Menu & Search

တကျော့ပြန်ကိုဗစ်နှင့် မြန်မာနိုင်ငံ

July 17, 2020

ကိုဗစ်က ပြီးဆုံးသွားပြီလား

မြင်တွေ့နေရတဲ့ မြင်ကွင်းတွေ အခြေအနေအရတော့ ကိုဗစ်က ပြီးဆုံးသွားပြီလို့ ထင်မြင်ချင်စရာပါပဲ။ ဆိုင်တွေ ပြန်စည်ကားလာတယ်။ အလုပ်တွေပြန်ဖွင့်လာတယ်။ လမ်းတွေပေါ်မှာ အရင်လိုပဲ လူတွေ ကျပ်ညပ်နေအောင် ပြန်စည်ကားနေကြတယ်။ မက်စ်တပ်တာ ပြန်နည်းလာပြီ။ လက်ဆေးတဲ့အလေ့အထနဲ့ မျက်နှာကို မကိုင်ဖို့ပြောထားတာတွေ သိပ်သတိမရကြတော့ဘူး။ ဒီလိုဖြစ်အောင်လည်း ကိုဗစ်က မြန်မာနိုင်ငံထဲမှာ သိပ်မတွေ့ရတော့ဘူး။ အခုနောက်ပိုင်း ကိုဗစ်ကိုတွေ့ရှိမှုတွေထဲမှာ ပြည်ပကနေ ပြန်လာတဲ့ မြန်မာနိုင်ငံသားတွေပဲ ရှိတော့တယ်။ ပြည်တွင်းကူးစက်မှုတွေ ဆက်မရှိတော့ဘူး။ ဒီတော့ လူတွေ သိချင်တဲ့ မေးခွန်းက ကိုဗစ်ဟာ ပြီးဆုံးသွားပြီလား ဆိုတာပါပဲ။

 

ကိုဗစ်ပြီးဆုံးဖို့ ဝေးနေပါသေးတယ်

ဇူလိုင် ၅ ရက် အထိ စာရင်းဇယားတွေအရတော့ လူ ၁၁ သန်းကျော်ကူးစက်ခံထားရပြီး ၅၃၀,၀၀၀ ကျော် သေဆုံးပါတယ်။ WHO ရဲ့ အကြီးအကဲကတော့ ဗိုင်းရပ်စ်ကူးစက်မှုက ပြီးဆုံးဖို့ အဝေးကြီးမှာ ရှိနေသေးပြီး အဆိုးဆုံး အခြေအနေကိုတောင် မရောက်သေးဘူးလို့ ဆိုထားပါတယ်။ အဆိုးဆုံး မျှော်လင့်ထားကြတာကတော့ တကျော့ပြန်ကိုဗစ် ဒါမှမဟုတ် ဒုတိယလှိုင်းကိုဗစ် ကူးစက်မှုကိုပါ။

ဒီလို ထင်မြင်ယူဆရအောင်လည်း ကိုဗစ်ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်လိုက်နိုင်ပြီလို့ ယူဆထားတဲ့နိုင်ငံအချို့မှာ ကိုဗစ်ကို ပြန်လည်တွေ့ရှိနေရတယ်။ ဥပမာအားဖြင့်ဆိုရင် တောင်ကိုရီးယားမှာ မတ်လအတွင်း ရောဂါကူးစက်မှု အမြင့်ဆုံးကို ရောက်ပြီးတော့ အစိုးရက မြန်မြန်ဆန်ဆန် အရေးယူ တုံ့ပြန်မှုတွေ ပြုလိုက်တာကြောင့် ပြည်တွင်းကူးစက်မှုက ဧပြီလကုန်မှာ ရပ်တန့်သွားပါတယ်။ ဒါပေမဲ့ ပိတ်ဆို့မှုတွေနဲ့ အိမ်မှာနေဖို့ အမိန့်တွေ ဖြေလျှော့ပြီးတဲ့အချိန် ဇွန်လမှာကျတော့ ပြည်တွင်းကူးစက်မှုတွေ ပြန်တွေ့လာရတဲ့အတွက်ကြောင့် ဒုတိယလှိုင်းများ ရိုက်ခတ်လေပြီလားလို့ စိုးရိမ်ပူပန်မှုတွေ ဆက်ဖြစ်လာတယ်။

ဒီလိုပုံစံမျိုးကို ကူးစက်မှုတွေ လျော့နည်းလာပြီဆိုပြီး ဖြေလျှော့မှုတွေ ပြုလုပ်ခဲ့တဲ့ အီရန်၊ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်တို့မှာလည်း တွေ့မြင်ရနိုင်တယ်။ ကူးစက်မှုတွေ မြင့်တက်နေတဲ့အချိန်မှာ အိမ်မှာနေဖို့အမိန့်နဲ့ လူစုလူဝေး ပြုလုပ်မှုတွေ၊ အပြင်ထွက်မှုတွေကို ဟန့်တားလိုက်တယ်။ အဲဒီနောက်မှာ ကူးစက်မှု လျော့သွားတဲ့အတွက်ကြောင့် ပိတ်ဆို့မှုတွေကို ပြန်ဖြေလျှော့လာတဲ့အချိန်မှာ နောက်တကြိမ် ကူးစက်ပြန့်ပွားမှုတွေ ဆက်ဖြစ်ပါတော့တယ်။ ပိတ်ဆို့မှုတွေ ဖြေလျှော့လာတဲ့ အိန္ဒိယမှာ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း စံချိန်တင် လူနာသစ် တွေ့ရှိမှုတွေအထိတောင် ဖြစ်ပွားခဲ့ပါတယ်။

 

ဒုတိယလှိုင်း ဘာလို့ဖြစ်တာလဲ

ပထမဆုံးသိရမှာက ဒုတိယလှိုင်းဆိုတာ ဘာကိုဆိုလိုတာလဲ ဆိုတာပါ။ ပင်လယ်ကမ်းစပ်က ရေလှိုင်းလေးတွေရဲ့ သဘောပါပဲ။ ရေလှိုင်းတလုံး ကမ်းစပ်ကို တက်လာမယ်၊ အမြင့်ဆုံးနေရာကို ရောက်ပြီးရင် အဲဒီလှိုင်းက ပြန်ဆင်းသွားပြီးတော့ နောက်ထပ်လှိုင်းတလုံးက ထပ်ရိုက်ခတ်တယ်။ ဒီပုံစံကိုယူပြီး ပထမလှိုင်း၊ ဒုတိယလှိုင်းလို့ သုံးနှုန်းတာပါ။

ကိုဗစ်ကူးစက်မှု ပထမလှိုင်းရိုက်ခတ်မှု တဖြည်းဖြည်းတက်လာတာကနေ ပြန်နည်းသွားမယ်။ ပြီးဆုံးသွားပြီလို့ လူတွေထင်နေတဲ့ အချိန်မှာပဲ နောက်ထပ်ကူးစက်မှုအသစ်တွေ ဆက်ဖြစ်လာမယ်။ ဒါကို ဒုတိယလှိုင်းရိုက်ခတ်မှုလို့ သုံးနှုန်းနိုင်ပါတယ်။ ဒုတိယလှိုင်း ဘာလို့ရိုက်ခတ်တာလဲဆိုတာရဲ့ အဓိကအကြောင်းအရင်း သုံးခုရှိပါတယ်။

 

(က) ရောဂါရဲ့ မရေရာမှု

ကိုဗစ်ဗိုင်းရပ်စ်ဟာ အခုမှစတွေ့ဖူးတဲ့ အသစ်စက်စက် ဗိုင်းရပ်စ်ဖြစ်တာကြောင့် ဒီရောဂါနဲ့ပတ်သက်လို့ လေ့လာတွေ့ရှိချက်မှန်သမျှဟာ ရေတိုလေ့လာတွေ့ရှိချက်တွေပဲ ဖြစ်နေပါတယ်။ အခုလက်ရှိ သိနေကြတဲ့ ရောဂါဖြစ်ပွားမှု ပုံစံ၊ ရောဂါရဲ့ ကူးစက်ပြန့်ပွားတဲ့ ပုံစံ၊ လက္ခဏာတွေနဲ့ ပျောက်ကင်းတဲ့ ပုံစံတွေ အကုန်လုံးဟာ ရေတိုတွေ့ရှိချက်တွေအပေါ်မှာ အခြေခံထားခြင်းဖြစ်ပါတယ်။ ဆိုလိုချင်တဲ့သဘောကတော့ အပြည့်အဝ မှန်ကန်မှု မရှိသေးဘူးဆိုတာပါ။ ဥပမာ အရင်က ရောဂါဖြစ်ရင် ၁၄ ရက်ကြာမြင့်တယ်လို့ ယူဆထားတဲ့ အတွက်ကြောင့် သီးသန့်ခွဲထားတဲ့ Quarantine ကို ၁၄ ရက်ကြာပဲ ပြုလုပ်ခဲ့တယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ တွေ့ရှိချက်အသစ်တွေ၊ Q ထွက်ပြီးမှ ကူးစက်တာတွေ ဆက်ရှိလာတာကြောင့် သီးသန့် ခွဲထားမှုကို ၂၁ ရက်ထိ တိုးမြှင့်သတ်မှတ်ရတယ်။

နောက်တခါ ဗိုင်းရပ်စ်ကူးစက်မှုက ရောဂါလက္ခဏာ ပြသတဲ့ သူတွေဆီကနေ အဓိက ပြန့်ပွားတယ်လို့ ယူဆလာခဲ့ရာက အခုနောက်ပိုင်းမှာကျတော့ ရောဂါလက္ခဏာ မပြသတဲ့ သူတွေက အဓိကဖြန့်ဝေတာ ဖြစ်နိုင်တယ်လို့ သုံးသပ်လာကြပြန်ပါတယ်။ တခါ ဗိုင်းရပ်စ်ဟာ မျိုးဗီဇပြောင်းလဲမှုတွေ ဖြစ်နေလား မဖြစ်နေဘူးလား ဆိုတာနဲ့ပတ်သက်လို့လည်း အခုထိ ငြင်းခုံမှုတွေပြလုပ်နေရဆဲပါ။

ဗိုင်းရပ်စ်နဲ့ပတ်သက်တဲ့ မရေရာမှုတွေထဲမှာ အဆိုးဆုံးကတော့ ကူးစက်ခံထားပြီး ပျောက်ကင်းသွားသူတွေမှာ ဗိုင်းရပ်စ်ပိုး ပြန်လည်တွေ့ရှိမှုပါပဲ။ ယေဘုယျအယူအဆအားဖြင့် ကူးစက်မှုတခုဖြစ်ပြီး ပျောက်သွားတယ်ဆိုရင် ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်က အဲဒီရောဂါပိုးကို မှတ်မိသွားပြီး နောက်တခါ ပြန်လည်ထိတွေ့မှုရှိချိန်မှာ ကောင်းကောင်းကြီး တွန်းလှန်နိုင်တဲ့အတွက် ရောဂါတခုဖြစ်ပြီးရင် ကိုယ်ခံအားရသွားပြီလို့ သတ်မှတ်ထားပါတယ်။ ကိုဗစ်ကူးစက်ခံရသူတွေမှာလည်း ဒီလိုမျိုးပဲ ကူးစက်ပြီးတဲ့အခါ ကိုယ်ခံအားကျန်ခဲ့လို့ နောက်တကြိမ် မကူးစက်နိုင်တော့ဘူးလို့ တွေးထင်ထားခဲ့ပေမဲ့ ပျောက်ကင်းသွားသူတွေမှာ ရောဂါပိုး ပြန်လည်တွေ့ရှိရခြင်းက ဒီဗိုင်းရပ်စ်နဲ့ပတ်သက်လို့ မသေချာမရောရာမှုတွေကို ပိုတိုးလာစေတယ်။ နောက်တကြိမ် ကူးစက်ခံရတာလား၊ ပထမအကြိမ်ကတည်းက မပျောက်သွားဘဲ မြုပ်နေခဲ့တာလား၊ ဗိုင်းရပ်စ်က မျိုးဗီဇပြောင်းလဲပြီး ပိုဆိုးလာတာလား စသဖြင့် သို့လော သို့လော မေးခွန်းတွေ ပိုများလာပါတယ်။ ဒီရောဂါရဲ့ မသေချာမှုက နောက်တကြိမ် ထပ်ဖြစ်စေဖို့အတွက် အဓိက အကြောင်းအရင်း ဖြစ်နေစေပါတယ်။

 

() ပိတ်ဆို့တားမြစ်မှုတွေကို အလျင်စလိုဖယ်ရှားမှု

ရောဂါကူးစက်မှု နည်းပါးသွားတဲ့ နိုင်ငံတွေကို ကြည့်လိုက်မယ်ဆိုရင် ပိတ်ဆို့တားမြစ်မှုတွေ ပြုလုပ်တဲ့ နိုင်ငံတွေချည်းပဲဆိုတာကို တွေ့နိုင်ပါလိမ့်မယ်။ ဒါက ဗိုင်းရပ်စ်ကူးစက်မှုဟာ လူတွေ အပြင် မထွက်ခြင်းကြောင့် အချင်းချင်း ထိတွေ့မှု နည်းပါးခြင်းအားဖြင့် လျှော့ချနိုင်တယ်ဆိုတာကို ညွှန်းဆိုပါတယ်။ ဒါပေမဲ့လည်း ပိတ်ဆို့တားမြစ်မှုတွေ ပြုလုပ်ရတာက တိုင်းပြည်အတွက် ထိခိုက်နစ်နာမှုများပါတယ်။ ဆင်းရဲတဲ့ နိုင်ငံတွေအဖို့ အပြင်မထွက်ရတဲ့သူတွေကို ထောက်ပံ့မှုတွေပြုလုပ်ရသလို စီးပွားရေးတွေနဲ့ ခရီးသွားလာရေးတွေ ပိတ်ဆို့ထားရတဲ့အတွက်ကြောင့် နောက်ဆက်တွဲစီးပွားရေး ရိုက်ခတ်မှုတွေက ပြင်းထန်ပါတယ်။ ဒီအတွက်ကြောင့်ပဲ နိုင်ငံအများစုက ကူးစက်မှုကို ထိန်းချုပ်နိုင်ပြီလို့ ထင်တာနဲ့ ဖြေလျှော့မှုတွေကို အမြန်အဆန် ပြုလုပ်ကြတော့တာပါပဲ။ လူချင်းထိတွေ့မှုကို လျှော့ချလိုက်နိုင်တဲ့အတွက် ရောဂါကူးစက်မှု နည်းသွားတယ်၊ ဖြေလျှော့မှုတွေ အမြန်အဆန်ပြုလုပ်တဲ့အခါ လူတွေအပြင်ထွက်လာတယ်၊ ထိတွေ့မှုတွေ ပြန်များလာတယ်။ ဒီမှာတင် နောက်တကြိမ် ကူးစက်မှုတွေ ဆက်ဖြစ်တော့တာပါပဲ။ အိမ်နီးချင်းနိုင်ငံ အိန္ဒိယဟာ အကြီးမားဆုံး ဥပမာ ဖြစ်ပါတယ်။

 

() ကာကွယ်ဆေး မရရှိသေးမှု

ကူးစက်မှုပြင်းထန်တဲ့ ရောဂါတခု ပျောက်သွားဖို့ဆိုရင် နည်းလမ်းနှစ်ခုရှိပါတယ်။ တခုက အများစု ကူးစက်ခံပြီး ပျောက်ကင်းသွားတဲ့ နည်းဖြစ်ပြီး နောက်တခုကတော့ ကာကွယ်ဆေး ရရှိထိုးနှံခြင်းပါ။ ပထမ နည်းလမ်းဟာ ကိုဗစ်လို ပြင်းထန်တဲ့ ရောဂါမျိုးအတွက် အထိအခိုက်များလွန်းတဲ့ အတွက်ကြောင့် ကာကွယ်ဆေးရဖို့ နည်းလမ်းတခုကိုပဲ အဓိက မျှော်လင့်လို့ ရနိုင်ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကတော့ ကာကွယ်ဆေးရရင်တောင်မှ ရောဂါက ပြီးဆုံးဖို့ မဖြစ်နိုင်သေးဘူးလို့ ဆိုပါတယ်။

လောလောဆယ်မှာ အနီးစပ်ဆုံး ကာကွယ်ဆေးတောင်မှ ဒီနှစ်ကုန်ရနိုင်ဖို့ အစောဆုံးဖြစ်နိုင်ပါတယ်။ ကာကွယ်ဆေးမရခင် စပ်ကြားမှာ ရောဂါဟာ ငုပ်လျှိုးသွားရုံပဲရှိပြီး အပြီးသတ် ပျောက်ဆုံးသွားမှုတော့ ဖြစ်နိုင်မှာ မဟုတ်ပါဘူး။ ကာကွယ်ဆေး မရနိုင်သေးတာကလည်း ဒီရောဂါ ထပ်ခါထပ်ခါ ဖြစ်လာနိုင်ဖို့ နောက်ထပ် အကြောင်းအရင်းတခုပါ။

 

ဒုတိယလှိုင်းနဲ့ မြန်မာနိုင်ငံ

မြန်မာနိုင်ငံဟာ လက်ရှိအချိန်ထိ ကိုဗစ်နဲ့ပတ်သက်လို့ ကံအကောင်းဆုံးလို့ ဆိုရမယ့် နိုင်ငံတွေထဲ ပါဝင်ပါတယ်။ ဇူလိုင် ၅ ရက်နေ့အထိ ဖြစ်ပွားမှု ၃၁၃ ခုပဲ ရှိခဲ့ပြီး ခြောက်ယောက်ပဲ သေဆုံးခဲ့တယ်။ နောက်ပိုင်းမှာဆိုရင် ပြည်တွင်းကူးစက်မှု မရှိတော့ဘူး။ ကူးစက်ခံရသူအများစုကလည်း ပြန်ကောင်းသွားလို့ ဆေးရုံကနေ ဆင်းခွင့်တွေ ရရှိနေပြီ။

အဓိက ပြုလုပ်နိုင်ခဲ့တာတွေအဖြစ် ပြည်ပက ပြန်လာတဲ့သူတွေကို လူတွေကြားထဲ မရောက်သွားခင် သီးသန့် ခွဲထားနိုင်ခဲ့တာ၊ ကူးစက်မှုတွေကို အမြန်အဆန် သိရှိ၊ နောက်ကြောင်းလိုက်နိုင်ခဲ့တာနဲ့ ပိတ်ဆို့ တားမြစ်မှုတွေကို ကျင့်သုံး လိုက်နာခဲ့ကြတာလို့ မှတ်ယူနိုင်ပါတယ်။

ဒါပေမဲ့ ဒီအခြေအနေကို ကိုဗစ်လုံးဝပြီးဆုံးသွားမှုအဖြစ် မမှတ်ထင်ကြဖို့ လိုပါတယ်။ ဒီအသိဟာ တာဝန်ရှိတဲ့ သူတွေမှာရော ပြည်သူတယောက်ချင်းစီမှာပါ ရှိနေဖို့ လိုအပ်ပါတယ်။ ကိုယ့်လိုမျိုးထင်ပြီး ခံလိုက်ရတဲ့ နိုင်ငံတွေရဲ့ ဥပမာတွေအများကြီးလည်း မြင်တွေ့ပြီးနေပြီ။ နီးနီးစပ်စပ်နေရာတွေမှာပါ ဖြစ်တာလည်း ကြားသိ နေရပြီ။ မြန်မာနိုင်ငံဟာလည်း အဲဒီနမူနာတွေထဲက တခုဖြစ်သွားနိုင်ခြေရှိတယ်ဆိုတာကို မမေ့ဖို့ လိုပါတယ်။ ဒီအချိန်မှာ မက်စ်မဖြစ်မနေတပ်ရမယ့်ကိစ္စနဲ့ လက်ဆေးဖို့၊ လူစုလူဝေးမလုပ်ဖို့၊ ခပ်ခွခွာနေကြဖို့လိုမျိုး ကာကွယ်ရေး ကိစ္စတွေကို တာဝန်ရှိသူတွေဘက်ကလည်း လျော့တိလျော့ရဲ ကိုင်တွယ်နေမယ်၊ လူတွေကလည်း သတိရှိရှိနဲ့ လေးစားလိုက်နာဖို့ ပျက်ကွက်နေမယ်ဆိုရင် ဆိုးရွားတဲ့လမ်းကြောင်းပေါ်ကို အချိန်မရွေး ရောက်သွားနိုင်ပါတယ်။ အဆုံးသတ်အနေနဲ့ပြောရရင်တော့ ကျနော်တို့ ကံကောင်းပါတယ်။ သတိကြီးကြီး ထားပြီး ဆက်ကံကောင်းကြရအောင်ပါ။

Dr Thurein Hlaing Win

ဒေါက်တာသူရိန်လှိုင်ဝင်းသည် Hello ဆရာဝန်ဝက်ဘ်ဆိုက်၏ တာဝန်ခံအယ်ဒီတာတဦး ဖြစ်ပါသည်။

Related article
ကိုဗစ်ကပ်ဘေး –  အရပ်ဘက်အဖွဲ့အစည်းများ ဘယ်ဆီသို့

ကိုဗစ်ကပ်ဘေး –  အရပ်ဘက်အဖွဲ့အစည်းများ ဘယ်ဆီသို့

ဒါပေမဲ့ အရပ်ဘက်အင်အားစုနယ်ပယ်မှာတော့ နိုင်ငံတော်ရဲ့ သီးခြားစဉ်းစားပေးချက်မျိုး မတွေ့ရဘဲ၊ ထွက်ရှိလာတဲ့ညွှန်ကြားချက်တွေအပေါ်မူတည်ပြီး ဆောင်ရွက်နေရတာကြောင့် အကန့်အသတ်အချို့နဲ့ ခြေချုပ်မိနေရတဲ့ အခင်းအကျင်းပုံစံတွေကို…

ကိုဗစ်အလွန် ခရီးသွားလုပ်ငန်း

ကိုဗစ်အလွန် ခရီးသွားလုပ်ငန်း

ကိုဗစ်အလွန်တွင် ခရီးသွားလုပ်ငန်း အမြန်ဆုံးပြန်လည် ဦးမော့လာစေရန်အတွက် ခရီးသွားလုပ်ငန်းတွင် ပါဝင်နေသည့် Stakeholder များအားလုံး တက်ညီလက်ညီ ပူးပေါင်းကာ…

ကိုဗစ်-၁၉ က ဒီမိုကရေစီကို ကူးစက်စေသလား

ကိုဗစ်-၁၉ က ဒီမိုကရေစီကို ကူးစက်စေသလား

ကိုဗစ်ကာလတွင် လူမှု လွတ်လပ်ခွင့်နှင့် လှုပ်ရှားမှုနယ်ပယ်လည်း သိသိသာသာ ချုပ်ချယ်ခံခဲ့ရသည်။ နိုင်ငံသားလွတ်လပ်ခွင့် များလည်း ကန့်သတ်ခံရသည်။ လူစုလူဝေးပြုမှုများလည်း…

Discussion about this post

Leave a Reply

Your email address will not be published. Required fields are marked *

Type your search keyword, and press enter to search