မြန်မာနိုင်ငံနှင့် ကိုဗစ်ကာကွယ်ဆေး ထိုးနှံနိုင်မှု အလားအလာ
မြန်မာနိုင်ငံက အခုအချိန်မှာ လူပေါင်း ၁ ဒသမ ၇ သန်းကို ကာကွယ်ဆေး ထိုးနှံ ပြီး…
ကမ္ဘာပေါ်တွင် လက်ရှိအခြေအနေ၌ ကိုရိုနာဗိုင်းရပ်စ်ကြောင့်ချည်း ရောဂါဘယကပ်သင့်သည် မဟုတ်ဘဲ သတင်းအချက်အလက် ကပ်သင့်ခြင်း Infodemic ပါ ဖြစ်နေပါပြီဟု စိတ်ရှုပ်ရှုပ်ဖြင့် ညည်းတွားလိုက်သူမှာ အခြားသူ မဟုတ်ပါ။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်၏ ညွှန်ကြားရေးမှုးချုပ် Tedros Adhanom Ghebreyesus ပင်ဖြစ်သည်။ ထိုရောဂါဘယများနှင့်ပတ်သက်ပြီး ထင်ယောင်ထင်မှားမှုများကို ဖြေရှင်းရန် WHO ဆက်သွယ် ပြန်ကြားရေးအဖွဲ့များသည် လွန်ခဲ့သည့် လေးလအတွင်း ဖုတ်ပူမီးတိုက် အလုပ်လုပ်ခဲ့ရပါသည်။ သူတို့၏ Myth Buster အမြင်မှားများ တိုက်ဖျက်ရေး စာမျက်နှာသည် 5G ကြောင့် Covid-19 ရောဂါဖြစ်ရသည်မှာ မဟုတ်ကြောင်း၊ ရာသီဥတုပူနွေးစွတ်စိုလျှင် ပိုးမပျံ့ဆိုသည်မှာ မဟုတ်ကြောင်း၊ အရက်သောက်လျှင် ပိုးသေ သည် ဆိုခြင်းမှာ မဟုတ်ကြောင်း၊ အသက်ကြီးသူများကိုသာ ထိခိုက် စေတတ်သည်ဆိုခြင်းမှာ မဟုတ်ကြောင်း အစရှိသော လူပြောများသည့် ယုံမှားမှုများကို ထိုင်ရှင်းနေရသည်။ ထိုယုံမှားမှု အများဆုံးမှာ ဆိုရှယ် မီဒီယာများတွင် ပျံ့နှံ့သည်။ ဆိုရှယ်မီဒီယာသည် အဆီတဝင်းဝင်း သဲတရှပ်ရှပ် အချက်အလက်များ ပေးတတ် သည်မှာ ထုံးစံလိုဖြစ်သော်လည်း ယခုအချိန်ကား အခြားသော ကာလများနှင့် မတူပေ။ ကမ္ဘာသည် မကြုံစဖူး ဘေးဒုက္ခနှင့် ကြုံနေရပြီး သတင်းအချက်အလက်အမှားတခု၊ အမှိုက်တခုကြောင့် နဝေတိမ်တောင်ဖြစ်ရုံ၊ စီးပွားပျက်ရုံ၊ နိုင်ငံရေးသမားတယောက် ရွေးကောက်ပွဲ ရှုံးရုံလောက်တင် အကျိုးဆက်များဖြစ်စေရုံမကဘဲ အသက်များနှင့်ရင်းပြီး ပေးဆပ်ကြရမည့် ကာလဖြစ်သောကြောင့်ပင်။ သို့ဖြစ်ရာ ယခုဆောင်းပါးတွင် ဤ ကပ်ဘေးကာလတွင် ယုံကြည်ရသော သတင်း မီဒီယာတို့၏ အရေးကြီးလှပုံကိုလည်းကောင်း၊ ထိုယုံကြည် ရသော မီဒီယာများဆက်လက်ရှင်သန် အားပြည့် နေစေရန် ကြိုးပမ်းကြပုံများကိုလည်းကောင်း တင်ပြ လိုက်ရပါသည်။
Infodemic သို့မဟုတ် သတင်းအချက်အလက် ကပ်သင့်ခြင်း
အင်ဖိုဒမ်းမစ်ခ်သည် ပြည်သူတို့ကိုသာမက အစိုးရတာဝန်ရှိသူများကိုပါ များစွာစိတ်ရှုပ်ထွေးစေသည်။ စာဖတ် သူသည် မည်သည့်သတင်းအရင်းအမြစ်ကို ယုံရမည်နည်း။ ကြောက်စိတ် တကယ်ဖြစ်သင့်သော အချိန် ရောက်ပါပြီလား ဆိုသည်ကို သတင်းမှန်ရနိုင်သော နေရာများမှတဆင့်သာ ဆန်းစစ်နိုင်သည်။ အစိုးရ သည် လည်း စိုးရိမ်မှုလွန်ကဲခြင်း(panic)များ၏ ဆိုးကျိုးကို တဖက်တွင် ထိန်းရန်လိုအပ်သကဲ့သို့ အချက်ပေး ခေါင်း လောင်းသံကို လုံးလုံးဂရုမစိုက်ဘဲ နေထိုင်မည့် အရေးမလုပ်သူတို့ကိုလည်း ထိရောက်အောင် သတင်းပေးနိုင် မည့်နည်းကို ရှာရပြန်သေးသည်။ ထိုနှစ်ဖက်ကို ဟန်ချက်ညီအောင်လုပ်ရသည်မှာ မလွယ်လှပါ။ ထိုကြားထဲ၌ ဆိုရှယ်မီဒီယာရော ပင်မမီဒီယာရောတွင် လူမျိုးစုအလိုက်အမုန်းပွားခြင်း၊ လူတဦး တယောက်အပေါ် အမုန်း ပွားခြင်း၊ ခွဲခြားဆက်ဆံခြင်းအားဖြင့် ရေနစ်သူကို ဝါးကူလို့ ထိုးခြင်း၊ ကြုံနေရသော အဖြစ်အပျက်အတွက် တစုံတဦးကို အလွယ်သတ္တုချခြင်း အစရှိသော အဖြစ်အပျက်များလည်း အချိန်မရွေး ပေါ်လာနိုင်ပြီး ဆိုးကျိုး ကြီးလှသောကြောင့် တာဝန်သိစိတ်ဖြင့် ဘရိတ်ပြန်ပြန်အုပ်နိုင်မှာသာ မလိုလားအပ်သော ဖြစ်ရပ်များကို ရှောင် ရှားနိုင်ကြပါမည်။
ထို့ပြင် နည်းပညာသဘောအရ ရှုပ်ထွေးသောအကြောင်းအရာ ဖြစ်သည့်အတွက်ကြောင့်လည်း ကောလာ ဟလများက အလွယ်တကူ နေရာရပါသည်။ တနေရာရာက တမင်တကာ ကြံစည်၍ သော်လည်းကောင်း၊ တကယ် ယုံကြည်၍သော်လည်းကောင်း လွှတ်ထုတ်လိုက်သော သတင်းတခုသည် ယုန်ထင်ကြောင်ထင် အခြေ အနေကို များစွာဖန်တီးနိုင်သည်။ ဥပမာ ကိုရိုနာဗိုင်းရပ်စ်သည် လူလုပ်ဗိုင်းရပ်စ်ဟု စွပ်စွဲသော သတင်း ယောင်များစွာကို အကြိမ်ပေါင်းများစွာ ပြန်ဖြေရှင်းရပါသည်။ အင်တာနက်ခေတ်ကြီးတွင် သတင်း ဖြန့်ဖို့ကလည်း လက်တဖျစ်စာပင် အားမထုတ်ရပါ။ သို့ဖြစ်ရာ အမှားပျံ့လွယ်လွန်းသောခေတ်ကြီးကို “A post-truth society” ဟုပင် ကိုရိုနာခေတ်တွင် ခေါ်ဝေါ်လာကြသည်။ အမှန်အတွက်ရုန်းကန်ရခြင်းမှာ ခါတိုင်းထက် ပိုခက်သောကြောင့်ပင်။
ထို့ပြင် ယခုဖြစ်ပေါ်နေသည့် ကိစ္စများမှာ ခါတိုင်း သဘာဝဘေးအန္တရာယ်သတင်းများကို ကိုင်တွယ်ရသည် နှင့်လည်း မတူပါ။ မုန်တိုင်းသည် ပြင်းအား ထိပ်ဆုံးရောက်သောနေ့မှာ နှစ်ရက်ထက် ပိုကြာခဲပါသည်။ မီး တောင်ပေါက် ဆီးနှင်းပိတ်လျှင် တပတ်ဆယ်ရက်ထက်မပို။ တောမီးလောင်ခြင်း သည်ပင် မီးကိုငြိမ်းနိုင်လျှင်၊ မိုးရွာလျှင် အဆုံးသတ်ကို မြင်နေရသေးသည်။ ယခုအချိန်ကား ခြားနားပေသည်။ ဓါတ်ခွဲ စမ်းသပ်ချက်များ၊ ဆေးပညာအရ အသစ်ရှာဖွေတွေ့ရှိမှုများ၊ ဗိုင်းရပ်စ်သဘာဝအရ တုံ့ပြန်မှုများ ပုံစံမျိုးစုံရှိနေခြင်းများကြောင့် မည်သည့်ဌာနဆိုင်ရာမဆို အချိန်မယူဘဲ လွယ်လွယ်မထုတ်ပြန်ရဲသော သဘာဝ ရှိပါသည်။ သို့ရာတွင် သတင်း အချက်အလက်ကိုလိုချင်သော လူထုကြီးကား ဌာနဆိုင်ရာ၏ သေချာချင်စိတ်၊ သတိကဲသော အပြုအမူကို မစောင့်နိုင်ပါ။ ချက်ချင်းဆို ချက်ချင်း သတင်းအချက်အလက်ကို လိုချင်သော အခါတွင် ကောလဟလနှင့် သတင်းတု၊ သတင်းယောင်များ (misinformation/disinformation) အတွက် အခါတိုင်းထက် နေရာ ကျယ် ကျယ်ပိုရပါသည်။ လိုအပ်သည်ထက် သတင်းအချက်အလက်ပေးရန် ဝန်လေးတတ်သော အာဏာရှင်ဆန် (Authoritarian) နိုင်ငံများတွင်မူ ကောလဟလယိမ်းထွက်ရန် ဇာတ်စင်မှာ ပိုကျယ်သေးသည်။ ထိုအခါမျိုး တွင် ပြည်သူတို့သည် မည်သူကို အားကိုးကြရမည်နည်း။
ခေတ်ကြေးမုံများ (သို့) စစ်မှန်သော ဂျာနယ်လစ်များ
အရင်းရှင်စနစ်၏ အမြတ်ပဓာနဝါဒသည် သတင်းမီဒီယာကို ပူးသတ်ခဲ့သည်မှာ ကြာပါပြီ။ သတင်းမီဒီယာကို ကော်ပိုရိတ်များ၏ လက်ပါးစေသာသာ အမြင်ခံရသည့် အဖြစ်များမှာလည်း မရှားလှပါ။ ထို့ပြင် နည်းပညာ အပြောင်းအလဲတွင် လူတိုင်း ရေးသာပြောဆို ဝေဖန် ထောက်ပြနိုင်လာသောအခါ သတင်းစာ၏ အရေးပါမှုများ လျှောကျသွားမလို ထင်ရသည်။ သို့သော် ကိုဗစ်-၁၉ ကဲ့သို့သော အခြေအနေမျိုးသည်ကား စစ်မှန်သော ဂျာ နယ်လစ်များ၏ အခန်းကဏ္ဍ အရေးကြီးပုံကို ပြန်လည်ထောက်ပြသည်။
နမူနာအားဖြင့် အီတလီကို ကြည့်နိုင်ပါသည်။ အီတလီသည် ကိုဗစ်ဒဏ်ကို အတော်ပင်ခံစား ခဲ့ရပြီးပါပြီ။ တနိုင်ငံလုံးကို အပြင်မထွက်ရ အမိန့်များ ထုတ်ပြန်ခဲ့သော်လည်း ကင်းလွတ်ခွင့်ပေးသည့် သူများထဲတွင် ဂျာနယ်လစ်များလည်း ပါဝင်သည်။ အဘယ်ကြောင့်ဆိုသော် တနိုင်ငံလုံးပိတ်ထားသည့် တလကျော်မျှ ကာလတွင် ကျန်းမာရေးကိုစောင့်ရှောက်ပေးသူ ရှေ့တန်းမှ တိုက်နေရသူများကဲ့သို့ သတင်း အချက် အလက်မှန်ကို ပြည်သူ့ထံရောက်ရှိရန် ဆောင်ရွက်ပေးရသူများကလည်း အရေးကြီးသော ကြောင့်ဖြစ်သည်။ ထို့ပြင် အိမ်ထဲ၌ နေထိုင်ရသည့်ကာလအတွင်း မည်သည့်နေရာတွင် မည်သည့် အဖြစ်အပျက်က မှားကြောင်း၊ မှန်ကြောင်း မဆန်းစစ်နိုင်သည့်ကာလတွင် ဆိုရှယ်မီဒီယာထက်စာလျှင် ယုံကြည်ရသည့် သတင်း မီဒီယာ များသို့သာ ကြည့်ရှုအားကိုးကြရသည်။ အီတလီ၏ ကူးစက်မှု အထူထပ်ဆုံး ပြည်နယ် Lombardy တခု တည်းကို ကြည့်လျှင်ပင် လူပေါင်း ၁၆ သန်းခန့် အိမ်ထဲတွင် ပိတ်မိကြသော အခြေအနေဖြစ်သည်။ ထို အိမ်ထဲနေသူတို့သည် သတင်းပရိသတ်များဖြစ်ရန် အလွန်ရာခိုင်နှုန်းများသည်။ ယမန်နှစ်က ပင်မ ရေစီး မီဒီယာကို ၄၀ ရာခိုင်နှုန်းသာ ယုံကြည်သည်ဟု စစ်တမ်းတခုတွင်ဆိုခဲ့သော အီတလီပရိသတ်သည် ကိုဗစ်နှင့် ပတ်သက်သောအခါ ပရော်ဖက်ရှင်နယ်ဂျာနယ်လစ်များရေးသော သတင်း ရေစီးကြောင်းထဲသို့ ပြန်ဝင် လာကြသည်။ မြန်မာပြည်သည်လည်း ထိုနည်းနှင်နှင်ပင်ဖြစ်မည်။ သတင်း စာမျက်နှာဖြစ်လျှင်ပြီးရော အစစ် အတု မခွဲခြားတတ်သူများရှိနေသော်လည်း သတင်းအချက်အလက်ကို ကောင်းကောင်း ရယူတတ်သူ အဖို့များကမူ မရေမရာဝဘ်ဆိုက်ဘ်များ၊ ဆိုရှယ်မီဒီယာစာမျက်နှာများ၊ တဆင့်ခံဖော်ပြသော ဝဘ်ဆိုက်များ ထက်စာလျှင် မူရင်းကိုသာ ပို၍အားကိုးမည်မုချဖြစ်သည်။ တရား မဝင်သည်ဖြစ်စေ၊ တရားဝင်သည်ဖြစ်စေ ခိုးကူး၍ ဆက်လက်ဖြန့်ချိနေသည့် ဝဘ်ဆိုက်များကလည်း ထိုပင်မ မီဒီယာများလုပ်အားကို ဆက်လက် ခေါင်းပုံဖြတ်ကြရာ ငွေကြေးအားဖြင့် အကျိုးအမြတ်မရသော်လည်း သူတို့ ပေးသော အချက်အလက်များမှာ စာဖတ်သူအတွက် အရေးပါနေပြန်ပါသည်။
လက်ရှိ DATAREPORTAL ၏ ၂၀၂၀ အစီရင်ခံစာအရ မြန်မာပြည်တွင် အင်တာနက်သုံးစွဲသူသည် နိုင်ငံ လူဦးရေ၏ ၄၁ ရာခိုင်နှုန်း(၂၂သန်း) ရှိပြီး အားလုံးနီးပါးသည် ဆိုရှယ်မီဒီယာကို အသုံးပြုနေကြပါသည်။ ယခုကဲ့သို့ ရောဂါဘယကြောင့် အိမ်တွင်နေပါဟု ပြောထားသောကာလတွင် ထိုသူတို့အတွက် ပိုမိုယုံကြည်စွာ သတင်းရယူနိုင်သည့် အရင်းအမြစ်မှာ ပရော်ဖက်ရှင်နယ် ဂျာနယ်လစ်များမှ ဖြစ်ပေလိမ့်မည်။ ကျန် သတင်း စာ ဖတ်နေကျ ပရိသတ်များသည် သတင်းစာကို ဆက်ဖတ်နေကြဦးမည် ဖြစ်သော်လည်း သတင်း မီဒီယာများ၏ အခြေအနေမှာ အရင်းအနှီးအရ ဒေါင်ဒေါင်မြည်မဟုတ်ကြပါ။ တဖက်တွင် အခြားအချိန် ထက်စာလျှင် ရေးစရာသတင်းများ နည်းပါးသွားမည်ဖြစ်သည်။ ပွဲလမ်းသဘင်များ၊ အခြား ရေးနေကျ ကိစ္စများသည် ကာလယန္တရား အေးခဲသွားသလို ရပ်တန့်သွားသောကြောင့်ဖြစ်သည်။ ထို့ပြင် လုပ်ငန်းများ ရပ်တန့်သောကြောင့် အိမ်မှာနေကြသောအချိန်များ နှစ်ပတ်ထက်ပိုကြာလျှင် စီးပွားရေးကျပြီး ကြော်ငြာအားနှင့်တကွ ဈေးကွက်သတင်းများ ရှားလာဖွယ်ရှိသည်။ နိုင်ငံတကာတွင်မူ သတင်းစာများ၏ အွန်လိုင်း ၀ယ်ဖတ်သောအား Subscription တက်လာသည်မှာ သိသိသာသာဖြစ်သည်ဟု ဆိုကြသည်။ သို့ရာတွင် မြန်မာမီဒီယာများက ငွေပေးဖတ်သူပရိသတ်ကို မချဉ်းကပ်နိုင်သေးပေ။ ဆိုလိုသည်မှာ ဂျာနယ် လစ်တို့သည် သူတို့အလုပ်ကို သူတို့ ပရော်ဖက်ရှင်နယ်ကျကျလုပ်နိုင်ရန် အသည်းအသန် လိုအပ်နေချိန်တွင်မှ အပြည့်အ၀ အလုပ်လုပ်နိုင်ရန် အခွင့်အရေးအနည်းဆုံးအချိန်သို့ ရောက်ရှိနေပုံကို ဆင်ခြင်နိုင်ရန် ဖြစ်ပါသည်။ ထို့ပြင် ဂျာနယ်လစ်များသည် သတင်းစီးဆင်းမှုကို ရပ်ပစ်လိုက်၍မရသောကြောင့် အန္တရာယ်ဇုန်များသို့ အများ သူငါကဲ့သို့ ရှောင်ကွင်း၍မရနိုင်၊ သို့သော် သူတို့သည်လည်း သံမဏိနှင့် ထုထားသည် မဟုတ်သောကြောင့် ရောဂါမကူးစက်နိုင်ရန်၊ ခရီးသွားလာရာတွင် စိတ်ချနိုင်စေရန်၊ လုံခြုံရေး အစီအမံများစွာလိုပါသည်။ သို့သော် မြန်မာမီဒီယာများ၏ အခြေအနေမှာ ဂျာနယ်လစ်များ မပူပင်မကြောင့်ကြဘဲ သတင်းယူနိုင်အောင် ထောက်ပံ့ ပေးနိုင်သည့် မီဒီယာ၊ လုံခြုံသော အစီအမံဖြင့် ခရီးသွားလာနိုင်သော မီဒီယာမှာ ရှားသည်ထက် ရှားလာ လေပြီ။ ရောဂါဘယအရေးများမတိုင်မီကပင်လျှင် သတင်းမီဒီယာတို့သည် အားကြီးသူသာ ကျန်စတမ်းဟု မီဒီယာဂေဟစနစ်က အကွက်ကျကျပင် ပြဋ္ဌာန်းထားသည့် အတွက်ကြောင့် ကြီးပွားရန် အခြေအနေ မပေးရ သည့်အထဲတွင် နည်းပညာတိုးတက်မှုကြောင့် စာဖတ်သူများလာသော်လည်း ဝင်ငွေကား မများလာသဖြင့် အိမ်အိုကို ကျားကန်ထားသကဲ့သို့ နေနေခဲ့ရသည်။ ယခုအခါ ကိုဗစ်ကာလအတွင်းတွင်မူ ထိုအိမ်အိုသည် ပို၍ အလှုပ်အရမ်းများပါလိမ့်မည်။
ကိုဗစ်-၁၉ ကာလအတွင်း သတင်းမီဒီယာကို အားဖြည့်ကြပုံများ
မြန်မာမီဒီယာသည် လုံးလုံးလျားလျားအာဏာရှင်စနစ်မှ တခြမ်းပဲ့ ဒီမိုကရေစီအဖြစ်သို့ ကူးပြောင်း လာသည်မှာ မကြာသေးသဖြင့် မြန်မာမီဒီယာအခင်းအကျင်းသည် အခြားနိုင်ငံများနှင့်စာလျှင် များစွာထူး ခြားပါသည်။ သို့သော် နိုင်ငံတကာမီဒီယာများ၏ ခေတ်ကိုရင်ဆိုင်ရပုံသည်လည်း မြန်မာများနှင့် ဆင်တူသော ပြဿနာများစွာရှိနေရာ လက်ရှိနိုင်ငံတကာ မီဒီယာများ ဖြေရှင်းနေကြပုံများအနက် နည်းအချို့ကို လေ့လာရပါသည်။ အထူးသဖြင့် မီဒီယာဖွံ့ဖြိုးရေးအပေါ် အာရုံစိုက်နေကြသော အစိုးရ မဟုတ်သည့် အဖွဲ့အစည်းများ၊ ဂျာနယ်လစ်တို့ကိုယ်တိုင်ဖွဲ့ထားသော ကွန်ရက်များ၏ ဆောင်ရွက်ချက် များကို ကိုဗစ် ကာလတွင် ထင်ရှားသော ပုံစံနှစ်မျိုးဖြင့်တွေ့မြင်နိုင်ပါသည်။ (၁) ဂျာနယ်လစ်များ၏ ကပ်ဘေး တုံ့ပြန်ရေး သတင်းများရေးသားရာတွင် လွယ်ကူ၊လုံခြုံစေရေးအတွက် ကူညီစီစဉ်၊ပညာပေးခြင်း၊ (၂) မီဒီယာ သဟာယ များကို ပို၍ အားပေးလာခြင်း။
(၁) လွယ်ကူ၊လုံခြုံစေရေးအတွက် ကူညီစီစဉ်၊ပညာပေးခြင်း
မီဒီယာကို ကူညီပေးသော အဖွဲ့အစည်းများစွာ(ရည်ညွှန်းဝဘ်ဆိုက်များကို ကြည့်နိုင်ပါသည်။)သည် ဂျာနယ် လစ်များ အများပြည်သူကို သတင်းပေးသောနေရာတွင် ထိရောက်ရန်၊ စည်းမဖောက်ရန်၊ ဆောင်ရန်၊ ရှောင်ရန် များကို အဓိကသတိပေးကြပါသည်။ အောက်ပါ အခြေအနေများ ကြုံရသောအခါများတွင် မည်သို့မည်ပုံ ဖြေရှင်းနိုင်ကြောင်း အကြံဉာဏ်နှင့် နည်းလမ်းများ ပေးကြပါသည်။
ထိုသို့ အရေးအသားပိုင်းဆိုင်ရာတွင် လိုအပ်မည့်ကျွမ်းကျင်မှုများကို အသစ်ဖြည့်တင်း ပေးနေကြသည့် အဖွဲ့အစည်း များရှိသကဲ့သို့ အချက်အလက်များ မှန်မမှန် စစ်ဆေးပေးသည့် ဝန်ဆောင်မှုကို ပေးသူများလည်း ရှိလာကြပါသည်။ ထို့ပြင် ကိုဗစ်-၁၉ နှင့် ပတ်သက်သည့် သတင်းစီးဆင်းမှုသည် မည်သည့်နေရာနှင့်မဆို (နယ်စွန်နယ်ဖျားနှင့် ပဋိပက္ခဒေသများအပါအဝင်၊ ဖယ်ကြဉ်ခံ လူ့အသိုင်းအဝိုင်းများအပါအဝင်၊ အားနည်းပြီး ထိလွယ်ခိုက်လွယ်အုပ်စုများ အပါအဝင်) သွက်လက်လျင်မြန်စေရန်အတွက်၊ အရည်အသွေးကောင်းသော တင်ပြမှုများကို ရရှိနိုင်ရန်အတွက် ငွေကြေးအရ ထောက်ပံ့ပေးကြခြင်းများလည်း ရှိလာကြပါသည်။ ဥပမာ Internews, International Women Media Foundation, Facebook Journalism Project, National Geographic Society အစရှိသည်တို့ ဖြစ်ကြသည်။
အချို့သော အထောက်အပံ့များကမူ ဂျာနယ်လစ်တို့၏ လုံခြုံရေးကို အကာအကွယ်ပေးရန် ဦးတည်ပါသည်။ ထိုမျှမက ၎င်းတို့၏ ဒေတာလုံခြုံရေးနှင့် သတင်းရင်းမြစ်များ၏ လူပုဂ္ဂိုလ်လုံခြုံရေးနှင့် မပေါက်ကြားသင့်သော အချက်အလက်များ လုံခြုံရေးအထိ စဉ်းစားစရာများ၊ ဖြေရှင်းရန် နည်းလမ်းများကို ဝိုင်းဝန်းကူညီပေး ကြခြင်းဖြစ်သည်။ ဂျာနယ်လစ်များအတွက်ရှိသော ပညာရပ်ပိုင်းဆိုင်ရာ အရင်းအမြစ်များသည် အင်္ဂလိပ် ဘာသာဖြင့်သာ ၁၀၀ ရာခိုင်နှုန်းနီးပါး ရှိနေကြခြင်းဖြစ်ရာ မြန်မာနိုင်ငံအတွက် တတ်နိုင်လျှင် မြန်မြန် ဘာသာ ပြန်ပေးနိုင်လျှင် ကောင်းပါမည်။ အင်္ဂလိပ်ဘာသာစကား နှင့်အလှမ်းဝေးသူ ဂျာနယ်လစ်များအဖို့ လွယ်ကူ စေရန် ဖြစ်ပါသည်။ နိုင်ငံတကာ ငွေကြေးအကူအညီများကမူ အများစုအတွက် အလှမ်းဝေးကောင်း ဝေးနေဦး မည် ဖြစ်သော်လည်း ၎င်းတို့အား နမူနာယူကာ သူ့တို့ ဒေသတွင်းအစီအစဉ်များကို ဖော်ဆောင်လိုသူများအဖို့ စိတ်ကူးကောင်းများရနိုင်မည့် နေရာများ ဖြစ်ပါလိမ့်မည်။
(၂) မီဒီယာသဟာယများကို ပို၍ အားပေးလာခြင်း
မီဒီယာသဟာယ ဆိုသည်မှာ Collaborative media ကို ဆိုလိုခြင်းဖြစ်ပါသည်။ မီဒီယာတို့တွင် မိတ်သဟာယဖွဲ့ကာ အတူလုပ်ကိုင်ဆောင်ရွက်ကြခြင်းမှာ အဆန်းတကြယ် ကိစ္စမဟုတ်ပေ။ သတင်းသမား အချင်းချင်း ပူးပေါင်းသည့်အစဉ်အလာမှာ ပုံနှိပ်မီဒီယာ အရှိန်ရလာသည့် လွန်ခဲ့သည့် နှစ် ၁၀၀ ကျော်ကပင် တွင်ကျယ်ခဲ့သည်ဟု ဆိုရမည်။ မီဒီယာတိုက်တခုစီမှ ဖြစ်စေကာမူ ပုံစံတမျိုးမဟုတ် တမျိုးနှင့် အယ်ဒီတာများ၊ သတင်းထောက်များ၊ ဓါတ်ပုံရိုက်သူများ၊ ဗီဒီယိုရိုက်သူများအချင်းချင်း အဆက်အစပ်ရှိတတ်ကြသည်။ ဂျာနယ်လစ်ခေတ်ဦးတွင် ထိုသို့ ပူးပေါင်းဆောင်ရွက်ရန် ပိုမိုအာသီသရှိခဲ့ကြသည်မှာ သတင်းသည် အမြတ် အစွန်းမျက်နှာတခုတည်းကို မကြည့်ခဲ့ခြင်းကြောင့်ဟု ဆိုနိုင်သည်။ အနောက် နိုင်ငံရေးသမိုင်းတွင် အရေးပါ ခဲ့သော မီဒီယာများ၏ အခန်းကဏ္ဍမှာ ပြည်သူကို အလုပ်အကျွေးပြုရန်နှင့် အသိပညာကို ဖလှယ်ရန် စတင် ခဲ့ရာ သတင်းစာတို့၏ သမိုင်းမှာ အမြတ်အစွန်းတခုတည်းနောက်သို့ ကောက်ကောက်ပါအောင် လိုက်နေ ခြင်းဖြင့် စတင်ခဲ့သော သမိုင်းမဟုတ်ပေ။ ၂၀ ရာစုသို့ရောက်သောအခါ တပဲနိတန် သတင်းစာများ အပြိုင် အဆိုင် ပေါ်ပေါက်လာကြပြီး ကြော်ငြာဈေးကွက်မှာလည်း အားကောင်းလာသောကြောင့် သတင်းစာ တစောင်နှင့် တစောင်ကြား သတင်းထူးပါရေးကို အကြိတ်အနယ် ယဉ်ပြိုင်ကြသည့် ခေတ်သို့ ရောက်ရှိ လာကာ အချင်းချင်းပူးပေါင်းဆောင်ရွက်ခြင်း၊ ဝေမျှ အားဖြည့်ခြင်းများ တဖြည်းဖြည်း အားနည်း လာခဲ့သည်။ ၂၀ ရာစုလယ်လောက်ကတည်းကစကာ မီဒီယာများတွင် Cooperation ပူးပေါင်းခြင်းက လျော့နည်းလာပြီး Competition ပြိုင်ဆိုင်ခြင်းကသာ အားကောင်းလာသည်ဟု ဆိုကြသည်။
မီဒီယာတတိုက်နှင့် တတိုက် ပြိုင်ဆိုင်မှုများ မည်မျှပင်ရှိနေစေကာမူ ဂျာနယ်လစ် အချင်းချင်းတွင်ကား မှတ်စု များဝေမျှကြခြင်း၊ သတင်းသဲလွန်စများ၊ သတင်းလိုက်ပုံလိုက်နည်းများပြောပြ ကြခြင်း၊ တဦးနှင့် တဦး ကူညီ စောင်မခြင်းဓလေ့ရှိကြခြင်းမှာ လုံးလုံးလျားလျား ပျောက်ကွယ် သွားသည်တော့မဟုတ်ပေ။ သို့ရာတွင် ယခု ခေတ်လောက် မီဒီယာအတွက် ကျပ်တည်းသော ကာလမဟုတ်ရာ ခရီးသွားဟန်လွှဲ မိတ်ဖွဲ့ခြင်းမျိုးက ပိုများပါသည်။
မီဒီယာလုပ်ငန်းများ ရှင်သန်ရန် ရုန်းကန်ရခြင်းမှာ နိုင်ငံကြီးများမှ မီဒီယာများလည်း မလွတ်ပေ။ အထူးသဖြင့် ပြည်သူ့ဝန်ဆောင်မှုဘတ်ဂျက်ဖြင့် မီဒီယာကို အထောက်အပံ့ပေးသော ဥရောပထက်စာလျှင် အမေရိကရှိ မီဒီယာများမှာ ဈေးကွက်သက်သက်ကို အားကိုးရသည့်အတွက် ဘေးကျပ်နံကျပ် ပိုဖြစ်ကြရာ မီဒီယာ မိတ်သဟာယဖွဲ့ခြင်း နည်းလမ်းအသွယ်သွယ်ဖြင့် ရေရှည်ရပ်တည်နိုင်ရေးကို ဦးတည်လာကြသည်။ အင်တာ နက်များ ပိုမိုကျယ်ပြန့်လာသည့် သက္ကရာဇ်၂၀၀၀ ကျော်ကာလကတည်းကစပြီး မိတ်သဟာယဖွဲ့ရန် စိတ် ကူးများကို စမ်းသပ်လာခဲ့ကြကာ ၂၀၁၀ လောက်တွင်မူ စမ်းသပ်ဆဲမော်ဒယ်များ အလုပ်ဖြစ်မဖြစ်ကို စောင့် ကြည့်သူ ပို၍များလာခဲ့သည်။ စစ်မှန်သောဒီမိုကရေစီနှင့် ပြည်သူ့အကျိုးပြု ဂျာနယ်လစ်ဇင် ပျက်သုဉ်း သွားမည့်အရေးကို စိုးရိမ်လာသောအလှုရှင်များက ပိုမိုအားပေးလာသောကြောင့်လည်း မီဒီယာ မိတ်သဟာ ယများ တိုးတက်လာခဲ့သည်။ Pew Research Center ၏ လေ့လာချက်တခုက ၂၀၁၄ ခုနှစ် သို့ရောက် သောအခါ မီဒီယာမိတ်သဟာယဖွဲ့ခြင်းမှာ ခေတ်ရေစီးကြောင်းအသစ်တခုဖြစ်လာခဲ့ပြီဟု အသစ် ပေါ်ထွက် လာခဲ့ပြီးသော ပုံစံ ( မော်ဒယ် ) ၄၀ ခန့်ကို သုံးသပ်ပြီး ပြောကြားခဲ့သည်။
မီဒီယာသဟာယဟုပြောလျှင် နောက်တွန့်သွားတတ်ကြသည်မှာလည်း ငါတို့လုပ်ငန်းက သတင်းဦးကို အပြိုင် အဆိုင်လုရတာ၊ မြန်မာဆိုတာကလည်း ကွဲတတ်ပါဘိသနဲ့ဟု စပြီးတွေးတောမိကြခြင်းမှာ မရှားလှပါ။ သို့ သော် အရေးအကြောင်းရှိလျှင် အထက်ကဆိုခဲ့သလို စုပေါင်းဆောင်ရွက်ရန် နည်းလမ်းများစွာ ရှိပါသည်။ သဟာယဖွဲ့ပုံများသည် ပုံစံအမျိုးမျိုးရှိနိုင်လျှက် တတိုက်နှင့် တတိုက်၊ ပရောဂျက် တခုနှင့် တခု မူကွဲများမှာ ကိုယ့်လိုအပ်ချက်ကိုလိုက်၍ မိတ်ဖက်နှင့် ညှိနှိုင်းကာ လိုရာအစိတ်အပိုင်းကိုသာ ပူးပေါင်းကြခြင်းမျိုး ဖြစ် ကြပါသည်။ ပူးလိုကပူး၍ ခွာလိုက ခွာနိုင်သော အခြေအနေမျိုး မဖြစ်နိုင်စရာလည်းမရှိအောင် နားလည်မှု စာချွန်လွှာများလည်း ဖန်တီးနေကြပါသည်။ ကိုဗစ်-၁၉ ကာလမျိုးကဲ့သို့ ပထဝီနယ်မြေများ ပြတ်တောက် တားဆီးခံရသော ကာလတွင် စမ်းသပ်နိုင်ကြသည့်မူများကို စဉ်းစားနိုင်ရန် အမေရိကန် ပြည်ထောင်စု၊ နယူး ဂျာစီပြည်နယ်မှ Montclair State University မှ စမ်းသပ်နေသော မော်ဒယ်များကို အကျဉ်းမျှ ဖော်ပြ လိုက်ရပါသည်။
ထိုမီဒီယာသဟာယ နမူနာ ပုံစံများအားလုံးသည် လက်သမားတဦး၏ ဆောက်လုပ်ရေးပစ္စည်းများ နှယ်သာ ဖြစ်ပါသည်။ သစ်၊ ဝါး၊ သံကဲ့သို့သော ပစ္စည်းအမျိုးမျိုးကို လိုရာစိတ်ပိုင်းသုံး၍ မိမိတို့အလိုရှိအပ်ရာ ပရိ ဘောဂပုံကို တီထွင်ဖန်တီးရန်သာ လိုရင်းဖြစ်ပါသည်။ သတင်းမီဒီယာလောက အရှည်တည်နေစေရန်၊ အရည် အသွေး ကောင်းရန်အတွက် လက်ရှိအမေရိကန်ပြည်ထောင်စုရှိ ဒေသန္တရ သတင်းစာများ စဉ်းစားလာ ကြသော မေးခွန်းမှာ Die or Collaborate ဖြစ်ပါသည်။ ပေါင်းမလား၊ အသေခံမလားအထိ တွေးနေကြရ သောကာလကို မမျှော်လင့်ဘဲ ရောက်လာရသည့်အထဲတွင် ကိုဗစ်-၁၉ ကြောင့် စီးပွားရေး အကျကလည်း ရိုက်ခတ်ဦးမည်ဖြစ်ရာ စောစောပင် ပြင်ဆင်ထားခြင်းက ပိုကောင်းပါလိမ့်မည်။ ထို့ကြောင့် အရည်အချင်းရှိ သော မီဒီယာများ တာရှည်ခရီးဆက်နိုင်ရန် မီဒီယာအလှုရှင်အများစုက လောလောဆယ်တွင် မီဒီယာ သဟာ ယကို ဦးစားပေးလာကြခြင်း ဖြစ်ပါသည်။
နိဂုံး
အချုပ်အားဖြင့်ဆိုရသော် ကိုဗစ်-၁၉ ကာလသည် ဂျာနယ်လစ်တို့အတွက်လည်း သင်ခန်းစာသစ်များ များစွာ ရရှိနိုင်သည့် အမှတ်ရစရာ အခိုက်အတန့်များ ဖြစ်နိုင်ပါသည်။ ဤကာလတွင် မီဒီယာတို့၏ လုပ်ငန်း ဆောင်ရွက်ပုံများ၊ သတင်းရယူဖြန့်ချိပုံများ မည်သို့ပြောင်းလဲသွားမည်နည်း။ သတင်းမှား၊ သတင်းယောင် တို့ကို မည်သို့တုံ့ပြန်နိုင်မည်နည်း။ တုံ့ပြန်ရန် နည်းလမ်းအသစ်များ ပေါ်လာနိုင်ပါမည်လော။ ဤတကြိမ် ဂျာနယ်လစ်တို့ လုံခြုံရေးအတွက် ဆောင်ရွက်ခဲ့ရသည်များ၌ နောင်ကာလများအတွက် သင်ခန်းစာများ မှတ်သားစရာ မပါနိုင်ပြီလော။ ပြည်တွင်းပြည်ပ မီဒီယာများ၏ လွတ်လပ်ခွင့်ကို မည်ကဲ့သို့သော ခြိမ်းခြောက်မှု အသစ်များဖြင့် စိန်ခေါ်ပိတ်ပင်လာကြသနည်း။ လက်ရှိတည်ဆဲ မီဒီယာကကြုံနေရသော အခက်အခဲကို ထို ခြိမ်းခြောက်မှုများက ပို၍ဆိုးစေသည်လား။ မည်သို့ပင်ဖြစ်စေ အရည်အချင်းရှိသော မီဒီယာများ အားကောင်း မောင်းသန်လိုအပ်သည်မှာ ကိုဗစ်-၁၉ ကဲ့သို့ အရေးပေါ်ကာလတွင် ငြင်းမရသောကြောင့် မီဒီယာအပေါ် ကျရောက်သော ကျရောက်ဆဲ၊ ကျရောက်လတ္တံ့သော ခြိမ်းခြောက်မှု၊ စိန်ခေါ်မှုများကို မည်သို့ ပူးပေါင်း ဖယ်ရှား ကြမည်နည်း။
Web References
https://pulitzercenter.org/coronavirus-news-collaboration-challenge
https://cpj.org/2020/02/cpj-safety-advisory-covering-the-coronavirus-outbr.php
https://datareportal.com/reports/digital-2020-myanmar
https://www.cjr.org/the_media_today/coronavirus_data_journalism.php
https://www.centerforhealthjournalism.org/content/get-story-coronavirus-crisis
https://collaborativejournalism.org/
https://www.publicmediaalliance.org/resources/tools/coronavirus-resources-and-best-practice/
ဒေါက်တာနွဲ့ကေခိုင်သည် ထိုင်းနိုင်ငံ ချူလာလောင်ကွန်းတက္ကသိုလ် နိုင်ငံရေးသိပ္ပံဌာနမှ Center for Social Development Studies ၏ Post-Doctoral Fellow တဦးဖြစ်သည်။ ချင်းတွင်းမဂ္ဂဇင်း၏ အယ်ဒီတာတဦးဖြစ်ပြီး မယ်မွှေးအမည်ဖြင့်လည်း သုတ၊ ရသစာပေများကို ရေးသားလျက်ရှိသည်။
မြန်မာနိုင်ငံက အခုအချိန်မှာ လူပေါင်း ၁ ဒသမ ၇ သန်းကို ကာကွယ်ဆေး ထိုးနှံ ပြီး…
လော့ခ်ဒေါင်းချ ဆောင်ရွက်တဲ့ အခါမှာ ဆင်းရဲတဲ့အိမ်ထောင်စုတွေ၊ အလုပ်အကိုင် ဆုံးရှုံးသွားသူတွေ၊ ချို့တဲ့အားနည်းတဲ့ လူတွေအတွက်လည်း အဓိကစဉ်းစားပေးပြီး ကုစားရေး…
တရုတ်နိုင်ငံဟာ ကာကွယ်ဆေးကို အများကောင်းကျိုးအဖြစ် အသုံးပြုမယ်၊ မြန်မာနိုင်ငံစတဲ့ မိတ်ဖက်နိုင်ငံတွေကို ဦးစားပေးဖြန့်ဝေမယ် ဆိုတာဟာ စေတနာကောင်းရင်တောင် လက်တွေ့…
[…] BY DR. NWET KAY KHINE IN ARTICLESNO COMMENTS […]