Menu & Search

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါအတွက် နိုင်ငံတကာအစိုးရများ၏ မူဝါဒတုံ့ပြန်ပုံနှင့် မြန်မာနိုင်ငံအတွက် သင်ခန်းစာများ

April 20, 2020

ကမ္ဘာ့နိုင်ငံ အသီးသီးမှာ ဖြစ်ပွားနေတဲ့ Covid-19 အဆုတ်ရောင် ကူးစက်ရောဂါဟာ မြန်မာနိုင်ငံကိုလည်း ရောက်ရှိလာပြီ ဖြစ်တဲ့အတွက် အစိုးရပိုင်းမှာ မူဝါဒဆိုင်ရာ ပြင်ဆင်မှုတွေ လုပ်နေကြပါတယ်။ ရောဂါ ဖြစ်ပွားတဲ့ နိုင်ငံတွေမှာ အာဏာပိုင်တွေရဲ့  မူဝါဒ တုံ့ပြန်ပုံတွေ၊ တုံ့ပြန်တဲ့ အချိန်တွေက တနိုင်ငံနဲ့ တနိုင်ငံ မတူညီကြပါဘူး။ ဒီမူဝါဒ ချဉ်းကပ်ပုံအပေါ် မူတည်ပြီး တချို့နိုင်ငံတွေဟာ ကပ်ရောဂါဆိုးကနေ အချိန်တိုတိုအတွင်း နာလန်ထူလာနိုင်ပြီးတော့ တချို့နိုင်ငံတွေမှာ အဆုံးအရှုံးများစွာနဲ့ တွန်းလှန်နေရဆဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံလို နိုင်ငံအချို့ဟာ ဒီရောဂါကပ်ဘေးကို အခြားနိုင်ငံတွေထက် အချိန်နောက်ကျမှ ရင်ဆိုင်ရတဲ့အတွက် နိုင်ငံတကာအတွေ့အကြုံပေါ်မူတည်ပြီး မူဝါဒအားဖြင့် ကြိုတင် ပြင်ဆင်နိုင်တာ၊ ရှောင်ကြဉ်နိုင်တာတွေကို လုပ်နိုင်ပါတယ်။

ရောဂါ စတင် ပြန့်ပွားစပြုနေတဲ့ မြန်မာနိုင်ငံမှာ Covid-19 ရောဂါကို  ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ပြည်သူ့ကျန်းမာရေးမူဝါဒ ရှုထောင့်ကနေ သတိပြုသင့်တဲ့ မူဝါဒတုံ့ပြန်မှု အနည်းဆုံး သုံးချက်ရှိတာကို တွေ့ရပါတယ်။ ဒါတွေကတော့ –

၁။ ဖြစ်ပွားစ ကနဦးကာလမှာ လူအမြောက်အမြားကို ရောဂါရှိမရှိ ဓါတ်ခွဲနမူနာစစ်ဆေးမှုတွေ များများလုပ်ပြီး ရောဂါရှိတဲ့သူတွေနဲ့ ထိတွေ့ထားတဲ့သူတွေကို အဆောတလျင် ရှာဖွေဖော်ထုတ်ပြီး သီးသန့်နေစေတာ၊

၂။ ရောဂါပြန့်ပွားမှုကို အချိန်မီထိန်းချုပ်နိုင်ရန် နိုင်ငံတကာမှာ ကျင့်သုံးနေတဲ့၊ အောင်မြင်ခဲ့တဲ့ မူဝါဒတုံ့ပြန်မှုတွေကို စနစ်တကျလေ့လာပြီး မြန်မာနိုင်ငံရဲ့အခြေအနေနဲ့ ကိုက်ညီမယ့်မူဝါဒတွေအတွက် အသေးစိတ် ကြိုတင်ပြင်ဆင်ထားတာနဲ့

၃။  ရောဂါဖြစ်ပွားရာဒေသတွေမှာ ထိရောက်တဲ့ မူဝါဒတုံ့ပြန်မှုတွေကို မြန်ဆန်စွာချမှတ်နိုင်ဖို့  အစိုးရဌာနအတွင်း ပူးပေါင်းဆက်သွယ်မှု အားကောင်းရေး စတာတွေ ဖြစ်ပါတယ်။

၁။ နိုင်ငံတကာမှာ ကျင့်သုံးနေတဲ့ မူဝါဒတုံ့ပြန်မှုတွေကို နားလည်ရလွယ်ကူအောင် ဘယ်လိုအခြေခံ ညွှန်းကိန်းတွေနဲ့ ကြည့်နိုင်သလဲ။

ဒီကပ်ရောဂါကို နိုင်ငံ အသီးသီးက ရင်ဆိုင်ကြရာမှာ အချို့သော နိုင်ငံတွေမှာ တင်းကျပ်တဲ့ ဥပဒေတွေ၊ အမိန့်တွေ ချမှတ်ကာ ဖြေရှင်းသလို အချို့နိုင်ငံတွေမှာတော့ တင်းကျပ်မှုတွေကို တခါတည်း မလုပ်ဘဲ  ဖြည်းညင်းစွာ တဆင့်ချင်း တဆင့်ချင်း လုပ်ဆောင်ကြပါတယ်။ ဘယ်လို နည်းလမ်းကို ကျင့်သုံးစေကာမူ အစိုးရတွေရဲ့ အဓိက ရည်ရွယ်ချက်ဟာ ရောဂါ ပြန့်ပွားမှုကို မြန်ဆန်စွာ ထိန်းချုပ်ဖို့နဲ့  အဲဒီလို လုပ်ဆောင်ရာမှာ နိုင်ငံရဲ့ စီးပွားရေးအခြေအနေ၊ လုပ်ငန်းရှင်တွေနဲ့ ပြည်သူတွေရဲ့ စားဝတ်နေရေးကို ထိခိုက်မှု အနည်းဆုံးဖြစ်အောင် လုပ်ဖို့သာဖြစ်ပါတယ်။

ဒီလိုမျိုး ကွဲပြားခြားနားချက်တွေရှိတဲ့ မူဝါဒတုံ့ပြန်ပုံတွေကို လေ့လာရာမှာ နည်းလမ်းအမျိုးမျိုး ရှိနိုင်ပါတယ်။ အဲဒီထဲကမှ  အောက်စဖို့တက္ကသိုလ်ရဲ့ ကိုဗစ် ၁၉ မူဝါဒတုံ့ပြန်ပုံလမ်းကြောင်း(The Oxford COVID-19 Government Response Tracker – OxCGRT)ကတော့ အများလေ့လာရလွယ်ကူတဲ့ နည်းလမ်းတခု ဖြစ်ပါတယ်။ နိုင်ငံတကာအစိုးရတွေဟာ ၎င်းတို့နိုင်ငံအတွင်းမှာ ကိုဗစ်ရောဂါ  စတင်ဖြစ်ပွားချိန်ကစပြီး ဘယ်လောက်အချိန်တိုတိုအတွင်းမှာ ဘယ်လိုမူဝါဒတွေကို ချမှတ်ပြီး၊ တုံ့ပြန် ကြသလဲဆိုတာကို အခြေခံ အချက် ၁၁ အပေါ်မူတည်ပြီး တုန့်ပြန်ပုံ စံချိန်စံညွှန်းအဖြစ် သတ်မှတ်ထားပါတယ်။

အဲဒီ အခြေခံအချက် ၁၁ ချက်နဲ့ ၎င်းတို့ကို အမှတ်ပေးပုံတွေကို အောက်ကဇယားမှာ ဖော်ပြထားပါတယ်။ မူဝါဒတုံ့ပြန်မှုတခုချင်းဆီကို အမှတ်ပေးရာမှာ S1 ကနေ S7 အထိကို အစဉ်ပြညွှန်ကိန်း(Ordinal scale) အရ သတ်မှတ်ပါတယ်။ နိုင်ငံတွင်းမှာ ကျင့်သုံးနေတဲ့ အချက်အလက်တွေကို မတွေ့ရရင် (လူအများသိရှိအောင် မထုတ်ပြန်ထားရင်) ‘ဝ’(သုည)အဖြစ်သတ်မှတ်ပြီး နေရာအချို့မှာသာ ကျင့်သုံးရင် ‘၁’ အဖြစ် သတ်မှတ်ပါတယ်။ တနိုင်ငံလုံးမှာ ကျင့်သုံးနိုင်တယ်ဆိုရင်တော့ ‘၂’ အဖြစ် သတ်မှတ် ထားပါတယ်။ ကျန်တဲ့ S8 ကနေ S11 အထိ ညွှန်ကိန်းတွေကို သတ်မှတ်ရာမှာတော့ စဉ်ဆက်မပြတ် ကိန်းရှင်များ(Continuous Variable)ကို သုံးပါတယ်။

အထက်မှာဖော်ပြထားတဲ့ပုံ (ပုံ-၁) ကတော့ ကိုဗစ် – ၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေးမှာ နိုင်ငံအလိုက် ကျင့်သုံးခဲ့တဲ့ မူဝါဒတုန့်ပြန်မှု  ၁၁ ချက်ကို  အမှတ် ၀ ကနေ ၁၀၀ အထိ စကေး ချပြီး အဆင့် ၅ ဆင့်နဲ့ လေ့လာထားတာဖြစ်ပါတယ်။  ပဉ္စမအဆင့် (အပေါ်ဆုံးအဆင့်)ကို အရောင်အရင့်ဆုံးနဲ့ ဖော်ပြထားပြီး မူဝါဒတုံ့ပြန်မှု အားကောင်းကောင်းနဲ့ အရှိန်အဟုန် အမြင့်ဆုံး လုပ်နိုင်ကြတဲ့၊ တနည်းအားဖြင့် Stringency Index မှာ အမှတ် ၈၀ ကနေ ၁၀၀ ကြားရရှိတဲ့ နိုင်ငံတွေကို ရည်ရွယ် ပါတယ်။ စတုတ္ထနဲ့ တတိယ အဆင့်တွေကတော့  ပိုဖျော့တဲ့ အရောင်နှစ်ခုနဲ့ ဖော်ပြထားပြီး  Stringency Index မှာ အမှတ် ၆၀ ကနေ ၈၀ ကြားရရှိတဲ့ မူဝါဒတုံ့ပြန်မှု တစုံတရာအားကောင်းတဲ့နိုင်ငံတွေနဲ့ Stringency Index မှာ အမှတ် ၄၀ ကနေ ၆၀ ကြားရရှိတဲ့ မူဝါဒတုံ့ပြန်မှု အသင့်အတင့်သာရှိတဲ့ နိုင်ငံတွေ ဖြစ်ပါတယ်။ ဒုတိယ အဆင့်ကတော့  မူဝါဒတုံ့ပြန်မှုကို အနည်းငယ်သာ လုပ်နိုင်သေးတဲ့နိုင်ငံတွေဖြစ်ပြီး ၎င်းတို့ရဲ့  Stringency Index ကတော့ ၂၀ ကနေ ၄၀ အတွင်းပဲရှိပါတယ်။  ပထမ အဆင့်ဖြစ်တဲ့ အရောင်အဖျော့ဆုံး အဆင့်ကတော့ Stringency Index အားဖြင့် ၀ ကနေ ၂၀ အတွင်းသာ ရှိပြီးတော့ မူဝါဒတုံ့ပြန်မှု  အားအနည်းဆုံး နိုင်ငံတွေဖြစ်ပါတယ်။

တရားဝင် ထုတ်ပြန်ထားတဲ့ သတင်း အချက်အလက်တွေပေါ် မူတည်ပြီး လေ့လာထားရတဲ့အတွက် သတင်းအချက်အလက် ထုတ်ပြန်မှု အားနည်းရင်လည်း အမှတ်အနည်းဆုံး ဖြစ်သွားနိုင်ပါတယ်။ ဒီပုံကားချပ်ရဲ့ အညွှန်းရဲ့ နောက်ဆုံးမှာတော့ သတင်း အချက်အလက် မရနိုင်တဲ့ နိုင်ငံတွေကို ပန်းရောင်ဖြင့် ဖော်ပြထားတာကို တွေ့ရပါတယ်။ သတင်း မရနိုင်တဲ့ နိုင်ငံတွေရဲ့ မူဝါဒတုံ့ပြန်မှု တွေကိုတော့ သုံးသပ်မထားပါဘူး။ (သုတေသနအချက်အလက်များဟာ နိုင်ငံပေါင်း ၇၇ နိုင်ငံက ရရှိတဲ့ အချက် အလက်တွေကို အခြေခံထားတာ ဖြစ်ပါတယ်။ လတ်တလော ဖြစ်ပေါ်နေတဲ့ အခြေအနေအပေါ် ကောက်ယူထားတာ ဖြစ်တဲ့အတွက်  ဒီမြေပုံမှာ ဖော်ပြထားတဲ့ မူဝါဒ တုံ့ပြန်ပုံတွေကလည်း အချိန်နဲ့အမျှ ပြောင်းလဲနိုင်ပါတယ်။)

ပုံ(၁) အရ ရောဂါ ဖြစ်ပွားမှုကို အတိုင်းအတာ တခုအထိ ထိန်းချုပ်နိုင်ခဲ့ပြီ ဖြစ်တဲ့ တရုတ်၊ တောင်ကိုရီးယား စတဲ့နိုင်ငံတွေရဲ့ မူဝါဒ တုံ့ပြန်မှုဟာ နောက်ဆုံး အဆင့်အထိ အစွမ်းကုန် ကျင့်သုံးဖို့ မလိုအပ်ခဲ့တာကို တွေ့ရပါတယ်။ အထိအခိုက် အများဆုံး ဖြစ်ခဲ့တဲ့ အီတလီ၊ စပိန်စတဲ့ နိုင်ငံတွေမှာ မူဝါဒ တုံ့ပြန်မှုကို အမြင့်ဆုံးထိ မီးမြှင့် ထားပေမဲ့လည်း ရောဂါဖြစ်ပွားပြီး သုံးလကျော်လွန်တဲ့အထိ ရောဂါ ပြန့်ပွားမှုနှုန်းကို ထိန်းချုပ်ဖို့ ကြိုးစားနေရဆဲပဲ ဖြစ်ပါတယ်။ အခြားနိုင်ငံတွေထက် နောက်ကျပြီးမှ ရောဂါကို ရင်ဆိုင်နေရတဲ့  မြန်မာနိုင်ငံအနေနဲ့ကတော့ မူဝါဒတုံ့ပြန်မှုမှာ အနည်းငယ်နဲ့သာ စတင် လုပ်နိုင်သေးတာကို တွေ့ရပါတယ်။

အခု ဆွေးနွေးခဲ့တဲ့ မူဝါဒ တုံ့ပြန်ချက် ၁၁ ချက်ဟာ Covid – 19 ရောဂါ ကာကွယ် ထိန်းချုပ်ရေးအတွက် အစိုးရတွေရဲ့ တုံ့ပြန်မှုတွေဟာ ထိရောက်မှုရှိ၊ မရှိကို တိုင်းတာတာ မဟုတ်ပါဘူး။  နိုင်ငံတနိုင်ငံနဲ့  တနိုင်ငံ မူဝါဒတုံ့ပြန်ပုံ ကွာခြားချက်တွေကို အများ နားလည်နိုင်အောင် အခြေခံ ညွှန်းကိန်းတွေအဖြစ် ပြောင်းလဲထားခြင်းသာ ဖြစ်ပါတယ်။  ဒါကြောင့်လည်း ယေဘုယျသဘော ပိုဆန်တဲ့ ဒီညွှန်းကိန်းတွေကို အခြေခံပြီး ရောဂါကို ထိန်းချုပ်ရာမှာ ထိရောက်မှု ရှိ၊ မရှိ တိုင်းတာမယ်ဆိုရင် လိုအပ်ချက်တွေ ရှိနေသေးတယ်လို့ ဆိုနိုင်ပါတယ်။

၂။ ရောဂါပြန့်ပွားမှုကို တစုံတရာ ထိန်းချုပ်နိုင်ခဲ့တဲ့နိုင်ငံတွေရဲ့ အထူးဦးစားပေး မူဝါဒချဉ်းကပ်ပုံတွေဟာ  ဘာတွေဖြစ်မလဲ။

တချို့နိုင်ငံတွေက ရောဂါ ထိန်းချုပ်မှုကို အချိန်တိုတိုအတွင်း ဘာ့ကြောင့် လုပ်နိုင်ခဲ့ကြတာလဲ ဆိုတာဟာ အစိုးရတွေက ရောဂါ ဖြစ်ပွားစကာလမှာ စောစီးစွာ မူဝါဒ တုံ့ပြန်မှုတွေ လုပ်ကြတာ၊ များများစစ်၊ စောစောရှာတဲ့ နည်းလမ်းကို ပိုမိုဦးစားပေးတာ၊ အစိုးရ ယန္တရားအတွင်း ဌာနတွေ ပူးပေါင်း ချိတ်ဆက်မှု အားကောင်းတာတွေကြောင့်လို့ သုံးသပ်ရပါတယ်။

ပထမဆုံး အချက်က ရောဂါပြန့်ပွားမှုကို အချိန်မီ ထိန်းချုပ်နိုင်ဖို့ အစိုးရတွေအနေနဲ့ စောစီးစွာ တုံ့ပြန်နိုင်ဖို့ အရေးကြီးပါတယ်။ အစိုးရတွေရဲ့ မူဝါဒ တုံ့ပြန်ချက်တွေကို  ၎င်းတို့ နိုင်ငံအတွင်း ရောဂါဖြစ်ပွားမှု နှုန်းနဲ့ ဆက်စပ်ပြီး နှိုင်းယှဉ်ချက်ပြပုံကို ပုံ(၂) မှာ ဖော်ပြထားပါတယ်။ အောက်ခြေက မျဉ်းက ရောဂါဖြစ်ပွားမှု Case အရေအတွက်ကို ဖော်ပြပြီး ဒေါင်လိုက်မျဉ်းကတော့ မူဝါဒ တုံ့ပြန်မှုတွေကို အရှိန်မြှင့် လုပ်ဆောင်နိုင်ပုံ ဖြစ်ပါတယ်။

ပုံ(၂) အရဆိုရင် ရောဂါဖြစ်ပွားမှု စတင်ခဲ့တဲ့ တရုတ်၊ အချိန်မီ ထိန်းသိမ်းနိုင်ခဲ့တဲ့ တောင်ကိုရီးယားတို့မှာ ရောဂါ စတင်ဖြစ်ပွားပြီး မကြာခင်မှာပဲ မူဝါဒ တုံ့ပြန်မှုကို စောစီးစွာ တစိုက်မတ်မတ် အရှိန်မြှင့် လုပ်ဆောင်ခဲ့တာကို တွေ့ရပါတယ်။ တောင်ကိုရီးယားနိုင်ငံမှာ ရောဂါ ဖြစ်ပွားစကာလ အတွင်း case ၇ ခုလောက်တွေ့ရှိချိန်မှာ မူဝါဒ တုံ့ပြန်မှုကို ပထမအဆင့်ကနေ တတိယ အဆင့်အထိ Stringency Index ၁၀-၂၀  မှ ၄၀-၆၀ အထိ တိုးမြှင့်လုပ်ဆောင်ခဲ့ပါတယ်။  ဒါ့ကြောင့်လည်း နောက်ပိုင်း ကာလတွေမှာ မူဝါဒတုံ့ပြန်မှုကို ပြင်းပြင်းထန်ထန် လုပ်စရာ မလိုတော့တဲ့ အခြေအနေ ရှိလာတယ်လို့ သုံးသပ်ရပါတယ်။ တောင်ကိုရီးယား အစိုးရရဲ့ တုံ့ပြန်ပုံကို  ရောဂါဘေးဒဏ် အခံရဆုံး နိုင်ငံတွေဖြစ်တဲ့ အမေရိကန်၊ ပြင်သစ်၊ အီတလီ၊ ဗြိတိန်နိုင်ငံတွေရဲ့  မူဝါဒတုံ့ပြန်မှုနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် အလွန် ကွာခြားတာကို တွေ့ရပါတယ်။ အီတလီနိုင်ငံမှာ Case ၁၀ ကနေ ၁၀၀ အတွင်း တွေ့ရှိချိန်ရောက်မှ မူဝါဒ တုံ့ပြန်မှုကို ပထမအဆင့်ကနေ ဒုတိယအဆင့်ကို တိုးမြှင့်ခဲ့ပါတယ်။ ဒါ့ကြောင့်လည်း အခုနောက်ပိုင်းမှာ သေကြေမှု များလွန်းလှတဲ့အတွက် တုံ့ပြန်မှုကို ပဉ္စမအဆင့်(နောက်ဆုံးအဆင့်)အထိ တိုးမြှင့်ဆောင်ရွက်နေရဆဲ ဖြစ်ပါတယ်။ အမေရိကန်နဲ့ ဗြိတိန်နိုင်ငံတွေမှာတော့ ရောဂါဖြစ်ပွားမှု Case ၁၀၀၀ နားကပ်နေစေကာမူ  မူဝါဒ တုံ့ပြန်မှုကို ပထမအဆင့်မှာပဲ ထားတာတွေ့ရပါတယ်။ ဒါ့ကြောင့်လည်း နောက်ပိုင်းကာလတွေမှာ ရောဂါကပ်ဘေးဟာ အဆုံးအရှုံး ကြီးမားစေတယ်လို့ သုံးသပ်နိုင်ပါတယ်။

သက်ဆိုင်ရာ အစိုးရတွေက ရောဂါ ဖြစ်ပွားစ ကာလမှာ ကတည်းက မူဝါဒ တုံ့ပြန်မှုတွေကို မြန်မြန်ဆန်ဆန်နဲ့ ဆောင်ရွက်နိုင်မယ်ဆိုရင် နောက်ပိုင်းမှာ တင်းကျပ်တဲ့ မူဝါဒတွေကို မီးကုန်ယမ်းကုန် သုံးစရာ မလိုတော့ဘဲ  ရောဂါ ပြန့်ပွားမှုကို တစုံတရာ ထိန်းချုပ်နိုင်ခဲ့တယ်လို့ သုံးသပ်နိုင်ပါတယ်။ ကနဦးကာလမှာ မူဝါဒ တုံ့ပြန်မှုတွေ နှောင့်နှေးနေမယ် ဆိုရင်တော့ အပ်နဲ့ထွင်းရမယ့် ကိစ္စဟာ ပုဆိန်နဲ့ ပေါက်ရမယ့် ကိန်းဆိုက်မယ့် အဖြစ်မျိုး ဖြစ်လာနိုင်မယ်ဆိုတာကို သတိပြုသင့်ပါတယ်။

ဒုတိယ အချက်ကတော့ “များများစစ်၊ စောစောရှာ” မူဝါဒကို ဦးစားပေး ချဉ်းကပ်ပုံဖြစ်ပါတယ်။ အထက်ပါ ဆွေးနွေးချက်တွေမှာ နိုင်ငံတွေ အများစုဟာ မူဝါဒ အခြေခံ အချက် ၁၁ ချက်ကိုတော့ အနည်းနဲ့ အများ အကောင်အထည် ဖော်နေကြတာ တွေ့ရပါတယ်။ ဒါပေမဲ့ အဲဒီအချက်တွေထဲက ဘယ်အချက်ကို ဦးစားပေး ဆောင်ရွက်ခဲ့ကြတာလဲ ဆိုတာကတော့ ကွာခြားနိုင်ပါတယ်။ ဒီကပ်ရောဂါ ထိန်းချုပ်ရေးရဲ့ အဓိက သော့ချက်က နိုင်ငံတွေမှာ “များများစစ်၊ စောစောရှာ” ခြင်းဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်း (World Health Organisation)က အတိအလင်း ကြေညာထားပါတယ်။ ရောဂါပြန့်ပွားမှုကို အတိုင်းအတာတခုအထိ ထိန်းချုပ်နိုင်ခဲ့ကြတဲ့ တရုတ်နဲ့ တောင်ကိုရီးယားနိုင်ငံတွေမှာ “များများစစ်၊ စောစောရှာ” လုပ်ငန်းစဉ်တွေကို အထူး ဦးစားပေးခဲ့တယ် ဆိုတာ တွေ့နိုင်ပါတယ်။

ရောဂါဖြစ်ပွားမှုတွေ စတင်ခဲ့တဲ့ တရုတ်နိုင်ငံဟာ ဖြစ်ပွားစကာလမှာ အာဏာပိုင်တွေရဲ့ ငြင်းဆန်မှုတွေ၊ သတင်း ထိန်ချန်မှုတွေကြောင့် ရောဂါပြန့်ပွားမှုကို ပိုဆိုးစေခဲ့ပါတယ်။ ဒါပေမဲ့ တရုတ်အစိုးရဟာ ဒီရောဂါကို တကယ်တမ်း ဖုံးဖိလို့ မရနိုင်တော့တဲ့ အချိန်မှာတော့ ရောဂါပြန့်ပွားမှု ထိန်းချုပ်ရေးအတွက် အစိုးရယန္တရားအတွင်း အချိတ်အဆက် ကောင်းကောင်းနဲ့ အင်တိုက်အားတိုက် လုပ်ခဲ့ကြတာကို တွေ့ရပါတယ်။ ရောဂါ ဖြစ်ပွားရာ ဝူဟန်မြို့ဟာ တရုတ်နိုင်ငံရဲ့ လမ်းပန်းဆက်သွယ်ရေး အရ ဆုံချက်မြို့လည်း ဖြစ်ပါတယ်။ ဒါ့ကြောင့် အသွားအလာ အများဆုံးဖြစ်တဲ့ တရုတ်နှစ်သစ်ကူး မတိုင်ခင် အမီ မြို့ကိုပိတ်ခဲ့ပါတယ်။ ရောဂါစစ်ဆေးမှုကိုလည်း အင်တိုက်အားတိုက် လုပ်ဆောင်ပါတယ်။ ရောဂါအတွက် စစ်ဆေး စရိတ်၊ ရောဂါဖြစ်ပွားခဲ့ပါက ကုန်ကျတဲ့ ကုသတဲ့စရိတ် စတာတွေကို အာမခံ ကုမ္ပဏီတွေက မပေးရင် အစိုးရက စိုက်ထုတ်ပေးပါတယ်။ ဒီအပြင် ရောဂါကူးစက်တယ်လို့ သံသယရှိသူတွေ၊ ဒါမှမဟုတ် နှာချေ၊ ချောင်းဆိုး၊ ကိုယ်ပူစတဲ့ အခြားရောဂါဖြစ်လို့  ဆေးရုံ လာရောက်ပြသသူတွေကိုလည်း  ကိုရိုနာ ဗိုင်းရပ်စ်ပိုး ရှိမရှိ တခါတည်း စစ်ပေးပါတယ်။ ဒါ့ကြောင့် လူအများဟာ ရောဂါ ရှိ၊ မရှိကို စောစီးစွာ သိရှိနိုင်ကြပြီး မရှိပါက လုပ်ငန်းကို ပြန်လည် လုပ်ကိုင်နိုင်တာ၊ မိသားစုနဲ့ စိတ်ချလက်ချ အတူ ပြန်လည် နေထိုင်နိုင်တာတွေကြောင့် ရောဂါဖြစ်ပွားရာ ကာလအတွင်း လူအများရဲ့ နေ့စဉ်ဘဝ ပြန်လည် လည်ပတ်ရေးကို များစွာ အထောက်အကူ ပြုပါတယ်။ ဥပမာအားဖြင့် ဝူဟန်ဒေသအတွင်းမှာပဲ ကူးစက်ရောဂါ ကာကွယ်ရေး အဖွဲ့ပေါင်း ၁၈၀၀ ကို ဖွဲ့စည်းပြီး တဖွဲ့မှာ ကူးစက်ရောဂါ ရှာဖွေရေး ပညာရှင် အနည်းဆုံး ၅ ဦး ပါဝင်ပါတယ်။ အဲဒီအဖွဲ့တွေဟာ ဝူဟန်ဒေသတွင်းမှာ  နေ့စဉ် သောင်းနဲ့ချီတဲ့ ရောဂါ စစ်ဆေးခြင်းတွေကို လုပ်ဆောင်ခဲ့ကြပါတယ်။  ဆေးစစ်ချက်အရ ရောဂါ ရှိတဲ့သူတွေကို သီးသန့်ဆောင်တွေမှာဖြစ်စေ၊ ဆေးရုံတွေမှာ ဖြစ်စေ ခွဲထုတ်ထားပါတယ်။ ဒီအပြင် ရောဂါရှိသူတွေနဲ့ အနီးကပ် ထိတွေ့မိသူတွေကို ရှာဖွေတဲ့ Contact Tracing ကို အားစိုက်ပြီး လုပ်ရပါတယ်။ တရုတ် တနိုင်ငံလုံးရှိတဲ့ စာရင်းရှိ လူနာ ၈ သောင်းကျော်နဲ့ အနီးကပ် ထိတွေ့ခဲ့သူ တယောက်ကိုမှ မကျန်ခဲ့ရလေအောင် နည်းပညာစွမ်းအားနဲ့ ဗဟိုက အစိုးရဌာတွေ မြေပြင်ရှိ ဝန်ထမ်းတွေနဲ့ ပူးပေါင်းပြီး အပူတပြင်း ဖော်ထုတ်ခဲ့ကြပါတယ်။

တောင်ကိုရီးယားနိုင်ငံဟာ ၂၀၁၅ ခုနှစ်မှာ အရှေ့အလယ်ပိုင်း ဒေသတွေကနေ စတင်ဖြစ်ပွားခဲ့တဲ့ MERS အသက်ရှုလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါ ဖြစ်ပွားချိန်မှာ ရောဂါကာကွယ်ရေးနဲ့ ပတ်သတ်ပြီး တာထွက်နောက်ကျခဲ့ထဲ့အတွက် ဆုံးရှုံးမှုတွေ ကြီးခဲ့ပါတယ်။ တောင်ကိုရီးယားနိုင်ငံ အစိုးရဟာ ဒီဖြစ်စဉ်ကနေ သင်ခန်းစာ ယူခဲ့ပုံရပါတယ်။  ရောဂါရှာဖွေစစ်ဆေးမှုကို ကနဦးကာလတွေကတည်းက အပူတပြင်း လုပ်ဆောင်ခဲ့တာကို တွေ့ရပါတယ်။

ရောဂါ ရှာဖွေ တွေ့ရှိစအချိန်ဖြစ်တဲ့ ဇန်နဝါရီလ နှောင်းပိုင်းကနေစပြီး ရောဂါစစ်ဆေးမှုကို ဦးစားပေး လုပ်ဆောင်ခဲ့ရာ ရက်သတ္တပတ် ၆ ပတ်အတွင်း လူပေါင်းအယောက် ၁ သိန်းကျော်ကို စစ်ဆေး နိုင်ခဲ့ပါတယ်။ ပထမဆုံးဖြစ်ပွားတဲ့ ရက်ချင်းတူတဲ့ အမေရိကန်နိုင်ငံမှာ အဲဒီအချိန်အထိ လူပေါင်း ၃၆၀၀ အထိပဲ စစ်ဆေးနိုင်ခဲ့ပါသေးတယ်။ တောင်ကိုရီးယားမှာ ဖြစ်ပွားတဲ့ နှစ်လအတွင်း လူပေါင်း ၄ သိန်းကျော်ကို စစ်နိုင်ခဲ့ပြီး ကမ္ဘာပေါ်မှာ အများဆုံး ရောဂါ စစ်ဆေးနိုင်ခဲ့တဲ့ နိုင်ငံတွေထဲက တနိုင်ငံ ဖြစ်ခဲ့ပါတယ်။ MERS ရောဂါ ဖြစ်ပွားပြီးကတည်းက ပြန်လည် ပြင်ဆင်ခဲ့တဲ့ ရောဂါ ကာကွယ်ရေး နည်းလမ်းတွေလည်း အခုလိုကာလမှာ အစိုးရ ယန္တရားအတွင်း အချိတ်အဆက် မိစွာနဲ့ မူဝါဒတွေ မြန်မြန်ဆန်ဆန် အကောင်အထည် ဖော်နိုင်ခဲ့ပါတယ်။ သတင်းအချက်အလက်တွေကို အစိုးရဌာနတွေနဲ့ ကျန်းမာရေး စောင့်ရှောက်မှု အဖွဲ့အစည်းတွေအကြား မြန်မြန်ဆန်ဆန် မျှဝေနိုင်ဖို့အတွက် လိုအပ်တဲ့ ဥပဒေတွေကိုလည်း အမြန် ပြင်ဆင်ခဲ့ပါတယ်။ ဒေသန္တရ အစိုးရတွေအနေနဲ့ ရောဂါ စစ်ဆေးမှုတွေ များများ ပြုလုပ်နိုင်ဖို့အတွက် စစ်ဆေးသူတွေဟာ ကားပေါ်က မဆင်းဘဲ အလွယ်တကူ စစ်နိုင်မယ့် ကားလမ်းမဘေး ဆေးစစ်ရုံတွေ(Drive-thru screening)ကို အမြောက်အမြား ထားရှိပေးပါတယ်။ စစ်ဆေးမှု စတင်ပြုလုပ်ချိန်ကနေ အဖြေထွက်တဲ့အချိန်အထိ ၁၀ မိနစ်သာ ကြာမြင့်တဲ့အတွက် လူအများစုကို အလွယ်တကူ စစ်ဆေးနိုင်ပါတယ်။

ပုံ (၃) ကတော့ မတ်လ၊ လဆန်းကာလအထိ နိုင်ငံအချို့မှာ စုစုပေါင်း လူဦးရေအချိုးအစားပေါ် မူတည်ပြီး လူဦးရေ တသန်းအတွက် စစ်ဆေးမှု အရေအတွက်ကို နှိုင်းယှဉ် ဖော်ပြထားတာ ဖြစ်ပါတယ်။ တရုတ် တနိုင်ငံလုံးအတွက် အချက်အလက် မရနိုင်တဲ့အတွက် ရောဂါဖြစ်ပွားမှု ဒုတိယ အများဆုံးဖြစ်တဲ့ ဂွန်ဒေါင်း (Guangdong) ပြည်နယ်ရဲ့ စစ်ဆေးမှု အရေအတွက်ကို အသုံးပြုထားပါတယ်။ လူဦးရေ တသန်းမှာ စစ်ဆေးမှု ပြုနိုင်တဲ့ ပျမ်းမျှ အရေအတွက်ကို နှိုင်းယှဉ်ရာမှာ ရောဂါဖြစ်ပွားမှု ထိန်းချုပ်နိုင်ခဲ့တဲ့ တရုတ်နဲ့ တောင်ကိုရီးယားနိုင်ငံတွေဟာ ရောဂါ ပြန့်ပွားမှုဒဏ် အခံရဆုံး နိုင်ငံတွေဖြစ်တဲ့ အမေရိကန်၊ အီတလီ စတဲ့ နိုင်ငံတွေထက် သိသာထင်ရှားစွာ သာလွန်ခဲ့တာကို တွေ့ရပါတယ်။

ကာကွယ် ထိန်းချုပ်ရေးအတွက် အိမ်တွင်း ခြေချုပ်ချပြီး စောင့်ကြည့်သူတွေကို တယ်လီဖုန်း အက်ပလီကေးရှင်းနဲ့ အပူချိန် စစ်ဆေးတာ၊ အသွားအလာ စောင့်ကြည့်တာ၊ CCTV နဲ့  အကြွေးစနစ် ဈေးဝယ်ကတ်(Credit Card) သုံးစွဲမှုတွေက တဆင့် ရောဂါ ဖြစ်ပွားသူတွေနဲ့ အနီးကပ် ထိတွေ့သူတွေကို ခြေရာခံတာ စတဲ့ နည်းပညာ အားသာချက်တွေကို အများကြီး အသုံးချခဲ့ပါတယ်။  ကနဦး ကာလများကတည်းက များများစစ်၊ စောစောရှာတာကို အပူတပြင်း လုပ်ထားခဲ့တာတွေကြောင့်  နောက်ပိုင်း ကာလတွေမှာ အခြားနိုင်ငံတွေလို အိမ်တွင်း ခြေချုပ်ချတဲ့ တင်းကျပ်တဲ့ စည်းမျဉ်း ဥပဒေမျိုး ထုတ်ရန်မလိုဘဲ ရောဂါပြန့်ပွားမှုကို အချိန်တိုအတွင်း လျော့ချနိုင်ခဲ့တာကို တွေ့ရပါတယ်။ ဒါပေမဲ့ ရောဂါပြန့်ပွားမှုကို ထိန်းသိမ်းနိုင်ခဲ့ကြတဲ့ အဲဒီနိုင်ငံတွေမှာ အခြား နိုင်ငံတွေကတဆင့် တကျော့ပြန် ပြန်လည် ပြန့်ပွားလာနိုင်တဲ့အတွက် တုံ့ပြန်မှု နည်းလမ်းအသစ်တွေကို အမြဲဖော်ထုတ်နေကြရပါတယ်။

၃။  မြန်မာနိင်ငံမှာ ရောဂါပြန့်ပွားမှုကို အမြန်ဆုံးထိန်းချုပ်နိုင်ဖို့ ဘာတွေဦးစားပေးလုပ်နိုင်သလဲ။

ဓနအင်အား ကြီးမားပြီး နည်းပညာ မြင့်မားတဲ့ နိုင်ငံတော်တော်များများမှာတောင် ရောဂါပြန့်ပွားမှုကို ထိန်းချုပ်ဖို့ အခက်အခဲများစွာ ရှိနေသေးတဲ့ အတွက်ကြောင့် ကျန်းမာရေး စောင့်ရှောက်မှုစနစ် မခိုင်မာတဲ့ မြန်မာနိုင်ငံအတွက် ဒီကပ်ရောဂါ ပြန့်ပွားမှုကို ထိန်းချုပ်ဖို့ရာမှာ စိန်ခေါ်မှုက အင်မတန် ကြီးမားနေပါတယ်။ လူတထောင်မှာ ရရှိနိုင်တဲ့ ဆေးရုံကုတင် အရေအတွက်ကို ပျမ်းမျှ တွက်ရင် တောင်ကိုရီးယားနိုင်ငံမှာ ဆေးရုံ ကုတင် ၁၂ ဒသမ ၃ ကုတင်၊ တရုတ်နိုင်ငံမှာ  ၄ ဒသမ ၃ ကုတင်၊ အီတလီမှာ ၃ ဒသမ ၂ ကုတင်နဲ့ အမေရိကန်မှာ ၂ ဒသမ ၈ ကုတင် စသဖြင့် အသီးသီးရှိကြပါတယ်။  ဒါပေမဲ့ ကမ္ဘာ့ဘဏ်က ထုတ်ပြန်ထားတဲ့ ၂၀၁၂ ခုနှစ် စာရင်းအရ မြန်မာနိုင်ငံ အနေနဲ့ လူတထောင်မှာ ဆေးရုံ ကုတင် ဝ ဒသမ ၉  ကုတင်သာ ရှိပါတယ်။ ရောဂါရှာဖွေ စစ်ဆေးရာမှာလည်း တနေ့တာအတွင်း စစ်ဆေးနိုင်တဲ့ ဦးရေဟာ တောင်ကိုရီးယားနိုင်ငံမှာ သောင်းချီရှိပေမဲ့ မြန်မာနိုင်ငံမှာတော့ အစိုးရ ထုတ်ပြန်ထားတဲ့ စာရင်းအရ လူ ၁၀၀ အောက်သာရှိပါတယ်။ ရောဂါ ဖြစ်ပွားစ အချိန်ကစပြီး ဧပြီလ ၈ ရက်နေ့အထိ ရောဂါစစ်ဆေးမှု ၁၄၀၆ ဦး ရှိပါတယ်။ အပေါ်က အခြားနိုင်ငံတွေရဲ့ စစ်ဆေးမှုနှုန်းနဲ့ နှိုင်းယှဉ်မယ်ဆို မြန်မာနိုင်ငံမှာ လူဦးရေ သန်း ၅၄ ရှိတဲ့အတွက် လူ ၁ သန်းမှာ  ၂၆ ယောက်သာ စစ်ထားတယ်လို့  ပြောရင်ရပါတယ်။ “များများစစ်၊ စောစောရှာ” နိုင်ဖို့က ငွေကြေးနဲ့ နည်းပညာအခက်အခဲများစွာရှိတာ၊ အထူးကြပ်မတ် ကုသဆောင်တွေက အကန့်အသတ်နဲ့သာ ရှိနေတာနဲ့  လူထုက ကျန်းမာရေး အသိနည်းပါးတာတွေကြောင့် စိုးရိမ်စရာ ရှိနေပါတယ်။ အခြားနိုင်ငံတွေထက် နောက်ကျမှ ဖြစ်ပွားတာကြောင့် အဲဒီနိုင်ငံတွေရဲ မူဝါဒတုံ့ပြန်မှုနဲ့ တုံ့ပြန်တဲ့ အချိန်တွေကို သင်ခန်းစာယူ လေ့လာပြီး မြန်မာနိုင်ငံရဲ့ ရေမြေအခြေအနေတွေအလိုက် ကြိုတင် ဆောင်ရွက်နိုင်ဖို့၊ ရှောင်ရှားနိုင်ဖို့ အရေးကြီးပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ရောဂါ ထိန်းချုပ်မှုအတွက် မူဝါဒတုံ့ပြန်မှုတွေထဲမှာ အရေးအကြီးဆုံးဖြစ်တဲ့ အချက်သုံးချက်ကို အထူး သတိပြုသင့်ပါတယ်။

၁။ များများစစ်ဆေးတာ၊ ဆက်စပ်သူတွေကို စောစောရှာဖွေတာတွေကို အခြာ းတုံ့ပြန်မှုတွေထက်စာရင် အထူးတလည် ဦးစားပေး ဆောင်ရွက်သင့်ပါတယ်။ နိုင်ငံမှာ များများစစ်၊ စောစောရှာ လုပ်နိုင်ခြင်းဟာ နိုင်ငံ ချမ်းသာ၊ ဆင်းရဲမှု အခြေအနေထက် အစိုးရတွေရဲ့  ဦးစားပေး မူဝါဒတွေနဲ့ ပိုမိုသက်ဆိုင်ပါတယ်။ စစ်ဆေးမှုတွေအတွက် ငွေကြေး အမြောက်အမြား ကုန်ကျနိုင်ပေမဲ့လည်း ဒါဟာ ရောဂါရဲ့ ပျံ့နှံ့နှုန်းကို ထိန်းချုပ်နိုင်ဖို့ လက်တွေ့ကျတဲ့ နည်းလမ်းဖြစ်တာကြောင့် မဖြစ်မနေ ဆောင်ရွက်ကြရပါမယ်။  ဒီလို ဆောင်ရွက်နိုင်ခြင်းဟာ ရောဂါရှိသူတွေကို ကြိုတင် သိနိုင်တာကြောင့် သူတို့တွေကနေ ဆက်လက် ပြန့်ပွားမှုတွေကို လျှော့ချနိုင်ပါတယ်။ ရောဂါရှိသူတွေကို စောစော ရှာဖွေနိုင်၊ ကုသနိုင်သလို၊ သံသယရှိလို့ စောင့်ကြည့်ရမယ့် သူတွေကိုလည်း ၁၄ ရက် စောင့်ကြည့်ဖို့ သီးသန့် ခွဲထားစရာ မလိုတော့ဘဲ ပုံမှန် ပြန်လည် နေထိုင်နိုင်တာကြောင့်  နိုင်ငံအတွင်း လုပ်ငန်းတွေ တစိတ်တပိုင်း ပြန်လည် လည်ပတ်စေနိုင်ပြီး လူမှု စီးပွားထိခိုက်မှုကို များစွာလျှော့ချပေးနိုင်ပါတယ်။ ဒီလို ဆောင်ရွက်ရာမှာ အစိုးရအနေနဲ့ များများ စစ်ဆေးဖို့ နည်းပညာ အားနည်းချက်ရှိတာ၊ စက်ပစ္စည်းကုန်ကျစရိတ်များတာ၊ ပညာရှင်အင်အား မလုံလောက်တာ စတာတွေ ကြုံရနိုင်ပါတယ်။ ဒါ့ကြောင့် အစိုးရအနေနဲ့ ပုဂ္ဂလိက ကဏ္ဍနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်မှုတွေ ပြုလုပ်ပြီး လူအမြောက်အမြားကို ငွေကြေး သက်သာပြီး ရလဒ်မှန်ကန်မယ့်  စစ်ဆေးနိုင်မယ့် နည်းလမ်းတွေကို ဦးစားပေး ရှာဖွေနိုင်ပါတယ်။

၂။ အစိုးရရဲ့ မူဝါဒ တုံ့ပြန်မှုတွေကို  ဖော်ထုတ်ရာမှာ အခြားနိုင်ငံတွေရဲ့ ဆောင်ရန်၊ ရှောင်ရန်ကို လေ့လာကာ အသေးစိတ် ကြိုတင် ပြင်ဆင်ဖို့နဲ့ အချိန်နဲ့ တပြေးညီ ဆောလျင်စွာ အကောင်အထည်ဖော်ဖို့  လိုအပ်ပါတယ်။ ဥပမာအနေနဲ့ နယ်စပ်ကနေ အမြောက်အမြား ဝင်လာတဲ့  ပြည်တော်ပြန်တွေ အတွက် အခြားနိုင်ငံတွေမှာ အကောင်အထည် ဖော်ခဲ့တဲ့ လက်ကိုင်ဖုန်း အက်ပလီကေးရှင်းတွေနဲ့ စောင့်ကြည့်တဲ့ စနစ်ကို ကြိုတင် ပြင်ဆင်ပြီး အသုံးပြုခဲ့မယ်ဆိုရင် ကနဦး ကာလမှာ Facility Quarantine အတွက် မစီစဉ် နိုင်ခဲ့ပေမဲ့လည်း ခြေရာကောက်ဖို့အတွက် contact tracing လုပ်ရာမှာ ပိုမို လွယ်ကူစေနိုင် ပါလိမ့်မယ်။ ရောဂါဖြစ်ပွားရာ ဒေသနဲ့ မြို့တွေမှာ နေထိုင်သူတွေကို ခြေချုပ် ချသင့်၊ မချသင့် စတဲ့ ဆောင်ရွက်ပုံတွေအတွက်  နိုင်ငံတကာ လုပ်ထုံးလုပ်နည်းတွေကို အခြေခံပြီး ကိုယ့်နိုင်ငံ ကိုယ့်အခြေအနေနဲ့ ကိုက်ညီအောင် စဉ်းစားနိုင်ပါတယ်။ အဲဒီလို မူဝါဒ ချမှတ်တဲ့နေရာမှာ အစိုးရက လုပ်မယ်၊ မလုပ်ဘူး ဆုံးဖြတ်ချက် ချမှတ်တာထက် ပိုမိုပြီး လုပ်မယ်ဆိုရင် ဒီမူဝါဒကို ဘယ်လို တဆင့်ချင်း အကောင်အထည်ဖော်နိုင်မလဲ၊ ဒေသတခုချင်းစီရဲ့ ထူးခြားချက်တွေ ရှိတဲ့အပေါ်မှာ ဒီမူဝါဒတွေချဖို့ ဘာတွေက အခက်အခဲတွေ ဖြစ်နိုင်မလဲ စတဲ့ အသေးစိတ် အချက်အလက်တွေကို ကြိုတင် တွက်ချက် စီမံချက်ရေးဆွဲနိုင်ပါတယ်။ အခြားနိုင်ငံက မူဝါဒ အလေ့အထကောင်းတွေကို နမူနာပြုရာမှာလည်း ကောင်းနိုးရာရာ တကွက်ချင်းစီ ကျင့်သုံးတာထက် စာရင် မဟာဗျူဟာပိုင်းကို ပိုမို လေ့လာသင့်ပါတယ်။ ဥပမာ လက်လုပ်လက်စား အခြေခံ လူတန်းစားတွေအတွက် အထောက်အပံ့ကို အစိုးရက အလျဉ်းသင့်ရင် သင့်သလို ထောက်ပံ့ပေးတာထက် သုံးစွဲမယ့် ငွေကြေး ပမာဏ၊ သုံးစွဲမယ့် နေရာတွေအလိုက် အစိုးရရဲ့ ဘဏ္ဍာရေး စေ့ဆော်မှု အစီအမံရဲ့ အစိတ်အပိုင်း တခုအနေနဲ့ ထည့်သွင်း စဉ်းစားနိုင်ပါတယ်။ နိုင်ငံတကာမှာ ကျင့်သုံးခဲ့တဲ့ မူဝါဒတွေကို သုတေသန အချက်အလက်တွေ အပေါ် အခြေခံကာ  ကိုယ့်နိုင်ငံနဲ့ ကိုက်ညီမယ့် မူဝါဒတွေကို အချိန်တိုအတွင်းမှာ စနစ်တကျ လေ့လာဖို့ အစိုးရဌာန အတွင်းမှဖြစ်စေ၊ ပြင်ပ ပညာရှင်တွေပါဝင်စေတာ ဖြစ်စေ မူဝါဒလေ့လာရေး ကွန်ရက်အသွင်နဲ့ ဆောင်ရွက်သင့်ပါတယ်။

၃။ ရောဂါ ကာကွယ်ရေး အစီအမံတွေ လုပ်ရာမှာ အစိုးရဌာန အချင်းချင်း ချိတ်ဆက်မှု ကောင်းဖို့၊ ပူးပေါင်း ဆောင်ရွက်မှု ကောင်းဖို့ လိုအပ်ပါတယ်။ တိကျ ရှင်းလင်းတဲ့ အမိန့်ညွှန်ကြားချက်တွေ မချမှတ်နိုင်ခင် ပြည်ထောင်စုအစိုးရအဆင့် ကော်မတီတွေကို ဖွဲ့စည်းတာ၊ ဖျက်သိမ်းတာ စတာတွေ လုပ်တဲ့အခါ ဖြစ်စေ၊ အမိန့်တွေကို ချမှတ်တာ၊ အလျင်စလို ဖျက်သိမ်းတဲ့အခါ ဖြစ်စေ ဗဟိုနဲ့ ပြည်နယ်နဲ့ တိုင်းမှာရှိတဲ့ ဝန်ထမ်းတွေနဲ့ ချိတ်ဆက်ရာမှာ  မလိုလားအပ်တဲ့ ပြဿနာတွေ ရှိလာနိုင်ပါတယ်။ ဥပမာ  ပြည်ထောင်စု အစိုးရက  ပြည်သူတွေ နေအိမ်တွင်း နေစေဖို့ ညွှန်ကြားချက်ကို တိတိပပ ထုတ်ပြန်တာ မရှိတာကြောင့် အချို့ ဒေသန္တရ အစိုးရတွေ၊ ဒေသတွင်း ကွင်းဆင်း ဆောင်ရွက်နေရတဲ့ ရပ်ကျေး အုပ်ချုပ်ရေးမှူးတွေက တင်းကျပ်တဲ့ ညွှန်ကြားချက်တွေနဲ့ အကောင်အထည် ဖော်မိတာ၊  အချို့ဒေသတွေမှာ လုံးဝ အကောင်အထည်မဖော်တာ စတဲ့ တကျောင်းတဂါထာ၊ တရွာတပုဒ်ဆန်း အနေနဲ့ ချဉ်းကပ်ကြပါတယ်။  ဗဟိုအစိုးရက အစားထိုးနိုင်တဲ့ ညွှန်ကြားချက် မထုတ်ပြန်ဘဲ အဲဒီ ဒေသန္တရ အမိန့်တွေကို အချို့ပြည်နယ်၊ တိုင်းတွေမှာ ပြန်လည် ရုတ်သိမ်းတဲ့အခါ  ရပ်ကျေး အုပ်ချုပ်ရေးမှူးတွေနဲ့ ဌာနဆိုင်ရာ ဝန်ထမ်းတွေရဲ့ မြေပြင်မှာ အရေးတကြီး လုပ်ဆောင်ရမယ့် ရောဂါ ကာကွယ် ထိန်းသိမ်းရေး လုပ်ငန်းတွေကို အဟန့်အတားဖြစ်နိုင်ပါတယ်။ ဒါကြောင့် အစိုးရကနေ   မူဝါဒ တုံ့ပြန်မှုတွေ ချမှတ်ရင် ကဏ္ဍအလိုက် စဉ်းစားတာထက် ကပ်ရောဂါကို တိုက်ထုတ်ဖို့  အစိုးရဲ့ စစ်ဆင်ရေး တခုအသွင်နဲ့ တစုံလုံးအတွက် ခြုံငုံတဲ့ ချဉ်းကပ်မှုမျိုးဖြစ်ဖို့၊ တိတိကျကျ မြန်မြန်ဆန်ဆန် ချမှတ်ဖို့၊ ဒေသတိုင်းမှာရှိတဲ့ ထူးခြားချက်တွေကို အထူး ဂရုပြုဖို့  လိုပါတယ်။ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးအတွက် အဓိကကျတဲ့ ဌာနများသာမကဘဲ ဌာန အသီးသီးမှာ ရှိနေတဲ့ ယန္တရားတွေ၊ အရင်းအမြစ်တွေကို အလွယ်တကူ ရွေ့ပြောင်း သုံးစွဲနိုင်ဖို့ အစိုးရယန္တရား အားလုံး ပါဝင်နိုင်တဲ့ ချဉ်းကပ်ပုံ(whole-of-government)နဲ့  ဆောင်ရွက်နိုင်ပါတယ်။ ဒီအပြင် လူထုတရပ်လုံး ပါဝင်နိုးကြားတဲ့(whole-of-soceity) ချဉ်းကပ်ပုံ ဖြစ်စေဖို့ ပြည်နယ်နဲ့ တိုင်းတွေရဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ၊ နိုင်ငံရေး ပါတီတွေ၊ ပုဂ္ဂလိက ကဏ္ဍနဲ့ အရပ်ဘက် အဖွဲ့အစည်းတွေ၊ ဘာသာရေး အဖွဲ့အစည်းတွေ၊ ဒေသအခြေစိုက် လူမှု အဖွဲ့အစည်းတွေ၊ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်မှုကိုလည်း ပြန်လည် အသက်သွင်း ထားသင့်ပါတယ်။ ဒါမှသာ အတွင်းအပြင် ချိတ်ဆက်မှုကောင်းတဲ့ အစိုးရ ယန္တရားအဖြစ် ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေး လုပ်ငန်းတွေကို ထိထိရောက်ရောက် လုပ်ဆောင် နိုင်ပါလိမ့်မယ်။

Dr Su Mon Thazin Aung

ဒေါက်တာဆုမွန်သဇင်အောင်သည် ISP-Myanmar ၏ စွမ်းရည်မြှင့်တင်ရေးအစီအစဉ် ဒါရိုက်တာဖြစ်သည်။

Related article
မြန်မာနိုင်ငံနှင့် ကိုဗစ်ကာကွယ်ဆေး ထိုးနှံနိုင်မှု အလားအလာ

မြန်မာနိုင်ငံနှင့် ကိုဗစ်ကာကွယ်ဆေး ထိုးနှံနိုင်မှု အလားအလာ

မြန်မာနိုင်ငံက အခုအချိန်မှာ လူပေါင်း ၁ ဒသမ ၇ သန်းကို ကာကွယ်ဆေး ထိုးနှံ ပြီး…

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါနှင့်  လော့ခ်ဒေါင်းမှတ်စု  (လော့ခ်ဒေါင်းနှင့်အတူနေထိုင်ခြင်း)

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါနှင့် လော့ခ်ဒေါင်းမှတ်စု (လော့ခ်ဒေါင်းနှင့်အတူနေထိုင်ခြင်း)

လော့ခ်ဒေါင်းချ ဆောင်ရွက်တဲ့ အခါမှာ ဆင်းရဲတဲ့အိမ်ထောင်စုတွေ၊ အလုပ်အကိုင် ဆုံးရှုံးသွားသူတွေ၊ ချို့တဲ့အားနည်းတဲ့ လူတွေအတွက်လည်း အဓိကစဉ်းစားပေးပြီး ကုစားရေး…

တရုတ်နိုင်ငံ၏ ကိုဗစ်-၁၉ကာကွယ်ဆေး သံတမန်လှုပ်ရှားမှုနှင့် မြန်မာနိုင်ငံအတွက် အလားအလာ

တရုတ်နိုင်ငံ၏ ကိုဗစ်-၁၉ကာကွယ်ဆေး သံတမန်လှုပ်ရှားမှုနှင့် မြန်မာနိုင်ငံအတွက် အလားအလာ

တရုတ်နိုင်ငံဟာ ကာကွယ်ဆေးကို အများကောင်းကျိုးအဖြစ် အသုံးပြုမယ်၊ မြန်မာနိုင်ငံစတဲ့ မိတ်ဖက်နိုင်ငံတွေကို ဦးစားပေးဖြန့်ဝေမယ် ဆိုတာဟာ စေတနာကောင်းရင်တောင် လက်တွေ့…

Discussion about this post

Leave a Reply

Your email address will not be published. Required fields are marked *

Type your search keyword, and press enter to search