Menu & Search

စောင့်ကြည့်ရမည့် အရေးကြီးဖြစ်စဉ်များ

May 4, 2020

စီးပွားရေးအရ ကြံ့ကြံ့ခံနိုင်စွမ်း (Economic resiliency)

ကမ္ဘာ့ဘဏ်၏ ဧပြီ ၁ ရက် ထုတ်ပြန်ချက်အရ  မြန်မာနိုင်ငံ၏ GDP တိုးတက်မှုနှုန်းကို ၃ ရာခိုင်နှုန်းမှ ၂ ရာခိုင်နှုန်းအထိ လျော့ကျမည်ဟု ဖော်ပြထားသည်။ သို့ရာတွင် တရားဝင် ကဏ္ဍများကိုသာ တွက်ဆထားခြင်းဖြစ်ရာ တရားမဝင် ကဏ္ဍများအပေါ်လည်း သက်ရောက်မှု ကြီးမားနိုင်သည်။

(က) ပုဂ္ဂလိက လုပ်ငန်းများ ယိုင်နဲ့လာမှု နှင့် လူမွဲအဖြစ် ခံယူလာရနိုင်မှု [အန္တရာယ်မြင့်မား]

Covid-19 ကူးစက်ကပ်ဘေး ကာလအတွင်း မြန်မာ့စီးပွားရေး လုပ်ငန်းများ ယိုင်နဲ့လာသည်။ တရားဝင် မှတ်ပုံတင်ထားသော လုပ်ငန်း ၉၀၀ နီးပါး ယာယီနှင့် အမြဲတမ်း ပိတ်သိမ်းခဲ့ရသည်။ (ယင်းသည် နိုင်ငံ တခုလုံး စုစုပေါင်း လုပ်ငန်းအားလုံး၏ ၁၂ ရာ ခိုင်နှုန်း ဖြစ်သည်။) အခြားစစ်တမ်း တခုတွင် စက်မှုကုန်ထုတ်နှင့် ဝန်ဆောင်မှုလုပ်ငန်းများ၏ ၂၀ ရာခိုင်နှုန်းမှာ ငွေသားစီး ဆင်းမှု အခက်အခဲရှိနေကြသည်။ အများစုမှာ တလသာ တောင့်ခံနိုင်မည်ဟု ဖော်ပြသည်။

() ဝယ်လိုအား ကျဆင်းမှု [အန္တရာယ်မြင့်မား]

လေကြောင်းနှင့် နိုင်ငံဝင်ပေါက်များ ပိတ်သိမ်းကုန်ရာ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း လုံးဝ ရပ်ဆိုင်းလုနီးပါး ဖြစ်သွားသည်။ မြန်မာနိုင်ငံ၏ ပို့ကုန်များဖြစ်သည့် သဘာဝ ဓာတ်ငွေ့၊ လယ်ယာ ထွက်ကုန်၊ စက်မှု ထွက်ကုန်များအပေါ် ဝယ်လိုအား သိသိသာသာ ကျဆင်းခဲ့သည်။ တရုတ်-မြန်မာနယ်စပ်ကို ဧပြီ ၂၃ ရက်နေ့တွင် နှစ်လကြာ တင်းတင်းကျပ်ကျပ် ပိတ်လိုက်ရာ ကုန်သွယ်မှု ကျဆင်းမှု၊ စက်မှု ကုန်ကြမ်းနှင့် လူသုံးကုန် ပစ္စည်းများ ပြတ်လပ်မှုများ ဖြစ်ပေါနိုင်သည်။ [ မြန်မာနိုင်ငံ၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင်  ကုန်သွယ်မှု ပမာဏသည် ၃၅ ဒသမ ဝ၂၀ ဘီလီယံကျော် ရှိပါသည်။ မူဆယ် နယ်စပ် ကုန်သွယ်ရေးစခန်း၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်ကုန်သွယ်မှု ပမာဏသည် အမေရိကန်ဒေါ်လာ သန်းပေါင်း ၄၉၁၇ ဒသမ ၉၇၆ ရှိသည်။ မူဆယ်စခန်း၏ ကုန်သွယ်မှု ပမာဏသည် မြန်မာနိုင်ငံ တခုလုံးကုန်သွယ်မှု ပမာဏ၏ ၁၄ ရာခိုင်နှုန်းရှိနေသည်] ရလဒ်အဖြစ် နိုင်ငံတကာ ဈေးကွက်ဝယ်လိုအား ကျဆင်းမှုကြောင့် ပို့ကုန်ရငွေများလည်း ကျဆင်းသွားမည်။

() တန်ဖိုးကွင်းဆက် ပြတ်တောက်မှု [အန္တရာယ်သင့်]

ကျန်းမာရေး လိုအပ်ချက်အရ ကာကွယ် ထိန်းချုပ်မှုများကြောင့် ပြည်တွင်း ဈေးကွက် ပြတ်တောက်မှုများ ဖြစ်ပေါ်နိုင်သည်။ ဥပမာ- ညမထွက်ရ အမိန့်ကြောင့် ကုန်စည်စီးဆင်းမှု အပေါ် သက်ရောက်မှုမျိုး ဖြစ်သည်။ ပြည်တွင်း ဈေးကွက် ပြတ်တောက် မှုများ ဖြစ်ပေါ်နိုင်သည်။ လူအများ အိမ်တွင်းပုန်းနေရမှု၊ လူများ၏ ဝင်ငွေ ကျဆင်းလာမှုကြောင့် စားသုံးသူ ဝယ်လိုအားကျဆင်း မှုများလည်း ဖြစ်ပေါ်လာမည်။

() ဘဏ္ဍာဝင်ငွေ ကျဆင်းမှု (Loss of revenue) [အန္တရာယ်မြင့်]

Economist Intelligence Unit (EIU) ၏ ၂၀၂၀ ပြည့်နှစ် ဧပြီ ၁၁ ရက်က ဖော်ပြချက်အရ မြန်မာနိုင်ငံတွင် အခွန်မူဝါဒ အပြောင်းအလဲများ အစိုး မရခြင်းနှင့် အာဏာပိုင်များ၏ အခွန်ကောက်ခံ နိုင်စွမ်း ချည့်နဲ့ခြင်း တို့ကြောင့် ဘဏ္ဍာဝင်ငွေ ရရှိမှု နိမ့်ပါးမည့် အရေး [အန္တရာယ်မြင့်] ဟု ဖော်ပြထားသည်။ Covid-19 ကူးစက်ကပ်ဘေး ကာလတွင် အစိုးရက ကော်ပိုရေးရှင်း ဝင်ငွေခွန်များ၊ ကုန်သွယ်ခွန်များ ဆိုင်းငံ့ထားခြင်း၊ ပြည်ပ ပို့ကုန်များအတွက် ကြိုတင် ကောက်ခံ အခွန်များကို ဆိုင်းငံ့ထားခြင်း၊ ဟိုတယ်-ခရီးသွားလုပ်ငန်းတွင် ငှားရမ်းခများကို ကင်းလွတ်ခွင့် ပေးထားခြင်း၊ ကျန်းမာရေးနှင် သက်ဆိုင်သော သွင်းကုန်များအပေါ် အကောက်ခွန်များ ကင်းလွတ်ခွင့် ပေးခြင်း စသည့် အခြေအနေတို့ကြောင့် အခွန်ဘဏ္ဍာ လျှော့နည်းစေမည် ဖြစ်သည်။ အရေးကြီးသည်မှာ ကမ္ဘာတလွှား ရေနံဈေးနှုန်းများ ထိုးကျဆင်းသွားသည်။ ယခင်က ရေနံတစည်ကို ဒေါ်လာ ၇၀ ခန့် ဈေးပေါက်နေရာမှ သုညနီးပါး ထိုးကျဆင်းသွားခဲ့ရာ  မြန်မာနိုင်ငံ၏ ဝင်ငွေ ရပေါက်ရလမ်းတခုဖြစ်သော သဘာဝဓာတ်ငွေ့မှ ဝင်ငွေလည်း ကျဆင်းသွား နိုင်ခြေ ရှိပါသည်။ ၂၀၁၇-၁၈ ခုနှစ်တွင် သဘာဝဓာတ်ငွေ့ တင်ပို့မှုမှ ဒေါ်လာ ၃ ဘီလီယံခန့် ရရှိခဲ့ပြီး၊ (GDP) ၏ ၂ ဒသမ ၁ ရာခိုင်နှုန်းခန့် ရှိသည်။

() ရေတိုကာလ ငွေကျုံ့ခြင်း  [အန္တရာယ်မြင့်မား]

အာရှ ဖွံ့ဖြိုးရေးဘဏ် (ADB) ၏ ဖော်ပြချက်အရ မြန်မာနိုင်ငံ၏ ငွေကြေး ဖောင်းပွမှုနှုန်းသည် ၂၀၁၉ ခုနှစ်တွင် ၈ ဒသမ ၆ ရာခိုင်နှုန်း ရှိရာမှ၊ Covid-19 ကပ်ဘေးကာလအတွင်း ၂၀၂၀ ပြည့်နှစ်နှင့် ၂၀၂၁ ခုနှစ်များတွင် ၇ ဒသမ ၅ ရာခိုင်နှုန်းသာ ရှိမည်ဟု ခန့်မှန်းသည်။ The Economist မဂ္ဂဇင်းက အစိုးရများက ငွေအမြောက်အများသုံးခြင်း၊ စီးပွားရေးလှုံ့ဆော်မှု အကူအညီများ (stimulus package) များ ပေးခြင်းသည် ငွေကြေးဖောင်းပွမှုအတွက် အခြေခံ ဖြစ်စေသည် (supply shock) ဟု သီအိုရီသဘောအရ ပြောပါသည်။ သို့သော် ပိတ်ဆို့ တားမြစ်မှုများ (lockdowns) ကြောင့် ထုတ်လုပ်သူများကလည်း မထုတ်လုပ်နိုင်ခြင်း၊ စားသုံးသူ လုပ်သား အင်အားစုများကလည်း ဝင်ငွေ ရရှိနိုင်စွမ်းနှင့် သုံးစွဲနိုင်စွမ်း မရှိနေခြင်းတို့ကြောင့် ငွေကြေးဖောင်းပွမှု မဖြစ်စေနိုင်ဟု ပြန်၍ ဆွေးနွေးသည်။ လူအများ အိမ်တွင်းပုန်းနေရမှု၊ အလုပ်အကိုင် မဲ့ခြင်း နှင့် လူများ၏ ဝင်ငွေကျဆင်းလာမှုကြောင့် စားသုံးသူ ဝယ်လိုအား ကျဆင်း လာရာ ငွေကြေး၏ ဆတိုးလည်ပတ်မှုနှုန်း (multiplier effect) ကျဆင်းသွားနိုင်သည်။ ရလဒ်အဖြစ် စီးပွားရေး၊ ကုန်သွယ်မှု နှင့် ဝန်ဆောင်မှု လုပ်ငန်းများ သေးကျုံ့ခြင်း ဖြစ်ပေါ်နိုင်သည်။ အစိုးရက ငွေပေါ်လွယ်မှု (liquidity) နှင့် ကြွေးမြီ ပြန်ဆပ်နိုင်မှု ပြဿနာ (insolvency) ပြေလည်စေရေးအတွက် လုပ်ငန်းများကို ချေးငွေများ ပြန်ဆပ်ကာလ ဆိုင်းငံ့ခြင်း၊ ပြည်သူများ အိပ်ကပ်တွင်းသို့ ငွေများ ထည့်ပေးခြင်း၊ ငွေထုတ်ပေးခြင်း လုပ်ငန်းများ လိုအပ်လိမ့်မည်။

 () အိမ်ပြန်လွှဲငွေ (Remittance)  [အန္တရာယ်မြင့်မား]

International Growth Center (IGC) 2015 အစီရင်ခံစာအရ ပြည်ပမှာ တရားဝင်သွားရောက် အလုပ် လုပ်ကိုင်နေကြသူ မြန်မာနိုင်ငံသား သုံးသန်းကျော်၏ အိမ်ပြန်လွှဲပို့ငွေကို အမေရိကန်ဒေါ်လာ ၃,၅၀၀ သန်းဟု ခန့်မှန်း ဖော်ပြထားသည်။ မြန်မာနိုင်ငံ GDP ၏ ၅ ရာခိုင်နှုန်းခန့် ရှိနေသည်။ ကမ္ဘာ့ဘဏ်၏ နောက်ဆုံးထုတ်ပြန်ချက်အရ ၂၀၁၉ ခုနှစ်တွင် ပြည်ပရောက် မြန်မာလုပ်သားများထံမှ အိမ်ပြန် လွှဲငွေသည် အမေရိကန်ဒေါ်လာ ၂,၈၀၀ သန်းကျော်ရှိပြီး၊ GDP ၏ ၄ ဒသမ ၃ ရာခိုင်နှုန်း ပါဝင် သည်။ အချို့ အစီရင်ခံစာများက အမေရိကန်ဒေါ်လာ ၈,၀၀၀ သန်းကျော် ရှိမည်ဟု သုံးသပ်မှုကြသည်။ ယင်းပမာဏသည် မြန်မာနိုင်ငံသို့ ရောက်ရှိသော နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု (FDI) နှင့် တန်းတူ နီးပါး ရှိနေသည်။ (မြန်မာနိုင်ငံ ရရှိသော FDI သည် ၂၀၁၆ မှာ သန်း ၆,၆၀၀၊ ၂၀၁၇ မှာ သန်း ၅,၇၀၀၊ ၂၀၁၈ မှာ သန်း ၁,၇၀၀ ကျော်နှင့် ၂၀၁၉ မှာ သန်း ၄,၁၀၀ ကျော် ရရှိခဲ့သည်)။ ဤသို့ အိမ်လွှဲငွေများ နိမ့်ကျသွားဖွယ် ရှိနေသည်။

() ဆင်းရဲနွမ်းပါးမှု [အန္တရာယ်မြင့်မား]

ကမ္ဘာ့ဘဏ်၏ လေ့လာမှု ၂၀၁၇ အရ မြန်မာနိုင်ငံရှိ အခြေခံ လူတန်းစား အိမ်ထောင်စုများ၏ ဝင်ငွေ ၆၆ ရာခိုင်နှုန်းကို အစားအသောက်အတွက် အသုံးပြု နေကြရသည်။ [World Bank. (2017). An Analysis of Poverty in Myanmar. Part 1. Poverty Profile.] မြန်မာနိုင်ငံတွင် လုပ်အား လျော့ခံထားရသူမှာ လတ်တလောတွင် လူဦးရေ တသိန်းနီးပါး ရှိနိုင်သည်ဟု ခန့်မှန်းသည်။ အချိန်ပိုင်း လျှော့ချခံရခြင်းနှင့် အချိန်ပိုင်းလုပ်ရခြင်း ပမာဏမှာ ၁၀ ဆ ခန့် ပို၍ကြီးမားနိုင်သည်။ သိုအတွက်ကြောင့် ယခု ကပ်ဘေးကာလတွင် ရုတ်တရက် ဝင်ငွေကျဆင်းမှု ဖြစ်လာပြီး၊ နွမ်းပါးသော မိသားစုများက ဝင်ငွေ နည်းပါးလာသည့် အလျောက် အစားအသောက်အတွက် ပို၍ သုံးစွဲရမည်ဟု တွက်ဆနိုင်သည်။ နောက်ဆက်တွဲ ရလဒ်အဖြစ် အာဟာရ ရရှိမှု ပြဿနာများ၊ ကြွေးမြီမြင့်မားမှု ပြဿနာများ ကြုံရနိုင်သည်။

() လျှပ်စစ်မီး [အန္တရာယ်သင့်]

EIU ၏ ၂၀၂၀ ပြည့်နှစ် ဧပြီ ၁၁ ရက်က  ဖော်ပြချက်အရ မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အား ပြတ်တောက်နိုင်စွမ်းကို [အန္တရာယ်မြင့်] ဟု ဖော်ပြထားသည်။ ထိခိုက်မှုအပေါ် အမှတ် ၂၅ မှတ်ပေးထားရာတွင် ၁၆ မှတ်အထိ မြင့်မားသည်ဟု ဖော်ပြထားသည်။ သို့ သော်လည်း Covid-19 ကူးစက်ကပ်ဘေး ကာလအတွင်း အလုပ်ရုံ၊ စက်ရုံများ ရပ်နားထားခြင်းကြောင့် လျှပ်စစ် လိုအပ်ချက် သိပ်မများဟု ယူဆနိုင်သည်။ မီးပြတ်တောက်မှုရှိသော်လည်း ယာယီသာဖြစ်ပြီး အချိန်နည်းသည်။ အကယ်၍ လုပ်ငန်းများ ပုံမှန်အတိုင်း ပြန်စလာလျှင် လျှပ်စစ် လိုအပ်ချက် ပြန်၍ မြင့်မားလာမည်ဟု ယူဆနိုင်သည်။

() ငွေလဲနှုန်း (Foreign Exchange) [အန္တရာယ်နိမ့်]

EIU ၏ ၂၀၂၀ ပြည့်နှစ် ဧပြီ ၁၁ ရက်က ဖော်ပြချက်အရ  ၂၀၂၁ ခုနှစ် မြန်မာငွေတန်ဖိုး ပျော့သွားသည့် ကာလအထိ၊ ၂၀၂၀ ပြည့်နှစ်အတွင်း မြန်မာငွေ ဆက်၍ ခိုင်နေဦးမည်ဟု သုံးသပ်ထားသည်။ ယခုကာလတွင် ကမ္ဘာတဝန်း ကုန်သွယ်မှုများ ရပ်တန့်နေခြင်း၊ ရေနံဈေးနှုန်း အလွန်အမင်း ထိုးဆင်းနေခြင်းတို့ကြောင့် ငွေလဲနှုန်း သိသိသာသာ ပြောင်းလဲဖွယ် မရှိဟု ယူဆနိုင်သည်။ ပြည်ပကုန်သွယ်မှုများ အေးနေရာ ဒေါ်လာ ဝယ်လိုအား သိသာစွာ ပြောင်းလဲမှု မရှိဟု ယူဆနိုင်သည်။

() နိုင်ငံတကာ ဆက်ဆံရေး [အန္တရာယ်သင့်]

EIU ၏ ၂၀၂၀ ပြည့်နှစ် ဧပြီ ၁၁ ရက်က ဖော်ပြချက်အရ အနောက်နိုင်ငံများက လူ့အခွင့်အရေး မှတ်တမ်းကြောင့် မြန်မာနိုင်ငံအပေါ် စီးပွားပိတ် ဆို့ဒဏ်ခတ်မှုများ အန္တရာယ်- သင့် (ဖြစ်လာပါက သက်ရောက်ထိခိုက်နိုင်မှု- အလွန်မြင့်မား) ဟု ဖော်ပြထားပါသည်။

 

 

ISP Admin

မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျူ (ISP Myanmar) သည် လွတ်လပ်ပြီး ပါတီစွဲကင်းသည့် အစိုးရမဟုတ်သော သုတေသနအဖွဲ့ဖြစ်ပါသည်။ ISP Myanmar ၏ မြော်မြင်ချက်မှာ မြန်မာနိုင်ငံကို ရုန်းထကြံ့ခိုင်မှုအားကောင်းပြီး သည်းခံစိတ်ကြီးမားသော လူ့အဖွဲ့အစည်းတစ်ရပ်အဖြစ်ပေါ်ထွန်းလာရေး ဖြစ်သည်။ ISP Myanmar ၏ ဦးတည်ချက်မှာ ဒီမိုကရေစီကျသော ခေါင်းဆောင်မှုကို မြှင့်တင်အားပေးရန်နှင့် နိုင်ငံအရေးတွင် နိုင်ငံသားများ ပါဝင်ဆောင်ရွက်မှုအားကောင်းစေရန်ဖြစ်သည်။

Related article
စီးပွားရေးကဏ္ဍ စောင့်ကြည့်ရမည့် အရေးကြီးဖြစ်စဉ်များ

စီးပွားရေးကဏ္ဍ စောင့်ကြည့်ရမည့် အရေးကြီးဖြစ်စဉ်များ

ကမ္ဘာဘဏ် အစီရင်ခံစာ Myanmar Economic Monitor (မြန်မာ့စီးပွားရေး စောင့်ကြည့်လေ့လာမှု အစီရင်ခံစာ) အဖြစ် ၂၀၂၀…

စီးပွားရေးကဏ္ဍ စောင့်ကြည့်ရမည့် အရေးကြီးဖြစ်စဉ်များ

စီးပွားရေးကဏ္ဍ စောင့်ကြည့်ရမည့် အရေးကြီးဖြစ်စဉ်များ

လေကြောင်းနှင့် နိုင်ငံ ဝင်ပေါက်များ ပိတ်သိမ်းကုန်ရာ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း လုံးဝ ရပ်ဆိုင်းလုနီးပါး ဖြစ်သွားသည်။ မြန်မာနိုင်ငံ၏…

Discussion about this post

  1. Titus Nyi Nyi aka Tin Thein Myint says:

    Really appreciate your article which is very effective to my life .

Leave a Reply

Your email address will not be published. Required fields are marked *

Type your search keyword, and press enter to search