Menu & Search

ကိုဗစ်အလွန် မြန်မာ့စိုက်ပျိုးရေး – အကျပ်အတည်းကြားမှ စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများ

May 28, 2020

တကမ္ဘာလုံးတွင် ယခုကြုံတွေ့နေရသော ကိုဗစ်-၁၉ ကြောင့် နိုင်ငံ့ခေါင်းဆောင်တိုင်းသည် ကြီးမားသော မသေချာမရေရာမှုများ (uncertainty) နှင့် ရင်ဆိုင်နေရပြီး ခေါင်းဆောင်မှု အရည်အသွေးကို စမ်းသပ်ခံနေရသည်။ ဗိုင်းရပ်စ်နှင့်ပတ်သက်သော မသေချာမှုများစွာရှိသည့်အနက်  ဥပမာ ယခုအချိန်ထိ ဗိုင်းရပ်စ်ကူးစက်မှု အနေအထား၊ လက္ခဏာမပြဘဲ ကူးစက်မှု၊ ပျောက်ကင်းသွားသော်လည်း ပြန်လည်ဖြစ်ပွားမှု အစရှိသဖြင့် ကူးစက်ရောဂါ ပြန့်ပွားမှုကို တားဆီးရေးဆောင်ရွက်ရာမှ ဖြစ်ပေါ်လာသော စီးပွားရေးအရ မသေချာမရေရာမှုသည် အကြီးမားဆုံး ပြဿနာဖြစ်ပြီး ယင်းမှတဆင့်  နောက်ဆက်တွဲ နိုင်ငံရေး၊ လူမှုရေးပြဿနာများကိုပါ ဖြစ်ပွားစေနိုင်ပါသည်။ ဤသို့လျှင် ကိုဗစ်-၁၉ ကပ်ရောဂါဘေးသည် ကမ္ဘာ့နိုင်ငံများအတွက် ကြီးမားသော အကျပ်အတည်းတခု ဖြစ်လာသည်။  ဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံများအတွက် အဆိုပါအကျပ်အတည်းသည် ဆယ်စုနှစ်တခုအကြာ အောင်မြင်လာခဲ့သော ဖွံ့ဖြိုးမှုရလဒ်များကို တန့်သွားစေမည်၊ နောက်ပြန် ဆုတ်သွားစေမည်ဟု နိုင်ငံတကာ ပညာရှင်များက စိုးရိမ်စွာ ဟောကိန်းထုတ်ခဲ့သည်။  ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့အစည်းတခု၏ အစီရင်ခံစာအရ ကမ္ဘာပေါ်တွင် အလွန်အမင်း ဆင်းရဲသူ သန်း ၄၀ ကျော် တိုးလာပြီး လူဦးရေ စုစုပေါင်း  သန်း ၃၈၀ နီးပါးထိ ရှိလာမည်ဖြစ်သည်။[1] တဆက်တည်းမှာပင် ကမ္ဘာ့စားနပ်ရိက္ခာ ဖူလှုံမှု အခြေအနေလည်း စိုးရိမ်ဖွယ်ရာဖြစ်ခဲ့သည်။

သို့ရာတွင် တရုတ်စကားပုံတခုအဆိုအတိုင်း အကျပ်အတည်းတိုင်းတွင် အခွင့်အလမ်းများလည်း ပေါ်ထွက်လာလေ့ ရှိနိုင်ပေသည်။  မြန်မာနိုင်ငံကဲ့သို့သော စိုက်ပျိုးရေးနိုင်ငံ တနိုင်ငံအနေဖြင့် အခြားဖွံ့ဖြိုးဆဲနိုင်ငံများနှင့် ယှဉ်လျှင် ကိုဗစ်အလွန်ကာလ ကမ္ဘာ့စားနပ်ရိက္ခာ လိုအပ်ချက်အတွက် ဖြည့်ဆည်းပေးနိုင်စွမ်းရှိသည့် အခွင့်အလမ်းများလည်း ရှိနေပါသည်။ လက်ရှိတွင် စိုက်ပျိုးရေးကဏ္ဍသည် မြန်မာနိုင်ငံ၏ အဓိကနိုင်ငံခြားဝင်ငွေ (စုစုပေါင်း ဝင်ငွေ၏ ၁၇ ရာခိုင်နှုန်း)ကို ရှာဖွေပေးနေရာ ကိုဗစ်အလွန်ကာလအတွက်လည်း အရေးပါလှပါသည် (ဇယား-၁)။ ကမ္ဘာ့ဈေးကွက် အလားအလာများအရ မြန်မာနိုင်ငံအတွက် စိုက်ပျိုးရေးပို့ကုန်များကို အခြေခံ၍ စီးပွားရေး ဦးမော့လာစေရန် လုပ်နိုင်ရုံသာမက အနာဂတ် စိုက်ပျိုးရေးကဏ္ဍ၏ ပုံသဏ္ဌာန်ကိုပါ ပြောင်းလဲပစ်နိုင်မည့် အခွင့်အလမ်းတရပ်လည်း ရှိနေပါသည်။  တဖက်တွင်လည်း  ကိုဗစ်ကပ်ဘေး၏ စိုက်ပျိုးရေးကဏ္ဍကြီးအပေါ် သက်ရောက်မှုများမှာ မသေးလှပါ။  အထူးသဖြင့် စိုက်ပျိုးရေး ပို့ကုန်အများစု၏ ကမ္ဘာ့ဝယ်လိုအားများ ဆက်လက်ကျဆင်းနေသေးပြီး ကုန်သွယ်ရေး ပြတ်တောက်မှုများကြောင့် ပို့ကုန်လုပ်ငန်း အများစုလည်း ထိခိုက်လျက်ရှိပါသည်။  အမှန်စင်စစ် စိုက်ပျိုးရေးပို့ကုန်တန်ဖိုး အချိုးမှာလည်း ၂၀၁၅-၁၆ ကာလမှစ၍ တစစ ကျဆင်းလျက်ရှိရာ ကိုဗစ်မဖြစ်ခင်အချိန်တွင် တရုတ်-မြန်မာနယ်စပ် ပြဿနာများကြောင့် ပိုမိုဆိုးရွားခဲ့ပါသည်။ ယခုအခါ ကိုဗစ်သည် အဆိုပါနာတာရှည်ရောဂါကို ပိုသည်းစေနိုင်မည့် အန္တရာယ်လည်း ရှိနေပါသည်။ (ပုံ-၁)စိုက်ပျိုးရေးကဏ္ဍကြီး၏ မြန်မာ့စီးပွားရေးအပေါ် အရေးပါမှုသည် ဂျီဒီပီပါဝင်မှုအရလည်းကောင်း၊ ပို့ကုန်ဝင်ငွေ အချိုးအရလည်းကောင်း တနေ့တခြားလျော့ပါးလာသည်မှာ ကြာပြီဖြစ်သည်။ သို့သော် ဤကဏ္ဍအပေါ် မှီခိုအားထားနေရသည့် လုပ်သား (တောင်သူများ)နှင့် အိမ်ထောင်စုများ၏ ပမာဏမှာမူ သိသိသာသာ လျော့နည်းသွားခြင်းမရှိဘဲ နိုင်ငံလူဦးရေ၏ ၇၅ ရာခိုင်နှုန်းသော ကျေးလက်နေပြည်သူအများစုသည် စိုက်ပျိုးရေးမှပင် အဓိကဝင်ငွေ ရရှိနေသည်။ မြန်မာနိုင်ငံသည် စိုက်ပျိုးရေးထွက်ကုန်များကို အိမ်နီးချင်းနိုင်ငံများကိုသာ အားထားတင်ပို့နေရခြင်းကြောင့် ပို့ကုန်လုပ်ငန်းများသည်လည်း ယင်းနိုင်ငံများ၏ ကပ်ရောဂါဘေး ကာကွယ်ရေးလုပ်ငန်းများအောက်တွင် အချိန်မစောင့်နိုင်ဘဲ ပျက်စီးဆုံးရှုံးမှုများစွာနှင့် ကြုံလာရသည့်အခါ ကျေးလက်ဒေသ၏ အိမ်ထောင်စုများ၏ အသက်မွေးဝမ်းကြောင်းကို ထိပါးစပြုလာပြီဖြစ်သည်။   ထို့ပြင် ကျေးလက်နေမိသားစုများမှာလည်း ယင်းတို့ တချိန်လုံး အားကိုးအားထား ပြုနေရသော ရွှေ့ပြောင်းအလုပ်လုပ်နေကြသည့် သားသမီး၊ မြေးမြစ်များထံမှ ပြန်ပို့ငွေများကို  လက်ခံရရှိမှု တစတစလျော့နည်း လာကြပြီဖြစ်၍ ယခုနှစ် စိုက်ချိန်ပျိုးချိန်တွင် အရန်ငွေ ပြတ်လပ်နေကြပြီဖြစ်သည်။ ထိုအခြေအေနများကြောင့်လည်း မြန်မာ့စိုက်ပျိုးရေးကို ကိုဗစ်အလွန်တွင် အာရုံစိုက်သင့်ခြင်း ဖြစ်ပါသည်။

အထက်ပါ အခြေအနေများအကြား မြန်မာ့စိုက်ပျိုးရေးလောကအတွင်းရှိ သက်ဆိုင်သူများသည် အကျပ်အတည်းကာလတွင် အောက်ဖော်ပြပါ စိန်ခေါ်မှုများစွာအောက်မှ ဖောက်ထွက်နိုင်မည်လော၊ စိန်ခေါ်မှုမှသည် အခွင့်အလမ်းသို့ ပြောင်းလဲ ရယူနိုင်မည်လော၊ နိုင်ငံတော်အစိုးရနှင့်အတူ ပုဂ္ဂလိကကဏ္ဍအဖွဲ့အစည်းများက အခြေခံတောင်သူများနှင့် ကျေးလက်ပြည်သူများ၏ဘဝကို ကယ်တင်နိုင်မည်လော စသည့်မေးခွန်းပေါင်းများစွာအတွက် ဤစာတမ်းငယ်ဖြင့် အကြံပြုအပ်ပါသည်။

ကိုဗစ်ကာလတွင် နာတာရှည်ရောဂါ ကပ်စွဲလျက်ရှိသော စိုက်ပျိုးရေးပို့ကုန်ကဏ္ဍကြီးကို သတ်သတ်မှတ်မှတ် ဦးစာပေးကာ မူလရောဂါအမြစ်ပြတ်ရန် ကုရင်း ရုတ်တရက် ကူးစက်ရောဂါကြောင့် အားချည့်နဲ့လာသော စီးပွားရေးရောဂါကိုပါ တပါတည်း ကုစားသွားနိုင်ရေးကို ဆောင်ရွက်ရမည်ဖြစ်သည်။ ဆိုလိုသည်မှာ စိုက်ပျိုးရေးပို့ကုန်များ၏ ကာလရှည်ကြာစွာ ရပ်တည်ဖြစ်ပေါ်လာသော အားနည်းချက်များကို စနစ်တကျ ဖော်ထုတ် အရေးယူဆောင်ရွက်ခြင်းမရှိဘဲ ရှောင်တခင်အားဖြင့် ကိုဗစ်အလွန် ဦးမော့စေရေးအတွက်သာ ရည်ရွယ်၍ နည်းနည်းနှင့် ကျဲကျဲ ဆောင်ရွက်မည်ဆိုပါက ထိုလုပ်ငန်းများသည် အောင်မြင်မည်မဟုတ်ပါ။ ကိုဗစ်အလွန်ကာလတွင် စိုက်ပျိုးရေးကို ဦးစားပေးမည်ဟု သန္နိဋ္ဌာန်ချ၍ ရေတိုရေရှည်လုပ်ငန်းစဉ်များတွင် လုံလောက်သော ရင်းနှီးမြှုပ်နှံမှုကို စိုက်ထုတ်ကာ စနစ်တကျအဆင့်ဆင့်‌ ဖြေရှင်းဆောင်ရွက်မှသာ စိုက်ပျိုးရေးကဏ္ဍသည် ကိုဗစ်အလွန်ကာလ စီးပွားရေးပြန်လည်ထူထောင်ရေးအတွက် အဖြေ ဖြစ်လာနိုင်ချေ ရှိပါသည်။   စိုက်ပျိုးရေးကဏ္ဍကြီး၏ တန်ဖိုးကွင်းဆက်ကြောင်းတလျှောက် အားနည်းလာမှုများကို စနစ်တကျ လေ့လာသုံးသပ်ထားသော အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၁၄-၁၉) National Export Strategy, 2014-19 သည် ယခုအခါတွင် အထူးအသုံးတည့်မည့် မဟာဗျူဟာ တရပ်ဖြစ်သည်။ ယင်း NES တွင် စိုက်ပျိုးရေးအမယ် ငါးမျိုး (ဆန်၊ ငါး၊ ပဲ၊ ဆီထွက်၊ ရော်ဘာ) ပါခဲ့ရာ ပြီးခဲ့သည့် လေးနှစ်တာကာလအတွင်း ဆောင်ရွက်ရန် ချမှတ်ထားသော လုပ်ငန်းစဉ်များကို အမှန်တကယ် မည်မျှအကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးထားခြင်း ရှိ၊ မရှိကို ဦးစားပေး လေ့လာသုံးသပ်ကာ ကိုဗစ်အလွန်ကာလတွင် ရည်ရွယ်ချက်ရှိရှိ ဆောင်ရွက်ရမည့် ဦးစားပေးအစီအစဉ်သစ်များအား ဖော်ထုတ်ဖြေရှင်းလျက် ရေရည်မဟာဗျူဟာအသစ်တရပ်ကို (National Export Strategy for New Normal Global Economy – 2020-25) ပါ ပုံမှန်အသစ်ဖြစ်လာမည့် ကမ္ဘာ့ဈေးကွက်အခြေအနေနှင့်ကိုက်ညီစွာ ရေးဆွဲဖော်ထုတ်သင့်ပါသည်၊၊ကိုဗစ်ဘေးကာလ မြန်မာ့စိုက်ပျိုးရေးကဏ္ဍအတွင်းရှိ သက်ဆိုင်ရာများ၏ အခြေအနေ

(က) ပို့ကုန်လုပ်ငန်းရှင်များ ။           ။ ပို့ကုန်လုပ်ငန်းရှင်များ၏ လက်ရှိအခက်အခဲမှာ စာရွက်စာတမ်းများကိစ္စ ဖြစ်သည်။  သင်္ဘော အဝင်အထွက်ရှိပြီး ဆိပ်ကမ်းကုန်တင်ကုန်ချ လုပ်ငန်းများ အလျင်မီနေသေးသော်လည်း လေကြောင်းလိုင်းများ ပိတ်ထားမှုကြောင့် ဝင်စာထွက်စာများ ကြန့်ကြာနေပြီး သက်ဆိုင်ရာ ကုန်သွယ်ရေးဌာနများကလည်း ယင်းကို ကျော်လွှားဖြေရှင်းရန် မဖြစ်နိုင်သေးပေ။ အခြားနိုင်ငံများတွင် ယင်းကိစ္စများကို သီးခြားကိုင်တွယ် ဖြေရှင်းနေသော်လည်း မြန်မာနိုင်ငံတွင် ခရီးသည်တင်လေယာဉ်များမှတဆင့်သာ ဆောင်ရွက်လေ့ရှိရာ ယခုအခါ ယင်းလမ်းကြောင်းများအားလုံး နှေးကွေးလာသည်ကို တွေ့ရပါသည်။ ၂၀၁၈ ခုနှစ် ကမ္ဘာ့ဘဏ်မှ ထုတ်ပြန်ခဲ့သော Logistics performance index LPI (ကုန်စည်သယ်ယူပို့ဆောင်ရေးစွမ်းဆောင်ရည်ညွှန်းကိန်း) အရ မြန်မာနိုင်ငံသည် အရှေ့တောင်အာရှ နိုင်ငံများအားလုံးအနက် စွမ်းဆောင်ရည်အနည်းဆုံးနိုင်ငံ ဖြစ်နေသေးသည် (ဇယား-၂)။ ပို့ကုန်လုပ်ငန်း ဆောင်ရွက်ရန် ဆိပ်ကမ်း တခုတည်းရှိပြီး သင်္ဘောတင်လုပ်ငန်းများ  ကြန့်ကြာမှုသည် အရှေ့တောင်အာရှ နိုင်ငံများအနက် အဆိုးဝါးဆုံးအဆင့်တွင် ရှိနေသည်။ ထို့ပြင် စိုက်ပျိုးထုတ်လုပ်သော နိုင်ငံတခု ဖြစ်ပါလျက်နှင့် မြန်မာနိုင်ငံတွင် ကမ္ဘာ့အဆင့်မီ ကုန်လှောင်ရုံစနစ် မရှိသေးပါ။ ထိုအခါ ရာသီပေါ်ချိန်တွင်သာ ရသည့်ပေါက်ဈေးနှင့် ရောင်းရပြီး ရာသီအပြီးတွင် ရောင်းနိုင်ရန် စနစ်တကျ သိုလှောင်ထားနိုင်ပြီး တောင်သူကိုပါ ကြိုတင်ငွေချေပေးနိုင်မည့် ခေတ်မီကုန်လှောင်ရုံ ပြေစာစနစ်မျိုး (modern warehouse receipt system) မရှိသေးပါ။ မြန်မာ့ပဲမျိုးစုံဈေးကွက်၏ အရေးပါဆုံးအိမ်နီးချင်း အန္ဒိယနိုင်ငံနှင့် အစိုးရချင်း G-to-G ရေရှည် ဝယ်ယူရေးသဘောတူညီမှု (long-term purchase agreement) မရနိုင်သေးသည့် အဟန့်အတားများစွာအနက် မိမိတွင် ခေတ်မီသိုလှောင်ရုံ စနစ်မရှိခြင်းသည် အဓိကအချက်ဖြစ်သည်။ ယင်းစနစ်မျိုးကို ထူထောင်ရန်မှာ နောက်ကျနေပြီပင်ဖြစ်ရာ ကိုဗစ်အလွန်ကာလ တောင်သူလယ်သမားများ၏ သီးနှံဈေးအာမခံချက် ရရှိရေးအလို့ငှာ ယခုပင် စတင်ပြင်ဆင်သင့်ပေသည်။ ထို့ပြင် မိမိရှေ့တွင် ရောက်နေသည့် ကမ္ဘောဒီးယားနှင့် လာအိုတွင် အဆိုပါစနစ်များကို ကျင့်သုံးလျက် ရှိနေပြီဖြစ်ရာ ယင်းအဆင့်များကို မီရန်ပင် ၃၉ ဆင့် နှင့် ၅၅ ဆင့် ကျော်လွှားရဦးမည်ဖြစ်သောကြောင့် မဝေးကွာလှသည့် ကိုဗစ်အလွန်ကာလတွင် မြန်မာ့လယ်ယာ ထွက်ကုန်ပစ္စည်းများ အဝယ်လိုက်မည့် အချိန်၌ ဆင်ပြောင်ကြီး အမြီးကျမှ တစ်မနေရန် ပြင်ဆင်သင့်ပါသည်။အထက်ပါကိစ္စရပ်များနှင့်ဆက်စပ်သည့် နောက်ကိစ္စတခုမှာ အရည်အသွေး စီမံခန့်ခွဲခြင်းဆိုင်ရာ နိုင်ငံတကာ အသိအမှတ် ပြု ဓာတ်ခွဲခန်းများ မရှိသေးသည့် ပြဿနာဖြစ်သည်။  ပုံမှန်ကာလတွင် ယင်းလိုအပ်ချက်ကို ထိုင်းနှင့် စင်ကာပူနိုင်ငံများရှိ ဓာတ်ခွဲ အတည်ပြုချက်များကို အခပေးဆောင်ရွက်စေပြီး အချိန်မီ ကုန်တင်ကုန်ချ ဆောင်ရွက်နိုင်သော်လည်း ကိုဗစ်ကာလတွင် အခက်အခဲများစွာ ဖြစ်စေပါသည်။  မြန်မာနိုင်ငံတွင် အစိုးရပိုင် ဓာတ်ခွဲခန်းများ ရှိသော်လည်း ဘတ်ဂျက်အခက်အခဲ၊ ကျွမ်းကျင်ပညာရှင်များ နည်းပါးမှု၊ စီးပွားရေးဝန်ဆောင်မှု အားနည်းခြင်း စသည့် အခက်အခဲများကြောင့် ပုဂ္ဂလိကကဏ္ဍက နိုင်ငံခြားမှသာ ဝန်ဆောင်မှု ရယူလျက်ရှိရာ ယခုအခါ အထက်ပါ လိုအပ်ချက်ကို အမြန်ဆုံးဖြည့်ဆည်းပေးရန် လိုအပ်လျက်ရှိပါသည်။ ကိုဗစ်အလွန်ကာလတွင် ကမ္ဘာ့စားနပ်ရိက္ခာ ဈေးကွက်သစ်များကို ရယူနိုင်ရန်မှာ မိမိတွင် ကမ္ဘာ့အဆင့်မီ အရည်အသွေးစံ ထိန်းသိမ်းရေး အခြေခံအဆောက်အအုံ (Quality Infrastructure) တရပ် အမြန်ထူထောင်ရန် လိုအပ်ပြီး ယင်းသည် ပြည်တွင်းစားသုံးမှုအတွက်လည်း တန်ဖိုးရှိမည့် ရင်းနှီးမြှုပ်နှံမှုတခုဖြစ်ရာ နိုင်ငံတော်မှ အချိန်မီ အိပ်စိုက်ထူထောင်သင့်ပါသည်။ ကမ္ဘာ့နိုင်ငံအသီးသီးတွင် အဆိုပါကဏ္ဍအတွက် ပြည်သူ့ဘဏ္ဍာဖြည့်ဆည်းမှုကို နောင်တရစရာမလိုသော ရင်းနှီးမြှုပ်နှံမှု (no-regret investment) ဟု သတ်မှတ်ထားသည်ဖြစ်ရာ ယနေ့ကာလကဲ့သို့ အရေးပေါ် လိုအပ်လျက်ရှိသောအချိန်တွင် ဦးစားပေးဆောင်ရွက်သင့်သည့် လုပ်ငန်းစဉ်တရပ်ဖြစ်ပါသည်။

(ခနယ်စပ်ကုန်သည်များ ။            ။  မြန်မာ့စိုက်ပျိုးရေးထွက်ကုန် အများစုသည် အိမ်နီးချင်းနိုင်ငံများသို့သာ အားထား တင်ပို့လျက်ရှိရာ တရုတ်နိုင်ငံသို့ တရုတ်-မြန်မာနယ်စပ်ဂိတ်များမှ တင်ပို့မှုသည် ကိုဗစ်ဒဏ်ကို ကြီးစွာခံစားရသည်နေရပြီ ဖြစ်သည်။ လက်ရှိတွင် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အကြီးဆုံး ကုန်သွယ်ဘက် နိုင်ငံတခုဖြစ်ပြီး ပို့ကုန်အားလုံး၏ ၃၉ ရာခိုင်နှုန်းသော ဝေစုကို ရရှိထားပါသည်။ မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ တင်ပို့နေသော ကုန်ပစ္စည်းအမယ် အမျိုးမျိုးရှိသည့်အနက် လယ်ယာထွက်ကုန်သည် ထက်ဝက်ခန့်ရှိရာ တရုတ်-မြန်မာ နယ်စပ်ဂိတ်များသည် မြန်မာ့လယ်ယာ ထွက်ကုန်များအတွက် မရှိမဖြစ် အထူးအရေးပါသည့် တခုတည်းသော ထွက်ပေါက်ကြီးပင်ဖြစ်သည် (ဇယား-၃)။ နှစ်စဉ် တရုတ်နှစ်သစ်ကူးပွဲတော် ကျင်းပလေ့ရှိသော ဇန်နဝါရီ-ဖေဖော်ဝါရီ ကာလသည် မြန်မာ့သီးနှံများ အထူးသဖြင့် ဖရဲ၊ သခွား သစ်သီးဝလံများအတွက် တနှစ်လုံးတွင် တကြိမ်သာရသည့် ကြီးမားသော ဝယ်လိုအားရှိသည့် ကာလလည်းဖြစ်သည်။ ယခုနှစ်တွင် ကံဆိုးစွာပင် နှစ်သစ်ကူးပွဲတော် မစမီအချိန်တွင် တရုတ်နိုင်ငံ၌ ကိုဗစ်ရောဂါ စတင်ဖြစ်ပွားခဲ့ရာ မြန်မာ့ပို့ကုန် ဖရဲ၊ သခွားများ အချိန်မီ မတင်ပို့နိုင်ဘဲ လေလွင့်ပျက်စီးခဲ့ရသည်။  တရုတ်နိုင်ငံအတွင်း လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်လာသောအခါ ဝယ်လိုအားမှာ ပိုမိုကျဆင်းခဲ့ရပြီး အခြားလယ်ယာထွက်ကုန်တင်ပို့မှုများပါ ကျဆင်းလာခဲ့ရသည်။ယခုကာလတွင် တရုတ်နိုင်ငံသည် ကိုဗစ်ရောဂါ ထိန်းချုပ်မှုများကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ပြီး ပြည်တွင်းစားသုံးမှုများလည်း တဟုန်ထိုး ပြန်လည်မြောက်တက်လာသည်ဟု သိရပါသည်။ သို့သော် ယင်းသို့ ပြန်လည်နိုးထလာသော တရုတ်ဈေးကွက်ကြီးကို ပြန်လည်ဝင်ရောက်ရန် နယ်စပ်ရှိ မြန်မာကုန်သည်များ ကြိုးစားလာသောအခါ တရုတ်က မြန်မာ့ကုန်စည်နှင့်အတူ ပြန်လည်စီးဝင်လာမည့် ကိုဗစ်ရောဂါပိုးကို စိုးရိမ်သောကြောင့် နယ်စပ်ဂိတ်များတွင် တင်းကျပ်သော စိစစ်မှုများ ပြုလုပ်လာခြင်းနှင့် ရင်ဆိုင်ရပြန်သည်။ ကိုဗစ် မတိုင်ခင်က မြန်မာနယ်စပ်မှ တရားဝင်ဖြတ်ပြီးသား လယ်ယာထွက်ကုန်အများအပြားသည် တရုတ်နိုင်ငံအတွင်းသို့ နားလည်မှုဖြင့် အစစ်အဆေးမရှိ တရားမဝင် တင်ပို့ခွင့်ရှိခဲ့သည်။ ယင်းသို့ နားလည်မှုဖြင့်လုပ်ရန် လွယ်ကူခဲ့သောကြောင့် သကြား၊ ဆန်၊ ပြောင်း၊ ပဲတီစိမ်း စသည့် ကောက်ပဲသီးနှံများသည် တရုတ်အစိုးရ ချမှတ်ထားသော sanitary and phytosanitary (SPS) မူဘောင်များနှင့်အညီ လိုက်နာဆောင်ရွက်ခဲ့ခြင်းမရှိခဲ့ပါ။  ယင်းကိုတာဝန်ယူဆောင်ရွက်ရမည့် မြန်မာနိုင်ငံ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန လက်အောက်ရှိ သီးနှံကာကွယ်ရေးဌာနခွဲသည် ဘဏ္ဍာရေး ကန့်သတ်ချက်များရှိနေခြင်း၊ အခြေခံအဆောက်အအုံများ ပြည့်စုံလုံလောက်မှု မရှိခြင်းကြောင့် ထိရောက်သော SPS စနစ်ကို အကောင်အထည်ဖော်နိုင်ရေး အခြေခံလုပ်ငန်းစဉ်များဖြစ်သော ပိုးမွှားစာရင်း ပြုစုရေးကဲ့သို့ သုတေသနလုပ်ငန်းများကိုပင် မဆောင်ရွက်နိုင်ဘဲ ရှိနေသည်။ စိုက်ပျိုးရေးဦးစီးဌာနသည် မြန်မာနိုင်ငံတွင် ပါရဂူဘွဲ့ရရှိပြီးသား ကျွမ်းကျင်ပညာရှင်အများဆုံးရှိသည့် အားကောင်းမောင်းသန် ဌာနကြီးဖြစ်ပါလျက် ဘတ်ဂျက်အခက်အခဲကြောင့် အားလုံးလက်မှိုင်ချနေရပါသည်။

ယခုအခါ တရုတ်နိုင်ငံအနေနှင့် မြန်မာနိုင်ငံမှ ဝင်ရောက်လာမည့် လယ်ယာထွက်ကုန်များနှင့် ရောဂါသယ်ဆောင် ကူးစက်စေသည့် သက်ရှိများ၊ ပိုးမွှားများ ဘေးအန္တရာယ်ကို တင်းကျပ်စွာ ကာကွယ်ထိန်းချုပ်လျက်ရှိရာ မြန်မာနိုင်ငံဘက်မှ ကုန်တင်ကားများပင် မြန်မာယာဉ်မောင်းများ လိုက်ပါခြင်းမပြုဘဲ ကုန်တင်ကုန်ချလုပ်ရသည့် အခြေအနေသို့ ဆိုက်ရောက်ခဲ့ရပါသည်။ ပြီးခဲ့သည့်အပတ်က တောင်သူအများအပြားကို တုန်လှုပ်ခြောက်ခြားစေသော ပုံရိပ်များမှာ မြန်မာ့ပြောင်းချိုများ (ဖူးစားပြောင်း)ကို တရုတ်နိုင်ငံမှ တင်းကျပ်စွာ ပိတ်လိုက်သောကြောင့် ရွှေလီမြစ်ထဲသို့ နေ့စဉ် တန် ၁၀၀ ခန့် စွန့်ပစ်နေရသည့် ပုံများပင်ဖြစ်သည်။ မြန်မာ့တောင်သူများအနေဖြင့် ပြောင်းချိုစိုက်ပျိုးရေးအတွက် မျိုးစေ့၊ မြေဩဇာ၊ မြေဆီနှင့် ဆေးပစ္စည်းများကို အကြွေးဝယ်ထားရပြီး သီးနှံပေါ်ချိန် ပြန်ဆပ်ရလေ့ရှိရာ ယခုကဲ့သို့ ဆုံးရှုံးမှုများကား လာမည့်စိုက်ပျိုးရာသီအတွက် ထပ်မစိုက်ရဲအောင် ခြိမ်းခြောက်လျက်ရှိပါသည်။ ယခုကိုဗစ်ကာလနှင့် ကိုဗစ်အလွန်ကာလများတွင် မြန်မာနိုင်ငံ ၏ SPS မူဘောင်ဆိုင်ရာ အားနည်းချက်များသည် နယ်စပ်ကုန်သည်များသာမက ယင်းတို့အပေါ် မှီခိုနေရသော မြန်မာ့တောင်သူ ထောင်ပေါင်းများစွာအတွက် ကြီးမားသော အဟန့်အတားဖြစ်နေသည့်အပြင် SPS မူဘောင် အားကောင်းသော အိမ်နီးချင်း စိုက်ပျိုးရေးနိုင်ငံများက တရုတ်ဈေးကွက်၏ ဝေစုကိုပါ ရယူသွားနိုင်သည့် အခွင့်အလမ်းဆုံးရှုံးမှုများနှင့်လည်း ကြုံတွေ့ရနိုင်ပါသည်။ SPS အခြေခံ အဆောက်အအုံများ ထူထောင်ခြင်းသည်လည်း နောင်တရစရာမလိုသော ရင်းနှီးမြှုပ်နှံမှု (no-regret investment) တခုဖြစ်လေရာ ယနေ့ကာလကဲ့သို့ အရေးပေါ်လိုအပ်လျက်ရှိသောအချိန်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ဦးစားပေးဆောင်ရွက်သင့်သည့် လုပ်ငန်းစဉ်တရပ်ဖြစ်ပါသည်။

() အခြေခံတောင်သူများ။           ကိုဗစ်ကာလအတွင်း အခြေခံတောင်သူများအဖို့ မိမိစိုက်ပျိုးပြီးစီးခဲ့သော သီးနှံအများစုကို ရောင်းချပြီးသားဖြစ်ရာ ထိခိုက်ဆုံးရှုံးမှုများစွာ မကြုံရသော်လည်း လာမည့်စိုက်ပျိုးရာသီအတွက် အထူးလိုအပ်လျက်ရှိသော မျိုးစေ့၊ သွင်းအားစု၊ ချေးငွေနှင့် နည်းပညာ အထောက်အပံ့များ ရရှိရန် လိုအပ်လျက် ရှိနေသေးသည်။ ကိုဗစ်ကာလအတွင်း လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှုနှင့် ခြေချုပ်အမိန့်များကြောင့် မျိုးစေ့နှင့် သွင်းအားစုများ  ဖြန့်ဖြူးရောင်းချရေးတွင် ကန့်သတ်မှုများစွာ ဖြစ်နေကြောင်း သိရှိရပြီး ယင်းအနက် တရုတ်နိုင်ငံမှ တင်သွင်းရလျက်ရှိသော ဓာတ်မြေဩဇာ ရရှိမှုများလည်း အခက်အခဲ ဖြစ်နေကြောင်း သိရှိရပါသည်။ ထို့အပြင် ကျေးလက်တောင်သူများကို တဖက်တလမ်းမှ ပံ့ပိုးလျက်ရှိသော အသေးစား ငွေစုငွေချေး လုပ်ငန်းများ(MFIs) သည်လည်း ပြီးခဲ့သည် ဧပြီလဆန်းမှစ၍ မေ ၁၅ ရက်အထိ လုပ်ငန်းများ ရပ်ဆိုင်းထားကြောင်း သိရှိရပါသည်။  မြန်မာနိုင်ငံတွင် အကြီးဆုံးငွေစုငွေချေးလုပ်ငန်းတခုဖြစ်သည့် Pact Global Microfinance Fund အဆိုအရ ယင်းထံမှ ငွေချေးငွေရယူနေသူ လူတသန်းကျော်နေထိုင်သည့် ကျေးရွာစုစုပေါင်း၏ ၃၂ ရာခိုင်နှုန်းမှာ ခြေချုပ်အမိန့်များကြောင့် သွားလာရန်ပင် မလွယ်ကူသည့် အခြေအနေတွင် ရှိနေသည်။ ကျန်သည့် ၆၈ ရာခိုင်နှုန်းမှာ ချေးငွေလုပ်ငန်းများ ရပ်ဆိုင်းထားရခြင်းကြောင့် နှစ်စဉ် တောင်သူလယ်သမားများအတွက် ထုတ်ပေးလျက်ရှိသော ချေးငွေ ၁၂၀ ဘီလီယံကို ယခုထက်ထိ ထုတ်ပေးနိုင်ခြင်း မရှိသေးပါဟု ယင်း၏ ဥက္ကဋ္ဌ မစ္စတာဖာမစ်ဘူယာက မကြာသေးမီက ပြောကြားခဲ့ပါသည်။ [2]

ထို့ပြင် အချို့သော ကျေးလက်ဒေသများတွင် တောင်သူများသည် ယခင်အကြွေးဟောင်းများကို ပြန်မဆပ်နိုင်သောကြောင့် လာမည့် စိုက်ပျိုးရေးရာသီအတွက် အခက်အခဲဖြစ်နေကြောင်းလည်း သိရှိရပါသည်။ တရားဝင် ဖွဲ့စည်းဆောင်ရွက်ခွင့်ရှိသော MFI များ ရပ်ဆိုင်းနေသောကြောင့် တောင်သူများအနေဖြင့် အရပ်ထဲမှ ချေးငွေများကို ချေးယူဆောင်ရွက်နေကြောင်း သိရှိရပါသည်။ တဖက်တွင်လည်း သွင်းအားစုကုမ္ပဏီများအနေနှင့် နိုင်ငံခြားတင်ပို့မှုများကို ဈေးကြီးပေးဝယ်ရမည့် အနေအထားတွင်ရှိနေရာ တောင်သူများကို ပေါက်ဈေးအတိုင်း ပြန်လည်ရောင်းချပါက တောင်သူများအတွက် ဝန်ထုတ်ဝန်ပိုး ဖြစ်စေပါမည်။ ထိုအခါ တောင်သူများအနေနှင့် အရင်းအနှီး ကြီးကြီးဖြင့် စွန့်စားဆောင်ရွက်ရမည့် စိုက်ပျိုးရေးကို ယခုနှစ်တွင် ပုံအောဆောင်ရွက်ရန် ဝန်လေးနေဦးမည် ဖြစ်ပါသည်။ အထက်ပါ အခြေအနေများအနက် စိုက်ပျိုးရေးထုတ်လုပ်မှု တန်ဖိုးကွင်းဆက်ကြောင်းတလျှောက် မလိုလားအပ်သော ပြတ်တောက်မှုများကို လျှော့ချရန် အစိုးရက ဦးစားပေး စဉ်းစားသင့်သည်ဟု FAO အကြီးအကဲ မစ္စရှောင်ဂျီဖန်းက တိုက်တွန်းခဲ့ပြီး “စီမံခန့်ခွဲမှု အားနည်းခြင်းကြောင့် ဘဝများ ထိခိုက်နစ်နာမည့်အရေး” ကို ရှောင်ရှားနိုင်ရန် သတိပေးခဲ့ပါသည်။ [3]

() ကျေးလက်ဒေသ အိမ်ထောင်စုများ ။              ။  ကမ္ဘာ့နိုင်ငံအသီးသီးတွင် ကိုဗစ်-၁၉ သည် မျှော်လင့်မထားဘဲ လျင်မြန်စွာကူးစက်ပျံ့နှံ့ခဲ့ပြီး မြန်မာနိုင်ငံ၌ မတ်လတွင် စတင်တွေ့ရှိခဲ့ပါသည်။ မြန်မာနိုင်ငံတွင် ရောဂါပျံ့နှံ့မှု နည်းပါးသော်လည်း ကနဦးတွင် တရုတ်နိုင်ငံမှ ကုန်ကြမ်းရရှိမှု အခက်အခဲကြောင့် စီးပွားရေးအရ အခက်အခဲများကို စတင်ရင်ဆိုင်ရပါသည်။ ယခုအခါ ရောဂါပိုးတွေ့ရှိသူများ များပြားလာပြီး ပြန့်ပွားမှုလျှော့ချရန်အတွက် အသွားအလာကန့်သတ်ထိန်းချုပ်မှုများကို တိုးမြှင့်ဆောင်ရွက်ရသောကြောင့် စီးပွားရေးကျပ်တည်းမှု ပိုမိုဆိုးရွားလာပါသည်။ ထို့ပြင် ကိုဗစ်-၁၉ ကြောင့် အလုပ်ပိတ်သိမ်းမှုများလည်း ဖြစ်ပေါ်ခဲ့ပြီး ထိုင်းနိုင်ငံတွင် သွားရောက်လုပ်ကိုင်သော အလုပ်သမားများစွာလည်း ဧပြီလမှစတင်ပြီး မြန်မာနိုင်ငံသို့ တဖွဲဖွဲ ပြန်လာနေကြောင်း သိရှိရပါသည်။ ဧပြီလကုန်တွင် တရုတ်နိုင်ငံမှ နေရင်းအရပ်သို့ ပြန်လည် ဝင်ရောက်လာသူများလည်း ရှိလာပါသည်။ ရန်ကုန်မြို့ရှိ ကုန်ထုတ်စက်မှုလုပ်ငန်းများ ပိတ်သိမ်းမှုကြောင့် အလုပ်ထုတ်ခံရသူ အလုပ်သမား တသိန်းနီးပါး ရှိသွားပြီဖြစ်ရာ ယင်းတို့အများစုသည်လည်း ကျေးလက်နေရပ်များသို့ ပြန်သွားကြ‌ကြောင်း သိရှိရပါသည်။ မကြာခင်တွင်လည်း နယ်စပ်ဂိတ်များ ပြန်ဖွင့်ပါက အိမ်နီးချင်းနိုင်ငံများမှ မြန်မာ့ရွှေ့ပြောင်း အလုပ်သမားများစွာ နေရပ်ပြန်နိုင်ဖွယ်ရှိသည်ဟု သိရပါသည်။ ယင်းပြဿနာများ၏ အကြီးမားဆုံး နောက်ဆက်တွဲပြဿနာမှာ ကျေးလက်ဒေသ အခြေခံမိသားစုများထံ ပုံမှန်စီးဝင်လျက်ရှိသော ပြန်ပို့ငွေများ ရပ်ဆိုင်းသွားခြင်းပင်ဖြစ်သည်။

ကိုဗစ်-၁၉ ကပ်ရောဂါ နောက်ဆက်တွဲကြောင့် ကမ္ဘာအနှံ့တွင် ပြန်ပို့ငွေ ၂၀ ရာခိုင်နှုန်း[4]ကျဆင်းမည်ဟု World Bank က ခန့်မှန်းထားပါသည်။ ထိရှလွယ်သော အိမ်ထောင်စုများစွာသည် (vulnerable households) ရွှေ့ပြောင်းသွားလာ လုပ်ကိုင်သူများ၏ ပြန်ပို့သောငွေများကို မှီခိုနေထိုင်နေရခြင်းဖြစ်သောကြောင့် ဖွံ့ဖြိုးဆဲနှင့် ဖွံ့ဖြိုးမှုနိမ့်ကျသော နိုင်ငံများတွင် အကျိုးဆက်ကို များစွာခံစားရနိုင်ပါသည်။ မြန်မာနိုင်ငံသည် ရွှေ့ပြောင်းသွားလာသူများထံမှ ပြန်ပို့ငွေ ၃ ဒသမ ၈ ဘီဘီယံခန့် ရရှိနေပြီး ပို့ကုန်ရငွေ၏ ၃၀ ရာခိုင်နှုန်း ရှိသည်ဟု ခန့်မှန်းထားပါသည်။ အဆိုပါ ပြန်ပို့ငွေများသည် ကျေးလက်ဒေသများသို့ စီးဝင်နေကြောင်းလည်း သိရှိရပါသည်။

မွန်ပြည်နယ် တွင် ၂၀၁၅ ခုနှစ်က လေ့လာခဲ့သော အိမ်ထောင်စုစစ်တမ်း[5]တွင်လည်း အသက်အရွယ် ၁၅ နှစ်နှင့် ၄၅ နှစ်ကြားရှိ လူငယ်များ၏ ၃၁ ရာခိုင်နှုန်းမှာ အခြားဒေသများသို့ သွားရောက် အလုပ်လုပ်ကိုင်နေပြီး ငွေပြန်ပို့လျက်ရှိသည်။ သို့ဖြစ်ရာ မွန်ပြည်နယ်၏ ဝင်ငွေအရင်းအမြစ်များတွင် စိုက်ပျိုးရေးကဏ္ဍက ၁၄ ရာခိုင်နှုန်းဖြင့် အဓိကဖြစ်ပြီး ရွှေ့ပြောင်းလုပ်သားများမှ ပေးပို့ငွေ ၂၂ ရာခိုင်နှုန်းဖြစ်ကြောင်း သိရှိရသည်။ ငွေသုံးစွဲမှုကို လေ့လာရာတွင်လည်း[6] စိုက်ပျိုးရေးကဏ္ဍတွင် အတိုင်းအတာတခုထိ မြှုပ်နှံကြောင်း သိရှိရပါသည်။ မြန်မာ့လူမှု စီးပွားဖွံ့ဖြိုး တိုးတက်ရေးအဖွဲ့နှင့် မစ်ချီဂန်တက္ကသိုလ်၊ အပြည်ပြည်ဆိုင်ရာ စားနပ်ရိက္ခာ ဖူလုံရေးအဖွဲ့တို့က ၂၀၁၆ ခုနှစ်တွင်[7] ရန်ကုန်မြို့ အနီးအနားရှိ မြို့နယ် လေးမြို့နယ် (ခရမ်း၊ မအူပင်၊ ညောင်တုံးနှင့် တွံတေး) တွင် ပြုလုပ်သောစစ်တမ်းအရ လေ့လာမှုပြုခဲ့သည့် အိမ်ထောင်စု စုစုပေါင်း၏ ၄၄ ရာခိုင်နှုန်းသည်  နေထိုင်ရာ ဒေသအနီးအနားရှိ မြို့ပြဒေသများ၊ အခြားမြို့နယ်များနှင့် ဒေသများသို့ ကာလရှည် လခစား အလုပ်သမားများအဖြစ် သွားရောက်လုပ်ကိုင်နေကြကြောင်း လေ့လာတွေ့ရှိရသည်။ ရွှေ့ပြောင်းလုပ်သား ၈၀ ရာခိုင်နှုန်းကျော်သည် ၄င်းတို့ မိသားစုများထံ ငွေပြန်ပို့ခဲ့ကြပါသည်။ စိုက်ပျိုးရေးလုပ်ကိုင်သည့် အိမ်ထောင်စုများတွင် ၇၉ ရာခိုင်နှုန်းနှင့် ငါးမွေးမြူရေး လုပ်ကိုင်သည့်မိသားစုများတွင် ၇၂ ရာခိုင်နှုန်းသည် ရွှေ့ပြောင်းနေထိုင်သူမှ ပြန်ပို့သည့် လွှဲပြောင်းပေးငွေဖြင့် မိသားစု၏ဝင်ငွေအား အဓိကရရှိနေကြသည်ကို တွေ့ရှိရပါသည်။  ယင်းသို့လျှင် ကျေးလက်ဒေသရှိ အခြေခံမိသားစုများအဖို့  အရန်ငွေ မရှိသည့်ကာလဖြစ်၍ စိုက်ပျိုးရေးအတွက် လုံလောက်သော ရင်းနှီးမြှုပ်နှံမှုတခုကို ဆောင်ရွက်ရန် အခွင့်မသာလှချေ။

 

မိုးလွန်မှ ထွန်ချလို့မရသည့် စိုက်ပျိုးရေးတောင်သူများ၏ လက်တွေ့ အခက်အခဲများ

အထက်ပါ စိန်ခေါ်မှုများသည် ကိုဗစ်အကျပ်အတည်းကာလအတွင်း စိုက်ပျိုးရေးကဏ္ဍအတွက် ကြီးမားသော အဟန့် အတားများဖြစ်သည်။ မြန်မာ့စီးပွားရေးကို စိုက်ပျိုးရေးဖြင့် ဦးမော့စေမည်ဟူ၍ အိပ်မက်မက်ရန် မဆိုထားဘိ ကဏ္ဍအတွင်းရှိ အခြေခံတောင်သူများ၊ ကုန်သည်များနှင့် လုပ်ငန်းရှင်များကို ဖိစီးနေသော ဝန်ထုပ်ဝန်ပိုးများကို နိုင်ငံတော်အစိုးရက အချိန်မီ မဖြေရှင်းပေးနိုင်ပါက စားနပ်ရိက္ခာ လုံခြုံမှုကိုပါ ထိပါးစေနိုင်မည့် မကျော်ကောင်း မကြားကောင်း အန္တရာယ်နှင့်ပင် ရင်ဆိုင်ရဖွယ်ရှိနေသည်။ ဤကဲ့သို့ မသေချာ မရေရာမှုများစွာဖြင့် ရင်ဆိုင်နေရသော တောင်သူလယ်သမားများအတွက် ထိခိုက်နစ်နာလွယ်မှု အကြီးမားဆုံးပင် ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ ကျေးလက်မှ လူဉီးရေ ၆၈ ရာခိုင်နှုန်းသည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းများတွင် လုပ်ကိုင်နေကြကြောင်း ၂၀၁၈ ခုနှစ်က ထုတ်ဝေသော မြန်မာ့စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာ (၁၈/၁၉ -၂၀၂၂-၂၃)[8] တွင် ဖော်ပြထားပါသည်။ မြန်မာ့တောင်သူများသည် ကိုဗစ်-၁၉ မတိုင်မီကပင် ရာသီဥတု ဖောက်ပြန်မှု၊ ဈေးကွက်မတည်ငြိမ်မှုနှင့် ရောဂါပိုးမွှားကျရောက်မှု အစရှိသည့် စွန့်စားမှု (risks) များကို နေ့စဉ် ရင်ဆိုင်နေကြရသည်။ အခြေခံအဆောက်အအုံ အားနည်းသော မြန်မာနိုင်ငံတွင် ရာသီဥတုကို မှီ၍ စိုက်ပျိုးသော တောင်သူများအတွက် ယခုအချိန်သည် အရေးကြီးသောအချိန် ဖြစ်နေပြီဖြစ်သည်။ မိုးလွန်မှ ထွန်ချ၍ မရပါ။ မိုးဦးမကျခင်တွင်ပင် လယ်ယာမြေကို ပြင်ဆင်ခြင်း၊ မျိုးများစုဆောင်းခြင်း၊ မြေဩဇာဝယ်ယူခြင်း၊ လုပ်သားများပြင်ဆင်ခြင်း သို့မဟုတ် စက်ငှားရန် ကြိုတင်ပြင်ဆင် ညှိနှိုင်းထားရခြင်းကို ဆောင်ရွက်ထားရမည့်အချိန် ဖြစ်နေသည်။

မြန်မာနိုင်ငံ၏ ရေမြေ၊ တောတောင်၊ ရာသီဥတု ကွဲပြားခြားနားမှုကြောင့် မိုးကာလတွင် စိုက်ပျိုးမှုပုံစံ အမျိုးမျိုးကွဲပြားသည်ဖြစ်ရာ စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်များလည်း ကွဲပြားခြားနားကြောင်းသိရှိရပါသည်။ သို့သော်လည်း မြန်မာ့တောင်သူများအားလုံး၏ တူညီသောအချက်မှာ စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ဆောင်ရန်၊ သွင်းအားစုများနှင့် ငွေပင်ငွေရင်း လိုအပ်နေခြင်းပင်ဖြစ်သည်။ မြန်မာ့ကျေးလက် တောင်သူလယ်သမားများသည် စိုက်ပျိုးရေးဘဏ်က ထုတ်ချေးသော အမတော်ကြေးအပြင် အခြားအရပ်ချေးငွေ၊ အသေးစားချေးငွေလုပ်ငန်းမှ ချေးငွေများနှင့် အထက်တွင်ဖော်ပြသကဲ့သို့ နိုင်ငံရပ်ခြားသို့ သွားရောက် အလုပ်လုပ်ကိုင်သော မိသားစုများ၏ ပြန်ပို့ငွေများကို စိုက်ပျိုးရေးလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံနေကြရခြင်းဖြစ်သည်။

စိုက်ပျိုးရေးတောင်သူများအတွက် အရေးကြီးသော သွင်းအားစုများမှာ မျိုး၊ မြေဩဇာနှင့် ပိုးသတ်ဆေးများ ဖြစ်ပြီး အများစုမှာ တရုတ်နှင့် ထိုင်းနိုင်ငံတို့မှ တင်သွင်းနေကြခြင်းဖြစ်ပါသည်။ တောင်သူအများစုသည် မိမိတို့ မျိုးများကို ပြန်လည်အသုံးပြုခြင်း၊ ကျေးလက်ပွဲစားများထံမှ ဝယ်ယူခြင်းကြောင့် မျိုးရရှိနိုင်သော်လည်း နယ်စပ်ထွက်ပေါက်များ ပိတ်ဆို့ခြင်း၊ အသွားအလာ ကန့်သတ်မှုများကြောင့် သယ်ယူပို့ဆောင်ရေး အဆင်မပြေဖြစ်ကာ မြေဩဇာနှင့် ပိုးသတ်ဆေး ရရှိနိုင်မှုမှာ အခက်အခဲရှိနိုင်သည်။

 

အမြန်ဆုံးလိုနေမည့် အမတော်ကြေး

လက်ရှိအနေအထားတွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်သည် နှစ်စဉ်ချေးငွေအဖြစ် (မိုး၊ ဆောင်း၊ မိုးကြို) ချေးငွေများကို ထုတ်ချေးလျက်ရှိပြီး စပါးအတွက် တဧက ကျပ်တသိန်းခွဲ၊ အခြားသီးနှံများနှင့် ယာသီးနှံများအတွက် တသိန်း ထုတ်ချေးကြောင်း သိရှိရပါသည်။[9] မိုးကြိုချေးငွေများကို ဇန်နဝါရီ-ဖေဖော်ဝါရီမှ စတင်ထုတ်ချေးပြီး အဓိကအားဖြင့် စပါးနှင့် ဝါအတွက်သာ ဖြစ်သည်။[10] မိုးချေးငွေမှာမူ မေ-ဩဂုတ် ဖြစ်ကြောင်း ဖော်ပြထားပါသည်။ သို့သော်လည်း တောင်သူ လယ်သမားများ၏ လုပ်ငန်းများသည် အမတော်ကြေးငွေ ရရှိချိန်ကို စောင့်ဆိုင်းစိုက်ပျိုး၍ မရနိုင်သောကြောင့် မိသားစုဝင်များ၏ ပြန်ပို့ငွေများ၊ အထက်တွင်ဖော်ပြခဲ့သော အရင်းအမြစ်များမှ ချေးငွေများများကို ရယူလုပ်ကိုင်နေကြရပါသည်။ ယခုကဲ့သို့ စိုက်ပျိုးချိန်တွင် ပြန်ပို့ငွေနှင့် ချေးငွေလုပ်ငန်းများ ရပ်ဆိုင်းသွားခြင်းသည်  တောင်သူများအနေနှင့် စလုံးရေ မစနိုင်အောင်ပင် ဖြစ်နေကြရသည်။

သို့ဖြစ်ရာ အဆိုပါချေးငွေ မလုံလောက်မှုကို ဖြေရှင်းရန်နှင့် မသေချာသော ဈေးကွက်နှင့် စွန့်စားရမှုများကို လျှော့ချရန် ပုဂ္ဂလိကနှင့်အတူ ပူးပေါင်းပြီး ကန်ထရိုက်လယ်ယာစနစ်ကို အကောင်အထည်ဖော်နိုင်ပါသည်။ ကန်ထရိုက်လယ်ယာစနစ် လုပ်ဆောင်ရန် လုပ်ထုံးလုပ်နည်းများကိုလည်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ဇန်နဝါရီ ၃၀ ရက်က ထုတ်ပြန်ပေးခဲ့ပြီး ဖြစ်ပါသည်။ ကန်ထရိုက်လယ်ယာစနစ်၏ လုပ်ထုံးလုပ်နည်းများကို မကြာသေးခင်ကမှ ထုတ်ပြန် သည်ဆိုသော်ငြားလည်း မြန်မာ့တောင်သူများသည် ကန်ထရိုက်လယ်ယာစနစ်ဖြင့် ရင်းနှီးကျွမ်းဝင်ပြီးဖြစ်သည်။ ရှေးယခင်ကပင် ကုန်သည် (သို့) ရွာသို့ လာကောက်သော ပွဲစားထံမှ မျိုး၊ မြေဆီနှင့် အခြားလိုအပ်သော စားသောက်စရိတ်များကို ကြိုတင်ချေးငှားယူထားပြီး ရိတ်သိမ်းချိန်ရောက်လျှင် ယူထားသူထံ ပြန်လည်ရောင်းချသော အလေ့အကျင့် ရှိထားပြီးဖြစ်ပါသည်။

လက်ရှိ မြန်မာ့စိုက်ပျိုးရေးတွင် ကုန်သည်များအနေဖြင့်လည်း တောင်သူများနည်းတူ ဈေးကွက်မသေချာမှုကို ရင်ဆိုင်နေရပါသည်။ အဆိုပါပြဿနာကို ဖြေရှင်းနိုင်ရန် အကျိုးတူကန်ထရိုက်လယ်ယာစနစ်ကို စုပေါင်းဆောင်ရွက်နိုင်ခြင်းသာ မသေချာ မရေရာမှုကို တောင်သူနှင့် ကုန်သည်/လုပ်ငန်းရှင် နှစ်ဦးနှစ်ဖက် အတူတကွ ပူးပေါင်းဖြေရှင်းနိုင်မည်ဖြစ်သည်။ ယခုကဲ့သို့ နယ်စပ်ဂိတ်ပေါက်ပြဿနာကြောင့် ကောက်ပဲသီးနှံများ ဆုံးရှုံးခံရသည့် ပြဿနာများကို အပတ်စဉ် တွေ့မြင်ကြားသိခဲ့ရသည်မှာ ယခင် ကိုဗစ်မဖြစ်ခင်ကတည်းက ဖြစ်သည်။ ကုန်သည်များအနေနှင့် လမ်းပန်းဆက်သွယ်ရေးခက်ခဲခြင်း၊ ကုန်ပစ္စည်းများကို ခေတ္တသိုလှောင်နိုင်သော အဆင်မြင့်ဂိုဒေါင်များ မရှိခြင်းကြောင့် တဖက်ဝယ်သူဈေးကွက်၌ အရှုံးနှင့် မကြာခဏရင်ဆိုင်ခဲ့ရသည်။ ယင်းပြဿနာကို တောင်သူများထံမှ ဈေးခုနှိမ်ဝယ်ယူခြင်းဖြင့် ရေတိုဖြေရှင်းခဲ့သည်။  တန်ဖိုးကွင်းဆက်ကြောင်း၏ အန္တရာယ်များကို မျှခံရလေရာ တောင်သူ ‘သာ’ သည့် အချိန်ရှိခဲ့သလို ကုန်သည် ‘နာ’ သည့် အချိန်လည်း ရှိခဲ့သည်။ တောင်သူနှင့် ကုန်သည်နှစ်ဦးစလုံး အသာစီးရခဲ့သည့် အချိန်မျိုးမှာ ရှားပါးခဲ့သည်။ ကိုဗစ်ကာလတွင် အဆိုပါ ဆေးမြီးတိုနှင့် မပြီးတော့ချေ။ ယင်းသို့သော တောင်သူနှင့် ကုန်သည် ဘတပြန် ကျားတပြန် “သူငတ် ငါမြတ်၊ ငါငတ် သူမြတ်” (beggar-thy-neighbour effects)[11] ဖြစ်နေသည့် မြန်မာ့စိုက်ပျိုးရေးပို့ကုန်လုပ်ငန်း၏ နာတာရှည်ရောဂါကို အမှန်တကယ် ကုစားပေးနိုင်သူမှာ နိုင်ငံတော်အစိုးရပင် ဖြစ်သည်။ ယင်းအတွက် ပြီးခဲ့သည့် အစိုးရလက်ထက်ကတည်းက NES မဟာဗျူဟာကို ချမှတ်ကာ တန်ဖိုးကွင်းဆက်ကြောင်း ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်ရန် ပြင်ဆင်ခဲ့သည်။ ယခုအချိန်တွင် တန်ဖိုးကွင်းဆက် တကြောင်းလုံးရှိ သွင်းအားစု ရောင်းချသူ၊ တောင်သူ၊ ကုန်သည်များကို စနစ်တကျ စုစည်းပြီး အခြေခံကျကျ ပြုပြင်ပြောင်းလဲ၍ တန်ဖိုးကွင်းဆက်ကို အဆင့်မြှင့်တင်မှသာ ဖော်ပြပါ အခက်အခဲများကို ကျော်လွှားနိုင်မည်ဖြစ်သည်။

 

ချေးငွေများ အမြန်ထုတ်ပေးရေးနှင့် နည်းပညာအသစ်များ အသုံးချနိုင်ရေး

ချေးငွေများ အမြန်ဆုံးထုတ်ချေးပေးနိုင်ရေးနှင့် တန်ဖိုးကွင်းဆက် အဆင့်မြှင့်တင်ရေးအတွက် အခြားကဏ္ဍများကဲ့သို့ပင်  ခေတ်မီဒစ်ဂျစ်တယ်နည်းပညာကို အသုံးချရမည်ဖြစ်သည်။ တောင်သူများအတွက် စိုက်ပျိုးရေးနည်းပညာ ဖြန့်ဝေခြင်းကို နည်းပညာအသုံးချ ဆောင်ရွက်သော်လည်း အသုံးပြုမှုနည်းပါးကြောင်း သိရှိရသည်။ အကြောင်းရင်းမှာ သိလိုသော သတင်းအချက်အလက်ကို အချိန်မီ မရရှိခြင်းဖြစ်ကြောင်း လေ့လာသိရှိရသည်။[12] တောင်သူအများစု သိရှိလိုသည်မှာ ဈေးကွက်သတင်းအချက်အလက်ဖြစ်သည်။ app အများစုထက် Facebook သည် ပိုမိုလျင်မြန်သောကြောင့် Facebook နှင့် တယ်လီဖုန်းကိုသာ အားကိုးအားထားပြုကြောင်း သိရှိရသည်။ သို့သော်လည်း ယခု ကိုဗစ်ကပ်ဘေးကာလ အနေအထားကို အခွင့်အရေးအဖြစ် ပိုမိုစိတ်ချလုံခြုံ၍ မှန်ကန်သောသတင်းများကို သယ်ဆောင်ပေးနိုင်စွမ်းရှိမည့် Mobile app ကို ပိုမိုအသုံးချပြီး ဆောင်ရွက်နိုင်ရန် အစိုးရက ကြိုးပမ်းသင့်ပါသည်။ ကျန်းမာရေးတွင် စောစောရှာ app ကို အသုံးပြုရန် တိုက်တွန်းခဲ့သကဲ့သို့ လယ်ယာကဏ္ဍတွင် ပေါ်ထွန်းလာသော သီးခြား စိုက်ပျိုးရေး Agri Mobile app  များဖြင့် နှိုးဆော်သင့်ပါသည်။ နိုင်ငံရပ်ခြားတွင် သွားရောက် အလုပ်လုပ်ကိုင်သူများသည် ယခုအခါ မိမိနေအိမ် ကျေးလက်သို့ ပြန်ရောက်နေပြီ ဖြစ်သဖြင့် နည်းပညာအသုံးချ စိုက်ပျိုးရေးကို ၎င်းတို့၏အားဖြင့် နိုင်ငံတော်က တွန်းအားပေး ဆောင်ရွက်သွားနိုင်ပါသည်။ ပြည်တော်ပြန်များသည် အနာဂတ်၏ အပြောင်းအလဲအတွက် ကျေးလက်သူရဲကောင်းများ change agents ဖြစ်နိုင်ပါသည်။

CERP တွင် ကျေးလက်ကဏ္ဍအတွက် အရေးပါမည့် cash-for-work ဝင်ငွေရှိမည့် အလုပ်များအဖြစ် အခြေခံအဆောက်အအုံများ တည်ဆောက်ရေးတိုင်ရာ စီမံကိန်းကို ထည့်သွင်းထားပြီးသားဖြစ်ရာ ကျေးလက်ပြည်သူများ၏ အလုပ်အကိုင်နှင့် လူမှုဘဝ ရပ်တည်ရေးအတွက် နိုင်ငံတော်က စဉ်းစားထားပြီးသား ဖြစ်သည်ကို တွေ့ရသဖြင့် အထူးပင် ဝမ်းသာမိပါသည်။ သို့ရာတွင် အိမ်နီးချင်းနိုင်ငံများရှိ အဆင့်မြင့် စီးပွားရေး ကဏ္ဍများတွင် အလုပ်လုပ်ကိုင်ခဲ့သော ပြည်တော်ပြန်များအတွက်မူ ပိုမိုကောင်းမွန်သော cash-for-skill အစီအစဉ်မျိုး ဖန်တီးသင့်ပါသည်။ အထူးသဖြင့် ယင်းတို့ အလုပ်လုပ်ကိုင်ခဲ့ဖူးသော အဆင့်မြင့်လယ်ယာ စီမံကိန်းများ၊ အကျိုးတူကန်ထရိုက်လယ်ယာများ၊ ခေတ်မီနည်းပညာအခြေခံ လယ်ယာလုပ်ငန်းများတွင် တာဝန် ထမ်းဆောင်ခဲ့ဖူးသည့် ရွှေ့ပြောင်းအလုပ်သမားများ၏ အတွေ့အကြုံများကိုကောင်းမွန်စွာ ရယူသင့်ပါသည်။

ယခုအချိန်တွင် JICA two steps loan[13] သည် စိုက်ပျိုးရေးလုပ်ငန်းများတွင် စက်မှုလယ်ယာ ကူးပြောင်းရေးအတွက်သာ ထုတ်ချေးသော ချေးငွေဖြစ်နေပြီး လယ်ယာမြေပြုပြင်ခြင်း လုပ်ငန်းများအတွက်လည်း ချေးငွေထုတ်ပေးကြောင်း သိရှိရပါသည်။ အဆိုပါ ရရှိနိုင်သော ချေးငွေများကို flexible loan and medium term loan  အဖြစ် ပြောင်းလဲပြီး လိုအပ်သောနေရာများသို့ မှန်မှန်ကန်ကန် မြန်မြန်ဆန်ဆန် ပံ့ပိုးပေးခြင်းဖြင့် စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာပြီး ရွှေ့ပြောင်းလုပ်သားများအတွက် အလုပ်အကိုင်များလည်း ဖန်တီးပေးနိုင်မည် ဖြစ်ပါသည်။ JICA ၏ မဟာဗျူဟာမှာလည်း နိုင်ငံခြားတိုင်းပြည်များတွင် ငွေထုတ်ချေးပေးခြင်းဖြင့် ဂျပန်ပြည်တွင်းဘဏ်များ၏ အခက်အခဲကို ဖြေရှင်းရေးဖြစ်ရာ မြန်မာနိုင်ငံ၏ ကိုဗစ်အလွန်ကာလတွင် အရေးကြီးမည့် ချေးငွေအစီအစဉ် ဖြစ်ပါသည်။  အမှန်စင်စစ် JICA ၏ နဂိုမူလမဟာဗျူဟာသည် တန်ဖိုးကွင်းဆက်ကြောင်းတလျှောက် ပြတ်တောက်လျက်ရှိသော အဟများကို ဖြည့်ဆည်းပံ့ပိုးပေးမည့် တန်ဖိုးကွင်းဆက်ကြောင်း ငွေဖြည့်ဆည်းမှု value chain financing ဖြစ်သော်လည်း မြန်မာနိုင်ငံတွင် ပြီးခဲ့သည့်ကာလအတွင်း လက်တွေ့ဆောင်ရွက်သည့်အခါ ယင်းအတွေ့အကြုံများ မရှိခဲ့သဖြင့် လုပ်ငန်းတခုချင်း ထုတ်ချေးသည့် SME loan အသေးစားငွေစုငွေချေးလုပ်ငန်းအဖြစ် ပုံစံမှား ဆောင်ရွက်ခဲ့ရာ ထူးခြားသော အကျိုးသက်ရောက်မှုများကို မရရှိခဲ့ပါ။  သို့ဖြစ်၍ နဂိုမူလ အစီအစဉ်နှင့် မိမိ၏ အကောင်အထည်ဖော်မှု အခြေအနေများကို ပြန်လည်သုံးသပ် ဆောင်ရွက်သင့်ပါသည်။

ယခုအချိန်တွင် နိုင်ငံတော်မှ ချမှတ်ထားသော ကိုဗစ် အရေးပေါ်တုံ့ပြန်ရေးအစီအစဉ် (CERP) တွင် မြန်မာ့စီးပွားရေး  MEB ဘဏ်နှင့် မြန်မာ့စိုက်ပျိုးရေး MADB ဘဏ်တို့ ပေါင်းစည်းရေးလည်း အမြန်ဆောင်ရွက်ရန် တိုက်တွန်းထားရာ ယင်းဘဏ်နှစ်ခုစလုံး၏ အားသာချက်များ ဖြစ်သော MEB ၏ စီးပွားရေးအကျိုးဖြစ်ထွန်းနိုင်ချေကို စီမံခန့်ခွဲမည့်စွမ်းရည် (economic rate of return) နှင့်   MADB ၏ တောင်သူအကျိုးပြု ဖွံ့ဖြိုးမှုကို စီမံခန့်ခွဲမည့် စွမ်းရည် (farmers’ centered livelihood) နှစ်ခုကို ပေါင်းစပ်၍ တန်ဖိုးကွင်းဆက်ကြောင်း ငွေဖြည့်ဆည်းမှု value chain financing အစီအစဉ်အသစ်တရပ်ကို ဆောင်ရွက်ရန်သင့်လျော်ပါသည်။  ယင်းသို့ ဆောင်ရွက်ရာတွင်  value chain financing သည် အုပ်စုအလိုက် ချေးငွေ group lending ကို ဝိုင်းကြီးချုပ်စနစ်ဖြင့်လည်း ဖော်ထုတ်နိုင်သည်ဖြစ်ရာ ယခုကဲ့သို့ အန္တရာယ်များနှင့် စွန့်စားရမည့်ကာလအတွက် အထူးသင့်လျော်မည့် မဟာဗျူဟာတရပ်လည်း ဖြစ်သောကြောင့် နိုင်ငံတော်အစိုးရက အထူးအားပေး ဆောင်ရွက်သင့်ပါသည်။ ထိုသို့သော မဟာဗျူဟာ အသစ်တရပ်ဖြင့် မဆောင်ရွက်ပါက ပြည်သူပိုင်လုပ်ငန်းများ ပြုပြင်ပြောင်းလဲရေးတွင် ဖြစ်လေ့ဖြစ်ထရှိသော အားမထုတ်လျှင် အလိုအလျောက်ဖြစ်သွားတတ်သည့် default position လမ်းကြောင်းသို့သာ ဦးတည်စေမည်ဖြစ်သည်။ ယခုအခြေအနေအတွက်  default လမ်းကြောင်းမှာ  MEB ၏ အားနည်းချက်ဖြစ်သော စွန့်စားမှုများကို ရှောင်ရှားပြီး risk-averse, going-by-the-book စာအုပ်ကြီးနည်းဖြင့် ဖြေရှင်းမည့် အလေ့အထနှင့် MADB ၏ အားနည်းချက်ဖြစ်သော တောင်သူများ၏ အကြွေးကို အလိုလိုက် ဖြေလျှော့ပေးခဲ့သည့် moral hazard အလေ့အထ နှစ်ခုပေါင်း၏ နစ်သထက် နစ်မည့် မြန်မာ့အကြွေးနွံ indebtedness အတွင်းသို့ မသက်ဆင်းမိစေရန် အချိန်မီ သတိပေး အကြံပြုအပ်ပါသည်။

[1] Paul Akiwumi. “When it rains it pours: COVID-19 exacerbates poverty risks in the poorest countries,” UNCTAD, 4 May 2020.

[2] John Liu. “Farmer security concerns mount as COVID-19 disruption leaves Myanmar farmers unable to plant,” Myanmar Times. 5 May 2020.

[3] Ibid.

[4] https://www.worldbank.org/en/publication/human-capital/publication/covid-19-crisis-through-a-migration-lens

[5] IFPRI Discussion Paper, Rural livelihoods in Mon Sate: Evidence from a representative household survey. 2017, See http://ebrary.ifpri.org/cdm/ref/collection/p15738coll2/id/131169

[6] CESD. Rural Development Strategy for Mon State, See https://myanmarcesd.org/2016/08/09/pb_fsp/

[7] CESD. Rural-Urban Migration Around Yangon City, Myanmar, 2018. See https://www.lift-fund.org/sites/lift-fund.org/files/publication/Rural-urban%20migration%20around%20Yangon.pdf

[8] Myanmar Agriculture Development Strategy and Investment Plan (2018/19 – 2022/23), MoALI

[9] https://www.mopfi.gov.mm/

[10] Myanmar Agriculture Development Bank: Initial Assessment and Restructuring Options by The World Bank (2014)

[11] မိမိကောင်းစားရေးအတွက် မိမိအိမ်နီးချင်းအပေါ် ခွကျော် အမြတ်ထုတ်ခြင်း ပြဿနာမျိုးစုံ မြန်မာနိုင်ငံတွင် ရှိခဲ့သည်။ နိုင်ငံရေးခေတ်အဆက်ဆက်တွင် နိုင်ငံသားအချင်းချင်းလည်း အိမ်ကြက်ချင်းအိုးမဲသုတ်၍ ခွဲထုတ်ကာ လူတန်းစား တိုက်ပွဲဖော်လျက်ရှိသည်။ ယင်းအခက်အခဲများကို ကျော်လွှားဖြေရှင်းရန်မှာ နိုင်ငံဦးဆောင်သူများက လူတန်းစားမရွေး သက်ဆိုင်သူအားလုံးကို “မိတ်ဖက်”အသွင် အကျိုးတူ ပူးပေါင်းရန် စီးပွားရေးရင်ကြားစေ့ရေး နည်းဗျူဟာကိုပင် ထည့်သွင်း စဉ်းစားသင့်ပါသည်။

[12] စာရေးသူ၏ အင်တာဗျူးမှတ်စု – ရန်ကုန်၊ ရှမ်းတောင်

[13] https://pyithu.hluttaw.mm/question-841

Ngu Wah Win

ငုဝါဝင်းသည် Center for Economic and Social Development ၏ Senior Policy Coordinator ဖြစ်သည်။

Related article
မြန်မာနိုင်ငံနှင့် ကိုဗစ်ကာကွယ်ဆေး ထိုးနှံနိုင်မှု အလားအလာ

မြန်မာနိုင်ငံနှင့် ကိုဗစ်ကာကွယ်ဆေး ထိုးနှံနိုင်မှု အလားအလာ

မြန်မာနိုင်ငံက အခုအချိန်မှာ လူပေါင်း ၁ ဒသမ ၇ သန်းကို ကာကွယ်ဆေး ထိုးနှံ ပြီး…

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါနှင့်  လော့ခ်ဒေါင်းမှတ်စု  (လော့ခ်ဒေါင်းနှင့်အတူနေထိုင်ခြင်း)

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါနှင့် လော့ခ်ဒေါင်းမှတ်စု (လော့ခ်ဒေါင်းနှင့်အတူနေထိုင်ခြင်း)

လော့ခ်ဒေါင်းချ ဆောင်ရွက်တဲ့ အခါမှာ ဆင်းရဲတဲ့အိမ်ထောင်စုတွေ၊ အလုပ်အကိုင် ဆုံးရှုံးသွားသူတွေ၊ ချို့တဲ့အားနည်းတဲ့ လူတွေအတွက်လည်း အဓိကစဉ်းစားပေးပြီး ကုစားရေး…

တရုတ်နိုင်ငံ၏ ကိုဗစ်-၁၉ကာကွယ်ဆေး သံတမန်လှုပ်ရှားမှုနှင့် မြန်မာနိုင်ငံအတွက် အလားအလာ

တရုတ်နိုင်ငံ၏ ကိုဗစ်-၁၉ကာကွယ်ဆေး သံတမန်လှုပ်ရှားမှုနှင့် မြန်မာနိုင်ငံအတွက် အလားအလာ

တရုတ်နိုင်ငံဟာ ကာကွယ်ဆေးကို အများကောင်းကျိုးအဖြစ် အသုံးပြုမယ်၊ မြန်မာနိုင်ငံစတဲ့ မိတ်ဖက်နိုင်ငံတွေကို ဦးစားပေးဖြန့်ဝေမယ် ဆိုတာဟာ စေတနာကောင်းရင်တောင် လက်တွေ့…

Discussion about this post

Leave a Reply

Your email address will not be published. Required fields are marked *

Type your search keyword, and press enter to search