Menu & Search

လူမှုဖူလုံရေးစနစ်ဆိုတာ

May 4, 2020

နိဒါန်း

၁၉ ရာစု ဥရောပနိုင်ငံများ၏ စက်မှုဖွံ့ဖြိုးမှုသည် လျှင်မြန်လှ၏။

စက်ရုံ၊ အလုပ်ရုံကြီးများ၊ အခြားစက်မှုလုပ်ငန်းများ အမြောက်အမြား ပေါ်ထွက်ခဲ့သည်။ အလုပ်သမားသည်လည်း လူတန်း စား တရပ်အဖြစ် ခိုင်ခိုင်မာမာ တည်ရှိလာ၏။ ထိုအလုပ်သမားများအတွက် လုပ်ခ၊ အလုပ်ချိန်၊ လုပ်ငန်းခွင် ဘေးကင်းရေး၊ ကျန်းမာရေးနှင့် လူမှုအခွင့်အရေးများ ရရှိရန် ပြဋ္ဌာန်းချက်များ ခိုင်ခိုင်မာမာ မရှိခဲ့။ ထို့ကြောင့် အလုပ်သမားများသည် အလုပ် လုပ်ရင်း လူမှုအကျပ်အတည်းပေါင်းစုံကို  ရင်ဆိုင်ဖြတ်သန်းကြရ၏။  အလုပ်သမားတို့သည် ယင်းအခြေအနေမှ လွတ်မြောက် ရန် သပိတ်တိုက်ပွဲများ ဆင်နွှဲကြ၏။ ထိုသပိတ်တိုက်ပွဲများသည် အစပိုင်းတွင် အလုပ်ရှင်များထံ ဦးတည်ခဲ့သော်လည်း အထွေ ထွေသပိတ်ကြီးများအထိ ဖြစ်ပေါ်လာသည့်အခါ အုပ်ချုပ်သူအစိုးရများကို ဆန့်ကျင်သည့် တိုက်ပွဲများအဖြစ်သို့ ပြောင်းလဲသွား တော့၏။ ထိုအခါ အုပ်ချုပ်သူအစိုးရများသည် အလုပ်သမား သပိတ်တိုက်ပွဲများကို ပေါ့ပေါ့တန်တန် သဘောထား၍မရတော့။ အလုပ်သမားပြဿနာများ ပြေလည်စေရေးအတွက် နည်းလမ်းရှာကြ၊ အလုပ်သမားဆိုင်ရာ မူဝါဒများ ချမှတ်လာကြ၏။

အလုပ်သမားနှင့် လူမှုဖူလုံရေး

၁၈၈၀ ခုနှစ်ဝန်းကျင်တွင် ဥရောပနိုင်ငံများသည် စက်ရုံ၊ အလုပ်ရုံများရှိ အလုပ်သမားများအတွက် အာမခံစနစ် တရပ်ဖြစ် သည့်-

(က) ငွေစုဘဏ်တွင် ချွေတာစုဆောင်းသည့်နည်း

(ခ) အလုပ်ရှင်မှ လျော်ကြေးပေးသည့်နည်း

(ဂ) ပုဂ္ဂလိကအာမခံနည်းတို့ဖြင့်  ကြိုးပမ်းခဲ့ကြသည်။ သို့ရာတွင် အောင်မြင်ခြင်းမရှိခဲ့။

၁၈၈၁ ခုနှစ်တွင် ဂျာမဏီနိုင်ငံသည် လူမှု ဖူလုံရေးစနစ်ကို စတင်အကောင်အထည်ဖော် ကျင့်သုံးလာခဲ့သည်။ ၁၉၁၁ ခုနှစ် အတွင်း ဗြိတိန်၊ ရုရှား၊ ဂျပန် စသည့်နိုင်ငံများသည်လည်းကောင်း အမေရိကန်၊ လက်တင် အမေရိကနှင့် ကနေဒါနိုင်ငံသည် ၁၉၃၀ ခုနှစ် ကာလများတွင်လည်းကောင်း လူမှု ဖူလုံရေးစနစ်များ ကျင့်သုံးလာကြသည်။ ဒုတိယကမ္ဘာစစ်အပြီး အာရှတိုက်ရှိ ကိုလိုနီနိုင်ငံများသည် လွတ်လပ်ရေး ရရှိပြီးနောက် အလုပ်သမားများအတွက် လူမှုဖူလုံရေး စနစ်များကို ကျင့်သုံး လာကြသည်။

မြန်မာနိုင်ငံနှင့် လူမှုဖူလုံရေးစနစ်

၁၉၄၇ ခုနှစ်၊ အထွေထွေ အလုပ်သမားသပိတ်ကြီး၌ အလုပ်သမားများ၏ တောင်းဆိုချက်များတွင်-

  • အလုပ်ခွင်တွင် ဒါဏ်ရာအနာတရ ရရှိသေဆုံးသည့် အလုပ်သမားများအား မူလလစာရင်းဖြင့် လပေါင်း ၁၀၀ စာ လျော်ကြေးပေးရန်။
  • ရရှိသည့်ဒါဏ်ရာကြောင့် အလုပ်မလုပ်နိုင်တော့ပါက မူလလစာ၏ သုံးပုံ နှစ်ပုံ တွက်၍ ပင်စင်ထောက်ပံ့ကြေး ပေးရန်။
  • အမျိုးသမီးအလုပ်သမားများ ကိုယ်ဝန်ရှိခဲ့သော် လစာခံစားခွင့်များနှင့် မီးဖွားခွင့်ရက်များ ပေးရန်။
  • အိုနာစာရန်ပုံငွေဖွင့်လှစ်၍ အရည်အချင်းနှင့် အမှုထမ်းကာလအပိုင်းအခြားအလိုက် ဆုငွေများ ပေးရန်။
  • နေထိုင်မကောင်းဖြစ်၍ ဖျားနာခွင့်ရသော အလုပ်သမားများအား လစာခံစားခွင့်ပေးရန် စသည့် လူမှုဖူလုံရေးခံစားခွင့် အဓိပ္ပါယ်သက်ရောက်သည့် တောင်းဆိုချက်များပါဝင်သည်ကို တွေ့ရှိရသည်။

၁၉၄၇ ခုနှစ်၊ စီးပွားရေးဖွံ့ဖြိုးမှု နှစ်နှစ်စီမံကိန်း (Sorrento Villa Plan) ၏ အလုပ်သမားဆိုင်ရာ မူများတွင်လည်း  အလုပ် လက်မဲ့အာမခံစနစ်နှင့် လူမှုဖူလုံရေးအာမခံစနစ်များ ထားရှိရန်ဟု ထည့်သွင်းခဲ့သည်။

မြန်မာနိုင်ငံသည် ၁၉၅၄  ခုနှစ်တွင် လူမှုဖူလုံရေး အက်ဥပဒေကို ပြဋ္ဌာန်း၍ စတင်အကောင်အထည်ဖေါ်ခဲ့သည်။ ၎င်းဥပဒေအား မြန်မာနိုင်ငံအစိုးရ အဆက်ဆက် အကြိမ်ကြိမ် ပြင်ဆင်ကျင့်သုံးခဲ့ကြသော်လည်း အလုပ်သမားအတွက် လူမှုဖူလုံရေး အာမခံစနစ်၏ မူလရည်ရွယ်ချက်များအတိုင်း အပြည့်အဝရရှိအောင် အကောင်အထည်ဖေါ်ပေးနိုင်ခြင်း မရှိခဲ့။

လူမှုဖူလုံရေးဥပဒေ (၂၀၁၂  ခုနှစ်)နှင့် အကောင်အထည်ဖေါ်လာသည့် အာမခံစနစ်

၂၀၁၂ ခုနှစ်တွင် လူမှုဖူလုံရေးဥပဒေကို  ပြန်လည်ရေးဆွဲအတည်ပြု၍ ၁၉၅၄ ခုနှစ် လူမှု ဖူလုံရေအက်ဥပဒေကို ဖျက်သိမ်း ခဲ့သည်။ ၂၀၁၄ ဧပြီ နှစ်ရက်နေ့တွင် အမိန့်ကြော်ငြာစာအမှတ် ၄၁/၂၀၁၄ ဖြင့် လူမှုဖူလုံရေးနည်းဥပဒေထုတ်ပြန်၍ အလုပ် သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနသည် လူမှုဖူလုံရေးအာမခံစနစ်သစ်ကို စတင်အကောင်အထည် ဖေါ်ခဲ့သည်။

လူမှုဖူလုံရေးအာမခံစနစ် သုံးမျိုးကို စတင်ကျင့်သုံးခဲ့ရာတွင် ယင်းဥပဒေနှင့် အကျုံးဝင်သည့် အစိုးရမဟုတ်သော လုပ်ငန်းများ ၌-

(က) ကျန်းမာရေးနှင့် လူမှုရေးစောင့်ရှောက်မှု၊ (မမာကျန်းမှု၊ မီးဖွားမှု၊ သေဆုံးမှု) + မိသားစုထောက်ပံ့မှု  (ပညာသင်ထောက်ပံ့ကြေး၊ သဘာဝဘေးအန္တရာယ်)  အာမခံစနစ်တို့အတွက် အလုပ်သမားမှ မိမိဝင်ငွေ၏ ၂ ရာခိုင်နှုန်း၊ အလုပ်ရှင်မှ ၂ ရာခိုင်နှုန်း

(ခ) အလုပ်တွင် ထိခိုက်မှုအကျိုးခံစားခွင့် အာမခံစနစ်အတွက် အလုပ်ရှင်မှ မိမိအလုပ်သမားဝင်ငွေ၏ ၁ ရာခိုင်နှုန်းနှင့်ညီမျှသော ငွေကြေးကို ထည့်ဝင်စေခဲ့ရာ ယင်းအာမခံစနစ်တို့အတွက် အလုပ်သမားဝင်ငွေ၏ ၅ ရာခိုင်နှုန်းနှင့် ညီမျှသော ငွေကြေးကို လူမှုဖူလုံရေး ရန်ပုံငွေအဖြစ် လူမှုဖူလုံရေးဌာနမှ စုဆောင်းခဲ့သည်။

လူမှုဖူလုံရေးဌာနသည် ၂၀၁၄- ၁၅ ဘဏ္ဍာနှစ်မှ ယနေ့အထိ လူမှုဖူလုံရေး ရန်ပုံငွေ ကျပ်သန်းထောင်ပေါင်းများစွာ ရရှိခဲ့သည်။ အလုပ်ရှင်၊ အလုပ်သမားတို့၏ လူမှုဖူလုံရေးထည့်ဝင်ကြေးများ တိုးတက်ရရှိလာခဲ့သော်လည်း တဖက်တွင် ယင်းအာမခံစနစ်ပါ ခံစားခွင့်များအတိုင်း ပြန်လည်ခံစားရခြင်း မရှိသည့်အတွက် အလုပ်သမားများ၏ မကျေနပ်ချက်သည်လည်း မြင့်တက်လျက် ရှိသည်။

လူမှုဖူလုံရေးဌာနသည် အလုပ်သမားများအတွက် ကျန်းမာရေးနှင့် လူမှုရေးစောင့်ရှောက်မှု အာခံစနစ်ကို လက်တွေ့ ကျင့်သုံးရာတွင် ဆေးရုံ၊ ဆေးခန်းမလုံလောက်မှု၊ ဆေးဝါးမပြည့်စုံမှု၊ ဆရာဝန်နှင့် အထူးကုသမားတော်များ လုံလောက်စွာ ခန့်ထားမပေးနှိုင်ခြင်း စသည်တို့ကြောင့်   လူမှုဖူလုံရေးဝင်အလုပ်သမားများ၏ ကျန်းမာရေးအတွက် အားထားလောက်သည့် အဆင့်သို့ ရောက်ရှိမလာခဲ့။

လူမှုရေးစောင့်ရှောက်မှု အာမခံစနစ်သည် အမျိုးသမီးများမီးဖွားခွင့်နှင့်  ငွေကြေးအကျိုးခံစားခွင့်၊ အာမခံလုပ်သား၏ အမျိုး သမီးမီးဖွားပါက ဖခင်ဘဝဖြစ်မှုအတွက်  မွေးကင်းစကလေး စောင့်ရှောက်ရန် ငွေကြေးအကျိုးခံစားခွင့်၊ အာမခံလုပ်သား သေဆုံးပါက အသုဘစရိတ် ထုတ်ပေးခြင်းအတွက်သာ အဓိကကျင့်သုံးနေသည်ကို တွေ့ရသည်။

အလုပ်တွင်ထိခိုက်မှု အာမခံစနစ်ကို ကျင့်သုံးရာတွင် လုပ်ငန်းခွင်ထိခိုက်ဒါဏ်ရာ ရရှိမှုကြောင့် ကိုယ်လက်အင်္ဂါဆုံးရှုံးသွားသည့် အလုပ်သမားအတွက် လုပ်အားဆုံးရှုံးမှုရာခိုင်နှုန်း တွက်ချက်ပြီးပေးသည့် လျော်ကြေးငွေသည် အဆိုပါအလုပ်သမား၏ လူမှု ဘ ဝ ရှင်သန်ရပ်တည်နိုင်ရေးအတွက် အထောက်အကူမဖြစ်လှ။ လျော်ကြေးငွေနှုန်းထားသည် နည်းပါးလွန်း၏။

ထို့ကြောင့် အလုပ်တွင်ထိခိုက်မှု အာမခံစနစ်သည် လူမှုဖူလုံရေးစနစ်၏ မူလရည်ရွက်ချက်များနှင့် အလှမ်းဝေးဆဲ ဖြစ်နေသည် ကို တွေ့ရှိရသည်။

အလုပ်ရှင်၊ အလုပ်သမားများထံမှ လစဉ်ကောက်ခံရရှိသည့် ဖူလုံရေးရန်ပုံငွေများ လူမှုဖူလုံရေးဌာနတွင် ကျပ်ငွေသန်းထောင် ပေါင်းများစွာ စုဆောင်းရရှိနေသော်လည်း လူမှုဖူလုံရေးဝင် အလုပ်သမားများအတွက် ကျန်းမာရေး၊ လူမှုရေး၊ အလုပ်တွင် ထိခိုက်မှုတို့အတွက် အပြည့်အဝ တာဝန်ယူနိုင်ခြင်း မရှိခြင်းကြောင့် လူမှုဖူလုံရေးရန်ပုံငွေများ ထိန်းသိမ်းသုံးစွဲမှုအပေါ် အစိုးရနှင့် လွှတ်တော်များအနေဖြင့် ပြန်လည်သုံးသပ်၍  ပြင်ဆင်သွားရန် လိုအပ်ပေသည်။

လူမှုဖူလုံရေးရန်ပုံများ ထိန်းသိမ်းသုံးစွဲမှု

လူမှုဖူလုံရေးဥပဒေတွင် လူမှုဖူလုံရေးရန်ုပုံငွေနှင့် အလုပ်တွင်ထိခိုက်မှု အကျိုးခံစားခွင့်ရန်ပုံငွေများ တိုးပွားစေရေးအတွက် လက် တလောအသုံးပြုရန် မလိုသေးသည့် ရန်ပုံငွေများကို အကျိုးအမြတ်ရရှိစေရေးအတွက် ဘဏ်များတွင် စုငွေအပ်နှံခြင်း၊ ငွေစုလက်မှတ်များဝယ်ယူခြင်း၊ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းလုပ်ကိုင်ခြင်း၊ ရှယ်ယာဝင်ခြင်း၊  ထည့်ဝင်ကြေးငွေ ပေးသွင်းထားသူ များအား အတိုးသတ်မှတ်ထုတ်ချေးခြင်း၊ လူမှုဖူလုံရေးအိမ်ယာများ ထူထောင်နိုင်ခြင်းဟု ပြဋ္ဌာန်းထားရာ ရန်ပုံငွေကျပ်သန်း ထောင်ပေါင်းများစွာ စုဆောင်းရရှိ လာသည့်အခါ အဆိုပါရန်ပုံငွေများအား လုပ်ငန်းရှင်တချို့က အတိုးနှုန်းနည်းနည်းဖြင့် ပြန်လည်ချေးယူ လိုကြသည်။

လူမှုဖူလုံရေးဌာနမှလည်း လူမှုဖူလုံရေး တန်ဖိုးနည်းအိမ်ရာများ  ဆောက်လုပ်ရောင်းချရေးတို့အတွက် အကောင်အထည် ဖေါ်လိုသည်။ သို့ရာတွင် လက်ရှိအလုပ်ရှင်၊ အလုပ်သမားတို့၏ ထည့်ဝင်ကြေးနှင့် အကောင်အထည်ဖေါ်နေသော ကျန်းမာ ရေးနှင့် လူမှုရေးစောင့်ရှောက်မှု အာမခံစနစ်၊ အလုပ်တွင်ထိခိုက်မှု အကျိုးခံစားခွင့်အာမခံစနစ် နှစ်ရပ်ပါ အခွင့်အရေးများကို အလုပ်သမားများ အပြည့်အဝခံစားခွင့် မရသေးသည့် ယနေ့ကာလတွင် အဆိုပါရန်ပုံငွေများကို  ခေါင်းစဉ်ပြောင်း၍ လွှဲပြောင်း သုံးစွဲခြင်းမျိုး မလုပ်သင့်။ ကျပ်သန်းထောင်ပေါင်းများစွာ စုဆောင်းရရှိသော လူမှုဖူလုံရေး ရန်ပုံငွေများသည် လူမှုဖူလုံရေးဝင် အလုပ်သမားများအတွက် လိုအပ်နေသော ကျန်းမာရေးနှင့် လူမှုရေးစောင့်ရှောက်မှု လုပ်ငန်းများ၊ လုပ်ငန်းခွင်အတွင်း ထိခိုက် ဒဏ်ရာရသဖြင့် ကိုယ်လက်အင်္ဂါဆုံးရှုံးသွားသူများ၊ သေဆုံးသွားသူ၏ ကျန်ရစ်သူမိသားစုများအတွက် လျော်ကြေး ခံစားခွင့် များကို ပိုမိုတိုးမြှင့်သတ်မှတ်သုံးစွဲသင့်သည်။ အထူးသဖြင့်ကျန်းမာရေး  စောင့်ရှောက်မှုလုပ်ငန်းများနှင့် လုပ်ငန်းခွင် ထိခိုက်မှုကြောင့် မသန်မစွမ်းဖြစ်သွားသော၊ အလုပ်မလုပ်နိုင်တော့သော အလုပ်သမားအများအတွက်  လျော်ကြေး ခံစားခွင့် များကို သိသိသာသာတိုးမြှင့်ပေးသင့်သည်။ မူလအာမခံစနစ်ကို အပြည့်အဝ အကောင်အထည်ဖေါ်နိုင်ခြင်း မရှိသေးသည့် အခြေအနေတွင် ယင်းရန်ပုံငွေများကို အခြားခေါင်းစဉ်များ လွှဲပြောင်းသုံးစွဲခြင်းသည် ပြဋ္ဌာန်းထားသည့် ဥပဒေများနှင့် ကိုက်ညီ ဆီလျော်မှု မရှိပေ။

Covid-19 ရောဂါနှင့် လူမှုဖူလုံရေး ရန်ပုံငွေများ ခေါင်းစဉ်လွှဲပြောင်းသုံးစွဲရေး အစီအစဉ်

ကိုရိုနာဗိုင်းရပ်စ် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ(Covid-19) ပိုးရှိသူ မြန်မာနိုင်ငံတွင် စတင်တွေ့ရှိပြီးနောက် သက်ဆိုင်ရာအုပ်ချုပ်ရေးတာဝန်ရှိသူများသည်  အလုပ်သမားထောင်ပေါင်းများစွာ လုပ်ကိုင်နေသည့် စက်မှုဇုန်များအတွက် ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ စတင်အကောင်အထည်ဖေါ်ရန် ပြင်ဆင်လာကြသည်။ အဆိုပါ စီမံချက်များတွင် စက်မှုဇုန်များရှိ စက်ရုံအလုပ်ရုံများ ယာယီပိတ်ထားရေးလည်း  ပါဝင်သည်။ ထိုသို့ ယာယီပိတ်ထားစဉ် အလုပ်သမားများ လုပ်ခခံစားခွင့်ရရှိရန် အစိုးရနှင့် အလုပ်ရှင် မည်သူက တာဝန်ယူမည်ဆိုသည်ကို ဆွေးနွေးကြ၊ ငြင်းခုံကြ၏။  အဖြေကမရ။ တာဝန်ယူမည့်သူမရှိ။ ထိုအခါ လူမှုဖူလုံရေးရန်ပုံငွေများကို ထုတ်ယူပြီး ဖြေရှင်းရေးဘက် ဦးလှည့်လာ၏။

နောက်ဆုံးတွင် Covid-19 ရောဂါကြောင့် စီးပွားရေးအထိနာသွားသည့် စီးပွားရေးလုပ်ငန်းရှင်များအတွက် လူမှုဖူလုံရေး ရန်ပုံငွေမှ ကျပ်ငွေ ဘီလီယံ ၅၀ ထုတ်ချေးရန် သဘောထားထွက်လာ၏။

လူမှုဖူလုံရေးဥပဒေ ပုဒ်မ ၈၁ တွင် “ … ထိန်းသိမ်းထားသော ရန်ပုံငွေများကို အာမခံထားသူများအကျိုးအတွက် လိုအပ်ပါက ရန်ပုံငွေမှ သုံးနိုင်ကြောင်း” ပြဌာန်းထားရာ ယင်းခေါင်းစဉ်ကို အရယူ၍ အလုပ်ရှင်များအတွက် လူမှုဖူလုံရေး ရန်ပုံငွေထုတ် ချေး၏။ သို့ရာတွင် အဆိုပါအာမခံစနစ်ပါ ခံစားခွင့်များနှင့်အကျုံးဝင်သည့် အလုပ်သမားများအတွက် လူမှုဖူလုံရေးဌာနမှ ကျန်း မာရေး စောင့်ရှောက်မှုများ တိုးမြှင့်အကောင်အထည်ဖေါ်ခြင်းနှင့် ရောဂါကြိုတင်ကာကွယ်ရေးအတွက် အလုပ်သမားထု အတွင်း ပညာပေးလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်မှုများ မတွေ့ရှိရ။

ယခုလ ဧပြီ ၁၉ တွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ Covid 19 နှင့်ပတ်သက်၍ စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများ လိုက်နာဆောင်ရွက်ရန် ကြေညာချက် တရပ်ကို ထုတ်ပြန်၏။ ထိုကြေညာချက်တွင် စက်ရုံ၊ အလုပ်ရုံများသည်  ဧပြီ ၂၀ မှ ၃၀ အတွင်း ကျန်းမာရေးနှင့် ရောဂါပြန့်ပွားမှုဆိုင်ရာ စစ်ဆေးမှုလုပ်ငန်းများ ပြီးစီးသည်အထိ စက်ရုံများလည်ပတ်မှုကို  ရပ်ဆိုင်းထားရမည်ကြောင်း ထုတ်ပြန်ခဲ့ရာ စက်ရုံများယာယီရပ်ဆိုင်းရန် ဖြစ်လာ၏။ အဆိုပါ အလုပ်ရပ်ထားသည့် ရက်များအတွက် လူမှုဖူလုံရေးဝင် အလုပ်သမားများ၏ လုပ်ခခံစားခွင့်ကို လူမှုဖူလုံရေးဌာနမှ လုပ်ခ၏ ၆၀ ရာခိုင်နှုန်း ထုတ်ပေးတာဝန်ယူမည်ဖြစ်ကြောင်း သက်ဆိုင်ရာတာဝန်ရှိများက  ပြောကြား၏။ လူမှုဖူလုံရေး အာမခံစနစ် ငွေကြေးထည့်ဝင်ထားသည့် အလုပ်သမားအတွက် မကျန်းမာမှုခံစားခွင့်အရ ပေးသည့်သဘောဖြစ်၏။  ထိုသို့ဆိုပါက လူမှုဖူလုံ ရေး အာမခံစနစ် မဝင်ထားသည့် အလုပ်သမားများ၏ လုပ်ခခံစားခွင့်ကို မည်သူကပေးမည်နည်း။  အဖြေက မရှိ။

Covid-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးစီမံချက်သည် ကမ္ဘာ့ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေး စီမံချက်ဖြစ်၏။  အဆိုပါ ရောဂါကူးစက်ပြန့်ပွားမှု ထိန်းချုပ်ရေးတွင် အလုပ်သမားထောင်ပေါင်းများစွာ လုပ်ကိုင်နေသည့် စက်မှုဇုန်ကြီးများသည် အထူး ဦးစားပေး လုပ်ဆောင်နိုင်ရန် လိုအပ်သည်။ ဒေသပေါင်းစုံမှ လာရောက်လုပ်ကိုင်နေသည့် အဆိုပါစက်မှုဇုန်ကြီးများ၊ အထည် ချုပ်စက်ရုံများတွင် လုပ်ကိုင်နေသည့် အလုပ်သမားများသည် တသန်းနီးပါးပင်ရှိနေ၏။ အဆိုပါအလုပ်သမားများသည် အလုပ်ရုံ အသီးသီးသို့   လူနေအဆောင်နေရာစုံမှ နေ့စဉ်လာရောက်အလုပ်လုပ်သူများဖြစ်သည်။ ထိုသို့လုပ်ကိုင်ရာတွင် လုပ်ငန်း သဘောသဘာဝအရ အနည်းဆုံးလူဦးရေ ၅၀ ခန့် စုပေါင်းထားသည့် အလုပ်နေရာများတွင် စုဝေး လုပ်ကိုင်ရသည့် အပြင် နေထိုင်ရာအဆောင်များသည်လည်း လူဦးရေထူထပ်၏။ အလုပ်သွား၊ အလုပ်ပြန် ဖယ်ရီကားများ တိုးဝှေ့စီးရခြင်း၊ နှာခေါင်းစည်း (Mask) ဈေးနှုန်း မြင့်မားပြီး ရှားပါးခြင်း စသည်တို့ကြောင့် အလုပ်သမားများအတွက် ရောဂါကာကွယ်ရေးအသိ ရှိသည့်တိုင်အောင်  လက်တွေ့ကျင့်သုံး လိုက်နာရန် ခက်ခဲသည်။

စက်မှုဇုန်ကဲ့သို့ လူနေ ထူထပ်သည့်နေရာများတွင် COVID-19 ဖြစ်ပွားပါက လွယ်ကူလျှင်မြန်စွာ  ရောဂါပျံ့နှံ့နိုင်ပြီး ထိန်းချုပ်ရန် လွန်စွာ ခက်ခဲမည်ဖြစ်ရာ အစိုးရအနေနှင့် သတိရှိရှိကိုင်တွယ် ဖြေရှင်းရန် အထူးလိုအပ်သည်။

ယခုအခါ ဆေးဝါးနှင့် စားသောက်ကုန်ကဲ့သို့ မဖြစ်မနေ ဖွင့််လှစ်လုပ်ကိုင်ရမည့် စက်ရုံ၊ အလုပ်ရုံများ၊ အထည်ချုပ်နှင့် အခြား စက်ရုံ၊ အလုပ်ရုံများသည် ဗိုင်းရပ်စ် (ကိုရိုနာ Covid-19) ရောဂါ ကြိုတင်ကာကွယ် ရေးအတွက် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် လမ်းညွန်ချက်များကို တိကျစွာ လိုက်နာဆောင်ရွက်ရေးအတွက် ကျွမ်းကျင်ဆိုင်ရာ ပူးပေါင်း အဖွဲ့များ ဖွဲ့စည်း၍ ဝင်ရောက်စစ်ဆေးမှုများ  ပြုလုပ်လျက်ရှိသည်ကို တွေ့ရှိရသည်။ စစ်ဆေးမှုအောင်မြင်သည့် စက်ရုံ၊ အလုပ်ရုံများကို ယင်းအဖွဲ့များက ဆက်လက် အလုပ်လုပ်ကိုင်ခွင့် ပြုခဲ့သည်လည်း တွေ့ရှိရသည်။

အဆိုပါ ကျွမ်းကျင်ဆိုင်ရာ ပူးပေါင်းအဖွဲ့များ၏ တာဝန်သည် ကြီးလေးလှသည်။  စက်ရုံ၊ အလုပ်ရုံ အသီးသီးသို့ဝင်ရာက် စစ်ဆေးမှုများသည် လုံးဝ အမှားအယွင်းမဖြစ်ရန် အထူးလိုအပ်ပေသည်။ မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်(COVID-19) ရောဂါကူးစက်မှု စတင်တွေ့ရှိသည့် အချိန်မှစ၍  နိုင်ငံခြားသား စီမံအုပ်ချုပ်သူများ၊ ကျွမ်းကျင်လုပ်သားများနှင့်  ဒေသပေါင်းစုံမှ  ပြည်တွင်းရွှေ့ပြောင်းအလုပ်သမားဦးရေ သိန်းချီရှိနေသည့် စက်မှုဇုန်များသည်  ရောဂါမပြန့်ပွားရေးနှင့် ထိန်းချုပ်ရေးအတွက် သက်ဆိုင်ရာအစိုးရများမှ အထူးစီမံချက်များ ချမှတ်၍ လုပ်ငန်းစဉ်အရပ်ရပ်ကို လျှင်လျှင်မြန်မြန် အကောင်အထည်ဖေါ်ရန် လိုအပ်သည်။ ထိုလုပ်ငန်းစဉ်များ ချမှတ်ဖေါ်ဆောင်ရာတွင် Covid-19 ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါအသွင် ပြန့်ပွား လာမှုကြောင့် စီးပွားရေး အကျပ်အတည်းနှင့် ရင်ဆိုင်နေရသော ပြည်တွင်းနိုင်ငံသား လုပ်ငန်းရှင်များအတွက် လူမှု ဖူလုံရေးရန်ပုံငွေကို  ခေါင်းစဉ်ပြောင်း၍ ထုတ်ချေးခြင်း၊ ယာယီအလုပ်ပိတ်သိမ်းသည့် စက်ရုံ၊ အလုပ်ရုံများရှိ လူမှုဖူလုံရေးဝင် အလုပ်သမားများအတွက် မကျန်းမာမှု ခံစားခွင့်အဖြစ် လုပ်ခ၏ ၆၀ ရာခိုင်နှုန်းကို လူမှုဖူလုံရေးဌာနမှ ကာလတို ခံစား ပြုခြင်းသည် Covid-19 ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် အထောက်အကူ မဖြစ်လှ။ အလုပ်ရှင်၊ အလုပ်သမားများ အတွက် အမှန်တကယ်အထောက်အကူ ဖြစ်စေမည့် စီမံချက်များ ချမှတ်အကောင်အထည် ဖေါ်ဆောင်ရေးအတွက် နိုင်ငံတော် ရန်ပုံငွေမှ ထုတ်ယူသုံးစွဲသင့်ပြီး အလုပ်ရှင်၊ အလုပ်သမားများ၏ ထည့်ဝင်ငွေဖြင့် ထူထောင်ထားသည့် လူမှုဖူလုံရေး ရန်ပုံ ငွေများသည် အဆိုပါအာမခံစနစ်နှစ်ရပ်အား အပြည့်အဝ အကောင်အထည် ဖော်ရေးအတွက် အဓိကထား သုံးစွဲသင့်ပါသည်။

Ye Naing Win

ရဲနိုင်ဝင်းသည် အလုပ်သမားသမဂ္ဂများ ပူးပေါင်းဆောင်ရွက်ရေးကော်မတီ၏ အထွေထွေအတွင်းရေးမှူးဖြစ်ပြီး အလုပ်သမားရေးရာ ကိစ္စရပ်များကို အစဉ်တစိုက် လုပ်ကိုင်နေသူဖြစ်ပါသည်။

Related article
မြန်မာနိုင်ငံနှင့် ကိုဗစ်ကာကွယ်ဆေး ထိုးနှံနိုင်မှု အလားအလာ

မြန်မာနိုင်ငံနှင့် ကိုဗစ်ကာကွယ်ဆေး ထိုးနှံနိုင်မှု အလားအလာ

မြန်မာနိုင်ငံက အခုအချိန်မှာ လူပေါင်း ၁ ဒသမ ၇ သန်းကို ကာကွယ်ဆေး ထိုးနှံ ပြီး…

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါနှင့်  လော့ခ်ဒေါင်းမှတ်စု  (လော့ခ်ဒေါင်းနှင့်အတူနေထိုင်ခြင်း)

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါနှင့် လော့ခ်ဒေါင်းမှတ်စု (လော့ခ်ဒေါင်းနှင့်အတူနေထိုင်ခြင်း)

လော့ခ်ဒေါင်းချ ဆောင်ရွက်တဲ့ အခါမှာ ဆင်းရဲတဲ့အိမ်ထောင်စုတွေ၊ အလုပ်အကိုင် ဆုံးရှုံးသွားသူတွေ၊ ချို့တဲ့အားနည်းတဲ့ လူတွေအတွက်လည်း အဓိကစဉ်းစားပေးပြီး ကုစားရေး…

တရုတ်နိုင်ငံ၏ ကိုဗစ်-၁၉ကာကွယ်ဆေး သံတမန်လှုပ်ရှားမှုနှင့် မြန်မာနိုင်ငံအတွက် အလားအလာ

တရုတ်နိုင်ငံ၏ ကိုဗစ်-၁၉ကာကွယ်ဆေး သံတမန်လှုပ်ရှားမှုနှင့် မြန်မာနိုင်ငံအတွက် အလားအလာ

တရုတ်နိုင်ငံဟာ ကာကွယ်ဆေးကို အများကောင်းကျိုးအဖြစ် အသုံးပြုမယ်၊ မြန်မာနိုင်ငံစတဲ့ မိတ်ဖက်နိုင်ငံတွေကို ဦးစားပေးဖြန့်ဝေမယ် ဆိုတာဟာ စေတနာကောင်းရင်တောင် လက်တွေ့…

Discussion about this post

Leave a Reply

Your email address will not be published. Required fields are marked *

Type your search keyword, and press enter to search