Menu & Search

ဒုတိယဗိုလ်ချုပ်ကြီးခင်ဇော်ဦး(ငြိမ်း) အား မေးမြန်းခြင်း

May 27, 2020

COVID -19 ဖြစ်စဉ်ကို ခြိမ်းခြောက်မှု (Threat) အစား အခွင့်အလမ်း (Opportunity) အဖြစ် ပြောင်းလဲ လိုပါတယ်။ ညှိနှိုင်းမှုတွေ၊ နားလည်မှုတွေ၊ သဘောထားကြီးမှုတွေ အများကြီး လိုအပ်ပါတယ်။

မေး။ COVID-19 ကူးစက်ကပ်ဘေးကို တုံ့ပြန်ရင်ဆိုင်ဖို့အတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနဲ့ ပူးပေါင်း ဆောင်ရွက်ရေးကော်မတီကို မကြာသေးမီက ဖွဲ့ခဲ့ပါတယ်။ အခုလုပ်ငန်းစဉ်ရဲ့ ရေတို-ရေရှည်မျှော်မှန်းချက်၊ တိုးတက်မှု အခြေအနေတွေ သိလိုပါတယ်။

ဖြေ။ ဟုတ်ကဲ့။ ဧပြီ ၂၇ ရက်မှာ နိုင်ငံတော်သမ္မတရုံး၊ အမိန့် ကြော်ငြာစာအမှတ် ၆၃/၂၀၂၀ နဲ့ “COVID-19 ကာကွယ် ထိန်းချုပ် ကုသရေးနှင့် စပ်လျဉ်း၍ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ညှိနှိုင်းပူးပေါင်းရေး ကော်မတီ” ကို ဖွဲ့စည်းခဲ့ ပါတယ်။ နိုင်ငံတော်အစိုးရအနေနဲ့ COVID-19 ကာကွယ်ထိန်း ချုပ်ကုသရေးနဲ့ စပ်လျဉ်းပြီး အလှူရှင်များ၊ စေတနာ့ဝန်ထမ်း များ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ ပြည်သူများနဲ့ ပူးပေါင်းဆောင်ရွက်လျက်ရှိရာမှာ လူမျိုး၊ ဘာသာခွဲခြားခြင်း၊ နေထိုင်ရာ ဒေသ ခွဲခြားခြင်း မရှိဘဲ နိုင်ငံတော်အတွင်း မှီတင်းနေထိုင်သူ မည်သူ့ကိုမျှ ချန်လှပ်မထားရေးမူဝါဒ ( No one left behind Policy) နဲ့ ဆောင်ရွက်နေပါတယ်။ ဒီလိုဆောင်ရွက်တဲ့အခါမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ အခြေပြုရာ နေရာတွေကို ကြည့်ရင် နယ်စပ်ဒေသတွေမှာ အများစုဖြစ်နေတာ တွေ့ရပါမယ်။ အချို့ဒေသတွေဆိုရင် အစိုးရ အုပ်ချုပ်မှု မရောက်တဲ့ ဒေသတွေလိုလည်း ဖြစ်နေပါတယ်။ တကယ်လို့များ အဲဒီဒေသတွေမှာ COVID-19 ရောဂါကူးစက်ခံရခြင်း၊ အဲဒီ ဒေသတွေမှတဆင့် ဖြတ်သန်းလာသူတွေမှာ ရောဂါကူးစက်ခံရခြင်းတို့ ဖြစ်ပွားခဲ့ရင် တနိုင်ငံလုံးအတွက် အလွန် စိုးရိမ်စရာ ကောင်းမယ့် အခြေအနေဖြစ်ပါတယ်။ အဲဒီဒေသတွေမှာ ရောဂါ ကာကွယ်ထိန်းချုပ်ရေး၊ ကုသရေးကိစ္စတွေကို ဆောင်ရွက်ဖို့ ဆိုရင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှသာ ထိထိရောက်ရောက် ဆောင်ရွက်နိုင် မှာ ဖြစ်ပါတယ်။ ဒါကြောင့် ကျနော်တို့ကော်မတီကို Task Force သဘောမျိုးနဲ့ ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ ဒီလို ဖွဲ့ပြီးတဲ့အခါမှာ ကျနော်တို့ကော်မတီကို လုပ်ငန်းတာဝန် ခုနစ်ရပ် ချမှတ်ပေးခဲ့ပါတယ်။

COVID-19 ရဲ့ သဘောသဘာဝအရ ကမ္ဘာကလည်း ခန့်မှန်းထားတာက အနည်းဆုံး  နှစ်နှစ်လောက် ကြာနိုင်တယ်လို့ သိရပါ တယ်။ ဒီတော့ ချပေးထားတဲ့ လုပ်ငန်းတာဝန်တွေ အနေနဲ့က ရေရှည်ဆောင်ရွက်ရမယ့် သဘောရှိပါတယ်။ သို့သော်လည်း အပိုဒ် ၂ မှာလို နယ်စပ်ဝင်ပေါက်က ဝင်ရောက်လာသူတွေ ကိစ္စကတော့ အချိန်အတိုင်းအတာ တခုမှာ ရပ်သွားနိုင်ပါတယ်။ အသွားအလာတွေ တဖြည်းဖြည်း နည်းရာကနေ တရားဝင် ပြန်မဖွင့်မချင်း ပိတ်ထားမှာ ဖြစ်နေတော့ ရေတိုလုပ်ငန်းလို့လည်း ပြောလို့ ရပါတယ်။ ဒါပေမဲ့ သွားလာမှု ပြန်ဖွင့်တဲ့ အချိန်မှာလည်း ပေါ့လျော့မှုမျိုး မရှိဘဲ သတိထားပြီး ဆက်လုပ်ရမှာလည်း ဖြစ်ပါတယ်။ တကယ်တော့ ကျနော်တို့ကော်မတီရဲ့ လုပ်ငန်းတာဝန်များအရဆိုရင် ပူးပေါင်းဆောင်ရွက်ဖို့က သုံးချက်၊ ညှိနှိုင်းဆောင်ရွက်ဖို့က သုံးချက်၊ ညှိနှိုင်းပူးပေါင်းဆောင်ရွက်ဖို့က  တချက် ဖြစ်ပါတယ်။

စတင် ဖွဲ့စည်းပြီးတဲ့နောက် ကျနော်တို့အနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနဲ့ ဆက်သွယ်မှုယူပြီး ညှိနှိုင်း ပူးပေါင်းဆောင်ရွက်မှုတွေ စလုပ်ပါတယ်။ မေ ၅ ရက်က ရန်ကုန်မှာရှိနေတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ကိုယ်စားလှယ်နဲ့ အလွတ်သဘော တွေ့ဆုံညှိနှိုင်းမှု လုပ်ပါတယ်။ မေ ၈ ရက်မှာ NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့အစည်း ၁၀ ဖွဲ့က တာဝန်ပေးအပ်တဲ့ PPWT အဖွဲ့နဲ့ Online / Video Conferencing ကတဆင့် တွေ့ဆုံ ဆွေးနွေးမှုတွေ လုပ်ပြီး ဘယ်လို ပူးပေါင်းဆောင်ရွက်ကြမလဲ ဆိုတာ ညှိနှိုင်းကြပါတယ်။ အကြမ်းဖျဉ်း သဘောတူညီ မှု ခုနစ်ချက် ရခဲ့ပါတယ်။ နောက် မေ ၁၁ ရက်မှာ KNU ၊ မေ ၁၂ ရက်မှာ NMSP အဖွဲတွေနဲ့ တဖွဲ့ချင်းစီ Online က တွေ့ဆုံ ဆွေးနွေးမှုတွေ လုပ်ခဲ့ပါတယ်။ ဆက်လက်ပြီး မေ ၁၄ ရက်မှာ PNLO၊ မေ ၁၅ ရက်မှာ CNF တို့နဲ့လည်း Online Video Conferencing ဆွေးနွေးပွဲတွေ ဆက်လုပ်ပါမယ်။

ကျနော်တို့ ဆက်သွယ်မှုတွေအရ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအနေနဲ့ ကျနော်တို့ ညှိနှိုင်းပူးပေါင်း ကော်မတီဖွဲ့ စည်းမှုအတွက် ကြိုဆိုဝမ်းသာကြောင်း၊ ၎င်းတို့ရဲ့ အခြေပြုရာ ဒေသတွေမှာ COVID-19 ကာကွယ်တားဆီး ထိန်းချုပ်တဲ့ လုပ်ငန်းတွေကို ဆောင်ရွက်နိုင်ရန်အတွက် COVID-19 ကာကွယ်တားဆီးနှိမ်နင်းရေး ကော်မတီတွေ ဖွဲ့ထားကြောင်း၊ ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိပါကြောင်း၊ အကြောင်း ပြန်ကြားမှုတွေလည်း ရပါတယ်။ အကြောင်းပြန်တဲ့ အဖွဲ့တွေအနက် NCA လက်မှတ် ရေးထိုးထားခြင်း မရှိသေးတဲ့ အထူးဒေသ (၂) ဝ၊ အထူးဒေသ(၃) SSPP/SSA၊ အထူးဒေသ(၄) မိုင်းလား၊ KIO၊ KNPP တို့ ပါဝင်ပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေ အနေနဲ့လည်း သူတို့အစီအစဉ်တွေနဲ့ COVID-19 ကာကွယ်တားဆီး ထိန်းချုပ်ရေး လုပ်ငန်းတွေ ဆောင်ရွက်နေတာလည်း တွေ့ရပါတယ်။ ဥပမာ NDAA မိုင်းလားက ဇန်နဝါရီ ၂၇ ရက်၊ RCSS က မတ် ၁၅ ရက်၊ SSPP/SSA က မတ် ၁၅ ရက်၊ KNPP က မတ် ၁၇ ရက်၊ KNU က မတ် ၂၅ ရက်၊ NMSP မတ် ၂၅ ရက်၊ PNLO ဧပြီ ၆ ရက်တွေက စပြီး အပူချိန်တိုင်းခြင်း၊ ကာကွယ်ဆေးဖြန်းခြင်း၊ လက်ဆေးခြင်း အပါအဝင် တကိုယ်ရေ ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်များကို ကြပ်မတ်ခြင်း၊ တိုင်းရင်းသား ဘာသာစကားဖြင့် အသိပေးနှိုးဆော်ခြင်း၊ ကြော်ငြာများ ဖြန့်ဝေခြင်းစတဲ့ လုပ်ငန်းတွေကို လုပ်ဆောင်ကြောင်း သိရပါတယ်။ မိုင်းလားမှာဆိုရင် တရုတ်နိုင်ငံက ပြန်လည်ဝင်ရောက်လာသူ ၃,၀၀‌၀ ကျော်ခန့်ကို Quarantine ၂၁ ရက်ထားကာ စောင့်ရှောက်ပေးတာမျိုးလည်း တွေ့ရပါတယ်။ ကျနော်တို့ကို အသိပေးလာလို့ NRPC ကို တင်ပြပြီး ဆန်အိတ် ၁,၀၀၀ နဲ့ စားဆီ နှစ်ပေပါကို ထောက်ပံ့ပေး ခဲ့ပါတယ်။ တချို့ အဖွဲ့အစည်းတွေလည်း သူတို့ အစီအစဉ်နဲ့ လုပ်နေတာတွေ အများကြီး ရှိနိုင်ပါတယ်။ ဒီလိုမျိုး အသိစိတ်ဓာတ်ရှိရှိနဲ့ COVID-19 ကာကွယ် တားဆီးရေးမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ ပူးပေါင်းပါဝင်လာတာဟာ အလွန်ကောင်းတဲ့ လုပ်ရပ် ဖြစ်ပါတယ်။ ကျနော်တို့အသိအမှတ် ပြုရပါမယ်၊ အကူအညီ ပေးရပါမယ်၊ ပူးပေါင်းဆောင်ရွက် ရပါမယ်။ အခုဆိုရင် ကျနော်တို့ ညှိနှိုင်းပူးပေါင်းကော်မတီကို ဖွဲ့စည်းပေးလိုက်တော့ အပေါ်မှာ ပြောပြခဲ့တဲ့အတိုင်း ကျနော်တို့ ပူးပေါင်းဆောင် ရွက်နိုင်အောင် စတင်လုပ်ဆောင်နေပါပြီ။ သူတို့အနေနဲ့ နည်းပညာပိုင်းအရ လည်းကောင်း၊ ရုပ်ဝတ္တုပိုင်းအရ လည်းကောင်း မပြည့်စုံမှုတွေ ရှိနိုင်ပါတယ်။ ကျနော်တို့ ဖြည့်ဆည်း၊ ပံ့ပိုးပေးရမှာ ဖြစ်ပါတယ်။ သက်ဆိုင်ရာ နယ်မြေတွေမှာ အုပ်ချုပ်ရေး အဖွဲ့အစည်းများနှင့် ချိတ်ဆက်ပေးခြင်း၊ ကျန်းမာရေးဌာန၊ အဖွဲ့အစည်းများနဲ့ ချိတ်ဆက်ပေးခြင်းတို့ကို ဆောင်ရွက်လာနိုင်မှာ ဖြစ်ပါတယ်။ ဒီလို ညှိနှိုင်းပူးပေါင်း ဆောင်ရွက်လာနိုင်ရင် ရောဂါကာကွယ် တားဆီးထိန်းချုပ်ရေးဟာ ပိုမိုစနစ်ကျလာပြီး ထိရောက်လာမှာ ဖြစ်ပါတယ်။ ယခုအထိတော့ တိုင်းရင်းသား လက်နက်ကိုင်များ အခြေပြုရာ ဒေသအတွင်းမှာ ရောဂါပိုး တွေ့ရှိသူများ မတွေ့ရသေးပါဘူး။ သို့သော်လည်း အချိန်မရွေး တွေ့လာနိုင်တဲ့အတွက် ကာကွယ် တားဆီးထိန်းချုပ် ရေးအပြင် ကုသရေး၊ ထိတွေ့လူနာများ ရှာဖွေရေး၊ လိုအပ်လို့ Quarantine စခန်းတွေ ဖွင့်ရမယ်ဆိုရင်လည်း ကူညီပေးရေး တို့ကို ထဲထဲဝင်ဝင် ဆောင်ရွက်လာနိုင်မှာ ဖြစ်ပါတယ်။

COVID-19 ရောဂါ ကာကွယ်တားဆီး ထိန်းချုပ်ကုသရေးဟာ တကယ်တော့ အမျိုးသားရေး တာဝန်တရပ် ဖြစ်လာပါပြီ။ အချိန်ယူပြီး လုပ်ရမယ့် လုပ်ငန်းတရပ်လည်း ဖြစ်ပါတယ်။ ဒီလိုတမျိုးသားလုံးနဲ့ ဆိုင်တဲ့လုပ်ငန်းတွေကို ကျနော်တို့ အချင်းချင်း ညှိနှိုင်းပူးပေါင်းဆောင်ရွက်နိုင်ရင် ရောဂါ ကာကွယ်တားဆီး ထိန်းချုပ်ရေးနဲ့ ကုသရေးလုပ်ငန်းတွေကို ထိရောက် စွာ ဆောင်ရွက်နိုင်ပြီး နိုင်ငံတဝန်းလုံးမှာ ရောဂါခံစားရသူ အနည်းဆုံးဖြစ်လာမှာ ဖြစ်ပါတယ်။ ရောဂါနဲ့ပတ်သက်ပြီး ပူးပေါင်း လုပ်ဆောင်ခြင်းနဲ့ တပြိုင်နက် COVID-19 ကာလအတွင်းနဲ့ COVID အလွန်ကာလ အတွင်းမှာ ကြုံတွေ့လာနိုင်တဲ့ ဒေသခံ ပြည်သူလူထုရဲ့ လူမှုစီးပွား ဘဝအခက်အခဲတွေကိုလည်း ဝိုင်းဝန်းဖြေရှင်းရဦးမှာ ဖြစ်ပါတယ်။ COVID ကာလအတွင်း အသွားအလာ ကန့်သတ်မှု၊ လူစုလူဝေးကန့်သတ်မှု စတဲ့ ကန့်သတ်ချက်များစွာကြောင့် အလုပ်များ ရပ်နားထားရခြင်း၊ အချို့ လုပ်ငန်းခွင်များ ပိတ်သိမ်းသွားခြင်းတို့ကြောင့် အလုပ်လက်မဲ့ပြဿနာကို ရင်ဆိုင်လာရနိုင်ပါတယ်။ ထို့အပြင် တဖက် နိုင်ငံများမှ ပြန်လည်ဝင်ရောက် လာသူများ အနေနဲ့လည်း အလုပ်လက်မဲ့ ဖြစ်လာနိုင်သလို ယခင်က သူတို့ဝင်ငွေပေးပို့မှုအရ ရပ်တည်နေရတဲ့ သူတို့ မိသားစုများဟာလည်း ဝင်ငွေမရတော့တဲ့ အခက်အခဲတွေနဲ့ ကြုံတွေ့လာရမှာ ဖြစ်ပါတယ်။ ဒီအခက်အခဲတွေကိုလည်း ကျနော်တို့ ပူးပေါင်း ညှိနှိုင်းပြီး ဖြေရှင်းရပါဦးမယ်။ ကျန်းမာရေး ပြဿနာတွေ၊ လူမှုစီးပွား အခက် အခဲတွေကို အတူတူ ညှိနှိုင်းပူးပေါင်း ဖြေရှင်းရေးမှတဆင့် ငြိမ်းချမ်းရေးဖြစ်စဉ်ကိုလည်း အတူတူ ညှိနှိုင်းပူးပေါင်း ဖြေရှင်းနိုင်မယ်လို့ မျှော်မှန်းပါတယ်။

မေးတပ်မတော်က COVID-19 ကူးစက်ရောဂါ ကာကွယ်တုံ့ပြန်ရေးလုပ်ငန်းတွေမှာ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ အပစ်အခတ် ရပ်စဲရေးကာလ သုံးလကို ကြေညာခဲ့ပါတယ်။ ဒါဟာ COVID-19 တိုက်ဖျက်ရေးနဲ့ ပတ်သက်လို့ လုပ်ဆောင်ရင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် ယုံကြည်မှု တည်ဆောက်ရေးကို တိုးတက်စေမှာလား၊ ဘယ်လိုပူးပေါင်းဆောင်ရွက်မှုတွေ ရှိမှာပါလဲ။

ဖြေ။ ကျနော်တို့နိုင်ငံမှာ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA ) ကို ညှိနှိုင်းရေးဆွဲထားပြီး သ ဘောတူ စာချုပ်ကို လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း (၁၀) ဖွဲ့ ရှိပါတယ်။  လက်မှတ်ရေးထိုးထား ခြင်း မရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ရှစ်ဖွဲ့ ကျန်ရှိနေပါတယ်။ NCA ကို လက်မှတ်ရေးထိုး ထားခြင်း မရှိ သော်လည်း နှစ်ဦးနှစ်ဘက် (Bilateral) အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့အစည်း လေးဖွဲ့ ရှိပါတယ်။ အထူးဒေသ (၁) ဝ၊ အထူးဒေသ (၃) SSPP/SSA၊ အထူးဒေသ (၄) မိုင်းလားနဲ့ KNPP အဖွဲ့တို့ ဖြစ်ပါတယ်။ Bilateral လက် မှတ်ရေးထိုးထားခြင်း မရှိသေးတဲ့ အဖွဲ့ကတော့ KIO၊ TNLA၊ MNDAA နဲ့ AA တို့ ဖြစ်ပါတယ်။ နောက်ဆုံး AA ကို အကြမ်းဖက် အဖွဲ့အဖြစ် ကြေညာထားတာ ရှိပါတယ်။ ဒီလိုရှိနေတဲ့ နေရာမှာ တခါတရံ အောက်ခြေမှာ နားလည်မှုလွဲမှားပြီး NCA လက်မှတ် ရေးထိုးထားတဲ့ အဖွဲ့အစည်းအချို့က တပ်ဖွဲ့တွေနဲ့ ပစ်ခတ်မှုတွေ ဖြစ်ပွားတာ ရှိပါတယ်။ တခါတရံမှာလည်း Bilateral လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့အစည်းက တပ်ဖွဲ့တွေနဲ့လည်း ပစ်ခတ်မှုတွေ ရှိခဲ့ပါတယ်။ အဲဒီလို ပစ်ခတ်မှု အသေး စားလေးများမှတဆင့် ပဋိပက္ခအသွင်ဆောင်တဲ့ တိုက်ပွဲတွေ မဖြစ်ရအောင် ကျနော်တို့ ညှိနှိုင်းဆောင်ရွက်ခဲ့ပါတယ်။ AA လို ဘာမှ လက်မှတ်ရေး ထိုးထားတာမရှိတဲ့အပြင် အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားတဲ့အဖွဲ့နဲ့ တိုက်ပွဲဖြစ်နေတာတွေ ရှိပါ တယ်။

မေ ၉ ရက်မှာ တပ်မတော်အနေနဲ့ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲခြင်းကို သြဂုတ် ၃၁ ရက်အထိ ကြေညာခဲ့ပါတယ်။ ဒီကြေညာ ချက်မှာတော့ အကြမ်းဖက်အဖွဲ့အစည်းများ ရှိသည့်နေရာမှအပလို့ ဆိုထားတာကြောင့် AA မပါ ကျန်အဖွဲ့ အစည်း အားလုံးနဲ့ အကျုံးဝင်ကြောင်း တွေ့ရပါတယ်။ တပ်မတော်က ကြေညာတဲ့ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲခြင်းဟာ တနည်းအားဖြင့် တဖက် သတ်ပစ်ခတ် တိုက်ခိုက်မှုရပ်စဲခြင်း (သို့မဟုတ်) ကနဦး လက်ဦးမှု ရယူပစ်ခတ်တိုက်ခိုက်မှုမပြုခြင်း (No first Strike declaration) လို့ ဆိုနိုင်ပါတယ်။ ဒီနေရာမှာ ဒီလိုအပစ်အခတ်ရပ်စဲခြင်းဟာ COVID တိုက်ဖျက်ရေးနဲ့ ပတ်သက်ပြီး လုပ် ဆောင်ရင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် ယုံကြည်မှုတည်ဆောက်ရေးကို တိုးတက်စေမှာလား ဆိုတာကို ဖြေရရင် နှစ် ဖက်စလုံးက အမှန်တကယ်သာ လိုက်နာ လုပ်ဆောင်နိုင်ရင် ယုံကြည်မှုတည်ဆောက်ရေး တိုးတက်မှုအတွက်သာမက ငြိမ်း ချမ်းရေး လုပ်ငန်းစဉ် ရှေ့ရောက်လာဖို့ အတွက် များစွာအကျိုးပြုနိုင်မယ်လို့ ယူဆပါတယ်။ အထူးသဖြင့် ယုံကြည်မှု တည် ဆောက်ရေးအတွက် ပြောရရင် တပ်မတော်ရဲ့ ကြေညာချက်ထဲမှာကိုက ဘာတွေပါသလဲဆိုရင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရဲ့ ငြိမ်းချမ်းရေးမူဝါဒ ခြောက်ရပ်အနက် လေးရပ်ကို ဖေါ်ပြထားတာ တွေ့ရပါတယ်။ ဒီအချက်တွေဟာ ယုံကြည်မှု ကို ထိခိုက်စေတဲ့ အချက်တွေ ဖြစ်နေလို့ ဖြစ်ပါတယ်။ သဘောတူစာချုပ်များအတိုင်း ကတိတည်ရန်၊ ငြိမ်းချမ်းရေး သဘော တူညီချက်များအပေါ် အမြတ်မထုတ်ရန်၊ ဒေသခံ ပြည်သူလူထုအပေါ် ဝန်ထုပ်ဝန်ပိုး မဖြစ်စေရန်၊ နိုင်ငံတော်က ထုတ်ပြန် ထားသည့် တည်ဆဲဥပဒေများကို လိုက်နာရန်တို့ ဖြစ်ပါတယ်။ ဒီလို COVID ကာကွယ်တားဆီးထိန်းချုပ်ရေး ကာလ အတွင်းမှာ အထက်ပါ အချက်များကို မလုပ်ဆောင်ရင် (တစ်) အချက်က ယုံကြည်မှုကို မထိခိုက်နိုင်ဘူးလို့ ယူဆရပါတယ်၊ (နှစ်) အချက် ယုံကြည်မှု တည်ဆောက်ရေးကို တိုးတက်စေဖို့ အတွက်ကတော့ COVID ကာကွယ်တားဆီးရေး လုပ်ငန်းတွေ ကစပြီး အချင်းချင်း ညှိနှိုင်းပူးပေါင်းလုပ်ဆောင်ခြင်းက စရပါမယ်။ တနေ့က တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကျိုင်းတုံ ခရီးစဉ်မှာ NCA လက်မှတ် ရေးထိုးထားခြင်း မရှိတဲ့ အထူးဒေသ (၂) ဝအဖွဲ့နဲ့ အထူးဒေသ (၄) မိုင်းလားက ခေါင်းဆောင်များ၊ ကိုယ်စားလှယ်များနဲ့ တွေ့ဆုံခဲ့ကြောင်း သတင်းမှာ တွေ့ရပါတယ်။ အထူး (၄) မိုင်းလားက ဥက္ကဋ္ဌ ဦးစိုင်းလင်းနဲ့ အဖွဲ့ဝင်များ၊ အထူး (၂) ဝ တောင်ပိုင်းက ဦးညီကပ်နဲ့ အဖွဲ့ဝင်များနဲ့ တွေ့ဆုံပြီး COVID ကာကွယ်ရေး၊ ဒေသခံများ၏ လူမှုစီးပွားဘဝ တိုးတက်ရေ စတဲ့ အကြောင်းအရာတွေ ဆွေးနွေးခဲ့ပါတယ်။ အဲဒီဆွေးနွေးပွဲမှာ မိုင်းလားမှာ ဆရာဝန် အခက်အခဲရှိကြောင်း တင်ပြချက်အရ တပ်မတော် ဆေးအဖွဲ့စေလွှတ်ပေးမယ်လို့ ပြောခဲ့ပါတယ်။ မေ ၁၂ ရက် ညနေပိုင်းမှာ ဆရာဝန်  နှစ်ဦးပါတဲ့ တပ်မတော်ဆေး အကာကွယ်အဖွဲ့ ၁၂ ဦးကို ကျိုင်းတုံမှတဆင့် စေလွှတ်ပေးခဲ့ပါတယ်။ ဒီဖြစ်စဉ်ဟာ ငြိမ်းချမ်းရေး လုပ်ငန်း စဉ်အတွက် ယုံကြည်မှုကို တည်ဆောက်နိုင်မယ့် ဖြစ်စဉ်မျိုး ဖြစ်တယ်လို့ ယူဆပါတယ်။

နောက်တခုကတော့ COVID ကာကွယ်တားဆီးရေးလုပ်ငန်းဆောင်ရွက်ရင်းနဲ့ နားလည်မှုလွဲတဲ့ ကိစ္စမျိုးမဖြစ်အောင် လုပ် ဆောင်ရေးဖြစ်ပါတယ်။ RCSS နဲ့ KNU နယ်မြေအတွင်းမှာ COVID ကာကွယ် တားဆီးရေးအတွက် အပူချိန် တိုင်းခြင်း၊ ဖြတ် သန်းသွားလာသူများ မှတ်ပုံတင်ခြင်း စတဲ့လုပ်ငန်းတွေ ဆောင်ရွက်ဖို့ ဂိတ်များ (Screening Point) ဖွင့်လှစ်ခဲ့ရာတွင်   နား လည်မှုလွဲတဲ့ ဖြစ်စဉ် တခု၊ နှစ်ခု ဖြစ်ခဲ့ပါတယ်။ ဒီလို အလားတူမဖြစ်ရအောင် ကျနော်တို့ကော်မတီအနေနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနဲ့ ညှိနှိုင်း ဆောင်ရွက်ပေးနေပါတယ်။ နှစ်ဖက်တပ်များရဲ့ စပ်ကြားနယ်မြေတွေမှာ ဆောင် ရွက်လိုရင် ဘယ်နေရာတွေမှာ လုပ်ချင်သလဲဆိုတာ ကြိုတင်ညှိနှိုင်းဖို့ ဖြစ်ပါတယ်။ ဒါ့အပြင် အဲဒီအဖွဲ့တွေဟာ စစ်ယူနီဖေါင်း ဝတ်ဆင်ခြင်း၊ လက်နက်ကိုင်ဆောင်ခြင်း မပြုဖို့ လိုအပ်ပါတယ်။ ဒါတွေ ကြိုတင်ညှိနှိုင်းမယ်ဆိုရင် နားလည်မှုလွဲခြင်းကဲ့သို့ မလိုလားအပ်တဲ့ ပြဿနာတွေကို တားဆီးနိုင်ပြီး ယုံကြည်မှုကို ထိခိုက်မယ့်ဖြစ်စဉ်များ ပပျောက်သွားစေမှာ ဖြစ်ပါတယ်။

ကျနော်တို့ အနေနဲ့ကတော့ COVID အကျပ်အတည်းကို ငြိမ်းချမ်းရေး အတွက် အခွင့်အလမ်းတခု၊ အတူတူ ပူးပေါင်းလုပ် ဆောင်ခြင်းဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် ယုံကြည်မှုတည်ဆောက်ရေးကို တိုးတက်စေရေးအဖြစ် ဖန်တီးလိုပါတယ်။ ဘယ်လို ပူးပေါင်းဆောင်ရွက်မလဲ ဆိုတာကတော့ လိုအပ်ချက်တွေအပေါ်မှာ မူတည်ပါမယ်။ သူတို့ရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးတာမျိုး၊ သူတို့ရဲ့ လုပ်ဆောင်ချက်တွေအပေါ် အားပေး ကူညီတာမျိုး၊ အခက်အခဲတွေကို အတူတူ ဖြေရှင်းပေး တာမျိုးတွေ ဖြစ်နိုင်မယ် ထင်ပါတယ်။

မေး။ အခု COVID-19 ကိစ္စပူးပေါင်းဆောင်ရွက်မှုဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကြီးတခုလုံးအတွက် အဖုအထစ်တွေ ပြေစေမယ့် နောက်ထပ်အခွင့်အလမ်းတခုဖြစ်စေမှာလား။

ဖြေ။ ကျနော်တို့ကတော့ မျှော်လင့်ပါတယ်။ ဖြစ်အောင်လည်း လုပ်ချင်ပါတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆိုတဲ့အတွက် ဒါလေးကို နည်းနည်း ရှင်းပြချင်ပါတယ်။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဟာ ဘာလိုလိုနဲ့ ရပ်တန့်နေတာ နှစ်နှစ်လောက် ကြာခဲ့တာ အားလုံး အသိဖြစ်ပါတယ်။ ကျနော်တို့တတွေ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ စုပေါင်းပြီးတော့ ဖြစ်ဖြစ်၊ တဖွဲ့ချင်းနဲ့ပဲ ဖြစ်ဖြစ် အလွတ်သဘောတွေ အများကြီး တွေ့ဆုံပြီး ညှိနှိုင်းခဲ့ရပါတယ်။ နောက်ဆုံး ၂၀၂၀ ပြည့်နှစ် ၊ ဇန်နဝါရီ ၈ ရက်မှာ JICM အစည်းအဝေးကို ကျင်းပနိုင်ခဲ့ပါတယ်။ နိုင်ငံတော် အစိုးရဘက်က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ ဒုတိယတပ် မတော်ကာကွယ်ရေးဦးစီးချုပ်တို့ ဦးဆောင်ပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများဘက်က RCSS ဥက္ကဋ္ဌတို့ ဦးဆောင်ခဲ့ပါတယ်။ ဒီအစည်းအဝေးကတော့ ရပ်တန့်နေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ပြန်လည် အသက်သွင်းတဲ့ အစည်း အဝေး ဖြစ်ပါတယ်။ ဒီအစည်းအဝေးမှာ နှစ်ဘက်သဘောတူညီချက်တွေ ရရှိခဲ့ကြပါတယ်။ ၂၁-ရာစုပင်လုံ ငြိမ်းချမ်းရေး ညီလာခံကို ၂၀၂၀ ခုနှစ် ပထမ လေးလကာအတွင်း ကျင်းပရေး အပါအဝင် အရေးကြီးတဲ့ သဘောတူညီချက်တွေ ဖြစ်ပါ တယ်။ (COVID-19 ဖြစ်ပွားခဲ့တဲ့အတွက် ညီလာခံ ကျင်းပရေးက အခြေအနေကြောင့် ရွေ့ဆိုင်းခဲ့ရပါတယ်)

ဒီအစည်းအဝေးမှာ အရေးကြီးတဲ့ သဘောတူညီချက်တခုကတော့ ညီလာခံမှာချုပ်ဆိုမယ့် ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း – ၃ အတွက် ဒီဇိုင်းကို သဘောတူညီချက် ရခဲ့တာ ဖြစ်ပါတယ်။ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ- ၂၁ ရာစု ပင်လုံ၊ စတုတ္ထ အစည်းအဝေးတွင် လက်မှတ်ရေးထိုး ချုပ်ဆိုမယ့် ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း – ၃ မှာ အပိုင်း သုံးပိုင်း ပါဝင်မှာဖြစ်ပြီး အပိုင်း – ၁။ NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်သဘော တူညီချက်၊ အပိုင်း – ၂။ ၂၀၂၀ အလွန် အဆင့်လိုက် ရှေ့လုပ်ငန်းစဉ်များနှင့် အဆင့်လိုက် အကောင်အထည်ဖော်မှုများ၊ အပိုင်း – ၃။ အခြေခံမူ သဘော တူညီချက်များ ဖြစ်ပါတယ်။ ဒါတွေကို ဆွေးနွေးဖို့ နှစ်ဖက်အလုပ်အဖွဲ့တွေ ဖွဲ့စည်းဆွေးနွေးရန်လည်း သဘောတူခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာ ကျနော်တို့ နှစ်ဖက်အလုပ်အဖွဲ့ဟာ ဖေဖေါ်ဝါရီလ ပထမပတ်မှာ တကြိမ်၊ ဒုတိယပတ်မှာ တကြိမ်၊ တတိယပတ်မှာ တကြိမ် ညှိနှိုင်းအစည်းအဝေး သုံးကြိမ် ဆောင်ရွက်နိုင်ခဲ့ပါတယ်။ အထူးသဖြင့် ၂၀၂၀ ပြည့်နှစ် နဲ့ ၂၀၂၀ ပြည့်နှစ် အလွန်မှာ ဆောင်ရွက်မယ့် အဆင့်လိုက် လုပ်ငန်းစဉ်တွေကို အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အစည်းတွေ ကြားမှာ ကြိုတင်ညှိနှိုင်းတာ ဖြစ်ပါတယ်။ ညှိနှိုင်းချက် မူကြမ်းရရင် နောက်ပိုင်း UPDJC မှာ၊ လုပ်ငန်း ကော်မတီ တွေမှာ နိုင်ငံရေးပါတီတွေ အပါဝင် ထပ်မံညှိနှိုင်းရမှာ ဖြစ်ပါတယ်။ ဒါက အခုရောက်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အခြေ အနေ ဖြစ်ပါတယ်။ ဒီလို ညှိနှိုင်းဆဲ ကာလမှာပဲ COVID ဆိုတာကြီး ပေါ်လာတော့ အဆက်အသွယ်တွေ ပြတ်တောက်ပြီး ကျနော်တို့ ဆွေးနွေးမှု တွေဟာလည်း ခဏရပ်တန့်သွားခဲ့တာပါ။

အလားတူ မြောက်ပိုင်းအဖွဲ့များနဲ့လည်း နှစ်ဦးနှစ်ဖက် (Bilateral) အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် လက်မှတ်ရေး ထိုးနိုင်ရေးအတွက် အလွတ်သဘော တွေ့ဆုံဆွေးနွေးမှုတွေအပြင် တရားဝင်ဆွေးနွေးမှုကို မူဆယ်မှာ တကြိမ်၊ ကျိုင်းတုံမှာ နှစ်ကြိမ် ဆောင်ရွက်ခဲ့ပါတယ်။ ဒီနောက်ပိုင်းမှာ အလွတ်သဘောတကြိမ်သာ ထပ်မံဆောင်ရွက်နိုင်ပြီး COVID-19 ပေါ်လာတဲ့ အတွက် တွေ့ဆုံဆွေးနွေးမှု ပြတ်တောက်သွားခဲ့ပါတယ်။ အခု COVID ဖြစ်စဉ်မှာ အချင်းချင်း မဖြစ်မနေပြန်လည် တွေ့ဆုံ ညှိနှိုင်းဖို့ အကြောင်း ပြန်ပေါ်လာတာမို့ အခုဆိုရင် NCA လက်မှတ် ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၁၀ ဖွဲ့နဲ့ Online ပေါ်မှာ အချင်းချင်းတွေ့ဆုံညှိနှိုင်းမှုတွေ ပြန်လည်စတင်နေပါပြီ။ NCA လက်မှတ်ထိုးထားတဲ့ အဖွဲ့အစည်း များနဲ့ တွေ့ဆုံဆွေးနွေးပြီးတဲ့ အခါမှာ လက်မှတ်မထိုးထားတဲ့ အဖွဲ့အစည်းများနဲ့ Online မှာ တွေ့ဆုံဆွေးနွေးဖို့ အစီအစဉ် ရှိပါတယ်။ စောစောက ကျနော်ပြောသလိုပါပဲ။ COVID-19 ဖြစ်စဉ်ကို ခြိမ်းခြောက်မှု (Threat) အစား အခွင့်အလမ်း (Opportunity) အဖြစ် ပြောင်းလဲလိုပါတယ်။  ဒီနေရာမှာတော့ ညှိနှိုင်းမှုတွေ၊ နားလည်မှုတွေ၊ သဘောထားကြီးမှုတွေ အများကြီး လိုအပ်ပါတယ်။ တချို့ မီဒီယာတွေမှာရေးနေတာက အစိုးရ၊ တပ်မတော်ဘက်ကပဲ မလိုက်လျော သလိုလို၊ သဘောထား မကြီးသလိုလို တဖက်သတ်ရေးနေတာမျိုး တွေ့ရပါတယ်၊ တကယ်တော့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်းများဘက်ကလည်း အစိုးရနဲ့ တပ်မတော်အပေါ်မှာ နားလည်ပေးမှုတွေ လိုအပ်ပါတယ်။ ဘာကြောင့် ဒါတွေပြောနေ ရတယ်ဆိုတာကို လက်ခံပေးမှုတွေ လိုအပ်ပါတယ်။ တဖက်ထဲအနေနဲ့ မကြည့်ဘဲ နှစ်ဖက်အမြင်ကို မြင်ကွင်းကျယ် ကြည့်ရန် လိုပါတယ်။ ဒါမှသာလျှင် COVID ပူးပေါင်း ဆောင်ရွက်မှုတွေဟာ ကျနော်တို့အတွက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကြီး တခု လုံးအတွက် အဖုအထစ်တွေကို ပြေစေမယ့် အခွင့်အလမ်း ဖြစ်လာမှာ ဖြစ်ပါတယ်။ မိမိတို့ဖြစ်ချင်တာထက် လက်တွေ့ဖြစ် သင့်တာကိုလည်း စဉ်းစားလက်ခံဖို့ လိုအပ်ပါတယ်။

နောက်တချက် အနေနဲ့က NCA စာချုပ် အခန်း (၆)၊ ကြားကာလအတွင်း ဆောင်ရွက်ရမည့် အစီအစဉ်များ ပုဒ်မ ၂၅ (က) မှာ “ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ကျင်းပ အကောင်အထည် ဖေါ်နေသည့် ကာလအတွင်း ၎င်းနယ်မြေများတွင် နှစ်ဖက် ညှိနှိုင်းပြီး အောက်ပါ ကိစ္စရပ်များကို ဆောင်ရွက်ရတ်သဘောတူသည်။ (၁) ပြည်သူလူထု၏ ကျန်းမာရေး၊ ပညာရေး၊ လူမှု ရေးနှင့် စီးပွားရေးဆိုင်ရာ အခြေခံ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ” လို့ ပါရှိပါတယ်။

ဒီအချက်ဟာဆိုရင် COVID-19 ရောဂါ ကာကွယ်တားဆီး ထိန်းချုပ် ကုသရေးအပြင် COVID ဖြစ်ဆဲနဲ့ COVID အလွန် ကာလ ပြည်သူလူထုရဲ့ ပညာရေး၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ တိုက်ရိုက် အချိုးကျနေတာ တွေ့ရပါတယ်။ ဒါ ကြောင့် ဒါတွေကို ကျနော်တို့တတွေ ညှိနှိုင်းပူးပေါင်း အကောင်အထည်ဖေါ်ကြရင် NCA စာချုပ်ပါ အချက်တွေကိုလည်း တပြိုင်တည်း အကောင်အထည် ဖေါ်နိုင်တာဖြစ်လို့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တခုလုံးရဲ့ အဖုအထစ်တွေကို ပြေစေမယ့် အခွင့်အလမ်း ဖြစ်စေမှာ ဖြစ်ပါတယ်။ အစိုးရ၊ တပ်မတော်အနေနဲ့ COVID -19 ကာကွယ်တားဆီး ထိန်းချုပ် ကုသရေးကို အမျိုးသားရေး တာဝန်အဖြစ် သဘောထားပြီး ဆောင်ရွက်နေချိန်မှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ အနေ နဲ့လည်း တတပ်တအား ပူးပေါင်းဆောင်ရွက်မှုများဖြင့် ပါဝင်ဆောင်ရွက်ရင်း ကျနော်တို့ အချင်းချင်းကြားမှာ ယုံကြည်မှု၊ နားလည်မှုတွေ ပိုမိုကောင်းမွန်လာကာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကြီး အတွက်လည်း အပေါင်းလက္ခဏာဆောင်တဲ့ ဖြစ် စဉ်များကို သယ်ယူသွားချင်ပါတယ်။ ဒီလိုဖြစ်လာအောင်လည်း ကြိုးစားသွားကြမယ်လို့ ယုံကြည်မျှော်လင့်ပါတယ်။

ISP Admin

မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျူ (ISP Myanmar) သည် လွတ်လပ်ပြီး ပါတီစွဲကင်းသည့် အစိုးရမဟုတ်သော သုတေသနအဖွဲ့ဖြစ်ပါသည်။ ISP Myanmar ၏ မြော်မြင်ချက်မှာ မြန်မာနိုင်ငံကို ရုန်းထကြံ့ခိုင်မှုအားကောင်းပြီး သည်းခံစိတ်ကြီးမားသော လူ့အဖွဲ့အစည်းတစ်ရပ်အဖြစ်ပေါ်ထွန်းလာရေး ဖြစ်သည်။ ISP Myanmar ၏ ဦးတည်ချက်မှာ ဒီမိုကရေစီကျသော ခေါင်းဆောင်မှုကို မြှင့်တင်အားပေးရန်နှင့် နိုင်ငံအရေးတွင် နိုင်ငံသားများ ပါဝင်ဆောင်ရွက်မှုအားကောင်းစေရန်ဖြစ်သည်။

Related article
ကိုဗစ်-၁၉ ကူးစက်ကာလနှင့် ကျား-မ ကွဲပြားမှု မမျှတသည့် ဝန်ထုပ်ဝန်ပိုး( ဦးအောင်မျိုးမင်းအား မေးမြန်းခြင်း)

ကိုဗစ်-၁၉ ကူးစက်ကာလနှင့် ကျား-မ ကွဲပြားမှု မမျှတသည့် ဝန်ထုပ်ဝန်ပိုး( ဦးအောင်မျိုးမင်းအား မေးမြန်းခြင်း)

အမျိုးသမီးတွေကတော့ အိမ်ထောင့် တာဝန်ထမ်းရမယ်ဆိုတဲ့ သတ်မှတ်ချက်တွေကြောင့် သာမန်ကျန်းမာရေးအပူတွေတင်မကဘဲ အမျိုးသမီးတွေမှာ အိမ်ထောင်နဲ့ ပတ်သက်ပြီးတော့ ငွေကို ဘယ်လိုမျိုးလောက်အောင်သုံးရမလဲ၊…

ဒေါက်တာသောင်းထွန်းအား မေးမြန်းခြင်း

ဒေါက်တာသောင်းထွန်းအား မေးမြန်းခြင်း

စိတ်ပိုင်းဆိုင်ရာ ကျဆင်းမှု၊ အရက်ပြဿနာ၊ မူးယစ်ဆေးဝါး ပြဿနာ ဒါတွေဟာ ကျေးလက်မှာ တော်တော့်ကို ကြီးကြီးမားမား ရှိနေတယ်။…

Lဂျာနန်အားမေးမြန်းခြင်း

Lဂျာနန်အားမေးမြန်းခြင်း

မဟုတ်ရင် Silent Carrier တွေများလာနိုင်ပြီး ပိုပြီးတော့ အန္တရာယ်ရှိလာမယ်။ ပြည်ပအရပ်ရပ် တရုတ်ပြည်ကဖြစ်ဖြစ်၊ မလေးရှားကဖြစ်ဖြစ်၊ ထိုင်းကဖြစ်ဖြစ်…

Discussion about this post

Leave a Reply

Your email address will not be published. Required fields are marked *

Type your search keyword, and press enter to search