မြန်မာနိုင်ငံနှင့် ကိုဗစ်ကာကွယ်ဆေး ထိုးနှံနိုင်မှု အလားအလာ
မြန်မာနိုင်ငံက အခုအချိန်မှာ လူပေါင်း ၁ ဒသမ ၇ သန်းကို ကာကွယ်ဆေး ထိုးနှံ ပြီး…
ပထမဆုံး သိစေချင်တဲ့ အချက်ကတော့ ကိုဗစ်ဟာ ခဏတဖြုတ်ဖြစ်ပြီး ပျောက်သွားမယ့် အရာတခု မဟုတ်ဘူးဆိုတာကို အရင် သဘောပေါက်ရပါမယ်။
တချို့ကတော့ ကိုဗစ်ဟာ တုပ်ကွေးလိုမျိုး ရာသီအချိန်လေးမှာတင် ဖြစ်မယ်၊ ပြီးရင်တော့ ပျောက်သွားမယ်။ အချိန်အကြာကြီး ရှိနေမှာမဟုတ်ဘူးလို့ ယူဆကြတယ်။ အဲဒါကြောင့်ပဲ ဒီကပ်ဆိုးကြီးပြီးသွားခဲ့ရင် ဆိုတာမျိုးတွေကို မျှော်လင့်ပြောဆို နေကြတာပါ။
ကိုဗစ်ဟာ စတင်ဖြစ်လာကတည်းကနေ အခုချိန်ထိဆို ငါးလကျော်ထဲရောက်နေပြီဖြစ်တဲ့အတွက် ရာသီတုပ်ကွေးလိုမျိုး ခဏလေးဖြစ်တတ်တဲ့အရာ မဟုတ်ဘူးဆိုတာကို သိရပါမယ်။ သိပ်မကြာခင်တုန်းက ကိုဗစ်ဟာ ရာသီဥတုပူတဲ့နေရာတွေမှာ မဖြစ်နိုင်လောက်ဘူးလို့ မျှော်လင့်ထားခဲ့ကြတာကို မှတ်မိဦးမယ်ထင်ပါတယ်။ ဒါပေမဲ့ အဲဒီအယူအဆကလည်း မမှန်ကန်တော့ဘူးဆိုတာကို အရမ်းရာသီဥတုပူတဲ့အချိန်တွေမှာ ကိုဗစ်ကူးစက်ပြန့်ပွားနေတာကို ကြည့်ရင်လည်း သိနိုင်ပါတယ်။
ကိုဗစ်ဟာ ကူးစက်မြန်တဲ့ရောဂါအဖြစ် သတ်မှတ်ထားပါတယ်။ ကူးစက်မြန်တဲ့ ကပ်ရောဂါတခု ပျောက်ကင်းဖို့အတွက် နည်းလမ်းက နှစ်မျိုးရှိပါတယ်။ လူအများစုကူးစက်ခံရပြီး ကိုဗစ်ကို ကာကွယ်တိုက်ခိုက်နိုင်တဲ့ ကိုယ်ခံအားထွက်ရှိခြင်း ဒါမှမဟုတ် ကိုဗစ်ကာကွယ်ဆေးရရှိနိုင်ပြီး ကာကွယ်ဆေး အောင်ကြခြင်းပါ။
လူအများစု ကူးစက်ခံတဲ့နည်းဟာ အပြောလွယ်ပေမဲ့ အလုပ်ခက်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ ကိုဗစ်ဟာ ကူးစက်မြန်တဲ့အပြင် ရောဂါလည်းပြင်းထန်တဲ့အတွက်ကြောင့် အကူးစက်ခံတဲ့နည်းကိုကျင့်သုံးပြီး မြန်မြန်ပြီးသွားအောင် လုပ်တဲ့နောက်မှာ သိန်းဂဏန်းနဲ့ချီ သေဆုံးသွားနိုင်ခြေလည်း ရှိတဲ့အတွက်ဖြစ်ပါတယ်။ ဒီအတွက် ဒီကပ်ရောဂါကြီး လုံးအဝအပြီး အဆုံးပျောက်ကင်းသွားဖို့ဆိုရင် ကာကွယ်ဆေးထွက်ရှိတဲ့နည်းလမ်းသာ ရွေးချယ်စရာရှိတော့ပါတယ်။ အရင်တုန်းက ရေးသားဖော်ပြခဲ့သလိုပဲ ကာကွယ်ဆေးရရှိဖို့ဆိုတာကလည်း အနည်းဆုံး တနှစ်လောက် စောင့်ဆိုင်းရဦးမှာဖြစ်တဲ့အတွက် ဒီကြားထဲမှာ ကိုဗစ်နဲ့အတူ ယှဉ်တွဲနေထိုင်ဖို့ကလွဲရင် တခြားရွေးချယ်စရာမရှိပါဘူး။
အလုပ်တွေပြန်ဖွင့်တော့မလား၊ လူတွေ အပြင်ပေးထွက်တော့မလား။
ဒီကိစ္စဟာ ထိလွယ်ရှလွယ်ဖြစ်ပြီး ငြင်းခုန်ရမယ့်အကြောင်းအရာဖြစ်ပါတယ်။ ကိုဗစ်နဲ့ပတ်သက်လို့ ဘယ်လိုတုံ့ပြန်မလဲဆိုတာမှာ နိုင်ငံအားလုံးနဲ့ကိုက်ညီတဲ့ မူဝါဒ လမ်းညွှန်ချက်မရှိပါဘူး။ ဒီရောဂါဟာ ကမ္ဘာမှာ တခါမှမရှိခဲ့ဖူးတဲ့အတွက် ဘယ်နိုင်ငံမှာမှ ဒီရောဂါကိုတုံ့ပြန်မှုနဲ့ပတ်သက်လို့ အတွေ့အကြုံမရှိပါဘူး။ နိုင်ငံတိုင်းဟာ ကိုယ့်နိုင်ငံအတွက် အကောင်းဆုံးလို့ထင်ကြတဲ့ နည်းလမ်းတွေနဲ့ စီမံတုံ့ပြန်နေကြရတာဖြစ်ပါတယ်။ လူတွေကို အလုပ်ပေးလုပ်တော့မှာလားဆိုတာမှာ နိုင်ငံအလိုက် သူ့အစီအမံတွေရှိပြီး တတ်နိုင်သမျှ စီးပွားရေးလုပ်ငန်းတွေ မထိခိုက်အောင်၊ လူတွေထိခိုက်ဆုံးရှုံးမှု နည်းနိုင်သမျှနည်းအောင် ပြုလုပ်နေကြပါတယ်။
ဒီစာကိုရေးနေတဲ့အချိန်မှာ မြန်မာနိုင်ငံအနေနဲ့ အလုပ်တွေပိတ်ပြီး အိမ်မှာနေဖို့အတွက် သတ်မှတ်ထားတာ အချိန်မကုန်သေးပါဘူး။ မေလ ၁၅ ရက်နေ့အထိဖြစ်ပါတယ်။ ၁၅ ရက်နေ့ကျော်ရင် ဘာတွေဖြစ်လာမှာလဲဆိုတာကိုတော့ အခုချိန်ထိ ထုတ်ပြန်ကြေညာထားတာမရှိသလို ဘာတွေဆက်လုပ်ကြရမလဲဆိုတာကိုလည်း ဘယ်သူမှ ရေရေရာရာ မသိရသေးဘူး။ ဒါပေမဲ့ အခြေအနေအရတော့ ကန့်သတ်မှုတွေကို ဖြေလျှော့ပေးပြီး လူတွေကို အလုပ်ပြန် လုပ်ခွင့်ပေးရတော့မှာပါ။ ကိုယ့်နိုင်ငံအနေအထားနဲ့ လူတွေအလုပ်မလုပ်ရဘဲ ဒီဝန်ထုပ်ဝန်ပိုးကြီးကို အကြာကြီးထမ်းထားနိုင်ဖို့ဆိုတာက မဖြစ်နိုင်ဘူးမလား။ ကိုဗစ် လုံးဝပျောက်သွားမယ့်အချိန်ကို စောင့်နေမျှော်လင့်နေလို့မရဘူး။ ဒီရောဂါဟာ ရက်ပိုင်းလေးမတွေ့တာဖြစ်ပြီး လုံးဝပြီးသွားတာမဟုတ်ဘူး။ ရှာမတွေ့သေးတာပဲရှိတာပါ။
အလုပ်လည်း မဖြစ်မနေ ပြန်လုပ်ကြရတော့မယ်၊ ကိုဗစ်ကလည်း မပျောက်နိုင်သေးဘူး ကာကွယ်ဆေး စောင့်ရဦးမယ်ဆိုတော့ ဒီအချိန်မှာလုပ်နိုင်တာက ကိုဗစ်နဲ့အတူ ယှဉ်တွဲနေထိုင်ပြီး အပြင်ပြန်ထွက်ကြမှဖြစ်မယ်။ အလုပ်တွေ ပြန်လုပ်မှဖြစ်မယ်။
ကိုဗစ်နဲ့အတူ ယှဉ်တွဲနေထိုင်ခြင်း
ကိုဗစ်နဲ့အတူ ယှဉ်တွဲနေထိုင်တော့မယ်ဆိုရင် နေ့စဉ်ဘဝထဲ သွားလာလှုပ်ရှားမှုတွေပြုလုပ်တဲ့အခါ အရင်လိုမျိုးပဲ ပေါ့ပေါ့ဆဆနေထိုင်လို့မရတော့ဘူး။ ငါနဲ့ ငါ့မိသားစုလည်း အချိန်မရွေး ကိုဗစ်အန္တရာယ် ကျရောက်လာနိုင်တယ်ဆိုတာကို သတိကြီးကြီးထားပြီး အမူအကျင့်အသစ်တွေနဲ့ ပုံမှန်ဖြစ်လာတော့မယ့် အသစ်အခြေအနေ (new normal) ကိုရင်ဆိုင်ရပါတော့မယ်။
အပြင်ထွက်သွားလာတဲ့အခါ
ကိုဗစ်ဟာ လူတွေကို အမူအကျင့်အသစ်တွေ ဖြစ်ပေါ်လာစေခဲ့ပါတယ်။ လက်ဆေးတာ၊ နှာခေါင်းစည်းတပ်ဆင်တာ၊ လူစုလူဝေးရှောင်တာတွေဟာ ခဏတဖြုတ်လုပ်ရမယ့် အရာတွေမဟုတ်ဘဲ ကာကွယ်ဆေးမပေါ်မီစပ်ကြားမှာ အမြဲလုပ်သွားရမယ့်အရာတွေဖြစ်ပါတယ်။
ဒါကိုအထပ်ထပ်အခါခါ မှာချင်တာကတော့ မြန်မာလူမျိုးတွေဟာ တခုခုဆိုရင် အစပိုင်းလောက်ပဲကြောက်ရွံ့တတ်ပြီး နောက်ပိုင်းမှာတော့ မေ့လွယ်ရိုးလွယ်တဲ့ သူတွေဖြစ်လို့ပါ။ ကိုဗစ်နဲ့ပတ်သက်ပြီးတော့လည်း ဒီလိုပုံစံမျိုးပဲ ရှိနေတယ်ဆိုတာကို အခုချိန်မှာ တွေ့နိုင်မြင်နိုင်နေပါပြီ။ ကြောက်ရွံ့တဲ့အချိန်မှာတုန်းက မက်စ်တပ်၊ လက်ဆေးနေပေမဲ့ အခုကျတော့လည်း လူတွေကြားထဲ နှာခေါင်းစည်းမတပ်ဘဲ သွားလာနေတာတွေ၊ စုဝေးနေကြတာတွေကို မြင်တွေ့နေရပါပြီ။ ကိုဗစ်ဟာ အပြီးအပိုင် ပျောက်သွားတာမဟုတ်ဘဲ ခဏတဖြုတ်ငုပ်လျှိုးနေချိန်မှာ သတိလက်လွတ်နဲ့ အကာအကွယ်တွေကို မပြုလုပ်တော့ဘူးဆိုရင် ဒီရောဂါဟာ နောက်တကြိမ်ပြင်းပြင်းထန်ထန် ခေါင်းထောင်လာနိုင်တယ်။ လုပ်ခဲ့ထားသမျှတွေအကုန်လုံး သဲထဲရေသွန်နဲ့ အစကနေပြန်စရလိမ့်မယ်။ အဲဒါကြောင့် လက်ရှိလုပ်နေတဲ့ ကာကွယ်ရေးအမူအကျင့်တွေကို အရှိန်မလျှော့ဘဲ ဆက်လုပ်နေဖို့လိုပါတယ်။
အစားအသောက်
ကံကောင်းတာတခုက ကိုဗစ်ဟာ အစားအသောက်ကနေ ကူးစက်တယ်ဆိုတဲ့အထောက်အထား ဒီနေ့ထိမတွေ့ရသေးပါဘူး။ အစားအသောက်တွေကို သန့်စင်ဆေးရည်အသုံးပြုသန့်စင်တာ၊ အစိမ်းစားတဲ့အသီးအနှံတွေကို ဆပ်ပြာနဲ့ ဆေးကြောသန့်စင်တာတွေ လုပ်စရာမလိုပါဘူး။ ထုပ်ပိုးထားတဲ့ပစ္စည်းတွေမှာ ကပ်ငြိနေမှာစိုးတယ်ဆိုရင် တရက်ထားပြီး နောက်နေ့မှ စားသုံးနိုင်ပါတယ်။ ဆိုင်မှာထိုင်စားမဲ့အစား အိမ်ယူစားသောက်တာက ပိုပြီးစိတ်ချရပါတယ်။ ဒါပေမဲ့ သတိထားရမှာက အစားအသောက်တွေထည့်ထား ထုပ်ထားတာတွေမှာတော့ ကိုဗစ် ကပ်ငြိတွယ်နေနိုင်တဲ့အတွက်ကြောင့် စားမယ်ဆိုရင် အိမ်ကပန်းကန်ခွက်ယောက်တွေဆီ ရွှေ့ပြောင်းစားပါ။ ကိုင်တွယ်ပြီးချိန်တိုင်းမှာလည်း လက်ဆေးပါ။
အလုပ်အကိုင်
အလုပ်တွေလည်း ပြန်လုပ်ကြရတော့မှာပါ။ အိမ်မှာနေတာလည်း ပျင်းလှပြီ။ ဝင်ငွေလည်းနည်းလှပြီ။ ဒီတော့လူတိုင်း လုပ်ငန်းခွင်ပြန်သွားဖို့အတွက် တာစူနေကြပြီ။ ဒီအချိန်မှာ အလုပ်အကိုင်နဲ့ပတ်သက်ပြီး ပြင်ဆင်ထားသင့်တာတွေရှိပါတယ်။
၁။ လိုအပ်တဲ့အလုပ်တွေကိုပဲလုပ်ပါ။ ရွှေ့လို့ စောင့်ဆိုင်းလို့ရတဲ့အလုပ်တွေကို ရွှေ့သင့်တာရွှေ့ပြီး အိမ်ကနေ အလုပ်လုပ်လို့ရနိုင်တာတွေကို အိမ်ကနေပဲအလုပ်လုပ်ပါ။ အင်တာနက်နဲ့ ဒစ်ဂျစ်တယ်နည်းလမ်းတွေကို တတ်နိုင်သလောက် တိုးချဲ့အသုံးပြုပါ။
၂။ လုပ်ဖော်ကိုင်ဖက်တွေအကြား ထိတွေ့မှုတွေကို တတ်နိုင်သမျှရှောင်ရှားပါ။ ပစ္စည်းတွေကို အတူအသုံးပြုတာမျိုးကို လျှော့ချပါ။
၃။ ဖောက်သည်တွေနဲ့ ဆက်သွယ်ပြောဆိုတဲ့အခါမှာ လူချင်းတွေ့တဲ့နည်းထက် အွန်လိုင်းအသုံးပြု ဆက်သွယ်ပြောဆိုမှု နည်းလမ်းတွေကို ပိုအသုံးပြုပါ။
၄။ ရုံးမှာ တတ်နိုင်သလောက် လူလျှော့ချနိုင်အောင် အဆိုင်းအလိုက် အလုပ်လုပ်နိုင်အောင် စီမံပါ။ ဥပမာအားဖြင့် လူ ၁၀၀ ရှိတဲ့ရုံးမှာ ငါးဆယ်စီ အဆိုင်းလိုက်ခွဲပြီး တဖွဲ့က အိမ်မှာလုပ်၊ တဖွဲ့က ရုံးတက်ဆိုတာမျိုးလုပ်ရင် လူအများကြီးစုဝေးတာမျိုး မဖြစ်အောင် လုပ်လို့ရပါတယ်။
၅။ မက်စ်ပေးဝေခြင်း၊ လက်ဆေးစရာများ စီစဉ်ထားရှိပေးခြင်း၊ အပူချိန်တိုင်းတာခြင်း၊ လေဝင်လေထွက်ကောင်းမွန်အောင် ဖန်တီးပေးခြင်းတို့ကို မဖြစ်မနေပြုလုပ်ပေးရပါမယ်။
စိတ်ပိုင်းဆိုင်ရာ
ကိုဗစ်ဟာ လူတွေကိုစိတ်ပိုင်းဆိုင်ရာအရလည်း ထိခိုက်မှုဖြစ်စေပါတယ်။
ရောဂါကိုစိုးရိမ်ထိတ်လန့်နေတာ၊ အစားအသောက်အနေအထိုင် မူမှန်မဟုတ်တာ၊ အိပ်ချိန်ပြောင်းလဲတာတွေက လူတွေရဲ့စိတ်ပိုင်းဆိုင်ရာကို ထိခိုက်စေပြီးတော့ နောက်ဆက်တွဲအနေနဲ့ အရက်၊ ဆေးလိပ်နဲ့ ဆေးဝါးတွေမှီဝဲတာမျိုးတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါတွေက ကိုယ်ခံစွမ်းအားကို ကျဆင်းစေပြီးတော့ မပြီးဆုံးသေးတဲ့ ကိုဗစ် ဝင်ရောက်လာနိုင်ဖို့အတွက် လမ်းစဖြစ်သွားနိုင်ပါတယ်။
ဒါကို ကာကွယ်လျှော့ချဖို့အတွက်ဆိုရင်
၁။ သတင်းတွေဖတ်တာ၊ ဆိုရှယ်မီဒီယာအလွန်အမင်းသုံးတာနဲ့ ကိုဗစ်အကြောင်းရေးသားထားတဲ့ သတင်းဆိုးတွေကို မဖတ်ပါနဲ့။ ဒါတွေပဲနေ့တိုင်းဖတ်နေရရင် စိတ်က ပိုပြီးအကြောက်တရားကို ပံ့ပိုးပေးစေပါတယ်။
၂။ အိမ်မှာနေရင် ကိုယ်လက်လေ့ကျင့်ခန်း အပေ့ါစားလေးတွေလုပ်ပါ။ အကြောလျှော့ပါ။ ခန္ဓာကိုယ်ကို ဂရုစိုက်ပါ။ အစားကို အသင့်စားအစားအသောက်တွေပဲ စားနေတာမျိုးမလုပ်ဘဲ အာဟာရပြည့်ဝအောင်ဂရုစိုက်ပါ။
၃။ အိပ်ရေးဝဝအိပ်ပါ။ အိပ်ချိန်မှန်အောင်ဂရုစိုက်ပြီး အလုပ်ချိန်ဖိအားတွေကို အကန့်အသတ်နဲ့ ထားပါ။
၄။ အရက်၊ ဘီယာနဲ့ ဆေးဝါးတွေကို အလွန်အကျွံ အသုံးပြုခြင်းက ရှောင်ကြဉ်ပါ။
ကိုဗစ်ဟာ ရက်ပိုင်း၊ လပိုင်းလေးနဲ့ ပျောက်ကင်းသွားမယ့် ရောဂါမျိုးမဟုတ်ပါဘူး။ မဖြစ်မနေ အပြင်လည်း ထွက်ရတော့မယ့် အချိန်မှာ အမူအကျင့်အသစ်တွေ၊ ကာကွယ်ရေးနည်းလမ်းတွေနဲ့ အသားကျအောင် သတိထားပြီး ပြုလုပ်ခြင်းကသာ ဒီကပ်ရောဂါဆိုးအခက်အခဲကြီးကို ကျော်ဖြတ်နိုင်ပါလိမ့်မယ်။
ဒေါက်တာသူရိန်လှိုင်ဝင်းသည် Hello ဆရာဝန်ဝက်ဘ်ဆိုက်၏ တာဝန်ခံအယ်ဒီတာတဦး ဖြစ်ပါသည်။
မြန်မာနိုင်ငံက အခုအချိန်မှာ လူပေါင်း ၁ ဒသမ ၇ သန်းကို ကာကွယ်ဆေး ထိုးနှံ ပြီး…
လော့ခ်ဒေါင်းချ ဆောင်ရွက်တဲ့ အခါမှာ ဆင်းရဲတဲ့အိမ်ထောင်စုတွေ၊ အလုပ်အကိုင် ဆုံးရှုံးသွားသူတွေ၊ ချို့တဲ့အားနည်းတဲ့ လူတွေအတွက်လည်း အဓိကစဉ်းစားပေးပြီး ကုစားရေး…
တရုတ်နိုင်ငံဟာ ကာကွယ်ဆေးကို အများကောင်းကျိုးအဖြစ် အသုံးပြုမယ်၊ မြန်မာနိုင်ငံစတဲ့ မိတ်ဖက်နိုင်ငံတွေကို ဦးစားပေးဖြန့်ဝေမယ် ဆိုတာဟာ စေတနာကောင်းရင်တောင် လက်တွေ့…
Discussion about this post