Menu & Search

မြန်မာနိုင်ငံ၏ ကိုရိုနာဗိုင်းရပ်စ်တိုက်ပွဲ

May 5, 2020

မြန်မာနိုင်ငံ၏ ကိုရိုနာဗိုင်းရပ်စ်တိုက်ပွဲ
အမျိုးသားလုံခြုံရေး၊ နိုင်ငံတော်စီမံခန့်ခွဲရေးနှင့် အရပ်ဘက်-စစ်ဘက်ပူးပေါင်းဆောင်ရွက်ရေးရှုထောင့်များမှ တိုက်ပွဲအတွက်ပြင်ဆင်ခြင်း

ကိုဗစ်-၁၉ ကပ်ဘေးကြီးကို နိုင်ငံတကာအစိုးရတွေက ရင်ဆိုင်နေကြရပြီး မြန်မာနိုင်ငံလည်း ရင်ဆိုင်နေရပါတယ်။အခု ကပ်ဘေးကြီးဟာ လူသားနဲ့ ဗိုင်းရပ်စ်အကြား ဖြစ်ပွားတဲ့ စစ်ပွဲအသွင် တိုက်ပွဲဖြစ်တာကြောင့် မြန်မာနိုင်ငံကလည်း တိုက် ခိုက်နေရဆဲ ဖြစ်ပါတယ်။မြန်မာနိုင်ငံအနေနဲ့ ကိုဗစ်-၁၉ ကို တွန်းလှန်နေရတဲ့ တိုက်ပွဲမှာ ပြဿနာ သုံးရပ် ရှိနေပါတယ်။ အခုဆောင်းပါးမှာ မြန်မာရင်ဆိုင်နေရတဲ့ ပြဿနာသုံးရပ်က ဘယ်လိုအကြောင်းအရာတွေလဲ ဆိုတာနဲ့ အဲဒီပြဿနာတွေ ကို အဖြေရှာနိုင်မယ့် အချက်ခုနစ်ချက်ကို ဖော်ပြမှာ ဖြစ်ပါတယ်။

ပြဿနာ

မြန်မာနိုင်ငံရဲ့ အရပ်ဘက်-စစ်ဘက်ဆက်ဆံရေးမှာ အက်ကြောင်းကြီးဖြစ်နေတယ်။ဒီအက်ကြောင်းဟာ သမိုင်းနဲ့ချီတဲ့ အက်ကြောင်းဖြစ်တယ်။ပြောရရင် ၁၉၆၂ အာဏာမသိမ်းခင်ကတည်းက အရပ်ဘက်-စစ်ဘက် အက်ကြောင်းဟာ ဖြစ်နေခဲ့တာ။ ၁၉၆၂ စစ်အာဏာသိမ်းခဲ့ပြီးနောက် ဒီအက်ကြောင်းဟာ ပိုမိုနက်ရှိုင်းလာခဲ့တယ်။ စစ်အာဏာသိမ်းပြီး စစ်အစိုးရခေတ်ဖြစ်သွားတဲ့နောက်မတော့ တပ်မတော်ဟာ နိုင်ငံရဲ့ အုပ်ထိန်းသူ(guardian)အခန်းကဏ္ဍကို ခိုင်ခိုင်မာမာ ရယူလာခဲ့တယ်။ တပ်အတွင်းမှာလည်း တပ်မဟော်ဟာ နိုင်ငံတော်ရဲ့အုပ်ထိန်းသူဖြစ်တယ်ဆိုတဲ့ အိုင်ဒီယော်လော်ဂျီအတွေးအခေါ်ကို ခိုင်ခိုင်ခံ့ခံ့ တည်ဆောက်ခဲ့တယ်။ ဒီလိုတည်ဆောက်ရာမှာလည်း တပ်မတော်ဟာ သမိုင်းအဖြစ်အပျက်တွေကို အခြေခံထားပြီး အိုင်ဒီယော်လော်ဂျီအတွေးအခေါ်ကို တည်ဆောက်ခဲ့တာဖြစ်တယ်။[i]

၁၉၆၂ ခုနှစ်နောက်ပိုင်း နိုင်ငံတော်မှာ တပ်မတော်ရဲ့ အာဏာဟာ ခိုင်မာခဲ့တယ်။ဒီတော့ တပ်မတော်ဟာ နိုင်ငံတော်ရဲ့ အုပ် ထိန်းသူဖြစ်တယ်ဆိုတဲ့ အတွေးအခေါ်ဟာလည်း ခိုင်မာလာတယ်။ဒီအတွေးအခေါ်ဟာ တပ်အတွင်းမှာလည်း ခိုင်မာလာသလို နိုင်ငံမှာလည်း ခိုင်မာလာတယ်။နောက်ဆုံး နိုင်ငံရဲ့အခြေခံအုတ်မြစ်ဖြစ်တဲ့ အခြေခံဥပဒေထဲမှာကို တပ်မတော်ရဲ့ အုပ်ထိန်းသူအတွေးအခေါ်ကို အခိုင်အမာထည့်သွင်းခဲ့တယ်။[ii]

၂၀၁၀ နောက်ပိုင်းမှာ တပ်မတော်ဟာ အကြွင်းမဲ့အာဏာကို စွန့်လွှတ်လိုက်ပြီး ဗီတိုအာဏာကို ဆက်ကိုင်ထားခဲ့တယ်။ ဒါပေမဲ့ နိုင်ငံတော်ရဲ့ အုပ်ထိန်းသူနေရာမှာတော့ ဆက်ရှိနေခဲ့တယ်။ တပ်မတော်ဟာ အုပ်ထိန်းသူ အတွေးအခေါ်ကို တည်ဆောက်တဲ့နေရာမှာ အရပ်ဘက်နိုင်ငံရေးအသိုက်အမြုံရဲ့ အားနည်းချက်တွေ၊ လိုအပ်ချက်တွေကို အဓိကမီးမောင်းထိုးပြတယ်။ အရပ်ဘက်နိုင်ငံရေး အသိုက်အမြုံအားနည်းလို့ကို အုပ်ထိန်းသူဆိုတာ ရှိနေရတယ်ဆိုတဲ့ သဘောမျိုးပေါ့။ ဒါကိုလည်း သမိုင်းနဲ့ချီပြီး တရားဝင်ထူထောင်ထားတယ်။[iii]

ဒီတော့ ၂၀၀၈ ဖွဲ့စည်းပုံအရ ရွေးကောက်ပွဲတွေပေါ်လာပေမဲ့ အုပ်ထိန်းသူကြီးက ရှိနေတဲ့အတွက် အရပ်ဘက်အစိုးရနဲ့ အုပ်ထိန်းသူနေရာ ယူထားတဲ့ တပ်မတော်အကြားမှာ အက်ကြောင်းကြီးက ရှိနေခဲ့တယ်။ ဒါ့အပြင် တပ်မတော်ဟာ နိစ္စဓူ၀ နိုင်ငံတော်စီမံခန့်ခွဲရေး ကိစ္စတွေမှာ အမြဲလိုမပါပေမဲ့လည်း  အုပ်ထိန်းသူနေရာမှာ ရှိနေတာကြောင့် အရပ်ဘက်အစိုးရအနေနဲ့ အာဏာစက်ကိုဖြန့်ကျက်တာနဲ့ အုပ်ထိန်းသူနဲ့ ထိပ်တိုက်တွေ့ဆုံမှုတွေ ဖြစ်လာခဲ့တယ်။ ဒီတော့ ၂၀၀၈ ဖွဲ့စည်းပုံအ ရဆိုရင် အရပ်ဘက်-စစ်ဘက်အကြား အက်ကြောင်းတင်မကဘဲ အရပ်ဘက်-စစ်ဘက်အားပြိုင်မှုတွေကလည်း အမြဲလိုဖြစ်နေတယ်။ အထူးသဖြင့် နိုင်ငံတော်မှာ အရေးပေါ်ကိစ္စမျိုးတွေ ပေါ်လာလို့ အာဏာကိုကျင့်သုံးရတာမျိုးတွေ၊ အာဏာစက် ဖြန့်ကျက်ရတဲ့အခြေအနေမျိုးတွေမှာ ဒီအက်ကြောင်းတွေ၊ အားပြိုင်မှုတွေဟာ ပိုပြီး ထင်ထင်ရှားရှားပေါ်လာတော့တာပါပဲ။

အခု နိုင်ငံမှာ အရေးပေါ်ရင်ဆိုင်နေရတဲ့ ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြီးကို စီမံခန့်ခွဲတဲ့နေရာမှာလည်း ဒီအက်ကြောင်း​တွေ၊ အားပြိုင်မှုတွေကို ထင်ထင်ရှားရှားတွေ့လာရတယ်။အခု ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြီးကို အာရှနိုင်ငံတွေရဲ့ စီမံခန့်ခွဲမှုနဲ့ပတ်သက်ပြီး The Diplomat သတင်းဌာနရဲ့  Risk Intelligence အဖွဲ့ကနေ လေ့လာကြည့်တဲ့အခါ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး “ကိုဗစ်-၁၉ ကပ်ရောဂါဟာ မြန်မာနိုင်ငံရဲ့ အရပ်ဘက်-စစ်ဘက် အက်ကြောင်းကို ပိုမိုပြင်းထန်နက်ရှိုင်းစေတယ်။ ဒီအချက်ကို …… ကမ္ဘာ့ကပ်ရောဂါကြီးကို စီမံဖြေရှင်းဖို့ အရပ်ဘက်နဲ့ စစ်ဘက် အလုပ်အဖွဲ့(task force)တွေ စင်ပြိုင်တည်ရှိနေတယ်ဆိုတဲ့ သတင်းတွေက အထင်အရှားပြနေတယ်”လို့ မှတ်ချက်ပြုခဲ့ပါတယ်။[iv]

ဆိုတော့ နိုင်ငံမှာဖြစ်နေတဲ့ အရပ်ဘက်-စစ်ဘက်အက်ကြောင်းနဲ့ အားပြိုင်မှုတွေဟာ အခုလက်ရှိဖြစ်ပွားနေတဲ့ ကိုရိုနာ ဗိုင်းရပ်စ်ကပ်ရောဂါကြီးကို ရင်ဆိုင်ဖြေရှင်းရာမှာ မြန်မာနိုင်ငံအတွက် အဓိကကျတဲ့ ပြဿနာကြီးတရပ် ဖြစ်နေပါ တယ်။ ဒီလို အက်ကြောင်းတွေ၊ အားပြိုင်မှုတွေနဲ့ဆိုရင်တော့ မြန်မာနိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကို ကျကျနန ကျော်လွှားနိုင်ပါ့မလား။ ဒါဟာ ပြဿနာ နံပါတ်တစ်ပါပဲ။

ပြဿနာ

၂၀၁၅ ခုနှစ်မှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ အာဏာရလာခဲ့တယ်။ ၁၉၆၂ ခုနှစ်နောက်ပိုင်း ပထမဆုံး အရပ်ဘက်အစိုးရ အာဏာရလာတယ်လို့ ဆိုရမယ်။ ဒါပေမဲ့ စစ်အာဏာရှင်စနစ်အောက်မှာ နှစ်ပေါင်းများစွာ ရှင်သန်နေတဲ့နိုင်ငံဖြစ်သလို ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခပြဿနာတွေနဲ့ သမိုင်းတလျှောက်လုံး လုံးပန်းခဲ့ရတော့ အရပ်ဘက်နိုင်ငံရေးအသိုက်အမြုံဟာ အတော်လေးအားနည်းချည့်နဲ့နေခဲ့တယ်။ ဒီတော့ အရပ်ဘက်အစိုးရ အာဏာရလာခဲ့ပေမဲ့ နိုင်ငံတော်ကိုစီမံခန့်ခွဲရာမှာ ပိုင်ပိုင်နိုင်နိုင်စီမံခန့်ခွဲနိုင်တဲ့ အနေအထားမျိုးဖြစ်ဖို့ ရုန်းကန်နေရတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရအနေနဲ့ နိုင်ငံတော်ကို စီမံခန့်ခွဲရာမှာ ပိုင်ပိုင်နိုင်နိုင်မဖြစ်သေးတာဟာ အုပ်ထိန်းသူ တပ်မတော်ရဲ့ အကန့်အသတ်တွေကြောင့်လို့ အချို့ကသုံးသပ်ကြပေမဲ့ တကယ်တမ်းက ဒီအချက်တခုတည်းကြောင့်လို့တော့ ပြောဖို့ခက်တယ်။ ဒီအချက်ကို ငြင်းပယ်လို့မရပေမဲ့ အခြားအကြောင်းရင်းခံတွေလည်း ရှိပါတယ်။ အခြားအကြောင်းရင်းခံတွေကို လေ့လာကြည့်တဲ့အခါမှာတော့ အဓိကအကြောင်းရင်းခံ သုံးခုကို တွေ့ရှိရပါတယ်။

ပထမအကြောင်းရင်းခံကတော့ အုပ်ချုပ်ရေးဆိုင်ရာ အတွေ့အကြုံပါ။ အပေါ်မှာပြောခဲ့သလို အရပ်ဘက်နိုင်ငံရေး အသိုက်အမြုံဟာ ၁၉၆၂ ခုနှစ်နောက်ပိုင်း သမိုင်းတလျှောက်လုံး ချည့်နဲ့အားနည်းခဲ့တယ်။တလျှောက်လုံး အာဏာနဲ့ဝေးရာမှာ နေရတဲ့အတွက် အာဏာကိုကိုင်ပြီး စီမံခန့်ခွဲအုပ်ချုပ်တဲ့ အတွေ့အကြုံမရှိဘူး။ ဒီတော့အာဏာရလာတဲ့အခါမှာ အုပ်ချုပ်ရေးဆိုင်ရာ အတွေ့အကြုံအားနည်းချက်က ပြဿနာဖြစ်လာခဲ့တယ်။ ဒါကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဗဟိုအမှုဆောင်ကော်မတီဝင် မုံရွာအောင်ရှင်ကိုယ်တိုင်က “ကျွန်တော်တို့ ပါတီဟာ အုပ်ချုပ်ရေးအတွေ့အကြုံ အားနည်းတယ်ဆိုတာ မှန်ပါတယ်” လို့ ဝန်ခံခဲ့ဖူးတယ်။[v] အုပ်ချုပ်ရေးဆိုင်ရာ အတွေ့အကြုံအားနည်းတာကြောင့် အုပ်ချုပ်ရေးဆိုင်ရာကိစ္စတွေနဲ့ပတ်သက်ပြီး တိကျတဲ့မူဝါဒ၊ ရှင်းလင်းတဲ့မဟာဗျူဟာ၊ ပြတ်သားတဲ့ဆုံးဖြတ်ချက်တွေကို ချမှတ်ဆုံးဖြတ်ရာမှာ အတော်လေး အားနည်းချက်တွေရှိတာကို တွေ့ရတယ်။ ဒါကတော့ ပထမအကြောင်းရင်းခံပါပဲ။

ဒုတိယတခုကတော့ ခေါင်းဆောင်မှုနဲ့ ဗဟိုချုပ်ကိုင်မှုပါ။ ဒေါ်အောင်ဆန်းစုကြည်ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အတွင်းမှာရော၊ တိုင်းပြည်မှာပါ ဩဇာအကြီးဆုံး ခေါင်းဆောင်ဖြစ်တယ်။ ဒီအချက်က ငြင်းဖို့ခက်တယ်။ ဒါပေမဲ့ သူဟာ အထီးတည်းခေါင်းဆောင်သဘောမျိုး ဖြစ်နေတယ်။ ဒီတော့ အစိုးရအဖွဲ့အတွင်းမှာ အထီးတည်းခေါင်းဆောင်ကို ထင်ထင်ရှားရှား မြင်ရပေမဲ့ ခေါင်းဆောင်မှု(leadership)သဘောက ပျောက်နေတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဩဇာကြီးပေမဲ့ သူနဲ့အတူ ဒိုးတူပေါင်ဖက် စီမံခန့်ခွဲအုပ်ချုပ်နိုင်တဲ့၊ သူ့ကို အကြံဉာဏ်တွေပေးနိုင်တဲ့၊ သူနဲ့အတူ တာဝန်တွေခွဲယူနိုင်တဲ့ ခေါင်းဆောင်မှုက ပျောက်နေတယ်။ ဒါကလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ သမိုင်းတလျှောက်လုံးအားနည်းချက်လို့ လေ့လာသူတွေက သုံးသပ်ကြတယ်။[vi] ဒီအားနည်းချက်ကြောင့်ပဲ လက်ရှိအစိုးရမှာ ဗဟိုချုပ်ကိုင်မှုက အားကောင်းလာတယ်။ အစိုးရအဖွဲ့တခုလုံးက ဒေါ်အောင်ဆန်းစုကြည် တဦးတည်းအပေါ်မှာပဲ မဏ္ဍိုင်တည်ထားရသလို ဖြစ်နေတယ်။[vii] ဒီတော့ အာဏာခွဲဝေထားမှုပုံစံက ပီပီပြင်ပြင်မရှိဘဲ ဒေါ်အောင်ဆန်းစုကြည်ဟာ အသေးစိတ်စီမံခန့်ခွဲမှုတွေ (micro-management)ပါ ကိုယ်တိုင်ဝင်ပါနေရက်သား ဖြစ်နေတယ်။[viii] ဒါကတော့ ဒုတိယအကြောင်းရင်းခံ ဖြစ်ပါတယ်။

တတိယအကြောင်းရင်းခံကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရအဖွဲ့အနေနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးလမ်းစဉ်ကို တလျှောက်လုံး ရှေ့တန်းတင်ပြောဆိုခဲ့ပေမဲ့ အာဏာရလာတဲ့အချိန်ကစပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးကို ကျကျနန အကောင်အထည်မဖော်နိုင်သေးဘူး။ လက်ရှိကျင်းပနေတဲ့ ပင်လုံက သိသာမြင်သာတဲ့ ရလဒ်မထွက်သေးဘူး။ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခတွေက ပိုမိုပြင်းထန်လာတယ်။တပ်မတော်နဲ့ အက်ကြောင်းကလည်း ပိုမိုနက်ရှိုင်းလာတယ်။ပြည်တွင်းမှာရှိတဲ့ အခြားသော နိုင်ငံရေးအင်အားစုတွေ၊ အထူးသဖြင့် တိုင်းရင်းသားနိုင်ငံရေးအင်အားစုတွေနဲ့ကလည်း နိုင်ငံရေးအရ ပေါင်းစည်းစုရုံးမှုကို မလုပ်နိုင်သေးဘူး။ ဒီတော့ မြန်မာ့နိုင်ငံရေးက အစိတ်စိတ်အမြွှာမြွှာဖြစ်နေတယ်။ နိုင်ငံရေးအစိတ်စိတ်အမြွှာမြွှာဖြစ်နေမှုက အုပ်ချုပ်ရေးကို အများကြီးသက်ရောက်မှုရှိတယ်။ဒါကတော့ တတိယ အကြောင်းရင်းခံပါပဲ။

အခု ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးက အစိုးရတွေရဲ့ နိုင်ငံရေးအရည်အသွေး၊ အုပ်ချုပ်ရေးအရည်အသွေး၊ စီမံခန့်ခွဲမှုအရည် အသွေးတွေကို စာမေးပွဲစစ်တာပဲ။ လက်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရအနေနဲ့လည်း ဒီစာမေးပွဲမှာ ဝင်ဖြေနေရတယ်။ ဒီနေရာမှာ ပြဿနာက အထက်ပါ အားနည်းချက် သုံးခုကို မဖြေရှင်းနိုင်ရင် အစိုးရအနေနဲ့ ဒီစာမေးပွဲကြီးကို အောင်အောင်မြင်မြင်နဲ့ ဖြေဆိုနိုင်ပါ့မလားဆိုတာပါပဲ။ ဒါကတော့ ပြဿနာ ၂ ပေါ့။

ပြဿနာ

၁၉၆၂ ခုနှစ်၊ စစ်အာဏာသိမ်းပြီးကတည်းက မြန်မာနိုင်ငံရဲ့ အမျိုးသားလုံခြုံရေးမှာ နိုင်ငံတော်လုံခြုံရေးအယူအဆနဲ့ စစ် ဘက်ဆိုင်ရာလုံခြုံရေးချဉ်းကပ်ပုံက လွှမ်းမိုးခဲ့တယ်။ ပြောရရင်တော့ အစဉ်အလာအမျိုးသားလုံခြုံရေးအယူအဆကပဲ အားကောင်းခဲ့တာပါ။[ix] နိုင်ငံတကာမှာတော့ ဘက်စုံလွှမ်းခြုံတဲ့ အမျိုးသားလုံခြုံရေးအယူအဆတွေ၊ လူသားလုံခြုံရေးအ ယူအဆတွေ ဖြစ်ပေါ်တိုးတက်လာခဲ့ပေမဲ့ မြန်မာနိုင်ငံမှာက လုံခြုံရေးပါရာဒိုင်းက သိသိသာသာမပြောင်းလဲခဲ့ဘူး။ နိုင်ငံတနိုင်ငံဟာ လုံခြုံရေးအယူအဆကို အခြေခံပြီး နိုင်ငံလုံခြုံရေးအတွက် ပြင်ဆင်မှုတွေ၊ လိုအပ်တဲ့အင်စတီကျူးရှင်း တည်ဆောက်မှုတွေ၊ ဘတ်ဂျတ်သုံးစွဲမှုတွေကို ပြုလုပ်ကြတယ်။မြန်မာနိုင်ငံဟာလည်း အစဉ်အလာ လုံခြုံရေးအတွေးအခေါ်ဘောင်ထဲမှာပဲ ရှိနေတဲ့အတွက် အဲဒီအတွေးအခေါ်ဘောင်ထဲကပဲ လုံခြုံရေးပြင်ဆင်မှုတွေကို လုပ်ခဲ့တယ်။

ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း မြန်မာနိုင်ငံဟာ အစဉ်အလာမဟုတ်တဲ့ လုံခြုံရေးစိန်ခေါ်မှုတွေကို အကြိမ်ပေါင်းများစွာ ရင်ဆိုင်ခဲ့ရပေမဲ့ အဲ့ဒီအတွက် ပြင်ဆင်မှုက အတော်လေးအားနည်းခဲ့တယ်။ လုံခြုံရေးအတွေးအခေါ် မပြောင်းလဲတဲ့အတွက် လုံခြုံရေးစိန်ခေါ်မှုတွေကို လုံခြုံရေးရှုထောင့်ကနေ ရင်ဆိုင်ဖြေရှင်းတာမျိုးမဟုတ်ဘဲ သာမန်အုပ်ချုပ်စီမံရေးရှုထောင့်ကနေပဲ ရင်ဆိုင်ဖြေရှင်းခဲ့တယ်။ ဥပမာ  သဘာ၀ကပ်ဘေးကြီးတွေ ကျရောက်ခဲ့ပေမဲ့လည်း ဒီကပ်ဘေးကြီးတွေကို လုံခြုံရေးခြိမ်းခြောက်မှုအဖြစ် မမြင်နိုင်တဲ့အတွက် သဘာ၀ပတ်ဝန်းကျင်လုံခြုံရေးအဆင့်နဲ့ ပြင်ဆင်ဆောင်ရွက်တာမျိုးတွေ အားနည်းခဲ့တယ်။ဒီတော့ နိုင်ငံအနေနဲ့ ဘက်ပေါင်းစုံ လုံခြုံရေးခြိမ်းခြောက်မှုတွေကို အမြဲလိုရင်ဆိုင်နေရပေမဲ့လည်း အမျိုးသားလုံခြုံရေး စဉ်းစားချက်မှာ ဒါတွေကို ထည့်မစဉ်းစားခဲ့ဘူး။ မြန်မာနိုင်ငံရဲ့ အမျိုးသားလုံခြုံရေးစဉ်းစားချက်ကို လေ့လာကြည့်ရင် စစ်ပွဲတွေ၊ ပဋိပက္ခတွေ၊ အကြမ်းဖက်တိုက်ခိုက်မှုတွေ၊ နိုင်ငံတကာရဲ့ ဝင်ရောက်စွက်ဖက်မှုတွေ စတဲ့ အမာထည်လုံခြုံရေးခြိမ်းခြောက်မှုတွေကပဲ လွှမ်းမိုးကြီးစိုးနေခဲ့တယ်။

ခြိမ်းခြောက်မှုတခု ဖြစ်လာတဲ့အခါ ဒါကို လုံခြုံရေးခြိမ်းခြောက်မှုအဖြစ်မမြင်ရင် အမျိုးသားလုံခြုံရေးစဉ်းစားပုံမှာ ထည့်သွင်းနိုင်မှာ မဟုတ်ဘူး။ ဒီတော့ ခြိမ်းခြောက်မှုတွေကို လုံခြုံရေးခြိမ်းခြောက်မှုပုံစံနဲ့ ပြင်ဆင်ဆောင်ရွက်တာမျိုးတွေ မလုပ်နိုင်ဘူး။ ဒီခြိမ်းခြောက်မှုအန္တရာယ်ကို အမြဲမပြတ် စောင့်ကြည့်လေ့လာနေတာမျိုးတွေ မလုပ်နိုင်ဘူး။ ဒီခြိမ်း ခြောက်မှုတွေအတွက် လိုအပ်တဲ့ ယန္တရားတွေ၊ အင်စတီကျူးရှင်းတွေ မတည်ဆောက်နိုင်ဘူး။ ဒီခြိမ်းခြောက်မှုတွေကို ဖြေရှင်းဖို့လိုအပ်တဲ့ ဘတ်ဂျတ်ကို အသုံးပြုဖို့ခက်သလို အလုပ်အဖွဲ့တွေလည်း အဆင့်သင့် မပြင်ထားနိုင်ဘူး။ ဒါကြောင့်လည်း ဒီဘက်ခေတ်မှာ နိုင်ငံတွေဟာ နိစ္စဓူ၀ရင်ဆိုင်နေရတဲ့ ကျန်းမာရေးဆိုင်ရာ ခြိမ်းခြောက်မှုတွေ၊ သဘာ၀ပတ်ဝန်း ကျင်ဆိုင်ရာ ခြိမ်းခြောက်မှုတွေ၊ စီးပွားရေးဆိုင်ရာ ခြိမ်းခြောက်မှုတွေ၊ စွမ်းအင်ဆိုင်ရာ ခြိမ်းခြောက်မှုတွေကို အမျိုးသား လုံခြုံရေးခြိမ်းခြောက်မှုတွေအဖြစ် သတ်မှတ်ပြီး အမျိုးသားလုံခြုံရေးစီမံခန့်ခွဲမှု လုပ်ငန်းစဉ်ထဲမှာ ထည့်သွင်းကြတာ ဖြစ်တယ်။ အမျိုးသားလုံခြုံရေးပြဿနာ ဖြစ်လာပြီဆိုရင် ဒါကို ရင်ဆိုင်ဖြေရှင်းရာမှာလည်း အစိုးရအဖွဲ့ရဲ့ ဝန်ကြီးဌာနတွေ၊ ဌာနတွေအားလုံးပါဝင်တဲ့ အစိုးရတဖွဲ့လုံးချဉ်းကပ်ပုံ(whole-of-government approach)နဲ့ ကျယ်ကျယ်ပြန့် ပြန့်ချဉ်းကပ်ဆောင်ရွက်ကြပါတယ်။

မြန်မာနိုင်ငံအနေနဲ့ အမျိုးသားလုံခြုံရေးအတွေးအခေါ် မပြောင်းလဲနိုင်သေးတဲ့အတွက် ကျန်းမာရေးဆိုင်ရာ ခြိမ်းခြောက်မှုတွေကို အမျိုးသားလုံခြုံရေးခြိမ်းခြောက်မှုအဖြစ် သတ်မှတ်ထားတာမျိုးမရှိဘူး။ ခုချိန်ထိလည်း ကိုရိုနာဗိုင်းရပ်စ် ကမ္ဘာ့ကပ်ရောဂါကြီးကို ရင်ဆိုင်ဖြေရှင်းရမှာ အမျိုးသားလုံခြုံရေးစီမံခန့်ခွဲမှုပုံစံမျိုးနဲ့ ဖြေရှင်းဆောင်ရွက်တာမျိုးကို မတွေ့ရသေးဘူး။ နိုင်ငံမှာလည်း အမျိုးသားလုံခြုံရေးမူဝါဒတွေ၊ မဟာဗျူဟာတွေ ခိုင်ခိုင်မာမာ မရှိတဲ့အတွက် ခိုင်မာတဲ့မူဝါဒ၊ လမ်းညွှန်မှုတွေ ပျောက်နေတယ်။ နောက်ပြီး အစိုးရတဖွဲ့လုံးချဉ်းကပ်ပုံမျိုးထက် ဌာနတခုစီ၊ အုပ်ချုပ်ရေးအလွှာတလွှာစီကနေ သီးသန့်စီ ဖြေရှင်းဆောင်ရွက်နေကြသလိုမျိုး ဖြစ်နေတယ်။ စုစုစည်းစည်း၊ ကျစ်ကျစ်လစ်လစ်ရှိမနေဘူး။

ဒါကြောင့်လည်း မြန်မာနိုင်ငံအနေနဲ့ ကိုရိုနာဗိုင်းရပ်စ်လို ကမ္ဘာ့ကပ်ရောဂါကြီးကို ရင်ဆိုင်ဖြေရှင်းဖို့အတွက် အတွေးအခေါ်၊ အယူအဆအထိုင်မှာကိုက ပြဿနာရှိနေတယ်။လက်ရှိရှိနေတဲ့ အတွေးအခေါ်၊ အယူအဆအထိုင်နဲ့ဆိုရင် ဒီကပ်ဘေးကြီးကို အောင်အောင်မြင်မြင်နဲ့ ကျော်လွှားနိုင်ပါ့မလား။ဒါကြောင့်လည်း ဒါဟာ ပြဿနာတရပ် ဖြစ်နေပါတယ်။

ပြဿနာများကို အဖြေရှာခြင်း

ပြဿနာတွေ စဉ်းစားပြီးရင်တော့ အဖြေရှာရမှာပဲ။ ဒီအဖြေတွေဟာ တနိုင်ငံလုံးအတွက် အရေးကြီးတယ်။ဘာလို့လဲဆိုတော့ ခုကပ်ဘေးကြီးက လူ့အသက်တွေကိုရင်းပြီး တိုက်နေရတဲ့ တိုက်ပွဲကြီးဖြစ်နေလို့ပဲ။ဒီကပ်ဘေးကြီးကို ရင်ဆိုင်ဖြေရှင်း ကျော်လွှားနိုင်ဖို့အတွက် မြန်မာနိုင်ငံရဲ့ လက်ရှိရှိနေတဲ့ ပြဿနာတွေကို အဖြေရှာရာမှာ အချက် ခုနစ်ချက်ကို စဉ်းစားမိပါတယ်။

(၁) ဒီလိုအရေးပေါ်အခြေအနေပြဿနာကို ရင်ဆိုင်ဖြေရှင်းကျော်လွှားရာမှာ အစိုးရဟာ အဓိကအကျဆုံးဖြစ်တယ်။ အ စိုးရအနေနဲ့ ရှေ့ဆောင်နိုင်ဖို့ လိုတယ်။ ဒီလိုကပ်ဘေးကာလကြီးမှာ ဘယ်လိုအခက်အခဲတွေ၊ အနှောက်အယှက်တွေကြောင့် ဘာမှလုပ်လို့မရဘူးဆိုတဲ့ ဆင်ခြေမျိုးတွေ ပြလို့မရဘူး။ ဘယ်လိုပဲ အခက်အခဲတွေ၊ အနှောက်အယှက်တွေ၊ အတားအဆီးတွေ ရှိနေပါစေ အစိုးရရဲ့ ရှေ့ဆောင်ရှေ့ရွက်ပြုမှုက အရေးကြီးတယ်။ ဒီတော့ အစိုးရဟာ ရှေ့ဆောင်ရှေ့ရွက်ပြုနိုင်ရမယ်။ ရှေ့ဆောင်ရှေ့ရွက်ပြုနေတယ်ဆိုတာကို ခိုင်ခိုင်မာမာ ပြသဖို့လည်း လိုပါတယ်။

(၂) ရှေ့ဆောင်ရှေ့ရွက်ပြုနေတယ်ဆိုတာကို ခိုင်ခိုင်မာမာပြသဖို့အတွက် အစိုးရအနေနဲ့ ဒီကပ်ဘေးကြီးကို ရင်ဆိုင်ရာမှာ တနိုင်ငံလုံးလွှမ်းခြုံထားနိုင်တဲ့၊ တစုံလုံးလွှမ်းခြုံထားတဲ့ မူဝါဒတွေ၊ မဟာဗျူဟာတွေရှိဖို့လိုတယ်။ တကွက်ချင်း၊ တဆင့်ချင်း အကောင်အထည်ဖော်နေတာမျိုးထက်၊ ဖြစ်လာမှ တုံ့ပြန်ဆောင်ရွက်တာမျိုးထက် အားလုံးကို လွှမ်းခြုံ တဲ့မူဝါဒ၊ မဟာဗျူဟာမျိုး ချမှတ်ပြီး အဆင့်လိုက် ဘယ်လိုဆောင်ရွက်သွားမလဲဆိုတဲ့ အစီအမံတွေရှိနေရမယ်။ ဝန်ကြီး ဌာနတခု၊ အစိုးရအဖွဲ့ရုံးတခုစီကနေ သီးသန့်ဆောင်ရွက်နေတာမျိုးထက် အစိုးရတဖွဲ့လုံးချဉ်းကပ်ပုံနဲ့ အစီအမံတွေရှိ နေရပါမယ်။

(၃) အဲဒီအစီအမံတွေအပေါ်မှာ အခြေခံပြီး တပ်မတော်နဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်သင့်တယ်။ ဘာလို့လဲဆိုတော့ တပ်မတော်ဟာ နိုင်ငံတော်ရဲ့အင်စတီကျူးရှင်းတခုဖြစ်သလို အခုလို အရေးပေါ်အခြေအနေကို ရင်ဆိုင်ဖြေရှင်းရာမှာ တပ်မတော်လို အဖွဲ့အစည်းရဲ့အင်အားက အရေးကြီးတယ်။ ဒီတော့ အစိုးရအနေနဲ့ သူ့ရဲ့ တနိုင်ငံလုံးအစီအမံမှာ တပ်မတော်က ဘယ်အပိုင်းတွေ တာဝန်ယူဆောင်ရွက်ပေးနိုင်တယ်။ ဘယ်လိုအားဖြည့်ကူညီနိုင်တယ်ဆိုတာတွေကို အသေးစိတ် ညှိနှိုင်းဖို့လိုတယ်။ ဒါဟာ ကပ်ရောဂါကျော်လွှားရေးအတွက် အရေးကြီးသလို အရပ်ဘက်-စစ်ဘက်အက်ကြောင်းကို ပြန်လည်ပေါင်းစည်းဖို့အတွက်   အခွင့်အလမ်းတခုလည်း ဖြစ်ပါတယ်။

(၄) အရပ်ဘက်အစိုးရအနေနဲ့ သူရဲ့မူဝါဒတွေ၊ မဟာဗျူဟာတွေကိုအခြေခံပြီး တပ်မတော်အပြင် နိုင်ငံတဝှမ်းမှာရှိတဲ့ နိုင်ငံရေးအင်အားစုတွေအားလုံးနဲ့လည်း ဆွေးနွေးညှိနှိုင်းမှုတွေလုပ်ဖို့ လိုပါတယ်။ ဒီကပ်ဘေးကြီးကို ရင်ဆိုင်ဖြေရှင်းရာမှာ အစိုးရတရပ်တည်း ဖြေရှင်းလို့မဖြစ်နိုင်သလို အစိုးရနဲ့ တပ်မတော်ချည်းပဲလည်း ဖြေရှင်းလို့ မဖြစ်နိုင်ဘူး။ တနိုင်ငံလုံးအားနဲ့ ရင်ဆိုင်ဖြေရှင်းရမှာပါ။ အဲဒီအတွက် တနိုင်ငံလုံးအားကို စုစည်းမိအောင် အစိုးရက ရှေ့ဆောင်ရှေ့ ရွက်ပြု စီစဉ်ထားတဲ့ မူဝါဒတွေ၊ မဟာဗျူဟာတွေကို အခြေခံပြီး သက်ဆိုင်ရာအင်အားစု အသီးသီးအနေနဲ့ ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်အောင် အစိုးရကဦးဆောင်ပြီး ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်သင့်တယ်။ ဒါဟာ တနိုင်ငံလုံးအင်အားကို ပေါင်းစည်းမှုဖြစ်သလို အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အခွင့်အလမ်းတခုလည်း ဖြစ်ပါတယ်။

(၅) ကပ်ရောဂါဘေးကြီးကို တုံ့ပြန်ရင်ဆိုင်မယ့် အစိုးရရဲ့မူဝါဒတွေ၊ မဟာဗျူဟာတွေကို တပ်မတော်၊ နိုင်ငံရေးအင်အားစုတွေနဲ့ ဆွေးနွေးညှိနှိုင်းပြီးသွားရင်တော့ ပြည်သူကို အသိပေးဖို့လိုအပ်တယ်။ ဒါမှလည်း ပြည်သူတွေအနေနဲ့ ရှေ့ဆက်သွားမယ့်လမ်းကြောင်းကို ရှင်းရှင်းလင်းလင်းသိမြင်ပြီး အစိုးရရဲ့ဦးဆောင်မှုနောက်ကို ယုံယုံကြည်ကြည်နဲ့ ပါဝင်ပူးပေါင်း ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။

(၆) ဒါအပြင် အစိုးရရေးဆွဲထားတဲ့ မူဝါဒတွေ၊ မဟာဗျူဟာတွေအပေါ် မူတည်ပြီး လိုအပ်တဲ့ အာဏာခွဲဝေမှုတွေ၊ အဆင့်ဆင့်တာဝန်ယူမှုတွေကိုလည်း ဖြန့်ကျက်ဆောင်ရွက်သွားဖို့ လိုအပ်တယ်။ ဒီကပ်ဘေးကြီးကို ရင်ဆိုင်ကျော်ဖြတ်ရာမှာ တနိုင်ငံလုံးစုစည်းအင်အားဟာ အရေးကြီးသလို စနစ်ကျတဲ့ စီမံအုပ်ချုပ်မှု၊ ကဏ္ဍအလိုက်၊ အဆင့်အလိုက် တာဝန်ခွဲဝေဆောင်ရွက်မှု စတာတွေကလည်း အဓိကကျပါတယ်။ ဒါတွေဟာ ကပ်ဘေးကြီးကို ရင်ဆိုင်ဖြေရှင်းဖို့အတွက်လောက်ပဲ မဟုတ်ပါဘူး။ အနာဂတ်မှာ အရပ်ဘက်နိုင်ငံရေးအာဏာ ခိုင်မာတည်မြဲဖို့အတွက် အရေးကြီးတဲ့ ထောက်တိုင်တွေ တည်ဆောက်ခြင်းလည်းဖြစ်ပါတယ်။

(၇) နောက်ဆုံးအချက်ကတော့ မြန်မာနိုင်ငံရဲ့ အမျိုးသားလုံခြုံရေးစဉ်းစားပုံကို ပြောင်းလဲဖို့လိုတယ်။ စစ်ဘက်ရေးရာလုံ ခြုံရေးကဏ္ဍ တခုတည်းနဲ့တော့ နိုင်ငံတနိုင်ငံရင်ဆိုင်နေရတဲ့ လုံခြုံရေးခြိမ်းခြောက်မှုတွေကို ရင်ဆိုင်ဖြေရှင်းဖို့ မဖြစ်နိုင်တော့ဘူး။ နိုင်ငံရဲ့အမျိုးသားလုံခြုံရေးမှာ စစ်ဘက်ရေးရာလုံခြုံရေးအပြင်၊ တနိုင်ငံလုံး ကဏ္ဍစုံလွှမ်းခြုံထားတဲ့ လုံခြုံရေး၊ နိုင်ငံသားတဦးချင်းစီရဲ့ လုံခြုံရေးတွေကိုပါ ထည့်သွင်းစဉ်းစားဖို့လိုအပ်နေပါပြီ။ ဒါကြောင့် အမျိုးသားလုံခြုံရေးအယူအဆကို ခေတ်ကာလနဲ့လိုက်လျောညီထွေအောင် ပြင်ဆင်ပြောင်းလဲရမယ်။ ဒါဟာ ခုကပ်ဘေးကာလအတွက်ပဲ မဟုတ်ဘူး။ အနာဂတ်အတွက်ပါ အရေးကြီးပါတယ်။ အနာဂတ်မှာလည်း ဒီလိုမျိုးလုံခြုံရေးခြိမ်းခြောက်မှုတွေကို ရင်ဆိုင်ကြုံတွေ့ရမှာပါပဲ။ လက်ရှိမြန်မာနိုင်ငံရဲ့ အမျိုးသားလုံခြုံရေးချဉ်းကပ်ပုံနဲ့တော့ ပုံစံမျိုးစုံနဲ့ ခြိမ်းခြောက်နေတဲ့ ယနေ့ခေတ်ရဲ့ လုံခြုံရေးခြိမ်းခြောက်မှုတွေကို ရင်ဆိုင်ဖို့ ခက်ပါတယ်။ ဒီတော့ အမျိုးသားလုံခြုံရေးအယူအဆကို ပြောင်းဖို့လို တယ်။ အမျိုးသားလုံခြုံရေးစဉ်းစားပုံမှာ လူသားလုံခြုံရေးအထိ ထည့်သွင်းစဉ်းစားဖို့လိုတယ်။ လုံခြုံရေးခြိမ်းခြောက်မှုတွေကိုလည်း အစဉ်မပြတ် လေ့လာစောင့်ကြည့်နေဖို့ လိုသလို ဒီခြိမ်းခြောက်မှုတွေကို ရင်ဆိုင်ဖို့အတွက် စနစ်တကျ ပြင်ဆင်သွားဖို့လည်း လိုပါတယ်။ နောက်ပြီး အမျိုးသားလုံခြုံရေးအယူအဆ ပြောင်းလဲတာဟာ အရပ်ဘက်အစိုးရရဲ့ ဦးဆောင်မှုသဘောကို မြှင့်တင်ပေးရာလည်း ရောက်ပါတယ်။ ဒါကြောင့် အခုကပ်ဘေးကြီးကို သင်ခန်းစာယူပြီး မြန်မာနိုင်ငံရဲ့ အမျိုးသားလုံခြုံရေးအယူအဆကိုလည်း ပြောင်းလဲသွားဖို့လိုပါတယ်။

နိဂုံးချုပ်အနေနဲ့ကတော့ ခုချိန်မှာ မြန်မာနိုင်ငံအနေနဲ့ ဒီကပ်ဘေးကြီးနဲ့ တိုက်တဲ့တိုက်ပွဲကြီးမှာ ကိုယ့်ဘက်က အကျအရှုံးနည်းနည်းနဲ့ အနိုင်တိုက်ဖို့က အရေးကြီးပါတယ်။ ဒီတိုက်ပွဲကို အနိုင်တိုက်နိုင်ဖို့အတွက် အရပ်ဘက်အစိုးရရဲ့ ရှေ့ဆောင်ရှေ့ရွက်ပြုမှုက အရေးကြီးပါတယ်။ ရှင်းလင်းပြတ်သားတဲ့ မူဝါဒတွေ၊ တိကျခိုင်မာတဲ့ မဟာဗျူဟာတွေက အဓိကကျပါတယ်။ တနိုင်ငံလုံး စုစည်းပေါင်းရုံးမှုအင်အားကို မဖြစ်မနေလိုအပ်ပါတယ်။ ဒီတိုက်ပွဲကြီးဟာ မြန်မာနိုင်ငံရဲ့ အနာဂတ်ကံကြမ္မာကို အဆုံးအဖြတ်ပေးမယ့် တိုက်ပွဲကြီးဖြစ်သလို မြန်မာနိုင်ငံရဲ့ အနာဂတ်နိုင်ငံရေး အလားအလာကိုလည်း အဆုံးအဖြတ်ပေးမယ့် တိုက်ပွဲကြီးဖြစ်ပါတယ်။

ဒီတိုက်ပွဲကြီးမှာ မြန်မာပြည်ကြီး အောင်ပွဲဆင်နိုင်ပါစေ။

[i] ကိုရဲ၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဘောင်အတွင်းမှ တပ်မတော်၏ဖက်ဒရယ်အမြင်၊ Myanmar Quarterly မဟာဗျူဟာနှင့် မူဝါဒရေးရာလေ့လာရေးဂျာနယ်၊ အတွဲ ၁၊ အမှတ်(၂)။ (ဖေဖေါ်ဝါရီ-မတ်၊ ၂၀၁၆)၊ စာ – ၆၇ – ၇၀။

[ii]  Renaud Egreteau, “Caretaking Democratization: the Military and Political Change in Myanmar”, (Hurst and Co, London, 2016), p – 10.

[iii]  မြဝင်း၊ တပ်မတော်၏ အမျိုးသားနိုင်ငံရေးအစဉ်အလာ၊ (သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း၊ ရန်ကုန်၊ ၁၉၉၂)။

[iv] Diplomat Risk Intelligence, “COVID-19 in Asia: A Country-By-Country Guide” in the Diplomat. (14-April, 2020)

[v]Ei Ei Toe Lwin, “NLD Government to face tougher challenges in 2018”, in Myanmar Times. (04-January, 2018))

[vi] Qingzhen Chen, “Three Weakness of Myanmar’s NLD Party” in Global Risk Insights. (31-October, 2015)

[vii] Zoltan Barany, “Burma: Suu Kyi’s Missteps” in Journal of Democracy. Vol (29), Issue. (1) (January, 2018). p.  7.

[viii] Ibid. p – 8.

[ix] တကောင်းနိုင်ငံရေးလေ့လာမှုအဖွဲ့၊ “အမျိုးသားလုံခြုံရေးအယူအဆကို ခေတ်သစ်အမြင်ဖြင့်ပြန်လည်ဖွင့်ဆိုခြင်း”၊ (ရန်ကုန်၊ ၂၀၁၉)။ စာ -၁၂၇၊ ၁၂၈။

Ko Ye

ကိုရဲသည် တကောင်း နိုင်ငံရေးလေ့လာမှုအဖွဲ့၏ အမှုဆောင်ဒါရိုက်တာ ဖြစ်ပါသည်။

Related article
မြန်မာနိုင်ငံနှင့် ကိုဗစ်ကာကွယ်ဆေး ထိုးနှံနိုင်မှု အလားအလာ

မြန်မာနိုင်ငံနှင့် ကိုဗစ်ကာကွယ်ဆေး ထိုးနှံနိုင်မှု အလားအလာ

မြန်မာနိုင်ငံက အခုအချိန်မှာ လူပေါင်း ၁ ဒသမ ၇ သန်းကို ကာကွယ်ဆေး ထိုးနှံ ပြီး…

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါနှင့်  လော့ခ်ဒေါင်းမှတ်စု  (လော့ခ်ဒေါင်းနှင့်အတူနေထိုင်ခြင်း)

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါနှင့် လော့ခ်ဒေါင်းမှတ်စု (လော့ခ်ဒေါင်းနှင့်အတူနေထိုင်ခြင်း)

လော့ခ်ဒေါင်းချ ဆောင်ရွက်တဲ့ အခါမှာ ဆင်းရဲတဲ့အိမ်ထောင်စုတွေ၊ အလုပ်အကိုင် ဆုံးရှုံးသွားသူတွေ၊ ချို့တဲ့အားနည်းတဲ့ လူတွေအတွက်လည်း အဓိကစဉ်းစားပေးပြီး ကုစားရေး…

တရုတ်နိုင်ငံ၏ ကိုဗစ်-၁၉ကာကွယ်ဆေး သံတမန်လှုပ်ရှားမှုနှင့် မြန်မာနိုင်ငံအတွက် အလားအလာ

တရုတ်နိုင်ငံ၏ ကိုဗစ်-၁၉ကာကွယ်ဆေး သံတမန်လှုပ်ရှားမှုနှင့် မြန်မာနိုင်ငံအတွက် အလားအလာ

တရုတ်နိုင်ငံဟာ ကာကွယ်ဆေးကို အများကောင်းကျိုးအဖြစ် အသုံးပြုမယ်၊ မြန်မာနိုင်ငံစတဲ့ မိတ်ဖက်နိုင်ငံတွေကို ဦးစားပေးဖြန့်ဝေမယ် ဆိုတာဟာ စေတနာကောင်းရင်တောင် လက်တွေ့…

Discussion about this post

Leave a Reply

Your email address will not be published. Required fields are marked *

Type your search keyword, and press enter to search