Menu & Search

ဒေါက်တာဖေသက်ခင်အားမေးမြန်းခြင်း

October 5, 2020

မေး။            ။ လက်ရှိအခြေအနေမှာ ကိုဗစ်-၁၉ ကူးစက်မှုနဲ့ပတ်သက်လို့ ဒုတိယလှိုင်းလို့ ပြောဆိုသုံးသပ်မှုတွေရှိပြီး ရန်ကုန်ကို Stay at home ညွှန်ကြားချက်ထုတ်ရတဲ့ အခြေအနေတွေ တွေ့ရပါ တယ်။ စိုးရိမ်ဖွယ်အခြေအနေတွေ ဖြစ်လာပါတယ်။ အခု တကြိမ်ကူးစက်မှုက ရန်ကုန်မှာပဲ သိပ်သည်းနေသေးပြီး ကျန်နယ်တွေမှာတော့ နည်းပါသေးတယ်။ အခုတကြိမ်ကူးစက်မှု အခြေအနေကို ဘယ်လိုသုံးသပ်လိုပါသလဲခင်ဗျ။

ဖြေ။            ။ ဒုတိယလှိုင်း၊ ပထမလှိုင်း ဆိုပြီးတော့ အဲဒီလို ကူးစက်ရောဂါ ဗေဒပညာ (Epidemiology) အရ ပြောတာပေါ့။ ကျနော်တို့ စတွေ့တဲ့ မတ်လကုန်၊ ဧပြီလဆန်းမှာ ကျနော်နဲ့ မိတ်ဆွေ လုပ်ဖော်ကိုင်ဖက် ဆရာဝန်ကြီးတွေ စုပြီးတော့ ဆွေးနွေးကြပါတယ်။ အဲဒီတုန်းကလည်း First Wave (ပထမလှိုင်း) ဟုတ် မဟုတ် ငြင်းခုံကြတာတွေလည်း ရှိပါတယ်။ အဲဒီလိုနဲ့ မေလ ကုန် ဇွန်လဆန်းလောက်ရောက်တော့ First Wave ကို ပြီးပြီ လို့ ပြောတဲ့လူတွေရှိသလို၊ ပထမလှိုင်းထဲမှာ ရှိတုန်းပဲလို့ ပြောတဲ့လူကလည်းရှိတယ်။ အဲဒီအချိန် ကျနော်တို့နိုင်ငံမှာ တွေ့ခဲ့တဲ့ Pattern က လှိုင်းသဘောလိုမျိုး သိပ် ပီပီပြင်ပြင် မတွေ့ဘူးပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ပြည်ပကဝင်လာတဲ့ ကူးစက်မှုတွေ (Imported Case) နိုင်ငံခြားကနေ လေယာဉ်ပျံကလေး ဆိုက်လာတယ်။ အဲဒီလေယာဉ်ပျံပေါ်က ဆင်းလာတဲ့လူတွေကို Quarantine လုပ်မယ်၊ စစ်မယ်၊ ပိုးတွေ့ရင် သူနဲ့ ထိတွေ့မှုရှိသူတွေကို ဆက်စစ်မယ်၊ တွေ့တဲ့လူတွေကို ဆေးရုံ တင်ပြီးတော့ ပိုးမတွေ့သူတွေကို ပထမနှစ်ပတ်၊ နောက်ပိုင်း သုံးပတ် ထိန်းချုပ်ထားလိုက်တယ်။ ဒါ ပြီးသွားတယ်။ လေယာဉ်ပျံမဆိုက်ဘူးဆိုရင် သတင်း‌ကြေညာတဲ့အခါ (မတွေ့ရှိ ရပါ) ဖြစ်သွားတယ်။ ကျနော်တို့ တွေ့ရှိခြင်း၊ မတွေ့ရှိခြင်းက လေယာဉ်ပျံကို ပေးဝင်ခြင်း၊ မဝင်ခြင်းနဲ့ နယ်စပ်ဂိတ်ဖွင့်ခြင်း၊ မဖွင့်ခြင်းပေါ်မှာ မူတည်တယ်။ ကျနော်တို့ရဲ့ ကူးစက်မှုပုံစံသည် ရပ်ရွာလူထုကြားမှာ ပြန့်ပွားနေတဲ့ Local spread, Community spread ပုံစံမျိုးမဟုတ်ဘဲနဲ့ ပြည်ပနိုင်ငံတွေနဲ့ အဝင်အထွက်ကို လက်ခံတာ၊ လက်မခံတာ အဲဒီပုံစံမျိုးပေါ်မှာ မူတည်နေတယ်ပေါ့။ (Imported Cases)

အဲဒီတုန်းက လှိုင်းဆိုရင်လည်း လှိုင်းပေါ့။ လှိုင်းမဟုတ်ဘူးဆိုရင် မဟုတ်ဘူးပေါ့။ လှိုင်းဆိုရင်တောင်မှ ဘင်္ဂလား ပင်လယ်အော်က လှိုင်းတံပိုးကြီးတွေမဟုတ်ဘဲနဲ့ အင်းလျားကန်စပ်က လှိုင်းကြက်ခွပ်ကလေးတွေလောက်ပဲ ဖြစ်မယ်။ သဘောတူတဲ့လူလည်း ရှိမယ်။ မတူတဲ့လူလည်း ရှိမယ်။ ကျနော်ဆိုလိုတဲ့သဘောက ရပ်ရွာလူထုအကြား ကူးစက်မှု Community spread ဖြစ်လာတဲ့အခါကျရင်တော့ တကယ့် လှိုင်း ဖြစ်လိမ့်မယ်။ ဒုတိယလှိုင်း လာမလား၊ မလာဘူးလား ဆိုတဲ့မေးခွန်း ရှိခဲ့ပါတယ်။ မေးစရာမလိုဘူးလို့ ကျနော် ဖြေခဲ့ ပါတယ်။ ဒုတိယလှိုင်းက လာကိုလာမယ်။ ကျနော်တို့က စဉ်းစားတဲ့အခါ ကူးစက်ရောဂါတခုရဲ့ ဖြစ်စဉ်မှာ Host ရယ်၊ Agent ရယ်၊ Environment ရယ် (လူ၊ ပိုး၊ ပတ်ဝန်းကျင်) ဆိုပြီး သုံးချက် စဉ်းစားပါတယ်။

လူ၊ ပိုး၊ ပတ်ဝန်းကျင်

လူနာဘက်က လက္ခဏာတွေ၊ ရောဂါဘက်က လက္ခဏာတွေ၊ ပတ်ဝန်းကျင်ရဲ့ အကြောင်းအချက်တွေကို ထည့်စဉ်းစားတယ်။ အဲဒီအချိန်မှာ ရောဂါပိုးက ကျနော်တို့ ပတ်ဝန်းကျင်မှာရှိနေပြီ။ လေယာဉ်ပျံနဲ့ပဲလာလာ၊ နယ်စပ်ကပဲ ဖြတ်လာလာ ဘယ်လိုပဲဖြစ်ဖြစ် ရှိနေပြီ။ ရောဂါပိုးက ရှိနေတယ်။ လူဘက်က Host ဘက်က ကြည့်တဲ့အခါကျတော့ ကျနော်တို့ ကိုယ်ခံအားက မရှိသေးဘူး။ ကိုယ်ခံအားရှိဖို့က ကျနော်တို့ ကာကွယ်ဆေးထိုးရင်ထိုး (ကာကွယ်ဆေးက မပေါ်သေး)၊ ဒါမှမဟုတ် Herd Immunity လို့ခေါ်တဲ့ လူအများ (၆၀-၇၀ ရာခိုင်နှုန်း)လောက် ရောဂါကူးစက်ဖြစ်ပွားပြီး ပြန်လည် ကျန်းမာလာတဲ့လူတွေမှာ ကိုယ်ခံအားရှိလာမယ်။ အဲဒါက အချိန်လည်းကြာမယ်။ နောက်ပြီး အထိအရှလည်းများမယ်။ အဲဒီ Herd Immunity ကို စောင့်မယ်ဆိုရင် အင်္ဂလန်တို့ ပထမစောင့်ခဲ့သလို၊ ဆွီဒင်စောင့်သလိုမျိုး စောင့်မယ်ဆိုရင် အထိအရှလည်းများမယ်။ အဲဒီတော့ ပိုးကရှိတယ်၊ လူက ကိုယ်ခံအားမရှိဘူးဆိုရင် ဒုတိယလှိုင်းကဖြစ်မယ်၊ မဖြစ်ဘူး ကို ပြောစရာမလိုဘူး။ ဘယ်တော့ဖြစ်မလဲဆိုတာပဲ ပြောရမယ်။ ခန့်မှန်းရမယ်။ ဘယ်လောက်များများ ဖြစ်မလဲ။ ဘယ် လောက် ပြင်းပြင်းထန်ထန် ဖြစ်မလဲ။

ပထမဖြစ်တုန်းက ကိုဗစ်အကြောင်းကို ဘာမှမသိဘူး။ ဘာမှ မသိတဲ့အခါကျတော့ ကာကွယ်တဲ့ နည်းလမ်းတွေလည်း မသိဘူး။ အဲဒီထက်စာလို့ရှိရင် ကျနော်တို့က အခု နောက်ပိုင်းမှာ Mask ကို တပ်ရမယ်၊ လက်တွေဆေးရမယ်။ Social Distancing  လုပ်ရမယ်။ အသွားအလာတွေ ကန့်သတ်မယ်။ လူစုလူဝေးနဲ့ မနေရဘူး။ အဲဒီတော့ ဒီကာကွယ် တဲ့ နည်းလမ်းတွေက ဟိုး… စဖြစ်ခါစ ဖေဖော်ဝါရီ၊ မတ်လ ထက်ကို အများကြီး သိလာပြီဖြစ်တယ်။ များများကြီး ဖြစ်မလား၊ နည်းနည်းပဲဖြစ်မလား၊ ဖြစ်တဲ့နေရာမှာ ထိန်းချုပ်နိုင်မလား၊ မထိန်းချုပ်နိုင်ဘဲ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်သွားမလား ဆိုတာက ဒီအချက်တွေကို ပြည်သူလူထုက ဘယ်လောက် လိုက်နာမလဲ မလိုက်နာဘူးလဲပေါ်မှာ မူတည်တယ်။

တခါ ပိုးဘက်က ကြည့်ပြန်တော့လည်း ရခိုင်မှာတွေ့တဲ့ Virus ကို စစ်ကြည့်ပြန်တော့လည်း Mutation (မျိုးရိုးဗီဇ ပြောင်းလဲမှု) က d မဟုတ်ဘဲနဲ့ g Mutation ဖြစ်နေတယ်။ g Mutation က ၁၀ ဆ ကူးစက်မြန်တယ်ဆိုပြီးတော့ ဆေးသုတေသနဦးစီးဌာနကပြောတာ ရှိပါတယ်။ ကူးစက်မြန်တယ် ဆိုတာကလည်း နိုင်ငံတကာမှာ ငြင်းခုံနေကြတာရှိတယ်။ ကူးစက်မြန်တယ်ဆိုတာက ဆေးရုံတက်နေတဲ့ လူနာတွေဆီက ပိုးကို စမ်းသပ်တာဖြစ်တယ်။ ဒါကြောင့်မို့လို့ အတိအကျ မမှန်နိုင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကူးစက်တဲ့အချိန် မှာ အဲဒီလူနာက ဆေးရုံမရောက်သေးဘူး။ Pre-clinical (ဆေးရုံမရောက်မီအချိန်မှာ) ဆေးရုံမတက်ခင်အချိန်မှာ သူက သူများဆီကူးလိုက်တဲ့အတွက် အဲဒီအချိန်က ပိုးရဲ့အခြေ အနေတွေကို စစ်တာမဟုတ်ဘူး ဆိုပြီးတော့ ငြင်းခုံတဲ့လူ လည်းရှိတယ်။ အသေအပျောက် များမလား၊ နည်းမလား ဆိုတော့ အသေအပျောက်ကတော့ d အမျိုးအစားပိုးထက် ပိုမများဘူး။ ရောဂါပိုးရဲ့ဘက်က ကြည့်မယ်ဆိုရင် သူက ပြင်းထန်တယ်ဆိုရင် လူက သေသွားတယ်။ လူသေသွားရင် သူလည်းသေသွားရော၊ သူ့အတွက် ထွက်လမ်းက မရှိတော့ဘူး။ အဲဒီတော့ သူလည်း မျိုးကန်းသွားမှာပဲ။ အဲဒီအခါကျတော့ သူ့ရဲ့ Survival (ရှင်သန်ရေး)အတွက်ကို Severity (ပြင်းထန်မှု)ကို လျှော့ပစ်လိုက်တယ်။ ရောဂါပြင်းထန်မှုကို လျှော့ပစ်လိုက်ပြီးတော့ ကူးစက်မြန်တဲ့ဘက်ကို Transmissibility မြန်အောင် သူ့ဘာသာသူ ဗီဇပြောင်းလိုက်တယ်။ ဒီအခါ ကူးစက်တော့မြန်တယ်၊ သိပ်မသေဘူး။ ဒါကြောင့် ရခိုင်မှာတွေ့တာတွေဟာ အနံ့မရတာကလွဲလို့ သိပ်ပြင်းပြင်း ထန်ထန် မဖြစ်တာကို ကျနော်တို့ တွေ့ရမှာဖြစ်တယ်။ (လူတထောင်ဝန်းကျင်ပိုးတွေ့ရာမှာ နှစ်ဦးသာ သေဆုံးပါတယ်)

ကျနော်တို့က အခုအချိန်ထိ ကျင့်သုံးနေတဲ့ ပေါ်လစီကို ဆက်စပ်ပြီး ပြောရရင် Containment at Source (ရောဂါကို ဖြစ်ပွားတဲ့နေရာမှာ ထိန်းချုပ်မယ်)ဆိုတဲ့ Policy ဖြစ်တယ်။ ဇွန်၊ ဇူလိုင်လောက်အထိ ထိန်းချုပ်နိုင်သလိုရှိတယ်။ တပြိုင် နက်တည်းမှာ Test Capacity (ရောဂါ ဓာတ်ခွဲစစ်ဆေးနိုင် စွမ်းကိုလည်း တိုးချဲ့မြှင့်တင်မယ်)

ထိန်းချုပ်မှုအတွက် အားနည်းချက် – အရှေ့အနောက် နယ်စပ်များ

ဒါပေမဲ့ ကျနော်တို့ အဲဒီအချိန်မှာ သုံးသပ်ခဲ့တာက ထိန်းချုပ်မှုမှာ အားနည်းချက် နှစ်ချက်ရှိတယ်။ နံပါတ်တစ်က ကျနော်တို့ရဲ့ အရှေ့နယ်စပ်နဲ့အနောက်ဘက်နယ်စပ်။ မြောက်ဘက် တရုတ်နိုင်ငံမှာ ဝူဟန်ကို တကယ့်ကို တင်းတင်းကျပ်ကျပ် Lockdown လုပ်လိုက်တော့ အခြေအနေကို ထိန်းသိမ်းနိုင်တဲ့အနေအထား ရှိတယ်။ ကျနော်တို့ကလည်း တရုတ်နိုင်ငံကလာတဲ့ လေယာဉ်ပျံတွေကို ကန့်သတ်လိုက်တဲ့အခါ တနေ့ကို အများဆုံး ၂၈ စင်း ဝင်နေရာကနေ နှစ်စင်းတောင် မဝင်တော့ဘူး။ ပြဿနာသိပ်မရှိဘူး။ ကျနော်တို့ အရှေ့ဘက် ထိုင်းနိုင်ငံနယ်စပ်ကနေ ဝင်လာတဲ့လူတွေမှာ ကျနော်တို့ရဲ့ တရားဝင်စခန်းတွေကို ဝင်လာတဲ့လူတွေ ကျနော်တို့က တနိုင်တပိုင်ပေါ့။ တခါတည်းနဲ့ အများကြီး ကျနော်တို့ ပေးမသွင်းဘူး။ ၅၀ဝ ဝင်မယ်၊ ၁၀ဝဝဝ ဝင်မယ်။ အဲဒါကို ကြည့် လိုက်တဲ့အခါမှာ ကျနော်တို့က ထိန်းနိုင်တယ်ပေါ့။ Swab ယူတာလည်း လုပ်တယ်။ ဒါပေမဲ့ တရားမဝင် ဝင်လာတဲ့ လူတွေ၊ နောက်ပြီးတော့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေဘက်က ဝင်လာတဲ့လူတွေကျတော့ ကျနော်တို့ က အဲဒီအခြေအနေမသိဘူး။ ဘယ်လောက်ဝင်တယ်။ Quarantine ဘယ်လောက်လုပ်တယ်။ Swab ယူလား၊ မယူဘူး လား။ ရောဂါလက္ခဏာ ဘယ်လောက်ပေါ်တယ်၊ မပေါ်ဘူး။ သူတို့တွေရဲ့ အခုနကပြောတဲ့ Host အခြေအနေ၊ Agent အခြေအနေ၊ Environment အခြေအနေ အခြေအနေသုံးခု ကို မသိဘူး။ ထိုနည်းတူ အနောက်ဘက်ကမ်းက ဝင်လာတဲ့ ကိစ္စကို ကျနော်တို့မသိဘူး။ ဒီနှစ်ခုကို စိတ်ပူရတယ်ဆိုပြီး တော့ အဲဒီအချိန်မှာ ဆွေးနွေးခဲ့တယ်။ ကျနော်တို့ကို ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဧပြီလမှာ ကိုဗစ်-၁၉ကပ် ရောဂါရဲ့ နောက်ဆက်တွဲဖြစ်ပေါ်နိုင်တဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးဆက်များနဲ့ ကျန်းမာရေးစနစ် Health system အပေါ် သက်ရောက်မှုတွေကို ကြိုတင်မှန်းဆ ပြင်ဆင်ဆောင်ရွက်နိုင်ရေး အကြံပေးအဖွဲ့ဆိုပြီး ၂၄ ဦးပါတဲ့အဖွဲ့ ဖွဲ့လိုက်တယ်။ ကျနော်က ဥက္ကဋ္ဌပါ။ အရင်က ကျနော့်ထက် ကြီးတဲ့လူတွေ စီနီယာတွေလည်း ပါတယ်။ လုပ်ဖော်ကိုင်ဖက်တွေ ဂျူနီယာတွေလည်း ပါတယ်။ အဲဒီအချိန်ကစပြီးတော့ အဖွဲ့လိုက် ဆက်လက်ဆွေး‌နွေးပြီး ဝန်ကြီးဌာနကို တင်ပြပါတယ်။

အရှေ့အိမ်နီးချင်း ထိုင်းက ကောင်းစွာထိန်းချုပ်နိုင်

ကျနော်တို့ရဲ့ အရှေ့ဘက်နယ်စပ်ရယ်၊ အနောက်ဘက် နယ်စပ်ရယ်ကို ကြည့်လိုက်တဲ့အခါ တကယ်တမ်းကျတော့ အရှေ့ဘက် ထိုင်းနိုင်ငံက တော်တော် နိုင်နိုင်နင်းနင်း ထိန်းနိုင်တာ တွေ့ရတယ်။ သူတို့ရဲ့ ကျန်းမာရေးစနစ်ကလည်း တော်တော်ကောင်းတယ်။ အဲဒီတော့ အခုအချိန်ထိဆိုရင် လူဦးရေ သန်း ၇၀ နီးပါးရှိတဲ့ ထိုင်းနိုင်ငံမှာ ဓာတ်ခွဲ အတည်ပြု လူနာ ၃,၅၀ဝ ကျော်ပဲ ဧပြီ ၂၀ စာရင်းအရ ရှိတယ်။ လူနာသစ်ကလည်း ခြောက်ဦးလောက်ပဲတွေ့တယ်။ နောက်ပြီးတော့ သေဆုံးတဲ့လူကလည်း ငါးဆယ်ကျော်ပဲ။ သူတို့က နိုင်နိုင်နင်းနင်း ထိန်းနိုင်တယ်။ သူတို့ဘက်က ယိုပေါက်ရှိလို့ ဝင်နေရင်တောင်မှ သူတို့ဆီက သိပ်မဆိုးနိုင်ဘူး။

စိုးရိမ်ဖွယ် အနောက်ဘက်နယ်စပ်

ဒါပေမဲ့ ကျနော်တို့ရဲ့ အနောက်ဘက် အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်ကို ကြည့်လိုက်လို့ရှိရင် အိန္ဒိယက ငါးသန်းခွဲလောက် Positive ဖြစ်ပြီး ၈၅,ဝဝဝ-၉၀,ဝဝဝ နီးပါးလည်း သေသွားပြီ။ တနေ့ကို ပိုးတွေ့လူနာသစ် ၉၀,ဝဝဝ လောက် ဆက်ပြီးတွေ့နေတယ်။ နောက်တချက်က ဘင်္ဂလားဒေ့ရှ်။ ဘင်္ဂလားဒေ့ရှ် က လူဦးရေ ၁၆၈ သန်းမှာ အခုချိန်အထိ သုံးသိန်းခွဲလောက် အတည်ပြုလူနာတွေတွေ့ပြီ။ တနေ့ကို ၁,၅၀ဝ လောက် ဆက်ပြီးတော့တွေ့နေတယ်။ သေတဲ့လူကလည်း ၅,ဝဝဝ ရှိနေပြီဖြစ်တယ်။ ဘင်္ဂလားဒေ့ရှ်နဲ့ ကျနော်တို့အကြား နယ်စပ်မှာ တရားမဝင်ဖြတ်သန်းသွားလာမှုတွေ တော်တော်များတယ်။ နောက်ပြီးတော့ လုံခြုံရေးအရ၊ စစ်ရေးအရ တည်ငြိမ်မှုလည်း မရှိဘူး။ လူအုပ်စုကြီး (Community) တခုနဲ့တခုက ရန်သူသဖွယ် ဖြစ်နေကြတဲ့အခါကျတော့ အဝင်အထွက်တွေကို တိတိကျကျစစ်ဆေးနိုင်ဖို့ လက်တွေ့မှာ အခက်အခဲတွေ ရှိတယ်။ ဒုက္ခသည်စခန်းတွေကိုလည်း ဟိုဘက်က တရားမဝင် လက်နက်ကိုင်အဖွဲ့အစည်းတွေက လူတွေ ဖြတ်ကျော် ဝင်ရောက်မှုလည်းရှိတော့ ကျနော်တို့ စိုးရိမ်တဲ့အတိုင်းပဲ ရခိုင်ပြည်နယ်မှာ ကူးစက်ပြန့်ပွားမှုတွေ သိကြတဲ့အတိုင်း ဖြစ်လာတယ်။

အဲဒီအချိန်မှာလည်း ရခိုင်ပြည်နယ်နဲ့ ပြည်မကြားမှာ ကူးလူးဆက်ဆံမှုကို ဟန့်တားခြင်း မရှိသေးတဲ့အတွက် ရခိုင်က တော်တော်များများ ရန်ကုန်ကိုဝင်လာကြတယ်။ ရန်ကုန် ကနေတဆင့် တနိုင်ငံလုံးကို ဆက်လက်ရောက်ရှိသွားတယ်။ ရခိုင်က လူဦးရေလည်းနည်းတယ်။ ပြီးတဲ့အခါ ရှိတဲ့ အရင်းအမြစ်တွေနဲ့ ထိန်းချုပ်မှုတွေလုပ်တယ်။ လုပ်လိုက်တဲ့အတွက်ကြောင့် အခုအချိန်မှာ၊ လုံးဝကြီးပပျောက်သွားတာ မဟုတ်ပေမဲ့ တည်ငြိမ်စွာ ထိန်းထားနိုင်တဲ့သဘော ရှိပြီးတော့ ရန်ကုန်မှာကတော့ ကူးစက်ပြန့်ပွားမှုများလာတဲ့ အခြေအနေ ရှိပါတယ်။ ရန်ကုန်မှာက ဖြစ်ပွားနှုန်းလည်း များပြီးတော့ အသေအပျောက်လည်း လတ်တလောမှာ များလာပါတယ်။

မတူသော နောက်ခံအခြေအနေများ

ကျနော့်အနေနဲ့က မတူတဲ့ အခြေအနေတွေမှာ Context (နောက်ခံအခြေအနေ) မတူတာကို နှိုင်းယှဉ်ပြီးတော့ ဘယ်သူက သာတယ်၊ ဘယ်သူကတော့ စွမ်းဆောင်ရည် ကောင်းတယ်၊ ရန်ကုန်က မကောင်းဘူး၊ ရခိုင်က ကောင်းတယ်၊ နေပြည်တော်က ကောင်းတယ်။ ဒါတွေသည် အခုအချိန်မှာ ပြောနေလို့ အကျိုးရှိမယ့်၊ အကျိုးဖြစ်ထွန်းမယ့် ကိစ္စတွေ မဟုတ်ဘူး။ Context မတူဘူး။ ရခိုင်က လူဦးရေကျဲတယ်။ ရခိုင်မှာတွေ့တဲ့လူတွေက များသောအားဖြင့် ထိတွေ့မှုရှိသူ တွေကိုစစ်ပြီးတော့ တွေ့တာ၊ ရောဂါလက္ခဏာမပြဘူး။ နှာခေါင်းပိတ်ပြီးတော့ အနံ့မရတာကလွဲပြီးတော့ ရောဂါလက္ခ ဏာ မပြတဲ့လူတွေ အများစု Positive ဖြစ်တယ်။ ရောဂါ လက္ခဏာမပြတဲ့အတွက် ပြင်းထန်မှုလည်းမရှိဘဲ စောစော က‌ ပြောတဲ့အတိုင်း တထောင်မှာမှ နှစ်ဦးသာ ပျက်စီးတဲ့ သဘောရှိတာကို တွေ့ရတယ်။

ရန်ကုန်မှာကျတော့ ဒီလိုမဟုတ်ဘူး။ လူဦးရေလည်း ထူထပ်တယ်။ ရန်ကုန်ရှိ ဆေးရုံကြီးတွေက Tertiary Centre (အဆင့်မြင့်ကုသရေးဌာန)တွေဖြစ်တော့ အနယ်နယ် အရပ်ရပ်ကလူတွေ ရန်ကုန်ကိုလာပြီး ဆေးကုကြတယ်။ ကင်ဆာသမားတွေရှိတယ်။ ကျောက်ကပ်ပျက်စီးလို့ လာနေတဲ့လူတွေရှိတယ်။ နှလုံးသမား၊ သွေးတိုးသမား ဒီလိုလူတွေ အများကြီးရှိတယ်။ သူတို့က ရပ်ကွက်တွင်းက အိမ်တွေမှာ နေပြီးတော့ ဆေးရုံကြီးမှာ၊ Poly-Clinic တွေမှာပြတယ်။ ကုသမှုခံယူပြီးတော့ အိမ်မှာပြန်နေတယ်။ ဆေးသောက်တယ်။ ရက်ချိန်းရောက်ရင် ပြန်ပြကြတယ်။ ဒီလိုနေတဲ့လူက အများကြီးဖြစ်နေတဲ့အခါကျတော့ ဧပြီ၊ မေလတုန်းက Community Spread မရှိသေးတော့ စိုးရိမ်စရာမရှိဘူးပေါ့ဗျာ။ အခု Community Spread ပြည်သူလူထုကြားမှာ ကူးစက် ပြန့်ပွားတာ ဖြစ်ပြီဆိုတဲ့အခါကျတော့ အခုနက ရောဂါအခံ ရှိတဲ့လူတွေက ဆေးရုံဆေးခန်းကို မှန်မှန်မပြနိုင်၊ မပြရဲကြ တော့တဲ့အတွက် သူတို့ရဲ့ မူလရောဂါတွေလည်း အခြေအနေ ပိုဆိုးလာတယ်၊ ရောဂါ အဆင့်တက်လာတယ်။ ဒီအချိန်မှာ ရပ်ကွက်ထဲရှိအိမ်မှာနေရင်း ကိုဗစ်ရောဂါပိုး ကူးစက်ခံကြရတယ်။ ဒီလူတွေ ရောဂါဖြစ်ကြမယ်။ ဖြစ်တဲ့အခါမှာလည်း ဆေးရုံလာရမှာကြောက်လို့ စောစောစီးစီး ကုသခြင်းမရှိဘဲနဲ့ ကိုဗစ်ကြီးကိုကြောက်လို့ မလာကြဘူး၊ ရောဂါကြီးမှ ရောက်လာတဲ့အတွက် အသေအပျောက်များတယ်။ ဆေးရုံ၊ဆေးခန်း များမှာ တာဝန်ကျတဲ့ ကျန်းမာရေးဝန်ထမ်းများကိုလည်း လူနာများမှ တဆင့်သော်လည်းကောင်း၊ လူနေရပ်ကွက်များ မှသော်လည်းကောင်း ကူးစက်မှုများ ရှိလာတယ်။

ဟိုအရင် ဧပြီ၊ မေလတုန်းက Positive ဖြစ်တဲ့လူတွေဟာ ရောဂါပိုးတွေ့သူနဲ့ ထိတွေ့မှု (Contact) ရှိသူတွေမှာ တွေ့ရများပြီးတော့ PUI လို့ခေါ်တဲ့ သံသယလူနာတွေမှာတွေ့ရတာ တော်တော် နည်းခဲ့တယ်။ အခုကကျတော့ Contact  တွေမှာ တွေ့ရတာထက် PUI လို့ခေါ်တဲ့ သံသယလူနာထဲမှာ ပိုးတွေ့နှုန်း ၅၀ ရာခိုင်နှုန်းကျော်သွားပြီ။ အဲဒီအထဲမှာလည်း ပြင်းထန်တဲ့လူတွေကလည်း များလာတဲ့အတွက် သေဆုံးနှုန်း များလာရတာ ဖြစ်တယ်။

ဥပမာပြောရမယ်ဆိုလို့ရှိရင် မြန်မာပြည်မှာ ဗဟိုအမျိုးသမီးဆေးရုံကြီးက အမျိုးသမီးရောဂါတွေနဲ့ ပတ်သက်လို့ အမြင့်ဆုံးကုသမှုဌာနပေါ့။ ဒါပေမဲ့ သေဆုံးနှုန်းကို ကြည့်လိုက်လို့ရှိရင် မြို့နယ်၊ ခရိုင်၊ တိုက်နယ်ဆေးရုံတို့မှာထက် ဗဟိုအမျိုးသမီးဆေးရုံကြီးက သေဆုံးနှုန်းပိုများတယ်။ ဘာဖြစ်လို့လဲ၊ ‌ရောဂါကြီးသူ လူနာတွေကို နယ်ဆေးရုံတွေက လွှဲ‌ပြောင်းပေးလာတယ်။ သူ့ဆီမှာက ဘယ်လောက်ပဲ ကောင်းကောင်း၊ ကုကု လူနာတွေက ရောဂါကြီးတဲ့အတွက် အသေအပျောက်များရခြင်းလည်း ဖြစ်တယ်။ အဖြစ်များတာ၊ အသေများတာတွေဟာ Multi-factorial (အကြောင်းအချက် ပေါင်းစုံ)လို့ ပြောရမှာပေါ့။ အချက်တချက်တည်း မဟုတ်ဘူး။

အပြစ်တင်ခြင်းဖြင့် အလုပ်မဖြစ်နိုင်

ဒီအချိန်မှာ ဘယ်သူ့မှာတာဝန်ရှိတယ်၊ ဘယ်သူ့ကြောင့်၊ ဘယ်ဝါ့ကြောင့် ပြောနေတာတွေက အကျိုးမရှိဘူး။ လုပ်နေရတဲ့ လူတွေမှာလည်း နားရတယ်လို့မရှိဘူးပေါ့။ ဘာကြောင့် ကျနော်က အဲဒါကိုပြောရလဲဆိုတော့ လူနာတွေရဲ့ အသက်ကို ကယ်ဖို့အရေးကြီးသလို ထပ်တူထပ်မျှ အရေးကြီးတာက ကျနော်တို့ရဲ့ Health Workforce ကို အကာအကွယ်ပေးဖို့။ ယခုအချိန်ဟာ ကျနော်တို့ရဲ့ ကျန်းမာရေး လုပ်သားထုကြီး၊ ကျန်းမာရေး ဝန်ထမ်းထုကြီးကို အကာအကွယ်ပေးဖို့ အလွန် အရေးကြီးတဲ့အချိန် ဖြစ်ပါတယ်။

အခြား ခြိမ်းခြောက်မှုရှိသော ကူးစက်ရောဂါများ

ဘာဖြစ်လို့လဲဆိုတော့ ထပ်တူထပ်မျှ အရေးကြီးတယ် ဆိုတာက ကျနော်တို့မှာ Non-Covid ရောဂါတွေ အများကြီး ရှိတယ်။ ကိုဗစ်-၁၉ တခုတည်းကမှ လူကို သေစေနိုင်တာ မဟုတ်ဘူး။ ဥပမာ- ကျနော်တို့ကလေးတွေမှာ JE ဂျပန် ဦးနှောက်အမြှေးရောင် ဖြစ်တယ်ဆိုရင် သုံးဦးဖြစ်ရင် တဦး သေတယ်။ ၁၀ဝ ဖြစ်ရင် ၃၃ ဦးသေမှာ။ ကိုဗစ်သေနှုန်းထက် အဆပေါင်းများစွာ များပါတယ်။ ဆိုတော့ အဲဒါကို ကျနော် တို့က ကာကွယ်ဆေးနဲ့ ကာကွယ်တယ်။ တကယ်လို့ ကိုဗစ်ကို ကြောက်ပြီးတော့ ကိုဗစ်ကြောင့် ကျနော်တို့ရဲ့ ပုံမှန် ကျန်းမာရေးဆောင်ရွက်မှု ဥပမာ- (EPI တိုးချဲ့ ကာကွယ်ဆေးထိုး လုပ်ငန်း)များ နှောင့်နှေးကြန့်ကြာပျက်ကွက်သွားရင် တချိန်မှာ ကိုဗစ်ထက် အဆပေါင်းများစွာသေနိုင်တဲ့ ရောဂါတွေနဲ့ ကျနော်တို့ကလေးတွေ သေကြရလိမ့်မယ်။ လူကြီးတွေမှာလည်း NCD လို့ခေါ်တဲ့ နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ ကင်ဆာရောဂါတွေ ရှိတယ်။ ကျနော်တို့က ဒီလို ရောဂါတွေကို ရှာဖွေတွေ့ရှိနိုင်မှုတွေ၊ အချိန်မီ ထိရောက်စွာ ကုသမှုပေးနိုင်မှုတွေ နှောင့်နှေးတာ၊ အားနည်းတာတွေ ဖြစ်လာမယ်။ ရောဂါဖြစ်ပွားမှုနှုန်းနဲ့ သေဆုံးနှုန်းတွေ (Morbidity and Mortality) များလာမယ်။ Crude Death Rate လို့ခေါ်တဲ့ “သေနှုန်းကြမ်း” က နောင်နှစ်တွေမှာ ပိုတက်သွားစရာ အကြောင်းတွေ ရှိနေတယ်။ လောလောဆယ်အချိန်အထိတော့ Containment at Source မဟာဗျူဟာနဲ့ ထိန်းချုပ်မှုတွေကို ဆောင်ရွက်နေတယ်။ အဓိကကတော့ ကျနော်တို့ ကျန်းမာရေးစနစ်ရဲ့ အရင်းအမြစ်တွေကို စုစည်းပြီးတော့ ကိုဗစ်-၁၉ကပ်ရောဂါကို ထိန်းချုပ်ဖို့ ကြိုးစားဆောင်ရွက် နေတာနဲ့ တပြိုင်နက်တည်းမှာ မရှိမဖြစ် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ (Essential Health Service) ကိုလည်း အရှိန်မပျက် ဆက်လက်ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်နေရင်းနဲ့ ကျနော်တို့ ကျန်းမာရေးစနစ်ကြီး (Health System) နဲ့ ကျန်းမာရေးဝန်ထမ်းများ (Health Workforce) ဝန်ပိပြီး မနိုင်မနင်းဖြစ်လာခဲ့ရင်တော့ System နှင့် Workforce ပြိုလဲမသွားစေရေးအတွက် လက်ရှိ ကျင့်သုံးနေတဲ့ Strategy ကို  ပြောင်းသင့်ရင်လည်း ပြောင်းရမယ်။ အချိန်နဲ့တပြေးညီ ပြောင်းနိုင်ဖို့လည်းလိုပါတယ်။

 

မေး။                 ။ အခုလက်ရှိ ကူးစက်မှုမျဉ်း (Curve) က အတက်ဘက် မြင့်နေတယ်ပေါ့။ အဲဒီတော့ ဒီကူးစက်မှုမျဉ်းကို ပြားသွားအောင်၊ သို့မဟုတ် အဆင်းပြန်ဖြစ်အောင်ဆိုရင် အချိန် ဘယ်လောက် မှန်းလို့ရနိုင်မလဲ ခင်ဗျ။

ဖြေ။                 ။ အဲဒါဆိုရင်တော့ ကျနော်က ဆရာစိုင်းခမ်းလိတ်နဲ့ စိုင်းထီးဆိုင်သီချင်း ဆိုပြရမလို ဖြစ်နေတယ်။ “ဘယ်လောက်လဲ ဘယ်အထိလဲ၊ မေးရန်လွယ်ပေမဲ့ အဖြေခက်၊ သိသလို မသိသလိုပါပဲ” ဆိုသလိုပေါ့။ ကျနော်တို့က ဘယ်လောက် မြန်မြန်နဲ့များများ ရောဂါရှာဖွေဖော်ထုတ်နိုင်တယ်၊ Mitigation measures တွေကို ဘယ်လောက်အထိ တိတိကျကျ တင်းတင်းကျပ်ကျပ် လုပ်နိုင်တယ်၊ ပြည်သူတွေက ဘယ်လောက် လိုက်နာနိုင်တယ် ဆိုတာအပေါ်မှာ မူတည်တယ်။ ဝူဟန်ရဲ့ဥပမာကို ကြည့်မယ်ဆိုရင် Total Lockdown လုပ်ချလိုက်တယ်။ ကျနော်တို့ အခုပြောတဲ့ Stay at Home လိုမျိုး မဟုတ်ဘူး။ Total Lockdown အပြည့်အဝ နှစ်ပတ်၊ သုံးပတ် ချလိုက်လို့ရှိရင် တကယ်တင်းတင်းကျပ်ကျပ် လုပ်လိုက်လို့ ရှိရင် အဲဒီနောက်ပိုင်းမှာ ဒီ Peak ကို ထိန်းနိုင်မယ့်သဘော ကတော့ရှိတယ်။ Total Lockdown က ထိရောက်မှုရှိတယ် ဆိုပေမဲ့ အဲဒါကိုလုပ်ဖို့မှာ ကျနော်တို့ ကျန်းမာရေးရှုထောင့် တခုတည်းကနေ စဉ်းစားလို့မရဘူး။ ကျန်းမာရေးပြဿနာ ကနေ လူမှုရေးပြဿနာဖြစ်တယ်။ စီးပွားရေးပြဿနာ ဖြစ်တယ်။ ရပ်ရွာအေးချမ်းမှုနဲ့ တရားဥပဒေစိုးမိုးရေး ပြဿနာတွေ၊ နောက်ဆုံးကျတော့ နိုင်ငံတော်တည်ငြိမ်ရေးနဲ့ လုံခြုံရေး ပြဿနာအထိ ဖြစ်နိုင်တယ်။ ဒါကြောင့် တာဝန်ရှိတဲ့သူ၊ အဖွဲ့အစည်းအနေနဲ့ ရှုထောင့်စုံမှ သုံးသပ်ပြီး အချိန်နဲ့ တ‌ပြေးညီ ဆုံးဖြတ်ချက်ချရမှာ ဖြစ်ပါတယ်။

ရန်ကုန်က နိုင်နင်းအောင်မကိုင်တွယ်နိုင်ရင် တပြည်လုံး ကိုပြန့်မယ် ဆိုတာကလည်း ရှိတယ်။ မကြာခင်ကာလမှာ ရွေးကောက်ပွဲကလည်း ရှိနေတယ်လေ။

စနစ်ဝန်မပိစေရေးနှင့် နိုင်ငံတကာအတွေ့အကြုံများ

နောက်တခုက ကျနော်တို့ System Overwhelmed (စနစ်ဝန်မပိစေရေး) မဖြစ်အောင် ဘယ်လိုလုပ်မလဲ။ Mitigation Strategy အဆင့်ဆင့်ရှိတယ်။ ကဲ… ကျနော်တို့ လျှော့လိုက်တော့မယ်။ အင်္ဂလန်တို့၊ ပြင်သစ်တို့၊ အီတလီတို့ စလုပ်ရသလို အမေရိကန်မှာလုပ်သလို။ ကျနော်တို့က လက်ရှိမှာ ပိုးတွေ့လူနာမှ မဟုတ်ဘူး၊ သံသယရှိရင်ကို ဆေးရုံတင် ထားတယ်။ ဒါကြောင့် ဆေးရုံတွေမဆံ့တာတွေ ဖြစ်တယ်။ ဆေးရုံဆင်းခွင့်ရ လူနာသတ်မှတ်ချက် (Discharge Criteria) နဲ့ Quarantine Criteria  ကိုလည်း ကျနော်တို့က မကြာသေးခင်ကမှ လျှော့ပေါ့မှုတွေလုပ်လိုက်တာ။ အဲဒီအခါကျတော့ ကျနော်တို့ System က ဝန်ထုပ်ဝန်ပိုး ယာယီလျော့ကျသွား တဲ့သဘောတော့ရှိလာတယ်။ ရောဂါကူးစက်မှုနှုန်းကို မထိန်း ချုပ်နိုင်ရင်တော့ တချိန်မှာ ပြန်ပြီး ဝန်ပိလာဦးမယ့်သဘော ရှိတယ်။

အင်္ဂလန်မှာဆိုရင် ကျနော်တို့ မိတ်ဆွေ၊ သူငယ်ချင်းတွေ၊ ဆရာဝန်တွေ Positive ဖြစ်တယ်။ Positive ဖြစ်ရင် အိမ်မှာနေ၊ နေ့တိုင်းနေ့တိုင်း ဖုန်းဆက်မယ်။ အခြေအနေကောင်းရဲ့ လား၊ မောလား၊ ရင်ကျပ်လား၊ ဘာဖြစ်သလဲ လက္ခဏာတွေ ဖုန်းဆက်ပြီးမေးတယ်။ မေးပြီးတော့ ဟုတ်ပြီ၊ Oxygen Saturation (သွေးတွင်းအောက်ဆီဂျင်ပါဝင်မှု) ဘယ်လောက်ရှိလဲ။ ကိုယ့်ဘာသာကိုယ် တိုင်းကြတာပေါ့။ ဟိုမှာ ကတော့ Facility ရှိလို့။ ရောဂါပြင်းထန်မှုအပေါ် မူတည်ပြီး ဆေးရုံ လာသင့်၊ မလာသင့် လမ်းညွှန်ပါတယ်။ အဲဒါကတော့ Mitigation ပေါ့။ အဲဒီအဆင့်ထိ မရောက်ပါစေနဲ့လို့တော့ ဆုတောင်းရပါတယ်။ အဲဒီအဆင့်ထိ ရောက်ပြီဆိုရင်တော့ ကျန်းမာရေးဝန်ထမ်းတွေရော၊ ကူမယ့် စေတနာ့ဝန်ထမ်းတွေရော မနိုင်တော့တဲ့အတွက် နောက်တဆင့် ခံစစ်စည်းကို ဆုတ်ရတဲ့သဘောပါ။ အသေအပျောက်တွေကိုလည်း အထိုက်အလျောက် လက်ခံရတော့မယ့်သဘော ဖြစ်သွားပြီပေါ့။ အင်္ဂလန်တို့ဖြစ်သလို၊ အခု အမေရိကန်မှာ ဖြစ်နေသလို ဒီလိုအခြေအနေမျိုး။ ကျနော်တို့ဆီမှာ System Overwhelm ဖြစ်လို့ရှိရင် ကျန်းမာရေးဝန်ထမ်းတွေ ကိုယ်တိုင်လည်း အထိအရှ များလာပြီဆိုရင် အခြားသော ကျန်းမာ ရေးစောင့်ရှောက်မှု လုပ်ငန်းများကို ထိရောက်စွာ ဆောင် ရွက်နိုင်တော့မှာ မဟုတ်တော့တဲ့အတွက် အဲဒီအချိန်ကျရင်တော့ Mitigation ကို သွားကြရမှာဖြစ်ပါတယ်။

 

မေး။               ။ နောက်တခုက ပြောသွားတဲ့ System Breakdown (စနစ် ပြိုလဲခြင်း)နဲ့လည်း နည်းနည်းဆိုင်တာပေါ့။ ကျနော်တို့ဆီမှာ ရော ဒီလို ဝန်ပိအားအခြေအနေမျိုးကို နီးလာပြီလားဗျ။

ဖြေ။                ။ ကျနော်တို့ Outbreak (အမြောက်အမြားကူးစက်မှု) တခု ဖြစ်ပြီဆိုရင် ပေါ်ပေါက်လာနိုင်တဲ့ အချက်တွေရှိတယ်။ နံပါတ် တစ်ကတော့ ဘာလဲဆိုတော့ ရောဂါများကို ထိန်းချုပ်ကုသတဲ့အခါမှာ Target (လျာထားချက်)တွေ ရှိပါတယ်။ ဥပမာ- တီဘီ၊ ငှက်ဖျား၊ HIV ရောဂါရှာဖွေမှု၊ ကုသမှု၊ ပျောက်ကင်းမှု Target တွေ ရှိပါတယ်။ ကိုဗစ်ကို ဦးစားပေးလိုက်ရတဲ့အတွက် ဒီ Target တွေကို မပြည့်မီနိုင်တော့ဘူး။ နောက်တခုက ဘာဖြစ်မလဲဆိုရင် ကျနော်တို့က နဂိုရှိရင်းစွဲ အားနည်းချက်တွေက ပိုမိုဆိုးရွား ယိုယွင်းမယ်။ နဂိုက ဝန်ထမ်းအင်အား အားနည်းတာက ဒီလို ဖြစ်လာတဲ့အချိန်ကျရင် ပိုနည်းလာမယ်။ ဆေးဝါးလုံလောက်မှုမရှိဘူးဆိုရင် ပိုပြီးတော့ဆိုးလာမယ်။ နောက် လူအင်အား၊ ငွေကြေးအင်အား၊ ပစ္စည်းအင်အား၊ နည်းပညာ စတဲ့ အရင်းအမြစ်အကုန်လုံးမှာ လက်ရှိအခြေအနေထက် ပိုပျက်စီးယိုယွင်းမယ်။ အဲဒီမှာ ဘာပါလဲဆိုတော့ Communication (ဆက်သွယ်ရေးစနစ်)တွေ။

ဆက်သွယ်ရေးစနစ် ချို့ယွင်းမှု

Communication Breakdown တွေ ဖြစ်လာနိုင်တယ်။ အရင်ကတည်းက တယောက်နဲ့တယောက် ဆက်ဆံရေး မကောင်းဘူး၊ ရုံးချုပ် Headquarters နဲ့ Field နဲ့ နားလည်မှု လွဲမှားလာတာကလေးတွေရှိတယ်၊ Professional တွေ တယောက်နဲ့တယောက်၊ အုပ်စုတစုနဲ့တစု အခုအခံကလေး တွေ၊ အဖုအထစ်ကလေးတွေ ရှိတယ်ဆိုရင် အဲဒီအချိန်မှာ ပိုပြီးတော့ ဆိုးလာတတ်တယ်။

အလုပ်များလာတဲ့အခါကျတော့ ကျနော်တို့က ပင်ပန်းလာတယ်။ ဝန်ပိလာတယ်။ အဲဒီအခါကျရင် Medical Errors တွေ များလာတတ်တယ်။ ဆေးမှားပေးမိတာတို့၊ လုပ်ရမယ့် ဟာကို မလုပ်မိတာတို့၊ မလုပ်ရမယ့်ဟာကို လုပ်မိတာတို့။ အချိန်နဲ့တပြေးညီ မလုပ်တာတို့ ဖြစ်သွားနိုင်တယ်။

အဲဒီမှာ လူနာတွေ၊ ပြည်သူတွေဘက်က ကြည့်မယ် ဆိုလို့ရှိရင်လည်း အချိန်မီ ဆေးရုံကို လာမပြရဲတော့ဘူး။ အရင်တုန်းကဆိုရင် ထစ်ခနဲရှိ ဆေးရုံကိုလာပြရာကနေ ကိုဗစ်ကြီးက ရှိနေတယ်။ ကြောက်တယ်။ ဆေးရုံကို လာမပြကြတော့ဘဲနဲ့ နီးရာပြတဲ့အခါကျတော့ Quality of Healthcare (ကျန်းမာရေးစောင့်ရှောက်ပေးမှု အရည်အသွေး)က ကျ ဆင်းသွားတယ်။ ရမ်းကုတွေနဲ့ သွားကုရတယ်၊ နီးစပ်ရာတွေကို။ အထူးကုပြသင့်တဲ့အခြေအနေကို အထူးကုမပြနိုင်တော့ ဘူး။ ဆရာဝန်ပြသင့်တဲ့အချိန်ကို မပြနိုင်တော့ဘူး။ လမ်းထိပ်ဆိုင်က ဝယ်သောက်ကြတယ်၊ ဒါတွေဖြစ်လာတယ်။ ကျန်းမာရေး စောင့်ရှောက်ပေးမှု အရည်အသွေးကျတယ်။ ကျတဲ့အတွက် ရောဂါဖြစ်မှုန်း၊ သေနှုန်း (Morbidity, Mortality) တွေ များလာမယ်။

သတင်းမီဒီယာစီမံခန့်ခွဲမှု အရေးကြီး

လူနာတွေ များလာတဲ့အတွက် ပြုစုရတာ ဆရာဝန်၊ ဆရာမတွေမှ မဟုတ်ဘူး။ အိမ်သူအိမ်သားတွေက သူတို့ တွေမှာပါ ဝန်ပိလာတယ်။ ရပ်ရွာဝန်ပိတယ်။ နိုင်ငံမှာလည်း ဝန်ပိလာတဲ့သဘော။ ဒါတွေက Outbreak တိုင်းမှာ ဖြစ်နိုင်တယ်။ ဒီလိုအချိန်တွေမှာ တခုခုဖြစ်ပြီဆိုရင် ရောင်းအကောင်းဆုံး လူသုံးကုန်ပစ္စည်းက ကောလာဟလပဲ။ ဒီဟာက ကျနော်တို့ Media Management (သတင်းမီဒီယာ စီမံခန့်ခွဲမှု)မှာ အရေးကြီးတယ်။ လူမှုမီဒီယာ (Social Media) တွေကလည်း အခုအခါပေါ်လာတော့၊ ဒါတောင် ကျနော်တို့ မှာ Twitter တို့၊ Instagram တို့ သိပ်မသုံးသေးလို့။ Facebook တခုနဲ့တင်ကို တော်တော်ဒုက္ခရောက်နေပြီ။ ဒီ (Misinformation, Disinformation) သတင်းလိမ်၊ သတင်းတု၊ သတင်းမှား လုပ်ကြတဲ့ကိစ္စ။ အဲဒါကြောင့်မို့ WHO ရဲ့ Health System Response Recommendations (ကျန်းမာရေးစနစ်ဆိုင်ရာ တုံ့ပြန်မှုဆိုင်ရာ အကြံပြုချက်များ)တွေထဲမှာ နံပါတ်တစ်ကို ဘာထားလဲဆိုတော့၊ ကျနော် ဟိုးငယ်ငယ်တုန်းက သိပ် သဘောမပေါက်တဲ့ဟာ။ အဲဒီလို Outbreak ဖြစ်ပြီဆိုရင် နံပါတ်တစ်က To expend the capacity for communication (ဆက်သွယ်ဆက်ဆံရေးစွမ်းဆောင်ရည်ကို မြှင့်တင် ရန်)။ Communication Capacity ကို ချဲ့ထွင်မြှင့်တင်ရမယ်။ And proactively manage media relations (သတင်းမီဒီယာဆက်ဆံရေးကို ကိုယ်က လက်ဦးမှုရှိစွာ ဆောင်ရွက်ရမယ်) ရှေ့ကသွားနေတဲ့ ကောလာဟလ နောက်ကနေပြီး သတင်းစာရှင်းလင်းပွဲလုပ်ပြီးတော့ လိုက်ဖြေရှင်းရတာထက် ကို ကျနော်တို့က မှန်ကန်တဲ့ အချက်အလက်တွေကို ပြည်သူ လူထု နားလည်နိုင်မယ့် ဘာသာစကားနဲ့၊ သိသင့်သိထိုက်တဲ့ အတိုင်းအတာပေါ့ဗျာ ပြောရမယ်။ တခါတလေကျတော့ အားလုံးကိုပြောပြဖို့ မဖြစ်နိုင်ဘူး။ လက်ရှိ သိပ္ပံပညာအရ လည်း အကုန်အစင်မသိနိုင်သေးဘူး။ ပြည်သူလူထုအနေနဲ့ သိသင့်သိထိုက်တာကို သိရမယ်။ အသေးစိတ်တွေ လျှောက်ပြောလို့ရှိရင်လည်း မရဘူး။ အခုကိစ္စမှာ မီဒီယာကို Proactively manage  လုပ်ရမယ်ဆိုတဲ့ အချက်နဲ့ အထက် အောက်ရော၊ ဘေးတိုက်ရော Communication Channels (ဆက်သွယ်ရေးနည်းလမ်း)တွေကို ပိုပြီးတော့ အားကောင်းအောင် လုပ်ရမယ်ဆိုတာ အခု အရမ်းထင်ရှားတယ်ဗျ။

ကျနော်တို့ ငယ်ငယ်က စာအနေနဲ့လေ့လာခဲ့တယ်။ Theory အနေနဲ့သိခဲ့တဲ့၊ ဝန်ကြီးဘဝမှာ WHO Executive ရဲ့ အဖွဲ့ဝင်၊ နောက် ဒုတိယဥက္ကဋ္ဌ လုပ်ခဲ့တဲ့အခါကျ အဲဒါတွေ သဘောပေါက်လာတယ်။ သူတို့က မီဒီယာကို စီမံ ကိုင်တွယ်တာ တော်တော်လေးအားကောင်းတယ်။ ကျနော် တို့နိုင်ငံမှာတော့ မီဒီယာစီမံမှု အားနည်းတယ်လို့ဆိုချင်တယ်။ Communication Channel, Information တွေမှာလည်း ကျနော်တို့ ကျန်းမာရေးဝန်ထမ်းများမှာတောင်မှ အစိုးရဝန် ထမ်း ဆရာဝန်က သိတဲ့အသိနဲ့၊ ပြင်ပဆေးခန်း ဆရာဝန် (GP) တွေသိတဲ့အသိက ကွာနေတာလေးတွေရှိတယ်။ အစိုးရ ကျန်းမာရေးဝန်ထမ်းထဲမှာတောင်မှ ဆရာဝန်၊ ဆရာမ၊ ဓာတ်ခွဲ ဓာတ်မှန် မတူကြပြန်ဘူး။ အဲဒီတော့ Information transfer and Media management ကို ကောင်းကောင်းကိုင်နိုင်ဖို့ လိုတာပေါ့နော်။

တည်ဆဲ မရှိမဖြစ် ကျန်းမာရေးဝန်ဆောင်ပေးမှုများ ပျက်မသွားစေရေး

ကျနော်တို့က ဒီ System ကို Breakdown မဖြစ်အောင် လုပ်တဲ့အခါမှာ အရင်တုန်းကဆိုလို့ရှိရင် ဒီလူဟာ ဒါပဲလုပ်၊ ဒီလူဟာ ဟိုဟာပဲလုပ်ဆိုတာထက် အခုချိန်မှာ Task Shifting ကို လုပ်ရတော့မယ်။ ဥပမာ- သားဖွားမီးယပ်ဌာနက သူနာပြုပေမဲ့လည်း Infection Control (ကူးစက်ရောဂါ ထိန်းချုပ်မှု)၊ Intensive Care တို့ကို အထိုက်အလျောက် နားလည်တတ်ကျွမ်းမှုရှိဖို့ လေ့ကျင့်တာဝန်ပေးရပါမယ်။ အဲဒီတော့ ကျနော်တို့ သူနာပြုတိုင်း၊ ဆရာဝန်တိုင်းသည် Infection နဲ့ ပတ်သက်ပြီး သင်တန်းလေ့ကျင့်ပေးမှုရဖို့ လိုလာပြီ။Mobilize လုပ်ဖို့ လိုလာပြီ။ ကျနော်တို့ အခုလုပ်နေ တာက ရှိရင်းစွဲရင်းမြစ်တွေကို Mobilize လုပ်ပြီးတော့ ကိုဗစ် ဘက်ကို ပေးလိုက်တဲ့အချိန်မှာ တည်ဆဲ မရှိမဖြစ် ကျန်းမာရေးဝန်ဆောင်ပေးမှုများ (Existing Essential Health Services) တွေ ပျက်မသွားဖို့၊ ဒါကိုထိန်းရမှာ။

ဒီတော့ ကျန်းမာရေးဝန်ထမ်းအားလုံးသည် ကပ်ရောဂါ နဲ့ပတ်သက်တဲ့ ဗဟုသုတပြည့်စုံဖို့၊ ကျွမ်းကျင်မှုရှိဖို့၊ သဘော ထားရပ်တည်ချက် မှန်ကန်ဖို့လိုတယ်။ အဲဒီလို လေ့ကျင့် သင်တန်းပေးတဲ့အခါမှာ ကျနော်တို့ အစိုးရ ကျန်းမာရေး ဝန်ထမ်းတွေချည်းပဲ မဟုတ်ဘူး။ ကျန်းမာရေး စောင့်ရှောက် မှုလုပ်ငန်းနဲ့ ပတ်သက်တဲ့ နိုင်ငံတကာ INGO, NGO မှာလုပ် နေတဲ့ ဝန်ထမ်းတွေ၊ ပုဂ္ဂလိကကဏ္ဍမှာ လုပ်နေတဲ့သူတွေ။ မြန်မာနိုင်ငံဆရာဝန်အသင်း၊ ရပ်ရွာအခြေပြု အဖွဲ့အစည်း များ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ ဒါတွေအားလုံးပါမှ ရမှာ။ ကျနော်တို့မသိတဲ့သူတွေကို မသိရကောင်းလားလို့ ပြောနေရုံနဲ့ ဘာမှ ထူးလာမှာမဟုတ်ဘူး။ တကယ်တော့ မသိတဲ့သူတွေ မသိခြင်းသည် သိတဲ့သူတွေက‌ ပြောမပေးလို့ ဖြစ်နိုင်တယ်ဆိုတာ ကျနော်တို့ သိနားလည်ပြီး ဆောင်ရွက်ရမယ့်သဘော ရှိပါတယ်။

အားလုံး ဝိုင်းပါရမယ်

ပြည်သူလူထု ဗဟုသုတနည်းနေတယ်၊ ကျန်းမာရေး အသိရှိမှု (Health Literacy) နည်းနေတယ်ဆိုရင် ကျနော် တို့က ပညာပေးလုပ်ငန်းတွေ ပိုပြီး ထိရောက်အောင် လုပ်ပေးရမယ်။ ဟိုတလောက ဆေးရုံတရုံမှာ ပိုးတွေ့တယ်။ တွေ့တော့ ပိတ်ချလိုက်တယ်။ အဲဒီလို ပိတ်ချလိုက်တဲ့အတွက်ကြောင့် အခြား ပုဂ္ဂလိကဆေးရုံများကပါ ဝန်ဆောင်မှုကို လျှော့ချလာတဲ့အခါ အစိုးရဆေးရုံတွေဘက်မှာ ဝန်ထုပ်ဝန်ပိုးက ပိုများလာတယ်။ ပုဂ္ဂလိကကဏ္ဍမှာ GP အချို့ကလည်း လူနာတွေကိုမကြည့်တော့ဘူး။ ကျောက်ကပ်သန့်စင်မှု (Dialysis) တွေ မလုပ်တော့ဘူး။ ဖျားရင်လည်း မကြည့်တော့ ဘူး။ အကုန်လုံး အစိုးရဆေးရုံသွားကြဆိုတော့ အကုန်လုံး ပက်လက်လန်ရော။ တကယ်ကတော့ ပြင်ပဆေးခန်း (GP) အပါအဝင်၊ Poly-Clinic အပါအဝင်၊ INGO, NGO အပါအဝင် ကျန်တဲ့ ကျန်းမာရေးဝန်ဆောင်မှု ပေးနေသူတွေအားလုံးကို စံနှုန်းကျလုပ်ထုံး (SOP)တွေ၊ လမ်းညွှန် (Guideline) တွေကို သေသေချာချာပေးပြီး ဒီလုပ်ငန်းမှာ ပူးတွဲပါဝင်ဆောင်ရွက် လာအောင် မဟာဗျူဟာကျကျ လုပ်နိုင်ဖို့ကလည်း ဒီကျန်းမာရေးစနစ်ကို မပြိုလဲအောင် တားတဲ့နည်းတွေထဲမှာ အရေးကြီးပါတယ်။ အားလုံးဝိုင်းပါရမယ်။ နောက်ပြီးတော့ အရောင်တွေကွဲနေတာလည်း ကျနော်သဘောမကျဘူး။ ဒါကတော့ ကျနော် ပွင့်ပွင်းလင်းလင်းပြောတာ။ ဗိုင်းရပ်စ်က Color Blind ဗျ။ အနီလား၊ အစိမ်းလား မသိဘူး။ သူကတော့ချမှာပဲ။ ကျနော်တို့တွေက အဲဒီလိုတွေဖြစ်နေရင်၊ ဘယ်သူကတော့ အစိုးရဆရာဝန်၊ ဘယ်သူကတော့ ပုဂ္ဂလိကဆရာဝန်၊ ဘယ်သူကတော့ ဘယ်သူ့ထောက်ခံတဲ့သူ၊ ဘယ်သူကတော့ ဘယ်ဝါ့ထောက်ခံတဲ့သူ လျှောက်လုပ်နေ၊ လျှောက်ပြောနေမယ့် အစား ကျနော်တို့အားလုံး ဒီကိစ္စကို ဝိုင်းဝန်း ဆောင်ရွက်ကြမယ်။ အဲဒီလိုပဲဖြစ်သင့်ပါတယ်။

Health System collapse မဖြစ်အောင် လုပ်တဲ့နည်းတွေကို Short term, Long term စဉ်းစားရမယ်။ ရေရှည် မှာတော့ ကျနော်တို့က Health System အပြင် လူသားရင်း မြစ် (Human Resources) ကလည်း ပြဿနာရှိနေတယ်။ ဟိုတလောက ကြားလိုက်မှာပေါ့။ ဆရာဝန်တွေခေါ် တာ ၂၈ ဦးလား၊ ၂၉ ဦးပဲလား လာလျှောက်ကြတယ်ဆိုတာလေ။

ကျန်းမာရေးလူသားရင်းမြစ် ဖြည့်ဆည်းရေး

နောက်တခုကလည်း ကျနော်တို့ရဲ့  Health Workforce က အားနည်းချက်တွေရှိတာပေါ့နော်။ အရေအတွက်လည်း နည်းတယ်။ Training မှာလည်း တချို့နေရာကလေးတွေမှာ အားနည်းချက်ကလေးတွေရှိတာပေါ့နော်။ စောစောက ပြော သလိုပဲ အားနည်းချက်တွေဟာ ဒီလို Outbreak ဖြစ်တဲ့အခါ မှာ ပိုယိုယွင်း ထင်ရှားလာတတ်တယ်။ ကမ္ဘာတဝန်းလုံး ၂၀၃၀ ကျရင် ကျန်းမာရေးဝန်ထမ်း သန်း ၄၀ လစ်လပ်မယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကဆိုတယ်။ သန်း ၄၀ တောင်မှ လိုအပ်ချက်ရှိမယ်ဆိုတော့ ကျနော်တို့နိုင်ငံမှာလည်း လိုအပ်ချက်ရှိတယ်။ အဲဒါကို ရေရှည်စီမံကိန်းအနေနဲ့ကတော့ သူ့ကို တိုးချဲ့ပြီးတော့ထုတ်လုပ်ဖို့၊ Training Capacity တွေ မြှင့်ကြဖို့ပေါ့။ လူသားအရင်းအမြစ် မွေးထုတ်မှုအ‌ကြောင်း ပြောရရင် ပထမဆုံးက Pre-Service Training ဆိုတာ ရှိပါတယ်။ Service ထဲကို မဝင်ခင် Training ပေါ့။ ပြီးရင် ကျနော်တို့က Recruitment လုပ်မယ်။ Service ထဲကို ဝင်ဖို့။ Recruit လုပ်ပြီးလို့ရှိရင် ကျနော်တို့က Service ထဲမှာ ထပ်ပြီး Training ပေးတယ်ပေါ့ (In-Service Training)။ ထပ် Training ပေးပြီး ရင် Train လုပ်ထားတဲ့သူတွေ ထွက်မသွားအောင် Retention Policy နဲ့ Retainလုပ်ရတယ်ပေါ့။ Recruitment မှာ အရင်တုန်းက သိပ်ပြဿနာမရှိခဲ့ဘူး။ ထွက်ချင်တဲ့သူတွေက ရှိတာပေါ့နော်။Train လုပ်ပြီးသားသူတွေ ထွက်မသွားအောင် Retention Policy (ဝန်ထမ်းထိန်းသိမ်းရေးမူဝါဒ)မှန်ဖို့ အရေးကြီးပါတယ်။ လက်ရှိအခြေအနေနဲ့ကိုက်ညီဖို့ လိုပါတယ်။ ကျနော်တို့ လူတွေကိုထွက်မသွားအောင် ဘယ်လို ထိန်းကြမလဲ။ လုပ်ခလစာနည်းခြင်းကလည်း ပါတယ်ပေါ့။ ကျနော်တို့ စားဝတ်နေရေး ကျပ်တည်းတာလည်း ပါတယ်ပေါ့။ ဝေးလံခေါင်ဖျား မသွားချင်ကြတာလည်း ပါတယ်ပေါ့။ အမျိုးမျိုးရှိတာပေါ့။ အဲဒီတော့ နိုင်ငံခြားကိုထွက်ကြမယ်။ ဟိုမှာ လစာတွေက အများကြီးရတယ်။ အလုပ်ထွက်ပြီး ပုဂ္ဂလိ က ဆေးရုံဆေးခန်းတွေမှာ ပြောင်းလုပ်ကြတယ်။ ကျနော်တို့ ပြုန်းတီးအင်အားတွေ များတယ်၊ External ရော၊ Internal ရော Brain drain (ဦးနှောက်ယိုစီးမှု)တွေ ဖြစ်တယ်။

တချိန်က Recruitment က ပြဿနာမရှိခဲ့ဘူး။ ကျနော်တို့ အစိုးရအလုပ်ဝင်ချင်တဲ့သူက များတယ်ဆိုတော့ သိပ်မသိသာပေမဲ့ အခုနောက်ပိုင်းမှာ လက်ရှိ အစိုးရဝန်ထမ်းတွေ ကိုယ်တိုင် လုပ်ငန်းခွင်မှာ မပျော်မွေ့တော့ဘူး၊ မပျော်ပိုက်တော့ဘူးဆိုတာ သူတို့ရဲ့ အစ်မတွေ၊ အစ်ကိုတွေကို ကြည့်ပြီး သိလာတယ်။ ဒါကြောင့် အလုပ်မဝင်ကြတော့ဘူး။ အဲဒီလိုတွေ ဖြစ်လာတဲ့အခါကျတော့ လူသားရင်းမြစ်အတွက်လည်း ကျနော်တို့ ရေတိုရေရှည်စီမံချက်တွေနဲ့ လုပ်ဖို့လိုမယ်ပေါ့။

ထောက်ပံ့ကွင်းဆက် စီမံမှု

နောက်တခုကတော့ Procurement ပေါ့။ Procurement and Supply Chain Management ထောက်ပံ့ကွင်းဆက်စီမံမှု၊ (PSM) ခေါ်တာပေါ့။ ဆေးရော၊ ဆေးကိရိယာရော၊ Medicine တွေ၊ Equipment တွေ၊ Supply တွေ အကုန် ပါတာပေါ့။ အဲဒီ Procurement System ကလည်း အားနည်းချက်ကလေးတွေ ရှိတယ်။ ကျနော်တို့တွေသည် တချိန်က အနောက်တိုင်းဆေးပညာကို လေ့လာပေမဲ့လည်း မြန်မာလူမျိုးတွေ ဖြစ်တဲ့အခါကျတော့ သမားစဉ်ကုတာမျိုးပေါ့။ ဒီဆရာကြီးက သူကြိုက်တဲ့ Treatment ပေးတယ်။ ဟိုဆရာမကြီးကလည်း သူကြိုက်တဲ့ Treatment ပေးတယ်ဆိုတာ ဖြစ် ခဲ့တယ်။ Treatment Guideline တွေ၊ SOP တွေ ပြည့်ပြည့်စုံစုံ၊ သေသေချာချာ မရှိတဲ့အခါမှာ ကုသမှုတွေက တ‌ပြေးညီ (Standardized) သိပ်မဖြစ်ဘူးပေါ့။ မဖြစ်တဲ့အခါကျတော့ ဘယ်မှာ ပြဿနာတက်လဲဆိုတော့ ဥပမာ- အဆုတ်ရောင် ရောဂါဖြစ်တယ်၊ ဘာဆေး မှာရမလဲဆိုတာ။ ဟိုဆရာ တယောက်ကAmoxicillin ကြိုက်တယ်။ နောက်ဆရာ တယောက်က Azithromycin ပေးလိုက်တယ်။ နောက်ဆရာ တယောက်က နောက်တမျိုးကြိုက်တယ် ဆိုပါတော့။ အဲဒီ တော့ ကျနော်တို့က တပြည်လုံးမှာရှိတဲ့ နမိုးနီးယားဖြစ်နိုင်ခြေရှိတဲ့ လူဦးရေနဲ့ အသုံးပြုမယ့်ဆေးကို ဝယ်ယူဖို့ တွက်ချက် တဲ့အခါ ဘယ်ဆေးကို ဘယ်လောက်ဝယ်မယ်ဆိုတာ တိကျစွာ တွက်ချက်ပြီးဝယ်ယူဖို့ မဖြစ်နိုင်တော့ဘူး။ ဒါက ဥပမာကလေး ပြောတာပါ။ အလွယ်တကူသိသာနိုင်တဲ့ ဟာကလေး ပြောတာပါ။

စနစ်လုံးဆိုင်ရာအမြင်ဖြင့် စဉ်းစားဖို့လို

Healthcare System တခုလုံးမှာ အားနည်းချက်ကလေး တွေရှိတယ်။ ဒါတွေကိုလည်း ကျနော်တို့က Systems thinking ပေါ့နော်။ System အမြင်နဲ့ စဉ်းစားပြီးတော့ ပြုပြင်ရမှာ ဖြစ်ပါတယ်။ ဒီလိုပြင်တဲ့အခါမှာ သတင်းအချက်အလက် နည်းပညာအကူအညီကို ယူရမယ်။

အခုအချိန်မှာတော့ လူတွေကို ကျနော်တို့က တနည်းအားဖြင့် False Hope (မျှော်လင့်ချက်အမှား)တွေ မပေးသင့်ဘူးပေါ့။ အမှန်ကိုလည်း ရှင်းပြရမယ်။ တချိန်တည်း၊ တပြိုင်နက်တည်းမှာလည်း အထိတ်တလန့် (Panic) မဖြစ်ရအောင် လည်း ဂရုစိုက်ရပါမယ်။ ဥပမာ- ဆေးနဲ့ဆေးပစ္စည်းတွေ လောက်ငလားမေးတဲ့အခါ အကုန်ရှိတယ်၊ အကုန်ရှိတယ်၊ ဘာမှမလိုဘူးလို့ဖြေလိုက်ရင် ကမ္ဘာ့နိုင်ငံကြီးတွေမှာတောင်မှ မလောက်တာ၊ ကျနော်တို့နိုင်ငံက အကုန်ရှိတယ်လို့ပြောရင် လူတွေ ယုံပါ့မလားပေါ့။ မရှိဘူး၊ အကုန်လုံးလိုနေပြီ၊ မရတော့ဘူး၊ ကုန်တော့မယ်၊ ဆေးရုံတက်ရမယ်ဆိုရင်တော့ မှာစရာ ရှိတာကလေးတွေသာ မှာခဲ့ပါလို့ ပြောရင်လည်း မဖြစ်ဘူး။ Panic (ထိတ်လန့်မှု) ဖြစ်ကုန်မှာပေါ့။ ကျနော် ဆိုလိုတာက လက်ရှိ အနေအထားမှာ ကျနော်တို့ရဲ့ ရင်းမြစ်တွေက လုံလောက်မှုရှိတယ်၊ ထိန်းနိုင်သေးတယ်။

ဦးစားပေးမှန်ကန်ဖို့၊ အလေအလွင့်မရှိဖို့၊ မကုန်သင့်တာမကုန်ဖို့

ဒါပေမဲ့ ရောဂါကူးစက်မှု ဘယ်လောက် များပြားလာမယ်မှန်း မသိတော့ တကယ်တမ်း များလာခဲ့လို့ ရှိရင် လုံလောက်မှု ရှိဖို့အတွက်ကို ကျနော်တို့ ကြိုးစားနေပါတယ်။ အားလုံး ဝိုင်းဝန်းပါဝင်ကူညီကြပါလို့ သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များက ဖြေလို့ရှိရင် ပိုပြီးအဆင်ပြေမလား မသိဘူး။ အဲဒီတော့ အကုန်ရှိတယ်ဆိုပြီး ဇွတ်ငြင်းရင်လည်း အဆင်မပြေသလို၊ မရှိတော့ဘူး၊ မရတော့ဘူးပြောလည်း အဆင်မပြေဘူး။ ကျနော်တို့မှာ အထိုက်အလျောက် ရှိနေပါသေးတယ်။ အဲဒီတော့ အခုပိုက်ဆံတွေ ပိုသုံးမလား၊ အခု ကိုဗစ်ကာလမှာ။ ပိုက်ဆံပိုသုံးတာထက် ဦးစားပေးမှန်ကန်ဖို့၊ အလေအလွင့် မရှိဖို့၊ မကုန်သင့်တာမကုန်ဖို့က ပိုအရေးကြီးတဲ့ကိစ္စ ဖြစ်နေ တယ်။ အဲဒီတော့  Health System ကို ကျားကန်တဲ့အခါမှာ၊ System ကို ပိုမို ခိုင်မာတောင့်တင်းအောင် လုပ်တဲ့အခါမှာ ကျနော်တို့ အဲဒါတွေအားလုံးကို စဉ်းစားကြရမှာ ဖြစ်တယ်လို့ ပြောချင်ပါတယ်။ အဓိကထားပြီးပြောချင်တာက အရင်းအမြစ်တွေက အခုအချိန်မှာတော့ ခံနိုင်သေးတယ်။ ဒါပေမဲ့ ပြည်သူလူထုကို ကျနော်တို့က ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေ လိုက်နာကြပါလို့ တချိန်လုံးပြောနေရတာက သူတို့ မလိုက်နာရင် ကူးစက်မှုများမယ်။ ကူးစက်မှုများရင် ကျနော်တို့ ကျန်းမာရေးဝန်ထမ်းတွေ အကုန်ဝန်ပိမယ်။ ဝန်ပိသွားလို့ မခံနိုင်တော့ဘူး၊ Breakdown ဖြစ်သွားရင်၊ Collapse ဖြစ်သွားပြီ ဆိုလို့ရှိရင် ကိုဗစ်မဟုတ်သော အခြားရောဂါတွေနဲ့ လူနာတွေသေကုန်ကြလိမ့်မယ်။

အကျိုးဆက်ဖြစ်တဲ့ သေနှုန်းကြမ်း

အကြမ်းဖျင်း မြင်အောင်ပြောပြရရင် ကျနော်တို့နိုင်ငံရဲ့ သေနှုန်းကြမ်းဆိုတာ Crude death rate လို့ ခေါ်တာပေါ့၊ လူတထောင် တနှစ်မှာ ရှစ်ယောက်သေတယ်ပေါ့၊ ရောဂါ မျိုးစုံကြောင့် လူတထောင်မှာ ရှစ်ယောက်သေတယ်။ ကျနော်တို့ လူဦးရေကို သန်း ၅၀ ထားရင် တနှစ်ကို လေးသိန်းကျော် သေမယ်ပေါ့ဗျာ။ တနှစ်ကို လေးသိန်းဆိုရင် ၃၆၅ ရက် နဲ့ တွက်ရင် တရက်ကို ၁,ဝဝဝ ကျော် သေမယ်ပေါ့ဗျာ။ နိုင်ငံ အနှံ့အပြားမှာ ရောဂါအစုံနဲ့ တရက်ကို ၁,ဝဝဝ ကျော် သေမယ်။ အဲဒီအထဲမှာ ကိုဗစ်က အခုအချိန်အထိတော့ ခြောက်လမှာ ဒီနေ့မနက်အထိ အယောက် ၁၀ဝ ပါတယ်ပေါ့။ ဒါပေမဲ့ ကျနော်တို့ Health Care System Collapse ဖြစ်သွားလို့ရှိရင် တနေ့ ၁,ဝဝဝ ကျော် သေနေတဲ့သူများသည် ရသင့်တဲ့ ကုသမှုတွေ ရပြီးတော့ ဘယ်လိုမှကိုမတတ်နိုင်လို့ သေရတာမျိုး ဆိုရင် ပြဿနာမရှိသော်လည်း ရသင့်ရထိုက်တဲ့ ကုသမှုတွေ အချိန်နဲ့တပြေးညီမရတဲ့အတွက် အသက်ဆုံးရှုံးမှုတွေ ဖြစ်လာတယ်ဆိုရင် ကျနော်တို့ရဲ့ Crude Death Rate၊ သေနှုန်း ကြမ်းကြီးဟာ တက်လာလိမ့်မယ်။ မသေသင့်ဘဲ သေရတာ တွေ ဖြစ်လာနိုင်တယ်။ ဥပမာ- ခြောက်လလောက်ခံမယ့် နှလုံးရောဂါသည်တယောက်ဟာ ကျနော်တို့ ကျန်းမာရေး စောင့်ရှောက်မှုမှာ အားနည်းချက်တွေ ရှိသွားတဲ့အတွက် ခြောက်ပတ်နဲ့သေသွားနိုင်တယ်။ လူနာဘက်ကကြည့်ရင် ဘယ်လိုမှ အဆင်မပြေနိုင်ဘူး။ အဲဒီလိုမဖြစ်အောင် ကျနော်တို့ ဝန်ထမ်းတွေ လက်ပန်းကျမသွားအောင်၊ လက်ပန်းကျတယ်ဆိုတာ စိတ်အားဖြင့်လည်း အနာတရမဖြစ်ဖို့၊ လူအား ဖြင့်လည်း အနာတရမဖြစ်ဖို့ အရေးကြီးပါတယ်။ Fatigue လို့ ခေါ်တာပေါ့။ Fatigue မှာမှ Physical Fatigue အပြင် Compassion Fatigue ဆိုတာ စေတနာတွေ၊ မေတ္တာတွေပါ ခြောက်ခန်းသွားရင်တော့ အဆင်မပြေဘူးခင်ဗျ။

သက်ဆိုင်ရာ တာဝန်ကိုယ်စီ

ကျန်းမာရေး ကဏ္ဍအပေါ်မှာ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး စတဲ့ကဏ္ဍတွေရဲ့ သက်ရောက်မှု အများကြီးရှိတယ် (Social Determinants, Economic Determinants, Political Determinants)။ ဒါကြောင့် အခုကပ်ရောဂါဟာ ကျန်းမာရေး ဌာနတခုတည်းက ရင်ဆိုင်ဖြေရှင်းရမယ့်ကိစ္စ မဟုတ်ဘူးဗျ။ ဥပမာ- Lockdown လုပ်တယ်၊ ဒါမှမဟုတ် Home Stay လုပ်တယ်။ အိမ်မှာမနေဘူး၊ လျှောက်သွားနေတယ်။ ကျနော်တို့ ကျန်းမာရေးဝန်ထမ်းတွေက အဲဒီလို အနောက်ကနေ တကောက်ကောက်လိုက်ပြီး ဖမ်းနေလို့မရဘူး။ သက်ဆိုင်ရာ တရားဥပဒေစိုးမိုးရေးအဖွဲ့တွေက လုပ်ရမယ့်ကိစ္စ။ Quarantine အတွက် နေရာတွေရှာရမယ်။ ဒီကိစ္စသည် သက်ဆိုင်ရာဌာနတွေမှာ တာဝန်ကိုယ်စီကိုယ်စီရှိတယ်။ ဒါသည် ကျန်းမာရေးတခုတည်းရဲ့ ပြဿနာမဟုတ်ဘူး၊ အမျိုးသားရေး ပြဿနာတခု ဖြစ်နေပြီ။ အားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်မှရမယ် ဆိုတာကို မြင်ရမယ်။ အဖွဲ့အစည်းတိုင်းကလည်း စောစောက ပြောသလို ငါတို့တွေ ပေါင်းပြီးတော့၊ စုပေါင်းပြီးတော့ ဒီ ကပ်ရော ဂါကြီးကို အောင်မြင်စွာ ကျော်လွှားကြမယ်လို့ ခံယူထားကြရပါမယ်။

နေထိုင်မှုပုံစံသစ် (New Normal)

New Normal ဆိုတဲ့ကိစ္စကိုလည်း ကျနော်တို့ ပြည်သူတွေက အမြဲတမ်း ဒီလိုကြီးပဲနေရတော့မှာလားဆိုတာ မေးကြတယ်။ စိတ်ဖိစီးနေကြတယ်။ ကျနော်တို့ ဘဝတလျှောက်လုံး New Normal တမျိုးမဟုတ်တမျိုးနဲ့ နေခဲ့ကြတာပါ။ ကျနော်တို့၊ ခင်ဗျားတို့ ငယ်ငယ်တုန်းက လမ်းဘေး ရေအိုးစင်မှာ၊ သံကြိုးတွဲလောင်းချည်ထားတဲ့ ခွက်ကလေးနဲ့ သောက်ခဲ့ကြတာပဲမဟုတ်လား။ အခုကျတော့ ရေသန့်ဘူး ပြောင်းသောက်လာတယ်။ ဒါကလည်း New Normal ကို ကျင့်သုံးတာပဲ။ အရင်တုန်းက ကျနော်တို့လူမျိုးက အိမ်သာမရှိဘူး၊ တောထိုင်တယ်။ အခုကျတော့ ယင်လုံအိမ်သာနဲ့ နေလာတယ်။ ဒါလည်း New Normal ကို ပြောင်းလာ တာပဲလေ။ အရင်တုန်းက ကွန်ဒုံးသုံးတယ်ဆိုတာက ကလေး မရအောင်။ HIV ပေါ်လာတဲ့အခါမှာ ကွန်ဒုံးသုံးတယ်ဆိုတာက ရောဂါကူးစက်မှုမရှိအောင်။ ဒါလည်း New Normal ကို ကျင့်သုံးတာပဲ။ ဖြည်းဖြည်း၊ ဖြည်းဖြည်းချင်း ပြောင်းသွားတာ နဲ့ အခုလို မြန်မြန်ကြီးပြောင်းသွားတာပဲ ကွာတယ်။ ဆိုတော့ ဒီလိုပုံကြီးနဲ့နေရမှာလားဆိုတဲ့ဟာကို ကျနော်တို့ လူတွေ စိတ်သောကဖြစ်မနေကြဘဲနဲ့ ကပ်ရောဂါပြီးသည်အထိ ဒီအတိုင်းလိုက်နာပြီး နေထိုင်မှသာ ကိုယ့်အတွက်ရော၊ အများအတွက်ရော ကောင်းတယ်။ ကိုယ် ဒီလို ကျင့်သုံးခြင်းသည် အများအကျိုးအတွက် လုပ်နေတာ၊ အများရဲ့ လုံခြုံဘေးကင်းရေးအတွက် လုပ်နေတယ်ဆိုတာ လူတိုင်းလူတိုင်း၊ ကိုယ်စီ ကိုယ်စီ သဘောပေါက်မှပဲ ဖြစ်မယ်။

ဌာနဆိုင်ရာတွေအနေနဲ့လည်း ကျန်းမာရေးရဲ့ ပြဿနာပဲလို့ ထားလို့မရဘူး။ ကျန်းမာရေးစနစ် ပြိုလဲသွားတယ် ဆိုရင်၊ ကျနော်တို့ Fail ဖြစ်ရင် သူတို့လည်း Fail ဖြစ်မှာ။ ကျနော်တို့ ခေတ်မီတိုးတက်တဲ့ ဒီမိုကရေစီ ဖက်ဒရယ်နိုင်ငံတော်ကြီးကို ရှူနာရှိုက်ကုန်းများနဲ့ ထူထောင်လို့တော့ မရဘူးဗျ။ အဲဒီလိုပဲစဉ်းစားရမှာပေါ့။ သူတို့ မအောင်မြင်ရင် ကိုယ်မအောင်မြင်သလို ကိုယ်မအောင်မြင်ရင် သူတို့ မအောင်မြင်ဘူး ဖြစ်မှာပဲလေ။

 

မေး။               ။ ကျနော်တို့ သတင်းတွေဖတ်နေတဲ့အခါ အခု အချို့သောနိုင်ငံတွေမှာ ကာကွယ်ဆေး Vaccine အတွက်ကို၊ ဥပမာ- အင်ဒိုနီးရှားတို့လိုမျိုးပေါ့၊ Procurement (ရရှိနိုင်ရေး)တို့၊ မဟာဗျူဟာတို့ကို ကြိုပြင်နေတာမျိုးကို ဖတ်ရတယ်။ အဲဒီတော့ မြန်မာနိုင်ငံမှာရော ဘယ်လိုမျိုး စ စဉ်းစား ပြင်ဆင်နေသလဲ ဆိုတာ ဆရာ ကြားပါသလဲခင်ဗျ။

ဖြေ။               ။ ဒီနေ့ဒီအချိန်မှာ Vaccine က ဘယ်တော့ထွက်မယ်၊ မထွက်ဘူးကလည်း ငြင်းခုံနေတာပေါ့။ အောက်တိုဘာလလို့ အမေရိကန်သမ္မတထရမ့်က ပြောတဲ့အချိန်မှာ သူ့ရဲ့ CDE ဒါရိုက်တာက လူထုကြားထဲမှာ ကျယ်ကျယ်ပြန့်ပြန့် ကာကွယ်ဆေး ရရှိဖို့က နောင်နှစ် နှစ်လယ်လောက်မှဖြစ်မယ်၊ ၂၀၂၁ နှစ် လယ်လောက်မှ ဖြစ်မယ်။ သဘောက ဓာတ်ခွဲခန်းထဲမှာ အောင်မြင်တာနဲ့၊ လူထုကြားကိုရောက်လာတာနဲ့၊ ပြည်သူ လူထုအားလုံးကို ထိုးနှံပေးနိုင်တာနဲ့ ကြားမှာ အဆင့်တွေ အများကြီးရှိပါတယ်။ ကျနော်တို့ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနမှာလည်း ကျနော်သိသလောက် အဲဒီ အစီအစဉ် ကို၊ Procurement ပဲပြောပြော၊ Deployment ခေါ်တာပေါ့။ Deployment Strategy  (အသုံးချနိုင်မှု မဟာဗျူဟာ)ကို စတင်စဉ်းစားနေတဲ့သဘော ရှိတယ်။ ကျနော်တို့ကလည်း ဒါနဲ့ပတ်သက်လို့ လုပ်ဖော်ကိုင်ဖက်တွေနဲ့၊ ခုနကပြောတဲ့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဖွဲ့စည်းပေးထား တဲ့ အဖွဲ့အစည်းတွေအနေနဲ့ စဉ်းစားရမှာ။ နံပါတ်တစ်ကတော့ ဘယ်သူတွေကို ထိုးပေးမှာလဲ၊ အားလုံးကိုတော့ တပြိုင်နက်တည်း ထိုးဖို့မဖြစ်နိုင်ဘူး။

ကာကွယ်ဆေးအတွက် ဦးစားပေးအုပ်စုများ

မကြာသေးမီ စက်တင်ဘာ ၁ ရက်၊ ၂ ရက်က အမေရိကန်နိုင်ငံ National Academy of Sciences ဆိုတဲ့အဖွဲ့ (အင်ဂျင်နီယာရော၊ သိပွံပညာရှင်၊ ဆေးပညာရှင်ရော ပါတယ်) က Risk-Based Criteria (အန္တရာယ်ရှိနိုင်ခြေ အခြေပြုစံနှုန်း) လေးချက်ထုတ်တယ်။ NIHနဲ့ CDC ရဲ့ မေတ္တာရပ်ခံ ချက်အရပါ။ နံပါတ်တစ်ကတော့ ဒီရောဂါ ကူးစက်ခံရနိုင်ခြေ များတဲ့သူတွေ၊ Risk of Acquiring Infections ခေါ်တာပေါ့။ ကူးစက်ခံရဖို့အန္တရာယ်များတဲ့သူတွေကို နံပါတ်တစ် ဦးစား ပေးပြီးတော့ ထိုးမယ်။ နံပါတ်နှစ်ကတော့ ဖြစ်ပြီဆိုလို့ရှိရင် Mortality (သေနှုန်းမြင့်)တဲ့သူတွေ၊ အခံရောဂါရှိတဲ့သူတွေ၊ သိပ်ငယ်တဲ့ကလေးတွေ၊ ကိုယ်ဝန်ဆောင်တွေ၊ သိပ်အသက် ကြီးတဲ့သူတွေ၊ ဒီလိုလူတွေကို ဒုတိယဦးစားပေး ထိုးမယ်ပေါ့။ နံပါတ်သုံးကတော့၊ ဒါက ကျနော်တို့လည်း ပြန်စဉ်းစားဖို့လို တယ်။ Negative Social Impact ရှိတဲ့သူတွေ။ သဘောက တော့ဗျာ ထင်ရှားကျော်ကြား လူသိများပြီးတော့ အများအကျိုးကို ပြုနေတဲ့သူ တယောက်ယောက် ထိသွားပြီ၊ သေသွားပြီ ဆိုလို့ရှိရင်၊ အဲဒီသူဟာ ပိုက်ဆံရှိမရှိနဲ့လည်း မဆိုင်ဘူး။ ရာထူးနဲ့လည်းမဆိုင်ဘူး။ လူမှုအဖွဲ့အစည်းအပေါ်မှာ ဩဇာသက်ရောက်နိုင်မှု ကြီးကြီးမားမား ရှိနေတဲ့သူတွေ ရှိ တယ်။ တယောက်က တသောင်းအားဆောင်တယ် ဆိုသလိုပေါ့။ ဒီလိုလူမျိုးတွေကိုလည်း အကာအကွယ်ပေးရမယ်လို့ သူတို့ရဲ့ မဟာဗျူဟာနံပါတ်သုံးက ပြောတယ်။ နောက်တခုကတော့ သူများကို ရောဂါကူးစက်ပြန့်ပွားစေနိုင်တဲ့သူမျိုး၊ ဥပမာ- Health Care Worker (ကျန်းမာရေးလုပ်သား) တွေဟာ သူတို့ရောဂါကူးပြီဆို သူတို့ကနေတဆင့် သူများတွေကို ကူးနိုင်ခြေများတယ်။ အဲဒီလို အဆင့်ဆင့် Risk ကို အကဲဖြတ် ပြီးတော့မှ ပေးကြမယ်ဆိုတာလည်း ရှိတယ်။

နောက်တခုက ပေးမယ်ဆိုလို့ရှိရင်လည်း ဆေးထိုးပေးမယ့်အစီအစဉ် Phase ပေါ့။ ခုနက Risk ရှိတဲ့ လူအုပ်စု လေးစု ကို ခွဲလိုက်ပြီးရင် နံပါတ်တစ် First Line အဖြစ် အထူးဦးစား ပေး ထိုးသင့်တဲ့သူတွေကတော့ Front Line Health Workers ရှေ့တန်းမှာရှိတဲ့ ကျန်းမာရေးလုပ်သားတွေပဲ။ လူနာနဲ့ တိုက် ရိုက်ဆက်ဆံနေရတဲ့ ကျန်းမာရေးလုပ်သားတွေက ပထမဆုံး ထိုးသင့်တဲ့သူတွေ ဖြစ်တယ်။ နောက်တခု အဲဒီနောက်မှာ ဘာတွေပါလာလဲ ဆိုတော့ ကျနော်တို့ အကျဉ်းထောင်တို့၊ လူအိုရုံတို့၊ Institutionalized Persons ပေါ့။ အဲဒီမှာရှိတဲ့ အသက်ကြီးတဲ့၊ သေနှုန်းမြင့်နိုင်တယ်ဆိုတဲ့ လူတွေမှာ ထိုးသင့်တယ်။ ဒါ နံပါတ်တစ်အုပ်စုထဲမှာ ပါတယ်။ နံပါတ်တစ် အုပ်စုထဲမှာ ထပ်ပါတဲ့သူတွေက အဆုတ်ရောဂါ၊ နှလုံးရောဂါ၊ ကျောက်ကပ်ရောဂါ စတဲ့ နာတာရှည်ရောဂါ ရှိတဲ့သူတွေ။ Vaccine တွေက ပိုလည်း များများထုတ်နိုင်လာပြီ၊ ဈေးတွေလည်း ကျလာပြီဆိုရင် ဒုတိယ Phase မှာ ထိုးသင့်တဲ့သူတွေ က Essential Worker (မရှိမဖြစ်လိုအပ်သူ လုပ်သားများ)ပေါ့။ Essential Worker ဆိုတာ ကျန်းမာရေးဝန်ထမ်းသက်သက် မဟုတ်ဘူးပေါ့ဗျာ။ လူမှုအဖွဲ့အစည်းတခု ရှင်သန်ဖို့ အတွက် မရှိမဖြစ်လိုအပ်တဲ့ အလုပ်သမားတွေ သူတို့ထိုးရမှာ ဖြစ်တယ်။ ကျောင်းဆရာတွေထိုးရမယ်။ ဘာလို့ဆို ကျောင်းသားတွေ ပျံ့မှာစိုးလို့။ Marginalized ပေါ့နော်။ အိမ်ခြေရာမဲ့ တွေ၊ ကျူးကျော်တွေ၊ ရွှေ့ပြောင်းအခြေချ လူထု (Migrant
Population) တွေ၊ ဒီလိုလူမျိုးတွေကို ဒုတိယဦးစားပေး အဆင့်ထားပြီး ထိုးမယ်ပေါ့နော်။

တတိယအဆင့်ကတော့ သက်ကြီးရွယ်အိုများ၊ ရောဂါ အခံရှိသူများနှင့် နှိုင်းယှဉ်လျှင် ပိုပြီး‌ ‌ခံနိုင်ရည်ရှိတဲ့အုပ်စုပေါ့။ လူငယ်လူရွယ်တွေ၊ ကလေးတွေ။ နောက် ဝန်ထမ်းတော့ ဝန်ထမ်းပဲ၊ ရောဂါကူးစက်နိုင်ခြေမရှိတဲ့နေရာတွေမှာ အလုပ် လုပ်ရတဲ့ ဝန်ထမ်းတွေ။ ဥပမာ- ဆေးတက္ကသိုလ်က သင်ကြားရေး ဆရာဆရာမတွေ၊ ရုံးဝန်ထမ်းတွေ။

နောက်ဆုံးအဆင့် ကျတော့လည်း ထိုးချင်တဲ့သူထိုး၊ အားလုံးကို ထိုးပေးမယ်။ ဒါကတော့ Vaccine က Availability (အလွယ်တကူ ရနိုင်ခြေ)၊ Affordability (ငွေကြေးတတ်နိုင်ခြေ)၊ Accessibility (လက်လှမ်းမီမှု) အားလုံး ပြည့်စုံတဲ့ အခါ ထိုးပါမယ်။ ဒီလို Strategy နဲ့တော့ ကျနော်တို့ သွားရ မှာပဲပေါ့နော်။

ဒါပေမဲ့ အမေရိကားက တခုရှိတာက CDC ကတော့ အဲဒါကို လူထုကိုချပြထားပြီးတော့ သဘောထားကို ခံယူတယ်။ ဒီလို Strategy နဲ့ ထိုးတာ သဘောကျရဲ့လားဆိုပြီးတော့။ သူတို့ကတော့ ဒီမိုကရေစီ ရင့်ကျက်နေတဲ့နိုင်ငံ ဆို တော့ ပြန်လည်ဆန္ဒခံယူတာ၊ အကြံဉာဏ်ရယူတာ လုပ်ပြီး တော့ ဒီလကုန်ကျမှ ဆုံးဖြတ်ကြမယ်။ ကျနော်တို့ကျတော့လည်း အဲဒီလိုခံယူရင် ကောင်းတော့ကောင်းတယ်။ ဒါပေမဲ့ တယောက်တပေါက်နဲ့ လာရင် ၅၄ သန်းက အကြံပေးလွှာ ၅၄ သန်း ရလာရင်လည်း အဆင်မပြေဘူးပေါ့နော်။ မြန်မာ နိုင်ငံမှာတော့ ဒီကိစ္စဆွေးနွေးကြပြီး မကြာမီ ဝန်ကြီးရုံးကို သူတို့အဆိုပြုချက် (Proposal) တင်မယ်လို့ ကျနော်ရဲ့ တချိန်က လုပ်ဖော်ကိုင်ဖက် တပည့်တွေဆီက ကြားထားပါတယ်။

ကျနော်တို့လိုနိုင်ငံဟာ ဦးစားပေးရောင်းခြင်းခံရမယ့် နိုင်ငံတွေထဲမှာ ပါချင်မှပါမယ်။ ဦးစားပေးရောင်းမယ့် နိုင်ငံထဲ မပါဘူးဆိုရင် အလကားပေးရင်ကော ထိုးမှာလားဆိုတဲ့ ပြဿနာက ရှိတယ်။ ရုရှားက အလကားပေးမယ်၊ တရုတ်က အလကားပေးမယ်၊ ထိုးမလားဆိုတာပေါ့။ ကျနော်တို့က Safety and Efficacy (လုံခြုံဘေးကင်းမှုနဲ့ ထိရောက်မှု)ပေါ့။ ဘယ်လောက် Safe ဖြစ်လဲ၊ ဘယ်လောက် Efficacious ဖြစ် လဲချင့်ချိန်ပြီးတော့ဆုံးဖြတ်ကြရမှာပဲ။ အလကားရတိုင်း လုပ်မယ်ဆိုရင် မဖြစ်ဘူး။ အဲဒီလိုမှမဟုတ်ဘဲ ကိုယ့်မှာမရှိဘဲနဲ့ တအားကြီးကျယ်နေရင်လည်း ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ မရဘဲဖြစ်သွားမယ်။ လက်ဖြန့်ပြီးတော့ ကျနော်တို့ ဒုက္ခရောက်နေပါပြီဆိုပြီး တောင်းမယ်ဆိုရင်လည်း နိုင်ငံနဲ့ လူမျိုးရဲ့ ဂုဏ်သိက္ခာက တဖက်ကရှိတာပေါ့လေ။ ဒါလေးကို ကျနော်တို့က ချိန်ညှိရမယ်လို့တော့ ထင်ပါတယ်။

 

မေး။                ။ WHO ကလည်း မြန်မာနိုင်ငံမှာ အခုဖြစ်နေတဲ့ Case ပုံစံကို Cluster အနေအထားမျိုးပဲ သတ်မှတ်ထားတာ တွေ့ရတယ်။ မိသားစုတခုထဲမှာ တယောက်ဖြစ်တယ်ဆိုရင် Cluster trace ပြန်လုပ်လို့ရတယ်၊ Cluster ဖြစ်နေတဲ့ဆိုတဲ့ ပုံစံမျိုးနဲ့ သူတို့က ကူးစက်ပုံကို ဖော်ပြထားတာပေါ့နော်။ မြန်မာနိုင်ငံမှာ အခု ပျံ့နှံ့နေတော့ ဒါက Cluster Case လို့ ပြောမလား၊ Community Transmission လို့ ယူဆနိုင်မလား။

ဖြေ။                ။ ဒါကCommunity Transmission ပဲ။ Cluster Case ဆိုတာ ဥပမာပေါ့ဗျာ။ တရားဟောဆရာ ဒေးဗစ်လားအထိ တွေ့ တယ်ဆိုတာ Cluster ပေါ့။ ဒေးဗစ်လားနဲ့ ဒေးဗစ်လားအဆက် အသွယ်တွေ တွေ့တယ်ဆိုတာ Cluster ပေါ့။ ဥပမာပေါ့။ ရွာမ ဘုန်းကြီးကျောင်းမှာတွေ့တယ်။ အဲဒီတခုထဲမှာ တွေ့တယ် ဆိုရင် ဒါက Cluster ပေါ့။ အခုကျတော့ အဲဒီလိုမဟုတ်ဘူး။ ရပ်ကွက်တိုင်း၊ ရပ်ကွက်တိုင်း မြို့နယ်တိုင်း၊ မြို့နယ်တိုင်း တွေ့ ပြီးတော့ ဒါက Community Transmission ပဲ။ ကျနော်တို့က Lockdown ကို တအိမ်တို့၊ ဟိုတယ်တခုတို့၊ ဘုန်းကြီးကျောင်း တကျောင်းတို့ လုပ်လို့မရတော့ဘူး။ အကုန်လုံး ကန့်သတ်နေပြီ။ Cluster တွေကို အဲဒီအခါ ချောင်ပိတ်လို့ရတယ်လေ။ ပိတ်ပြီးတော့ အဲဒါကို ကျနော်တို့က ဘယ်လိုခေါ်မလဲ၊ ဒီ Cluster ဖြစ်တယ်ဆိုရင် သူနဲ့ ဆက်နွယ်နေတဲ့ဟာလေးတွေ လိုက်ဖာလိုက်ရင် Contact တခုချင်းစီ တွေ့တာပေါ့နော်။ အခုကကျတော့ ရပ်ကွက်တိုင်း၊ ရပ်ကွက်တိုင်းလိုလိုမှာ ဖြစ် နေတဲ့အခါကျတော့ သူတို့က Boundary Size ဖြစ်သွားပြီ၊ Cluster Predictable လို့ ပြောလို့မရတော့ဘူး။

 

မေး။               ။ အခြား ဖြည့်စွက်ပြောစရာကလေးတွေများ ရှိသေးလားဗျ။

ဖြေ။                ။ အများကြီးတော့မဟုတ်ပါဘူး။ ကျနော်တို့တွေက အခုအချိန်မှာ တွေ့ကြမှာပါ။ စိတ်လောကြီးပြီးတော့၊ လုပ်ချင်တဲ့လူတွေ၊ တကိုယ်တော် Hero တွေ ထွက်တယ်ဗျ။ Hero တွေ ထွက်တယ်ဆိုတာ Facebook ပေါ်မှာ ဟိုလိုလုပ်မယ်၊ ဒီလိုလုပ်မယ်ပေါ့။ တဦးကောင်းတယောက်ကောင်း ထလုပ်ချင် တဲ့သူတွေ ဒီလိုအခြေအနေမျိုးတွေမှာ ပေါ်လာတတ်တာပေါ့နော်။ ပေါ်လာတဲ့ အကြောင်းရင်းက စိတ်မရှည်နိုင်တာလည်း ပါမယ်၊ သဘောသဘာဝကို နားမလည်တာလည်းပါမယ်၊ အားမရ တာလည်း ပါမယ်၊ ဆရာကြီး လုပ်ချင်တာလည်း ပါမယ်။ အကြောင်း အမျိုးမျိုးကြောင့်လေ။

ဒါပေမဲ့ ဒီအချိန်မှာ ကျနော်တို့က Fragmented Approach (တစစီပြိုကွဲနေတဲ့ ချဉ်းကပ်မှု)နဲ့ သွားဖို့မဟုတ်ဘူး။ တယောက်တပေါက် လျှောက်လုပ်နေဖို့မဟုတ်ဘူး။ Lone-Ranger  တွေထက်ကို Team Player တွေ ပိုပြီးလိုပါတယ်ဆိုတဲ့ အကြောင်းပေါ့နော်။ အဲဒါကြောင့် ကျနော်တို့တွေသည် ကောင်းမွန်သောအကြံဉာဏ်များကို ပေးနိုင်တယ်၊ အားနည်းချက်များကို ထောက်ပြနိုင်ကြပါတယ်၊ အတွေ့အကြုံရှိတဲ့သူတွေ၊ စေတနာရှိတဲ့သူတွေ၊ အားနည်းချက် ထောက်ပြတယ် ဆိုတာ ကောင်းတဲ့ကိစ္စ။ သို့သော် အပြုသဘောဆောင်တဲ့ အကြံဉာဏ်များနဲ့ လက်တွေ့ကျတဲ့ အကြံဉာဏ်များကိုပါ ပေးရင်တော့ အားလုံးအတွက်အကျိုးရှိမယ်။

အချိန်နဲ့တပြေးညီ ဆုံးဖြတ်ပေးရန်လိုအပ်

ဆုံးဖြတ်တဲ့ သူတွေကလည်း အချိန်နဲ့တပြေးညီ ဆုံးဖြတ်ပေးဖို့လိုပါတယ်။ ကျနော်တို့ တရားဥပဒေမှာ စကားရှိတာပေါ့နော်၊ Justice delayed is justice denied. “တရားမျှတမှုကို အချိန်ဆွဲထားခြင်းက တရားမျှတမှုကို ငြင်းပယ်ခြင်း” ဆိုသလိုပဲ ကျနော်တို့အခု outbreak ဖြစ်နေတဲ့အခါမှာ နာရီနဲ့အမျှအရေးကြီးနေတဲ့အချိန်မှာ Decision delayed is decision denied လို့ပဲ ကျနော်ပြောချင်ပါတယ်။ ပေးသင့် ပေးထိုက်တဲ့ ဆုံးဖြတ်ချက်တခုကို အချိန်နဲ့တပြေးညီ ဆုံးဖြတ်ချက်မပေးဘဲနဲ့ အချိန်ဆွဲနေခြင်းသည် ဆုံးဖြတ်ချက် မပေးတာနဲ့ အတူတူပဲ။ လူ့အသက်တွေနဲ့ ရင်းပြီး လုပ်နေရတဲ့ ကိစ္စမှာ ကောင်းမွန်သော၊ ပြတ်သားသော၊ တိကျမှန်ကန်သော ဆုံးဖြတ်ချက်များကို အချိန်ကိုက်ပေးနိုင်ပါစေလို့ ကျနော့်အနေနဲ့ ဆန္ဒပြုပါတယ်။

Dr. Phay Thet Khin

ဒေါက်တာဖေသက်ခင်သည် ယခင်အစိုးရလက်ထက် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူဖြစ်သည်။ ထို့အတူ လက်ရှိအချိန်တွင်လည်း ကိုဗစ်-၁၉ကပ်ရောဂါ၏ နောက်ဆက်တွဲဖြစ်ပေါ်နိုင်သည့် ကျန်းမာရေးဆိုင်ရာ အကျိုးဆက်များနှင့် ကျန်းမာရေးစနစ် (Health system) အပေါ် သက်ရောက်မှုများအား ကြိုတင်မှန်းဆ ပြင်ဆင်ဆောင်ရွက်နိုင်ရေး အကြံပေးအဖွဲ့၏ ဉက္ကဌဖြစ်ပါသည်။

Related article
ကိုဗစ်-၁၉ ကူးစက်ကာလနှင့် ကျား-မ ကွဲပြားမှု မမျှတသည့် ဝန်ထုပ်ဝန်ပိုး( ဦးအောင်မျိုးမင်းအား မေးမြန်းခြင်း)

ကိုဗစ်-၁၉ ကူးစက်ကာလနှင့် ကျား-မ ကွဲပြားမှု မမျှတသည့် ဝန်ထုပ်ဝန်ပိုး( ဦးအောင်မျိုးမင်းအား မေးမြန်းခြင်း)

အမျိုးသမီးတွေကတော့ အိမ်ထောင့် တာဝန်ထမ်းရမယ်ဆိုတဲ့ သတ်မှတ်ချက်တွေကြောင့် သာမန်ကျန်းမာရေးအပူတွေတင်မကဘဲ အမျိုးသမီးတွေမှာ အိမ်ထောင်နဲ့ ပတ်သက်ပြီးတော့ ငွေကို ဘယ်လိုမျိုးလောက်အောင်သုံးရမလဲ၊…

ဒေါက်တာသောင်းထွန်းအား မေးမြန်းခြင်း

ဒေါက်တာသောင်းထွန်းအား မေးမြန်းခြင်း

စိတ်ပိုင်းဆိုင်ရာ ကျဆင်းမှု၊ အရက်ပြဿနာ၊ မူးယစ်ဆေးဝါး ပြဿနာ ဒါတွေဟာ ကျေးလက်မှာ တော်တော့်ကို ကြီးကြီးမားမား ရှိနေတယ်။…

Lဂျာနန်အားမေးမြန်းခြင်း

Lဂျာနန်အားမေးမြန်းခြင်း

မဟုတ်ရင် Silent Carrier တွေများလာနိုင်ပြီး ပိုပြီးတော့ အန္တရာယ်ရှိလာမယ်။ ပြည်ပအရပ်ရပ် တရုတ်ပြည်ကဖြစ်ဖြစ်၊ မလေးရှားကဖြစ်ဖြစ်၊ ထိုင်းကဖြစ်ဖြစ်…

Discussion about this post

Leave a Reply

Your email address will not be published.

Type your search keyword, and press enter to search