Menu & Search

ကမ္ဘာ့ကပ်ရောဂါ၊ ပြည်တွင်းစစ်၊ ကျောမွဲပြည်သူအများစုနဲ့ကျနော်တို့ရဲ့ ရွေးကောက်ပွဲနိုင်ငံရေး

July 16, 2020

ဒီမိုကရေစီရေးဖြစ်စဉ်တခု အစဉ်ဖွံ့ဖြိုးနေဖို့ ပုံမှန်ကျင်းပတဲ့  အထွေထွေရွေးကောက်ပွဲတွေက သမိုင်းမှတ်တိုင် (Milestone) တွေ ဖြစ်တယ်။ ဒီမှတ်တိုင်၊ မှတ်ကျောက်တွေကို လေ့လာပြီး တိုင်းပြည်ရဲ့ နိုင်ငံရေးအဆင့်နေရာကို သိရှိနိုင်သလို  ကျနော်တို့ရဲ့ ဒီမိုကရေစီဟာ ဘာလဲ၊ ဘယ်လဲဆိုတာကိုလည်း မေးခွန်ထုတ်နိုင်လိမ့်မယ်။ အခုဆိုရင် ကျနော်တို့လည်း တတိယအကြိမ် အထွေထွေရွေးကောက်ပွဲရာသီကို ချဉ်းနင်းနေပြီဖြစ်တယ်။

၂၀၂၀၊ ဇွန် ၃  ရက်မှာ ပြုလုပ်ခဲ့တဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ သတင်းစာရှင်းလင်းပွဲမှာ လာမယ့် နိုဝင်ဘာမယ် ရွေးကောက်ပွဲကို ကျင်းပပြုလုပ်မယ်ဆိုတာကို တာဝန်ရှိသူတွေက အတည်ပြု ပြောကြားသွားခဲ့ တယ်။ တာဝန်ရှိသူတွေ အတည်ပြုပြောကြားတဲ့အချိန်က ကမ္ဘာ့နိုင်ငံပေါင်း ၆၀ ကျော်မယ် ကိုဗစ်-၁၉ ကပ်ရောဂါ အခြေအနေကြောင့် အထွေထွေ ရွေးကောက်ပွဲတွေ ရွှေ့ဆိုင်းထားရတဲ့ အခြေအနေဖြစ်တယ်။ ဒီအခြေအနေကို စဉ်းစားရင် တဖက်က ကိုယ့်တိုင်းကိုယ့်ပြည်ရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဆိုင်ရာ ကျပ်တည်းမှုကိုလည်း တွေးတောမိတယ်။ ရွေးကောက်ပွဲတွေကို ဘယ်လိုအခြေအနေတွေမှာ ရွှေ့လို့ဆိုင်းလို့ ရမယ်ဆိုတာ ပြောဖို့ဆိုဖို့ ခက်တယ်။

အရေးပေါ်ကာလ အခြေအနေလို့ ပြောရမလား၊ မပြောရဘူးလားဆိုတာကလည်း စဉ်းစားဖွယ် ဖြစ်တယ်။ ဒီတော့ ရွေးကောက်ပွဲ ရွှေ့မယ်ဆိုရင်လည်း ဒီကနေ့ တအိအိနဲ့ တရွေ့ရွေ့ လိမ့်နေတဲ့၊ တခါတခါ တန့်နေလား၊ နောက်ပဲ ပြန်ရောက်နေလား စဉ်းစားရတဲ့ ဒီမိုကရေစီရေးဖြစ်စဉ်ကို ထိခိုက် လိမ့်မယ်။ ဒါကြောင့်လည်း ရွေးကောက်ပွဲကော်မရှင်က အကျပ်အတည်းတွေကြားက အထွေထွေရွေးကောက်ပွဲကို လာမယ့် နိုဝင်ဘာမှာ ကျင်းပမယ်လို့ ဆုံးဖြတ်ခဲ့၊ ကြေညာခဲ့တာ ဖြစ်နိုင်ဖွယ်ရှိတယ်။ အခုတော့ ပုံမှန်အချိန်ဇယားအတိုင်း လာမယ့်နိုဝင်ဘာမှာ ရွေးကောက်ပွဲလုပ်မယ်ဆိုတော့လည်း စဉ်းစားစရာ၊ စိုးရိမ်ဖွယ်ရာတွေ တဆက်တည်း ပေါ်လာ ပြန်တယ်။ စဉ်းစားစရာ အကျပ်အတည်းတွေဆိုလို့ ကိုဗစ်-၁၉ ကပ်ရောဂါ၊ ကျနော်တို့ တိုင်းပြည်မှာ ဖြစ်ပျက်နေတဲ့ ပြည်တွင်းစစ်နဲ့ စစ်ပြေးဒုက္ခသည်တွေ၊ ကပ်ရောဂါဘေးရဲ့ဒဏ်ကို တိုက်ရိုက်ခံစားနေရတဲ့ ကျနော်တို့တိုင်းပြည်ရဲ့ ဆင်းရဲသား ပြည်သူအများစုကြီး …. တို့ဖြစ်တယ်။ ဒီအခြေအနေတွေကို သေသေ ချာချာစဉ်းစားပြီး ကျနော်တို့တတွေ  ရွေးကောက်ပွဲ ဖြစ်စဉ်ကို ဖြတ်သန်းဖို့လိုတယ်။

 

ကပ်ရောဂါနဲ့  ၂၀၂၀ အထွေထွေရွေးကောက်ပွဲ

ကျန်းမာရေးဝန်ကြီးဌာနရဲ့ နေ့စဉ်သတင်းထုတ်ပြန်ချက်တွေကို လေ့လာရင် ကျနော်တို့တိုင်းပြည်မယ် ကိုဗစ်-၁၉ ရဲ့ ရောဂါ ကူးစက်မှုဟာ နှိုင်းယှဉ်မှုအရ နည်းတယ်လို့ ဆိုရမယ်။ ဒါကြောင့်လည်း ပြည်ထောင်စုအစိုးရက တင်းကျပ်မှုတွေကို လာမယ့် ဇွန် ၁၅ မယ် ပြန်လည်ဖြေလျှော့ဖို့ စဉ်းစားခဲ့ပုံရတယ်။ သို့ပေမဲ့ ဒီရောဂါ မှေးမှိန်သွားမယ် သို့မဟုတ် ပြန်ပြီး ခေါင်းထောင်လာနိုင်တယ်ဆိုတာ ပြောရဆိုရခက်တယ်။

ဒီကနေ့ (၇-၆-၂၀၂၀) WHO Coronavirus Disease (COVID-19)Dashboard မယ် ဖော်ပြထားတာက တကမ္ဘာ လုံး အတည်ပြု လူနာ ၆,၇၅၀,၅၂၁ ယောက်ရှိပြီး ရောဂါကြောင့် သေဆုံးခဲ့သူ ၃၉၅,၇၇၉ ယောက်ရှိတယ်။ အရှေ့တောင်အာရှမယ် အတည်ပြုလူနာတွေက တိုးတိုးလာတယ်။ ကျသွားတယ်ဆိုတာ မရှိဘူး။ ဇွန် ၇ ရက်နေ့အထိ အတည်ပြု လူနာ ၃၅၀,၅၄၂ ယောက် ရှိတယ်။ ကျနော်တို့ဆီမယ် အတည်ပြုလူနာတွေ့ရှိမှု အလွန်နည်းနေတော့ ခန့်မှန်းရခက်တယ်။ သို့ပေမဲ့  ရောဂါ ပြန်ခေါင်းထောင်လာနိုင်တယ်ဆိုတာကို သတိချပ်ရင် ပြင်ရဆင်ရလိမ့်မယ်ထင်တယ်။ ဒီရောဂါဟာ ပြည်သူတွေရဲ့ ကျန်းမာရေးဘဝ၊ နိုင်ငံရေးဘဝ၊ စီးပွားရေးဘဝ၊ လူမှုရေးဘဝတွေကို ကြီးကြီးမားမား သက်ရောက်နေတာ ဖြစ်တယ်။

ဒီလိုအခြေအနေတွေကြောင့် ကျနော်တို့ရွေးကောက်ပွဲကို ဖြတ်ကြတော့မယ်ဆိုရင် မဲဆန္ဒရှင် ပြည်သူ အများစုကြီး မထိခိုက်အောင် ကျနော်တို့ ပြင်ရ၊ ဆင်ရပါလိမ့်မယ်။ သို့ပေမဲ့ ဇွန် ၃ ရက်က ပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲကော်မရှင်ရဲ့ သတင်းစာရှင်းလင်းပွဲမယ် သေသေချာချာ ရှင်းလင်းသွားတာ မတွေ့မိလိုက်ဘူး။ ကပ်ရောဂါ အခြေအနေနဲ့ ပတ်သက်လို့ ပုံမှန်အခြေအနေလို့ စဉ်းစားဖို့ ခက်တယ်။  Semi-Lockdown တွေ ဇွန် ၁၅ ရက်မယ် ရုပ်သိမ်းတော့မယ်ဆိုတယ်။ Curfew ပါ၊ မပါတော့ မသိရသေး။ နယ်အသီးသီးက သူတို့နယ် သူတို့ဒေသတွေကို ကန့်သတ် ထားဆဲဖြစ်တယ်။

ဒီအခြေအနေတွေမယ် စည်းရုံးရေးသွားဖို့၊   ရွေးကောက်ပွဲအတွက် ပြင်ဖို့ဆင်ဖို့ အကန့်အသတ်တွေ ရှိနေဆဲဖြစ်တယ်။ ရွေးကောက်ပွဲကော်မရှင်အနေနဲ့  အထွေထွေရွေးကောက်ပွဲ ကျင်းပမယ့်ရက်ကို ကြိုတင်ကြေညာပေးထားဖို့ လိုတယ်။ အခုဆိုရင် ၆ လတောင် မလိုတော့ဘူးဖြစ်တယ်။ ကပ်ရောဂါနဲ့ ပတ်သက်လို့ မဲဆန္ဒရှင်တွေ အန္တရာယ်ကင်းကင်း မဲပေးနိုင်အောင် ကြိုတင်ပြင်ဆင်ထားသင့်တယ်။ မတော်တဆ ကပ်ရောဂါ မြင့်တက်လာနိုင်တာကိုလည်း စဉ်းစားထားသင့်တယ်။ အဲဒီလို မထင်မှတ်တဲ့ အခြေအနေမျိုးဖြစ်ခဲ့ရင်  လုပ်ရမယ့် လုပ်ငန်းစဉ်လည်း လက်ထဲမယ် အဆင့်သင့် ရှိထားသင့်တယ်။ သက်ဆိုင်ရာ နိုင်ငံရေးပါတီတွေ၊ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ CSO တွေ၊ ပြည်သူ့ကျန်းမာရေး ပညာရှင်တွေနဲ့  ညှိနှိုင်း သင့်တယ်၊ တိုင်ပင်သင့်တယ်။ အနိမ့်ဆုံးအဆင့် စာနဲ့ အကြံဉာဏ်တွေ ယူသင့်တယ်။ ဒါတွေ လုပ်မှန်း မလုပ်မှန်း မသိရ၊ အချိန်ဇယားကလည်း မထွက်၊ ကနေ့ ရွေးကောက်ပွဲ ကော်မရှင်က နိုင်ငံရေးပါတီတွေအပေါ် ဘယ်လိုသဘောထားသလဲ၊ ကိုယ့်ကိုယ်ကိုယ် နိုင်ငံရေးပါတီတွေရဲ့ ဗိုလ်လို့ အထင်ရောက်နေသလား  မေးခွန်းတွေ ဖြစ်တယ်။

 

ပြည်တွင်းစစ်၊ ဒုက္ခသည်ပြည်သူတွေနဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲ

ဧပြီလဆန်းမယ် ဥရောပသမဂ္ဂအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးက ကျနော်တို့တိုင်းပြည်မယ် တိုက်နေတဲ့ စစ်တွေ ရပ်ကြဖို့ သက်ဆိုင်တဲ့ အဖွဲ့အစည်းတွေကို မေတ္တာရပ်ခံခဲ့တယ်။ မြန်မာ့တပ်မတော်ကလည်း အပစ်ရပ် လက်မှတ်ထိုးထားတဲ့ အဖွဲ့ အစည်းတွေနဲ့ အပစ်ခတ်ရပ်ဖို့၊ ကပ်ရောဂါကာလအခြေအနေမယ် ပူးပေါင်းဆောင်ရွက်ဖို့ ထပ်ပြီး အပစ်အခတ် ရပ်စဲရေးအတွက် ကြေညာချက်တစောင် ထုတ်ပြန်ခဲ့တယ်။ သို့ပေမဲ့ ပြင်းပြင်းထန်ထန်တိုက်ပွဲတွေ ဖြစ်နေတဲ့ ရက္ခိုင့်တပ်မတော် AA နဲ့ အပစ်အခတ်ရပ်စဲဖို့ မပါဘူးဖြစ်တယ်။ ရခိုင်ပြည်မယ် စစ်တွေ တောက်လျှောက်ဖြစ်တော့ တပြည်နယ်လုံးလိုလို သက်ရောက်တယ်။ ချင်းပြည်နယ်က မြို့နယ်တခုပါ ပါလိုက်သေးတယ်။ စစ်ဖြစ်တာ နှစ်နဲ့ချီနေတော့ ဒီဒေသတွေမယ် စစ်ပြေးဒုက္ခသည်တွေက အများအပြား။ ဒါတောင် ရိုဟင်ဂျာဒုက္ခသည်တွေ မပါသေး။ ဒီဒေသတွေမယ် အင်တာနက်အဆက်အသွယ်တွေလည်း ပြတ်တောက်ပြီး ဘာဖြစ်လို့ ဖြစ်နေမှန်း သိရခက်နေတဲ့ အခြေအနေဖြစ်တယ်။ ပြီးခဲ့တဲ့ ဇွန် ၆ ရက်နေ့ BBC သတင်းမယ် ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်မှာရှိတဲ့ ကျေးရွာ၊ ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးတွေ အားလုံး သူတို့ ကြုံတွေနေရတဲ့ စစ်ရဲ့ရိုက်ခတ်မှုတွေကြောင့် နှုတ်ထွက်စာ တင်ကြ တယ်လို့ဆိုတယ်။

ရခိုင်ပြည်နယ်နဲ့ ချင်းဒေသတခုရဲ့ အခြေအနေတချို့ကို လှပ်ကြည့်တာဖြစ်တယ်။ အရှေ့မြောက်ဒေသက တချို့ ဒေသတွေမယ်လည်း တည်တည်ငြိမ်ငြိမ်ဆိုတာ ပြောဖို့ခက်တယ်။ ဒီလိုအခြေအနေမျိုးအောက်မှာ အထွေထွေရွေးကောက်ပွဲတခုကို တတိုင်းပြည်လုံးအတိုင်းအတာနဲ့ တပြေးညီဖြစ်ဖို့ မလွယ်ကူတာတော့ သေချာတယ်။ တကယ်တော့ အထွေထွေရွေးကောက်ပွဲ တခုအတွက် လွတ်လပ်မှု၊ ပွင့်လင်းမှု၊ တရားမျှတမှုနဲ့ ဥပဒေအရ တပြည်လုံးမှာ တပြေးညီ ဖြစ်ရေးဆိုတဲ့ အချက်တွေဟာ လွန်စွာအခရာကျလှပါတယ်။ ဒီအခြေအနေတွေ ကင်းမဲ့ရင် ကျနော်တို့ရဲ့ ရွေးကောက်ပွဲ၊ ကျနော်တို့ရဲ့ ဒီမိုကရေစီရေး ဖြစ်စဉ်ကလည်း အကျည်းတန်ပါလိမ့်မယ်။ တရွေ့ရွေ့သွားနေတဲ့ ကျနော်တို့ရဲ့ ဒီမိုကရေစီ ရထားကြီး တခါတခါ နောက်ပြန်ဆုတ်ရသလိုများ ဖြစ်တော့မလားလို့ စိုးရိမ်မိတယ်။ ဒါကြောင့်လည်း ကနေ့ကာလမယ် ပြည်တွင်းစစ် ရပ်ဖို့ အရေးတကြီးလိုအပ်တယ်။ လာမယ့် အထွေထွေရွေးကောက်ပွဲအတွက်ရော ကပ်ရောဂါ ကာကွယ် တားဆီးနိုင်ရေး တို့အတွက်ပါဖြစ်တယ်။ အရေးကြီးတယ်လို့ ယူဆတာက ကျနော်တို့ရဲ့ရွေးကောက်ပွဲဖြစ်စဉ်က ဒီမိုကရေစီရေး ဖွံ့ဖြိုး တိုးတက်မှုဖြစ်စဉ်နဲ့တသားတည်းကျနေဖို့ အသေအချာလိုအပ်တယ်။

ပြည်တွင်းစစ်တောင် ရပ်နိုင်ဖို့ လိုအပ်တယ်ဆိုပေမဲ့ ကာယကံရှင်တွေက ရပ်ဖို့အခက်အခဲဖြစ်နေပုံရတယ်။ ဒီကာလမယ်  ကပ်ရောဂါက ထပ်တိုးတော့ ကျနော်တို့ ဒီမိုကရေစီရဲ့ကံကြမ္မာက ဆိုးတယ်လို့ပဲ ဆိုချင်တယ်။ ကာယကံရှင် နိုင်ငံရေးပါတီတွေနဲ့ ရွေးကောက်ပွဲ ကျင်းပသင့်၊ မကျင်းပသင့်၊ အချိန်ရွှေ့သင့်၊ မရွှေ့သင့် အသေအချာ စဉ်းစား၊ ကျေကျေလည်လည် တိုင်ပင်ဆွေးနွေးကြရမယ့် အချိန်ဆိုတာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် သိနိုင်ပါတယ်။ သို့ပေမဲ့  သဘောထားတွေ အကြံဉာဏ်တွေ၊ အမြင်တွေကို ဘယ်နိုင်ငံရေးပါတီကိုမှလည်း မတောင်းခံ၊ ဘယ်လူမှုအဖွဲ့အစည်း တွေကိုမှလည်း မတိုင်ပင်၊ ပြည်သူတွေရဲ့အမြင်ဆိုတာလည်း မစဉ်းစား၊ ရွေးကောက်ပွဲကော်မရှင်ရဲ့ လုပ်ပုံကိုင်ပုံတွေက တိုင်းပြည်ရဲ့ ဒီမိုကရေစီခရီးကို နိုင်ငံရေးအင်းအားစု၊ တိုင်းသူပြည်သားတွေနဲ့ အတူတကွ လျှောက်လှမ်းဖို့ ကြိုးပမ်းနေ တဲ့ပုံမပေါ်ဘူး။

မည်သို့ပင်ဖြစ်စေ လွတ်လပ်မှုရှိတဲ့၊ တရားမျှတမှုရှိတဲ့၊ လွယ်ကူတဲ့ အထွေထွေရွေးကောက်ပွဲကို ဥပဒေအရ တပြည်လုံးမှာ တပြေးညီလုပ်နိုင်ဖို့ဆိုတဲ့ ကိစ္စရပ်ကြီးဟာ ကျနော်တို့ရဲ့ ဒီမိုကရေစီဖြစ်စဉ်ကို တိုးတက်စေဖို့အတွက် သော့ချက်ကျတဲ့ ကိစ္စရပ်ကြီးဖြစ်တယ်။ ဒါကြောင့် ဒီနေ့ကာလမယ် စစ်ပွဲတွေရပ်ဖို့ လိုတယ်။ ပြည်တွင်းစစ် ချက်ချင်းရပ်လို့ ကျနော်တို့ ကြွေးကြော်တောင်းဆိုရမယ့် အခြေအနေ ဖြစ်နေတယ်။

 

ကျောမွဲပြည်သူအများစုကြီးနဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲ

ကျနော်တို့တိုင်းပြည်မယ် အလုပ်လုပ်နိုင်တဲ့ အရွယ်ရှိသူ ၂၂ သန်းခန့် ရှိတယ်လို့ ဆိုတယ်။ အရွယ်ကောင်းတွေ လေးငါးသန်းလောက်က ပြည်ပထွက် အလုပ်လုပ်နေကြတယ်။ ဒီကပ်ရောဂါအခြေအနေနဲ့ ကပ်လွန်ကမ္ဘာ့ စီးပွားရေး အပြောင်းအလဲက  ဒီရွှေ့ပြောင်းလုပ်သားတွေ တိုင်းပြည်ထဲပြန်ရောက်လာခြေရှိတယ်။

နောက် ပြည်တွင်းက အလုပ်သမားတွေ ရန်ကုန်စက်မှုဇုန်  တခုတည်းမှာတင် အလုပ်လုပ်နေကြတဲ့ အလုပ်သမား တသန်းနီးပါး ရှိတယ်။ အထည်ချုပ်လုပ်ငန်း၊ ဖိနပ်လုပ်ငန်း၊ စားသောက်ကုန်လုပ်ငန်း၊ သစ်အချောထည်လုပ်ငန်း စတဲ့ လုပ်ငန်း တွေမှာ လုပ်ကိုင်နေကြသူတွေ များတယ်။ လက်ဖက်ရည်ဆိုင်တွေ၊ စားသောက်ဆိုင်တွေမှာ အလုပ်လုပ်ကြတဲ့ လူငယ်လူရွယ်တွေ ဘယ်လောက်ရှိတယ်ဆိုတာ ခန့်မှန်းရခက်တယ်။  ဒါ့အပြင် အိမ်အကူအလုပ် လုပ်ကိုင်နေသူတွေလည်း ဒုနဲ့ဒေးပဲ။ ဒီကပ်ဘေးကာလမယ် ဒီအလုပ်သမားတွေ ဘယ်လိုနေ၊ ဘယ်လိုလုပ်ကိုင် စားသောက်ကြတယ်ဆိုတာ တိတိကျကျသိဖို့လိုတယ်။

စက်ရုံတွေပိတ်တာ၊ လုပ်သားအင်အားတွေ လျှော့ချတာ … စတဲ့သတင်းတွေလည်း ကျနော်တို့ ကြားနေရတယ်။ အသိမိတ်ဆွေအလုပ်သမား အတော်များများ နယ်တွေ၊ ရွာတွေ ပြန်ကြတယ်။ ဒါအပြင် ထိုင်းမှာ အလုပ် သွားလုပ်တဲ့ ရွှေ့ပြောင်းအလုပ်သမားတွေ၊ တရုတ်မှာ အလုပ်သွားလုပ်တဲ့ ရွှေ့ပြောင်းအလုပ်သမားတွေ ပြည်တော်ပြန် လာကြတာတွေ့ရတယ်။ တချို့စက်ရုံအလုပ်ရုံတွေ ပိတ်သိမ်းတော့ လုပ်ခလစာတွေ မရှင်းဘဲ ပိတ်သွားတဲ့ စက်ရုံတွေ တွေ့ရတယ်။ ဒါ့အပြင်  ထူးထူးခြားခြား ဆန္ဒပြအလုပ်သမားတွေကို ကပ်ရောဂါကာကွယ်ရေးအတွက် ထုတ်ပြန်ထားတဲ့ အမိန့်ဒီဂရီတွေနဲ့ အရေးယူနေတွေကိုလည်း တွေ့ရပြန်တယ်။  ကိုယ့်ရပ်၊ ကိုယ့်ရွာပြန်ကြတဲ့ အလုပ်သမားတွေအတွက် အလုပ်အကိုင်အခြေအနေတွေ ဖန်တီးပေးနိုင်ရေး အရေးကြီးတယ်။ ဒီအလုပ်သမားတွေ လုပ်ငန်းခွင်၊ လုပ်ခလစာ၊ အာမခံ ချက်ရှိဖို့လိုတယ်။

ယေဘုယျအားဖြင့် ကျနော်တို့ တိုင်းပြည်လူဦးရေရဲ့ သုံးပုံနှစ်ပုံခန့်ဟာ ကျေးလက်နေပြည်သူတွေဖြစ်တယ်။  လက်ရှိတရုတ်၊ ထိုင်း၊ မလေး၊ စင်ကာပူ စတဲ့ နိုင်ငံအသီးသီးမယ် သွားရောက်အလုပ်လုပ်ကိုင်နေသူတွေ တရားဝင်စာရင်း အရရော၊ တရားမဝင်ပါ ပေါင်းမယ်ဆိုရင် လေးသန်းနီးပါးခန့် ရှိတယ်လို့ ရွှေ့ပြောင်းအလုပ်သမားလုပ်တဲ့ အဖွဲ့အစည်းတွေက  ဆိုကြတယ်။

ကျနော် ထိုင်းမယ် အနှစ် ၂၀ လောက် နေထိုင်လာခဲ့တော့ မြန်မာပြည်က အလုပ်လာလုပ်သူတွေ  ထိုင်းမှာရှိတဲ့ ခရိုင်တိုင်း၊ မြို့တိုင်းမှာလိုလို အလုပ်လုပ်နေကြတာ တွေ့ရတယ်။ ဒါတောင် ပင်လယ်ထဲမှာ အလုပ်လုပ်နေသူတွေ ပါ၊ မပါ ပြောရခက်တယ်။ လေးသန်းဆိုတာ ဖြစ်နိုင်ချေရှိတယ်။ ကျနော်တို့ တိုင်းပြည်ရဲ့ အလုပ်လုပ်နိုင်တဲ့ အရွယ်တွေထဲက ဒီလောက်လူဦးရေများများ အပြင်ရောက်နေတဲ့ ကိစ္စကို၊ တရားဝင်ရော၊ တရားမဝင်ပါ အလုပ်လုပ်နေကြရတဲ့ကိစ္စကို  ကျနော်တို့တိုင်းပြည်က သေသေချာချာ လေးလေးနက်နက် စဉ်းစားကိုင်တွယ်ဖို့ လိုတယ်။  ကိုဗစ်ကာလလွန်ရင် ကမ္ဘာ့စီးပွားရေး၊ နိုင်ငံရေးအခြေအနေ ပြောင်းလဲလိမ့်မယ်လို့ သုံးသပ်ချက်တိုင်းမှာ တွေ့နေရတယ်။  ဒီလို အခြေအနေမျိုးမယ် ကျနော်တို့ဆီက လုပ်သားထုအတွက်လည်း ပြင်ဆင်ထားဖို့လိုမယ်လို့ ယူဆတယ်။ ဒါတွေထက်  လတ်တလော အရေးကြီးတာက ဒီအရွယ်ရောက်တဲ့ မဲပေးနိုင်တဲ့အရွယ်တွေဖြစ်တဲ့ အလုပ်သမားတွေ မဲပေးလိုတဲ့ဆန္ဒ၊  ရွေးကောက်ပွဲ ဆိုတာကို စိတ်ဝင်စားလိုတဲ့ဆန္ဒ  ကနေ့အခြေအနေတွေမယ် ရှိမှ ရှိပါ့မလားလို့ကျနော်တော့စိုးရိမ်မိတယ်။

ဒီအလုပ်သမားတွေအပြင် ကျေးလက်နေပြည်သူအများစုကရော လာမယ့်ရွေးကောက်ပွဲကို စိတ်ဝင်စားနိုင်ပါ့ မလား။ ကျနော်တို့ရဲ့ ကောက်ပဲသီးနှံအများစုက တရုတ်၊ ထိုင်း၊ အိန္ဒိယ စတဲ့ နိုင်ငံတွေကို မှီခိုနေကြရတာဖြစ်တယ်။  တရားဝင်လား၊ တရားမဝင်လားဆိုတာ ပြောဖို့ခက်ပေမဲ့ လက်တွေ့ အဲဒီ့နိုင်ငံတွေက ကိုဗစ်ကြောင့် တံခါးတွေပိတ်လိုက်တော့ ကျနော်တို့ကုန်တွေ၊ ကျနော်တို့ စိုက်ပျိုးထုတ်ကုန်တွေ ရပ်ကုန်တယ်။ ကပ်ရောဂါကာလဖြစ်တော့ နယ်တိုင်းရွာတိုင်းလိုလို ကိုယ့်စည်းကို ကိုယ်လုံအောင်ကာရတဲ့ အခြေအနေ ဖြစ်ကုန်တယ်။ ဒီလိုအခြေအနေတွေနဲ့ ရွေးကောက်ပွဲကြီးကို  ဒရောသောပါး ဖြတ်သန်းလိုက်ရမှာ ကျနော်တို့ရဲ့ ဒီမိုကရေစီဖြစ်စဉ်အတွက် စိုးရိမ်ဖွယ်ကောင်းလှတယ်။

 

ကျနော်တို့ရဲ့ ရွေးကောက်ပွဲနိုင်ငံရေး

ကျနော်အထက်မှာ ပြောခဲ့ဆိုခဲ့တဲ့ အခြေအနေတွေဟာ သာမန်အခြေအနေတွေ မဟုတ်ပါဘူး။ ကျနော်တို့တိုင်း ပြည်ရဲ့ ထူးခြားမှုလို့ပဲ ဆိုရမှာပါ။ ဒီအခြေအနေတွေ အတွင်းမယ် ကျနော်တို့ရဲ့ ရွေးကောက်ပွဲ နိုင်ငံရေးဖြစ်စဉ်ကို ဖြတ်သန်းရင်း ကျနော်တို့တိုင်းပြည်ရဲ့ ဒီမိုကရေစီရေး အဆင့်နေရာကို မှတ်ကျောက်တင် သွားရမှာပါ။ ဒီနေရာမယ် တိုင်းပြည်တွင်းက နိုင်ငံရေးပါတီအားလုံး၊ အရပ်ဘက်လူမှုအဖွဲ့အစည်းအားလုံး၊ ပြည်သူအားလုံး လက်တွဲ အခက်အခဲတွေကို ကျော်ဖြတ်ကြရမှာပါ။ ဒီနေရာမယ် ကျနော်တို့ရဲ့ ရွေးကောက်ပွဲဖြစ်စဉ်လို့ပြောတော့ အလျဉ်းသင့်လို့ ကျနော်တို့ အာရှဒေသအတွင်း ဒီမိုကရေစီရေးအခြေအနေနဲ့ပတ်သက်လို့ ၂၀၁၉ ခုနှစ်က ထုတ်ပြန်တဲ့ V-Dem Institute ရဲ့ အစီရင်ခံစာတခုမယ် ကျနော် တို့နိုင်ငံရဲ့ နိုင်ငံရေးအဆင့်ကို ရွေးကောက်ပွဲတွေ ကျင်းပတဲ့ အာဏာရှင်စနစ် (Electoral Authoritarianism) ပြောထားတာကို Seminar တခုတက်ရင်း ဝမ်းနည်းဖွယ် ကြားခဲ့ရပါတယ်။ ဟုတ်လည်း ဟုတ်နေပြန်တယ်။  အထွေထွေ ရွေးကောက်ပွဲဖြစ်စဉ်ကိုက လွှတ်တော်တွင်းမယ် နေရာယူမယ့် ကိုယ်စားလှယ်အားလုံးအတွက် ရွေးကောက်ပွဲ ဖြစ်စဉ်မှ မဟုတ်တာပဲ။ ထားတော့။ ကျနော်တို့ရဲ့ ဒီမိုကရေစီဟာ လက်ရှိ၊ လက်တွေ့ကနေပြီး ရွေးကောက်ပွဲတွေ ဖြတ်တိုင်း ဖြတ်တိုင်း တဆင့်ပြီးတဆင့် တိုးတက်သွားဖို့ လိုလိမ့်မယ်။ ဒါကြောင့်လည်း ဒီလာမယ့် ရွေးကောက်ပွဲကို အခက်အခဲတွေကြားက၊ အကန့်အသက်တွေကြားက မဖြစ် ဖြစ်အောင်လုပ်ရမယ်လို့ တွေးထင်မိတယ်။

ဒါပေမဲ့ ဒီမိုကရေစီစံနှုန်းတွေအတိုင်း အထွေထွေရွေးကောက်ပွဲကို မဖြစ်ဖြစ်အောင် လုပ်ရမယ်ဆိုတာက ဘက်တဖက်။ တခြားဘက်တဖက်မှာလည်း အထွေထွေရွေးကောက်ပွဲကို ဒီနေ့ ကပ်ရောဂါထက် ကျော်ပြီး၊ ဖြစ်နေဆဲ ပြည်တွင်းစစ်တွေကို ကျော်ပြီး၊ စဉ်းစားနေတာ လုပ်ကိုင်နေတာတွေကလည်း ဒီမိုကရေစီသရုပ်သကန်ကို ထိခိုက်တဲ့ ရွေးကောက်ပွဲမျိုး ဖြစ်သွားမှာ စိုးရိမ်စရာကောင်းလှပါတယ်။ ကပ်ရောဂါဆိုလို့ ဒီရောဂါပိုးက ရွေးကောက်ပွဲတွေ၊ နိုင်ငံရေးပါတီတွေ၊ အယူအဆ မတူသူတွေ အားလုံးကို နောက်မှာ ထားခဲ့တဲ့ လူသားတရပ်လုံးကို ခြိမ်းခြောက်တဲ့ရောဂါပိုး ဖြစ်တယ်။ ကနေ့ ကမ္ဘာ့စီးပွားရေးလမ်းကြောင်းနဲ့ လူနေမှုစနစ်တွေကို ပြောင်းသွားစေနိုင်တယ်။ အခုလည်း ကမောက်ကမ ဖြစ်နေတာ လက်တွေ့ပဲ မဟုတ်ပါလား။

ဒါကြောင့် ရွေးကောက်ပွဲကိစ္စ စဉ်းစားမယ်ဆိုရင် ဒီကပ်ရောဂါဟာ အရေးတကြီး ထည့်သွင်းစဉ်းစားရမှာ ဖြစ်တယ်။ ဇွန်လလယ်မယ် တင်းကျပ်မှုတွေကို ဖြေလျှော့မယ်ဆိုပေမဲ့ ဇွန်လကုန်မှာ ဒီရောဂါပိုး ထသောင်းကျန်းရင် ကျနော်တို့ ဘာလုပ်ကြမလဲ။ ကျနော်တို့မယ် အရန်စဉ်းစားထားမှု ရှိရပါလိမ့်မယ်။ ဒီကိစ္စက ရွေးကောက်ပွဲနဲ့ တဆက်တဆက်တည်း ဖြစ်တယ်။ ဖြစ်နေတဲ့ ပြည်တွင်းစစ်ကရော ဘယ်လိုလဲ။ စစ်ဖြစ်နေတဲ့ဒေသတွင်းက ပြည်သူတွေဟာ စစ်ဒဏ်ရော ကပ်ရောဂါရဲ့ဒဏ်ကိုရော ခံနေကြရတယ်။ အနိမ့်ဆုံးအဆင့် ရွေးကောက်ပွဲတွေ အဲဒီဒေသတွေမှာ ကျင်းပနိုင်ဖို့ဆို ဖြစ်နေတဲ့ စစ်ကိုတော့ ခဏဖြစ်ဖြစ် ရပ်ပေးရလိမ့်မယ်။ အစိုးရတွေ၊ တပ်မတော်က ပုဂ္ဂိုလ်တွေ သေသေချာချာ လေးလေးနက်နက် စဉ်းစား ကြစေချင်တယ်။

ကပ်ရောဂါတွေ၊ ပြည်တွင်းစစ်တွေနဲ့ တဆပ်တစပ်တည်းပါပဲ။ လွတ်လပ်မှု၊ တရားမျှတမှု ဆိုတဲ့ ရှုထောင့်တွေ ကနေပြီး အခုကျင်းပမယ်ဆိုတဲ့ အထွေထွေရွေးကောက်ပွဲရဲ့ ဖြစ်နိုင်ခြေရှိတဲ့ ဂုဏ်သိက္ခာကို တို့ထိချင်တယ်။

ရွေးကောက်ပွဲမယ် ငါတို့နိုင်ဖို့ သိပ်အရေးကြီးတယ်ဆိုတဲ့ အခြေခံကနေပြီး နောက်ကို တလှမ်းနှစ်လှမ်းဆုတ်၊ ဒီရွေးကောက်ပွဲဖြစ်စဉ်ကို ဒီမိုကရေစီကိုသွားမယ့်လမ်းကြောင်းအဖြစ်  ကြည့်စေချင်တယ်။ ဒါမှ လွတ်လပ်မှုတို့၊ တရားမျှတမှုတို့ကို မြင်နိုင်လိမ့်မယ်လို့ ကျနော်ထင်တယ်။ လက်ရှိမြင်နေတာတွေ၊ လုပ်ကိုင်နေတာတွေကို ကြည့်ရတာကတော့ ကနေ့လက်တွေ့နဲ့ ဒီမိုကရေစီရေး ဖြစ်စဉ် ကွာဟနေသလိုဘဲ။

 

နိဂုံး

ကျနော်တို့ ဘာလုပ်သင့်သလဲ။
အထွေထွေရွေးကောက်ပွဲကို ဖြတ်ကြရတော့မယ်ဆိုရင် ကျနော်တို့ရဲ့ မဲဆန္ဒရှင်ပြည်သူအများစုက ဒီအထွေထွေ ရွေးကောက်ပွဲကို စိတ်ဝင်စားဖို့လိုမယ်။ စိတ်ဝင်စားအောင် ရွေးကောက်ပွဲဟာ သူတို့နဲ့ တိုက်ရိုက်ဆက်စပ်နေတယ်ဆိုတာ  တကယ်ပဲသိပြီး ရွေးကောက်ပွဲမယ် ပါဝင်ဆင်နွှဲချင်တဲ့စိတ်တွေ ဖြစ်ထွန်းလာအောင် ကနေ့အခြေအနေကြီးမယ် ကျနော်တို့ ရုန်းရကြိုးစားကြရမယ် ထင်ပါတယ်။ ရွေးကောက်ပွဲရဲ့ (Credibility) အခုလို အခြေအနေမျိုးတွေအောက်မှာ  ကျဆင်းနိုင်တယ်ဆိုတာကို သတိချပ်ဖို့ လိုတယ်။ ထပ်ပြီးပြောချင်တာကတော့ စစ်တွေ ရပ်စဲဖို့ ဖြစ်တယ်။ ဒီကိစ္စဟာ တတိုင်းပြည်လုံး ငြိမ်းငြိမ်းချမ်းချမ်းနဲ့ တဆက်တစပ်တည်းဖြစ်သလို၊ လာမယ့် ၂၀၂၀ နိုဝင်ဘာရွေးကောက်ပွဲရဲ့ ဂုဏ်သိက္ခာနဲ့လည်း တဆက်တည်း ဖြစ်တယ်။ ပိုပြီး အရေးကြီးတာက ကျနော်တို့ရဲ့ ဒီမိုကရေစီရေးဖြစ်စဉ် ရှေ့တဆင့် ဆက်ပြီးတိုးတက် နိုင်ဖို့ ဖြစ်တယ်။

နောက် အထွေထွေရွေးကောက်ပွဲကျင်းပတဲ့ အချိန်မယ် ကပ်ရောဂါ ငြိမ်သွားနိုင်သလား သို့မဟုတ် ပြန်ပြီး ရှင်သန် လာမလားဆိုတာ ခန့်မှန်းရခက်တယ်။ WHO ရဲ့ ၂၀၂၀ ပြည့်နှစ် ဇွန်လ ၇ရက် ထုတ်ပြန်ချက်အရဆိုရင် အရှေ့တောင်အာရှမယ် မေ ၃၁ ရက်က အမြင့်ဆုံးနေ့ဖြစ်တယ်။ ဒါကြောင့် မဲဆန္ဒရှင် ပြည်သူတွေအတွက် လုံလုံခြုံခြုံ မဲဆန္ဒပေးနိုင်ရေးအတွက် အစီအမံတွေ၊ ပြင်ဆင်မှုတွေ လုပ်ကိုင်ထားဖို့ လိုတယ်။ နောက်တချက်ပြောချင်တာက အထွေထွေရွေးကောက်ပွဲတွေ လုပ်ရင် တတိုင်းပြည်လုံး တပြိုင်နက်တည်း နေရာအနှံ့မယ် ကျင်းပပြုလုပ်နိုင်ဖို့ လိုလိမ့်မယ်။ ဒီအတွက် တပြည်လုံး အပစ်အခတ်ရပ်ဖို့ လိုအပ်တယ်။ အမြန်ဆုံး စစ်တွေရပ်စဲကြပါလို့ ပြောချင်တယ်။ ကပ်ရောဂါအတွက်ရော၊ ကျနော်တို့ရဲ့ အထွေထွေ   ရွေးကောက်ပွဲ ဂုဏ်သိက္ခာရှိရေးနဲ့ ဒီမိုကရေစီရေး ဖြစ်စဉ်အတွင်းက သမိုင်းမှတ်ကျောက်တခုဖြစ်ရေးအတွက်   ပြောဆိုရခြင်းဖြစ်ပါကြောင်း တင်ပြအပ်ပါတယ်။

Aung Moe Zaw

အောင်မိုးဇော်သည် လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ (DPNS)၏ ဥက္ကဌ ဖြစ်ပါသည်။

Related article
မြန်မာနိုင်ငံနှင့် ကိုဗစ်ကာကွယ်ဆေး ထိုးနှံနိုင်မှု အလားအလာ

မြန်မာနိုင်ငံနှင့် ကိုဗစ်ကာကွယ်ဆေး ထိုးနှံနိုင်မှု အလားအလာ

မြန်မာနိုင်ငံက အခုအချိန်မှာ လူပေါင်း ၁ ဒသမ ၇ သန်းကို ကာကွယ်ဆေး ထိုးနှံ ပြီး…

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါနှင့်  လော့ခ်ဒေါင်းမှတ်စု  (လော့ခ်ဒေါင်းနှင့်အတူနေထိုင်ခြင်း)

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါနှင့် လော့ခ်ဒေါင်းမှတ်စု (လော့ခ်ဒေါင်းနှင့်အတူနေထိုင်ခြင်း)

လော့ခ်ဒေါင်းချ ဆောင်ရွက်တဲ့ အခါမှာ ဆင်းရဲတဲ့အိမ်ထောင်စုတွေ၊ အလုပ်အကိုင် ဆုံးရှုံးသွားသူတွေ၊ ချို့တဲ့အားနည်းတဲ့ လူတွေအတွက်လည်း အဓိကစဉ်းစားပေးပြီး ကုစားရေး…

တရုတ်နိုင်ငံ၏ ကိုဗစ်-၁၉ကာကွယ်ဆေး သံတမန်လှုပ်ရှားမှုနှင့် မြန်မာနိုင်ငံအတွက် အလားအလာ

တရုတ်နိုင်ငံ၏ ကိုဗစ်-၁၉ကာကွယ်ဆေး သံတမန်လှုပ်ရှားမှုနှင့် မြန်မာနိုင်ငံအတွက် အလားအလာ

တရုတ်နိုင်ငံဟာ ကာကွယ်ဆေးကို အများကောင်းကျိုးအဖြစ် အသုံးပြုမယ်၊ မြန်မာနိုင်ငံစတဲ့ မိတ်ဖက်နိုင်ငံတွေကို ဦးစားပေးဖြန့်ဝေမယ် ဆိုတာဟာ စေတနာကောင်းရင်တောင် လက်တွေ့…

Discussion about this post

Leave a Reply

Your email address will not be published. Required fields are marked *

Type your search keyword, and press enter to search