မြန်မာနိုင်ငံနှင့် ကိုဗစ်ကာကွယ်ဆေး ထိုးနှံနိုင်မှု အလားအလာ
မြန်မာနိုင်ငံက အခုအချိန်မှာ လူပေါင်း ၁ ဒသမ ၇ သန်းကို ကာကွယ်ဆေး ထိုးနှံ ပြီး…
ကမ္ဘာတဝန်းလုံးမှာ ကိုဗစ် ၁၉ ဗိုင်းရပ်စ် ကူးစက် ရောဂါကြောင့် ကူးစက်ခံရသူ ၁ ဒသမ ၆သန်း ရှိသွားပြီ။ သေဆုံးသူပေါင်း တသိန်း ရှိသွားပါပြီ။ သေဆုံးသူ ရာခိုင်နှုန်းက နိုင်ငံတွေအပေါ်မှာ မူတည်ပြီး ကွဲပြားနေတာကို ကြားသိရပါတယ်။ တချို့နိုင်ငံတွေမှာ ရောဂါဖြစ်ပွားသူတွေရဲ့ သေနှုန်း (Case Fatality) က ၁၀ ရာခိုင်နှုန်းအထိ ရှိတယ် (ဥပမာ – အီတလီ)။ တရုတ် နိုင်ငံကတော့ ၂ ဒသမ ၉ ရာခိုင်နှုန်းလို့ ပြောကြပါတယ်။ သေနှုန်း နည်းတယ်ပေါ့။ ကျမတို့နိုင်ငံမှာတော့ တရားဝင်ထုတ် ပြန်ထားတဲ့ ကိန်းဂဏန်းတွေအရဆိုရင် ကူးစက်ခံရသူ ၂၇ ဦးမှာ သုံးဦး သေဆုံးသွားပြီဆိုတော့ ၁၁ ဒသမ ၁ ရာခိုင်နှုန်း ဖြစ်မှာပေါ့။
ဒီလိုဖြစ်စဉ်မျိုးမှာ လူတွေရဲ့ တုံ့ပြန်မှုကလည်း လူမှုအသိုင်းအဝိုင်းရဲ့ တုံ့ပြန်မှုအဖြစ် ပြောင်းလဲ သွားတတ်ပါတယ်။ အဲဒီတုံ့ပြန်မှုပေါ်မှာ မူတည်ပြီးတော့ သေဆုံးသူ များမှာလား၊ နည်းမှာလား၊ မြန်မြန် ကျော်ဖြတ်နိုင်မှာလား၊ ကြာရှည် ခံစားနေရမှာလား ကွဲပြားသွားမယ်ထင်ပါတယ်။ ဒီလို ကာလမျိုးမှာ ကြောက်စိတ်၊ သွေးရူးသွေးတမ်း စိတ်ပူပန်သောက၊ ဒါတွေက လူတွေကို အားနည်းစေတာမို့ ရှောင်ကြဉ်ဖို့ နည်းလမ်းတွေ ရှာရမယ်လို့ ကျမတို့ သိထားပါတယ်။ ဒီလို ကပ်ဆိုးမျိုးနဲ့ သဘာဝဘေး အန္တရာယ် ကပ်မျိုးကို လူတွေ ရင်ဆိုင်ရတဲ့အခါ ဖြစ်လာတဲ့ တုံ့ပြန်မှုတွေနဲ့ပတ်သက်လို့ ဒီးပက်ခ် ချိုပရာ (Deepak Chopra) ရဲ့ ဆောင်းပါးတပုဒ်ကို အင်တာနက်မှာ တနေ့က ဖတ်လိုက်ရပါတယ်။ လူတွေရဲ့ ရုပ်ပိုင်းဆိုင်ရာ တုံ့ပြန်မှု (Physical response)၊ စိတ်ပိုင်းဆိုင်ရာ တုံ့ပြန်မှု (Mental response) နဲ့ စိတ်ကောင်းစိတ်မြတ်ဆိုင်ရာ တုံ့ပြန်မှု (Spiritual response) တွေ ဖြစ်လာတယ်တဲ့။
ဒီကာလမှာ ကျမတို့ မြန်မာပြည်သူလူထုရဲ့ တုံ့ပြန်မှုကလည်း အမျိုးမျိုး ကွဲပြားနေတာကို တွေ့ ရပါတယ်။ ကြောက်ရွံ့ခြင်းကတော့ အရင်ဆုံးပေါ့။ သေဆုံးသူတွေ တရိပ်ရိပ်များလာတာကို နည်းပညာခေတ်ကြီးထဲမှာ မျက်မြင်ကိုယ်တွေ့လို မြင်တွေ့နေရတော့ ထိတ်လန့် ကြောက်ရွံ့ ကြမယ်၊ သွေးရူးသွေးတမ်းဖြစ်လာမယ်။ အဲဒီအထဲမှာ ကိုယ့် ခရီးသွားရာဇဝင်ကို ထိမ်ချန်ထားခဲ့လို့ နောက်တော့မှ ဗိုင်းရပ်စ်ပိုးတွေ့မှ ဇာစ်မြစ်ကို လိုက်ရသူတွေ၊ ၁၄ ရက် လူတွေရှိရာ မသွားဘဲ ရှောင်ခိုင်းတာကို ဒေါသတကြီး ငြင်းဆိုသူတွေ၊ ၁၄ ရက် ကာလထဲမှာ ခိုးထွက်ပြီး လူတောထဲသွားသူတွေ၊ အဲဒီလိုအဖြစ်တွေကို သိရတဲ့အခါ လူတချို့က ဆိုးဆိုးရွားရွား အပြစ်တင်ကြတယ်။ ဒီဖြစ်စဉ်တွေကို ဒေါသနဲ့ တုံ့ပြန်ကြ တယ်။ ကျမတို့ရဲ့ ဖြစ်လေ့ဖြစ်ထရှိတဲ့ တုံ့ပြန်မှုတွေပါပဲ။ စိတ်ပူပန်သောကတွေကို ထိန်းချုပ်ဖို့က တရားထိုင်ခြင်းက အလွန်ကောင်းတယ်ဆိုတာ ကျမတို့အားလုံး လက်ခံထားကြပါတယ်။ ဒါပေမဲ့ နောက်ဆုံး အချက်ဖြစ်တဲ့ Spiritual response စိတ်ကောင်း စိတ်မြတ်ဆိုင်ရာ တုံ့ပြန်မှုကလည်း ကိုယ်တိုင်ကျင့်ကြံယူမှ ရမှာပါ။ ကျင့်ယူလို့ရတယ်လို့ ကျမ လက်ခံထားပါတယ်။
ဆရာတော် အရှင်ဇနကာဘိဝံသရဲ့ အလွန်နာမည်ကျော်တဲ့ စိတ်ကောင်းရှိဖို့က ပထမဆိုတဲ့ စကားတခွန်းကို ကြားဖူးသူများပါလိမ့်မယ်။ ဂျပန်မှာ ဆူနာမီ ဘေး အ္တရာယ်ဖြစ်လို့ ငတ်မွတ်နေတဲ့နေရာကို အစားအစာတွေ ဝေငှကြတဲ့အချိန်မှာ စိတ် ကောင်းစိတ်မြတ်နဲ့ တုံ့ပြန်ခဲ့တဲ့ ကလေးငယ် တဦးအကြောင်း ကြားဖူးသူ များပါလိမ့် မယ်။ ကိုယ်ချင်းစာတရားက (နေရာတော်တော်များများမှာ) အမှန်တရား ဖြစ်ပါတယ်။ စိတ်ကောင်းစိတ်မြတ်ဆိုတာ ဆင်းရဲချမ်းသာမရွေး၊ ပညာအဆင့်အတန်းမရွေး၊ အသားအရောင်မရွေး၊ အရွယ်မရွေး၊ မိန်းမဖြစ်ဖြစ်၊ ယောကျာ်းဖြစ်ဖြစ် ထားရှိနိုင်တဲ့ စိတ်ထားလို့ ကျမ ယုံကြည်တယ်။ ဗြဟ္မစိုရ်တရားလေးပါးလို့ သိကြတဲ့ မေတ္တာ၊ ကရု ဏာ၊ မုဒိတာနဲ့ ဥပေက္ခာဆိုတဲ့ မြင့်မြတ်တဲ့ စိတ်ထားတွေကို လေ့ကျင့်ယူဖို့ ဒီကာလက အသင့်တော်ဆုံးပဲလို့ ကျမ တွေးမိပါတယ်။
အမေရိကန်ဒါရိုက်တာ ဒေးဗစ်လင့်ချ်က ပြောသတဲ့။ ဒီကပ်ကြီးပြီးသွားရင် လူ သားတွေမှာ အကြင်နာတရား ပိုရှိလာလိမ့်မယ်။ စိတ်ကောင်းစိတ်မြတ်တွေ ပိုရှိလာ လိမ့်မယ်တဲ့။ အဲဒီစကားကို ကျမ လက်ခံတယ်။ အဲဒီ စိတ်ကောင်းစိတ်မြတ်ကို ဘယ်မှာ ရှာနိုင်မလဲ။ ကိုယ့်ကိုယ်ထဲမှာပဲ ရှာရမှာပါပဲ။ ဟိုတုန်းကလည်း နည်းမျိုးစုံနဲ့ လူတွေ ရှာခဲ့ဖူး၊ ရခဲ့ဖူးတာ ကြားဖူးပါတယ်။ ဒီကပ်ကြီးပြီးသွားလို့ အသက်ရှင်ကျန်ရစ်ခဲ့သူ တွေထဲမှာ ကျမများပါခဲ့မယ်ဆိုရင် ဒီထက်ပိုပြီး စိတ်ကောင်းစိတ်မြတ် ထားနိုင်တဲ့သူ ဖြစ်လာချင်ပါတယ်။ အဲဒီ စိတ်ကောင်းစိတ်မြတ်ကို ရှာဖွေ ကျင့်ကြံပါရစေ။
နေ့စဉ် ဘုရားရှိခိုး တရားထိုင်ခြင်းသည်လည်း ကျမတို့ကို စိတ်ခွန်အားပေးတယ်လို့ ယူဆပါတယ်။ အရင်ကတော့ အပတ်စဉ် တနင်္ဂနွေနေ့တွေမှာ ရန်ကုန်က ဝိပဿနာ အဖွဲ့ဝင်တွေက ဇမ္ဗူကောင်းကျောင်းတိုက်မှာ တရားဆွေးနွေး အားထုတ်ကြတယ်။ အဲဒီအချိန်တုန်းက ကျမက ဟောပြောပွဲတွေ မနားမနေသွားနေလို့ ပျက်တလှည့်၊ ရောက်တလှည့်ပါ။ အခုအခါမှာတော့ လူတိုင်း ကိုယ့်အိမ်မှာပဲ ကိုယ်နေရမယ်လို့ အသိ ရှိလာချိန်မှာ အိမ်မှာပဲ တရားထိုင်၊ လိုအပ်ရင် မက်ဆင်ဂျာနဲ့ တရားဆွေးနွေးကြတယ်လို့ သိရပါတယ်။ ကျမတို့ အတန်းဖော် သူငယ်ချင်းတွေကတော့ သူငယ်ချင်း ဒေါက်တာ ရွှေထွန်းရဲ့ ဦးဆောင်မှုနဲ့ မိမိအိမ်မှာ တချိန်တည်းတပြိုင်တည်း တရားကျင့်ကြံ အား ထုတ်ကြတယ်။
ဒီရက်ပိုင်းတွေမှာ အိမ်မှာပဲနေကြရတာမို့ အချိန် ကုန်ခဲလေခြင်းလို့ မငြိုငြင်မိ အောင် ကိုယ်ဝါသနာပါရာကို လုပ်ကိုင်နေကြတဲ့ အဖြစ်တွေကို ဖေ့စ်ဘွတ်ခ်မှာ တင်လာတာ တွေ့ရတယ်။ ဟင်းချက်မယ်၊ ဥယျာဉ်ပြုစုမယ်၊ နှာခေါင်းစည်း ချုပ်မယ်။ စိတ် ကြည်နူးစရာတွေပါပဲ။ အနည်းဆုံး မိနစ်ပိုင်းတော့ facebook ကို အသုံးပြုပြီး ချစ်ခင် သူတွေနဲ့ ဆက်သွယ်ပြောဆိုသင့်တယ်လို့ ကြားဖူးတာကိုး။
ကျမကတော့ စာရေးဆရာဖြစ်လေတော့ သီလရှင်မျက်စိလည်လေ ဆွမ်းဆန် ရလေဆိုတဲ့ စကားပုံနဲ့များ နှိုင်းလို့ရမလားမသိဘူး။ အချိန်ကာလ အတိုင်းအတာတခု အထိ ဝင်ငွေမရှိမှာကို မဖြစ်စေချင်ပေမဲ့ အိမ်မှာနေရတာကြောင့်တော့ ကျမ စိတ် ကသိကအောက် မဖြစ်သေးပါဘူး။ ကျမက သီချင်းတွေကို နှစ်သက်တယ်။ ရုပ်ရှင်တွေ ကို နှစ်သက်တယ်။ ကျမအိမ်မှာ လျှပ်စစ်မီးလာနေသမျှတော့ အဲဒီအရာတွေကို ကျမ ခံစားနိုင်တယ်။ လျှပ်စစ်မီးပျက်သွားရင်ရော ကျမ ဖတ်စရာစာအုပ်တွေ အများကြီးကို အကြွေးဆပ်ခွင့်ရမှာပဲလို့ တွေးရတော့မှာပေါ့။
ဒီရက်ပိုင်းမှာ ကျမ စာတွေဖတ်ဖြစ်တယ်။ ဖတ်ပြီးသားပေမဲ့ ပြန်ဖတ်ဖြစ်တဲ့ စာအုပ်တွေ ရှိ တယ်။ အဲဒီထဲမှာ ကမူးရဲ့ ပလိပ်စာအုပ် ပါပါတယ်။ ဒီစာအုပ်ကို ကျမလိုပဲ ပြန်ဖတ်သူတွေ အများကြီးဆိုတာ အင်တာနက်ကနေတဆင့် သိရပါတယ်။ ကံဆိုးချင် တော့ ကျမဝယ်ထားတဲ့ ထင်လင်း ဘာသာပြန်မူကို ရှာမတွေ့ပါဘူး။ ကံကောင်းချင်တော့ အစ်မ မသိင်္ဂီ သှူစာအုပ်စင်ရှင်းတော့ အထုပ်လိုက် လာပေးသွားတဲ့ စာအုပ်တွေထဲမှာ ကမူးရဲ့ ပလိပ်စာအုပ် အင်္ဂလိပ်ဘာသာပြန် ပါလာတယ်။ ဖတ်လို့ သိပ်ကိုနှစ်သက်ခဲ့တဲ့ ကျောင်းသူအရွယ်တုန်းကတော့ ပလိပ်ရောဂါအကြောင်းပဲလို့ ထင်ခဲ့တယ်။ အသက် နည်းနည်းကြီးတော့မှ ဒါက ဖက်ဆစ်စနစ်ကိုပါ ဥပမာပြချင်မှန်း သိလာရတယ်။ ဘယ် အရာမှ ဒီလောကကြီးထဲကနေ အပြီးအပိုင် ပျောက်ကွယ်သွားတယ်ဆိုတာ မရှိဘူးလို့ ကျမတို့ သိနေရမှာပါ။ သတိဝီရိယနဲ့ အမြဲတက်ကြွစွာ စောင့်ကြည့်နေရမယ့် အဖြစ်တွေပဲ။ ကျမက ရုပ်ရှင်ကြိုက်တတ်သူမို့ ရုပ်ရှင်ထဲက ဥပမာတွေနဲ့ပြောရရင် မိကျောင်းက ဗီလိန်ဖြစ်တဲ့ ဇာတ်ကားပဲဖြစ်ဖြစ်၊ ဗိုင်းရပ်စ်က ဗီလိန်ဖြစ်တဲ့ကားပဲဖြစ်ဖြစ်၊ ဒိုင်နိုဆော တွေက ဗီလိန်ဖြစ်တဲ့ကားပဲဖြစ်ဖြစ် နောက်ဆုံးမှာ လူသားတွေက ချေမှုန်းလိုက်နိုင်လို့ အောင်ပွဲခံနေတဲ့အချိန်မှာ ရုပ်ရှင်ကြည့် ပရိသတ်ကို တနေရာရာမှာ ကျန်ရစ်နေတဲ့ ဥတွေနဲ့ စိတ်လှုပ်ရှားအောင်၊ စိတ်ထင့်အောင်၊ ပူပန်အောင် ပြတတ်ပါတယ်။ ကိုအော်ပီကျယ် ကာတွန်းထဲကလို တက်မ မထောင်နဲ့ဦးဟလို့ ပြောရမလိုပါပဲ။ ဒေါက်တာရေး ကလည်း ပလိပ်စာအုပ်ထဲမှာ အဲဒီသဘောမျိုးပဲ တွေးသွားတာပါ။
ကျမ ပြန်ဖတ်တဲ့အထဲမှာ ဟင်နရီဒေးဗစ်သော်ရိုးရဲ့ ဝေါလဒင်စာအုပ်လည်း ပါပါ တယ်။ စားသုံးသူဝါဒ လွှမ်းမိုးလာတဲ့ခေတ်ကြီးမှာ အလိုဆန္ဒနည်းအောင် ကျင့်ကြံ အားထုတ်တဲ့အုပ်စုတွေ ဟိုမှာ ဒီမှာ ပေါ်လာလို့ ကျမနဲ့ အဲဒီ ရိုးရိုးကျင့် မြင့်မြင့်ကြံဝါဒ ရင်းနှီးနေပါပြီ။ မကျင့်နိုင်သေးတာ တခုပါပဲ။ ဒီမတိုင်မီ နှစ်ပေါင်းများစွာကတည်းက ဖတ်ဖူးတဲ့ ဟင်နရီဒေးဗစ်သော်ရိုးရဲ့ ဝေါလ်ဒင်ဆိုတဲ့စာအုပ်က ကျမအတွက် အားကျစရာ ဖြစ်ခဲ့ပါတယ်။ လူတွေနဲ့ ဝေးဝေး၊ ပကာသနတွေနဲ့ ဝေးဝေး ဝေါလ်ဒင်ရေကန် ဘေးမှာ သူ နှစ်နှစ်၊ နှစ်လနဲ့ နှစ်ရက်ကြာအောင် နေထိုင်ခဲ့တာဆိုပဲ။ အဲဒီရေကန်ထဲက ငါးကိုပဲ မျှားပြီးတော့ ချက်ပြုတ်စားသောက်တယ်။ အဲဒီမှာပဲ စိုက်ပျိုးထွန်ယက်တယ်။ စီမံကိန်းပုံစံနဲ့ကို သွားရောက်နေထိုင်ပြီး အသက်ရှင်ရပ်တည်ခဲ့၊ စာအုပ်ရေးခဲ့တာတဲ့။ ကျမတို့ရဲ့ နေ့စဉ်ဘဝမှာ အလိုဆန္ဒတွေနဲ့ချည်း အချိန်ကုန်လွန်နေကြတာကို ပြန် သတိ ထားမိစေတဲ့ စာအုပ်မို့ ကျမ ပြန်ဖတ်ပါတယ်။
တဦးနဲ့တဦး ဝေးနေတဲ့အချိန်မှာ နီးနေတုန်းက သတိမထားမိခဲ့တဲ့ ချစ်ခင်မှု၊ ကြင် နာမှု၊ မြတ်နိုးမှုတွေကို တန်ဖိုးထားရကောင်းမှန်း သိလာမှာပါ။ ကျမ ယုံကြည်ပါတယ်။
ဆရာကြီးတင်မိုးနဲ့ ဟောပြောပွဲတွေ သွားခဲ့ရတဲ့ အချိန်တွေတုန်းက ကျမ မှတ်သားခဲ့ရတဲ့ ဆရာ့စကားတခွန်း ရှိပါတယ်။ ကျမက လူတွေကို မချစ်ဘူး၊ ဒေါသဖြစ် တယ်လို့ ပြောမိတဲ့အချိန်တုန်းက ဆရာ ပြန်ပြောခဲ့တဲ့စကားပါ။ ဂျူးရယ်၊ လူတွေကို ညည်းမချစ်ရင် ညည်း ဘယ်လိုလုပ်ပြီး စာတွေရေးမလဲ။ လူတွေကို မချစ်ရင် သီချင်း တွေကို ညည်း ဘယ်လိုလုပ်ပြီး ချစ်မလဲ။ ညည်း ချစ်ပါတယ်၊ ညည်းကိုယ်ညည်း မသိတာ ဖြစ်မှာပါတဲ့။ ဆရာက ထုံးစံအတိုင်း မျက်လုံး လေး မှေးစင်းသွားအောင် ပြုံးနေတယ်။ မဟုတ်ဘူး ဆရာ၊ ကျမက လူတွေနဲ့စာရင် ပန်းတွေ၊ သစ်ပင် တွေ၊ လိပ်ပြာတွေကို ပိုချစ်တာလို့ ကျမပြောတော့ ဆရာက ကျမကို စိန်ခေါ်ပါတယ်။ ကဲ… ဟုတ်ပြီ ဂျူး၊ လူတွေကို တကယ် မချစ်လား၊ ချစ်လား သိချင်ရင် လူတွေနဲ့ ဝေးတဲ့နေရာကို သွားနေကြည့် လိုက်။ တောင်ပေါ်ဒေသ ရွေးမလား၊ ပင်လယ်ကမ်း ခြေ ရွေးမလား။ အဲဒီမှာ ဆယ်ရက်လောက် သွား နေကြည့်လိုက်။ အဲဒီအခါကျမှ ညည်း ကြားချင်နေ တဲ့အသံက လူတွေရဲ့ စကားသံ၊ ညည်းမြင်ချင်တာ က လူတွေရဲ့အပြုံးဆိုတာ သိလာလိမ့်မယ်တဲ့။
ကျမ လူတွေနဲ့ဝေးရာကို ခဏခဏ သွားပြီး စာရေးဖူးပါတယ်။ သော်ရိုးလိုမဟုတ်ဘဲ လူ နှစ် ယောက် သုံးယောက်နဲ့တော့ တွေ့ရတဲ့နေရာတွေ ပါ။ ဟိုတယ် ဖြစ်ချင်ဖြစ်မယ်၊ မေမြို့က မမ ဒေါ်ဝင်း ဝင်းမေရဲ့အိမ် ဖြစ်ချင်ဖြစ်မယ်။ သံလျင်က မမ ဘေဘီတို့ခြံ ဖြစ်ချင်ဖြစ်မယ်။ စာရေးတဲ့အာရုံ ရှိနေ စဉ်မှာတော့ လူတွေနဲ့မတွေ့ရလို့ ဘာမှ မထိခိုက် ပေမဲ့ စာရေးရတာ ငြီးငွေ့လာတဲ့အခါ စကားသံ တခွန်းလောက်တော့ ကြားချင်တာပါပဲ။ ဆရာ တင်မိုး ပြောတာကို ကျမ တဖြည်းဖြည်းနဲ့မှ နားလည် လက်ခံလာပါတယ်။ ဆရာ့ကို ကျမ လူတွေ ကို ချစ်ပါတယ်လို့ ပြန်ဝန်ခံမိခဲ့လေသလား မမှတ် မိတော့ပါဘူး။ ဆရာ့အပြုံးကိုသာ မှတ်မိနေပါ တယ်။
အခု ဒီကပ်ဆိုးကြီးပြီးသွားရင် ကျမတို့ ဘယ် နှယောက် အသက်ရှင် ကျန်ရစ်မလဲ မသိနိုင်ဘူး။ ဒီလိုအချိန်က စိတ်ကောင်းစိတ်မြတ်ကို မွေးဖို့ အကောင်းဆုံးအချိန်ပါပဲ။ ကျမတို့ ပတ်ဝန်းကျင်မှာ ရှိသူတွေကို စိတ်ကောင်းစိတ်မြတ်နဲ့ တုံ့ပြန်ဖို့ အကောင်းဆုံးအချိန်ပါပဲ။ ဒါကြောင့်လည်း ခက်ခဲတဲ့လူတွေကို ဆန်၊ ဆီ၊ ဆား ဝေကြတာ။ နှာခေါင်းစည်းတွေ ဝေကြတာ။ ရေနဲ့ ဆပ်ပြာ၊ လက်သန့်ဆေးတွေ ဝေကြ တာ။ ဒါတွေကို မြင်တွေ့နေရတာ စိတ်ချမ်းသာပါတယ်။ ကျမတို့ စိတ်ရယ်၊ ကိုယ်ရယ်၊ ပြီးတော့ နှလုံးသားရယ်၊ ဦးနှောက်ရယ် ဟန်ချက်ညီအောင်နေတတ်ဖို့ ကြိုးစားရမယ်လို့ သဘောပေါက်ပါတယ်။
ကိုယ်ကျန်းမာဖို့အတွက် ကိုယ်ခံအားကောင်းအောင် ဘာတွေ စားရမယ်ဆိုတာ နေ့စဉ်နဲ့အမျှ ကျမတို့ရဲ့ အင်တာနက် စာတိုက်ပုံးထဲကို ရောက်ရောက်လာတာတွေနဲ့ လုံလောက်ပါတယ်။ စိတ်ကောင်းစိတ်မြတ် ထားတတ်အောင် ကျမတို့ ဘယ်လိုပြုမူ နေထိုင်ရမယ်ဆိုတဲ့ ညွှန်ကြားချက်တွေတော့ နည်းနေသေးသလိုပဲ။
ကျမ ပန်းချီကားတွေကို ပြန်ပြန် ရှာဖွေကြည့်ပါတယ်။ တခု ဝန်ခံစရာရှိတာက ကျမက မော်ဒန်ပန်းချီနဲ့ နည်းနည်း ဝေးပါတယ်။ ဒါကြောင့် ကျမ ပြန်ပြန်ကြည့်တဲ့ ပန်းချီတွေထဲမှာ ပီကာဆိုတော့ မပါခဲ့ပါဘူး။ ဗင်ဂိုးနဲ့ မိုးနေးက ထိပ်ဆုံးက ပါပါတယ်။ အဲဒီပန်းချီကားတွေကို အရင်ကဆိုရင် စာအုပ်ထဲမှာပဲ တွေ့ရတာပါ။ စာအုပ်ဆိုတာ ကလည်း ကိုယ် နိုင်ငံခြားရောက်တုန်း ဝယ်နိုင်မှ ကိုယ့်ဆီရှိတာပါ။ အခုတော့ ဘယ် ပြတိုက်ကို ကျမတို့ သွားလည်မလဲ။ အင်တာနက်ကနေ လည်လို့ရတဲ့ အခြေအနေ ဖြစ်နေပါပြီ။ တလောက အစ်မ မသိင်္ဂီ သတင်းပို့ပေးလို့ အမေရိကန် လော့ဆန်း ဂျလစ်စ်မြို့က ဂက်တီပြတိုက်မှာ ထင်ပေါ် ကျော်ကြားတဲ့ ပန်းချီကားတွေကို ပြန်လည် တုပ ဖန်တီးပေးနိုင်ဖို့ အဖွဲ့ဝင်တွေကို ဖိတ်ခေါ်တာ ဖတ်လိုက်ရတယ်။ စိတ်ဝင်စားစရာပါပဲ။ အစ်မကိုတောင် အစ်မ အဖွဲ့ဝင်ထားလား၊ ဝင်ရေးပါလားလို့ ပြောမိသေးတယ်။ အစ်မက သူများတင်ထားတာ တွေ့လို့ပါတဲ့။ မျက်ရည်ထွက်အောင် ဟားဟားလို့ ရယ်နေတဲ့ စမိုင်းလ်ပုံလေးနဲ့ ကျမကို ပြန်ဖြေပေးပါတယ်။ ကျနော်သာဆိုရင် ဒီပုံနဲ့ပြိုင်မှာ သိလားလို့ အစ်မဆီကို ပုံတပုံပို့လိုက်ပါတယ်။ မွန်ဒရီယန်ရဲ့ ကွန်ပိုဇေးရှင်းဆိုတဲ့ ပန်းချီ ကားပါ။ အစ်မက လူလည်လေးတဲ့။ ပန်းချီကားတွေကို ပြန်ကြည့်ရ စိတ်အာရုံ ဝင်စား ရတာ သိပ်ကို တန်ဖိုးရှိတာပဲ။ ဒီပန်းချီတွေကနေပဲ လူတွေကိုချစ်အောင် ကျမတို့ကို သင်ကြားပေးနိုင်မှာပါ။
ပန်းချီတွေကို ကြည့်နေရင်းကပဲ ကဗျာစာအုပ်တွေ ဖတ်ဖို့ စာရင်းပြုစုထားပါ တယ်။ ဟိုစဉ်ကတည်းက ကျမ ထပ်ကာထပ်ကာ ဖတ်နေကျ ဇော်ဂျီ ကဗျာပေါင်းချုပ် ကတော့ အခုလည်း ပါပါတယ်။ ဆရာဇော်ဂျီ ဖတ်ခဲ့တဲ့၊ နှစ်သက်ခဲ့တဲ့ ကိုးခန်းပျို့လည်း ကျမ ရွေးထားပါတယ်။ ရှင်ဥတ္တမကျော်ရဲ့ တောလားပါ ပါတယ်။ အခုအခါ ကျမတို့ မြို့ထဲလည်း မထွက်ရ၊ တောတောင်လည်း မမြင်ရတဲ့အခါ တောလားရတုကဗျာက ကျမတို့ကို သစ်ပင် သစ်တော တောင်တန်း စမ်းရေ မြစ်တွေ တောင်ကျရေတွေနဲ့ ပြန် တွေ့အောင် ခေါ်ယူနိုင်စွမ်းရှိပါတယ်။
ဒီအချိန်မှာ ဆရာမင်းသုဝဏ်ရဲ့ ပျဉ်းမငုတ်တို ကဗျာကလည်း ကျမတို့ကို ခွန်အားပေးနိုင်မှာ အသေအချာပါပဲ။
ရသစာအုပ်တွေကို ကျမတို့ များများ ထပ်ဖတ်ကြရမယ်။ သှူနေရာမှာ ကိုယ် ဝင် ခံစားကြည့်ဖို့ သူ့နှလုံးသားနဲ့ သူ့ဆုံးဖြတ်ချက်ကို နားလည်ပေးပြီး ခွင့်လွှတ်တတ်ဖို့ပါ။ ပြီးတော့ ကျမတို့ အလွန်လိုအပ်နေတဲ့ စိတ်ခံစားမှုစွမ်းရည် (emotional quotient) ကို ရသစာပေက ပေးနိုင်တယ်ဆိုတာ ကျမ ယုံကြည်ပါတယ်။
အခု ကပ်ရောဂါကာလသည် ချစ်ခြင်းမေတ္တာကို လူသားတွေ နားလည်အောင် သင်ယူတဲ့အချိန်လို့ ကျမကတော့ အားတက်မိပါတယ်။
ဆရာမဂျူးသည် မြန်မာနိုင်ငံမှ ထင်ရှားသော၀တ္ထုရေးဆရာများအနက် တဦးဖြစ်သည်။ သဘာ၀ပတ်ဝန်းကျင် ထိန်သိမ်းရေးဆိုင်ရာ ဟောပြောဆွေးနွေးမှုများတွင်လည်း ရှေ့တန်းမှ ပါဝင်ဆောင်ရွက်နေသူတဦး ဖြစ်သည်။
မြန်မာနိုင်ငံက အခုအချိန်မှာ လူပေါင်း ၁ ဒသမ ၇ သန်းကို ကာကွယ်ဆေး ထိုးနှံ ပြီး…
လော့ခ်ဒေါင်းချ ဆောင်ရွက်တဲ့ အခါမှာ ဆင်းရဲတဲ့အိမ်ထောင်စုတွေ၊ အလုပ်အကိုင် ဆုံးရှုံးသွားသူတွေ၊ ချို့တဲ့အားနည်းတဲ့ လူတွေအတွက်လည်း အဓိကစဉ်းစားပေးပြီး ကုစားရေး…
တရုတ်နိုင်ငံဟာ ကာကွယ်ဆေးကို အများကောင်းကျိုးအဖြစ် အသုံးပြုမယ်၊ မြန်မာနိုင်ငံစတဲ့ မိတ်ဖက်နိုင်ငံတွေကို ဦးစားပေးဖြန့်ဝေမယ် ဆိုတာဟာ စေတနာကောင်းရင်တောင် လက်တွေ့…
Discussion about this post