
မြန်မာနိုင်ငံနှင့် ကိုဗစ်ကာကွယ်ဆေး ထိုးနှံနိုင်မှု အလားအလာ
မြန်မာနိုင်ငံက အခုအချိန်မှာ လူပေါင်း ၁ ဒသမ ၇ သန်းကို ကာကွယ်ဆေး ထိုးနှံ ပြီး…
Medicine is a social science, and politics is nothing else but medicine on a large scale.
– Rudolf Virchow – (1848)
လူမှုသိပ္ပံအရေးပါသလား
ကပ်ရောဂါဘေးဟာ ကျန်းမာရေး အရေးပေါ် အခြေအနေတခုဖြစ်လို့ ကပ်ရောဂါတုံ့ပြန်မှုမှာ အရေးကြီးဆုံးက ရောဂါရှာဖွေရေး၊ ကာကွယ်ကုသရေးနဲ့ ထိန်းချုပ်နိုင်ရေး တို့ပဲဖြစ်ပါတယ်။ ဒီအတွက် ဆရာဝန်၊ သူနာပြုနဲ့ ဆေးဘက်ဆိုင်ရာ ပညာသည်များ၊ ပြည့်သူကျန်းမာရေး ဝန်ထမ်းများရဲ့ အခန်းကဏ္ဍဟာ အလွန်ပဲ အရေးပါပါတယ်။ တပြိုင်တည်းမှာလည်း ကပ်ရောဂါဘေးဟာ လူမှုဖြစ်ရပ်ကြီးတခု(social phenomenon) ဖြစ်ပါတယ်။ ကပ်ဘေးကြောင့် လူ့အဖွဲ့အစည်းအပေါ်မှာ သက်ရောက်မှု အမျိုးမျိုးရှိပါတယ်။ ကပ်ဘေးကာလမှာ ဖြစ်လာတဲ့ ကြောက်လန့်မှု၊ ခွဲခြားဆက်ဆံမှု၊ စိတ်ဖိစီးမှုနဲ့ လူမှုပဋိပက္ခတွေကို ကြည့်နိုင်ပါတယ်။ ကပ်ဘေးတုံ့ပြန်ရာမှာ လူ့အဖွဲ့အစည်းရဲ့ တုံ့ပြန်ပုံနဲ့ အပြုအမူတွေကို လေ့လာသုံးသပ်ပြီး ထည့်သွင်း စဉ်းစားနိုင်မှသာ ထိရောက်တဲ့ တုံ့ပြန်မှုရနိုင်မှာ ဖြစ်ပါတယ်။ ကပ်ဘေးဟာ အထွေထွေ အရေးတော်ပုံကြီး ဖြစ်တာကြောင့် whole of society approach လူ့အဖွဲ့အစည်း တစုံလုံးကို ရှုမြင်သုံးသပ်ပြီး ဆောင်ရွက်ဖို့ လိုအပ်ကြောင်း လမ်းညွှန်ထောက်ပြကြတာတွေ ရှိပါတယ်။ ဆေးပညာကို ဗဟိုချက်မှာထားပြီး ပညာရပ်အသီးသီး ပေါင်းစပ်ချဉ်းကပ်မှသာ ပြည့်စုံတဲ့ ရှုမြင်ပုံ၊ မူဝါဒရွေးချယ်မှုနဲ့ လက်တွေ့လုပ်ဆောင်မှုမှာ ထိရောက်တဲ့ ရလဒ်တွေရမှာ ဖြစ်ပါတယ်။ ဒီဆောင်းပါးမှာတော့ ကပ်ဘေးလူမှုသိပ္ပံ (Epidemic Social Sciences) ရှုမြင်ပုံနဲ့ သုတေသနတွေရဲ့ အရေးပါပုံကို ဆွေးနွေးတင်ပြလိုပါတယ်။
လူမှုသိပ္ပံအားအသုံးပြုခြင်း
လူမှုသိပ္ပံလို့ပြောရင် ကျယ်ပြန့်တဲ့ အဝန်းအဝိုင်းကြီးကို ဆိုလိုချင်ပါတယ်။ မူလလူမှုသိပ္ပံများဖြစ်တဲ့ မနုဿဗေဒ၊ လူမှုဗေဒ၊ နိုင်ငံရေးသိပ္ပံ၊ စိတ်ပညာ စတဲ့ ဘာသာရပ်တွေပါဝင်သလို၊ အသုံးချလူမှုသိပ္ပံများဖြစ်တဲ့ ပြည်သူ့ရေးရာဝါဒပညာ၊ ဖွံ့ဖြိုရေးပညာ၊ ကျားမရေးရာ လေ့လာမှုပညာ၊ လူမှုစောင့်ရှောက်မှုပညာ စတာတွေလည်း ပါဝင်ပါတယ်။ လက်ရှိ ကျနော်တို့နိုင်ငံမှာ လက်တွေ့ ဆောင်ရွက်မှုမှာရော၊ နည်းပညာပိုင်းမှာပါ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက တာဝန်ယူ ဆောင်ရွက်နေတယ်လို့ နားလည်ပါတယ်။ လူထုနဲ့ဆက်ဆံဆောင်ရွက်မှု၊ ကပ်ဘေးတုံ့ပြန်မှုမှာ ကာကွယ်ရေး နည်းလမ်းတွေကို ဆက်သွယ် အသိပေးမှုနဲ့ ထိန်းချုပ်ရေး နည်းလမ်းဖြစ်တဲ့ ကွာရင်တင်း စတဲ့ လုပ်ငန်းတွေကို ဆောင်ရွက်ရာမှာတော့ ကျန်းမာရေးအပြင် အုပ်ချုပ်ရေးဌာနနဲ့ အခြားဌာနဆိုင်ရာများ၊ ရပ်ရွာအဖွဲ့အစည်းနဲ့ လုပ်အားပေးများ စတာတွေနဲ့ ဆောင်ရွက်ရတာ ဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်ရာမှာ လူထုရဲ့ ခံစားမှု၊ အပြုအမူနဲ့ အလေ့အထတွေကို ဘယ်လိုထည့်သွင်း စဉ်းစားမလဲ ဆိုရာမှာတော့ နည်းပညာဆိုင်ရာ အထောက်အကူပြုမှု၊ လေ့လာသုံးသပ်မှုတွေ မတွေ့ရဘူးဖြစ်နေပါတယ်။ လက်ရှိ ကျနော်တို့နိုင်ငံရဲ့ တုံ့ပြန်မှုလုပ်ငန်းစဉ်မှာ နည်းပညာအသီးသီးရဲ့ ပံ့ပိုးဆောင်ရွက်မှု လိုအပ်နေပါတယ်။
ကပ်ရောဂါမှာ လူမှုသိပ္ပံပညာရပ် ချဉ်းကပ်အသုံးပြုဖို့ အရေးကြီးဆုံးကဏ္ဍကတော့ Risk Communication and Community Engagement ပဲ ဖြစ်ပါတယ်။ WHO ကသတ်မှတ်တဲ့ ကပ်ရောဂါတုံ့ပြန်မှုနဲ့ ပြင်ဆင်ခြင်းဆိုင်ရာ မဏ္ဍိုင်ရှစ်ခုထဲက တခုအပါအဝင်ဖြစ်ပါတယ်[1]။
Epidemiology လို့ခေါ်တဲ့ ကပ်ရောဂါဗေဒက ရောဂါပိုးဟာ လူထုကြားမှာ ဘယ်လိုရွေ့လျားပြီး ပျံ့နေသလဲဆိုတဲ့ (Disease Population Dynamics) ကိုလေ့လာပါတယ်။ ပျံ့နှံ့ပုံကို သက်ရောက်တဲ့ အချက်များက ဘာတွေလဲဆိုတာ လေ့လာဖော်ထုတ်ကြပါတယ်။ တွေ့ရှိချက်တွေအရ အန္တရာယ်ရှိတဲ့ အပြုအမူတွေထွက်လာပါတယ်။ ဥပမာ ကိုဗစ်-၁၉ ရောဂါမှာဆိုရင် ခွာခွာနေဖို့နဲ့ ကွာရင်တင်းနေထိုင်မှု လော့ဒေါင်းအခြေအနေ စတာတွေပဲဖြစ်ပါတယ်။ တပြိုင်တည်းမှာ ရောဂါပျံ့နှံ့မှု risk နဲ့အတူပါလာတာက social risk များဖြစ်ပါတယ်။ သတင်းမှားတွေ ပျံ့နှံ့မှုနဲ့ လူမှုမတည်ငြိမ်မှုတွေကို ရောဂါနှိမ်နင်းရေးအပေါ်မှာ လူထုရဲ့ ပြန်လည်တုံ့ပြန်ပုံတွေနဲ့ လေ့လာဖော်ထုတ်ကြရပါတယ်။
နောက်တခါ ရှေ့တန်းလုပ်ဆောင်သူများ ကြုံတွေ့ရတဲ့ အခက်အခဲတွေကို နည်းပညာ အကြံပေးတာ၊ တုံ့ပြန်လုပ်ဆောင်မှုများနဲ့ ပတ်သက်ပြီး လူထုအပြု အမူအချက်အလက်တွေ (social and behavioral data) ကောက်ခံတာ၊ ပုံမှန် လူထုလူတန်းစားအပြင် သီးခြားလူမှုအုပ်စုတွေရဲ့ social dynamics တွေ၊ ဖယ်ကြဉ်ခံရမှုနဲ့ ထိခိုက်လွယ်မှု(Vulnerability) တွေ ဖော်ထုတ်တာမျိုးတွေ ဖြစ်ပါတယ်။ နောက်တခါ စစ်ဘေး ရှောင်စခန်းများ၊ LGBT အုပ်စုများ၊ မသန်စွမ်းနဲ့ သက်ကြီးရွယ်အိုများ၊ ဝေလံသီခေါင်တဲ့ လူမျိုးစုငယ်များ စတာတွေနဲ့ ထူးခြားတဲ့ အခြေအနေတွေကို လေ့လာဖော်ထုတ်တာမျိုး ဖြစ်ပါတယ်။
ကပ်ဘေးကာလမှာ လူတွေရဲ့ စိုးရိမ်ပူပန်မှုတွေနဲ့ အမုန်းစကား ပျံ့နှံ့မှုတွေ၊ လူတွေရဲ့ ရွေးချယ်မှု ပုံစံတွေကို လေ့လာဖို့လည်းလိုပါတယ်။ ဥပမာ ကွာရန်တင်းအခြေအနေမှာ လူတွေရဲ့ တုံ့ပြန်မှု ‘reactance’ တွေကို လေ့လာခြင်းအားဖြင့် ကောင်းမွန်တဲ့ လိုက်နာမှုတွေကို တွန်းအားပေးနိုင်တဲ့ အချက်တွေနဲ့ စိတ်ပိုင်းနဲ့လူမှုထောက်ကူမှု (Psychosocial Support)နဲ့ နှစ်သိမ့်ဆွေးနွေးမှုတွေ (Counselling) လုပ်ရာမှာ ထိရောက်တဲ့ လမ်းညွှန်မှုတွေ ပေးနိုင်မှာဖြစ်ပါတယ်။
ကျနော်တို့နိုင်ငံရဲ့ လက်ရှိ ကပ်ဘေးတုံ့ပြန်မှုများမှာ Risk Communication နဲ့ Risk Society ဆိုင်ရာ စဉ်းစားမှုများ မရှိတာတော့ မဟုတ်ပါဘူး။ ကျန်းမာရေးပညာပေးများကို တိုင်းရင်းသား ဘာသာစကားအလိုက် ထုတ်ပြန်တာ၊ လူမှုတုံ့ပြန်မှုတွေကို ကြေညာချက် ထုတ်ပြန်တာ၊ နိုင်ငံအကြီးအကဲနဲ့ အောက်ခြေပြည်သူတွေအကြား စကားပြော အစီအစဉ်တွေ လုပ်ဆောင်တာတွေရှိပါတယ်။ ဒါတွေကတော့ Macro လို့ခေါ်တဲ့ အပေါ်စီးကနေကြည့်ပြီး ဆောင်ရွက်ချက်တွေ ဖြစ်ပါတယ်။ ဒါပေမဲ့ မြေပြင်ဖြစ်ပေါ်နေတဲ့ လူမှုအခြေအနေများနဲ့ တုံ့ပြန် ဆောင်ရွက်နိုင်မယ့် အဖြေများ (Micro Solution) လည်း လိုအပ်မှာဖြစ်ပါတယ်။
မျဉ်းကွေးအောက်က ပြဿနာ
ကပ်ရောဂါပြန့်ပွားမှု ထိန်းချုပ်ရေနဲ့ပတ်သက်ပြီး ခေတ်စားတဲ့ စကားတခုရှိပါတယ်။ အဲဒါကတော့ “Flattening the Curve” ဆိုတဲ့စကားပဲဖြစ်ပါတယ်။ သောမတ်ဂျက်ဖာဆင်တက္ကသိုလ်က ပညာရှင် Drew Harris က စတင်သုံးစွဲခဲ့တာဖြစ်ပါတယ်[2]။ ပုံမှာကြည့်ရင် မျဉ်းကွေးနှစ်ခုကို တွေ့ရမှာဖြစ်ပါတယ်။
ပထမ မတ်စောက်တဲ့မျဉ်းကတော့ ကာကွယ်ရေး နည်းလမ်းများဖြစ်တဲ့ လက်ဆေးခြင်း၊ ခွာခွာနေခြင်း စတာတွေကို မဆောင်ရွက်ရင် ရောဂါပိုးပျံ့နှံ့မှု ထိုးတက်သွားမှာကို ပြတာဖြစ်ပါတယ်။ ဒုတိယ မျဉ်းကွေးကိုကြည့်ရင်တော့ ကျန်းမာရေး စနစ်ဘောင်အတွင်းမှာ ကာကွယ်ရေး နည်းလမ်းများကို စနစ်တကျ လိုက်နာရင် အချိန်တခုအကြာမှာ ရောဂါဟာ တဖြည်းဖြည်းချင်း လျော့နည်း ပပျောက်သွားမှာ ဖြစ်တယ်ဆိုတာကို ပြတာဖြစ်ပါတယ်။
ဒီနေရာမှာ ဘာမင်ဂမ်တက္ကသိုလ်က ပါမောက္ခ Heather Marquette သုံးသပ်ချက်[3]ကို ကိုးကားလိုပါတယ်။ သူက ‘မျဉ်းကွေးအောက်မှာ အက်ကြောင်းများ’ ရှိတယ်လို့ ဆိုပါတယ်။ တနည်းပြောရင်တော့ ရောဂါပိုးပျံ့နှံ့မှုကို ထိန်းချုပ်ဖို့ ကြိုးစားတဲ့အခါ ရှိရင်းစွဲ အခြေအနေတွေကို မမေ့လျော့သင့်ကြောင်း ထောက်ပြပါတယ်။ မညီမျှမှု၊ ပဋိပက္ခအခင်းကျင်းနဲ့ ထိခိုက်လွယ်မှု အခြေအနေတွေဟာ ကပ်ဘေးမျဉ်းအောက်က အက်ကွဲကြောင်းများ ဖြစ်ပါတယ်။ အရေးပေါ်အခြေအနေမှာ လုပ်တဲ့လုပ်ဆောင်ချက်တွေ (Emergency measures) တွေဟာ ရောဂါနှိမ်နင်းဖို့နဲ့ ထိန်းချုပ်ဖို့တော့ အထောက်အကူဖြစ်မှာဖြစ်ပေမဲ့ ရှိရင်းစွဲ မူလအခြေအနေများကို ထည့်သွင်း မစဉ်းစားရင် မျဉ်းကြောင်းဟာ အောက်ကိုကျွံကျသွားမှာ ဖြစ်တယ်လို့ဆိုပါတယ်။ ကိုဗစ်-၁၉ ဖိအားကြောင့် နဂိုအက်ကွဲနေတဲ့ လူ့အဖွဲ့အစည်းမှာ လူမှုပေါက်ကွဲမှုများ (Social Disruption) ဖြစ်ပေါ်နိုင်ကြောင်း တင်ပြပါတယ်။ လူမှုအကြောင်းခြင်းရာ (Social Factor) ကို ကပ်ဘေးတုံ့ပြန်ရာမှာ ထည့်သွင်းစဉ်းစားခြင်းဖြင့် အက်ကြောင်းများ ရှာဖွေဖော်ထုတ်ခြင်းနဲ့ အဖြေများကို ဖော်ထုတ်နိုင်မှာဖြစ်ပါတယ်။
မြန်မာနိုင်ငံ၏အခြေအနေအား လူမှုဗေဒအမြင်ဖြင့် လေ့လာကြည့်ခြင်း
မြန်မာနိုင်ငံရဲ့ ကိုဗစ်-၁၉ ဖြစ်စဉ်များကိုကြည့်ရင် လူမှုသိပ္ပံ ရှုထောင့်ကနေ အရေးကြီးတဲ့ကိစ္စနှစ်ခုလောက်ကို ထုတ်နုတ်ပြချင်ပါတယ်။
ကြောက်လန့်ခြင်းပုံစံများ – ကိုဗစ် positive စတွေ့ပြီဆိုပြီး ကောလာဟလ စတက်လာလာချင်းမှာ panic buying လို့ခေါ်တဲ့ ကြောက်ဈေးဝယ်မှုတွေ စဖြစ်လာပါတယ်။ ရန်ကုန်မြို့ရဲ့ ဆူပါမားကတ်တွေမှာ လူအုန်းအုန်းကျွက်ကျွက်တန်းစီပြီး ဈေးဝယ်ကြတာကိုကြည့်ရင် ရောဂါပိုးရှိကူးစက်ခံရမှု ပိုဖြစ်နိုင်တယ် ဆိုတာမျိုးထက် တခုခုဖြစ်လာခဲ့ရင် ပိတ်မိပြီး စားစရာမရှိမှာ စိုးရိမ်တာကို တွေ့ရပါတယ်။ ဒီရွေးချယ်စဉ်းစားမှုတွေဟာ အတိတ်ဖြစ်စဉ်များနဲ့ အတွေ့အကြုံများကို အခြေခံစဉ်းစားမိမှုများနဲ့ အများကြီးဆက်စပ်ပါတယ်။ ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံနဲ့ နာဂစ်မုန်တိုင်း အတွေ့အကြုံတွေအရ အရေးပေါ်တခုခုဆိုတာနဲ့ အိမ်ထဲကအိမ်ပြင် ထွက်ခွင့်မရရင် ဘယ်လိုလုပ်မလဲဆိုတာ အရင်ဦးဆုံး စဉ်းစားမိတာဖြစ်ပါတယ်။ လက်ရှိမှာလည်း လူတွေရဲ့စိုးရိမ်ပူပန်မှုကို အကြမ်းဖျင်းကြည့်ရင် ရောဂါကူးစက်ခံရမှာထက် လော့ခ်ဒေါင်းမိမှာ စိုးရိမ်နေကြတာကိုတွေ့နိုင်ပါတယ်။ လူထုကြားမှာ ‘ကပ်ဘေး’ ကို ‘အရေးအခင်း’ ဆိုတာမျိုးနဲ့ ဆက်စပ် စဉ်းစားတာကို တွေ့ရမှာဖြစ်ပါတယ်။ ကပ်ရောဂါဆိုင်ရာ မနုဿဗေဒပညာရှင် Melissa Leach ရဲ့စကားကို ဆီလျော်အောင် ပြန်တင်ပြရရင် “ကပ်ရောဂါ အခြေအနေတွေဟာ လူ့အဖွဲ့အစည်းရဲ့ ရှိရင်းစွဲ စိုးရိမ်ပူပန်မှုတွေကို အားကောင်းစေတဲ့ အခွင့်အလမ်းသဖွယ် ဖြစ်တယ်” လို့ဆိုပါတယ်။ ကြောက်လန့်ခြင်းပုံစံတွေ(Panic Pattern) ကို လူမှုသိပ္ပံရှုထောင့်အရ ထည့်သွင်း စဉ်းစားခြင်းဖြင့် တုံ့ပြန်မှုတွေမှာ ဖြစ်လာနိုင်ချေတွေကို မှန်းဆကြည့်နိုင်မှာ ဖြစ်ပါတယ်။
တုံ့ပြန်မှုပုံစံများ – ကိုဗစ်-၁၉ ရောဂါနှိမ်နင်းရေးကို လက်တွေ့ လုပ်ဆောင်ရတဲ့ အောက်ခြေဝန်ထမ်းတွေ အနေနဲ့ ပြည်သူလူထုရဲ့ တန်ပြန် တုံ့ပြန်မှုအမျိုးမျိုကို ရင်ဆိုင်ကြရပါတယ်။ စနစ်တကျ သုတေသနတွေမရှိပေမဲ့ လူမှုမီဒီယာတွေမှာ တွေ့မြင်ရတဲ့အချက်တွေ ရှိပါတယ်။ အိမ်ထဲမှာနေဖို့ ပညာပေးတဲ့အခါ ရန်လိုမှုနဲ့ လိုက်နာမှုမရှိတာတွေ ရှိပါတယ်။ တချို့ဒေသမှာဆို အကြမ်းဖက်ဖြစ်စဉ်များလည်း ရှိပါတယ်။ ဒါတွေဟာ အက်ကြောင်းတွေပဲ ဖြစ်ပါတယ်။ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်မှာ ထိုင်းနယ်စပ်ဂိတ်တွေကနေ အလုံးအရင်းနဲ့ ဝင်ရောက်လာတဲ့ ရွှေ့ပြောင်းလုပ်သားတွေကို လက်မခံဖို့ ပြောဆိုခဲ့တာ တွေ့ရပါတယ်။ ကိုဗစ် positive Case လူနာတွေကို တီးတိန်ကနေ ကလေးမြို့ဆေးရုံကို ပို့ဖို့ကိစ္စမှာ မြို့ခံတွေက လက်မခံတဲ့ ကိစ္စတွေလည်း တွေ့မြင်ရပါတယ်။ ဒီလိုခွဲခြားဆက်ဆံခြင်းပုံစံ(Discrimination Pattern) တွေဟာလည်း လူမှုသိပ္ပံရှုထောင့်အရ အလွန်စိတ်ဝင်စားစရာ ခေါင်းစဉ်တွေပဲ ဖြစ်ပါတယ်။ နောက်တခါ ဒေသပုံပြင်များ (Local Narratives) များဖြစ်ပါတယ်၊ တချို့ဒေသတွေမှာတော့ ပူးပေါင်း ဆောင်ရွက်မှုကောင်းပြီး တချို့ဒေသမှာ ပူးပေါင်း ဆောင်ရွက်မှု မကောင်းလဲဆိုတာ လေ့လာကြည့်သင့်ပါတယ်။
ဒီထက်ပိုမိုတဲ့ ကိစ္စတွေအများကြီး ရှိနိုင်ပါသေးတယ်။ ကွဲအက်လွယ်တဲ့ ကျနော်တို့လူအဖွဲ့အစည်း(Fragile Society) မှာ အက်ကြောင်းတွေလည်း အများအပြားရှိနေမှာဖြစ်ပါတယ်။ ဒါကြောင့် ကပ်ဘေးတုံ့ပြန်မှုမှာ လူမှုသက်ရောက်မှုနဲ့ လူ့အဖွဲ့အစည်းဖြစ်စဉ်တွေကို စနစ်တကျ လေ့လာသုံးသပ်တာ၊ စောင့်ကြည့်တာတွေ ဆောင်ရွက်ဖို့လိုကြောင်း တင်ပြလိုပါတယ်။ လူမှုလေ့လာမှုနဲ့ အချက်အလက်တွေဟာ အမြဲတမ်းတော့ အသုံးတည့်ချင်မှ တည့်ပါလိမ့်မယ်။ ဒါပေမဲ့ ကိန်းဂဏန်းတွေကိုချည်း အားကိုးလို့လည်း မဖြစ်နိုင်ပါဘူး။ လူသားကဏ္ဍ (Human Dimension) ကိုထည့်သွင်းစဉ်းစားဖို့လိုပါမယ်။
လူမှုသုတေသနနည်းနာနှင့် အချက်အလက်များ
ကပ်ရောဂါနဲ့ပတ်သက်တဲ့ တုံ့ပြန်မှုများမှာ အချက်အလက် ဆိုတာလို့ပြောရင် Hard Evidence ဆိုတဲ့ ရောဂါကူးစက်ခံရသူဦးရေ၊ သံသယလူနာဦးရေ အစရှိတဲ့ ကိန်းဂဏန်း(number) တွေကို အဓိကမြင်ကြပါတယ်။ ဇယားတွေ၊ ပုံတွေ၊ ဂရပ်တွေကို ပြေးမြင်ကြမှာပါပဲ။ ဒါတွေက လေ့လာဆန်းစစ်ဖို့လည်း ပိုမိုလွယ်ကူပါတယ်။ အရေးလည်းကြီးပါတယ်။ ဒါပေမဲ့ Societal Context နဲ့ဆိုင်တဲ့ အချက်အလက်တွေ၊ လူမှုသုတေသနနဲ့ ကိန်းဂဏန်းတွေ(Social Research & Qualitative Data)ကလည်း အရေးကြီးပါတယ်။
လူမှုသုတေသနရဲ့ အသုံးဝင်ပုံကို ဥပမာတခု ပေးချင်ပါတယ်။ မကြာသေးမီက နိုင်ငံတော်အစိုးရက ဦးဆောင်တဲ့ ဆန်၊ ဆီ စတဲ့ အခြေခံ စားသောက်ကုန်တွေကို ဝေပေးတဲ့ အစီအစဉ် လုပ်ခဲ့ပါတယ်။ ဆင်းရဲနွမ်းပါးသူနဲ့ လက်လုပ်လက်စား စတဲ့ ထိခိုက်လွယ်တဲ့ သူတွေကို သတ်မှတ်ရာမှာ နိုင်ငံတော်အစိုးရက သတ်မှတ်ချက် (Criteria)ထုတ်ပြန် ဆောင်ရွက်ပါတယ်။ ဒီသတ်မှတ်ချက်တွေဟာ မြို့ပြအနေအထားမှာ အဆင်ပိုပြေနိုင်ပေမယ့် ကျေးလက်တွေမှာ အသုံးပြုတဲ့အခါမှာတော့ အခက်အခဲ ရှိပါတယ်၊ လိုအပ်တဲ့သူတွေမရတဲ့ ကိစ္စတချို့နဲ့ မကျေလည်မှု တချို့ ကြားရပါတယ်။ လူမှုသုတေသနမှာ အသုံးပြုတဲ့ နည်းတခုဖြစ်တဲ့ အများပူးပေါင်းပါဝင်တဲ့နည်းနာ(Participatory Rural Appraisal) နည်းလမ်းထဲက တခုဖြစ်တဲ့ Wealth Ranking လို့ခေါ်တဲ့ နည်းလမ်းဟာ အများပါဝင်ပြီး ရပ်ရွာထဲမှာ ဆင်းရဲနွမ်းပါးတဲ့ အိမ်ထောင်စုတွေကို ဖော်ထုတ်နိုင်တဲ့ ပုံစံဖြစ်လို့ အလွန်ထိရောက်တဲ့ ပုံစံတခုဖြစ်ပါတယ်။
နောက်တခါ ကိုဗစ်-၁၉ နဲ့ ပတ်သက်ပြီး လူထုကြားမှာ ဘာတွေ ပြောဆိုနေသလဲဆိုတဲ့ Narrative analysis လို့ ဆိုတဲ့ ပြောစကားတွေကို လေ့လာချက်၊ Life Event analysis ဆိုတဲ့ ပုဂ္ဂိုလ်လိုက် အတွေ့အကြုံကို စနည်းနာတဲ့ လေ့လာချက်၊ ဥပမာ Quarantine ပြီးသွားတဲ့ လူနာတွေရဲ့ ကွာရန်တင်း ၁၄ ရက် အတွေ့အကြုံတွေကို လေ့လာတာမျိုး၊ အပြုအမူနဲ့ ပတ်သက်ရင်လည်း ကောင်းတဲ့ အပြုအမူတွေကို တွန်းအားပေးတာတွေက ဘာလဲဆိုတဲ့ လေ့လာချက်တွေ (ဥပမာ လက်ဆေးတဲ့ အပြုအမူတွေကို ဘာကြောင့်ကျင့်သုံးလဲ၊ ဘာကြောင့်လဲ) စတာတွေ ဖြစ်ပါတယ်။ နောက်တခါ Social Institution & Network Analysis လို့ခေါ်တဲ့ ဒေသ အဖွဲ့အစည်းများနဲ့ ကွန်ရက်များ၊ ဥပမာ လွှမ်းမိုးမှုရှိတဲ့ ပုဂ္ဂိုလ်တွေနဲ့ အဖွဲ့အစည်းတွေကို လေ့လာချက်များ (ဘုန်းတော်ကြီး၊ အသင်းတော်များ၊ လူထုခေါင်းဆောင်များ၊ လက်နက်ကိုင် အဖွဲ့အစည်းများ)၊ ဓလေ့ထုံးတမ်းနဲ့ ဘာသာစကား အခြေအနေ စတာတွေနဲ့ပတ်သက်တဲ့ အချက်အလက်တွေ စတာတွေကလည်း အရေးကြီးမှာ ဖြစ်ပါတယ်။ ဒီလေ့လာချက်မျိုးဟာ လက်တွေ့ ကွင်းဆင်း ဆောင်ရွက်ရာမှာ အလွန်အသုံးတည့်နိုင်ပါတယ်။
ဒီအချက်အလက်တွေဟာ ကိန်းဂဏန်းတွေလောက် မမြင်သာပေမဲ့ အရေးကြီးတဲ့ လေ့လာချက်တွေ ဖြစ်ပါတယ်။ လူမှုသိပ္ပံ ရှုထောင့်လေ့လာမှုနဲ့ သုတေသနတွေဟာ ကပ်ဘေးအတွင်း သင်ယူမှု (Learning) နဲ့ ကပ်ဘေးတုံ့ပြန်မှု ထိရောက်မှု ရှိမရှိ လေ့လာဆန်းစစ်မှုတွေ (Effectiveness) တွေအတွက်လည်း အရေးကြီးမှာဖြစ်ပါတယ်။ Formative Research ဆိုတဲ့ လက်တွေ့ဆောင်ရွက်မှုများ ထိရောက်မှုရှိမရှိ သုတေသနများ ဆောင်ရွက်နိုင်ပါတယ်။ အစိုးရရဲ့ တုံ့ပြန်မှုနဲ့ပတ်သက်ပြီး ဘယ်လိုမြင်သလဲဆိုတဲ့ (public opinion)နဲ့ ဘယ်လိုလုပ်ရင်ပိုကောင်းမလဲဆိုတဲ့(Community Feedback)၊ ကပ်ရောဂါ ဘယ်လောက်ကြာမယ် ထင်သလဲ၊ ရပ်ရွာမှာ ဘာတွေ ပြောင်းလဲသွားမလဲစတဲ့(Community Perception) စတာတွေကို အစိုးရရဲ့ တုံ့ပြန်မှုတွေမှာ ပေါင်းစပ်နိုင်ရင် အများကြီး အကျိုးရှိမယ် ထင်ပါတယ်။
မည်သည်တို့ ဆောင်ရွက်ရန်လိုမည်နည်း
ကပ်ရောဂါဘေး တုံ့ပြန်မှုမှာ သိပ္ပံပညာ(Scientific Response)အားဖြင့် တုံ့ပြန်မှုဟာ အရေးကြီးပါတယ်။ သိပ္ပံတုံ့ပြန်မှုလို့ ပြောရင် ဓာတ်ခွဲခန်းများကို ပြေးမြင်ကြမှာပါပဲ။ ကာကွယ်ဆေးနဲ့ ကုသရေးရှာဖွေမှုတွေမှာ ဆေးသိပ္ပံ ပညာရပ်ဟာ အရေးကြီးသလို လူမှုတုံ့ပြန်မှုနဲ့ လူ့အဖွဲ့အစည်း တစုံလုံးကို ခြုံငုံရှုမြင်ရာမှာ လူမှုသိပ္ပံ ချဉ်းကပ်မှုများဟာ အရေးပါပါတယ်။ ဒါဟာ မေ့လျော့နေတဲ့ အခန်းကဏ္ဍလည်း ဖြစ်ပါတယ်။ ဒီနှစ်ခုကို ပေါင်းစပ်ဖို့ လိုပါတယ်။ လက်ရှိ ကိုဗစ်-၁၉ တုံ့ပြန်မှုများမှာ လူမှုသိပ္ပံချဉ်းကပ်မှုတွေ ဆောင်ရွက်နိုင်ဖို့ အကြံပြုချက်တချို့ကို တင်ပြလိုပါတယ်။
ပထမအချက်ကတော့ ကပ်ဘေး တုံ့ပြန်မှုတခုလုံးမှာ လူမှုသိပ္ပံရှုထောင့်ကို ထည့်သွင်းဖို့ဖြစ်ပါတယ်။ တစုံလုံးအမြင်နဲ့ ကြည့်ဖို့ဖြစ်ပါတယ်။ အစိုးရနဲ့ အဖွဲ့အစည်းအသီးသီး တုံ့ပြန်ဆောင်ရွက်ကြတဲ့ ဇာတ်ကောင် အသီးသီးအနေနဲ whole-of-society approach ကို ကျင့်သုံးကြဖို့ ဖြစ်ပါတယ်။ ကပ်ဘေးတုံ့ပြန်မှုမှာ ကပ်ရောဂါတုံ့ပြန်မှုအပြင် စီးပွားရေး သက်ရောက်မှုတွေကို ထည့်သွင်း စဉ်းစားလာတာတော့ တွေ့ရပါတယ်။ ဒါပေမဲ့ လူ့အဖွဲ့အစည်းနဲ့ လူမှုစီးပွား အဆောက်အအုံ (Social Structure) တခုလုံးကို မြင်ကြည့်ပြီး ကိုဗစ်အလွန် လူ့အဖွဲ့အစည်းကို ဘယ်လိုတည်ဆောက်မလဲ ဆိုတဲ့ကိစ္စပါပဲ။ ဒီနေရာမှာ မညီမျှမှု ပြဿနာတွေ၊ ပဋိပက္ခအခင်းအကျင်းနဲ့ ထိခိုက်လွယ်မှုတွေ၊ ဂေဟစနစ်နဲ့ သဘာဝပတ်ဝန်းကျင်ကိစ္စတွေ၊ လူမှုနေထိုင်မှုပုံစံတွေ စတာတွေကို ထည့်သွင်းဖို့ဖြစ်ပါတယ်။ ဒါတွေဟာ ချက်ချင်းလက်ငင်း အရေးမကြီးဘူးလို့ ပြောနိုင်ပါတယ်။ ဒါပေမဲ့ လက်ရှိ လုပ်ဆောင်ချက်တွေမှာ ကျယ်ပြန်တဲ့ အမြင်နဲ့ မဆောင်ရွက်မိရင် ပိုမိုဆိုးရွားတဲ့ အနာဂတ်ကို ကြုံရနိုင်ပါတယ်။ ကိုဗစ်-၁၉ ဟာ ရေရှည် တိုက်ပွဲဖြစ်တာကြောင့် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးဆိုင်ရာ ရှုထောင့်အသီးသီးက တုံ့ပြန်ဆောင်ရွက်နိုင်ဖို့ ပြင်ပကပညာရှင်တွေကို ဖိတ်ခေါ် ဆောင်ရွက်သင့်ပါတယ်။ ပြီးခဲ့တဲ့ ISP-Myanmar Special Series အမှတ်- ၁ မှာ ဆောင်းပါးရှင် ဦးဝင်းမျိုးသူက ကိုဗစ်-၁၉ တိုက်ဖျက်ရေးမှာ Technical Task Force နည်းပညာအဖွဲ့ လိုအပ်ကြောင်း ထောက်ပြခဲ့ပါတယ်။ ပညာရပ် ကဏ္ဍပေါင်းစုံပါဝင်တဲ့ နည်းပညာ အကြံပေးအဖွဲ့ ထားရှိဖို့ စဉ်းစားစေလိုပါတယ်။ ဗြိတိန်နိုင်ငံမှာဆိုရင် Scientific Advisory Group for Emergencies (SAGE) ဆိုတာရှိပါတယ်။ ကိုဗစ်ကိစ္စဟာ လတ်တလောနဲ့ ရေရှည်အပြိုင် စိန်ခေါ်မှုတရပ်ဖြစ်လို့ ထူးထူးကဲကဲ ပူးပေါင်းဆောင်ရွက်တဲ့ အသိပညာတွေ လိုအပ်မှာဖြစ်ပါတယ်။
ဒုတိယအချက်က အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ဖြစ်ပါတယ်။ လက်ရှိမှာတော့ အရပ်ဘက်အားကို အလှူငွေနဲ့ လုပ်အားပေးဝန်ထမ်းတွေ အဖြစ် အသုံးပြုတာတော့ တွေ့ရပါတယ်။ ဒါပေမဲ့ နည်းပညာပိုင်း ပူးပေါင်းဆောင်ရွက်တဲ့ ကိစ္စတွေတော့ မတွေ့ရသေးပါဘူး။ လူမှုသုတေသနများ ဆောင်ရွက်ခြင်း၊ ထိခိုက်လွယ်တဲ့ အုပ်စုများဖော်ထုတ်ခြင်း၊ ကျား၊ မရေးရာ သက်ရောက်မှုများ ဆန်းစစ်ခြင်းနဲ့ လူထုဆက်ဆံရေးကိစ္စတွေမှာ အရပ်ဘက် အဖွဲ့အစည်းတွေမှာ အသိပညာနဲ့ အတွေ့အကြုံ များစွာရှိပါတယ်။ ဒါတွေကို အသုံးပြုနိုင်ရင် တုံ့ပြန်မှုတွေမှာ ပိုမိုထိရောက် အောင်မြင်မှာ ဖြစ်ပါတယ်။
တတိယအချက်က ရေရှည်သဘောဆောင်တဲ့ တိုက်တွန်းချက်ဖြစ်ပါတယ်။ ကျနော်တို့နိုင်ငံမှာ လူမှုသိပ္ပံကို ကျယ်ပြန်တဲ့ မူဝါဒနဲ့ မဟာဗျူဟာတွေမှာ အသုံးချနိုင်ဖို့ ပိုပြီးအရေးကြီးလာမှာ ဖြစ်ပါတယ်။ ထွန်းသစ်လာမယ့် ကူးစက်ရောဂါတွေ ရှေ့လျှောက်ပိုဖြစ်လာဦးမယ်ဆိုတာနဲ့ လက်ရှိကျနော်တို့ရဲ့ လူမှုစီးပွားပုံစံတွေနဲ့ သဘာဝနဲ့ လူမှု ဆက်သွယ်နေထိုင်မှု ပုံစံတွေကို ပြင်ဖို့လိုမှာဖြစ်ကြောင်း ပညာရှင်များက ထောက်ပြကြပါတယ်။ မြန်မာပညာရှင်တဦးဖြစ်တဲ့ ဒေါက်တာ မြင့်ဇော်ကလည်း သူ့ရဲ့ ‘ကိုဗစ်နောက်ကြောင်းပြန်’ ဆိုတဲ့စာအုပ်မှာ ထပ်ဆင့်ဖော်ပြထားတာ တွေ့ရပါတယ်။ လက်ရှိတက္ကသိုလ်နဲ့ သုတေသနစင်တာများမှာ ရေရှည် သဘောဆောင်တဲ့ မဟာဗျူဟာ ပြဿနာရပ်တွေကို လေ့လာနိုင်တဲ့ ပညာရှင်တွေ၊ အထူးပြု ဌာနတွေ(Problem-driven studies) (Epidemic Research Centre ဆိုတာမျိုးထားသင့်ပါတယ်)၊ လူမှုသိပ္ပံ၊ သဘာဝသိပ္ပံနဲ့ အခြား ဘာသာရပ် ပေါင်းစုံယှက်နွယ်လေ့လာမှု (interdisciplinary) သုတေသနတွေကို ရင်းနှီးမြှပ်နှံဖို့ဖြစ်ပါတယ်။ ရှုပ်ထွေးလာမယ့် အနာဂတ်ကို ရင်ဆိုင်နိုင်မယ့် ‘ပညာတည်ဆောက်ရေးလုပ်ငန်း’ ကြီးဟာ ကျနော်တို့ လူ့အဖွဲ့အစည်း ရှင်သန်တည်တံ့နိုင်ဖို့ အသက်တမျှအရေးကြီးတဲ့ လုပ်ငန်းဖြစ်ကြောင်း တင်ပြလိုပါတယ်။
နိဂုံးချုပ်အနေနဲ့ပြောရရင်တော့ ကိုဗစ်ကပ်ဘေးဟာ ရှုပ်ထွေးပြီး မရေရာတဲ့ဖြစ်ရပ်တခု ဖြစ်ပါတယ်။ တဦးတည်း တယောက်တည်းရဲ့ စွမ်းဆောင်မှုနဲ့ မကျော်လွှားနိုင်သလို တတ်သိပညာတမျိုးတည်းနဲ့လည်း ကျော်လွှားနိုင်မှာ မဟုတ်ပါဘူး။ လက်ရှိကပ်ဘေးတုံ့ပြန်မှုမှာ လစ်ဟာနေတယ်လို့ ယူဆတဲ့ တနည်းပြောရင်လည်း သိမ်မွေ့ပြီး မမြင်သာတဲ့ ရှုမြင်ပုံတခုဖြစ်တဲ့ လူမှုသိပ္ပံနဲ့ သုတေသနတွေကို ထည့်သွင်း စဉ်းစားခြင်းဖြင့် ကပ်ဘေးကို အားကောင်းမောင်းသန် တုံ့ပြန်နိုင်ပါစေလို့ ဆန္ဒပြုတင်ပြလိုက်ပါတယ်။
Reference:
Towards People-Centred Epidemic Preparedness & Response: From Knowledge To Action (2019), Global Research Collaboration for Infectious Disease. https://www.glopid-r.org/wp-content/uploads/2019/07/towards-people-centered-epidemic-preparedness-and-response-report.pdf
Responding to Covid-19 – the social dynamics (2020), Institute of Development Studies. https://www.ids.ac.uk/news/responding-to-covid-19-the-social-dynamics/
[1] https://covid-19-response.org/pi
[2] https://www.nytimes.com/article/flatten-curve-coronavirus.html
[3] https://oxfamblogs.org/fp2p/using-graphics-to-explain-covids-complexity/
ငြိမ်းဇာနည်နိုင်သည် ဖွံ့ဖြိုးရေးနှင့် လူ့အဖွဲ့အစည်းဆိုင်ရာ စာရေးသူနှင့် သုတေသီတဦး ဖြစ်ပါသည်။
မြန်မာနိုင်ငံက အခုအချိန်မှာ လူပေါင်း ၁ ဒသမ ၇ သန်းကို ကာကွယ်ဆေး ထိုးနှံ ပြီး…
လော့ခ်ဒေါင်းချ ဆောင်ရွက်တဲ့ အခါမှာ ဆင်းရဲတဲ့အိမ်ထောင်စုတွေ၊ အလုပ်အကိုင် ဆုံးရှုံးသွားသူတွေ၊ ချို့တဲ့အားနည်းတဲ့ လူတွေအတွက်လည်း အဓိကစဉ်းစားပေးပြီး ကုစားရေး…
တရုတ်နိုင်ငံဟာ ကာကွယ်ဆေးကို အများကောင်းကျိုးအဖြစ် အသုံးပြုမယ်၊ မြန်မာနိုင်ငံစတဲ့ မိတ်ဖက်နိုင်ငံတွေကို ဦးစားပေးဖြန့်ဝေမယ် ဆိုတာဟာ စေတနာကောင်းရင်တောင် လက်တွေ့…
Discussion about this post