Menu & Search

မြန်မာနိုင်ငံ၏ COVID-19 အကျပ်အတည်း၊ ကပ်ဘေးနှင့် စီးချင်းထိုးသလို ရှုမြင် ပြင်ဆင်ဆောင်ရွက်ခြင်းက နိုင်ငံတော် အသွင်ကူးပြောင်းရေးကို အထောက်အကူ ဖြစ်စေမလား

April 18, 2020

ခေါင်းစဉ် တပ်ထားတဲ့ မေးခွန်းရဲ့အဖြေအဖြစ် ကိုင်တွယ်ပုံ မှန်ကန်ရင် “ဖြစ်နိုင်ပါတယ်”ဆိုတဲ့ အဖြေကို ပေးချင်ပါတယ်။ ဒါပေမယ့် ကပ်ဘေးကို စစ်ပွဲဆင်နွှဲသလို၊ စစ်ပွဲ ပြင်ဆင်သလို ရှုမြင်တယ် ဆိုတာ ဥပစာ တင်စားရုံမျှသာ မက တကယ် လက်တွေ့ကျကျ အနှစ်သာရအားဖြင့် ဆောင်ရွက်ဖို့လည်း လိုအပ်ပါတယ်။ ပင်ကိုယ်အားဖြင့် လစ်ဘရယ် နိုင်ငံရေး အခြေခံ တိမ်းညွှတ်မှု ရှိသူတဦး၊ စစ်အာဏာရှင်စနစ်ကို တလျောက်လုံး ဆန့်ကျင်တိုက်ပွဲဝင်ခဲ့သူ တဦးအနေနဲ့ ဒီအယူအဆကို ထုတ်ဖော်ရတာဟာ သိမ်မွေ့ပြီး အတိမ်းအစောင်းမခံတဲ့ ဆွေးနွေးချက်ပဲ ဖြစ်ပါတယ်။

COVID-19 ကပ်ဘေးကို ရင်ဆိုင်ဖို့ စစ်ပွဲနဲ့ စစ်ပွဲပြင်ဆင်ခြင်းကို ဥပစာတင်စားပြီး သုံးစွဲတာဟာ (အထူးသဖြင့် မှန်းချက်နဲ့နှမ်းထွက်မကိုက်ခဲ့ရင်) ဆိုးကျိုးတွေ အများကြီး ဖြစ်စေနိုင်ပါတယ်။ ယေဘုယျအားဖြင့်ကတော့ ဒီလို စစ်ဥပစာ တင်စားတာဟာ ကျန်းမာရေးအသိ ပညာပေးသိနဲ့ လူထု ယုံကြည်မှုတွေထက် အကြောက်တရားကို စေ့ဆော်ပေါ်လွင်စေပြီး အာဏာပိုင်ကို ဝန်းရံ နာခံဖို့ကိုသာ တောင်းဆိုတာမို့ ရှောင်ရှားသင့်ပါတယ်။ လူသား ပီသ သွေးစည်း ညီညွတ်စိတ်ထက် မျက်ကန်း မျိုးချစ်စိတ်ကို ပိုဇောင်းပေးတာမို့ အန္တရာယ်များတယ်။ ဝိသေသ အားဖြင့်တော့ မြန်မာလို နိုင်ငံမျိုးမှာ ပိုလို့တောင် အားမပေးသင့်ဘူး။ အာဏာရှင်စနစ် နှစ်ပေါင်းများစွာ အမြစ်တွယ်ခဲ့တဲ့ နိုင်ငံမှာ ဒီလို စစ်နဲ့ ခိုင်းနှိုင်းတာကိုက လက်လွန်ခြေလွန် အာဏာ အလွဲသုံးစားလုပ်ဖို့၊ လူ့အခွင့်ရေး ချိုးဖောက်ဖို့ လမ်းဖွင့်ပေးသလိုဖြစ်မယ်။ တပ်မတော်ကြီး၊ ပါတီကြီး၊ လူမျိုးကြီး၊ ခေါင်းဆောင်ကြီးတွေပဲ အမြတ်ထုတ် လက်ဝါးကြီး အုပ်လို့ရသွားစေမယ့် အခွင့်အလမ်းက ပိုများတယ် စသဖြင့် ဝေဖန်မှုတွေ ရှိနိုင်ပါတယ်။

ဒီဆိုးပြစ်တွေဟာ တကယ်လည်း မဖြစ်နိုင်ဘူးဆိုပြီး စိတ်ချထားလို့မရတဲ့ ထောင်ချောက်တွေပါ။ ဒါပေမယ့် စစ်ပွဲ ဥပစာနဲ့ စစ်ပွဲလို စုရုံးပြင်ဆင်တာဟာ ကိုင်တွယ်မှု မှန်ကန်မယ်ဆိုရင် ဒီအချိန်မှာ အပြစ်ထက် အကျိုးက ပိုများနိုင်ချေရှိတယ်လို့ သုံးသပ်တာကြောင့် ဒီအဆိုကို တင်ပြချင်ပါတယ်။

စစ်ပွဲ ဥပစာတင်စားချက်

ပထမဆုံး အနေနဲ့ကတော့ စစ်ပွဲဥပစာကို ပြောလိုက်တာနဲ့ စစ်သံချပ်ကာကားတွေ လမ်းပေါ် ရောက်လာပြီး အသံလွှင့်ဌာနတွေက စစ်သီချင်းတွေ တချိန်လုံးဖွင့် အရပ်ဘက် ခေါင်းဆောင်တွေကို အကုန်ဖယ်ရှား စစ်အာဏာ သိမ်းလိုက်ပြီဆိုတဲ့ မြင်ကွင်းမျိုး တန်းမမြင်ကြဖို့ လိုပါတယ်။ COVID-19 ကို ရင်ဆိုင်ရာမှာ စစ်ပွဲဥပစာကို တရုတ် သမ္မတကစလို့ ဗြိတိသျှဝန်ကြီးချုပ် အလယ် အမေရိကန် သမ္မတအဆုံး နိုင်ငံရေးစနစ် မတူညီတဲ့ တိုင်းပြည်းအသီးသီးက ခေါင်းဆောင်တွေ အသုံးပြုနေကြပါတယ်။ ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုးချုပ်တောင်မှ COVID-19 ဆိုင်ရာ G 20 ထိပ်သီးအစည်းဝေးမှာ ”မိမိတို့ဟာ ဗိုင်းရပ်စ်နဲ့ စစ်ဆင်နွှဲနေတာ ဖြစ်ကြောင်း၊ အနိုင် မရသေးကြောင်း၊ ဒီဗိုင်းရပ်စ်ကို တိုက်ခိုက်ဖို့ ဒီစစ်ပွဲမှာ စစ်အတွင်းကာလ စီမံချက်မျိုး လိုအပ်နေ ကြာင်း” ပြောဆိုခဲ့ပါတယ်။ စစ်ပွဲနဲ့ခိုင်းနှိုင်းတဲ့အတွက် ရန်သူဟာ ဗိုင်းရပ်စ်၊ မဟာဗျူဟာ ရည်မှန်းချက်ဟာ ရောဂါဖြစ်ပွားမှုကို ထိန်းချုပ်ပြီး စီးပွားရေး ပြိုလဲမသွားအောင်  ဆောင်ရွက်ရေး၊ ရှေ့တန်းစစ်မျက်နှာက စစ်သည်တော်ဆိုတာ ကျန်းမာရေးဝန်ထမ်းများ၊ PPE ဝတ်စုံတွေဟာ သူတို့အတွက် ချပ်ဝတ်တန်ဆာ၊ သူတို့လိုတဲ့လက်နက်ကြီးဆိုတာ အသက်ရှုစက် စသဖြင့် မျက်လုံးထဲ ပေါ် အောင် တင်စားကြပါတယ်။ ကျောင်းတွေ ပိတ်၊ ခရီးအသွားအလာတွေ ပိတ်၊ စီးပွားလုပ်ငန်းတွေ ပိတ် စသဖြင့် ပြင်းထန်တဲ့ မူဝါဒတွေ ချမှတ် ကျင့်သုံးရလို့လည်း လူထုတွေရဲ့ တာဝန်သိစိတ်နဲ့ အနစ်နာခံမှုတွေကို နှိုးဆော်ဖို့ စစ်ပွဲတခုလို အရေးပေါ် အခြေအနေ တင်စားချက်ကို ပြောကြတာဖြစ်ပါတယ်။

ဒီလိုစစ်ပွဲနဲ့ ခိုင်းနှိုင်းလို့ ဒီမိုကရေစီစနစ်ကို ပယ်ဖျက်တာ၊ စစ်တပ်လက် ဝကွက် အပ်တာမျိုးကို ဆိုလိုတာ မဟုတ်ပါဘူး။ အခြေခံ ဥပဒေအရ အုပ်ချုပ်တဲ့ နိုင်ငံရေး စနစ်ကိုလည်း ပယ်ဖျက်တာ မဟုတ်ပါဘူး။ စစ်ဆိုတာ ဒီမိုကရေစီ နိုင်ငံတွေလည်း စစ်ပွဲဆင်နွှဲကြတာပါပဲ။ အခြေခံ ဥပဒေနဲ့ အုပ်ချုပ်တဲ့ စနစ်တွေမှာ စစ်ပွဲဆိုင်ရာ အာဏာ (war powers) ဆိုတာ တိုင်းပြည်ရဲ့ မဏ္ဍိုင်တွေအကြား အပြန်အလှန်ထိန်းထေ စောင့်ကြည့် တာဝန်ခံမှုရှိစေဖို့ဆောင်ရွက်ကြရပါတယ်။ COVID-19 အရေးမှာ စစ်ပွဲနဲ့ တင်စားတာဟာ လူမျိုး၊ ဘာသာ၊ နိုင်ငံတခုခုကို ပစ်မှတ်ထားတဲ့ စစ်ပွဲမျိုး မဟုတ်ဘဲ လူသားဘ၀ လုံခြုံရေးအတွက် ကပ်ဘေးနဲ့ စီးချင်းထိုးရတဲ့ စစ်ပွဲမျိုး ဖြစ်ပါတယ်။ သမားရိုးကျအားဖြင့် COVID-19 ထိန်းချုပ်ရေး အောင်မြင်နေတဲ့ နိုင်ငံတွေဟာ ဒီမိုကရေစီစနစ်၊ အာဏာရှင်စနစ် ကျင့်သုံးတယ် မကျင့်သုံးဘူးဆိုတဲ့ အပေါ် သိပ်အခြေမခံပါဘူး။ ကောင်းမွန်တဲ့ အုပ်ချုပ်ရေး (good governance) ဆိုတဲ့ နိုင်ငံတော် စွမ်းဆောင်ရည် (state capacity) ရှိ မရှိဆိုတဲ့ အပေါ်မှာသာ ပိုမူတည်တာ တွေ့ရပါတယ်။ မြန်မာနိုင်ငံမှာတော့ နိုင်ငံတော် စွမ်းဆောင်ရည် တရပ်ဖြစ်တဲ့ ကောင်းမွန်သော အုပ်ချုပ်ရေး အခြေခံနဲ့အတွေ့အကြုံကို ဘယ်လိုရ အောင် အရင်လုပ်မလဲဆိုတာကိုက အဓိက စိန်ခေါ်မှု ဖြစ်နေပါတယ်။ ဒါကြောင့် COVID-19 ကပ်ဘေးကိုစစ်ပွဲလို မြင်သင့် ပြင်ဆင် ရင်ဆိုင်သင့်သလားဆိုတာ မေးခွန်းဖြစ် လာရတာပါ။

မြန်မာနိုင်ငံမှာ ဘာကြောင့် စစ်ပွဲလို ရှုမြင် ပြင်ဆင်ဖို့လိုအပ်သလဲ

မြန်မာဟာ COVID-19 ရောဂါကူးစက်မှု မျဉ်းကွေးနောက်မှာ နောက်ကျနေရစ်တာဟာ – (၁) စစ်ဆေးမှု လုံလောက်အောင် မလုပ်နိုင်လို့ (ဧပြီ ၁၀ ရက်နေ့စာရင်းအရ ၁၅၄၃ ဦးသာ ဆေးစစ်နိုင်သေးတာမို့ ဒါဟာ လူတသန်းမှာ ၂၈ ဦးသာ စစ်နိုင်တယ်ဆိုတဲ့ သဘောပါ။ အိမ်နီးချင်းထိုင်းမှာ ၃၀၆၀၂ စစ်တဲ့အတွက် လူတသန်း မှာ ၄၄၃ ယောက် စစ်တာဖြစ်ပြီး၊ လာအိုမှာ လူတသန်းကို ၁၄၈၊ ကမ္ဘောဒီးယားမှာ လူတသန်းကို ၃၀၄ ယောက် နဲ့ ဗီယက်နမ်မှာ လူတသန်းတိုင်းမှာ ၁၁၇၇ ယောက် ဆေးစစ်နိုင်တာပါ၊ (CSIS Southeast Asia Covid-19 Tracker, April 10, 2020 Update ကိုအခြေခံပြီး နိုင်ငံများ၏ လူဦးရေဖြင့် ပြန်လည် တွက်ချက်သည်) မြန်မာမှာ ရောဂါရှိပေမယ့် လက္ခဏာ မပြသေးသူတွေ ရှိနေပြီး အခုဆိုရင် တဖြည်းဖြည်းနဲ့ သတိပြုလာမိပြီမို့ ဧပြီ ၁၁ ကစလို့ အသွားအလာကန့်သတ် ခြင်းကို Facility Quarantine ၂၁ ရက်နဲ့ အိမ်မှာ သီးခြားနေခြင်း Home Quarantine ၇ရက် ဆောင်ရွက်ဖို့ မြန်မာ အစိုးရ ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်)၊ (၂) ရောဂါ ကူးစက်သူတွေနဲ့ ထိတွေ့ခဲ့သူတွေ၊ သံသယရှိသူ တွေကို ခြေရာကောက် ဖော်ထုတ်နိုင်စွမ်း နည်းသေးလို့ ဆိုတဲ့အချက် နှစ်ချက်ကြောင့် ဖြစ်နိုင်ချေ များပါတယ်။ ပူနွေး ခြောက်သွေ့တဲ့ နွေရာသီဖြစ်လို့ ရောဂါကူးစက်မှု နည်းတာစတဲ့ အနုမာနတွေကတော့ မှန် မမှန် စစ်ဆေးဖို့ အထောက်အထား ပိုလိုနေပါသေးတယ်။ ဒါကြောင့် လျော့တွက် ဖော့တွက်တာထက် စာရင် အခင်းအကျင်းကို အရေးအပေါ် အခြေနေလို ကြိုမြင် ပြင်ဆင်ထားသင့်ပါတယ်။

ကျန်းမာရေး ကျွမ်းကျင်သူတွေရဲ့ သုတေသနအရ COVID-19 က လွတ်မြောက်ဖို့ လက်တလော ထွက်ပေါက်မရှိ  သေးပါဘူး။ လူတော်တော်များများကို ကူးစက်ပြီး လူများစုကြီးက ရောဂါပီးလောက်တဲ့အထိ ကိုယ်ခံအား
ကောင်းလာရင် (Herd Immunity) ပဲ ဖြစ်ဖြစ်၊ ကာကွယ်ဆေးနဲ့ ကုသဆေး မတွေ့မချင်းပဲ ဖြစ်ဖြစ် အခုပုံစံအတိုင်း ဖြတ်သန်းနေရဦးမှာပါ။ လှိုဏ်ခေါင်း အဆုံးမှာ အလင်းရောင် တွေ့မယ် ဆိုပေမယ့် ဒီလှိုဏ်ခေါင်း ဘယ်လောက် ရှည်ဦးမလဲ ဆိုတာက ဖြေရခက်ဆဲ မေးခွန်းတခု ဖြစ်နေတုန်းပါပဲ။ အကောင်းမြင် မြင်ကြည့်ရင်တောင် ကာကွယ်ဆေးက ၁၈ လ လောက်ကြာနိုင်မယ်လို့ ပညာရှင်တွေက ဆိုပါတယ်။ တကယ်လို့ ဆေးမတွေ့
သေးဘူးဆိုရင် လှိုဏ်ခေါင်းအဆုံးမှာ တွေ့မယ့် အလင်းရောင်ဟာ နောက်ထပ်လာနေတဲ့ ရထားတစီးရဲ့ စက်ခေါင်းမီးလည်း ဖြစ်နေနိုင်ပါသေးတယ်။ ဒါကလည်း ဒီဗိုင်းရပ်စ်ဟာ လှိုင်းလို တကြော့ပြန် ပြန်လာနိုင်လို့ပါ။ ဒါကြောင့် အမေရိကန် ကာကွယ်ရေးဝန်ကြီးဟောင်း မက်နာမရား McNamara ရဲ့ စကားကို ဌားပြောရရင် ဒီနေ့ အချိန်မှာ မဟာဗျူဟာလို့ခေါ်နိုင်တာ မရှိတော့ဘူး (ထွက်ပေါက်မှ လက်တလော မရှိသေးတာ) အကျပ်အတည်း စီမံခန့်ခွဲမှု (crisis management) သာရှိတော့ တယ်လို့ဆိုရမှာပါ။

အကျပ်တည်း စီမံခန့်ခွဲမှုမှာ ဘက်စုံထောင့်စုံ ချဉ်းကပ်မှု လိုပါမယ်။ COVID-19 ကူးစက်ရောဂါ ကိစ္စကို ချဉ်းကပ်တဲ့နေရာမှာ ပြည်သူ့ ကျန်းမာရေး မူဝါဒရှုထောင့်တခုတည်းနဲ့ ချဉ်းကပ်လို့မရပါဘူး။ လက်ဆေးတာ၊ မျက်နှာဖုံးနဲ့ ကာကွယ်တာ၊ လူတိုင်းကို မစစ်နိုင်သေးတဲ့အတွက် ရောဂါလက္ခဏာရှိတယ်လို့ သံသယဖြစ်တဲ့ အခါ ဆေးစစ်တာ၊  ဆေးရုံမှာ ကုသမှု ခံယူတာ စတာတွေက ကျန်းမာရေး ပါရာဒိုင်း paradigm ဘောင်ထဲက ဖြစ်ပေမယ့်၊ ရောဂါရှိတဲ့ လူနာနဲ့ ထိစပ်ခဲ့သူတွေကို ခြေရာကောက် ရှာဖွေတာ contact tracing ကစလို့ လူအသိုက်အမြုံတွေကို quarantine သီးသန့်ခွဲထားတာတို့၊ ရပ်ကွက်လိုက် မြို့ ခရိုင်ပြည်နယ် တိုင်းဒေသကြီးအလိုက် ပိတ်ပစ်တာတွေ ဖြစ်လာပြီဆိုရင်တော့ အများက တရား ဥပဒေစိုးမိုးရေး ပါရာဒိုင်းကို အားကိုးပြီး အကြောက်တရားပုံစံတွေ ပြောင်းလဲသွားတတ်ပါတယ်။

အာဏာပိုင်တွေက ဒီသီးသန့်ခွဲထားတာ၊ ပိတ်ပစ်တာတွေကို အဆင့်လိုက် စနစ်ကို ရှင်းရှင်းလင်းလင်း သတင်းစကားနဲ့ လုပ်ငန်းလမ်းညွှန် မပေးနိုင်ဘူးဆိုရင် ကိုယ့်ဓားကိုယ်ထမ်း ကိုယ့်ခြံကိုယ်ခတ် ကိုယ်ထူကိုယ်ထ ပိတ်ဆို့တဲ့ vigilante လက်ရဲဇက်ရဲတွေရဲ့ လက်လွန်ခြေလွန်တွေ ဖြစ်ကုန်တတ်ပါတယ်။ ဒါကြောင့် COVID-19 အရေးကို အားလုံး လွှမ်းခြုံတဲ့ inclusive and comprehensive paradigm ရှုထောင့်အရ သတိချပ် စဉ်းစားအပ်ပါတယ်။ အထူးသဖြင့် လူမှုစီးပွား တရားမျှတမှု economic and social justice ပါရာဒိုင်းကို အထူးဂရုပြု စဉ်းစားအပ်ပါတယ်။ လူအဖွဲ့စည်းဆိုင်ရာ တရားမျှတမှု ရှုထောင့်က ကြည့်တာကို အားပေးခြင်းဖြင့် မြေနိမ့်ရာလှံစိုက်အခြေနေ မျိုးကို ရှောင်ကြဉ်နိုင်မှာပါ။

အာဏာပိုင်တွေက ဒီသီးသန့်ခွဲထားတာ၊ ပိတ်ပစ်တာတွေကို အဆင့်လိုက် စနစ်ကို ရှင်းရှင်းလင်းလင်း သတင်းစကားနဲ့ လုပ်ငန်းလမ်းညွှန် မပေးနိုင်ဘူးဆိုရင် ကိုယ့်ဓားကိုယ်ထမ်း ကိုယ့်ခြံကိုယ်ခတ် ကိုယ်ထူကိုယ်ထ ပိတ်ဆို့တဲ့ vigilante လက်ရဲဇက်ရဲတွေရဲ့ လက်လွန်ခြေလွန်တွေ ဖြစ်ကုန်တတ်ပါတယ်။ ဒါကြောင့် COVID-19 အရေးကို အားလုံး လွှမ်းခြုံတဲ့ inclusive and comprehensive paradigm ရှုထောင့်အရ သတိချပ် စဉ်းစားအပ်ပါတယ်။ အထူးသဖြင့် လူမှုစီးပွား တရားမျှတမှု economic and social justice ပါရာဒိုင်းကို အထူးဂရုပြု စဉ်းစားအပ်ပါတယ်။ လူအဖွဲ့စည်းဆိုင်ရာ တရားမျှတမှု ရှုထောင့်က ကြည့်တာကို အားပေးခြင်းဖြင့် မြေနိမ့်ရာလှံစိုက်အခြေနေ မျိုးကို ရှောင်ကြဉ်နိုင်မှာပါ။ ဆင်းရဲ နွမ်းပါးသူတွေနဲ့ ပဋိပက္ခဒေသတွေက ပြည်သူတွေအတွက် လူမှုဘ၀ လုံခြုံရေးအကာအကွယ် အထောက်အပံတွေ အထူးချို့တဲ့နေတဲ့ အခြေနေအောက်မှာ ကူးစက်လွယ်တဲ့ သတင်းမှားတွေ၊ ပြတ်လတ်တော့မယ် ပိတ်ဆို့တော့ မယ်ဆိုတဲ့ ကောလဟာလတွေကြောင့် အထိတ်တလန့် ဖြစ်ရတာတွေနဲ့ ရင်ဆိုင်နေရတဲ့အခါ ပြည်သူတွေရဲ့ အမြင်မှာ ”ပြည်တော်ပြန်တွေ” ကိုပဲ ဖြစ်ဖြစ်၊ လူမွဲတွေကိုပဲဖြစ်ဖြစ်၊ ဘာသာကိုးကွယ် ဆည်းကပ်မှု ပြုသူတစုစုရဲ့ ကျန်းမာရေး အမြင်မှားယွင်းမှုကြောင့် သက်ဆိုင်ရာ ဘာသာဝင် အားလုံးကို ခြုံပြီးတော့ပဲ ဖြစ်ဖြစ် အန္တရာယ်ကောင်တွေ၊ ပြဿနာ မတတ်အောင် ထိန်းချုပ်ထားရမယ့် လူအုပ်စုတွေ အဖြစ် ရှုမြင် လာတတ်ကြပါတယ်။ ဒီလို မြေနိမ့်ရာ လှံစိုက်ရှုမြင်ပုံမျိုးရှိလာမယ်ဆိုရင် ကူးစက်ရောဂါကပ်ဆိုးကြီး ပြန့်နှံ နိုင်ချေအောက်မှာ အခြေခံအကျဆုံး လူမှုစီးပွား တရားမျှတမှုအတွက် ဘယ်လိုမှ အာမခံချက်ရှိမှာ မဟုတ်တော့ပါဘူး။ ဆင်းရဲနွမ်းပါးသူတွေကို အန္တရာယ်ကောင်တွေ မတည်မငြိမ်ဖြစ်အောင် လုပ်နိုင်တဲ့သူတွေ မင်းမဲ့စရိုက် ပေါက်ဖွားရာ ရေခံမြေခံတွေ အဖြစ် မြေနိမ့်ရာ လှံစိုက်မြင်မယ့် အစား သူတို့ကိုဘယ်လို ကူညီပံပိုးမလဲ။ အဲ့ဒီ အတွက် ငွေကြေးစတဲ့ အရင်းအမြစ်တွေ ဘယ်လိုသုံးမလဲ။ သူတို့ကိုကူညီတာဟာ ကျန်းမာရေး စောင့်ရှောက်မှုနဲ့တည်ငြိမ်ရေး သာမကဘူး လူ့အဖွဲ့စည်းရဲ့ ကရုဏာပြယုဂ်ကိုပါ ထင်ဟပ်စေမယ် ဆိုတာမျိုး ဖြစ်ပါတယ်။ ဒီလိုဘက်စုံ ကျယ်ကျယ်ပြန့်ပြန့်ရှုမြင်နိုင်ပုံကို လူသားဘဝလုံခြုံရေး (human security) အမြင်အဖြစ်နဲ့မြင်နိုင်ပါတယ်။

လက်ရှိ မြန်မာနိုင်ငံက COVID-19 အတွက် ကာမိအောင် သုံးစွဲမယ်လို့ ကြေညာထားတဲ့ စီးပွားရေးလှုံဆော်မှု အတွက် သုံးမယ့်ငွေ stimulus package ဟာ အမေရိကန်ဒေါ်လာ ၇၁ သန်းကျော် လောက်ပဲရှိပါတယ်။ ဒါဟာ မြန်မာနိုင်ငံ GDP ရဲ့ ၁ ရာခိုင်နှုန်းတောင် မရှိပါဘူး (ဝ.၁%)။ အိမ်နီချင်း ထိုင်းနိုင်ငံမှာ ၁၀ ရာခိုင်နှုန်းကျော်၊ မလေးရှားမှာ ၁၅ ဒသမ ၅ ရာခိုင်နှုန်း သုံးစွဲနေတာပါ။ ဒီငွေကို သုံးရာမှာလည်း ဝင်ငွေနည်းတဲ့ ဆင်းရဲနွမ်းပါးတဲ့ မိသားစုတွေကို ဦးတည် အကျိုးများအောင် သုံးတာ တွေ့ရပါတယ်။ မြန်မာအစိုးရက သင်္ကြန်ပိတ်ရက်ကာလ အတွင်း ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံ လူတန်းစားတွေအတွက် ဆန်၊ ဆီ၊ ဆားစတဲ့ ထောက်ပံမှု ၅ မျိုးလုပ်တာ၊ မီတာခကို ယူနစ် ၁၅၀ အထိ ဧပြီလကုန်အထိ အခမဲ့ပေးမယ်ဆိုတဲ့ အစီအမံတွေဟာ ကြိုဆိုရမယ့် ဆောင်ရွက်  ချက်တွေပဲဖြစ်ပါတယ်။ ဒါပေမယ့် ဒါတွေဟာ စလုံးရေ စပဲ ရှိသေးတာ၊ ဆက်လက်ပြီး ဆောင်ရွက်ပုံ မှန်မှန်နဲ့ဆောင်ရွက်ရမှာတွေ အများကြီးရှိပါသေးတယ်။

ဒီလို ရေရှည်လုပ်ဆောင်ဖို့လိုလာချိန်မှာ ထည့်တွက်ရတဲ့ အချက်က နိုင်ငံရဲ့ ဆင်းရဲမှုုဖြစ်ပါတယ်။ ၂၀၀၇ ခုနှစ်မှာ အစိုးရ ထုတ်ပြန်ခဲ့တဲ့ စစ်တမ်းအရ လူလေးယောက်မှာ တယောက်ဟာ တနေ့ဝင်ငွေ ၁၅၀၀ ကျပ်
အောက်ပဲ ရှိပါတယ်။ ချင်းပြည်နယ်လိုနေရာမှာဆိုရာ လူ ၁၀၀ မှာ ၅၈ ယောက်၊ ရခိုင်ပြည်နယ်မှာ ၄၂ ယောက် ဟာ ဒီဆင်းရဲမှု သတ်မှတ်ချက်အောက်မှာပဲ ရှိတယ်။ အကျိုးဆက်အားဖြင့် ကျန်းမာရေး စောင့်ရှောက်မှုအရ ကမ္ဘာအနိမ့်ဆုံး စာရင်းဝင်နိုင်ငံ ဖြစ်နေပါတယ်။ ၂၀၀၆ ခုနှစ်ကစလို့WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့က မြန်မာနိုင်ငံကို ကျန်းမာရေးဝန်ထမ်းမလုံလောက်ခြင်း ပြဿနာ အကြီးအကျယ်ရင်ဆိုင်နေရတဲ့ (အကျပ်အတည်းဆိုက် နိုင်ငံ ၅၇ အနက်) နိုင်ငံတခု အဖြစ် စာရင်းသွင်း ထားပါတယ်။ ဒီတော့ COVID-19 ကို ရင်ဆိုင်ဖို့ အရင်းအမြစ် ချိုငဲ့တယ်။ ဒါကြောင့် ဘက်စုံ ချဉ်းကပ်မှုနဲ့ COVID-19 အကျပ်အတည်းကို ရင်ဆိုင်ရာမှာ စစ်ပွဲနဲ့ စစ်ပွဲ ပြင်ဆင် မှုလို မြင်သင့်တယ်လို့အဆိုပြုချင်ပါတယ်။

ရောဂါကပ်ဘေးကို လုံခြုံရေးရှုထောင့်က ကျယ်ကျယ်ပြန့်ပြန့် မြင်ခြင်းရဲ့အားသာချက်

နိုင်ငံကျော်ဖြတ် ရောဂါကပ်ဘေးတွေကို လုံခြုံရေး ခြိမ်းခြောက်မှုအဖြစ် မြင်တာဟာ အသစ်အဆန်းမဟုတ် ပါဘူး။ ရှေးခေတ် ပလိပ်ရောဂါကပ်ဘေးကို ကြုံရကတည်းက ၁၄ရာစု၊ ၁၅ရာစု ဥရောပမြို့ပြနိုင်ငံတွေဟာ စစ်အင်အားကို သုံးပြီး ရောဂါနှိမ်နှင်းရေးကို ဆောင်ရွက်ခဲ့ကြတဲ့ ဥပမာတွေ အများကြီးရှိပါတယ်။ မျက်မှောက် ကာလမှာတော့ စစ်အေးခေတ်ပြီးလို့ သမားရိုးကျ လုံခြုံရေးအမြင်ကနေ ခွဲထွက်လာတဲ့အခါမှာတော့ ကူးစက် ကပ်ရောဂါဘေးဟာ လူတွေရဲ့ နေ့စဉ်ဘဝကို ရုတ်ချဉ်းအဆက်ပြတ်သွားစေတာကြောင့် လူသားဘဝလုံခြုံရေးနဲ့ တိုက်ရိုက် ဆက်စပ်ဆွေးနွေးလာကြပါတယ်။ ကူးစက် ကပ်ရောဂါဘေးဟာ အခြား လူသားဘဝ လုံခြုံရေး
ပြဿနာတွေဖြစ်တဲ့ လူဝင်မှု immigration နဲ့ သယံဇာတရှားပါးတဲ့ ပြဿနာတွေနဲ့တောင် မတူဘဲ ချက်ချင်း ဖျက်ဆီးနိုင်စွမ်း အများကြီး ပိုများတယ်လို သုတေသီတွေက ထောက်ပြကြပါတယ်။ ကူးစက် ရောဂါဘေးဆိုတဲ့ လူသားဘဝ လုံခြုံရေး ပြဿနာကို သမားရိုးကျ အမျိုးသား လုံခြုံရေးအဖြစ်ပါ ရှုမြင်နိုင်တာက ကပ်ရောဂါဘေးတွေရဲ့ ထူးခြားတဲ့ ခြိမ်းခြောက်မှုပဲဖြစ်ပါတယ်။ Jared Diamond ပြောသလိုပဲ အတိတ်က စစ်ပွဲတွေမှာ အောင်ပွဲခံခဲ့ ကြတဲ့ စစ်တပ်တွေဟာ အတော်ဆုံး ဗိုလ်ချုပ်တွေနဲ့ လက်နက်ကောင်းတွေ ရှိကြလို့ဆိုတာ အမြဲမဟုတ်ပါဘူး၊ ရန်သူစစ်တပ်ကို ကူးစက်တဲ့ အကြမ်းတမ်းဆုံး ပိုးမွှားဒဏ်ကို ခံနိုင်ရည်ရှိတဲ့ စစ်တပ်ဘက်က မကြာခဏဆိုသလို အနိုင်ရတတ်ကြပါတယ်။ ၁၆ ရာစုက စပိန်တွေ အမေရိကတိုက်ကို နယ်ပယ် ချဲ့ထွင်ရာမှာ ကျောက်ရောဂါ ကူးစက်ဘေးကြောင့်သာ အဓိက အောင်နိုင်ခဲ့တာလို့ သမိုင်းပညာရှင်တွေက အတည်ပြုရသလို အလားတူ ကမ္ဘာ့သမိုင်း ဖြစ်ရပ်တွေ အများအပြားရှိပါတယ်။ မြန်မာ့သမိုင်းမှာလည်း ၁၃ ရာစု မွန်ဂို ကျူးကျော်မှုက စလို့၁၈ ရာစု တရုတ်-မြန်မာစစ်ပွဲတွေအထိ တရုတ်စစ်သည်တွေ အကျအဆုံးများပြီး နောက်လန် ဆုတ်ရတာ၊ စေ့စပ် စစ်ပြေငြိမ်းရတာတွေရဲ့ အဓိကလက်သည် တခုကတော့ မြန်မာ့ အပူပိုင်းရာသီ၊ ဥတုနဲ့ ဆက်စပ်တဲ့ ဌက်ဖျားလို၊ ဝမ်းရောဂါလို ရောဂါတွေဒဏ်ကို မခံနိုင်ကြလို့ပါပဲ။ မွန်-မြန်မာ နှစ် ၄၀ စစ်ပွဲတွေကစလို့ ကျန်ပဒေသရာဇ် စစ်ပွဲတွေမှာလည်း ကျောက်ကြီးရောဂါ၊ ကာလဝမ်းရောဂါစတဲ့ ကူးစက်ရောဂါတွေကြောင့် သူရဲကောင်းတွေ သေဆုံးရတာကစလို့ စစ်တိုက်ရည် ခိုက်ရည်ပေါ် ထိခိုက်တဲ့ ဖြစ်ရပ်တွေကိုတွေ့နိုင်ပါတယ်။ ကူးစက်ရောဂါဘေးဟာ တိုင်းပြည်တွေရဲ့ စစ်ရေးအရ အဆင်သင့်ဖြစ်မှုကို သာမက စားနပ်ရိက္ခာ ထုတ်လုပ်မှုလို အခြေခံကစပြီး စီးပွားရေးစနစ်တခုလုံးကို ချိနဲ့ပြတ်တောက်စေတာ၊ လူမှုမငြိမ်မသက်မှုနဲ့ ရာဇဝတ်မှုတွေ မထိန်းနိုင် မသိမ်းနိုင် ဖြစ်စေတာ၊ နိုင်ငံရေးပုန်ကန်မှုနဲ့ နိုင်ငံရေး အင်စတီကျူးရှင်း ဖရိုဖရဲဖြစ်မှုတွေကို ဖြစ်စေတာကြောင့် နိုင်ငံတော်ရဲ့ စွမ်းဆောင်ရည်ကို အကြီးအကျယ် ထိခိုက်ပါတယ်။ နိုင်ငံ အချင်းချင်းအကြား ကပ်ဘေးကို ခံနိုင်မှုပေါ် မူတည်ပြီး အင်အားအာဏာ ချိန်ခွင်လျှာ ဟန်ချက်ပျက်သွားတာ၊ ကမ္ဘာ့ဦးဆောင်မှုမှာ ဘယ်သူ ထိပ်ရောက်လာမယ်ဆိုတဲ့ မဟာဗျူဟာ အခင်းအကျင်း ပြောင်းသွားတာအထိ ဒေသတွင်းနဲ့ နိုင်ငံတကာဆက်ဆံရေးကို ထိခိုက်စေပါတယ်။

ဒါကြောင့် ကူးစက် ရောဂါကပ်ဘေးဟာ လူသားဘဝ လုံခြုံရေးကို ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်ထောက်ခံသူရော၊ အချုပ်အချာအာဏာနဲ့ နယ်မြေတည်တံရေး စတာတွေကို အဓိက ဇောင်းပေးတဲ့ သမားရိုးကျ အမျိုးသား လုံခြုံရေး အမြင်ကိုသာ ဆုပ်ကိုင်ထားသူတွေ အတွက်ပါ ဦးထိပ်မီးလောင်၊ ရင်ဝလှံစုူး အရေးပေါ် တုန့်ပြန်မှရမယ်ဆိုတဲ့ သဘောတူ ဆုံချက်ကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒီအခြေနေဟာ မြန်မာ့ အရပ်ဘက်-စစ်ဘက်ဆက်ဆံရေး အတွက် အထူး လျော်ကန်နိုင်ပါတယ်။ အရပ်ဘက်အနေနဲ့ဒီ COVID-19 ရောဂါကပ်ဘေး စိန်ခေါ်မှုကို လူသား ဘဝလုံခြုံရေးဆိုတဲ့ ဦးတည်ချက်အတွက် စီမံခန့်ခွဲနိုင်ဖို့ အကောင်းဆုံး အခွင့်အလမ်းဖြစ်သလို တပ်မတော် အတွက်လည်း စွမ်းရည် ထိရောက်မှု (effectiveness) နဲ့အရင်းအမြစ်နည်းနည်းပဲ သုံးပြီး အကျိုးရလဒ် ကောင်းကောင်း ထွက်အောင် အချိန်တိုတွင်း ဆောင်ရွက်နိုင်မှု (efficiency) တွေကို ပြသဖို့၊ မြှင့်တင်နိုင်ဖို့ စိန်ခေါ်မှုဖြစ်မှာပါပဲ။ ဒါကြောင့် COVID-19 ကပ်ဘေးနဲ့ စီးချင်းထိုးရာမှာ စစ်ပွဲ တိုက်သလို၊ စစ်ပွဲ ပြင်သလို ပြင်ဆင် တာက အရပ်ဘက်ရော၊ စစ်ဘက်ရောမှာ ကိုယ်စီရှိပြီးသား ထုတ်မပြရသေးတဲ့ အားပုန်း၊ အရည်အသွေးပုန်းတွေ ကိုထုတ်ဖော် အသုံးချတာ ဖြစ်နိုင်သလို၊ မရှိသေးတဲ့ အရည်အသွေးတွေကို မုဆိုးစိုင်သင် လေ့ကျင့်တည်ဆောက် ယူဖို့အတွက် အခွင့်အလမ်းတွေ ပွင့်လာမှုလည်း ဖြစ်လာနိုင်ပါတယ်။

လုံခြုံရေးအရ ရှုမြင်တဲ့အတွက် ဘယ်လိုအကျိုးရှိမလဲ

မြန်မာနိုင်ငံဟာ ချည့်နဲ့ပြိုကွဲလွယ်တဲ့ နိုင်ငံဖြစ်တယ်၊ နိုင်ငံတော် တည်ဆောက်ရေးနဲ့ အားလုံး အကြုံးဝင်လက်ခံတဲ့ ပြည်ထောင်စု လက္ခဏာ တည်ဆောက်ရေးတွေ တင်းပြည့်ကျပ်ပြည့် မအောင်မြင်သေးတဲ့ နိုင်ငံ (incomplete nation-building) ဖြစ်တယ် စသဖြင့် သုတေသီတွေက ထောက်ပြ နေကြတာ ရှိပါတယ်။ နိုင်ငံရေး သိပ္ပံညာရှင် Charles Tilly ရဲ့ ရေးသားချက်ကို ဆီလျော်အောင် ပြောရရင် စစ်ပွဲနဲ့ စစ်ပွဲအတွက် ပြင်ဆင်ခြင်းဟာ နိုင်ငံတော် တည်ဆောက်ရေးကို ဖြစ်ထွန်းစေ (war makes states) ပါတယ်။ ဒီလိုဖြစ်စေတဲ့ ကြောင်းကျိုး ကွင်းဆက်တွေ ကို လေ့လာရင် စစ်နဲ့စစ်ပွဲအတွက် ပြင်ဆင်တဲ့အခါ အုပ်စိုးသူတွေဟာ တိုင်းပြည်ရဲ့ငွေကြေးအရင်းအမြစ်စတာ တွေ ကို ထုတ်ယူစုစည်းရတယ်၊ နည်းပညာကို မသုံးမနေ အသုံးပြုဖို့ လိုအပ်လာတယ်၊ အုပ်ချုပ်ရေး ယန္တရားကို ပိုင်ပိုင်နိုင်နိုင် ချုပ်ကိုင်ပြီး ချဲ့ထွင် ဖွံဖြိုးစေရတယ်၊ လူအဖွဲ့စည်းဝင် လူထုတွေရဲ့ထောက်ခံပူးပေါင်းဆောင်ရွက်မှုတွေကို ဖော်ထုတ်နိုင်ဖို့ စတာတွေ လိုအပ်ပါတယ်။ စစ်ပွဲနိုင်ဖို့ ဒီလိုအပ်ချက်တွေကို အကောင်အထည်  ဖော်ရတဲ့အခါ ဒီလုပ်ဆောင်ချက်တွေကြောင့် ခေတ်သစ်နိုင်ငံတော်ရဲ့ဥပဓိဟာ ပေါ်လွင်လာတယ်လို့ဆိုလို တာပါ။

ဒီကွင်းဆက် စဉ်းစားချက်ဟာ နိုင်ငံအချင်းချင်း ဖြစ်တဲ့စစ်၊ ပြည်ပ ကျူးကျော်စစ်တွေမှာသာ အကောင်အထည် ပေါပြီး တတိယကမ္ဘာရဲ့ အိမ်ကြက်ချင် းခွပ်တဲ့ ပြည်တွင်းစစ်တွေမှာ စစ်ပွဲဟာ နိုင်ငံတော် တည်ဆောက်ရေး အတွက် အထောက်အကူ မဖြစ်ဘူးလို့ Tilly ကို ထောက်ပြကြသူတွေလည်း ရှိပါတယ်။ ဒီထောက်ပြချက်ဟာ မှန်ကန်ကြောင်း နှစ် ၇၀ ကျော်ကြာပြီ ဖြစ်တဲ့ မြန်မာ့ပြည်တွင်းစစ်နဲ့ နိုင်ငံတော် တည်ဆောက်ရေး မအောင်မြင်မှု က သက်သေပြသလို ရှိပါတယ်။ ဒီတော့ COVID-19 ကပ်ဘေးကို ဘုံရန်သူ ကျုးကျော်စစ်အဖြစ် သဘောထားပြီး စစ်ပွဲ ဦးတည်ချက်ပြောင်း၊ ပဋိပက္ခ မျက်နှာစာ စစ်မြှားလမ်းကြောင်း ပြောင်းနိုင်မယ်ဆိုရင် ဒီကပ်ဘေးကို အကြောင်းပြုပြီး စစ်ပွဲနဲ့ စစ်ပြင်ဆင်ခြင်းရဲ့ ကွင်းဆက် လိုအပ်ချက်အဖြစ် ဆောင်ရွက်ရမှာတွေ ဖြစ်တဲ့ အရင်းအမြစ် ထုတ်ယူခွဲခြမ်းတာ (resource mobilization and allocation)၊ နည်းပညာ အသုံးပြုတာ၊ အုပ်ချုပ်ရေးယန္တရားကို ပေါင်းစပ်ညှိနှိုင်းမှု ရှိရှိ ချဲ့ထွင်ဖွံဖြိုးစေတာနဲ့ လူထုကို ပူးပေါင်းပါဝင်မှု ပိုအားကောင်း လာအောင် ပညာပေးလှုံဆော်တာတွေ လုပ် နိုင်မှာပါ။ ဒါဆို COVID-19 ကပ်ဘေးကို စစ်ပွဲနဲ့ စစ်ပြင်ဆင်သလို ရင်ဆိုင်ခြင်းအားဖြင့် နိုင်ငံတော် အသွင် ပြောင်းလဲတည်ဆောက်ရေး (state transformation) ကို ရှေးရှု စေနိုင်ပါတယ်။ ဒီလို နိုင်ငံတော် ဝိဂြိုဟ်ပြန်ပြုရာမှာ ပြည်တွင်းစစ် ပဋိပက္ခတွေကြောင့် ဒုက္ခသုက္ခမျိုးစုံ ကြုံနေရတဲ့ တိုင်းရင်းသား ပြည်သူတွေရဲ့ဘဝ၊ ကိုးကွယ်ရာ မတူညီတဲ့ လူအသိုက်အမြုံအသီးသီးရဲ့ဘဝတွေကိုလည်း သန်းခေါင်ထက်ညမနက်ဘူး၊ သူ့ထိုက်နဲ့သူ့ကံပဲ၊ သခွပ်ပင်က မီးတကျီကျီဆိုတဲ့ ရှုမြင်ချက်မျိုးတွေနဲ့ ဖြန့်ဝေပြောဆိုတာ၊ ပစ်ပယ် လျစ်လျူရှုတာမျိုး မလုပ်ဘဲ ဒီစိန်ခေါ်မှုကြားထဲက အသစ် ပြန်ပေါ်ထွန်းလာမယ့် နိုင်ငံတော်ကို မျှော်မြင်ရာမှာ တိုင်းရင်းသားတွေ အားလုံး တန်းတူရေမြင့်မှ ကြာတင့်ဖြစ်ရမယ့် တန်ဖိုးအုတ်မြစ်မျိုး၊ မူဝါဒစနစ်မျိုး နဲ့ပဲ သွားကြရမယ်ဆိုတာကို အရပ်ဘက်ခေါင်းဆောင်တွေက လမ်းကြောင်း ချမှတ်ပေးရမှာပဲ ဖြစ်ပါတယ်။

ဘာတွေထူးထူးခြားခြားလုပ်ဖို့လိုမှာလဲ

တရုတ် အစိုးရက COVID-19 ကို ကိုင်တွယ်ပုံကို သွားရောက်လေ့လာခဲ့တဲ့ WHO အဖွဲ့ခေါင်းဆောင်  ဒေါက်တာ Bruce Aylward က တရုတ်နိုင်ငံဟာ COVID-19 ကပ်ဘေးကို ရင်ဆိုင်ရာမှာ စစ်ပွဲတိုက်ဖို့ စည်းရုံး
ပြင်ဆင်သလို ပြင်ဆင်ခဲ့ကြတယ်လို့ ဆိုပါတယ်။ သူပြောတဲ့အထဲမှာ အစိုးရက လူတွေကို တာဝန် ပြန်ပြောင်းချ  ပေးခဲ့တာက သတိပြုစရာပါ။ ရောဂါကူးခံရတယ်လို့ သံသယရှိသူကို ရှာဖွေဖော်ထုတ်ရတဲ့ တာဝန်ကို အစားအသောက် ပို့တဲ့သူက ယူရတာမျိုး၊ ဆေးရုံမှာ ကူးစက်ရောဂါ မပြန့်ပွားအောင် အဝတ်အစား ဝတ်ဆင်ပုံတွေကို ဟိုတယ်ဧည့်ကြို အမျိုးသမီးလေးက ပြပေးတဲ့ တာဝန်ယူရတာမျိုး စတာတွေဖြစ်ပါတယ်။ ဒီတာဝန်တွေ အတွက်လည်း သူတို့ လေ့လာသင်ယူရတယ်လို့ ဆိုပါတယ်။ ကမ္ဘာတလွှားက COVID-19 တိုက်ဖျက်ရေးက ယူရမယ့် သင်ခန်းစာ ၉ ခုဆိုတဲ့ နယူးယောက်တိုင်းသတင်းစာ ဆောင်းပါးမှာ “စစ်ပွဲအချိန်လို လူထုကို စည်းရုံး ပြင်ဆင်ပေးခြင်းဟာ ကျန်းမာရေးစောင့်ရှောက်မှု စနစ်ကိုဆက်လက် လည်ပတ်စေနိုင်မယ်” ဆိုတဲ့အချက်ကို သင်ခန်းစာအမှတ် ၅ အဖြစ်သတ်မှတ်ပြီး တရုတ်၊ တောင်ကိုရီးယားနဲ့ ထိုင်ဝမ်တို့ကို ဥပမာအဖြစ် ဖော်ပြထားပါတယ်။ ထိုင်ဝမ်မှာဆိုရင် ဆေးစစ်တာကို တာဝန်ယူရတဲ့ အစိုးရ အေဂျင်စီဟာ၊ ပုဂ္ဂလိကကဏ္ဍက ဆရာဝန်အရေအတွက် အများအပြားနဲ့ ဓာတ်ခွဲခန်းတွေ အမြောက်အများကို စစ်အတွင်း တပ်သားနဲ့ ပစ္စည်း စုဆောင်း သလို စာရင်းသွင်း စုဆောင်းပြီး တာဝန်ကို ထမ်းစေခဲ့ပါတယ်။ တောင်ကိုရီးယားမှာ ဆိုရင်လည်း အစိုးရနဲ့ ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်တဲ့ PPP ကို အစိုးရက ပဲ့ကိုင်နေရာက ဝင်ယူခဲ့ပါတယ်။ တခါ ပုဂ္ဂလိက ကဏ္ဍရဲ့ စွမ်းရည်ကို ထုတ်ယူ အသုံးချပြီး ဆေးစစ်တာကနေ ကုသပေးတာ အလယ် ပိုးသတ်ဆေး ဖြန်းတာအဆုံး လုပ်ကိုင် ဆောင်ရွက်စေပါတယ်။ ဒါ့အပြင် ဆေးကုမ္ပဏီတွေကို စစ်ဆေးဖို့ ကိရိယာ test kits တွေကို မြန်မြန် ဆန်ဆန်ထုတ်လုပ်စေခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စုမှာလည်း ကာကွယ်ရေးဆိုင်ရာ ထုတ်လုပ်မှု ဥပဒေ Defense Production Act ကို အသုံးပြုပြီး GE ကားကုမ္ဗဏီကို တလ အသက်ရှုစက်အလုံး တသောင်းအထိ ထုတ်လုပ်ဖို့ အစိုးရက ညွှန်ကြား ခဲ့တာပါ။ ဒီဥပဒေအရ ပုဂ္ဂလိက ကဏ္ဍကို ငွေချေးပြီး စွမ်းအားမြင့်လာအောင် ကူညီတာ၊ ပုဂ္ဂလိကကဏ္ဍရဲ့ ထုတ်ကုန်တွေ ဖြန့်ဖြူးမှုကို အစိုးရက ထိန်းချုပ်တာနဲ့ အစိုးရမှာတဲ့ ပစ္စည်း အော်ဒါတွေကို ကျန်ဖောက်သည်
တွေထက် ပိုဦးစားပေးထုတ်လုပ်ပေးဖို့ ညွှန်ကြားနိုင်တာ စတဲ့ လုပ်ပိုင်ခွင့်တွေ ရှိပါတယ်။ မြန်မာနိုင်ငံမှာ COVID-19 ကို ရင်ဆိုင်ဖို့ စစ်ပွဲလို၊ စစ်ပြင်ဆင်သလို ဆင်နွှဲမယ်ဆိုရင် ဒီလိုဥပဒေမျိုးတွေ စဉ်းစားသင့်ပြီး တပ်မတော်ရဲ့ ဦးပိုင်၊ MEC အောက်က ထုတ်လုပ်မှုတွေသာမက ပုဂ္ဂလိကကဏ္ဍက ထုတ်လုပ်မှုတွေကိုပါ အခြေနေ လိုအပ်ချက်နဲ့ ထုတ်လုပ်ဖြန့်ဖြူးဖို့ စီမံနိုင်ပါတယ်။ နိုင်ငံတချို့မှာဆိုရင် war room လို့ခေါ်တဲ့ အစိုးရဝန်ကြီးအဖွဲ့ရဲ့ စစ်ဆင်ရေး အခန်းတွေတောင် ဖွဲ့စည်းပြီး ဒီ COVID-19 ကပ်ကို ဘက်စုံပေါင်းစပ်ညှိနှိုင်းရင်ဆိုင်နေကြတာ လည်းရှိပါတယ်။

ကပ်ဘေးနဲ့ စီးချင်းထိုးတာကို၊ စစ်ပွဲအ‌ဖြစ် ရှုမြင် ပြင်ဆင်ခြင်းကိုတော့ လူထုထောက်ခံမှုနဲ့ အာဏာရယူထားတဲ့ NLD အစိုးရကပဲ ဦးဆောင်ရမှာပါ။ တပ်မတော်နဲ့ ညှိနှိုင်းတာ၊ တိုင်းရင်းသား အင်အားစု အသီးသီးပါ ပါဝင်လာ နိုင်အောင် တတိုင်းပြည်လုံး အပစ်ရပ်စဲတာမျိုး ကြေညာတာ လုပ်သင့်သလို၊ အခြေခံ လူတန်းစားတွေနဲ့ စီးပွားရေးလုပ်ငန်းတွေ အတွက် အထောက်အပံ့ စီမံကိန်းတွေကို တိုင်းပြည် GDP ရဲ့ ၁၀ ရာခိုင်နှုန်း ၇ဘီလျံဒေါ်လာကျော်လောက်သုံးဖို့ အထိကို စဉ်းစားသင့်ပါတယ်။ ဒါ့အပြင် ဘာသာရေး အဖွဲ့စည်းတွေ၊ ရပ်ရွာအခြေပြု အဖွဲ့စည်းတွေနဲ့ ကျွမ်းကျင်မှု အသီးသီးရှိတဲ့ အရပ်ဘက် အဖွဲ့စည်းတွေ၊ နိုင်ငံရေးပါတီတွေ နဲ့မီဒီယာတွေရဲ့ အင်အားကို ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်နိုင်ပါတယ်။ ဒီအချိန်မှာ ဘက်ဖွဲ့ အပြစ်ဖို့ ရန်ငြိုး ဆက်တာ၊ နိုင်ငံရေး မားကတ်တင်းလုပ်တာစတဲ့ တဘက်သတ် partisanship ဖြစ်မှုတွေကို ယာယီခွာထားကြပါမှ ဖြစ်မှာပါ။

တကယ်တော့ ဒီလိုအချိန်မှာ အသက် ၁၈နှစ်က ၂၅ နှစ်အတွင်း (ဝါ) ၃၀ အောက် လူငယ်တွေကို စစ်သား စုဆောင်းသလို စည်းရုံးပြီး လူသားဘဝ လုံခြုံရေးဆိုင်ရာ အရပ်ဘက် လိုအပ်ချက်တွေအတွက် မြန်မြန် ဆန်ဆန် ထိထိရောက်ရောက် သင်တန်းတွေ (ဥပမာ သူနာပြုအကူ၊ အရေးပေါ် လူနာတင်ယဉ် မောင်းတာကစလို့ ကျန်းမာရေးအကူ သင်တန်းတွေ၊ အစားသောက် ချက်ပြုတ်ရေး ဖြန့်ချိရေး သင်တန်းတွေ၊ ယာယီ ဆေးရုံတွေ
ဆောက်လုပ်နိုင်ဖို့ အင်ဂျင်နီယာ အခြေခံ ဆောက်လုပ်ရေး သင်တန်းတွေ) ပေးသင့်ပါတယ်၊ ဒီကျွမ်းကျင်မှုတွေ ရှိထားပြီးသား လူငယ်တွေအနေနဲ့လည်း သူများကို ပြန်မျှဝေရင်း ရောဂါကူးစက်မှု မရှိအောင် ကျွမ်းကျင်မှုကို ဘယ်လို အသုံးချရမလဲ ဆိုတာလည်း ထပ်လေ့လာနိုင်ပါတယ်။ ဒီအသက်အပိုင်းအခြားအရွယ်ဟာ COVID-19 ကူးစက်နိုင်ချေ နည်းပြီး၊ ရောဂါကြောင့် သေဆုံးမှုနည်းတဲ့ အရွယ်လည်းဖြစ်ပါတယ်။ ကျောင်းတွေ လုပ်ငန်းခွင်
တွေ ပိတ်ထားချိန်မို့ သူတို့ရဲ့ထက်သန်တဲ့ အားအင်တွေကို အိမ်မှာနေ ဆိုပြီးပိတ်ဆို့ထားမယ့်အစား ကောင်းတဲ့ ဦးတည်ချက်အတွက် လမ်းဖွင့်ပေးနိုင်မယ်။ သူတို့ကို ထိုက်သင့်တဲ့ ဝင်ငွေနဲ့ အကျိုးခံစားခွင့် တစုံတရာလည်း ဖန်တီးပေးနိုင်မှာပါ။ National Service Draft ကို လိုအပ်ချက်အရ အရွယ်အရ စစ်မှုထမ်းဖို့ ရွေးချယ်ခြင်း အဖြစ် သတ်မှတ်ပြီး လူသားဘဝ လုံခြုံရေး ဦးတည်ချက်အတွက် တိုင်းပြည်တာဝန် ယူစေသင့်ပါတယ်။ ဒီလို အမြင်မျိုးတွေနဲ့ ဆောင်ရွက်ခြင်းတွေက ပြည်သူလူထုကြီးနဲ့ မျိုးဆက်သစ် လူငယ်တွေရဲ့ စိတ်မှာ လက်တွေ့ အလုပ်အရ အနစ်နာခံတယ်၊ ပေးဆပ်တယ်ဆိုတဲ့ အလေ့အထကောင်းနဲ့ စိတ်ဓာတ် mindset ကောင်းကို
မွေးမြူနိုင်စေမှာ ဖြစ်ပါတယ်။ ဒီ COVID-19 ကပ်ကြီးကို ကျော်ရင်တောင် ကမ္ဘာမှာ ဂလိုဘယ် လိုက်ဇေးရှင်း အရှိန်အဟုန် အကြီးအကျယ် နှေးကွေးပြီး ကြိုက်သည် ဖြစ်စေ မကြိုက်သည် ဖြစ်စေ ကိုယ်ထူကိုယ်ထ လမ်းစဉ်၊ အမျိုးသားရေး ဦးစားပေးအတွေးအခေါ်တွေ ပိုအားကောင်းလာမယ်လို့ ပညာရှင်တွေက သုံးသပ်နေကြတာပါ။ ဒီအခြေနေကို ရင်ဆိုင်ဖို့အတွက် ပြည်ထောင်စုသား အားလုံးကို လွှမ်းခြုံတဲ့ တိုင်းချစ် ပြည်ချစ်စိတ်နဲ့ အမျိုးသားရေးစိတ် (inclusive nationalism) အခုကတည်းက ရေခံမြေခံကောင်းနေမှ ဖြစ်မယ်လို့ယူဆရပါတယ်။ နယ်ပယ်အသီးသီးမှာ ဘာတွေ လုပ်နိုင်မယ်ဆိုတာ ရှုထောင့်ပေါင်းစုံ အသေးစိတ် လေ့လာ ဖော်ထုတ်သင့်ပါသေး တယ်။

နိဂုံး

COVID-19 ကပ်ဘေးကို ရင်ဆိုင်ဖို့ စစ်ပွဲနဲ့ စစ်ပွဲပြင်ဆင်ခြင်းကို ဥပစာ တင်စားပြီး သုံးစွဲတာဟာ (အထူးသဖြင့် မှန်းချက်နဲ့ နှမ်းထွက်မကိုက်ခဲ့ရင်) ဆိုးကျိုးတွေ အများကြီးလည်း ဖြစ်စေနိုင်တယ်ဆိုတာ သတိပြုမိတဲ့အတွက်
ဆောင်းပါး အစမှာကတည်းက ဒီအယူအဆကို ဖော်ထုတ်ရတာ သိမ်မွေ့ပြီး အတိမ်းစောင်းမခံဘူးလို့ စကားခံခဲ့ပါတယ်။ ဒါပေမယ့် စစ်ဥပစာနဲ့ အနှစ်သာရအရ စစ်ပွဲလို စုရုံးပြင်ဆင်တာဟာ ကိုင်တွယ်မှု မှန်ကန်မယ်ဆိုရင် ဒီအချိန်မှာ အပြစ်ထက် အကျိုးက ပိုများနိုင်ချေရှိတယ်လို့ သုံးသပ်လို့ ဒီလိုအဆိုပြုတာပါ။ COVID-19 ကပ်ဘေး ရဲ့ ခြိမ်းခြောက်မှုအဆင့်ဟာ မြန်မာလို နိုင်ငံအတွက် သေရေး ရှင်ရေး survival အဆင့်ဖြစ်ပါတယ်။ အချိန်ဆွဲမရဘဲ ချက်ချင်း ထိရောက်အောင် ဖြေရှင်းရမယ့် အရေးဖြစ်ပါတယ်။ ကပ်ဘေးရဲ့ လူသားဘဝလုံခြုံရေးအတွက် ပျက်ပြားစေမှုကို အမျိုးသား လုံခြုံရေးသမားတွေပါ လက်ခံနိုင်တာမို့ ဒါကို ဆုံချက်ဖော်ထုတ်ရေးနဲ့ ပဋိပက္ခ ဖြေရှင်းကို ဆက်စပ်ပြီး ပြည်ထောင်စု လက္ခဏာသစ် တည်ဆောက်ရေးအထိ ဦးတည်ပေးနိုင်ရင် ဒီကပ်ဘေးပေါ် အကြောင်းပြုပြီး အမျိုးသား ပြန်လည်သင့်မြတ်ရေးအရှိန်ကို စတည်နိုင်ပါလိမ့်မယ်။

ဒီကပ်ဘေးနဲ့ စီးချင်းထိုးတာကို၊ စစ်ပွဲအ‌ဖြစ် ရှုမြင် ပြင်ဆင်ခြင်းကိုတော့ လူထုထောက်ခံမှုနဲ့ အာဏာရယူထားတဲ့ NLD အစိုးရကပဲ ဦးဆောင်ရမှာပါ။ တပ်မတော်နဲ့ ညှိနှိုင်းတာ၊ တိုင်းရင်းသား အင်အားစု အသီးသီးပါ ပါဝင်လာ နိုင်အောင် တတိုင်းပြည်လုံး အပစ်ရပ်စဲတာမျိုး ကြေညာတာ လုပ်သင့်သလို၊ အခြေခံ လူတန်းစားတွေနဲ့ စီးပွားရေးလုပ်ငန်းတွေ အတွက် အထောက်အပံ့ စီမံကိန်းတွေကို တိုင်းပြည် GDP ရဲ့ ၁၀ ရာခိုင်နှုန်း ၇ဘီလျံဒေါ်လာကျော်လောက်သုံးဖို့ အထိကို စဉ်းစားသင့်ပါတယ်။ ဒါ့အပြင် ဘာသာရေး အဖွဲ့စည်းတွေ၊ ရပ်ရွာအခြေပြု အဖွဲ့စည်းတွေနဲ့ ကျွမ်းကျင်မှု အသီးသီးရှိတဲ့ အရပ်ဘက် အဖွဲ့စည်းတွေ၊ နိုင်ငံရေးပါတီတွေ နဲ့မီဒီယာတွေရဲ့ အင်အားကို ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်နိုင်ပါတယ်။ ဒီအချိန်မှာ ဘက်ဖွဲ့ အပြစ်ဖို့ ရန်ငြိုး ဆက်တာ၊ နိုင်ငံရေး မားကတ်တင်းလုပ်တာစတဲ့ တဘက်သတ် partisanship ဖြစ်မှုတွေကို ယာယီခွာထားကြပါမှ ဖြစ်မှာပါ။ ဒါဟာ ဝေဖန်ဆန်းစစ်တာကို ပစ်ပယ်ဖို့ နှုတ်ပိတ် ရေငုံ ဆင်ဆာဖြတ်တာကို လက်ခံဖို့ မဟုတ်ပါဘူး။ ဆောင်းပါးတလျောက်လုံး ဆွေးနွေးခဲ့သလို ကပ်ဘေးနဲ့ စီးချင်းထိုးတဲ့အခါ စစ်ပွဲနဲ့ စစ်ပြင်သလို ရှုမြင် ပြင်ဆင်ဖို့အတွက် ကွင်းဆက်လိုအပ်ချက်အဖြစ် အရင်းအမြစ် စုစည်းထုတ်ယူ ခွဲခြမ်းတာ၊ နည်းပညာအသုံးပြု တာ၊ အုပ်ချုပ်ရေးယန္တရားကို ပေါင်းစပ်ညှိနှိုင်းမှုရှိရှိ ချဲ့ထွင်ဖွံဖြိုးစေတာနဲ့ လူထုပူးပေါင်းပါဝင်မှု ပိုအားကောင်း လာအောင် ဆောင်ရွက်တာတွေလုပ်နိုင်ဖို့ဆိုရင် သတင်း အချက်လက် စီးဆင်းမှု ပွင့်လင်းမြင်သာ ရှိခြင်း၊ ဒါနဲ့တိုက်ရိုက်ဆက်စပ်နေတဲ့ လူထုယုံကြည်မှု ရရှိခြင်းတွေဟာ အုတ်မြစ်သဖွယ် အရေးကြီးလှပါတယ်။

လက်တွေ့နိုင်ငံရေးစိန်ခေါ်မှု တခုအနေနဲ့ သတိချပ်သင့်တာက အရပ်ဘက် အစိုးရက ကပ်ဘေးနဲ့ စီးချင်းထိုးဖို့ စစ်ပွဲဆင်သလို ကြိုတင်မျှော်မြင် ဘက်စုံ ပြင်ဆင်တာမျိုး မလုပ်ခဲ့ရင် အခြေအနေ ဆိုးလာတာနဲ့အမျှ ညမထွက်ရ စတဲ့ လုံခြုံရေး အစီအမံတွေကို လိုအပ်လာတဲ့အခါ သဲကမ်းပါး ပြိုသလို အရပ်ဘက် အာဏာစက် တဖြည်းဖြည်း ပြိုဆင်းပြီး ဒေသအလိုက် ကွက်ပြီးဖြစ်စေ၊ ဒေသအများစုကို ဖြစ်စေ စစ်ဘက် စီမံခန့်ခွဲမှု လက် အပ်လိုက်ရတာမျိုး လည်း ဖြစ်သွားတတ်ပါတယ်။ ဒီ့ထက် ပိုကျယ်ပြန့်တဲ့ စိန်ခေါ်မှုတခုက တကယ်လို့ ဒီလို ပြင်ဆင်မှုတွေ မလုပ်ဘဲ ကပ်ဘေးကြောင့် ရွေးကောက်ပွဲ ရွှေ့ရတာမျိုးတွေ ဖြစ်လာရင် ၂၀၂၁ နှစ်ဆန်းပိုင်း လွှတ်တော်သက်တမ်းပြည့် သွားတဲ့အခါ အခြေခံဥပဒေနဲ့ နိုင်ငံရေး အကျပ်အတည်းတွေ ဖြစ်လာနိုင်တာပါပဲ။ ဒါကြောင့် NLD အစိုးရအနေနဲ့ လက်တလော နိုင်ငံရေး အာဏာခွဲဝေမှုအရ သိပ်ထိခိုက်စရာမရှိဘဲ ဦးဆောင်မှု အနေအထား၊ ပေါင်းစပ်ညှိနှိုင်းမှု အနေအထားမှာ ရှိနေတုန်း ညီညွတ်ရေးအစိုးရ (unity government) မျိုးကို အနှစ်သာရအရ ဖော်ဆောင်နိုင်ပါတယ်။ ဒီကပ်ဘေးကြောင့် ၂၀၂၀ ရွေးကောက်ပွဲကို ကျင်းပနိုင်သည် ဖြစ်စေ မကျင်းပနိုင်သည်ဖြစ်စေ အားလုံးပါတဲ့ ညီညွတ်ရေး အစိုးရမျိုးအဖြစ် အလုပ်နဲ့ သက်သေပြနိုင်မယ်ဆိုရင် မြန်မာ့နိုင်ငံရေးအတွက် ထွက်ပေါက်တောင် သဲလွန်စအဖြစ် ပေါ်ထွက်လာနိုင်ပါတယ်။

တကယ်တော့ ကပ်ဘေးကို စီးချင်းထို့ဖို့ စစ်ပွဲလိုမြင်၊ စစ်ပွဲလို ပြင်တယ်ဆိုတာလည်း နိုင်ငံရေး ဆုံးဖြတ်ချက်ပါပဲ။ နိုင်ငံရေးဆိုတာ ဘယ်သူက ဘာကို ဘယ်အချိန်မှ ဘယ်လိုရတယ် who gets what, when and how ဆိုတာ ကို ဆုံးဖြတ်ရတာမို့ COVID-19 ကို လူသားဘဝ လုံခြုံရေးအမြင်နဲ့ စီးချင်းထိုးစစ်ဆင်နွှဲရင် ပြည်သူအားလုံး အသီးသီးအသက အကျိုးများနိုင်မယ်လို့ မြင်ပါတယ်။ ဒီအချိန်ဟာ စိန်ခေါ်မှုတွေ အကြီးဆုံးဖြစ်သလို ကိုင်တွယ် တတ်ရင် ဒီတိုင်းပြည်မှာ နိုင်ငံတော်ရဲ့ အခန်းကဏ္ဍကို လူသားဘဝ လုံခြုံရေးနဲ့ ပတ်သက်ရင် တာဝန်သိတဲ့၊ တာဝန်ကျေတဲ့ ပြည်ထောင်စု မြန်မာနိုင်ငံတော်အဖြစ် ပြန် အပြုသဘော အဓိပ္ပဗါယ်ဖွင့်နိုင်ဖို့ အကောင်းဆုံး လမ်းဆုံလမ်းခွပဲ ဖြစ်ပါတယ်။

အဓိက ဖတ်ညွှန်းများ

Carpenter, Charli (2020). America Needs a National Service draft Now to Fight the Coronavirus. Foreign Policy, April 7.

Fisher, Max & Taub, Amanda (2020). 9 Essential Lessons on Fighting Coronavirus From Around the World. NYT The Interpreter, March 19.

McNeil Jr, Donald G. (2020). Inside China’s All-Out War on the Coronavirus. New York Times, March 4. (Updated March 9, 2020).

Reno, William (2000). Shadow States and Political Economy of Civil Wars, in Greed and Grievance: Economic Agendas in Civil Wars, Mats Berdal & David M. Malone (Eds.). Lynne Reinner Publishers.

Rhodes, R. A. W. & Hart, P.T (Eds) (2014). The Oxford Handbook of Political Leadership. Oxford University Press.

Rushton, Simon & Youde, Jeremy (Eds.) (2015). Routledge Handbook of Global Health Security. New York, NY: Routledge, Taylor and Francis.

SØrensen, George (2001). War and State-Making: Why Doesn’t it Work in the Third World?. Security Dialogue, 32(3).

Tilly, Charles (1992). Coercion, Capital and European States AD 990-1990. Oxford: Blackwell.

Min Zin

မင်းဇင်သည် ISP-Myanmar ၏ အမှုဆောင်ဒါရိုက်တာ ဖြစ်ပါသည်။

Related article
ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါနှင့်  လော့ခ်ဒေါင်းမှတ်စု  (လော့ခ်ဒေါင်းနှင့်အတူနေထိုင်ခြင်း)

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါနှင့် လော့ခ်ဒေါင်းမှတ်စု (လော့ခ်ဒေါင်းနှင့်အတူနေထိုင်ခြင်း)

လော့ခ်ဒေါင်းချ ဆောင်ရွက်တဲ့ အခါမှာ ဆင်းရဲတဲ့အိမ်ထောင်စုတွေ၊ အလုပ်အကိုင် ဆုံးရှုံးသွားသူတွေ၊ ချို့တဲ့အားနည်းတဲ့ လူတွေအတွက်လည်း အဓိကစဉ်းစားပေးပြီး ကုစားရေး…

တရုတ်နိုင်ငံ၏ ကိုဗစ်-၁၉ကာကွယ်ဆေး သံတမန်လှုပ်ရှားမှုနှင့် မြန်မာနိုင်ငံအတွက် အလားအလာ

တရုတ်နိုင်ငံ၏ ကိုဗစ်-၁၉ကာကွယ်ဆေး သံတမန်လှုပ်ရှားမှုနှင့် မြန်မာနိုင်ငံအတွက် အလားအလာ

တရုတ်နိုင်ငံဟာ ကာကွယ်ဆေးကို အများကောင်းကျိုးအဖြစ် အသုံးပြုမယ်၊ မြန်မာနိုင်ငံစတဲ့ မိတ်ဖက်နိုင်ငံတွေကို ဦးစားပေးဖြန့်ဝေမယ် ဆိုတာဟာ စေတနာကောင်းရင်တောင် လက်တွေ့…

ကိုဗစ်-၁၉ကပ်ရောဂါနှင့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် ဒီမိုကရေစီစံနှုန်း

ကိုဗစ်-၁၉ကပ်ရောဂါနှင့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် ဒီမိုကရေစီစံနှုန်း

ကိုဗစ်-၁၉ ကပ်ရောဂါကာလလို အကျပ်အတည်း ကာလမျိုးမှာ "ရွေးကောက်ပွဲဖြစ်စဉ်တခုလုံးကို တန်းတူညီမျှစွာ ပါဝင်ဆောင်ရွက်ခွင့်"ဆိုတဲ့ ရွေးကောက်ပွဲတွေရဲ့ အခြေခံကျတဲ့ ဒီမိုကရေစီစံနှုန်းကို…

Discussion about this post

Leave a Reply

Your email address will not be published. Required fields are marked *

Type your search keyword, and press enter to search