မြန်မာနိုင်ငံနှင့် ကိုဗစ်ကာကွယ်ဆေး ထိုးနှံနိုင်မှု အလားအလာ
မြန်မာနိုင်ငံက အခုအချိန်မှာ လူပေါင်း ၁ ဒသမ ၇ သန်းကို ကာကွယ်ဆေး ထိုးနှံ ပြီး…
(၁)နိဒါန်း
မြန်မာနိုင်ငံ၏ နိုင်ငံရေး ပြဿနာများကို လက်နက်ကိုင် ပဋိပက္ခ၊ တိုင်းရင်းသား ပြဿနာ၊ တိုင်းရင်းသား နိုင်ငံရေးဟု ဆယ်စုနှစ်များစွာ သုံးနှုန်းခဲ့ပြီးဖြစ်သည်။ ထိုနည်းလည်းကောင်း အာဏာရှင် အစိုးရ ဆန့်ကျင်သည့် လှုပ်ရှားမှုအား ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေးနှင့် ဖယ်ဒရယ်စနစ် ထူထောင်ရေးဟု ချဉ်းကပ်ခဲ့သည်။ ဤအချက်များ အားလုံး မှန်ပါသည်။ သို့သော် နှစ်ပေါင်း ၇၀ ကျော် ကြာနေပြီ ဖြစ်သည့် နိုင်ငံရေး အကျပ်အတည်း၏ ဗဟိုချက်မတွင် ရှိနေသော လူမျိုးရေးစရိုက်နှင့် ၎င်းနှင့် ဆက်စပ်နေသော လူတန်းစား ရေးရာကိစ္စများအား ခွဲခြားရေး၊ ခွဲခြားမှု ပပျောက်ရေး၊ အလုပ်သမားရေးဟုသာ အပေါ်ယံ ချဉ်းကပ်ခဲ့သည်။ ဒီမိုကရေစီအစိုးရ တက်လာလျှင် ထိုကိစ္စများ အလိုအလျောက် ပြေပျောက် သွားလိမ့်မည် ဆိုသော ယူဆချက်အမှားကြောင့် လူမျိုး လူတန်းစားကိစ္စအား ထက်မြက် ထိရောက်သည့် ရှုထောင့်အမြင်များ၊ ချဉ်းကပ်မှု၊ လှုပ်ရှားမှု မူဘောင်နှင့် ဗျူဟာများကို ဖော်ထုတ်ရမည့်အစား လျစ်လျူရှုခဲ့ခြင်းဖြစ်သည်။
COVID-19 အရေးပေါ် အခြေအနေများ ပေါ်လာသောအခါ လူမျိုးလူတန်းစား ကိစ္စသည် ရောဂါကာကွယ် တားဆီးရေးကို အဟန့်အတား အကြီးအမား ဖြစ်လာစေသည်။ ထို့ကြောင့် COVID-19 ကို ကာကွယ် ရာတွင်လည်းကောင်း၊ အနာဂတ် မြန်မာ လူ့အဖွဲ့အစည်းတွင် လူမှု တရားမျှတသည့် နိုင်ငံရေး၊ လူမှု စီးပွားရေးစနစ် ဖွံ့ဖြိုးလာရန်အတွက် လည်းကောင်း လူမျိုးလူတန်းစားဆိုင်ရာ ရှုထောင့်နှင့် ချဉ်းကပ်မှု အသစ်များကို အလေးထား ထုတ်ဖော်သွားရန် အရေးကြီးသည်။
(၂) လူမျိုးရေး၊ လူတန်းစား၊ နိုင်ငံစနစ်
လက်ရှိ မြန်မာ လူ့အဖွဲ့အစည်းတွင် လူမျိုးရေးနှင့် လူတန်းစားကို သဘောပေါက်နားလည်မှု လွဲကြသည်။ အင်္ဂလိပ် အခေါ်အဝေါ် Racism ကို အသားအရောင် ခွဲခြားရေးဟု အဓိပ္ပါယ် ဖွင့်ဆိုသဖြင့် မြန်မာပြည်တွင် အသားအရောင်ခွဲခြားမှု မရှိဆိုသည့် အဓိပ္ပါယ်မဲ့ ပြောဆိုမှုများရှိခဲ့သည်။ ထိုအဓိပ္ပါယ် ဖွင့်ဆိုချက်မှာ အနောက်တိုင်း၏ လူဖြူလူမဲ အသားအရောင် အခြေပြု ခွဲခြားဖိနှိပ်မှု အတွေ့အကြုံကို တိုက်ရိုက် ဘာသာ ပြန်ထားခြင်း ဖြစ်သည်။ မြန်မာပြည်၏ ခွဲခြားဖိနှိပ်မှုမှာ အသားအရောင်ကို အဓိက အခြေခံခြင်း မဟုတ်ဘဲ လူမျိုး၊ ဘာသာကို အခြေခံခြင်းဖြစ်သည်။
လူမျိုးရေး ဆိုရာတွင် ခွဲခြား ဆက်ဆံခြင်းနှင့် ခွဲခြားဆက်ဆံမှု ပပျောက်ရေး ဆိုသည်ကိုသာ ကြည့်၍မရပါ။ လူတန်းစားကိုလည်း စက်ရုံ အလုပ်သမားရေးရာ ကိစ္စလောက် ရှုမြင်၍ မရပါ။ အဘယ်ကြောင့်ဆိုသော် လူ့အဖွဲ့အစည်း၏ အခြေခံ နိုင်ငံရေး အဆောက်အအုံသည် လူမျိုးရေး စဉ်းစားချက် (racial thinking)၊ လူမျိုးများအကြား ဆက်ဆံရေး (race relations)၊ လူတန်းစား ပုံသဏ္ဍာန်(class structure)၊ လူတန်းစား အကျိုးစီးပွား ပြိုင်ဆိုင်မှု (class competition) စသည်တို့ အပေါ်မှုတည်၍ တည်ဆောက် လည်ပတ် နေခြင်းကြောင့်ဖြစ်သည်။ လူတန်းစား အကျိုးစီးပွား ပြိုင်ဆိုင်မှု ဆိုရာတွင် ယခင် ကြားဖူးနား၀ ဆင်းရဲသားနှင့် လူချမ်းသာကြား ပြိုင်ဆိုင်မှု ချည်းသာ မဟုတ်၊ ခရိုနီ အုပ်စုများအကြား ပြိုင်ဆိုင်မှုကို ဆိုလိုခြင်း ဖြစ်သည်။ တနည်းဆိုရလျှင် အုပ်ချုပ်သူများနှင့် ဆိုင်ရာ ဆိုင်ရာ ခရိုနီအုပ်စုများ၊ ၎င်းတို့၏ ပြည်တွင်း ပြည်ပ ချိတ်ဆက်ကွန်ရက်များ၏ နိုင်ငံရေး၊ စီးပွားရေး ပြိုင်ဆိုင်မှုနှင့် ၎င်းတို့၏ အလုပ်သမား လူတန်းစားအပေါ် အမြတ်ထုတ်ခြင်း၊ အလုပ်သမားများက ပြန်လည် တုံ့ပြန်ခြင်းတို့သည် နိုင်ငံရေး အခင်းအကျင်း၏ အခြေခံဖြစ်သည်။ ထိုနည်းလည်းကောင်းပင် အချုပ်အခြာ၊ နယ်မြေ (territorial rights)၊ အခွင့်ထူး၊ နိုင်ငံရေး ဆုံးဖြတ်ချက်ချခွင့်၊ စီးပွား ချမ်းသာခွင့်၊ ကျား-မ တန်းတူခွင့်များ စသည်တို့နှင့် ဆိုင်သည့် နားလည် ခံယူချက်များသည် လူမျိုးရေး စဉ်းစားချက်၊ လူတန်းစား ပြိုင်ဆိုင်ရေးတို့နှင့် ဆက်စပ်နေသည်။ ထို့အပြင် အစိုးရက မည်သူ့ကို ကာကွယ် စောင့်ရှောက်ပြီး မည်သူ့ကို ဘေးချန် ထားနိုင်သည် ဆိုသည့် အတွေးအခေါ်နှင့် လုပ်ရပ်ကိုလည်း အကျိုးသက်ရောက်စေသည်။
သို့သော် လက်ရှိ မြန်မာ့နိုင်ငံရေးနှင့် စီးပွားရေး ပြုပြင် ပြောင်းလဲရေး လှုပ်ရှားမှုတွင် လူမျိုး-လူတန်းစားကို ‘ရှုထောင့်’ သို့မဟုတ် လှုပ်ရှားမှုအနေဖြင့် မချဉ်းကပ်ဘဲ လူမျိုးရေး တန်းတူရေး၊ အလုပ်သမား ဖူလုံရေး ဟူသည့် ‘ရလဒ်’ အနေဖြင့်သာ စဉ်းစားသည်။
မြို့ပြ အခြေပြု (သို့မဟုတ်) NLD ဗဟိုပြု နိုင်ငံရေး လှုပ်ရှားမှု၏ အဓိက ရည်မှန်းချက်သည် ဒီမိုကရေစီ အစိုးရ အာဏာရရေးဖြစ်သည်။ တန်းတူရေး၊ ခွဲခြားမှု ပပျောက်ရေးနှင့် အောက်ခြေလူတန်းစား လူမှု စီးပွားဖူလုံ လုံခြုံရေးသည် အဓိက ဗဟို မဟုတ်ပေ။ မေတ္တာ၊ ဂရုဏာ၊ မုဒိတာ စသည်တို့မှာလည်း ဆောင်ပုဒ်များအတွက် အနား ကွပ်လောက်သာ ရှိသည်မက လူနည်းစုများနှင့် ဖိနှိပ်ခံများအား စာနာ သနားညှာတာပါသည်ဟု အထက်စည်းမှ ဖြေသိမ့်သည့် စကားလုံးများ တခါတရံ ဖြစ်ခဲ့သည်။ ဘာသာ ပေါင်းစုံ ငြိမ်းချမ်းရေးနှင့် လူမှုဂေဟ မျှတရေး လှုပ်ရှားမှု၏ ရည်မှန်းချက်သည် tolerance ဖြစ်သည်။ နိုင်ငံ စီးပွားရေးစနစ်၏ အတွင်းကျကျ နက်နဲနေသည့် လူမျိုးရေး စဉ်းစားချက်ကို အခြေခံမှ စဖော်ထုတ်ပြီး ချေဖျက်ရန်မဟုတ်။
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ ရည်မှန်းချက်မှာလည်း ဖက်ဒရယ်စနစ် ထူထောင်ရေးနှင့် တန်းတူရေးဖြစ်သည်။ သို့သော် လူမျိုးရေးခွဲခြားသည့် အခြေခံ နိုင်ငံရေး စဉ်းစားချက်၊ မူဝါဒ၊ လူ့အဖွဲ့ အစည်း၏ လူမျိုးရေး စရိုက်၊ ထိုကိစ္စများကို သက်ဆိုး ရှည်စေသည့် အုပ်ချုပ်ရေး၊ စီးပွားရေးနှင့် ရုပ်ရှင်ဂီတ အနုပညာစသည့် ယဉ်ကျေးမှု ယန္တရားများကို ဖော်ထုတ် ပြောင်းလဲရန် မဟုတ်။ Anti-racism သည် တိုင်းရင်းသား အဖွဲ့အစည်းများ၏ နိုင်ငံရေး မူဘောင်နှင့် ဗျူဟာ မဟုတ်သဖြင့် လွန်ခဲ့သည့် ၇ နှစ်အတွင်း နိုင်ငံရေး ဆွေးနွေးမှုများသည် race relations နှင့်ပတ်သက်သည့် အခြေခံများကို မထိဘဲ တန်းတူရေး၊ မခွဲခြားရေးတို့ကို အပေါ်ယံသာ ဆွေးနွေးသွားသည်။ ထိုဆွေးနွေးချက်၊ ဆုံးဖြတ်ချက်နှင့် သဘော တူညီချက်များသည် ခေတ်အဆက်ဆက် အစိုးရများ၏ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ဝါဒဖြန့်ချိမှု နှင့် သိပ်မကွာလှပါ။ ထို့ကြောင့် လူမျိုးကြီးဝါဒ တိုက်ဖျက်ပါသည် ဆိုသည့် တိုင်းရင်းသား လှုပ်ရှားမှု များတွင် ပင်လျှင် Racist အတွေးအခေါ်များကို ကြားရခြင်းဖြစ်သည်။
လက်ချိုးရေ၍ရသည့် အနည်းငယ်သော မြို့ပြ ပညာတတ်များအတွက် အမျိုးသားရေး အစွန်းရောက်မှုနှင့် ခွဲခြား ဆက်ဆံရေးသည် ပြဿနာများဖြစ်သည်။ သို့သော် ၎င်းတို့၏ ပထမ ဦးစားပေးမှာ အမျိုးသားရေး အစွန်းမရောက်ရန်၊ မပြီးဆုံးသော nation-building ကို ဆက်လက် အကောင်အထည် ဖော်ရန်နှင့် တနိုင်ငံလုံးကို လွမ်းခြုံနိုင်သည့် national identity တည်ဆောက်ရန် ဖြစ်သည်။ အလုပ်သမား လူတန်းစား အများစုဖြစ်သည့် နိုင်ငံဖြစ်ကြောင်း အသိအမှတ် ပြုသော်လည်း ထိုအလုပ်သမား လူတန်းစား အခြေပြု နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ပညာရပ်ပိုင်းဆိုင်ရာ လှုပ်ရှားမှုကို အားမပေးခဲ့ပါ။
(၃) ဘေးထွက်ရလဒ်
နိုင်ငံရေး လှုပ်ရှားမှု၏ လူမျိုး-လူတန်းစား ကိစ္စအားနည်းမှုနှင့် ခေတ်အဆက်ဆက် အစိုးရ၏ ဝါဒဖြန့်ချိရေး အောင်မြင်မှုကြောင့် racial thinking၊ race relations နှင့် လူမျိုး-လူတန်းစား ခေါင်းပုံဖြတ်သည့် စနစ်ကို အခြေပြုသည့် နိုင်ငံရေး ပြဿနာများသည် ဆက်လက် အမြစ်တွယ်နေခြင်း ဖြစ်သည်။ ထို့ကြောင့် မြန်မာ့ လူ့အဖွဲ့အစည်းသည် အရာရာကို လူမျိုး-လူတန်းစား ခွဲခြားရေး အမြင်ဖြင့်သာ ကြည့်လေသည်။ ပြန်လည် ပေါင်းစည်းရေး၊ ညီညွတ်ရေးကို ပြောဆိုရာတွင်ပင်လျှင် (မသိစိတ်တွင်းမှ) ခွဲခြားရေး အခြေခံဖြင့် ပြောဆို နေကြသည်။
လတ်တလော ဥပမာပြရလျှင် ရှမ်းပြည်နယ်အစိုးရ NLD ဝန်ကြီးတဦး၏ ဖေ့စ်ဘွတ်ပေါ် ရေးသားချက် တခုဖြစ်သည်။ ဝန်ကြီးက ရှမ်းပြည်တနေရာရှိ ခေါက်ဆွဲဆိုင်များသည် ရှမ်းလူမျိုး မဟုတ်သူများအား ၃၀၀ ကျပ် အပိုတောင်းကြောင်းနှင့် ထိုလုပ်ရပ်သည် လူမျိုးရေးခွဲခြားခြင်း၊ အစွန်းရောက်ခြင်း ဖြစ်ပြီး ရှက်စရာ ကောင်းကြောင်း ရေးသားသည်။ ဒေသခံများက ဝန်ကြီးသည် သူ၏ ရာထူးအား မထောက်ညှာဘဲ ငွေ ၃၀၀ ကျပ်ဖြင့် ရှမ်းတမျိုသားလုံးကို သိမ်းကြုံး စော်ကားကြောင်း ဝေဖန်သည်။ အချို့ကလည်း ဝန်ကြီး နားလည်မှားခြင်း ဖြစ်ကြောင်း၊ ၃၀၀ ကျပ် ကွာခြင်းမှာ စားသုံးသူ၏ လူမျိုးကြောင့် ကွာတာ မဟုတ်ဘဲ ခေါက်ဆွဲ အမျိုးအစားကြောင့် ဖြစ်နိုင်ကြောင်း ဆိုသည် (ဥပမာ ရှမ်းခေါက်ဆွဲနှင့် အခြားခေါက်ဆွဲ)။
ဤနေရာတွင် ခွဲခြားမှု တကယ်ရှိ မရှိဆိုသည်ထက် ပိုအရေးကြီးသည့် အချက်မှာ ဝန်ကြီးတဦး အနေဖြင့် ဖြစ်နိုင်ချေများစွာအား မစဉ်းစားတော့ဘဲ လူမျိုးရေး ခွဲခြားမှုဟု ချက်ချင်း တံဆိပ်ကပ်လိုက် ခြင်းဖြစ်သည်။ ဝန်ကြီး၏ ခွဲခြားမှု မရှိရေးဆိုသည့် လုပ်ရပ်ကိုယ်တိုင်က racist လုပ်ရပ်ဖြစ်နေသည်။ အရပ်စကားနှင့် ဆိုရလျှင် ကြုံတုန်း ဆွမ်းကြီး ဝင်လောင်းသလို ဖြစ်နေသည်။ ဝေဖန်ခံရသဖြင့် သူ့ပို့စ်အားဖျက်ပြီး တောင်းပန်သည့် ပို့စ်တင်သည်။ ထိုတောင်းပန်သည့် စာသည် တဦးကိုတဦး နားလည်ပေးရန်၊ လူမျိုးရေးထက် COVID-19 ကာ ကွယ်ရေး ဦးစားပေးရန် အထက်စည်းမှ နေပြီး ဆရာ လုပ်သည့်စာ ဖြစ်နေပြန် သည်။ ပိုဆိုးသည်မှာ ရှမ်းတမျိုးသားလုံးကို စော်ကားသည်ဟု ဝေဖန်ခံနေရချိန်တွင် တိုင်းရင်းသား စကားလုံးအစား ‘မျိုးနွယ်စုအဖွဲ့’ ပုဂ္ဂိုလ်များဟု သုံးစွဲသဖြင့် ဝန်ကြီးအား ထပ်ဝေဖန်စရာ ဖြစ်လာပြန်သည်။
ဒုတိယဥပမာမှာ ကိုဗစ် ပိုးစမ်သပ်တွေ့ရှိသည့် ခရစ်ယာန် ဘာသာရေးအသင်းမှ ဆရာတဦးနှင့် ဆက်နွယ်သည့် ကိစ္စ ဖြစ်သည်။ ထိုဆရာနှင့် နောက်လိုက် အချို့တွင် ရောဂါပိုးတွေ့ရှိကြောင်း သတင်းများ ထွက်ပေါ် လာပြီးမကြာမီ ထိုဆရာပြောကြားသည့် နှုတ်ကပတ်တော် ကြားသည့် သူများအား ရောဂါ ပိုးမကူးစက်ဟူသည့် ဗီဒီယိုသည် ဆိုရှယ်မီဒီယာတွင် ပေါ်လာသည်။ ပြဿနာမှာ ထိုဆရာ၏ ဘာသာရေး တယူသန်မှုချည်း မဟုတ်။ ရောဂါမပြန့်ပွာရေးအတွက် လူစုလူဝေး မလုပ်ကြရန် အစိုးရ ပန်ကြားချက်ကို ချိုးဖောက်ပြီး လူစုဝေးခြင်း ဖြစ်သည်။ ယခု ဆောင်းပါးရေးသည့် အချိန်တွင် သူနှင့် ဆက်စပ် ကူးခံရသူဦးရေ ၅၀ ကျော်သွားပြီဖြစ်သည်။ ဤအရေအတွက်သည် တတိုင်းပြည်လုံး အတိုင်းအတာတွင် ခုန်တက်သွားခြင်း ဖြစ်သည်။ အခြားဘာသာများနှင့် LGBTQ ဆန့်ကျင်ရေး ဟောကြားသည့် ထိုဆရာ၏ ဗီဒီယို များလည်း လူမှုကွန်ယက်တွင် ပျံ့နှံ့လာသည်။ ထိုကိစ္စ အားလုံးခြုံပြီး ဤ တယူသန် ဘာသာရေး အဖွဲ့ကြောင့် ရောဂါ ပိုပြန့်ခြင်းဖြစ်သည်ဟု အစပြုကာ ခရစ်ယာန်ဘာသာနှင့် ဘာသာဝင်များကို တိုက်ခိုက် ရေးသားလာကြသည်။ အစပိုင်းတွင် ဘာသာရေး တယူသန်မှုနှင့် လူစုဝေးခြင်း မပြုရန် တားမြစ်ချက်အား လျစ်လျူရှုသည့် ‘လုပ်ရပ်’ ကို ဝေဖန်သော်လည်း ရက်ပိုင်းအတွင်းပင် ဘာသာခြားများ လုပ်သည့် ပြဿနာဟု တံဆိပ်ကပ်လာသည်။
အားနည်းသူ၊ အကာအကွယ် မဲ့နေသူများကို တိုင်းပြည်၏ ပြဿနာများအတွက် လက်ညှိုးထိုး အပြစ်ရှာ သည့် စိတ်ထားသည် မြန်မာပြည်သူများနှင့် ကျင့်သားရပြီးသား ဖြစ်သည်။ သမားရိုးကျ စဉ်းစားပြီး အမျိုး သားရေး အရောင်ဆိုးထားသည့် နိုင်ငံရေးစံနှုန်းနှင့် မကိုက်သူ မှန်သမျှအား လက်ညှိုးထိုးသည့် အကျင့်ကလည်း မဆန်းတော့။ တိုင်းရင်းသားနှင့် လူနည်းစု ဘာသာဝင်မျာအား ထိုစံနှုန်းနှင့် မကိုက်သော ပြဿနာ အုပ်စုများဟု မြင်ကြသည်။ နိုင်ငံခြားသားနှင့် နိုင်ငံတကာ အဖွဲ့အစည်းများအား အန္တရာယ်ဟု ထင်ကြသည်။ ကိုဗစ်ကိစ္စတွင် ရောဂါပိုး စမ်းသပ်တွေ့ ရှိသည့် သတင်းအချက်အလက် ထုတ်ပြန်သည့် နည်း လမ်းက နိုင်ငံခြားမှ ပြန်လာသည့် ရွှေ့ပြောင်း အလုပ်သမားနှင့် နိုင်ငံခြားသား ခံယူထားသည့် မြန်မာ နိုင်ငံသားဟောင်းများကို အန္တရာယ်များအဖြစ် ရှုမြင်သွားစေသည်။
ဥပမာ ကိုဗစ်ရောဂါ တွေ့ရှိကြောင်း အစောပိုင်း ကေ့စ်များကြေညာပြီး သိပ်မကြာခင်မှာပင် နိုင်ငံရပ်ခြားမှ ပြန်လာသည့် မြန်မာများ၊ ရွေ့ပြောင်း လုပ်သားများ၊ နိုင်ငံခြားသားများကို ရောဂါပိုး သယ်ဆောင်သူများဟု သိသိသာ သာမြင်လာကြသည်။ Quarantine ကိစ္စ၊ ရောဂါကင်းကြောင်း ထောက်ခံစာ၊ ဆေးဘက်ဆိုင်ရာ ရှင်းပြချက်များကို လက်မခံဘဲ အပြင်မှ ပြန်လာသူများအား အမှားကျူးလွန်ခဲ့သူများ၊ ရပ်ရွာကို အန္တရယ် ပေးမည့် သူများဟုသာ မျက်လုံးမှိတ် မှတ်ယူတော့သည်။
ပြည်ပမှ ပြန်လာသူများသည် ရောဂါပိုး သယ်ဆောင်သူများ မဟုတ်ဟု ငြင်းဆိုသည် မဟုတ်၊ အချို့သည် သယ်ဆောင်သူများ ဖြစ်နိုင်သည်။ အဓိက ဆိုလိုချင်သည့် အချက်မှာ ပြည်သူလူထုကို ရှင်းပြသည့် နည်းလမ်းသည် ပြည်ပ ကြောက်စိတ် (အပြင်လူ ကြောက်စိတ်) ကို ပိုတွန်းအားပေးစေသည်။ လူထုအား ကျိုးကြောင်း ဆီလျော်စွာ စဉ်းစာကြရန်နှင့် ပြဿနာတခု၊ လူတစုကိုသာ ကွက်မကြည့်ဘဲ အကျယ်ချဲ့ စဉ်းစားရန် လမ်းပြရမည့်အစား အတွင်းလူ-အပြင်လူဆိုသည့် အမြင်ဖြင့် ချပြခဲ့သည် (ဥပမာ ပြည်တွင်းနေ လူထု Vs. ထိုလူထုအား အန္တရယ်ပေးမည့် ‘ပြည်တော်ပြန်များ’)။ ကိုဗစ်အရေးပေါ် အခါသမယတွင် ယခင် မြန်မာနိုင်ငံသားများနှင့် နေရပ်ပြန်ရွေ့ပြောင်း အလုပ်သမားများသည် အပြင်လူ အသစ်များ ဖြစ်သွားသည်။
အပြင်လူဟု မြင်သည့် လူထု အမြင်အသစ်သည် မွေးရပ်ပြန်များအား ပြစ်မှု ကျုးလွန်သူများဟုပါ သံသယ နှင့် ဆက်ဆံလာသည်။ အချို့ဒေသများတွင် ပတ်ဝန်းကျင် အမြင်စောင်းမည်ကို ကြောက်သဖြင့် ပုန်းအောင်းနေသည့် မွေးရပ် ပြန်လာသူများ၊ ထိုသူများကို စုပေါင်းရှာဖွေ ဖမ်းဆီးပြီး အာဏာပိုင်များထံ သွားအပ်သူများ စသည့်ကိစ္စ များဖြစ်လာသည်။ ရန်ကုန်ကဲ့သို့ မြို့ကြီးများတွင်ပင်လျှင် ရောဂါ ကူးစက်သူများနှင့် လူနာမိသားစုတွင်မက တတိုက်တည်းတွင် နေထိုင်သူများကိုပါ ပြစ်မှု ကျူးလွန်ထားသယောင် ခွဲခြားရေး အမြင်အမူအယာဖြင့်ဆက်ဆံကြောင်း၊ ရပ်ကွက်တွင်းမှ ထွက်သွားရန် ဖိအားပေးမှုများရှိကြောင်း ကိုယ်တွေ့ ခံစားရသူများက ဆိုကြသည်။ အချင်းချင်း ဖေးမကူညီကာ ရောဂါကို အတူတိုက်ဖျက်ရမည့်အစား ရောဂါခံစားရသူများနှင့် မိသားစု အသိုင်းအဝိုင်းအား ရှောင်ကြဉ်ကြခြင်းဖြစ်သည်။ရပ်ရွာတွင်း မျှတနေသည့် လူမှုဆက်ဆံရေးသည် ရက်ပိုင်းအတွင်း ကျိုးပျက်သွားနိုင်သည့်အချက်ကို ဤဥပမာများက ညွန်ပြနေသည်။
ထိုနည်းလည်းကောင်းပင် နိုင်ငံရေးနှင့် စီးပွားရေး ပြုပြင်ပြောင်းလဲရေးကို ယခင်ကတည်းက လူတန်းစား အခြေပြု ရှုထောင့်မှ မချဉ်းကပ် ထားခြင်းကြောင့် ရုတ်တရက် ကိုဗစ်ကိစ္စ ပေါ်လာသောအခါ မြန်မာလူထု၏ ရာခိုင်နှုန်း အများစုဖြစ်သည့် ဆင်းရဲသား၊ အလုပ်သမား လူတန်းစားတို့နှင့် ကိုက်ညီမည့် မူဝါဒများ၊ စီမံကိန်းများ၊ စားဝတ်နေရေးထောက်ပံ့မှုများ အလျင်အမြန် ဆောင်ရွက်ရန် အသင့် ရှိမနေခြင်းဖြစ်သည်။
ကျန်းမာရေး ရှုထောင့်အရ အိမ်တွင်းနေခြင်း၊ လူတဦးနှင့် တဦး ခွာနေခြင်း၊ လက် အမြဲဆေးခြင်းတို့သည် အရေးကြီးသည်။ သို့သော် တိုက်ပွဲရှောင် ပြည်သူများ၊ အလုပ်သမား လူတန်းစားတို့အတွက် ထိုအချက် များသည် မဖြစ်နိုင်သော ကိစ္စများဖြစ်သည်။ ထိုလူတန်းစားကို ထိထိရောက်ရောက် ကာကွယ်လိုလျှင် သမားရိုးကျ Business as usual မူဝါဒ၊ စီမံကိန်းများနှင့် မလုံလောက်ဘဲ အကြီးစား ပြင်ဆင်မှု အသစ်များ လိုအပ်သည်။ အခြေခံစားသုံးကုန်များကို ဝေငှခြင်းသာမက လူမှုဖူလုံ လုံခြုံရေး (social welfare/security)၊ သူတို့ နေထိုင်ရာ အိမ်နှင့် ပတ်ဝန်းကျင် ရောဂါကင်းစင်ရေးအတွက် လိုအပ်သည့် သဘာဝပတ်ဝန်းကျင် Environmental planning၊ ကျေးလက်နှင့် မြို့ပြ Planning စသည်တို့ကို ငွေကြေး ကုန်ကျခံကာ အကောင်အထည်ဖော်ခြင်း တို့လိုအပ်သည်။
ထိုကိစ္စများမပါဘဲ အိမ်တွင်းနေရေးကို ဦးစားပေးသဖြင့် နေ့စားလုပ်ခ အပေါ် မူတည်နေရသည့် စက်ရုံ အလုပ်သမားများက လုပ်ခလစာနှင့် လိုလားချက်များကို ဆန္ဒ ထုတ်ဖော်သည့်အခါ အစိုးရ၏ ရောဂါ ကာကွယ်ရေးကို နားမလည်သူများဟု အခြားပြည်သူများက မြင်သွားခြင်းဖြစ်သည်။ သင့်တော်သည့် ပေါ်လစီမှန်များနှင့် စီမံကိန်းများ ချမှတ်ခြင်း ထွက်မလာဘဲ အလုပ်သမားများအတွက် ရောဂါပိုး ကူးစက်နိုင်ချေကသာ တနေ့ထက်တနေ့ ပိုမို စိုးရိမ်စရာ ဖြစ်လာသည်။
အထက်ပါ ဥပမာများကို သုံးသပ်ကြည့်လျှင်
၁။ ကိုဗစ်အရေးပေါ် အခြေအနေတွင် မွေးရပ်ပြန် ရွေ့ပြောင်းလုပ်သားများအား လက်ညှိုး ထိုးလွှဲချခြင်းသည် လွယ်ကူသည်။ သူတို့သည် သူတို့အခြေအနေနှင့် ပတ်သက်ပြီး မကာ ကွယ်နိုင်သလို လူထုကလည်း အပြင်လူ (သို့) အိမ်ရှင်ကို အန္တရာယ်ပြုသည့် ဧည့်သည်ဟု ဆိုလိုက်ပါက အလွယ်တကူ မြေနိမ့်ရာ လှံစိုက်ကြသည်။ သို့ရှိရာ ပြဿနာ အရင်းအမြစ် အား ဖော်ထုတ်ပြင်ဆင်ရေးမှသည် အပြင်လူတားဆီးရေး ဖြစ် သွားသည်။
၂။ ပညာတတ်နှင့် Progressive တက်ကြွလှုပ်ရှားသူများ အပါအဝင် အစိုးရ ယန္တရားများနှင့် ကိုဗစ်တုံ့ပြန်မှုကို ထိထိရောက်ရောက် လေ့လာ သုံးသပ်ရန် သတိ မပြုမိတော့ဘဲ ကျန်းမာရေး ပညာပေးနှင့် Quarantine ကူညီထောက်ပံ့ရေးဘက် ရောက်သွားသည်။
၃။ ကျိုးကြောင်း ဆီလျော်စွာ စဉ်းစားသည့် အကျင့်ထက် ပြည်ပကြောက်၊ နိုင်ငံခြားကြောက်၊ လူမျိုးခြားကြောက်၊ ကိုယ်နှင့်မတူသူ ကြောက်နှင့် အသစ်အဆန်း ကြောက်စိတ် များလာစေသည်။
၄။ အမုန်းစိတ်၊ အကြောက်စိတ်၊ သံသယစိတ်၊ မြေနိမ့်ရာ လှံစိုက်ချင်သည့် စိတ်များ၊ ကျိုးကြောင်းဆီလျော်မှုနှင့် ဖေးမမှုတို့ထက် အရာရာကို ခွဲခြားရေးစိတ်၊ စရိုက်တို့ဖြင့် ချဉ်းကပ်သည့် လူ့အဖွဲ့အစည်းတွင် အစိုးရ၏ နှေးကွေးမှုကြောင့် ပေါ်လာသည့် ကွက်လပ်များကို ပရဟိတ၊ကိုယ်ထူကိုယ်ထ စနစ်ဖြင့် ဖြည့်ဆည်းရန် ကြိုးပမ်းခြင်းသည် လူအုပ်စု စရိုက် လွှမ်းမိုးသည့် ဘက်သို့ ဉီးတည်သွားစေသည်။ ရပ်ရွာတွင်း ဆက်ဆံရေး မျှတမှုများထိခိုက်သွားသည်။
(၄) နိဂုံး
ပြန်ချုပ်ရလျှင် လူမျိုး-လူတန်းစား ကိစ္စဆိုသည်မှာ လူမျိုး ဘာသာ ခွဲခြားမှု ပပျောက်ရေးနှင့် စက်ရုံ အလုပ်သမားအရေးချည်း မဟုတ်။ လူမျိုး-လူတန်းစား စဉ်းစားချက်နှင့် အကျိုးစီးပွား ပြိုင်ဆိုင်မှုအပေါ် အခြေခံပြီး တိုင်းပြည်၏ အခြေခံ နိုင်ငံရေးယန္တရား (political structure)၊ နိုင်ငံတော် အတွေးအခေါ် (state ideology)၊ နိုင်ငံစီးပွားရေးစနစ် (political economy)၊ နိုင်ငံတော်-ပြည်သူဆက်ဆံရေး (state-society relations) စသည်တို့ တည်ဆောက် လည်ပတ်နေခြင်း ဖြစ်သည်။
လူမျိုး-လူတန်းစားကိစ္စသည် နိုင်ငံရေး ဗဟိုတွင် ရှိနေသော်လည်း ထိုနိုင်ငံရေးကို မြန်မာ့ နိုင်ငံရေး လှုပ်ရှားမှုတွင် လူမျိုး-လူတန်းစား ရှုထောင့်မှ ချဉ်းကပ်ခြင်း မရှိ။ ထို့ကြောင့် လူမျိုး-လူတန်းစား ခွဲခြားသည့် စဉ်းစားချက်၊ ပေါ်လစီနှင့် ဖြစ်စဉ်များသည် မြန်မာ့နိုင်ငံရေး ယန္တရားကို အရိပ်မည်းထဲမှ ဆက်လက် မောင်းနှင်နေသည်။ ကိုဗစ်၊ လက်နက်ကိုင်ပဋိပက္ခ၊ စီးပွားရေး၊ နယ်မြေရေးရာ စသည့် မည်သည့် ကိစ္စပေါ်လာ ပေါ်လာ ခွဲခြားရေးအမြင်ဖြင့် စတင် ချဉ်းကပ်သဖြင့် ရှိရင်းစွဲ ပြဿနာ မပြေလည်မီ လူမျိုး-လူတန်းစား အကွဲအပြဲအသစ်များ ထပ်ပေါ်လာပြီး ပြန်လည် သင့်မြတ်ရေးဆိုသည့် စကားရပ်နှင့် ကြိုးပမ်းမှုများကို အဓိပ္ပါယ်မဲ့စေသည်။
ထို့ကြောင့် လူမျိုး-လူတန်းစားအား တန်းတူရေး ဆိုသည့် ‘ရလဒ်’ အနေဖြင့်သာမဟုတ်ဘဲ
(က) ဆုံးဖြတ်ချက်ချသည့် စနစ်နှင့် နိုင်ငံရေး အခင်းအကျင်း၊ ဖြစ်စဉ်၊ ယန္တရား၊ နိုင်ငံတော်-လူထု ဆက်ဆံရေး၊ လူမျိုး-လူတန်းစား ဆက်ဆံရေး စသည်တို့ကို သုံးသပ်သည့် ‘ရှုထောင့်’ အဖြစ်လည်းကောင်း၊
(ခ) အုပ်ချုပ်ရေး၊ စီးပွားရေးနှင့် လူမှုပြုပြင်ပြောင်းလဲရေးတို့ကို ချဉ်းကပ်သည့် ဗျူဟာ နှင့် လှုပ်ရှားမှုအဖြစ် လည်းကောင်း ပြန်လည် ဖော်ထုတ် သွားရမည် ဖြစ်သည်။
ဒေါက်တာစိုင်းလတ်သည် ကနေဒါနိုင်ငံ၊ ဗန်ကူးဗားရှိ Simon Fraser University မှ ပါရဂူဘွဲ့ ရရှိထားပါသည်။ ထို့အပြင် ကနေဒါနိုင်ငံ York University မှ York Center for Asian Studies ဌာန၏ Affiliate Researcher ဖြစ်ပါသည်။ ဆက်သွယ်ရန် အီးမေးလ်မှာ [email protected] ဖြစ်သည်။
မြန်မာနိုင်ငံက အခုအချိန်မှာ လူပေါင်း ၁ ဒသမ ၇ သန်းကို ကာကွယ်ဆေး ထိုးနှံ ပြီး…
လော့ခ်ဒေါင်းချ ဆောင်ရွက်တဲ့ အခါမှာ ဆင်းရဲတဲ့အိမ်ထောင်စုတွေ၊ အလုပ်အကိုင် ဆုံးရှုံးသွားသူတွေ၊ ချို့တဲ့အားနည်းတဲ့ လူတွေအတွက်လည်း အဓိကစဉ်းစားပေးပြီး ကုစားရေး…
တရုတ်နိုင်ငံဟာ ကာကွယ်ဆေးကို အများကောင်းကျိုးအဖြစ် အသုံးပြုမယ်၊ မြန်မာနိုင်ငံစတဲ့ မိတ်ဖက်နိုင်ငံတွေကို ဦးစားပေးဖြန့်ဝေမယ် ဆိုတာဟာ စေတနာကောင်းရင်တောင် လက်တွေ့…
Discussion about this post