Menu & Search

ကိုဗစ်-၁၉ က ဒီမိုကရေစီကို ကူးစက်စေသလား

July 17, 2020

ကိုဗစ်-၁၉ ရောဂါကူးစက်မှုက နိုင်ငံများ၊ စနစ်များကို မျက်နှာဖုံး ဆွဲခွာချခဲ့သည်ဟု သုံးသပ်သူအများက ဆိုကြသည်။ မူလ ကတည်းက ချိနဲ့နေသော စနစ်များ၊ ကိုယ်ခံအားမကောင်းသော နိုင်ငံများအဖို့ ပို၍ အထိနာစေသည်။ အထူးသဖြင့် အမေရိ ကန် ပြည်ထောင်စုဆိုလျှင် ကိုဗစ်-၁၉ ကပ်ဘေးကာလအတွင်း အသားအရောင်ခွဲခြားမှု နှင့် စနစ်၏ မမျှတမှုများကြောင့် ဆူပူမှု အဓိကရုဏ်းများနှင့် “လူမဲတို့၏ ဘဝများလည်း အရေးကြီးပါသည်” (Black lives matter) လှုပ်ရှားမှု ဖြစ်ပေါ်စေခဲ့သည်။ ခေါင်းဆောင်မှု အားပျော့ချည့်နဲ့သော နိုင်ငံများ က ကပ်ရောဂါတုံ့ပြန်မှုတွင် ဖရိုဖရဲ။ ထိုမျှမက ကပ်ဘေးကာလတွင် အစိုးရအပေါ် မျှော်လင့်ချက်ကြီးရင်း အစိုးရကြီးများ ပေါ်ထွန်းလာစေသည်။ အစိုးရများက အာဏာကို အလွန်အကြူးသုံးကြ သည်။ ကပ်ရောဂါ ထိန်းချုပ်ရေးကို အလေးပေးရင်း သာမန်အသေးအဖွဲပြစ်မှုကလေးများဖြင့် ထောင်တန်းကျရသည်များ ဖြစ်စေ သည်။ လူမှု လွတ်လပ်ခွင့်များ ထိန်းချုပ်ခံကြရသည်။ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများ ဖြစ်စေသည်။ နောက်ဆုံး ရွေးကောက်ပွဲများ ရွှေ့ဆိုင်းခံရသည့် နိုင်ငံအများအပြား ရှိလာစေခဲ့သည်။

စတန်းဖို့ဒ်တက္ကသိုလ်မှ ပါမောက္ခ ဖရန်စစ် ဖူကူးယားမားက “ကပ်ရောဂါဘေးကြောင့် လွတ်လပ်ခွင့်၊ ဒီမိုကရေစီတို့အပေါ် သက်ရောက်မှု ရှိစေခဲ့သည်” ဟု ဆိုပါသည်။ “ခြုံ၍ကြည့်မည်ဆိုလျှင် အခွင့်အလမ်းထက်စာလျှင် အန္တရာယ်က ပို၍ကြီးမားစွာ သက်ရောက်မှု ရှိနေသည်” ဟု ဆိုပါသည်။ ဖူကူယားမားက “မူဝါဒအားဖြင့်၊ အဖွဲ့အစည်းဆိုင်ရာစနစ် (အင်စတီကျူးရှင်း) တွေ တိုးတက်လာစေဖို့ အခွင့်အလမ်းကောင်းတွေ ရှိတယ်လို့ ကျနော်အမှန် ထင်မြင်ပါတယ်။ ဒါပေမယ့် အခုအခါမှာတော့ အန္တရာယ်က ပိုကြီးနေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လူတွေက စီးပွားရေးအရ ခြိမ်းခြောက်ခံရတဲ့အခါ ကြောက်ရွံ့ကြတယ်။ ဒါနဲ့ပဲ စိတ်ဓာတ်ပိုင်းဆိုင်ရာအရ ကြောက်ရွံ့မှုတွေ၊ အမုန်းတရားတွေနဲ့ပဲ တုံ့ပြန်ဖို့ ပိုဖြစ်လာစေပါတယ်” ဟု ဆိုခဲ့သည်။ ကမ္ဘာ လုံးဆိုင်ရာ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးအတွက်လည်း နှစ်ခုစလုံး ဆုံးရှုံးရမှာ စိုးရိမ်နေသည်ဟု သူက ဆိုပါသည်။

ဖူကူယားမားက Foreign Affairs မဂ္ဂဇင်းတွင် “ကပ်ရောဂါနှင့် နိုင်ငံရေး အခင်းအကျင်း” (Pandemic and Political Order) ဟူသော ဆောင်းပါး၌ ဧရာမ အကျပ်အတည်းကြီးတိုင်း၏နောက်တွင် မျှော်လင့်မထားသည့် ဆိုးကျိုးနောက်ဆက်တွဲ ဖြစ်စေသည် ဟု ဆိုပါသည်။ အထွေထွေ စီးပွားပျက်ကပ်ကြီး (၁၉၃၀) ကြောင့် အထီးတည်းနေရေးဝါဒ၊ အမျိုးသားရေးဝါဒ၊ ဖက်ဆစ် ဝါဒ ဆိုးကျိုးသက်ရောက်စေပြီး၊ ဒုတိယကမ္ဘာစစ်ကြီး ဖြစ်သည့်တိုင် ဖြစ်ပေါ်စေခဲ့သည်။ သို့သော် အမေရိကန်ပြည်ထောင်စု တွင် ၁၉၃၀ စီးပွားရေးကပ်ကြီးနောက်ပိုင်း လူအများအတွက် လူမှုဖူလုံရေးနှင့် ကောင်းကျိုးချမ်းသာကို ကြည့်သည့် အသစ် သော သဘောတူညီမှု (New Deal) အစီအစဉ်၊ အမေရိကန်က ကမ္ဘာ့ အင်အားကြီး အဆင့်တက်လာခြင်းနှင့် ကိုလိုနီစနစ် ဖျက်သိမ်းခြင်း ကဲ့သို့သော ကောင်းကျိုးလည်း ဖြစ်စေခဲ့ပါသည်။ အမေရိကန် ကမ္ဘာ့ကုန်သွယ်မှု အဆောက်အဦ (World Trade Center) ကို ၉/၁၁ တိုက်ခိုက်မှု အပြီးတွင်လည်း အမေရိကန်၏ မအောင်မြင်လှသော ကျူးကျော်စွက်ဖက်မှု နှစ်ခု၊ အီရန် ခေါင်းထောင်လာခြင်း နှင့် အသစ်သော အစွန်းရောက် အစ္စလာမ်မစ်ဝါဒတို့ ပေါ်ထွန်း ဖြစ်စေခဲ့သည်။ ၂၀၀၈ ခုနှစ် ကမ္ဘာ့ ဘဏ္ဍာ ရေး အကျပ်အတည်းနောက်တွင်လည်း ကမ္ဘာတဝန်း တည်ရှိ ပြီး စနစ်၊ ယန္တရားတို့အပေါ် ဆန့်ကျင်အုံကြွသည့် လူများ ကြိုက်ဝါဒ (anti-establishment populism) ပေါ်ထွန်းစေသည်။ ယခု ကိုဗစ် ၁၉ အကျပ်အတည်း အပြီးတွင်လည်း ကောင်းကျိုး-ဆိုးကျိုး အကျိုးဆက်များ ရှိနေနိုင်ပါသေးသည်။

ဖူကူယားမား ကတော့ နှိုင်းယှဉ်ချက်အရ အမေရိကန် စူပါ ပါဝါအကျ၊ တရုတ် အင်အားအသာ နှင့် လစ်ဘရယ် နိုင်ငံတကာ အခင်းအကျင်း တိုက်စားခံရခြင်း၊ ဖက်ဆစ်ဝါဒ ပြန်၍ ခေါင်းထောင်လာခြင်းများ ကြုံရနိုင်သည်ဟု ခန့်မှန်းထားပါသေးသည်။ ထိုမျှမက အမျိုးသားရေး ဝါဒ၊ အထီးကျန်နေရေး ဝါဒ၊ နိုင်ငံခြားသား မုန်းတီးမှု၊ နိုင်ငံတကာ လစ်ဘရယ် အခင်းအကျင်းကို တိုက်ခိုက်မှုများ လာမည့်နှစ်များစွာ ကြုံတွေ့ကြရတော့မည်ဟု ဆိုပါသည်။ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ခရီးလမ်း ချီတက်နေသော မြန်မာနိုင်ငံအဖို့ ကြီးမားသည့် စိန်ခေါ်မှုများ ကြုံရပါလိမ့်မည်။ မည်သို့ဆိုစေ ဤသို့ အန္တရာယ် ခြိမ်းခြောက်မှုများကို ပြန်၍ သုံးသပ်ကြည့်ဖို့ လိုပါသည်။

 

မိမိတို့ အမှန်တကယ် စစ်ဖြစ်နေခြင်း မဟုတ်ပါ။

ကိုဗစ်-၁၉ ကပ်ရောဂါကို တုံ့ပြန်ရာ၌ နိုင်ငံအများက စစ်ပွဲသဖွယ် ဥဒါဟရုဏ်ဆောင်၍ တင်စားကြပါသည်။ ဆိုလိုသည်မှာ စစ်ပွဲတပွဲ ဖြစ်သည့်နှယ် လိုအပ်သည့် လူအား၊ ငွေအား၊ ပစ္စည်းအား အရင်းအမြစ်များကို လှုံ့ဆော်အသုံးပြုခြင်း နှင့် သူရဲ ကောင်းဆန်ဆန် ခေါင်းဆောင်မှုတခု နောက်သို့ ပြည်သူလူထုတရပ်လုံး လိုက်ပါလာစေရေးကို တိုက်တွန်းလိုခြင်း၊ ကိုယ် ကျိုးစီးပွားစွန့်၍ စုပေါင်းဆောင်ရွက်ကြရေးကို ရည်သန်ခြင်း ဖြစ်ပါသည်။ သို့သော် ဤသို့သော အခြေအနေက အမြဲထာဝရ မရရှိနိုင်ပါ။ ဤသို့ အကျပ်အတည်းတရပ်အတွက် စုပေါင်းဆောင်ရွက်ကြခြင်းမှာလည်း အာဠာဝက အစိုးရကြီးတရပ် ဖြစ်ပေါ် လာစေအောင် တွန်းပို့ထောက်ခံခြင်း မဟုတ်ကြပါ။ ထိုမျှမက အလုပ်လက်မဲ့များ နက်နက်ရှိုင်းရှိုင်း များပြားလာြခင်း၊ ကာလ ကြာရှည် စီးပွားပျက်ကပ် ကြုံရခြင်း၊ မမျှော်လင့်ထားသည့် ကြွေးဝန်ထုပ်ဝန်ပိုး ပိခြင်းများ မလွဲမသွေကြုံတွေ့လာရပါက တင်းမာမှုများနှင့် နိုင်ငံရေးအရ တုံ့ပြန်မှုများ ရှိလာခြိမ့်မည် ဖြစ်ပါသည်။

 

လူ့အခွင့်အရေးများအပေါ် အန္တရာယ် အထူးသက်ရောက်စေခြင်း

ကိုဗစ် ၁၉ ကပ်ဘေး ကာလတွင် အစိုးရများက အတိုက်အခံများကို လက်ဦးမှုယူ နှိပ်ကွပ်မှုများ ရှိသကဲ့သို့၊ ကျန်းမာရေးအပေါ် ဦးစားပေးသော ထိန်းချုပ်မှုများကြောင့် သာမန်ပြစ်မှုကလေးများနှင့်ပင် အလွန်အကြူး ထောင်ချ၊ အပြစ်ပေးခံရခြင်းများ ရှိနေ ခဲ့ပါသည်။ ထိုင်းနိုင်ငံမှ သတင်းတပုဒ်အရ “အရေးပေါ်အခြေအနေ” အမိန့်ကြေညာထားစဉ်အတွင်း ညမထွက်ရအမိန့် ဖီဆန် ကြသောကြောင့် ၇၂ ရက်တာ ကာလအတွင်း ဖမ်းဆီးခံရသူ လူပေါင်း ၄၀,၀၀၀ ရှိခဲ့ကြောင်း ဆိုသည်။ မြန်မာနိုင်ငံတွင်လည်း ကျန်းမာရေးအတွက် ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေး ဥပဒေနှင့် ဒေသန္တရ အမိန့်များကို ချိုးဖောက်မှုကြောင့် ဖမ်းဆီး ထိန်းသိမ်းမှုများ ရှိခဲ့သည်။ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) (AAPP-B) ၏ ပြုစုထား သော မှတ်တမ်းများအရ “မတ်လ နှင့် ဧပြီလအတွင်းတွင် ကူးစက်ရောဂါကာကွယ်နှိမ်နင်းရေး ဥပဒေ ပုဒ်မ ၁၅၊ ၁၈ ၊ သဘာဝ ဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ၂၅၊ ၂၆၊ ၂၇၊ ၂၈၊ ၃၀၊ ရာဇသတ်ကြီးပုဒ်မ-၁၈၈၊ နှာခေါင်းစည်းတပ်ဆင်ခြင်း မရှိသော ကြောင့် ဖမ်းဆီးခံရခြင်း စသည့် ဥပဒေတို့ဖြင့် တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခြင်းခံခဲ့ရသူ ၆၇၀ ဦးရှိခဲ့ပြီး၊ မေလအတွင်းတွင် ၃,၇၀၅ ဦးအထိ မြင့်တက်လာခဲ့ကာ ဇွန်လအတွင်းတွင် ၅၆ ဦးအထိ လျော့ကျသွားခဲ့သည်ကို တွေ့ရှိရသည်။”

ကိုဗစ်ကာလတွင် လူမှု လွတ်လပ်ခွင့်နှင့် လှုပ်ရှားမှုနယ်ပယ်လည်း သိသိသာသာ ချုပ်ချယ်ခံခဲ့ရသည်။ နိုင်ငံသားလွတ်လပ်ခွင့် များလည်း ကန့်သတ်ခံရသည်။ လူစုလူဝေးပြုမှုများလည်း တားမြစ်ထားခဲ့သည်။ သတင်းဖော်ပြချက်များအရ ကမ္ဘာ့လူဦးရေ သုံးပုံတပုံကျော်မှာ ပိတ်ဆို့ကန့်သတ်မှု (lock down) ချခံရပြီး၊ နိုင်ငံအများအပြားက အရေးပေါ်ကာလ ကြေညာပြဌာန်းခဲ့ကြ သည်။ ဤသို့ကန့်သတ်မှုများမှာ လူအများအသက်ကို ကယ်တင်နိုင်ရန်အတွက် လိုအပ်သော်လည်း ဝန်ထုပ်ဝန်ပိုး ဆိုးရွားစွာ မဖြစ်စေသင့်သကဲ့သို့၊ အချိန်အတိုင်းအတာ အကန့်အသတ်လည်း ရှိသင့်ပါသည်။

လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ (Human Rights Watch) နှင့် အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty International) တို့က ကျန်းမာရေးအကြောင်းကြောင့် လူ့အခွင့်အရေးများအပေါ် ကန့်သတ်ချုပ်ချယ်မှုကို သဘောတူပါသည်။ သို့သော်လည်း အစိုးရများက အရေးပေါ်အခြေအနေကို အသုံးချ၍ အရပ်ဘက်လှုပ်ရှားမှုနယ်ပယ်များကို ကန့်သတ် ချုပ်ချယ်မှု တရားမျှတကြောင်း ဆင်ခြေပေးခြင်း၊ မမျှတ မဆီလျော်သော နိုင်ငံသားအခွင့်အရေးနှင့် နိုင်ငံရေး အခွင့်အရေးများ ကို ချုပ်ချယ်ခြင်းများ ပြုလာနိုင်ကြောင်း ဖော်ပြကြပါသည်။ အချို့သုံးသပ်သူများက “အစိုးရလက်တံ ဆန့်ထုတ်လာရင်း အလွန်အကျူး ဖြစ်လာမည့် ရေခံမြေခံ” ဟုပင် သတိပေးပြောကြားကြသည်။ [ကပ်ဘေးကာလအတွင်း အရပ်ဘက်အဖွဲ့ အစည်းများ အရေးမပါဖြစ်ရခြင်း၊ သတင်းမီဒီယာတို့၏ အခန်းကဏ္ဍကျဆင်းလာခြင်းကိုကိုဗစ်ကပ်ဘေး –  အရပ်ဘက် အဖွဲ့အစည်းတွေ ဘယ်ဆီသို့ဆောင်းပါးတွင် ဖတ်ရှုနိုင်သည်။]

 

ကပ်ရောဂါသည် လွတ်လပ်စွာလုပ်ချင်ရာလုပ်ခွင့် (carte blanche) အခြေအနေ မဟုတ်ပါ

ဗိုင်းရပ်စ်ကို တိုက်ပွဲဆင်ရန် ဒုတိယ ကမ္ဘာစစ်နောက်ပိုင်းကာလမှ စ၍ နိုင်ငံတော် အာဏာစက်ကို ပြင်းပြင်းထန်ထန် ပြန်၍ သုံးရသည့်အချိန် ဖြစ်လာပြီး၊ အစိုးရကြီး ကာလဖြစ်လာသည်။ ကပ်ဘေး အရေးပေါ်အခြေအနေကို ဖြေရှင်းရန် အစိုးရများ ကယ်မမှု ဘဏ္ဍာငွေ အမြောက်အမြား သုံးကြရသည်။ ငွေချေးကြသည်။ အကြွေးခံ၍ ဘတ်ဂျက်လိုငွေပြအောင် သုံးကြသည်။ နိုင်ငံသား လွတ်လပ်ခွင့်များ ကန့်သတ်ချုပ်ချယ် ကြရသည်။ သို့သော်လည်း ဤသို့ဆောင်ရွက်နေစဉ်မှာ လုပ်ချင်ရာလုပ်ခွင့် ပေးထားခြင်း မဟုတ်ကြောင်း အစိုးရများ သတိချပ်ရန် လိုအပ်ပါသည်။ ပွင့်လင်းမြင်သာမှု၊ အထိန်းအထေ (Check and balance) နှင့် တာဝန်ယူ တာဝန်ခံမှုများ အမြဲတစေ စောင့်ထိန်းရပါမည်။ လူ့အခွင့်အရေးများကိုလည်း လေးစားလိုက်နာရန် အထူးလိုအပ်ပါသေးသည်။

ဟန်ဂေရီအစိုးရက သူ၏လုပ်ပိုင်ခွင့် အာဏာစက်ကို ဗိုင်းရပ်စ်ကပ်ဘေးကာလအတွင်း ထပ်တိုးချဲ့ခဲ့ပါသည်။ မတ်လ ၂၀ ရက် နေ့တွင် “နိုင်ငံတော်၏ အန္တရာယ်ရယ်” (state of danger) အမည်ရသည့် ဥပဒေကို သက်တန်းထပ်တိုးခဲ့သည်။ ဗိုင်းရပ်ကူးစက်မှု ကို ကာကွယ်ရန်ဟု ဖော်ြပထားသော်လည်း၊ ပါလီမန်လွှတ်တော် စောင့်ကြည့်မှု မလိုအပ်ဘဲ အစိုးရကို လုပ်ပိုင်ခွင့်ပေးထား ခြင်း ဖြစ်သည်။ ထို့အပြင် သတင်းတု၊ သတင်းမှား၊ ကောလာဟလ၊ လှုံ့ဆော်မှုများကိုလည်း ၅ နှစ်အထိ ထောင်ချနိုင်ရန် ခွင့်ပြု ထားသည်။  မြန်မာနိုင်ငံတွင်လည်း ကိုဗစ်-၁၉ သတင်းထုတ်ပြန်ရေးသားမှုကြောင့် ဖမ်းဆီးခံရသော သတင်းထောက်များ ရှိခဲ့ သည့်အပြင်၊ နိုင်ငံအများကလည်း သတင်းတု၊ သတင်းမှား၊ ကောလာဟလများကို တုံ့ပြန်သည်ဆိုကာ ကန့်သတ်ချုပ်ချယ် အရေးယူမှုများ ရှိခဲ့ကြသည်။ မတ်လ ၃၀ ရက်နေ့တွင် မြန်မာအစိုးရက ဝက်ဘ်ဆိုဒ် ၂၂၁ ခုကို ပိတ်ပင်ခဲ့သည်။ အကြောင်းမှာ သတင်းတုဖော်ပြသည့် ဝက်ဘ်ဆိုဒ်များ၏ စွပ်စွဲဖော်ပြသော်လည်း၊ တိုင်းရင်းသား သတင်းမီဒီယာ ဝက်ဘ်ဆိုဒ်များလည်း ပါဝင်ခဲ့သည်။

 

ပြည်သူများနှင့် ကင်းကွာခြင်း

ကိုဗစ်-၁၉ ကာလအတွင်း ရုပ်ပိုင်းဆိုင်ရာ အရ ခပ်ခွာခွာနေကြရမည် ဆိုသောကြောင့် လူတဦးနှင့် တဦးထိတွေ့မှု ဝေးသော် လည်း အစိုးရများက ပြည်သူနှင့် ပြန်ကြားဆက်သွယ်ရေး လုပ်ငန်းများ ဝေးကွာလှမ်း၍ မဖြစ်ပါ။ အစိုးရနှင့် ပြည်သူလူထုများ အကြား ပြန်ကြားဆက်သွယ်ရေး လုပ်ငန်းများ အထူးအရေးကြီးပါသည်။ သို့မှသာ မူဝါဒ တုံ့ပြန်မှုများက ပြည်သူများ၏အမှန် တကယ်လိုအပ်ချက်နှင့် ကိုက်ညီဆီလျော်မည် ဖြစ်သည်။ [ကပ်ဘေးကာလ အစိုးရ၏ လူထုဆက်ဆံပြန်ကြားရေး ယန္တရား အား ချဉ်းကပ်သုံးသပ်ကြည့်ခြင်း ကိုဖတ်ရှုစေလိုပါသည်။] ကိုဗစ်-၁၉ ကြောင့် စီးပွားရေးလုပ်ငန်းများ အထူးတလှယ်ထိခိုက် သည်နှင့်အညီ သတင်းစာများ၏ ဝင်ငွေဖြစ်သော ကြော်ငြာလုပ်ငန်းများ ရပ်ဆိုင်းခဲ့ရသည်။ ယင်းနှင့်အတူ ဩစတြေးလျနိုင်ငံ တွင် ၂၀၁၉ ဇန်နဝါရီမှစတင်၍ ကိုဗစ်ကာလအထိ သတင်းခန်း (News room) ၁၅၀ ကျော် ပိတ်ပစ်ခဲ့ရပါသည်။ အလားတူပင် ဂါဒီယန်သတင်းစာက ဖော်ပြရာ၌ အမေရိကန်ပြည်ထောင်စုတွင်လည်း သတင်းစာများက မျိုးသုဉ်းလုနီး ဖြစ်နေပြီဟု ဖော်ပြခဲ့ သည်။ အစိုးရနှင့် ပြည်သူအကြား စတုတ္ထမဏ္ဍိုင်ဟု ဆိုကြသော သတင်းစာများ ပိတ်သိမ်းကြသည်။ သတင်းထောက်ဦးရေ လျှော့ကျသည်။ သို့ဆိုလျှင် ပြည်သူတို့၏ အသံကို အစိုးရသိရန် ခက်ပေလိမ့်မည်။ မြန်မာနိုင်ငံတွင်လည်း အလားတူပင်၊ ကိုဗစ်ကာလအတွင်း စာနယ်ဇင်းကဏ္ဍတွင် ဌာန ၅ ခုထက်မနည်းက ဝန်ထမ်းများကို လျှော့ချခဲ့သည်ကို တွေ့ရသည်။

 

ဘေဂျင်းက စံပြမိုဒယ်တခု ဖြစ်လာခြင်း

ဒီမိုကရေစီ နိုင်ငံများဖြစ်ကြသည့် တောင်ကိုရီးယား၊ ဂျာမဏီ နှင့် တိုင်ဝမ်တို့က ကိုဗစ်-၁၉ ကူးစက်ရောဂါ ထိန်းချုပ်ရေးတွင် စွမ်းစွမ်း တမံ အောင်မြင်မှုရခဲ့ကြပါသည်။ သို့သော်လည်း ဒီမိုကရေစီ ရှေ့တန်းနိုင်ငံတခု ဖြစ်သော အမေရိကန်ပြည်ထောင်စု တွင် အလဲအကွဲ ဖြစ်နေကာ၊ တရုတ်နိုင်ငံက ချီးကျူးဖွယ် ထိန်းချုပ်နိုင်သော နိုင်ငံတခုအဖြစ် စံပြ ဖြစ်လာနေပြန်သည်။ တချိန်တည်းတွင် ဗြိတိန်၊ ဘရာဇီးလ်၊ စပိန်၊ အီတလီ ဒီမိုကရေစီနိုင်ငံများက မှတ်တမ်းများအရ အလူးအလဲ ခုခံနေကြရပါ သည်။ ဖူကူယားမားကတော့ ဒီမိုကရေစီက အရေးကြီးသည်ဟု ဆိုပါသည်။ အကြောင်းမှာ လွတ်လပ်စွာ ဖော်ြပပြောဆိုခွင့် နှင့် သီးခြားလွတ်လပ်သော မီဒီယာများ မရှိလျှင်၊ ကျနော်တို့ လူ့အဖွဲ့အစည်းတွင် မည်သို့မည်ပုံ ဖြစ်ပျက်နေသည်ကို သိရှိနိုင်စွမ်း ရှိတော့မည် မဟုတ်သောကြောင့်ပင်။ ပွင့်လင်းမြင်သာမှုလည်း အရေးကြီးပါသည်။ တရုတ်နိုင်ငံတွင် ရောဂါအစပျိုးကာလက ဖုံးကွယ်မှုများစွာ ရှိခဲ့ကြောင်း စွပ်စွဲပြောဆိုမှု အများအပြားလည်း ရှိထားကြပါသည်။

 

ရွေးကောက်ပွဲများ

နိုင်ငံတကာ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေး အဖွဲ့တခုဖြစ်သော (IFES) ၏ “ကိုဗစ်-၁၉ ကြောင့် ရွေးကောက်ပွဲများ အပေါ် တကမ္ဘာလုံးတွင် သက်ရောက်မှု” အစီရင်ခံစာ ဖော်ပြချက်အရ နိုင်ငံပေါင်း ၄၀ ကျော်တွင် ရွေးကောက်ပွဲများကို ဆိုင်းငံ့ ခဲ့ရပါသည်။ ACE Project ၏ ဖော်ပြချက်အရမူ ဒီမိုကရေစီ နောက်ပြန်လျောကျမှုဖြစ်စဉ် တိုး၍ များလာသည်ဟု ဖော်ပြထား သည်။ မြန်မာနိုင်ငံတွင်တော့ နိုဝင်ဘာလ ၈ ရက်နေ့တွင် အထွေထွေ ရွေးကောက်ပွဲ ကျင်းပမည်ဟု ကြေညာထားပြီး ဖြစ် သည်။ ကိုဗစ်ကပ်ဘေး ကာလအတွင်း ကျင်းပမည့် ရွေးကောက်ပွဲ ဖြစ်သည်နှင့်အညီ ရောဂါမကူးစက်ရေးကို အလေးထားရန် လိုအပ်သကဲ့သို့ လွတ်လပ်မှု၊ တရားမျှတမှု၊ တန်းတူညီမျှမှုတို့ကိုလည်း သေချာ ထိန်းသိမ်းရလိမ့်မည် ဖြစ်သည်။ IFES ၏ အစီရင်ခံစာအရမူ ကိုဗစ်ကာလ ရွေးကောက်ပွဲများတွင် ကြောက်ရွံ့မှုများ၊ မဲလာပေးသူ အရေအတွက်နည်းပါးခြင်း၊ သတင်း မှားများ ဖြန့်ချိခြင်း နှင့် ပြတ်တောက်သွားသော ထောက်ပံ့ရေးကွင်းဆက်များ (supply chains) ကြောင့် မဲကောက်ယူမှု အခက်အခဲ ကြုံရကြောင်း ဖော်ြပထားသည်။

ဂူတင်ဘာ့ဂ်အခြေစိုက် သုတေသနအုပ်စုတခု ဖြစ်သော အမျိုးမျိုးသော ဒီမိုကရေစီစနစ် များ စီမံချက် (Varieties of Democracy) (V-Dem) က ကူးစက်ကပ်ဘေးကြောင့် နောက်ပြန်လျှောကျမှု ညွှန်းကိန်း (Pandemic Backsliding Risk Index) ကို လေ့လာတင်ပြထားရာ ဒီမိုကရေစီ နောက်ပြန်လျှောကျရမည့် အန္တရာယ်မြင့်မား နိုင်ငံပေါင်း ၄၈ ခုကို တင်ပြထားပါသည်။ မြန်မာက အန္တရာယ်မြင့်မားအုပ်စုထဲတွင် အပါအဝင် ဖြစ်နေပါသည်။ ကျန် ၃၄ နိုင်ငံတွင် အန္တရာယ် အသင့်တင့်၊ ကျန် ၄၇ နိုင်ငံတွင်တော့ ဤသို့ အန္တရာယ် မတွေ့ရဟု တင်ပြထားပါသည်။ သတိပြုဖွယ်ပင် ဖြစ်သည်။

နိဂုံး

ကိုဗစ်-၁၉ ကပ်ဘေးကို တုံ့ပြန်ရာတွင် နိုင်ငံတော်၏ စွမ်းဆောင်ရည်၊ လူမှုရေးအရ ယုံကြည်မှု၊ ခေါင်းဆောင်မှု (၃) ချက်က အရေးကြီးသည်ဟု ပညာရှင် ဖူကူယားမားက ထောက်ပြထားပါသည်။ နိုင်ငံတော်အဖြစ် အပြည့်အဝ မရောက်သေးသည့်၊ လည်ပတ်မှု ပုံစံပျက်ယွင်းနေသည့် နိုင်ငံများ၊ အကွဲအပြဲ ကြီးသည့် လူမှုအဖွဲ့အစည်းများ၊ ခေါင်းဆောင်မှု ညံ့ဖျင်းသည့်နိုင်ငံ များတွင် ကပ်ရောဂါကြောင့် ဆိုးကျိုးပိုများနိုင်ပါသည်။ ဤသို့ လိုအပ်ချက်များကြောင့် နိုင်ငံသားများနှင့် စီးပွားရေးစနစ်ကို ပို၍ အန္တရာယ် ကြုံတွေ့ရစေနိုင်ပါသည်။

ကိုဗစ်-၁၉ ကပ်ဘေးကြောင့် ပြီးခဲ့သည့် ဆယ်စုနှစ် ၂ ခုအတွင်း ရရှိခဲ့သော စီးပွားရေးဖွံ့ဖြိုးမှု နှင့် ဆင်းရဲသားများ အပါအဝင် လူထုများ၏ မျှော်လင့်ချက်များကို ကျိုးကြေစေခဲ့ပါသည်။ သို့ဆိုလျှင် လူထုကြီး၏ ဒေါသအမျက် ကြီးလာမည်။ သို့ဆိုလျှင် ကျမ်းရိုးအဖြေဖြစ်သည့် တော်လှန်ရေးများဘက်သို့ လှည့်ကြမည်။ အဟောအပြော ကောင်းသည့် လူထုသည်းခြေကြိုက် ဟော ပြောတတ်သူ ခေါင်းဆောင်များက အခြေအနေကို အခွင့်ကောင်းယူ၍ အာဏာရရေး လုပ်လာကြမည်။ အဂတိသန်သည့် နိုင်ငံ ရေးသမားများကလည်း ရနိုင်သမျှ ခိုးဝှက်ကြမည်။ အစိုးရအများ ပြိုလဲမှုမျိုး၊ ခရီးမဆက်နိုင်သည်မျိုး ကြုံရနိုင်သည်။ တောင် ကမ္ဘာခြမ်းက မြောက်ကမ္ဘာခြမ်းဆီသို့ ရွှေ့ပြောင်းအခြေချရန် ကြိုးပမ်းမှုများ များလာမည်။ ဝင်လာသူလူသစ်များက ရောဂါပိုး နှင့် မတည်ငြိမ် အဓိကရုဏ်းများကို သယ်ဆောင်လာကြသူများဟု မြင်ကာ စာနာစိတ်လည်း နည်းနေကြ လိမ့်မည်ဟု ဖူကူ ယားမားက အကျပ်အတည်း၏ လားရာ ဖြစ်နိုင်ခြေကို ရေးထားပါသေးသည်။ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ခရီးလမ်း လျှောက်လှမ်းနေသူ မြန်မာနိုင်ငံအတွက် ခရီးကြမ်းတောင်တန်းများထဲ မပန်းဖို့ လိုအပ်နေပါသေးသည်။

 

 

အကိုးအကား

ACE Project: The Electoral Knowledge Network. https://aceproject.org/covid-19

Bethke, Felix. and Jonas Wolff. (April 1, 2020). COVID-19 as a Threat to Civic Spaces Around the World. Peace Research Institute Frankfurt. https://blog.prif.org/2020/04/01/covid-19-as-a-threat-to-civic-spaces-around-the-world/

Democracy Digest. (May 1, 2020). Democracy ‘waking from Covid-19 hibernation’ or ‘dangers much greater than opportunities’?

https://www.demdigest.org/a-new-normal-democracy-waking-from-covid-19-hibernation/

Fukuyama, Francis. (March 30, 2020). The Thing That Determines a Country’s Resistance to the Coronavirus. The Atlantic. https://www.theatlantic.com/ideas/archive/2020/03/thing-determines-how-well-countries-respond-coronavirus/609025/

Frey, Carl Benedikt. Chinchih Chen and Giorgio Presidente. (May 15, 2020). Democracy, culture, and contagion: Political regimes and countries’ responsiveness to Covid-191. Centre for Economic Policy Research (CEPR). No. 18

Global Voices. (April 6, 2020). Blocked websites, internet shutdown, and media arrests undermine free speech in Myanmar https://globalvoices.org/2020/04/06/blocked-websites-internet-shutdown-and-media-arrests-undermine-free-speech-in-myanmar/

Gomez, James. and Robin Ramcharan. (April 25, 2020). COVID-19 shrinks civic space in Southeast Asia. The Jarkata Post. https://www.thejakartapost.com/academia/2020/04/25/pandemic-shrinks-civic-space.html

The Guardian. (April 9, 2020).US newspapers face ‘extinction-level’ crisis as Covid-19 hits hard. https://www.theguardian.com/media/2020/apr/09/coronavirus-us-newspapers-impact

The Guardian. (May 18, 2020). More than 150 Australian newsrooms shut since January 2019 as Covid-19 deepens media crisis. https://www.theguardian.com/media/2020/may/18/more-than-150-australian-newsrooms-shut-since-january-2019-as-covid-19-deepens-media-crisis

V-Dem Institute Policy Brief. (April 2020). Pandemic Backsliding:  Does Covid-19 Put Democracy at Risk? https://www.v-dem.net/media/filer_public/52/eb/52eb913a-b1ad-4e55-9b4b-3710ff70d1bf/pb_23.pdf

Aung Thu Nyein

အောင်သူငြိမ်းသည် ISP-Myanmar ၏ ပြင်ပဆက်ဆံဆက်သွယ်ရေးဌာန ဒါရိုက်တာ ဖြစ်ပါသည်။

Related article
ကိုဗစ်ကပ်ဘေး –  အရပ်ဘက်အဖွဲ့အစည်းများ ဘယ်ဆီသို့

ကိုဗစ်ကပ်ဘေး –  အရပ်ဘက်အဖွဲ့အစည်းများ ဘယ်ဆီသို့

ဒါပေမဲ့ အရပ်ဘက်အင်အားစုနယ်ပယ်မှာတော့ နိုင်ငံတော်ရဲ့ သီးခြားစဉ်းစားပေးချက်မျိုး မတွေ့ရဘဲ၊ ထွက်ရှိလာတဲ့ညွှန်ကြားချက်တွေအပေါ်မူတည်ပြီး ဆောင်ရွက်နေရတာကြောင့် အကန့်အသတ်အချို့နဲ့ ခြေချုပ်မိနေရတဲ့ အခင်းအကျင်းပုံစံတွေကို…

ကိုဗစ်အလွန် ခရီးသွားလုပ်ငန်း

ကိုဗစ်အလွန် ခရီးသွားလုပ်ငန်း

ကိုဗစ်အလွန်တွင် ခရီးသွားလုပ်ငန်း အမြန်ဆုံးပြန်လည် ဦးမော့လာစေရန်အတွက် ခရီးသွားလုပ်ငန်းတွင် ပါဝင်နေသည့် Stakeholder များအားလုံး တက်ညီလက်ညီ ပူးပေါင်းကာ…

တကျော့ပြန်ကိုဗစ်နှင့် မြန်မာနိုင်ငံ

တကျော့ပြန်ကိုဗစ်နှင့် မြန်မာနိုင်ငံ

ကာကွယ်ရေး ကိစ္စတွေကို တာဝန်ရှိသူတွေဘက်ကလည်း လျော့တိလျော့ရဲ ကိုင်တွယ်နေမယ်၊ လူတွေကလည်း သတိရှိရှိနဲ့ လေးစားလိုက်နာဖို့ ပျက်ကွက်နေမယ်ဆိုရင် ဆိုးရွားတဲ့လမ်းကြောင်းပေါ်ကို…

Discussion about this post

Leave a Reply

Your email address will not be published. Required fields are marked *

Type your search keyword, and press enter to search