Menu & Search

လက်နက်ကိုင် ပဋိပက္ခ၊ သဘာဝဘေးအန္တရာယ်နှင့် ပူးပေါင်းဆောင်ရွက်ရေး

May 29, 2020

နိဒါန်း

လက်နက်ကိုင် ပဋိပက္ခနှင့် သဘာဝဘေး အန္တရာယ်ကျရောက်မှုသည် တခါတရံ တချိန်တည်းတွင် ရောက်လာလေ့ ရှိပါသည်။ ယခုအခါ မြန်မာနိုင်ငံတွင် လက်နက်ကိုင် ပဋိပက္ခနှင့် ကူးစက်လွယ်သော ကိုရိုနာဗိုင်းရပ်စ်တို့ တချိန်တည်း ဖြစ်ပေါ်နေပါသည်။ ယင်းအခြေအနေသည် လက်နက်ကိုင်ပဋိပက္ခကို  အကောင်းဘက်သို့ ဦးတည်သွားနိုင်သလို အဆိုးဘက်သို့လည်း ရောက်သွားစေနိုင်ပါသည်။ ထို့ကြောင့် ဤအခြေအနေပေါ် မူတည်၍ ပဋိပက္ခတွင် ပါဝင်နေကြသူများအနေနှင့် မည်သည့် နည်းလမ်းကို ရွေးမလဲ စဉ်းစားကြရပါမည်။ လက်ရှိအခြေအနေအရ ပူးပေါင်းဆောင်ရွက်ရေးကို ဦးစားပေးသည့် နည်းလမ်းကို အားလုံးက ရွေးချယ်ခဲ့သည်ဟု နားလည်ပါသည်။

 

သဘာဝဘေးအန္တရာယ်သည် ပဋိပက္ခကို ပိုမိုဆိုးရွားစေနိုင်သည်

နိုင်ငံတကာ လေ့လာချက်များအရ လက်နက်ကိုင်ပဋိပက္ခတွင် ပါဝင်သောအဖွဲ့များသည် သဘာဝဘေးအန္တရာယ်ကို အခွင့်ကောင်းယူ၍ လည်းကောင်း၊ သဘာဝဘေး အန္တရာယ်အတွင်း ငြိမ်သက်နေမှုများကို အခွင့်ကောင်းယူ၍ လည်းကောင်း၊ တဖက်က တဖက်ကို တိုက်ခိုက်တတ်ပါသည်။ အစိုးရမဟုတ်သော လက်နက်ကိုင် တပ်ဖွဲ့များအနေနှင့်လည်း ဤအခြေနေမျိုးကို အခွင့်ကောင်းယူ၍ လူသူစုဆောင်းခြင်း၊ အခွန်ပိုမို ကောက်ခံခြင်းနှင့် မိမိတပ်ဖွဲ့အတွက် အင်အား၊ စီးပွားတိုးစေမည့် အခြားသောလုပ်ငန်းများ၊ မိမိဘက်မှ အသာစီးရအောင် ဆောင်ရွက်မှုများ ပြုလုပ်ခဲ့သည့် သာဓကများ ရှိသည်ဟုဆိုပါသည်။ တဖန် အစိုးရဘက်မှလည်း ဤအခြေနေကို အခွင့်ကောင်းယူ၍ သဘာဝဘေးအန္တရာယ် ကျရောက်သော ဒေသများတွင် တပ်များတိုးချဲ့ ချထားခြင်း၊ လှုပ်ရှားခြင်း၊ သိမ်းပိုက်ခြင်းများကိုလည်း ဆောင်ရွက်တတ်ကြသည်ဟု ဆိုပါသည်။ အထူးသဖြင့် ယုံကြည်မှုမရှိသည့် ဒေသများတွင် နှစ်ဖက်စလုံးအနေဖြင့် အချိန်ဆွဲခြင်း၊ လက်နက်ကိုင်လူသူ စုဆောင်းခြင်းနှင့် တရားဝင်မှုများရရှိအောင် ဆောင်ရွက်တတ်သည့် ဥပမာများလည်း ရှိသည်ဟုဆိုပါသည်။

 

သဘာဝဘေးအန္တရာယ်သည် ငြိမ်းချမ်းရေးအတွက် အခွင့်အရေးဖြစ်သည်

အဆိုးချည်းသာ မဟုတ်ပါ။ သဘာဝဘေး အန္တရာယ်ပေါ်မူတည်၍ ပဋိပက္ခတွင် ပါဝင်နေသော အဖွဲ့များအနေနှင့် ပူးပေါင်း ဆောင်ရွက်နိုင်လျှင် ငြိမ်းချမ်းရေးအတွက် ကောင်းသည်ဟု ဆိုပါသည်။ ယုံကြည်မှု တည်ဆောက်ရေးကို ဖြစ်စေသည်။ ပဋိပက္ခ ဖြစ်နေစဉ်တွင် သဘာဝဘေးအန္တရာယ် ကျရောက်လျှင် ငြိမ်းချမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်နိုင်စေရန် လမ်းများ ပွင့်တတ်သည်ဟု ဆိုပါသည်။

ဥပမာအားဖြင့် တိုက်ပွဲများကို လျော့ချခြင်း၊ အကြမ်းဖက်မှုများကို လျှော့ချခြင်းဖြင့် လူမှုရေးဆိုင်ရာ ယုံကြည်မှုကို ပိုမိုရရှိ စေသည်ဟု ဆိုကြပါသည်။ ကယ်ဆယ်ရေးဆိုင်ရာ လုပ်ငန်းများပေါ်တွင် အာရုံစိုက်ခြင်းအားဖြင့်လည်း တိုက်ခိုက်မှုများ လျော့ကျစေသည်ဟု ဆိုကြပါသည်။ ယင်းအခြေအနေများကြောင့် ထိပ်ပိုင်း ခေါင်းဆောင်များအကြား ပူးပေါင်းဆောင်ရွက်မှုမှတဆင့် ရပ်ကျေးဒေသများအထိ ပူးပေါင်းဆောင်ရွက်မှုများ ရောက်ရှိသွားနိုင်သည်ဟု ဆိုကြပါသည်။

ဤကဲ့သို့သော ပူးပေါင်းဆောင်ရွက်မှုကို သဘာဝဘေးအန္တရာယ် တုံ့ပြန်ရေးမှ စတင်နိုင်သည်။ အကောင်းဆုံးဖြစ်သင့်သည့် အနေအထားမှာ သဘာဝဘေးအန္တရာယ် ကာကွယ်ရေးနှင့် ပတ်သက်၍ နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်ခြင်း၊ လူသားချင်းစာနာမှုနှင့် သက်ဆိုင်သည့် အပစ်အခတ်ရပ်စဲရေးများ ဆောင်ရွက်ခြင်းတို့ကို လုပ်ဆောင်နိုင်ပါသည်။ ဤသို့ ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် ယုံကြည်မှု တည်ဆောက်ရေးကို ဖြစ်စေပြီး ပဋိပက္ခဖြေရှင်းနိုင်သည်အထိ ဖြစ်နိုင်သည်ဟု ဆိုကြပါသည်။

 

နိုင်ငံတကာဥပမာများ

၂၀၀၄ ခုနှစ်တွင် ဖြစ်ပေါ်ခဲ့သော ဆူနာမီကြောင့် သီရိလင်္ကာအစိုးရနှင့် သူပုန်တို့အကြား ပူးပေါင်း၍ အကူအညီပေးမည့်စနစ်တရပ်ကို ထူထောင်နိုင်ခဲ့ကြပါသည်။ (P-TOMS) ဟုခေါ်ပါသည်။ သို့သော် နှစ်ဖွဲ့စလုံးက စစ်နိုင်ရေးကိုသာ အာရုံစိုက်ခဲ့သည့်အတွက် ပြဿနာဖြစ်ခဲ့ရပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် အနှောင့်အယှက် ဖြစ်ခဲ့ရပါသည်။

အင်ဒိုနီးရှားနိုင်ငံတွင်လည်း အင်ဒိုနီးရှားအစိုးရနှင့် အာချေရှိ GAM သူပုန်များအကြား ၂၀၀၄ ခုနှစ် ဆူနာမီအပြီး အထူးပူးပေါင်းဆောင်ရွက်မှုကို ဖြစ်စေခဲ့ပါသည်။ ဆူနာမီကြောင့် အကြမ်းဖက်မှုများ ရပ်တန့်သွားပြီး ကယ်ဆယ်ရေးလုပ်ငန်းများကို အစိုးရနှင့် GAM သူပုန်များအကြား ယခင်ကမကြုံဖူးသော ပူးပေါင်းဆောင်ရွက်မှုကို ရရှိစေခဲ့ပါသည်။ ထိုမျှသာမကသေး၊ ထိုပူးပေါင်းဆောင်ရွက်မှုမှသည် လုံးဝငြိမ်းချမ်းရေး ရရှိသည်အထိ ဖြစ်စေခဲ့ပါသည်။

 

မြန်မာနိုင်ငံအနေအထား

ယခုအခါ ကိုရိုနာဗိုင်းရပ်စ်ကြောင့် တကမ္ဘာလုံး ကပ်ဆိုက်နေပါသည်။ မြန်မာနိုင်ငံတွင်လည်း ရောဂါကူးစက်ခံရသူပေါင်း ၁၈၀ အထိ ရှိနေပြီး ဆက်လက်၍ ကူးစက်မှုများ ရှိနေဦးမည် ဖြစ်ပါသည်။ ဗိုင်းရပ်စ်ကြောင့် လုပ်ငန်းအတော်များများ ရပ်စဲသွားခဲ့ပါသည်။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများလည်း ယခင် ပြတ်တောင်းပြတ်တောင်း ဆွေးနွေးနေရာမှ လူချင်းတွေ့ဆုံဆွေးနွေးနိုင်ရန် ခက်ခဲသွားပါသည်။ အင်တာနက်မှတဆင့် ဆွေးနွေးနေရပါသည်။ ဗိုင်းရပ်စ်သည်လည်း ပြည်တွင်း၌သာမက တိုင်းရင်းသားဒေသများတွင်လည်း ကူးစက်နိုင်ပါသည်။ မည်သည့်အဖွဲ့မှ ဗိုင်းရပ်စ်ဘေးမှ လွတ်မြောက်နိုင်သည့် အနေအထား မဟုတ်ပါ။

 

မြန်မာနိုင်ငံ “ COVID -19 နှင့် လက်နက်ကိုင် ပဋိပက္ခနှင့် ပူးပေါင်းဆောင်ရွက်ရေး

မြန်မာနိုင်ငံတွင် COVID -19 ရောဂါပိုးကူးစက်မှုများ ဖြစ်ပွားလာခဲ့သည့်အတွက် ကာကွယ်တိုက်ဖျက်မှုများကို ပြုလုပ်ခဲ့သည်။ EAOs များအနေနှင့်လည်း မိမိတို့၏ ဒေသကို ဗိုင်းရပ်စ်ရန်မှ ကာကွယ်ရေးအတွက် ဆောင်ရွက်နေပါသည်။ အစိုးရနှင့် EAOs များ အားလုံး ပူးပေါင်းဆောင်ရွက်မှုတော့ မရှိသေးပါ။

ဤအချက်နှင့်ပတ်သက်၍ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ (EAOs) နှင့်လည်း ပူးပေါင်းဆောင်ရွက်ရန် ဧပြီလဆန်းတွင် ပြုလုပ်ခဲ့သော အစိုရနှင့် EAOs ဆွေးနွေးပွဲတွင် အကြံပြုခဲ့သည်။ နိုင်ငံတကာ အသိုင်းအဝိုင်းမှလည်း အစိုးရနှင့် EAOs  များ ပူးပေါင်းဆောင်ရွက်နိုင်ရန် တိုက်တွန်းခဲ့ကြပါသည်။ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်အနေနှင့်လည်း COVID-19 ကာလအတွင်း အပစ်ရပ်ကြရန် လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားနေသော နိုင်ငံများကို တိုက်တွန်းခဲ့သည်။

ဤကဲ့သို့ မြန်မာနိုင်ငံအတွက် ဝိုင်းဝန်းတိုက်တွန်းရခြင်း အကြောင်းရင်းမှာ COVID-19 သည် အထူး ကူးစက်လွယ်သည်။ ကုရန် ဆေးမရှိသေး။ နိုင်ငံတကာ ဥပမာများတွင်လည်း အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း ပူးပေါင်းဆောင်ရွက်နိုင်လျှင် ယုံကြည်မှု တည်ဆောက်နိုင်သည်။ ပူးပေါင်းဆောင်ရွက်မှု မရှိလျှင် ပဋိပက္ခသာမက၊ ဗိုင်းရပ်စ်ကူးစက်မှုလည်း ပိုများသွားနိုင်သည်။ အထူးသဖြင့် EAOs များ အနေနှင့် အစိုးရနှင့် တပ်မတော်လောက် ဆေးဝါးနှင့် ကုသမှုဆိုင်ရာတွင် အရင်းအမြစ် မရှိပါ။ ထို့အပြင် သာမန်နှင့် အခြားရောဂါများအတွက် EAOs များအနေနှင့် အိမ်နီးချင်းနိုင်ငံများကို အားကိုးနိုင်သော်လည်း COVID-19 ကူးစက်ခံရသော လူနာများကို ယင်းနိုင်ငံတို့သည် လက်ခံမည်မဟုတ်၊ မြန်မာနိုင်ငံအတွင်း၌သာ ကုသမှုကို ခံယူနိုင်မည်ဖြစ်ပါသည်။

ယခုလက်ရှိဗိုင်းရပ်စ်ပြဿနာကို နိုင်ငံတော်နှင့် တနိုင်ငံလုံး၏ ပြဿနာဟု ယူဆနားလည်လျက် စုပေါင်းတုံ့ပြန်နိုင်ရန် ဖြစ်ပေါ်နေသော အခြေအနေပေါ် မူတည်၍ အစိုးရက ဧပြီ ၂၉  ရက်တွင် EAOs များနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရန် ကော်မတီတရပ်ကို ဖွဲ့စည်းပေးခဲ့ပါသည်။ ယင်းကော်မတီအား လုပ်ပိုင်ခွင့် Mandate ကို ကျယ်ကျယ်ပြန့်ပြန့် ပေးထားသည်ကို တွေ့ရမည်။ မည်သူ့ကိုမျှ ချန်လှပ်မထားရေး (No one left behind) ပေါ်လစီ ချမှတ်ထားသည့်အတွက် အပစ်အခတ် ရပ်စဲရေး စာချုပ်တခုခုကို လက်မှတ်ထိုးထားသော အဖွဲ့များသာမက မထိုးရသေးသော အဖွဲ့များကိုလည်း ပူးပေါင်းပါဝင်စေရန် ရည်ရွယ်သည်ဟု နားလည်ပါသည်။ ကောင်းမွန်သော ရည်ရွယ်ချက် ဖြစ်ပါသည်။

ဖွဲ့စည်းပြီးနောက် များမကြာမီပင် အစိုးရနှင့် EAOs အဖွဲ့ဝင်များသည် Zoom နည်းပညာသုံး၍ ဆွေးနွေးပွဲများ ဆက်လက်၍လည်း ဆွေးနွေးနေပါသည်။ အစိုးရနှင့် တဖွဲ့ချင်းအနေဖြင့် ပူးပေါင်း ဆောင်ရွက်နိုင်ရန် ညှိနှိုင်းမှုများရှိနေပြီ ဖြစ်ပါသည်။  နိုင်ငံတကာမှလည်း လိုအပ်ချက်များကို ကူညီရန် အသင့်ဖြစ်နေပါသည်။ တပ်မတော်မှလည်း UWSA နှင့်  MNDAA တို့အတွက် လိုအပ်သော Covid-19 ကာကွယ်ရေးဆိုင်ရာ ဆေးပစ္စည်းများကို ပေးအပ်ခဲ့ပါသည်။

 

တဖက်သတ် အပစ်ရပ်စဲရေးများ

မြန်မာနိုင်ငံတွင် တဖွဲ့ချင်း အပစ်ရပ်စဲရေးစာချုပ် ၁၅ ခုရှိပြီး NCA ခေါ် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး စာချုပ်လည်း ရှိနေပါသည်။ ထို့အပြင် တခါတရံ အခြေအနေပေါ်မူတည်၍ တဖက်သတ် အပစ်ရပ်မှုများလည်း ရှိနေပါသည်။

AA, TNLA နှင့် ကိုးကန့်အဖွဲ့များက ဗိုင်းရပ်စ်တိုက်ဖျက်ရေးကို အကြောင်းပြု၍ တဖက်သတ် အပစ်ရပ်မှုကို မေလကုန်အထိ တိုးခဲ့ပါသည်။ တပ်မတော်ကလည်း ရခိုင်ပြည်နယ်မှလွဲ၍ ဒေသအားလုံးအတွက် မေ ၁၀ ရက် မှ ဩဂုတ် ၃၁ ရက်အထိ အပစ်ရပ်ထားမည်ဟု မေ ၁၀ ရက်တွင် ကြေညာခဲ့ပါသည်။

ရည်ရွယ်ချက်မှာ ကိုရိုနာဗိုင်းရပ်စ်ကို အင်နှင့်အားနှင့် တနိုင်ငံလုံး တိုက်ဖျက်နိုင်ရန် ဖြစ်ပါသည်။ တိုက်ခိုက်မှုများ ရပ်တန့်ထားခြင်းဖြင့် ဗိုင်းရပ်စ်တိုက်ခိုက်ရေးကို ပို၍အာရုံစိုက်နိုင်မည်ဖြစ်သည်။ ဤသို့ တဖက်သတ် အပစ်ရပ်ခြင်းများသည် ဗိုင်းရပ်စ်ကူးစက်မှုမှ ရပ်တန့်စေရန် မဖြစ်နိုင်လျှင်လည်း မြန်မာနိုင်ငံငြိမ်းချမ်းရေးအတွက် ကောင်းသည်ဟု ဆိုရပါမည်။ အဆိုးထဲကအကောင်း ဖြစ်နိုင်ပါသည်။ ဗိုင်းရပ်စ်၏ကျေးဇူးဟု ဆိုရမည်။

 

ပူးပေါင်းဆောင်ရွက်ရေးအတွက် လိုက်နာရမည့်စည်းကမ်း  (Code of Conduct) များ 

အစိုးရအနေနှင့် EAOs များနှင့် COVID-19 တိုက်ဖျက်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရေးကို ဆွေးနွေးနေသော်လည်း အောက်ခြေတွင် ပြဿနာအချို့ ဖြစ်ပွားခဲ့ပါသည်။ ရှမ်းပြည်နယ်တွင်လည်းကောင်း၊ ကရင်ပြည်နယ်တွင်လည်းကောင်း တားဆီးမှုများ၊ ထိတွေ့မှုများ ရှိခဲ့ပါသည်။

ယုံကြည်မှုကလည်းနည်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သည်လည်း ကြန့်ကြာနေသည့်အတွက် ယခုကဲ့သို့ကာလတွင် ၎င်း ပြဿနာများသည် အဆန်းမဟုတ်ပါ။ ဆက်ဖြစ်နိုင်သည့် အနေအထားများလည်း ရှိနိုင်ပါသည်။ ဆက်ဖြစ်လျှင် ပူးပေါင်း ဆောင်ရွက်ရေးအတွက် ခက်ခဲနိုင်သည်။ ဗိုင်းရပ်စ်သည် ငလျင်၊ မုန်တိုင်းများကဲ့သို့ မဟုတ်ဘဲ တဦးကူးစက်ခံရလျှင် လူမျိုး၊ ဘာသာ၊ လက်နက်ကိုင် မခွဲခြားဘဲ ကူးစက်နိုင်သည်။ ပို၍ အန္တရာယ်ကြီးသည်။ ထို့အပြင် သဘာဝဘေးအန္တရာယ်များကဲ့သို့ ရက်ပိုင်းလောက်နှင့်ပြီးသွားမည့် အခြေအနေများ မဟုတ်ပါ။ ထို့ကြောင့် ဘုံရန်သူဖြစ်သော ဗိုင်းရပ်စ်ကို ခုခံ ကာကွယ်ရေးအတွက် အခက်အခဲ ဖြစ်နိုင်ပါသည်။

ထို့ကြောင့် ပူးပေါင်းဆောင်ရွက်ရေးအတွက် လိုက်နာရမည့် စည်းကမ်းလိုမည်ဟု စဉ်းစားမိပါသည်။ ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးအတွက် စည်းမျည်းစည်းကမ်းများ (Code of Conduct for Coronavirus Coordination) ဟု ခေါ်ရမည် ထင်ပါသည်။

CoC မလိုဟု ထင်မြင်ယူဆသောသူများလည်း ရှိနိုင်ပါသည်။ လောလောဆယ် NCA၊ JMC ခေါ် ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး စောင့်ကြည့်ရေးနှင့် အရပ်သားကာကွယ်ရေးတို့အတွက် ရေးဆွဲထားသော CoC များ ရှိပြီးဖြစ်သည်။ အလုပ်ဖြစ်သည် ရှိသလို မဖြစ်သည်များလည်း ရှိနေသေးသည်။ ထို့ကြောင့် ထပ်ရေးလည်း မထူးဟု ဆိုနိုင်ပါသည်။

သို့သော် COVID-19 တိုက်ဖျက်ရေးအတွက် CoC လိုမည်ဟု ယူဆပါသည်။ နှစ်လ၊ သုံးလတန်သည် လိုက်နာနိုင်ရန် ဖြစ်သည်။ ယုံကြည်မှုလည်း နည်းနေသည့်အပြင် COVID-19 ပူးပေါင်းကာကွယ်ရေးကို ကျန်းမာရေး ပူးပေါင်းဆောင်ရွက်မှု ပုံစံဖြင့် ပြုလုပ်ရမည့်အစား နိုင်ငံရေး၊ လုံခြုံရေးနှင့် တရားဝင်မှုရရှိရေးတို့ ကြိုးစားမှုများ ရှိနေသည်ဟု မြင်မိပါသည်။

 

ဆက်သွယ်ရေး

CoC နှင့် အတူအထူးလိုအပ်သော အချက်တချက်မှာ မှန်ကန်ကောင်းမွန်သော ဆက်သွယ်ရေး (Communication) ပင် ဖြစ်ပါသည်။ ဖြစ်ပွားခဲ့သော ထိပ်တိုက်ရင်ဆိုင်တွေ့ဆုံမှုများ၊ စွပ်စွဲမှုများကို ကြည့်လျှင် Communication လိုအပ်ချက်များကြောင့်ဟု မြင်နိုင်ပါသည်။ COVID-19 ကိစ္စ ပူးပေါင်းဆောင်ရွက်ရေးတွင်လည်း ဤအချက်ကြောင့် အခက်အခဲများ ကြုံရမည်ဖြစ်ပါသည်။ ထို့ကြောင့် တိကျသော ဆက်သွယ်ရေးလမ်းကြောင်းများ၊ COVID-19 တိုက်ဖျက်ရေးကြောင့် ဖြစ်ပေါ်လာနိုင်သော ပြဿနာများကို အမြန်ဆုံးဖြေရှင်းနိုင်မည့် ဆက်သွယ်ရေးစနစ်များ၊ စည်းမျည်းများကို ချမှတ်ထားရန် လိုပါသည်။

 

နိဂုံး

မြန်မာနိုင်ငံအနေနှင့် COVID-19 တိုက်ဖျက်ရေးအတွက် EAOs များနှင့် ပူးပေါင်းဆောင်ရွက်ရေးလမ်းကို ရွေးခဲ့ပါသည်။ ရွေးခဲ့သည့်အတိုင်း အကောင်အထည်ဖော်နိုင်ရန်လိုပါမည်။ နှစ်ဖက်စလုံး၏ စိုးရိမ်ချက်များ၊ နိုင်ငံရေးဆိုင်ရာ စဉ်းစားချက်များကို လျှော့ရပါမည်။ ယုံကြည်မှုတည်ဆောက်ရေးကို ဦးစားပေးရပါမည်။ မဟုတ်လျှင် အလုပ်လည်းမဖြစ်၊ အစကတည်းက နည်းနေသော ယုံကြည်မှုလည်း လုံးဝပျောက်ဆုံးသွားမည် ဖြစ်ပါသည်။ ထိုသို့ဖြစ်လျှင် ဗိုင်းရပ်စ်နှင့် လက်နက်ကိုင်ပဋိပက္ခ၏ ဒဏ်များကို တိုင်းပြည်အနေနှင့် ပိုမိုခံစားရပေလိမ့်ဦးမည်။

Aung Naing Oo

အောင်နိုင်ဦးသည် ငြိမ်းချမ်းရေးနှင့် လက်နက်ကိုင်ပဋိပက္ခ ဖြေရှင်းရေးဆိုင်ရာ ကျွမ်းကျင်သူတဦးဖြစ်သည်။

Related article
မြန်မာနိုင်ငံနှင့် ကိုဗစ်ကာကွယ်ဆေး ထိုးနှံနိုင်မှု အလားအလာ

မြန်မာနိုင်ငံနှင့် ကိုဗစ်ကာကွယ်ဆေး ထိုးနှံနိုင်မှု အလားအလာ

မြန်မာနိုင်ငံက အခုအချိန်မှာ လူပေါင်း ၁ ဒသမ ၇ သန်းကို ကာကွယ်ဆေး ထိုးနှံ ပြီး…

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါနှင့်  လော့ခ်ဒေါင်းမှတ်စု  (လော့ခ်ဒေါင်းနှင့်အတူနေထိုင်ခြင်း)

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါနှင့် လော့ခ်ဒေါင်းမှတ်စု (လော့ခ်ဒေါင်းနှင့်အတူနေထိုင်ခြင်း)

လော့ခ်ဒေါင်းချ ဆောင်ရွက်တဲ့ အခါမှာ ဆင်းရဲတဲ့အိမ်ထောင်စုတွေ၊ အလုပ်အကိုင် ဆုံးရှုံးသွားသူတွေ၊ ချို့တဲ့အားနည်းတဲ့ လူတွေအတွက်လည်း အဓိကစဉ်းစားပေးပြီး ကုစားရေး…

တရုတ်နိုင်ငံ၏ ကိုဗစ်-၁၉ကာကွယ်ဆေး သံတမန်လှုပ်ရှားမှုနှင့် မြန်မာနိုင်ငံအတွက် အလားအလာ

တရုတ်နိုင်ငံ၏ ကိုဗစ်-၁၉ကာကွယ်ဆေး သံတမန်လှုပ်ရှားမှုနှင့် မြန်မာနိုင်ငံအတွက် အလားအလာ

တရုတ်နိုင်ငံဟာ ကာကွယ်ဆေးကို အများကောင်းကျိုးအဖြစ် အသုံးပြုမယ်၊ မြန်မာနိုင်ငံစတဲ့ မိတ်ဖက်နိုင်ငံတွေကို ဦးစားပေးဖြန့်ဝေမယ် ဆိုတာဟာ စေတနာကောင်းရင်တောင် လက်တွေ့…

Discussion about this post

Leave a Reply

Your email address will not be published. Required fields are marked *

Type your search keyword, and press enter to search