မြန်မာနိုင်ငံနှင့် ကိုဗစ်ကာကွယ်ဆေး ထိုးနှံနိုင်မှု အလားအလာ
မြန်မာနိုင်ငံက အခုအချိန်မှာ လူပေါင်း ၁ ဒသမ ၇ သန်းကို ကာကွယ်ဆေး ထိုးနှံ ပြီး…
ယနေ့အချိန်သည် လက်ရှိဖြစ်ပွားနေသော COVID-19 ကို ကျော်လွှားရန် ကြိုးပမ်းလုပ်ဆောင် နေသည့် လုပ်ငန်းများနှင့်အပြိုင် မြန်မာနိုင်ငံ၏ စီးပွားရေး ဆက်လက်ရှင်သန်နိုင်ရေးနှင့် ပြန်လည် နိုးထ နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ခြင်း လုပ်ငန်းများကိုလည်း တပြိုင်တည်း လုပ်ဆောင်သွားရမည့် အချိန် ဖြစ်ပါသည်။ COVID-19 ကပ်ရောဂါနှင့်ပတ်သက်၍ အဓိကကျသော လုပ်ငန်း သုံးရပ် ရှိပါသည်။ ယင်း တို့မှာ ရောဂါရှာဖွေစစ်ဆေးခြင်း (Detection and Testing)၊ ရောဂါကုသခြင်း (Treatment)နှင့် ရောဂါကာကွယ်ခြင်း(Protection) တို့ပင်ဖြစ်ပါသည်။ ကမ္ဘာ့နိုင်ငံအားလုံးသည်လည်း လက်ရှိ အခြေ အနေတွင် ထိုလုပ်ငန်း သုံးရပ်ကို စစ်မျက်နှာဖွင့်၍ ရင်ဆိုင်တိုက်ခိုက်နေရပါသည်။
ရောဂါကုသခြင်းကုထုံးများနှင့် ရောဂါကာကွယ်ဆေးများ မပေါ်ပေါက်မီအချိန်အတွင်း ဤ ကပ် ရောဂါကို ထိန်းချုပ်၍ စီးပွားရေးလုပ်ငန်းများ အကန့်လိုက် ပြန်လည်အသက်ဝင်ရန် နည်းလမ်း မျိုးစုံနှင့် ကြိုးပမ်းနေရသည့် ကာလဖြစ်ပါသည်။ အဓိကအကျဆုံးမှာ မိမိနိုင်ငံနှင့် မိမိလူ့အဖွဲ့အစည်း လိုအပ်ချက်များအား ဗဟိုပြုသည့် နည်းလမ်းများ ရှာဖွေကျင့်သုံးရမည်ဖြစ်ပြီး ယခင်သမားရိုးကျ လုပ်ဆောင်ခဲ့သည့် နည်းလမ်းများမှ ခွဲထွက်စဉ်းစားဆောင်ရွက် ရမည်ဖြစ်ပါသည်။ အဘယ်ကြောင့် ဆိုသော် ကပ်ရောဂါကို တကမ္ဘာလုံး ကြုံတွေ့ကျော်ဖြတ်ပြီးသောအခါ လူမှုဆက်ဆံရေးပုံစံအသစ် ပေါ် ပေါက်လာမည်ဖြစ်ပြီး ယင်းနှင့်လိုက်လျောညီထွေမှုရှိမည့် စီးပွားရေးပုံစံများ၊ လုပ်ငန်းပုံစံများ၊ ကုန် ပစ္စည်းဦးစားပေး ပုံစံသစ်များပေါ်ပေါက်ရန် လက်ရှိစနစ်များကို ပြောင်းလဲထိန်းညှိ တည်ဆောက်ရမည့် စိန်ခေါ်မှုများ ပေါ်ပေါက်လာမည်ဖြစ်ပါသည်။ အပွင့်အလင်းဆုံးဆိုရပါမူ အဆိုပါပုံစံသစ်များကို လက်ရှိအခြေအနေတွင် တွေးဆပုံဖော်နေရမည့် အနေအထားပင်ဖြစ်ပါသည်။
ပုံစံသစ်များပေါ်ပေါက်ရန် နည်းလမ်းမျိုးစုံဖြင့် ဆောင်ရွက်လာကြမည်ဖြစ်သော်လည်း လာမည့် နှစ်နှစ်၊ သုံးနှစ်၊ ငါးနှစ် ရေတိုကာလများတွင် ကမ္ဘာ့နိုင်ငံအားလုံးသည် ကပ်ရောဂါမတိုင်မီက ကူးလူးဆက်ဆံမှုပုံစံကို ပြန်လည်ကျင့်သုံးနိုင်မည် မဟုတ်ပါ။ ထိုအချက်ကို အခြေခံစဉ်းစားပါက ခရီးသွားလုပ်ငန်းနှင့်ဆက်စပ်သည့်လုပ်ငန်းများ၊ဝန်ဆောင်မှုလုပ်ငန်းများလျော့ကျပျောက်ကွယ်သွားမည် ဖြစ်ပါသည်။ ကမ္ဘာ့စီးပွားရေး ထိပ်သီးနိုင်ငံများသည်ပင်လျှင် ဤအခြေခံများကို ပြောင်းလဲတည်ဆောက်ရမည် ဖြစ်သည့်အတွက် မိမိတို့ကဲ့သို့သော နိုင်ငံငယ်များ အနေနှင့်လည်း ရိုက်ခတ်မှုမျိုးစုံကို ရင်ဆိုင်ကြုံတွေ့ရမည်မှာ အသေအချာပင်ဖြစ်ပါသည်။ ဤကိစ္စနှင့်ဆက်စပ်၍ ကုန်သွယ်ရေးပုံစံများလည်း ပြောင်းလဲသွားမည် ဖြစ်ပါသည်။ ထို့သို့ပြောင်းလဲရာတွင် များစွာသေချာသောအချက်မှာ ကပ်ရောဂါမှ ရုန်းထွက်ခဲ့ရသည့် နိုင်ငံများအနေနှင့် အခြေခံလိုအပ်ချက်ရှိသည့် ထုတ်ကုန်များမှအပ Non Essential ကုန်ပစ္စည်းများကို ဝယ်ယူသုံးစွဲမှု လျော့ကျသွားမည် ဖြစ်ပါသည်။ မိမိတို့နိုင်ငံအနေနှင့်လည်း ထိုလျော့ကျမှုနှင့်ဆက်စပ်သည့် ဝယ်လိုအားပျောက်ဆုံးမှု၏ ရိုက်ခတ်မှုအနေဖြင့် အထည်ချုပ်လုပ်ငန်းများဆိုင်ရာ ဝယ်လိုအားလျော့ကျမှုဒဏ်ကို ခံစားရမည်ဖြစ်ပါသည်။ ဤရှောင်လွှဲ၍မရသော အခြေအနေများကြောင့် မိမိနိုင်ငံ၏ အဓိကဝင်ငွေရှာသည့် လုပ်ငန်းများကိုလည်း ထိခိုက်လာမည် ဖြစ်ပါသည်။
အထက်ဖော်ပြပါ မဖြစ်မနေပေါ်ပေါက်လာမည့် အခြေအနေများကို မူတည်စဉ်းစားပါက မြန်မာနိုင်ငံအနေနှင့် စီးပွားရေးလုပ်ငန်းများ ပြန်လည်ထူထောင်ရန် လုပ်ကိုင်နိုင်သည့် အခွင့်အလမ်းနှင့် ရွေးချယ်နိုင်သည့် ကုန်ထုတ်လုပ်မှုတို့မှာ အကန့်အသတ်များစွာ ရှိလာမည်ဖြစ်သည်။ လူ့အဖွဲ့အစည်းများ၏ အခြေခံအကျဆုံးဖြစ်သော စားဝတ်နေရေး လိုအပ်ချက်ကို အဓိကထား စဉ်းစားပါက ကမ္ဘာ့နိုင်ငံအသီးသီးတွင် ဆင်းရဲ၊ ချမ်းသာမရွေး စားရေးကိုသာ ထိပ်တန်းဦးစားပေးအဖြစ် ရွေးချယ်လာမည့် အခြေအနေဖြစ်ပါသည်။ ကပ်ရောဂါ ဖြစ်ပွားခြင်းသည် စစ်မက်ဖြစ်ပွားခြင်းမဟုတ်သည့်အတွက် နေအိမ်စည်းစိမ်ဆုံးရှုံးမှု မရှိခြင်းကြောင့် စားရေးကို ဦးစားပေး လုပ်ဆောင် ကြမည်ဖြစ်ပါသည်။ အခြေခံလိုအပ်ချက်ဖြစ်သည့် စားဝတ်နေရေးတွင် အဝတ်အထည် လိုအပ်ချက်ကို နောက်ဆုံး ဦးစားပေးအဖြစ် ထားရှိမည်မှာ အမှန်ပင်ဖြစ်ပါသည်။
စားရေးကို ဦးစားပေးမည့်ခေတ်ကာလတွင် မြန်မာနိုင်ငံအနေဖြင့် အားသာချက်များစွာ ရှိနိုင်သည့်အတွက် စားနပ်ရိက္ခာထုတ်လုပ်မှုကို ထိပ်တန်းဦးစားပေးအဖြစ် ဆောင်ရွက်ရမည် ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ စားနပ်ရိက္ခာ ထုတ်လုပ်မှု အခြေခံလုပ်ငန်းများဖြစ်သည့် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို သမားရိုးကျပုံစံမှနေ၍ ပိုမိုထိရောက်မည့် အသွင်သို့ရောက်ရှိရန် ပြုပြင်ပြောင်းလဲမှုများကို ယခုအချိန်မှစ၍ ကြိုတင်ပြင်ဆင်၊ အကောင်အထည်ဖော်၍ အသက်သွင်းသွားမည်ဆိုပါက အမျိုးသားစီးပွား ပြိုလဲမှုကို ကာကွယ်နိုင်မည် ဖြစ်ပါသည်။
စိုက်ပျိုးရေးကဏ္ဍသည် အခြေခံခိုင်မာမှုရှိသည့်လုပ်ငန်းများ ဖြစ်သည့်အတွက် လိုအပ်မည့်ပြုပြင် ပြောင်းလဲမှုများကို လုပ်ဆောင်နိုင်မည်ဆိုပါက အားသာချက်များ ဖြစ်ပေါ်စေပြီး နိုင်ငံ၏စီးပွားရေးအတွက် များစွာအထောက်အကူ ပြုမည်ဖြစ်ပါသည်။ အဓိကအကျဆုံး လုပ်ဆောင်ရမည့်ကိစ္စမှာ ယခုနှစ် စိုက်ပျိုးရာသီတွင် စိုက်ပျိုးရမည့် မိုးစပါး၊ နွေစပါး၊ ဆောင်းသီးနှံများကို အပြည့်အဝစိုက်ပျိုး ထုတ်လုပ်သွားရန် ဖြစ်ပါသည်။ မိမိနိုင်ငံအနေဖြင့် လုပ်ဆောင်ရမည့်နည်းလမ်းမှာ တောင်သူများ အပြည့်အဝစိုက်ပျိုးနိုင်ရန်နှင့် ဆုံးရှုံးနိုင်ခြေများကို နိုင်ငံအနေဖြင့် မဟာဗျူဟာရေးဆွဲပြီး အကာအကွယ်ပေး ဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ပါသည်။ လုပ်ဆောင်ရမည့် မဟာဗျူဟာမှာ ယခုရာသီ၏ စိုက်ပျိုးစရိတ်များကို ကပ်ရောဂါအလွန်ကာလမှ ပြန်လည်ပေးဆပ်ရမည်ဆိုသည့် နှစ်လတ် ချေးငွေများ တီထွင်ထောက်ပံ့ပေးရန် ဖြစ်ပါသည်။ အမှန်တကယ်တွင် ဤကိစ္စများသည် မြန်မာနိုင်ငံ အနေနှင့် အတွေ့အကြုံမရှိသည့် လုပ်ငန်းများမဟုတ်ပါ။ စိုက်ပျိုးရေးကဏ္ဍအလိုက် ပုဂ္ဂလိကအသင်း အဖွဲ့ချုပ်များ ရှိပြီးဖြစ်သောကြောင့် ယင်းတို့ကို အခြေခံပြီး တောင်သူနှင့် စီးပွားရေးလုပ်ငန်းရှင်အကြား ခိုင်မာသည့် စီးပွားရေးဆက်ဆံမှုပုံစံမှာလည်း အခိုင်အမာဖြစ်ပြီးဖြစ်ပါသည်။ ထိုအားကိုယူ၍ ထောက်ပံ့မှု ပုံစံသစ်များကို နိုင်ငံတော်အနေနှင့် ဆုံးရှုံးမှုအနည်းဆုံးပုံစံအဖြစ် အသက်သွင်းနိုင်မည် ဖြစ်ပါသည်။ နိုင်ငံတော်မှ ထောက်ပံ့မြဲဖြစ်သည့် စိုက်စရိတ်ချေးငွေထုတ်ပေးခြင်းကို အခြေခံ၍ အခြားစရိတ်များ၊ ဝန်ဆောင်မှုများကို အစိုးရနှင့် ပုဂ္ဂလိက လက်တွဲသည့် PPP ပုံစံအဖြစ် အသစ်ဖော်ထုတ် လုပ်ဆောင် ရမည် ဖြစ်ပါသည်။ ဤကဲ့သို့ စိုက်ပျိုးရေးကဏ္ဍကို ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်၍ ထုတ်လုပ်နိုင်စွမ်း မြှင့်တင်မှာသာလျှင် ပြည်တွင်းစားသုံးမှု ဖူလုံရုံသာမက ရိက္ခာလိုအပ်ချက်ရှိသည့် နိုင်ငံများကိုပါ တင်ပို့ရောင်းချနိုင်မည် ဖြစ်ပါသည်။
မွေးမြူရေးကဏ္ဍဟု ဆိုရာတွင် ငါး၊ ပုစွန်မွေးမြူရေးနှင့် ကြက်၊ ဝက်၊ နွားမွေးမြူရေးများ ပါဝင်ပါသည်။ မြန်မာနိုင်ငံတွင် ရေချိုငါးမွေးမြူရေးလုပ်ငန်းသည် အခြေခိုင်ပြီး လုံလောက်သော မွေးမြူရေးဧက ရှိပြီးဖြစ်သည့်အတွက် အားထားနိုင်သည့် အခြေအနေတွင်ရှိပါသည်။ ပြည်တွင်းစားသုံးမှု လိုအပ်ချက်ထက် ပိုမိုထုတ်လုပ်နိုင်စွမ်း ရှိသည့်ကဏ္ဍလည်း ဖြစ်ပါသည်။ အဓိကထုတ်ကုန်ဖြစ်သည့် ငါးမြစ်ချင်းနှင့် ငါးတန်ငါးတို့သည် ပြည်ပပို့ကုန်အဖြစ် တင်ပို့နိုင်သည့် ငါးများဖြစ်ပါသည်။ အရှေ့အလယ်ပိုင်းဒေသ ဝယ်လိုအားကို အခြေခံသည့် ငါးမြစ်ချင်း တင်ပို့မှု အနေအထားမှာ ယခုအချိန်တွင် မည်သို့ဖြစ်မည် မသိရှိနိုင်သေးသော်လည်း အိမ်နီးချင်း တရုတ်နိုင်ငံရှိ ကုန်းတွင်းပိတ် ပြည်နယ်များဘက်မှ ဝယ်လိုအားမှာ လျော့ကျသွားရန် အလားအလာမရှိပါ။ ထိုလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန် ငါးတန်ငါးများ မွေးမြူတင်ပို့ရောင်းချခြင်း လုပ်ငန်းမှာ အလားအလာရှိသည့် အနေအထား ဖြစ်ပါသည်။ ပုစွန်မွေးမြူတင်ပို့ရန်မူ ရေတိုကာလတွင် လက်တွေ့မကျသေးသော်လည်း ရေရှည်အလားအလာအတွက် ကြိုတင်ပြင်ဆင်ထားရမည် ဖြစ်ပါသည်။
ထို့ပြင် ပြည်တွင်း ကြက်မွေးမြူရေးလုပ်ငန်းများသည်လည်း ပြည်တွင်းစားသုံးရန် လုံလောက်စွာ ထုတ်လုပ်နိုင်သည့် အခြေအနေရှိပြီးဖြစ်သည့်အတွက် ဆုံးရှုံးမှုနည်းနိုင်သမျှနည်းစေရန် အကာအကွယ်ပေးနိုင်မည့် ထောက်ပံ့မှုပုံစံများကို ဖော်ဆောင်နိုင်မည်ဆိုပါက မွေးမြူသူများအနေနှင့် လုံလောက်စွာ ထုတ်လုပ်နိုင်သည့် အခြေအနေပင်ဖြစ်ပါသည်။ ကြက်ဥ၊ ဘဲဥ ထုတ်လုပ်မှုမှာလည်း အလားတူအခြေအနေ ဖြစ်ပါသည်။ အသားစား နွားမွေးမြူရေးလုပ်ငန်းကိုလည်း အလျင်အမြန် အကောင်အထည်ဖော်၍ အခြေတည်နိုင်မည်ဆိုပါက ပို့ကုန်အဖြစ် တိုးချဲ့တင်ပို့နိုင်မည် ဖြစ်ပါသည်။ အခြားမွေးမြူရေးလုပ်ငန်းတခုဖြစ်သော မြန်မာ့ကျေးလက်ဒေသများတွင် အလွယ်တကူမွေးမြူ ထုတ်လုပ်နိုင်သည့် ဆိတ်မွေးမြူရေးကို စျေးကွက်ရှာဖွေခြင်းနှင့် ဝယ်လိုအားတည်ဆောက် ပေးခြင်းအားဖြင့် ကျေးလက်ကုန်ထုတ်လုပ်မှုကို မြှင့်တင်နိုင်မည်ဖြစ်ပါသည်။
ဤလုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ရန်မှာ ခက်ခဲသည့်ကိစ္စမဟုတ်ပါ။ လိုအပ်ချက်မှာ နိုင်ငံတော်မှ ဦးဆောင်၍ အစိုးရနှင့် ပုဂ္ဂလိက လက်တွဲ၍ နည်းလမ်းရှာဖွေ အကောင်အထည်ဖော်ရန်သာ လိုအပ်ပါသည်။ ထိုသို့ လက်တွဲဆောင်ရွက်ခြင်းအားဖြင့် လက်ရှိစနစ်ဟောင်းများ၏ အားနည်းချက်များကို ဖယ်ထုတ်ပြီး ပေါ်ပေါက်လာမည့် အခြေအနေသစ်များနှင့် လိုက်လျောညီထွေရှိမည့် ကုန်ထုတ်လုပ်မှုပုံစံသစ်များ၊ ကုန်သွယ်ရေးနည်းလမ်းသစ်များ၊ ဘဏ္ဍာငွေကြေးရရှိနိုင်မှု စနစ်သစ်များကို တီထွင်ကြံဆသွားရမည့် အချိန်အခါဖြစ်ပါသည်။ ဤသည်များကို အစိုးရ၊ စီးပွားရေးအသင်းအဖွဲ့ချုပ်များ၊ ပုဂ္ဂလိကလုပ်ငန်းများ၊ တောင်သူများ၊ ပညာရှင်များပူးပေါင်း၍ လက်တွေ့ကျသည့်ပုံစံများ တည်ဆောက်ခြင်းသည် မိမိတို့နိုင်ငံ၏ အဓိကကျသော စီးပွားရေးကဏ္ဍ ပြိုလဲမှုကို အကာအကွယ်ပေးနိုင်ခြင်း၊ သက်ဝင်ရှင်သန်စေနိုင်ခြင်းသာမက ရေရှည်ဖွံ့ဖြိုးတိုးတက်ရန် အခွင့်အလမ်းများ ပေါ်ပေါက်နေချိန်ဟု ရှုမြင်ရမည်ဖြစ်ပါသည်။ ထို့ကြောင့် ဤစာတမ်းတွင် ပါဝင်သောကိစ္စရပ်များသည် လုပ်ဆောင်ရန် ဖြစ်နိုင်၊ မဖြစ်နိုင်ဆိုသည့် မေးခွန်းမှာ မေးရန်မလိုဘဲ မည်မျှမြန်မြန် အကောင်အထည်ဖော်မည် ဆိုသည်သာ မေးခွန်းဖြစ်ပါသည်။ များစွာသေချာသည့်အချက်မှာ ဤအကျပ်အတည်းမှ အခွင့်အလမ်းသစ်များ ပေါ်ပေါက်ချိန်ဟု ခံယူပြီး လုပ်ဆောင်မည်ဆိုပါက သေချာပေါက်အောင်မြင်မည့်ကိစ္စပင် ဖြစ်ပါသည်။
ဤကိစ္စများနှင့်ဆက်စပ်သည့် ကုန်သွယ်ရေးဆိုင်ရာကိစ္စရပ်များတွင် ပို့ကုန်များ တင်ပို့နိုင်ရန် အစိုးရက ဦးဆောင်၍ ဝယ်လိုအားဖန်တီးပေးသည့်အနေဖြင့် ဝယ်ယူတင်သွင်းမည့်နိုင်ငံများနှင့် နိုင်ငံရေး၊ သံတမန်ရေး နည်းလမ်းပေါင်းစုံဖြင့်ဆောင်ရွက်ပေးရန် လိုအပ်ပါသည်။ ဥပမာ- မြန်မာနိုင်ငံမှ စိုက်ပျိုးထုတ်လုပ်ပြီး တိရိစ္ဆာန်အစာအဖြစ်အသုံးပြုသည့် ပြောင်းကို တရုတ်စျေးကွက် ရေရာသေချာမှုရှိစေရန် ညှိနှိုင်းဆောင်ရွက်ပေးခြင်း၊ မြန်မာ့ဆန်ကို တရုတ်နိုင်ငံသို့ တင်သွင်းခြင်း၊ မြန်မာ့ပဲကို အိန္ဒိယနိုင်ငံက တင်သွင်းခြင်း၊ မြန်မာ့ငါးတန်ငါးကို တရုတ်နိုင်ငံသို့ တင်သွင်းခြင်း စသည့် ကိစ္စရပ်များတွင် လက်ရှိရှိနေသည့် အခက်အခဲများကို အစိုးရချင်း ညှိနှိုင်းဖြေရှင်းပေးခြင်းတို့ကိုလည်း လုပ်ဆောင်ရမည် ဖြစ်ပါသည်။
ဤကိစ္စများကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည်ဆိုပါက မြန်မာနိုင်ငံ၏ လူဦးရေ အများစုအတွက် အလုပ်အကိုင်အခွင့်အလမ်းနှင့် ဝင်ငွေရရှိရန် အခြေအနေများကို ဖန်တီးပေးနိုင်မည် ဖြစ်ပါသည်။ အခြေခံကုန်ထုတ်လုပ်ငန်းများနှင့်ဆက်စပ်သည့် ကုန်သွယ်ရေးနှင့် ဝန်ဆောင်မှုလုပ်ငန်းများမှာလည်း ကျွဲကူးရေပါ ဆိုသကဲ့သို့ အကျိုးခံစားရမည် ဖြစ်ပါသည်။ ဤသည်ပင်လျှင် ကပ်ရောဂါကာလနှင့် ကပ်ရောဂါအလွန်ကာလများအတွက် လူမှုစီးပွားတည်ငြိမ်မှုကို အခြေခံသည့် နိုင်ငံရေးတည်ငြိမ်မှုကို အထောက်အကူပြုမည် ဖြစ်ပါသည်။ အရေးကြီးဆုံး အချက်မှာ အမျိုးသားစီးပွားစနစ်တခု တည်ဆောက်ရာတွင် ကဏ္ဍပေါင်းစုံဖွံ့ဖြိုးတိုးတက်ရန်မှာ အရေးကြီးသည်ဆိုသော်လည်း ယခုကဲ့သို့ ကပ်ရောဂါကြုံတွေ့နေရသည့်အချိန်တွင် နိုင်ငံ့ရိက္ခာဖူလုံရုံအပြင် ပို့ကုန်အဖြစ် တင်ပို့နိုင်မည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အဓိကထား၍ ဦးစားပေး လုပ်ဆောင်ခြင်းသည်သာ ထိရောက်မည်ဖြစ်ပြီး နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအတွက် ရလဒ်ကောင်းများ ပေါ်ထွက်နိုင်မည် ဖြစ်ပါသည်။ ဤအချိန်တွင် တဦးနှင့် တဦး အပြစ်တင် လက်ညှိုးထိုးခြင်းကို ဘေးဖယ်၍ မဖြစ်မနေပူးပေါင်းဆောင်ရွက်ခြင်းဆိုသည့် တခုတည်း သောနည်းလမ်းဖြင့် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်မည်ဆိုပါက ကပ်ရောဂါလွန်ကာလတွင် ဒေသတွင်းနိုင်ငံများ၏ ရိက္ခာဖူလုံမှုအတွက် အားကိုးအားထားပြုရသည့် စိုက်ပျိုးရေးနိုင်ငံတခုအဖြစ် ပြန်လည်ရပ်တည်နိုင်မည် ဖြစ်ပါသည်။
တင်မောင်သန်းသည် မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်၏ ဒုတိယဥက္ကဋ္ဌဖြစ်ပြီး ဖွံ့ဖြိုးရေးဆိုင်ရာပညာရပ် ကျွမ်းကျင်သူတဦး ဖြစ်ပါသည်။
မြန်မာနိုင်ငံက အခုအချိန်မှာ လူပေါင်း ၁ ဒသမ ၇ သန်းကို ကာကွယ်ဆေး ထိုးနှံ ပြီး…
လော့ခ်ဒေါင်းချ ဆောင်ရွက်တဲ့ အခါမှာ ဆင်းရဲတဲ့အိမ်ထောင်စုတွေ၊ အလုပ်အကိုင် ဆုံးရှုံးသွားသူတွေ၊ ချို့တဲ့အားနည်းတဲ့ လူတွေအတွက်လည်း အဓိကစဉ်းစားပေးပြီး ကုစားရေး…
တရုတ်နိုင်ငံဟာ ကာကွယ်ဆေးကို အများကောင်းကျိုးအဖြစ် အသုံးပြုမယ်၊ မြန်မာနိုင်ငံစတဲ့ မိတ်ဖက်နိုင်ငံတွေကို ဦးစားပေးဖြန့်ဝေမယ် ဆိုတာဟာ စေတနာကောင်းရင်တောင် လက်တွေ့…
Discussion about this post