Menu & Search

အယ်ဒီတာမှတ်စု

July 9, 2020

မြန်မာ့ မဟာဗျူဟာနှင့် မူဝါဒ လေ့လာရေး အင်စတီကျု (ISP-Myanmar) ၏ COVID-19 Special Series အထူးထုတ် စတုတ္ထမြောက်စာအုပ် ထုတ်ဝေနိုင်ပြီ ဖြစ်ပါသည်။ တတိယမြောက် ကိုဗစ်-၁၉ အထူးထုတ် စာအုပ်နှင့် ရက်ပေါင်း ၄၀ ကျော် ကွာခြားခဲ့ပါသည်။ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ပထမ ဦးဆုံးလူနာ စတင်တွေ့ရှိ သည့် မတ်လ ၂၃ ရက်နှင့် စာလျှင် အခြေအနေများလည်း များစွာ ပြောင်းလဲခဲ့ပြီ ဖြစ်သည်။ လူနာအရေအတွက် တိုးတက် လာခဲ့သကဲ့သို့၊ ထိန်းချုပ်နိုင်မှု တစုံတရာ ရရှိလာသောကြောင့် ဖြေလျှော့ပေးသည့် အခြေအနေများ လည်း ရှိလာခဲ့သည်။ သို့သော် ပေါ့ဆနေ၍ မဖြစ်သေးကြောင်း ကမ္ဘာတဝန်း ကူးစက်နေမှုများက ပြသနေပါသေးသည်။ ကိုဗစ်-၁၉ ကူးစက် ကပ်ဘေးကာလအတွင်း ကြိုးပမ်း အားထုတ်မှုအဖြစ် နယ်ပယ်အသီးသီးမှ ပညာရှင်များ၊ လက်တွေ့ ဆောင်ရွက်နေကြသူများထံမှ ဆွေးနွေး တင်ပြချက်များ၊ အကြံပြုချက်များ၊ အင်တာဗျူး မေးမြန်းမှုများဖြင့် စုစည်း တင်ပြခဲ့သည်မှာ အတော်အတန် ဘက်စုံထောင့်စုံ ရှိခဲ့ပြီဖြစ်ပါသည်။ နောက်ထပ် COVID-19 Special Series အထူးထုတ် တအုပ်သာ ကျန်ရှိပါတော့မည် ဖြစ်ကြောင်း အသိပေးလိုပါသည်။ ပဉ္စမမြောက် ကိုဗစ်-၁၉ အထူးထုတ် စာအုပ်အနေဖြင့် ပြီးခဲ့သည့်ကာလများအတွင်း ဆောင်ရွက်ချက်များကို သင်ခန်းစာအဖြစ် ပြန်လည် သုံးသပ် ကြည့်ရှုရန် ရည်ရွယ်ထားပြီး လာမည့် အောက်တိုဘာလတွင် ထုတ်ဝေနိုင်ရန် ပြင်ဆင်သွားပါမည်။

ယခု ကာလများအတွင်း မြန်မာအစိုးရက ကျန်းမာရေးအရ ကာကွယ်၊ ထိန်းချုပ်၊ ကုသမှု အစီအစဉ်များ တင်းတင်းကျပ်ကျပ် ဆောင်ရွက်ခဲ့သကဲ့သို့၊ စီးပွားရေးအရ ပြန်လည် ကုစားရေးအတွက် ဧပြီ ၂၇ ရက်တွင် COVID-19 Economic Relief Plan ကို ထုတ်ပြန်၍ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည်။ ထို့အပြင် ဧပြီ ၂၇ ရက်၌ နိုင်ငံတော် သမ္မတရုံး၊ အမိန့် ကြော်ငြာစာ အမှတ် ၆၃/၂၀၂၀ ဖြင့် COVID-19 ကာကွယ် ထိန်းချုပ် ကုသရေးနှင့် စပ်လျဉ်း၍ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ညှိနှိုင်း ပူးပေါင်းရေး ကော်မတီ ဖွဲ့စည်းကြောင်း ကြေညာခဲ့ပြီး၊ ပူးပေါင်း ဆောင်ရွက်မှု၊ ကူညီပေးမှုများလည်း ပြုခဲ့ပါသည်။ အခြေအနေ အသစ်များအနေဖြင့် လာမည့် နိုဝင်ဘာ ၈ ရက်တွင် တတိယအကြိမ်မြောက် အထွေထွေ ရွေးကောက်ပွဲကြီး ကျင်းပရန် ကြေညာထား ပြီးဖြစ်သည်။ များမကြာမီတွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်၏ ခရီးတထောက်အဖြစ် ၂၁ ရာစုပင်လုံ ငြိမ်းချမ်းရေး ညီလာခံ ပြန်လည် ကျင်းပရန် စိုင်းပြင်းနေကြကြောင်းလည်း ကြားသိနေရသည်။

မည်သို့ပင်ဖြစ်စေ ယခု ကိုဗစ် ကပ်ဘေးကာလအတွင်း ဝမ်းနည်းကြေကွဲဖွယ် အဖြစ်များလည်း ကြုံခဲ့ရ ပါသည်။ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကြောင့် လူခြောက်ဦးသာ သေဆုံးခဲ့ရသော်လည်း၊ ဖားကန့်ဒေသ ဝှေခါ ကျေးရွာတွင် ကျောက်စိမ်း မြေစာပုံ ပြိုကျမှုကြောင့် လူ ၁၇၀ ခန့် သေဆုံးခဲ့ရသည်မှာ စိတ်နှလုံးမချမ်းမြေ့ဖွယ် ဖြစ်ပါသည်။ ၂၀၁၄ ခုနှစ်မှစတင်၍ ကျောက်စိမ်း မိုင်းဒေသအတွင်း အကြိမ်ကြိမ် မြေပြိုကျမှုကြောင့် စုစုပေါင်း လူပေါင်း ၇၀ဝ ကျော် အသက်ဆုံးရှုံးခဲ့ရပြီးဖြစ်သည်။ ဤသို့ ကြေကွဲဖွယ် အဖြစ်ဆိုးမျိုး မကြုံကြိုက်ရလေအောင် အစိုးရအာဏာပိုင်များက လျော်ကန်သော မူဝါဒများနှင့် လက်တွေ့ ကျင့်သုံးမှုများ ထားရှိသင့်ပြီဖြစ်ပါသည်။

ယခု စတုတ္ထမြောက် ကိုဗစ်-၁၉ အထူးထုတ်တွင် ကိုဗစ်ကာလ စိန်ခေါ်မှုများအပေါ် တုံ့ပြန်ကြသော နိုင်ငံ့ဝန်ထမ်းတို့၏ အခန်းကဏ္ဍနှင့် စွမ်းရည်၊ အစိုးရနှင့် လူထု ဆက်သွယ် ပြန်ကြားရေး လုပ်ငန်းများ၊ အရပ်ဘက် အဖွဲ့ အစည်းတို့၏ သေးကျုံ့သွားသည့် အခြေအနေ၊ ဒီမိုကရေစီ စနစ် ရှင်သန် ဖွံ့ဖြိုးရေးအပေါ် ခြိမ်းခြောက်မှု၊ သမားရိုး ကျမဟုတ်သော လုံခြုံရေး (non-traditional security) ကို တုံ့ပြန်ရာ၌ စစ်ဘက်-အရပ်ဘက် ဆက်ဆံရေး၊ ရွေးကောက်ပွဲနှင့် ကိုဗစ်-၁၉ကပ်ဘေး၊ ကိုဗစ်ကာလ ကျောင်းများ ပြန်ဖွင့်လျှင် စဉ်းစားသင့်သော မူဝါဒအကြံပြု ချက်များ၊ စီးပွားရေး အကျပ်အတည်းများအား အောင်မြင်စွာ ကျော်လွန်နိုင်ခဲ့ခြင်းမှ သင်ခန်းစာများနှင့် ကိုဗစ် အလွန် မြန်မာနိုင်ငံ၏ အနာဂတ်သစ်အတွက် ပြင်ဆင်ရာတွင် စဉ်းစားသင့်သည့် အချက်များ၊ စိတ်ပိုင်းဆိုင်ရာ တုံ့ပြန်အဖြေရှာမှု… စသည်ဖြင့် စုံစုံလင်လင် တင်ပြထားပါသည်။

ဤအကျပ်အတည်းကို ဖြတ်ကျော်ရာတွင် အချည်းနှီး မဖြစ်စေသင့်ပါ။ ယခု ကိုရိုနာဗိုင်းရပ်စ်က ရိုက်ခတ်ခဲ့သည့် ဧရာမ အကျပ်အတည်းသည် ရာစုနှစ်တခုအတွင်း အကြီးမားဆုံးဖြစ်ပါသည်။ ဤအကျပ်အတည်းက စနစ်များ၊ အစိုးရများ၏ မျက်နှာဖုံးကို ဆွဲခွာချပြီး အားနည်းချက်များကို ထင်းကနဲပေါ်စေခဲ့ပါသည်။ ဤသို့ ရုန်း ကန်ရင်ဆိုင်နေရင်း အနာဂတ်အတွက် အသစ်သော ပုံမှန်အခြေအနေ (Next normal) ကိုလည်း ပြင်ဆင်ထားဖို့ လိုအပ်ပါသည်။ မိမိတို့လိုလားသော အနာဂတ်အသစ်အတွက်လည်း မြော်မြင် ပြင်ဆင်ကြရပါမည်။

McKinsey & Company အကြံပေးအဖွဲ့၏ အစီရင်ခံစာ တခုက ဤသို့ ပြင်ဆင်ရာတွင် 5Rs ကို အကြံပြုခဲ့ပါသည်။ ယင်းတို့မှာ ကြိုးပမ်းဖြေရှင်းခြင်း (Resolve)၊ ကြံ့ကြံ့ခံနိုင်ခြင်း (Resilience)၊ မူလ အခြေအနေ ပြန်ရောက်ခြင်း (Return)၊ အနာဂတ်အတွက် ပုံဖော်မြော်မြင်ခြင်း (Reimagination) နှင့် ပြုပြင်ပြောင်းလဲခြင်း (Reform) ကိစ္စများ ဖြစ်ပါသည်။ မိမိတို့ မြော်မြင်သော အနာဂတ်အတွက် ပြင်ဆင်နိုင်ရေး ဉာဏ်ပညာနှင့်ယှဉ် သော ပုံဖော် မြော်မြင်ခြင်း၊ ပြုပြင်ပြောင်းလဲရေး ကိစ္စများကိုပါ တပါတည်း ဆောင်ရွက် သွားသင့်ပါကြောင်း။ ယခုကာလ ရွေးကောက်ပွဲနှင့် အစိုးရသစ်အတွက် ပြင်ဆင်နေဆဲ ကာလတွင် အထူးပို၍ အလေးထားသင့်ပါကြောင်း။

ISP Admin

မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျူ (ISP Myanmar) သည် လွတ်လပ်ပြီး ပါတီစွဲကင်းသည့် အစိုးရမဟုတ်သော သုတေသနအဖွဲ့ဖြစ်ပါသည်။ ISP Myanmar ၏ မြော်မြင်ချက်မှာ မြန်မာနိုင်ငံကို ရုန်းထကြံ့ခိုင်မှုအားကောင်းပြီး သည်းခံစိတ်ကြီးမားသော လူ့အဖွဲ့အစည်းတစ်ရပ်အဖြစ်ပေါ်ထွန်းလာရေး ဖြစ်သည်။ ISP Myanmar ၏ ဦးတည်ချက်မှာ ဒီမိုကရေစီကျသော ခေါင်းဆောင်မှုကို မြှင့်တင်အားပေးရန်နှင့် နိုင်ငံအရေးတွင် နိုင်ငံသားများ ပါဝင်ဆောင်ရွက်မှုအားကောင်းစေရန်ဖြစ်သည်။

Related article
အယ်ဒီတာမှတ်စု

အယ်ဒီတာမှတ်စု

မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) ၏ COVID-19 Special series အထူးထုတ် စာအုပ်က…

အယ်ဒီတာမှတ်စု

အယ်ဒီတာမှတ်စု

အခြား အရေးကြီးသော ကဏ္ဍများကိုလည်း ထည့်သွင်းဖော်ပြထားပါသည်။ မိုးဦးကျရာသီ ဖြစ်သည့် အလျောက် လယ်ယာစိုက်ပျိုးရေးနှင့် မွေးမြူရေး ကဏ္ဍ…

အယ်ဒီတာ မှတ်စု

ပြီးခဲ့သည့်နှစ် နိုဝင်ဘာလမှ စတင်၍ တရုတ်နိုင်ငံ၊ ဟူဘေးပြည်နယ်၊ ဝူဟန်မြို့တွင် ကူးစက်ရောဂါ ဖြစ်ပွားနေကြောင်း ကမ္ဘာ့ သတင်းမီဒီယာများတွင်…

Discussion about this post

Leave a Reply

Your email address will not be published. Required fields are marked *

Type your search keyword, and press enter to search