မြန်မာနိုင်ငံနှင့် ကိုဗစ်ကာကွယ်ဆေး ထိုးနှံနိုင်မှု အလားအလာ
မြန်မာနိုင်ငံက အခုအချိန်မှာ လူပေါင်း ၁ ဒသမ ၇ သန်းကို ကာကွယ်ဆေး ထိုးနှံ ပြီး…
ကမ္ဘာပေါ်တွင် ကိုဗစ်ကပ်ဘေးကြောင့် ဖြစ်ပေါ်လာသော အကျိုးသက်ရောက်မှုများအနက် အလုပ်လက်မဲ့ပြဿနာသည် အကြီးမားဆုံး ဆိုးကျိုးဖြစ်သည်၊ ပြီးခဲ့သည့် ဧပြီ ၂၉ ရက်တွင် ထုတ်ပြန်ခဲ့သော အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် (ILO) ၏ နောက်ဆုံးစစ်တမ်းအရ ကမ္ဘာပေါ်တွင် လုပ်အားဆုံးရှုံးမှု ၄ ဒသမ ၅ ရာခိုင်နှုန်းခန့် ရှိခဲ့ပြီး လာမည့် ဒုတိယသုံးလပတ်တွင် ၁၀ ဒသမ ၅ ရာခိုင်နှုန်းအထိ ဆိုးရွားလာမည်ဟု ခန့်မှန်းထားပါသည်။ ယင်းပမာဏသည် အမြဲတမ်းအချိန်ပြည့် အလုပ် ၃၀၅ သန်း (full-time equivalent jobs) နှင့် ညီမျှမည်ဟု တွက်ဆခဲ့ပါသည်။ ထို့အပြင် တရားမဝင်၊ စာရင်းမပေါက်သည့် စီးပွားရေးကဏ္ဍများတွင် အလုပ်လုပ်နေကြသော အခြေခံ လက်လုပ်လက်စားဦးရေ ၁ ဒသမ ၆ ဘီလီယံ ခန့်ရှိသော အလုပ်သမားများမှာလည်း ကြီးမားသောဝင်ငွေ ဆုံးရှုံးမှု ဖြစ်လိမ့်မည်ဟု ပြောကြားခဲ့ပါသည်။[1] ကိုဗစ်ကပ်ဘေးကာလတွင် မြန်မာနိုင်ငံ၌လည်း အလုပ်လက်မဲ့ ပြဿနာမှာ တနေ့တခြား ဆိုးရွားလာခဲ့ရာ နောက်ဆုံးရရှိသော စာရင်းဇယားများအရ တရားဝင်ကဏ္ဍတွင် အလုပ်လုပ်နေသော အလုပ်သမား ဦးရေ တသိန်းကျော်ခန့် အလုပ်လက်မဲ့ ဖြစ်သွားပြီဟု သိရှိရပါသည်။ ယင်းထက်ပိုမိုများပြားသည့် စည်းပြင်လုပ်သားများ၏ လုပ်အားဆုံးရှုံးမှုမှာ နှစ်ဆ သုံးဆခန့် ရှိမည် ဟုခန့်မှန်းရပါသည်။ ပို၍ ဆိုးရွားသည်မှာ ထိုင်းနိုင်ငံနှင့် မလေးရှား နိုင်ငံများ၏ စီးပွားရေးကျဆင်းမှုကြောင့် ယင်းနိုင်ငံများတွင် အလုပ်လုပ်လျက်ရှိသော ရွှေ့ပြောင်းအလုပ်သမားများလည်း အလုပ်လက်မဲ့များစွာ ဖြစ်လာကြပြီး မြန်မာနိုင်ငံသို့ ပြန်လာရန် ပြင်ဆင်နေကြသည်ဟု သိရပါသည်။
မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ၏ အကျိုး သက်ရောက်မှုများကို ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းများတွင် ဦးစွာ ကြုံတွေ့ရသော်လည်း ယခုနောက်ပိုင်းတွင် အခြားကဏ္ဍများဖြစ်သော စက်မှုကုန်ထုတ်လုပ်ငန်း၊ ဆောက်လုပ်ရေး၊ သယ်ယူပို့ဆောင်ရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ လက်လီလက္ကား ရောင်းဝယ်ရေးနှင့် ဝန်ဆောင်မှု လုပ်ငန်းများကိုပါ ထိခိုက်လာသည်ကို တွေ့ရှိနိုင်ပါသည်။ ယင်းတို့အနက် စက်မှုကုန်ထုတ်လုပ်ငန်းနှင့် ဆောက်လုပ်ရေး လုပ်ငန်းတို့မှာ လုပ်သားအင်အား အများဆုံးရှိနေသည့် ကဏ္ဍများ ဖြစ်ရုံသာမက ယင်းတို့၏ စီးပွားရေးလုပ်ငန်းများသည်လည်း ကိုဗစ်ဒဏ်ကို အများဆုံး ခံစားခဲ့ရသည့် ကဏ္ဍများ ဖြစ်ပါသည်။ စက်မှုကုန်ထုတ်လုပ်ငန်း အများစုသည် နိုင်ငံတကာ ဈေးကွက်များနှင့် ချိတ်ဆက်နေသော အထည်ချုပ် ကဏ္ဍကဲ့သို့ လုပ်ငန်းများတွင် ကုမ္ပဏီများသည် တရားဝင်မှတ်ပုံတင်ထားပြီး လူမှုဖူလှုံရေးအဖွဲ့ ရန်ပုံငွေကိုပါ အလုပ်ရှင် အလုပ်သမား အများစု ပုံမှန်ပေးသွင်းနေကြသည်ဖြစ်ရာ ကိုဗစ်ကာလ အတွင်းတွင် ကျန်းမာရေးခံစားခွင့် အပါအဝင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ အလုပ်ရုံစစ်ဆေးဆဲ ကာလများတွင် အလုပ်ရုံ ရပ်နားထားချိန်များအတွက် အကျိူးခံစားခွင့်ပါ ရရှိကြပါသည်။ သို့ရာတွင် ဆောက်လုပ်ရေး ကဏ္ဍရှိ အလုပ်သမားအများစုမှာမူ နေ့စားနှင့် အချိန်ပိုင်း အလုပ်လုပ်ကြသူအများစုဖြစ်ရာ လူမှုဖူလှုံရေး ရန်ပုံငွေသို့ ဝင်ထားခြင်းမရှိပါ။
ကိုဗစ်မတိုင်ခင်ကာလ အလုပ်အကိုင်များနှင့် ဝင်ငွေ အခွင့်အလမ်းများ
မြန်မာနိုင်ငံတွင် အလုပ်လုပ်ကိုင်သူ လူဦးရေ၏ ၇၅ ရာခိုင်နှုန်းခန့်သည် လယ်ယာကဏ္ဍတွင် အလုပ်လုပ်ကိုင် နေကြောင်း ခေတ်အဆက်ဆက်က မှတ်ယူခဲ့သော်လည်း ၂၀၁၅ ခုနှစ်တွင် ပထမဆုံးအကြိမ်ကောက်ခံခဲ့သော အလုပ်သမားအင်အား စစ်တမ်းအရ ၅၀ ရာခိုင်နှုန်းခန့်သာ အလုပ်လုပ်လျက်ရှိကြောင်း သိရှိရပါသည်။ ယင်းအချိုး အစားမှာလည်း တနေ့တခြား ကျဆင်းလျက်ရှိပြိး ဆက်လက်ကောက်ယူခဲ့သော လုပ်သားအင်အား စစ်တမ်းများအရ ၂၀၁၇ ခုနှစ်တွင် ၄၈ ဒသမ ၈ ရာခိုင်နှုန်း၊ ၂၀၁၈ ခုနှစ်တွင် ၄၇ ဒသမ ၆ ရာခိုင်နှုန်း အထိ ကျဆင်းခဲ့ပါသည်။ ၂၀၀၈ ခုနှစ်စာရင်းများအရ တနိုင်ငံလုံးတွင် အလုပ်လုပ်ကိုင်နေသူ ၂၂ ဒသမ ၆၈ သန်းခန့်ရှိရာ ကျေးလက်ဒေသများတွင် အလုပ်လုပ်ကိုင်နေသူမှာ ၁၆ ဒသမ ၄၉ သန်းခန့် (၇၂ ရာခိုင်နှုန်းခန့်) ရှိပါသည်။ယင်းအနက် စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများတွင် အလုပ်လုပ်ကိုင်နေသူ ရှစ်သန်းနီးပါးခန့် ရှိမည်ဟုခန့်မှန်းရပါသည်။ ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်း ကျေးလက်နေ လုပ်သားအများစုသည် မြို့ပေါ်သို့ရွှေ့ပြောင်းလုပ်ကိုင်ရုံသာမက ပြည်ပသို့လည်း ရွှေ့ပြောင်းလုပ်ကိုင်ကြပါသည်။ ကျေးလက်တွင် စိုက်ပျိုးရေးသက်သက်ဆောင်ရွက်ရာမှ မွေးမြူရေးနှင့်ပါ တွဲဖက်ဆောင်ရွက်လာပြီး အထူးသဖြင့် ငါး၊ ကြက်နှင့် အခြားမွေးမြူရေးလုပ်ငန်းများကို တွဲဖက် ဆောင်ရွက် လာကြပါသည်။ ထို့ကြောင့် ၂၀၂၀ ပြည့်နှစ်တွင် ကျေးလက်ဒေသရှိ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ကိုင်နေသူ ခုနစ်သန်းကျော်နှင့် မြို့ပြများတွင် အလုပ်လုပ်ကိုင်နေသူ ငါးသန်းရှိသည့်အနက် စိုက်ပျိုးရေးမဟုတ်သည့် အလုပ်များ လုပ်ကိုင်နေကြသူများကို (ဇယား ၁) တွင် ဖော်ပြထားပါသည်။
၂၀၀၈ ခုနှစ်အထိ မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်သူ ၃ ဒသမ ၈၅ သန်းခန့် ရှိလာခဲ့ပြီး ယင်းတို့အနက် ၉၀ ရာခိုင်နှုန်းကျော်သည် ထိုင်းနိုင်ငံတွင် အလုပ်လုပ်လျက်ရှိပါသည်။ ထိုင်းနိုင်ငံတွင် အလုပ်လုပ်သူ အများစုသည် ထိုင်းသို့ ခေတ္တခဏ ဝင်ငွေရှာရန် အလုပ်လာလုပ်ကြသူများဖြစ်ပြီး ငွေအတော်အတန် စုဆောင်းမိသည့် အချိန်တွင် အိမ်ပြန်မည်ဟု ဆန္ဒရှိကြသည်။ ထိုအခါ မိမိနေရပ်တွင် ကျန်ရစ်ခဲ့သော မိသားစုများထံ ငွေပြန်ပို့၍ ထောက်ပံ့ထားရုံသာမက ယင်းတို့ပြန်လာလျှင်လည်း စီးပွားရေးလုပ်ရန် ကြိုတင်စုငွေ စုဆောင်းထားကြပါသည်။ ၂၀၁၇ ခုနှစ်တွင် ကမ္ဘာ့ဘဏ်မှ ခန့်မှန်းတွက်ချက်မှုအရ မြန်မာနိုင်ငံသို့ ပြည်ပရောက် ရွှေ့ပြောင်းအလုပ်သမားများထံမှ ပြန်ပို့ငွေစုစုပေါင်းသည် ဒေါ်လာ ၃ ဒသမ ၅ ဘီလီယံ မှ ၁၀ ဘီလီယံ အထိ ရှိလိမ့်မည်ဟု ခန့်မှန်းခဲ့ပါသည်။[2] ယင်းတန်ဖိုးမှာ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် နိုင်ငံတော်မှ ရှာဖွေရရှိခဲ့သော ပြည်ပပို့ကုန် ဝင်ငွေစုစုပေါင်း၏ ၂၄ ရာခိုင်နှုန်းမှ ၆၇ ရာခိုင်နှုန်းအထိ များပြားခဲ့ကြောင်း သိရလေရာ ရွှေ့ပြောင်းအလုပ်သမားများသည် မြန်မာနိုင်ငံအတွက် ကြီးမားသောနိုင်ငံခြားဝင်ငွေကို ရှာဖွေပေးနေသည့် သူရဲကောင်းများ ပင်ဖြစ်ပါသည်။
၂၀၁၆ ခုနှစ်တွင် မြန်မာလူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (CESD)သည် မြန်မာနိုင်ငံတွင် ရွှေ့ပြောင်းအလုပ်သမားဦးရေ အများဆုံးဖြစ်သော မွန်ပြည်နယ်တွင် အိမ်ထောင်စုစစ်တမ်းတခုကို ကောက်ယူခဲ့ရာ ကျေးလက်ဒေသရှိ အိမ်ထောင်စုတိုင်းလိုလိုတွင် အနည်းဆုံး ရွှေ့ပြောင်းအလုပ်သမားတဦးစီ ရှိနေကြောင်း သိရှိရပါသည်။ ထိုနည်းတူပင် ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမားများ၏ ၇၃ ရာခိုင်နှုန်းခန့်သည် မြန်မာနိုင်ငံအတွင်းရှိ ကျေးလက်ဒေသများမှ လာရောက်ခဲ့ကြသူများဟု သိရှိရလေသည်။ မွန်ပြည်နယ်စစ်တမ်း၏ အရေးပါသောတွေ့ရှိချက်မှာ ကျေးလက်နေအိမ်ထောင်စုမှ ၁၀ မှ ၂၅ ရာခိုင်နှုန်းသော ဝင်ငွေသည် ယင်းတို့၏ မိသားစုဝင် ရွှေ့ပြောင်းအလုပ်သမားများထံမှရရှိသော ပြန်ပို့ငွေများဖြစ်ကြောင်း သိရှိရပါသည်။[3] ယင်းပြန်ပို့ငွေများကြောင့် ကျေးလက်ဒေသများတွင် သုံးစွဲမှုများ တနေ့တခြားတိုးတက်လျက်ရှိပြီး အဆိုပါသုံးစွဲမှုကို ဝန်ဆောင်မှုပေးသည့် လယ်ယာပြင်ပ (Non-Farm Jobs) လုပ်ငန်းများဖြင့် အသက်မွေးဝမ်းကျောင်းကြသူများ တနေ့တခြား များပြားလျက်ရှိပါသည်။ သို့ဖြစ်၍ ကျေးလက်နေပြည်သူများ၏ အသက်မွေးဝမ်းကျောင်းမှုနှင့် လူမှုဘဝ သာယာဝပြောမှုတို့ကို ထိရောက်စွာ အထောက်အပံ့ပြုနေသည်မှာ ရွှေ့ပြောင်းအလုပ်သမားမျာ၏ ပြန်ပို့ငွေ (remittances) ပင်ဖြစ်သည်။
ကိုဗစ်ကပ်ဘေးကြောင့်ဖြစ်လာသော လုပ်အားဆုံးရှုံးမှုများ
ကိုဗစ်ကာလတွင် လုပ်ငန်းများ ယာယီပိတ်သိမ်းမှုနှင့် လုပ်အားလျှော့ချမှု ဦးစွာ ကြုံတွေ့ရသည့် ကဏ္ဍများမှာ ဟိုတယ်နှင့် ခရီးသွားလာရေး ကဏ္ဍနှင့် အထည်ချုပ်ကဏ္ဍများဖြစ်သည်။ ယင်းကဏ္ဍများသည် မြန်မာနိုင်ငံတွင် ကိုဗစ်ပိုးမတွေ့ရှိရသေးသော်လည်း ဖေဖော်ဝါရီနှင့် မတ်လအတွင်း တရုတ်နိုင်ငံတွင်း ရောဂါပျံ့နှံ့ကူးစက်ချိန်မှာပင် မြန်မာနိုင်ငံအတွင်းရှိ ယင်း ကဏ္ဍများအပေါ် တိုက်ရိုက် ရိုက်ခတ်မှုများရှိလာခဲ့သည်။ မတ်လအတွင်း ဉရောပနှင့် အမေရိကန်ပြည်ထောင်စု ဈေးကွက်များရှိ အော်ဒါများဖျက်သိမ်းမှုကြောင့် အထည်ချုပ်လုပ်ငန်းများစွာတို့မှာ ရပ်ဆိုင်းသွားပြီး စက်ရုံ အလုပ်သမ ထောင်ပေါင်းများစွာအား လုပ်အားလျှော့ချခဲ့ပါသည်။ထိုကဏ္ဍများအနေနှင့်ပြန်လည်နာလန်ထူရန် ခက်ခဲနေအုန်းမည်ဖြစ်ပြီး ယင်းတို့၏ စီးပွားရေးများရေရှည် ရပ်တည်မှုသည် ကမ္ဘာပေါ်တွင် ကိုဗစ်ရောဂါပိုးအား မည်မျှထိန်းချုပ်နိုင်မည် ဟူသော အချက်ပေါ်မူတည်နေပါသည်။ အလုပ်သမား သမဂ္ဂများက ဧပြီ လကုန်ထိ ကောက်ခံရရှိသော အတည်မပြုရသေးသော စာရင်းများအရ အထည်ချုပ်ကဏ္ဍတခုတည်းမှာပင် အလုပ်သမား ၆၁,၇၁၄ ဦးခန့် လုပ်အားဆုံးရှုံးမှုရှိခဲ့သည်။ပိတ်သိမ်းသည့် စက်ရုံ ၈၅ ရုံသာ ရှိသေးသော်လည်း တရုံလျှင်ပျမ်းမျှ အလုပ်သမား ၇၀၀ ခန့် လျှော့ချခဲ့ခြင်းဖြစ်သည်။ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းတွင် လုပ်သားဦးရေတထောင်ကျော် အလုပ်ဆုံးရှုံးခဲ့ပြီး လုပ်ငန်းများ ခေတ္တရပ်နားခဲ့ရသော ရုပ်ရှင်ရုံ၊ ပညာရေးနှင့် စားသောက်ဆိုင်လုပ်ငန်းများတွင်လည်း အလားတူ လုပ်အားဆုံးရှုံးမှု များ ရှိသော်လည်း ယင်းလုပ်ငန်းများသည် ကိုဗစ်အလွန် တချိန်ချိန်တွင် နိုင်ငံတော်အစိုးရ၏ ခြေချုပ်မိန့်များ ရုတ်သိမ်းပြီးသည်နှင့် ပြန်လည် လည်ပတ်နိုင်ဦးမည်ဖြစ်သည်။ ဆောက်လုပ်ရေး ကဏ္ဍတွင် လက်ရှိစာရင်းပေါက်သည့် လုပ်အားလျှော့ချမှုမှာ ရာဂဏန်းမျှသာဖြစ်သော်လည်း နေ့စားနှင့် စီမံချက်များအလိုက် ကန်ထရိုက်ဖြင့် ဆောင်ရွက်သည့် အလုပ်သမားများလည်း ထောင်နှင့်ချီ၍ လုပ်အားဆုံးရှုံးမှု ဖြစ်ပွားနိုင်ပါသည်။
ကိုဗစ်ကပ်ဘေးကြောင့် တကမ္ဘာလုံးတွင် အလုပ်လက်မဲ့ဦးရေ များစွာတိုးမြင့်လာရာ အမေရိကန်ပြည်ထောင်စုတွင် အလုပ်လက်မဲ့ဦးရေ သန်း ၃၀ ကျော်၊ ဂျပန်တွင် နှစ်သန်းနီးပါးရှိလာပါသည်။ အမေရိကန်ပြည်ထောင်စု၏ အလုပ်လက်မဲ့နှုန်းသည် ဧပြီလကုန်တွင် ၁၄ ဒသမ ၇ ရာခိုင်နှုန်းအထိ တိုးမြင့်လာခဲ့ရာ အမေရိကန်သမိုင်းတွင် ၁၉၃၀ ပြည့်လွန် Great Depression ကာလတွင် ကြုံတွေ့ခဲ့ရသော အမြင့်ဆုံးနှုန်းဖြစ်သည့် ၂၄ ဒသမ ၉ ရာခိုင်နှုန်းကို မကြာခင်မီလာလိမ့်မည်ဟု အများက တွက်ဆနေသည်။ မြန်မာနိုင်ငံအတွက်မူ ထိုအခြေအနေဆိုးများလောက် မကြုံရနိုင်သော်လည်း စက်မှုကုန်ထုတ်ကဏ္ဍနှင့် ဟိုတယ်ခရီးသွား လုပ်ငန်းများတွင် အဆိုပါ ဖြစ်ရပ်မျိူးနီးပါး ကြုံရနိုင်ပါသည်။ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ်၏ အဓိပ္ပာယ်ဖွင့်တိုချက်အရ အလုပ်လက်မဲ့ ဦးရေသည် (က) ဝင်ငွေရသည့် (သို့မဟုတ်) ကိုယ်ပိုင်အလုပ်အကိုင် လုံးဝမရှိသူ၊ (ခ) အလုပ်လုပ်ရန် အဆင်သင့်ဖြစ်နေသူ (ဂ)အလုပ်ရှာနေသူ စသဖြင့် သုံး၏မျိုးသုံးစားပါဝင်ပါသည်။ ကိုဗစ်မတိုင်ခင်ကာလများ၌ လုပ်အားလျှော့ချခံရသူများအနေဖြင့် အခြားအလုပ်တမျိုးမျိုးကို အလွယ်တကူ ရနိုင်သောကြောင့် လည်းကောင်း၊ နေရပ်ပြန်၍ နားနေခြင်းကြောင့်လည်းကောင်း (အလုပ်လုပ်ရန် အဆင်သင့်ဖြစ်မနေခြင်း) ILO အဓိပ္ပာယ်ဖွင့်ဆိုချက်အရ အလုပ်လက်မဲ့ ရာခိုင်နှုန်းသည် ၁ ရာခိုင်နှုန်းကျော်ကျော်သာ ရှိခဲ့သည်။ ကိုဗစ်အလွန်ကာလတွင် အထည်ချုပ်ကဏ္ဍတခုတည်းအတွက် မှန်းဆကြည့်ပါက ၅ ရာခိုင်နှုန်းအထိ တိုးမြင့်လာကြောင်း အကြမ်းဖျင်းတွက်ချက်နိုင်ပါသည်။ ယင်းသို့ဖြစ်ရခြင်းမှာ လုပ်အားအလျှော့ခံရသူများအနေဖြင့် ယခင်ကဲ့သို့ အလွယ်တကူ အစားထိုးအလုပ်ရနိုင်ရန် ကိုဗစ်ကာလအတွင်းမလွယ်ကူခြင်း၊ မိဘ လက်ငုတ်လက်ရင်းအလုပ်ဖြစ်သော ကျေးလက်စိုက်ပျိုးရေးတွင် ဝင်ရောက်ဆောင်ရွက်ရန် အချိန်မတန်သေးခြင်း၊ အခြားအရပ်ဒေသများသို့ ပြောင်းရွှေ့လုပ်ကိုင်ရန် မလွယ်ကူခြင်းစသည့် အခက်အခဲများကြောင့် အလုပ်လက်မဲ့ ဦးရေမှာ ထပ်မံတိုးပွားလာမည်ဟု ခန့်မှန်းရပါသည်။
ကိုဗစ်အလွန်ကာလ အလုပ်အကိုင်ဆိုင်ရာ မဟာဗျူဟာ
(က) စိုက်ပျိုးရေးကဏ္ဍနှင့်ချိတ်ဆက်ခြင်း
မြန်မာနိုင်ငံကဲ့သို့သော စိုက်ပျိုးရေးနိုင်ငံတနိုင်ငံအနေဖြင့် အခြားဖွံ့ဖြိုးဆဲ နိုင်ငံများနှင့်ယှဉ်လျှင် ကိုဗစ်အလွန်ကာလ ကမ္ဘာ့ စားနပ်ရိက္ခာ လိုအပ်ချက်အတွက် ဖြည့်ဆည်းပေးနိုင်စွမ်းရှိသည့် အခွင့်အလမ်းများလည်းရှိနေပါသည်။ လက်ရှိတွင် စိုက်ပျိုးရေးကဏ္ဍသည် မြန်မာနိုင်ငံ၏ ဂျီဒီပီအချိုးအရ ကျဆင်းလာသော်လည်း အဓိက နိုင်ငံခြင်းဝင်ငွေ (စုစုပေါင်းဝင်ငွေ၏ ၁၇ ရာခိုင်နှုန်း) ကို ရှာဖွေပေးရုံသာမက လုပ်သား အင်အား၏ ထက်ဝက်ခန့် အလုပ်လုပ်နေကြရာ ကိုဗစ်အလွန် ပြန်လည်ထူထောင်ရေးကာလ အလုပ်အကိုင် အခွင့်အလမ်းများအတွက် များစွာ အရေးပါလှပါသည်။ ကမ္ဘာ့ဈေးကွက် အလားအလာများအရ မြန်မာနိုင်ငံအတွက် စိုက်ပျိုးရေးပို့ကုန်များကို အခြေခံ၍ စီးပွားရေး ဦးမော့လာစေရန် လုပ်နိုင်ရုံသာမက အနာဂတ်စိုက်ပျိုးရေး ကဏ္ဍ၏ ပုံသဏ္ဍာန်ကိုပါပြောင်းလဲပစ်နိုင်မည့် အခွင့်အလမ်းတရပ်လည်းရှိနေပါသည်။ တဖက်တွင်လည်း ကိုဗစ်ကပ်ဘေး၏ စိုက်ပျိုးရေးကဏ္ဍကြီးအပေါ်သက်ရောက်မှုများမှာ မသေးလှပါ။ အထူးသဖြင့် စိုက်ပျိုးရေးပို့ကုန် အများစု၏ ကမ္ဘာ့ဝယ်လိုအားများ ဆက်လက်ကျဆင်းနေသေးပြီး ကုန်သွယ်ရေး ပြတ်တောက်မှုများကြောင့် ပို့ကုန်လုပ်ငန်းအများစုလည်း ထိခိုက်လျက်ရှိပါသည်။ အမှန်စင်စစ် စိုက်ပျိုးရေးပို့ကုန် တန်ဖိုးအချိုးမှာ လည်း ၂၀၁၅-၁၆ ကာလမှစ၍ တစစ ကျဆင်းလျက်ရှိရာ ကိုဗစ်မဖြစ်ခင်အချိန်တွင် တရုတ်-မြန်မာနယ်စပ်ပြဿနာများကြောင့် ပိုမိုဆိုးရွားခဲ့ပါသည်။ ယခုအခါ ကိုဗစ်သည် အဆိုပါ နာတာရှည် ရောဂါကို ပို သည်းစေနိုင်မည့် အန္တရာယ်လည်းရှိနေပါသည်။ ထို့ကြောင့် ကိုဗစ်အလွန်ကာလတွင် စိုက်ပျိုးရေးကဏ္ဍအားရင်းနှီးမြှုပ်နှံမည်ဆိုပါက ရေတို အလုပ်အကိုင်အခွင့်အလမ်း ဖော်ထုတ်ရေးသာမက ယင်းကဏ္ဍတွင် အလုပ်လုပ်သူများ ရေရှည် အသက်မွေးဝမ်းကျောင်း ရပ်တည်နိုင်သည်အထိ ကဏ္ဍကြီးအား ခေတ်မီတိုးတက်လာစေရန် စနစ်တကျ ပြောင်းလဲဆောင်ရွက်သင့်ပါသည်။
စိုက်ပျိုးရေးကဏ္ဍကြီး၏ မြန်မာ့စီးပွားရေးအပေါ်အရေးပါမှုသည် ဂျီဒီပီ ပါဝင်မှုအရ လည်းကောင်း၊ ပို့ကုန်ဝင်ငွေ အချိုးအရ လည်းကောင်း၊ တနေ့တခြား လျော့ပါးလာသည်မှာ ကြာပြီဖြစ်သည်။ သို့သော် ဤကဏ္ဍအပေါ် မှီခိုအားထားနေရသည့် လုပ်သား (တောင်သူများ)နှင့် အိမ်ထောင်စုများ၏ ပမာဏမှာမူ သိသိသာသာ လျော့နည်းသွားခြင်းမရှိဘဲ နိုင်ငံလူဦးရေ၏ ၇၅ရာခိုင်နှုန်းသော ကျေးလက်နေပြည်သူအများစုသည် စိုက်ပျိုးရေးမှပင် အဓိကဝင်ငွေရရှိနေသည်။ မြန်မာနိုင်ငံသည် စိုက်ပျိုးရေးထွက်ကုန်များကို အိမ်နီးချင်းနိုင်ငံများကိုသာ အားထားတင်ပို့နေရခြင်းကြောင့် ပို့ကုန်လုပ်ငန်းများသည်လည်း ယင်းနိုင်ငံများ၏ ကပ်ရောဂါဘေး ကာကွယ်ရေးလုပ်ငန်းများအောက်တွင် အချိန်မစောင့်နိုင်ဘဲ ပျက်စီးဆုံးရှုံးမှုများစွာနှင့် ကြုံလာရသည့်အခါ ကျေးလက်ဒေသ အိမ်ထောင်စုများ၏ အသက်မွေးဝမ်းကျောင်းကို ထိပါးစပြုလာပြီဖြစ်သည်။ ထို့အပြင် ကျေးလက်နေ မိသားစုများမှာလည်း ယင်းတို့ တချိန်လုံး အားကိုးအားထားပြုနေရသော ရွှေ့ပြောင်းအလုပ်လုပ်နေကြသည့် သားသမီး၊ မြေးမြစ်များထံမှ ပြန်ပို့ငွေ များကို လက်ခံရရှိမှု တစတစလျော့နည်းလာကြပြီဖြစ်၍ ယခုနှစ် စိုက်ချိန်ပျိုးချိန်တွင် အရန်ငွေ ပြတ်လပ်နေကြပြီဖြစ်သည်။ သို့သော်လည်း ကျေးလက်ဒေသများတွင် နိုင်ငံရပ်ခြားမှ အလုပ်လက်မဲ့ပြန်လာကြသော၊ မြို့ပေါ်ရှိ အလုပ်များမှ အင်အားလျှော့ခံရပြီး ပြန်လာကြသော အလုပ်သမားများလည်း များစွာရှိနေရာ စိုက်ပျိုးရေးအတွက် အဖိုးတန်သော လုပ်အားများဖြစ်နိုင်ပါသည်။ ထိုအခြေအနေများကြောင့် လည်း မြန်မာ့စီးပွားရေးကို ကိုဗစ်အလွန်တွင် အာရုံစိုက်သင့်ခြင်းဖြစ်သည်။
ထိုအခြေအနေများကို စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက အလုပ်အကိုင် အခွင့်အလမ်းဖော်ထုတ်ရေး လုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လာခဲ့ပါသည်။ မေ ၁၄ ရက်တွင် ထုတ်ပြန်ခဲ့သော အသိပေးကြေညာချက်အရ ချေးငွေအထောက်အပံ့နှင့် နိုင်ငံတော်ဘတ်ဂျက်တို့ဖြင့် နိုင်ငံနှင့်အဝှမ်းရှိ ဧက နှစ်သိန်းတွင် သီးနှံမျိုးစေ့ထုတ်လုပ်ခြင်းနှင့် စံပြကျေးရွာများတွင် သီးနှံစိုက်ပျိုးထုတ်လုပ်ခြင်း၊ မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်အစီအစဉ်ဖြင့် တောင်သူမျာနှင့် အကျိုးတူလယ်ယာစနစ် (Contract Farming) ဧက နှစ်သိန်း စိုက်ပျိုးထုတ်လုပ်ခြင်း၊ စုစုပေါင်း ဧက လေးသိန်း အကောင်အထည်ဖော်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိပါသည်။ အဆိုပါ ဧက လေးသိန်းတွင် ဆောင်ရွက်ရမည့် ပျိုးထောင်ခြင်း၊ မြေယာပြုပြင်ခြင်း၊ ပျိုးနုတ်ခြင်း၊ ကောက်စိုက်ခြင်း၊ မြေဩဇာ ထည့်သွင်းခြင်း၊ ပေါင်းသတ်ဆေး၊ ပိုးသတ်ဆေးများ ပက်ဖြန်းခြင်း၊ ရေသွင်းရေထုတ်ပြုလုပ်ခြင်း၊ မျိုးကွဲ ပယ်နုတ်ခြင်းအပါအဝင် အပင်ပြုစုခြင်း၊ ရိတ်သိမ်းခြင်း၊ ခြွေလှေ့ခြင်း၊ ခူးဆွတ်ခြင်း၊ သန့်စင်ခြင်း၊ ထုတ်ပိုးခြင်း စသည့် လုပ်ငန်းများတွင် လုပ်သားများစွာလိုအပ်ပြီး အလုပ်အကိုင် အခွင့်အလမ်းများ များစွာ ဖော်ထုတ်ပေးမည် ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့ရာ အားတက်ဖွယ်ဖြစ်ပါသည်။ သို့ရာတွင် အထက်ပါနည်းလမ်းများသည် ရုတ်ချည်း ပိုလျှံလာသော ကျေးလက်နေအလုပ်လက်မဲ့များအတွက် ရေတို ဖြေရှင်းမှုတရပ်သာ ဖြစ်နိုင်ပါသည် ။ ရေရှည်တွင် မြန်မာလုပ်သားထုက ပြည်ပတွင် အထူးသဖြင့် ထိုင်းနှင့်တရုတ်နိုင်ငံများရှိ တန်ဖိုးမြင့် စိုက်ပျိုးရေး ကွင်းဆက်ကြောင်းများတလျှောက် အလုပ်လုပ်နေသည့်အတိုင်း မြန်မာနိုင်ငံတွင်လည်း အဆိုပါ အဆင့်မြင့် စိုက်ပျိုးရေးထွက်ကုန်များ တိုးမြှင့် ထုတ်လုပ်နိုင်ရေးကို နိုင်ငံတော်အစိုးရက အားဖြည့်ဆောင်ရွက်ပေးပါက မိမိနိုင်ငံအတွင်းရှိ ကျွမ်းကျင်အတွေ့အကြုံရှိပြီးသာ ရွှေ့ပြောင်းအလုပ်သမားများစွာသည် ကျေးလက်ဒေသတွင် အိုးမကွာ အိမ်မကွာ အလုပ်လုပ်နိုင်ကြမည်ဖြစ်ပါသည်။
(ခ) ငါးမွေးမြူရေးနှင့်အခြားထွန်းသစ်စ မွေးမြူရေးကဏ္ဍများနှင့် ချိတ်ဆက်ခြင်း
မြန်မာနိုင်ငံသည် အိန္ဒိယသမုဒ္ဒရာ ၏ ကမ်းရိုးတန်းတလျှောက် ကီလိုမီတာ ၂,၈၃၂ ခန့် ရေပြင် အကျယ်အဝန်းကို ပိုင်ဆိုင်ထားပြီး ကြွယ်ဝသော ရေအဏ္ဏဝါ အရင်းအမြစ်များ၊ ကီလိုမီတာ ၄,၆၀၀ ကျော်ရှိသော မြစ်ချောင်းများ၊ ခန့်မှန်းခြေအားဖြင့် ဟတ်တာ ခြောက်သန့်ခန့်ရှိသော ရေလွှမ်းလွင်ပြင်ဒေသတို့ စုပေါင်းပါဝင်လျက်ရှိပါသည်။ အရှေ့တောင်အာရှ၌ လူတဦးချင်းပိုင်ဆိုင်သည့် ရေအရင်းအမြစ်ကို တွက်ဆလျှင်မြန်မာနိုင်ငံသည် ပိုင်ဆိုင်မှုပမာဏ အမြင့်ဆုံးရှိသည့် နိုင်ငံဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ အဖိုးတန် ရေသယံဇာတ အမွေအနှစ်ကြောင့် ငါးလုပ်ငန်းကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန် အခွင့်အလမ်းများရရှိထားပါသည်။ ငါးမွေးမြူရေး လုပ်ငန်းသည် ကျေးလက်ဒေသနေ ပြည်သူလုထုအတွက် အသက်မွေးဝမ်းကျောင်း တိုးမြှင့်ရန် အခွင့်အလမ်းများကို များစွာဖန်တီးပေးပါသည်။ ငါးမွေးမြူရေးသည် စိုက်ပျိုးရေးနှင့် နှိုင်းယှဉ်ပါက ရင်းနှီးမြှုပ်နှံမှု ပိုမိုများနေ၍ မိုးလေဝသနှင့် ရောဂါအန္တရာယ် ပိုများသော်လည်း ကျေးလက်ဒေသများအတွက် ဝင်ငွေနှင့် အလုပ်အကိုင်အခွင့်အလမ်း အဆများစွာ ကြီးမားကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် နှစ်ပေါင်းများစွာ ဆောင်ရွက်ခဲ့သော နိုင်ငံတကာ သုတေသနစာတမ်းများအရ သိရှိရပါသည်။
မြန်မာနိုင်ငံတွင်လည်း ၂၀၁၅ ခုနှစ်တွင် မြန်မာ့လူမှုစီးပွား ဖွံ့ဖြိုးရေး အဖွဲ့အစည်း (CESD) ၏
သုတေသနစာတမ်းများအရ ငါးမွေးမြူရေးအတွက် အသုံးပြုသော မြေတဟက်တာမှ ပြန်လည်ရှရှိသည့် အကျိုးအမြတ်သည် သီးနှံစိုက်ပျိုးရေးအတွက် အသုံးပြုသော မြေတဟက်တာမှ ပြန်လည်ရရှိသည့် အကျိုးအမြတ်ထက် သုံးဆပိုများကြောင်း၊ လုပ်သား အရေအတွက်လိုအပ်ချက်မှာ လေးဆပိုများကြောင်း၊ လုပ်ခလစာမှာလည်း နှစ်ဆပိုများကြောင်း တွေ့ရှိရပါသည်။ ထိုသို့ဖြစ်ပေါ်ရခြင်းမှာ ရေသတ္တဝါမွေးမြူရေး၏ လုပ်ငန်းသဘာဝအရ လုပ်သားလိုအပ်ချက်သည် အစဉ်အမြဲ တပြေးညီ တနှစ်ပတ်လုံး လိုအပ်နေပြီး သီးနှံစိုက်ပျိုးရေးလုပ်ငန်းအတွက် လုပ်သားလိုအပ်ချက်မှာမူ ရာသီအလိုက် ဉတုနှင့် သက်ဆိုင်လျက် အတက်အကျရှိသောကြောင့်ဖြစ်ပါသည်။ ထို့အတူ ငါးမွေးမြူရေးကဏ္ဍရှိလုပ်သားများသည် အခြားနှစ်ရှည် တနှစ်ပတ်လုံး အလုပ်အကိုင်များ ရရှိနိုင်သောကြောင့် လုပ်ခလစာ ပိုမိုများပြားရခြင်းဖြစ်ပါသည်။
ထို့အပြင် ငါးမှ ရရှိနိုင်သော တိရစ္ဆာန်ပရိုတင်းဓာတ်သည် အခြားတိရစ္ဆာန်များထက်ပိုမို ကြွယ်ဝစွာပါရှိပြီး ဈေးနှုန်းသင့်တင့်စွာဖြင့် ရရှိနိုင်သော အာဟာရ အရင်းအမြစ် ဖြစ်သည်နှင့်အညီ ငါးမွေးမြူရေးသည် ကျေးလက်ဒေသ စားနပ်ရိက္ခာနှင့် အာဟာရ ဖူလုံရေးတို့အတွက် အထောက်အကူပြုပါသည်။ ယခုအခါ ကိုဗစ်ဘေးကြောင့် ငါးမွေးမြူရေးလုပ်ငန်းတွင် အခက်အခဲများစွာ ကြုံတွေ့နေရရာ အောက်ဖော်ပြပါ အခက်အခဲများကို နိုင်ငံတော်အစိုးရမှ ဦးစားပေးဖြေရှင်းပေးရန် အရေးပါလှပါသည်။
(ဂ) ပို့ကုန် မြှင့်တင်ရေး မဟာဗျုဟာနှင့် ချိတ်ဆက်ခြင်း
မြန်မာနိုင်ငံတွင် မကြာသေးမီ ၂၀၁၈ ခုနှစ်အတွင်း ဆောင်ရွက်ခဲ့သော ကမ္ဘာ့ ဘဏ်၏ စီးပွားရေးလုပ်ငန်းစစ်တမ်းများ (၂၀၁၆ နှင့် ၂၀၁၈) အရ အရေးပါသော တွေ့ရှိချက်တရပ်မှာ မြန်မာ့စီးပွားရေးလုပ်ငန်းများတွင် ပို့ကုန်ပါဝင်မှုများလေလေ အလုပ် အကိုင်ဖန်တီးမှု အားကောင်းလေလေဖြစ်ကြောင်းပင်ဖြစ်သည်။ ဤတွေ့ရှိချက် အရ အမျိုးသားပို့ကုန်မူဝါဒနှင့် ကုန်ပစ္စည်းများ၏ တန်ဖိုးကွင်းဆက်ကို အားကောင်းအောင်ဆောင်ရွက်ခြင်း (National Export Strategy and Value Chain Development Policy ) သည် ပြည်တွင်းအလုပ်အကိုင်ဖန်တီးမှု အတွက် ကြီးမားသော အထောက်အကူဖြစ်စေသည်ကို တွေ့ရသည်။ ထိုစစ်တမ်းမှာပင် လုပ်ငန်းစုအလိုက် ထုတ်ကုန်တိုးတက်မှုနှင့် အလုပ်အကိုင်ဖန်တီးနိုင်မှု အချိုးသည် တူညီမှု မရှိသည်ကို တွေ့ရသည်။ဉပမာ – ၂၀၁၈ ခုနှစ်အတွင်း အထည်ချုပ်လုပ်ငန်းတွင် ၂၄ ရာခိုင်နှုန်းသော လုပ်ငန်းများသည် ကုန်အမှာစာ ပိုမို ရရှိသည့်နည်းတူ ၂၆ ရာခိုင်နှုန်းသော လုပ်ငန်းများသည် အလုပ်သမားများကို တိုးချဲ့ ခန့်ထားနိုင်ခဲ့သည်။ သို့သော် ပရိဘောဂလုပ်ငန်း များတွင် ၂၀ ရာခိုင်နှုန်းသော လုပ်ငန်းများသည် ကုန်အမှာစာ တိုးတက်ရရှိခဲ့သော်လည်း
၅ ရာခိုင်နှုန်းသော လုပ်ငန်းများသာ လုပ်သားအင်အား တိုးချဲ့ခဲ့သည်။ ဤသို့ လျှင်အမျိုးသား ပို့ကုန် မဟာဗျူဟာ၏ အားသာချက်များဖြစ်သော နိုင်ငံခြား ဝင်ငွေရှာပေးခြင်း၊ အလုပ်အကိုင် အခွင့်အလမ်း ဖော်ထုတ်ခြင်းနှင့် တန်ဖိုးမြှင့် ကွင်းဆက်ကြောင်း ဖွံ့ဖြိုးစေခြင်းစသည့် အကျိုးကျေးဇူးများကို ကိုဗစ်အလွန်ကာလတွင် နည်းလမ်းရှာဆောင်ရွက်သင့်ပါသည်။
(ဃ) အခြေခံ အလုပ်အကိုင် အခွင့်အလမ်းများကို အလွယ်တကူ ရှာဖွေနိုင်ရန် ဝန်ဆောင်မှုပေးခြင်း
CESD ၏ (၂၀၂၀ ပြည့်နှစ် ဧပြီလတွင်) ရန်ကုန်နှင့် ပဲခူးတိုင်းရှိ အထည်ချုပ် စက်ရုံ အလုပ်သမားများအား မေးမြန်းခဲ့သည့် စစ်တမ်းတွင် COVID-19 ကာလနှင့် COVID -19 ကာလွန်တွင် အစိုးရထံမှ အလုပ်သမားအများစု (လက်ရှိလုပ်သားနှင့် အလုပ်လက်မဲ့ဖြစ်သွားသော လုပ်သား) အဓိကလိုချင်သော တောင်းဆိုချက်မှာ အခြေခံစားသောက်မှုအတွက် ထောက်ပံ့ပေးမှုနှင့် အလုပ်အကိုင်ရှာဖွေမှု အား ပံ့ပိုး ကူညီပေးရန် ဖြစ်သည် (ဇယား ၃)။
ယခုအခါ နိုင်ငံတော်အစိုးရက အခြေခံမိသားစုများအတွက် ထောက်ပံ့မှုများပေးလျက်ရှိရာ အလုပ်လိုချင်လျက်ရှိသော အလုပ်လက်မဲ့ ပြည်သူများအတွက် အလုပ်အကိုင်ရှာဖွေပေးရေး မူဝါဒနှင့် လုပ်ငန်းစဉ်များကို COVID-19 ကာလနှင့်COVID-19 ကာလအလွန်တွင် ဦးစားပေး ဖော်ထုတ်သင့်ပါသည်။
အလုပ်အကိုင်နှင့် အလုပ်သမား ရှာဖွေရေးရုံးများ (Labour Exchange Offices) သည် မြန်မာနိုင်ငံ ပြည်နယ်နှင့် တိုင်းဒေသကြီးအနှံ့ရှိ မြို့နယ်များတွင် ဖွင့်လှစ်ထားပြီး အလုပ်သမား၊ လူဝင်မှုနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ အင်တာနက်စာမျက်နှာအရ လက်ရှိတွင် ၉၁ ရုံးဖွင့်လှစ်ပြီးဖြစ်ပါသည်။ LEO ရုံးများ၏ အဓိကတာဝန်မှာ အလုပ်အကိုင်ရှာဖွေသူများနှင့် လုပ်သားလိုအပ်သူများအကြား ပေါင်းစပ်ပေးရန်နှင့် လုပ်သားများ မှတ်ပုံတင်ခြင်း ကိစ္စရပ်ဖြစ်သည်။ ဝန်ကြီးဌာနအနေဖြင့် အလုပ်ရှာသူများနှင့် အလုပ်ပေးလိုသူ အလုပ်ရှင်များအကြား ပေါင်းစပ်မှု မြန်ဆန်စေရေးအတွက် ၂၀၁၇ ခုနှစ်မှ စတင်၍ ဝန်ကြီးဌာနအနေဖြင့် Online အခြေခံ အလုပ်ရှာသူနှင့် အလုပ်ပေးလိုသူ အကြား ပေါင်းစပ်သည့်စနစ်ကို ကျင့်သုံးလာခဲ့သည်။ သို့သော်လည်း လက်ရှိစနစ်သည် စည်းတွင်းလုပ်သား (Formal Workers )လိုအပ်ချက်၏ ၃ ဒသမ ၇ ရာခိုင်နှုန်း သာ ဖြည့်ဆည်းပေးနိုင်သည့် အခြေအနေဖြစ်ပါသည် (ပုံ-၂)။ ဤကဲ့သို့ မဖြည့်နိုင်ရခြင်း၏ အဓိကစိန်ခေါ်ချက်မှာ လက်ရှိစနစ်သည် ကွန်ပျူတာကို အခြေခံသော စနစ်ဖြစ်သဖြင့် အလုပ်သမားအများစုနှင့် အကျွမ်းတဝင်မဖြစ်သော ကွန်ပျူတာအသုံးပြု၍ အလွယ်တကူအလုပ်ရှာဖွေနိုင်ခြင်းမရှိခြင်းဖြစ်သည်။
အခြားစိန်ခေါ်ချက်မှာ အလုပ်ရှင်များသည် ပထမအကြိမ် အလုပ်ကြေငြာမှုပြုသည့် လုပ်ငန်းစဉ်တွင် LEO ရုံးသို့ လူကိုယ်တိုင်လာရောက်၍ စာရင်းဖွင့်ရခြင်းဖြစ်သည်။
အကယ်၍လက်ရှိကွန်ပျူတာ အခြေခံစနစ်မှ တယ်လီဖုန်းအခြေခံစနစ်သို့ အဆင့်မြှင့်တင်၍ အလုပ်ကြေငြာလိုသူနေဖြင့် LEO ရုံးသို့ လူကိုယ်တိုင် လာရောက်ရန် မလိုသည့် အခြေအနေတရပ်ကို ပြောင်းလဲခဲ့လျှင် Online အခြေခံ အလုပ်ရှာသူနှင့် အလုပ်ပေးလိုသူအကြား ပေါင်းစည်းပေးသည့် ယန္တရားသည် ပိုမိုအားကောင်းသွားမည်ဖြစ်သည်။ ထို့အပြင် မြို့နယ်အဆင့်ရှိ LEO ရုံးများတွင် ဝန်ထမ်းများအနေဖြင့် သမားရိုးကျ ကွန်ပျူတာစနစ်သို့ အချက်အလက်ထည့်သွင်းရသည့် လုပ်ငန်းစဉ် လျော့နည်းသွားသဖြင့် ဝန်ထမ်းအင်အားလိုအပ်ချက်ကို လျှော့ချပေးနိုင်မည်ဖြစ်သည်။ အလုပ်ရှာသူ၊ အလုပ်ရှင်နှင့် ဌာနမှ ဝန်ထမ်းများအကြား လူချင်းထိတွေ့မှုမရှိသဖြင့် COVID-19 ဆိုင်ရာ ကျန်းမာရေး ရှုထောင့်မှလည်း သင့်လျော်သည့် လုပ်ငန်းစဉ်ဖြစ်ပါသည်။ အလုပ်သမားများနှင့် အလုပ်ရှင်များအကြား ဤယန္တရား အကြောင်းကို ကောင်းစွာ သိရှိမှုသည်လည်း အရေးပါသော ကဏ္ဍမှပါဝင်သည်။ ကွန်ပျူတာအခြေခံ စနစ်မှ မိုဘိုင်းဖုန်းအခြေခံစနစ်သို့ အသွင်ကူးပြောင်းရာတွင် ကာလတိုအတွင်း ဆောင်ရွက်ပြီးစီးနိုင်သော်လည်း သုံးစွဲသူများအကြားတွင် တွင်တွင်ကျယ်ကျယ်ဖြစ်ရန် အချိန်ယူရနိုင်သည်။ ထို့ကြောင့် အချိန်တိုအတွင်း အလုပ်ရှာသူများနှင့် အလုပ်ရှင်များကြား တိုက်ရိုက် ထိတွေ့နိုင်သည့် Job- fair ပွဲများ ဆောင်ရွက်ခြင်းသည် COVID-19 အကျပ်အတည်းကာလလွန်တွင် လိုအပ်သော လုပ်ငန်းစဉ်တခုအဖြစ် ရှိနေဦးမည်ဖြစ်သည်။
(င) လုပ်ငန်းကျွမ်းကျင်မှု စံမြှင့်တင်ရေး ဝန်ဆောင်မှုများ
ကိုဗစ်အလွန်ကာလမတိုင်ခင်ကပင် မြန်မာနိုင်ငံ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးမှုဆိုင်ရာ လုပ်ငန်းစဉ် များတွင် ကျောင်းနေပညာရေး အဆင့်အတန်းများ မြင့်မားလာရုံသာမက လုပ်ငန်းခွင်ဆိုင်ရာ ကျွမ်းကျင်မှုစံနှင့် အရည်အသွေးစံများလည်း တိုးတက်မြင့်မားလာစေရန် အခြေခံကျကျ အားထုတ်ဆောင်ရွက်သွားသင့်ကြောင်း မြန်မာနိုင်ငံ ကုန်သည်စက်မှု အသင်းချုပ်ကြီးက ထောက်ပြတင်ပြခဲ့ပါသည်။ မြန်မာနိုင်ငံတွင် ပြီးခဲ့သည့်နှစ်များအတွင်း လေ့လာဆန်းစစ်ခဲ့သော သုတေသနစစ်တမ်းများအရ မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းများ ကြုံတွေ့လျက်ရှိသော အခက်အခဲများ များစွာအနက် အများဆုံး ကြုံတွေ့နေရသည့်ပြဿနာမှာ လုပ်ငန်းခွင်အတွက် အဆင်သင့် မဖြစ်သေးသည့် အရည်အသွေးနိမ့်ပါးသော ဝန်ထမ်းများ ဖြစ်သည်ဟု လုပ်ငန်းရှင်များက အောက်ဖော်ပြပါ (ပုံ–၃)အတိုင်း ဆန္ဒပြုခဲ့ပါသည်။
ထို့အတူ ၂၀၁၇ ခုနှစ်တွင် ILO နှင့် CESD တို့ ပူးပေါင်းဆောင်ရွက်ခဲ့သော စီးပွားရေးလုပ်ငန်းစစ်တမ်းအရ စက်မှုဇုန်များအတွင်း တရားဝင်မှတ်ပုံတင်ထားသော စက်ရုံအလုပ်ရုံနှင့် အလုပ်ဌာနများတွင် အဆိုပါ ပြဿနာသည် ကြီးမားစွာဖြစ်နေကြောင်း၊ ယင်းတို့၏ လုပ်ငန်းများသို့ အလုပ်လာလျှောက်သူ ဘွဲ့ရ ပညာတတ်များနှင့် နည်းပညာ၊ သက်မွေးပညာကောလိပ်ဆင်း လက်မှတ်ရ လူငယ်များ ပေါများလှသော်လည်း လျှောက်လွှာတင်သူ အများစုတွင် ဈေးကွက်စီးပွားရေးကို နားလည်မှု၊ လုပ်ငန်းခွင်ဆက်ဆံရေးနှင့် လက်တွေ့ မြေပြင်အခြေအနေများကို သိမြင်နိုင်မှု၊ အခြေခံ ရုံးလုပ်ငန်းဆိုင်ရာ တာဝန်နှင့် ဝတ္တရားများကို ခံယူလိုက်နာမှု၊ အများနှင့် ပူးပေါင်းဆောင်ရွက်တတ်မှု၊ လုပ်ငန်းနှင့် သက်ဆိုင်သူများကို ယဉ်ကျေးသိမ်မွေ့စွာ ဆက်ဆံမှု၊ မိမိ၏ စီးပွားရေးလုပ်ငန်းများကို အားပေးနေသူများအား အမြဲတစေ ကျေနပ်မှုရှိစေရန် ဝန်ဆောင်မှု စသည့် ခံယူချက်နှင့် ကျွမ်းကျင်မှုများ ကျယ်ပြန့်စွာ လိုအပ်နေကြောင်း ဖော်ထုတ်တွေ့ရှိရပါသည်။ ဤသို့လျှင် နိုင်ငံတော်အစိုးရမှ ပြည်သူ့ဘဏ္ဍာငွေ၏ ကြီးမားသော ရာခိုင်နှုန်းအချိုးဖြင့် ရင်းနှီးမြှုပ်နှံကာ အားထုတ်ဆောင်ရွက် လျက်ရှိသော အဆင့်မြင့်ပညာ၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဆိုင်ရာ လုပ်ငန်းစဉ်များနှင့် ဈေးကွက်လိုအပ်ချက်များ ကွဲလွဲလျက်ရှိနေကြောင်း သိနိုင်ပါသည်။
ထိုအချိန်မှပင် ပုဂ္ဂလိကကဏ္ဍမှ လိုအပ်သော ကျွမ်းကျင်မှုတခုဖြစ်သည့် အရည်အသွေး Skill များအား သေချာစွာ လေ့လာပြီးမှ သင်တန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး၊ လုပ်ငန်းခွင်သင်တန်းများ ပေးနေသော ပုဂ္ဂလိက လုပ်ငန်းရှင်များဘက်မှလည်း ဘဏ္ဍာရေးနှင့် သင်တန်းဆရာ အကန့်အသတ်ရှိနေပါသဖြင့် အစိုးရနှင့် ပူးပေါင်းလုပ်ကိုင်နိုင်ရေး၊ ဒေသအသီးသီးတွင် ဒေသတွင်း စီးပွားရေးလိုအပ်ချက်များနှင့် ပိုမိုဆက်စပ်နိုင်မည့် လူ့စွမ်းအားအရင်းအမြစ် ဖော်ထုတ်ရေးတို့ကို ဆောင်ရွက်နိုင်ပါက ပုဂ္ဂလိကလုပ်ငန်းများအတွက် အကျိုးရှိနိုင်ကြောင်း ဖော်ထုတ်တွေ့ရှိခဲ့ပါသည်။ ထို့အပြင် ၂၀၁၅ ခုနှစ် လုပ်အားစစ်တမ်းအရ မြန်မာနိုင်ငံရှိ အလုပ်သမားအများစု တက်ရောက်လျက်ရှိသော လူကြိုက်များသည့် ကျွမ်းကျင်မှု၊ နည်းပညာသင်တန်းများမှာ အထက်ဖော်ပြပါ (ဇယား-၄) အတိုင်းဖြစ်ပြီး ယင်းသင်တန်းအများစုသည် ပြင်ပ ပုဂ္ဂလိကပညာရေးဝန်ဆောင်မှု သင်တန်းကျောင်းများမှ ရယူလျက်ရှိကြောင်း သိရပါသည်။ ဤအချက်သည် နိုင်ငံတော်၏ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုနှင့် ဈေးကွက်၏ ဝယ်လိုအားနှင့် ကိုက်ညီမှုမရှိသေးကြောင်း သိရှိနိုင်ပြီး နိုင်ငံတော်အစိုးရ၏ ပညာရေးဝန်ဆောင်မှုလုပ်ငန်းများနှင့် အလုပ်သမားများ၏ ကျွမ်းကျင်မှုလိုအပ်ချက်တို့သည်လည်း ချိန်သားမကိုက်သေးချေ။ ဤစိန်ခေါ်မှုသည် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ကြုံတွေ့ရမြဲဖြစ်သော ပညာရေးကဏ္ဍ၏ ရေရှည် အကောင်ထည်ဖော်ရသော လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းစဉ်များနှင့် လျှင်မြန်စွာပြောင်းလဲနေသော လုပ်အားဈေးကွက်၏ ကျွမ်းကျင်မှုလိုအပ်ချက်များအကြား ကွာဟမှုပင်ဖြစ်သည်။ မြန်မာနိုင်ငံတွင် ဆိုရှယ်လစ်စီမံကိန်း စီးပွားရေးစနစ်နှင့် အထက်အောက် ဗဟိုဦးစီးစနစ်များ၏ အမွေဆိုးများကြောင့် အဆိုပါကွာဟချက်သည် ပိုမိုကြီးမားခဲ့ခြင်းဖြစ်ရာ ယခုကာလတွင် ဦးစားပေးဖြေရှင်းသင့်ပါသည်။
ကိုဗစ်ကာလ စီးပွားရေး အမြန် ကုစားရေးဆိုင်ရာ အစီအစဉ်များနှင့် ချိတ်ဆက်ခြင်း
ယခုအချိန်တွင် ပုဂ္ဂလိက ကဏ္ဍသည် ကိုဗစ်ကပ်ဘေးဒဏ်ကိုအများဆုံး ရင်ဆိုင်ဖြေရှင်းနေရသည့် အချိန်ဖြစ်ပါသည်။ ထို့ပြင် ကိုဗစ်ကပ်ဘေး၏ လုပ်အားကဏ္ဍအပေါ် သက်ရောက်မှုများ ကြီးမားရုံသာမက အနာဂတ်တွင် ပေါ်ထွန်းလာမည့် လုပ်အားဈေးကွက် အသစ်အတွက် လိုအပ်ချက်များ အများအပြား လိုအပ်မည်ဖြစ်ပါသည်။ နိုင်ငံတော် အစိုးရ က ချမှတ်ထားသည့် ကိုဗစ်ကာလ စီးပွားရေး ကုစားရေး စီမံကိန်းတွင် ပုဂ္ဂလိက ကဏ္ဍအတွက် ရန်ပုံငွေပံ့ပိုးရေးဆိုင်ရာ အစီအစဉ်များသာမက အစိုးရနှင့် ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်သည့် အစီအစဉ်များကို အလျင်အမြန် ဖော်ထုတ်ဆောင်ရွက် သင့်ရာ အောက်ဖော်ပြပါ လေ့လာဆန်းစစ်မှုနှင့် ပြင်ဆင်မှုများကို စတင်ဆောင်ရွက်သင့်ပါသည်။
(၁) ကိုဗစ်ကာလများအတွင်း ပုဂ္ဂလိကကဏ္ဍများအလိုက် လုပ်အားလျှော့ချမှု၊ လုပ်အားပြောင်းလဲမှုနှင့် ကျွမ်းကျင်မှု လိုအပ်ချက်ဆိုင်ရာ ဆန်းစစ်လေ့လာရေး။
(၂) ကိုဗစ်ရန်ပုံငွေဖြင့် ချေးငွေထုတ်ပေးလျက်ရှိသော အသေးစားအလတ်စား စီးပွားရေးလုပ်ငန်းများတွင် ဆောင်ရွက်လျက်ရှိသည့် လုပ်သားထိန်းသိမ်းရေး (workers’ retention scheme) အစီအမံတွင် ကျွမ်းကျင်မှု သင်တန်းများပေးခြင်းကို နိုင်ငံတော်က ထောက်ပံကြေးဖြင့် (stipends) ဖြည့်စွက် ပံ့ပိုးပေးရန်။
(၃) အဆင့်မြင့် ပညာရေးကဏ္ဍရှိ ကျောင်းတက်ဆဲ လူငယ်များနှင့် ဘွဲ့ရပြီးအလုပ်အကိုင်မရှိသော လူငယ်များအတွက် အဝေးသင် သို့မဟုတ် အင်တာနက်မှ သင်ယူနိုင်မည့် (online or distance learning on soft skills) လုပ်ငန်းခွင်ကျွမ်းကျင်မှုဆိုင်ရာ သင်တန်းများပို့ချပေးနိုင်ရေး။
(၄) ပြည်တော်ပြန် ရွှေ့ပြောင်းအလုပ်သမားများ ယခင်အလုပ်လုပ်ကိုင်ခဲ့ဖူးသည့် နိုင်ငံများတွင် ပြန်လည်သွားရောက် အလုပ်လုပ်ကိုင်နိုင်ရန်အတွက် လိုအပ်သော ကျွမ်းကျင်မှုစံများကို ရွှေ့ပြောင်း အလုပ်သမားထောက်ကူမှုရုံးများ (migrant resource centres) မှတဆင့် လိုအပ်ချက်များ ဆန်းစစ်ရေး၊ သင်တန်းများ ပြင်ဆင်မြှင့်တင်ဆောင်ရွက်ရေး။
(၅) ကိုဗစ်အလွန် ကာကွယ်ဆေးမတွေ့မီကာလစပ်ကြား လိုက်နာဆောင်ရွက်ရမည့် (social distancing) လူ့ဖြစ်စဉ်တွင် အရေးကြီးဆုံး ကျွမ်းကျင်မှုစံဖြစ်သော မိုဘိုင်းအင်တာနက် နည်းပညာအား နိုင်ငံသားတိုင်း အကျွမ်းတဝင်ရှိနေစေရေး ဆိုင်ရာ ဆန်းစစ်ချက်၊ ပညာပေး အစီအစဉ် များပြင်ဆင်ဆောင်ရွက်ရေး
စသည့်ပုဂ္ဂလိက ကဏ္ဍအတွင်း ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို သမားရိုးကျ ဆောင်ရွက်မည့် ဌာနဆိုင်ရာ လုပ်ငန်းစဉ်များနှင့် တန်းတူ အလေးထား စဉ်းစားဖော်ထုတ်သင့်ပါသည်။
ယနေ့ကာလတွင် နိုင်ငံများစွာတို့၌ ရုံးပြင်ပ အိမ်မှအလုပ်လုပ်ခြင်း၊ online မှ ဈေးရောင်းခြင်း ဝန်ဆောင်မှု ပေးခြင်း စသည်ဖြင့် နည်းပညာကို အခြေခံ၍ အလုပ်မပျက်စေရန် ဆောင်ရွက်လာကြရာ ယင်းလမ်းကြောင်း သစ်များကို အမီလိုက်နိုင်သော ကုမ္ပဏီများနှင့် နိုင်ငံများသာ လာမည့် ပုံမှန်အသစ်စီးပွားရေးခေတ် (new normal economy) တွင် ယှဉ်ပြိုင်တိုးတက်နိုင်မည်ဖြစ်သည်။ ယင်းအခြေအနေသစ်ကို အချို့က လက်တကမ်းစီပွားရေး ခေတ် (distance economy) ဟု ပြောစမှတ်ပြုပြီး အင်တာနက်တွင် ကျင်းပမည့် အပြည်ပြည်ဆိုင်ရာ အစည်းအဝေးနှင့် ဈေးရောင်းပွဲတော်များ၊ တယ်လီဖုန်းဖြင့် ဆေးကုပေမည့် ဆရာဝန်များ၊ Facebook မှ စာသင်ပေးမည့် ကျုရှင်ဆရာများ၊ ငွေသားစက္ကူမသုံးဘဲ ဖုန်းဖြင့် လွှဲပေးမည့် ငွေပေးငွေယူရှင်းတမ်းများ စသည့် အလုပ်သစ်များ၊ ကျွမ်းကျင်မှုအသစ်များနှင့် ယင်းတို့နှင့် အံဝင်ခွင်ကျဖြစ်မည့် လေ့ကျင့်ပြင်ဆင်မွမ်းမံပြီးသား ဝန်ထမ်းများ (reskilled workforce) လည်း လိုအပ်လာမည်ဖြစ်သည်။
အနာဂတ်၏ ပြောင်းလဲလာမည့် ပုံမှန်အသစ်စီးပွားခေတ် new normal economy ကို ပုဂ္ဂလိက လုပ်ငန်းရှင်များက reimagine ပြန်လည်တွက်ဆမျှော်မှန်းလျက် ယင်းတို့၏ စီးပွားရေးလုပ်ငန်းပုံစံနှင့် ကျွမ်းကျင်မှု လိုအပ်ချက်များကို စတင် ပြင်ဆင်စဉ်းစားလျက်ရှိနေသော်လည်း ယင်းအတွက် လက်တွေ့ဆောင်ရွက်ရာမှာမူ အစိုးရ၏အကူအညီနှင့် ထောက်ပံ့မှုများ များစွာလိုအပ်လျက်ရှိပါသည်။ လုပ်အားကဏ္ဍနှင့် ပညာရေးကဏ္ဍတို့တွင် လူသားချင်းစာနာထောက်ထားမှုဖြင့် ကူညီထောင်ပံ့ပေးလျက်ရှိသော ဥရောပ၊ အမေကရိကန်ပြည်ထောင်စု၊ ဂျပန်၊ ကိုးရီးယားနှင့် စကင်ဒီနေဗီးယား နိုင်ငံများမှ အလှူရှင်နိုင်ငံများကလည်း ရှေ့အမြင် ကြီးမားစွာဖြင့် အနာဂတ်အတွက် ဆောင်ရွက်နိုင်မည့် ရေရှည်တည့်တံ့ ခံနိုင်စွမ်းရည်ရှိသော လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးမှု ရေရှည်စီမံကိန်းကို များစွာထောက်ခံအားပေးနိုင်မည်ဖြစ်ကြောင်း ယုံကြည်ရပါသဖြင့် ကိုဗစ်အလွန်ပြန်လည်ထူထောင်ရေး စီမံကိန်းတွင် ထည့်သွင်းစဉ်းစားပေးနိုင်ရန် အကြံပြုအပ်ပါသည်။
ကိုးကားချက်
[1] ILO Monitor: Covid-19 and the world of work. 29 April 2020. See https://www.ilo.org/wcmsp5/groups/public/—dgreports/—dcomm/documents/briefingnote/wcms_743146.pdf
[2] Testaverde, M. Migrating to Opportunity: Overcoming Barriers to Labour Mobility in Southeast Asia. Washington, D.C., World Bank, 2017.
[3] https://myanmarcesd.org/2016/12/15/cesd-msu-survey-quantitatively-measures-hopes-of-rural-residents-in-mon-state-through-three-essential-elements-aspirations-agency-and-pathways/
ဒေါက်တာဇော်ဦးသည် Centre for Economic and Social Development ၏ အမှုဆောင်ဒါရိုက်တာ ဖြစ်ပါသည်။
မြန်မာနိုင်ငံက အခုအချိန်မှာ လူပေါင်း ၁ ဒသမ ၇ သန်းကို ကာကွယ်ဆေး ထိုးနှံ ပြီး…
လော့ခ်ဒေါင်းချ ဆောင်ရွက်တဲ့ အခါမှာ ဆင်းရဲတဲ့အိမ်ထောင်စုတွေ၊ အလုပ်အကိုင် ဆုံးရှုံးသွားသူတွေ၊ ချို့တဲ့အားနည်းတဲ့ လူတွေအတွက်လည်း အဓိကစဉ်းစားပေးပြီး ကုစားရေး…
တရုတ်နိုင်ငံဟာ ကာကွယ်ဆေးကို အများကောင်းကျိုးအဖြစ် အသုံးပြုမယ်၊ မြန်မာနိုင်ငံစတဲ့ မိတ်ဖက်နိုင်ငံတွေကို ဦးစားပေးဖြန့်ဝေမယ် ဆိုတာဟာ စေတနာကောင်းရင်တောင် လက်တွေ့…
Discussion about this post