Menu & Search

အယ်ဒီတာမှတ်စု

May 26, 2020

မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု (ISP- Myanmar) ၏ COVID-19 Special Series အထူးထုတ် တတိယမြောက်စာအုပ် ထွက်လာခဲ့ပြီ ဖြစ်သည်။

ကိုဗစ်-၁၉ ကူးစက် ကပ်ဘေးကာလအတွင်း ကြိုးပမ်း အားထုတ်မှု အဖြစ် နယ်ပယ် အသီးသီးမှ ပညာရှင်များ၊ လက်တွေ့ ဆောင်ရွက်နေကြသူများထံမှ စာမူများ၊ အင်တာဗျူး မေးမြန်းမှုများဖြင့် စုစည်းကာ ပထမစာအုပ်ကို သင်္ကြန်အပြီး ဧပြီ ၁၅ ရက်တွင် အွန်လိုင်းမှ ဖြန့်ချိခဲ့ပါသည်။ ဒုတိယစာအုပ်ကိုလည်း အွန်လိုင်းမှ မေ ၁ ရက်တွင် ထပ်၍ ဖြန့်ချိခဲ့ပါသည်။

COVID-19 Special Seriesပထမ စာအုပ်မှ စတင်၍ ကဏ္ဍအားဖြင့် မူဝါဒဆိုင်ရာ တုံ့ပြန် အဖြေရှာမှု၊ ကျန်းမာရေးနှင့် သိပ္ပံဆိုင်ရာ တုံ့ပြန် အဖြေရှာမှု၊ ရပ်ရွာလူမှုအသိုက် အမြုံဆိုင်ရာ တုံ့ပြန်အဖြေရှာမှု၊ စိတ်ဓာတ်ပိုင်း ဆိုင်ရာ တုံ့ပြန် အဖြေရှာမှု၊ ကိန်းဂဏန်း များကိုလေ့လာ၍ တုံ့ပြန် အဖြေရှာမှုအဖြစ် ကဏ္ဍကြီး ငါးခုခွဲ၍ တင်ပြခဲ့ပါသည်။

ပထမစာအုပ်တွင် အထူးသဖြင့် ကိုဗစ် – ၁၉ ကူးစက်ရောဂါ ဖြစ်တန်ခြေသုံးရပ်ကို တင်ပြ၍ မူဝါဒအရ နိုင်ငံတကာ အစိုးရများက တုံ့ပြန်ဆောင်ရွက် နေကြပုံများကို ရှု ထောင့်အသီးသီးမှ တင်ပြခဲ့ပါသည်။ နိုင်ငံတကာ၏ ကျန်းမာရေး ကပ်ဘေး အရေးပေါ် အခြေအနေ တုံ့ပြန်ပုံ မဟာဗျူဟာများမှသည် ကူးစက် ကပ်ဘေးကြောင့် ဖြစ်လာသော စီးပွားရေး လှုံ့ဆော်ရေး အကူအညီများ၊ အုပ်ချုပ် စီမံပုံ စနစ်များ နှိုင်းယှဉ် တင်ပြချက်များ၊ အလေးထားရမည့် လူကျပ်တည်းနေသော အကျဉ်းထောင်များ၏ စိုးရိမ်ဖွယ် အခြေအနေ၊ စိုးရိမ်ရသည့် ခရီးသွားကဏ္ဍ စိန်ခေါ်မှုများ၊ မြန်မာနိုင်ငံ၏ လုပ်အားဈေးကွက် အခြေအနေ စသည်ဖြင့် စုံလင်စွာ စုစည်းတင်ပြခဲ့ပါသည်။

ဒုတိယ စာအုပ်တွင် အထူးသဖြင့် ကိုဗစ်-၁၉ ကူးစက်ရောဂါ တုံ့ပြန်ရန် စီမံမှုတွင် လူမှု တရားမျှတမှု ရှုထောင့် အရေးကြီးပုံကို အလေးထားတင်ပြပါသည်။ ကိုဗစ်-၁၉ ကပ်ဘေး ကာလအတွင်း မြန်မာနိုင်ငံရှိ လူဦးရေ သုံးပုံတပုံမျှ ရှိသော ဆင်းရဲ နွမ်းပါးသူ ပြည်သူများ၏ အရေးနှင့် အခြေခံ လုပ်သားများ ရှင်သန်ရပ်တည် ရုန်းကန်ကြရမည့် အရေး၊ လုပ်ငန်း ၉၀ဝ နီးပါး ယာယီနှင့် အမြဲတမ်း ပိတ်သိမ်းရမည့် အန္တရာယ်၊ နိုင်ငံရပ်ခြားမှ အမေ့အိမ် ပြန်လာကြမည့် ရွှေ့ပြောင်း လုပ်သားများအရေး၊ လူမှု ဖူလုံရေး စနစ် စသည်တို့ကို ဦးစားပေး သုံးသပ် တင်ပြခဲ့ပါသည်။ ထိုမျှမက စီးပွားရေး ပြန်လည် နာလန်ထူ လာစေရေး ကယ်မပေးမှုများ၊ ကပ်ဘေး ကာလအတွင်း သတိပြုရမည့် ပဋိပက္ခ ကိုင်တွယ်မှု၊ အရပ်ဘက် – စစ်ဘက် ဆက်ဆံရေး အရေးပါပုံတို့ကို ထောက်ပြခဲ့ပါသည်။

ယခု တတိယစာအုပ်တွင်တော့ “ကိုဗစ် – ၁၉ ကူးစက် ကပ်ဘေးနှင့် ပဋိပက္ခ အပေါ် အကဲဆတ်သော တုံ့ပြန်မှု” ကဏ္ဍကို အလေးပေး ဖော်ပြထားပါသည်။

COVID-19 Special Series အထူးထုတ်ကို နှစ်ပတ် တကြိမ် စုစည်း ထုတ်ဝေသွား နိုင်အောင် ကြိုးစားမည်ဟု အားတင်း ခဲ့သော်လည်း မမျှော်လင့်သော အခက်အခဲများ ကြုံတွေ့ရပါသည်။ အိမ်မှ နေ၍ အလုပ်လုပ်ကြသည့် အစီအစဉ် (Work from Home) ဆောင်ရွက်နေဆဲ၌ လျှပ်စစ်မီး ပြတ်တောက်မှုက ပိုဆိုး လာခဲ့သည်။ နေရာ တခုနှင့်တခု လျှပ်စစ်မီး ပြတ်တောက်သည့် အချိန် မတူညီမှု၊ လျှပ်စစ်မီး ပြတ်တောက်သည့် ကာလ အတိအကျ မရှိမှုတို့ကြောင့် တဦးနှင့် တဦး ချိတ်ဆက် လုပ်ဆောင်ရာတွင် အခက်အခဲ ပို၍ ကြုံခဲ့ရသည်။ စာအုပ်ကို အွန်လိုင်းမှ ချိတ်ဆက်၍ ဒီဇိုင်းချ ပြင်ဆင်နေချိန်တွင် တနေရာ သို့မဟုတ် တဖက်က လျှပ်စစ်မီး ပျက်နေရာ လုပ်ငန်းအတော် မတွင်မကျယ် ဖြစ်ရပါသည်။ မီးစက်နှိုး၍ လုပ်ကိုင်ရခြင်း တွင်လည်း အခက်အခဲက ရှိနေသည်။ ဥပမာ – မိမိအိမ်မှ မီးစက်သံက ဘေး ပတ်ဝန်းကျင်မှ နေအိမ်များအတွက် စိတ် အနှောင့်အယှက် ဖြစ်စေပါသည်။ ညဉ့်နက်သန်းခေါင်အချိန်ဆိုပါက ပို၍ပင် ဆိုးပါသည်။ ထိုအချက်ကလည်း စနစ်တခု ချို့ယွင်းနေပါက ထိုပျက်ယွင်းမှုကို ကုစားရန်အတွက် အရင်းအမြစ် (Resource) ရှိသည့်တိုင် မိမိ တဦးတည်း ရုန်းထွက် လုပ်ဆောင်၍ ရလဒ် ထွက်နိုင်စွမ်းငှာ မလွယ်ကူသည့် အခြေအနေ အပေါ် သတိပြုဆင်ခြင်စရာပင် ဖြစ်သည်။ မည်သို့ဆိုစေကာမူ ခန့်မှန်းရက်ထက် နောက်ကျသွားသည့် အတွက် တောင်းပန်လိုပါသည်။ ပြည်သူများ အိမ်တွင် နေခိုင်းချိန်၊ ရာသီဥတု ပူပြင်းချိန်တွင် လျှပ်စစ်မီး မကြာခဏ ပြတ်တောက်သည်မှာ အတော် ဒုက္ခ တွေ့စေသကဲ့သို့၊ ကိုဗစ် – ၁၉ ကူးစက်မှု ကပ်ဘေးကို ရင်ဆိုင် တိုက်ခိုက် နေကြရသော ဆေးရုံများ၊ ကျန်းမာရေး လုပ်သားများ၊ ဓာတ်ခွဲခန်း လုပ်သားများ အတွက်လည်း အထူး စိုးရိမ်ပူပန်ဖွယ် ဖြစ်ပါသည်။

ဤတတိယစာအုပ် ထုတ်ဝေမည့် ကာလအတွင်းမှာပင် ဧပြီ ၂၇ ရက်၌ နိုင်ငံတော် သမ္မတရုံး၊ အမိန့် ကြော်ငြာစာ အမှတ် ၆၃/၂၀၂၀ဖြင့် “ကိုဗစ် – ၁၉ ကာကွယ် ထိန်းချုပ် ကုသရေးနှင့် စပ်လျဉ်း၍ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အစည်းများနှင့် ညှိနှိုင်း ပူးပေါင်းရေး ကော်မတီ” ဖွဲ့စည်းကြောင်း ကြေညာခဲ့သည်။ နောက်ပိုင်းတွင် ဆွေးနွေး ညှိနှိုင်းမှုများ၊ ပူးပေါင်း ဆောင်ရွက်မှု၊ ကူညီပေးမှုများကို မြင်တွေ့ကြရသည်မှာ ဝမ်း မြောက် ကြိုဆိုဖွယ် ဖြစ်ပါသည်။ ကိုဗစ် – ၁၉ကပ်ဘေး တုံ့ပြန်ရေး၌ အစိုးရ၏ နိုင်ငံတော် အတွင်း မှီတင်း နေထိုင်သူ မည်သူ့ကိုမျှ ချန်လှပ်မထားရေး မူဝါဒ (No one left behind Policy) ချမှတ်ထားသည့် အပေါ်တွင်လည်း ကြိုဆိုပါသည်။

သို့ဖြစ်ရာ ယခု စာအုပ်တွင်လည်း အစိုးရ တာဝန်ရှိသူများ၊ တပ်မတော်မှ တာဝန်ရှိသူများ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများမှ ကိုယ်စားလှယ် များကို မေးမြန်း၍ စုံလင်အောင် တင်ပြထားပါသည်။ (တရုတ်နိုင်ငံနှင့် ထိစပ်လျက် ရှိသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များဖြစ်သော UWSP/UWSA နှင့် KIO/KIA တို့မှ ထိပ်တန်း အရာရှိများ၏ အသံကို ထည့်သွင်း ဖော်ပြနိုင်ရန် ကြိုးပမ်းခဲ့သော်လည်း ၎င်းတို့၏ ငြဆန်မှုများကြောင့် အထမမြောက်ခဲ့ပါ။)

ယခု စာအုပ်တွင် အခြား အရေးကြီးသော ကဏ္ဍများကိုလည်း ထည့်သွင်းဖော်ပြထားပါသည်။ မိုးဦးကျရာသီ ဖြစ်သည့် အလျောက် လယ်ယာစိုက်ပျိုးရေးနှင့် မွေးမြူရေး ကဏ္ဍ အရေးကြီးပုံကို တင်ပြ ထားသည့် ဆောင်းပါးများ၊ ကူးစက် ကပ်ဘေးကြောင့် ကျား – မ တန်းတူရေး ကဏ္ဍ (Gender equality) တွင် အမျိုးသမီးများအပေါ် မမျှမတ သက်ရောက်နေရပုံ၊ ကိုဗစ် အလွန် ပညာရေး၊ လေကြောင်း ပို့ဆောင်ရေး ကဏ္ဍ စသည် တို့ကို တင်ပြထားသည့် ဆောင်းပါးများ ပါဝင်ပါသည်။ပါဝင်ပါသည်။ ISP-Myanmar အဖွဲ့သားများ၏ မြန်မာ အစိုးရက စီးပွားရေးကုစားမှု အစီအစဉ် (COVID-19 Economic Relief Plan- CERP) အပေါ် သုံးသပ်ချက်၊ ကပ်ဘေးအလွန် ပထဝီ နိုင်ငံရေးက မြန်မာနိုင်ငံအပေါ် ရိုက်ခတ် လာနိုင်ခြေ၊ မြန်မာပြည် အနောက်ပိုင်းမှ စစ်ဘေးရှောင်ပြည်သူများ၏ အခြေအနေ တို့ကိုလည်း တင်ပြထားပါသည်။

သို့အတွက်ကြောင့်လည်း ကျနော်တို့ မျှော်လင့် ထားသည်ထက် စာမျက်နှာ ပိုထူခဲ့ရပါသည်။ စာဖတ်သူများအတွက် စေတနာ ပိုခဲ့ခြင်းကြောင့် စာမျက်နှာ ပိုများခဲ့ရသည်။ အခြား တဖက်တွင်လည်း အခမဲ့ ဖြန့်ဝေခဲ့သော eBook ကို စာမျက်နှာ များ၍သော် လည်းကောင်း၊ အခြားသော အခက်အခဲများကြောင့် သော်လည်းကောင်း၊ ပုံနှိပ်စာအုပ် ကိုသာ ဖတ်ရှု လိုသူများလည်း ရှိနေပါသည်။ ထို့ကြောင့် ယခုအချိန်တွင် ထွက်ရှိခဲ့ပြီး ဖြစ်သည့် ISP-Myanmar Special Series အမှတ် – ၁ နှင့် ၂ ကို စာအုပ် အဖြစ် ရိုက်နှိပ် ဖြန့်ချိထားပြီး ဖြစ်ပါသည်။ ယင်းအပြင် အဆိုပါ ပုံနှိပ် စာအုပ်များ ရောင်းချရမှုမှ ရရှိသော အမြတ်ငွေ အားလုံးကို ကိုဗစ် – ၁၉ တိုက်ဖျက်ရေး လှုပ်ရှားမှုများသို့ လှူဒါန်းသွား မည်ဖြစ်ကြောင်း အသိ ပေးအပ်ပါသည်။

ISP Admin

မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျူ (ISP Myanmar) သည် လွတ်လပ်ပြီး ပါတီစွဲကင်းသည့် အစိုးရမဟုတ်သော သုတေသနအဖွဲ့ဖြစ်ပါသည်။ ISP Myanmar ၏ မြော်မြင်ချက်မှာ မြန်မာနိုင်ငံကို ရုန်းထကြံ့ခိုင်မှုအားကောင်းပြီး သည်းခံစိတ်ကြီးမားသော လူ့အဖွဲ့အစည်းတစ်ရပ်အဖြစ်ပေါ်ထွန်းလာရေး ဖြစ်သည်။ ISP Myanmar ၏ ဦးတည်ချက်မှာ ဒီမိုကရေစီကျသော ခေါင်းဆောင်မှုကို မြှင့်တင်အားပေးရန်နှင့် နိုင်ငံအရေးတွင် နိုင်ငံသားများ ပါဝင်ဆောင်ရွက်မှုအားကောင်းစေရန်ဖြစ်သည်။

Related article
အယ်ဒီတာမှတ်စု

အယ်ဒီတာမှတ်စု

မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) ၏ COVID-19 Special series အထူးထုတ် စာအုပ်က…

အယ်ဒီတာမှတ်စု

အယ်ဒီတာမှတ်စု

အကျပ်အတည်းကို ဖြတ်ကျော်ရာတွင် အချည်းနှီး မဖြစ်စေသင့်ပါ။ ယခု ကိုရိုနာဗိုင်းရပ်စ်က ရိုက်ခတ်ခဲ့သည့် ဧရာမ အကျပ်အတည်းသည် ရာစုနှစ်တခုအတွင်း…

အယ်ဒီတာ မှတ်စု

ပြီးခဲ့သည့်နှစ် နိုဝင်ဘာလမှ စတင်၍ တရုတ်နိုင်ငံ၊ ဟူဘေးပြည်နယ်၊ ဝူဟန်မြို့တွင် ကူးစက်ရောဂါ ဖြစ်ပွားနေကြောင်း ကမ္ဘာ့ သတင်းမီဒီယာများတွင်…

Discussion about this post

Leave a Reply

Your email address will not be published. Required fields are marked *

Type your search keyword, and press enter to search