မြန်မာနိုင်ငံနှင့် ကိုဗစ်ကာကွယ်ဆေး ထိုးနှံနိုင်မှု အလားအလာ
မြန်မာနိုင်ငံက အခုအချိန်မှာ လူပေါင်း ၁ ဒသမ ၇ သန်းကို ကာကွယ်ဆေး ထိုးနှံ ပြီး…
နိဒါန်း
ကိုဗစ်-၁၉ ကပ်ရောဂါ၏ ရိုက်ခက်မှုအထွေထွေကို ကမ္ဘာ့နိုင်ငံများ၊ ဒေသတွင်းနိုင်ငံများနည်းတူ မြန်မာနိုင်ငံသည်လည်း မလွှဲမရှောင်သာ ရင်ဆိုင်ကျော်ဖြတ်နေရချိန်ဖြစ်သည်။ လက်ရှိအချိန်အထိ မဖြေရှင်းနိုင်သေးသည့် ပြည်တွင်းစစ်ပြဿနာကို ကာလရှည်ခံစားနေရသော မြန်မာနိုင်ငံ၏ ကဏ္ဍပေါင်းစုံတွင် အားနည်းမှုများစွာ ရှိနေသေးသည်။ အထူးသဖြင့် နှစ်စဉ်အစိုးရအသုံးစရိတ်သုံးစွဲမှု နည်းပါးခဲ့သည့် ကျန်းမာရေးစနစ်တွင် လူ့စွမ်းအားအရင်းအမြစ်နှင့် အခြေခံအဆောက်အအုံ မပြည့်စုံမှုများဖြင့် အားနည်းချည့်နဲ့နေသည်ကို တွေ့မြင်ရသည်။
ကျန်းမာရေးစနစ် ရေခံမြေခံကောင်းမွန်သော ဖွံ့ဖြိုးပြီးနိုင်ငံများပင်လျှင် ကိုဗစ်ကပ်ရောဂါ၏ ရိုက်ခတ်မှုကို အပြင်းအထန်ခံစားနေရချိန်တွင် ယိုယွင်းနေသည့် ကျန်းမာရေးစနစ်ဖြင့် လူမှုဘဝယိုင်နဲ့နေသည့် မြန်မာနိုင်ငံအနေဖြင့် ယခုအခြေအနေကို ကျော်ဖြတ်နေရသည့် စိန်ခေါ်မှုမှာ အင်မတန်ကြီးမားပါသည်။
အခြားတဖက်တွင်လည်း ပြည်တွင်းစစ်မီး၏အရှိန်မှာ ယခုကာလမျိုးတွင်ပင် ဆက်လက်အားကောင်းနေဆဲ ဖြစ်သည်။ မြန်မာနိုင်ငံ၏ ယခုကဲ့သို့သော အခင်းအကျင်းက လက်ရှိရင်ဆိုင်နေရသည့် ကိုဗစ်-၁၉ ကူးစက်ကပ်ရောဂါ၏ အကျိုးသက်ရောက်နိုင်မှုပမာဏကို လွန်စွာမြင့်တက်စေနိုင်သည့် အန္တရာယ်ဆီကို တွန်းပို့နေပါသည်။ သို့ဖြစ်ရာ ယခုဆောင်းပါးတွင် လက်ရှိ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့၌ ပြည်တွင်းစစ်ပဋိပက္ခ ဆက်လက်အားကောင်းလာခြင်းနှင့်အတူ ဒေသခံစစ်ဘေးရှောင်များ၏ ကူးစက်ရောဂါကာကွယ်ရေး၊ ကျန်းမာရေး အခြေအနေများကို အခြေပြု၍ အထက်ပါ ယူဆချက်ကို ဆွေးနွေးဖော်ပြသွားမည် ဖြစ်ပါသည်။
ချည့်နဲ့ကျန်းမာရေးစနစ်၊ ကိုရိုနာဗိုင်းရပ်စ်နှင့် ပဋိပက္ခများ၏ အကျိုးဆက် ယူဆချက်များ
မြန်မာနိုင်ငံသည် ကဏ္ဍအစုံလွှမ်းခြုံကြည့်လျှင် ချည့်နဲ့နိုင်ငံ (Weak State) ဖြစ်ကြောင်း ပညာရှင်များက ဆွေးနွေးကြသည်။ ထိုကဲ့သို့သော နိုင်ငံမျိုးတွင် ဒီမိုကရေစီမကျ၊ အာဏာရှင်မကျ နိုင်ငံရေးစနစ်မျိုးရှိခြင်း၊ နိုင်ငံ၏ လူနေမှုအဆင့်အ တန်း နိမ့်ကျခြင်း၊ လူမျိုးရေးပဋိပက္ခကဲ့သို့သော ဂိုဏ်းဂဏကွဲခြင်း စသော လက္ခဏာများရှိလျှင် မတည်ငြိမ်မှုများဖြစ်နိုင်သည်ဟု သုတေသနပညာရှင်များက ဆွေးနွေးကြသည်။ မြန်မာနိုင်ငံသည် အဆိုပါ လက္ခဏာများ အားလုံးနှင့် နီးစပ်လျက်ရှိသည်။ အဆိုပါ Weak State မှ တိုင်းပြည် ပြိုလဲနိုင်လောက်သည့် အခြေအနေအထိ (Failed State) ဖြစ်စေနိုင်သော လက္ခဏာတရပ်မှာ ရောဂါကပ်ဘေး၊ သဘာဝဘေးအန္တရာယ်များ ကျရောက်လာခြင်း ဖြစ်ပါသည်။၁ ယခုအခြေအနေတွင် မူဝါဒချမှတ်သူများ၏ အခန်းကဏ္ဍမှာ အလွန်အရေးပါသည်။ တဖက်တွင်လည်း ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်၊ ပလက်ဝတို့၌ စစ်ရိပ်၊ စစ်ငွေ့ ဆက်လက်လောင်ကျွမ်းနိုင်သည့် အခြေအနေများက လွန်စွာ သတိပြုသင့်သော အရေးကြီးအချက် ဖြစ်လာပါသည်။
ပဋိပက္ခ ဆက်လက်ဖြစ်ပွားနေသော နိုင်ငံများတွင် ကိုဗစ်-၁၉ ကူးစက်ကပ်ရောဂါ ကာကွယ်တုံ့ပြန်ရေးအတွက် ကူညီထောက်ပံ့မှုများ မလုံလောက်ခဲ့လျှင် ထိုအခြေအနေသည် နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍများအတွက် ရေရှည်ပြဿနာအဖြစ် ပြောင်းလဲသွားနိုင်သည်။ အထူးသဖြင့် ဆက်လက်ဖြစ်ပွားနေဆဲ ပဋိပက္ခနှင့် ချို့ယွင်းချက်များသော ကျန်းမာရေးစနစ်တို့ ဆုံချက်ကျသောအခြေအနေမျိုးတွင် ဖြစ်သည်။ ထိုကဲ့သို့သော နိုင်ငံမျိုးရှိ လူ့အဖွဲ့အစည်းအတွင်းတွင် ယခုကဲ့သို့ အရေးပေါ်အခြေအနေ နှစ်ရပ်ကြောင့် အဓိက ထိခိုက်နစ်နာနိုင်သည့် အစုအဖွဲ့များမှာ ဒုက္ခသည်များ၊ စစ်ဘေးရှောင်များ၊ အထူးသဖြင့် အမျိုးသမီးများနှင့် ကလေးငယ်များ ဖြစ်လာနိုင်သည်။၂ မြန်မာနိုင်ငံ၏ ပဋိပက္ခစစ်မီး ဆက်လက်လောင်ကျွမ်းရာ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် ပလက်ဝဒေသတို့သည် ယခုကဲ့သို့သော အခြေအနေနှင့် ထင်ဟပ်လျက်ရှိကြောင်း တွေ့မြင်နိုင်ပါသည်။
ထို့အပြင် စခန်းကျဉ်းထဲတွင် လူထူထပ်စွာနေထိုင်ရသော အခြေအနေက ရောဂါကာကွယ်ရေး လုပ်ငန်းစဉ်များအတွက် စိုးရိမ်စရာ ဖြစ်သည်။ အပြည်ပြည်ဆိုင်ရာ ကယ်ဆယ်ရေးအဖွဲ့(IRC)က ထိုကဲ့သို့ လူနေသိပ်သည်းခြင်းနှင့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ပိုမိုများပြားနိုင်ခြင်း အခြေအနေကို Diamond Princess ဇိမ်ခံသင်္ဘောရှိ လူနေထူထပ်မှုနှင့် နှိုင်းယှဉ်ဆွေးနွေးပြထားသည်။ Diamond Princess ဇိမ်ခံသင်္ဘောတွင် ၁ စတုရန်းကီလိုမီတာတွင် လူဦးရေ ၂၄,၄၀၀ ရှိပြီး ကောက်စ်ဘဇာဒေသရှိ ရိုဟင်ဂျာ ဒုက္ခသည်စခန်းများတွင် ၁ စတုရန်းကီလိုမီတာတွင် လူဦးရေ ၄၀,၀၀၀ နေထိုင်နေကြရသည်။ အလားတူပင် ဂရိနိုင်ငံရှိ မိုရီယာ ဒုက္ခသည်စခန်းတွင်လည်း ၁ စတုရန်း ကီလိုမီတာတွင် လူဦးရေ ၂၀၃,၈၀၀၊ ဆီးရီးယားနိုင်ငံရှိ အယ်လ်ဟော (Al Hol) စခန်းတွင် ၁ စတုရန်းကီလိုမီတာတွင် လူဦးရေ ၃၇,၅၇၀ နေထိုင်နေကြရသည်။ ဇိမ်ခံသင်္ဘောကြီးပေါ်တွင် ရက်ပေါင်း ၃၀ အတွင်း ကူးစက်ခံရသူ ၇၀၆ ဦး ရှိခဲ့ရာ၊ လူနေထူထပ်ရာ ဒုက္ခသည်စခန်းများတွင် ကူးစက်မှုဖြစ်ပွားလာပါက ပို၍ဆိုးနိုင်သည်ဟု ဖော်ပြကြသည်။ ထိုမျှမက လုံလောက်သော ကျန်းမာရေးစောင့်ရှောက်မှု၊ ရေရရှိမှု၊ အမိုးအကာနှင့် အိမ်သာ စနစ်များ ချို့ငဲ့မှုကြောင့် များစွာဆိုးနိုင်ကြောင်း သုံးသပ်သည်။ အဆိုပါ စစ်ရှောင်စခန်းများ၏ လူဦးရေ သိပ်သည်းမှု အများဆုံးနေရာများမှာ Diamond Princess သင်္ဘော၏ လူဦးရေ သိပ်သည်းဆထက် ၈ ဒသမ ၅ ရာခိုင်နှုန်းခန့် ပိုများ သည်။ ဇိမ်ခံသင်္ဘောပေါ်မှ ဗိုင်းရပ်စ်ရောဂါကူးစက်ပြန့်ပွားနှုန်းမှာ တရုတ်နိုင်ငံ၊ ဝူဟန်မြို့မှ ကူးစက်ပျံ့နှံ့နှုန်းထက် လေးဆ ပိုများပါသည်။ သုတေသနတွေ့ရှိချက်များအရ ဘင်္ဂလားဒေ့ရှ်ကဲ့သို့ စစ်ဘေးရှောင် ဒုက္ခသည်စခန်းများတွင် ကူးစက်မှု မြင့်မားလာပါက လူ ခြောက်သိန်းနီးပါးခန့် ကူးစက်နိုင်ပြီး လူပေါင်း နှစ်သောင်း ကျော်ခန့် သေဆုံးနိုင်ကြောင်း ခန့်မှန်းထားကြသည်။
မြန်မာနိုင်ငံ၏ ကျန်းမာရေးယန္တရားအခြေအနေ
ပြည်တွင်းစစ် ကာလရှည်ဖြစ်ပွားလျက်ရှိသည့် မြန်မာနိုင်ငံတွင် စစ်အစိုးရအဆက်ဆက်သည် ကာကွယ်ရေးကဏ္ဍကိုသာ အာရုံစိုက်ခဲ့ပြီး ကျန်းမာရေးစနစ် ဖွံ့ဖြိုးတိုးတက်ရေးမှာ ဆယ်စုနှစ်ပေါင်းများစွာ မျက်ကွယ်ပြုခံခဲ့ရသည်။ ၂၀၀၉ ခုနှစ် က မြန်မာနိုင်ငံ၏ ကျန်းမာရေးအသုံးစရိတ်သည် နိုင်ငံတော် GDP ၏ ၀ ဒသမ ၂ ရာခိုင်နှုန်းသာ ရှိခဲ့ပြီးကမ္ဘာ့အနည်းဆုံး ကျန်းမာရေးအသုံးစရိတ်ဖြစ်ခဲ့သည်။ ယင်းကာလနောက်ပိုင်းတွင် အစိုးရအနေဖြင့် ကျန်းမာရေးအသုံးစရိတ်များကို တိုးမြှင့်သုံးစွဲလာခဲ့သော်လည်း လိုအပ်ချက်များပြားနေသည့် ကျန်းမာရေးစနစ်သည် စိန်ခေါ်မှုများစွာဖြင့် ဆက်လက်ကြုံတွေ့နေရဆဲ ဖြစ်သည်။ အထူးသဖြင့် ကျန်းမာရေးစနစ်အတွက် အဓိကကျသည့် လူ့စွမ်းအားအရင်းအမြစ်အပိုင်းတွင် အားနည်းမှုကြီးစွာ ဖြစ်ပေါ်နေသည်။ လူတထောင်လျှင် ဆရာဝန် ၀ ဒသမ ၃၇ ဦးနှုန်းသာရှိ၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၏ အနိမ့်ဆုံးသတ်မှတ်ချက်ဖြစ်သော လူတထောင်လျှင် ဆရာဝန် ၁ ဦး ရှိရမည့်နှုန်းထက် များစွာနိမ့်ကျနေသည်။ ယခုအချိန်တွင် စစ်ဘောင်အကျယ်ဆုံးဖြစ်နေသော ရခိုင်ပြည်နယ်တွင် လူတထောင်လျှင် ဆရာဝန် ၀ ဒသမ ၂၅ ဦးနှုန်းသာရှိ၍ မြန်မာနိုင်ငံ၏ ကျန်းမာရေးစနစ်တွင် လူ့စွမ်းအားအရင်းအမြစ် အားနည်းနေသည့်အပိုင်းကို မီးမောင်းထိုးပြနေသည်။
ကျန်းမာရေးဆိုင်ရာ အခြေခံအဆောက်အအုံများတွင်လည်း နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးတိုင်းတို့ထက် အခြားသော ပြည်နယ်နှင့် တိုင်းများမှာ နိမ့်ကျလျက်ရှိပေသည်။ လူတသိန်းလျှင် အထူးကြပ်မတ်ကုသကုတင် (ICU) ၁ ဒသမ ၁ သာ ပိုင်ဆိုင်ထားခြင်းက ယင်းအချက်ကို ထောက်ပြလျက်ရှိသည်။ ထို့အပြင် ကျန်းမာရေးဆိုင်ရာ အခြေခံအဆောက်အအုံများ၏ တည်ရှိနေမှုမှာလည်း လေ့လာစရာအချက်ဖြစ်သည်။
စစ်ဘေးဒဏ်သင့်လေ့ရှိသော ပြည်နယ်ဒေသများ၏ ကျန်းမာရေး အဆောက်အအုံအရေအတွက်မှာ စစ်ဘေးဒဏ် ကျရောက်လေ့မရှိသည့် ကျန်တိုင်းဒေသကြီးများမှ ကျန်းမာရေး အဆောက်အအုံအရေအတွက်အောက် လွန်စွာ နိမ့်ကျနေသော အနေအထားကို တွေ့နိုင်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံသည် အာဆီယံနိုင်ငံများ၏ ကပ်ရောဂါအတွက် အသင့်ဖြစ် သတ်မှတ်ချက်တွင် အဆင့် ၇ သာရှိသည်။ ထိုကဲသို့ ပြည့်စုံလုံလောက်မှုပမာဏ အားနည်းနေသော ပြည်သူ့ကျန်းမာရေး စနစ်ကို ပြန်လည်မွန်းမံရန် လိုအပ်သော်လည်း ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက အသုံးစရိတ် ၁၁၇ ဒသမ ၂ ဘီလီယံ (နိုင်ငံတော် GDP ၏ ၃ ဒသမ ၆၇ ရာခိုင်နှုန်း)ကိုသာ သုံးစွဲနိုင်ခဲ့သည်။ သို့သော်လည်း တဖက်တွင်မူ ပြည်တွင်းစစ်မီး တောက်လောင်ခြင်း၏ အကျိုးဆက်အဖြစ် ကာကွယ်ရေးကဏ္ဍ အသုံးစရိတ်က GDP ၏ ၁၀ ရာခိုင်နှုန်းအထက်တွင် နှစ်စဉ်ရှိခဲ့သည်။၄
ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ပလက်ဝမြို့နယ်အတွင်းရှိ စစ်ဘေးရှာင်ပြည်သူများ၏ အခြေအနေများ
မြန်မာနိုင်ငံ၏ လက်ရှိ ပြည်တွင်းအခြေအနေတွင် စစ်ရေးအရ လှုပ်ရှားမှု အမြင့်ဆုံး နယ်မြေများမှာ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်၊ ပလက်ဝဒေသတို့တွင်ဖြစ်ပြီး စစ်ဘေးရှောင်အရေအတွက်မှာလည်း ယင်းဒေသများတွင် အများဆုံး ဖြစ်နေသည်။ တပ်မတော်နှင့် AA အဖွဲ့တို့အကြား ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်လာကြရသည့် စစ်ဘေးရှောင်ပြည်သူအရေအတွက်ကို (ပုံ-၂)တွင် ကြည့်ရှုနိုင်ပါသည်။
ရခိုင်ပြည်နယ်တွင် စစ်ဘေးရှောင်ပြည်သူ တသိန်းခြောက်သောင်းကျော် ရှိလာသော်လည်း စစ်ဘေးရှောင်စခန်း ၁၅၁ ခုတွင် ရောက်ရှိနေသော ပြည်သူများမှာ ခြောက်သောင်းကျော်သာ ရှိနေသည်။ ယင်းအချက်အလက်မှာ ကျန်ရှိနေသော စစ်ဘေးရှောင်ပြည်သူများမှာ စစ်ရှောင်စခန်းများ၏ ပြင်ပတွင် ရောက်ရှိနေကြခြင်းကို ညွှန်းဆိုပြနေသည်။
ချင်းပြည်နယ်ရှိ စစ်ဘေးရှောင်ပြည်သူဦးရေ တသောင်းလေးထောင်ကျော်အနက် ပလက်ဝမြို့နယ်တွင် စစ်ဘေးရှောင် ဦးရေ ၉၀၀၀ ကျော်ဖြင့် အများဆုံး ရှိနေသည်။ ထို့ပြင် အဆိုပါဒေသတွင် စစ်ဘေးရှောင်စခန်းများ လုံလောက်စွာ မတည် ဆောက်ရသေးသော အခြေအနေရှိနေသည်ကိုလည်း တွေ့မြင်ရသည်။ မြန်မာတနိုင်ငံလုံး အတိုင်းအတာအရ စစ်ဘေးရှောင်ပြည်သူအရေအတွက် သုံးသိန်းကျော်ရှိလာသည့်အနက် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် စစ်ဘေးရှောင်ပြည်သူ တသိန်းရှစ်သောင်းကျော် ရှိနေခြင်းဖြစ်သည်။ အဆိုပါဒေသများတွင် စစ်ရှောင်ပြည်သူများ အလုံးအရင်းဖြင့် တိုးပွားလာသော်လည်း တဖက်တွင်မူ နေရာထိုင်ခင်း မလုံလောက်သည့် အခြေအနေတွင် ရှိနေသည်။
ကိုဗစ်-၁၉ ကပ်ရောဂါကို ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ဧပြီ ၁၀ ရက်မှ ၁၉ ရက်အတွင်း မလိုအပ်ဘဲ နေအိမ်အပြင်မထွက်ရန် သက်ဆိုင်ရာ တိုင်းနှင့် ပြည်နယ် အစိုးရအဖွဲ့များက အမိန့်များအသီးသီး ထုတ်ပြန်ခဲ့ကြသော်လည်း ရခိုင်ပြည် နယ်တွင် နေရပ်စွန့်ခွာလာသည့် စစ်ဘေးရှောင်ပြည်သူ ခုနစ်ထောင်ကျော် တိုးမြင့်လာခဲ့သည်။ အလားတူ မေလဆန်းတွင်လည်း မင်းပြားမြို့နယ်အတွင်း တိုက်ပွဲပြင်းထန်ခဲ့ခြင်းကြောင့် ကျေးရွာများမှ လူလေးထောင်ခန့်မှာ နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရပါသည်။
စစ်ဘေးရှောင်ပြည်သူအရေအတွက် ရုတ်ချည်း မြင့်တက်လာရသော အကြောင်းအရင်းဖြစ်သည့် တပ်မတော်နှင့် AA အဖွဲ့တို့အကြား ဖြစ်ပွားခဲ့သော တိုက်ပွဲအခြေအနေများမှာလည်း ဆက်စပ်လေ့လာစရာဖြစ်သည်။ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်ကပ်ရောဂါ စတင်ဖြစ်ပွားသည့် မတ်နှင့် ဧပြီအတွင်း ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် ပလက်ဝဒေသအတွင်း ဆက်လက်ဖြစ်ပွားခဲ့သော တိုက်ပွဲများ၏ အခြေအနေကို (ပုံ-၃)တွင် ဖော်ပြထားပါသည်။
ရခိုင်နှင့် ချင်းပြည်နယ်တို့ရှိ တိုက်ပွဲရှောင်ပြည်သူများသို့ ထောက်ပံ့ကူညီမှုများ
ကိုဗစ်-၁၉ ကူးစက်ကပ်ရောဂါ မြန်မာနိုင်ငံတွင် စတင်ဖြစ်ပွားချိန်မှစ၍ တိုက်ပွဲရှောင်စခန်းများတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၏ အစီအမံဖြင့် ကျန်းမာရေးဆိုင်ရာ အသိပညာပေးမှုများ လုပ်ဆောင်ခဲ့ကြသည်။ မတ် ၂၈ ရက်မှ စတင်၍ ရခိုင်ပြည်နယ်ရှိ ယာယီခိုလှုံရာစခန်း နှစ်ခု အပါအဝင် အခြားပြည်နယ်များရှိ စစ်ဘေးရှောင်စခန်းများတွင် လူကယ်ပြန်ဝန်ကြီးဌာနမှတဆင့် ကူးစက်ရောဂါ၏ လက္ခဏာများကို ရှင်းပြခြင်း၊ လက်ကမ်းစာစောင်များ ပေးဝေခြင်း၊ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အသိပေးချက်များကို ရှင်းလင်းခြင်း၊ လက်ဆေးဆပ်ပြာများ ထောက်ပံ့ခြင်း စသော အသိပညာပေးမှုများကို ပြုလုပ်ခဲ့သည်။
ပြည်ထောင်စုအစိုးရ ထည့်ဝင်ငွေ ကျပ်သိန်း ၁၂၀၀၊ ပြည်နယ် သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ ရန်ပုံငွေမှ ကျပ်သိန်း ၁၂၀၀၊ စုစုပေါင်း ကျပ်သိန်း ၂၄၀၀ ဖြင့် ပလက်ဝ၊ ဆမီး၊ မီးစာ၊ စိမ့်ဆင်းရွာတို့၌ တိုက်ပွဲရှောင်စခန်း အဆောက်အအုံ ၄၈ ခု စတင်ဆောက်လုပ်လျက်ရှိသည်။ ဧပြီ ပထမအပတ်မှ စတင်၍ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့အား ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်နှင့် ဆမီးမြို့နယ်ရှိ လက်နက်ကိုင်တိုက်ပွဲများကြောင့် ထိခိုက်ခံစားရသူများကို စားနပ်ရိက္ခာများ ထောက်ပံ့နိုင်ရေးအတွက် အစိုးရက ခွင့်ပြုခဲ့သည်။ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီကိုလည်း ရခိုင်ပြည်နယ်ရှိ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်မြို့နယ်များတွင် စားနပ်ရိက္ခာ အထောက်အပံ့များ ပုံမှန်ပေးအပ်နိုင်ရေးအတွက် ဆောင်ရွက်ခွင့်ပြုခဲ့သည်။
ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့ရှိ တိုက်ပွဲရှောင်စခန်းများ၌ ကိုဗစ်-၁၉ ကူးစက်ကပ်ရောဂါ ကာကွယ်၊ တုံ့ပြန်ရေးလုပ်ငန်းစဉ်များတွင် ပြည်တွင်း အရပ်ဘက်အဖွဲ့အစည်းများနှင့် နိုင်ငံတကာအဖွဲ့အစည်းများ၏ ပါဝင်ဆောင်ရွက်မှုအခြေအနေများမှာလည်း လေ့လာစရာဖြစ်ပါသည်။ ဇယား-၁တွင် ဖော်ပြထားသော အချက်အလက်များမှာ စစ်ဘေးရှောင်ပြည်သူများသို့ ပြည်တွင်းနှင့် နိုင်ငံတကာအဖွဲ့အစည်းအချို့၏ ကူညီပံ့ပိုးမှုများ ဖြစ်ပါသည်။
ပြည်သူ့အင်အားဦးစီးဌာနမှ ထုတ်ပြန်သည့် ၂၀၂၀ ပြည့်နှစ်၊ ဧပြီ ၁ ရက်တွင် ရှိသော မြန်မာနိုင်ငံ၏ ခန့်မှန်းလူဦးရေ စာရင်းအရ ရခိုင်ပြည်နယ်တွင် လူဦးရေ ၃ ဒသမ ၃၄ သန်းခန့်ရှိ၍ ချင်းပြည်နယ်တွင်မူ လူဦးရေ ၀ ဒသမ ၅၂ သန်းခန့် ရှိသည်။ သို့သော် အဆိုပါလူဦးရေများကို လုံလောက်သောကျန်းမာရေး စောင့်ရှောက်မှုပေးစွမ်းနိုင်မည့် ကျန်းမာရေးဝန်ထမ်းမှာမူ သာမန်အခြေအနေတွင်ပင် လုံလောက်ခြင်း မရှိပေ။ စစ်ဒဏ်သင့်ဒေသများတွင် အထူးကုဆေးရုံ သုံးရုံသာ ရှိပြီး ၎င်းတို့မှာလည်း ကချင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင်သာ တည်ရှိပါသည်။
အကယ်၍ ရခိုင်နှင့် ပလက်ဝဒေသတို့တွင် ကူးစက်ရောဂါပြန့်ပွားမှုများ ဖြစ်လာပါက လုံလောက်သော ကာကွယ်ကုသမှုကို ပေးနိုင်မည်မဟုတ်ပေ။ အခြားသော ကျန်းမာရေးဝန်ဆောင်မှု ကောင်းမွန်သော တိုင်းဒေသကြီးများသို့ သယ်ယူကုသနိုင်ရန်မှာလည်း ဖြစ်ပေါ်လျက်ရှိသော စစ်ပွဲများကြောင့် နယ်မြေတည်ငြိမ်မှု မရှိရာကတဆင့် အတားအဆီး ဖြစ်လာနိုင်သည်။ ယခုကဲ့သို့သော အခြေအနေမျိုးတွင် သာမန်ပြည်သူများထက် တိုက်ပွဲရှောင်ပြည်သူများက ကျန်းမာရေး စောင့်ရှောက်မှုစနစ်နှင့် ပို၍ အလှမ်းဝေးလျက်ရှိပြီး အရပ်ဘက်ပြည်တွင်း အဖွဲ့အစည်းများနှင့် နိုင်ငံတကာ အဖွဲ့အစည်းများ၏ ကူညီပံ့ပိုးပေးမှုများကိုသာ အားထားနေရကြောင်း တွေ့နိုင်သည်။
အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကြား ရောဂါကာကွယ်တုံ့ပြန်ရေး လုပ်ဆောင်မှုများ
၂၀၂၀ ပြည့်နှစ်၊ ဧပြီ ၂၇ ရက်တွင် အစိုးရက ဦးဆောင်၍ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ညှိနှိုင်းပူးပေါင်းရေးကော်မတီကို ဖွဲ့စည်းခဲ့သည်။ ထိုကော်မတီက ဧပြီ ၂၈ ရက်တွင် AA ပါဝင်သည့် NCA လက်မှတ်မရေးထိုးရသေးသော အဖွဲ့ ၈ ဖွဲ့ထံသို့ စာပေးပို့အကြောင်းကြားခဲ့သည်။ NCA လက်မှတ်မရေးထားသေးသည့်အဖွဲ့များအနက်မှ ၀ အဖွဲ့(UWSP/UWSA)၊ ၊ မိုင်းလားအဖွဲ့(NDAA)၊ ရှမ်းအဖွဲ့(SSPP/SSA)၊ ကချင်အဖွဲ့ (KIO/KIA)၊ ကယားအဖွဲ့(KNPP) များက အကြောင်းပြန်ခဲ့ပါသည်။ NCA လက်မှတ်ရေးထိုးထားသော အဖွဲ့ ၁၀ ဖွဲ့မှ ကိုယ်စားလှယ်များနှင့် ဆွေးနွေးပြီးနောက် ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်များအကြား သတင်းအချက်အလက် ဖလှယ်ခြင်း၊ အနီးစပ်ဆုံးဆေးရုံသို့ ပို့သနိုင်ရေး စသည့် ညှိနှိုင်းဆောင်ရွက်မှု အချက် ၇ ချက်ကို သဘောတူခဲ့ကြသည်။
၂၀၂၀၊ မေ ၉ ရက်တွင်မူ တပ်မတော်က ‟ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်ရောဂါ ထိန်းချုပ်၊ ကာကွယ်၊ ကုသ ရေးလုပ်ငန်းများ ပိုမိုထိရောက်စွာဆောင်ရွက်နိုင်ရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် ‟ ဟုဆိုကာ ၂၀၂၀၊ မေ ၁၀ ရက်မှ ဩဂုတ် ၃၁ ရက်အထိ အပစ်ရပ်စဲကြောင်း ကြေညာခဲ့သည်။ သို့ရာတွင် အကြမ်းဖက်အဖွဲ့အစည်းဟု သတ်မှတ်ခံထားရသည့် အဖွဲ့အစည်းများ တည်ရှိရာ အရပ်ဒေသများမှာမူ အကျုံးမဝင်ပေ။မေ ၁၀ ရက်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ကျိုင်းတုံခရီးစဉ်တွင် အထူးဒေသ(၂) ဝအဖွဲ့နှင့် အထူးဒေသ(၄) မိုင်းလားအဖွဲ့မှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။ မေ ၁၃ ရက် တွင်လည်း ကချင်ပြည်နယ်အစိုးရအဖွဲ့ ကိုယ်စားလှယ်များက KIO/KIA အဖွဲ့ ၏ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ကော်မတီမှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ ရောဂါကာကွယ်ရေးတွင် မူအားဖြင့် ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီမှု ရရှိခဲ့ကြသော်လည်း လက်တွေ့မြေပြင်တွင် ပူးပေါင်းနိုင်ရန် အခက်အခဲများ ရှိနိုင်ပါသည်။
နိဂုံး
ကျန်းမာရေးစနစ် ယိုယွင်းအားနည်းနေသော မြန်မာနိုင်ငံ၏ လက်ရှိအခင်းအကျင်းတွင် လောင်မြဲဆဲ လောင်ကျွမ်းနေသည့် ပြည်တွင်းစစ်မီးကလည်း ကိုဗစ်-၁၉ ကာကွယ်တားဆီးရေးလုပ်ငန်းများအတွက် အတားအဆီးများပင် ဖြစ်သည်။ ပြည်တွင်းစစ်ကြောင့် နှစ်စဉ် ကာကွယ်ရေးအသုံးစရိတ်ကို မြင့်မားစွာသုံးစွဲနေပြီး ကျန်းမာရေးဝန်ထမ်း အင်အားမလုံလောက်မှု၊ အခြေခံအဆောက်အအုံများ မပြည့်စုံမှု ပြဿနာများက ကျန်းမာရေးစနစ်ကို ချည်နဲ့သောစနစ်တခုအဖြစ်သို့ နိမ့်ကျစေသည့်အကြောင်းအရင်းတချက် ဖြစ်လာပါသည်။
ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် ပလက်ဝတို့ရှိ စစ်ရှောင်ပြည်သူများအတွက် သာမန်အခြေအနေတွင်ပင် လုံလောက်သော ကျန်းမာရေးစောင့်ရှောက်မှုမပေးနိုင်ချိန်တွင် ကူးစက်ကပ်ရောဂါ၏ စိန်ခေါ်မှုနှင့် ပြည်တွင်းစစ်ပဋိပက္ခ ဖြစ်ပွားမှုတို့ကို တချိန်တည်းတွင် ဆက်လက်ခံစားနေရခြင်းမှာ အန္တရာယ်ကျော့ကွင်း နှစ်ထပ်အတွင်း ကျရောက်နေခြင်းဖြစ်သည်။ တဖက်တွင်လည်း အစိုးရ၊ တပ်မတော်နှင့် အခြားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအကြား ကိုဗစ်-၁၉ ကူးစက်ကပ်ရောဂါ တားဆီးကာကွယ်ရေးအတွက် ပူးပေါင်းဆောင်ရွက်ကြရန် မူအားဖြင့်ဖြစ်စေ သဘောတူနိုင်ကြချိန်ဖြစ်သည်။
ဤသည်မှာ အရပ်ဘက်-စစ်ဘက် ဆက်ဆံရေးကောင်းမွန်ခြင်းနှင့် ငြိမ်းချမ်းရေးခရီးစဉ် လမ်းစအဖြစ် မျှော်လင့်နိုင်ပါသည်။ သို့ရာတွင် အကြမ်းဖက် အဖွဲ့အစည်းအဖြစ် သတ်မှတ်ခြင်းခံထားရသည့် AA အဖွဲ့နှင့် တပ်မတော်တို့ ထိတွေ့တိုက်ခိုက်ရာ အဓိက စစ်ဒဏ်သင့်ဒေသများမှ စစ်ဘေးရှောင်ပြည်သူများ၏ အရေးကိုလည်း ထည့်သွင်း စဉ်းစားသင့်သည်။ လက်ရှိအချိန်မှာ နှစ်ဖက်လက်နက်ကိုင်တပ်ဖွဲ့များအကြား ပြည်သူ့အကျိုးကို ရှေးရှု၍ ကပ်ရောဂါကာကွယ်ရေးအတွက် ထိစပ်ဆွေးနွေးရန် အလွန်အရေးပါသည့် အချိန်ဖြစ်ပါသည်။
အစိုးရအနေဖြင့် (No one left behind Policy) မည်သူတဦးတယောက်ကိုမှ ချန်လှပ်မထားရေးမူဝါဒကို ချမှတ်ထားသော်လည်း ယင်းဒေသရှိ စစ်ရှောင်ပြည်သူများ၏ ကပ်ဘေးအတွင်း အရေးပါသည့်ရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက်များကို အတိုင်းအတာတခုအထိ ဖြည့်ဆည်းပေးနိုင်မှု နည်းပါးနေသည်ကို တွေ့ရပါသည်။ သို့ဖြစ်၍ ယင်းဒေသရှိ စစ်ရှောင်ပြည်သူများကို COVID ကပ်ရောဂါ ကူးစက်ခဲ့ပါက မထိန်းချုပ်နိုင်သည်အထိ ဆိုးရွားမှု ဖြစ်ပေါ်သွားနိုင်ပါသည်။ ယင်းမှတဆင့် စိတ်ပိုင်းဆိုင်ရာ နာကြည်းမှု၊ မကျေလည်မှုအသွင်သို့ ကူးပြောင်းနိုင်ပြီး နိုင်ငံတော် တည်ဆောက်ရေး၊ ငြိမ်းချမ်းရေးဖြစ်စဉ်၊ အမျိုးသားပြန်လည် သင့်မြတ်ရေး လုပ်ငန်းစဉ်များအတွက် ကြီးစွာသော အဖုအထစ်တခု ဖြစ်လာနိုင်ပါသည်။
ကိုးကားစာရင်း
မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျူ (ISP Myanmar) သည် လွတ်လပ်ပြီး ပါတီစွဲကင်းသည့် အစိုးရမဟုတ်သော သုတေသနအဖွဲ့ဖြစ်ပါသည်။ ISP Myanmar ၏ မြော်မြင်ချက်မှာ မြန်မာနိုင်ငံကို ရုန်းထကြံ့ခိုင်မှုအားကောင်းပြီး သည်းခံစိတ်ကြီးမားသော လူ့အဖွဲ့အစည်းတစ်ရပ်အဖြစ်ပေါ်ထွန်းလာရေး ဖြစ်သည်။ ISP Myanmar ၏ ဦးတည်ချက်မှာ ဒီမိုကရေစီကျသော ခေါင်းဆောင်မှုကို မြှင့်တင်အားပေးရန်နှင့် နိုင်ငံအရေးတွင် နိုင်ငံသားများ ပါဝင်ဆောင်ရွက်မှုအားကောင်းစေရန်ဖြစ်သည်။
မြန်မာနိုင်ငံက အခုအချိန်မှာ လူပေါင်း ၁ ဒသမ ၇ သန်းကို ကာကွယ်ဆေး ထိုးနှံ ပြီး…
လော့ခ်ဒေါင်းချ ဆောင်ရွက်တဲ့ အခါမှာ ဆင်းရဲတဲ့အိမ်ထောင်စုတွေ၊ အလုပ်အကိုင် ဆုံးရှုံးသွားသူတွေ၊ ချို့တဲ့အားနည်းတဲ့ လူတွေအတွက်လည်း အဓိကစဉ်းစားပေးပြီး ကုစားရေး…
တရုတ်နိုင်ငံဟာ ကာကွယ်ဆေးကို အများကောင်းကျိုးအဖြစ် အသုံးပြုမယ်၊ မြန်မာနိုင်ငံစတဲ့ မိတ်ဖက်နိုင်ငံတွေကို ဦးစားပေးဖြန့်ဝေမယ် ဆိုတာဟာ စေတနာကောင်းရင်တောင် လက်တွေ့…
Discussion about this post