Menu & Search

ဒေါက်တာသောင်းထွန်းအား မေးမြန်းခြင်း

May 28, 2020

မေး။             ။ အခုအချိန်မှာ COVID-19 ကူးစက်ကပ်ဘေး ကိစ္စကလည်း ဖြစ်နေတယ်။ သိပ်မကြာခင်မှာ မိုးရာသီလည်း လာတော့မယ်။ မိုးရွာတော့မယ်ဆိုတော့ ဒီလို ပြန်လည် ထူထောင်ရေးလုပ်ငန်းတွေ ဆောင်ရွက်စဉ်ကာလမှာ လယ်ယာကဏ္ဍအတွက် ဘယ်လို မျိုး ပြင်ဆင်ထားသင့်တယ်လို့ မြင်ပါသလဲ။ ကျေးလက်မှာ COVID-19 ရောဂါ ကူးစက်မှု၊ လူထုတွေက သဘောပေါက်နားလည် မှု ဘယ်လို ရှိပါသလဲ။

 ဖြေ။            ။  ခု COVID-19 ကူးစက်ကပ်ဘေး ဖြစ်နေတဲ့ အချိန်မှာ ကျနော်တို့ Semi-Lockdown တွေပေါ့နော်။ တပိုင်းတစ ပိတ်ဆို့ မှုသဘော၊ အသွားအလာ ကန့်သတ်တာတွေ၊ ခရီးသွားလာမှု ကန့်သတ်တာတွေ၊ လူမှုရေးအရ ခပ်ဝေးဝေးနေခိုင်းတာ (Social Distancing)တွေ၊ ဒါတွေ ဆောင်ရွက်နေကြတော့ ကျေးလက်တွေမှာလည်း တနည်းတဖုံတော့ ရိုက်ခတ်မှု ရှိပါတယ်။ ဥပမာ-ကျေးလက်ကနေ မြို့ပြကို သွားတယ်၊ စျေးဝယ်တယ် ဆိုတဲ့နေရာတွေမှာ စစ်ဆေးရေးဂိတ်တွေ ရှိမယ်၊ စစ်ဆေးမယ်။ ယာဉ်တစီးထဲကို လူငါးယောက်ထက်ပို မစီးရဘူး စသဖြင့်ပေါ့။ သို့သော်လည်းပဲ COVID-19 ထိန်းချုပ်ရေးအတွက် ချမှတ်ထား တဲ့ သွားလာမှု၊ လူစုရုံးမှု ကန့်သတ်မှုတွေက ကျေးလက်ရဲ့  လူမှုစီးပွားရေးကို (ကျနော် ခုလောလော ဆယ် နေထိုင်နေတဲ့ ဧရာဝတီတိုင်းမှာတော့) သိပ်အများကြီး ရိုက်ခတ်မှု မရှိပါဘူး။ ဘာလို့ဆိုတော့ ကျေးလက်ရဲ့ လုပ်ငန်း ခွင် သဘောတရား၊ နေထိုင်မှု ပုံစံကိုက မြို့ပြနဲ့ မတူပါဘူး။ တအိမ်နဲ့ တအိမ်၊ သူ့ခြံ သူ့ဝန်းနဲ့ နေတာများတယ်။ ဒီတော့ Social Distancing က နေထိုင်မှု ပုံစံမှာ သူ့ဘာသာ အလိုလို ဖြစ်နေတာပေါ့။ အဲဒီတော့ ကျနော်တို့က ထူးပြီး လုပ်ဖို့ မလိုဘူး။ နောက် လုပ်ငန်းခွင်​ သဘောတရားကလည်းပဲ ခြောက်ပေလောက်စီ ကွာပြီး လုပ်ကြကိုင်ကြတယ်။ နောက်တခုက စက်ရုံတွေလို နေရာတခုထဲမှာ ထောင်ချီပြီး လုပ်တာမျိုး မဟုတ်ဘူးလေ။ ကျယ်ပြန့်တဲ့ လယ်ကွင်းတွေထဲမှာ ဖြန့်ပြီးတော့ လုပ်ကြရတဲ့အပိုင်းပေါ့။

ပြောစရာတခုရှိတာ ဘာလဲဆိုတော့ ကျေးလက်ရဲ့ လူမှုစီးပွားရေး အသွင်သဏ္ဌာန်မှာ အဓိက ထူးခြားချက်က မြို့ပြနဲ့ ပြည်ပမှာ ထွက်ပြီး အလုပ်လုပ်တဲ့ကိစ္စ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နှစ်အစိတ်၊ သုံးဆယ်အတွင်း ကျေးလက်မှာ ပြောင်းလဲလာတယ်။ အခု မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်တို့ မှာတော့ ထိုင်းတို့၊ မလေးရှားတို့က ပြန်လာတဲ့ သူတွေ ရှိတာပေါ့။ ပြီးတော့ ရန်ကုန်က ပြန်လာတဲ့ သူတွေ။ မြို့ကြီးတွေက ပြန်လာတဲ့သူတွေ များတာပေါ့။ ဧရာဝတီတိုင်းမှာကတော့ အချို့ ကျေးရွာတွေမှာ ဒီလို ပြည်ပ သွားရောက်အလုပ်လုပ်ပြီး ပြန်လာတဲ့သူတွေ၊ ရန်ကုန်နဲ့ မြို့ပြတွေမှာ အလုပ်လုပ်ပြီး ပြန်လာတဲ့သူတွေ အချို့ရှိပါတယ်။

ရှိတဲ့ အခါကျရင်တော့ ဒါက ကျနော်တို့ စင်တာတွေမှာ စစ်ဆေးမှုတွေ ရှိပါတယ်။ ရွာမှာ အမြဲ မနေတဲ့သူ၊ သူစိမ်းတောင် ချက်ချင်း သိတယ်၊ ကျေးရွာလေးတွေက သေးတာကို။ ပြည်သူလူထုရဲ့ ဒီ COVID-19 နဲ့ ပတ်သက်လို့ နားလည်မှုကတော့ သတင်း မီဒီယာ၊ အစိုးရရဲ့ ကြေညာချက်တွေ၊ အရပ်ဘက် လူ့အဖွဲ့အစည်းရဲ့ ပညာပေးမှုတွေ၊ နောက် Social Media အသုံးချမှုတွေက ကျေးလက်အထိပါ ပျံ့နေတဲ့အခါကျတော့ လူထုရဲ့ နားလည်မှုက မြင့်ပါတယ်။ မြင့်တဲ့အခါကျတော့ အချို့နေရာတွေမှာ ရွာထဲကို လူအဝင်မခံတာ၊ ကားအဝင်မခံတာတွေက အစွန်းတောင် ရောက်သွားသေးတယ်။ ဆိုတော့ နိုးကြားမှု ရှိပါတယ်။ အပြင်က ပြန်လာတဲ့သူတွေ၊ မြို့ပြက ပြန်လာတဲ့သူတွေ ဒီဟာရဲ့ Risk ကို အခြေခံပြီး ပြန့်ပွားနိုင်တဲ့ အနေအထားတော့ ရှိတယ်။ သို့သော် ဒီနေ့အထိတော့ မဖြစ်သေးဘူး။ နောက် ဘာဖြစ်မယ်တော့ ကျနော် မပြောနိုင်သေးဘူး၊ ဒီနေ့အထိတော့ ကျေးလက်မှာ ပြန့်ပွားမှုဟာ နည်းတယ်။

ဆိုတော့ ခုက လယ်ယာလုပ်ငန်းခွင် ဝင်ရတော့မယ်ဆိုတော့ လုပ်အား၊ အလုပ်လုပ်ဆောင်မှု ဒီဟာကတော့ မပျက်သေးဘူးဗျ။ လုပ်ကြမှာပဲ။ အခုဆိုရင် မိုးကျတော့မယ်ဆိုတော့ နွေထယ်ရေးတွေ ပြင်ကြပြီ။ မျိုးစပါးတွေ ရှာကြပြီ။ စုဆောင်းကြပြီ။ ကျနော်က လုပ်အားကို မပူဘူး။ ကျနော် ပူတာက ဘာလဲဆိုတော့ ပြည်ပက တင်သွင်းရတဲ့ ဥပမာ ဓာတ်မြေ ဩဇာလို မျိုးတွေ၊ ပိုးသတ်ဆေးလို ဟာမျိုးတွေ အဲ့ဒါတွေရဲ့ စျေးနှုန်းပေါ့။ အခုထိတော့ စျေးကွက်မှာ အဲ့ဒီ ပစ္စည်းတွေ ဝယ်လို့ရတယ်။ သူ့စျေးနဲ့ သူ။ တကယ်လို့ ဒါက ကိုဗစ်က ဘယ်လောက်အတိုင်းအတာအထိ ဖြစ်လာမလဲဆိုတာလည်း ဘယ်သူမှ မှန်းလို့ မရဘူး။ အဆိုးဆုံးအတွက် ပြင်ဆင်ရမယ်ဆိုရင်တော့ ပစ္စည်းတွေရဲ့ ရှားပါးမှု၊ သယ်ယူ ပို့ဆောင်ရေးစရိတ်တွေ မြင့်မားလာမှု ဒါတွေကတော့ ဆိုးတဲ့ မျှော်မှန်းထားချက် (Scenario) တွေဖြစ်ပြီး ကျေးလက်စီးပွားရေးအပေါ်မှာ သက်ရောက်မှု ရှိနိုင်မယ်။ အခုထိတော့ သိပ်ကြီးကြီးကျယ်ကျယ် ဆိုးကျိုးသက်ရောက်မှု မတွေ့သေးဘူး။

 

မေး။             ။ ကိုဗစ် ကူးစက်မှုနဲ့ အတူပဲ စီးပွားရေး ထိခိုက် သက်ရောက်မှုတွေ၊ ရိုက်ခက်မှုတွေ ရှိလာတဲ့ အခါကျတော့ မြန်မာအစိုးရကလည်း CREP လို့ခေါ်တဲ့ အရေးပေါ် ကယ်ဆယ်ကုစားရေး အစီအစဉ်တွေ စလာပါတယ်။ ဒါပေမဲ့ တခုရှိတာက အဲဒီမှာ လယ်ယာကဏ္ဍနဲ့ ပတ်သက်ရင် စဉ်းစားချက်နည်းတယ်လို့ ကျနော်တို့ ထင်တယ်။ အဲ့ဒါနဲ့ ပတ်သတ်လို့ရော၊ ပြန်ပြီး စီးပွားရေး နာလန်ထူရေးကိစ္စမှာဆိုရင်လယ်ယာကဏ္ဍကို အားဖြည့် မလုပ်သင့်ဘူးလား။

 ဖြေ။            ။ များသောအားဖြင့် အခြားနိုင်ငံတွေရဲ့ အတွေ့အကြုံတွေမှာ စီးပွားပျက်ကပ်ကြောင့်ပဲဖြစ်စေ ဒါမှမဟုတ် အခုလိုမျိုး ကပ်ရောဂါကြောင့် ဖြစ်စေ၊ စစ်ဘေး စစ်ဒဏ်ကြောင့် ဖြစ်စေ စီးပွားရေးကျဆင်းတဲ့ အချိန်တိုင်းမှာ စီးပွားရေးလှုံ့ဆော်မှု (Economic Stimulus Package) တွေ စဉ်းစားကြတယ်။ အစိုးရက ရှိတဲ့ပိုက်ဆံတွေ ထုတ်မယ်။ သို့မဟုတ် ငွေတိုက် စာချုပ် Bond တွေ ထုတ်ရောင်းမယ်။ Bond တွေ ထုတ်ရောင်းပြီးတော့ နိုင်ငံသားတွေဆီက ငွေပြန်ချေးတယ်။ သို့မဟုတ် နိုင်ငံခြား ချေးငွေ၊ ကမ္ဘာ့ဘဏ်တို့ ဘာတို့နဲ့ Stimulus Package တွေ စဉ်းစားတာပေါ့။ အဓိကကတော့ စီးပွားရေးအကျမှာ အလုပ်အကိုင် အခွင့်အလမ်း ပြဿနာတွေ ဖြစ်လာတယ်။ နောက်ပြီးတော့ စားသုံးသူတွေရဲ့ စားသုံးနိုင်မှု အင်အားက လျော့နည်းသွားတယ်။ ဒါကို ပြန်တက်အောင် လုပ်ဖို့ပေါ့နော်။ Stimulus Package မှာ များသော အားဖြင့်တော့ အခြေခံ အဆောက်အအုံ (Infrastructure) တည်ဆောက်မှုတွေမှာ ရင်းနှီး မြှုပ်နှံတယ်။ တိုင်းပြည်အတွက် ရေရှည်ပေ့ါ။ လမ်းတွေ၊ တံတားတွေ၊ ရေရရှိရေးတွေ၊ ဒီလိုဟာမျိုးတွေပေါ့။ ဒါတွေ လုပ်ပြီးတော့ အလုပ်အကိုင် ရစေတယ်။ အလုပ်အကိုင်ရတဲ့အခါမှာ လူတွေ ပိုက်ဆံ ရတယ်။ ပိုက်ဆံရတော့ သုံးနိုင်တယ်။ သုံးနိုင်ခြင်းအားဖြင့် Consumption Power သုံးနိုင်တဲ့ အင်အားကို တက်လာအောင်လုပ်ပြီးတော့ ဈေးကွက်ကို ပြန်ပြီးတော့ ရှင်သန်လာအောင် လုပ်တာပေါ့။ အဲ့တော့ မြန်မာနိုင်ငံမှာ ကြည့်မယ်ဆိုရင် စိုက်ပျိုးရေးနဲ့ပတ်သတ်တဲ့ Infrastructure တွေက အများကြီး ပြုပြင်ဖို့ လိုနေတာပဲ။ အထူးသဖြင့် ဒါက သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့လည်း ဆက်စပ်နေတယ်။ မြန်မာနိုင်ငံမှာ သဘာဝ ဘေးအန္တရာယ်အတွက် Risk က ကမ္ဘာကြီး တခုလုံးမှာတောင် ထိခိုက်နစ်နာလွယ်တဲ့ အခြေအနေက နံပါတ်နှစ်မှာလို့ သုံးသပ်ထားတာ တွေ့ရတယ်။

နှစ်တိုင်းမှာလည်း ဖြစ်နေတယ်။ ရေကြီးတာတွေ၊ ရေလျှံတာတွေ။ ဒါတွေ ဖြစ်တဲ့အခါကျတော့ ဒါတွေအတွက် Mitigation သက်သာအောင် လုပ်တဲ့မဟာဗျူဟာ လိုတယ်။ စိုက်ပျိုးရေးနဲ့လည်း ဆိုင်တယ်။ ဥပမာ ရေကြီးရေလျှံတဲ့ တိုင်းနဲ့ ပြည်နယ် တွေမှာ ရေနုတ်မြောင်းတွေ၊ ရေကို ထိန်းသိမ်းမှုပေါ့။ ရေကြီးတဲ့အချိန်မှာ ရေထွက်သွားအောင်။ ရေလိုတဲ့ အချိန်မှာ ရေသိုလှောင်ထားနိုင်အောင်၊ ရေစီမံခန့်ခွဲမှုပေါ့။ ရေအရင်းအမြစ်စီမံခန့်ခွဲမှုမှာ ဒါတွေ အများကြီးလုပ်ဖို့ လိုအပ်တယ်။ မြန်မာပြည်ရဲ့ ရေအသုံးချမှု ပုံသဏ္ဌာန်ဟာ လွတ်လပ်ရေးရတာ နှစ် ၆၀ ကျော်သွာပေမဲ့လို့ ဘာမှ ထူးပြီးတော့ မပြောင်းလဲလာဘူး။ အဲ့ဒီအပေါ်မှာလည်း ရင်းနှီးမြှုပ်နှံမှု နည်းတယ်။

ပထဝီပညာရှင်တွေ တွက်ချက်ပြပါတယ်။ ကျနော်တို့ဆီမှာ ရေအရင်းအမြစ်တွေက မိုးတွင်းမှာ ဧရာဝတီမြစ်ကြီးဆီက ကုဗပေ သန်းနဲ့ချီပြီးတော့ စီးကျလာတယ်။ အဲ့ဒီစီးကျလာတဲ့ ရေတွေက ကျနော်တို့ ထိန်းသိမ်းပြီးလည်း မထားနိုင်ဘူး။ များလာတဲ့အခါမှာ ကုန်းပေါ်တက်လျှံတယ်။ နည်းလာတဲ့ အခါမှာ သောက်စရာ ရေမရှိဘူး။ ဆိုတော့ ဒီ ရေအရင်းအမြစ် သုံးစွဲမှု၊ ထိန်းသိမ်းမှု၊ ဒီအပိုင်းတွေမှာ ရင်းနှီးမြှုပ်နှံမယ်ဆိုရင်၊ ဒါကလည်း အလုပ်အကိုင် ဖန်တီးပေးနိုင်တယ်၊ Job Creation ပဲ။ နောက်တခုကတော့ သဘာဝဘေးအန္တရာယ်အကြောင်းအရင်းဖြစ်တဲ့ သစ်တောပြန်လည်ထိန်းသိမ်းရေးကိစ္စတွေ။ ဒီကိစ္စမှာ နှစ်မျိုးပေါ့နော်။ တမျိုးကတော့ ပုဂ္ဂလိကပိုင်၊ ပြည်တွင်း ပုဂ္ဂလိကနဲ့ နိုင်ငံခြားနဲ့ ဆက်စပ်လုပ်တဲ့ Option ရှိမယ်။ ပုံသဏ္ဌာန်ရှိမယ်။ နောက်ပြီးတော့ Community Forest ပေါ့။ ရပ်ရွာ ပိုင်ဆိုင်တာပေါ့။ အဲ့ဒီ နေရာတွေမှာ အလုပ်တွေရတယ်။ အခုဆွေးနွေးတာက ကျေးလက်မှာ အခြေခံအဆောက်အအုံတွေလိုမယ်။ လုပ်ရင်းနဲ့ လူတွေကို လုပ်ခလစာပေးဖို့ ကြိုးစားတယ်။ လုပ်ခလစားရော၊ အပေါင်း စိုက်ပျိုးစားသောက်နိုင်အောင်ပေါ့။

မြန်မာနိုင်ငံမှာရှိတဲ့ ပြဿနာက မြေယာမဲ့တဲ့ ပြဿနာ။ အခု အချို့လူတွေ တွက်နေတယ်။ နိုင်ငံခြားက ပြန်လာတဲ့သူတွေ ရှိတယ်။ ကျေးရွာမှာ လုပ်အားတွေက ပိုလာတယ်။ သူတို့အတွက် အလုပ်လိုလာမယ်။

 

မေး။              ။ ကျနော်တို့နိုင်ငံရဲ့ ဆင်းရဲတဲ့သူအများစုက ကျေးလက်မှာ ဖြစ်နေတယ်။ ကျေးလက်မှာ ဆင်းရဲမှုလျော့လာအောင် ဘယ်လိုနည်းတွေနဲ့ ဆောင်ရွက်ပေးနိုင်မလဲပေါ့။ အထူးသဖြင့် အချို့နိုင်ငံတွေမှာတော့ ကြွေးမြီတွေ လျော်ပစ်တာမျိုးတွေလုပ်ပေးတာတွေ ရှိတယ်။ ဒါမှမဟုတ်ဘူး ဆိုရင်လည်း အခုလုပ်နေတဲ့ လယ်ယာ စိုက်ပျိုးရေးမှာပဲ ပိုပြီးတော့ ဝင်ငွေကောင်းလာအောင် ဖန်တီးပေးနိုင်တဲ့ အစီအစဉ်မျိုးတွေ လိုအပ်တယ်။ ဆိုတော့ ဒါမျိုး ကျနော်တို့ ဘယ်လိုစဉ်းစားလို့ ရမလဲ ခင်ဗျ။

 ဖြေ။              နှစ်ပိုင်းရှိတယ်။ တခုက လယ်ရှိတဲ့လူ။ လယ်ရှိတဲ့လူမှာမှ သုံးဧကလား၊ ၁၀ ဧကလား။ လုပ်ကွက်ငယ် လယ်သမားတွေ။ နောက် လယ် လုံးဝမရှိတဲ့လူ။ မြေမရှိတဲ့လူ။ မြန်မာနိုင်ငံမှာ မြေမဲ့ယာမဲ့ ၆ ဒသမ ၂ သန်း ရှိတယ်။ အဲဒီတော့ မြန်မာပြည်က မြေလွတ် မြေရိုင်းတွေရော၊ မြေသယံဇာတတွေက ကိန်းဂဏန်းအရ ပေါများတယ်။ တကယ်လည်း ရှိတယ်။ သို့သော် ပိုင်ဆိုင်မှု ပုံသဏ္ဌာန်အရ စောနကပြောတဲ့ ၆ ဒသမ ၂ သန်းမှာ မြေမရှိဘူး။ မြန်မာပြည်ရဲ့ မြေလွတ်၊ မြေလပ်၊ မြေရိုင်းလို့ ခေါ်တဲ့ တော်တော်များများသည် လွန်ခဲ့သော နှစ် ၃၀ မှာ ကျနော်တို့ ခွဲဝေယူထားပြီးပြီ။ သို့သော်လည်းပဲ အဲဒီမြေတွေကို အသုံးချသလားဆိုရင် အသုံးမချဘူး။   ဆိုတော့ ဒီအသုံးမချတဲ့ မြေတွေကို လိုတဲ့လူတွေ လက်ထဲ ဘယ်လိုပြန်ထည့် ပေးမလဲဆိုတဲ့ ဒီမြေစီမံခန့်ခွဲမှုနဲ့ မြေအုပ်ချုပ်မှု ပြဿနာ။

ကျေးလက်ဝင်ငွေတိုးရေးမှာ မြေရှိပြီးသား လူတွေက ဘယ်လောက်လုပ်နေတယ်။ မြေမရှိသေးတဲ့ လူတွေရော ဘယ်လိုလုပ်မလဲ။ တဖြည်းဖြည်း ရွှေ့ပြောင်းလုပ်သားတွေ၊ ပြည်ပထွက်လုပ်တယ်၊ ရန်ကုန်ထွက်အလုပ်လုပ်တယ်ဆိုတာက ကျေးလက် စီးပွားရေး ပြိုလဲလာလို့ အဲဒီလူတွေ ထွက်တာလေ။ ကျေးလက်စီးပွားရေး ကောင်းနေရင် ဒီလူတွေ ထွက်စရာအကြောင်း မရှိဘူး။ ထွက်တဲ့ အကြောင်းအရင်းတွေမှာ နံပါတ်တစ် ရေမရှိတဲ့သူတွေက ထွက်တော့မှာပေါ့။ ကျေးလက်မှာ ဆယ့်နှစ်ရာသီ အလုပ်မှ မရှိဘဲ။ ရာသီအလိုက် ကျပန်းအလုပ်ပဲ ရှိတာ။

နှစ်ပေါင်းများစွာမှာ အသေးစားနဲ့ အလတ်စား စိုက်ပျိုးရေးကုန်ကြမ်းကို အခြေပြုပြီးတော့ ကုန်ချော ထုတ်နိုင်တဲ့ အသေးစား စက်မှုလုပ်ငန်းတွေဟာ ကျနော်တို့ ကျေးလက်နဲ့ ကျေးလက်ပတ်ဝန်းကျင်မှာ ရှိတဲ့ မြို့နယ်တွေမှာ မထွန်းကားဘူး။ ကျနော့်တို့ နိုင်ငံမှာက စိုက်တယ်။ ပြီးရင် ကုန်ကြမ်းကိုပဲ ရောင်းတယ်။ ကုန်သွယ်တယ်။ ဒါပဲရှိတာ။

(နောက်ပြီးတော့) ကျူးကျော်တွေ များလာတယ်။ ကျူးကျော်တွေက ပျော်လို့ တက်တာမဟုတ်ဘူး။ အဖြေက ကျေးလက် စီးပွားရေးကို ပြန်ထူထောင်မယ်ဆိုရင် အသေးစား လယ်သမားတွေရဲ့ ဝင်ငွေကို တက်အောင်လုပ်ရမယ်။ မြေနဲ့ ယာနဲ့ ပြဿနာကို ရှင်းရမယ်။ ကျေးလက်နဲ့ ကျေးလက်အနီးအနား စင်တာဖြစ်တဲ့ မြို့ငယ်လေးတွေမှာ အသေးစားနဲ့ အလတ်စား စိုက်ပျိုးရေးအခြေခံ စက်မှုလုပ်ငန်း၊ မွေးမြူရေးအခြေခံ စက်မှုလုပ်ငန်း ထွန်းကားအောင် ဘယ်လိုလုပ်မလဲ။ ဒါတွေကို စနစ်တကျ နည်းဗျူဟာနဲ့ စီမံကိန်းနဲ့ အရင်းအနှီးနဲ့ လုပ်ငန်းစဉ်နဲ့ ရှင်းဖို့လိုအပ်တယ်။ တနိုင်ငံလုံးကြီး လုပ်ဖို့ကတော့ ဘယ်အစိုးရ တက်တက် လုပ်နိုင်မှာ မဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ စိုက်ပျိုးရေးမှာ၊ ကျေးလက်မှာ ရင်းနှီးမြှုပ်နှံမှု မလုပ်ခဲ့တာ နှစ်ပေါင်းများစွာ ကြာနေပြီ။

စိုက်ပျိုးရေးမှာ မမြှုပ်နှံဘူး။ အဲဒီတော့ ဒီဟာတွေကို ပုဂ္ဂလိက ကဏ္ဍကရော၊ နိုင်ငံခြားကရော ရင်းနှီးမြှုပ်နှံချင်လာအောင် ဘယ်လို ဥပဒေ၊ နည်းဥပဒေတွေ ပြင်ပေးမလဲ။ လုပ်သာကိုင်သာဝန်းကျင် (Doable Environment) လိုတယ်။ ဒါက မူဝါဒနဲ့ ဆိုင်သွားပြီ။ ဖြေလျှော့မှုတွေ ရှိမယ်။ မက်လုံးပေးမှုတွေ ရှိမယ်။ အစိုးရရဲ့ အသေးစား၊ အလတ်စား ချေးငွေတွေ ရှိမယ်။ စိုက်ပျိုးရေးလုပ်ငန်းအတွက် ချေးငွေတွေ ရှိမယ်။

အရင်တုန်းက တဧက တသိန်းချေးတယ်။ ခု တသိန်းခွဲချေးတယ်။ ခု NGO တွေလည်း လာတယ်။ ပိုက်ဆံချေးတယ်။ ပိုတောင် ဆိုးသွားသေးတယ်၊ အခြေအနေက။ ဘာဖြစ်လို့လဲဆိုတော့ လယ်သမားတယောက်တည်း၊ ဆင်းရဲသား တယောက်တည်း အလုပ်လုပ်လို့ မရဘူး။ သူတို့ မဝဘူး။ တကယ့် ပညာရပ်ပိုင်းဘက်မှာ ကျွမ်းကျင်တဲ့ လုပ်ငန်းရှင် အငယ်လေးတွေ၊ ပုဂ္ဂလိကကဏ္ဍ (Private Sector) လည်းပါရမယ်။ နောက်တခု ကျနော်တို့က ကျွမ်းကျင်မှုနဲ့ စည်းရုံးလှုံ့ဆော်မှု (Mobilization) ပေ့ါ။ ဒီနေရာမှာ ကျနော်တို့က ရုပ်ပိုင်းကြီးပဲ ကြည့်လို့မရဘူး။ စိတ်ဓာတ်ရေးရာ ကြည့်ရမယ်။ စိတ်ဓာတ်ကျနေတဲ့လူတွေ၊ အရက်စွဲနေတဲ့လူတွေ၊ ဆေးစွဲနေတဲ့လူတွေနဲ့ လုပ်မရဘူး။ ဒီစိတ်ပိုင်းဆိုင်ရာဟာ ကျနော်တို့ လျှော့တွက်လို့ မရဘူး။

ကျေးလက်မှာ ကျနော် ၄-၅ နှစ်လောက် ဖြတ်သန်းလာတဲ့အခါ ဒီစိတ်ပိုင်းဆိုင်ရာ ကျဆင်းမှု၊ အရက်ပြဿနာ၊ မူးယစ်ဆေးဝါးပြဿနာ ဒါတွေဟာ ကျေးလက်မှာ တော်တော့်ကို ကြီးကြီးမားမား ရှိနေတယ်။ ဆင်းရဲနွမ်းပါးမှု ပပျောက်ရေးက ငွေရှိရုံသက်သက်နဲ့ မရဘူး။ အဲဒီအခါကျတော့ အရပ်ဘက် အဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍက ပါလာပြန်ရော။

တနိုင်ငံလုံးမှာ မလုပ်နိုင်သေးရင်တောင်မှ  စမ်းသပ်လုပ်ကွက်တွေ၊ ပဏာမစီမံကိန်း (Pilot project) တွေ၊ မြေယာကိစ္စတွေ အကုန်လုံး ဆက်စပ်ပြီးတော့ စဉ်းစားဖို့လိုတယ်။ ကျေးလက်ဖွံ့ဖြိုးရေး လုပ်တယ်ဆိုတာ အေဂျင်စီတခုတည်းနဲ့ မရဘူး။ စိုက်ပျိုးရေးဝန်ကြီးဌာနပါတယ်။ မွေးမြူရေးဝန်ကြီးဌာနပါတယ်။ ရေလုပ်ငန်းပါတယ်။ သစ်တောပါတယ်။ ဘက်စုံ ပူးပေါင်း ဆောင်ရွက်မှုလိုတယ် ဒီဝန်ကြီးဌာန အားလုံးတွေက ပူးပေါင်းဆောင်ရွက်မှုနဲ့ အစိုးရရော၊ ပုဂ္ဂလိကကဏ္ဍ၊ အရပ်ဘက် လူ့အဖွဲ့အစည်းတွေကရော ကျနော်တို့ ရေရှည်စီမံကိန်း၊ ရေတိုစီမံကိန်း၊ နည်းဗျူဟာ ညှိနှိုင်းပြီး နည်းဗျူဟာတွေနဲ့ ကျနော်တို့ လုပ်ဖို့လိုတယ်။ ပြန်ကောက်ရမယ်ဆိုရင်တော့ ရေရှည်လုပ်ငန်းစဉ်။ သို့သော် Post-Covid အနေအထား၊ Covid သို့မဟုတ် Covid အလွန်ကာလအတွက် လုပ်နိုင်တဲ့ဟာတွေကို ပြန်စဉ်ကြည့်ဖို့ လိုတယ်။

 

မေး။               ။ အချို့နိုင်ငံအတော်များများမှာ Covid-19 အလွန်ဆိုပြီး ပြင်ဆင်နေကြတာတွေ ရှိပါတယ်။ အထူးသဖြင့် စားနပ်ရိက္ခာ လုံခြုံရေးကို ပိုကြည့်လာကြတယ်၊ နောက်တခါ အချို့လုပ်ငန်းခွင် တွေကလည်း ဥပမာ ခရီးသွားလုပ်ငန်းတို့၊ လေကြောင်းလိုင်းတို့ စသဖြင့်တွေကလည်း တော်ရုံနဲ့ နာလန်ထူနိုင်မယ့် အနေအထားမျိုး မရှိတဲ့အခါ၊ စိုက်ပျိုးရေးဘက်ကို ပြန်ပြီးတော့ လှည့်လာတဲ့ အနေအထားမှာ ရှိကြတယ်။ ကျနော်တို့ကလည်း စိုက်ပျိုးရေးအခြေခံတဲ့ နိုင်ငံဆိုရင် Covid-19 အလွန်မှာ ကျနော်တို့ အတွက် စိုက်ပျိုးရေးကဏ္ဍက အခွင့်ကောင်း ရှိနိုင်မလား။ ဘယ်လို မြင်ပါသလဲ။

 ဖြေ။              ဟုတ်ကဲ့။ ရှိနိုင်ပါတယ်။ ရှိနိုင်တယ်ဆိုတာက စိုက်ပျိုး၊ စီးပွားရေး ပညာရှင်တွေလည်း တွက်တွက်ပြတယ်။ မြန်မာပြည်က လူဦးရေ သန်းတထောင်ရှိတဲ့ တရုတ်နဲ့ သန်းရှစ်ရာလောက်ရှိတဲ့ အိန္ဒိယရဲ့ ကြားထဲမှာ ဆိုတော့ စားနပ်ရိက္ခာထုတ်လုပ်မှု လုပ်ငန်းသည် မြန်မာပြည်အတွက် Potential ရှိတဲ့ စီးပွားရေး ဖြစ်တယ်။ ဒါပေမဲ့ အလကားနေရင်းတော့ မရဘူး။ အလားအလာဆိုတာ ဆုပ်ကိုင်တတ်မှ ရတာ။ ကျနော်တို့တွေသည် စိုက်ပျိုးရေးနိုင်ငံ တခုအနေနဲ့ အရှေ့တောင်အာရှမှာ တကယ့် ဆန်ပြည်ပတင်ပို့သူ (Rice Exporter)၊ တနှစ်ကို တန်သုံးသန်းလောက်ပို့တဲ့ နိုင်ငံဘဝကနေ ရပ်တည်ခဲ့ဖူးတယ်။ ဒါပေမဲ့လို့ ကိုယ်ရဲ့ စီမံခန့်ခွဲမှုအမှားတွေနဲ့ အခွင့်အလမ်းတွေကို မဆုပ်ကိုင်တဲ့အခါမှာ ဘေးနိုင်ငံတွေက သူတို့လည်း ကြိုးစားနေတာကိုး။ ထိုင်းတို့၊ ဗီယက်နမ်တို့က ကျနော်တို့ကို ဖြတ်တက်သွားပြီးနောက် ခုဆိုရင် နိုင်ငံတကာ စျေးကွက်တော်တော်များများကို အုပ်စီးထားပြီ။ ဆိုတဲ့အခါကျတော့ ကျနော်တို့က အလားအလာတွေရှိတယ်။ ဒါပေမဲ့ ယူတတ်အောင်၊ ကျနော်တို့ရဲ့ ထုတ်ကုန်တွေကို အရည်အသွေးမြင့်အောင် ဘယ်လိုလုပ်ကြမှာလဲ။ ပြီးလို့ရှိရင် ကျနော်တို့က သိုလှောင်မှုတွေ၊ ကြိတ်ခွဲမှုတွေ ဒီအပိုင်းတွေမှာရော၊ စိုက်ပျိုးမှုတွေမှာရော ပို့တဲ့ ပိုကုန်ပစ္စည်းတွေက ကျန်းမာရေးနဲ့ ကိုက်ညီတဲ့၊ ဓာတု အကြွင်းအကျန်တွေ မပါတဲ့ စိုက်ပျိုးရေး ထုတ်ကုန်ပစ္စည်းတွေဖြစ်အောင် ဘယ်လိုလုပ်မလဲ။ သို့မဟုတ် တစိတ်တပိုင်းပြီး ထုတ်ကုန် (Semi-finished Product) တွေပေါ့။ ဥပမာ မြန်မာပြည်မှာ ခရမ်းချဉ်သီးပေါတဲ့အချိန်ဆို ခရမ်းချဉ်သီးက အလကားယူသွားပါတောင် ပြောရတယ်။ ဖရဲသီးပေါတဲ့အချိန် ဒီအတိုင်းပဲ။ သရက်သီးပေါတဲ့အချိန် ဒီအတိုင်းပဲ။

သရက်သီးကို စည်သွပ်တဲ့ဟာ၊ သရက်သီးအနှစ်ကို ဖျော်ရည်လုပ်တဲ့ အတတ်ပညာ၊ အသေးစား အလတ်စား စက်မှုဇုန်တွေက အခုထက်ထိ မရှိသေးတဲ့အခါကျတော့ ကျနော်တို့ရဲ့ Potential တွေက ရှိသော်လည်းပဲ ကျနော်တို့ တကယ်ဈေးကွက်ကို ရအောင် မလုပ်နိုင်ဘူး။ အနာဂတ်မှာ ဒါတွေကို ကျနော်တို့ ဘယ်လိုပြင်ဆင်မလဲ။

ကျနော်တို့က လုပ်စရာတွေက များတဲ့အခါကျတဲ့အခါကျတော့ ဦးစားပေး (Priority) တော့ ရွေးဖို့လိုတယ်။ နေရာဦးစားပေး ရွေးဖို့လိုတယ်။ မိုဒယ် (Model) တွေကို လုပ်ကြည့်ဖို့လိုတယ်။ တနိုင်ငံလုံးတော့လည်း ဖြန့်လုပ်စရာ ကျနော်တို့မှာ အရင်းအမြစ် မရှိဘူး။ လူသားအင်အား (Manpower) လည်း အလုံအလောက်မရှိဘူး။ သို့သော်လည်းပဲ အရွေ့တခုကိုတော့ ကျနော်တို့ ဖန်တီးဖို့လိုတယ်။

အရေးကြီးဆုံးက ဈေးကွက်ပဲ။ ဈေးကွက်ရှာဖွေမှုမှာ ကျနော်တို့ရဲ့ ထုတ်ကုန်တွေကို ကျနော်တို့ ဘယ်လောက် Promotion လုပ်သလဲ။ အဲဒီနေရာမှာလည်း မဟာဗျူဟာ ချိန်ရမယ်။ ရောက်စက ကျနော်တို့ပြောပါတယ်။ စီးပွားရေး သံမှူး (Commercial Attache) တွေ ခန့်ကြပါ။ ကျနော်တို့ပစ္စည်း စိုက်ပျိုးရေးထွက်ကုန်ပစ္စည်းတွေကို ဈေးကွက် တင်နိုင်ဖို့ပဲ။ ဈေးကွက်ရှာတဲ့ဟာကိုလည်း သေချာလုပ်ရမယ်။

 

မေး။             ။ နိဂုံးချုပ်အနေနဲ့ အရေးတကြီး ကျနော်တို့ ဒီကာလမှာ စိုက်ပျိုးရေးနဲ့ ကျေးလက်ကဏ္ဍအတွက် ဘာတွေလုပ်သင့်သလဲ။  

ဖြေ။             စိုက်ပျိုးရေးလုပ်ငန်းတွေကလည်း သူ့ဘာသာသူ သွားနေမှာပဲ။ အဲဒီမှာ အကန့်အသတ် ရှိသော်လည်းပဲ စိုက်ပျိုးရေးကဏ္ဍကို တိုးမြှင့်ဖို့အတွက် ဘယ်လိုနည်းနာတွေနဲ့ ဘယ်လိုအထောက်အပံ့ပေးမလဲ။ မျိုးကောင်းမျိုးသန့်တွေ ရအောင်လုပ်မှာလား။ ဒါမှမဟုတ် ဈေးကွက်သုတေသန လုပ်ငန်းတွေလုပ်မှာလား။ ဒါတွေက (In house) ပြည်တွင်းမှာ လုပ်လို့ရတယ်။ ပြင်ဆင်မှုတွေ လုပ်စေချင်တယ်။

နောက်ပြီးတော့ (Post COVID) ကိုဗစ်အလွန် စီးပွားရေး ပြန်လည်ထူထောင်တဲ့နေရာမှာ အခုနကပြောတဲ့ စီးပွားရေးလှုံ့ဆော်မှု (Stimulus Package) မှာ စိုက်ပျိုးရေးကဏ္ဍ၊ မွေးမြူရေးကဏ္ဍ၊ ရေလုပ်ငန်း ဒါတွေရဲ့ ဦးစားပေးက ဘယ်နေရာမှာ ထားမလဲ။ ဒီလုပ်ငန်းတွေထဲမှာမှ ဘယ်လုပ်ငန်းတွေကို ဦးစားပေး Priority လုပ်မှာလား။ ဥပမာ- စပါးကို လုပ်မှာလား။ စပါး တခုတည်း လုပ်လို့တော့ မဖြစ်ဘူး။ စပါးမှာ ကျနော်တို့က နောက်ကျနေပြီ။ စိုက်ပျိုးသီးနှံထဲမှာ တခြား ပီလောပီနံကို လုပ်မှာလား။ ဆီထွက်သီးနှံကို လုပ်မှာလား။ ဘယ်နေရာမှာ လုပ်မှာလဲ။

ပြီးတဲ့အခါကျတော့ မြေယာပြဿနာပေါ့။ မြေမဲ့ယာမဲ့ကိစ္စရော  ဘယ်လိုဖြေရှင်းပေးမှာလဲ။ ပြီးတော့လည်း အခုနကပြောတဲ့ နိုင်ငံခြားက ပြန်လာတဲ့သူတွေအတွက် မြေယာ ပြန်လည်နေရာချထားရေး။ ဘာဖြစ်လို့လဲဆိုတော့ COVID ပြီးသွားတောင်မှ ဟိုဘက်က နိုင်ငံတွေက ချက်ချင်းစီးပွားရေး နာလန်ပြန်ထူဦးမှာ မဟုတ်သေးဘူး။ ပြန်မလက်ခံနိုင်ဘူး။ ဒီလူတွေကို ပြန်လည် နေရာချထားရေးနဲ့ မြေယာပြဿနာ၊ နောက်ပြီး ဒီလူတွေရဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေမှာ ပြန်လည်ပါဝင်နိုင်ဖို့ အနေအထား ဒါတွေကို ကျနော်တို့ ပြင်ဆင်ဖို့ လိုတယ်။

Post COVID အတွက် Economic Strategy Stimulus Package ပြင်တဲ့အခါမှာ အရေးပါတဲ့အင်အားစု Stakeholder အကုန်လုံးရဲ့ ထင်မြင်ယူဆချက်တွေကို ထည့်စေချင်တယ်။ အခုနက ပြောသလို ကျနော်တို့ Coordination မပါဘဲနဲ့ မရှိဘဲနဲ့ အစိုးရ တခုတည်းနဲ့ ငါလုပ်ရင် ရတယ်ဆိုရင်တော့ ဘာမှဖြစ်မှာမဟုတ်ဘူး။ အစိုးရက ဦးဆောင်ရမယ်။ ဒါပေမဲ့ ဆွေးနွေးညှိနှိုင်းမှု လိုတယ်။ မီဒီယာမှာ ရှိတဲ့ Public Opinion တွေ၊ အသံတွေ နားထောင်ဖို့လိုတယ်။ အသွားအလာ အကူးအသန်း အကန့်အသတ်တွေ ကြားထဲမှာ တချို့ညှိနှိုင်းမှုတွေက မျက်နှာချင်းဆိုင် ထိုင်ပြီးတော့ ညှိမှမဟုတ်ပါဘူး။ မီဒီယာကလည်း ယူနိုင်တယ်။ အသင့်ယူလိုက်ရုံပါပဲ။ ဒါကို အသုံးချစေချင်ပါတယ်။

ISP Admin

မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျူ (ISP Myanmar) သည် လွတ်လပ်ပြီး ပါတီစွဲကင်းသည့် အစိုးရမဟုတ်သော သုတေသနအဖွဲ့ဖြစ်ပါသည်။ ISP Myanmar ၏ မြော်မြင်ချက်မှာ မြန်မာနိုင်ငံကို ရုန်းထကြံ့ခိုင်မှုအားကောင်းပြီး သည်းခံစိတ်ကြီးမားသော လူ့အဖွဲ့အစည်းတစ်ရပ်အဖြစ်ပေါ်ထွန်းလာရေး ဖြစ်သည်။ ISP Myanmar ၏ ဦးတည်ချက်မှာ ဒီမိုကရေစီကျသော ခေါင်းဆောင်မှုကို မြှင့်တင်အားပေးရန်နှင့် နိုင်ငံအရေးတွင် နိုင်ငံသားများ ပါဝင်ဆောင်ရွက်မှုအားကောင်းစေရန်ဖြစ်သည်။

Related article
ကိုဗစ်-၁၉ ကူးစက်ကာလနှင့် ကျား-မ ကွဲပြားမှု မမျှတသည့် ဝန်ထုပ်ဝန်ပိုး( ဦးအောင်မျိုးမင်းအား မေးမြန်းခြင်း)

ကိုဗစ်-၁၉ ကူးစက်ကာလနှင့် ကျား-မ ကွဲပြားမှု မမျှတသည့် ဝန်ထုပ်ဝန်ပိုး( ဦးအောင်မျိုးမင်းအား မေးမြန်းခြင်း)

အမျိုးသမီးတွေကတော့ အိမ်ထောင့် တာဝန်ထမ်းရမယ်ဆိုတဲ့ သတ်မှတ်ချက်တွေကြောင့် သာမန်ကျန်းမာရေးအပူတွေတင်မကဘဲ အမျိုးသမီးတွေမှာ အိမ်ထောင်နဲ့ ပတ်သက်ပြီးတော့ ငွေကို ဘယ်လိုမျိုးလောက်အောင်သုံးရမလဲ၊…

Lဂျာနန်အားမေးမြန်းခြင်း

Lဂျာနန်အားမေးမြန်းခြင်း

မဟုတ်ရင် Silent Carrier တွေများလာနိုင်ပြီး ပိုပြီးတော့ အန္တရာယ်ရှိလာမယ်။ ပြည်ပအရပ်ရပ် တရုတ်ပြည်ကဖြစ်ဖြစ်၊ မလေးရှားကဖြစ်ဖြစ်၊ ထိုင်းကဖြစ်ဖြစ်…

ဗိုလ်မှူးချုပ် ဇော်မင်းထွန်းအား မေးမြန်းခြင်း

ဗိုလ်မှူးချုပ် ဇော်မင်းထွန်းအား မေးမြန်းခြင်း

တပ်မတော်က ဆွဲထားတဲ့ စီမံချက် လေးခုအနက် သုံးခုကတော့ တပ်မတော်အတွင်း လုပ်ဆောင်တာတွေနဲ့ ဆိုင်ပါတယ်။ တခုကတော့ အရပ်ဘက်နဲ့…

Discussion about this post

Leave a Reply

Your email address will not be published. Required fields are marked *

Type your search keyword, and press enter to search