Menu & Search

ကပ်ဘေးအတွင်းက အမျိုးသမီးတို့အရေး

June 19, 2020

၁။ နိဒါန်း

ကူးစက်မြန် Covid-19 ရောဂါပိုး၏ နောက်ဆက်တွဲ သက်ရောက်မှုကို အမျိုးသမီးနှင့် အမျိုးသား ကွဲပြားစွာ ခံစားကြရကြောင်း ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းများနှင့် ကျား-မရေးရာ လေ့လာသည့်အဖွဲ့အစည်းများက အသိအမှတ်ပြုပြီး ဖြစ်ပါသည်။ ကူးစက်မှုနှုန်းအရ လတ်တလောတွင် ရောဂါပိုးအကူးစက်ခံရသည့် အမျိုးသားများ၏ ရာခိုင်နှုန်းမှာ အမျိုးသမီးများထက် များနေပါသည်။ ဥပမာ – တရုတ်နိုင်ငံ ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ကုသရေးဌာန၏ ၂၀၂၀၊ ဖေဖော်ဝါရီ စာရင်းအရ တရုတ်နိုင်ငံတွင် ရောဂါကူးစက်ခံရသည့် အမျိုးသား ၂ ဒသမ ၈ ရာခိုင်နှုန်းတွင် အမျိုးသမီး ၁ ဒသမ ၇ ရာခိုင်နှုန်း ရှိပါသည်။ ဧပြီ ၂၂ ရက်အထိ အမေရိကန်နိုင်ငံ၊ နယူးယော့ခ် ဧရိယာတွင် ကိုဗစ်ရောဂါပိုးကြောင့် ဆေးရုံတက်ရောက်၍ ကုသမှု ခံယူနေရသည့် လူနာတို့၏ ၆၀ ရာခိုင်နှုန်းမှာ အမျိုးသားတို့ဖြစ်သည်။ သို့သော် တာရှည်ဦးမည့် ကပ်ဘေးစစ်ပွဲတွင် ရေရှည်အကျိုးဆက်၌ အမျိုးသမီးတို့၏ ထိလွယ်ခိုက်လွယ်အခြေအနေက ပိုပြီး မြင့်မားနေကြောင်း တွေ့ရပါသည်။

ကမ္ဘာနှင့်အဝှမ်းတွင် လုပ်ခလစာအလွန်နည်းပါးသည့် စက်ရုံများ၊ လုပ်ငန်းများတွင် လုပ်ကိုင်နေသူ အမျိုးသမီးပေါင်း သန်း ၇၄၀ ရှိပါသည်။ တကမ္ဘာလုံးအနေအထားနှင့် နှိုင်းယှဉ်တွက်ကြည့်လျှင် တူညီသော အလုပ်အကိုင်တွင် အမျိုးသမီးတို့သည် အမျိုးသားတို့ထက် လစာကို ၁၆ ရာခိုင်နှုန်းခန့် လျော့ပြီး ရကြပါသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) ၏ ကိန်းဂဏန်းအရ  ကျန်းမာရေးနှင့် လူမှုရေးကဏ္ဍတို့တွင် တာဝန်ထမ်းဆောင်နေသည့် လုပ်သားများ၏ ၇၀ ရာခိုင်နှုန်းမှာ အမျိုးသမီးတို့ဖြစ်သည်။ မိသားစုအတွင်းမှာလည်း လူမှုရေး၊ ကျန်းမာရေးတို့ကို အဓိက တာဝန်ယူ စောင့်ရှောက်နေရသူများမှာ အမျိုးသမီးများ ဖြစ်ပါသည်။ သည်အကြောင်းရင်းများက ကိုဗစ်၏ ရေရှည်ကပ်ဘေးတွင် ကျန်းမာရေး၊ အလုပ်အကိုင်ကိစ္စနှင့် အိမ်တွင်းအကြမ်းဖက် ပြဿနာတို့တွင် အမျိုးသမီးတို့ ပိုမိုထိခိုက်ဖွယ်ရှိကြောင်း လေ့လာတွေ့ရှိရသည်။

၂။ အမျိုးသမီးများ ပိုမိုထိခိုက်ခံစားရသည့် နယ်ပယ်များ

(က) ကျန်းမာရေး

ကျန်းမာရေးအပိုင်းတွင် အမျိုးသမီးများအနေနှင့် ရောဂါပိုး အကူးစက်ခံရနိုင်ဖွယ်ရှိသည့် အနေအထားများစွာကို တွေ့ရပါသည်။

– ဆေးရုံသန့်ရှင်းရေး၊ သူနာပြုများ၊ အသက်အရွယ်ကြီးသူများကို ကျန်းမာရေးစောင့်ရှောက်ပေးရသူများနှင့် ပညာသင်ကြားရေး ဝန်ထမ်းတို့မှာ အမျိုးသမီးအများစု ဖြစ်သည်။ သည်အမျိုးသမီးတို့သည် ရောဂါပိုး အကူးစက်ခံနိုင်ရသကဲ့သို့ ရောဂါပိုးသယ်ဆောင်သူဖြစ်သွားရန်လည်း အလားအလာများစွာ ရှိပါသည်။ ဥပမာ – စပိန်နိုင်ငံတွင် အကူးစက်ခံရသော ကျန်းမာရေးဝန်ထမ်းများအနက် ၇၂ ရာခိုင်နှုန်းမှာ အမျိုးသမီးများဖြစ်ပြီး အီတလီတွင်မူ ၎င်းတို့အနက် ၆၆ ရာခိုင်နှုန်းမှာ အမျိုးသမီးများဖြစ်သည်။

–  အမျိုးသမီးတို့သည် နေ့စဉ်စားသောက်ရေးအတွက် ဈေးဝယ်ထွက်ကြရသူများဖြစ်သည်။ လူထုအတွင်း မဖြစ်မနေ သွားလာရသူများဖြစ်သဖြင့်လည်း ရေရှည်တွင် အကူးစက်ခံရဖို့ ရာခိုင်နှုန်းများနေပါသည်။

– အမျိုးသမီးတို့သည် အမျိုးသားတို့ထက် သတင်းအချက်အလက် ရယူနိုင်မှုအနေအထားတွင် နည်းပါးနေပါသည်။ ဥပမာ – မြန်မာနိုင်ငံ၏ ကျား-မ အပေါ်မူတည်သည့် တယ်လီဖုန်းနှင့် အင်တာနက် လက်လှမ်းမီနိုင်မှု အနေအထားကို လေ့လာသည့် GSMA (2016) စစ်တမ်းတခုတွင် အမျိုးသမီးတို့ တယ်လီဖုန်းပိုင်ဆိုင်နိုင်မှုမှာ အမျိုးသားတို့ထက် ၂၉ ရာခိုင်နှုန်း နည်းပါးသည်။ အထူးသဖြင့် တအိမ်တွင် ဖုန်းတလုံးသာ ပိုင်ဆိုင်ကြသည့် ကျေးလက်နေ မိသားစုများတွင် အဆိုပါ ဆက်သွယ်ရေးကိရိယာကို ပိုင်ဆိုင်အသုံးပြုသူမှာ အမျိုးသားတို့ဖြစ်ကြသည်။ ထို့ကြောင့် မိုဘိုင်းဖုန်းနှင့် လူမှုကွန်ရက်ကို အများဆုံးအသုံးပြု၍ သတင်းအချက်အလက်များကို အချိန်နှင့်တပြေးညီ လက်လှမ်းမီ ရယူနိုင်ရေးတွင် အမျိုးသမီးတို့အတွက် အတားအဆီးဖြစ်နေပါသည်။ ကျန်းမာရေး သတိပေးတားမြစ်ချက်ဖြစ်စေ၊ ရောဂါကူးစက်မှုနှင့် ပတ်သက်သော အခြားသတင်းများကိုဖြစ်စေ အမျိုးသမီးတို့ထံသို့ တိုက်ရိုက်ရောက်ရှိရန် နည်းလမ်းနည်းပါးနေပါသည်။ အထူးသဖြင့် ကျေးလက်နေ မိသားစုထဲက အမျိုးသမီးများအပါအဝင် စစ်ဘေးရှောင် အမျိုးသမီးတို့သည် ကျန်းမာရေးဆိုင်ရာ သတင်းအချက်အလက်များ မှန်ကန်မြန်ဆန်စွာ ရရှိနိုင်ရန် အရေးကြီးပါသည်။

– လုပ်ခလစာနည်းပါးသော စက်ရုံ၊ အလုပ်ရုံများတွင် လုပ်သားအင်အားများပြားလွန်းပြီး ရေနှင့် သန့်ရှင်းရေးဆိုင်ရာ ပံ့ပိုးမှုတို့နည်းပါးခြင်းကလည်း ကပ်ရောဂါ ကူးစက်မှုကာလအတွင်း အမျိုးသမီးတို့အတွက် ခြိမ်းခြောက်မှုတရပ် ဖြစ်နေပါသည်။ ဥပမာ – အထည်ချုပ်စက်ရုံများတွင် အလုပ်သမား များပြားခြင်းနှင့် အိမ်သာ အလုံအလောက် မရှိခြင်း၊ ပုံမှန်သန့်ရှင်းရေးတွင်ပင် သုံးရေသန့်ကို အလုံအလောက် မရရှိခြင်းကို ယခင် အထည်ချုပ်စက်ရုံ အလုပ်သမား ဆန္ဒပြပွဲများတွင် အလုပ်သမားတို့ အဖန်ဖန်အလဲလဲ တင်ပြတောင်းဆိုခဲ့ကြသည်။ သိသာသော ပြောင်းလဲမှု မရှိခဲ့သည့်အပြင် ကိုဗစ်ကာလအတွင်းတွင် မကြာခဏလက်ဆေးရန် လိုအပ်ခြင်းက အလုပ်သမားတို့ကို ပို၍ အကျပ်အတည်း ဖြစ်စေသည်။

– ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံတွင် ပြည်တွင်း ရွှေ့ပြောင်းလုပ်သား ကိုးသန်းကျော်ရှိပြီး ပြည်ပသို့ ရွှေ့ပြောင်းလုပ်ကိုင်သူ နှစ်သန်းကျော်ရှိပါသည်။ ပြည်ပသို့ ပြောင်းရွှေ့လုပ်ကိုင်ကြသူများ၏ ၇၀ ရာခိုင်နှုန်းမှာ ထိုင်းနိုင်ငံတွင် ဖြစ်ပါသည်။ ပြည်ပသို့ တရားဝင်သွားရောက်ကြသည့် လုပ်သားဦးရေထဲတွင် အမျိုးသားရာခိုင်နှုန်းက ပိုများသော်လည်း အိမ်နီးချင်းနိုင်ငံများသို့ တရားမဝင် ပြောင်းရွှေ့လုပ်ကိုင်သူများတွင် အမျိုးသမီးဦးရေက ပိုများလိမ့်မည်ဟု ခန့်မှန်းကြသည်။ Covid-19 ၏ ဂယက်ကြောင့် ပြည်တွင်းသို့ ပြန်လာကြသော တရားမဝင်လုပ်သားများသည် ရောဂါကူးစက်ပြန့်ပွားမှု ထိန်းချုပ်ရေးတွင် လူမှုအဖွဲ့အစည်း၊ အစိုးရအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နိုင်မှု လစ်ဟာချက် ရှိသွားနိုင်ပါသည်။ ထိုကိစ္စတွင် ပြည်တွင်းသို့ပြန်လာသော တရားမဝင်ရွှေ့ပြောင်းလုပ်သား အမျိုးသမီးများ၏ ကျန်းမာရေး စောင့်ရှောက်ခံရမှုနှင့် သတင်းအချက်အလက် ရရှိမှုမှာလည်း အလေးထားစရာကိစ္စတခု ဖြစ်ပါသည်။

– Covid-19  ရောဂါပိုးကူးစက်သည့်ကာလအတွင်း အမျိုးသမီးများ မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာ အထောက်အပံ့ရရှိမှု လျော့နည်းသွားနိုင်ပါသည်။ ဥပမာ – မျိုးဆက်ပွားကျန်းမာရေးအတွက် အဓိကလုပ်ဆောင်နေသော Marie Stopes အဖွဲ့ကြီးက အမျိုးသမီးနှင့် မိန်းကလေးငယ် ၉ ဒသမ ၅ သန်းခန့်မှာ ၎င်းတို့အဖွဲ့အစည်း၏ သားဆက်ခြားအစီအမံကို လက်လှမ်းမီရယူနိုင်မှု နည်းပါးသွားနိုင်သည့် အခြေအနေကြုံတွေ့ဖွယ်ရှိကြောင်း ခန့်မှန်းထားပါသည်။

(ခ) အလုပ်အကိုင်ကိစ္စ

အလုပ်အကိုင်ကိစ္စအတွက် မပြေလည်သူများထဲတွင် အိမ်မှ (Work from Home ဖြင့်) အလုပ်လုပ်ခွင့်ရသူမှသည် စက်ရုံအလုပ်သမားနှင့် ပြည်တွင်းသို့ ပြန်လည်ရောက်ရှိလာသော အမျိုးသမီးရွှေ့ပြောင်း အလုပ်သမားများအရေးအထိ မျိုးစုံပါဝင်ပါသည်။

– Covid-19 ကူးစက် ပြန့်ပွားမှုကြောင့် အချို့သော ဝန်ထမ်းများမှာ အိမ်ကနေတဆင့် ရုံးအလုပ်ကို တာဝန်ထမ်းဆောင်ရသည့် ပုံစံဖြင့် အလုပ်လုပ်ကိုင်ခွင့် ရကြပါသည်။ Work from Home သည် ပြင်ပသို့ အလွယ်တကူ ထွက်ပြီး အလုပ်မလုပ်နိုင်သော မသန်စွမ်းသူများနှင့် သားသည်မိခင်များအတွက် အဆင်ပြေသည့် နည်းလမ်းတခု ဖြစ်ပါသည်။ သို့သော်လည်း  သည်နည်းလမ်းကြောင့်ပင် သားသည်မိခင်များ အဆင်မပြေဖြစ်ရသည်များလည်း ရှိသည်။ အထူးသဖြင့် အိမ်မှုကိစ္စနှင့် မိသားစုထဲက ကလေးနှင့် သက်ကြီးရွယ်အိုတို့ကို ပြုစုစောင့်ရှောက်ရေးမှာ အမျိုးသမီးတို့ တာဝန်ဖြစ်သည်ဆိုသည့် ခိုင်မာစွာတည်ဆောက်ထားသည့် လူမှုအယူအဆကြောင့် အလုပ်လုပ်သူ အမျိုးသားရော၊ အမျိုးသမီးရော အိမ်မှာ နေခွင့်ရသော်လည်း အမျိုးသမီးများကသာ ထိုကိစ္စအ၀၀ကို ဆောင်ရွက်ရသဖြင့် သူတို့တွင် ဝန်ထုပ်ဝန်ပိုး နှစ်ဆပိုပါသည်။ အိမ်တွင် မိခင်ရှိနေသည်နှင့်အမျှ မိခင်ကို အားကိုးမှုပိုလေလေ၊ မိသားစု၏ စားရေးသောက်ရေးမှသည် လိုအပ်ချက်အ၀၀ကို မိခင်က အလုပ်လုပ်နေရင်းက တခုပြီးတခု တနေကုန် မနားတမ်း ဖြည့်ဆည်းပေးနေရသည့် ဒုက္ခမှာ Work From Home ဖြင့် အလုပ်လုပ်ခွင့်ရနေသော အမျိုးသမီးများ၏ လတ်တလော စိန်ခေါ်မှုတခုဖြစ်နေပါသည်။ မြို့ပြအဆောက်အအုံ အနေအထားအရ အလုပ်လုပ်ရန် သီးသန့်နေရာ မရှိခြင်းကလည်း အလုပ်ပြီးမြောက်စေရန်အတွက် အဟန့်အတားဖြစ်ပါသည်။ သည်အရေးက ကိုဗစ်ကူးစက်မှု၏ နောက်ဆက်တွဲ သက်ရောက်မှုတခုအဖြစ် အိမ်ထောင်ရေးနှင့် အိမ်တွင်းအကြမ်းဖက်ရေး ပြဿနာများဆီသို့ ဦးတည်သွားနိုင်ပါသည်။

– စက်ရုံ၊ အလုပ်ရုံ အမျိုးသမီးဝန်ထမ်းများအတွက်လည်း အလုပ်ရပ်နားခံရခြင်း၊ အလုပ်ပြုတ်ခြင်း စသည့် ပြဿနာများနှင့် တွေ့ကြုံရပါသည်။ အထူးသဖြင့် ILO ၏ စာရင်းများအရ လုပ်သားအင်အား ခုနစ်သိန်းရှိသော အထည်ချုပ်စက်ရုံများတွင် အလုပ်လုပ်ကိုင်လျက်ရှိသော အမျိုးသမီးများမှာ ရာခိုင်နှုန်း ၉၀ မျှရှိသည်။ လက်ရှိ ရန်ကုန်တိုင်းအတွင်းတွင် ကိုဗစ်၏ နောက်ဆက်တွဲဂယက်ကြောင့် ဧပြီလလယ်အထိ ပိတ်သိမ်းလိုက်ရ/ရပ်နားလိုက်ရသော စက်ရုံအလုပ်ရုံပေါင်း ၁၃၁ ရုံတွင် အထည်ချုပ်စက်ရုံက ထက်ဝက်ကျော်ခန့် ပါဝင်ပါသည်။ အလုပ်သမားတို့၏ နစ်နာကြေး၊ လက်ရှိ အလုပ်လုပ်ကိုင်လျက်ရှိသော အလုပ်သမားတို့၏ အလုပ်အာမခံချက်ရှိမှုနှင့် ခံစားခွင့်ရှိသည့် လူမှုဖူလုံရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှုတို့ ရရှိနိုင်ရေးမှာ သူတို့အဖို့ ရတက်မအေးဖွယ် ကိစ္စဖြစ်နေပါသည်။

– Covid-19 ပြန့်ပွားမှု၏ နောက်ဆက်တွဲအဖြစ် ပြည်ပတွင် သွားရောက်လုပ်ကိုင်နေသော ရွှေ့ပြောင်းလုပ်သား ငါးသောင်းနှင့် တသိန်းအကြား ပြန်လာဖွယ်ရှိသည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဧပြီလ နောက်ဆုံးအပတ်က အွန်လိုင်းဗီဒီယိုအစည်းအဝေးတခုတွင် ပြောကြားထားပါသည်။ ရွှေ့ပြောင်းသွားလာနေထိုင်ခြင်း ဆိုင်ရာ နိုင်ငံတကာ အဖွဲ့အစည်း (International Organization for Migration) ၏ ၂၀၂၀၊ ဧပြီလကုန်အထိ ခန့်မှန်းချက်အရ ပြည်ပမှ ရွှေ့ပြောင်းအလုပ်သမား ခြောက်သောင်းကျော် ပြန်လာပြီးဖြစ်သည်။ ပြည်တွင်းက အမျိုးသမီးအဖွဲ့အစည်းတချို့၏ ကနဦးလေ့လာချက်များအရ Covid-19 ကြောင့် အလုပ်လက်မဲ့ဖြစ်သွားသော အမျိုးသမီးများမှာ မိမိတို့ ရပ်ရွာသို့ ပြန်လည် ရောက်ရှိလာသည့် ပြည်ပရွှေ့ပြောင်းလုပ်ကိုင်သူတို့၏ အကူအညီယူပြီး အခြားနိုင်ငံများတွင် သွားရောက်လုပ်ကိုင်ရန် ဆန္ဒရှိနေကြကြောင်း၊ ပြည်ပမှ ပြန်လာသော သူများကလည်း တဘက်နိုင်ငံတွင် အလုပ်ရုံ၊ စက်ရုံတို့က တရားဝင်လမ်းကြောင်းမှ အလုပ်သမား ဆက်ပြီး မခေါ်လျှင်တောင် တရားမဝင်လမ်းကြောင်းကနေ သွားရောက်ရန် ဆန္ဒရှိနေကြကြောင်း မေးမြန်းတွေ့ရှိရပါသည်။ သည်အခြေအနေက လူကုန်ကူးမှုနှင့် လုပ်အားခေါင်းပုံဖြတ်ခြင်းတို့အတွက် စိုးရိမ်စရာ အနေအထားဖြစ်နေပါသည်။ အမျိုးသမီး ရွှေ့ပြောင်းလုပ်သားတို့မှာ သည်ကိစ္စတွင် ထိလွယ်ရှလွယ်အရှိဆုံး ဖြစ်နေပါသည်။

(ဂ) အိမ်တွင်းအကြမ်းဖက်မှု

၂၀၂၀၊ ဧပြီအတွင်း UN Women က ထုတ်ပြန်သော အစီရင်ခံစာတွင်  Covid-19 ရောဂါပိုး ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်ရန်အတွက် ပြည်သူများကို နေအိမ်၌သာနေကြရန် ပြဌာန်းပြီးနောက်ပိုင်း အမျိုးသမီးများ အိမ်တွင်းအကြမ်းဖက်မှု ခံရသည့်ရာခိုင်နှုန်း တိုးလာကြောင်း ပါရှိပါသည်။ Lockdown ချမှတ်ထားသည့် မတ်လအတွင်း ပြင်သစ်နိုင်ငံနှင့် ဆိုက်ပရပ်တို့တွင် ၃၀ ရာခိုင်နှုန်း၊ အာဂျင်တီးနားတွင် ၂၅ ရာခိုင်နှုန်း၊ စင်ကာပူတွင် ၃၃ ရာခိုင်နှုန်း အပြင် ကနေဒါ၊ ဂျာမနီ၊ ယူကေနှင့် အမေရိကန်နိုင်ငံတို့တွင်လည်း အမျိုးသမီး အိမ်တွင်းအကြမ်းဖက်ခံရနှုန်း တိုးလာခဲ့သည်။ အလုပ်အကိုင် မရှိခြင်း၊ ဝင်ငွေလျော့ပါးမှုကြောင့် ဖြစ်ရသည့် ဖိအားနှင့် နေအိမ်တွင်းမှာသာ အနေကြာ၍ ဖြစ်ပေါ်လာရသော စိတ်ပိုင်းဆိုင်ရာ ထွက်ပေါက်မှုတို့က အမျိုးသမီးများအပေါ် အကြမ်းဖက်ပြုမူစေနိုင်ပါသည်။

မြန်မာနိုင်ငံနှင့်ပတ်သက်ပြီး ယခင်တွေ့ရှိချက်များအရ အိမ်တွင်းအကြမ်းဖက်ခံရသော အမျိုးသမီးများမှာ ထုံးတမ်းစဉ်လာ (ဥပမာ – အတွင်းမီး အပြင်ကို မထုတ်ကောင်းဆိုသလို ယူဆချက်များ) ကြောင့်သော်လည်းကောင်း၊ မိသားစုအတွင်းတွင် ပါဝါအာဏာကြီးသူ၏ လွှမ်းမိုးမှုကို မကျော်လွှားနိုင်ခြင်းကြောင့် သော်လည်းကောင်း၊ တရားရေးဌာနများသို့ သတင်းပေးပို့ တိုင်ကြားရာ၌ ရှင်းလင်းလွယ်ကူမှု မရှိခြင်းနှင့် တရားရေးမဏ္ဍိုင်အပေါ် ယုံကြည်မှုနည်းခြင်းကြောင့် သော်လည်းကောင်း၊ အကူအညီပေးသော အခြားသော အဖွဲ့အစည်းများနှင့် မချိတ်ဆက်မိခြင်းကြောင့်လည်းကောင်း lockdown ကာလအတွင်း သတင်းပေးပို့တိုင်ကြားရန် အခက်အခဲ ရှိနေနိုင်ပါသည်။

 

၃။ အစိုးရဌာနများ၏ တုံ့ပြန်ဆောင်ရွက်ချက်များနှင့် အကြံပြုချက်များ

– ကူးစက်ရောဂါ ပျံ့နှံ့မှု ကာကွယ်ထိန်းချုပ်ရေးအတွက် ကျန်မာရေးနှင့် အားကစားဝန်ကြီးဌာန၏ သတိပေးချက်နှင့် သတင်းအချက်အလက်များ အချိန်နှင့်တပြေးညီ ထုတ်လွှင့်နေသည်ကို တွေ့ရပါသည်။ ပညာပေးခြင်း၊ သတင်းပေးခြင်း၊ လိုက်နာရန်စည်းရုံးလှုံ့ဆော်ခြင်းနှင့် လိုအပ်သည့် ကျန်းမာရေးဆိုင်ရာ အသုံးအဆောင်များ ဝေငှပေးရာတွင် ရပ်ရွာအဆင့် အစီအစဉ် ရေးဆွဲခြင်းတွင် အမျိုးသမီးများ ပါဝင်ရန်လိုအပ်သလို အစိုးရက ကူညီသောပစ္စည်းများကို အမျိုးသမီးများ လက်လှမ်းမီရယူနိုင်စေမှု သေချာသော အစီအမံ ဖြစ်ရန်လိုအပ်ပါသည်။ ထို့ပြင် ကပ်ရောဂါ ကူးစက်မှု ကာလအတွင်း မျိုးဆက်ပွားကျန်းမာရေး ဝန်ဆောင်မှုများကို အမျိုးသမီးတို့ ဆက်လက်ရရှိနိုင်ရေး အရေးကြီးပါသည်။ အထူးသဖြင့် အကူအညီနှင့် ဝန်ဆောင်မှုများကို လက်လှမ်းမီရယူနိုင်ရန် ခက်ခဲသော၊ ပဋိပက္ခကြောင့် စစ်ဘေးရှောင်နေရသော အမျိုးသမီးများနှင့် မသန်စွမ်းအမျိုးသမီးများထံသို့ အစိုးရဌာနနှင့် နိုင်ငံတကာအဖွဲ့အစည်းတို့၏ ကူညီမှုများ အပ်ကျမတ်ကျ ရောက်ရှိနိုင်မှု သေချာစေရန် အရေးကြီးပါသည်။

–  ထို့အတူ အထည်ချုပ်စက်ရုံကဲ့သို့ အမျိုးသမီး လုပ်သားဦးရေ ထူထပ်သော နေရာများတွင် အမျိုးသမီးများ ရေနှင့် ကျန်းမာသန့်ရှင်းရေးဆိုင်ရာ အထောက်အပံ့များ ယခုလို ကာလတွင် အမြန်ဆုံး ရရှိနိုင်ရန် လိုအပ်ပါသည်။

–  Covid-19 ၏ သက်ရောက်မှုကြောင့် စီးပွားရေးအကျပ်အတည်းများကို ဖြေရှင်းရန် နိုင်ငံတော်လှည့်ပတ်ရန်ပုံငွေ ကျပ် ဘီလီယံ ၁၀၀ ကို မတည်ပြီး အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများကို ၁ ရာခိုင်နှုန်းအတိုးနှုန်းဖြင့် ချေးပေးရန် စီစဉ်ထားပါသည်။ အမျိုးသမီးဦးဆောင်သော စီးပွားရေးလုပ်ငန်းများအတွက်လည်း ဦးစားပေးထည့်သွင်းစဉ်းစား စေချင်ပါသည်။ ထို့အပြင် အမျိုးသမီးဦးဆောင်ရသော လုပ်ငန်းမှန်သော်လည်း လုပ်ငန်းမှတ်ပုံတင်မှုမှစပြီး လုပ်ငန်းဆိုင်ရာ ဘဏ်အကောင့်နှင့် အခြားသော အရေးပါသော စာရွက်စာတမ်းများတွင် အိမ်ထောင်ဦးစီး အမျိုးသားနာမည်များသာ ဖြစ်တတ်၍ အမျိုးသမီးများအတွက်ဟူသော ခေါင်းဆောင်အောက်တွင် အမျိုးသမီးများ အမှန်တကယ် မခံစားရသည်များလည်း ရှိပါသည်။ အမျိုးသမီးများ ငွေကြေးဆိုင်ရာ အရင်းအမြစ်နှင့် လုပ်ငန်းပံ့ပိုးရေးဆိုင်ရာ အရင်းအမြစ်များ ရယူနိုင်မှု သေချာစေရန် အစီအမံများ ထည့်သွင်းသင့်ပါသည်။

– ဥရောပသမဂ္ဂ (EU) က အထည်ချုပ်စက်ရုံအလုပ်သမားများကို အကူအညီပေးရန် မတည်ထားသော “မြန်ကူ” ရန်ပုံငွေဖြင့် စက်ရုံမှ အလုပ်ပြုတ်သွားသော အလုပ်သမား အယောက် ရှစ်သောင်းခန့်ကို တလလျှင် ကျပ်ခုနစ်သောင်းခွဲဖြင့် သုံးလစာ၊ လုပ်ခလစာမပေးဘဲ အလုပ်ရှင်ထွက်ပြေး (သို့မဟုတ်) ပိတ်သွားသော စက်ရုံများမှ အလုပ်ပြုတ်သွားသော အလုပ်သမား ရှစ်ထောင်ဦးအတွက် တလလျှင် ကျပ် တသိန်းနှစ်သောင်းခွဲ ထောက်ပံ့မည်ဟု သိရသည်။ ထို့အပြင်  လတ်တလောတွင် ကုမ္ပဏီနှင့် စက်ရုံတွင် ၎င်းတို့အတွက် အလုပ်မရှိသဖြင့် ရပ်နားထားရသော အမျိုးသမီးဝန်ထမ်း ငါးထောင်ခန့်အတွက်လည်း ပံ့ပိုးမည်ဟု သိရသည်။ အကူအညီကို ရယူထားသော အလုပ်သမားများ နောင် သုံးလလအလွန်ကာလတွင် ဆက်လက်ရှင်သန်နိုင်ရေးအတွက် အလုပ်အကိုင်ဖန်တီးရေးကိစ္စများကို အစိုးရဌာနနှင့်အခြားသောမိတ်ဘက် အဖွဲ့အစည်းများ ကြိုတင်ပြင်ဆင်ထားသင့်ပါသည်။

– အလုပ်ရှင်က ၃ ရာခိုင်နှုန်းနှင့် အလုပ်သမားက ၂ ရာခိုင်နှုန်း ထည့်ဝင်ကြသော လူမှုဖူလုံရေးကြေးထံမှ ခံစားခွင့် ရရှိစေရန်အတွက် အစိုးရက စီမံဆောင်ရွက်ပေးနေသော်လည်း တနိုင်ငံလုံး အလုပ်သမားဦးရေ ၂၂ ဒသမ ၄၅ သန်းအနက် ၆ ဒသမ ၇ ရာခိုင်နှုန်းသာ လူမှုဖူလုံရေးကြေး ထည့်ဝင်ထားသည်ဟု စာရင်းများအရ သိရသည်။ ယခု အထည်ချုပ်စက်ရုံများတွင် ဖြစ်ပွားလျက်ရှိသည့် အလုပ်သမားက ထည့်ဝင်လျက် အလုပ်ရှင်ဘက်က ထိန်ချန်ပြီး မပေးဆောင်သည့် ပြဿနာကို အစိုးရအနေနှင့် တင်းကျပ်စွာ ကိုင်တွယ်သင့်ပါသည်။

– ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ မြစိမ်းရောင်ကျေးရွာစီမံကိန်းအောက်တွင် မိသားစုဝင်ငွေတိုးပွားရေး လုပ်ငန်းလုပ်ဆောင်နိုင်ရန်အတွက် ချေးငွေများ ထုတ်ချေးသည့်အစီအစဉ်ရှိပါသည်။ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အကုန်တွင် အဆိုပါစီမံကိန်းဖြင့် ချေးငွေလည်ပတ်နိုင်မှုကို အိမ်ထောင်စု ၅၇၇၄၆၅ ခု အကျိုးခံစားခွင့်ရရှိကြောင်း စီမံကိန်းဝဘ်ဆိုက်တွင် ဖော်ပြထားသော အချက်အလက်များအရ သိရသည်။ ထိုအထဲတွင် အမျိုးသမီးများ ဝင်ငွေတိုးတက်ရေးအတွက် ချေးထားသော ချေးငွေများလည်း အကျုံးဝင်သည်။ Covid-19 ကြောင့် ဖြစ်ရသော စီးပွားရေးအကျပ်အတည်းကာလတွင် အဆိုပါ ချေးငွေများကို ကျေးလက်နေလူထုထံသို့ ပိုမိုထိရောက်စွာ ရရှိနိုင်ရေးနှင့် လက်ရှိ ချေးငွေပြန်ဆပ်ရန် အကျပ်အတည်း ဖြစ်နေသော အမျိုးသမီးများကိုလည်း ပိုမိုကူညီသင့်ပါသည်။ ကပ်ရောဂါဖြစ်ပွားသည့်ကာလအတွင်းတွင် ပုဂ္ဂလိကပိုင် အသေးစားချေးငွေလုပ်ငန်းများ၏ ချေးငွေများကို ပိုမိုအားထားရခြင်းနှင့် ပြန်မဆပ်နိုင်သည့် ပြဿနာများ ရှိနေပါသည်။ သည်ပြဿနာများကို ပြေလည်စေရန်လည်း ကနဦး တုံ့ပြန်အစီအစဉ်များ ပြုလုပ်သင့်ပါသည်။

– အစိုးရက ရပ်ရွာအခြေခံအဆောက်အုံများ တည်ဆောက်ခြင်းအားဖြင့် လုပ်အားဖြင့်ဝင်ငွေရစေခြင်း (Cash for Work) အကောင်အထည်ဖော်ရန် စီစဉ်လျက်ရှိပါသည်။ သို့သော် ၎င်းအစီအစဉ်များတွင်ပါဝင် လုပ်ဆောင်ရန်မှာ ပြည်တွင်းသို့ ပြန်လာသော ရွှေ့ပြောင်းလုပ်သားများ၏ ကျွမ်းကျင်ပိုင်နိုင်မှုနှင့် ကွာဟချက်ကြောင့် အခက်အခဲဖြစ်နိုင်ပါသည်။ ကျွမ်းကျင်ရာကဏ္ဍအလိုက် လုပ်သား အသုံးပြုနိုင်မှု အရေးကြီးပါသည်။ အမျိုးသမီးများကိုလည်း စီမံကိန်းများတွင် ပါဝင် အလုပ်ပေးနိုင်ရန်လိုအပ်ပါသည်။

– ယခုကာလတွင် လူကုန်ကူးမှု တားဆီးရေးနှင့် ပညာပေးရေးကိုလည်း အရှိန်အဟုန်မြှင့် ဆောင်ရွက်သင့်ပါသည်။ သက်ဆိုင်ရာ အစိုးရဌာနများနှင့် နိုင်ငံတကာအဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါသည်။

– Covid-19 နှင့်အတူ စီးပွားရေးပုံသဏ္ဍန်နှင့် လုပ်သားတို့၏ လုပ်အားအသုံးပြုမှု/ လုပ်အားလိုအပ်မှု ပုံစံတို့မှာ ပြောင်းလဲလာပြီး နည်းပညာကို အခြေခံသော စီးပွားရေးလုပ်ငန်းများ ပိုမိုဖြစ်ထွန်းဖွယ်ရှိပါသည်။ ထို့အတွက် အနာဂတ် စီးပွားရေးပုံသဏ္ဍန်တွင် အမျိုးသမီးများ ပါဝင်လုပ်ကိုင်နိုင်ရေးအတွက်လည်း ဆောင်ရွက်ပေးသင့်သည်။ “အမျိုးသမီးနှင့် နည်းပညာ” ဆိုသည့် ဦးစားပေးကဏ္ဍများနှင့် အမျိုးသမီးတို့ နည်းပညာ ကျွမ်းကျင်စွာအသုံးပြုရေးနှင့် နည်းပညာအားဖြင့် စီးပွားရေးလုပ်ငန်း လုပ်ဆောင်နိုင်အောင် အားပေးသင့်ပါသည်။

– Covid-19 ကာလအတွင်း အမျိုးသမီးများ အကြမ်းဖက်မှု ကာကွယ်တားဆီးရေးအတွက် အိမ်တွင်းအကြမ်းဖက်မှုအပါအဝင် အခြားသော အကြမ်းဖက်မှုများကို ၂၄ နာရီ ဆက်သွယ် တိုင်ကြားနိုင်သော ဖုန်းနံပါတ်များကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ထုတ်ပြန်ကြေညာထားပါသည်။ အကြမ်းဖက်ခံရသော အမျိုးသမီးများကို နှစ်သိမ့်ဆွေးနွေးပေးသော ဝန်ဆောင်မှုများကိုလည်း လူမှုကူညီရေးအဖွဲ့အစည်းများက ဆောင်ရွက်လျက်ရှိပါသည်။ သို့သော် ပုံမှန်အခြေအနေဆိုလျှင်ပင် တရားရေးဌာနများ၏ တုံ့ပြန်မှုမှာ အလွန်နှေးကွေးပါသည်။ တရားရေးဌာနများ၏ လုပ်ဆောင်ချက်များကိုလည်း ပိုမိုမြန်ဆန်အောင်နှင့် ကျူးလွန်ခံရသူများ တရားရေးဌာနများနှင့် ချိတ်ဆက်မှု လွယ်ကူအောင်ကိုလည်း အဆိုပါတရားရေးဌာနများကလည်း ပူးပေါင်းဆောင်ရွက်သင့်သည်။

 

ကိုးကား

– “Weaving Gender: Challenges and Opportunities for the Myanmar Garment Industry” conducted by ILO, 2019

– https://time.com/5829202/covid-19-gender-differences/

– https://www.bbc.com/future/article/20200409-why-covid-19-is-different-for-men-and-women

– https://www.unwomen.org/-/media/headquarters/attachments/sections/library/publications/2020/issue-brief-covid-19-and-ending-violence-against-women-and-girls-infographic-en.pdf?la=en&vs=5348

– https://www.amp.com.au/insights/COVID-19/women-and-future-at-work

– The Policy Brief, The Impact of Covid-19 on Women by United Nations https://www.un.org/sites/un2.un.org/files/policy_brief_on_covid_impact_on_women_9_apr_2020_updated.pdf

– https://www.irrawaddy.com/specials/myanmar-covid-19/eu-pledges-support-for-women-garment-factory-workers-in-myanmar.html

– ISP- Myanmar Special Series No.2, Covid-19 and Myanmar, May 2020

– GSMA. 2016. Mobile phones, internet, and gender in Myanmar. London, UK.

Aye Lae Htun

အေးလဲ့ထွန်းသည် University of Queensland, Australia မှ ဖွံ့ဖြိုးရေးဆိုင်ရာ မဟာဘွဲ့ (၂၀၁၅) နှင့် International Institute of Social Studies, Netherlands ကျား-မရေးရာ၊ လူ့အခွင့်အရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာ မဟာဘွဲ့ (၂၀၁၆) ကိုရရှိထားပြီး လက်ရှိတွင် ပညာအလင်းပွင့်မြန်မာ သုတေသနဖောင်ဒေးရှင်း (EMRef) တွင် အကြီးတန်းပရိုဂရမ်မန်နေဂျာအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိကာ ကျား-မ ရေးရာနှင့် မီဒီယာသုတေသနများကို အဓိကလုပ်ဆောင်လျက်ရှိပါသည်။

Related article
မြန်မာနိုင်ငံနှင့် ကိုဗစ်ကာကွယ်ဆေး ထိုးနှံနိုင်မှု အလားအလာ

မြန်မာနိုင်ငံနှင့် ကိုဗစ်ကာကွယ်ဆေး ထိုးနှံနိုင်မှု အလားအလာ

မြန်မာနိုင်ငံက အခုအချိန်မှာ လူပေါင်း ၁ ဒသမ ၇ သန်းကို ကာကွယ်ဆေး ထိုးနှံ ပြီး…

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါနှင့်  လော့ခ်ဒေါင်းမှတ်စု  (လော့ခ်ဒေါင်းနှင့်အတူနေထိုင်ခြင်း)

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါနှင့် လော့ခ်ဒေါင်းမှတ်စု (လော့ခ်ဒေါင်းနှင့်အတူနေထိုင်ခြင်း)

လော့ခ်ဒေါင်းချ ဆောင်ရွက်တဲ့ အခါမှာ ဆင်းရဲတဲ့အိမ်ထောင်စုတွေ၊ အလုပ်အကိုင် ဆုံးရှုံးသွားသူတွေ၊ ချို့တဲ့အားနည်းတဲ့ လူတွေအတွက်လည်း အဓိကစဉ်းစားပေးပြီး ကုစားရေး…

တရုတ်နိုင်ငံ၏ ကိုဗစ်-၁၉ကာကွယ်ဆေး သံတမန်လှုပ်ရှားမှုနှင့် မြန်မာနိုင်ငံအတွက် အလားအလာ

တရုတ်နိုင်ငံ၏ ကိုဗစ်-၁၉ကာကွယ်ဆေး သံတမန်လှုပ်ရှားမှုနှင့် မြန်မာနိုင်ငံအတွက် အလားအလာ

တရုတ်နိုင်ငံဟာ ကာကွယ်ဆေးကို အများကောင်းကျိုးအဖြစ် အသုံးပြုမယ်၊ မြန်မာနိုင်ငံစတဲ့ မိတ်ဖက်နိုင်ငံတွေကို ဦးစားပေးဖြန့်ဝေမယ် ဆိုတာဟာ စေတနာကောင်းရင်တောင် လက်တွေ့…

Discussion about this post

Leave a Reply

Your email address will not be published. Required fields are marked *

Type your search keyword, and press enter to search