Menu & Search

ရောဂါကပ်ဘေးနှင့် စီးပွားကပ်ဘေးတို့ကို တုံ့ပြန် ကုစားရာတွင်

May 4, 2020

မျက်မှောက်ကာလတွင် မြန်မာနိုင်ငံအပါအဝင် တကမ္ဘာလုံးသို့ ကူးစက်ပြန့်ပွားလာခဲ့သည့် ကိုရိုနာဗိုင်းရပ်စ် (ကိုဗစ်-၁၉)ရောဂါကြောင့် ရောဂါကပ်ဘေးသာမက ယင်းနှင့်ဆက်နွယ်ဖြစ်ပေါ်လာခဲ့သော စီးပွားရေး ထိခိုက်ကျဆင်းမှု စီးပွားကပ်ဘေးအန္တရာယ်ကိုပါ ရင်ဆိုင်ခံစားနေကြရသည်။

နိုင်ငံတိုင်းက အသက်ဘေးအန္တရာယ်ရှိသည့် ရောဂါကပ်ဘေး ကာကွယ်၊ ထိန်းချုပ်၊ ကုသ၊ တုံ့ပြန်ရေးသည် ဦးစားပေး (၁) အဖြစ်ခံယူ တိုက်ပွဲဝင်နေစဉ်အတွင်း၌ပင် ပြည်သူတို့၏ စားဝတ်နေရေး၊ လူမှုစီးပွား လိုအပ်ချက်က ကပ်လျက်လိုက်ပါနေသောကြောင့် စီးပွားကပ်ဘေးက ဦးစားပေး (၂) အဖြစ် ခံယူတုံ့ပြန် နေကြသော်လည်း လက်တွေ့မြေပြင်အခြေအနေတွင်မူကား တပြိုင်တည်း စဉ်းစားထိန်းညှိတုံ့ပြန် စီမံနေကြရသည်။

ထိုကပ်ဘေးနှစ်ခုတို့၏ သက်ရောက်မှုအတိုင်းအတာသည် နိုင်ငံတနိုင်ငံနှင့် တနိုင်ငံ ထိခိုက်ခံစားရမှုပမာဏ တူညီခြင်းမရှိသည် ကိုတွေ့ ရှိနိုင်သည်။

ထိုသို့ ထိခိုက်ခံစားရမှုပမာဏ တူညီခြင်းမရှိသည့် အကြောင်းရင်းများကိုလေ့လာကြည့်ရာတွင် ဖွံ့ဖြိုးပြီးနိုင်ငံ၊ ဖွံ့ဖြိုးဆဲနိုင်ငံတို့၏ ရေမြေရာသီဥတု၊ ပြည်သူများ၏ အခြေအနေအလိုက် ကွဲပြားခြားနားမှုများကြောင့်သာမက ဌာန၊ ဒေသ အဖွဲ့အစည်းများနှင့် ပြည်သူများ၏ ထိထိရောက်ရောက် ပူးပေါင်းပါဝင်လုပ်ဆောင်နိုင်မှု အားကောင်းခြင်း၊ မကောင်းခြင်းတို့သည် အစိုးရတို့၏ မူဝါဒဆိုင်ရာ တုံ့ပြန်မှု၊ ဗဟိုမှ အောက်ခြေအထိ ရှင်းလင်းလွယ်ကူစွာ လိုက်နာလုပ်ဆောင်နိုင်မည့် အသေးစိတ် လုပ် ဆောင်မှုအစီအမံ ချပြနိုင်မှု၊ မြေပြင်တွင် ထိရောက်စွာ လက်တွေ့အကောင်အထည်ဖေါ်နိုင်မှုတို့အပေါ်တွင် မူတည်နေ သည်ကို လေ့လာ တွေ့ရှိရသည်။

နိုင်ငံအစိုးရတို့၏ ‘မူဝါဒဆိုင်ရာ တုံ့ပြန်မှု (policy response)’  ကွဲပြားခြားနားမှု အပေါ်မူတည်၍ ရောဂါကပ်ဘေး ကာကွယ်၊ ထိန်းချုပ်၊ ကုသ၊ တုံ့ပြန်၊ စီမံပုံ၊ စီးပွားကပ်ဘေး သက်ရောက်မှုအပေါ် တုံ့ပြန်စီမံပုံ တို့သည် ထိရောက်မှု မတူညီသလို ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသော နိုင်ငံအလိုက်စာရင်းဇယားများအရ ပြည်သူများအပေါ်  ‘သက်ရောက်မှုပမာဏ အနည်း အများ’ ကွာခြား လာခဲ့ကြောင်းကို တွေ့ ရှိရသည်။

ထို့ထက်ပိုမို၍ အစိုးရတို့က အလေးထားတုံ့ပြန် ထိန်းညှိရန် လိုအပ်နေသည်မှာ ရောဂါကပ်ဘေး သက်ရောက်မှုနှင့်စီးပွားကပ်ဘေး သက်ရောက်မှု နှစ်ခုအကြားတွင် ‘ရောဂါကပ်ဘေးကြောင့် ထိခိုက် ဆုံးရှုံးမှုအနည်းဆုံး ဖြစ်စေရန်နှင့် စီးပွားကပ်ဘေးကြောင့် ထိခိုက်ဆုံးရှုံးမှု မများအောင်’ အပိတ်၊ အဖွင့် ဟန်ချက်ကို ချိန်ဆ၍ အဆုံးအဖြတ်ပြု ထိန်းညှိတုံ့ပြန်ရေးပင် ဖြစ်သည်ဟု ရှုမြင်ပါသည်။ ယင်းသည် ‘မူဝါဒဆိုင်ရာ တုံ့ပြန်မှု(policy response)’ ပြုပြီးနောက် ‘အပိတ်၊ အဖွင့် ဟန်ချက်ကို ချိန်ဆ၍ အဆုံးအဖြတ်ပြုမှု (decision making)’ အပိုင်းဖြစ်ပြီး အရေးကြီးသည်ဟု ဆိုနိုင်သည်။

အထင်ရှားဆုံးဥပမာကို ပြရလျှင် စီးပွားရေးထိခိုက်မည်ကိုစိုးရိမ်ပြီး ပိတ်ထားသည့်လုပ်ငန်းများကို ပြန်လည်ဖွင့်ပေးလိုသည့် အမေရိကန်သမ္မတနှင့် ပြည်သူတို့၏အသက်ဘေးအန္တရာယ်အတွက် ရောဂါကူးစက် မပြန့်ပွားအောင် ပိတ်ထားလိုသည့် ကွန်ဂရက်အမတ်များအကြား  ‘မူဝါဒဆိုင်ရာ တုံ့ပြန်မှု(policy response)’ အငြင်းပွားခဲ့သည့်အခြေအနေကို အစောပိုင်းကတွေ့ရှိခဲ့ရပြီး ‘အပိတ်၊ အဖွင့်ဟန်ချက်ကို ချိန်ဆ၍ အဆုံးအဖြတ်ပြုမှု (decision making)’ အပိုင်းတွင် မပြတ်မသားဖြစ်နေခဲ့ရာမှ အသေအပျောက်များလာမှသာ ငြိမ်သွားခဲ့သည်။

၂၀၂၀ ဧပြီ ၂၆ တွင် ထုတ်လွှင့်ခဲ့သည့် ဗွီအိုအေ သတင်းတပုဒ်တွင် “အမေရိကန်ပြည်ထောင်စု၌ ဖေဖေါ်ဝါရီလကုန်ပိုင်းမှ ဧပြီလ တတိယပတ်အထိ နှစ်လနီးပါးကာလအတွင်း Covid-19 ရောဂါ ကူးစက်သူပေါင်း ကိုးသိန်းနီးပါးနှင့် သေဆုံးသူပေါင်း ငါးသောင်းကျော်သွားခဲ့ရခြင်း၏ အကြောင်းရင်းမှာ ကိုရိုနာဗိုင်းရပ်စ် ရောဂါအန္တရာယ်ကို လျော့တွက်ခဲ့သည့်အတွက် ယခုလို ကြီးကြီးမားမား ပေးဆပ်လိုက် ရခြင်းဖြစ်ကြောင်း” အမေရိကန်၊ နယူးရောက်ပြည်နယ်အုပ်ချုပ်ရေးမှူး Andrew Cuomo က ၀န်ခံပြောကြားခဲ့သည့် သတင်းကို ဖတ်ရှုရသည်။

ပိတ်သင့်သည့်အချိန်တွင် တိတိကျကျ တင်းတင်းကျပ်ကျပ် ပိတ်ရမည့်လုပ်ငန်းစဥ်ကို ဖိဖိစီးစီး မလုပ်မိခဲ့သည့် သင်ခန်းစာ ဖြစ်သည်။

‘ရောဂါကပ်ဘေး ကာကွယ်၊ ထိန်းချုပ်၊ ကုသ၊ တုံ့ပြန်၊ စီမံမှု’ အားနည်းချက်ကြောင့် ‘အချိန်နှင့် လုပ်ငန်းအစီအစဉ် (timing and sequencing)’  အချိန်အဆ၊ အထိန်းအညှိ အားနည်းချက်ကို တွေ့ ရှိနိုင်သည်။

ထိုအခြေအနေကြောင့် (စီးပွားရေးတံခါးကို စောဖွင့်လိုသည့်ဆန္ဒ ရှိခဲ့သော်လည်း ပထမဦးစားပေး လုပ်ငန်းကို စနစ်တကျ ဖိဖိစီးစီး ပြင်ဆင်လုပ်ဆောင်မှု အားနည်းချက်ကြောင့်) ‘အပိတ်၊ အဖွင့်ဟန်ချက်’ ကို ချိန်ဆရန်နှင့် အဆုံးအဖြတ်ပြုရန် ခက်ခဲလာခဲ့သည်ကို တွေ့ရသည်။

ရောဂါပိုးကူးစက်ခံရပြီးသူတဦးထံမှ အခြားသူများထံသို့ ထပ်ဆင့် မကူးစက်စေရန် ‘အချိန်မီ (in time)’ ရှာဖွေခြင်း၊ quarantine ထား၍ စောင့်ကြည့်ခြင်းနှင့် ကုသခြင်း ‘လုပ်ငန်းအဆင့်(sequencing)’ မှန်ကန်စွာ ထိန်းချုပ်ကုသမှုပြုလုပ်ရန် လိုအပ်ပါသည်။ တနည်းအားဖြင့် အချိန်နှင့် လုပ်ငန်းအစီအစဉ် (timing and sequencing) မှန်ကန်ရန် လိုအပ်ပါသည်။

အလားတူ စီးပွားရေးလုပ်ငန်းများတွင် အမှာစာ၊ အဝယ်(demand) ရှိချိန် ကုန်ထုတ်လုပ် တင်ပို့ရောင်းချ ရသကဲ့သို့ မိုးမကျမီကာလကတည်းက မြေပြင်၍ ပြည်တွင်းပြည်ပ စျေးကွက်ဝယ်လိုအားရှိသော သီးနှံကို ‘ အချိန်မီ (in time)’ မျိုး(စေ့)စုဆောင်းသည်မှ ထွန်ယက်စိုက်ပျိုးထွက်ရှိသည်အထိ လုပ်ငန်းအဆင့် (sequencing) မှန်ကန်စွာ လုပ်ဆောင်ရန်လိုသည်။

ထိုကြောင့် သူ့အချိန်နှင့်သူ ဦးစားပေးလုပ်ရမည့် လုပ်ငန်းကို ‘အချိန်နှင့် လုပ်ငန်းအစီအစဉ်(timing and sequencing)’ မှန်ကန်စွာ လုပ်လာရန် လိုအပ်ပြီး ရောဂါကပ်ဘေး ကာကွယ်၊ ထိန်းချုပ်၊ ကုသ၊ တုံ့ပြန်၊ စီမံမှု၊  စီးပွားကပ်ဘေး သက်ရောက်မှုအပေါ် တုံ့ပြန်စီမံမှုတို့ကို စနစ်ကျခိုင်မာသည့် လုပ်ငန်းအစီအမံ(Action Plan)ဖြင့် လက်တွေ့အကောင်အထည် ဖော်သွားနိုင်မှသာ ရောဂါကပ်ဘေးနှင့် စီးပွားကပ် ဘေးနှစ်ခုအကြား အကူးအပြောင်း အချိန်အဆကို တပြိုင်တည်း စဉ်းစားစီမံလာရချိန်တွင် ‘အပိတ်၊ အဖွင့်ဟန်ချက်’ ကို ချိန်ဆရာ၌ အဆုံးအဖြတ် မှန်ကန်စွာ ပြုလုပ်နိုင်လိမ့်မည်ဟု ရှုမြင်ပါသည်။

 

နိုင်ငံအချို့၏ ကာကွယ်၊ ထိန်းချုပ်ရေး နမူနာ

ကိုရိုနာဗိုင်းရပ်စ်(ကိုဗစ်-၁၉)ရောဂါစတင်ဖြစ်ပွားရာ တရုတ်နိုင်ငံ၊ ဝူဟန်မြို့၌ ၂၀၁၉ ဒီဇင်ဘာ ၃၁ က စတင်ဖြစ်ပွားခဲ့သည့် ကိုရိုနာဗိုင်းရပ်စ်ရောဂါ (ကိုဗစ်-၁၉)အသစ်သည် တလအကြာတွင် ပြည်နယ် ၃၄ ခုသို့ ကူးစက်ပျံ့နှံခဲ့ပြီး ၂၀၂၀ မတ် ၁၁ တွင် နိုင်ငံပေါင်း ၁၀၆ နိုင်ငံသို့ လျှင်မြန်စွာ ကူးစက်ပျံ့နှံ့သွားခဲ့သည်။

တရုတ်နိုင်ငံအတွက် ကြိုတင်ပြင်ဆင်ချိန်မရ၊ ကြိုတင်ပြင်ဆင်မှု မပြုလုပ်နိုင်ခဲ့သော်လည်း အစိုးရ၏ ‘ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသ၊ တုံ့ပြန်၊ စီမံပုံ’ က လျှင်မြန်၊ စနစ်ကျခဲ့သဖြင့် အချိန်တိုကာလအတွင်း၌ ထိန်းချုပ်နိုင်ခဲ့ကြောင်း တွေ့ ရှိရပါသည်။

၂၀၂၀ မတ် ၁၁ အထိ တရုတ်နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၈၀၉၈၁ ဦး၊ သေဆုံးသူ ၃၁၇၃ ဦး ရှိနေပြီး နိုင်ငံ ၁၁၃ နိုင်ငံတွင် ရောဂါကူးစက်ခံရသူ ၃၇၃၆၄ ဦးနှင့် သေဆုံးသူ ၁၁၃၀ ဦး ရှိနေခဲ့ပြီဖြစ်သည်။

တရုတ်နိုင်ငံအစိုးရ၏ လုပ်နည်းလုပ်ဟန်ကိုလေ့လာပါက-

  • ဗဟိုအစိုးရ၏ မူဝါဒဆိုင်ရာ တုံ့ပြန်မှုအားကောင်းသကဲ့သို့ ဟူပေပြည်နယ်အစိုးရက ဝူဟန် မြို့ကို ထိထိရောက်ရောက် ကွပ်ကဲကြပ်မတ်ထိန်းချုပ်ထားနိုင်ခြင်း၊
  • ဝူဟန်မြို့တော် အုပ်ချုပ်ရေးနှင့် ပြည်သူများက သတ်မှတ်ကာလ ရောဂါ ကာကွယ် ထိန်းချုပ်ရေး၌ လိုက်နာပူးပေါင်းဆောင်ရွက်ခြင်း၊
  • ကျန်းမာရေး ကာကွယ်စောင့်ရှောက်မှုနှင့် စားနပ်ရိက္ခာ ပံပိုးထောက်ပံ့မှု နိုင်နင်းခြင်း စသည့်

‘မူဝါဒတုံ့ပြန်မှု’၊ ‘ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသ၊ တုံ့ပြန်၊ စီမံမှု’ ကောင်းပြီး လက်တွေ့ အကောင်အထည်ဖေါ်ရာ၌ တင်းတင်းကျပ်ကျပ် ဖိဖိစီးစီး လုပ်ဆောင်ခဲ့ခြင်းတို့ကြောင့် အတိုင်းအတာတခုအထိ အောင်မြင်ခဲ့သည်ကို တွေ့ရှိရပါသည်။

ပိတ်ဆို့မှု(Lockdown)ကာလပြီးသည်နှင့် စီးပွားကပ်ဘေးသက်ရောက်မှု နည်းစေရန်အတွက် စီးပွားရေးလုပ်ငန်းများ ပုံမှန် ပြန်လည်လည်ပတ်စေရန် ‘ အလျှင်အမြန်ပြန်လည်ဖွင့်နိုင်ရေး အဆုံးအဖြတ်ပြု’ ချမှတ်သွားနိုင်သည်ကို တွေ့ရှိရပါသည်။ အပိတ်၊ အဖွင့်ဟန်ချက်ကို ချိန်ဆ၍ ‘အချိန်နှင့် လုပ်ငန်းအစီအစဉ်’ မှန်ကန်စွာ အဆင့်လိုက် ဆုံးဖြတ်တုံ့ပြန် လုပ်ကိုင်သွားသည်ကို လေ့လာတွေ့ ရှိရပါသည်။

တရုတ်နှင့် နယ်နိမိတ်ချင်း ဆက်စပ်နေသော ဗီယက်နမ်နိုင်ငံကို လေ့လာပါက ဗီယက်နမ်အစိုးရသည် ဒီဇင်ဘာနှောင်းပိုင်းတွင် ဟူပေပြည်နယ်ရှိ အခြေအနေ မည်သို့ပြောင်း လဲနေသည်ကို အနီးကပ်စောင့်ကြည့် လေ့လာခြင်းပြုလုပ်သည်။

ဇန်နဝါရီ ၁၅ တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါကို တိုက်ဖျက်ရန် နည်းလမ်းများကို ကျန်းမာရေး ၀န်ကြီးဌာန၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) နှင့် အမေရိကန်ရောဂါထိန်းချုပ်ရေးနှင့် ကာ ကွယ်ရေးစင်တာများ (CDC) မှ အဆင့်မြင့်အရာရှိများနှင့် အရေးပေါ်အစည်းအဝေးတရပ် ကျင်းပခဲ့သည်။

ဇန်နဝါရီ ၁၆ တွင် ဗီယက်နမ်နိုင်ငံအစိုးရ ကျန်းမာရေး၀န်ကြီးဌာနသည် တနိုင်ငံလုံးရှိ ဆေးရုံ များနှင့် ဆေးခန်းများသို့ ချိတ်ဆက်လျက် ကာကွယ်ရေးအစီအမံများကို ကြိုတင် ပြင်ဆင် စေခဲ့သည်။

ဇန်နဝါရီ ၂၃ ရက်က ဗီယက်နမ်နိုင်ငံတွင် ပထမဆုံးဗိုင်းရပ်စ်ကူးစက်မှုကို ရှာဖွေ တွေ့ရှိခဲ့ သည့် အချိန်၌ ပြုလုပ်ခဲ့သော ပထမအကြိမ်အရေးပေါ်အစည်းအဝေးအပြီးတွင် (ကိုဗစ်-၁၉) ထိန်းချုပ်ရေးနှင့် ကာကွယ်ရေး ဦးဆောင်ကော်မတီသည် ဗိုင်းရပ်စ်ကိုထိန်းချုပ်ရန် တုံ့ပြန်မှုအစီအစဉ်ကို ထုတ်ပြန်ခဲ့ပြီး ၎င်းကို ကျန်းမာရေးဌာနများက ချက်ချင်း အကောင်အထည်ဖော်ခဲ့သည်။

၂၀၂၀ ဧပြီ ၆ တွင် လူ ဦးရေ  ၉၅ ဒသမ ၅ သန်းရှိသော ဗီယက်နမ်နိုင်ငံသည် (ကိုဗစ်-၁၉) ရောဂါစောင့်ကြည့်မှု ၂၄၅ မှု၊ ရောဂါကူးစက်မှု ၉၅ ခုနှင့် သေဆုံးမှု မရှိ(သုည)မှတ်တမ်းများကို ဖော်ပြခဲ့သည်။ (ကိုဗစ်-၁၉) ကူးစက်ရောဂါကြောင့် ဗီယက်နမ်နိုင်ငံသည် သေဆုံးမှု အနည်းဆုံး နိုင်ငံများအနက် အနည်းဆုံးနိုင်ငံတနိုင်ငံအဖြစ် အသိအမှတ်ပြုခြင်းခံခဲ့ရသည်။

ဗီယက်နမ်ဝန်ကြီးချုပ်က စီးပွားကပ်ဘေးကို တုံ့ပြန်ကျော်လွှားနိုင်ရန် ဘဏ္ဍာရေးနှိုးဆွမှု အစီအစဉ်အဖြစ် အမေရိကန်ဒေါ်လာ ၁ ဒသမ ၂၇ ဘီလီယံမှ အမေရိကန်ဒေါ်လာ ၆ ဒသမ ၃၆ ဘီလီယံသို့ တိုးမြှင့်သုံးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဗီယက်နမ်နိုင်ငံ၏ စီမံလုပ်ဆောင်ပုံသင်ခန်းစာအရ ‘မူဝါဒဆိုင်ရာ တုံ့ပြန်မှု(policy response)’ ကို တရုတ်နိုင်ငံအတွင်း စတင်ဖြစ်ပွားချိန်နှင့် မရှေးမနှောင်း ရက်သတ္တနှစ်ပတ်ခန့်အတွင်း ခိုင်မာစွာဆုံးဖြတ်လုပ်ဆောင်ခဲ့သောကြောင့် ကြိုတင်ပြင်ဆင် ကာကွယ်ချိန် ရရှိပြင်ဆင်ခဲ့ခြင်း၊ ‘ရောဂါကပ်ဘေး ကာကွယ်၊ ထိန်းချုပ်၊ ကုသ၊ တုံ့ပြန်၊ စီမံမှု ကောင်းခြင်း’၊ ရောဂါနှင့် ကုသမှုဆိုင်ရာ မဟာဗျူဟာကိုကျင့်သုံးပြီး ဒေသအာဏာပိုင်များအား လုပ်ငန်း ခွင်ရှိ အရင်းအမြစ်များအားလုံးကို လမ်းညွှန်ခြင်းနှင့် စည်းရုံးခြင်းများ ပြုလုပ်နိုင်ခဲ့ခြင်းတို့ကို လေ့လာတွေ့ရှိရသည်။

ယခုပြန်လည်ဖွင့်ချိန်တွင်လည်း ဇလုတ်တိုက်၍ တပြိုင်တည်းအကုန်မဖွင့်ဘဲ ‘အချိန်နှင့် လုပ်ငန်း အစီ အစဉ်(timing and sequencing)’ ချမှတ်၍  ‘အပိတ်၊ အဖွင့်ဟန်ချက်’ ကို ချိန်ဆလုပ်နေကြောင်း လေ့လာတွေ့ရှိရသည်။

 

မြန်မာပြည်သူတို့၏ ကိုယ်ခံအားနှင့် ကာကွယ်ထိန်းချုပ်ထားခဲ့သည့် ကိုဗစ်ရောဂါပိုး

တရုတ်နိုင်ငံ၊ ဝူဟန်မြို့၌ ၂၀၁၉ ဒီဇင်ဘာ ၃၁ ရက်က ကိုရိုနာဗိုင်းရပ်စ် ရောဂါ (ကိုဗစ်-၁၉) စတင်ဖြစ်ပွားခဲ့ပြီးနောက် မိမိတို့မြန်မာနိုင်ငံတွင် (ကိုဗစ်-၁၉) ရောဂါကြောင့် ရောဂါကပ်ဘေး သက်ရောက်မှုနှင့် စီးပွားကပ်ဘေးသက်ရောက်မှုတို့အပေါ် အစောဆုံး ‘မူဝါဒဆိုင်ရာ တုံ့ပြန်မှု’ အဖြစ် တလအကြာ၂၀၂၀ ဇန်နဝါရီ ၃၀ တွင် ‘COVID-19 ကြောင့်ဖြစ်သော အဆုတ်ရောင်ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး ဗဟိုကော်မတီ’ ကို ဖွဲ့စည်းခဲ့သည်။

သို့ရာတွင် ထိုကော်မတီသည် တစုံတရာလှုပ်ရှားလုပ်ဆောင်မှုမရှိခဲ့ဘဲ နှစ်လကျော်အကြာ ၂၀၂၀ မတ် ၁၃ တွင်  ‘COVID-19 ကာကွယ်ထိန်းချုပ်ကုသရေး (အမျိုးသားအဆင့် ဗဟိုကော်မတီ)’ ကို ထပ်မံပြင်ဆင်ဖွဲ့စည်းချိန်၌ သက်ဝင်လှုပ်ရှားလာသည်ဟု ဆိုရမည်ဖြစ်ပါသည်။

ထိုကာလမတိုင်မီ ဇန်နဝါရီမှ မတ် ၁၁ အထိ တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေး၌ ကားအစီး ၁၈၀၀ ခန့် ဖြင့် အေးအေးဆေးဆေး ကုန်သွယ်ကူးလူးဆက်ဆံနေဆဲ ဖြစ်သလို မတ် ၁၀ အထိ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကလည်း တိုင်းဒေသကြီး၊ ပြည်နယ် လူထုတွေ့ဆုံပွဲများကို လှည့်လည်တွေ့ဆုံနေဆဲဖြစ်ကြောင်း တွေ့ရှိရပါသည်။ လွှတ်တော်ကြီးကလည်း တဦးနှင့် တဦး ခြောက်ပေမဝေးသော အကွာအဝေးဖြင့် လူစုလူဝေးအသွင် ကျင်းပနေခဲ့သည်။

သို့ရာတွင် မူဆယ်အရောင်းအဝယ်လူအုပ်ကြီးသည် လည်းကောင်း၊ ခန်းမအတွင်း လူထုတွေ့ဆုံပွဲများမှ ပြည်သူများသည် လည်းကောင်း၊ လွှတ်တော်အမတ်များသည် လည်းကောင်း ယခုထိ ကိုဗစ်ရောဂါ ကူးစက်ခံရသည့်သတင်း မကြားသိရသည်မှာ ထူးခြားသည်။

ဝူဟန်ဖြစ်စဥ် စတင်ချိန်နောက်ပိုင်း နှစ်လအကြာထိ ရောဂါကပ်ဘေးကျရောက်နိုင်သည့် ဘေးအန္တရာယ်အပေါ် အစိုးရ၏ မူဝါဒဆိုင်ရာ တုံ့ပြန်မှုနှင့် ကာကွယ်ထိန်းချုပ်မှုလုပ်ငန်းစဥ် အစီအမံချမှတ်ထားမှု တစုံတရာမရှိမီ ကာလအတွင်း ပူအိုက်သော ရေမြေဒေသနေ မြန်မာပြည်သူတို့၏ ခန္ဓာကိုယ်အတွင်း၌ ခုခံအားစနစ် (Immune system)ခေါ်  ကိုယ်ခံအားကောင်းကောင်းဖြင့် ကိုဗစ်-၁၉ ရောဂါပိုး မဝင်နိုင်အောင် ကာကွယ်တားဆီးထားနိုင်ခဲ့ကြသည်ဟု ဆိုနိုင်သည်။

ခန္ဓာကိုယ် ခုခံအား(ကိုယ်ခံအား)ကောင်းသောသူများက ပြင်ပမှဝင်ရောက်လာသည့် ရောဂါပိုးမွှားများကို ခုခံတိုက်ဖျက်နိုင်စွမ်း ရှိနေကြသဖြင့် ရောဂါကူးစက်မှုဒဏ်ကို ခုခံကာကွယ်ထားနိုင်ကြသည်ဟု  ဆိုသည်။

အသက်အရွယ်ကြီးသူတို့ကမူ ခန္ဓာကိုယ်ခုခံအား(ကိုယ်ခံအား) နည်းပါးလာကြသဖြင့် ရောဂါကူးစက်မှုဒဏ်ကို ငယ်ရွယ်သူတို့ထက် ပိုမိုခံရသည်ဟု ဆေးပညာက ဆိုသည်။

ထိုအချိန်က ကိုဗစ်ရောဂါသည် မြန်မာနိုင်ငံကိုကျော်၍ တရုတ်နိုင်ငံနှင့်မိုင်များစွာဝေးသော နိုင်ငံ ၁၁၃ နိုင်ငံသို့ ကျော်လွန် ပျံ့နှံကူးစက်ခဲ့သည်ကို တွေ့ရသည်။ မတ် ၂၃  တွင်မှသာ မြန်မာနိုင်ငံအတွင်း၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်သူ နှစ်ဦးကို စတင်တွေ့ ရှိခဲ့သည်။

နောက်ပိုင်းတွင် အစိုးရက ကာကွယ်ထိန်းချုပ်ကုသရေးအစီအမံများကို ချမှတ်ပေးသကဲ့သို့ ကျန်းမာရေးဝန်ကြီးဌာန ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် တပ်မတော်ဆေးဝန်ထမ်း တပ်ဖွဲ့တို့၏ ကြိုးပမ်းဆောင်ရွက်မှုနှင့် ပြည်သူများ၏ကိုယ်ခံအားကြောင့် ၂၀၂၀ ဧပြီ ၂၆ အထိ ပိုးတွေ့လူနာ ၁၄၆ ဦးနှင့် သေဆုံးလူနာ ၅ ဦးသာ ရှိသေးသည်ကို တွေ့ရှိရသည်။

ယခုအချိန်အထိ ကိုဗစ်ရောဂါကို ကာကွယ်ထိန်းချုပ်ထားနိုင်ခြင်းသည် ပြည်သူတို့၏ကိုယ်ခံအား ကောင်းနေခြင်းသာမက ကျန်းမာရေးဝန်ကြီးဋ္ဌာန၏ စီမံကြိုးပမ်းမှု၊ ပြည်သူများ လိုက်နာလုပ်ဆောင်မှုကြောင့်ဟူသော အချက်လည်း ပါဝင်လိမ့်မည်ဟု ယူဆရပါသည်။

သို့ရာတွင် နိုင်ငံကိုယ်ခံအား(နိုင်ငံစွမ်းအား)၌ ပါဝင်သော ကျန်းမာရေးဝန်ကြီးဌာနက ရှိသမျှအင်အားဖြင့် ကြိုးပမ်းနေကြရသော်လည်း ဆရာဝန်အင်အား၊ သူနာပြုအင်အား၊ ဆေးရုံ၊ ဆေးပစ္စည်း ကိရိယာအင်အား လိုအပ်ချက်များ ရှိနေပေသည်။ ရောဂါကပ်ဘေးကို ဆက်လက်တွန်းလှန်ရန် တပ်မတော်ဆေးတပ်ဖွဲ့က ကူညီ ပူးပေါင်းဆောင်ရွက်နေသော်လည်း ရေရှည်အတွက် ကိုယ်ခံအား ပိုမိုကောင်းအောင် ပြင်ဆင်ထားရန် လိုအပ်လှပေသည်။

ထိုကိုယ်ခံအား၊ စွမ်းအား မရှိဘဲ ပြည်သူ့ကျန်းမာရေးကို အပြည့်အဝ ကာကွယ်စောင့်ရှောက်နိုင်ရန် ခက်ခဲလိမ့်မည် ဖြစ်ပါသည်။ တဖက်က ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်များ၊ စက်ရုံအလုပ်ရုံနှင့် အချို့သောဝန်ဆောင်မှုလုပ်ငန်းများကို ရပ်ဆိုင်းခြင်း၊ ညမထွက်ရ အမိန့်ထုတ်ရခြင်း တို့ကြောင့် တနေ့ရ တနေ့စား အလုပ်ရှာဖွေလုပ်ကိုင်ကြရသူများ အလုပ်လက်မဲ့ဖြစ်ခြင်း၊ ပြည်ပထွက်ခွာအလုပ်လုပ်သူတို့ ပြည်တွင်းသို့ပြန်ဝင်လာချိန် အလုပ်လက်မဲ့ဖြစ်ခြင်း စသည့် အခြေအနေများက နေ့စဉ်မိသားစု စားသောက်ရေး ကျပ်တည်းခက်ခဲလာစေခဲ့ပါသည်။

ထိုအကျိုးဆက်ကြောင့် ယခင်လို စားနပ်ရိက္ခာ၊ ဟင်းသီးဟင်းရွက်၊ အသားငါးများကို ဝယ်ယူစားသောက်နိုင်စွမ်း ကျဆင်းလာသည်နှင့်အမျှ ပြည်သူတို့၏ ယခင်ရှိပြီးသော ကိုယ်ခံအားစနစ်(Immune system) ယုတ်လျော့ ထိခိုက်ကျဆင်းလာနိုင်ဖွယ် ရှိနေသည်။ ထိုအခါ ကိုဗစ်ရောဂါပိုးကို ယခင်လို ကိုယ်ခံအားက ခုခံတွန်းလှန် တုံ့ပြန်နိုင်စွမ်း မရှိတော့လျှင် ရောဂါကူးစက်ခံရမှု များလာနိုင်သည်ကို သတိပြုကြရမည်ဖြစ်သည်။

ပြည်သူတို့၏ကိုယ်ခံအားကို ဆက်လက်ကောင်းမွန်နေအောင် ပြည်သူ့ကျန်းမာရေး ကာကွယ်စောင့်ရှောက်မှုနှင့်အတူ လူမှုကာကွယ်စောင့်ရှောက်မှု (social security) လုပ်ငန်းများ၊ လူမှုဖူလုံရေးလုပ်ငန်များ၊ မိခင်နှင့် ကလေးစောင့်ရှောက်မှုလုပ်ငန်းများ၊ အလုပ်လက်မဲ့ ဆင်းရဲနွမ်းပါးသော အိမ်ထောင်စုများအပေါ် ထောက်ပံ့ရေးလုပ်ငန်း စသည်တို့ကို မည်မျှတိုးချဲ့ ပံ့ပိုးလုပ်ဆောင်နိုင်မည်ဆိုသည့်အချက်သည် နိုင်ငံအစိုးရ၏ စွမ်းဆောင်နိုင်မှု၊ တနည်းအားဖြင့် နိုင်ငံ့ကိုယ်ခံအား(နိုင်ငံစွမ်းအား) အပေါ်မူတည်နေသည်ဟု ရှုမြင်ပါသည်။

ကမ္ဘာ့နိုင်ငံအများအပြားသည် ရောဂါကပ်ဘေးနှင့် စီးပွားကပ်ဘေးနှစ်ခုကို ခုခံတုံ့ပြန် ရင်ဆိုင်ကျော်လွှားရန် ကြိုးပမ်းကြရာ၌ မိမိတို့ကိုယ်ခံအား၊ စွမ်းအားရှိသလောက် နိုင်ငံတော်ဘဏ္ဍာထဲမှ ပုံအောထုတ်သုံးပြီး လုပ်ဆောင်နေကြသည့်အပြင် ‘ဆင့်ပွားအား’ အဖြစ် နိုင်ငံတကာအကူအညီ၊ ချေးငွေများရယူကြိုးပမ်း လုပ်ဆောင်နေကြပါသည်။

မိမိတို့နိုင်ငံအနေဖြင့် အခြားနိုင်ငံသုံးစွဲမှုထက် များစွာနည်းမနေရန် လိုသည်။ သို့မှသာ လူအင်အား၊ ငွေအင်အား၊ ဆေးပစ္စည်းကိရိယာ၊ ဆေးဝါးအင်အား များများသုံး၍ ရန်သူကိုဗစ်ရောဂါကို နိုင်နင်းစွာ တွန်းလှန်နိုင်မည် ဖြစ်သည်ဟု ရှုမြင်ပါသည်။

 

စီးပွားကပ်ဘေးနှင့် ပြည်သူတို့၏ကိုယ်ခံအား

ပြည်သူတို့၏ ခန္ဓာကိုယ်အတွင်း၌ ခုခံအားစနစ် (Immune system) ခေါ်  ကိုယ်ခံအား ကောင်းကောင်းဖြင့် ကိုဗစ်-၁၉ ရောဂါပိုးမဝင်နိုင်အောင် ကာကွယ်တားဆီးထားနိုင်ခဲ့ကြသော်လည်း စီးပွားကပ်ဘေးအတွက် ပြည်သူတို့၏ လူမှုစီးပွားကိုယ်ခံအားက မကောင်းလှချေ။

ပြည်သူတို့၏ လူမှုစီးပွားကိုယ်ခံအားသာမက နိုင်ငံ့စီးပွားရေးအင်အား ကိုယ်ခံအားကလည်း မကောင်းလှပေ။

လွန်ခဲ့သောလေးငါးနှစ်တာကာလအတွင်း ပြည်တွင်းအလုပ်အကိုင် ဖန်တီးပေးနိုင်မှု နည်းပါးခြင်း၊ လယ်ယာသားငါးလုပ်ငန်း ဝင်ငွေတခုတည်းဖြင့် မိသားစုလူမှုစီးပွားလိုအပ်ချက် ရပ်တည်ဖြည့်ဆည်းရန် ခက်ခဲခြင်းတို့ကြောင့် ပြည်ပသို့ ထွက်ခွာ အလုပ်လုပ်သူဦးရေ တိုးပွားလာခဲ့သည်။

တဖက်တွင် လယ်ယာသားငါးကဏ္ဍအပါအဝင် အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ၌ လုပ်သားရှားပါးမှုပြဿနာ ရှိလာခဲ့သည်။ အကျိုးဆက်အဖြစ် ကုန်ထုတ်လုပ်စရိတ် မြင့်မားလာပြီး ပြည်ပမှဝင်လာသော ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ၊ စားသောက်ကုန်၊ လူသုံးကုန်များကို စျေးကွက်၊ စျေးနှုန်း ယှဉ်ပြိုင်နိုင်စွမ်းက ပြည်တွင်း၌ ကျဆင်းလာသကဲ့သို့ ပြည်ပစျေးကွက် ထိုးဖေါက်ယှဉ်ပြိုင်ရန်ပါ ခက်လာခဲ့သည်။

လွန်ခဲ့သည့်လေးနှစ်ခန့်အတွင်း ဆောက်လုပ်ရေးလုပ်ငန်းများ ရပ်ဆိုင်းသွားခဲ့ရာမှအစပြု၍ အခြားစီးပွားရေး လုပ်ငန်းများပါ ကျဆင်းလာခဲ့သည်။ ထိုကြောင့် မြန်မာ့စီးပွားရေးသည် ကိုရိုနာဗိုင်းရပ်စ်(ကိုဗစ်-၁၉) ရောဂါကပ်ဘေး မကျရောက်မီအချိန်ကပင် ကုစားရမည့် စီးပွားရေးရောဂါအခံ ရှိနေသည်ဟု ဆိုနိုင်သည်။

ကျန်းမာရေးရှုထောင့်မှ အသက်အရွယ်ကြီးသူ၊ ရောဂါအခံရှိသူများသည် ကိုဗစ်ရောဂါကူးစက်ဒဏ် ခံရပါက အခြားကိုယ်ခံအား ကောင်းသူထက် ပိုမိုအန္တရာယ်ရှိသည်ဟူသော သုံးသပ်ချက်အတိုင်း ကိုရိုနာဗိုင်းရပ်စ် (ကိုဗစ်-၁၉)ရောဂါကပ်ဘေး မကျရောက်မီအချိန်ကပင် ကုစားရမည့် စီးပွားရေးရောဂါအခံ ရှိနေသော မြန်မာ့စီးပွားရေးသည် (ကိုဗစ်-၁၉)ရောဂါကပ်ဘေးဒဏ်ကို ခံရပါက အခြေအနေပို၍ဆိုးနိုင်ဖွယ် ရှိနေပေသည်။

အစိုးရက ‘COVID-19 ကြောင့် ဖြစ်ပေါ်သော စီးပွားရေးသက်ရောက်မှုအပေါ် ကုစားရေးကော်မတီ’ ကို ဖွဲ့စည်း၍ စီးပွားရေးထိခိုက်ကျဆင်း အကျပ်အတည်းစီမံခန့်ခွဲမှု (economic crisis management )အဖြစ်

အောက်ပါ စီးပွားရေးလှုံ့ဆော်နှိုးဆွရေး အစီအစဥ်(Stimulus Packages) ကို လုပ်ဆောင်ခဲ့သည်-

(၁) ထိခိုက်နစ်နာသော စီးပွားရေးလုပ်ငန်းများကို ၁ ရာခိုင်နှုန်းအတိုးနှုန်းနှင့် ချေးငွေ ကျပ် ဘီလီယံ ၁၀၀ ပေးရန်အတည်ပြုခြင်း (အမေရိကန်ဒေါ်လာ ၇၁ သန်းကျော်၊ ဂျီဒီပီ၏ ၀ ဒသမ ၁ ရာခိုင်နှုန်းရန်ပုံငွေ အသုံးပြုသည်။)၊

(၂) ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအား ကျန်းမာရေးနှင့် အခြား အသုံး စရိတ်များအတွက် ကျပ်သန်း ၃၀၀ (အမေရိကန်ဒေါ်လာ ၀ ဒသမ ၂ သန်း) ခွဲဝေချ ထားပေးခြင်း၊

(၃) ပို့ကုန်အပေါ် ၂ ရာခိုင်နှုန်း ကြိုတင်ဝင်ငွေခွန် ကင်းလွတ်ခွင့်ပေးခြင်း၊

(၄) မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် အတိုးနှုန်းကို လျှော့ချပေးခြင်းတို့ ပြုလုပ်ခဲ့သည်။ အချို့ ဌာနများကလည်း စီးပွားရေးဆိုင်ရာ တုံ့ပြန်ဆောင်ရွက်မှုအချို့ ရှိနေသော်လည်း စုစုစည်းစည်းဖြင့် ကဏ္ဍအလိုက် ရေတိုနှင့် ရေရှည် တွက်ချက်စီမံ ထုတ်ပြန်သည့် အစီအမံ(COVID-19 Economic Response Plan) လိုအပ်နေပေသည်။

ထို့အပြင် စီးပွားရေးလှုံ့ဆော်ရေးအစီအစဥ်(Stimulus Packages) တွင် အမေရိကန်ဒေါ်လာ ၇၁ သန်းကျော်၊ ဂျီဒီပီ၏ ၀ ဒသမ ၁ ရာခိုင်နှုန်းသာ ရန်ပုံငွေအသုံးပြုခြင်းသည် ထိခိုက်ပြိုလဲနိုင်သည့် လုပ်ငန်းများရှင်သန်ရပ်တည်နိုင်ရေး၊ လည်ပတ်လုပ်ကိုင်ဆဲ လုပ်ငန်းများ၏ ထုတ်လုပ်တင်ပို့ရောင်းချမှု အရှိန်မပျက်ရေး၊အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးနိုင်မည့်လုပ်ငန်းများ အရှိန်အဟုန်မပျက် လည်ပတ် ရေး၊ ပြည်ပတင်ပို့ခြင်းဖြင့် နိုင်ငံ့စီးပွားတိုးတက်စေမည့် လုပ်ငန်းများ ထုတ်လုပ်မှုမြှင့်တင်ရေး၊ အလုပ်လက်မဲ့ အလုပ်သမားများအား ထောက်ပံရေးတို့ကို ပြုလုပ်ရန် လုံလောက်မှုမရှိ။ အခြားနိုင်ငံများက စီးပွားရေးနှိုးဆွရန် သုံးသည့်ငွေကြေးပမာဏထက် များစွာနည်းနေ သောကြောင့် ကိုဗစ်ကာလနှင့် ကိုဗစ်အလွန်ကာလအထိ မြန်မာ့စီးပွားရေး ပြန်လည် နာလန် ထူရန် ခက်ခဲဦးမည်ဟု သုံးသပ်လျက်ရှိကြသည်။

မူဆယ်၊ မြဝတီ နယ်စပ်ကုန်သွယ်ရေးအခက်အခဲများ၊ စက်ရုံအလုပ်ရုံများတွင် အဆင်မပြေမှုသတင်းများစွာက ကိုဗစ်စီးပွားကပ်ရောဂါ ပျံ့နှံ့လာသည်ကို ဖေါ်ပြနေကြသော်လည်းသဲလွန်စ(trace )လိုက်မည့် ဌာနလည်း မတွေ့ရ၊ သီးနှံကဏ္ဍအလိုက် ရောဂါဆန်းစစ်မှုလုပ်သည်လည်း မတွေ့ရ၊ ရောဂါရှာဖွေကုသရေး စီမံသည်လည်း မတွေ့ရသောကြောင့် ကျန်းမာရေးဝန်ကြီးဌာနကဲ့သို့ တက်တက်ကြွကြွ အားတက်သရော လှုပ်ရှားမှုလုပ်ဆောင်ပေးမည့် အဖွဲ့အစည်း (Institution) လိုအပ်နေပုံရသည်။

တနိုင်ငံလုံးရှိ  လယ်ယာသားငါးကဏ္ဍအပါအဝင် စီးပွားရေးလုပ်ငန်းအားလုံးကို တာဝန်ရှိသည့်ဌာနဆိုင်ရာကဆက်လက် လည်ပတ်ထုတ်လုပ်နိုင်သောလုပ်ငန်းများ၊ဝယ်လိုအားကြောင့် လျှော့ချထုတ်လုပ်ရမည့်လုပ်ငန်းများ၊မရပ်တည်နိုင်တော့သဖြင့် ရပ်နားရမည့်လုပ်ငန်းများ စီးပွားရေးထိခိုက်မှု (impact assessment) ရောဂါရှာဖွေ စူးစမ်းမှု ပြုလုပ်၍ စီးပွားရေးကပ်ရောဂါကို မည်သို့ကုစားမည်ကို လေ့လာသုံးသပ် စီမံရန်လိုနေပေသည်။

လှိုင်သာယာမြို့နယ်၊ ရွှေလင်ပန်းစက်မှုဇုန်ဥက္ကဋ္ဌ ဦးအေးသောင်းက သင်္ကြန်အပြီးတွင် ကိုဗစ်ကပ်ရောဂါကြောင့် စက်ရုံ၊ အလုပ်ရုံများ ပြန်လည်ဖွင့်လှစ်ရမည် သို့မဟုတ် ပိတ်ထားရမည်ဆိုသည်မှာ လုပ်ငန်းရှင်များ ဒွိဟဖြစ်လျက်ရှိသည်ဟု ပြောကြားထားသောသတင်းကို ဖတ်ရှုရသည့်အခါ အစိုးရနှင့် ‘COVID-19 ကြောင့်ဖြစ်ပေါ်သော စီးပွားရေးသက်ရောက်မှုအပေါ် ကုစားရေးကော်မတီ’ သည် ယခုအချိန်အထိ မူဝါဒဆိုင်ရာ တုံ့ပြန်မှု၊ ဗဟိုမှ အောက်ခြေအထိ ရှင်းလင်းလွယ်ကူစွာ လိုက်နာလုပ်ဆောင်နိုင်မည့် အသေးစိတ် လုပ်ဆောင်မှုအစီအမံ ချပြနိုင်မှု၊ မြေပြင်တွင် ထိရောက်စွာ လက်တွေ့အကောင်အထည်ဖေါ်မည့် အစီအစဉ် ထုတ်ပြန်ချပြမှု တစုံတရာ မရှိသေးသဖြင့် ကိုဗစ်ကာလနှင့် ကိုဗစ်အလွန်ကာလအတွက် စီးပွားရေးကပ်ဘေး သက်ရောက်မှုအပေါ်  မည်သို့ တုံ့ပြန်ကုစားမည်ကို စီးပွားရေးလုပ်ငန်းရှင်များ၊ ကုန်သည်များ မှအစ တောင်သူလယ်သမားအထိ မိုးမကျမီ သိလိုနေကြပေသည်။

ထိုအချက်သည်ပင်လျှင် ‘ရောဂါကပ်ဘေးနှင့် စီးပွားကပ်ဘေးတို့ကို တုံ့ပြန် ကုစားရာတွင်’ ဦးစားပေးနှင့် အဖွင့်၊ အပိတ် ချိန်ညှိ၍ အဆုံးအဖြတ်ပေးရန် လိုအပ်ချက်ဟု တွေးမိမြင်မိပါသည်။

`ရောဂါကပ်ဘေးနှင့် စီးပွားကပ်ဘေး ကင်းဝေးကြပါစေ`

( ၂၆ -၄ -၂၀၂၀)

Tin Naing Thein

ဦးတင်နိုင်သိန်းသည် သမ္မတရုံးဝန်ကြီးဌာန၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာနများတွင် ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။

Related article
မြန်မာနိုင်ငံနှင့် ကိုဗစ်ကာကွယ်ဆေး ထိုးနှံနိုင်မှု အလားအလာ

မြန်မာနိုင်ငံနှင့် ကိုဗစ်ကာကွယ်ဆေး ထိုးနှံနိုင်မှု အလားအလာ

မြန်မာနိုင်ငံက အခုအချိန်မှာ လူပေါင်း ၁ ဒသမ ၇ သန်းကို ကာကွယ်ဆေး ထိုးနှံ ပြီး…

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါနှင့်  လော့ခ်ဒေါင်းမှတ်စု  (လော့ခ်ဒေါင်းနှင့်အတူနေထိုင်ခြင်း)

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါနှင့် လော့ခ်ဒေါင်းမှတ်စု (လော့ခ်ဒေါင်းနှင့်အတူနေထိုင်ခြင်း)

လော့ခ်ဒေါင်းချ ဆောင်ရွက်တဲ့ အခါမှာ ဆင်းရဲတဲ့အိမ်ထောင်စုတွေ၊ အလုပ်အကိုင် ဆုံးရှုံးသွားသူတွေ၊ ချို့တဲ့အားနည်းတဲ့ လူတွေအတွက်လည်း အဓိကစဉ်းစားပေးပြီး ကုစားရေး…

တရုတ်နိုင်ငံ၏ ကိုဗစ်-၁၉ကာကွယ်ဆေး သံတမန်လှုပ်ရှားမှုနှင့် မြန်မာနိုင်ငံအတွက် အလားအလာ

တရုတ်နိုင်ငံ၏ ကိုဗစ်-၁၉ကာကွယ်ဆေး သံတမန်လှုပ်ရှားမှုနှင့် မြန်မာနိုင်ငံအတွက် အလားအလာ

တရုတ်နိုင်ငံဟာ ကာကွယ်ဆေးကို အများကောင်းကျိုးအဖြစ် အသုံးပြုမယ်၊ မြန်မာနိုင်ငံစတဲ့ မိတ်ဖက်နိုင်ငံတွေကို ဦးစားပေးဖြန့်ဝေမယ် ဆိုတာဟာ စေတနာကောင်းရင်တောင် လက်တွေ့…

Discussion about this post

Leave a Reply

Your email address will not be published. Required fields are marked *

Type your search keyword, and press enter to search