Menu & Search

ရွေးချယ်ရာ လမ်း၊ မှန်းမျှော်ရာ ပန်းတိုင်

May 5, 2020

နေတိုးဟာ ကလေးအရွယ်ကတည်းက မိဘမဲ့ဂေဟာမှာ အတူခိုလှုံခဲ့၊ ချစ်ခင်စွဲလမ်းနေခဲ့ပြီး နှစ်တွေ အကြာကြီး ကွဲကွာသွားခဲ့တဲ့ အိချောပိုကို သူ့ဘဝ အောင်မြင်လာပြီးတဲ့ တချိန်မှာ ပြန်ဆုံရပါတယ်။ နေတိုးကို သိပ်ချစ် နေခဲ့ပြီးသားဖြစ်တဲ့  အိချောပိုကလည်း သူ့ကိုပဲ စောင့်စားနေခဲ့တာပါ။ ဒါပေမဲ့ ပြန်မဆုံဖြစ်ကြခင်မှာ နေတိုးဟာ သူ့ ကျေးဇူးရှင်ရဲ့သမီး၊ ဘာပြောစရာမှ မရှိအောင်ပြည့်စုံပြီး၊ သူ့ကိုအရမ်းလည်းချစ်တဲ့ ဇွန်သံစဉ်နဲ့ လက်ထပ်ဖို့ အစီအစဉ်ကို လက်ခံထားခဲ့ပြီးသား ဖြစ်နေပါတယ်။ ဒါကြောင့်ပဲ အိချောပိုနဲ့ ပြန်ဆုံရပေမဲ့ နောက်ဆုံးမှာ နှစ်ဦးသား  ကြေကွဲစွာနဲ့ လမ်းခွဲခဲ့ကြရတယ်။ ရုပ်သံလိုင်းတခုကပြသွားတဲ့ ဇာတ်လမ်းလေးတပုဒ်ပါ။ အဲဒါက (opportunity cost) လို့ ခေါ်ကြတဲ့ ‘လက်လွှတ်ဆုံးရှုံးလိုက်ရတဲ့ တန်ဖိုး’ ဆိုတာကို နားလည်ရလွယ်မယ့် ဥပမာလေး ဖြစ်မှာပါ။ ထပ်တူ မဟုတ်ပေမဲ့ ခပ်ဆင်ဆင် ဘဝဥပမာမျိုး ကြုံဖူးသူတွေ ရှိကြမှာပါပဲ။ တစုံတခုကို ဆုံးဖြတ်ရွေးချယ်လိုက်လို့ တခြား တစုံတရာကို လက်လွှတ်ဆုံးရှုံးလိုက်ရတဲ့အခါမျိုးမှာ ဘာတွေ၊ ဘယ်လောက် ဆုံးရှုံးရမလဲဆိုတာကို တွက်ချက်ပြီး ဘဝမှာ လုပ်ငန်းမှာ အကောင်းဆုံး ဆုံးဖြတ်နိုင်ကြဖို့ စဉ်းစားတဲ့နည်းတွေထဲက တခုလို့ ဆိုနိုင်ပါမယ်။

ချစ်ခြင်းမေတ္တာရဲ့ စံ၊ အိမ်ထောင်ရေး ဓလေ့ထုံး၊ လူ့ဘောင်ရဲ့ စည်းမျဉ်းတွေအရ တခုခုကို (အဲ… ဒီနေရာမှာတော့ တယောက်ယောက်ကို) ရွေးရတဲ့ နေတိုးဇာတ်လမ်းထဲက ဥပမာမျိုးရှိနိုင်သလို  လောကမှာ ငွေ၊ အချိန်၊ လူအင်အား၊ ရုပ်ဝတ္ထုပစ္စည်း စတာတွေ အကန့်အသတ်ရှိမြဲမို့ မဖြစ်မနေ ရွေးချယ်လိုက်ရတဲ့ အခြေအနေတွေလည်း ရှိနေမှာပါပဲ။ ဇာတ်လမ်းထဲက ဥပမာမှာ နေတိုးကိုပဲ ဗဟိုပြုစဉ်းစားကြည့်ရင် သူ ဘာဆုံးရှုံးခဲ့ရသလဲ။ ကိုယ်ချစ်တဲ့သူနဲ့ ဘဝလက်တွဲခွင့်၊ စိတ်ကြည်နူး ကျေနပ်ရမှု ပီတိ၊ နှလုံးသားလိုအင် စသဖြင့် ဘေးလူတွေ မှန်းဆ ခံစားပြီး သိနိုင်မယ့် အရာတွေပါ။ လက်တွေ့ဘဝမှာ ရွေးချယ်နေရတာတွေကလည်း နေတိုး ဥပမာလောက် ဇာတ် မဆန်ပေမဲ့ ရင်နာကြေကွဲစရာ၊ နှမြောစရာ ဖြစ်နိုင်ပါတယ်။ မိသားစုစီးပွားရေး အဆင်မပြေလို့ ကျောင်းထွက်ပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ လုပ်ငန်းခွင်ဝင် လိုက်ရတဲ့၊ စာတော်ခဲ့တဲ့  ကျောင်းသူလေး၊ မိဘက ဇွတ်အတင်း  ဆေးကျောင်းတက်ခိုင်းလို့ လက်ရွေးစင် ဖြစ်မလာရတော့တဲ့ အားကစားပါရမီရှင် လူငယ်၊ မိသားစုဘဝ ထူထောင်ဖို့ ကလေးယူလိုက်ရလို့ ပါရဂူဘွဲ့ ဆက်မတက်နိုင်တဲ့ ကထိက ဆရာမ၊ ခွဲစိတ်ပညာထက်မြတ်ပေမဲ့ ဖခင်ဆုံးပါးသွားလို့ မိသားစုရဲ့  အောင်မြင်နေတဲ့လုပ်ငန်းကို ဦးစီးနိုင်ဖို့ ဓားကို စွန့်လွှတ်လိုက်ရတဲ့ ဆရာဝန်၊ ကိုယ်လက် လှုပ်ရှားဖို့၊ ဆေးစစ်ဖို့ မအားလို့ စောစောစီးစီး ကျန်းမာရေးထိခိုက် အသက်ဆုံးလိုက်ရတဲ့ အလုပ်တာဝန်ပိ ဝန်ထမ်း၊  စိတ်သက်သာရာကို ရှာရင်း အဖေက အရက်လွန်၊ အမေက ချဲစွဲမို့ အဟာရချို့တဲ့ရတဲ့ မိသားစု၊ မိန်းကလေးဆိုတာ လင်ကောင်း သားကောင်း ရဖို့သာ အဓိကဆိုတဲ့မူအရ သင့်တော်တဲ့လူနဲ့ မိဘက ဇွတ်ပေးစားလိုက်ပြီး ခင်ပွန်း သဘောမတူလို့ ဂီတရုပ်ရှင်ဆက်လုပ်ခွင့် မရတော့တဲ့ အောင်မြင်နေဆဲ အနုပညာရှင်မလေး… စသည်၊ စသည် ရှိသလို အိမ်ခန်းလေးဝယ်ဖို့ စုထားတဲ့ငွေကို မိဘဆေးကုခ သုံးလိုက်ရတာမျိုး၊ ရှေ့နေစရိတ်၊ ရုံးစရိတ် မတတ်နိုင်လောက်လို့ ကိုယ့်ဘက်ကမှန်ပေမဲ့ အမှု အရှုံးပေးလိုက်ရတာမျိုး … စသည်များလည်း ရှိတတ်ပါတယ်။  နေတိုး ဥပမာမှာ ရွေးစရာ နှစ်မျိုးပဲရှိပေမဲ့ ဒီထက်ပိုများတဲ့ အနေအထားလည်း တွေ့ရတတ်ပါတယ်။ နေတိုးက သူ့ကိစ္စကို သူဘာသာရွေးချယ်ခဲ့ပေမဲ့ တခါတရံ ကိုယ်ဆုံးဖြတ်တာမဟုတ်ပါဘဲ ‘လူကြီးတွေ စီမံတဲ့အတိုင်း’ ခံစား၊ စံစား လိုက်တာတွေလည်း ရှိပြန်တာပါပဲ။

နိုင်ငံတခု၊ လုပ်ငန်းတခုကို အုပ်ချုပ်စီမံရာမှာလည်း ရွေးချယ်စရာ၊ လက်လွှတ်စရာ၊ ဆုံးရှုံးစရာတွေ အများအပြား ကြုံနိုင်ပါတယ်။ လုံခြုံရေးဆိုတာကို အလွန်အကျွံ ဦးစားပေးလွန်းလို့ မျိုးဆက်တွေရဲ့ ပညာရေး၊ ကျန်းမာရေး ချည့်နဲ့ယိမ်းယိုင်ရတာ၊ သစ္စာရှိ ကျိုးနွံသူကိုပဲ ရွေးချယ်ခန့်အပ်ချင်လို့ အရည်အချင်းရှိသူကို တာဝန်မပေးနိုင်တာ၊ စီးပွားရေး အလျင်အမြန်တိုးတက်ဖို့ပဲ အာရုံစိုက်လို့ သဘာဝပတ်ဝန်းကျင် ပြုန်းတီးရတာ၊ လူ့အခွင့်အရေးတွေကို  မစောင့်ရှောက်နိုင်တာ၊ ဆင်းရဲချမ်းသာကွာဟမှုကို မထိန်းနိုင်တာတွေဟာ တခုကိုရွေးလိုက်လို့ ဆုံရှုံးမှုတွေ ကြီးကြီးမားမားကြုံရတဲ့ မရိုးနိုင်တဲ့ကိစ္စတွေပါ။

ဆုံးဖြတ်ခွင့်ရသူတယောက်ဟာ ကိုယ်ရွေးချယ်ဆုံးဖြတ်နိုင်မယ့် ဘယ်လမ်းတွေရှိသလဲဆိုတာကို စုံအောင် ချစဉ်းစား၊ အဲဒီထဲက ကိုယ်ရွေးချယ်ချင်တာကို ရွေးလိုက်ရင် ဘာကိုလက်လွှတ်လိုက်ရမလဲ၊ ဆုံးရှုံးထိခိုက်မှု ဘယ်လောက်ကြီးမလဲ၊ ဘာနဲ့ ရင်းရမလဲ ဆိုတာတွေကို ဓမ္မဓိဋ္ဌာန်ကျကျဆင်ခြင်၊ ဖြစ်နိုင်ရင် ပညာရှင်၊  ဝေဖန်သုံးသပ်နိုင်သူ၊ အတွေ့အကြုံကြွယ်သူတွေရဲ့ အကြံဉာဏ်တွေ ရယူပြီး ရွေးချယ်ဖို့ စဉ်းစားတဲ့နေရာမှာ အသုံးပြုလို့ရမယ့် အမြင်တခုရယ်လို့လည်း ‘လက်လွှတ်ဆုံးရှံးလိုက်ရတဲ့ တန်ဖိုး’ ရှုထောင့်ကို မှတ်ယူနိုင်ပါ လိမ့်မယ်။

သိထားကြတဲ့အတိုင်း လောကမှာ ငွေ၊ အချိန်၊ လုပ်သားအင်အား၊ ပစ္စည်း စတဲ့ အရင်းအမြစ်တွေဟာ ဘယ်တော့မှ လုံလောက် ပိုလျှံတယ်ရယ်လို့ မရှိပါဘူး။ လူသားတွေရဲ့ ကောင်းသောလိုအင်၊ မတရားလောဘ စတာတွေကြောင့်လည်း ပါမှာပါ။ ပုံမှန်အခြေအနေမှာတောင် ဒီအရင်းအမြစ်တွေ မလုံလောက်ရင် အကျပ်အတည်း ဘေးဒုက္ခကြုံရချိန်မှာ ပို၍သာ ဆိုးရပါတော့တယ်။ ကမ္ဘာသားအားလုံး အခုကြုံနေကြရတဲ့ ကိုဗစ်-၁၉ အန္တရာယ်ဟာ အကျပ်အတည်းတကာတို့ရဲ့ ထိပ်ခေါင်တခု ဖြစ်ဖွယ်ရှိပါတယ်။ ဒီအခြေမှာ နိုင်ငံသား တဦးချင်းဖြစ်စေ၊ အစုအဖွဲ့တွေဖြစ်စေ၊ နိုင်ငံကို တာဝန်ယူရတဲ့ လူပုဂ္ဂိုလ် ယန္တရားအဖွဲ့ဝင်တွေဖြစ်စေ ရွေးချယ်စရာတွေ၊ ဆောင်ရွက်စရာတွေ၊ လက်လွတ်ဆုံးရှုံးစရာတွေ အများအပြားရှိနိုင်ပါတယ်။ ဦးတည်ရည်ရွယ်ပြီး  ရွေးချယ်ဆောင်ရွက်လိုက်တာတွေရှိသလို မတော်တဆ ရွေးမိလျက်သား ဖြစ်သွားရတာလည်း ရှိမှာပါ။ ဘာကို  ရွေးရမှန်း အချိန်မီ မသိရှိ၊ မဆုံးဖြတ်လိုက်ရလို့ သဘာဝအတိုင်း ဖြစ်ပျက်သွားတာကိုပဲ ရွေးချယ်ရာရောက်ခဲ့ ရတာမျိုးလည်း ရှိပါလိမ့်မယ်။ ဒါတွေရဲ့ နောက်ဆက်တွဲ ဖြစ်ပျက်သမျှကိုတော့ အားလုံးက ခံစားကြရတာပါပဲ။

ကိုဗစ်-၁၉ ရောဂန္တရကပ်ဟာ ကမ္ဘာ့နိုင်ငံစုံက လူသားတွေရဲ့ ကံ၊ ဉာဏ်၊ ဝီရိယတွေကို ခပ်ကြမ်းကြမ်း စမ်းသပ် စိန်ခေါ်နေပါတယ်။ ပေးထားချက် သမ္ပတ္တိ မတူကြတဲ့ နိုင်ငံစုံက လူထုတွေဟာ အကြောက်တရား  ဒေါသရယ်၊ ဒီရောဂါနဲ့ ပတ်သက်လို့  ဘာလုပ်ရမယ်၊ ဘာဖြစ်မယ်ဆိုတာတွေ အပြည့်အစုံနားမလည်သေးတဲ့  မောဟတွေရယ် ပိုက်ပြီး  ကိုယ်နဲ့ ကိုယ့်မိသားစုအတွက် ကိုယ်တိုင်ရုန်းကန် နေကြရတယ်ဆိုပေမဲ့ ‘လူကြီးတွေ စီမံတဲ့အတိုင်း’ ခံစား၊ စံစား လိုက်ရမှာတွေက အများကြီးပါ။ လူကြီးတွေ ဆုံးဖြတ်ရွေးချယ်လိုက်တာရဲ့ အကျိုးဆက်တွေဟာ လူထုအများပေါ်မှာ ကြီးကြီးမားမား သက်ရောက်မှုတွေ ရှိရစမြဲပါ။

ကိုဗစ်ခေတ် လူတဦးချင်း စဉ်းစားရွေးချယ်ရတာတွေထဲမှာ ဆတေးအက်ဟုန်း (stay at home) နဲ့ နေမလား၊ ခါတိုင်းလိုပဲ ရသလောက်လေး ဈေးရောင်းထွက်ရမလား ဆိုတာမျိုး မသက်မသာ ရွေးချယ်ရတာ ရှိသလို အစည်းအဝေးကို ဇွန်း (zoom) နဲ့ လုပ်ရမလား၊ ဆကိုက် (Skype) နဲ့လား၊ မက်ဆင်ဂျာ (messenger) နဲ့လား ဆိုပြီး ပေါ့ပေါ့ပါးပါး မှားစရာ၊ ထိခိုက်စရာနည်းတဲ့ ရွေးချယ်ခွင့် ရှိသူများလည်း ရှိပါတယ်။ အိုင်ဆိုလေးရှင်း (isoloation)၊ ကွာရန်တင်း (quarantine) ဝင်နေရတာချင်းတူတူကို တရက်တာ ငါးထောင်အတွက် အပန်းကြီးရသူတွေနဲ့ အထဲမှာ မိုက်ကရိုဝေ့၊  ရေခဲသေတ္တာ သုံးခွင့်ရသူတွေရဲ့ ရွေးချယ်ရတာတွေဟာလည်း မတူနိုင်ပါဘူး။ အလုပ်ခွင်ကို မဖြစ်မနေ အမြန်ဆုံးပြန်ဝင်ဖို့ ဖဆီလတီ ကွာရန်တင်း (FQ: facility quarantine) ဆိုတာကြီးကို အောင့်အည်း  ဖြတ်သန်းမလား၊ ဖြစ်ချင်ရာဖြစ် အလုပ်ရှိတဲ့မြို့ကို မပြန်သေးဘဲ နေမလား ရယ်လို့ စဉ်းစားရတာတွေလည်း ရှိနေနိုင်ပါတယ်။ ဘယ်လောက်ခေါင်းခြောက်ရပါတယ်ဆိုဆို လူတဦးချင်းရဲ့ စဉ်းစား ဆုံးဖြတ်၊ ရွေးချယ်ရတာတွေဟာ နိုင်ငံတခုကို စီမံခန့်ခွဲရသူတွေရဲ့  ရွေးချယ်ရတာတွေနဲ့ ဆိုရင် မပြောပလောက်အောင်ပါပဲ။  ရွေးချယ်မှု တခုကြောင့် သိန်းသောင်းချီတဲ့ အသက်တွေ၊ ဘဝတွေကို ကယ်တင်ရာရောက်နိုင်သလို ဆန့်ကျင်ဘက် ရွေးချယ်မှုကြောင့် ကူးတို့ဆိပ်အရောက် ပြာပုံအကျ ပို့လိုက်မိတာလည်း ဖြစ်သွားနိုင်ပါတယ်။

တိုတောင်းလှသေးပေမဲ့ အရောင်အသွေး စုံလင် ရှုပ်ထွေးလွန်းနေပြီဖြစ်တဲ့ ကိုဗစ်သမိုင်းကို  ပြန်ကြည့်ရင် နိုင်ငံတခုကို စီမံအုပ်ချုပ်ရသူတွေအတွက် အလွန်ခက်ခဲတဲ့ ရွေးချယ်စရာတခုကတော့  လော့ဒေါင်းလို့ ယေဘုယျအားဖြင့် ပြောကြတဲ့ ဗျူဟာတရပ်အနေနဲ့ လူတွေကူးလူးသွားလာတာ မရှိအောင် ဒါမှမဟုတ်  လျော့နည်းအောင် ဆောင်ရွက်တဲ့၊ ကန့်သတ်ပိတ်ပင်တဲ့ အစီအမံတွေကို လုပ်မလား၊ မလုပ်ဘူးလားဆိုတဲ့  ရွေးချယ်မှုပါပဲ။  လော့ဒေါင်းဆိုတဲ့ စကားလုံးက ပြင်းထန်လွန်းတယ်ဆိုပြီး မကြိုက်သူတွေ ရှိပါတယ်။ ဒါပေမဲ့ အခုအခါမှာတော့  လော့ဒေါင်းဆိုတာဟာ ရောဂါကာကွယ်ရေးမှာ အလွန်ထိရောက်တဲ့ ဗျူဟာတခုဖြစ်ပြီး အသက်ပေါင်းများစွာကို ကယ်နိုင်တဲ့ လမ်းစဉ်မို့ နိုင်ငံပေါင်း ၁၁၀ ကျော်မှာ လက်ရှိကျင့်သုံးနေရပါတယ်။ နာမည်ဘာပဲခေါ်ခေါ် မဖြစ်မနေ ဆောင်ရွက်ရမယ့် လုပ်ငန်းဆိုတာ လက်ခံလုပ်ဆောင် လာကြရပါပြီ။ လော့ဒေါင်းရဲ့ အကျိုးဆက်တွေဖြစ်တဲ့ လူမှုရေး၊ စီးပွားရေး နိုင်ငံရေး ထိခိုက်ဆုံးရှုံးမှုတွေကိုလည်း မလွဲမသွေ ကြုံကြရ၊  ဖြေရှင်းကြရတာပါပဲ။

လော့ဒေါင်းကို လုပ်မယ်ဆိုပြန်ရင်လည်း ဘယ်တော့လုပ်မလဲ၊ ဘယ်လောက်ပီပီပြင်ပြင် လုပ်မလဲ ဆိုတဲ့ကိစ္စတွေ ရွေးချယ်ရပြန်ပါတယ်။ စောစောစီးစီး လုပ်မလား၊ စဉ်းစဉ်းစားစားနဲ့ နောက်မှ လုပ်မလား ဆိုတဲ့  ရွေးချယ်မှုက အစပါ။ တရုတ်မှာ လော့ဒေါင်းကို ဖြစ်နိုင်သလောက် စောစော လုပ်ခဲ့ပါတယ်။ လူ့အခွင့်အရေးတွေပါ အထိခိုက်ခံပြီး ပီပီပြင်ပြင် လုပ်ဆောင်ရတာတွေ ရှိခဲ့ပါတယ်။ ဒါပေမဲ့ အခုလိုဆောင်ရွက်ခဲ့တာကြောင့် အချိန်တိုအတွင်း  ရောဂါပြန့်ပွားမှုကို ထိန်းချုပ်ပြီး တရုတ်နိုင်ငံသား အများကြီးရဲ့ အသက်ကို ကယ်နိုင်ခဲ့တယ်။ ကမ္ဘာ့နိုင်ငံသားတွေရဲ့အသက်တွေလည်း တဖက်တလမ်းက ကယ်ရာရောက်တာပါပဲ။ အမေရိကနဲ့ ဥရောပမှာ ဖြစ်နှုန်း၊ သေနှုန်း များနေတာတွေဟာ  လော့ဒေါင်းစခဲ့တာ နောက်ကျလို့ဆိုတဲ့ ယူဆချက်တွေရှိနေပါတယ်။ တရုတ်မှာ  လော့ဒေါင်းကို စောစောလုပ်ခဲ့လို့၊ ပြင်းပြင်းထန်ထန်လုပ်ခဲ့လို့ စီးပွားရေးရပ်ဆိုင်းမှု သုံးလတာရှိခဲ့ ရပါတယ်။ အိုအီးစီဒီ (OECD) အဖွဲ့ရဲ့ ခန့်မှန်းချက်အရဆိုရင် လော့ဒေါင်း တလလုပ်ရရင် နိုင်ငံ့ ဂျီဒီပီ (GDP) နှစ် ရာခိုင်နှုန်း ဆုံးရှုံးနိုင်ပါတယ်တဲ့။ ဒါပေမဲ့ အဲသလို စောစောနဲ့ ပီပီပြင်ပြင် လုပ်ခဲ့လို့ အခုအခါမှာ တရုတ်ဟာ စီးပွားရေးလုပ်ငန်းတွေကို သုံးလအကြာမှာ မြန်မြန်ပြန်စနိုင်ပြီး ရပ်ဆိုင်းနေတဲ့ ကမ္ဘာကြီးရဲ့ လိုအပ်ချက်တချို့ကို  ဖြည့်ဆည်းရတဲ့ ဈေးကွက်ကိုတောင် လက်ဦးမိလာနိုင်တဲ့ အနေအထားပါ။ ဥရောပနဲ့ အမေရိကမှာ လော့ဒေါင်းနဲ့ ပိတ်ဆို့ဖို့ စီစဉ်တာနောက်ကျလို့ ရောဂါကူးစက်မှု အကျယ်တဝင့် ပြန့်သွားပြီး  ဖြစ်နှုန်းမြင့်၊  သေနှုန်းများရရုံသာမက စီးပွားရေး ထိခိုက်မှုတွေဟာ ခြောက်လကနေ တနှစ်အထိ ကြာနိုင်တယ်ဆိုတဲ့ ခန်းမှန်းချက်တွေ ရှိပါတယ်။ ဒါပေမဲ့ တဖက်က ပြန်ကြည့်မယ်ဆိုရင် ကိုဗစ်-၁၉ ခြေကုပ်ယူနေစဉ်ကာလ လူနာတွေ တဖွဲဖွဲမမြင်ကြရခင်မှာ လူထုအကျိုးဆိုတာထက် လူထုအကြိုက်လိုက်ရ၊ စီးပွားရေး ဦးစားပေးရ၊ အော်သံထွက်မှာ  ကြောက်နေရတဲ့ စနစ်တွေ၊ နိုင်ငံတွေမှာ လော့ဒေါင်း စောစောလုပ်ဖို့ ထိထိရောက်ရောက်လုပ်ဖို့ အစိုးရတွေ အတော်ကြီး အားမွေးရဲတင်းမှ  ဖြစ်နိုင်မှာပါ။

ဒီနေရာမှာ ရွေးချယ်ခွင့်ရှိသူ၊ ရွေးချယ်ဖို့တာဝန်ကျသူတွေက လော့ဒေါင်း လုပ်၊ မလုပ်ရွေးတာဖြစ်ပေမဲ့ ရလဒ်ကတော့ လူ့အသက်တွေနဲ့ စီးပွားရေးအကျိုးဆက်တွေပါ။ လော့ဒေါင်း မလုပ်ရင် လူတွေအများကြီး  သေဆုံးရမယ်။ စီးပွားရေးထိခိုက်မှု မရှိနိုင်ဘူးလို့တော့ ယူဆရပေမဲ့ တကမ္ဘာလုံး ရပ်တန့်နေချိန် ကိုယ့်စီးပွားကော ဘယ်လောက် ထိန်းထားနိုင်မလဲ။ လော့ဒေါင်းလုပ်ရင် လူ့အသက်တွေ ကယ်နိုင်မယ်။ ဒါပေမဲ့ လတ်တလော စီးပွားရေး ထိခိုက်မယ်။ စီးပွားရေး၊ စားဝတ်နေရေး လတ်တလောထိရင် ဆန့်ကျင်မကျေနပ်မှုတွေ များလာနိုင်တယ်။ ဒါဆို နိုင်ငံရေးပါ ထိလာမယ်ပေါ့။ ဒီနေရာမှာတော့ တဖက်က ပြတ်ပြတ်သားသား လုပ်ရင်း၊ တဘက်ကလည်း အများရဲ့ လိုအပ်ချက်တွေ အချိန်မီဖြည့်ဆည်း၊ လူထုကို တိကျရှင်းလင်း လေးစားစွာ  ဆက်သွယ်ပေးနေရတာကလည်း  ဆုံးဖြတ်ရသူတွေရဲ့ အရေးပါတဲ့ တာဝန်တရပ်ပါ။ ဒါကို ထိထိမိမိလုပ်နိုင်တဲ့  ခေါင်းဆောင်တွေကို လူထုကလက်ခံတာမို့  လော့ဒေါင်း လုပ်ရကျိူးနပ်မယ်။  နိုင်ငံရေးအရလည်း အထိအခိုက် နည်းပါမယ်။ ခုအချိန်မှာ နိုင်ငံအများစုဟာ နိုင်ငံသားတွေရဲ့ အသက်ကိုကာကွယ်ဖို့ လော့ဒေါင်းဗျူဟာကို ရွေးခဲ့ကြရပါပြီ။

အုပ်ချုပ်စီမံရသူတွေအတွက် နောက်တမျိုး ရွေးချယ်ဖို့ပေါ်ခဲ့တာကတော့ အတော်လက်တွေ့ကျကျ၊ ပြတ်သား ရက်စက်ရတဲ့ တခုပါ။ ကံကောင်းတာက ခုထိတော့ နိုင်ငံအများအပြားမှာ ဒီဆုံးဖြတ်ချက်ကို  ရွေးချယ်စရာ မလိုသေး၊ မလိုခဲ့တာပါပဲ။ ၂၀၂၀ မတ် အလယ်လောက်ရောက်တော့ အီတလီနိုင်ငံမှာ အရေးပေါ်ဌာနတွေကို ကိုဗစ်-၁၉ လူနာတွေ တပြိုင်ထဲ အများကြီး ရောက်လာနေပါပြီ။ ရောက်လာတဲ့အထဲမှာလည်း အဆုတ်အတော်ထိခိုက်ထားသူတွေ များပါတယ်။ ပြည့်စုံတဲ့နိုင်ငံလည်းဖြစ်၊ ဥရောပတခွင်မှာ တန်းစီရင်တောင် အထက်ပိုင်းမှာရှိလို့ ကျန်းမာရေးစနစ် အားကောင်းခိုင်မာပြီး အရေးပေါ်အခြေအနေအတွက် အသင့်ဖြစ်ပါတယ်ဆိုတဲ့ အနေအထားရှိခဲ့တဲ့ အီတလီမှာ လူတသိန်းအတွက် အထူးကြပ်မတ်ကု ခုတင် ၁၂ ဒသမ ၅ လုံး ရှိနေတဲ့ တိုင်းပြည်မျိုးမှာတောင် အသက်ရှူစက် (ventilator) မလုံလောက်မှုကို သွေးပျက်စရာ ကြုံတွေ့ခဲ့ရပါတယ်။ လူနာတွေ ထပ်ထပ်ဝင်၊ အသက်ရှူစက်တွေ ထပ်ထပ်လိုလာလို့ စက်အသစ်တွေ တိုးထုတ်လုပ်၊ တခြားနိုင်ငံတွေဆီကနေ လိုက်ဝယ်ဖို့ ကြိုးစား စတာတွေ လုပ်ခဲ့ပေမဲ့ ဘယ်လိုမှ အလျဉ်မမီတော့လို့ နောက်ဆုံး အရေးပေါ် လမ်းညွှန်ချက်တခု ပြုခဲ့ရပါတယ်။  ကိုဗစ်-၁၉ နဲ့ ဆေးရုံတွေကို ရောက်လာတဲ့လူနာတွေမှာ အသက်ရှူစက်နဲ့ တတ်ဆင်ကုသပေးရမယ့် အခြေအနေဆိုရင် အသက် ၆၀ အောက်တွေကိုသာ ကုသပေးဖို့ပါ။ ဒီလမ်းညွှန်ချက်ဟာ ကြားလိုက်ရုံနဲ့ စိတ်နှလုံး မချမ်းမြေ့ရရုံသာမက မေးခွန်းမျိုးစုံ၊ အငြင်းပွားမှုအဖုံဖုံကို ပေါ်ပေါက်စေခဲ့ပါတယ်။ သာမန်အချိန်မျိုးမှာပြောမိရင် လူမဆန်ဘူးရယ်လို့ စွပ်စွဲပြီး ရုံးတင်ခံရမှာပေမဲ့ တကယ်အခက်ကြုံလာရချိန်မှာတော့ မဖြစ်လွန်းလို့ ခေတ္တခဏ လုပ်ခဲ့ရတဲ့ ‘ကမ္ဘာမီးလောင် ဘိုးဘွားတောင် ချနင်း’ ဖြစ်ရပ်တခုပါ။ လူငယ်တွေကို ကုသပေးရင် ပြန်ကောင်းဖို့ အသက်ရှင်ဖို့ အခွင့်အလန်း ပိုများတယ်။ လူငယ်တွေက လောကလူ့ဘောင်ကို အကျိုးပြုဖို့ အချိန်လည်း ပိုရနိုင်တယ်လို့လည်း  စဉ်းစားပုံပါပဲ။ ဒီတခုကတော့ ရက်စက်ရင်နင့်စွာ ရွေးရခြင်းပါ။ လူငယ်ကိုရွေးလို့ လူကြီးတွေကို လက်လွှတ် ထွက်ခွာစေခဲ့ရတာ မျိုးပါ။

မြန်မာနိုင်ငံလို ဖွံ့ဖြိုးဆဲတိုင်းပြည်တခုမှာဆိုရင် ဒီအသက်ရှူစက်ပြဿနာက ပုံစံတမျိုးဖြစ်နိုင်ပါသေးတယ်။ အနောက်တိုင်းနိုင်ငံတွေမှာ တွေ့နေရတဲ့ နှုန်းမျိုးနဲ့သာ ကူးစက်ပျံ့နှံ့လာခဲ့မယ်ဆိုရင် အသက်ရှူစက်တွေ အလုံအလောက်ရှိဖို့ မလွယ်ပါဘူး။ ဝယ်ယူရရှိနိုင်လို့၊ လှူဒါန်းခဲ့ကြလို့ စက်တွေ အလုံအလောက်ရှိခဲ့ရင်တောင် စက်တွေကိုကိုင်တွယ်မယ့် ပညာရှင် အလုံအလောက် အချိန်မီမွေးထုတ်ဖို့ ခက်နိုင်ပါတယ်။ ဒီလိုအခါမျိုးမှာ ရှိထားတဲ့ရန်ပုံငွေတွေကို တလုံး သိန်းရာချီကုန်တဲ့ အသက်ရှူစက်တွေ ဝယ်မယ့်အစား အောက်ဆီဂျင်ပေးတဲ့စနစ်တွေကို ပိုမိုအားကောင်းအောင်၊ နေရာအများအပြားမှာ ရနိုင်အောင် ဆိုတာမျိုးတွေ ဦးစားပေးဖြည့်ဆည်းဖို့ အကြံပြုတာတွေ ရှိပါတယ်။ ခုထက်ပိုပြီးတော့ လူတွေအများကြီးကို ပိုး ရှိ၊ မရှိ စစ်ဆေးတာ၊ ရှိသူတွေကို ကွာရန်တင်းကောင်းကောင်းလုပ်တာ၊ ထိစပ်မှုရှိခဲ့တဲ့သူတွေကို လိုက်ရှာ၊ ဆက်မပြန့်အောင် ထိန်းသိမ်းတာတွေ (test, trace and contain) လုပ်ဖို့က ပိုအရေးကြီးတယ်လို့ ဆိုပါတယ်။ ပီပီအီး (PPE) လို့ခေါ်တဲ့ ကူးစက်ရောဂါကာကွယ်ရေးဝတ်စုံတွေ အလုံအလောက် ရနေဖို့၊ မပြတ်လပ်စေဖို့ စတဲ့ ကိစ္စတွေမှာသာ ရန်ပုံငွေတွေကို အဓိကသုံးသင့်တယ်လို့ အကြံပြုတာလည်း ရှိပါတယ်။

ဆေးရုံတွေ စီမံအုပ်ချုပ်ရာမှာလည်း ရွေးရတာရှိလာပြန်ပါတယ်။ ဆေးရုံအားလုံးကို ကိုဗစ်လူနာတွေ လှိမ့်ဝင်လာနေချိန်မှာ အခြားလူနာအမျိုးမျိုးအတွက် ပြစရာ၊ ကုစရာ နေရာရှားပါးလာတာပါပဲ။ ထိုင်းနိုင်ငံရဲ့ ရှေးအကျဆုံးနဲ့ အကြီးဆုံး ဆေးရုံတခုဖြစ်တဲ့ ဘန်ကောက်မြို့က ခုတင် နှစ်ထောင့်သုံးရာဆံ့  ဆီရီရာ့ဂျ်  ဆေးရုံကြီးမှာ ကြိတ်ကြိတ်တိုး လာပြနေကျ လူနာတွေဟာ ခုတော့ သုံးပုံ တပုံလောက် လျော့နည်းသွားရပါတယ်။ ဆေးရုံရဲ့ တစိတ်တပိုင်းကို ကိုဗစ်လူနာ လက်ခံဖို့ ပြောင်းလဲပြင်ဆင်ခဲ့ရတယ်။ နေရာသာမက လူ၊ ပစ္စည်းကိရိယာ စတာတွေပါ လွှဲပြောင်းလိုက်ရတော့ တခြားရောဂါ ကုသရေးတွေမှာ အားလျော့လာရတယ်။ လူနာတွေကို တော်ရုံနဲ့ ဆေးရုံမလာဖို့ ညွှန်ကြား၊ အများအားဖြင့် ဖုန်းနဲ့ဖြေရှင်း၊ အရေးပေါ်မဟုတ်တဲ့ ခွဲစိတ်စရာတွေဆို နောက်ဆုတ်၊ ရက်ချိန်းတွေရွှေ့ လုပ်ကြရတယ်။ လူနာတွေကလည်း ရောဂါကူးမှာ ကြောက်လို့၊ ဆရာဝန်တွေ ပင်ပန်းအလုပ်ပိုမှာ စိုးလို့၊ ရက်ချိန်းရဖို့ ခက်လာလို့၊ သေသေချာချာကြည့်ပေးနိုင်တော့မှာ မဟုတ်လောက်တော့ဘူး ထင်လို့ စတဲ့အကြောင်းတွေကြောင့် ဆေးရုံကို အရင်ကလောက် မလာကြတော့ပါဘူး။ အချိန်ဆိုင်းလို့မရတဲ့ အရေးပေါ်ကိစ္စ၊ ဥပမာ ကင်ဆာရောဂါ ကုသမှုမျိုးလောက်ကလွဲလို့ပါ။ မြန်မာနိုင်ငံမှာလည်း ကိုဗစ်မဟုတ်တဲ့ တခြားဝေဒနာရှင်တွေ အလားတူ အခက်ကြုံနေရတာတွေ ရှိပါတယ်။ ဒါကလည်း ဆေးရုံတွေက ရည်ရွယ်၍ဖြစ်စေ၊ မရည်ရွယ်ဘဲ ဖြစ်စေ ရွေးချယ်လိုက်ရတဲ့ လမ်းပါ။ အားလုံးရဲ့ရန်သူ ကိုဗစ်-၁၉ ကို ကိုင်တွယ် ဖြေရှင်းဖို့ ဦးစားပေးလိုက်ရလို့ တခြားရောဂါ ဝေဒနာရှင်တွေအားလုံး ဆုံးရှုံးလိုက်ကြရတဲ့ ပြသခွင့်၊ ကုသမှု ခံယူပိုင်ခွင့်တွေပါ။ ဘယ်လောက်ပဲ ဝိုင်းဝန်းဖေးမ စီစဉ်ပေးကြပေမဲ့  အခုလို ကုသမှုခံယူခွင့် ဆုံးရှုံးခဲ့ရတာတွေကြောင့် ရောဂါတိုးရသူ၊ အသက်ဆုံးရသူတွေ ရှိမှာမလွဲပါဘဲ။

အခုစဉ်းစားတင်ပြခဲ့တဲ့ ရွေးချယ်စရာလမ်း ဥပမာတွေဟာ လက်ရှိအချိန်မှာ မူဝါဒချမှတ်၊ စီမံဆုံးဖြတ်ရသူတွေရဲ့ မျက်မှောက်က ကိစ္စရပ်တွေပါ။ လက်ငင်းကြုံနေရတဲ့ တွန်းအား၊ ဖိစီးမှု၊ တာဝန် အပူအပင်တွေပါ။ အခု ဒါတွေ ဒီလောက်ဆိုးဆိုးဖြစ်နေရတဲ့ အကြောင်းရင်းတချက်ကတော့ ဟိုးတချိန်က ပြုလုပ်ခဲ့ကြတဲ့  ရွေးချယ်မှုတခုပါပဲ။ မြန်မာ အပါအဝင် နိုင်ငံအများအပြား မှားခဲ့ကြတဲ့ရွေးချယ်မှုလို့လည်း ဆိုနိုင်ပါမယ်။ ၂၀၁၅ ခုနှစ် တုန်းက စီစဉ်တင်ဆက်ခဲ့တဲ့ တက်တော့ (TED Talk) ဟောပြောပွဲတခုမှာ ဉာဏ်ကျယ် စေတနာရှင် သူဌေးကြီး ဘီလ်ဂိတ် (Bill Gates) က ‘ကမ္ဘာမှာ နောင်တချိန် ကျရောက်လာမယ့် အန္တရာယ်ဟာ အဏုမြူစစ်ပွဲမျိုးထက် ကူးစက်မြန် ဗိုင်းရပ်စ်ပိုးကြောင့် ပြန့်ပွားရတဲ့ ကပ်ရောဂါမျိုးသာ ပိုဖြစ်နိုင်ကြောင်း၊ အဲဒါကို ရင်ဆိုင်နိုင်ဖို့ ကျန်းမာရေးစနစ်တွေ အားကောင်းမောင်းသန် ရှိစေဖို့ စီစဉ်ထားသင့်ကြောင်း၊ အဲဒီလို ရောဂါတခု  ပေါ်ပေါက်ပြန့်ပွားလာခဲ့ရင် စောစောသိဖို့ စောင့်ကြည့်စနစ်တွေ၊ ထိန်းချုပ်ဖို့ ကုသဆေးနဲ့ ကာကွယ်ဆေးတွေ အလျင်အမြန်ဖော်ထုတ်နိုင်ဖို့ စီစဉ်ထားသင့်ကြောင်း’ တိုက်တွန်းခဲ့ဖူးတာ ရှိပါတယ်။ ဒါတွေကို ကမ္ဘာ့နိုင်ငံတွေက သိပ်ဂရုမစိုက်ခဲ့ကြပါဘူး။ ကျန်းမာရေးဆိုတာ နေမကောင်းမဖြစ်သေးသ၍ အရေးမကြီးတဲ့ ကိစ္စတခုလို့ လူတဦးချင်းနားလည်ထား သလို နိုင်ငံအများကလည်း ကျန်းမာရေးကိစ္စမှာ ဘယ်လိုချွေတာရမလဲ၊ စရိတ်သက်သာအောင် ဘယ်လိုစီမံရမလဲ ဆိုတာတွေကိုသာ ပညာရပ်တခု အနေနဲ့တောင် လေ့လာနေခဲ့ကြတာပါ။ ကျန်းမာရေး ဘတ်ဂျက်တိုးတောင်းရင် အမြဲတမ်းရလေ့မရှိပါဘူး။ ကျန်းမာရေးဆိုတာကို ရင်းနှီးမြှုပ်နှံခြင်းလို့မရှုမြင်ဘဲ ငွေယိုပေါက်ဌာနလို့ မြင်နေခဲ့တဲ့ စီမံခန့်ခွဲမှုတွေကလည်း ပုံမှန်လိုဖြစ်ခဲ့ပါတယ်။ ခုလို တကယ်တမ်း အကျပ်အတည်း ကြုံလာပြီဆိုတော့မှ၊ အင်း… ဒါလေး လုပ်ခဲ့ရင်ကောင်းသား၊ ဒီလိုလေးတော့ မလုပ်ဖြစ်ခဲ့တာ မှားတယ်… ဆိုတဲ့ အသိ ဝင်လာကြတာပါ။ မြန်မာနိုင်ငံလည်း ကျန်းမာရေးကဏ္ဍကို ဆယ်စုနှစ်တွေနဲ့ချီပြီး မေ့လျော့ထားခဲ့မိတဲ့အထဲ အပါအဝင်ပါပဲ။ နိုင်ငံအများစုအနေနဲ့ အတိတ်မှာ လုပ်ထားခဲ့တဲ့ ရွေးချယ်မှုတွေကြောင့် မျက်မှောက် အကျပ်အတည်းကို အင်ပြည့်အားပြည့်  ဖြေရှင်းဖို့ရာ မဖြစ်နိုင်တာကို ဖွံ့ဖြိုးဆဲနိုင်ငံတွေ မဆိုထားနဲ့ အမေရိက၊ ဥရောပလို ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာတောင်  ကြောက်မက်ဖွယ် မြင်တွေ့လာကြရပါတယ်။

ရှေးကပြီးခဲ့တာတွေ ရှိစေတော့။ သင်ခန်းစာယူရုံအပြင် ဘာမှမထူးတော့ဘူးရယ်လို့ စိတ်ထားနိုင်ခဲ့ရင်  ကိုဗစ်-၁၉ ကိစ္စ ပြင်ဆင်ကြရမှာက ဘာတွေဖြစ်မလဲလို့ စဉ်းစားကြည့်တဲ့အခါ ဘယ်ကဏ္ဍရယ်မှ မကျန်ရတာ သတိပြုမိကြပါတယ်။ ကိုဗစ်-၁၉ ကပ် ဘေးဟာ လူ့အသက်၊ လူ့ကျန်းမာရေးတွေတင် မကပါဘူး။ စီးပွား၊ အလုပ်အကိုင်နဲ့ အသက်မွေးမှု ကိစ္စတွေကိုလည်း တိုက်စားတယ်။ လူနေမှုဓလေ့ထုံးစံတွေကိုလည်း ကမောက်ကမ ဖြစ်စေပါတယ်။ ရောဂန္တရကပ်ရဲ့နောက်မှာ ဒုဗ္ဘိက္ခန္တရ… ကော၊ သတ္ထန္တရ… ပါ ကပ်ပါလာနိုင်တဲ့ အန္တရာယ်ကလည်း ရှိနေပြန်ပါ သေးတယ်။ ကျန်းမာရေးအတွက် ပြင်ဆင်စီစဉ်ရတာ အများဆုံးဆိုပေမဲ့ အုပ်ချုပ်ရေးကဏ္ဍကလည်း ဆောင်ရွက်စီမံရတာတွေ တပုံတပင်ပါ။ လူမှုဝန်ထမ်းဘက်လည်း ဝန်ပိတာရှိသလို စီးပွားကူးသန်း၊ ပို့ဆောင်ဆက်သွယ်၊ နိုင်ငံတကာရေးကစလို့ ဘယ်ကဏ္ဍ တခုမှ မကျန်ရအောင် ဆောင်ရွက်စရာတွေ များလှပါတယ်။  ရွေးချယ်စရာတွေလည်း တမျိုးပြီးတမျိုး ပေါ်ပေါက်လာနေမှာပါ။

ကိုဗစ်-၁၉ ကပ်ကို ကိုင်တွယ်ဖြေရှင်းရာမှာ အုပ်ချုပ်စီမံသူတွေအနေနဲ့ ရှေ့ကပြောခဲ့တဲ့ ရွေးချယ်ရတာတွေအပြင် တခြားရွေးချယ်စရာတွေ အများအပြားရှိနေသလို ထပ်လည်းပေါ်ပေါက်လာနိုင်ပါသေးတယ်။ ကျန်းမာရေးကိစ္စရော တခြားအရေးအရာတွေပါပေါ့။ ပုံမှန် ဝင်ငွေမရှိသူတွေကို ထောက်ပံ့တဲ့အခါ ငွေကြေး (cash) ပေးမလား၊ အစားအသောက်ပေးမလား။ လော့ဒေါင်း  ပြန်ဖွင့်ရင် ဘယ်လုပ်ငန်းတွေကို အရင်ပေးဖွင့် မလဲ။ စီးပွားရေးလုပ်ငန်းတွေ ရှင်သန်ပြန်လည်တိုးတက်လာအောင် ပံ့ပိုးမှု၊ သက်ညှာမှုတွေ ပေးအပ်တဲ့အခါ ဘယ်လုပ်ငန်းမျိုးကို ဦးစားပေးမလဲ။ နိုင်ငံတကာ ချေးငွေ အထောက်အပံ့တွေ ရှာမှာလား။ ပြည်တွင်း အရင်းအမြစ်တွေ ဖော်ထုတ်မှာလား။ ပုဂ္ဂလိကကဏ္ဍ၊ ပရဟိတကဏ္ဍတွေကို ဘယ်လို အသုံးပြုမလဲ။ ပြိုင်ဘက် အင်အားစုတွေနဲ့ ပူးပေါင်းဆောင်ရွက်မလား။ အမြင်မတင့်တယ်မှာမို့ ကိုယ့်လမ်းကိုယ်ပဲ လျှောက်မလား။ ကုသဆေး၊ ကာကွယ်ဆေး စတာတွေပေါ်ပေါက်လာခဲ့ရင် ဘယ်လိုလက်ဦးအောင် ရယူမလဲ၊ ဘယ်လောက်ဝယ်  မလဲ။  စောစောဝယ်မလား၊ စောင့်ပြီးဈေးသက်သာမှ ဝယ်မလား။ အမျိုးစုံ အမည်စုံ ရွေးချယ်ဆုံးဖြတ်စရာ၊ တွက်ချင့်ချိန်ဆစရာတွေ လာနေဦးမှာပါပဲ။

မြန်မာနိုင်ငံအတွက် ဒီကိုဗစ်-၁၉ အိမ်မက်ဆိုးက နိုးထနိုင်မယ့် အချိန်မှာလည်း အနာဂတ်အတွက် ရွေးချယ် စရာတွေရှိလာမှာပါ။ ကျန်းမာရေးအတွက် ရင်းနှီးမြှုပ်နှံမှုတွေ တိုးမလား၊ နေမြဲလား။ တိုးရင် ဘယ်အပိုင်းတွေမှာ ပိုသုံးမလဲ။ အရေးပေါ်အထူးကြပ်မတ် ကုသမှုစွမ်းရည်တွေကို ဘယ်လိုအားဖြည့်မလဲ။ ကျန်းမာရေးပညာရှင်တွေ  (ဆရာဝန်၊ သူနာပြုသာမက၊ ကျန်းမာရေး ဘက်ဆိုင်ရာ အင်ဂျင်နီယာ စတဲ့ ပညာရှင်အမျိုးမျိုး)ကို ဘယ်လို ဘယ်လောက်လေ့ကျင့် မွေးထုတ်ထားမလဲ။ ဘယ်ပစ္စည်းကိရိယာ၊ ဘယ်လိုစနစ်တွေ ထူထောင်မလဲ။  ဆေးဝါးနဲ့ ကိရိယာတွေကို ဝယ်ယူစားသုံးတဲ့ နိုင်ငံအဖြစ်ပဲ ရပ်တည်မလား၊ ကိုယ်က ထုတ်လုပ်ရောင်းချတဲ့နိုင်ငံ လုပ်မလား။ ဘယ်အစိုးရတက်တက်၊ ဘာစီးပွားရေးစနစ်ကျင့်သုံးသည်ဖြစ်စေ နိုင်ငံတဝန်းအတွက် ဖူလုံတဲ့ ကျန်းမာရေး ပဒေသာပင် ဗဟိုရန်ပုံငွေတရပ် ဘယ်လိုနည်းနဲ့ ထူထောင်မလဲ။ လူတိုင်းကို လွှမ်းခြုံမှုပေးနိုင်တဲ့ ကျန်းမာရေး စနစ် (universal health coverage) တရပ် ဘယ်လိုတည်ဆောက်မလဲ။ ဘယ်လို ဥပဒေနဲ့ ကျားကန်မလဲ။ ဒီ ရွေးချယ်မှုတွေကို ယူခဲ့ပြီးသား သင်ခန်းစာ၊ ကိုဗစ်-၁၉ ကြောင့် ရခဲ့တဲ့ အတွေ့အကြုံတွေအပေါ် အခြေခံပြီး လုပ်ကြဖို့တာဝန်ဟာ မူဝါဒချမှတ် စီမံခန့်ခွဲသူတွေသာမက နိုင်ငံသားအားလုံး အပေါ်မှာပါ ကျရောက်နေတယ်လို့ မမှတ်ယူရင် သေဆုံးခဲ့ရတဲ့ အသက်တွေ၊ ထိခိုက်ခဲ့ရတဲ့ စီးပွားရေးတွေ အဟောသိကံ ဖြစ်သွားနိုင်ပါတယ်။ ဆုံးဖြတ်ပိုင်ခွင့်အာဏာ တဒေါ်လာ၊ တမက်ဂါဘိုက်မှ မရှိပါဘူးလို့ ကိုယ့်ကိုယ်ကိုယ် သတ်မှတ်ခဲ့ရင်တောင်မှ ‘လိုက်’ ပေးတာ၊ ‘ဟဟ’ ပေးတာကစလို့၊ ‘ပို့စ်’ တင်တာ၊ ‘ရှဲ’ တာတွေရဲ့ အားနဲ့ပါ တွန်းအားပေးနိုင်တဲ့ ခေတ်မှာ ရွေးချယ်မှုတွေအတွက် ဆန္ဒပြုကြဖို့ တာဝန်ရှိပါတယ်။ အားလုံးကို ‘လူကြီးတွေ စီမံတဲ့အတိုင်း’ အမြဲ ထားထားဖို့ မသင့်တော့ပါဘူး။

နေတိုး ရွေးချယ်ခဲ့တာမှာ ပုဂ္ဂလိက စိတ်ခံစားချက်တွေပဲ ထိခိုက်ဆုံးရှုံးကြရတာပါ။ တကယ်တော့ ဘယ်မင်းသမီးလေးနဲ့ပဲ ပေါင်းရ၊ ပေါင်းရ အဆင်ပြေပါတယ်။ စိတ်ခံစားကြေကွဲရဦးတော့ ဒါ အရသာတခုပါ။ လူထုအများရဲ့ အသက်နဲ့ ဘဝတွေအတွက် ရွေးချယ်ဆုံးဖြတ်ကြရာမှာတော့ အလျော်အစား ကြီးမားလှလို့ ရင်ခုန်စိတ်လှုပ်ရှားစွာ စောင့်ကြည့်နေကြရဦးမှာပါ။ အခုတလော ညတိုင်း အားလုံးစောင့်ကြည့်နေကြရတဲ့ ကိန်းဂဏန်းတွေက စိတ်ဝင်စားစရာတွေ၊ နမိတ်ပုံတွေဖြစ်သလို ရွေးချယ်ဆုံးဖြတ်လုပ်ဆောင်ချက်တွေဟာလည်း  စိတ်လှုပ်ရှားစရာ၊ စိတ်မောစရာ၊ အားရစရာတွေ ဖြစ်ပါတယ်။ ကြုံနေရတဲ့၊ ကြုံလာဦးမယ့် ကိုဗစ်-၁၉ ကိုင်တွယ် ဖြေရှင်းရေးလုပ်ငန်းတွေမှာ တဦးချင်းရော၊ အဖွဲ့အစည်းတွေနဲ့ စီမံခန့်ခွဲသူတွေပါ  ဘက်စုံအောင် တွက်ချက်ပြီး ဆုံးရှုံးမှုအနည်းဆုံးနဲ့ မှန်ကန်စွာ ဆုံးဖြတ်ရွေးချယ်နိုင်ကြပါစေ… လို့။

ကိုးကားစာရင်း

– Buck, Tobias Buck and Ghiglione, Davide (2020), European Countries Search for Ventilators as Virus Cases Surge, The Financial Times, 15 March.

– Gates, Bill (2015), The Next Outbreak? We’re Not Ready, TED Talk, 3 April.

– Jin, Keyu (2020), Covid-19: Hard Choices, Valdai Discussion Club, 7 April.

– Sheng, Andrew (2020), Four Hard Choices in Covid War, The Straight Times, 19 April.

– Wipatayotin, Apinya and Mala, Dumrongkiat (2020), Hospitals Face Hard Choices Amid Pandemic, The Bangkok Post, 15 April.

Dr Sid Naing

ဒေါက်တာစစ်နိုင်သည် Marie Stopes International ၏ မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူးဖြစ်သည်။

Related article
မြန်မာနိုင်ငံနှင့် ကိုဗစ်ကာကွယ်ဆေး ထိုးနှံနိုင်မှု အလားအလာ

မြန်မာနိုင်ငံနှင့် ကိုဗစ်ကာကွယ်ဆေး ထိုးနှံနိုင်မှု အလားအလာ

မြန်မာနိုင်ငံက အခုအချိန်မှာ လူပေါင်း ၁ ဒသမ ၇ သန်းကို ကာကွယ်ဆေး ထိုးနှံ ပြီး…

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါနှင့်  လော့ခ်ဒေါင်းမှတ်စု  (လော့ခ်ဒေါင်းနှင့်အတူနေထိုင်ခြင်း)

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါနှင့် လော့ခ်ဒေါင်းမှတ်စု (လော့ခ်ဒေါင်းနှင့်အတူနေထိုင်ခြင်း)

လော့ခ်ဒေါင်းချ ဆောင်ရွက်တဲ့ အခါမှာ ဆင်းရဲတဲ့အိမ်ထောင်စုတွေ၊ အလုပ်အကိုင် ဆုံးရှုံးသွားသူတွေ၊ ချို့တဲ့အားနည်းတဲ့ လူတွေအတွက်လည်း အဓိကစဉ်းစားပေးပြီး ကုစားရေး…

တရုတ်နိုင်ငံ၏ ကိုဗစ်-၁၉ကာကွယ်ဆေး သံတမန်လှုပ်ရှားမှုနှင့် မြန်မာနိုင်ငံအတွက် အလားအလာ

တရုတ်နိုင်ငံ၏ ကိုဗစ်-၁၉ကာကွယ်ဆေး သံတမန်လှုပ်ရှားမှုနှင့် မြန်မာနိုင်ငံအတွက် အလားအလာ

တရုတ်နိုင်ငံဟာ ကာကွယ်ဆေးကို အများကောင်းကျိုးအဖြစ် အသုံးပြုမယ်၊ မြန်မာနိုင်ငံစတဲ့ မိတ်ဖက်နိုင်ငံတွေကို ဦးစားပေးဖြန့်ဝေမယ် ဆိုတာဟာ စေတနာကောင်းရင်တောင် လက်တွေ့…

Discussion about this post

Leave a Reply

Your email address will not be published. Required fields are marked *

Type your search keyword, and press enter to search