Menu & Search

အယ်ဒီတာမှတ်စု

October 4, 2020

မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) ၏ COVID-19 Special series အထူးထုတ် စာအုပ်က လေးအုပ်ကို ပြီးခဲ့သည့် ကာလအတွင်း ထုတ်ဝေခဲ့ပါသည်။ ယခု ကမ္ဘာတဝန်း ကူးစက်ဖြစ်ပွားနေသည့် ကပ်ရောဂါနှင့်ပတ်သက်၍ ဘက်စုံ မူဝါဒအကြံပြုချက်များ ပြုနိုင်ရေးအတွက် ပညာရှင်များ၊ လက်တွေ့  လုပ်ကိုင်ဆောင်ရွက်နေသူများ၊ ဆေးဘက် ပညာရှင်များ၊ ထင်ရှားသည့် စာရေးဆရာ၊ အနုပညာရှင်များ၊ နိုင်ငံတကာ အတွေ့အကြုံများဖြင့် စုစည်းတင်ပြခဲ့ပါသည်။ ယခု ကာလ ကိုဗစ်-၁၉ကူးစက်မှု ဒုတိယလှိုင်းအဖြစ် တဖန်ပြန်၍ မြင့်မားနေသည့်အချိန်တွင် အထူးထုတ် အမှတ်-၅ ကို တင်ဆက်ခြင်း ဖြစ်ပါသည်။

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ပထမဦးဆုံး လူနာကို မတ် ၂၃ ရက်တွင် စတင်တွေ့ရှိခဲ့သည်။ သင်္ကြန်ပိတ်ရက် နှစ်ပတ်တွင် ထိန်းချုပ် ကန့်သတ်မှုများနှင့် နောက်ပိုင်း ကာလအတန်ကြာ တစုံတရာ ထိန်းချုပ်နိုင်သည့် အသွင် ရှိပါသည်။ ထိုအချိန်က အများစုသော ကူးစက်ခံရသည့် လူနာများမှာ ပြည်ပမှ ပြန်လာကြသူများ ဖြစ်ပြီး ကျန်သူများလည်း ပေါ့လျော့ခဲ့ကြသည်။ သို့သော် ဩဂုတ် တတိယပတ်မှစ၍ ကူးစက်မှု တဖန် မြင့်မားလာခဲ့သည်။ သေဆုံးမှုလည်း မြင့်မားလာသည်။ စက်တင်ဘာ ၃၀ ရက်တွင် ကူးစက်မှု ၁၂၄၂၅ ဦး နှင့် သေဆုံးသူ ၂၈၄ ဦး ရှိခဲ့ပြီဖြစ်သည်။ အာဆီယံ နိုင်ငံများတွင် မလေးရှားကို ကျော်တက်၍ ဒုတိယလှိုင်း ကူးစက်မှုဟု ဆိုရလောက်အောင် စိုးရိမ်ဖွယ် မြင့်မားနေပြီ ဖြစ်သည်။ ရန်ကုန်နှင့် ဒေသ အများအပြားတွင် လည်း Stay at home တင်းကျပ် ကန့်သတ်မှုအသစ်များ တိုးမြှင့် ဆောင်ရွက်နေရသည်။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ချုပ်ကြီး (WHO) က ယခုတိုင် မြန်မာနိုင်ငံ၏ ကူးစက်မှုကို Cluster of cases  (အုပ်စုလိုက် ပိုးတွေ့ ရှိမှုများ)ဟု သုံးသပ်ထားဆဲ ဖြစ်သော်လည်း၊ လက်ရှိ မြေပြင် အခြေအနေက အခြားတဘက်သို့ ပြဌာန်းနေပုံရသည်။ နေရာ အနှံ့အပြား၊ လူအုပ်စုအနှံ့အပြားတွင် ကူးစက်နေသည့် ပြန့်ပွားမှု (Community transmission) ဖြစ်လာနေပြီလားဟု စောကြော မေးခွန်းထုတ်ဖွယ် ရှိပါသည်။ သို့ဆိုလျှင် အာဏာပိုင်များနှင့် ပြည်သူ့ ကျန်းမာရေး အရာရှိများ၏ တုံ့ပြန်မှုမဟာဗျူဟာကအစ ပြန်၍ ဆန်းစစ်ရန် လိုအပ်ပါလိမ့်မည်။

ကျန်းမာရေး ဝန်ကြီးဟောင်း ဒေါက်တာဖေသက်ခင်နှင့် တွေ့ဆုံမေးမြန်းမှု၌ ဆရာ က ဖြေကြားရာတွင် လူ၊ ပိုး၊ ပတ်ဝန်းကျင် (Host, agent, environment) ဆက်စပ်ပုံနှင့် မတူကွဲပြားသော နောက်ခံ အခြေအနေများ (Context)၊ လက်ရှိ ကျင့်သုံးနေသည့် ရောဂါ ထိန်းချုပ်ရေး မဟာဗျူဟာကို အကျယ်တဝင့် ရှင်းပြထားပါ သည်။ ကျန်းမာရေး စနစ်ကြီး (Health system) နှင့် ကျန်းမာရေး ဝန်ထမ်းများ (Health workforce) ဝန် ပိပြီး မနိုင်မနင်း မဖြစ်စေရေး သတိထားဖို့ လိုအပ်မည်ဟု ဆိုခဲ့သည်။ ထို့အပြင် အကျပ်အတည်းကာလ သတင်း မီဒီယာစီမံခန့်ခွဲမှု အရေးကြီးပုံကို ထောက်ပြပြောဆိုခဲ့သည်။

ဆရာကြီး ဒေါက်တာဦးမြင့်၏ ဆန်းစစ်ချက် စာတမ်းတွင် ယခင်ဖြစ်ခဲ့ဖူးသော ကမ္ဘာ့ကပ်ရောဂါ စပိန် တုပ်ကွေး၊ အီဘိုးလားရောဂါ၊ SARS တုပ်ကွေးရောဂါများ၏ သင်ခန်းစာ ထုတ်ယူနိုင်သည့် အချက်များကို အကျယ်တဝင့် ဖော်ပြထားသကဲ့သို့  ဒေါက်တာစစ်နိုင်၏ ယခင်ကပ်နှင့် ယခုကပ် ဆောင်းပါးတွင်လည်း ဤကပ်ဘေးများ ကို ရင်ဆိုင်ရာ၌၊ ငြင်းပယ်ကြပုံ၊ သွေးရူးသွေးတန်း တုံ့ပြန်မှုများ၊ အပြစ်တင်၊ လွှဲချမှုများ စသည့် လူ့သဘာဝကြောင့် ထိန်းချုပ်နိုင်ရန် ပိုမိုခက်ခဲ၊ ကြာမြင့်နိုင်ကြောင်း နှိုင်းယှဉ် ဆွေးနွေးထားပါသည်။

ကိုဗစ်-၁၉ ကူးစက်ဘေးသည် အခြားသော လူမှု၊ စီးပွား ကဏ္ဍများအတွက်ပါ ထိခိုက် သက်ရောက်မှု ကြီးပါသည်။ ဒေါက်တာဦးမြင့်၏ စာတမ်းတွင် စီးပွားရေးထိခိုက် သက်ရောက်နိုင်ခြေကို အလေးပေး ဖော်ပြ၍၊ မြန်မာအစိုးရ၏ ကိုဗစ်-၁၉ စီးပွားရေး ထိခိုက်မှု သက်သာရေးစီမံချက် (CERP) ကို အကျယ်တဝင့် မှတ်ချက် ပြုထားပါသည်။ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲ နောက်ပိုင်း အနာဂတ်တွင် ဆောင်ရွက်သင့်သည်များကိုပါ စဉ်းစားထားသည်။

ကပ်ရောဂါကိုတုံ့ပြန်ရာ၌ စာရေးသူအများက ဘက်စုံ မဟာဗျူဟာများကို သုံးသပ် တင်ပြထားကြပါ သည်။ ဆရာ တင်နိုင်သိန်းက ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ အကျပ်အတည်း စီမံခန့်ခွဲမှုအတွက် ကျန်းမာရေးစနစ်၏စွမ်းရည်ကို အကဲဖြတ်နည်း အကြံပြုချက်၊ ကိုဗစ်-၁၉ မဟာဗျူဟာ ပြင်ဆင်မှုနှင့် တုံ့ပြန်မှု အစီအမံ မဏ္ဍိုင် ရှစ်ရပ် အကြံပြုချက် စသည့် အချက်များအနက် မိမိတို့နိုင်ငံနှင့် ဆီလျော်ပြီး၊ လက်တွေ့ကျင့်သုံး အောင်မြင်နိုင်မည့် အချက်များကို ကောက်နုတ်ရယူ၍ ကျော်လွှား အောင်မြင်စေ ကြောင်း အသေးစိတ် အကြံပြုထားသည်။ ဆရာ ကိုစည်က အနာဂတ်အတွက် ထိုးတဲ့ ခေါင်းလောင်း ဟူသော ဆောင်းပါးတွင် တာဝန်ယူစိတ်ရှိသော ခေါင်းဆောင်မှု၊ ပြည်သူများ၏ ထပ်တူပြု ပူးပေါင်းပါ ဝင်မှု၊ ခိုင်မာသန်စွမ်းပြီး လျင်မြန်စွာတုံ့ပြန်နိုင်သော စနစ်များ၊ ကပ်ရောဂါဘေးကို ကာကွယ်ရန်နှင့် တုံ့ပြန်နိုင်ရန် စဉ်ဆက်မပြတ် ရင်းနှီးမြှုပ်နှံရေး၊ ကျန်းမာရေးဆိုင်ရာ အရေးပေါ် အခြေအနေများအတွက် အမှန်တကယ် အလုပ်ဖြစ်သော ကမ္ဘာလုံးဆိုင်ရာ စီမံအုပ်ချုပ်မှုစနစ် တည်ဆောက်ရေး… စသည်တို့ လိုအပ်မည်ဟု ဆိုပါသည်။ ဆရာဝင်းမျိုးသူက သူ၏ဆောင်းပါးတွင် လက်ရှိကျင့်သုံးနေသော Containment and tracing approach ဖိဖိစီးစီး သံသယရှိသည့်လူနာတွေကို ရှာဖွေစစ်ဆေး၊ ထိန်းသိမ်း ကာကွယ်၊ တတ်နိုင်သမျှ အစိုးရက အကုန်ကျခံ ကုသပေးနေသည့် နည်းများကို မည်မျှ အတိုင်းအတာ ထိရောက်စွာ ဆက်လက် ဆောင်ရွက်နိုင်မည်နည်း ဟူသည့်အချက်ကို ပြန်လည် ဆန်းစစ်ရန် လိုအပ်မည်ဟု တိုက်တွန်း၍ လူထုအခြေပြု ကာကွယ်ဆောင်ရွက်ရေး နည်းလမ်းများကိုလည်း အကျယ်တဝင့် ဆွေးနွေး ထားသည်။ အလားတူ ဒေါက်တာညိုထွန်း၏ ဆောင်းပါးတွင်လည်း အဓိကသော့ချက်အဖြစ် ရပ်ရွာက အရှေ့က၊ အစိုးရကနောက်ကဟူသည့် ရောဂါ တုံ့ပြန်ရေးချဉ်းကပ်မှုကို အသေးစိတ် အကြံပြုထားသည်။

ဆရာ ကိုရဲက လော့ဒေါင်းနှင့်ပတ်သက်၍ ဖွင့်ဆိုချက်နှင့် အယူအဆပိုင်း အထွေထွေကို အကျယ် အပြန့် ဆွေးနွေးထားပြီး၊ အကယ်၍ လော့ဒေါင်းကို ဆောင်ရွက်လျှင်သော်မှ အစိုးရ တရပ်လုံး ပူးပေါင်း ပါဝင်ဆောင်ရွက်သည့် ချဉ်းကပ်ပုံ (Whole-of-Government Approach) နှင့် လူ့အဖွဲ့အစည်း တရပ်လုံး ပူးပေါင်း ပါဝင်ဆောင်ရွက်သော ချဉ်းကပ်ပုံ (Whole-of-Society Approach) တို့ လုပ်ဆောင်မှသာ အောင်မြင်မည် ဖြစ်ကြောင်း ဆွေးနွေးထားသည်။

ဆရာမင်းဇင်၏ ဆောင်းပါးတွင်မူ လက်ရှိ ကိုဗစ်ရောဂါဘေး အကျပ်အတည်းမှသည် အင်စတီကျုးရှင်း ဆိုင်ရာ အထွေထွေ အကျပ်အတည်းသို့ ကူးပြောင်းသွားနိုင်ပုံကို တင်ပြထားပြီး၊ ဤသို့ ကူးပြောင်း ကြုံတွေ့လာရမည်ဆိုပါက အကျပ်အတည်းက ထွက်မြောက်ရန်အတွက် နိုင်ငံရေး စတိုရီသစ်တရပ်ကို တည်ဆောက်၍ ဖြေရှင်းသင့်သည်၊ စတိုရီသစ်ကို မည်သို့မည်ပုံ တည်ဆောက်သင့်သည် ဆိုခြင်းကို အကျယ်အပြန့် တင်ပြထားပါသည်။

ကိုဗစ်-၁၉ကပ်ဘေးက အခြား ပထဝီနိုင်ငံရေး၊ သံတမန်ရေး၊ ပြည်သူများ၏ စိတ်ဓာတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများလည်း ဖြစ်စေပါသည်။ ဒေါက်တာ ရန်မျိုးသိမ်းနှင့် ဆရာမ ခင်ခင်ကျော်ကြီးတို့၏ ဆောင်းပါးများတွင် တရုတ်နိုင်ငံက ဆောင်ရွက်လာသော ကာကွယ်ဆေး သံတမန်ရေး (Vaccine Diplomacy) နှင့် မြန်မာနိုင်ငံ၏ ပထဝီနိုင်ငံရေး စဉ်းစားချက်များ၊ ရေတို-ရေရှည် အကျိုးစီးပွားတို့ကို ဆွေးနွေးထားသည်။ ဒေါက်တာအောင်ကြီးနှင့် ဒေါက်တာ သူရိန်လှိုင်ဝင်းတို့၏ ဆောင်းပါးများတွင် ကိုဗစ်-၁၉ ကပ်ရောဂါနှင့် ပတ်သက်၍ နောက်ဆုံး ဖြစ်ပေါ် တိုးတက်မှုတို့ကို ဆွေးနွေးထားပါသည်။ ဓမ္မဒူတ ဆရာတော် ဒေါက်တာ အရှင်ဆေကိန္ဒ၏ ဆုံးမစကားနှင့် ဒေါက်တာဖြိုးသီဟ၏ ဆောင်းပါးတို့တွင် လူတို့၏ ကိုယ်ကျင့်၊ ကိုယ်ချင်းစာစိတ် အရေးကြီးပုံနှင့် အသိဉာဏ်ရှိရှိ၊ စည်းကမ်းရှိရှိ၊ ညီညွတ်စွာ ဆောင်ရွက်နိုင်ရေး ကိစ္စတို့ကို ဖတ်ရှုရပါမည်။

ဆရာ စိုင်းရဲကျော်စွာမြင့်က ကိုဗစ်-၁၉ ကူးစက် ကပ်ဘေးအတွင်း ကျင်းပရမည့် မြန်မာနိုင်ငံ၏ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲအတွက် ဧရာမ စိန်ခေါ်မှုများ၊ နိုင်ငံရေး အကျပ်အတည်းတို့ကို မည်သို့ ကျော်လွှား အောင်မြင်နိုင်ပါမည်နည်းဟု မေးခွန်းထုတ်၍ တထောင့်တကဏ္ဍမှ တင်ပြထားသည်။ ပြည်ကြီးခင် အဖွဲ့၏ခေါင်းဆောင် ဆရာမ နွယ်ဇင်ဝင်းကလည်း ကိုဗစ်ကပ်ဘေးကာလတွင် အသိပညာ ပေးခြင်း၊ အခမဲ့ ကွန်ဒုံးဖြန့်ဝေခြင်း၊ ကာလသားရောဂါ ရှိ-မရှိ စမ်းသပ် စစ်ဆေးပြီး ကုသပေးခြင်း လုပ်ငန်း၊ ဆွေးနွေး အကြံပေးခြင်းနှင့် သွေးစစ်ဆေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ရ ပို၍ခက်ခဲလာသည့် အကျပ်အတည်း များကြောင့် အိပ်ချ်အိုင်ဗွီ၊ အေအိုင်ဒီအက်စ်၊ တီဘီအဆုတ်နာ တိုက်ဖျက်ရေး လုပ်ငန်းများတွင်လည်း ကြီးမားသည့် စိန်ခေါ်မှုများ ကြုံနေရပုံကို တင်ပြထားပါသည်။

ယခုစာအုပ်တွင် တတ်နိုင်သမျှ ဘက်စုံ တုံ့ပြန်မှုများအတွက် အကြံပြု တင်ပြထားပါသည်။ ကိုဗစ်-၁၉ ကူးစက်ဘေးသည် အချိန်တိုအတွင်း လျော့ပါးသွားဖွယ် မမြင်သေးပါ။ ကာကွယ်ဆေး ပေါ်ပေါက်၍ ကမ္ဘာ့လူထုအများသို့ ဖြန့်ဝေနိုင်ချိန်ရောက်သည့်တိုင် သတိကြီးကြီးဖြင့် နေထိုင်၊ စုစည်းမှုဖြင့် တုံ့ပြန် ကြရမည် ဖြစ်ပါသည်။ ဤသို့ ဆောင်ရွက်ကြရာတွင် အရေးကြီးသည့် အခြေခံ အအောက်အအုံများကို ဖြည့်တင်း တည်ဆောက်၍ ကြံ့ကြံ့ခံနိုင်စွမ်းကိုလည်း မြှင့်ကြရပါမည်။ တဖက်တွင် ထိရောက်သော၊ အင်အားစုအားလုံး လွှမ်းခြုံမှုရှိသော၊ တုံ့ပြန်မှုကောင်းသော အုပ်ချုပ်မှု စနစ်နှင့် အားကိုးရသော ခိုင်လုံ သည့် ဒေတာအချက်အလက်စနစ်များကိုလည်း မြှင့်တင်ကြရပါမည်။ အစိုးရကဏ္ဍ၏ ဆန်းသစ်တီထွင်မှု များလည်း လိုအပ်ပါမည်။ အကျပ်အတည်းများသည် တပြိုင်နက်တည်းမှာပင် အခွင့်အလမ်းများလည်း ဖြစ်နေကြသည်။ နိုင်ငံတကာ ပညာရှင်များ၊ အစိုးရများ၊ ပုဂ္ဂလိကကဏ္ဍ စီးပွားရေး လုပ်ငန်းအကြားတွင် ကိုဗစ်-၁၉အလွန် ကမ္ဘာအတွက် ဆွေးနွေးပြောဆိုမှုများ အကြီးအကျယ်ဖြစ်ထွန်းနေသည်။ ဤအနာဂတ် သို့ မိမိတို့ လက်ဗလာ၊ ခြေဗလာ ပြင်ဆင်မှု တစုံတရာမရှိဘဲ မရောက်စေလိုပါ။

 

ISP-Myanmar Special Series No-5 ကို ယခုနေရာတွင် Download ရယူနိုင်ပါသည်။

ISP Admin

မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျူ (ISP Myanmar) သည် လွတ်လပ်ပြီး ပါတီစွဲကင်းသည့် အစိုးရမဟုတ်သော သုတေသနအဖွဲ့ဖြစ်ပါသည်။ ISP Myanmar ၏ မြော်မြင်ချက်မှာ မြန်မာနိုင်ငံကို ရုန်းထကြံ့ခိုင်မှုအားကောင်းပြီး သည်းခံစိတ်ကြီးမားသော လူ့အဖွဲ့အစည်းတစ်ရပ်အဖြစ်ပေါ်ထွန်းလာရေး ဖြစ်သည်။ ISP Myanmar ၏ ဦးတည်ချက်မှာ ဒီမိုကရေစီကျသော ခေါင်းဆောင်မှုကို မြှင့်တင်အားပေးရန်နှင့် နိုင်ငံအရေးတွင် နိုင်ငံသားများ ပါဝင်ဆောင်ရွက်မှုအားကောင်းစေရန်ဖြစ်သည်။

Related article
အယ်ဒီတာမှတ်စု

အယ်ဒီတာမှတ်စု

အကျပ်အတည်းကို ဖြတ်ကျော်ရာတွင် အချည်းနှီး မဖြစ်စေသင့်ပါ။ ယခု ကိုရိုနာဗိုင်းရပ်စ်က ရိုက်ခတ်ခဲ့သည့် ဧရာမ အကျပ်အတည်းသည် ရာစုနှစ်တခုအတွင်း…

အယ်ဒီတာမှတ်စု

အယ်ဒီတာမှတ်စု

အခြား အရေးကြီးသော ကဏ္ဍများကိုလည်း ထည့်သွင်းဖော်ပြထားပါသည်။ မိုးဦးကျရာသီ ဖြစ်သည့် အလျောက် လယ်ယာစိုက်ပျိုးရေးနှင့် မွေးမြူရေး ကဏ္ဍ…

အယ်ဒီတာ မှတ်စု

ပြီးခဲ့သည့်နှစ် နိုဝင်ဘာလမှ စတင်၍ တရုတ်နိုင်ငံ၊ ဟူဘေးပြည်နယ်၊ ဝူဟန်မြို့တွင် ကူးစက်ရောဂါ ဖြစ်ပွားနေကြောင်း ကမ္ဘာ့ သတင်းမီဒီယာများတွင်…

Discussion about this post

Leave a Reply

Your email address will not be published.

Type your search keyword, and press enter to search