Menu & Search

COVID-19 နဲ့ ကုသ ကာကွယ်ဆေး မျှော်လင့်ချက်

May 5, 2020

လက်ရှိအချိန်ထိ ကိုဗစ်ကို ကုသဖို့အတွက် ဆေးရော၊ ကာကွယ်ဆေးရော မရှိသေးပါဘူး။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့အပါအဝင် ဘယ်နိုင်ငံမှာမှ ကုသဖို့အတွက်ရော ကာကွယ်ရေးအတွက်ပါ ၁၀၀ ရာခိုင်နှုန်း အကျိုးရှိ ထိ ရောက်တယ်ဆိုတဲ့ စံနှုန်းတွေမရှိသေးပါဘူး။ အများအားဖြင့်တော့ အောက်ဆီဂျင်ပေးတာ၊ ရောဂါလက္ခဏာ ပျောက်ကင်းစေဖို့အတွက် လိုအပ်တဲ့ ဆေးဝါးတွေပေးတာနဲ့ ဆိုးရွားတဲ့လူနာတွေမှာ အသက်ရှူစက်တပ်တာ တွေကိုပဲ စံကုထုံးတွေအဖြစ် အသုံးပြုနေပါသေးတယ်။

 

ကုသဆေးမျှော်လင့်ချက်            

ကိုဗစ်ကို ကုသဖို့အတွက် လောလောဆယ်မှာ ကျင့်သုံးနေတဲ့ အဓိကနည်းလမ်း နှစ်မျိုးရှိပါတယ်။

 

(က)။ ဗိုင်းရပ်စ်သတ်ဆေးများ

ခန္ဓာကိုယ်ထဲမှာ ဝင်ရောက်နေတဲ့ ကိုဗစ်ဗိုင်းရပ်စ်တွေကို သတ်ဖို့အတွက် ဗိုင်းရပ်စ်သတ်ဆေးတွေကို အသုံး ပြုနိုင်ပါတယ်။ လက်ရှိအချိန်အထိ ကိုဗစ်ကိုကုသဖို့အတွက် အပြည့်အစုံအသုံးချလို့ရတယ်ဆိုတဲ့ ဆေးဝါး မရှိ သေးဘူးဆိုတာကိုတော့ ထပ်ပြီးပြောပါရစေ။ ဒါပေမဲ့ လူသားစမ်းသပ်မှုတွေပြုလုပ်နေပြီး အစွမ်းထက်နိုင် တယ်လို့ မျှော်လင့်ချက်ရှိတဲ့ ဗိုင်းရပ်စ်သတ်နိုင်တဲ့ဆေးတွေတော့ ရှိပါတယ်။

၁။ ကလိုရိုကွင်း သို့မဟုတ် ဟိုက်ဒရိုဆီကလိုရိုကွင်း (Chloroquine or Hydroxychloroquine)

ကလိုရိုကွင်းဟာ ဗိုင်းရပ်စ်ကို သတ်ဖို့အတွက် အသုံးပြုနိုင်တယ်ဆိုတဲ့ ယူဆချက်တွေရှိပါတယ်။ အရင်ကလည်း ဗိုင်းရပ်စ်တွေကိုသတ်ဖို့အတွက် ကလိုရိုကွင်းကို စမ်းသပ်ကြည့်ခဲ့ဖူးပေမဲ့ မအောင်မြင်ခဲ့ပါဘူး။ ဓာတ်ခွဲခန်းစမ်းသပ်မှုတွေမှာ ကလိုရိုကွင်းဟာ ဗိုင်းရပ်စ်ရဲ့ မျိုးပွားမှုကို တားဆီးပေးနိုင်တယ်လို့ တွေ့ရှိရပါတယ်။ ကလိုရိုကွင်းနဲ့ပတ်သက်လို့ ကိုဗစ်ရောဂါပိုးရှိတဲ့သူတွေကို ပြုလုပ်တဲ့ စမ်းသပ်မှုတချို့မှာလည်း ရောဂါရဲ့  သက်ရောက်မှုကြာချိန်နဲ့ ရောဂါမဆိုးရွားအောင် ကာကွယ်ပေးနိုင်တယ်ဆိုတဲ့ တွေ့ရှိချက်တွေ ရှိပါတယ်။ ဒါပေမဲ့ ကြီးမားတဲ့ စမ်းသပ်မှုတွေ ပြုလုပ်တဲ့အခါမှာတော့ ကလိုရိုကွင်းဟာ ထင်သလောက် အစွမ်းမထက်တာကို တွေ့ရှိရတဲ့ အချက်အလက်တွေလည်းရှိပါတယ်။ ပြီးတော့ ကလိုရိုကွင်းဟာ ဘေးထွက်ဆိုးကျိုးများတဲ့အတွက် အသုံးပြုမယ်ဆိုရင် စနစ်တကျစောင့်ကြည့်ကုသမှု လိုအပ်ပါတယ်။ ကလိုရိုကွင်းကို အသုံးပြုလို့ ရမရဆိုတာနဲ့ပတ်သက်ပြီး ထပ်ပြီးလေ့လာနေတဲ့အတွက် ဒီဆေးဟာ ဘယ်လိုအသုံးဝင်တယ်၊ ဘယ်လောက်ထိအသုံးပြုနိုင်တယ်ဆိုတာတွေကို ဆက်ပြီးစောင့်ကြည့်ရပါဦးမယ်။

၂။ ရမ်ဒက်စ်စီဗာ (Remdesivir)

နာမည်ကြီးနေတဲ့ ဗိုင်းရပ်စ်သတ်ဆေးပါ။ သူဟာ nucleotide analog အမျိုးအစားဖြစ်ပြီး RNA ဗိုင်းရပ်စ် တွေကို နှိမ်နင်းတဲ့နေရာမှာ အစွမ်းထက်တယ်လို့ တွေ့ရှိရပါတယ်။

ဒီဆေးဟာ အီဘိုလာဗိုင်းရပ်စ်ကို သတ်ဖို့အတွက် ထုတ်လုပ်ထားတာ ဖြစ်ပေမဲ့ သူ့ထက် အစွမ်းထက်တဲ့ ဗိုင်းရပ်စ်သတ်ဆေးတမျိုး ပေါ်လာတဲ့အတွက် ဆက်မသုံးဖြစ်ခဲ့ပါဘူး။ ဒီဆေးဟာ ကိုဗစ်ရဲ့ရှေ့က မျိုးနွယ်တူ ဗိုင်းရပ်စ်တွေဖြစ်တဲ့ SARS နဲ့ MERS ဗိုင်းရပ်စ်တွေကို သတ်တာမှာ ထိရောက်မှုရှိတယ်ဆိုတဲ့အကြောင်း တိရစ္ဆာန်အသုံးပြု စမ်းသပ်မှုတွေကနေ တွေ့ရှိထားတယ်။ ဒီဆေးကို ကိုဗစ်ကူးစက်ခံရတဲ့ လူနာတချို့မှာ အသုံးပြုဖူးခဲ့ပြီး ဝေဒနာသက်သာလာမှုတွေ မြင်တွေ့ခဲ့ရပါတယ်။ ဒါပေမဲ့ အဲဒီလိုသက်သာလာတာက ဆေးကြောင့််ပဲလားဆိုတာကိုတော့ အတိအကျ သက်သေပြလို့မရပါဘူး။

ဒီဆေးကလည်း ဗိုင်းရပ်စ်ရဲ့ မျိုးပွားမှုကို တားဆီးပေးနိုင်တယ်လို့ ယူဆထားပါတယ်။ မတ်လကနေ စတင်ပြီး လူသားစမ်းသပ်မှုတွေပြုလုပ်ဖို့အတွက် ခွင့်ပြုချက်ပေးထားသလို စမ်းသပ်မှုတွေကိုလည်း စတင်ပြုလုပ်နေပါတယ်။ ဧပြီ ၁၃ ရက်က တွေ့ရှိတဲ့ လေ့လာချက်တခုမှာတော့ ဒီဆေးဟာ ကိုဗစ်ဗိုင်းရပ်စ်ရဲ့ မျိုးပွားမှုကို ထိထိရောက်ရောက်တားဆီးပေးနိုင်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် ဒီဆေးကလည်း မျှော်လင့်ချက်တခု ဖြစ်လာနိုင်ပါတယ်။

 

()။ ကိုယ်ခံအားအခြေပြု ကုထုံးများ

၁။ သွေးရည်ကြည်ကုထုံး

ကိုဗစ်ကို ကုသဖို့အတွက် နောက်ထပ်စမ်းသပ်နေတဲ့ ကုသနည်းလမ်းက သွေးရည်ကြည် ကုထုံးဖြစ်ပါတယ်။ ကိုဗစ်ကူးစက်မှုကနေ ပြန်လည်ကျန်းမာလာတဲ့သူတွေရဲ့ သွေးထဲမှာ ဗိုင်းရပ်စ်ကိုဆန့်ကျင်တဲ့ ပဋိပစ္စည်း (antibodies) တွေထွက်ရှိပါတယ်။ အဲဒီသွေးရည်ကြည်ကို အသုံးပြုပြီး ရောဂါကူးစက်ခံနေရသူတွေကို သွေး သွင်းကုသပေးလို့ရနိုင်ပါတယ်။ အရင်တုန်းကလည်း ဒီလိုကုသမှုမျိုးကို ပိုလီယို၊ ရေကျောက်နဲ့ SARS ရောဂါ တွေမှာ ကုသမှုပေးဖူးပါတယ်။

ဒီနည်းကိုအသုံးပြုတာမှာ အောင်မြင်မှုတချို့ရှိပေမဲ့ အသေအချာ စမ်းသပ်မှုတွေ မပြုလုပ်ရသေးပါဘူး။ မတ်လနှောင်းပိုင်းကနေစတင်ပြီး ဒီနည်းလမ်းကို ပြင်းထန်ဆိုးရွားနေတဲ့ ကိုဗစ်လူနာတွေမှာ အသုံးပြုဖို့ ခွင့်ပြုချက်ရရှိထားပါတယ်။

၂။ Interleukin inhibitors

နောက်ထပ် စမ်းသပ်နေတဲ့ဆေးနှစ်မျိုးက Interleukin-6 inhibitors နဲ့ Interleukin-1 inhibitos တို့ပါ။ သူတို့ကတော့ ကိုဗစ်ကြောင့်ဖြစ်တဲ့ အဆုတ်ပျက်စီးမှုတွေကို ကာကွယ်ပေးနိုင်တယ်လို့ ယူဆထားကြပြီး ရောဂါကို ပိုမဆိုးရွားလာအောင် ဟန့်တားပေးနိုင်တယ်လို့ ဆိုပါတယ်။ ဒီဆေးတွေဟာလည်း စမ်းသပ်မှုအဆင့်မှာပဲ ရှိပါသေးတယ်။

ကုသဆေးအနေနဲ့ အချုပ်ပြောရရင် မျှော်လင့်ချက်ရှိတဲ့ ဆေးဝါတွေရှိပေမဲ့ အားလုံးက မသေချာသေးတဲ့ အဆင့်မှာပဲရှိပါသေးတယ်။ ဆက်လက်ထွက်ရှိလာမယ့် စမ်းသပ်မှုအဖြေတွေကိုပဲ ဆက်စောင့်ရဦးမှာပါ။

 

ကာကွယ်ဆေးမျှော်လင့်ချက်

နောက်ထပ် မျှော်လင့်ချက်ကတော့ ကာကွယ်ဆေးပဲဖြစ်ပါတယ်။ ကူးစက်ရောဂါတွေဟာ ကုသဆေးတွေ့ရုံနဲ့ မပြီးပါဘူး။ ကာကွယ်ဆေးထွက်ရှိလာမှပဲ ကူးစက်မှုတွေ အဆုံးသတ်ပါတယ်။

 

(က)။ ကာကွယ်ဆေး ဘယ်လိုအလုပ်လုပ်လဲ

ရောဂါမှန်သမျှကို တိုက်ထုတ်ပေးနိုင်ဖို့အတွက် အရေးကြီးဆုံးစွမ်းဆောင်ရှင်က ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအား စနစ်ပါ။

ကာကွယ်ဆေး (vaccine) ဆိုတာကတော့ အဲဒီကိုယ်ခံအားစနစ်ကို စွမ်းအားပြည့်ဝနေအောင် ကြိုတင်ပြီး လေ့ကျင့်ပေးတဲ့အရာတွေပါ။

တုပ်ကွေးရောဂါကို ဥပမာ ကြည့်မယ်ဆိုရင် တုပ်ကွေးဖြစ်စေတဲ့ဗိုင်းရပ်စ်ပိုးက influenza ဗိုင်းရပ်စ်ပါ။ သူက ခန္ဓာကိုယ်ထဲကို ဝင်ရောက်လာချိန်မှာ ခန္ဓာကိုယ်က ဒီဗိုင်းရပ်စ်အကြောင်းကို ဘာမှန်းမသိသေးဘူး။ ဝင်လာ တဲ့အချိန်မှာလည်း ချက်ချင်းမတိုက်ထုတ်ဘူး။ စစ်ဆင်ရေးအရပြောမယ်ဆိုရင် အချက်အလက်တွေ စုဆောင်းမယ်။ ရန်သူ၊ မိတ်ဆွေ ခွဲမယ်။ ပြီးမှ အဆင့်အလိုက် ပြန်တုံ့ပြန်မယ်။ ဒါပေမဲ့ သူပြန်တုံ့ပြန်တဲ့အချိန်မှာ ဗိုင်းရပ်စ်က အင်အားကြီးနေပြီ၊ အများကြီးဖြစ်နေပြီဆိုရင် တိုက်ပွဲက ပြင်းထန်ပြီး ခန္ဓာကိုယ်က ဒဏ်ခံရတယ်။ အရမ်းဆိုးတဲ့အချိန်မှာ ကိုယ်ခံအားစနစ်က ရှုံးသွားတယ်။ အဲဒါဆိုရင်တော့ သေဆုံးတဲ့ အခြေအနေထိ ဖြစ်တတ်ပါတယ်။

တုပ်ကွေးကာကွယ်ဆေး (flu shot) ထိုးတဲ့အခါမှာကျတော့ ဒီကာကွယ်ဆေးထဲမှာ ဗိုင်းရပ်စ် တခုလုံး မဟုတ်ဘဲ တစိတ်တဒေသ ဒါမှမဟုတ် သူကထွက်တဲ့ ဓာတ်တမျိုးမျိုးပါတယ်။ လူကို အန္တရာယ်မပေးနိုင်တဲ့ အနေအထားဖြစ်အောင် ဖန်တီးယူထားတယ်။

အဲဒီဟာကို ခန္ဓာကိုယ်ထဲကို ထည့်သွင်းလိုက်တဲ့အခါ ကိုယ်ခံအားစနစ်က အဲဒီအကောင်ကို မှတ်မိသွားတယ်။ မှတ်မိသွားပြီးနောက်မှာ တကယ်လို့များ ဒီအကောင်ထပ်ဝင်လာရင်ဆိုတာတွေအတွက် ပြင်ဆင်ထား လိုက်တယ်။ တကယ်တမ်း တုပ်ကွေးဗိုင်းရပ်စ်လည်းဝင်လာရော အဆင့်တွေအများကြီး လုပ်နေစရာ မလိုတော့ဘဲ ဝိုင်းနှိမ်နင်းရုံပါပဲ။

အဲဒီတော့ ဗိုင်းရပ်စ်မှာလည်း အများကြီးမပွားနိုင်တော့ဘူး။ ခန္ဓာကိုယ်ကိုလည်း ဒုက္ခမပေးတော့ဘူး။ တုပ် ကွေးလည်း မဖြစ်တော့ဘူး။ ဒါပေမဲ့ ကိုယ်ခံအားစနစ်ရဲ့ အလုပ်လုပ်ပုံက တိကျပါတယ်။ တုပ်ကွေးဗိုင်းရပ်စ် ကာကွယ်ဆေးထိုးထားရင် ကိုယ်ခံအားစနစ်က တုပ်ကွေးဗိုင်းရပ်စ်ကိုပဲ မှတ်မိမယ်။ တခြားဗိုင်းရပ်စ်တွေကို မမှတ်မိဘူး။

 

(ခ)။ ကာကွယ်ဆေးဘယ်လိုထုတ်ရလဲ

ကာကွယ်ဆေးထုတ်ဖို့အတွက် အဆင့် ၇ ဆင့်ကို ဖြတ်သန်းရပါတယ်။

၁။ ကာကွယ်ဆေးပြုလုပ်မယ့် ပင်မပစ္စည်းကို စမ်းသပ်ရှာဖွေခြင်း (Exploratory stage)

ဒီအဆင့်မှာက ကာကွယ်ဆေးကို ဘယ်အရာနဲ့ ပြုလုပ်လို့ရမလဲဆိုတာကိုရှာဖွေတယ်။ ဥပမာ အားနည်းအောင် လုပ်ထားတဲ့ ဗိုင်းရပ်စ်အကောင်လိုက် (ဥပမာ ပိုလီယိုကာကွယ်ဆေးလိုမျိုး) သုံးမလား။ ဗိုင်းရပ်စ်က ထွက်ရှိတဲ့ အဆိပ်အနည်းငယ်ကိုသုံးမလား။ ဗိုင်းရပ်စ်ရဲ့ တစိတ်တဒေသကို သုံးမလားဆိုတာတွေကို ရှာ ဖွေစမ်းသပ်ပါတယ်။ ပုံမှန်အားဖြင့်ဆိုရင်တော့ နှစ်နှစ်ကနေ လေးနှစ်လောက် ကြာပါတယ်တဲ့။

၂။ ဓာတ်ခွဲခန်းမှာ စမ်းသပ်ခြင်း (Pre-clinical stage)

ဒီအဆင့်မှာတော့ ဓာတ်ခွဲခန်းထဲမှာ အသားမျှင် တစ်ရှူးတွေ မွေးမြူပြီး စမ်းသပ်တာဖြစ်ဖြစ် တိရိစ္ဆာန်တွေကို အသုံးပြုပြီး စမ်းသပ်တာဖြစ်ဖြစ် လုပ်ပါတယ်။ ဘာနဲ့ကာကွယ်လဲ သိနေပြီပဲ၊ တခါတည်းထိုးပါတော့လားဆိုပြီး လုပ်လို့မရဘူး။ ဒီကာကွယ်ဆေးက တကယ်အလုပ်ဖြစ်ရဲ့လား။ ဘယ်လောက်ထိ အလုပ်ဖြစ်လဲ။ ကိုယ်ခံအားစနစ်ကို ဘယ်လောက်ထိနှိုးဆွပေးနိုင်လဲ။ ဘယ်လောက် ပမာဏထိပေးရမလဲ အစရှိတာတွေကို သိဖို့လည်း လိုပါသေးတယ်။ ဒီအဆင့်က တနှစ်ကနေ နှစ်နှစ်လောက် ကြာမြင့်ပါတယ်။

၃။ လူသားတွေမှာ စမ်းသပ်ဖို့အတွက် ခွင့်ပြုချက်ရယူခြင်း (IND Application)

တိရိစ္ဆာန်တွေမှာစမ်းသပ်တာက အားရကျေနပ်လောက်တဲ့ ရလဒ်တွေ ပေးနိုင်ပြီဆိုရင် ကာကွယ်ဆေးကို ထုတ်လုပ်မယ့် ကုမ္ပဏီ၊ အဖွဲ့အစည်းက သက်ဆိုင်ရာ အာဏာပိုင်တွေဆီကို တွေ့ရှိထားတဲ့ ရလဒ်တွေ အောင်မြင်မှုတွေနဲ့အတူ လူသားတွေဆီမှာ စမ်းသပ်ဖို့အတွက် ခွင့်ပြုချက်ရယူရပါတယ်။ ဒီမှာ ခွင့်ပြုချက် ရပြီဆိုရင်တော့ ကာကွယ်ဆေးထုတ်လုပ်ဖို့အတွက် လူသားနဲ့ စမ်းသပ်လို့ရပါပြီ။

ကိုဗစ်စဖြစ်ကတည်းက ပိုးရဲ့မျိုးဗီဇကို ခွဲခြားပြီးသားဖြစ်ပြီး ကာကွယ်ဆေးထုတ်လုပ်ဖို့ကို အားသွန် နေကြတာက ဆေးပညာမှာ ထိပ်တန်းရောက်နေတဲ့ နိုင်ငံတိုင်းပါ။ အခုက ဓာတ်ခွဲခန်းစမ်းသပ်မှုတွေပြီးလို့ လူသားစမ်းသပ်မှုတွေဆက်လုပ်မယ့် အဆင့်ရောက်နေပါပြီ။ လေးလအတွင်းမှာ ရှေ့ကအဆင့်တွေ အရမ်းကို မြန်မြန်ဆန်ဆန်ဖြစ်သွားတယ်ဆိုတဲ့ သဘောပါ။

၄။ ပထမအဆင့် စမ်းသပ်ခြင်း (Phase I vaccine trials)

ဆယ်ဂဏန်းလောက်ရှိပြီး စေတနာ့ဝန်ထမ်းတွေပါဝင်တဲ့ လူအုပ်စုကို စတင်ပြီးစမ်းသပ်ပါတယ်။ ရည်ရွယ် ချက်က ဒီကာကွယ်ဆေးက ဘယ်လောက်ထိ စိတ်ချရလဲဆိုတာနဲ့ ဘယ်လောက်ထိ ကာကွယ်နိုင်လဲဆိုတာကို သိနိုင်ဖို့ပါ။ ကာကွယ်ဆေးထိုးထားတဲ့ သူတွေထဲက တချို့ကို ဗိုင်းရပ်စ်နဲ့ ထိတွေ့မှုရှိစေကြည့်ပြီး ကာကွယ် ဆေးက တကယ်အလုပ်ဖြစ်နိုင် မဖြစ်နိုင်ကို စမ်းသပ်ပါတယ်။

၅။ ဒုတိယအဆင့် စမ်းသပ်ခြင်း (Phase II vaccine trials)

တကယ်လို့ ပထမအဆင့်ရလဒ်တွေက အခြေအနေကောင်းနေတယ်ဆိုရင် နောက်အဆင့်တခုကို ဆက်တက် ပါတယ်။ ဒီအဆင့်မှာတော့ ရာနဲ့ချီတဲ့လူတွေကို စတင်စမ်းသပ်ပါပြီ။ ဘာလို့ အကြိမ်ကြိမ်စမ်းသပ်မှုတွေ လုပ်နေရတာလဲဆိုတော့ လူတွေရဲ့ကိုယ်ခံအားစနစ်နဲ့ ခန္ဓာကိုယ်ရဲ့ ဖွဲ့စည်းတုံ့ပြန်မှုတွေက မတူညီနိုင်တဲ့ အတွက်ကြောင့် အားလုံးအတွက် အဆင်ပြေမှ ပြေနိုင်ရဲ့လားဆိုတာကို သိနိုင်ဖို့ လိုအပ်လို့ပါ။ တော်ကြာ ကာကွယ်ဆေးထိုးပြီး ကိုဗစ်တော့မဖြစ်ဘဲ ကာကွယ်ဆေးကြောင့် ရုတ်တရက် သေသွားတာမျိုးလည်း ဖြစ်နိုင်ပါသေးတယ်။ လက်ရှိမှာ ကိုဗစ်အတွက် ကာကွယ်ဆေး စမ်းသပ်နေတာက လူရာနဲ့ချီစမ်းသပ်တဲ့ ဒုတိယအဆင့် လူသားစမ်းသပ်မှုဖြစ်ပါတယ်။

၆။ တတိယအဆင့် စမ်းသပ်ခြင်း (Phase III vaccine trials)

ဒုတိယအဆင့်မှာလည်း အောင်မြင်တယ် အားရကျေနပ်လောက်တဲ့ ရလဒ်တွေရှိတယ်ဆိုရင် တတိယ အဆင့်ကိုသွားပါတယ်။ ဒီအဆင့်မှာတော့ လူသောင်းဂဏန်းလောက် ပါဝင်ပါတယ်။ ကာကွယ်ဆေးက လူတိုင်းမှာ အကျိုးသက်ရောက်မှုရှိလားဆိုတာနဲ့ ဒုတိယအဆင့်မှာ မတွေ့လိုက်တဲ့ ရှားပါးတဲ့ ဘေးထွက် ဆိုးကျိုးတွေများ ရှိနိုင်မလားဆိုပြီးတော့ပါ။

၇။ ထုတ်လုပ်ဖို့ခွင့်ပြုခြင်း (Approval and licensure)

တတိယအဆင့်ကိုလည်း ကျေနပ်လောက်စရာ ရလဒ်တွေနဲ့ အောင်အောင်မြင်မြင် ကျော်ဖြတ်နိုင်ပြီဆိုရင် အများကြီးထုတ်လုပ်ဖို့အတွက် လိုင်စင်ချပေးပါတယ်။ ကိုဗစ်အတွက် ကာကွယ်ဆေးထိုးလို့ရပြီဆိုတာက ဒီအဆင့်ပြီးမှပါ။

ကာကွယ်ဆေးက ထုတ်ရတာ လွယ်ပေမယ့် လူတွေမှာ ဘေးအန္တရာယ်မရှိဘဲ အကျိုးသက်ရောက်မှု ရှိဖို့ဆိုတာက အချိန်အများကြီးပေးပြီး စမ်းသပ်လေ့လာရပါတယ်။ လူတိုင်းမှာ မတူညီတဲ့ တုံ့ပြန်မှုတွေ ရှိနိုင်တာကြောင့် လူထောင်သောင်းနဲ့ချီ စမ်းသပ်ပြီးမှ သိနိုင်တာမျိုးပါ။ ဒါတောင်မှ ကိုယ်က ကံဆိုးသူဆိုရင် လူအယောက်တသောင်းမှာ မဖြစ်ဘဲ ကိုယ့်ကျမှ လာဖြစ်တဲ့ တသန်းမှာ တယောက်ရှိနေတဲ့သူမျိုးလည်း ဖြစ်နေ နိုင်ပါသေးတယ်။

လောလောဆယ်တော့ ကာကွယ်ဆေးကို လူသားတွေဆီမှာ စတင်စမ်းသပ်နေတာ လေးခုရှိနေပြီး နောက်ထပ် ၆၆ ခုကတော့ ဓာတ်ခွဲခန်းမှာစမ်းသပ်မှုတွေ ပြုလုပ်နေပါတယ်။ လူသားစမ်းသပ်မှုတွေ လုပ်နေတဲ့ ကာကွယ် ဆေးတွေထဲမှာ တခုက ဒုတိယအဆင့် စမ်းသပ်ခြင်းကို ရောက်နေပြီလို့ဆိုပါတယ်။

ကံကောင်းတာတခုက ကိုဗစ်ဟာ သူ့နောင်တော်မျိုးတူဗိုင်းရပ်စ်တွေဖြစ်တဲ့ SARS နဲ့ MERS ရောဂါတွေနဲ့ ပုံသဏ္ဍာန်တူတာတွေရှိတာကြောင့် အဲဒီဗိုင်းရပ်စ်တွေအကြောင်း နားလည်ထားပြီးသား ဖြစ်နေတဲ့ သိပ္ပံပညာ ရှင်တွေအတွက် လုံးဝအစိမ်းသက်သက်ကြီး မဖြစ်နေတော့ဘူး။

ကာကွယ်ဆေး မျှော်လင့်ချက်ကတော့ လူသားစမ်းသပ်မှုတွေမှာ အန္တရာယ်ကင်းကင်းနဲ့ အောင်မြင်ပြီး အသုံးချနိုင်တဲ့ ကာကွယ်ဆေးဟာ အလွန့်အလွန်အစောဆုံးအခြေအနေက စက်တင်ဘာလောက်မှာ ရရှိနိုင်မှာ ဖြစ်ပြီး နောက်ကျရင်တော့ တနှစ်လောက် ကြာနိုင်ပါတယ်။

 

 

Dr Thurein Hlaing Win

ဒေါက်တာသူရိန်လှိုင်ဝင်းသည် Hello ဆရာဝန်ဝက်ဘ်ဆိုက်၏ တာဝန်ခံအယ်ဒီတာတဦး ဖြစ်ပါသည်။

Related article
မြန်မာနိုင်ငံနှင့် ကိုဗစ်ကာကွယ်ဆေး ထိုးနှံနိုင်မှု အလားအလာ

မြန်မာနိုင်ငံနှင့် ကိုဗစ်ကာကွယ်ဆေး ထိုးနှံနိုင်မှု အလားအလာ

မြန်မာနိုင်ငံက အခုအချိန်မှာ လူပေါင်း ၁ ဒသမ ၇ သန်းကို ကာကွယ်ဆေး ထိုးနှံ ပြီး…

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါနှင့်  လော့ခ်ဒေါင်းမှတ်စု  (လော့ခ်ဒေါင်းနှင့်အတူနေထိုင်ခြင်း)

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါနှင့် လော့ခ်ဒေါင်းမှတ်စု (လော့ခ်ဒေါင်းနှင့်အတူနေထိုင်ခြင်း)

လော့ခ်ဒေါင်းချ ဆောင်ရွက်တဲ့ အခါမှာ ဆင်းရဲတဲ့အိမ်ထောင်စုတွေ၊ အလုပ်အကိုင် ဆုံးရှုံးသွားသူတွေ၊ ချို့တဲ့အားနည်းတဲ့ လူတွေအတွက်လည်း အဓိကစဉ်းစားပေးပြီး ကုစားရေး…

တရုတ်နိုင်ငံ၏ ကိုဗစ်-၁၉ကာကွယ်ဆေး သံတမန်လှုပ်ရှားမှုနှင့် မြန်မာနိုင်ငံအတွက် အလားအလာ

တရုတ်နိုင်ငံ၏ ကိုဗစ်-၁၉ကာကွယ်ဆေး သံတမန်လှုပ်ရှားမှုနှင့် မြန်မာနိုင်ငံအတွက် အလားအလာ

တရုတ်နိုင်ငံဟာ ကာကွယ်ဆေးကို အများကောင်းကျိုးအဖြစ် အသုံးပြုမယ်၊ မြန်မာနိုင်ငံစတဲ့ မိတ်ဖက်နိုင်ငံတွေကို ဦးစားပေးဖြန့်ဝေမယ် ဆိုတာဟာ စေတနာကောင်းရင်တောင် လက်တွေ့…

Discussion about this post

  1. Like!! Thank you for publishing this awesome article.

Leave a Reply

Your email address will not be published. Required fields are marked *

Type your search keyword, and press enter to search