Menu & Search

အကျဉ်းထောင်တွင်း လူဦးရေလျှော့ချရန် အရေးကြီးသည်

April 25, 2020
အယ်ဒီတာမှတ်ချက် 

ယခုဆောင်းပါးကို ဆရာဘိုကြည်က ဧပြီ ၁၂ ရက်တွင် ရေးသားပေးပို့ခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ဆောင်းပါးတွင် ပါဝင်သော အချက်အလက်များသည် ဧပြီ ၁၂ ရက်မတိုင်မီက အခြေအနေများကို ထင်ဟင်ပါကြောင်း သိစေအပ်ပါသည်။ ထို့အပြင် ဧပြီ ၁၇ ရက် (မြန်မာနှစ်ဆန်း ၁ ရက်နေ့) တွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က "ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်" ကို ထုတ်ပြန်ခဲ့ပြီး နိုင်ငံတဝန်းရှိ အကျဉ်းထောင်၊ စခန်းအသီးသီး၌ အကျဉ်းချခံနေရသူများအနက်မှ ၂၄၈၉၆ ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပေးခဲ့ပါသည်။ ထို့ကြောင့် ဧပြီ ၁၂ ရက်က ရေးသားခဲ့သော ဆောင်းပါးနှင့်ဆက်စပ်၍ သီးခြားမှတ်ချက်တခု ဖြည့်စွက် ပေးပါရန် ဆောင်းပါးရှင် ဆရာဘိုကြည်အား ဧပြီ ၂၄ ရက်က မေတ္တာရပ်ခံခဲ့ပါသည်။ ဆရာဘိုကြည်၏ မှတ်ချက်အား "စာရေးသူမှတ်ချက်" အနေဖြင့် အောက်တွင် ဖော်ပြထားပါသည်။
စာရေးသူ မှတ်ချက် 

၂၀၂၀ ပြည့်နှစ် ဧပြီ ၁၇ ရက်တွင် သမ္မတ၏ လွတ်ငြိမ်းသက်သာခွင့်ဖြင့် အကျဉ်းသားပေါင်း ၂၄၈၉၆ ဦး လွှတ်ပေးခဲ့သော်လည်း နိုင်ငံရေးအကျဉ်းသား ၂၀ ဦးသာ ပါဝင်ခဲ့ပါသည်။ အစိုးရအနေဖြင့် အကျဉ်းသားများများ လွှတ်ပေးရာ၌ လေးဖို့တဖို့ လျှော့ရက်ပေးပြီး လွှတ်ပေးခဲ့သည်ဟု ကြေငြာခဲ့သော်လည်း လွှတ်ပေးခဲ့သည့် အကျဉ်းသားများအား စိစစ်ခဲ့သည့် အကြောင်းအရာများကို သေချာရှင်းလင်းစွာ ဖော်ပြခဲ့သည်ကို မတွေ့ရှိရပါ။ ထိုအချက်ကို သေသေချာချာ ရှင်းလင်းဖော်ပြသင့်သည်ဟု ယူဆပါသည်။ ထိုနည်းတူ အကျဉ်းထောင်နှင့် ပတ်သက်သော သတင်းအချက်အလက်များသည် လျို့ဝှက်အပ်သော သတင်းအချက်များ မဖြစ်သင့်ဟု ယူဆပါသည်။ သို့ရာတွင် ယခုကဲ့သို့ အကျဉ်းသား ၂၄၈၉၆ ဦးကျော်ကို လွှတ်ပေးလိုက်ခြင်း အားဖြင့် (အကျဉ်းသားတဦးလျှင် တနေ့စားစရိတ် ၉၇၅ ကျပ် ရှိသဖြင့်) နိုင်ငံတော်ဘဏ္ဍာငွေမှ အနည်းဆုံး တနေ့ ငွေကျပ် ၂၄ သန်းကျော် သက်သာစေမည် ဖြစ်ပါသည်။

အခြားတဖက်မူ အကျဉ်းသာများကို ယခုကဲ့သို့ လွှတ်ပေးခဲ့သည့်တိုင် အကျဉ်းထောင်များတွင် ရှိနေသော အကျဉ်းသား အရေအတွက်မှာ ဝင်ဆံ့နိုင်သည့် အင်အားထက် များပြားနေဆဲ ဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံအနှံ့တွင် နိစ္စဓူ၀ ဖြစ်ပွားနေသော ရာဇဝတ်မှုများမှ ပြစ်မှုကျူးလွန်းသူနှင့် လတ်တလော ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းစဉ်များအား မလိုက်နာသဖြင့် ဖမ်းဆီးထောင်ချထားမှုများ ရှိနေသဖြင့် များမကြာမီမှာပင် အကျဉ်းသားဦးရေ ပြန်လည်များပြားလာဦးမည် ဖြစ်ပေသည်။ သို့ပါသောကြောင့်‌ လူတဦးတွင် ရောဂါပိုး တွေ့ရုံမျှဖြင့် အကျဉ်းထောင်တခုလုံး အလွယ်တကူ ကူးစက်နိုင်သည့် အခြေအနေ ရှိနေသဖြင့် အကျဉ်းထောင်များအတွင် လူဦးရေလျှော့ချခြင်းကို ထပ်မံစဉ်းစားပါရန်နှင့် လူ့အဖွဲ့အစည်းအတွက် အန္တရာယ်မရှိသော နိုင်ငံရေးအကျဉ်းသားများကိုလည်း အမြန်ဆုံးပြန်လွှတ်ပေးပါရန် မေတ္တာရပ်ခံ တိုက်တွန်း အပ်ပါသည်။

COVID-19 အန္တရာယ် သည် ကမ္ဘာတဝှမ်းတွင်သာမက မြန်မာနိုင်ငံတွင်လည်း ကျရောက်နေပါသည်။ အခြားသော နိုင်ငံများနှင့် နှိုင်းယှဉ်လျှင် အရေအတွက်အရ အတော်ပင် နည်းပါးနေသော်လည်း အရေးကြီးသော အဆင့်မှာ ရှိနေပါသေးသည်။ COVID-19 ကာကွယ် ကုသရေး လုပ်ငန်းစဉ်များကို နေ့ညမပြတ် ဆောင်ရွက်နေကြသည်ကိုလည်း ကျနော်တို့အားလုံး တွေ့မြင်နေရသည်။ သို့သော် COVID-19 အန္တရာယ် ကျရောက်ရန် လွယ်ကူနေသေးသော နေရာတခု ကျန်ရှိ နေပါသေးသည်။ ၎င်းမှာ အကျဉ်း ထောင်များနှင့် အချုပ်ခန်းများ ဖြစ်ပါသည်။ လူဦးရေနှင့် အကျယ်အဝန်း အနေအထားအရ အကျဉ်းထောင်များနှင့် အချုပ်ခန်းများတွင် အကယ်၍ COVID-19 ကူးစက်ခံရသူ ရှိခဲ့ပါက အလွယ်တကူ ပျံ့နှံ့သွားနိုင်သည့် အန္တရာယ် ရှိနေပါသည်။

အကျဉ်းဦးစီး ဌာနအနေဖြင့် အကျဉ်းထောင်များတွင် COVID-19 အန္တရာယ် ကာကွယ်မှုများ ပြုလုပ်နေသည်ဟု အကျဉ်းဦးစီး တာဝန်ရှိသူများက သတင်းမီဒီယာများကို ပြောဆိုထားသည်ကို တွေ့ရှိရသည်။ အကျဉ်းဦးစီးတာဝန်ရှိသူ၏ အဆိုအရ အကျဉ်း ထောင်သို့ ထောင်ဝင်စာလာတွေ့သော အကျဉ်းသား မိသားစုများအား ကိုယ်အပူချိန် တိုင်းခြင်း၊ လက်ဆေးခိုင်းခြင်း၊ ထောင်ဝင်စာ ပစ္စည်းများအား ပိုးသတ်ဆေး ဖျန်းခြင်း နှင့် အကျဉ်းသားများအား အကျဉ်းထောင်အတွင်း လက်ဆေးခိုင်းခြင်းများ၊ ချင်း(ဂျင်း) ပြုတ်ရည် တိုက်ခြင်းများအား ပြုလုပ်နေသည်ဟု သိရှိရသည်။ သို့သော် အစိုးရနှင့် ပြည်ထဲရေး ဝန်ကြီးဌာနဘက်မှ မည်သို့သော ပေါ်လစီများ ချမှတ်လုပ်ဆောင်နေသည် ဆိုသည်ကိုတော့ ရှင်းရှင်းလင်းလင်း မသိရပါ။

နိုင်ငံတိုင်းတွင် အကျဉ်းထောင်၊ အချုပ်ထောင်များ အသီးသီး ရှိနေကြပြီး အစိုးရ များမှလည်း သူတို့နိုင်ငံတွင်းမှ အကျဉ်းထောင်များတွင်း COVID-19 ကာကွယ်ရေး အတွက် ကြိုတင် ပြင်ဆင်သည့်အနေဖြင့် အကျဉ်းသားဦးရေ လျှော့ချခြင်း လုပ်ငန်းများ လုပ်ဆောင်နေသည်ကို တွေ့ရှိရသည်။ ဥပမာ – အီရန်၊ အင်ဒိုနီးရှား၊ သီရိလင်္ကာ၊ အမေရိကန် နိုင်ငံများတွင် အကျဉ်းသားများ လွှတ်ပေးခြင်းနှင့် လွှတ်ပေးရန်တို့ကို ကြိုး စားနေကြသည်။
သို့သော် မြန်မာနိုင်ငံတွင်တော့ ကြိုတင် ပြင်ဆင်သည့်အနေဖြင့် အကျဉ်းသားများ လွှတ်ပေးသည်ကို မတွေ့ရှိရသေးပေ။ သို့သော် နှစ်စဉ် လွှတ်ပေးနေကျ မြန်မာနှစ်ဆန်း ၁ ရက်နေ့တွင် ပုံမှန်အကျဉ်းသား လွှတ်ပေးခြင်း ဖြစ်နိုင်ခြေရှိပါသည်။ မြန်မာနိုင်ငံ အကျဉ်းထောင်များတွင်တော့ ယနေ့အချိန်အထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုမှတ်တမ်း မရှိသေးပါ။

မည်သည့်အတွက်ကြောင့် အကျဉ်းသားများအား လျှော့ချသင့်သနည်း

မြန်မာနိုင်ငံတွင် အကျဉ်းထောင်ပေါင်း ၄၇ ထောင်နှင့် အလုပ် စခန်းပေါင်း ၅၀ ခန့် ရှိပါသည်။ ထို့အပြင် မြို့နယ်တိုင်းရှိ ရဲစခန်းများတွင် ရဲအချုပ်ခန်းများနှင့် တရားရုံး အချုပ်များ ရှိနေသည်။ မြန်မာနိုင်ငံ အတွင်းရှိ အကျဉ်းထောင်များတွင် ရှိနေသော အကျဉ်းသား အင်အားမှာ အကျဉ်းထောင်တွင်း ဝင်ဆံ့နိုင်သော အင်အားထက် များပြားနေသည်ဟု မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်နှင့် အေအေပီပီတို့မှ သတင်း ထုတ်ပြန်နေခြင်းများ ရှိနေပါသည်။ မြန်မာနိုင်ငံတွင် အကျဉ်းသား အရေအတွက် တသိန်းခန့် ရှိသည်ဟု ခန့်မှန်းကြပါသည်။ * အင်းစိန်အကျဉ်းထောင် တခုတွင်းမှာပင် အကျဉ်းသားဦးရေ ၁၂,ဝ၀ဝ ခန့် ရှိနေ ပြီး အကျဉ်းထောင် ဝင်ဆံ့ဦးရေထက် ၃ ပုံ ၁ ပုံခန့် များနေပါသည်။ ထို့အတွက် အကျဉ်း သားများမှာ အကျဉ်းထောင် ဥပဒေအရ သတ်မှတ်ထားသည့် အကျယ်အဝန်း ၃ ဒသမ ၄ စတုရန်းမီတာဖြင့် အိပ်စက်ခွင့် မရဘဲ တယောက်နှင့်တယောက် ပူးကပ်စွာ အိပ်စက် နေရသည်။ နောက်ဆက်တွဲ ဆိုးကျိုးအနေဖြင့် တကိုယ်ရေ သန့်ရှင်းရေးနှင့် ကျန်းမာ ရေးစောင့်ရှောက်မှု အခြေအနေမှာလည်း အကန့်အသတ်ဖြင့်သာ ရရှိနေသဖြင့် ရောဂါ ကူးစက်လာလျှင် တဟုန်ထိုး ကူးစက်နိုင်သည့်အခြေအနေကို အခြားနေရာများထက် ပိုမို ရင်ဆိုင်ရနိုင်ပါသည်။ ထို့အပြင် အကျဉ်းသားဦးရေ များပြားနေခြင်းကြောင့် အကျဉ်းသားများအတွက် ကိုယ်ခံအား ကောင်းမွန်စေရန် လိုအပ်သော အာဟာရ ကျွေးမွေးရာတွင်လည်း အခက်အခဲ ဖြစ်စေနိုင်ပါသည်။

မြန်မာနိုင်ငံတွင် အကျဉ်းသားတဦး၏ စားသောက်ရေးအတွက် သတ်မှတ်ထားသည့် နှုန်းထားမှာ အကျဉ်းသားတဦးလျှင် ၉၇၅ ကျပ်နှုန်းသာ သတ်မှတ်ထားသဖြင့် ထိုနူန်းထားဖြင့် ကျွေးမွေးနေသည်မှာ ကိုယ်ခံအားကောင်းရန် လုံလောက်သော အာဟာရဓာတ် ဖြစ်ပါ့မလား ဆိုသည်က မေးခွန်းထုတ်စရာ ဖြစ်ပေသည်။ ထိုနှုန်းထားဖြင့် တွက်ကြည့်လျှင်တောင်မှ အကျဉ်းသား တသိန်းအတွက် တရက်ဆိုလျှင်ပင် သိန်းပေါင်း ၉၇၅ သိန်းကျပ် (၉၇,၅၀ဝ,ဝ၀ဝ ကျပ်) ဖြစ်နေသည်။ ထိုသည်မှာ အစားအသောက် စရိတ်မျှပင် ဖြစ်ပြီး ကျန်းမာရေးစရိတ်၊ ဝန်ထမ်းစရိတ်၊ နေ့စဉ် မြို့နယ် အသီးသီးသို့ ရုံးထုတ်ရသော အသုံးစရိတ်များ၊ အဆောက်အဦများ ထိန်းသိမ်းပြင်ဆင် စရိတ်များ၊ အခြားသော အထွေထွေစရိတ်များ မပါဝင်သေးပါ။ ၂၀၁၆ – ၂၀၁၇ ခုနှစ် အတွက် အကျဉ်းသား၊ အချုပ်သား ကျွေးမွေး ကုန်ကျစရိတ်မှာ ကျပ် ၁၉ ဒသမ ၆၁၄ ဘီလီယံ ကုန်ကျခဲ့သည်။ အကျဉ်းသားဦးရေ ၃ ပုံ ၁ ပုံ ကိုသာ လျှော့ချလိုက်ပါက ကုန်ကျစရိတ်သည်လည်း နေ့စဉ်အတွက် အစားအသောက်စရိတ်ပင် ၃၂၅ သိန်းကျပ် သက်သာမည်ဖြစ်ပြီး အခြားသော နေရာများတွင် အသုံးချနိုင်ပါသည်။ ပိုကောင်းသည့်အချက်မှာ COVID-19 ကာကွယ်နိုင်ရေး အတွက် လိုအပ်သည့် နေရာ အကျယ်အဝန်းလည်း ထွက်လာနိုင်ပေမည်။

ကျန်းမာရေး ရှုထောင့်မှ ကြည့်မည်ဆိုလျှင်လည်း အကျဉ်းထောင် ပြင်ပတွင်ပင် နိုင်ငံတွင်း လူဦးရေနှင့် ကျန်းမာရေး ဝန်ထမ်း ပြည့်စုံ လုံလောက်မှု မရှိသည်ကို ကြားသိနေရသည်။ ထိုသို့ သော အခြေအနေတွင် အကျဉ်းထောင်၏ ကျန်းမာရေး စောင့်ရှောက်မူမှာ လုံလောက်မှု မရှိ ဖြစ်နေမည်မှာ သေချာသလောက် ရှိနေပေသည်။

အကျဉ်းထောင်တွင်း ကျန်းမာရေးဝန်ထမ်း မှာ ၇၀ဝ ကျော် ရှိရမည် ဖြစ်သော်လည်း ၃၁ ရက်၊ မတ်လ၊ ၂၀၁၇ ထိ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ တွဲဖက် တာဝန်ထမ်းဆောင်သူများ မှာ ၂၃၇ ဦးသာ ရှိသည်။ ထိုအခြေအနေဖြင့် အကျဉ်းသားဦးရေ တသိန်းကို ကုသပေးနေရာ အကျဉ်းသားများအတွက် လုံလောက်သော ကျန်းမာရေး စောင့်ရှောက်မူ ရနိုင်ရန် အလှမ်းကွာဝေး နေပေမည်။ ထို့အပြင် အကျဉ်းထောင်တွင်း စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးနှင့် ပတ်သက်ပြီး စနစ်တကျ လုပ်ဆောင်နေသည်များ ရှိသည်ကို မတွေ့ရှိ ရပါ။ ထိုသို့သော အခြေအနေများသည် အကျဉ်းသားများအား ဆက်ဆံခြင်းနှင့် ပတ်သက်သည့် အခြေခံစည်းမျဉ်း ၉ နှင့် အကျဉ်းသားများ ကာကွယ် စောင့်ရှောက်ခြင်း ဆိုင်ရာ ကျန်းမာရေး စောင့်ရှောက်မှု ကျင့်ဝတ် စည်းမျဉ်းများတွင် ၎င်းတို့၏ ဥပဒေရေးရာ အခြေအနေ (အကျဉ်းကျနေခြင်း)အပေါ် ခွဲခြား ဆက်ဆံခြင်းမရှိဘဲ အကျဉ်းသားများအနေ ဖြင့် နိုင်ငံအတွင်းတွင် ရှိသည့် (အကျဉ်းထောင်ပြင်ပတွင် အခြားသူများ ရရှိသည့်) ကျန်းမာရေးစောင့်ရှောက်မူများ ရရှိရမည်ဟု ဖော်ပြထားချက်များနှင့် မကိုက်ညီဖြစ်နေပြီး ပြစ်မှုပြစ်ဒဏ် မမျှတသလို ဖြစ်နေပါသည်။

ထို့အပြင် အကျဉ်းထောင်တွင် အရာထမ်း၊ အမှုထမ်း စုစုပေါင်းရှိရမည့် အင်အားမှာလည်း ၂၀၁၇ ခုနှစ် မတ် ၃၁ ရက် စာရင်းအရ ၁၀၅၃၉ ရှိရမည့် အစား ၆၄၈၃ ဦးသာ ရှိနေသဖြင့် ဝန်ထမ်းအင်အားများစွာ လိုအပ်လျက်ရှိပြီး ရှိသည့်အင်အားဖြင့် လုပ်ဆောင်နေရသည့် အတွက် မနိုင်မနင်း ဖြစ်နေရသည်။ ယနေ့အချိန်ထိလည်း ဝန်ထမ်းအင်အား လိုအပ်နေဆဲ ဖြစ်သည်။ အကယ်၍များ အကျဉ်းထောင်အတွင်း COVID-19 ရောဂါပိုး ရှိသူတယောက်တွေ့ရှိပါက လျင်မြန်စွာ ကူးစက်နိုင်သည့် အခြေအနေ ဖြစ်နေပြီး ထိန်းချုပ်ရန် ခက်ခဲနိုင်မည့်အပြင် အကျဉ်းဦးစီး ဝန်ထမ်းများနှင့် မိသားစုများမှာလည်း လျင်မြန်စွာ ကူးစက် ခံနိုင်ရသည့်သူများ ဖြစ်နေသည်။အကျဉ်းထောင်အတွင်း ဖြစ်ပွားမည့်ကိစ္စသည် အကျဉ်းထောင်ထဲ၌ပင် ပြီးဆုံးမည့်ကိစ္စမဟုတ်ဘဲ၊ လှူအဖွဲ့အစည်းတွင်းသို့ လျင်မြန်စွ ာကူးစက်ပြီး ပြဿနာအကြီးကြီး ဖြစ်သွားနိုင်ပေသည်။

ယနေ့လို ကာလမျိုးတွင် အကျဉ်းသားများ၏ စိုးရိမ်မှုကို လျှော့ချပေးနိုင်ရန်လည်း လွန်စွာမှပင် အရေးကြီးပါသည်။ ထိုင်းနိုင်ငံ အရှေ့တောင်ပိုင်း၊ ဘူရီယမ် (Buriram) ခရိုင်မှ အကျဉ်းထောင်တခုတွင် COVID-19 ဗိုင်းရပ်စ်ကို စိုးရိမ်ကြီးပြီး ထောင်ဆူပူမှု နှင့် ထောင်ဖောက်ပြေးမှု ဖြစ်ပေါ်ခဲ့သေးသည်ကိုလည်း သတိချပ်သင့်သည်။ မြန်မနိုင်ငံတွင်လည်း ၂၀၁၉ ခုနှစ်တုန်းက ထောင်ဆူပူမှုများ ဖြစ်ပေါ်ခဲ့ဖူးပါသည်။

အကျဉ်းသားဦးရေ လျှော့ချရေးအတွက် အရေးကြီးသော နောက်တချက်မှာ နိုင်ငံတကာ ဥပဒေအရ ရာဇဝတ်မှု မမြောက်သော အမှုများကို တရားမစွဲခြင်း ဖြစ်ပါသည်။ ဥပမာ – သတင်းထောက်များ၊ လွတ်လပ်စွာပြောဆိုခြင်းနှင့် ပတ်သက်သော အမှုများ၊ လယ်ယာမြေနှင့် ပတ်သက်သောအမှုများ အစရှိသဖြင့် ပြစ်မှုမမြောက်နိုင်သော နိုင်ငံရေးရည်ရွယ်ချက်ဖြင့် စွဲဆိုသောအမှုများကို ရပ်ဆိုင်းလိုက်ရန် လိုအပ်ပါသည်။

ယနေ့လို ကပ်ရောဂါ အခြေအနေတွင် ကြိုတင် ကာကွယ်သည့်အနေဖြင့် အစိုးရမှ အကျဉ်းသားလျှော့ချရေးကို ဦးစားပေးအဆင့်ဖြင့် လုပ်ဆောင်သင့်သည်ဟု အကြံပြု လိုပါသည်။ အခြားသောနိုင်ငံများတွင်လည်း ထိုကဲ့သို့ အကျဉ်းထောင်တွင်း လူဦးရေ လျှော့ချခြင်းများ ဆောင်ရွက်နေသည်ကိုလည်း တွေ့ရှိရသည်။ မည်သူများကို လွှတ်သင့်သည် ဆိုသည်များကိုတော့ နောက်ပိုင်းတွင် ဆက်လက်ဆွေးနွေးပါမည်။

 

* AAPP မှ ထုတ်ဝေခဲ့သော Prison overcrowding and the need for urgent reform အစီရင်ခံစာ (ဒီဇင်ဘာ၊ ၂၀၁၈) အရ မြန်မာနိုင်ငံ၏ ၉၃ ခုသော အကျဉ်းထောင်နှင့် အလုပ်ကြမ်းစခန်းများသည် လူ ၆၆ဝ၀ဝ ကိုသာ ထိန်းသိမ်းနိုင်စွမ်းရှိသော်လည်း ၉၂ဝ၀ဝ ကျော်ကို (ထိန်းသိမ်းနိုင်စွမ်း၏ ၁၃၉ ရာခိုင်နှုန်း) ကျော်လွန်ကာ ထိန်းသိမ်းထားကြောင်း ဖော်ပြထားသည်။ ၂၀၁၈ မှ စာရင်းဇယားသည် ခေတ်နောက်ကျ၍ နေနိုင်သော်လည်း ၂၀၂၀ ပြည့်နှစ် အခြေအနေသည်လည်း အလားတူရှိမည်ဟု ယူဆသည်။

Bo Kyi

ဘိုကြည်သည် နိုင်ငံရေးအကျဥ်သားများ ကူညီစောင့်ရှောက်ရေးအသင်း၏ တွဲဖက်အတွင်းရေးမှုး ဖြစ်သည်။

Related article
မြန်မာနိုင်ငံနှင့် ကိုဗစ်ကာကွယ်ဆေး ထိုးနှံနိုင်မှု အလားအလာ

မြန်မာနိုင်ငံနှင့် ကိုဗစ်ကာကွယ်ဆေး ထိုးနှံနိုင်မှု အလားအလာ

မြန်မာနိုင်ငံက အခုအချိန်မှာ လူပေါင်း ၁ ဒသမ ၇ သန်းကို ကာကွယ်ဆေး ထိုးနှံ ပြီး…

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါနှင့်  လော့ခ်ဒေါင်းမှတ်စု  (လော့ခ်ဒေါင်းနှင့်အတူနေထိုင်ခြင်း)

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါနှင့် လော့ခ်ဒေါင်းမှတ်စု (လော့ခ်ဒေါင်းနှင့်အတူနေထိုင်ခြင်း)

လော့ခ်ဒေါင်းချ ဆောင်ရွက်တဲ့ အခါမှာ ဆင်းရဲတဲ့အိမ်ထောင်စုတွေ၊ အလုပ်အကိုင် ဆုံးရှုံးသွားသူတွေ၊ ချို့တဲ့အားနည်းတဲ့ လူတွေအတွက်လည်း အဓိကစဉ်းစားပေးပြီး ကုစားရေး…

တရုတ်နိုင်ငံ၏ ကိုဗစ်-၁၉ကာကွယ်ဆေး သံတမန်လှုပ်ရှားမှုနှင့် မြန်မာနိုင်ငံအတွက် အလားအလာ

တရုတ်နိုင်ငံ၏ ကိုဗစ်-၁၉ကာကွယ်ဆေး သံတမန်လှုပ်ရှားမှုနှင့် မြန်မာနိုင်ငံအတွက် အလားအလာ

တရုတ်နိုင်ငံဟာ ကာကွယ်ဆေးကို အများကောင်းကျိုးအဖြစ် အသုံးပြုမယ်၊ မြန်မာနိုင်ငံစတဲ့ မိတ်ဖက်နိုင်ငံတွေကို ဦးစားပေးဖြန့်ဝေမယ် ဆိုတာဟာ စေတနာကောင်းရင်တောင် လက်တွေ့…

Discussion about this post

Leave a Reply

Your email address will not be published. Required fields are marked *

Type your search keyword, and press enter to search