Menu & Search

နားလည်ရခက်သော ရန်သူအသစ်ကို ရင်ဆိုင်ခြင်း

May 5, 2020

မြန်မာနိုင်ငံသူ၊ နိုင်ငံသားများအပါအဝင် ကျနော်တို့ လူသားမျိုးနွယ်စုကြီးတခုလုံး လက်ရှိရင်ဆိုင် ကြုံတွေ့နေရတာက COVID-19 လို့ ခေါ်တဲ့ ကမ္ဘာ့ကပ်ရောဂါကြီးကိုဖြစ်စေခဲ့သော SARS-Cov-2 လို့ဆိုတဲ့ ကိုရိုနာ ဗိုင်းရပ်စ် အသစ်တမျိုး ဖြစ်ပါတယ်။ အဏုဇီ၀တွေထဲက သေးငယ်တဲ့ဒီဗိုင်းရပ်စ်ဟာ ကျန်းမာရေး စောင့်ရှောက်မှုစနစ် အကောင်းဆုံးလို့ဆိုရမယ့် ကမ္ဘာ့အင်အာကြီးနိုင်ငံတွေကိုတောင်အခက်တွေ့စေလိမ့်မယ်လို့ ပြီးခဲ့တဲ့လတွေ မတိုင်ခင်က ပြောရင်တောင်ဘယ်သူကမှ ယုံမယ်မထင်ပါဘူး။  

သေးငယ်တဲ့ ဗိုင်းရပ်စ်လို့ခေါ်တဲ့ အဏုဇီ၀တွေဟာ လက်ခံကောင်ရဲ့ ဆဲလ်တွေထဲမှာသာ အများဆုံးပွားလေ့ ရှိပါတယ်။ ဒါပေမဲ့ လက်ခံကောင်ရဲ့ အပြင်ဘက် ပတ်ဝန်းကျင်မှာတော့ အချိန်အတိုင်းအတာ တခုအထိ နေနိုင်ပါတယ်။ အခု ကိုရိုနာဗိုင်းရပ်စ် အသစ်ကြောင့် ကမ္ဘာတဝန်း ထိခိုက်မှုတွေ ရှိခဲ့၊ ရှိနေဆဲဖြစ်ပါတယ်။ အခု ဒီဆောင်းပါးမှာ ပြည်သူ့ကျန်းမာရေး (Public Health) ရှုထောင့်ကနေ ကမ္ဘာ့ကပ်ရောဂါကြီးကို ကာကွယ်ထိန်း ချုပ်ဖို့ စီမံဆောင်ရွက်တဲ့အခါ သတိထားသင့်တဲ့ အချက်တချို့ကို အကျဉ်းမျှ ဆွေးနွေးတင်ပြပါမယ်။  

ဒီကပ်ရောဂါကို ရင်ဆိုင်တဲ့အခါ လုပ်ဆောင်ရမယ့် အဓိကအချက် သုံးချက်ရှိပါတယ်။ အဲဒါတွေက –  

၁။ ရောဂါ ကာကွယ်ထိန်းချုပ်ရေး 

၂။ ရောဂါ ရှာဖွေရေး 

၃။ ရောဂါ ကုသရေး တို့ဖြစ်ပါတယ် 

ပြည်သူ့ကျန်းမာရေးနဲ့ သက်ဆိုင်နေတဲ့ ချက်နှစ်ခုကို ဒီဆောင်းပါးမှာ ဆွေးနွေးသွားပါမယ်။ 

၁။ ရောဂါကာကွယ်ထိန်းချုပ်ရေး  

ကပ်ရောဂါကြီးရဲ့ ပထမလှိုင်း ရိုက်ခတ်မှုထဲ ပါဝင်ခြင်းမရှိခဲ့တဲ့ မြန်မာလိုနိုင်ငံတွေဟာ အရမ်းကံကောင်းခဲ့ပါတယ်။ ဘာကြောင့်လဲဆိုရင် အခြားနိုင်ငံတွေမှာ ဖြစ်ခဲ့တာကို သင်ခန်းစာယူဖို့ အခွင့်အရေး ရှိခဲ့လို့ပါ။ ရောဂါ ကာကွယ်ရေး လုပ်ငန်းတွေကို လုပ်ဆောင်ရာမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) ရဲ့ ညွှန်ကြားချက်အပါအဝင် အခြားနိုင်ငံတွေရဲ့ အတွေ့အကြုံကိုပါ သိရှိနိုင်အောင် ဖြန့်ကျက်ထားဖို့လိုပါတယ်။ အခုလို အချိန်မျိုးမှာ WHO ရဲ့ ညွှန်ကြားချက်တမျိုးတည်းကိုသာ မှီငြမ်းလုပ်ဆောင်နေမယ်ဆိုရင် မပြည့်စုံနိုင်ပါဘူး။ ဗိုင်းရပ်စ်က အသစ်ဖြစ်တာနဲ့အညီ သူ့ရဲ့ ဝိသေသလက္ခဏာတွေအပေါ် သိပ္ပံနည်းကျ နားလည်မှုတွေက နေ့စဉ် တိုးတက် ပြောင်းလဲနေတဲ့အတွက် အခြားနိုင်ငံတွေရဲ့ အတွေ့အကြုံကို သတိပြုဖို့ လိုအပ်ပါတယ် ဥပမာအားဖြင့် အစောပိုင်းကာလတွေမှာ WHO အပါအဝင် ဥရောပနဲ့ အမေရိကန်ပြည်ထောင်စုတို့က သာမန်လူတွေ မျက်နှာ ဖုံးအကာအကွယ် (Mask) တပ်ဆင်ခြင်းကို အားမပေးခဲ့ပါဘူး။ အားမပေးရတဲ့ အကြောင်းရင်းတွေလည်း သူတို့ဆီမှာ ရှိနေပါတယ်။ ပထမတခုက ကျန်းမာရေးဝန်ထမ်းတွေအတွက် Mask မလုံလောက်မှာကို စိုးရိမ်ခဲ့တာ ဖြစ်ပါတယ်။ နောက်တခုက အနောက်နိုင်ငံ အများစုဟာ ကိုယ်တိုင် Mask မထုတ်နိုင်ကြပါဘူး။ ဒီကြားထဲ Mask တွေ ရာသီကုန်ဖြစ်သွားတာကြောင့် ဝယ်လိုအားနဲ့ ရောင်းလိုအား မမျှဖြစ်သွားတာကြောင့် စျေးကြီး ပေး မဝယ်ချင်တာလည်း ပါပါတယ်။ ဒီနေရာမှာ Mask ရဲ့ အကျိုးရှိပုံကို စာရေးသူ လက်ရှိလုပ်ကိုင်နေတဲ့  ဟောင်ကောင်တက္ကသိုလ်၊ ပြည်သူ့ကျန်းမာရေးဌာနက သိပ္ပံနည်းကျလေ့လာမှုတွေ ပြုလုပ်ခဲ့တာ ရှိပါတယ်ဒါပေမဲ့ Mask ကိစ္စ တခုတည်းနဲ့ လုံလောက်ပြီလားဆိုရင် မလုံလောက်ဘူးလို့ပဲ ပြောရပါမယ်။ အခြားအရေးကြီးတဲ့ လက်ဆေးတာ (hand hygiene)၊ တကိုယ်ရည်သန့်ရှင်းမှု (personal hygiene) နဲ့ ထိတွေ့မှုကန့်သတ်တာ (physical distancing) တွေကိုလည်း သတိပြု လိုက်နာ လုပ်ဆောင်သင့်ပါတယ်။  ကပ်ရောဂါအတွက် ထိရောက်ပြီး စိတ်ချရတဲ့ ကာကွယ်ဆေးနဲ့ ကုသဆေးတွေ မပေါ်သေးခင်မှာ အထက်မှာ ပြောခဲ့တဲ့ အချက်တွေ အားလုံးကို ကာကွယ်ရေးအတွက် လိုက်နာသင့်ပါတယ်။ တခါ risk calculation လုပ်တဲ့အခါ ကာကွယ်မှုဆိုင်ရာ အချက်တခုချင်းစီတိုင်းမှာ (လုပ်ဆောင်မှုအလိုက်အကျိုးသက်ရောက်မှု ရှိသလို၊ အချက်အားလုံးကို စုပေါင်းလုပ်ဆောင်ခြင်းကြောင့် ရောဂါကူးစက်နိုင်ခြေ လျော့ကျနိုင်မှုအတွက် အထောက်အကူ ဖြစ်စေတာကိုလည်း သတိပြုမိပါတယ်။    

ရောဂါကာကွယ်ရေးအတွက် နောက်ထပ် အဓိကကျတဲ့အချက်က Risk Communication & Community Engagement (RCCE) ဖြစ်ပါတယ်ဒီအချက်ကို WHO ကလည်း ညွှန်ကြားထားပါတယ်။ ဒါပေမဲ့ အဲဒါကို ဖော်ဆောင်တဲ့အခါ လုပ်တယ်ဆိုရုံမျှနဲ့ မလုံလောက်ပါဘူး။ လူထုကို ရောဂါအန္တရာယ်အကြောင်း စနစ်တကျနဲ့ တိတိပပ ရှင်းပြထားရပါမယ်။ သတင်းနဲ့ သိသင့်သိထိုက်တဲ့ အကြောင်းအရာတွေကို တခြားသော အကြောင်းအရာတွေကြောင့် လူထုကို တိုက်ရိုက်ပေးမသိဘဲ ဖုံးထားတာ၊ သွယ်ဝိုက် ပြောဆိုတာတွေ  မလုပ်ရပါဘူး။ ဒီလုပ်ဆောင်မှုကြောင့် လူထုရဲ့ ရောဂါအန္တရာယ်သိရှိလက်ခံမှု (risk perception) အပေါ် မကောင်းတဲ့ အကျိုးသက်ရောက်မှုတွေ ဖြစ်စေပါတယ်။ ဒီအချိန်မှာ အရာရာတိုင်းက အကောင်းတွေချည်း ဖြစ်မနေနိုင်ဘူးဆိုတာ လူထုကလည်း သိရှိနားလည်နေလိမ့်မယ်လို့ မျှော်လင့်ထားရပါမယ်။  

RCCE ကို ကျင့်သုံးတဲ့အခါ ယင်းနိုင်ငံရဲ့ ယဉ်ကျေးမှု၊ လူမှုစီးပွားဓလေ့တွေနဲ့ သင့်လျော်မယ့် မဟာဗျူဟာ ရှိဖို့လိုပါတယ်။ Risk group ကို လိုက်ပြီး ရောဂါရှိသူနဲ့ အနီးကပ် ထိတွေ့သူဆိုရင် တမျိုး၊ ရောဂါ ကူးစက်ခံရသူ တွေဆိုရင်တမျိုး သက်ဆိုင်ရာနည်းလမ်းတွေ ထားရှိရပါမယ်။ RCCE ကို ကျင့်သုံးလုပ်ဆောင်တဲ့ တာဝန်ရှိသူ တွေမှာလည်း ရှေ့နောက်ညီညွတ်မှု ရှိဖို့လိုသလို လူထုကို အသိမဝေဝါးအောင် ဂရုစိုက်ရပါမယ်။  

Risk communicate လုပ်ရမယ့်သူဟာလည်း လူတွေရဲ့ စိတ်ကျန်းမာရေး အနေအထားကို သိရှိနားလည်ဘောပေါက်ထားဖို့ လိုပါတယ်။ အခုလိုအချိန်မှာ လူအများစုမှာ စိုးရိမ်ပူပန်မှုကတဆင့် စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေ ဖြစ်နေတတ်ပါတယ်။ လူဆိုတာ အကျပ်အတည်း၊ စိုးရိမ်မှုတွေနဲ့ ရင်ဆိုင်ရရင် psychologically defence mechanism အရ စိတ်ထွက်ပေါက်အနေနဲ့ ကိုယ်ဟာ တခုခုကြောင့် လုံခြုံနေပါတယ်ဆိုပြီး ကိုယ့်ကိုယ်ကိုယ် ဖုံးကွယ်ထားဖို့ ကြိုးစားကြပါတယ်။ ဥပမာအားဖြင့် တမာရွက်ပြုတ်ရေသောက်ပြီး ကာကွယ်တာတို့၊ BCG ကာကွယ်ဆေး ထိုးထားတာကြောင့် ကာကွယ်နိုင်တာတို့ စသဖြင့် ဖြစ်ပါတယ်။  ဘေးထွက်ဆိုးကျိုးမရှိတဲ့ ဘယ်အရာကိုမဆို လုပ်ဆောင်ပြီး စိတ်ဖြေကြတာ ကောင်းပါတယ်ဒါပေမဲ့ အဲဒီမှာ ယုံကြည်မှုလွန်ကဲပြီး ကာကွယ်မှုလျော့ကျမှု guard down ဖြစ်သွားမှာက စိုးရိမ်စရာ ဖြစ်ပါတယ်။  

ရောဂါကာကွယ်ထိန်းချုပ်ရေးမှာ နောက်ထပ် အရေးကြီးတဲ့အချက်တခုက (အထူးသဖြင့် COVID-19 အတွက်) က Physical Distancing (ထိတွေ့မှုလျှော့ချခြင်းဖြစ်ပါတယ်။ ဒီအတွက် မူဝါဒရေးဆွဲရာမှာလည်း နိုင်ငံရဲ့ အခြေအနေပေါ် မူတည်ပြီး အချက်များစွာ ထည့်သွင်းစဉ်းစားရပါလိမ့်မယ်။ နိုင်ငံတခုချင်းစီအလိုက် လုပ်ဆောင်မှုတွေ မတူညီပါဘူးတနိုင်ငံလုံး အသွားအလာကန့်သတ်ခြင်း (total lockdown) ၊ နေရာဒေသ တခုခုကို ကန့်သတ်ခြင်း (community lockdown) နဲ့ တစိတ်တဒေသ အသွားအလာကန့်သတ်ခြင်း  (partial lockdown) စသဖြင့် ရှိကြပါတယ်။ အဲဒီလို Lockdown လုပ်ရခြင်းရဲ့ အဓိကရည်ရွယ်ချက်က လူအချင်းချင်းထိတွေ့မှုကို လျှော့ချပြီး ရောဂါပျံ့နှံ့မှုကို ထိန်းချုပ်ဖို့ ဖြစ်ပါတယ်။ ဒါကြောင့် lockdown နဲ့ပတ်သက်တဲ့ မူဝါဒတွေ ချမှတ်ရာမှာ ဒီအချက်ကို အမြဲသတိထားအပ်ပါတယ်။ ထိတွေ့မှု ဖြစ်စဉ်တွေအပေါ် လေ့လာခြင်း  (survey on contact patterns) ကို ရောဂါကူးစက်ခံရပြီးသူတွေနဲ့ မကူးစက်ခံရသေးသူတွေ အားလုံးမှာ လုပ်ဆောင်သင့်ပါတယ်။  

ဒါ့အပြင် ရောဂါကူးစက် ပျံ့နှံ့နိုင်ခြေကို ခန့်မှန်းတွက်ဆခြင်း (prediction of transmission dynamics) ကို infectious disease modeller တွေရဲ့ အကူအညီကို ရယူပြီး လုပ်ဆောင်ထားသင့်ပါတယ်။ အဆိုးဆုံး ဖြစ်နိုင် ခြေကို မှန်းဆခြင်းအားဖြင့် အကောင်းဆုံး ပြင်ဆင်မှုတွေ လုပ်နိုင်မှာ ဖြစ်ပါတယ်။  

နောက်ဆုံး အရေးကြီးတဲ့ အချက်တခုက “များများစစ်၊ မြန်မြန်တွေ့၊ မှန်ကန်တဲ့ကုသမှုခံယူ” ရေး ဖြစ်ပါတယ်။ ကမ္ဘာကျော် ဂျာနယ်တစောင်ဖြစ်တဲ့ Nature Medicine မှာ ကျနော်တို့ ဟောင်ကောင် တက္ကသိုလ်ရဲ့ သုတေသန စာတမ်းတစောင်ကို မကြာသေးခင်က ဖော်ပြခဲ့ပါတယ်။ အဲဒီစာတမ်းအရ ရောဂါပိုးရှိသူက အခြားသူကို ကူးစက်မှုနှုန်း အမြင့်ဆုံးအချိန်တွေဟာ ရောဂါလက္ခဏာမပြခင် သုံးရက်ကနေ ရောဂါလက္ခဏာပြပြီး နောက်ပိုင်း တရက်အထိ ဖြစ်ပါတယ်။ ရောဂါလက္ခဏာပြပြီး ရှစ်ရက်နောက်ပိုင်းမှာ ကူးစက်နှုန်း အတော်ကျသွားပါတယ်။ အဲဒီ သုတေသန တွေ့ရှိချက်ဟာ ရောဂါကာကွယ် ထိန်းချုပ်ရေး အတွက်အတော်အသုံးဝင်ပါတယ်။ ရောဂါလက္ခဏာ မပြခင် နှစ်ရက်သုံးရက်အတွင်း ထိတွေ့ခဲ့သူတွေကို Quarantine လုပ်ခြင်းအားဖြင့် ရောဂါကူးစက်နှုန်းကို ဟန့်တားရာမှာ ပိုမိုထိရောက်စေခဲ့ပါတယ်။ ကျန်းမာရေး စောင့်ရှောက်မှု စနစ်တိုင်းမှာ ကန့်သတ်ချက်တွေရှိတာကြောင့် contact tracing လုပ်ပြီး risk level အဆင့်တွေ သတ်မှတ်မယ်၊ ရောဂါရှာဖွေရေးနဲ့ ကျန်းမာရေးစောင့်ရှောက်မှု အသွားအလာကန့်သတ် နေရာထိုင်ခင်း စီစဉ်မှုတွေ လုပ်မယ်ဆိုရင် တချို့သော ဝန်ထုပ်ဝန်ပိုးတွေကို လျှော့ချနိုင်မှာပါ။ ကူးစက်ကပ်ရောဂါ ဖြစ်ပွားနေချိန်မှာ နိုင်ငံရဲ့ ကျန်းမာရေး စောင့်ရှောက်မှုမှာရှိတဲ့ စနစ်တွေ အထူးသဖြင့် (primary to tertiary health care systems) တွေကို စနစ်တကျ စီမံခန့်ခွဲနိုင်ဖို့ လိုပါတယ်နေမကောင်းသူတိုင်း ဆေးရုံတွေကို လာနေရင် ကျန်းမာရေးရဲ့ tertiary health care system ကို ထိခိုက်စေနိုင်ပါတယ်အခုဖြစ်နေတဲ့ ကပ်ရောဂါရဲ့ အဓိက ထိုးနှက်ချက်က လူနာကို ရောဂါခံစားစေတာအပြင် ကျန်းမာရေးစနစ်ကို ဝန်ပိပြီး ကစဉ့်ကလျား ဖြစ်စေတာပါ။  

၂။ ရောဂါရှာဖွေရေး 

ရောဂါရှာဖွေရေးဟာ ရောဂါကာကွယ်ထိန်းချုပ်ရေးနဲ့ ကပ်ရောဂါကြီးကို ရင်ဆိုင်ရာမှာ အဓိကကျပါတယ်သိပ္ပံပညာ တိုးတက်မှုကြောင့် ရောဂါရှာဖွေရေးအတွက် ခေတ်မီနည်းစနစ်များစွာရှိပါတယ်။ ဒီအထဲမှာမှနှစ်မျိုးခွဲခြားနိုင်ပါတယ်။   

(၁)ရောဂါပိုး ရှိ၊ မရှိ စမ်းသပ်ခြင်း (SARS-CoV-2 ရဲ့ ဗီဇပစ္စည်း RNA ကိုဓါတ်ခွဲစစ်ဆေးခြင်းနဲ့ 

(၂)ရောဂါပိုး ဝင်ရောက်မှုကြောင့် ခန္ဓာကိုယ်ကထုတ်တဲ့ ပဋိပစ္စည်း (Antibody) ကို စမ်းသပ်ခြင်းတို့ဖြစ်ပါတယ်။  

လက်ရှိအချိန်အထိ ပထမနည်းကိုပဲ ရောဂါရှာဖွေခြင်း (diagnosis) အတွက် အသုံးပြုပါတယ်။ စာရေးသူအနေ ဖြင့် ပထမနည်းကိုသာ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် အသုံးပြုဖို့ အစဉ်တစိုက် တိုက်တွန်းလေ့ ရှိပါတယ်။ အကြောင်းက antibody ရှိနေတဲ့အချိန်မှာ ဗိုင်းရပ်စ်က ရှိချင်မှရှိနိုင်သလို ဗိုင်းရပ်စ် ကူးစက်ခံရတဲ့ အစောပိုင်းကာလတွေမှာ antibody က ထွက်ချင်မှ ထွက်ဦးမှာ ဖြစ်ပါတယ်။  

ပထမနည်းအတွက် အဓိကအသုံးပြုနေတာက RT-PCR လို့ခေါ်တဲ့ ဗိုင်းရပ်စ်ရဲ့ ဗီဇပစ္စည်း RNA ကို ပွားယူ စစ်ဆေးတဲ့နည်းပါ။ ဒီနည်းကို မပြုလုပ်ခင်မှာ ဓါတ်ခွဲနမူနာ တို့ဖတ်ကနေ ဗိုင်းရပ်စ်ရဲ့ RNA ကို ထုတ်ယူရပါတယ်။ ဒီအဆင့်ဟာ လွယ်ကူပေမဲ့ ရောဂါကူးစက်နိုင်တဲ့ အန္တရာယ် ရှိပါတယ်။ ဒါကြောင့် ဇိ၀လုံခြုံမှု အဆင့်မြင့်တဲ့ အနည်းဆုံး BSL 2 plus ဓါတ်ခွဲခန်းတွေမှာသာ ပြုလုပ်နိုင်တာပါ။ ဒီနည်းကို အသုံးပြုရာမှာ အခြား စိန်ခေါ်မှုအချို့  ရှိနိုင်ပါတယ်။ အဲဒါတွေက ကျွမ်းကျင်ဓါတ်ခွဲပညာရှင်၊ လိုအပ်တဲ့ စက်ကိရိယာတွေနဲ့ ဓါတုပစ္စည်း၊ ဓါတ်ခွဲမှု စီမံခန့်ခွဲရေးတို့ ဖြစ်ပါတယ်။ နမူနာပစ္စည်းတခုအတွက် ကြာချိန်က အချိန်ငါးနာရီဝန်ကျင် ရှိနိုင်ပြီး အသုံးပြုတဲ့စက်နဲ့ protocol နည်းလမ်းပေါ် မူတည်ပါတယ်။ RT-PCR ဟာ sensitivity အလွန်ကောင်းတဲ့ နည်းလမ်းတခုဖြစ်ပါတယ်။ အများစုက ကိုရိုနာဗိုင်းရပ်စ်ရဲ့ Nucleoprotein gene ကို စစ်ဆေးပြီး တွေ့ရှိတဲ့ အခါ novel coronavirus ရဲ့ အခြားဗီဇ gene maker တွေကို စစ်ဆေး အတည်ပြုရပါတယ်။ အချိန်ကုန် သက်သာစေဖို့ တပြိုင်တည်း gene marker အများကြီးစစ်တဲ့ နည်းလမ်းတွေလည်း ရှိပါတယ်။ နည်းလမ်း တခုနဲ့ တခု sensitivity ကွာခြားမှု အနည်းငယ် ရှိနိုင်ပါတယ် 

အခုအချိန်အထိ မြန်မာနိုင်ငံမှာ RT-PCR နဲ့ ဓါတ်ခွဲစစ်ဆေးခြင်းကို အမျိုးသားကျန်းမာရေး ဓါတ်ခွဲခန်း (NHL) မှာပဲ လုပ်နိုင်ပါသေးတယ်။ အကယ်၍ စစ်ရမယ့်နမူနာများလာရင် NHL ကို အတော်ဝန်ပိစေမှာ အမှန်ပါပဲ။ နိုင်ငံကြီးတွေရဲ့ တက္ကသိုလ်တွေမှာတော့ ဇိ၀လုံခြုံမှုအဆင့်မြင့် ဓာတ်ခွဲခန်းတွေ ရှိတာကြောင့်လိုအပ်ရင်အသုံးပြုဖို့ အဆင်သင့်ဖြစ်နေပါတယ်။ ဒီအချက်ကို ကြည့်ရင်လည်း မြန်မာနိုင်ငံရဲ့တက္ကသိုလ်အခြေပြု သုတေသန အဆောက်အအုံဖွံ့ဖြိုးရေးမှာ အားစိုက်ဖို့ လိုနေသေးတာကို သင်ခန်းစာယူနိုင်ပါတယ်။ အခြား အိမ်နီးချင်းနိုင်ငံတွေမှာတော့ ရောဂါရှာဖွေရေးအတွက် သက်ဆိုင်ရာ နိုင်ငံတွေမှာရှိကြတဲ့ နိုင်ငံခြားသုတေသန အင်စတီကျုတွေက အားဖြည့်ကူညီတာ တွေ့ရပါတယ်ဥပမာ– စာရေးသူရဲ့ မိခင်ဌာန တခုဖြစ်တဲ့ The Institut Pasteur International Network ဟာ လာအိုနဲ့ ကမ္ဘောဒီးယားနိုင်ငံတွေမှာ ပါဝင်ကူညီနေပါတယ်။   

ရောဂါကူးစက်ခံရသူတွေကို ပိုရှာတွေ့ပြီး case အရေအတွက် များလာတာနဲ့အမျှ လူတွေရဲ့ စိုးရိမ်မှုက တက်လာနိုင်ပါတယ်။ ဒါပေမဲ့ ရောဂါပိုး ကူးစက်ခံသူတွေကို ပိုရှာလာနိုင်ခြင်းက ရောဂါပျံ့နှံ့မှု ကာကွယ်ထိန်းချုပ်ရေးအတွက် များစွာအကျိုးရှိပါတယ်။ ပြည်သူတွေအနေနဲ့ စိုးရိမ်မှု လွန်ကဲတာမျိုး မဖြစ်သင့်သလို ရောဂါကူး စက်ခံရသူတွေအပေါ် ခွဲခြားဆက်ဆံမှု မလုပ်ကြဖို့လည်း လိုပါတယ်။  

ရောဂါကူးစက်မှု ပိုမိုပျံ့နှံ့လာတာနဲ့အမျှ စစ်ဆေးရမယ့် နမူနာတွေ များလာမှာ အမှန်ပါပဲ။ နိုင်ငံတိုင်းမှာလည်း ဓါတ်ခွဲဖို့လိုအပ်တဲ့ ဓါတုပစ္စည်း (reagents) တွေ မလုံလောက်မှု ရှိခဲ့ပါတယ်။ နိုင်ငံတကာ လေကြောင်းလိုင်း တွေ ဝင်ရောက်ဖို့ အကန့်အသတ် ဖြစ်နေချိန်မှာ မြန်မာနိုင်ငံအတွက်လည်း ဓါတုပစ္စည်းတွေရဖို့ ခက်ခဲနိုင်ပါတယ်။ ဒါကို ဖြေရှင်းနိုင်ဖို့ နည်းလမ်းတွေထဲက တခုက ဓါတ်ခွဲနမူနာ စုပေါင်းစစ်ဆေးခြင်း (pooled testing) ဖြစ်ပါတယ်။ Pooled testing  ကို လုပ်ဆောင်ရာမှာ Epidemiologist တွေနဲ့ ဓါတ်ခွဲခန်း ဝန်ထမ်းတွေ ပူး ပေါင်းဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ တခါ pooled testing/community testing လုပ်ရာမှာ မဟာဗျူဟာ ကောင်းကောင်းလိုပါတယ်။ တိုက်ရိုက်သုံးနိုင်တဲ့ အခြေအနေတခုကို ဥပမာပေးရရင် အလုပ်ရုံတခုမှာ လုပ်ငန်းခွင် ပြန်ဝင်တော့မယ့် အလုပ်သမားတွေရဲ့ တို့ဖတ်နမူနာကို ရယူပြီး၊ သူတို့ အလုပ်လုပ်နေတဲ့ စက်ရုံရဲ့ ကဏ္ဍအလိုက် pooled testing လုပ်ခြင်းအားဖြင့် အလုပ်သမားတွေကြားထဲ ရောဂါပိုးသယ်ဆောင်သူ ရှိ၊ မရှိ ဆိုတာ စစ်ဆေးနိုင်ပါတယ်။ ဒီလို စစ်ဆေးမှုပြုလုပ်ပြီးမှ သူတို့ကို အလုပ်ဝင်စေမယ်ဆိုရင် ရောဂါကာကွယ် ရေးမှာ ထိန်းချုပ်မှု ဖြစ်စေပါမယ်။ ဒါ့အပြင် သူတို့ကို ပုံမှန်စစ်ဆေးခြင်းအားဖြင့် စက်ရုံအတွင်း ရောဂါကူးစက်မှု အခြေအနေကို စောင့်ကြပ်ကြည့်ရှုနိုင်ပါတယ်။ Pooled testing လုပ်ခြင်းအားဖြင့် လူ ၁၀၀၀ အတွက် pooled testing အနည်းငယ်သာ လုပ်စရာလိုမှာပါ။ အကယ်၍ pooled အုပ်စုတစုမှာ positive တွေ့တယ် ဆိုရင် အဲဒီအုပ်စုမှာ ပါဝင်သူတွေကို ထပ်မံစစ်ဆေးပြီး ရောဂါကူးစက်သူကို ရှာဖွေဖော်ထုတ်နိုင်ပါတယ် 

နောက်နည်းလမ်းတခုက point of care testing (ဆေးရုံတွေမှာ စစ်ဆေးခြင်းကို မြှင့်တင်ရေး ဖြစ်ပါတယ်မြန်မာနိုင်ငံမှာ တီဘီရောဂါတိုက်ဖျက်ရေးအတွက် GeneXpert စက်အလုံး ၁၈၀ လောက် ရှိထားပြီးဖြစ်တယ်လို့သိရပါတယ်။ ဒီစက်တွေကို အသုံးပြုပြီး  SARS-CoV-2 ဗိုင်းရပ်စ်ကို စစ်နိုင်မယ့် ပစ္စည်းတွေကို US-FDA က EUA ခွင့်ပြုပြီး ဖြစ်ပါတယ်။ အဲဒီစက်တွေကို သံသယလူနာတွေရှိတဲ့ ဆေးရုံတွေမှာ ထားရှိစစ်ဆေးမယ်ဆိုရင် ရောဂါကုသရေးအပြင် ကျန်းမာရေးဝန်ထမ်းတွေအတွက် ကာကွယ်ရေးပိုင်းမှာပါ အကျိုးရှိနိုင်ပါတယ်။ ဒီစက်နဲ့ စစ်ဆေးတဲ့နည်းလမ်းရဲ့ အားသာချက်က နမူနာကို တိုက်ရိုက်အသုံးပြု စစ်ဆေးနိုင်ပြီး အဖြေကို ၄၅ မိနစ်နဲ့ သိနိုင်တာဖြစ်ပါတယ်။ နမူနာကို NHL ကို ပို့ဆောင်ရတဲ့ ကြာချိန်လည်း သက်သာစေမှာ ဖြစ်ပါတယ်။ အတည်ပြုချက်ယူရင်တော့ NHL ကို ပို့ဆောင်စစ်ဆေးရမှာ ဖြစ်ပါတယ်။  

တချို့ rapid antigen tests တွေက US-FDA ရဲ့ EUA ရထားပေမဲ့ false negative ရာခိုင်နှုန်း မြင့်တက်နေ တာတွေလည်း တွေ့နေရပါတယ်။ လေ့လာတွေ့ရှိချက်တခုမှာ ထောက်ပြခဲ့တာက ၁၅ မိနစ်အတွင်း စစ်နိုင်တဲ့ Abbott ရဲ့ ID Now platform ဟာ ရောဂါရှိသူ ၁၀၀ ဦးမှာ ၁၅ ဦးကို ရောဂါမရှိဘူးဆိုတဲ့ အဖြေမှား ပေးနိုင်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် ဒီလို အမြန်စစ်နိုင်တဲ့ ရောဂါစစ်ဆေးရေး နည်းလမ်းတွေကို သေချာ စိစစ်ပြီးမှ ရောဂါရှာဖွေရေးမှာ သုံးသင့်ပါတယ်။  

RT-PCR က sensitive အဖြစ်ဆုံး ရောဂါရှာဖွေရေးနည်းလမ်း ဆိုပေမဲ့ သူ့ရဲ့ရောဂါရှာဖွေနိုင်စွမ်းကတို့ဖတ် နမူနာကို ဘယ်နေရာက ယူသလဲ၊ နမူနာစနစ်တကျရယူနိုင်မှုနဲ့ လူ့ခန္ဓာကိုယ်ထဲ ဗိုင်းရပ်စ်ပွားများနေမှုအဆင့် စတဲ့အချက်တွေအပေါ်မူတည်နိုင်ပါတယ်။ လေ့လာမှုတချို့အရ အသက်ရှူလမ်းကြောင်းအတွင်းပိုင်းက နမူ နာကို ရယူခြင်းဟာ ရောဂါပိုးကို ပိုပြီးရှာဖွေနိုင်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် RT-PCR က ရောဂါပိုးမရှိဘူးလို့ အဖြေထွက်ရင်တောင်နောက်ထပ်နှစ်ကြိမ် စစ်ဆေးပြီးမှ ရောဂါပိုးမရှိဆိုတဲ့ အဖြေထွက်မှသာ ဆေးရုံက ဆင်းခွင့်ပေးဖို့ နိုင်ငံအများစုက ကျန်းမာရေးအာဏာပိုင်တွေ တိုက်တွန်းထားကြပါတယ်။ တကယ့်သံသယ လူနာတွေမှာ RT-PCR အပြင်ရင်ဘတ်ဓါတ်မှန် (chest X-ray)၊ CT scan၊ သွေးစစ်ချက် (သွေးဖြူဥအနေ အထား၊ C-reactive protein နှင့် procalcitonin ပါဝင်မှု အနေအထားစတဲ့ အချက်တွေကို ထည့်သွင်းစဉ်း စားခြင်းအားဖြင့် ရောဂါရှာဖွေနိုင်စွမ်း ပိုပြီးမြင့်မား တိကျစေပါတယ်။ ရောဂါရှာဖွေရေး နည်းလမ်းတိုင်းမှာ ရောဂါပိုး ခန္ဓာကိုယ်အတွင်း ပျံ့နှံ့တည်ရှိမှုအဆင့်ပေါ်မူတည်ပြီး ကန့်သတ်မှုအချို့ ရှိနေသေးတာကြောင့် ရောဂါပိုးမရှိဆိုတဲ့ အဖြေထွက်သည့်တိုင် ကိုယ့်ရဲ့ကာကွယ်မှုကို မလျှော့ချသင့်ပါဘူး။ ရောဂါပိုးက အချိန်မရွေး ဝင်ရောက်နိုင်ပါသေးတယ် 

Antibody test နဲ့ ပတ်သက်ရင် ဝိဝါဒကွဲပြားမှုတွေ ရှိနေဆဲပါ။ အဓိကပြနာက ရောဂါပိုးနဲ့ ခန္ဓာကိုယ်ရဲ့ ခုခံ စွမ်းအားစနစ် တုံ့ပြန်ပုံကို အသေအချာ နားမလည်နိုင်ကြသေးပါဘူး။ တချို့နိုင်ငံတွေမှာ antibody ထွက်ပြီးသားသူတွေကို လုပ်ငန်းခွင်ပြန်ဝင်ဖို့ စီစဉ်နေတာ ကြားသိရပါတယ်။ အဲဒီလို လုပ်ဆောင်ခြင်းအားဖြင့် ရောဂါပိုး ဆက်လက်ပြန့်ပွားနိုင်ခြေ ရှိ၊ မရှိ ဘယ်သူမှ တပ်အပ်မပြောနိုင်သေးပါဘူး။ ရောဂါပိုးကို ခုခံနိုင်ဖို့အတွက် လုံလောက်တဲ့ antibody ပမာဏ ဘယ်၍ ဘယ်မျှ ရှိရမယ်ဆိုတာ မေးခွန်းထုတ်နေကြဆဲပါ။ လူ အတော်များများ ပြောနေကြတဲ့ antibody Rapid Test Kit ဆိုတာ antibody ရှိ၊ မရှိ ဆိုခြင်းကိုသာ ဖော်ပြ နိုင်ပြီး ဘယ်လောက်ရှိတယ်ဆိုတဲ့ ပမာဏကို မဖော်ပြနိုင်ပါဘူး။ Rapid test တွေအပြင် ဓာတ်ခွဲခန်းမှာ စစ်ဆေးတဲ့ အခြားနည်းတွေ ရှိပါသေးတယ်။ ဒီလို test တွေကို လူထုအကြား ရောဂါပျံ့နှံ့မှု ဖြစ်စဉ်တွေကို လေ့လာရာမှာ သုံးနိုင်ပါတယ်။   

ဘယ်လိုပဲဖြစ်ဖြစ် အခုလို နားလည်ရခက်တဲ့ ရန်သူအသစ်ကို ရင်ဆိုင်ဖြေရှင်းဖို့ ထိရောက်တဲ့ ကုသဆေးနဲ့ ကာကွယ်ဆေး မတွေ့မချင်း ကျနော်တို့ လုပ်နိုင်တာက (ဒီဆောင်းပါးမှာ ဆွေးနွေးခဲ့တဲ့ကာလတို ဖြေရှင်း နည်းတွေသာ ဖြစ်ပါတယ်။ ကုသဆေးတို့၊ ကာကွယ်ဆေးတို့ ထွက်ရှိဖို့ အချိန်အတိုင်းအတာတခုအထိ လိုအပ်သလို (အချိန်တိုအတွင်းတကမ္ဘာလုံး ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်ဖို့ ဆိုတာလည်း  မေးခွန်း ထုတ်စရာပါ။ အင်အားကြီးနိုင်ငံတွေ အရင်ရယူဖို့  များတယ်ဆိုတာက မြေကြီးလက်ခတ်မလွဲပါ။ သူတို့အချင်းချင်း လုယက်ပြီး စစ်မဖြစ်ရင်ဘဲ ကျေနပ်စရာ ဖြစ်ပါတယ်။  

မြန်မာနိုင်ငံမှာလည်း သင်္ကြန်ကာလပြီးဆုံးလို့ တချို့တွေ လုပ်ငန်းခွင်ပြန်ဝင်ဖို့ လိုအပ်လာပါပြီ။ မပြည့်စုံတဲ့ နိုင်ငံတနိုင်ငံအဖို့အလုပ်တွေ အကုန်ရပ်ဆိုင်းထားလို့လည်း မဖြစ်ပါဘူး။ Community level pool testing တွေလုပ်ပြီး ကူးစက်ခံရသူတွေကို ပိုက်စိပ်တိုက်ရှာပြီး သီးသန့်ပြုစု စောင့်ရှောက်မှုတွေ ပေးမယ်ဆိုရင် (Community transmission မရှိအောင် လုပ်ခြင်းဖြင့်) လူတွေ လုပ်ငန်းခွင် ပြန်ဝင်နိုင်အောင် ထောက်ပံ့နိုင်ပါလိမ့်မယ်။ “စောစောရှာ” လို Apps တွေကလည်း contact tracing အတွက် အသုံးဝင်ပါတယ်။ ဒါပေမဲ့ အားလုံး အသုံးပြုဖို့တော့လိုပါတယ်။   

ဒီကပ်ရောဂါကို ဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ်က ပိုးအသစ်ဖြစ်တာကြောင့် သူ့ကို အပြည့်အ၀နားလည်နိုင်ဖို့ သုတေသနတွေ လုပ်နေတဲ့အတွက် ဗိုင်းရပ်စ်နဲ့ပတ်သက်တဲ့ အသိတွေက နေ့စဉ်ပြောင်းလဲတိုးတက်နေမှာပါ။ ဒီအချိန်မှာ အရာရာတိုင်းကို အသိသတိနဲ့ မလျှော့မတင်း လုပ်ကိုင်နိုင်ဖို့တော့ လိုမယ်ထင်ပါတယ်။  

ကိုဗစ်-၁၉ ကပ်ရောဂါကြီးဟာ တဦးတယောက်တည်းရဲ့ ပြဿနာမဟုတ်တဲ့အတွက် တဦးတယောက်၊ တစု တဖွဲ့၊ တနိုင်ငံက ငါတို့လုပ်နိုင်တယ်လို့ ယူဆတာထက် ဘယ်လို စုပေါင်းလုပ်နိုင်ကြမလဲဆိုတဲ့ ချဉ်းကပ်မှုတွေနဲ့ သွားသင့်ပါတယ် အရေးအကြီးဆုံးက ဒီကပ်ဘေးကို လူသားမျိုးနွယ်စု တခုလုံးက ဘယ်လို ရင်ဆိုင်ဖြေရှင်းကြမလဲ ဆိုတာပဲ ဖြစ်ပါတယ်။ 

Dr Hein Min Tun

ဒေါက်တာဟိန်းမင်းထွန်းသည် University of Hong Kong-School of Public Health နှင့် Pasteur Research Pole တွင် Assistant Professor အဖြစ်လည်းကောင်း၊ Nanjing Medical University တွင် Adjunct Professor အဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်နေသူဖြစ်သည်။ Institut Pasteur International Network ၏ Scientific Steering Committee ဝင် တဦးအနေဖြင့် COVID-19 သုတေသနရန်ပုံငွေ လျှောက်လွှာများကို စိစစ်အကဲဖြတ်ပေးနေသူလည်း ဖြစ်သည်။

Related article
မြန်မာနိုင်ငံနှင့် ကိုဗစ်ကာကွယ်ဆေး ထိုးနှံနိုင်မှု အလားအလာ

မြန်မာနိုင်ငံနှင့် ကိုဗစ်ကာကွယ်ဆေး ထိုးနှံနိုင်မှု အလားအလာ

မြန်မာနိုင်ငံက အခုအချိန်မှာ လူပေါင်း ၁ ဒသမ ၇ သန်းကို ကာကွယ်ဆေး ထိုးနှံ ပြီး…

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါနှင့်  လော့ခ်ဒေါင်းမှတ်စု  (လော့ခ်ဒေါင်းနှင့်အတူနေထိုင်ခြင်း)

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါနှင့် လော့ခ်ဒေါင်းမှတ်စု (လော့ခ်ဒေါင်းနှင့်အတူနေထိုင်ခြင်း)

လော့ခ်ဒေါင်းချ ဆောင်ရွက်တဲ့ အခါမှာ ဆင်းရဲတဲ့အိမ်ထောင်စုတွေ၊ အလုပ်အကိုင် ဆုံးရှုံးသွားသူတွေ၊ ချို့တဲ့အားနည်းတဲ့ လူတွေအတွက်လည်း အဓိကစဉ်းစားပေးပြီး ကုစားရေး…

တရုတ်နိုင်ငံ၏ ကိုဗစ်-၁၉ကာကွယ်ဆေး သံတမန်လှုပ်ရှားမှုနှင့် မြန်မာနိုင်ငံအတွက် အလားအလာ

တရုတ်နိုင်ငံ၏ ကိုဗစ်-၁၉ကာကွယ်ဆေး သံတမန်လှုပ်ရှားမှုနှင့် မြန်မာနိုင်ငံအတွက် အလားအလာ

တရုတ်နိုင်ငံဟာ ကာကွယ်ဆေးကို အများကောင်းကျိုးအဖြစ် အသုံးပြုမယ်၊ မြန်မာနိုင်ငံစတဲ့ မိတ်ဖက်နိုင်ငံတွေကို ဦးစားပေးဖြန့်ဝေမယ် ဆိုတာဟာ စေတနာကောင်းရင်တောင် လက်တွေ့…

Discussion about this post

Leave a Reply

Your email address will not be published. Required fields are marked *

Type your search keyword, and press enter to search