Menu & Search

ကပ်နဲ့ နေထိုင်ခြင်း

May 29, 2020

ပြီးခဲ့တဲ့ ၃လ … အင်တာနက်မှာ မယုံနိုင်စရာ သတင်းတွေ၊ ဓာတ်ပုံတွေ တက်လာတယ်… ကျမအတွက် နာမည်တောင် ကောင်းကောင်း မရင်းနှီးတဲ့ တရုတ်ပြည်က မြို့တမြို့မှာ လူတွေ ရောဂါဆန်း တမျိုးဖြစ်လို့တဲ့…လမ်းသွားနေရင်း ဗိုင်းကနဲပစ်လဲ သွားကြသတဲ့…ဆေးကုဖို့တောင် မမီဘူးတဲ့။ ကျမက ဒါတွေဟာ သတင်းအတုတွေ… လုပ်ကြံသတင်းတွေ…ဒါမှမဟုတ် ရုပ်ရှင်ကြော်ငြာနည်းတမျိုး ရယ်လို့တောင် ထင်ခဲ့သေးတာ။

နောက်တော့ အဲဒီမြို့ကို အစိုးရက ပြင်ပနဲ့ အဆက်အသွယ်ဖြတ် ပိတ်ဆို့လိုက်တဲ့ သတင်းတွေ တက်လာ… အဲဒီမြို့နာမည်ကို အစွဲပြုလို့ ပထမပိုင်းမှာ အဲဒီရောဂါဆန်းကို ဝူဟန်ဗိုင်းရပ်စ်လို့ သမုတ်ခဲ့ကြ။ အဲဒီ ဝူဟန်မြို့ရဲ့ အံ့သြဘနန်း အသားဈေးရဲ့ လင်းနို့လင်းဆွဲ စွတ်ပြုတ်ကနေ ဒီ ကူးစက်ပိုးက လာတယ်လို့ဆိုကြ။ အဲဒီအထိလည်း ဒီလောက်ဝေးကွာတဲ့ မြို့ဆီက ရောဂါပိုးသတင်းဟာ ကိုယ့်အတွက်တော့ ကြည့်ဖူးတဲ့ Contagion , Ebola ရုပ်ရှင်တွေလိုသာ။

ဒါပေမဲ့ တလအတွင်းမှာ ဟော… အီရန်မှာ ဒီကူးစက်ပိုးကြောင့် လူတွေ အများကြီး သေသတဲ့။ နောက်  အီတလီမှာ လူတွေ အစုလိုက်အပုံလိုက် ရောဂါတွေကူးကြ သေကြသတဲ့။ နောက် ပြင်သစ်၊အင်္ဂလန်၊ ဂျာမဏီတဲ့။  ဒီတော့မှပဲ ဒီပိုးက ကျမကို တုန်လှုပ်စေတော့တာ။ အဲလောက် မြန်မြန်ကြီး ဖြစ်သတဲ့လား၊ အဲလောက် ဆိုးဆိုးဝါးဝါးသေသတဲ့လားပေါ့။  ဟော… ဂျပန်မှာတဲ့၊ ဟော… အမေရိကားကို ရောက်လာပြီတဲ့၊ ဝါရှင်တန်စတိတ်မှာတဲ့။ အဲဒီကနေ ခုတော့ Covid 19 လို့ နာမည် တပ်တဲ့ ကူးစက်ပိုးဟာ ကျမတို့အားလုံးရဲ့ လက်တကမ်းကို ရောက်လာခဲ့ပြီ။ တကယ် ကြောက်စရာကြီးပါပဲ။ သတင်းတွေထဲမှာ အီတလီက ဆေးရုံတွေ ဆရာဝန်တွေ သူနာပြုတွေတောင် ဖိတ်စင်ကုန်ကြတာ။

အင်မတန် လူစည်ကားပြည့်ကျပ်ခဲ့တဲ့ ပါရီမြို့ရဲ့ လမ်းမတွေနဲ့ ခရီးသွား ဧည့်သည်တွေအကြိုက် အီတလီနိုင်ငံရဲ့ မီလန်မြို့က လမ်းတွေဟာ တစပြင်လို အေးစက် တိတ်ဆိတ် အသက်မဲ့နေတာတွေက သတင်းတွေမှာ နေရာယူခဲ့ပြီ။

အဲဒီအချိန် ကျမတို့ အမေရိကားမှာတော့ မီယာမီ ပင်လယ်ကမ်းခြေက စည်ကားဆဲ။ မြို့တော် ဝါရှင်တန်ဒီစီရဲ့ ပြတိုက်တွေ သိပ်လူသူမကင်းမဲ့သေးဘဲ ချယ်ရီပန်းတွေပွင့်တဲ့ Potomac မြစ်နံဘေးမှာ လူအုပ်စုလေးတွေ ပြိုးပြိုးပြောက်ပြောက် ရှိဆဲ။ အဲဒီကာလမှာပဲ နယူးယောက်မြို့မှာ လူတွေ သောင်းနဲ့ချီ ပိုးကူးပြီး ထောင်နဲ့ချီသေကုန်ကြတယ်ဆိုမှ။

နောက်တပတ်လောက်ကျမှပဲ ပြည်နယ်အစိုးရတွေရဲ့ ဆုံးဖြတ်ချက်နဲ့မှပဲ တကယ်တမ်း တိတ်ဆိတ်သွားခဲ့ကြတော့တာ။ အဲဒီတော့မှပဲ ကျမနေတဲ့ မြို့တော်တဝိုက်ဟာ  ပွင့်စပန်းရောင်စုံတွေနဲ့ တိတ်ဆိတ်အေးစက်လမ်းတွေနဲ့ ခြောက်ခြားတော့တယ်။ အဲဒီအချိန်မှာ ကျမကတော့ သိပ်ကြောက်နေခဲ့ပြီ။

+++++

ကျမ ကြောက်ရတဲ့ အကြောင်းကတော့ ကျမတို့မိသားစု ငါးယောက်မှာ ကလေးတွေအဖေကလွဲရင် ကျန်တဲ့ လေးယောက် လုံးက အိမ်ပြင်ထွက်စရာမလိုသူတွေ။ ကလေးတွေအဖေကတော့ သူ့အလုပ်က မရှိမဖြစ် လုပ်ရမယ့် စာရင်းထဲပါတာမို့ အလုပ်သွားနေရမှာလေ။ သူ ဘယ်လောက် ဂရုစိုက်နေပေမဲ့ ဘယ်လောက် လက်ဆေးနေပေမဲ့၊ ဘယ်လောက် နှာခေါင်းဖုံးနဲ့ လက်အိတ်နဲ့ပေမဲ့ တနေကုန် အလုပ်ထဲ။ နေ့လယ်ထမင်းစားချိန်တို့၊ ကော်ဖီသောက်ချိန်၊ ရေသောက်ချိန်တွေမှာတော့ သူတို့ နှာခေါင်းဖုံး ဖြုတ်ရမှာပဲ။ အဲဒီအချိန်ဟာ အခန့်မသင့် ဆိုတာမျိုး ဖြစ်နိုင်ခြေရှိနေတာပဲ စသဖြင့် တွေးပူစရာ။ ဆိုတော့ က‌လေးတွေအဖေများ တခုခုဖြစ်ရင် ဆိုတာမျိုး တွေးတဲ့အခါ ကြောက်စရာပေါ့။ ဖြစ်ချင်တော့ ဒီဗိုင်းရပ်စ်ဟာ ကာကွယ် လို့လည်း မရ ကုသလို့လည်း မရသေး ဆိုတာကြောင့်ပဲ ပို ကြောက်စရာကောင်းနေတာ မဟုတ်လား။ ပြီးတော့ သိပ်လွယ် လွယ်ကို ကူးနိုင်တယ်ဆိုတော့ ကြောက်စရာပေါ့။

အဲဒီပိုး ကူးစက်ခံရပြီဆိုရင် ခံရသူတယောက်တည်းကို အိမ်ကနေခေါ်သွား၊ သူတယောက်တည်း ဆေးရုံမှာ ခုခံရင်ဆိုင် ရုန်း ကန်… နောက်ဆုံး အဖြေဟာ ဘာလဲ ဘယ်သူမှမသိ။ ကိုယ့်ခံနိုင်ရည်ကလည်း ဘယ်လောက် ရှိတယ်မသိ။ အိမ်မှာ ကျန်ခဲ့ သူတွေမှာလည်း စိတ်တွေအထိအခိုက်ခိုက်နဲ့။ ရင်ဆိုင်ဖြေရှင်းရမယ့် ပြဿနာတွေ သောကတွေ ပရပွနဲ့။ သတင်းတွေ ထဲမှာလည်း ကူးစက်ခံ သေဆုံးသူတွေရဲ့ ကျန်ရစ်သူ မိသားစုနဲ့ တွေ့မေးတာတွေ မြင်နေကြားနေရတာကိုက စိတ္တဇ ဖြစ်ချင်စရာလေ။ ကိုယ်ကြည့်ဖူးတဲ့ ရုပ်ရှင်ထဲက ဇာတ်ကောင်တွေက ကိုယ်တိုင်တွေ ဖြစ်လာတာကိုး။

အဲလိုတွေ ကြောက်စရာကောင်းနေတာပါ။ ဒါပေမဲ့လည်း ဒီအကြောက်တရားက အဖြေမှ မဟုတ်ဘဲ…

+++++

ဒီ အရှိတရားကို ဘယ်လို ရင်ဆိုင်မလဲ ဆိုတာအတွက် ကျမ စဉ်းစားဖြစ်ဖို့ဟာ တပတ်လောက်တော့ အချိန်ယူခဲ့ပါတယ်။ ပထမဆုံး စဉ်းစားတာက ကလေးတွေအဖေသာ ကူးခံရရင်ပေါ့… ဘာလို့လဲ ဆိုတော့ သူက အပြင်ထွက်နေရမယ့်သူဆိုတော့။ ပြီးတော့ သူကနေ ကျမဆီကို… အဖေရော အမေရောများ ကူးစက်ခံရလို့ မတော်တဆ အဆုံးထိဖြစ်သွားခဲ့ရင် သားသမီးတွေ ဘာဆက်လုပ်မလဲ … ဆိုတဲ့ အဆိုးဆုံးအထိ စဉ်းစားကြည့်ရပါတယ်။

အဲဒီလို စဉ်းစားပြီးတဲ့ အခါမှာတော့ ပြင်ဆင်စရာတွေကို ပြင်ဆင်ကြရပါတော့တယ်။ ဥပမာ ဒီနိုင်ငံရဲ့ သဘောသဘာဝအရ ဘဏ်ကိစ္စတွေ၊ လစဉ်ပေးစရာအဖိုးအခတွေ၊ အရင်က ကျမ သိစရာ မလိုခဲ့ပေမဲ့ ခုတော့ သိရ ပြင်ဆင်ရပြီ။ ဒီလိုပဲ ကျမနဲ့ ပတ်သက်သမျှတွေလည်း မိသားစုသိအောင် ပြောပြထားရပြီ။ တကယ်တော့ နေ့တိုင်း မိုင်အဝေးကြီး ကားမောင်းပြီး အလုပ် သွားနေကြရတဲ့ တိုင်းပြည်မှာ ဒီသေခြင်းတရားဟာ နေ့တိုင်း ကြုံနိုင်ပါလျက်နဲ့ ခုမှပဲ ကျမတို့ ဒီလိုပြင်ဆင်ဖြစ်တာ။ စဉ်းစား ကြည့်တော့ ဒီကူးစက်ပိုးဟာ ကျမတို့ကို လက်တွေ့ဘဝကို လက်တွေ့ကျကျ ရင်ဆိုင်တတ်အောင် သင်ကြားပေးလိုက်သလို တောင် ဖြစ်နေပါရောလား။

ဟုတ်ပြီ။ ဒါဖြင့် ဒီကပ်ဆိုးကြီးထဲ ကံကောင်းထောက်မစွာ ကျမတို့ အပွန်းအပဲ့ အဖိတ်အစင် မရှိခဲ့ကြဘူးဆိုရင်ရော။ မပြီး သေးပါဘူး။ ဒီကပ်ကာလထဲ ယိုင်လဲသွားတဲ့ စီးပွားရေးတွေဟာ ကပ်ဆိုးအဖြစ်ရောက်လာဦးမှာ။ ဒီလိုပဲ နောက်ထပ်… နောက်ထပ် ဖြစ်လာနိုင်ခြေ ဘေးဒုက္ခ အန္တရာယ်တွေလည်း ရှိနေသေးတာ။ ပြီးတော့ စစ်မက်ဧရိယာတွေလည်း အကြောင်းကြောင်းတွေကြောင့် များလာနိုင်နေသေးတာ။ ဒါကြောင့် ခု ဒီအခြေအနေဟာ ကျမတို့တွေအတွက် သင်ခန်းစာ – ၁ လောက်သာ ဖြစ်နေနိုင်သေးတယ် မဟုတ်လား။

+++++

အဲဒီရက်တွေထဲမှာပဲ အီတလီနဲ့ ပြင်သစ်မှာ မြို့လယ်ခေါင် ရေကန်တွေမှာ လင်းပိုင်ငါးတွေ မြူးတူးပျော်ပါးနေကြတယ်ဆိုတဲ့ သတင်းတွေ၊ တချို့ မြို့ရွာတွေမှာ သဘာဝပတ်ဝန်းကျင်တွေ သန့်ရှင်းသွားကြတယ်ဆိုတဲ့ သတင်းတွေ ဖတ်ရပြန်တယ်။ ကမ္ဘာကြီးခမျာ ခုမှပဲ အနားယူခွင့် ရရှာတယ် လို့တောင် တွေးမိသေး။ ဘာဖြစ်လို့လဲဆိုတော့ တခါတလေ ကျမဟာ သူငယ်ချင်းတွေနဲ့ တစုတဝေး ပျော်ချင်သလို တခါတလေ ကျမ တယောက်တည်း နေရောင်အောက်မှာ ငြိမ်ငြိမ်လေးထိုင်ပြီး စာဖတ်၊ ဒါမှမဟုတ် ယောဂလုပ်၊ ဒါမှမဟုတ် တိတ်ဆိတ်ပြီး ငှက်သံလေးတွေ သစ်ရွက် လေတိုးသံလေးတွေ နားထောင်ရင်း အကြာကြီးနေချင်တာ။ ဒါကြောင့်ပဲ ကမ္ဘာကြီးလည်း အဲလို ရှိချင်ရှိမှာလို့ တွေးမိတာပါ။

အဲဒီရက်တွေထဲမှာပဲ ကဗျာရေးဖက် သူငယ်ချင်းတယောက်က တိုက်တွန်းတယ်။ “ကပ်ကြီးပြီးသွားရင်” ဆိုတဲ့ ခေါင်းစဉ်နဲ့ ကဗျာတပုဒ် ရေးပါတဲ့။

ကပ်ကြီးပြီးသွားရင်… ကျမ ဘယ်လိုနေမလဲ… ကျမရဲ့ မိသားစု ဘယ်လိုနေမလဲ…ကျမ မိတ်ဆွေတွေ ဘယ်လိုနေမလဲ.. ကမ္ဘာကြီးရော ဘယ်လိုနေမလဲ…

လောလောဆယ် ကျမ ခံစားနေရတာတွေကိုပဲ သတိရတဲ့အခါ အဲဒါကိုပဲ ကဗျာလုပ်ဖို့ စဉ်းစားလိုက်တယ်။

+++++

ကပ်ကြီး  ပြီးသွားတဲ့အခါ …

ကံကောင်းသူတွေက မြေကမ္ဘာကနေ ထွက်သွားနှင့်ခဲ့ကြပြီ။

သူတို့ …

အငတ်ဘေး ၊ ရောဂါဘေး ၊ စစ်ဘေး ၊ ဥပဒေမဲ့ဘေး တွေကနေ

လွတ်မြောက်သွားခဲ့ကြပြီ။

ကိုယ့်ချစ်သူတွေကို ကိုယ့်ကို ချန်ထားခဲ့တဲ့

ကျန်ရစ်သူကြေကွဲမှုမျိုး သူတို့ မခံစားကြရတော့ဘူး။

ကပ်ကြီး  ပြီးသွားတဲ့အခါ …

ကံကောင်းသူတွေက မြေကမ္ဘာမှာ ဆက်နေခွင့်ရကြဦးမယ်။

သူတို့

ချစ်တဲ့သူတွေနဲ့ ပြန်တွေ့ ပွေ့ဖက် ခရီးအတူဆက်နိုင်ကြမယ်…

ပန်းရောင်စုံတွေ လေပြေလေညှင်းတွေ ပျားပိတုန်းလိပ်ပြာ ကျေးငှက်သံသာတွေ ခံစားခွင့်ရကြဦးမယ်…

ဒီကပ်ကြီးကို ကျော်ဖြတ်ဖို့ရာကလည်း …

ကံတရားနဲ့ မေတ္တာဓာတ်က လွဲလို့ အားကိုးရာ မရှိတဲ့နောက်…

ကပ်ကြီး ပြီးတဲ့အခါ …

ကျန်နေခွင့်ရသူတွေ … ကံဆုံခွင့်ရသူတွေ…

ပြန်လည် ပွေ့ဖက်ကြမယ်လေ။

+++++

မဟုတ်ဘူးလား။ တကယ်လို့များ ဒီကပ်ကာလကြီးထဲ ကျမ သေသွားရင် နောက်ကြုံရမယ့် ဘေးဆိုးတွေကို မကြုံရတော့မှာ ကံကောင်းတာပေါ့။

မဟုတ်ဘူးလား။ တကယ်လို့များ ကျမ ရှင်ကျန်နေသေးရင် ကျမချစ်တဲ့ သဘာဝဝန်းကျင်နဲ့ ငှက်ကျေးတိရစ္ဆာန်လေးတွေနဲ့ …ချစ်ခင်သူ အပေါင်းအဖော်တွေနဲ့ ကြည်နူးသာယာခွင့်ရနေဦးမှာမို့ ကံကောင်းတာပေါ့။

သေချာတာကတော့ ကျမတို့ဟာ ရှိခြင်းနဲ့ မရှိခြင်းရဲ့ တန်ဖိုးတွေကို ဒီကပ်ဆိုးကာလကြီးထဲကနေ ပိုသိခွင့်ရလိုက်ကြပြီ ဆိုတာပါပဲ။

+++++

လောလောဆယ်တော့ ကိုယ် ထိတွေ့ခံစားခွင့်ရနေသေးတဲ့ နေ့ရက်တွေထဲမှာ မနက်ခင်းတွေရဲ့ နေရောင်အောက်မှာ လက်ဘက်ရည်မွှေးမွှေးလေး သောက်တယ်။ မနက်စာ ကောင်းကောင်းစားရင်းက တရားတခုခု နာတယ်။ ဒါမှမဟုတ် သီချင်းနားထောင်တယ်။ သတင်းလောက်ပဲ နားထောင်ပြီး မလိုအပ်တဲ့ အင်တာဗျူးတွေ နားမထောင်ဘဲနေတယ်။ ပြီးရင် အင်တာနက်ပေါ်က စာသင်ခန်းဆီသွားပြီး အလုပ်ခွင်ဝင်တယ်။ နေ့လယ်စာ စားချိန် နားရင်တော့ တီဗီသတင်း နားထောင်ရင်း နေ့လယ်စာ စားတယ်။ ဟင်းကောင်းကောင်း ချက်ချိန် ရှိတဲ့ကာလမို့ နေ့လယ်စာကလည်း သိပ်မြိန်တာပါပဲ။ နေ့လယ်စာ စားပြီးရင် ခနနားချိန် တရေးတောင် အိပ်နိုင်သေး။ ဒါမှမဟုတ်လည်း စာအုပ်တခုခုဖတ်ပေါ့။

ထမင်းစားချိန်အပြီး စာသင်ချိန်ပြန်ဝင်တဲ့အခါ အားတောင် ပြည့်နေသလို။ စာနှစ်ချိန်သင်ပြီးရင်တော့ အလုပ်ချိန်ပြီးပြီ။ ရာသီဥတုလေး သိပ်မအေးရင် လမ်းထွက်လျှောက်နိုင်သေးတာ။ ဟော… ခဏကြာတော့ အလုပ်သွားတဲ့ အိမ်သား ပြန်လာပြီ။ ညနေစာအတွက် အတူတူပြင်ဆင်။ သားသမီးတွေလည်း ညနေစာအတွက် အဆင်သင့်ဖြစ်ပြီ။ ဒီလိုနဲ့ ညရောက်ပြန်တာပါပဲ။ ညစာစားပြီးချိန် ရုပ်ရှင်ကြည့်။ ညမအိပ်ခင် တရားထိုင်။ ဒီလိုနဲ့ ညအိပ်ချိန်ကို အလွယ်တကူ ရောက်ပြန်တာပါပဲ။

ကဲ… အိမ်မှာပဲ နေရမယ်ဆိုတဲ့ နေ့တွေဟာလည်း သုံးတတ်တော့ အဓိပ္ပါယ်ရှိရှိနဲ့ အကုန်မြန်သားပါ။ ဒီလိုမှလည်းပဲ နေ့ရက် အချိန်တွေက အဓိပ္ပါယ်ရှိရှိကုန်တော့မယ်။ ဒီလိုမှပဲ ကျမတို့ စိတ်ခွန်အား၊ ကိုယ်ခွန်အား ပြည့်တော့မယ် မဟုတ်လား။

ဒါမှပဲ ကြုံလာသမျှကို ရင်ဆိုင်ဖို့ အသင့်ရှိနေရမယ်မဟုတ်ပါလား…

ဒါမှပဲ…

ကပ်ကြီး ပြီးတဲ့အခါ …

ကျန်နေခွင့်ရသူတွေ … ကံဆုံခွင့်ရသူတွေ… ပြန်လည် ပွေ့ဖက်နိုင်မယ် မဟုတ်ပါလား။

May Nyein

မေငြိမ်းသည် ထင်ရှားသော စာရေးဆရာမတဦးဖြစ်သည်။

Related article
ကပ်ဘေးအတွင်းက အမျိုးသမီးတို့အရေး

ကပ်ဘေးအတွင်းက အမျိုးသမီးတို့အရေး

ကိုဗစ်၏ ရေရှည်ကပ်ဘေးတွင် ကျန်းမာရေး၊ အလုပ်အကိုင်ကိစ္စနှင့် အိမ်တွင်းအကြမ်းဖက် ပြဿနာတို့တွင် အမျိုးသမီးတို့ ပိုမိုထိခိုက်ဖွယ်ရှိကြောင်း လေ့လာတွေ့ရှိရသည်။

အရှုံးထဲက အမြတ်တခု သို့မဟုတ် လူသားဆန်ခြင်း

အရှုံးထဲက အမြတ်တခု သို့မဟုတ် လူသားဆန်ခြင်း

လွန်ခဲ့တဲ့ သုံးလေးလလောက်ကသာ ဒါမျိုးဖြစ်လာမယ်လို့ တယောက်ယောက်က လာပြောရင် ကျနော်တို့ အော်ရယ်မိကြမှာ။ ခုတော့ ဒါတွေက တကယ်ဖြစ်လာခဲ့တယ်။

ကိုဗစ်နဲ့အတူ ယှဉ်တွဲနေထိုင်ခြင်း

ကိုဗစ်နဲ့အတူ ယှဉ်တွဲနေထိုင်ခြင်း

ရောဂါကိုစိုးရိမ်ထိတ်လန့်နေတာ၊ အစားအသောက်အနေအထိုင် မူမှန်မဟုတ်တာ၊ အိပ်ချိန်ပြောင်းလဲတာတွေက လူတွေရဲ့စိတ်ပိုင်းဆိုင်ရာကို ထိခိုက်စေပြီးတော့ နောက်ဆက်တွဲအနေနဲ့ အရက်၊ ဆေးလိပ်နဲ့ ဆေးဝါးတွေမှီဝဲတာမျိုးတွေ…

Discussion about this post

  1. Thein Htay says:

    တကယ်တော့ နေ့တိုင်း မိုင်အဝေးကြီး ကားမောင်းပြီး အလုပ် သွားနေကြရတဲ့ တိုင်းပြည်မှာ ဒီသေခြင်းတရားဟာ နေ့တိုင်း ကြုံနိုင်ပါလျက်နဲ့ ခုမှပဲ ကျမတို့ ဒီလိုပြင်ဆင်ဖြစ်တာ။ စဉ်းစား ကြည့်တော့ ဒီကူးစက်ပိုးဟာ ကျမတို့ကို လက်တွေ့ဘဝကို လက်တွေ့ကျကျ ရင်ဆိုင်တတ်အောင် သင်ကြားပေးလိုက်သလို တောင် ဖြစ်နေပါရောလား။

Leave a Reply

Your email address will not be published. Required fields are marked *

Type your search keyword, and press enter to search