Menu & Search

သေမင်းရင်ဘတ်ပေါ်ကဆေးမင်ကြောင်

May 4, 2020

မိတ်ဆွေရဲ့ဂျီမေးလ်အကောင့်ထဲမှာ စာတိုလေးတစ်စောင် ရောက်နေလိမ့်မယ်။ အရေးပေါ်လို့ ခေါင်းစဉ် တပ်ထားရင် တပ်ထားလိမ့်မယ်။ ဒါမှမဟုတ် အလျင်အမြန်လို့ ရေးထားလိမ့်မယ်။ ယောင်လို့မှ ဖွင့်မဖတ်လိုက်ပါနဲ့။ အောက်ဆုံးစာပိုဒ်မှာ သင်၏ချစ်လှစွာသော သေမင်းလို့ လက်မှတ်ထိုးထားလိမ့်မယ်။ 

တရုတ်ပြည် ၀ူဟန်မြို့က ပတ်စ်ပို့ထုတ်ပေးလိုက်တဲ့ ကိုရိုနာဗိုင်းရပ်စ်ဟာ ကမ္ဘာ့ကပ်ရောဂါ၀တ်စုံ၀တ်ပြီး ဗီဇာ မလိုဘဲ ကမ္ဘာပတ်နေပြီ။ အိမ်နီးနားချင်းတို့ရဲ့ နှစ်သစ်ကူးက စလိုက်တာ ကျနော်တို့ နှစ်သစ်ကူးမှာ ပြည်လုံး ရေ မကစားရ၊ တူးပို့သံတွေ တိတ်၊ ပညာရေး ပညာရေး ခဏခဏပြင်တဲ့ ပညာရေး သံချပ်တွေဆိတ် အစဉ် အလာကြီးတဲ့ င်္ကြန်လည်း နှာခေါင်းစည်းတပ်၊ အိမ်တွင်းပုန်းနေရတယ်။ 

ကာယကံရှင်က ပင်လယ်ရေထွက် ပစ္စည်းဈေးကွက်က အစပြုတယ် ဆိုပေမဲ့ ယုံသူယုံ၊ မယုံသူက များနေတယ်။ ဇီ၀ လက်နက် စမ်းသပ်ရာက ထိန်းမနိုင် သိမ်းမရ ဖြစ်ကုန်တာလို့ စွပ်စွဲသူက စွပ်စွဲ။ ဘာသာရေး အယုံကြီးသူတွေက ဒါဟာ ကမ္ဘာဆေးခြင်း တမျိုးတဲ့။ ကမ္ဘာလုံးဆိုင်ရာ အချိန်ကိုက် နျူကလီးယား တောမီးလို့ ကဗျာဆရာက ဖွဲ့လေရဲ့။ သေချာတာတခုက အပျက်အစီးဆုံးရှုံးမှုပမာဏ တွက်ချက်လို့ မရသလို အဆိုးဆုံးက အပြစ်မဲ့ ကမ္ဘာသူ ကမ္ဘာသားတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နာကျင်စေမှုတွေပါပဲ။ ကိုဗစ်၁၉ က ကမ္ဘာသူ ကမ္ဘာသားတွေကို စိတ်ပိုင်း ရော ရုပ်ပိုင်းရော အနိုင်ထက် ပြုကျင့်လိုက်တယ်လေ။ 

ကမ္ဘာ့ပြည်သူတွေဟာကျောက်ရောဂါ၊ ကာလ၀မ်း၊ ပလိပ်ရောဂါ၊ ဆားရ်ရောဂါတွေ ကြုံဖူး ကျော်လွှားခဲ့ကြဖူးပေမဲ့ လျှို့၀ှက်ပြီး မာယာများတဲ့ အပလီအန္တနဲ့ကိုဗစ်၁၉ ကိုတော့ မျက်မမြင် ပုဏ္ဏား  ယောက်နဲ့ ဆင်ပုံပြင်ကို သတိရစေတယ်။ အလိုလေး………ဆင်ဆိုသည်မှာ…… 

တသက်နဲ့တကိုယ် မကြုံဖူးလေတော့ ကြောက်တာအမှန်ပဲ။ အမှန်အတိုင်း ၀န်ခံရရင် ကြောက်တာထက် ပိုတယ်။ စကားလုံး မရှိတော့လို့။ မကြောက် ခံနိုင်ရိုးလား။ အသက် ၆၀ ကျော်တဲ့ လူ၊ နှလုံးသွေးတိုး အခံရှိသူတွေကို ကိုဗစ်က ပိုချစ်သတဲ့။ ကျနော့်ကို လက်ညှိုးနေ့တိုင်းထိုး ချစ်ရေးဆိုနေသလိုပဲ။ ဒီတော့ သေချင်းတရားကို နေ့တိုင်း နှလုံးသွင်းမိတယ်။ တခါမှ ဒီလောက် နှလုံးမသွင်းဖူးဘူး။ လိုက်ပါ ပို့ဆောင်သူမရှိဘဲ  သင်္ဂြိုဟ်တာတွေလည်း တွေ့ဖူးတယ်။ အမေရိကန်မှာ စုပေါင်း မြေမြှုပ်နေရတယ်။ ပေးစရာရှိတဲ့ အကြွေးတွေလည်း သံသရာအထိပါမှာ လေလား။ 

ဘီဘီစီ၊ စီအင်န်အင်န်၊ ဗီအိုအေ၊ လွတ်လပ်တဲ့ အာရှအသံ၊ မဇ္ဈိမ ရုပ်သံတွေမှာ ကိုဗစ်နိုင်တင်းဆိုတဲ့ သတင်း ကြေညာသံတွေ၊ ပီပီအီး၀တ်စုံနဲ့ ကျန်းမာရေး ၀န်ထမ်းတွေ၊ မကြားချင်အဆုံး မြင်ချင် မျက်စိပိတ်ထားပဲ။ သတင်းစာတွေ ဂျာနယ်တွေမှာ ကိုဗစ် – ၁၉ ကို ကာကွယ်၊ ကုသ၊ ထိန်းချုပ်၊ ဆေးဖျန်းသတင်းတွေနဲ့ ပြည်သူ သာလျှင် အဓိကစာလုံးတွေက တချိန်က ဒို့တာ၀န်အရေးသုံးပါး ကြွေးကြော်သံတွေကို ပြန်သတိရစေတယ်။ ဆရာတော်ကြီးတွေရဲ့ စေတနာ မေတ္တာ ပရိတ်ရေက ရဟတ်ယာဉ်ပေါ်ကနေ ရုပ်မြင်သံကြား ဖန်သား မျက်နှာပြင်တွေအထိ ဖူးတွေ့နေရတယ်။ 

ကြောက်စိတ်က တခါတလေတော့ နည်းနည်းလျော့တယ်။ ဘာဖြစ်လို့လဲဆိုတော့ အဖော်ရှိလို့။ ကိုယ်တယောက်တည်း ကြောက်တာမှ မဟုတ်ဘဲ။ မေးလိုက်တဲ့ လူတိုင်း ကြောက်ဆိုသကိုး။ ဒါပေမဲ့ ဖြေတွေးတွေး၊ အကြောက် လျော့အောင် လုပ်တတ်သူတွေကတော့ “တလ လူ ၅၀၀ လောက်ပေါက်တဲ့ ထီတောင်မှ ငါ မပါတာ ကိုရိုနာရောဂါထဲလည်း ငါတော့ မပါလောက်ပါဘူး ထင်တာပဲ ဆိုတဲ့ လူကလည်းရှိသေးတယ်။ ပျော်ပျော်နေ သေခဲ ဆိုတာ ယုံတယ်ထင်ပါရဲ့။  

ခက်နေတာက မဖတ်လည်းခက် ဖတ်လည်းခက်နေတဲ့ လူမှုကွန်က် စာမျက်နှာတွေပဲ။ သတင်းစာတွေ ဂျာနယ် တွေက သင်္ကြန်တွင်း နားတချို့၊ ဖွင့်တချို့။ သတင်းဦး သတင်းထူး တချို့ကလည်း လူမှုကွန်က် စာမျက်နှာတွေ အပေါ် တက်တက်လာနေတော့။ စားရမှာလည်း သဲနှင့်ရှပ်ရှပ် ပစ်ရမှာလည်း အဆီနှင့် တ၀င်း၀င်း ဆိုသလို။ တခါတလေ ဖဘကြည့်ပြီး စားမ၀င် အိပ်မပျော်ဘူး။ ဒီကြားထဲ ဆေးမြီးတိုတွေ မျှ‌‌‌ဝေကြ။ သတင်းတုတွေ လှိုင်းကြီး လေထန်ပြန်။ သတင်းမှားတွေက ဖြစ်ရပ်မှန် လိုလို။ ကြောက်သူတွေ ပိုကြောက်ကြ။ လမ်းလွှဲလိုက်ကြ။ မြန်မာ့ တိုင်းရင်းနည်းနဲ့ ကိုဗစ် –  ၁၉ ကို စိန်ခေါ်သူကခေါ်။  

နဂိုကမှ စာပေ မဖတ်ကြ၊ ပညာအခြေခံ ည်းကြ၊ သူများပြောတာ ယုံလွယ်ကြ၊ ဆင်းကလည်း ဆင်းရဲကြတဲ့ ကျနော်တို့ လူမျိုးခမျာ အခုအချိန်မှာ နူရာဝဲစွဲရုံမက၊ ည္င်းတွေ ပွေးတွေ ယားနာတွေ ပေါက်မှာ စိုးရိမ်မိတယ်။ လဲရာ သူခိုးထောင်းရင်လည်း သူခိုးထောင်းတာကမှ အပူ ထွက်လိမ့် ဦးမယ်။ သူခိုးထက် အင်အားကြီးသူတွေ ဝင်ထောင်းကြမှာ လေလား။ နှစ်ဆန်းတရက်နေ့က နိုင်ငံတော် လွတ်ငြိမ်း ချမ်းသာခွင့်နဲ့ အကျဉ်းသား နှစ်သောင်းလေးထောင်ကျော်လွှတ်တာ သာဓုခေါ် ပျော်နေကြသူတွေ ရှိသလို တရားဥပဒေ စိုးမိုးမှု အားနည်းတော့ စိုးရိမ်ပူပန်ကြသူတွေလည်း ရှိတယ်။ 

ကမ္ဘာ့ကပ်ရောဂါဆိုးက ဒီတိုင်းပြည်က တယ်လီဖုန်း အော်ပရေတာတွေကို စာမေးပွဲ စစ်တယ်။ လူတွေက စတေးဟုမ်း ကြရ၊ ဘုန်းကြီးတွေက စတေးကျောင်းကြရတော့ တယ်လီဖုန်းကို အဖော်ပြုနေကြတယ်။ သိပ် လူကြိုက်များတဲ့ ကာတွန်းတကွက် အွန်လိုင်းပေါ် တက်လာတယ်။ ရွာနေ ဦးဇင်းတပါးပုံ ကာတွန်းဆရာ အေအမ် အက်စ်က လက်ရာမြောက် ရေးဆွဲပြီး “လှူဖွယ် ဝတ္တုငွေကို ဘုန်းဘုန်း ဖုန်းထဲက Mobile Banking Account ထဲ လွှဲလိုက်၊ ဂရုထဲမှာ video call ခေါ်ပြီး သီလပေးမယ်။ မနက်ရှစ်နာရီ တရွာလုံး online တက်ခဲ့၊ ကြားလား တဲ့။ တယ်လီဖုန်း အသုံးပြုတဲ့သူတွေ များလွန်းတဲ့အခါ တယ်လီဖုန်းအော်ပရေတာတွေရဲ့ အရည်အသွေး ကျလာပါတယ်။ ကြောက်စိတ်၊ စိုးရိမ်ပူပန်စိတ်ထဲကို အော်ပရေတာတွေအပေါ် မကျေနပ်စိတ်၊ ဒေါသစိတ်က ရတဲ့ အပေါက်က တိုးဝင်လာပါတယ် 

ကိုဗစ် – ၁၉ ဟာ သေမင်းဆိုရင် ကျွန်တော်တို့ သေမင်းကို ဆရာ တင်ကြရလိမ့်မယ်။ ကိုဗစ် – ၁၉ ဟာ ကျနော်တို့ကို လက် စင်အောင်ဆေးရမယ်။ စက္ကန့် ၂၀ လောက်ကြာအောင် ဆပ်ပြာနဲ့ သေသေချာချာ ပွတ်တိုက် ဆေးကြော ရမယ်တဲ့။ Hand gel ထုတ်လုပ်သူတွေ ဒူးနန့်နေကြချိန်မှာ ကိုယ်တိုင် လက်ဆေးဆပ်ပြာလုပ်နည်း လမ်းညွှန်တွေ ပေါ်ထွက်လာပါတယ်။ လိုက်လုပ် ကြတယ်။ မျှဝေ ကြတယ်။ 

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်က လက်ကိုဘယ်လို ဆေးရမယ်ဆိုတာ သရုပ်ထွက်ပြတယ်။ သူ့ကို လေးစား ချစ်ခင်သူတွေရဲ့ နှလုံးသားထဲအထိ လက်ဆေးရကောင်းမှန်း သိကုန်ကြတယ်။ အလွန်ထိရောက်တဲ့ ပညာပေး ခန်းပါပဲ။ မိတ်ဆွေ သဘာဝပတ်ဝန်းကျင်သမား တယောက်ကတော့ အမေစု လက်ကိုဆပ်ပြာရည်နဲ့ ပွတ်နေ တုန်းမှာ ရေပိုက်ခေါင်းကို ပိတ်ထားစေချင်သတဲ့။ ရေအရင်းအမြစ် ဆုံးရှုံးတာ လျှော့ချစေချင်လို့ပါတဲ့။ သူဆိုရင် ဆပ်ပြာတိုက်ချိန် ရေချိုးတုန်း ကြေးတွန်းချိန် ရေပိုက်ခေါင်း ပိတ်ထားသတဲ့။ 

ကိုရိုနာဆရာက ကျနော်တို့ကို လက်ဆေးခိုင်းတယ်၊ အိမ်ထဲမှာပဲနေတဲ့။ တယောက်နဲ့ တယောက် လက်ဆွဲ မနှုတ်ဆက်ရဘူးတဲ့။ ချောင်းဆိုးရင် တံတောင်ကွေးကြားထဲထည့် ချောင်းဆိုးတဲ့။ တယောက်နဲ့ တယောက် သုံးပေကွာရမယ်တဲ့။ နောက်တော့ သုံးပေအကွာကို ကွာမှတ် ခြောက်ပေခွာရမယ်တဲ့။ နှာခေါင်းစည်းက သာမန်လူ မစည်းရဘူး၊ ကိုဗစ်၁၉ ရှိသူမှ စည်းရမယ်။ မဟုတ်ဘူး အပြင်ထွက်ရင် လူတိုင်း နှာခေါင်းစည်း စည်းရမယ်။ ချဲစကားနဲ့ ပြောရင် ဂဏန်းက မငြိမ်ဘူး။ 

နိုင်ငံရေး ခေါင်းဆောင်၊ တိုင်းပြည် ခေါင်းဆောင်တွေရဲ့ စကားတွေက ဒီအချိန်မှာ အတော် အရေးပါတယ်။လေးစားချစ်ခင်သူများရင် များသလို လိုက်နာကြတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကို ပြက်ရယ်ပြုကြသံတွေ ကြား ရတယ်။ 

သရော်ချက်တခုမှာ နှာခေါင်းစည်းတခုဟာ လူများစွာရဲ့ အသက်ကို ကယ်တင်နိုင်ပါတယ်တဲ့။ စကားတွေ အမျိုးမျိုး တဖောင်ဖောင်ပြောနေတဲ့ သမ္မတ ဒေါ်နယ်ထရန့်ရဲ့ ပါးစပ်နဲ့ နှာခေါင်းကို ပစ္စည်းထုပ်ပိုးတဲ့ တိပ်တွေနဲ့ ပတ်ထားတဲ့ ပုံဖော်ပြထားတယ်။  

မန္တလေးမြို့ကို အုပ်ချုပ်သူတွေက သူ့မြို့သူမြို့သားတွေကို တဖြည်းဖြည်းချင်း သိမ်းသွင်းစည်းရုံး ပညာပေးတယ်။ ဒါကို အများစုက ကြိုဆိုတယ်။ လိုက်နာကြတယ်။ ဘုရားတွေ ဝတ်ပြုကျောင်းတွေကို မသွားကြဖို့နဲ့ သွားရင်လည်း ကျန်းမာရေး စစ်ဆေးချက် ပါရမယ်တဲ့။ ဈေးတွေ ပိတ်ရတယ် စားသောက်ကုန်၊ ဆေးဝါးဆိုင်လောက်ပဲ ဖွင့်ခွင့် ရတယ်။ စားသောက်ဆိုင်တွေက ပါဆယ်စနစ်နဲ့ ရောင်းရမယ်။   နာရီကနေ မနက်  နာရီအထိ ခိုင်လုံတဲ့ အကြောင်း ပြချက် မရှိဘဲ အိမ်ပြင်မထွက်ရတဲ့။ ကာဖျူး အသေးစားပါပဲ။ နေ့မသွားရ ညမထွက်ရ အမိန့်တမျိုးပါပဲ။ ကားဂိတ် တွေလည်း ပိတ်ကြရတယ်။  

ခေတ်အဆက်ဆက် ညမထွက်ရအမိန့်တွေ အမျိုးစုံကြုံဖူးတယ်။ စိတ်သိပ်ဆင်းရဲခဲ့တယ်။ မကျေနပ်လည်း ဖြစ်ခဲ့ဖူးတယ်။ ဒီတခါကြုံရတဲ့ ညမထွက်ရအမိန့်က နေ့မသွားရတောင် အပိုပါသေးတယ်။ ဒါပေမဲ့ ရင်ထဲ ခံစားရတာ မတူဘူး။ စဉ်းစားကြည့်တော့ အရင်အမိန့်တွေက အုပ်စိုးသူ အချုပ်အခြာအာဏာ တည်မြဲဖို့ သေနတ်ပြောင်းဝက ထွက်တဲ့ ကာဖျူးဖြစ်ပြီး ဒီကာဖျူးက လူအများအကျိုးကို ရှေးရှုတဲ့ မေတ္တာနှလုံးသားထဲက မြစ်ဖျားခံတဲ့ ကာဖျူး ဖြစ်တာကြောင့် အနှစ်သာရချင်းက မစင်နဲ့ မလိုင်လို ကွာခြားတယ်။ ဝေဒနာနဲ့ စေတနာကို ပြည်သူတွေ ခွဲခြား နိုင်တယ်လေ။ 

ရာသီဥတုက ခြောက်သွေ့ပြီး ပူပြင်းစ ပြုနေပြီ။ ကိုယ့်ချွေးနဲ့ ကိုယ် အအေးပတ်တာ ထင်ရဲ့။ တခါတလေ နှာချေ။ ခပ်ပြင်းပြင်း သုံးကြိမ်လောက် နှာချေမိရင် အိမ်ကလွဲ ဘယ်မှမသွားတဲ့ ဒီခန္ဓာကိုယ်ကို သံသယ ဖြစ်မိတယ်။ ဘယ်သူ့ဆီက ကူးတာလဲ။ လက်လည်း ခဏခဏဆေးပါရဲ့။ အရည်တခုသောက်ရင်း အခန့်မသင့်တဲ့အခါ လည်ချောင်းထဲ ယားပြီး သီးရင်းချောင်းဆိုးတဲ့အခါ အနားရှိကြတဲ့ မိသားစုဝင်တွေရဲ့ မျက်လုံး အားလုံးက ဝိုင်းကြည့်တာ ခံရတယ်။  

ဒီကာလ အနေအထိုင် သိပ်ဂရုစိုက်ရတဲ့ ကာလ။ မိသားစုဝင် အချင်းချင်း သံသယ ကိုယ်စီနဲ့။ အိမ်ထဲမှာ နေအိမ်အကျယ်ချုပ်လို နေရပေမဲ့ ဖတ်ချင်တာ ဖတ်ခွင့်ရ၊ ကြည့်ချင်တာ ကြည့်ခွင့်ရ၊ စားချင်တိုင်း လျှာရင်း မျက်မျက် စားရသေးတယ်။ ဒီကြားထဲက လည်ပတ် ကျင်လည်ခဲ့တဲ့ ဒေသတွေ၊ အရပ်တွေကို လွမ်းမိတမ်းတမိတာ အမှန်ပဲ။ ကိုဗစ် – ၁၉ ကြောက်လို့ ကြိတ်မှိတ်နေရတာလေ။  

တခါတလေ ကျပြန်တော့လည်း ထောင်ထဲမှာ ကိုးနှစ်ဆယ်နှစ် နေခဲ့တာ၊ ဘယ်လိုများ နေထိုင်ခဲ့ပါလိမ့်။ ကိုယ့်ထက် နှစ်ရှည် ထောင်ဒဏ် ခံရသူတွေကိုလည်း ပြန်သတိရ အံ့ဩမိတယ်။ 

အမေကျော် ဒွေးဒေါ် လွမ်းတဲ့အထဲမှာ ကျနော် မပါဘူး။ ဒီလို ကပ်ရောဂါ ကြုံနေရချိန်မှာ တိုင်းပြည်အပေါ် စိတ်စေတနာ ကောင်းခဲ့ကြတဲ့ ဆရာကြီး ရွှေဥဒေါင်း၊ ဆရာတော် အရှင်ဇနကာဘိဝံသ၊ ဆရာ ဦးညိုမြ၊ ဆရာ မြသန်းတင့် ဒေါက်တာ သန်းထွန်း၊ ဆရာ ဦးဝင်းတင်၊ ဆရာ လူထု ဦးစိန်ဝင်းနဲ့ ကျနော့် မိဘနှစ်ပါး အပါအဝင် လေးစား ချစ်ခင်သူတွေကို သတိရမိတယ်။ ဒီပုဂ္ဂိုလ်တွေသာ ရှိကြသေးရင် သူတို့ အတွေ့အကြုံနဲ့ ဘယ်လို ရေးသား ကြမှာ ပါလိမ့်။  

ဈေးထဲမှာ ဈေးသည်တွေ နှာခေါင်းစည်း  Mask မပါရင် ဈေးမရောင်းရဘူး။ ဈေးလာဝယ်တဲ့ သူလည်း နှာခေါင်းစည်း ဝတ်မလာရင် ဈေးထဲ မဝင်ရဘူး အမိန့် ထုတ်ထားချိန်  

ဟယ်တော် အရေးတကြီး ထွက်လာတာ နှာခေါင်းစည်း မေ့လာတယ် 

ရော့ ရော့..ဒေါ်ညို ကျ နှာခေါင်းစည်း တပ်သွား 

ကျေးဇူးပါအေ… ဈေးကအပြန် ညည်းအိမ် ဝင်ပေးမယ် မသင်း 

ကျမ မပေးနဲ့ ဒေါ်ညို၊ အဲဒါ ကိုဆန်းမောင် ပြန်ပေးရမှာ..စက်ဘီးဖာတဲ့ ကိုဆန်းမောင် သိတယ် ဟုတ်လား 

အေး … သိတယ် သိတယ် မောင်မင်းကြီးသား ကြီးပွားပါစေ…” 

ကမ္ဘာကျော် ကပ်ရောဂါကြီး ဖြစ်နေချိန်မှာ ကျနော်တို့ လူနေမှုက ဝတ္တုတပုဒ်လိုပဲ။ 

လူဆိုတာ ကိုယ့်ဒဏ်ရာ ကိုယ်ပြန်လျက်ရင် သက်သာပျောက်ကင်းတဲ့ သတ္တဝါလား။ ကိုဗစ်၁၉ ကပ်ရောဂါ ခံစားနေရချိန်မှာ ကပ်ရောဂါလွန် ကာလတွေမှာ ရရှိခံစားကြရမယ့် ဆိုးမွေတွေထဲ ပစ်ခတ်တိုက်ခိုက် နေတဲ့ ပြည်တွင်းစစ်ပါ ထည့်ပေါင်းလိုက်ပါ။ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး ပြဿနာပေါင်းစုံ ဆိုးမွေ ပေါင်းစုံကို မြတ်မြတ်နိုးနိုး ပွေ့ပိုက်လာတဲ့ ဝူဟန်ဒဏ်ရာကို ကျနော်တို့ ဘာနဲ့ ဘယ်လို ကုစားကြမလဲ။ 

Nyi Pu Lay

ညီပုလေးသည် မန္တလေးမြို့မှ ထင်ရှားသော စာရေးဆရာတဦးဖြစ်ပြီး PEN Myanmar Center ၏ ဥက္ကဋ္ဌလည်းဖြစ်သည်။

Related article
မြန်မာနိုင်ငံနှင့် ကိုဗစ်ကာကွယ်ဆေး ထိုးနှံနိုင်မှု အလားအလာ

မြန်မာနိုင်ငံနှင့် ကိုဗစ်ကာကွယ်ဆေး ထိုးနှံနိုင်မှု အလားအလာ

မြန်မာနိုင်ငံက အခုအချိန်မှာ လူပေါင်း ၁ ဒသမ ၇ သန်းကို ကာကွယ်ဆေး ထိုးနှံ ပြီး…

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါနှင့်  လော့ခ်ဒေါင်းမှတ်စု  (လော့ခ်ဒေါင်းနှင့်အတူနေထိုင်ခြင်း)

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါနှင့် လော့ခ်ဒေါင်းမှတ်စု (လော့ခ်ဒေါင်းနှင့်အတူနေထိုင်ခြင်း)

လော့ခ်ဒေါင်းချ ဆောင်ရွက်တဲ့ အခါမှာ ဆင်းရဲတဲ့အိမ်ထောင်စုတွေ၊ အလုပ်အကိုင် ဆုံးရှုံးသွားသူတွေ၊ ချို့တဲ့အားနည်းတဲ့ လူတွေအတွက်လည်း အဓိကစဉ်းစားပေးပြီး ကုစားရေး…

တရုတ်နိုင်ငံ၏ ကိုဗစ်-၁၉ကာကွယ်ဆေး သံတမန်လှုပ်ရှားမှုနှင့် မြန်မာနိုင်ငံအတွက် အလားအလာ

တရုတ်နိုင်ငံ၏ ကိုဗစ်-၁၉ကာကွယ်ဆေး သံတမန်လှုပ်ရှားမှုနှင့် မြန်မာနိုင်ငံအတွက် အလားအလာ

တရုတ်နိုင်ငံဟာ ကာကွယ်ဆေးကို အများကောင်းကျိုးအဖြစ် အသုံးပြုမယ်၊ မြန်မာနိုင်ငံစတဲ့ မိတ်ဖက်နိုင်ငံတွေကို ဦးစားပေးဖြန့်ဝေမယ် ဆိုတာဟာ စေတနာကောင်းရင်တောင် လက်တွေ့…

Discussion about this post

Leave a Reply

Your email address will not be published. Required fields are marked *

Type your search keyword, and press enter to search