Menu & Search

ကိုဗစ်-၁၉ ဇာတ်လမ်းတွဲမှ ဇာတ်ရှိန်မြင့်ချိန် စိတ်ခံစားမှုများနှင့် တုံ့ပြန်နည်းများ

May 5, 2020

ဇာတ်လမ်းပျိုးချိန်

ကျနော်နေထိုင်တဲ့ မြစ်ဝကျွန်းပေါ်က နယ်မြို့လေးမှာ ကိုဗစ်ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး မြို့နယ်အဆင့် ကော်မတီကို စတင်ဖွဲ့စည်းတာ မတ် ၂၃ ရက်ကပါ။ လုပ်ရိုးလုပ်စဉ်အတိုင်းပဲ မြို့နယ်ဌာနဆိုင်ရာ အရာရှိ ၁၄ ဦးနဲ့ မြို့မိမြို့ဖနှစ်ဦးပါတဲ့ ကော်မတီဖွဲ့ထားတယ်။ အသက်မဝင်သေးဘူး။ နောက်သုံးရက်အကြာမှာတော့ ဒီပင်မ ကော်မတီကနေ လုပ်ငန်းကော်မတီ လေးဖွဲ့ ဖွဲ့တယ်။ အဲဒီတော့မှ အလုပ်စလုပ်ကြတယ်။ Quarantine အတွက် ကျန်းမာရေးစောင့်ရှောက်မှုနဲ့ စောင့်ကြည့်ရေး၊ ဘဏ္ဍာရေး၊ စစ်ဆေးရေး(ဂိတ်)၊ ပြန်ကြားရေးဆိုပြီး အလုပ် စလုပ်ကြပါတယ်။

လုပ်ငန်းစခါစမှာ ဇာတ်လမ်းက ခပ်အေးအေးဆိုတော့ စိတ်ဝင်စားမှုကော၊ ကြောက်ရွံ့မှုကော သိပ်မရှိကြဘူး။ ဒီထဲက တချို့တလေလောက်ပဲ နိုင်ငံတကာ အခြေအနေတွေကြည့်ပြီး မြန်မာပြည်မှာ outbreak ဖြစ်ရင် အကြီး အကျယ် ဒုက္ခရောက်မှာ စိုးရိမ်ပြီး အလုပ်တွေ မြန်မြန်လုပ်ချင်ကြတယ်။

ကျပ်အတည်းကာလနဲ့ စီမံခန့်ခွဲမှုပြဿနာ

ဧပြီ ၂၅ ရက်ရောက်တော့ positive လူနာ ၁၄၄ ဦး ဖြစ်သွားတယ်။ မြို့ကလေးလည်း လှုပ်လှုပ်ရှားရှား ဖြစ်လာပါပြီ။ တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ ကြေညာချက်တွေကလည်း ရှေ့ပိုင်းမှာ ခပ်လေးလေး၊ မပြည့်မစုံ ထွက်နေရာကနေ တနေ့ကို နှစ်စောင်၊ သုံးစောင်တွေ ထွက်လာပါတယ်။ တကျောင်း တဂါထာ ပုံစံနဲ့ သွားနေရာကနေ ဗဟိုက ညွှန်ကြားချက်တွေနဲ့ တိုင်းနဲ့ ပြည်နယ်တွေရဲ့ လုပ်ကိုင်ပုံတွေ ညီလာတယ်။ (စကားစပ်လို့ပြောရရင် အကျပ် အတည်းကာလ စီမံခန့်ခွဲမှုကို ဗြုန်းခနဲတွေ့ရတဲ့အခါ ဘာက စလုပ်ရမှန်းမသိ ဖြစ်သွားပုံပါပဲ။ ဒါကတော့ တကမ္ဘာလုံး ဖြစ်သွားတဲ့ကိစ္စပါ။ အမေရိကန်တောင် ဒုက္ခရောက်သွားတာ အားလုံးအသိပါပဲ။ မြို့နယ်အဆင့် အုပ်ချုပ်သူကတော့ အဓိက ခံရတာပေါ့။ လွှတ်တော်ကိုယ်စားလှယ်နဲ့ မြို့မိမြို့ဖတွေက တိုင်းဒေသကြီးအစိုးရရဲ့ ညွှန်ကြားချက်ထုတ်ပြန်ပုံတွေကို အားမလိုအားမရဖြစ်။ မြို့နယ်အဆင့်အုပ်ချုပ်ရေးမှူးကလည်း တိုင်းအစိုးရကို ကျော်မလုပ်ရဲနဲ့ အစည်းအဝေးတွေမှာ တော်တော်လေးငြင်းခုံရ၊ စကားများရဖြစ်ကြတယ်။ စီမံခန့်ခွဲမှုပိုင်းမှာ ပြဿနာရှိတာကို ဒီအချက်က ထင်ရှားစေပါတယ်)

စိတ်ဖိစီးမှုနဲ့ ပြည်သူတွင်းပဋိပက္ခတွေ

ဧပြီ ၂၀ ရက် မှာ ကျေးရွာကိုဗစ်အဖွဲ့တွေနဲ့ Quarantine ထား စောင့်ကြည့်ခံရသူတွေရဲ့ ပဋိပက္ခ၊ ရွာအဝင် စစ်ဆေး ရေးဂိတ်အဖွဲ့ဝင်တွေနဲ့ ရွာသားတွေရဲ့ ပဋိပက္ခတွေကို စတွေ့လာရတယ်။ မြို့နယ် အစည်းအဝေးခန်းမှာ အားလုံးကို ခေါ်ပြီး နှစ်ဖက်ကို ရှင်းလင်းဆွေးနွေးရတယ်။ ဥပဒေအရဆိုရင်တော့ ထောင်ဒဏ်တွေအထိ ဖြစ်သွားမှာမို့ မဖြစ်စေ ချင်တာလည်း ပါပါတယ်။

ဒီနေရာမှာ သတိထားမိတာက လူတွေဟာ စိတ်တိုနေကြတယ် ဆိုတဲ့အချက်ပါဘဲ။ တလလောက် အလုပ်အကိုင် မလုပ်ရ၊ ဝင်ငွေမရှိ၊ တဖက်က ကန့်သတ်ခံထားရတဲ့ နေထိုင်မှု၊ နောက်တဖက်က ကိုယ်ပျောက် ရန်သူက ဘယ် အချိန်မှာ ကိုယ့်ကို အသက်အန္တရာယ်ပြုမလဲဆိုတဲ့ စိုးရိမ်စိတ်၊ ဒါတွေအားလုံးဟာ စိတ်ရဲ့ဟန်ချက်ကို ပျက်ပြား သွားစေပါတယ်။ ဆိုလိုချင်တာကတော့ စိတ်ဖိစီးမှုများလာတာကြောင့် လူတွေဟာ စိတ်တိုလာကြတာ တွေ့ရပါ တယ်။

နောက်ထပ်လူအများစုရဲ့ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲသွားပုံတွေထဲမှာ ထူးထူးခြားခြား ထင်ရှားပေါ်လွင် လာတဲ့ အချက်ကတော့ သေခြင်းတရားကို ဆင်ခြင်မိခြင်းပဲ ဖြစ်ပါတယ်။ ကိုဗစ်-၁၉ ဗိုင်းရပ်ဟာ သေခြင်းတရားကိုလည်း အချိန်မရွေး ကျရောက်လာနိုင်တဲ့ ကိုယ်ပျောက်ရန်သူ၊ အသက်ဝိဉာဉ်ကို ရုတ်တရက် ဆွဲထုတ်သွားနိုင်တဲ့ သေမင်း အဖြစ် မလွှဲမရှောင်သာ အသိအမှတ်ပြုလာရတယ်။ သေခြင်းကို ကြေက်ရွံ့စိတ်နဲ့အတူ အဖန်ဖန် သတိရ ဆင်ခြင် မိခြင်းလည်း ဖြစ်လာကြပါတယ်။

မတူညီတဲ့ စိတ်ဒဏ်ရာတွေနဲ့ ဇာတ်ရှိန်မြင့်ချိန်

နာဂစ်မုန်တိုင်းကာလ ကူညီကယ်ဆယ်ရေး၊ ထောက်ပံ့ရေး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေမှာ ထဲထဲဝင်ဝင် ဆောင်ရွက်ပေးခဲ့ဖူးသူ တယောက်အနေနဲ့ နာဂစ်အပြီးမှာ မုန်တိုင်းဒဏ်ခံပြည်သူတွေရဲ့ စိတ်ခံစားမှုတွေနဲ့ အခု ကိုဗစ်-၁၉ ကာလ ပြည်သူတွေရဲ့ စိတ်ခံစားမှုကွာခြားပုံကိုလည်း နှိုင်းယှဉ်စဉ်းစားမိပါတယ်။

နာဂစ်အပြီးမှာ လူအများစုကို လွှမ်းမိုးတဲ့ စိတ်ခံစားမှုက ဝမ်းနည်းကြေကွဲခြင်းဖြစ်မယ် ထင်ပါတယ်။ ကိုယ့်ရှေ့မှာ တင် ကိုယ့်ဇနီး၊ သားသမီးတွေ ရေထဲမျောပါသွားတာကို ဘာမှမလုပ်နိုင်ဘဲ ကြည့်နေရတဲ့အဖြစ်ကို ပြန်စဉ်းစားတိုင်း ယူကျုံးမရ၊ ဝမ်းနည်းပူဆွေးနေကြတာ အများစုဖြစ်တာ တွေ့ရတယ်။

ကိုဗစ်-၁၉ ကတော့  စိတ်သောကနဲ့ စိတ်ဓာတ်ကျခြင်း၊ အနာဂတ်မရေမရာဖြစ်ခြင်း ခံစားမှုတွေဖြစ်ပါတယ်။

မတ် ၂၃ ရက်မှာ စတင်ပြသခဲ့တဲ့ ဇာတ်လမ်းတွဲကြီးဟာ အခု ဧပြီ ၂၃ မှာ တလ ပြည့်ပါတယ်။ စခါစမှာ အားလုံးက အလွန်ဆုံးတလပဲ ကြာမယ်လို့ ထင်ခဲ့ကြပေမဲ့ အခုတော့ ဒီဇာတ်လမ်းဟာ အခန်းပေါင်းများစွာနဲ့ကပြရမယ့် ဇာတ် လမ်းတွဲကြီးအဖြစ် သဘောပေါက်စ ပြုလာပါပြီ။

ခရီးသွားလာမှုကို စစ်ဆေး၊ လူစုလူဝေးကို ကန့်သတ်၊ ခရီးစဉ်တွေကို ကန့်သတ်၊ ညမထွက်ရ အမိန့်ထုတ်၊ ဆေး ဆိုင်နဲ့ စားသောက်ဆိုင်မှအပ ကျန်ဆိုင်တွေပိတ်၊ တည်းခိုခန်း၊ ဟိုတယ်၊ ခရီးသည်တင်ကားတွေပိတ် စသဖြင့် တဖြည်းဖြည်းကန့်သတ်လာလိုက်တာ Lock down နီးပါး အခြေအနေတွေ ရောက်လာပါပြီ။

အိမ်မှာပဲနေရလို့ ဝင်ငွေမရှိ၊ ပျင်းရိ၊  ငြီး‌ငွေ့၊ စိတ်ဖိစီးမှုတွေ တိုးလာ၊ ရပ်/ကျေး ကိုဗစ်အဖွဲ့တွေရဲ့ ဖိအားနဲ့ acility Quarantine ဝင်ရသူတွေရဲ့ စိတ်ပိုင်းဆိုင်ရာကျဉ်းကျပ်မှု၊ အလိုမကျမှုတွေ မြင့်တက်လာပါပြီ။

ဒီအခါမှာ ကျနော်တို့အနေနဲ့ လက်ဆေးပါ၊ ခြောက်ပေ ခွာပါ၊ နှာခေါင်း စည်းပါ၊ အိမ်မှာပဲ နေပါဆိုတာလောက်နဲ့ မလုံလောက်တော့ဘူး။

ပြည်သူတွေရဲ့စိတ်ပိုင်းဆိုင်ရာဖိစီးမှု၊ ထိခိုက်ဒဏ်ရာတွေကိုပါ စဉ်းစားပြီး လမ်းညွှန်မှုတွေနဲ့ ကူညီဖို့ လိုအပ်ပါတယ်။

မေတ္တာထားကြပါလို့ ပြောရုံမျှလောက်နဲ့တော့ ဒီပြဿနာပြေလည်ဖို့ မလွယ်လှပါဘူး။

စိတ်ကို ဟန်ချက်ညီအောင် ကြိုးစားခြင်း (equanimity)

ဝိပဿနာနည်းစနစ်ကို စနစ်တကျလေ့ကျင့်ဖူးသူတိုင်း ‘ဥပေက္ခာ’ဆိုတဲ့ စကားလုံးကို ကောင်းကောင်း သဘော ပေါက်ကြပါတယ်။ ဥပေက္ခာဆိုတာ အရပ်ထဲမှာ နားလည်နေသလို လျစ်လျူရှုခြင်းမျှသာမဟုတ်ပါဘူး။ ကမ္ဘာ့ ဝိပဿနာ တရားပြဆရာကြီး ဦးဂိုအင်ကာရဲ့ ၁၀ ရက် တရားပတ်တွေမှာ အောက်ပါအတိုင်း လမ်းညွှန် သတိ ပေးလေ့ ရှိပါတယ်။

“ဥပေက္ခာဆိုသည်မှာ တွေ့ကြုံခံစားရသမျှဝေဒနာတို့အား မမြဲသော အနိစ္စသဘောကို နားလည် သဘောပေါက်ကာ လောဘ၊ ဒေါသ၊ မောဟတို့နှင့် မတုံ့ပြန်ဘဲ အရှိကို အရှိအတိုင်း အညီအမျှ ရှုမှတ်နေခြင်း ဖြစ်သည်” လို့ ရေးထား ပါတယ်။

ဝိပဿနာနည်းစနစ်ကို ‘ဘဝနေနည်း အတတ်ပညာ’ အဖြစ် လေ့ကျင့်ရာမှာ အစဉ်အလာအရပြောရရင် သီလ၊ သမာဓိ၊ ပညာ အစီအစဉ်အတိုင်း သွားပါတယ်။ ကိုယ်ကျင့်တရားအခြေခံနဲ့ စိတ်ကို စူးစိုက်တည်ကြည်အောင် လေ့ကျင့်ပြီး မိမိရဲ့ ရုပ်၊ နာမ်၊ ဓမ္မကို အခြေခံကာ သဘာဝတရားကြီးရဲ့နိယာမကို ဉာဏ်အမြင်ပေါက်အောင် လေ့ လာသင်ကြားခြင်း ဖြစ်ပါတယ်။

ဒါဟာ အပြောလွယ်သလောက် အလုပ်ခက်ပေမဲ့ လေ့ကျင့်မှုကောင်းကောင်းလုပ်ရင် တိုးတက်မှု ရှိတယ်ဆိုတာကို ကမ္ဘာ တဝှမ်းလုံးက အားထုတ်သူတွေရဲ့ အတွေ့အကြုံတွေက သက်သေပြနေပါတယ်။

ဝိပဿနာကျင့်စဉ်နည်းစနစ်မှာ ဝေဒနာတွေ ဆိုးသည်ဖြစ်စေ၊ ကောင်းသည်ဖြစ်စေ တည်ငြိမ်မျှတတဲ့ စိတ်နဲ့ ချစ် ခြင်း၊ မုန်းခြင်းမပါဘဲ ဝေဒနာရဲ့ အနိစ္စသဘာဝကို တည်ငြိမ်အေးချမ်း မျှတတဲ့စိတ်နဲ့ ရှုကြည့်တဲ့ လေ့ကျင့်ခန်းတခု ပါဝင်ပါတယ်။ ဥပေက္ခာနဲ့ ရှုတယ်လို့ သုံးပါတယ်။

အခု ကိုဗစ်-၁၉ ဟာ စစ်ပွဲအမြင်နဲ့ သုံးသပ်ရရင် ရေရှည်စစ်ပွဲအသွင် ဆောင်လာပါတယ်။ မဟာဗျူဟာ၊ နည်းဗျူဟာ တွေကလည်း ရေရှည်စစ်ပွဲမှာသုံးတဲ့ မဟာဗျူဟာ၊ နည်းဗျူဟာတွေ ချမှတ်လာကြရပါတယ်။

ရေရှည်အသွင်ဖြစ်လာတာနဲ့အညီ ပြည်သူလူထုရဲ့ ရုပ်ပိုင်းဆိုင်ရာကျန်းမာရေး၊ လူမှုရေး၊ နေထိုင် စားသောက် ရေးတွေမှာ အထွေထွေ ကျပ်တည်းလာကြသလိုပဲ စိတ်ပိုင်းဆိုင်ရာစိုးရိမ်မှု၊ ထိတ်လန့်မှု၊ စိတ်ဖိစီးမှု၊ စိတ်ဆိုး စိတ်တိုလွယ်ခြင်း၊ စိတ်မထိန်းနိုင်ခြင်းစတဲ့ စိတ်ပိုင်းဆိုင်ရာ အထွေအထွေအကျပ်အတည်းတွေဟာလည်း ပိုပြီး နက်ရှိုင်းသထက် နက်ရှိုင်းလာမှာ ဖြစ်ပါတယ်။

ဒီအခါမှာ ရုပ်ပိုင်းဆိုင်ရာအရ စားဝတ်နေရေးဖြည့်ဆည်းပေးရတာတွေရှိသလို စိတ်ပိုင်းဆိုင်ရာအရ အားပေးခြင်း၊ နှစ်သိမ့်ဆွေးနွေးအကြံပေးခြင်း၊ သာယာတဲ့ အနာဂတ်ကာလကို မျှော်ကြည့်နိုင်အောင် ရှေ့ဆောင်လမ်းပြခြင်း စတဲ့ ဖြည့်ဆည်းပေးရမှုတွေလည်း မလွဲမသွေ ရှိလာရပါလိမ့်မယ်။

ကျနော်တို့နိုင်ငံမှာတော့ ကပ်ရောဂါစဖြစ်တဲ့အချိန်ကစပြီး အစဉ်အလာယုံကြည်မှုဖြစ်တဲ့ မြတ်စွာဘုရားရှင် လက် ထက်တော်က ဝေသာလီပြည်မှာ ငတ်မွတ်ခေါင်းပါးမှုကစတင်တဲ့ ကပ်ဘေးကြီးသုံးခု ကျရောက်လာချိန်မှာ မြတ်စွာ ဘုရားရှင်က ရှင်အာနန္ဒာကို ရတနသုတ်တော်သင်ကြားပြီး ရွတ်ဖတ်တော်မူစေခဲ့ရာမှာ ကပ်ဘေးက ကင်းလွတ်ခဲ့ တယ်ဆိုတဲ့ ယုံကြည်မှုအတိုင်း မြို့ရွာအသီးသီးမှာ ပရိတ်တော်တွေအပြင် အထူးသဖြင့် ရတနသုတ်ကို ရွတ်ဖတ် ပူဇော်ကြပါတယ်။ ဒါက ပထမတုံ့ပြန်နည်းပါ။

ဒုတိယနည်းကတော့ မေတ္တာပို့သခြင်း ဖြစ်ပါတယ်။ ဒုက္ခရောက်နေသူအားလုံးကို ရည်မှန်းပြီး ချမ်းသာမှု ရကြပါစေ လို့ ဆန္ဒပြုခြင်းဖြစ်ပါတယ်။ အေးချမ်းတဲ့ ကုသိုလ်စိတ်လှိုင်းတွေကို ပျံ့နှံ့စေခြင်း ဖြစ်ပါတယ်။

တတိယနည်းကတော့ ဒါတွေထက် ပိုမိုလေးနက်ပြီး မိမိရဲ့ ကိုယ်တိုင်လေ့ကျင့်ထားတဲ့ စိတ်သဘာဝက ထွက်ပေါ် လာတဲ့ ကိုယ်ပိုင်စွမ်းအား (ဥပေက္ခာဖြင့်ရှုခြင်း)နဲ့ ရင်ဆိုင်ခြင်းဖြစ်ပါတယ်။ ဝိပဿနာကျင့်စဉ်ရဲ့ အစိတ် အပိုင်း တခုဖြစ်တဲ့ ဥပေက္ခာမှာ အပိုင်း လေးပိုင်း ပါဝင်ပါတယ်။ ဝေဒနာ၊ သတိ၊ အနိစ္စ၊ တုံ့ပြန်မှုမပြုခြင်း တို့ဖြစ်ပါတယ်။

ကိုဗစ်-၁၉ ကပ်ရောဂါကာလမှာ စိတ်ဖိစီးမှု၊ သောက၊ ဒေါသစိတ်၊ စိတ်ဓာတ်ကျဆင်းခြင်း၊ ကပ်ရောဂါကို ထိတ်လန့် စိတ် စတဲ့ စိတ်ဝေဒနာတွေပေါ်တိုင်း  ရုပ်ခန္ဓာမှာလည်း ဝေဒနာတွေ ပေါ်လာပါတယ်။ ဒီဝေဒနာတွေရဲ့ မမြဲခြင်း သဘောကိုလည်း သတိပြုနေမယ်။ ဒီဝေဒနာတွေပေါ်မှာ ချစ်ခြင်း၊ မုန်းခြင်း မရှိဘဲ တည်ငြိမ်မျှတတဲ့စိတ်နဲ့ ရှုမြင် နိုင်မယ်ဆိုရင်တော့ ကိုဗစ်-၁၉ ကပ်ရောဂါကနေ သက်ရောက်လာတဲ့ စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာအနာတရဖြစ်မှုကို လျော့ချနိုင်မယ်လို့ ထင်ပါတယ်။

ဗုဒ္ဓရဲ့ ဓမ္မတရားတော်တွေဟာ ကိုယ့်အားကိုယ်ကိုးပြီး လေ့ကျင့်ယူရတဲ့ ဉာဏ်ပညာကျင့်စဉ်ဖြစ်တဲ့အတွက် မိမိကိုယ် ကိုယ် အားထုတ်ရပါမယ်။ ကိုယ့်စစ်ပွဲကို ကိုယ်တိုင်တိုက်ရပါမယ်။

ကိုဗစ်-၁၉ ဇာတ်လမ်းတွဲကြီးရဲ့ ဇာတ်ရှိန်အမြင့်ဆုံးကာလမှာကော ဇာတ်လမ်းပြီးချိန်ကာလမှာပါ ထိခိုက် ဒဏ်ရာ ရသွားတဲ့ စိတ်ပိုင်းဆိုင်ရာ ဒဏ်ချက်တွေအတွက် နိုင်ငံတော်အစိုးရအနေနဲ့ မဟာဗျူဟာစီမံကိန်း တခု ချမှတ် ဆောင်ရွက်ဖို့ လိုပါလိမ့်မယ်။

ဒီလိုချမှတ်တဲ့အခါမှာ ဝိပဿနာနည်းစနစ်ကိုလည်း စိတ်ပိုင်းဆိုင်ရာ အေးချမ်းတည်ငြိမ်မှုရရှိအောင် လေ့ကျင့် ပေးတဲ့ နည်းစနစ်တခုအဖြစ် အသုံးပြုနိုင်ကြောင်း တင်ပြလိုက်ရပါတယ်။

လူသားအားလုံး ငြိမ်းချမ်းကြပါစေ။ ပျော်ရွှင်ကြပါစေ။

ကိုဗစ်-၁၉ ကပ်ရောဂါအပါအဝင် ဆင်းရဲဒုက္ခအပေါင်းမှ ကင်းဝေးနိုင်ကြပါစေ။

ဖေမြိုင်

Pe Myaing

ဖေမြိုင်သည် နာဂစ်မုန်တိုင်းပြီးစ ကူညီကယ်ဆယ်ရေးနှင့် မုန်တိုင်းလွန်ကာလ ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် ပရဟိတသမားတဦးအဖြစ် ပါဝင်ဆောင်ရွက်ခဲ့သူတဦးဖြစ်ပြီး ယခု ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင်လည်း မြို့မိမြို့ဖတဦးအဖြစ် ပါဝင်ဆောင်ရွက်နေသူဖြစ်ပါသည်။ ကမ္ဘာ့ဝိပဿနာတရားပြဆရာကြီး ဦဂိုအင်ကာတည်ထောင်သော အပြည်ပြည်ဆိုင်ရာ ဓမ္မဂီရိ ဝိပဿနာ အဖွဲ့(မြန်မာပြည်)၏ ဝိပဿနာနည်းစနစ် သင်ကြားရေးလုပ်ငန်းများတွင် ဓမ္မအကျိုးဆောင်တဦးအဖြစ် ဆောင်ရွက်နေပါသည်။

Related article
မြန်မာနိုင်ငံနှင့် ကိုဗစ်ကာကွယ်ဆေး ထိုးနှံနိုင်မှု အလားအလာ

မြန်မာနိုင်ငံနှင့် ကိုဗစ်ကာကွယ်ဆေး ထိုးနှံနိုင်မှု အလားအလာ

မြန်မာနိုင်ငံက အခုအချိန်မှာ လူပေါင်း ၁ ဒသမ ၇ သန်းကို ကာကွယ်ဆေး ထိုးနှံ ပြီး…

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါနှင့်  လော့ခ်ဒေါင်းမှတ်စု  (လော့ခ်ဒေါင်းနှင့်အတူနေထိုင်ခြင်း)

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါနှင့် လော့ခ်ဒေါင်းမှတ်စု (လော့ခ်ဒေါင်းနှင့်အတူနေထိုင်ခြင်း)

လော့ခ်ဒေါင်းချ ဆောင်ရွက်တဲ့ အခါမှာ ဆင်းရဲတဲ့အိမ်ထောင်စုတွေ၊ အလုပ်အကိုင် ဆုံးရှုံးသွားသူတွေ၊ ချို့တဲ့အားနည်းတဲ့ လူတွေအတွက်လည်း အဓိကစဉ်းစားပေးပြီး ကုစားရေး…

တရုတ်နိုင်ငံ၏ ကိုဗစ်-၁၉ကာကွယ်ဆေး သံတမန်လှုပ်ရှားမှုနှင့် မြန်မာနိုင်ငံအတွက် အလားအလာ

တရုတ်နိုင်ငံ၏ ကိုဗစ်-၁၉ကာကွယ်ဆေး သံတမန်လှုပ်ရှားမှုနှင့် မြန်မာနိုင်ငံအတွက် အလားအလာ

တရုတ်နိုင်ငံဟာ ကာကွယ်ဆေးကို အများကောင်းကျိုးအဖြစ် အသုံးပြုမယ်၊ မြန်မာနိုင်ငံစတဲ့ မိတ်ဖက်နိုင်ငံတွေကို ဦးစားပေးဖြန့်ဝေမယ် ဆိုတာဟာ စေတနာကောင်းရင်တောင် လက်တွေ့…

Discussion about this post

  1. Thein Zaw says:

    Need the articles

Leave a Reply

Your email address will not be published. Required fields are marked *

Type your search keyword, and press enter to search