Menu & Search

Covid-19 ကူးစက်ကပ်ဘေးနှင့် ပြောင်းလဲလာနေသော နိုင်ငံတော်၏ အခန်းကဏ္ဍ

April 19, 2020

ရှေးကာလ နိုင်ငံတော်

ရှေးကာလက နိုင်ငံတော်ဟု ခေါ်တွင်မည့် အစိုးရအာဏာပိုင်များနှင့် သာမန်ပြည်သူ လယ်သမားတဦးအကြား ဆက်ဆံရေးမှာ မရှိသလောက် နည်းပါးသည်။ တရားဥပဒေစိုးမိုးရေး၊ အခြေခံ အဆောက်အအုံများ ဆောက်လုပ်ပေးခြင်း နှင့် အခွန်ကောက်ခြင်းမျှသာ ရှိပေလိမ့်မည်။[1]  အတိတ်ကာလများက နီကိုလို မိုက်ခီယာဗယ်လီ၏ ‘မင်းသား’ (The Prince)၊ ကောတိလျ၏ အဿသျှတ္တရ (Arthashastra)၊ ကွန်ဖြူးရပ်၏ ရေးသားချက်များ၊ ခါလ်ဒုန်း (Ibn Khaldoun) ၏ မူကွက်ဒီးမား (The Muquaddimah) တို့က နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ အခန်းကဏ္ဍ၊ တာဝန်နှင့် ဝတ္တရား တို့ကို ရှုထောင့်အသီးသီးမှ ဖွင့်ဆိုခဲ့ကြဖူးပါသည်။

နိုင်ငံတော်၏ ဈေးကွက်ရှင်သန်ဖွံ့ဖြိုးရေးတာဝန်

၁၈-ရာစု နှောင်းပိုင်းတွင် စီးပွားရေး ပညာရှင် အဒမ်စမစ်က “နိုင်ငံတို့၏ ဓနဥစ္စာ” (The Wealth of Nations) အကြောင်းရေးသားရာ၌၊ “ဈေးကွက် (Market) ကို စီးပွားရေး ဖွံ့ဖြိုးမှုနှင့် လူတို့၏ သာယာဝပြောမှု ဖြစ်ပေါ်စေရန် အကောင်းဆုံး နည်းနာတခု အဖြစ်” ဖော်ပြခဲ့သည်။ ဤအမြင်အရ “နိုင်ငံ တော်တို့၏ တာဝန်မှာ အချို့အဓိကကျသော လုပ်ငန်းများကို ထိန်းသိမ်းဆောင်ရွက်ရေး ဖြစ်လာသည်။ ဥပမာအားဖြင့်- ကာကွယ်ရေး၊ လူပုဂ္ဂိုလ်နှင့် ပိုင်ဆိုင်မှုများ လုံခြုံရေးကို အာမခံပေးရေး၊ နိုင်ငံသားများကို ပညာသင်ကြားပေးရေး၊ စာချုပ်စာတန်း များကို စည်းကြပ်နိုင်ရေး… စသည်ဖြင့် ဈေးကွက်တခု ဖွံ့ဖြိုးရှင်သန်လာစေရေးအတွက် မရှိမဖြစ်လိုအပ်သော တာဝန်များကို ဖော်ညွှန်းခဲ့သည်။ ဆက်သွယ်ရေးလုပ်ငန်းများ၊ ငွေကြေးဆိုင်ရာလုပ်ငန်းများ၊ ကုန်သွယ်မှု နှင့် ရင်းနှီးမြှုပ်နှံမှု၊ ရေဒီယို နှင့် ရုပ်မြင်သံကြား၊ နိုင်ငံရပ်ခြား ခရီးသွားလာမှုကိစ္စ၊ ရွှေ့ပြောင်းအခြေချ အလုပ်လုပ်ကိုင်မှုတို့တွင်ပါ ပါဝင်ပတ်သက် လာကြသည်။

လူမှုဖူလုံရေး အာမခံချက် နှင့် ပြန်လည်ခွဲဝေဖြန့်ဖြူးရေးတာဝန်

၁၉၃၀ ခုနှစ်များအတွင်း ကမ္ဘာ့စီးပွားပျက်ကပ်ကြီးက အစိုးရ၏ အခန်းကဏ္ဍကို တနည်းတဖုံ ပြောင်းစေပြန်သည်။ ဈေးကွက် တို့တွင် ပေါက်သည့်ကာလ နှင့် ကွဲသည့်ကာလ (Boom and burst cycle) ဟူ၍ ရှိရာ၌ စီးပွားရေးလုပ်ငန်းဆောင်တာများ ပုံမှန် ပြန်ဖြစ်စေရေးအတွက် အစိုးရတို့၏ အခန်းကဏ္ဍကို မြှင့်တင်ပြောဆိုလာပြန်သည်။ အပျက်အစီး အဆုံးအရှုံးများလှသော ဒုတိယ ကမ္ဘာစစ်ကြီးနောက်ပိုင်းတွင် လူမှုရေးအာမခံချက် (social insurance) နှင့် ဓနဥစ္စာပြန်လည် ခွဲဝေဖြန့်ဖြူးခြင်း (redistribution) အတွက်ပါ အစိုးရတို့၏ အခန်းကို ထည့်သွင်း ပြောဆိုလာသည်။ ယခင် ပုဂ္ဂလိက အလှူပေးရေး (private charity) မှ အခွန်စနစ်များဖြင့် ခွဲဝေဖြန့်ဖြူးခြင်း လုပ်ကိုင်ခြင်းကို အစိုးရများက ဦးဆောင်လုပ်ကိုင်လာကြသည်။

စီးပွားရေးဖွံ့ဖြိုးမှုအတွက် မောင်းနှင်သည့် နိုင်ငံတော်

ဒုတိယ ကမ္ဘာစစ်နောက်ပိုင်း နိုင်ငံအများအပြား လွတ်လပ်ရေး ရရှိလာခဲ့ရာ အာရှ၊ အာဖရိက၊ အရှေ့အလယ်ပိုင်းဒေသမှ နိုင်ငံ များတွင် နိုင်ငံတော်ဦးဆောင်သည့် ဖွံ့ဖြိုးမှု (State-led economic development) နှင့် နိုင်ငံတော်က စီးပွားရေးလုပ်ငန်းများ တွင် တက်ကြွစွာဦးဆောင်မှု (State activism) လည်း ခေတ်စားခဲ့သည်။ ဆိုလိုသည်မှာ အစိုးရက အရင်းအမြစ်များကို လှုံ့ ဆော်စည်းရုံး၍ စီးပွားရေး အလျှင်အမြန် ဖွံ့ဖြိုးတိုးတက်စေရေး နှင့် လူမှု မတရား မမျှတမှုများ (social injustice) ဖျက်သိမ်း နိုင်ရေး ဆောင်ရွက်ကြခြင်း ဖြစ်သည်။

ခေတ်သစ်နိုင်ငံတော်များ (Modern state) ၏ တာဝန်

ခေတ်သစ်နိုင်ငံတော်တခု၏ ပန်းတိုင်မှာ မည်သို့ဖြစ်မည်နည်း။ တည်ငြိမ်အေးချမ်းမှုကို ထိန်း သိမ်းပေးရန် နှင့် နိုင်ငံသားတို့အတွက် ပျော်ရွှင်မှုကို ဖန်တီးပေးရန်ဟူ၍ ဖြစ်သည်။ စစ်ကြီးနောက်ပိုင်း နိုင်ငံတော်များ၏ လုပ်ဆောင်ချက်များကို အချက် ၃-ခု ခွဲ၍ ဖော်ပြနိုင်ပါသည်။

ပထမအချက်မှာ ယာယီကာလ ဝင်ငွေလျှော့ပါးခြင်း နှင့် အခြားသော ဆုံးရှုံးရမှုများ (transitory income loss and other deprivation) အတွက် လူမှုဖူလုံရေး ထောက်ပံ့မှုများ ပြုခြင်း ဖြစ်သည်။

ဒုတိယအချက်မှာ စီးပွားရေးစနစ်အတွင်း အစိုးရပုဂ္ဂလိက ရောနှောစေမှုကို ဖန်တီးခြင်း ဖြစ်သည်။ တချိန်က မဟာဗျူဟာ မြောက် အရေးပါသော လုပ်ငန်းကြီးများကို ပြည်သူပိုင်သိမ်းပိုက်သည်အထိ ရှိခဲ့သည်။

တတိယအချက်မှာ တည်ငြိမ်သော မက္ကရိုစီးပွားရေး မူဝါဒများ ဖြစ်လာစေအောင် ညှိနှိုင်းဆောင်ရွက်ခြင်း ဖြစ်ပါသည်။ ဈေး ကွက်တခုတည်းက လက်တွေ့တွင် မက္ကရိုစီးပွားရေး တည်ငြိမ်စေရေး မစွမ်းနိုင်ပါ။ ထိုအခါ အစိုးရများက ဝင်ရောက်ဆောင် ရွက်ပေးရန် လိုအပ်လာပါသည်။ အထူးသဖြင့် အလုပ်အကိုင်အပြည့်အဝ ရရှိစေရေး (full employment)၊ ဈေးနှုန်း တည်ငြိမ် စေရေး (Price stability)၊ ကုန်သွယ်မှု ငွေပေးငွေယူရှင်းတမ်းများ (Balance of payments) မျှခြေရှိစေရေးအတွက် အစိုးရက မက္ကရိုစီးပွားရေးကဏ္ဍ ဝင်ရောက်ဆောင်ရွက်သည်။

Covid-19 ကူးစက်မှု ကပ်ဘေးကာလ နှင့် နိုင်ငံတော်တို့၏ မကြုံစဖူး စိန်ခေါ်မှု

Covid-19 ကူးစက်ရောဂါ ကပ်ဘေးသည် ကမ္ဘာ့လူသားမျိုးနွယ်တရပ်လုံး မကြုံစဖူး ရင်ဆိုင်နေသော ကပ်ဘေးကြီး ဖြစ်သည်။ ဤသို့သော ဧရာမကူးစက် ကပ်ဘေးကို တုံ့ပြန်ရင်ဆိုင်နိုင်ရန် ကမ္ဘာ့အင်အားကြီးနိုင်ငံများရော၊ နိုင်ငံငယ်များပါ သင့်လျော် သော ပြည်သူ့ကျန်းမာရေး ဗျူဟာများနှင့် နောက်ဆက်တွဲ ဖြစ်လာမည့် စီးပွားပျက်ကပ်ဘေးကို မီးကုန်ယမ်းကုန် ရင်ဆိုင်နေ ကြရပါသည်။

ဤ အရေးပေါ် အခြေအနေက အသစ်ဖြစ်သည်။ ပုံမှန် အစိုးရတို့၏ ဖြေရှင်းမှု၊ ကိုင်တွယ်စီမံမှုများဖြင့် မရနိုင်ဟု မြင်ပါသည်။ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က ၁၉၃၀ ခုနှစ် ကမ္ဘာ့စီးပွားပျက်ကပ်ကြီး နောက်ပိုင်းတွင် အဆိုးရွားဆုံးသော ကမ္ဘာလုံးဆိုင်ရာ စီးပွားပျက်ကပ် (worst recession) အဖြစ် မကြာသေးမီက ကြေညာခဲ့သည်။ ထွန်းသစ်စ စီးပွားရေးစနစ်များ- အထူးသဖြင့် အာဖရိက၊ လက်တင်အမေရိက နှင့် အာရှနိုင်ငံများတွင် စီးပွားရေးအရ အန္တရာယ်ရင်ဆိုင်ရမှုများ ကြီးမည်ဟု သတိပေးသည်။ IMF ၏ အဖွဲ့ဝင် ၁၈၉ နိုင်ငံရှိသည့် အနက် အဖွဲ့ဝင်တစ်ဝက်ကျော်က IMF အဖွဲ့ထံသို့ အကူအညီများ တောင်းခံထားကြပါသည်။

ကုလသမဂ္ဂ တက္ကသိုလ်၊ ဖွံ့ဖြိုးမှု စီးပွားရေးဘာသာရပ်ဆိုင်ရာ သုတေသန ကမ္ဘာ့အင်စတိကျု (World Institute for Development Economics Research) ၏ သုတေသနပြုချက်အရလည်း၊ COVID-19 ကူးစက်ကပ်ဘေးကြောင့် လူသန်း ၅၀၀ ကျော် ဆင်းရဲတွင်းသို့ ပြန်၍ ကျရောက်ဖွယ်ရှိသည်။ ပြီးခဲ့သည့် နှစ် ၃၀ ကာလ အနေအထားသို့ နောက်ပြန်ဆုတ်၍ သွားနိုင်သည်ဟု ဖော်ပြထားသည်။ သို့အတွက်ကြောင့် Oxfam အဖွဲ့က ဒေါ်လာ ၂.၅ ထရီလီယံတန်ဖိုး ကယ်ဆယ်မှု အကူ အညီကို ကမ္ဘာ့ခေါင်းဆောင်များ သဘောတူညီကြပါရန် နှင့် ကြွေးမြီပြန်ဆပ်ရန်ငွေများ ဒေါ်လာ ၁ ထရီလီယံခန့်ကို ဆိုင်းငံ့ ထားပေးရန် သို့မဟုတ် လျော်ပစ်ရန် တောင်းဆိုထားခဲ့သည်။

IMF Blog တွင် စာရေးသူများကတော့ COVID-19 သည် စစ်ပွဲကြီးတခုနှင့် တူသည်ဟု ဆိုသည်။ လူများ သေဆုံးနေသည်။ ကျန်းမာရေး ပညာရှင် ဝန်ထမ်းများ ရှေ့တန်းတွင် ဆင်နွှဲရင်ဆိုင်နေကြရသည်။ နောက်တန်းတွင်လည်း မမြင်ရသော စစ်သား များက တတပ်တအား ပံ့ပိုးရင်း စစ်ကြီးကိုရင်ဆိုင်နေကြရသည်။ ထိုသူများက မရှိမဖြစ် ဝန်ဆောင်မှုပေးနေသူများ၊ စားနပ် ရိက္ခာ ဖြန့်ဖြူးပေးနေသူများ၊ ပစ္စည်း ပို့ဆောင်ပေးနေသူများ၊ လူအများသုံး ရေမီး စသည်ဖြင့် ဝန်ဆောင်ပေးနေသူများဟု ဖော် ပြသည်။ အပြည့်အဝ ဖြည့်ဆည်းမပေးနိုင်သည့်တိုင် အိမ်များတွင် ခြေငြိမ်ငြိမ်နေပေးနေကြသူများသည်ပင် ယခုစစ်ပွဲကြီးကို ရင်ဆိုင်နေကြသူများ ဖြစ်သည်ဟု ဆိုပါသည်။ ဤစစ်ပွဲကြီးအတွက် အဆမတန် ငွေအသုံးပြုရမှုများ လိုအပ်လာသည်။ ရပ် ဆိုင်း ကျဆင်းနေသည့် စီးပွားရေးလုပ်ငန်းများကို လှုံ့ဆော်ပေးမှု ထောက်ပံ့ငွေများ လိုအပ်လာသည်။ ဤနေရာတွင် အစိုးရ ၏ အခန်းကဏ္ဍက အထူး အရေးကြီးသည်ဟု သူတို့က ထောက်ပြပါသည်။

ဤစစ်ပွဲကြီး အောင်မြင်ရေးနှင့် အလျှင်အမြန် ပြန်လည်နာလံထရေးမှာ အကျပ်အတည်းကာလအတွင်း ဦးဆောင်သူအစိုးရ များ ကျင့်သုံးသော မူဝါဒများအပေါ်တွင် များစွာ မူတည်နေပါသည်။ IMF Blog တွင် ဆွေးနွေးကြသူများကတော့ ကဏ္ဍ ၂-ခု ခွဲခြားဖော်ပြသည်။

အဆင့် () စစ်ပွဲကာလ။     ကူးစက်မှု ကပ်ဘေးက သည်းလာသည်။ ဤအချိန်တွင် လူများ၏ အသက်ကို ကယ်ဖို့လိုသည်။ စီးပွားရေးလုပ်ငန်းများကို တတ်နိုင်သမျှ ချုပ်ငြိမ်းနေမှုကို လျှော့နည်းစေရန် ထိန်းထားဖို့လိုသည်။ ဤကာလသည် အနည်းဆုံး ၃-လ၊ ၆-လတိုင် ကြာမြင့်နိုင်သည်ဟု သူတို့က ဆွေးနွေးပါသည်။

အဆင့် () စစ်ပြီး ပြန်လည်ထူထောင်ရေးကာလ။     ကာကွယ်ဆေး တွေ့ခြင်း/ သို့မဟုတ် ကုသဆေးတွေ့ခြင်းကြောင့်၊ သို့မဟုတ် လူအုပ်ကြီးတခုလုံးတွင် တစုံတရာ ကိုယ်ခံအားရလာခြင်းကြောင့် ကူးစက်ကပ်ဘေးကြီးကို ထိန်းသိမ်းနိုင်မည်။ ထိန်းချုပ်ကန့်သတ်ထားသည်များ ပြန်ဖွင့်မည်။ စီးပွားရေး လုပ်ငန်းများ ပြန်၍နာလံထူမည်။ သို့သော် ပုံမှန်အခြေအနေရောက် အောင် ကြိုးပမ်းကြရဦးမည် ဖြစ်ပါသည်။ ဤအခြေအနေတွင် အစိုးရများက ဘဏ္ဍာဝင်ငွေ၊ အခွန်များ ကျဆင်းနေသည့် ကြားထဲမှ မကြုံစဖူး အသုံးစရိတ်များ တိုး၍ သုံးကြရမည် ဖြစ်သည်။ သို့မှသာ အလုပ်သမားများ အလုပ်မပြုတ်ဘဲ ရှိမည်။ အိမ်ငှားများ နှင်ချမခံရဘဲရှိမည်။ ကုမ္ပဏီများ မပိတ်သိမ်းရဘဲ ရှိမည်။ ဘိဇနက်လုပ်ငန်းများနှင့် ကုန်သွယ်များ ဆက်၍ထိန်း သိမ်းထားနိုင်မည်။ ဤသို့ဆောင်ရွက်ပါမှ ပြန်လည်နာလံထမှုက ပို၍ ချောမွေ့စွာ ဖြစ်နိုင်ဖွယ် ရှိပါသည်။

IMF Blog တွင် ဆောင်းပါးရေးသားကြသူများက အစိုးရများ၏ ရွေးချယ်စရာ မူဝါဒများကို အောက်ပါအတိုင်း တင်ပြခဲ့ပါသည်။

အစိုးရကြီးကာလ (Big government)

အလားတူပင် The Economist ဂျာနယ် ဆောင်းပါးဆွေးနွေးချက်တွင်လည်း ယခုအချိန်တွင် အစိုးရကို ကြီးကြီးထား၊ ပိုက်ဆံ များများသုံးမည့် (Big government) လိုအပ်သည်ဟု ဆိုသည်။ ဗိုင်းရပ်စ်ကူးစက် ရောဂါကြောင့် ဘိဇနက်များကို တံခါးပိတ်ခိုင်းလိုက်ရ သည်။ လူများကို အိမ်ပြင်မထွက်ဘဲ နေခိုင်းရသည်။ ဤအချိန်တွင် အစိုးရက လူတို့ဘဝ ရှင်သန်ရေး ပံ့ပိုးမှု နှင့် စီးပွားရေးစနစ် ဆက်လက်ရှင်သန်နေစေရေးတို့အတွက် ထောက်ပံ့ငွေများ သုံးရပါတော့သည်။ ဤအချက်က ယခင် အစိုးရ၏ အကန့်အသတ် (Limited government) နှင့် ဈေးကွက်အပေါ် ယုံကြည်ထားသူများ၏ လစ်ဘရယ် စဉ်းစားချက်များ ကို ပြောင်းပြန်လှန်ပစ်ခဲ့ ပါသည်။

အမေရိကန် ပြည်ထောင်စု၏ အောက်လွှတ်တော် ကွန်ဂရက်က ဒေါ်လာ ၂ ထရီလီယံ တန်ဖိုးရှိ စီးပွားလှုံ့ဆော်ထောက်ပံ့မှုကို အတည်ပြုပေးခဲ့ပါသည်။ အမေရိကန်ပြည်ထောင်စု GDP ၏ ၁၀ ရာခိုင်နှုန်းရှိသည်။ အလားတူပင် ဗြိတိန်၊ ပြင်သစ် နှင့် အခြား သောနိုင်ငံများကလည်း သူတို့နိုင်ငံ GDP ၏ ၁၅ ရာခိုင်နှုန်းအထိ ချေးငွေအာမခံချက်များကို သဘောတူခဲ့ကြပါသည်။ ဗဟို ဘဏ်များကလည်း ငွေများ လှိုင်လှိုင်ရိုက်ထုတ်နေကြသည်။ ယခင်က သူတို့ငြင်းပယ်ထားခဲ့သော ပိုင်ဆိုင်မှုရှယ်ယာများကို လည်း ပြန်၍ ဝယ်ယူနေကြသည်။ သေချာသည်မှာ အစိုးရအသုံးစရိတ်များလာသောကြောင့် အစိုးရကြွေးမြီများလည်း အဆ မတန် မြင့်မားလာမည် ဖြစ်သည်။ ထိုမျှမက နောက်ပိုင်းတွင် အစိုးရများက စီးပွားရေးပြန်နှိုးလိုသောကြောင့် အမျိုးသား ဓနရှင် (national champions) များကို ပြည်သူတို့၏ အခွန်ဘဏ္ဍာများဖြင့် ကျခံပံ့ပိုးပေးသည်များလည်း ဖြစ်နိုင်သေးသည်။

ခေါင်းဆောင်မှု

အကျပ်အတည်းကာလအတွင်း ခေါင်းဆောင်မှုကလည်း ဆုံးဖြတ်ချက် ခိုင်ခိုင်ကြည်ကြည်ဖြင့် ဦးဆောင်ရမည့်အချိန် ဖြစ်လာ ပါသည်။ The Economist ဂျာနယ်က အချက် ၃-ခု အရေးကြီးကြောင်း ထောက်ပြသည်။ (၁) ယခု မရေရာ မသေချာသော အခြေအနေနှင့် ပတ်သက်၍ ခေါင်းဆောင်များ၏ ရပ်တည်ချက်က မည်သို့ ရှိပါသနည်း။ (၂) ကျန်းမာရေး စောင့်ရှောက်မှုစနစ် ၏ အရည်အသွေးပြည့်မီမှု နှင့် ဖွဲ့စည်းထားရှိမှု၊ (၃) အထက်ပါ နှစ်ချက်ထက်ပို၍ အရေးကြီးသည်မှာ ခေါင်းဆောင်များအပေါ် ယုံကြည်မှု ရှိခြင်းဟု ဆိုပါသည်။

ဆုံးဖြတ်ချက် ပြတ်သားသော ခေါင်းဆောင်မှု လိုအပ်သည်။ သို့သော်လည်း တရုတ်နိုင်ငံလို အကြမ်းပတမ်းကိုင်လျှင် ပြည်သူ များက လက်ခံနိုင်ပါမည်လောဟု ဒီမိုကရေစီနိုင်ငံ ခေါင်းဆောင်များက စဉ်းစားထားရမည်ဟု ဆိုပါသည်။ ယခုပြဿနာကို မည်မျှအထိ အကျယ်အပြန့် ရှုမြင်ထားသည်ဟူသော ခေါင်းဆောင်တို့၏ စဉ်းစားချက်က တုံ့ပြန်မှုပြုရာတွင် အရေးကြီးပါမည်။

The Atlantic မဂ္ဂဇင်းတွင် နိုင်ငံရေးသိပ္ပံပညာရှင် ဖရန်စစ် ဖူကူယားမားက ဆွေးနွေးရာ၌ အာဏာရှင်စနစ်သော၊ ဒီမိုကရေစီ ဖြစ်သလောက Covid-19 ကပ်ဘေး တုံ့ပြန်ရေး၌ အရေးမကြီးလှပါဟု ဆိုပါသည်။ အကျည်အတည်းကာလတွင် အုပ်ချုပ်ရေး ကဏ္ဍ (အစိုးရ) ကို ကြိုက်သလိုဆုံးဖြတ်လုပ်ပိုင်ခွင့်အာဏာ (discretionary authority) ပေးအပ်ထားနိုင်ဖို့ အရေးကြီးသည်။ သို့မှသာ အရေးပေါ်အခြေအနေကို မြန်မြန်ဆန်ဆန် တုံ့ပြန်နိုင်မည်။ သို့သော် ပြည်သူတို့က အစိုးရ အပေါ် ယုံကြည်ကိုးစားမှု အရေးကြီးကြောင်းလည်း ဆွေးနွေးခဲ့ပါသည်။

ကျန်းမာရေးစနစ်နှင့် ပတ်သက်၍ မြန်မာနိုင်ငံ၏ ကျန်းမာရေးစောင့်ရှောက်မှုက ကမ္ဘာ့အမှတ်ပေးစနစ်များတွင် နိမ့်ကျနေ သည်ကို ဖော်ပြထားရာ အထူးစိုးရိမ်ဖွယ် ရှိပါသည်။ ပြည်သူများက သူတို့၏ အိပ်ကပ်ထဲမှ ကျသင့်ငွေ ၈၀ ရာခိုင်နှုန်းခန့်ကို ကျန်းမာရေးအတွက် ကျခံသုံးစွဲနေရသည်ဟူ၍လည်း သုတေသန အစီရင်ခံစာများက ဆိုကြပါသည်။ ကျန်းမာရေးစနစ်များ နှင့် ဖွဲ့စည်းထားပုံက သက်ရောက်မှု ရှိစေပါမည်။ အမေရိကန်လို နိုင်ငံများတွင် လူနာက ကုသစရိတ် ကျခံကြရသည့်အခါ လူထုများ အနက် ၂၈ သန်းမှာ ကျန်းမာရေးအာမခံ ရှိမနေကြပါ။ ထို့အပြင် တရားမဝင် ခိုးဝင်နေထိုင်သူ ၁၁ သန်းအတွက် လည်း စိုးရိမ်ဖွယ် ဖြစ်စေသည်။ ဖျားနာသူများက သူကျခံရမည့် ရောဂါရှာဖွေစစ်ဆေးမှုကို ရှောင်ကျဉ်ကြသော အခြေအနေကို တွန်းပို့စေ ခဲ့သည်။ ကြိုးနီစနစ်များကိုလည်း ဖယ်ရှားပစ်ဖို့ လိုပါလိမ့်မည်။

ခေါင်းဆောင်များက ခက်ခဲသော ဆုံးဖြတ်ချက်များ ပြုကြရမည် ဖြစ်ရာ ပြည်သူများက သူတို့အပေါ်ယုံကြည်ကိုးစားမှုမှာ အထူး အရေးကြီးလာပါသည်။ သို့မှသာ ကောလာဟလများနှင့် သတင်းတုများကို ဖယ်ရှား နိုင်ခြိမ့်မည် ဖြစ်သည်။ ဖူကူယားမား၏ ဆောင်းပါးတွင်မူ ‘ယုံကြည်မှု’ ဟု ဆိုရာ၌ အခြေခံ ဖောင်ဒေးရှင်း ၂-ခုအပေါ် မူတည် သည်ဟု ဆွေးနွေးသည်။ ပထမအချက်မှာ ပြည်သူများက သူတို့အစိုးရ၏ ကျွမ်းကျင်မှု၊ နည်းပညာဆိုင်ရာ ဗဟုသုတ၊ စွမ်း ဆောင်ရည်နှင့် ဘက်မလိုက်မှု၊ ဆုံးဖြတ်နိုင်စွမ်းအပေါ် ယုံကြည်ကိုးစားမှု ဖြစ်သည်။ ကျွမ်းကျင်မှုဟုဆိုရာ၌ အမေရိကန် ဗဟိုဘဏ် (FED) အပေါ် ယုံကြည်ကိုးစားမှုအပေါ်တွင်ပါ သူကထည့်သွင်းဖော်ပြပါသည်။ ဒုတိယအချက်မှာ ထက်-အောက် ဖွဲ့စည်းပုံရှိ ထိပ်သီးခေါင်းဆောင်အပေါ် ယုံကြည်ကိုးစားမှုရှိခြင်း ဟုဆိုသည်။ အမေရိကန်စနစ်တွင်တော့ သမ္မတက အခရာ ဖြစ်သည်။ စစ်ပွဲကာလ သမ္မတမျိုးလည်း များစွာရှိခဲ့ဖူးသည်။

နိုင်ငံတော်၏ အာဏာစက်

ဗိုင်းရပ်စ်ကို တိုက်ပွဲဆင်ရန် ဒုတိယ ကမ္ဘာစစ်နောက်ပိုင်းကာလမှ စ၍ နိုင်ငံတော် အာဏာစက်ကို ပြင်းပြင်းထန်ထန် ပြန်၍ သုံးရသည့်အချိန် ဖြစ်လာခဲ့သည်။ လူတို့၏ သာမန်ချိုးဖောက်မှုကလေးများ အပေါ်တွင်ပင် ဒဏ်ငွေတပ်ခြင်းမှသည် ထောင်ချခြင်း အထိ အာဏာစက်ကို အမြင့်မားဆုံး သုံးနေရသော ကာလ ဖြစ်နေသည်။ ယနေ့တုံ့ပြန်မှုသည် စီးပွားရေး စနစ်တခုတည်း အပေါ်မျှသာ မဟုတ်။ လူတဦးချင်းကို စောင့်ကြည့်နေဖို့ (surveillance of individuals) အထိ လိုအပ်လာသည်ဟု The Economist ဂျာနယ် ဆောင်းပါးက ရေးပါသည်။ ဟောင်ကောင်တွင် မိုဘိုင်းဖုန်းရှိ app ကိုသုံး၍ လူများကို ကွာရန်တင်း ခြေချုပ် စည်းကြပ်သည်။ တောင်ကိုရီးယားတွင်လည်း အလားတူ နည်းပညာသုံး၍ ထိန်းချုပ်မှုပြုသလို၊ တရုတ်တွင် မည်သူက အပြင်ထွက်ခွင့်ရှိသည်ဟူသော ပတ်စ်ပို့တ်စနစ်ဖြင့်ပါ ထိန်းချုပ်ခဲ့သည်။ ဖိလစ်ပိုင်သမ္မတ ဒူတာတေးကတော့ အမိန့်ဖီဆန် အပြင်ထွက်သူကို ‘ပစ်ခတ်မိန့်’ ပေးသည်အထိ အလွန်အကျူး ရှိခဲ့သည်။

အာရှနိုင်ငံများတွင်လည်း တုံ့ပြန်မှု အကြီးအကျယ်သုံးပါသည်။ နယ်စပ်များ ပိတ်ချလိုက်သည်။ ရိုးရာသင်္ကြန်ပွဲတော်ကို ရပ် ဆိုင်းသည်။ ပြည်ပမှ လေကြောင်းလိုင်းများကို ရပ်နားလိုက်သည်။ နိုင်ငံခြားသား ဝင်ထွက်မှုပိတ်သည်။ ညမထွက်ရ ကာဖြူး အမိန့်နှင့် မြို့ပြပိတ်ဆို့သည့် အမိန့်များ ထုတ်ပြန်ခြင်းအထိ တုံ့ပြန်မှုများ တွေ့ရသည်။

အင်္ဂလန်နိုင်ငံတွင် အစိုးရက နောက်ဆုတ်၍ နေသောကြောင့် ဝေဖန်ခံနေရသည်။ ပြင်သစ်တွင် အစိုးရကို အထူးအာဏာပေး ခဲ့ပြီး၊ လူများကို ထိန်းချုပ်ခြင်းမှစ၍ ဈေးနှုန်းများကို ထိန်းချုပ်ခြင်း၊ လို အပ်သည့်ပစ္စည်း ဆောင်တာများ ရယူနိုင်ခြင်း အထိ အာဏာမဲတင်းပေးခဲ့ပါသည်။ နိုင်ငံတော်အစိုးရများက ဆုံးဖြတ်ချက် ခိုင်ခိုင်ကြည်ကြည်ဖြင့် လှုပ်ရှားဆောင်ရွက်ရမည့် အချိန် ဖြစ်လာပါသည်။ အစိုးရတခုတည်းကသာ အရင်းအမြစ်များကို အလျှင်အမြန် လှုံ့ဆော်စည်းရုံး၊ အတင်းအကျပ်ပြုစေနိုင်သူ ဖြစ်ပါသည်။ မရှိမဖြစ်လိုအပ်သည့် စားနပ်ရိက္ခာထုတ်လုပ်နေရသည့် စက်ရုံများ၊ လုပ်သားများကို စဉ်ဆက်မပြတ် ထိန်းထား ရမည်။ လိုအပ်သည့် မျက်နှာဖုံး၊ ကိုယ်ခံဝတ်စုံ ထုတ်လုပ်မှု၊ ဆေးဝါး ထုတ်လုပ်မှုများကို အင်တိုက်အားတိုက် ပြုနိုင်မည်။ လိုအပ်သည့် ကျန်းမာရေး နေရာဌာနများအဖြစ် ဟိုတယ်များ၊ အစိုးရ အဆောက်အအုံများကို ပြောင်းလဲအသုံးပြုနိုင်သည့် အာဏာရှိ သည့်နည်းတူ၊ နိုင်ငံအများက ဆေးဝါး၊ ရိက္ခာပစ္စည်းတို့ကို မဟာဗျူဟာ ပစ္စည်းအဖြစ် သတ်မှတ်၍ ကန့်သတ်မှု ပြုလာကြ သည်ကိုလည်း တွေ့ရပါသည်။

နိဂုံး

“အစိုးရကြီးများ” ဖြစ်လာခြင်းကို ယခုအချိန်တွင် မည်သူကမျှ ငြင်းချက်ထုတ် မေးခွန်ထုတ် လုပ်မနေကြပါ။ သို့သော် စိုးရိမ်မှု များ ရှိနေသည်။ ဤသို့ အစိုးရကြီးအဖြစ် အာဏာစက်သုံးခွင့်ကို ရာသက်ပန် ရနေမည်လားဟု စိုးရိမ်လာကြသည်။ အစိုးရ တို့၏ အကျင့်ဆိုးများ ဖြစ်လာနိုင်သည်။ အာဏာရှင်အစိုးရများ အဖြစ် နောက်ပြန်ဆွဲ၍ သွားနိုင်ပါသေးသည်။ အာဏာနှင့် ရာထူးဌာန္တရအပေါ် အလွဲသုံးစားမှုများ ဖြစ်လာမည်ကိုလည်း စိုးရိမ်ကြပါသည်။ ဥပမာအားဖြင့်- ဟန်ဂေရီအစိုးရက အရေးပေါ် အခြေအနေ ထုတ်ပြန်ထားချက်ကို အချိန် အကန့်အသတ် မရှိပြုထားလိုသည်။ အလားတူ အစ္စရေးဝန်ကြီးချုပ် ဘင်ယာမင် နာတာညာဟု ကလည်း အဂတိလိုက်စားမှုနှင့် ပတ်သက်၍ သူ့အပေါ်စွဲချက်များကို ရှောင်ရှားရန် ကြိုးပမ်းနေသည်ဟုလည်း သတင်းများက ဖော်ပြကြသည်။

လူအများက စိုးရိမ်နေကြသည်မှာ အစိုးရများ၏ နက်နက်ရှိုင်းရှိုင်း စောင့်ကြည့်ထိုးဖောက်မှု ဖြစ်သည်။ ဤဒေတာများ၊ လူ ပုဂ္ဂိုလ်တဦးချင်း၏ အချက်အလက်များက မည်မျှအတိုင်းအတာဖြင့် စုဆောင်း၍ မည်သူများက ထိန်းကျောင်းကြမည်ကို အနာဂတ်အရေးတွေး၍ စိုးရိမ်ဖော်ပြလာသည်ကိုလည်း တွေ့မြင်ရသည်။ ကိစ္စများစွာတွင် အရေးပေါ် အမိန့်များဖြင့် အုပ်ချုပ် စီမံနေကြရာ ဘန်ကောက်ပို့စ်သတင်းစာ အာဘော်က ယခုစီမံမှုများတွင် ပို၍ ပွင့်လင်းမြင်သာမှု လိုအပ်ကြောင်းနှင့် မမျှမတ စီမံဆောင်ရွက်မှုများ မဖြစ်စေရန် တိုက်တွန်းခဲ့သည်။ Covid-19 ကူးစက် ကပ်ဘေးကာလတွင် လူများကို အချုပ်ထဲထည့်ခြင်း၊ အကျဉ်းချခြင်းကပင် ပို၍ တဖက်စောင်းနင်း ဆက်ဆံပြုမူရာ ရောက်စေပါမည်။ နိုင်ငံတကာ ဆွေးနွေးချက်အများတွင်လည်း ဤကာလအတွင်း လူ့အခွင့်အရေး လေးစားလိုက်နာရေး နှင့် လူမှုတရားမျှတမှု စံနှုန်းများ ဆက်လက်ထိန်းသိမ်းထားရန် အရေးကြီးကြောင်း ဆွေးနွေးကြပါသည်။

မည်သို့ဆိုစေ အစိုးရကို ထိန်းကျောင်စောင့်ကြည့်နေသည့် ယန္တရားလုပ်ငန်းစဉ်များ ရှိနေကြရပါမည်။ သို့မှသာ လူ့အခွင့်အရေး နှင့် လွတ်လပ်ခွင့်များကို ကာကွယ်နိုင်ပါလိမ့်မည်။ တဖက်စောင်းနင်း လူမှုတရားမျှတမှု ကင်းမဲ့သည့် အခြေအနေကို ချိန်ညှိ နိုင်ပါလိမ့်မည်။ အာဠာဝက ထင်ရာစိုင်းအစိုးရမျိုး ဖြစ်မလာစေရန်လည်း ပြည်သူများက ခုခံကြရမည့် တာဝန်ရှိပါသေးသည်။

ဤအကျပ်အတည်း ကြားတွင်ပင် လူမှုအဖွဲ့အစည်းအတွင်း ပြောင်းလဲနေမှုများကိုလည်း သိသိသာသာ တွေ့မြင်နေရပါသည်။ အထူးသဖြင့် နည်းပညာဆိုင်ရာ ကဏ္ဍများတွင် ဖြစ်သည်။ ဒစ်ဂျစ်တယ်ငွေကြေး သုံးစွဲမှုဖက်သို့ ပြောင်းလဲလာမည့် အသွင်ရှိ သကဲ့သို့၊ ရုံးလုပ်ငန်းဆောင်တာများကလည်း နည်းပညာသုံး၍ အဝေးနေဆက်သွယ်မှု ပုံစံများသို့ သိသိသာသာ ပြောင်းလဲခဲ့ ပါသည်။ နိုင်ငံများက တံခါးပိတ်ထားကြသော အချိန်တွင် နယ်စည်းမခြား သိပ္ပံပညာရှင်များ၊ သုတေသီများ၊ တက္ကသိုလ်များ ကလည်း ဗိုင်းရပ်စ်ပိုးကုသရေးနှင့် ကာကွယ်ဆေး ရှာဖွေရေးလုပ်ငန်းများအတွက် ပူးပေါင်းဆောင်ရွက်နေကြသည်။

ဤသို့သော ပြောင်းလဲမှုများကို ပညာရှင် ရွှမ်းပီတာ (Schumpeter, 1942) က “တီထွင်ဖန်တီးမှုဖြစ်စေသော ဖျက်ဆီးမှု” (creative destruction) ဟု သုံးခဲ့ဖူးပါသည်။ ဆိုလိုသည်မှာ လူမှုရေး/နည်းပညာဆိုင်ရာ ကဏ္ဍမှ အပြောင်းအလဲများကို ရည်ညွှန်းခြင်း ဖြစ်သည်။ မသေချာ-မရောသော အခြေအနေ- ကြိုတင်မသိနိုင်သော အခြေအနေများကြား၌ ပြောင်းလဲမှုများ ၏ သဘောသဘာဝ နှင့် ပြောင်းလဲစေသော အင်အားကို ဖော်ညွှန်းခြင်း ဖြစ်သည်။ “တီထွင်ဖန်တီးမှုဖြစ်စေသော ဖျက်ဆီးမှု” (creative destruction)ကြောင့် နည်းပညာဆိုင်ရာ ရှုမြင်ပုံများနှင့်လားရာများကို များစွာပြောင်းလဲစေအောင် တွန်းပို့နိုင်သည် ဟု ဆိုပါသည်။ အဟောင်းကိုဖျက်၍ အသစ်တီထွင်သော တော်လှန်ရေးအသွင်ဆောင်သည့် ပြောင်းလဲမှုမျိုးဟု ဆိုနိုင်ပါသည်။

သို့ဆိုလျှင် မြန်မာအစိုးရအတွက်လည်း အဆိုးထဲမှ အကောင်း၊ လားရာအသစ်ကို ဖန်တီးနိုင်သော အခွင့်အလမ်းများ ရှိနိုင်ပါ သေးသည်။ ဘဏ္ဍာငွေ အင်တိုက်အားတိုက်သုံး၍ နိမ့်ကျနေသော ကျန်းမာရေးစနစ်ကို အသွင်သစ်မြှင့်တင်နိုင်သော အခွင့် အရေး ပေါ်ပေါက်နေပါသည်။ မြန်မာနိုင်ငံတွင် မပေါ်ထွန်းခဲ့ဖူးသေးသော၊ ရှိခဲ့လျှင်သော်မှ ချိနဲ့လွန်းသော လူမှုဖူလုံရေး ပိုက်ကွန်စနစ်ကို အသစ်စတင် တည်ဆောက်နိုင်သော အခြေအနေ ဖြစ်ပါသည်။ E-Government စွမ်းဆောင်ရည်နှင့် ရုံးစနစ် များ၊ ဒစ်ဂျစ်တယ်ငွေကြေး နှင့် ဒစ်ဂျစ်တယ် စီးပွားရေးစနစ်.. စသည် အခွင့်အလမ်းများစွာတို့ကို မြော်မြင်တည်ဆောက်နိုင် သော အခွင့်အလမ်းများ ရရှိနေပါသည်။ သို့သော် တခုတော့ရှိသည်။ ဤသို့ ပြုပြင်ပြောင်းလဲမှုမျိုးက ဗဟုသုတကို အခြေခံရ မည်။ ဗဟုသုတက မောင်းနှင်သော စီးပွားရေးနှင့် လူမှုအသိုက်အဝန်းကို တက်လှမ်းရမည် ဖြစ်ပါသည်။

[1] နိုင်ငံတော် (State) ဆိုသည်မှာ သတ်မှတ်အကျယ်အဝန်း တခုရှိသော နယ်မြေပေါ်ရှိ လူဦးရေ (လူမှုအဖွဲ့အစည်း) တို့အပေါ် တရားဝင် အတင်းအကျပ် တိုက်တွန်းခွင့်အာဏာရှိသော အဖွဲ့အစည်း (အင်စတိကျုရှင်း) အစုအဖွဲ့ကို ဆိုလိုသည်။ အစိုးရ (Government) ဆိုသည်မှာ အုပ်ချုပ်မှု၊ အာဏာကို ကျင့်သုံး ခွင့်ရှိသော အဖွဲ့အစည်းဖြစ်ပြီး၊ လူမှုအဖွဲ့အစည်းတခုကို စီမံအုပ်ချုပ်ရာတွင် အမူအကျင့်၊ နည်းနာ၊ စနစ် စသည်တို့ အပါအဝင်ဖြစ်သည်။ သို့သော် နိုင်ငံတော် နှင့် အစိုးရဟူသော အသုံးကို ရံဖန်ရံခါ အပြန်အလှန်ပြောင်းလဲ၍ အသုံးပြုသည်လည်း ရှိပါသည်။

 

အကိုးအကား

Centre for Strategic and International Studies (CSIS). Southeast Asia Covid-19 Tracker

Editorial. (April 7, 2020). Decree risks overreach. Bangkok Post

Foreign Policy. (March 20, 2020). The Coronavirus Pandemic Will Change the World Forever.

Fukuyama, Francis. (March 30, 2020). The Thing That Determines a Country’s Resistance to the Coronavirus. The Atlantic.

Giovanni Dell’Ariccia, Paolo Mauro, Antonio Spilimbergo, and Jeromin Zettelmeyer. (1 April 2020). Economic Policies for the COVID-19 War. IMF Blog.

Martin, Eric. (9 April 2020). IMF Sees World in Worst Recession Since Great Depression. Bloomberg.

Nikkei staff writers. (March 28, 2020). From light touch to total lockdown: How Asia is fighting coronavirus. Nikkei Asian Review.

OCHA Services, (9 April 2020). Estimates of the impact of COVID-19 on global poverty.

The Economist. (March 26, 2020). The state in the time of covid-19.

The Economist. (March 12, 2020). The politics of pandemics.

 

Aung Thu Nyein

အောင်သူငြိမ်းသည် ISP-Myanmar ၏ ပြင်ပဆက်ဆံဆက်သွယ်ရေးဌာန ဒါရိုက်တာ ဖြစ်ပါသည်။

Related article
မြန်မာနိုင်ငံနှင့် ကိုဗစ်ကာကွယ်ဆေး ထိုးနှံနိုင်မှု အလားအလာ

မြန်မာနိုင်ငံနှင့် ကိုဗစ်ကာကွယ်ဆေး ထိုးနှံနိုင်မှု အလားအလာ

မြန်မာနိုင်ငံက အခုအချိန်မှာ လူပေါင်း ၁ ဒသမ ၇ သန်းကို ကာကွယ်ဆေး ထိုးနှံ ပြီး…

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါနှင့်  လော့ခ်ဒေါင်းမှတ်စု  (လော့ခ်ဒေါင်းနှင့်အတူနေထိုင်ခြင်း)

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါနှင့် လော့ခ်ဒေါင်းမှတ်စု (လော့ခ်ဒေါင်းနှင့်အတူနေထိုင်ခြင်း)

လော့ခ်ဒေါင်းချ ဆောင်ရွက်တဲ့ အခါမှာ ဆင်းရဲတဲ့အိမ်ထောင်စုတွေ၊ အလုပ်အကိုင် ဆုံးရှုံးသွားသူတွေ၊ ချို့တဲ့အားနည်းတဲ့ လူတွေအတွက်လည်း အဓိကစဉ်းစားပေးပြီး ကုစားရေး…

တရုတ်နိုင်ငံ၏ ကိုဗစ်-၁၉ကာကွယ်ဆေး သံတမန်လှုပ်ရှားမှုနှင့် မြန်မာနိုင်ငံအတွက် အလားအလာ

တရုတ်နိုင်ငံ၏ ကိုဗစ်-၁၉ကာကွယ်ဆေး သံတမန်လှုပ်ရှားမှုနှင့် မြန်မာနိုင်ငံအတွက် အလားအလာ

တရုတ်နိုင်ငံဟာ ကာကွယ်ဆေးကို အများကောင်းကျိုးအဖြစ် အသုံးပြုမယ်၊ မြန်မာနိုင်ငံစတဲ့ မိတ်ဖက်နိုင်ငံတွေကို ဦးစားပေးဖြန့်ဝေမယ် ဆိုတာဟာ စေတနာကောင်းရင်တောင် လက်တွေ့…

Discussion about this post

Leave a Reply

Your email address will not be published. Required fields are marked *

Type your search keyword, and press enter to search