Menu & Search

ကချင် နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) ဥက္ကဋ္ဌ ဒေါက်တာ ခလမ်ဆမ်ဆွန်အား မေးမြန်းခြင်း

April 19, 2020
အယ်ဒီတာမှတ်ချက်
သိက္ခာတော်ရဆရာတော် ဒေါက်တာ ခလမ်ဆမ်ဆွန်သည် ကချင် နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) ၏ ဥက္ကဋ္ဌ ဖြစ်သည်။ ဆရာတော် ဒေါက်တာ ခလမ်ဆမ်ဆွန်ကို ဧပြီ ၇ ရက်က ဆက်သွယ်မေးမြန်းခဲ့ခြင်း ဖြစ်ပါသည်။ ထို့ကြောင့် အင်တာဗျူး အဖြေများတွင် ပါဝင်သော ကိန်းဂဏန်း၊ အချက်အလက်များသည် ဧပြီ ၇ ရက်မတိုင်ခင်က အခြေအနေများကို ထင်ဟပ် ဖော်ပြထားခြင်းဖြစ်ကြောင်း သိစေအပ်ပါသည်။

မေး –  လက်ရှိ ကပ်ဘေးဖြစ်နေတဲ့ အခြေအနေမှာ ဆရာတော်တို့ ဘုရားကျောင်းတွေဆိုရင် ဥပမာ – တနင်္ဂနွေနေ့ ဝတ်ပြုဆု တောင်းပွဲလုပ်တာ ပိတ်လိုက်ရတာတွေ ရှိပါတယ်။ ကချင်တိုင်းရင်းသား ခရစ်ယာန်ဘာသာဝင်တွေအတွက် တင်မကဘဲ ခရစ်ယာန် အသိုင်းအဝိုင်းအနေနဲ့ အခု ကပ်ဘေးကြီးကို ရင် ဆိုင်ကျော်လွှားနေရတဲ့အခါမှာ ဝိညာဉ်ပိုင်းဆိုင်ရာအရ အထောက်အကူဖြစ်အောင် ဆရာတော်တို့အနေနဲ့ ဘယ်လိုမျိုး ပံ့ပိုးကူညီမှုတွေလုပ်နေသလဲဆိုတာ သိချင်ပါတယ်။

ဖြေ – ကျနော်တို့ ခရစ်ယာန်က Community based ဆိုတော့ Sunday တို့ အခါ အားလျော်စွာ စုပေါင်းပြီးမှ ဆုတောင်းတာတွေ လုပ်လေ့လုပ်ထ ရှိပါတယ်။ အခု ဒီ Covid-19 ရောဂါကြောင့် အစိုးရကလည်း အရေးပေါ်ကြေညာတယ်။ WHO ကလည်း ထုတ်ပြန်ချက်တွေ ထုတ်လာတဲ့ အချိန်မှာ ကျနော် တို့ကလည်း ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းတဲ့အနေနဲ့ ဧပြီလကုန်အထိ အစည်းအဝေးတွေ၊ သင်တန်းတွေ ဘုရားကျောင်းမှာ လုပ်တဲ့ လူစုလူဝေးတွေကို ရှောင်ကြဉ်ဖို့ ကျနော်တို့ နှစ်ခြင်း ခရစ်ယာန် အသင်းချုပ်ရော၊ ကချင် နှစ်ခြင်းခရစ်ယာန် အဖွဲ့ချုပ်ရော၊ ခရစ်ယာန် ဂိုဏ်းဂဏ အသီးသီးကရော အားလုံးက ထုတ်ပြန်ထားပါတယ်။ ကျနော်တို့ကတော့ အဲဒီလို လုပ်လေ့ လုပ်ထမရှိတော့ ပထမဦးဆုံး အကြိမ် စိတ်ထဲမှာတော့ တမျိုးဖြစ်သွားတာပေါ့။ Community က အဲဒီလို ဆုံစည်းမှု မရှိဘဲ သီးခြားစီ ဖြစ်သွားတာ ကြာသွားမယ်ဆိုရင် ကျနော်တို့ အနာဂတ်အတွက် နည်းနည်း စိုးရိမ်ရတယ်။ ဘာကြောင့်လဲဆိုတော့ အနောက်နိုင်ငံတွေမှာ ဆိုရင် တဦး တယောက်ချင်း ဆုတောင်းတာတွေက လုပ်လေ့လုပ်ထ ရှိတော့ သူတို့အတွက် ကျင့်သားရပြီးသား ဖြစ်နေတယ်။ ကျနော်တို့ မြန်မာနိုင်ငံမှာကျတော့ ခရစ်ယာန်တွေက Community based လို တွေ့ဆုံမှုကို ပိုပြီး အားသန်တယ်။ ကိုယ့်ဘာသာကိုယ် အိမ်မှာနေပြီး ဆုတောင်းတာတို့၊ နေထိုင်တာတို့ ကြာသွားရင် အဲဒီလို တဦးတယောက်ချင်းစီ လုပ်တာကို ဆက်ပြီး အားပေးတဲ့ ပုံစံမျိုး ဖြစ်သွားမလားဆိုတာ စိုးရိမ်တဲ့အပိုင်း ရှိပါတယ်။

ဒါပေမဲ့ ကောင်းတဲ့အပိုင်းက ရောဂါမပြန့်ပွားအောင် လုပ်ရမယ့်အပိုင်းလို့ ကျနော်တို့ ခံယူပါတယ်။ ဒါ့အပြင် ကျနော်တို့ ခရစ်ယာန် Community  အားလုံးကိုလည်း လိုက်နာဖို့၊ အိမ်မှာပဲနေပြီး ဆုတောင်းဖို့၊ ပြီးတဲ့အခါ Online TV ကတဆင့် အသင်းတော်မှာ စုဝေးပြီး ဝတ်ပြုဆုတောင်းသလို ပုံစံမျိုး တရားဟောတာတွေ လုပ်နေတယ်ဆိုတော့ အဆင် ပြေပါတယ်။ ဒါပေမဲ့ Online TV မရှိတဲ့ နေရာတွေ အတွက်တော့ နည်းနည်း အခက်အခဲတွေရှိပါတယ်။

မေး – ဆရာတော်တို့အနေနဲ့ ကချင်က စစ်ဘေးဒုက္ခသည် (IDPs) တွေ အများအပြား ထောက်ပံ့နေတာ၊ ကူညီနေတာတွေ ရှိပါ တယ်။ အခုလို အခြေအနေမျိုးမှာ မြို့ပေါ်မှာဆိုရင်လည်း အိမ်ထဲမှာပဲ တတ်နိုင်သမျှ နေကြရတဲ့အတွက် အနည်းနဲ့အများ အခက်ကြုံရတာတွေ ရှိပါတယ်။ တဖက်မှာလည်း ကျနော်တို့ နိုင်ငံမှာ ရခိုင်လို၊ ကချင်လို၊ ရှမ်းမြောက်လို နေရာတွေမှာ စစ်ဘေးဒုက္ခသည်တွေ ရှိနေတယ်။ ဆရာတော်တို့ KBC အနေ နဲ့ဆိုရင် ကချင် IDPs တွေကို ထောက်ပံ့နေတယ်၊ သူတို့က လည်း ဆရာတော်တို့ကို အားကိုးနေရတယ်။ လက်ရှိ အခြေ အနေအရ IDPs တွေကို ဘယ်လိုကူညီနိုင်မလဲခင်ဗျ။

ဖြေ – ကျနော်တို့အနေနဲ့ IDPs တွေ ကြည့်လိုက်ရင် ရခိုင်မှာ ဖြစ်ဖြစ်၊ ရှမ်းမြောက်မှာ ဖြစ်ဖြစ်၊ ကချင်ဒေသမှာပဲ ဖြစ်ဖြစ် ကျပ်ကျပ်တည်းတည်းနဲ့ စုပေါင်းနေထိုင်နေတဲ့ အခြေအနေမှာ ရှိနေတာကို အားလုံးသိကြပါတယ်။ ဒီရောဂါက အဲဒီနေရာတွေမှာသာ ဖြစ်လာခဲ့မယ်ဆိုရင် အများကြီး အန္တရာယ် ရှိနိုင်တာကြောင့် အဲဒါကို စိုးရိမ်မှုလည်းရှိပါတယ်။ အခု လောလောဆယ်တော့ ဒုက္ခသည် စခန်းတွေမှာ သက်ဆိုင်ရာ NGOS တွေ အပြင် အစိုးရနဲ့လက်တွဲပြီး ကြိုတင်ကာကွယ်ဖို့ ဟောပြောတာ၊ Mask တွေဝယ်တာ၊ ဆေးဖြန်းတာတွေ လုပ်နေပါတယ်။ ဒါ့အပြင် ဒုက္ခသည်စခန်း အဝင်အထွက်ကို စောင့်ကြည့်ပြီး နိုင်ငံခြားက လာတဲ့ လူတွေ ရှိမရှိ ကြပ်ကြပ် မတ်မတ်လုပ်နေပါတယ်။ ဒါ့အပြင် ကျနော်တို့ KBC အနေနဲ့ သံသယရှိတဲ့ လူတွေကို သီးသန့်ထားဖို့ ကျမ်းစာကျောင်းတွေ ကိုလည်း အဆင်သင့် လုပ်ထားပါတယ်။ ဒါကတော့ ဖြစ်လာခဲ့ရင်ပေါ့။ ကျနော်တို့ အစိုးရိမ်ဆုံးကတော့ နယ်စပ်ဒေသမှာရော၊ အစိုးရအုပ်ချုပ်တဲ့ နေရာတွေမှာရော IDPs တွေဆီ Covid-19 ရောက်လာမှာကိုပါ။ မရောက်လာနိုင်အောင်လည်း အခုနကလို ကြိုတင်ကာကွယ်မှုတွေ လုပ်ထားပါတယ်။

မေး – ဒုက္ခသည်တွေအတွက် စားဝတ်နေရေး ပြဿနာကလည်း ရှိတာပေါ့။ နဂိုကတည်းက IDPs တွေမှာ ရိက္ခာကခက်တယ်။ နယ်စပ်က ဒုက္ခသည် စခန်းတွေမှာဆိုရင် KBS က ရတာတွေ၊ တရုတ်ကို ဖြတ်ပြီး လာလှူတာတွေကို အားကိုးရတာ ရှိတာပေါ့။ အခုဆိုရင် တရုတ်ကလည်း နယ်စပ်ပိတ်လိုက်ပြီ။ ကူးလူး ဆက်ဆံမှုတွေက အကုန်ရပ်သွားတဲ့အတွက် သူတို့တွေအဆင် ပြေပါ့မလား။ အဆင်ပြေအောင်လို့ ဘာတွေ လုပ်သင့်သလဲ ဆိုတာ ဆရာတော့်အနေနဲ့ အကြံပြုပေးပါဦး။

ဖြေ  – ဒီကိစ္စကတော့ လက်ရှိ စားဝတ်နေရေး ပြဿနာ ဖြစ်ပါ တယ်။ အထူးသဖြင့် နယ်စပ်မှာရှိတဲ့ ဒုက္ခသည်စခန်းတွေက တရုတ်ပြည်ဘက်ကို နေ့စားအဖြစ် လက်လုပ်လက်စား သွားလုပ်တဲ့သူတွေ သွားလို့ မရတော့ဘူး။ ဒီဘက်မှာလည်း KIO/KIA ထိန်းချုပ်နယ်မြေမှာ မထွက်ရဆိုပြီး ထိန်းချုပ်တယ်။ ဝင်ထွက်သွားလာတာတွေ Lockdown လုပ်လိုက်တော့ IDPs တွေအနေနဲ့ စားဝတ်နေရေးက အတော်ခက်ခဲမယ့် အခြေအနေမှာ ရှိနေပါတယ်။ အဲဒါကိုလည်း ကျနော်တို့ စိုးရိမ်နေပါတယ်။ ဒါတွေကို ကြိုတင် ပြင်ဆင်နေတဲ့အနေနဲ့ ဆန်အပါအဝင် အခြေခံ စားသုံးရမယ့်ဟာတွေကို ပံ့ပိုးဖို့ လုပ်ထားပါတယ်။

မေး- ဘာသာတရားတိုင်းမှာ အဆုံးအမတွေ ရှိကြပါတယ်။ အခုလို အချိန်မျိုးမှာ မြန်မာ့လူ့အဖွဲ့အစည်းအတွင်း တဦးနဲ့တဦး ကွဲပြားခွဲခြား မနေဘဲ လူအချင်းချင်း ကျောချင်းကပ် မနေနိုင်ရင်တောင် စိတ်ဓာတ်ပိုင်း ဆိုင်ရာအရ ကျောချင်းကပ် နေနိုင်ဖို့၊ အထူးသဖြင့် စာနာစိတ်ထုံမွမ်းတဲ့ စိတ်ဓာတ်ပိုင်း ကျောချင်းကပ်နေအောင် ဘယ်လို လုပ်ဆောင်သင့်တယ်ဆိုတဲ့အပေါ် ခရစ်ယာန်ဘာသာမှာလည်း သွန်သင်ညွှန်ပြမှုတွေ ရှိမှာပါ။ ဘာသာတရားရဲ့ ဘယ်လို အဆုံးအမမျိုး၊ ဘယ်လို သွန်သင်မှုမျိုးက လူအချင်းချင်း စိတ်ဓာတ်ချင်း နီးကပ်နေစေဖို့ ဖြစ်မလဲ၊ ဆရာတော့်အမြင်ကို သိချင်ပါတယ်။

ဖြေ – ကျနော်တို့ အားလုံးဟာ လူသားတွေ ဖြစ်တဲ့အတွက် အသားအရောင်၊ ကိုးကွယ်မှုတွေက ကိုယ့်ဘာသာကိုယ် ဖြစ်တည် ကြတာပါ။ ဒါပေမဲ့ ဒီလို ဖြစ်လာတဲ့ အချိန်မှာတော့ အားလုံး စည်းလုံးစွာနဲ့ မေတ္တာတရားကို အခြေခံပြီး ဝိုင်းဝန်း ဆင်ခြင်သင့်တာကို ခရစ်ယာန်မှာ ခရစ်တော်ယေရှု ဟောပြောထား တဲ့ သမ္မာကျမ်းစာတွေလည်း အများအပြားရှိပါတယ်။  အဓိကကတော့ မေတ္တာတရားက အားလုံးကို ဖုံးအုပ်နိုင်တယ်၊ အားလုံးကို ခွင့်လွှတ်နိုင်တယ်၊ အားလုံးကို သည်းခံနိုင်တယ်၊ အားလုံးကို နားလည်နိုင်တယ်ဆိုတော့ မေတ္တာတရားဟာ အချင်းချင်း ပူးပေါင်းမှု၊ နားလည်မှု၊ ဆောင်ရွက်မှုကို ပိုပြီးမှ အားပေးစေပါတယ်။ ဒါကြောင့် ကျနော်တို့ မြန်မာပြည် တင်မက ကမ္ဘာလုံးဆိုင်ရာမှာလည်း အချင်းချင်း မေတ္တာနဲ့ ဒါကို ကျော်လွှားနိုင်မယ်လို့ သမ္မာကျမ်းစာအရ ခွန်အားယူပြီး လူထုကို တိုက်တွန်း အားပေးချင်ပါတယ်။

မေး – ဖြည့်စွက်ပြောကြားလိုတဲ့ သတင်းစကားရှိရင် သိပါရစေ။
ဖြေ – ကျနော်တို့ ဒီအချိန်မှာ အချင်းချင်း အပြစ်တင်နေမဲ့အစား၊ တိုင်းပြည် တပြည်နဲ့တပြည်ကို အပြစ်တင်နေမဲ့အစား နား လည်ခွင့်လွှတ်မှုနဲ့ ဆောင်ရွက်ဖို့ လိုပါလိမ့်မယ်။ ဒီလိုအချိန်မှာ ကျနော်တို့ မြန်မာပြည်ရဲ့ ငြိမ်းချမ်းရေးကို ပြောချင်တာကတော့ တိုင်းရင်းသားဒေသတွေမှာ ကချင်၊ ရှမ်း မြောက်၊ ရခိုင် တို့မှာလည်း တိုက်ပွဲတွေကို ရပ်ဆိုင်းပြီး အားလုံးက ဒီရောဂါ ကို ကျော်လွှားနိုင်အောင် အရင်ဆုံး လုပ်သင့်တယ်ဆိုတာ ပြောချင်ပါတယ်။ နောက်ပြီး ဒီအချိန်မှာ ကျနော်တို့ ကိုယ် ယုံကြည်ရာဘုရားကို ဆုတောင်းခြင်းအားဖြင့် ခွန်အားယူပြီးမှ မြန်မာပြည်ကြီး ငြိမ်းချမ်းသာယာအောင် လုပ်ဆောင်သွားဖို့ လိုပါတယ် ဆိုတာကိုလည်း တိုက်တွန်းချင်ပါတယ်။

ISP Admin

မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျူ (ISP Myanmar) သည် လွတ်လပ်ပြီး ပါတီစွဲကင်းသည့် အစိုးရမဟုတ်သော သုတေသနအဖွဲ့ဖြစ်ပါသည်။ ISP Myanmar ၏ မြော်မြင်ချက်မှာ မြန်မာနိုင်ငံကို ရုန်းထကြံ့ခိုင်မှုအားကောင်းပြီး သည်းခံစိတ်ကြီးမားသော လူ့အဖွဲ့အစည်းတစ်ရပ်အဖြစ်ပေါ်ထွန်းလာရေး ဖြစ်သည်။ ISP Myanmar ၏ ဦးတည်ချက်မှာ ဒီမိုကရေစီကျသော ခေါင်းဆောင်မှုကို မြှင့်တင်အားပေးရန်နှင့် နိုင်ငံအရေးတွင် နိုင်ငံသားများ ပါဝင်ဆောင်ရွက်မှုအားကောင်းစေရန်ဖြစ်သည်။

Related article
ဒေါက်တာဖေသက်ခင်အားမေးမြန်းခြင်း

ဒေါက်တာဖေသက်ခင်အားမေးမြန်းခြင်း

Healthcare System တခုလုံးမှာ အားနည်းချက်ကလေး တွေရှိတယ်။ ဒါတွေကိုလည်း ကျနော်တို့က Systems thinking ပေါ့နော်။…

ကိုဗစ်-၁၉ ကူးစက်ကာလနှင့် ကျား-မ ကွဲပြားမှု မမျှတသည့် ဝန်ထုပ်ဝန်ပိုး( ဦးအောင်မျိုးမင်းအား မေးမြန်းခြင်း)

ကိုဗစ်-၁၉ ကူးစက်ကာလနှင့် ကျား-မ ကွဲပြားမှု မမျှတသည့် ဝန်ထုပ်ဝန်ပိုး( ဦးအောင်မျိုးမင်းအား မေးမြန်းခြင်း)

အမျိုးသမီးတွေကတော့ အိမ်ထောင့် တာဝန်ထမ်းရမယ်ဆိုတဲ့ သတ်မှတ်ချက်တွေကြောင့် သာမန်ကျန်းမာရေးအပူတွေတင်မကဘဲ အမျိုးသမီးတွေမှာ အိမ်ထောင်နဲ့ ပတ်သက်ပြီးတော့ ငွေကို ဘယ်လိုမျိုးလောက်အောင်သုံးရမလဲ၊…

ဒေါက်တာသောင်းထွန်းအား မေးမြန်းခြင်း

ဒေါက်တာသောင်းထွန်းအား မေးမြန်းခြင်း

စိတ်ပိုင်းဆိုင်ရာ ကျဆင်းမှု၊ အရက်ပြဿနာ၊ မူးယစ်ဆေးဝါး ပြဿနာ ဒါတွေဟာ ကျေးလက်မှာ တော်တော့်ကို ကြီးကြီးမားမား ရှိနေတယ်။…

Discussion about this post

Leave a Reply

Your email address will not be published. Required fields are marked *

Type your search keyword, and press enter to search