအနည်းငယ်လည်း ရှိလာသည့်အတွက် အချို့ဆေးပညာရှင်များနှင့် လူမှုကွန် ရက်သုံးစွဲသူများက ရန်ကုန်မြို့ကို အပြီးသတ် လော့ဒ်ဒေါင်း(Lockdown) ပိတ်ပင်၍ ကူးသန်းသွားလာမှုများကို ကန့်သတ်ပစ်ရန် တောင်းဆိုမှုများလည်းရှိလာသည်။ ထိုအခြေအနေတွင် လော့ဒ်ဒေါင်း(Lockdown) လုပ်သင့် မသင့်ဆိုသည်မှာ မူဝါဒချမှတ်သူများအတွက် အင်မတန်ခေါင်းကြီးစရာပင်ဖြစ်သည်။ ထိုအတွက်ကြောင့် လော့ဒ် ဒေါင်း(Lockdown)၏ ကောင်းကျိုးဆိုးကျိုးများကို နိုင်ငံတကာ သုတေသနအဖွဲ့များ၊ ပညာရှင်များ၏ လေ့လာ သုံးသပ်ချက်များအပေါ်မူတည်၍ စဉ်းစားကြည့်သင့်သည်။
လော့ဒ်ဒေါင်း(Lockdown)၏ ကောင်းကျိုးဆိုးကျိုးများ
တရုတ်အစိုးရက ကိုဗစ်-၁၉ ဗိုင်းရပ်စ်ပိုး စတင်တွေ့ရှိရာနှင့် ဗဟိုချက်ဖြစ်သော လူဦးရေ ၁၁ သန်းရှိသည့် ဝူဟန်မြို့ အပါအဝင် ဟူဘေးပြည်နယ်ရှိ မြို့ကြီးများကို ဇန်နဝါရီလ၂၃ ရက်နေ့မှစတင်၍ လော့ဒ်ဒေါင်း(Lockdown)လုပ်ချ ခဲ့သည့်အတွက်(အခြားပြည်နယ်များရှိ မြို့များတွင်လည်း ကန့်သတ်မှုများပြုလုပ်) အချိန်တိုအတွင်း ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ခဲ့သည်ဟု တရုတ်ပညာရှင်များကဆိုသည်။ ဒီဇင်ဘာ ၁၅ တွင် ပထမဆုံး ကိုဗစ်-၁၉ ကူးစက်ခံရသူ ရောဂါလက္ခဏာများပြ၍ နေမကောင်းဖြစ်ခဲ့သည်။ ဇန်နဝါရီ ၉ တွင် အသက် ၆၁ နှစ်အရွယ်ရှိ လူတဦး ကိုဗစ်-၁၉ ရောဂါဖြင့် ပထမဆုံး သေဆုံးခဲ့သည်။ ဖေဖေါ်ဝါရီ ၁ တွင် အတည်ပြုလူနာအရေအတွက်သည် တသောင်းငါးထောင်ကျော် မြင့်တက်သွားရာမှ ဖေဖေါ်ဝါရီ ၁၃ တွင် ငါးထောင်ကျော်သို့ ကျဆင်းသွားခဲ့သည်။ မတ် ၁၃ တွင် အတည်ပြုလူနာအသစ် ၁၁ ဦးသို့ လျှော့ကျသွားခဲ့သည်။ SARS ရောဂါပိုးကိုစတင်တွေ့ရှိခဲ့သဖြင့် အထူးကျော်ကြားသူ တရုတ်နိုင်ငံသား ကူးစက်ရောဂါဆရာဝန်ကြီး ဒေါက်တာ Zhong Nanshan က ဝူဟန်မြို့ကို Lockdown ပြုလုပ်ခြင်းအပါအဝင် အသွားအလာ ကန့်သတ်မှုများကို ၅ ရက်သာစော၍ အကောင်အထည်ဖေါ်ခဲ့ပါက ကိုဗစ်-၁၉ ကူးစက်ရောဂါ၏ ဆိုးကျိုးကို ၃ ပုံ၂ ပုံမျှ လျှော့ချနိုင်မည်ဟု သူ၏မကြာသေးခင်က ရေးသားသည့်စာတမ်းတွင် ဖေါ်ပြထားသည်ဟု အခြားတရုတ်ပညာရှင်များက ၎င်းတို့၏စာတမ်းများတွင် ကိုးကားရေးသားကြသည်[1]။
Imperial College London တက္ကသိုလ်မှ Covid-19 Response Team၏ မတ်၂၆ နေ့စွဲဖြင့် ထုတ်ဝေခဲ့သည့် “Report 12: The Global Impact of COVID-19 and Strategies for Mitigation and Suppression”[2] ၏ တွက်ချက်မှု modeling အရ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုကို မည်သို့မျှ မတုံ့ပြန် do nothing policy လုပ်လျှင် လူပေါင်း နှစ်သိန်းနှစ်သောင်းကျော် သေဆုံးနိုင်သည်။ လူပေါင်း ၁ ဒသမ ၄ သန်းကျော် ဆေးရုံတွင် တက်ရောက်ကုသမှုခံယူရမည်ဖြစ်ပြီး လူပေါင်း ငါးသိန်းရှစ်သောင်း ကျော်သည် အထူးကြပ်မတ်ဆောင်တွင် ကုသမှုခံယူရန်လိုအပ်မည်။ ထိုအထဲမှ တပြိုင်တည်း အထူးကြပ်မတ်ဆောင်တွင် ကုသရန်လိုအပ်မည့် လူနာပေါင်း ၃ သိန်းကျော် ဖြစ်သွားနိုင်သည်ဟု ရေးသားထားသည်။
သို့သော် ထိုသို့မဟုတ်ဘဲ သက်ကြီးရွယ်အိုများနှင့် ထိတွေ့မှုကို ပိုမိုလျှော့ချခြင်း၊ နိုင်ငံလုံးအတိုင်းအတာဖြင့် သွားလာမှုလျှော့ချခြင်းများ ပြုလုပ်လျှင် လူပေါင်း ၃၃ သန်းခန့်အထိ ကူးစက်နိုင်ပြီး ထိုအထဲမှ လူပေါင်း တသိန်းနှစ်သောင်းကျော် သေဆုံးနိုင်သည်။ ထို့ပြင် ဆေးရုံတွင် တက်ရောက်ကုသမှုခံယူရမည့် လူနာပေါင်း ၉ သိန်း ကျော်ရှိမည်ဖြစ်ပြီး အထူးကြပ်မတ်ဆောင်တွင် တက်ရောက်ကုသမှုခံယူရမည့်သူပေါင်း ၁ သိန်း ၆ သောင်းကျော် ရှိမည်ဟု ခန့်မှန်းသည်။ ထိုအသွားအလာလျှော့ချခြင်း၊ သက်ကြီးရွယ်အိုများဖြင့် ထိတွေ့မှု အထူးလျှော့ချခြင်း နည်းလမ်းကို Mitigation Strategy ဟုဆိုသည်။
သို့သော် Mitiagation Strategy သုံးလျှင် သေဆုံးမှုထက်ဝက်ခန့် လျော့ကျသွားမည်ဖြစ်သော်လည်း ကျန်းမာရေး ယန္တရား ပြိုလဲသွားနိုင်သည်။ လူနာပေါင်း ကိုးသိန်းကျော်ကို သုံးလ မှ ခြောက်လအတွင်း လက်ခံကုသပေးရန် ဆေးရုံကုတင်၊ ဆရာဝန်၊ သူနာပြုနှင့် ဆေးပစ္စည်းများ မလုံလောက်နိုင်။ ထို့ကြောင့် ယင်းစာတမ်း၌ ရေးသားသူပညာရှင်များက လက်ရှိမှာလည်း နိုင်ငံအများအပြားတွင် ကျင့်သုံးနေရသည့် Suppression Strategy ကို အသုံးချရန် နိုင်ငံ အားလုံးကို အကြံပြုထားသည်။ တတ်နိုင်သမျှ ထိုမဟာဗျူဟာကို အစောဆုံး အသုံးပြုရန် တိုက်တွန်းထားသည်
ထိုနည်းလမ်းကို လူပေါင်း ၁ သိန်း၌ ဝ ဒသမ၂ ဦး သေဆုံးမှုရှိသည့်အချိန်တွင် စတင်ပြုလုပ်ပါက လူပေါင်း တသိန်းကျော်သာ ဆေးရုံတွင် တက်ရောက်ကုသမှုခံယူရန် လိုအပ်မည်ဟု တွက်ချက်ထားသည်။ ထိုအထဲမှ လူပေါင်း သုံးသောင်း ကျော်သည် အထူးကြပ်မတ်ဆောင်၌ ကုသရန်လိုအပ်မည်ဖြစ်ပြီး peak demand ဟုခေါ်သည့် အထူးကြပ်မတ်ဆောင်တွင် တပြိုင်တည်း တက်ရောက်ကုသရန် လိုအပ်မည့် လူနာပေါင်းမှာ နှစ်သောင်းကျော် ရှိမည်။ သေဆုံးသူပေါင်း ၁၅၆၅၄ ခန့်ရှိနိုင်သည်ဟု ခန့်မှန်းတွက်ချက်ထားသည်။
ထိုသို့မဟုတ်ဘဲ လူပေါင်း ၁ သိန်း၌ ၁ ဒသမ ၆ ဦး သေဆုံးမှုနှုန်းရှိသည့်အချိန်တွင် စတင်ပြုလုပ်ပါက ဆေးရုံတက်ရောက် ကုသမှုခံယူရန် လိုအပ်မည့်လူပေါင်း သုံးသိန်းခုနစ်သောင်းကျော်ရှိမည်ဖြစ်ပြီး ထိုအထဲမှ လူပေါင်း တသိန်းသုံးသောင်း ကျော်သည် အထူးကြပ်မတ်ဆောင်တွင် ကုသရန်လိုအပ်မည်။ ထိုအထူးကြပ်မတ်ဆောင်တွင် တပြိုင်တည်း ကုသပေးရန် လိုအပ်မည့် အရေအတွက်မှာ ခုနစ်သောင်းနှစ်ထောင် ခန့်ဟု ခန့်မှန်းသည်။ သေဆုံးသူပေါင်း ငါးသောင်းငါးထောင်ခန့်ရှိမည်ဟုလည်း modeling က တွက်ချက်ပြသထားသည်။
ယင်းတွက်ချက်မှုများအားလုံးတွင် RO ဟုခေါ်သည့် ကူးစက်မှုနှုန်း(ကူးစက်ထားသူ ၁ ဦးမှ ပျမ်းမျှ အခြား လူများအားကုစက်မှုနှုန်း)ကို ၃ ဦးဟု တွက်ချက်ထားသည်။
စာတမ်းရှင်များက ၎င်းတို့အနေဖြင့် ထိုသို့ Suppression Strategy ကိုသုံးခြင်းကြောင့် ဖြစ်ပေါ်လာမည့် လူမှု ရေး၊ စီးပွားရေး ဆိုးကျိုးများကို တွက်ချက်ထားခြင်းမရှိဟုဆိုသည်။ ဝင်ငွေနည်း ဖွံ့ဖြိုးဆဲနိုင်ငံများတွင် Suppression ကြောင့် ဖြစ်ပေါ်လာနိုင်သည့် အကျိုးရလဒ်များသည် ပိုမိုဆိုးဝါးနိုင်သည်ဟု ဆိုသည်။ နိုင်ငံတနိုင်ငံစီ၏ ပကတိအခြေအနေများပေါ်တွင် မူတည်သည်ဟု ရေးသားထားသည်။ နောက်အရေးကြီးသည့်အချက်မှာ ထို Suppression ကို အချိန်ကာလတခုအတွင်း လုပ်ပြီးလျှင်လည်း ကုသနိုင်သည့် ဆေးပေါ်သည်ထိ ကုစက်မှုပြန် လည်ဖြစ်ပွားခြင်း မရှိရန် ပုံစံတမျိုးမျိုးဖြင့် ဆက်လက်ထိန်းထားရန် လိုအပ်သည်ဟုဆိုသည်။
အထက်ပါ သုတေသီများ၊ ကူးစက်ရောဂါနှိမ်နင်းရေး ကျွမ်းကျင်သူပညာရှင်များ၏ သုံးသပ်ချက်အရ ကိုဗစ်-၁၉ ရောဂါပိုးသည် ကူးစက်မှုနှုန်းမြန်ဆန်သည့်အတွက် ကူးစက်မှုအရေအတွက် များပြားသွားသည့် အခြေအနေသို့ ရောက်လျှင် ထိန်းသိမ်းရန် ခက်ခဲသလို လော့ဒ်ဒေါင်းလုပ်ခြင်းသည်သာ အမြန်ဆုံးရောဂါကူးစက်မှုကို လျင်မြန်စွာ လျှော့ချခြင်းနှင့် နှိမ်နင်းခြင်း ပြုလုပ်နိုင်မည်ဖြစ်သည် ဟုဆိုသည်။ တရုတ်ပြည်၏ အတွေ့အကြုံအရ ရက်သတ္တ ပတ် ၅ ပတ်ခန့် လော့ဒ်ဒေါင်းလုပ်ခြင်းအားဖြင့် ဝူဟန်မြို့တွင် ဆိုးဝါးနေသည့် အခြေအနေကိုလည်း ထိန်းသိမ်း လိုက်နိုင်၍ ရောဂါပိုးကူးစက်ခံရသူများအား ကုသပေးနိုင်ရန် လိုအပ်သည့် ဆရာဝန်၊ သူနာပြု၊ ဆေးဝါး၊ ဆေးပ စ္စည်း အစရှိသည်တို့ကို တိုးမြှင့်ဖြည့်တင်းနိုင်ခဲ့သည်ဟု ဆိုကြသည်။
သို့သော်လည်း အချို့သော ပညာရှင်များ၊ သုတေသီများကတော့ ဝင်ငွေနည်း ဖွံ့ဖြိုးဆဲနိုင်ငံများတွင် လော့ဒ်ဒေါင်း မပြုလုပ်သင့်။ ဘေးထွက်ဆိုးကျိုးများက များပြားလှသည်။ ထိရှလွယ်သူများ ပိုမိုထိရှလွယ်သည်ဟုလည်း ဆိုကြ သည်။ အချို့ဆိုလျှင် ဖွံ့ဖြိုးဆဲနိုင်ငံများမှ တနေ့လုပ်တနေ့စားများအတွက် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရခြင်း ကြောင့် အသေခံမည်လား၊ သို့တည်းမဟုတ် လော့ဒ်ဒေါင်းကြောင့် အလုပ်လုပ်၍မရ၊ ဝင်ငွေမရှိဖြစ်ပြီး စားစရာ ဝယ်ယူရန် ငွေမရှိဖြစ်၍ အသေခံမည်လားဟုပင် ရေးသားကြသည်။ အထူးသဖြင့် အာဖရိကနိုင်ငံများ၏ လူမှုစီး ပွား အခြေအနေများကို သုံးသပ်ပြပြီး ထောက်ပြကြသည်။
ဂျော့ချ်တောင်းတက္ကသိုလ်မှ ပါမောက္ခနှင့် ယခင်က ကမ္ဘာ့ဘဏ် သုတေသနဌာန၏ ဒါရိုက်တာအဖြစ် ဆောင်ရွက် ခဲ့သည့် Martin Ravallion က သူ၏ဆောင်းပါး “Could Pandemic Lead to Famine”[3] ၌ ၂၀၁၄ ခုနှစ်က ဆီရီလီ ယောင်းနိုင်ငံတွင် အီဘိုလာရောဂါပိုး ကူးစက်မှုဆိုးဝါးနေချိန် လော့ဒ်ဒေါင်းလုပ်ခဲ့သဖြင့် မကြာခင် ငတ်မွတ်မှု သည် နောက်ထပ်ခြိမ်းခြောက်မှုတခုအနေဖြင့် ပေါ်ပေါက်လာခဲ့သည်ဟု ရေးသားထားခဲ့သည်။ လော့ဒ်ဒေါင်း လုပ်လိုက်သည့်အခါ ဆင်းရဲသားပြည်သူများကို ပံ့ပိုးကူညီမှုပြုနေသော အဖွဲ့အစည်းများလည်း လော့ဒ်ဒေါင်းပြု လုပ်သည့်အထဲ ပါသွားသည့်အတွက် ဆင်းရဲသားပြည်သူများ ကူညီမည့်သူ မဲ့သွားကြရသည်ဟုဆိုသည်။ လော့ဒ် ဒေါင်းလုပ်လိုက်ခြင်းသည် ရေရှည်ဆင်းရဲမွဲတေမှုကိုလည်း ဖြစ်နိုင်သည်ဟု ယင်းကထောက်ပြထားသည်။
လော့ဒ်ဒေါင်းမလုပ်ခင်ကပင် မြန်မာနိုင်ငံ၌လည်း ကိုဗစ်-၁၉ ကြောင့် တရုတ်နိုင်ငံရှိ အဓိကကုန်ထုတ်လုပ်ငန်း များ ရပ်ဆိုင်းသွားရာ(Supply change disruption) လိုအပ်သည့် သွင်းကုန်များ တင်သွားလို့မရသဖြင့် စက်ရုံ အချို့ပိတ်ထားရခြင်း၊ ထုတ်လုပ်မှု လျှော့ချရခြင်းများကို ကြုံတွေ့နေရသည်။ တချိန်တည်းမှာပင် စားသုံးသူအများ အပြားမှာလည်း မရှိမဖြစ် စားသုံးကုန်များမှလွှဲ၍ စီးပွားရေးအခြေအနေ မည်သို့ဖြစ်မည်ကို မသိရှိနိုင်။ မသေချာ မရေရာဖြစ်နေသဖြင့် သုံးစွဲမှုများလျှော့ချနေရရာ အခြားနိုင်ငံများမှာ လိုပင်ဝယ်လိုအား သိသာထင်ရှားစွာ ကျဆင်း သွားသည်ကိုတွေ့ရသည်။ အထူးသဖြင့် တန်ဖိုးကြီးကုန်ပစ္စည်းများ၊ တာရှည်ခံ ရေခဲသေတ္တာ၊ တီဗွီတို့ကဲ့သို့သော ပစ္စည်းများ ဝယ်လိုအား သိသာထင်ရှားစွာ ကျဆင်းသွားသည်ကို တွေ့ရသည်။ စိုက်ပျိုးရေးကဏ္ဍအနေဖြင့် အထိမနာသေးသော်လည်း မွေးမြူရေးကဏ္ဍသည် ယခုအခါ အခက်အခဲများဖြင့် ကြုံတွေ့နေရသည်ဟု ဒီဗွီဘီအစီအစဉ် မေးမြန်းခန်းတွင် ငါးလုပ်ငန်းရှင်းများအသင်းချုပ် ဥက္ကဋ္ဌက ဖြေကြားသွားသည်ကို နားထောင် လိုက်ရသည်။ ပုံမှန်တင်ပို့နေသည့် ပမာဏ၏ လေးပုံတပုံသာ ငါးအဝယ်ရှိသည်ဟု ၎င်းက ပြောကြသွားသည်။ ထိုကဲ့သို့ supply change disruption၊ demand shock နှစ်မျိုးစလုံးကြောင့် အကျိုးရလဒ်အားဖြင့် စက်ရုံများ၊ လုပ်ငန်းများ ပိတ်သိမ်းရခြင်း၊ လုပ်သားအင်အား လျှော့ချရခြင်းများ ပြုလုပ်ကြရသည်။ ရန်ကုန်မြို့တွင်လည်း ပုံမှန်မဟုတ်သည့် စီးပွားရေးကဏ္ဍ(informal economy)တွင် လုပ်ကိုင်နေသည့် လမ်းဘေးဈေးရောင်းနေ သူအများအပြား နေထိုင်ရာဖြစ်သည့်အတွက် လော့ဒ်ဒေါင်းလုပ်လျှင် ၎င်းတို့စားဝတ်နေရေး အလွန်အမင်း ထိခိုက်သွားမည် ဖြစ်သည်။ ထိုအခြေအနေများတွင် အစိုးရ၏ ကြီးမားသည့် ပံ့ပိုးကူညီမှုမပါဘဲ လော့ဒ်ဒေါင်း လုပ်ပါက အနာထက်ဆေးပိုလေးသွားမည် ဖြစ်သည်။
ထပ်မံစဉ်းစားရမည့်အချက်မှာ လော့ဒ်ဒေါင်းကို တရုတ်အစိုးရကဲ့သို့ ထိရောက်စွာ သက်ဝင်အောင်လုပ်နိုင်သည့် စွမ်းဆောင်ရည်သည် ပြည်ထောင်စုအစိုးရနှင့် တိုင်းဒေသကြီးအစိုးရများတွင် ရှိသည်လားဆိုသည့်အချက်ဖြစ်သည်။ ပြီးခဲ့သည့် ဧပြီ ၁၀ မှ ၁၉ အထိ ရန်ကုန်မြို့တွင် ပြည်သူများ အိမ်တွင်နေရန် တားမြစ်မိန့်ထုတ်ပြန် ထားသော်လည်း ဆင်ခြေဖုံးရပ်ကွက်များတွင် လူအများအပြား စည်ကားနေသည်။ အကြောက်အလန့်မရှိ၊ နှာခေါင်းစည်းမတပ်ဘဲ ဈေးများစည်ကားနေသည်ကိုလည်း ကြားသိနေရသည်။ နောက်ထပ်ဆင်ခြင်ရန် လိုအပ်သည်မှာ အိမ်ထောင်စုများ၏ အရွယ်အစားနှင့် ယင်းတို့နေထိုင်ကြသည့် အိမ်များ၏ အနေအထားဖြစ်သည်။ ဝင်ငွေနည်း ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အိမ်ထောင်စုများ၏ အရွယ်အစားမှာ ကြီးမားသလို ယင်းတို့နေထိုင်ကြသည့် အိမ်များသည်လည်း အခန်း နှစ်ခန်း သို့မဟုတ် တခန်းသာ ရှိသည်။ ထိုအခါ ကာလရှည်စွာ စုပြုံနေရသဖြင့် လူမှုရေးနှင့် စိတ်ပိုင်းဆိုင်ရာ ပြဿနာများ ပေါ်ပေါက်လာနိုင်သည်။
မူဝါဒပိုင်းဆိုင်ရာ တုံ့ပြန်မှုများပြုလုပ်ရာတွင် ထည့်သွင်းစဉ်းစားရန်
နိုင်ငံတကာပညာရှင်များ၊ နိုင်ငံတကာအဖွဲ့အစည်းများက လော့ဒ်ဒေါင်းလုပ်သင့်၊ မလုပ်သင့် မည်သို့ပင် အကြံပြု တိုက်တွန်းမှုများရှိစေကာမူ မူဝါဒချမှတ်သူများအနေဖြင့် မိမိနိုင်ငံ၏ လက်ရှိပကတိ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး၊ လုံခြုံရေး အခြေအနေများအပေါ်မူတည်၍ လာမည့်ရက်သတ္တပတ်များအတွင်း နိုင်ငံအတွက် အရေးပါသည့် ဆုံးဖြတ်ချက်များကို ချမှတ်ရတော့မည်ဖြစ်သည်။ လက်ရှိအချိန်တွင် ရန်ကုန်မြို့၌ ကူးစက်မှုခံရသူ အများဆုံးရှိနေသည့် မြို့နယ် ၁၀ မြို့နယ်ကို semi-lockdown လုပ်ထားပြီး ညမထွက်ရ အမိန့်ထုတ်ထားခြင်း၊ ရန်ကုန်တိုင်းရှိ ရွှေ့ပြောင်းအလုပ်သမား အများဆုံးရှိရာ လှိုင်သာယာမြို့နယ်မှ စက်ရုံများကို သက်ဆိုင်ရာ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက စစ်ဆေးပြီး ကျန်းမာရေးနှင့် အကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များဖြင့် ကိုက်ညီမှသာ ဖွင့်လှစ်ခွင့်ပေးခြင်းများ ဆောင်ရွက်ထားရှိသည်။ အခြားတိုင်းဒေသကြီးများနှင့် ပြည်နယ်များတွင်လည်း အသွားအလာများကန့်သတ်ထားခြင်းများနှင့် အခြားကန့်သတ်မှုများကို ဆက်လက် ထားရှိဆဲဖြစ်သည်။ တရုတ်နိုင်ငံနယ်စပ်၊ ထိုင်းနိုင်ငံနယ်စပ်တို့မှ ရွှေ့ပြောင်းအလုပ်သမားများ နေရပ်ပြန်လာလျက်ရှိသည့်အတွက် ၎င်းတို့အား သီးခြားသတ်မှတ်နေရာများတွင် quarantine ထားရှိရန် အစီအစဉ်များလည်း ပြုလုပ်နေပြီး နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ယာယီကန့်သတ်မှုများဆိုင်ရာ ဆောင်ရွက်ချက်များကို (ဗီဇာထုတ်ပေးခြင်း၊ ရပ်ဆိုင်းခြင်း၊ နိုင်ငံခြားမှ ပြန်လာသူ နိုင်ငံသားများအား quarantine သီးခြားကန့်သတ်ခံရခြင်း) မေ ၁၅ အထိ တိုးမြှင့်သတ်မှတ်လိုက်ခြင်းများ ပြုလုပ်လျက်ရှိသည်။
ယခုလောလောဆယ်တွင် မြန်မာနိုင်ငံရှိ မြို့အများအပြားနှင့် ရပ်ရွာများတွင် ပြည်သူများသည် မိမိအစီအစဉ်ဖြင့် self-isolation အိမ်တွင်သာ နေထိုင်နေကြသည်ကို ကြားသိရသည်။ မသွားမဖြစ်သူများသာ အပြင်သို့သွားလာ နေသည်။ နေအိမ်မှ အလုပ်လုပ်နေသူ အချို့လည်းရှိကြသည်။ အလိုလို လော့ဒ်ဒေါင်း(natural lockdown) ဖြစ်နေသလိုရှိသည်။ သို့သော် ထိုသို့လူအများအပြား အိမ်တွင်နေထိုင်ကြခြင်းကြောင့် စီးပွားရေးလုပ်ငန်းများ ထိခိုက်လာကြသည်ကို တွေ့နေရသည်။ အထူးသဖြင့် စားသောက်ဆိုင်ကြီးများ၊ ဟိုတယ်များ၊ ခရီးသွားလာရေး လုပ်ငန်းများ၊ စက်ရုံများ၊ အရောင်းစင်တာများနှင့် ယင်းစင်တာများရှိဆိုင်များ ရပ်တည်ရန်ခက်ခဲလာကြသည်ကို ကြားလာရသည်။ ထို့ကြောင့် လော့ဒ်ဒေါင်းသည် စီးပွားရေးအရ ထိခိုက်မှုများသည့် မူဝါဒဆိုင်ရာ အရေးယူ ဆောင်ရွက်မှုမျိုးဖြစ်သည်။
အခြေခံပြည်သူများ စားဝတ်နေရေး ပိုမိုကျပ်တည်းလာသည်ကို ကြားသိလာရ သည်။ ထိုအတွက်ကြောင့် မူဝါဒချမှတ်မည့်သူများသည် ကိုဗစ်-၁၉ ကူးစက်မှု ကာကွယ်ထိန်းချုပ်ကုသမှုများကို အကောင်းဆုံးပြုလုပ်နိုင်မည့် မူဝါဒဆိုင်ရာ ဆောင်ရွက်ချက်များနှင့် ကူးစက်မှုကို ကာကွယ်ထိန်းချုပ်နိုင်ရန် ချမှတ်ထားသည့် ကန့်သတ်မှုများကြောင့် ဖြစ်ပေါ်လာသည့် စီးပွားရေးဆိုင်ရာ ရိုက်ခတ်မှုများကို အကောင်းဆုံးလျှော့ချနိုင်သည့် မူဝါဒဆိုင်ရာ ဆုံးဖြတ်ချက်များကို ချမှတ်ရတော့မည်ဖြစ်သည်။
လော့ဒ်ဒေါင်းသည် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် ထိခိုက်နစ်နာမှုကြီးမားပြီး လက်တွေ့မဆန်ဟုဆိုလျှင် ကျွန်ုပ်တို့အ နေနှင့် စဉ်းစားရမည်မှာ လော့ဒ်ဒေါင်းလည်းမလုပ်၊ ကူးစက်မှုကိုလည်း R0-1 အောက် ထိန်းထားပြီး စီးပွားရေး လုပ်ငန်းများ ပြန်လည်ပတ်နိုင်ရန် မည်သို့ဆောင်ရွက်မည်ဆိုသည်ကို ဖြစ်သည်။
ကိုဗစ်-၁၉ နှင့်ပတ်သက်ပြီး သုံးလကျော်၊ လေးလနီးပါးရှိလာပြီ ဖြစ်သည့်အတွက် နိုင်ငံတကာ အတွေ့အကြုံများကိုလည်း သင်ခန်းစာယူနိုင်ပြီဖြစ်သည်။ ထိုအတွက်ကြောင့် မြန်မာနိုင်ငံ၏ လက်ရှိကူးစက်ခံရသူ အရေအတွက်နှင့် ကူးစက်မှုနှုန်းသည် မများသေးဟု ယူဆလို့ရလျှင် ထိုအတိုင်း ဆက်လက်ထိန်းထား၍ စီးပွားရေးကို မည်သို့လုပ်ဆောင်မည်ဆိုသည့် ဆုံးဖြတ်ချက်များကို ချမှတ်ရမည်ဖြစ်သည်။
နိုင်ငံတကာ အတွေ့အကြုံများမှ မိမိတို့နိုင်ငံအတွက် သင်ခန်းစာယူနိုင်သည်များမှာတော့ အပြင်ထွက်သူတိုင်း နှာခေါင်းစည်း ဝတ်ဆင်ခြင်းဖြစ်သည်။ နိုင်ငံအားလုံး၏ ၂၅ ရာခိုင်နှုန်းကျော်သည် ယခုအခါ အပြင်ထွက်လျှင် နှာခေါင်းစည်း(masks)များ မဝတ်မနေရ သတ်မှတ်ထားသည်။ ထိရောက်မှုမှာလည်း အပြင်ထွက်သူအားလုံး၏ ၆၀ ရာခိုင်နှုန်း ဝတ်ဆင်ပါက ကူးစက်မှုနှုန်း R0 သည် ၁ မကျော်အောင် ထိန်းထားနိုင်ကြောင်း တွေ့ရသည်။ [4]အစိုးရက ပြည်သူများ အပြင်ထွက်လျှင် နှာခေါင်းစည်းဝတ်ဆင်ရန် တိုက်တွန်းနေသော်လည်း ယခုအခါ နှာခေါင်းစည်းမဝတ်လျှင် အပြင်ထွက်ခွင့်မရှိ၊ မဝတ်မနေရ လုပ်ရတော့မည့် အချိန်ရောက်ပြီဟု ယူဆနိုင်သည်။
ထပ်မံစဉ်းစားရမည့်အချက်မှာ သက်ကြီးရွယ်အိုများနှင့် ရောဂါအခံရှိသူများကို ကူးစက်မှုမခံရအောင် မည်သို့ အစီအမံများ၊ ညွှန်ကြားချက်များ ထုတ်ပြန်လုပ်ဆောင်မည်နည်းဆိုသည်ကို ဖြစ်သည်။ နိုင်ငံတကာမှ ထုတ်ပြန်သည့် ကိုဗစ်-၁၉ ကူးစက်မှုနှင့် သေဆုံးမှုနှုန်းများကို လေ့လာကြည့်သည့်အခါ အထိရှလွယ်ဆုံး အသက်အုပ်စုမှာ အသက် ၆၀ နှစ် အထက်များဖြစ်သည်။[5] နောက်ထပ်သေဆုံးနှုန်း အများဆုံးအုပ်စုမှာမူ သွေးတိုး၊ ဆီးချို၊ နှလုံး၊ ကင်ဆာရောဂါအခံရှိသူများ ဖြစ်သည်။ စာရေးသူ မကြာခင်က မိမိ၏ လူမှုကွန်ရက်စာမျက်နှာတွင် ထိုအကြောင်းကို အသေးစိတ်ရေးသားခဲ့သည်။[6] UNFPA အချက်အလက်များအရ မြန်မာနိုင်ငံတွင် အသက် ၆၀ နှင့်အထက် လူဦးရေ ၄ ဒသမ ၅သန်းခန့် ရှိပြီး သက်ကြီးရွယ်အို ငါးဦးတွင် တဦးသည် မိမိဝမ်းစာအတွက် အလုပ်လုပ်နေရသည်ဟု သိရသည်။ ထပ်မံပြီးလည်း မြန်မာနိုင်ငံကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် သက်ကြီးရွယ်အိုများသည် သားသမီးမြေးမြစ်များဖြင့် မိသားစုဝင်များသည့် သေးငယ်သည့်အိမ်များတွင် အတူနေထိုင်ရသည်။ အကျိုးဆက်အားဖြင့် ကူးစက်နိုင်ခြေများလျက်ရှိသည်။ ကူးစက်ခံရသူဦးရေ ၁၀၀ တွင် ၈၀ ရာခိုင်နှုန်းကျော်သည် ဆေးရုံတွင်တက်ရောက်ကုသမှုခံရန် မလိုဘဲ အခြေခံကျန်းမာရေးစောင့်ရှောက်မှုမျိုး (basic clinical care) လောက်သာလိုအပ်ပြီး ဆေးရုံတွင် ကုသရန်လိုအပ်သည့် လူနာအများစုမှာ သက်ကြီးရွယ်အိုများနှင့် ရောဂါအခံရှိသူများဖြစ်သည့်အတွက် ထိုအုပ်စုများကို အဓိကပစ်မှတ်ထား ကာကွယ်ပေးခြင်းသည် မဟာဗျူဟာကျသည့် ဆုံးဖြတ်ချက်လည်းဖြစ်မည်။ အသေးစိတ် ညွှန်ကြားချက်များနှင့် အကောင်အထည်ဖေါ်ဆောင်နိုင်မှု စွမ်းဆောင်ရည်သည် ထိုဆုံးဖြတ်ချက်အတွက် အဓိကကျမည်ဖြစ်သည်။
တတိယစဉ်းစားရန်မှာ စီးပွားရေးလုပ်ငန်းများကို ပြန်လုပ်ဆောင်ခွင့် ပေးမည်ဆိုလျှင် တိကျသည့်ညွှန်ကြားချက်များ ထုတ်ပြန်ရန်နှင့် လိုက်နာအောင်ဆောင်ရွက်ခြင်း ဖြစ်သည်။ စားသောက်ဆိုင်များအား ဖွင့်ခွင့်ပြုလျှင် physical distancing ခြောက်ပေအကွာကို မည်သို့ဆောင်ရွက်မည်နည်း၊ မိမိလက်ခံနိုင်သည့် ပမာဏပေါ် မူတည်၍ ဧည့်သည် မည်မျှအထိ ခွင့်ပြုမည်နည်း အစရှိသည်တို့ကို တိကျစွာ ထုတ်ပြန်ရန်လိုအပ်သည်။ အခြားလုပ်ငန်းများအတွက်လည်း အလားတူညွှန်ကြားချက်များ ထုတ်ပြန်ထားရမည်။ ရုံးများ၊ ကျောင်းများ(ဖွင့်ခဲ့လျှင်)၊ အများပြည်သူသယ်ယူပို့ဆောင်ရေးလုပ်ငန်းများအား မည်သို့လုပ်ဆောင်ရမည်ကို ညွှန်ကြားချက်များ ထုတ်ပြန် လိုက်နာစေရမည်။ ထိုသို့ ပြုလုပ်ပြီး စီးပွားရေးလုပ်ငန်းများကို ပြန်လည်လုပ်ကိုင်ခွင့်ပြုလျှင် စီးပွားရေးအရ ထိခိုက်နစ်နာမှုများ လျှော့ကျသွားနိုင်သည်။
စတုတ္ထအချက်စဉ်းစားရန်မှာ လက်ရှိကူးစက်ခံရသူများအား ဖေါ်ထုတ်စစ်ဆေး၊ ဆက်စပ်ခဲ့သူများအား စုံးစမ်းဖော် ထုတ်ပြီး သီးခြားကန့်သတ်နေသည့် mitigation measures များကို ပိုမိုထိရောက်အောင် မည်သို့ဆောင်ရွက် မည်ဆိုသည်ကို ဖြစ်သည်။ သတ်မှတ်ထားသည့် ညွှန်ကြားချက်များကို ဖောက်ဖျက်သူများကို မည်သို့ထိရောက်စွာ အရေးယူမည်ဆိုသည်ကို လုပ်ဆောင်ရန်လိုအပ်လာပြီဟု ယူဆသည်။
ထိုအချက်လေးချက်ကို နိုင်ငံတော်အနေဖြင့် ထိရောက်စွာလုပ်ဆောင်နိုင်လျှင် ကူးစက်ခံရသူ အရေအတွက် မများ သေးသည့် မြန်မာနိုင်ငံအနေဖြင့် ပညာရှင်များပြောဆိုနေသည့် ကိုဗစ်-၁၉ နှင့်အတူ ကခြင်း (Dancing with Covid-19)ကို ပျောက်ကင်းအောင် ကုသနိုင်သည့်ဆေးမတွေ့မခြင်း လော့ဒ်ဒေါင်းလည်းမလုပ်၊ ကူးစက်မှုနှင့် သေဆုံးမှုနှုန်းကိုလည်း ထိန်းသိမ်းနိုင်ပြီး ကျန်းမာရေးစနစ်၏ ဝန်ဆောင်မှုစွမ်းအားကို ပြိုလဲမသွားစေဘဲ ကုသနိုင်သည့်ဆေးပေါ်သည်ထိအောင် ဆောင်ရွက်သွားနိုင်မည်ဟု သုံးသပ်လိုက်ရပါသည်။ သို့သော်လည်း စီးပွားရေးလုပ်ငန်းများ၊ ခရီးသွားလာခြင်းများကို ပြန်လည်မဖွင့်မီ အရေးကြီးဆုံးမှာတော့ ယခုလက်ရှိ ဖြစ်ပွားနှုန်းနှင့် ကူးစက်မှုပုံစံများကို လေ့လာ၍ ကျန်းမာရေးပညာရှင်များမှ ဖြစ်နိုင်သည် မဖြစ်နိုင်သည်ကို သုံးသပ်ပေးရန် ဖြစ်သည်။ ကျန်းမာရေးပညာရှင်များနှင့် စီးပွားရေး၊ လူမှုရေးပညာရှင်များအကြား ဆွေးနွေးသုံးသပ်မှုများကလည်း အရေးကြီးသည့် အချက်ဖြစ်ပါသည်။ အစိုးရ၊ ပုဂ္ဂလိက၊ အရပ်ဘက်အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်ရေးသည်လည်း ပိုမိုအရေးကြီးသည့်အချိန်သို့ ရောက်ရှိလာပြီ ဖြစ်ပါသည်။
[1] Yi Huang, Cheng Lin et al (2020), “Saving China from the Coronavirus and Economic Meltdown: Experiences and Lessons”, (pp 77-91), Mitigating the Economic Crisis: Act Fast and Do Whatever It Takes
[2] Patrick GT Walker, Charles Whittaker, Oliver Watson et al. The Global Impact of COVID-19 and Strategies for Mitigation and Suppression. Imperial College London (26-03-2020), doi: https://doi.org/10.25561/77735.
[3] [3] Martin Ravallion (April 15, 2020), “Could Pandemic Lead to Famine?”, Project Syndicate. https://www.project-syndicate.org/commentary/covid19-lockdowns-threaten-famine-in-poor-countries-by-martin-ravallion-2020-04
[4] https://medium.com/@tomaspueyo/coronavirus-the-basic-dance-steps-everybody-can-follow-b3d216daa343
[5] Neil M Ferguson, Daniel Laydon, Gemma Nedjati-Gilani et al. Impact of non-pharmaceutical interventions (NPIs) to reduce COVID-19 mortality and healthcare demand. Imperial College London (16-03-2020), doi: https://doi.org/10.25561/77482.
[6] https://www.facebook.com/khine.win.1800/posts/10222173593793788
ဦးခိုင်ဝင်းသည် သန္ဓိ အုပ်ချုပ်စီမံမှုအဖွဲ့၏ အုပ်ချုပ်မှုဒါရိုက်တာဖြစ်သည်။ သန္ဓိအဖွဲ့သည် ပြည်သူ့ရေးရာ မူဝါဒရေးရာဖွံ့ဖြိုးရေးနှင့် ဒီမိုကရက်တစ်အုပ်ချုပ်စီမံမှု တိုးတက်ဖွံ့ဖြိုးရေးအတွက် ဦးတည်လုပ်ဆောင်လျက်ရှိသည်။
မြန်မာနိုင်ငံက အခုအချိန်မှာ လူပေါင်း ၁ ဒသမ ၇ သန်းကို ကာကွယ်ဆေး ထိုးနှံ ပြီး…
လော့ခ်ဒေါင်းချ ဆောင်ရွက်တဲ့ အခါမှာ ဆင်းရဲတဲ့အိမ်ထောင်စုတွေ၊ အလုပ်အကိုင် ဆုံးရှုံးသွားသူတွေ၊ ချို့တဲ့အားနည်းတဲ့ လူတွေအတွက်လည်း အဓိကစဉ်းစားပေးပြီး ကုစားရေး…
တရုတ်နိုင်ငံဟာ ကာကွယ်ဆေးကို အများကောင်းကျိုးအဖြစ် အသုံးပြုမယ်၊ မြန်မာနိုင်ငံစတဲ့ မိတ်ဖက်နိုင်ငံတွေကို ဦးစားပေးဖြန့်ဝေမယ် ဆိုတာဟာ စေတနာကောင်းရင်တောင် လက်တွေ့…
Discussion about this post