Menu & Search

Lဂျာနန်အားမေးမြန်းခြင်း

May 28, 2020

မေး။       ။ ကချင်ပြည်နယ်မှာ ကိုရိုနာဗိုင်းရပ်စ် ရောဂါတားဆီး ကာကွယ်ရေး လုပ်ငန်းစဉ်တွေကို အစိုးရနဲ့ KIO အဖွဲ့  တို့ အကြား ဘယ်လို ပူးပေါင်း လုပ်ဆောင်နေကြလဲ။  အထူးသဖြင့် KIO ရဲ့ အခန်းကဏ္ဍက ဘယ်လိုရှိလဲ။

ဖြေ။      ။ ကိုဗစ်ကိစ္စမှာ အစိုးရဘက်ကလည်း မတ် ၂၈၊ ၂၉ ပတ်ဝန်းကျင်တုန်းက EAOs တွေကို ကိုဗစ်နဲ့ ပတ်သတ်လို့ ဝိုင်းဝန်း ဆောင်ရွက်ဖို့ စာတစောင်ပို့ခဲ့တယ်။ အဲ့ဒီအခြေအနေမှာ KIO အနေနဲ့က ပြောမယ်ဆိုရင် KIO က ဖေဖော်ဝါရီ ၇ ရက်ကတည်းက ကေအိုင်အို Covid-19 ရောဂါကာကွယ်နှိမ်နှင်းရေး ကော်မတီ(ကချင်)ဆိုပြီးတော့ သူတို့က ဖွဲ့ထားတယ်။ ဒါလည်း KIO အနေနဲ့ ကျမနားလည်သလောက်က သူတို့ရဲ့ ထိန်းချုပ်တဲ့ ဒေသမှာ ကိုဗစ်-၁၉ နဲ့ ပတ်သတ်ပြီးတော့ ကာကွယ်ထိန်းချုပ်ဖို့အတွက်၊ Awareness ပေးဖို့အတွက် စသဖြင့် ဌာနပေါင်းစုံပါဝင်တဲ့ ကော်မတီတခုကို ဖွဲ့ခဲ့တယ်။ အဲ့ဒါကြောင့် ကိုဗစ်နဲ့ ပတ်သတ်ရင် KIO ကတော့ သူရဲ့ အုပ်ချုပ်တဲ့ နယ်မြေဒေသမှာ သူတို့ကလည်း ပြည်သူတွေကို ကိုဗစ်နဲ့ပတ်သတ်တဲ့ ကာကွယ် ထိန်းချုပ်မှုတွေ၊ ပညာပေးတာတွေ၊ ကုသမှုတွေ အတွက်လည်း သူတို့ရဲ့ ပြင်ဆင်ချက်တွေနဲ့ လုပ်ဆောင် နေကြတယ်ပေါ့။ ဒါကတော့ KIO အနေနဲ့ သူတို့ရဲ့ အုပ်ချုပ်မှု နယ်မြေမှာ သူတို့လုပ်နေတာပေါ့။ အဲ့တော့ အစိုးရနဲ့ ညှိနှိုင်း ဆောင်ရွက်မှုကိစ္စက အစိုးရရယ်၊ EAOs တွေရယ် ပူးပေါင်း ဆောင်ရွက်ဖို့ ကိုဗစ်ကော်မတီကို ဖွဲ့စည်းပြီးတဲ့နောက်မှာ အစိုးရရဲ့ ကိုဗစ်ကော်မတီကလည်း EAOs တွေအားလုံးကို အသိပေးအကြောင်းကြားတာရှိတယ်။ ညှိနှိုင်းဆောင်ရွက်ကြဖို့ပေါ့လေ။ အဲ့ဒီအပေါ်မှာလည်း KIO ကတော့ အစိုးရနဲ့ ညှိနှိုင်းဆောင်ရွက်ဖို့အတွက်၊ ပူးပေါင်းဖို့အတွက် သူတို့လည်း ကော်မတီရှိတယ်ဆိုတာ အကြောင်းကြားတာပေါ့လေ။ အပြန်အလှန် အကြောင်းကြားမှုတွေတော့ ရှိတယ်။

ညှိနှိုင်းဆောင်ရွက်မှု အသေးစိတ်ကတော့ မေ ၁၃ ရက်မှာ ကချင်ပြည်နယ် အစိုးရနဲ့ KIO ကိုဗစ်ကော်မတီတို့ တွေ့ဆုံမှုတွေ ရှိခဲ့တယ်ပေါ့လေ။ တကယ်တမ်းကျ အဲဒီလို တွေ့ဖို့ဖြစ်လာတဲ့ ဇာတ်လမ်းက ကျမ နားလည်တာတော့လေ၊ ကချင် အတိုင်ပင်ခံအဖွဲ့ကနေ ဦးဆောင်ပြီးတော့ COVID Concern and Response Committee – Kachin ဆိုပြီးတော့ ဘာသာရေးခေါင်းဆောင်တွေ၊ အရပ်ဘက် CSOs ခေါင်းဆောင်တွေ ဦးဆောင်ပြီးတော့ လူထုက ဖွဲ့ထားတဲ့ COVID Response Committee ရှိတယ်။ အဲ့ဒီကော်မတီက KIO ကိုဗစ်ကော်မတီနဲ့ သွားတွေ့ဖို့ဆိုပြီးတော့ Peace Creation Group(PCG) ကနေတဆင့် သူတို့ဟိုဘက်ကို သွားမယ်ဆိုတာ         အစိုးရကို အကြောင်းကြားတယ်။ ကချင်ပြည်နယ်အစိုးရကို အကြောင်းကြားပြီးတော့ NRPC ကိုလည်း အသိပေးတယ်ပေါ့။ အဲ့ဒီအပေါ်မှာ NRPC အနေနဲ့ကတော့ သူတို့ချည်းပဲ သွားလို့မရဘူး။ ကချင်ပြည်နယ် အစိုးရပါပြီးမှ သွားရမယ်လို့ ပြောလာတာမျိုးရှိတယ်လို့ သိရတယ်။ အဲ့လိုနဲ့ ဇာတ်လမ်းက KIO နဲ့ ညှိနှိုင်းပြီးတော့ အဲ့ဒီလူထုကဖွဲ့ထားတဲ့ ကိုဗစ်ကော်မတီသွားမယ့် အစီအစဉ်မှာ ပြည်နယ်လူမှုရေးဝန်ကြီး ဦးဆောင်တဲ့ အစိုးရအဖွဲ့ တွေလည်း ပါဝင်ပြီးတော့ KIO ကိုဗစ်ကော်မတီနဲ့ တွေ့ဖို့ဆိုပြီးတော့၊ နောက်ဆုံးတော့ အပြန်အလှန်ညှိနှိုင်းမှုတွေ လုပ်ပြီးတော့ ၁၃ ရက်နေ့က တွေ့ဖြစ်ခဲ့ပြီပေါ့လေ။ အဲ့လိုတွေ့ဆုံဆွေးနွေးတဲ့အခါမှာ မီဒီယာ သတင်းအချက်အလက်တွေ အရ KIO အနေနဲ့က ဒီကိုဗစ်ကိစ္စမှာ ပူးပေါင်းဆောင်ရွက်ဖို့လိုမယ်၊ ကိုဗစ်နဲ့ ပတ်သက်တဲ့ လိုအပ်တဲ့ သင်တန်းတွေ ပေးဖို့၊ လိုအပ်တဲ့အထောက်အပံ့တွေအတွက် ညှိနှိုင်းဆောင်ရွက်ဖို့ လိုတယ်လို့ ပြောခဲ့တယ်။ ပြီးတော့ KIO အနေနဲ့က ကိုယ်တိုင်လုပ်တာလည်းရှိမယ်၊ ပူးပေါင်းဆောင်ရွက်ဖို့လည်း ရှိမယ်ဆိုတဲ့ သဘောမျိုး ပြောခဲ့တာကို သတင်းမှာ ဖတ်ရတာပေါ့လေ။ အဲ့ဒီဇာတ်လမ်းပြီးသွားတော့ ကချင်ပြည်နယ်အစိုးရအဖွဲ့ရဲ့ ညွှန်ကြားရေးမှူးက မီဒီယာမှာ ပြောခဲ့တဲ့ အချက်ကြောင့် အခုက အဆင်မပြေမှုတွေ ပြန်ဖြစ်သွားတာပေါ့လေ။ မီဒီယာမှာ ပြောခဲ့တာကတော့ KIO ကနေ NRPC ကို အကူအညီတောင်းခံတဲ့ အတွက်ကြောင့် ပြည်နယ်အစိုးရကနေ သွားပြီးအထောက်အပံ့တွေ ပေးခဲ့တာမျိုးတွေ ဖြစ်တယ် ဆိုတာမျိုးတွေပေါ့။ အဲဒီဟာက မမှန်ကန်တဲ့အကြောင်း၊ သူတို့ဘက်ကလာပေးတဲ့ ပစ္စည်းက စေတနာမမှန်တဲ့ အခါ ယူဖို့မရှိကြောင်း အဲ့လိုဟာမျိုးတွေ အပြန်အလှန် ပြန်ရေးတာတော့ မီဒီယာမှာ တွေ့ရပါတယ်။ အခြေအနေ ကတော့ အစိုးရဘက်က အဲ့လိုပြောဆိုလာမှုမှာ KIO ဘက်က အိတ်ဖွင့်ပေးစာမှာ ရေးထားချက်အရတော့ ဒါက အစိုးရဘက်ကနေ အမြတ်ထုတ်တယ်ဆိုတဲ့ဟာမျိုးလို ခံစားချက်တွေတော့ ရှိသွားကြတာပေါ့။ နောက်ဆုံးကတော့ အဲ့ဒီအခြေအနေမှာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စ ဖြစ်လာမလားဆိုတဲ့ မျှော်လင့်ချက်ရှိခဲ့ပေမဲ့ အခုအဲ့ဒီ ပြောဆိုခဲ့မှုတွေကြောင့် ယုံကြည်မှုပြန်တည်ဆောက်ရမယ့် အနေအထားမှာတော့ ရောက်ရှိ နေတယ်။ ဒါလောလောဆယ် ကျမ တွေ့ရတဲ့ အခြေအနေပါ။

 

မေး။       ဒုတိယမေးခွန်းကတော့ ဆရာမတို့ ကချင်ဒေသမှာ ကိုဗစ်၁၉ နဲ့ ပတ်သတ်ပြီး အရပ်ဘက်အဖွဲ့အစည်းတွေ အကြား ပူးပေါင်းဆောင်ရွက်မှု အခြေအနေက ဘယ်လိုရှိနေပြီလဲ။

ဖြေ။       ကချင်ပြည်နယ်မှာ အထူးသဖြင့် တရုတ်ပြည်ဘက်နဲ့ အခြားဒေသတွေက ပြန်လာတဲ့ လူတွေကို ထားတဲ့ Quarantine Center တွေမှာ လူငယ်တွေကနေပြီးတော့ Volunteer တွေ လုပ်ဖို့အတွက် ဖွဲ့စည်းထားတဲ့ Kachin State COVID-19 Prevention Network (KsC19PN) ဆိုတာ ရှိပါတယ်။ ပြီးတော့ ဘာသာရေးခေါင်းဆောင်တွေ၊ CSOs အချို့ ပါဝင်ပြီးတော့ ဖွဲ့စည်းထားတဲ့ Covid Concern and Response Committee ဆိုတာလည်း ရှိတယ်။ အဲ့ဒီမှာ ဘာသာရေးအသင်းအဖွဲ့တွေရော ပူးပေါင်းလုပ်မယ်ဆိုတဲ့ အဖွဲ့တခုလည်း ရှိတယ်။ လူငယ်အဖွဲ့တခုလည်း ရှိတယ်။ ပြီးတော့ သက်ဆိုင်ရာအဖွဲ့အစည်းအသီးသီး၊ အထူးသဖြင့် IDPs Camp ကို ကြည့်ရှုနေကြတဲ့ သက်ဆိုင်ရာ အဖွဲ့အစည်း အသီးသီးကလည်း Camp မှာ ရှိတဲ့ လူတွေအတွက် ကိုဗစ်ကာကွယ်ရေးကိစ္စတွေကို လုပ်ပေးနေတာလည်း ရှိတယ်။ အသိပညာပေးတာတွေ၊ လက်ဆေးဖို့အတွက် နေရာတိုးချဲ့ ပြင်ဆင်ပေးတာမျိုး တွေ၊ Mask ပေးတာတွေ စသဖြင့်ပေါ့လေ။ တဖွဲ့ချင်းစီကလည်း သူတို့တာဝန်ယူကြည့်ရှုနေကြတဲ့ Camp တွေမှာ ဆောင်ရွက်နေကြတာမျိုးတွေ ရှိတယ်။ အဲ့ဒီတော့ ပူးပေါင်းဆောင်ရွက်နေတာကတော့ ဘာသာရေးအဖွဲ့အစည်း တွေ ပါတဲ့အဖွဲ့ရယ်၊ နောက်တခုက လူငယ်အဖွဲ့ရယ်ကတော့ Quarantine Centerတွေမှာ လုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။

 

မေး။       ။ နောက်ဆုံးမေးခွန်းက ကချင်ပြည်နယ်ဒေသအတွင်းမှာရှိတဲ့ လိုအပ်ချက်တွေနဲ့၊ ကူးစက်ရောဂါကို ထိရောက်စွာ ဟန့်တားနိုင်ဖို့ ဆရာမရဲ့ အကြံပြုချက်တွေက ဘာတွေ ဖြစ်မလဲ။

ဖြေ။       ကျမကတော့ ဒီတနိုင်ငံလုံးအတိုင်းအတာနဲ့ သူများနိုင်ငံမှာ လုပ်နေတဲ့ဟာနဲ့၊ ကိုယ့်နိုင်ငံမှာ လုပ်နေတဲ့ ဟာကို ကြည့်တဲ့အခါမှာ လောလောဆယ် လုပ်ဆောင်နေကြတဲ့အရာတွေကို ပိုပြီးတော့ ထိထိရောက်ရောက်နဲ့ လုပ်ဆောင်နိုင်ဖို့၊ ကချင်ပြည်နယ်မှာလည်း ဆက်လုပ်နိုင်ဖို့ မျှော်လင့်ပါတယ်။ ဥပမာ အပြင်က ပြန်ရောက်လာတဲ့ သူတွေကို Quarantine Center တွေမှာ သေချာလေး နေနိုင်ဖို့၊ Center တွေမှာလည်း လိုအပ်တဲ့ ကိစ္စတွေကို ဝိုင်း ပြီးတော့ လုပ်ဆောင်ပေးဖို့၊ ပြန်လာတဲ့ လူတွေကိုယ်စီက Quarantine Center တွေဆီ အရောက်သွားနိုင်ဖို့ အားလုံးဝိုင်းပြီးတော့ ဆောင်ရွက်ပေးရမယ်။ အဲ့လိုမှ မဟုတ်ရင် Silent Carrier တွေများလာနိုင်ပြီး ပိုပြီးတော့ အန္တရာယ်ရှိလာမယ်။ ပြည်ပအရပ်ရပ် တရုတ်ပြည်ကဖြစ်ဖြစ်၊ မလေးရှားကဖြစ်ဖြစ်၊ ထိုင်းကဖြစ်ဖြစ် ပြန်လာတဲ့ လူတွေ အများကြီးရှိတယ်။ အဲ့ဒီဟာကို Center တွေမှာ စနစ်တကျ ရောက်ရှိဖို့အတွက်၊ တကယ်လို့ အစိုးရတွေ မသိဘဲနဲ့၊ သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးတွေ မသိဘဲနဲ့ ရောက်ရှိတယ်ဆိုရင် Center တွေကို ပို့ဆောင်ပြီးတော့ အဲ့မှာပဲ သတ်မှတ်ထားတဲ့ အချိန်ကာလအထိ နေဖို့လိုပါတယ်။ အဲ့လိုအလုပ်တွေမှာတော့ ပြည်သူတွေရော၊ အဖွဲ့အစည်းတွေရော ဝိုင်းပြီးတော့ ထိထိမိမိဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ ဒါကတော့ ကျမ အထူးသဖြင့် ပြောချင် တာပါ။ တရုတ်ပြည်နယ်၊ လွယ်ဂျယ်ဂိတ်က ပြန်လာတဲ့ အနယ်နယ်အရပ်ရပ်ကလူတွေဟာ မြစ်ကြီးနားမှာ တထောက်နားကြရတယ်။ အစပိုင်းမှာ Volunteer လူငယ်တွေဟာ ပစ္စည်းမလုံလောက်တာတွေ ရှိတယ်။ အစားအသောက် မလုံလောက်တာတွေ ရှိတယ်။ လုံလုံလောက်လောက် မရှိဘဲနဲ့ ခက်ခက်ခဲခဲ ကူညီနေရတာတွေ ရှိတယ်။ ခုနောက်ပိုင်းတော့ နည်းနည်းအဆင်ပြေလာလားမသိဘူး။ ဒါပေမဲ့  Volunteer တွေလည်း Quarantine Center တွေမှာ အလုပ်လုပ်ကြတဲ့အခါ သူတို့ကိုလည်း ရောဂါကနေ ကာကွယ်ဖို့အတွက် သူတို့အတွက် လုံလောက်တဲ့ ကာကွယ်ထိန်းချုပ်တဲ့ ပစ္စည်းတွေ အလုံအလောက် ရှိဖို့လိုတယ်၊ ဆက်ပြီးတော့ လုပ်ဖို့ လိုအပ်မယ်။ Quarantine Center တွေမှာ ရောက်ရှိနိုင်ဖို့ အရေးကို အားလုံးဝိုင်းပြီး ဆောင်ရွက်နိုင်ဖို့ လိုပါတယ်။

L Ja Nan

L ဂျာနန်သည် ငြိမ်းဖောင်ဒေးရှင်း (shalom) ၏ အမှုဆောင် ဒါရိုက်တာဖြစ်ပါသည်။

Related article
ဒေါက်တာဖေသက်ခင်အားမေးမြန်းခြင်း

ဒေါက်တာဖေသက်ခင်အားမေးမြန်းခြင်း

Healthcare System တခုလုံးမှာ အားနည်းချက်ကလေး တွေရှိတယ်။ ဒါတွေကိုလည်း ကျနော်တို့က Systems thinking ပေါ့နော်။…

ကိုဗစ်-၁၉ ကူးစက်ကာလနှင့် ကျား-မ ကွဲပြားမှု မမျှတသည့် ဝန်ထုပ်ဝန်ပိုး( ဦးအောင်မျိုးမင်းအား မေးမြန်းခြင်း)

ကိုဗစ်-၁၉ ကူးစက်ကာလနှင့် ကျား-မ ကွဲပြားမှု မမျှတသည့် ဝန်ထုပ်ဝန်ပိုး( ဦးအောင်မျိုးမင်းအား မေးမြန်းခြင်း)

အမျိုးသမီးတွေကတော့ အိမ်ထောင့် တာဝန်ထမ်းရမယ်ဆိုတဲ့ သတ်မှတ်ချက်တွေကြောင့် သာမန်ကျန်းမာရေးအပူတွေတင်မကဘဲ အမျိုးသမီးတွေမှာ အိမ်ထောင်နဲ့ ပတ်သက်ပြီးတော့ ငွေကို ဘယ်လိုမျိုးလောက်အောင်သုံးရမလဲ၊…

ဒေါက်တာသောင်းထွန်းအား မေးမြန်းခြင်း

ဒေါက်တာသောင်းထွန်းအား မေးမြန်းခြင်း

စိတ်ပိုင်းဆိုင်ရာ ကျဆင်းမှု၊ အရက်ပြဿနာ၊ မူးယစ်ဆေးဝါး ပြဿနာ ဒါတွေဟာ ကျေးလက်မှာ တော်တော့်ကို ကြီးကြီးမားမား ရှိနေတယ်။…

Discussion about this post

Leave a Reply

Your email address will not be published. Required fields are marked *

Type your search keyword, and press enter to search