မြန်မာနိုင်ငံနှင့် ကိုဗစ်ကာကွယ်ဆေး ထိုးနှံနိုင်မှု အလားအလာ
မြန်မာနိုင်ငံက အခုအချိန်မှာ လူပေါင်း ၁ ဒသမ ၇ သန်းကို ကာကွယ်ဆေး ထိုးနှံ ပြီး…
အယ်ဒီတာမှတ်ချက် ယခုဖော်ပြထားသည့်သုံးသပ်ချက်ဆောင်းပါးကို ဒေါက်တာစစ်နိုင်က ဧပြီ ၁၁ ရက်နေ့တွင် ပေးပို့ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် သုံးသပ်ချက်တွင်ပါဝင်သော ကိန်းဂဏန်းအချက်အလက်များသည် ဧပြီ ၁၁ ရက်မတိုင်ခင်က အခြေ အနေများကို ထင်ဟပ်ဖော်ပြထားခြင်းဖြစ်ကြောင်း သိစေအပ်ပါသည်။
ခုတလော မြန်မာတွေ အင်္ဂလိပ်စကား အတော် တိုးတက်လာကြသည်။ ‘ကွာရန်တင်း’၊ ‘လော့ဒေါင်း’၊ ‘ပီပီအီး’၊ ‘မတ်(ဆ်ခ်)’၊ ‘ဟန်းဂျဲ’၊ ‘ဆိုရှယ်ဒစ်ဆတန်ဆင်း’ စသည်ဖြင့်။ တကယ်တော့ သည် စကားလုံးတွေကို နားလည်လာကြရ သုံးလာရခြင်းမှာ နောက်ထပ် အင်္ဂလိပ် စာလုံးလေး တလုံးကြောင့် ဖြစ်သည်။ ‘ကိုဗစ်-နိုင်တီး’ တဲ့။ ကိုဗစ်-ဆယ့်ကိုး ဟုပင်မခေါ်။ သည်ရောဂါပိုး (ဗိုင်းရပ်စ် ဟုပင်ခေါ်ရစေတော့) က သည်စကားလုံး အားလုံးကို ဆွဲခေါ်လာခဲ့သည်ပဲ။ မြန်မာ သို့သာမက ကမ္ဘာတခွင်အနှံ့ လူတိုင်း ပါးစပ်ဖျား နေ့တိုင်းပြောလာရသော ဝေါဟာရများ အဖြစ်ပင် သွတ်သွင်းခဲ့ပြီ။ ယခုလို တွင်တွင် သုံးလာသော ဝေါဟာရများတွင် လေးနက်သော အဓိပ္ပါယ်များ၊ ပြင်းထန်သော သက်ရောက်မှုများ၊ ကြီးလေးသည့် တာဝန်များ နိုင်းချင်း တင်းပြည့်ပါ။
ယခင်ကဆို အိုဗာတင်းကို ပိုသိပေမဲ့ ခုတော့ ကွာရန်တင်းပဲ ပြောနေကြသည်။ ဘာ အဓိပ္ပါယ်လဲ။ ဘယ်က လာသလဲ။ ကွာရန်တင်း (quarantine) ဆိုသည်မှာ နှစ်ပေါင်း ရာချီ ကြာခဲ့ပြီးသော လူထုကျန်းမာရေး နည်းဗျူဟာ တစ်ရပ်ဖြစ်ပါသည်။ မူရင်း စကားလုံး (quarantena) က ဗနီးရှန်း ဘာသာစကား၊ အီတလီဒေသ တဝိုက်က လက်တင်နွယ်ဝင် ဘာသာစကားပါ။ အဓိပ္ပါယ်က ရက်-၄၀ ဟုဆိုသည်။ ဟိုးတချိန် ၁၄ ရာစု လောက်မှာ ပလိပ်ရောဂါက ကမ္ဘာ့ လူသတ်ကပ်ရောဂါ အနက်ရောင် သေမင်းအဖြစ် ကူးစက် ပြန့်နှံ့နေခဲ့စဉ် ကုန်သွယ်ကူးလူး ဆက်ဆံကြရာကနေ ပြန့်ပွားတာကို သတိထားမိလာသည့်နောက် ထိုခေတ်၏ အဓိက သယ်ယူပို့ဆောင်ရေး တခု ဖြစ်သော လှေသင်္ဘောများ ဆိုက်ရောက်လာသည်ကို တန်း၍ ကမ်း အကပ်မခံပဲ ရေလည်တွင် ရက်-၄၀ ရပ်နားနေစေပြီးမှ အဝင်ခံခဲ့သည့် စနစ်ပါ။ စောင့်ဆိုင်းနေချိန် အတွင်း ရောဂါလက္ခဏာများ ပေါ်ပေါက်လာခြင်းရှိ မရှိ၊ စစ်ဆေးစောင့် ကြည့်ပြီး ရောဂါ ဖြစ်မလာမှသာ သင်္ဘောကို ကမ်းအကပ်ခံ၊ သင်္ဘောသားနှင့် ခရီးသည်များကို အဆင်းခံခဲ့သည့် စနစ်ပါ။
ထိုခေတ်မှစ၍ လူထုကျန်းမာရေး လုပ်ငန်းစဉ်တွင် ကူးစက်ရောဂါများ ကာကွယ်ရန်၊ ကြွက်၊ ခြင်၊ပိုးမွှား စသည်များ ပါမလာစေရန် တနေရာရာမှ ရောက်ရှိလာသော ယာဉ်ရထား၊ လူ၊ တိရစ္ဆာန်၊ ကုန်စည် တို့ကို သတ်မှတ်သည့် အချိန် အတိုင်းအတာတခုအတွင်း အသွားအလာ၊ အသယ်အပို့ လုံးဝမရှိရအောင် အမိန့်အာဏာ သုံးပြီး ပိတ်ဆို့ ထားသည့် နည်းဗျူဟာကို ကွာရန်တင်းဟု သတ်မှတ် ခေါ်ဝေါ်လာခဲ့ခြင်း ဖြစ်ပါသည်။ ကူးစက် ရောဂါများတားဆီး ကာကွယ်ရာတွင် ထိရောက်ကြောင်း လက်ခံ ထားကြပါသည်။ ကွာရန်တင်းကို တရားဝင် ဘာသာပြန်ထားသည်ကတော့ အသွားအလာ တားမြစ်ပိတ်ပင်ခြင်း သို့မဟုတ် ကန့်သတ်ခြင်းပါတဲ့။ ရောဂါခြေချုပ် လို့သုံးကြသည်လည်းရှိသည်။
လူတဦးက နောက်လူတဦးကို ကူးစက်တတ်သော ရောဂါများအတွက် လူပုဂ္ဂိုလ်ကို ကွာရန်တင်း လုပ်ကြသည်။ ဘယ်သူတွေကိုလဲဟုဆိုလျင် ရောဂါ ကူးစက်ရန် အန္တရာယ် ကြုံခဲ့ရသူတွေဖြစ်သည်။ ကူးစက်ရောဂါ ရှိထားသူနှင့် နီးနီးကပ်ကပ် နေခဲ့သူ၊ ကူးစက်ရောဂါ ရှိသည့်ဒေသမှ ရောက်ရှိလာသူများကို တားမြစ် ကန့်သတ်လေ့ရှိ ကြသည်။ နေရာ လုံလောက်သေးလျင် ကျန်းမာရေးဌာန အစီအစဉ်ဖြင့် သီးသန့် ဆေးရုံဆေးခန်း လိုမျိုးမှာ ထားနိုင်သည်က အကောင်းဆုံးပါ။ မဖြစ်နိုင်တော့လျင် အခြား သတ်မှတ်ထားသော နေရာများ၊ တည်းခိုခန်း သို့မဟုတ် နေအိမ်တွင်ပင် ထားရှိစောင့်ကြည့် ခြင်းများလည်းရှိနိုင်ပေမည်။
ဤနေရာတွင် နောက်ထပ် အင်္ဂလိပ်စာလုံး တလုံးပေါ်လာရပြန်၏။ ‘အိုင်ဆိုလေးရှင်း’ (isolation) ဖြစ်သည်။ သီးခြား ထားရှိကုသခြင်းဟု တရားဝင်ပြန်ထားသည်။ ကွာရန်တင်း နှင့် အိုင်ဆိုလေးရှင်း နှစ်ခုလုံး သီးသန့်ထားခြင်း၊ မရောမယှက်၊ မဆက်မစပ်အောင် ထားထားရခြင်းများက ခပ်ဆင်ဆင် ဖြစ်နေသည်။ သို့ဆိုက ဘယ်လို ခွဲမှတ်မည်နည်း။ ရောဂါကူးနိုင်သည့် အခြေအနေကြုံခဲ့သူ၊ ရောဂါဖြစ်ပွားနေသည့် ဒေသမှ ရောက်လာသူများ နေကောင်း နေသေးလျင် ကွာရန်တင်း လုပ်ရမည်။ သူတို့ တောက်လျှာက် နေကောင်းနေလျင် သတ်မှတ် ကွာရန်တင်း ကာလ ပြီးဆုံးချိန်တွင် ကန့်သတ်မှု လျှော့ချ သို့တည်းမဟုတ် ရပ်ဆိုင်းနိုင်သည်။ ထိုပုဂ္ဂိုလ် များထဲမှ နေမကောင်း ဖြစ်လာခဲ့လျင် အိုင်ဆိုလေးရှင်း လုပ်၍ ကုသပေးရမည်။ ရောဂါ ကူးခံရနိုင်သည် အနေအထား ကြုံထားသူ၊ ရောဂါဖြစ်ပွားနေသည့် ဒေသမှ လာခဲ့သူများ စတွေ့ကတည်းက နေမကောင်းဖြစ်နေလျင်တော့ တခါထဲ အိုင်ဆိုလေးရှင်း လုပ်ကြရပါသည်။ အလွယ်မှတ်၍ ရနိုင်ပါသည်။ နေကောင်းလျင် ကွာရန်တင်း၊ မကျန်းမာလျင် အိုင်ဆိုလေးရှင်း။
နောက်စကားလုံးက ပို၍ပင် မီးပြင်းသေး၏။ ‘လော့ဒေါင်း’ (lock down) တဲ့။ အင်္ဂလိပ်စာလုံး ရိုးရိုးလေးက လူထုဘဝ အပေါ် သည်မျှလောက် သက်ရောက် ပြင်းထန်မည်ဟု လွန်ခဲ့သော သုံးလေးလက မတွေးမိခဲ့ကြပါ။ ‘ဒေါင်းလုပ်’ နှင့် ရောနေ မှားနေသူတွေလည်း ရှိသည်ဆို၏။ လော့ဒေါင်းကရော ဘာ အဓိပ္ပါယ်လဲ။ တိုက်ရိုက်ပြန်လျင် ပိတ်ချလိုက်ခြင်းဟု ဆိုရမည်။ အကျဉ်းသားတစ်ယောက်ကို သီးသန့် ပိတ်လှောင်ထားခြင်းကို မြန်မာလို တိုက်ပိတ် သည်ဟုခေါ်ရာ အင်္ဂလိပ်စာလုံးဖြင့် လော့ဒေါင်းဟု ပြောရပေမည်။ တခြားအသုံးအနှုန်း များလည်း ရှိခဲ့သည်။ နေရာတခုခု၊ ဥပမာ စာသင်ကျောင်းတကျောင်းတွင် အန္တရာယ်ဖြစ်နိုင်သော အရာတခုခု၊ ဥပမာ အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်ပေါ်လာခဲ့လျင်၊ ကျောင်းသူကျောင်းသားများကို အန္တရာယ်ကင်းသည့် နေရာသို့ ရုတ်တရက် ကယ်ထုတ်သွားရန် မဖြစ်နိုင်လျင်၊ ထိုအန္တရာယ် တကျောင်းလုံး မပြန့်သွားအောင် ကာကွယ်သည့် အနေဖြင့် အန္တရာယ်ကျနေသောအပိုင်းကို အလျင်အမြန် အလုံပိတ်ချ ထားလိုက်ခြင်းကို လော့ဒေါင်း လုပ်သည် ဟုခေါ်ကြသည်။
ခု ကိုဗစ်ခေတ်မှာတော့ ‘လော့ဒေါင်း’ က ပေါ်ပြူလာ ဖြစ်လာသည်။ လော့ဒေါင်း မလုပ်သေးဘူးလားဟု မေးသူကမေးသည်။ အစောကြီးကတည်းက လုပ်ရမှာ နောက်ကျနေပြီဟု အပြစ် တင်သူတွေလည်း ရှိသည်။
လော့ဒေါင်း လုပ်ပါက ဆင်းရဲသား လူထုကို ထိခိုက်မှာမို့ ရက်စက် အမြော်အမြင်နည်းရာ ကျမည်ဟု ခြိမ်းခြောက် ကြသူတွေလည်း မနည်း။ သို့ဆိုလျင် သည် လော့ဒေါင်း ဆိုသည်ကို စဉ်းငယ်မျှ သုံးသပ်ကြည့်နိုင်သည်။ ဘာလဲ၊ ဘာလုပ်တာလဲ။ လော့ဒေါင်းကို အလွယ် ရှင်းပြသူကတော့ (mass quarantine) လူထု အများအပြားကို လူအများ ရှိနေသောနေရာဒေသ တခုကို အသွားအလာ ကန့်သတ် ပိတ်ဆို့ထားလိုက်ခြင်း ဟုဆို၏။ လော့ဒေါင်း မှာ ဘာတွေပါသလဲ။ ဘာတွေလုပ်ရ သလဲ။ ဘာတွေ မလုပ်ရဘူးလဲ။
ဤနေရာတွင် စဉ်းစား ရှင်းလင်းရတော့မည့် နောက်ထပ် အင်္ဂလိပ်စာလုံး တလုံး ရှိလာပြန်၏။ တကယ်တော့ အထက်က ဝေါဟာရများ သုံးလာ၊ ပြောလာ ရခြင်းများမှာ ဤဝေါဟာရ သဘောတရား ကို အကောင် အထည်ဖော်ရန်သာ ဖြစ်သည်။ ‘ဆိုရှယ်ဒစ်ဆတန်ဆင်း’ (social distancing) ဟူ၏။ ဤ ကိုဗစ်-၁၉ ရောဂါ ဆိုသည်မှာ လူမှလူသို့ နီးကပ် ဆက်စပ်မှုများမှတဆင့် ကူးစက်သည်ဖြစ်ရကား လူလူချင်းနီးကပ်မှုကို ခွဲထား၊ ခွာထား၊ ကန့်ထား လိုက်ခြင်းက သာ အထိရောက်ဆုံးသော လက်တွေ့ ထိန်းချုပ်နည်းပင် မဟုတ်ပါလား။ ထို့ကြောင့် လူလူချင်း ‘မတတ်သာလို့ ခပ်ခွာခွာလေး နေကြရတယ်’ အစချီ သီချင်းထဲကလို နေဖို့ တိုက်တွန်းလာ ကြသည်။ သည်မှာပင် စကားလုံးကို အငြင်းပွားလာကြပြန်သည်။ လူလူချင်း ရုပ်ပိုင်း၊ ခန္ဓာကိုယ်ပိုင်း သာ ခပ်ခွာခွာ နေပါစေ။ အခင်အမင်မပျက်၊ အဆက်အသွယ်မပြတ် နေကြပါ။ လူချင်းဝေး၊ အထီးကျန်၊ စိုးရိမ်၊ စိတ်ရှုပ် နေချိန်မှာ တစ်ဦးနှင့် တစ်ဦး ဖုံး၊ အင်တာနက် စသည်များဖြင့် ပို၍ပင် ထိတွေ့ဆက်သွယ်ရန် လိုကြောင်းပြောကြ၏။ ထို့ကြောင့် ‘ဆိုရှယ် ဒစ်ဆတန်ဆင်း’ ဆိုသည့်စကားလုံးထက် ‘ဖစ်ဇစ်ကယ် ဒစ်ဆတန်ဆင်း’ (physical distancing) ရုပ်အားဖြင့်ဝေးစေကာမူ စိတ်ချင်းနီးနီး နေကြဖို့ ဆိုကြပြန်သည်။
ထိုသို့ လူလူချင်း မနီးကပ်ခြင်း၊ နီးကပ်မှု အနည်းနိုင်သမျှ အနည်းဆုံး လုပ်ထားခြင်းကြောင့် ဘာကောင်းမလဲ။ ကူးစက်နှုန်း နည်းသွားမည်။ စုစုပေါင်း အရေအတွက် မနည်းလျင်တောင် တလထဲ လူတသောင်း ကူးမည့် အစား တလ တထောင်ဖြင့် ဆယ်လလောက် တဖြည်းဖြည်း ကူးမည်ဆိုလျင် ဆေးရုံတွေ လူနာ မလျှံပဲ နိုင်နိုင်နင်းနင်း ကုပေးနိုင် အသက်ကယ်နိုင်မည်။ ဒါတွေကြောင့် လော့ဒေါင်း လုပ်ရခြင်းဖြစ်ပါသည်။
ထိုသို့ လူလူချင်း မနီးကပ်ခြင်း၊ နီးကပ်မှု အနည်းနိုင်သမျှ အနည်းဆုံး လုပ်ထားခြင်းကြောင့် ဘာကောင်းမလဲ။ ကူးစက်နှုန်း နည်းသွားမည်။ စုစုပေါင်း အရေအတွက် မနည်းလျင်တောင် တလထဲ လူတသောင်း ကူးမည့် အစား တလ တထောင်ဖြင့် ဆယ်လလောက် တဖြည်းဖြည်း ကူးမည်ဆိုလျင် ဆေးရုံတွေ လူနာ မလျှံပဲ နိုင်နိုင်နင်းနင်း ကုပေးနိုင် အသက်ကယ်နိုင်မည်။ ဒါတွေကြောင့် လော့ဒေါင်း လုပ်ရခြင်းဖြစ်ပါသည်။ လူထုကျန်းမာ ရေးအမြင်ကတော့ ရှင်းပါသည်။ လော့ဒေါင်းကို အချိန်မီ လုပ်ရမည်။ ထိထိရောက်ရောက် လုပ်ရမည်။ သို့မှသာ ရောဂါကူးစက်ခံရမှု ဇယားမျဉ်း တောင်လို ထိုးတက်မလာဘဲ၊ ကုန်းကမူလို ပြေပြေနိမ့်နိမ့် ဖြစ်မည်။ သို့ဆိုလျင် ဆေးရုံဆေးခန်းများ အနေဖြင့် လူနာများ အုံလိုက် ကျင်းလိုက်ဝင်လာ၍ မနိုင်မနင်း လက်လွှတ် လိုက်ရခြင်းများ နည်းပါးသွားပြီး ထိထိရောက်ရောက် အသက်ကယ်မှုများ ဆောင်ရွက်နိုင်ကြမည်။
လော့ဒေါင်းမှာ ဘာတွေပါလဲ။ ပိတ်ချခြင်းဖြစ်၍ ဒေသတခုအတွင်း အဝင်အထွက် မရှိအောင် မြို့ရွာ နိုင်ငံများ ပိတ်တာ ပါနိုင်သည်။ အရေးကြီး ကုန်စည်၊ အရေးကြီးကိစ္စများမှအပ ခရီးသွား ယာဉ်ရထားများ ပိတ်တာပါ နိုင်သည်။ လူလူချင်း မထိတွေ့ရအောင် လူတွေ အပြင် မထွက်ရအောင် တိုက်တွန်း၊ ညွှန်ကြား၊ အမိန့်ပေးရသည်။ ခွင့်ပြုထားသည့် ကိစ္စများမှအပ လုံးဝအပြင် မထွက်ရ။ ယင်းသို့ မထွက်ရအောင် ရုံး၊ အလုပ်ရုံ၊ ရုပ်ရှင်ရုံ၊ ပွဲလမ်း၊ အားကစား၊ ဝတ်ပြုဆုတောင်း လူစုစရာ အကြောင်းအရာ အားလုံး ပိတ်ပင်တား မြစ်ရသည်။ အစားအသောက် ဆိုင်တွေ ပါဆယ်သာရောင်းရသည်။ စည်းကမ်းများ၊ တားမြစ်ချက်များကို လက်နက်ကိုင် တပ်ဖွဲ့များ၏ အကူအညီ ယူ၍လည်း ဆောင်ရွက်ရနိုင်သည်။ ဤကိစ္စတွေကို ဘယ်လောက် ပြင်းပြင်းထန်ထန် တင်းတင်းကြပ်ကြပ် လုပ်ရမလဲ။ တနိုင်ငံနှင့် တနိုင်ငံ မတူပါ။ တိုင်းပြည်၏ နိုင်ငံရေးစနစ်ပေါ် တည်သည်။ အာဏာရှင် စနစ်များမှာ လုပ်ရ လွယ်နိုင်သည်။ ဒီမိုကရေစီ စနစ်တွင် လူထုအကျိုးထက် လူထုအကြိုက် လိုက်နေရလျင် ပိုခက်ခဲနိုင်သည်။ အထူးသဖြင့် အဖွဲ့အစည်းများ အားမကောင်းသော တိုင်းပြည်၊ မညီညွတ်သော နိုင်ငံ၊ လူထုနှင့် အစိုးရ မယုံကြည် ကြသောလူ့ဘောင်၊ အသိပညာ အားနည်းသော လူ့အဖွဲ့အစည်း၊ ထိုအခြေအနေမျိုးများတွင် လော့ဒေါင်းကို အပြည့်အဝ အကောင်အထည် မဖော်နိုင်လျင် ရောဂါကာကွယ်ရေး ထိရောက်မည်မဟုတ်ပေ။ လော့ဒေါင်း၏ ဆိုးကျိုးများသာ အဖတ်တင်နိုင်သည်။ လော့ဒေါင်းဆိုးကျိုးတွေက ဘာတွေလဲ။ စီးပွားရေးလုပ်ငန်းများ ရပ်ဆိုင်းသွားတာဖြစ်လို့ လက်လုပ် လက်စား အခြေခံ လူတန်းစားတွေ အကုန်ထိခိုက်ပါမည်။ စီးပွားရေးလုပ်ငန်း အားလုံးလည်း လျော့ပါးကြရပါမည်။ သို့သော် ကမ္ဘာ့ စီးပွားကူးသန်းမှုကြီး တခုလုံး ထိခိုက်ပျက်စီး နေရသည်ဖြစ်၍ လော့ဒေါင်း မလုပ်ရင်တောင် ဤကိစ္စက ရှောင်လွှဲ မရနိုင်ပါ။ လူတဦးချင်းစီ၊ မိသားစု တခုချင်းစီ၊ လူ့ဘောင်တခုလုံး ရိုက်ခတ် ထိခိုက်မည်။ လုပ်နေကျ အလုပ်များရပ်ဆိုင်း၊ ဝင်ငွေ မရှိတော့သဖြင့် စိတ်ညစ်၊ အပြင်ထွက်မရ ခင်မင်သူများနှင် မတွေ့ရ၊ ရင်မဖွင့်ရ၊ မပျော်ရ သည့်အပြင် အိမ်ထဲ မလှုပ်မရှား နေနေရသည်ဖြစ်၍ စိတ်ဓာတ်ကျခြင်း ဋီကာ ခင်းကြရနိုင်သည်။ လူမှုရေးရာများလည်း ဆုံးရှုံး ထိခိုက်ရမည်။ မိမိဒေသ လော့ဒေါင်းမချဘဲလျက်ပင် စီးပွား ထိခိုက်ကျဆင်းရသည်ဖြစ်ပြီး၊ လော့ဒေါင်းချလိုက်လျင် ပိုဆိုးနိုင်၍ အရေးပေါ် ပံ့ပိုးမှုများ စီမံရသည်။ နွမ်းပါး နိမ့်ပါး သူများ အတွက် အစားအစာ၊ ခေတ္တ နားခိုစရာ နှင့် အခြားလိုအပ်သည်များ ဖြည်ဆည်းပေးရနိုင်သည်။ အခွန်အခ များလျှော့ပေါ့ ကင်းလွတ်စေရသည် လည်းရှိနိုင်သလို၊ အလုပ်ရှင်များက မပေးနိုင်တော့ပြီ ဖြစ်သော ဝင်ငွေ၏ အချိုးအစားတခုကို ပံ့ပိုး ကျားကန်ရသည်လည်း ရှိနိုင်သည်။
စီးပွားရေး၊ လူမှုရေးများ ထိခိုက်ရတော့ နောက်ဆုံး နိုင်ငံရေးပါ ပါလာရတော့သည်။ စီးပွား၊ လူမှုကြောင့် ဆက်စပ်၍ ဖြစ်စေ၊ တိုက်ရိုက်ဖြစ်စေ နိုင်ငံရေးကိုပါ ထိခိုက်လာနိုင်သည်။ လူထု ထောက်ခံမှု၊ နိုင်ငံ့အရင်းအမြစ် များ သုံးစွဲပုံ၊ လူထု လိုအပ်ချက်ကို ဖော်ထုတ် ဖြည့်ဆည်းနိုင်မှု၊ ကောင်းမွန်ထိရောက်စွာ စီမံခန့်ခွဲနိုင်ခြင်း၊ လူထု ဆက်ဆံ ပြန်ကြားရေးစွမ်းရည် စသည်များလည်း မှတ်ကျောက် တင်ခံ၊ တွန်းနှဲ့ခံ ကြရနိုင်သည်။ မငြိမ်မသက်မှု များ ရှိနေချိန်၊ နိုင်ငံရေး အပြောင်းအလဲ ရွေးကောက်ပွဲ များနှင့် နီးကပ်ချိန်ဖြစ်ပါက လောင်းကြေး ပိုမြင့်လာ နိုင်သည်။ စိတ်ရင်း စေတနာကောင်းဖြင့် ဆောင်ရွက် စီမံခန့်ခွဲနိုင်မှု၊ လူထုကို ပွင့်လင်းရိုးသား လေးစားစွာ ဆက်သွယ်နိုင်မှု၊ လျင်မြန်စွာ တုန့်ပြန် ဆောင်ရွက်နိုင်မှုများက ခေါင်းဆောင်များကို ပံ့ပိုးနိုင်သော်လည်း၊ သတိထားစရာ စီမံခန့်ခွဲရေး ကိစ္စများနှင့် ကျော်လွှားရမည့် အခက်အခဲများ စိန်ခေါ်မှုများက လော့ဒေါင်း ဆောင်ရွက်စီမံမှုကို စိုးရွံ့ ဖွယ်ရာပုံဖော်ထားကြသည်။
လော့ဒေါင်း ဘယ်လောက်ကြာကြာ လုပ်ရမလဲ။ ရှေးကလို ဘာသာရေး ယုံကြည်ချက်နှင့် နွှယ်ပြီး ရက် -၄၀ လုပ်ရမည်ဟူ၍ မဟုတ်ပါ။ ရောဂါပျိုးချိန် အများဆုံး ၁၄-ရက် ကြာတတ်သဖြင့် လူတဦးချင်းကို ကန့်သတ်ရသော ကွာရန်တင်းကို ရက်သတ္တနှစ်ပတ် ထားသည့် မူကိုပင် မေးခွန်းထုတ်လာရသော အခြေအနေတွင် ပိုပြီး ရှတ်ထွေး ခက်ခဲသည့် လော့ဒေါင်းကို မည်မျှကြာအောင် ထားရမည် ဆိုသည်မှာ မေးခွန်းသတ်သည် ဟုပင် ပြောနိုင်ပေမည်။ လော့ဒေါင်းကို အောင်မြင်စွာ လုပ်ခဲ့သော နိုင်ငံအမျိုးမျိုးထံမှ သင်ခန်းစာယူနိုင်ပါသည်။ ရောဂါ အန္တရာယ်ကို တွန်းလှန် အောင်မြင်ထားပုံရသော၊ ကိုဗစ်-၁၉ ရောဂါ၏ ဇာတိဖြစ်သော ဝူဟန်တွင် ဆောင်ရွက်ခဲ့သည့်
လော့ဒေါင်းက ဇန်နဝါရီ ၂၃ ရက်မှစတင်ခဲ့ပြီး ဧပြီ ၈ ရက်တွင် ပြန်ဖွင့်ခဲ့ရာ ၇၆ ရက် ကြာမြင့်ခဲ့သည်။ လူ ၁၁ သန်းကို ပိတ်ဆို့ ကန့်သတ်ထားခဲ့ရာတွင် ရက်စက်စွာ ဆောင်ရွက်ခဲ့ရသည်များ၊ ခက်ခဲ ပြင်းထန်ခံစားကြခဲ့သည်များလည်း မလွဲမသွေ ရှိမည်သာ ဖြစ်သည်။ ထိုခက်ခဲသော ဆုံးဖြတ်ချက်ကို ချမှတ်လုပ်ဆောင်ခဲ့ခြင်းသာ မရှိပါက ကမ္ဘာကြီး၏ ယခုအခြေအနေ မည်သို့ရှိမလဲ။ ဇန်နဝါရီ ၂၃ ရက်ထက် စောပြီး လော့ဒေါင်း ချဖြစ်ခဲ့လျင် ကမ္ဘာ့လူထု ယခုလောက် အထိမနာဟု နောက်ကြောင်းပြန် လွတ်သည့် ငါးကြီး တွက်ဆချက်များလည်း ရှိပြန်သည်။ သို့သော် တဖက်က တွက်ပြန်လျင်လည်း တရုပ်နိုင်ငံ ဖြစ်၍သာ ခုလောက်စောစော ပိတ်ဖြစ်ခြင်းသာ၊ အခြား ဒီမိုကရေစီနိုင်ငံ တခုတွင်သာ ဆိုခဲ့လျင် အကြောင်းမသိ၊ မကြုံဖူးသော ရောဂါ အတွက် လော့ဒေါင်းလုပ်ရန် လွယ်လွယ် သဘောတူကြပါ့မည်လား။
ယခုအခါ ကမ္ဘာ့လူဦးရေ၏ နှစ်ဆယ်ရာနှုန်းခန့်က လော့ဒေါင်း အလုပ်ခံထားရသည်။ ယူကေနိုင်ငံ တွင် မတ် ၂၃ ရက်က စတင်ခဲ့သော လော့ဒေါင်းက အနည်းဆုံး သုံးပတ်ကြာမည်။ ၂၁-ရက် ဆိုသောကာလသည် စီးပွားရေး လူမှုရေးများ အတွက် ရှည်ကြာလှသည် ဆိုသော်လည်း ရောဂါ ကူးစက်ပြန်ပွားမှုကို ထိန်းချုပ်ရန် တိုလွန်းသည်ဟုအချို့က သတိပေးသည်။
ရောဂါကာကွယ်ရေးတွင် လက်လီစိတ် ကွာရန်တင်းက လုပ်ကိုလုပ်ကြရသည်။ အလုပ်ခံရသည့်သူများ စိတ်ညစ်ရ၊ စည်းကမ်း မလိုက်နာသဖြင့် ထိန်းသိမ်းရသည်များ ရှိနိုင်သော်လည်း မူပိုင်း အငြင်းမပွားကြ။ လက်ကား သဖွယ် ဆောင်ရွက်ရသည့် လော့ဒေါင်းက ခက်ခဲသည်။ ပြဿနာ များသည်။ နိုင်ငံရေး အရှုံး အန္တရာယ်ရှိသည်။ ထို့ကြောင့်လည်း ကန့်ကွက်သံ များပြီး ခေါင်းဆောင်များ စဉ်းစား ချင့်ချိန်ကြ၊ နှေးနေ တတ်ကြသည်မှာ သဘာဝကျသည်ဟု ဆိုနိုင်ပါသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) သည်လည်း အလွန့်အလွန် ချင့်ချိန်တတ်သော၊ နှေးကွေး လွန်းသည်ဟု အဝေဖန်ခံရလေ့ရှိသော ယန္တရား တခုဖြစ်ကာ နိုင်ငံများ လော့ဒေါင်း လုပ်ရန် အကြံပြုလေ့ မရှိပါ။ ဆိုးကျိုးများ ပါနိုင်သည့်ကိစ္စ မိမိ အတာမကျလို၍ဟု အချို့ကဆိုသည်။ သို့သော် WHO က ကမ္ဘာ့နိုင်ငံများ အနေဖြင့် လော့ဒေါင်းကို အလျင်စလို မရုပ်သိမ်းသင့်ကြောင်း၊ စောလွန်းစွာ ရုပ်သိမ်းမိပါက လော့ဒေါင်း အကြိမ်ကြိမ် ထပ်မံချရနိုင်ပြီး စီးပွားရေးကို ပို၍ပင်ထိခိုက်စေမည်ဟု သတိပေးလိုက်ခြင်းက ကိုဗစ်-၁၉ ထိန်းချုပ်ရေးတွင် လော့ဒေါင်း အရေးပါပုံကို သွယ်ဝိုက် ထောက်ပြ လိုက်ရာ ရောက်ပါသည်။
နိုင်ငံရေး ကြောင့်ဖြစ်စေ၊ စီးပွားရေးကို ထိခိုက်မည်စိုး၍ ဖြစ်စေ၊ လော့ဒေါင်း မလုပ်ဟု ပြောကြ၊ မလုပ်ဘဲ နေကြသော်လည်း၊ လော့ဒေါင်း ခေါ်သည်ဖြစ်စေ၊ မခေါ်သည်ဖြစ်စေ၊ လူလူချင်း ထိတွေ့ နိုင်ချေများသည့် ကိစ္စများ ကိုတော့ ကန့်သတ်၊ ပိတ်ပင်ကြရ ဖို့များပါသည်။ လော့ဒေါင်း လုပ်၊ မလုပ် ဆိုသည်မှာ အငြင်းပွားဖွယ် မဟုတ်ဘဲ၊ နိုင်ငံများအနေဖြင့် လော့ဒေါင်း ပမာဏ နှင့် ကာလ ဘယ်လောက်အထိ လုပ်မည် ဆိုသည်ကိုသာ ဆုံးဖြတ်ရသည့် လမ်းပေါ် ရောက်လာနေကြပုံရပါသည်။
လော့ဒေါင်း လုပ်ရင်ဘာတွေပြင်ဆင်ထားရမလဲ ဆိုသည့်မေးခွန်းက ဒေါ်လာ သန်းချီတန်သော မေးခွန်းပါ။ ရှုထောင့်ပေါင်းစုံက ပြောဆို အကြံပြု စရာများရှိမည် ဖြစ်သော်လည်း စီကနဲဆို ရစရာရှိသည့် ဒုက္ခများ မဲပေါက် တတ်သော၊ ရှားရှားပါးပါး သုခ ကောင်းကျိုးများ နှင့် လွဲချော်နေကျဖြစ်သော၊ ဥစ္စာချို့တဲ့သော၊ ပညာအခွင့်အလမ်း မရခဲ့သော၊ အဆက်အသွယ်ကောင်းများနှင့် မဆုံဆည်းဖြစ်ခဲ့သော၊ အများနှင့် မတူသော နွမ်းပါး နိမ့်ပါးသူများ အတွက် အထူးအလေးထား စဉ်းစား စီစဉ်ပေးရန်မှာ စွမ်းဆောင်နိုင်အား နှင့် အခွင့်အလမ်းရှိသော နိုင်ငံသားတိုင်းနှင့် အစိုးရတို့ ၏ အရေးကြီးသော တာဝန် ဖြစ်ကြောင်း ကိုတော့ အချင်းချင်း မဆုံးတမ်း သတိပေး နေကြရမည် ဖြစ်ပါသည်။
ကိုးကားစာရင်း
– ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေးဥပဒေ (နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ ဥပဒေ အမှတ် ၁/၉၅)၊ ၁၉၉၅
– https://www.mohs.gov.mm/
– https://www.britannica.com/
– https://www.who.int/
– https://www.cdc.gov/
– https://www.weforum.org/agenda/2020/03/why-lockdowns-work-epidemics-coronavirus-covid19/
– The Guardian and The Telegraph in April 2020
ဒေါက်တာစစ်နိုင်သည် Marie Stopes International ၏ မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူးဖြစ်သည်။
မြန်မာနိုင်ငံက အခုအချိန်မှာ လူပေါင်း ၁ ဒသမ ၇ သန်းကို ကာကွယ်ဆေး ထိုးနှံ ပြီး…
လော့ခ်ဒေါင်းချ ဆောင်ရွက်တဲ့ အခါမှာ ဆင်းရဲတဲ့အိမ်ထောင်စုတွေ၊ အလုပ်အကိုင် ဆုံးရှုံးသွားသူတွေ၊ ချို့တဲ့အားနည်းတဲ့ လူတွေအတွက်လည်း အဓိကစဉ်းစားပေးပြီး ကုစားရေး…
တရုတ်နိုင်ငံဟာ ကာကွယ်ဆေးကို အများကောင်းကျိုးအဖြစ် အသုံးပြုမယ်၊ မြန်မာနိုင်ငံစတဲ့ မိတ်ဖက်နိုင်ငံတွေကို ဦးစားပေးဖြန့်ဝေမယ် ဆိုတာဟာ စေတနာကောင်းရင်တောင် လက်တွေ့…
Very Good!
Your Presentation.