Menu & Search

ကိုဗစ်- ၁၉ ကပ်ရောဂါဆိုးနှင့် ရခိုင်ပြည်နယ် အခြေအနေ

April 23, 2020
အယ်ဒီတာမှတ်ချက် 

ယခုဖော်ပြထားသည့် သုံးသပ်ချက် ဆောင်းပါးကို ဆရာခိုင်ကောင်းစံက ဧပြီ ၁၀ ရက်နေ့တွင် ပေးပို့ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် သုံးသပ်ချက်တွင် ပါဝင်သော ကိန်းဂဏန်း အချက်အလက်များသည် ဧပြီ ၁၀ ရက်မတိုင်ခင်က အခြေအနေများကို ထင်ဟပ် ဖော်ပြထားခြင်းဖြစ်ကြောင်း သိစေအပ်ပါသည်။

 

ရခိုင်ပြည်နယ်၏ လက်ရှိအခြေအနေသည် မြန်မာနိုင်ငံအတွင်းရှိ အခြားသော တိုင်းနှင့် ပြည်နယ်များနှင့် မတူကွဲပြားပြီး တမူထူးခြားနေသော ကာလဟု ဆိုရပေမည်။

ရခိုင်ပြည်နယ်သည် မြန်မာနိုင်ငံ အနောက်ဘက်တွင် တည်ရှိပြီး ၂၀၁၂ ခုနှစ်တွင် လူမှုရေးပဋိပက္ခမှ အစပြုကာ ရခိုင်ပြည်နယ်သည်ပင် ကမ္ဘာ့အရေးထိ ထင်ပေါ်လာခဲ့ကြပြီး နိုင်ငံတကာမှ အာရုံ စူးစိုက်မှု အများဆုံး ခံစားလာခဲ့ရသော ပြည်နယ် ဖြစ်လာသည်။ ၂၀၁၂ ခုနှစ်မှ အစပြုပြီး မွတ်ဆလင် လူမှုအသိုင်းအဝိုင်းနှင့် ရခိုင်အချို့သည် IDPs စခန်းများတွင် ရွှေ့ပြောင်း နေထိုင်ခဲ့ကြရသည်။

၂၀၁၈ ခုနှစ် ဒီဇင်ဘာလမှ စတင်ကာ ရခိုင်အဖွဲ့  (AA) နှင့် မြန်မာ့တပ်မတော်တို့၏ ထိုးစစ်ဆင် တိုက်ပွဲများကြောင့် ရခိုင် အပါအဝင်၊ မြို၊ ခမီ၊ သက်၊ သက္ကမ၊ ချင်း၊ မရမာ စသည့် စစ်ဘေးရှောင် ဒုက္ခ သည် ၁၆၀,ဝ၀ဝ ခန့်သော လူဦးရေများသည် ရခိုင်ပြည်နယ်ရှိ ယာယီ စစ်ဘေးရှောင် စခန်းများ တွင် အစုလိုက်အပြုံလိုက် နေထိုင်လျက် ရှိနေကြလေသည်။

လွန်ခဲ့သော သုံးလကျော်ကာလက တရုတ် နိုင်ငံ၊ ဝူဟန်မြို့တွင် စတင် ဖြစ်ပွားခဲ့သော ကိုဗစ် – ၁၉ ကပ်ရောဂါဆိုးကြီးသည် မြန်မာနိုင်ငံမှသည် အနောက်ဘက် နယ်မြေ ရခိုင်ပြည်နယ်သို့လည်း မတ်လ တတိယအပတ်မှ စတင်ကာ ခြေစုံပစ် ဝင် လာခဲ့လေသည်။ ရခိုင်ပြည်နယ်သည် မြန်မာနိုင်ငံ၏ အဆင်းရဲဆုံး ပြည်နယ်တခုလည်း ဖြစ်သည့်အပြင် ရွှေ့ပြောင်းသွားလာ အသက်မွေး ဝမ်းကျောင်း ပြုကြရပြီး မိမိ နေရပ်ဒေသသို့ စွန့်ခွာသွား ကြသူများသည် ရန်ကုန်မြို့ရှိ၊ လှိုင်သာယာ၊ ရွှေ ပြည်သာ စက်မှုဇုန်သို့လည်းကောင်း၊ တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံများသို့ အစုလိုက် အပြုံလိုက် သွားရောက် လုပ်ကိုင်နေကြသူ များလှပေသည်။

ထိုကဲ့သို့ ပြည်မနှင့် ပြည်ပသို့ သွားရောက် လုပ်ကိုင်နေသူများသည် ကိုဗစ်-၁၉ ကပ်ရောဂါဖြင့် အလုပ်ရုံများ ပိတ်သိမ်း ခံရခြင်းကြောင့် ပြည်တော် ပြန်လာကြသူများသည် မန္တလေးနှင့် ရန်ကုန် ကားလမ်းများမှ တဆင့် မိမိတို့နေထိုင်ရာ ကျေးရွာ၊ မြို့နယ်များသို့ တံခါးမရှိ ဓားမရှိ ပြန်လည် ဝင်ရောက်လာခဲ့ကြသည်။ ရပ်ရွာသို့ ပြန်ရောက်လာသူများကို ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ကျေးရွာ အခြေပြု CBOs အရပ်ဘက် လူမှု အဖွဲ့အစည်းများ၏ စုပေါင်းအားဖြင့် ကော်မတီဖွဲ့ကာ  Home Quarantine နေအိမ်တွင် ၁၄ ရက်ကြာ နေထိုင်ရန် ညှိနှိုင်း နှစ်သိမ့်မှုများ ပြုလုပ်ပေးသည်ကို တချို့သော မိသားစုဝင်များက ကြည်ဖြူစွာ လက်ခံ ခဲ့ကြသော်လည်း တချို့ မိသားစုများက လက်ခံရန် ငြင်းဆန်ကာ ပဋိပက္ခ အသွင်ဆောင်သော ပြဿနာများလည်း ကြုံတွေ့နေကြရသည်။ တချို့ ရပ်ရွာများတွင် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ အုပ်ချုပ်ရေး ယန္တရားများ ယိုယွင်းနေပြီး ကျေးရွာ အခြေပြု ဒေသအုပ်ချုပ်ရေး စနစ် ထွန်းကားနေမှုများလည်း ရှိနေသည်။ သူ့အရပ်နှင့် သူ့ဇာတ် ဆိုသကဲ့သို့ ကိုဗစ်-၁၉ ကပ်ရောဂါ မပြန့်ပွားရေး ကြိုတင် ကာကွယ်နေမှုများကလည်း လူမှု ဝန်းကျင်ဆိုင်ရာ အငြင်းပွားမှု လက်ခံရန် ခဲယဉ်းနေသော ရခိုင် လူ့အဖွဲ့အစည်းများကို တွေ့ရှိရပါသည်။ မျက်ကန်း တစ္ဆေမကြောက် ဆိုသကဲ့သို့ ယင်း ကိုဗစ်-၁၉ ကပ်ရောဂါ အရေးထက် ပြည်တွင်း စစ်ရေးက ပိုခက်ဆိုသလို အခက်ကြုံနေကြရသည်။

အထူးသဖြင့် လက်ရှိ ထိုးစစ်ဆင်နေသော စစ်ဒဏ်ကြောင့် ထွက်ပြေး တိမ်းရှောင် လာကြရသော စစ်ဘေး ဒုက္ခသည်များ၊ ယာယီ ခိုလှုံရာနေရပ်များ (ဘုန်းကြီးကျောင်း၊ ဓမ္မာရုံ၊ စာသင်ကျောင်း) ကျေးရွာရှိ ဆွေမျိုးများနေအိမ်များတွင် နေထိုင်ရသူများအဖို့ ကပ်ရောဂါဘေးထက် အငတ်ဘေး ကြုံတွေ့နေကြရသည်။ ကျန်းမာရေး ဝန်ကြီးဌာန အနေဖြင့် အသိ ပညာပေးမှု၊ ကြိုတင် ကာကွယ်ရန် ဆောင်ရွက်မှုများကို မြို့ပေါ်ဒေသ များတွင် လုပ်ဆောင် နေသော်လည်း စစ်ဘေး ဒုက္ခသည်များနှင့် ကျေးရွာများအထိ လုပ်ဆောင်နိုင်မှုများ အားနည်းနေကြောင်းလည်း လေ့လာ သိရှိရပါသည်။ မြို့နယ်တိုင်း လိုလို မြို့ပေါ်များတွင် လုပ်ဆောင်မှု အားကောင်းသလောက် ကျေးလက် ဒေသများသို့ ထိရောက်စွာ လုပ်ဆောင်နိုင်မှု အားနည်းနေသည်ကို တွေ့ရှိရပေသည်။

ကိုဗစ်-၁၉ ကပ်ရောဂါနှင့် ပတ်သက်ပြီး စစ်တွေမြို့တွင် ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ဝင် ဝန်ထမ်းများနှင့် Green Network  (အရပ်ဘက် လူမှုရေး အဖွဲ့အစည်းများ) စစ်တွေတို့ ပူးပေါင်းပြီး ဧပြီလဆန်း ၁ ရက်မှ ၁၃ ရက်ထိ စစ်တွေမြို့ ရန်ကုန် – စစ်တွေ ကားလမ်းမအတိုင်း ပညာပေးခြင်း၊ အပူချိန် တိုင်းတာခြင်း (ပြည်တော်ပြန်များအတွက် ပြုလုပ်ပြီး ရွှေပြည်တန် ဘုတ်ဆိပ်တွင် ရေလမ်းခရီးမှ လာသူများအတွက် အသိပညာ ပေးခြင်း၊ အပူချိန်တိုင်းတာခြင်းများကို ပူးပေါင်း လုပ်ဆောင်လျက် ရှိနေကြသည်။

စစ်တွေမြို့ရှိ အရပ်ဘက် အဖွဲ့အစည်း ခြောက်¸ ပူးပေါင်းထားသော Arakan Humanitarian Coordination Team (AHCT) မှ ဦးဆောင်ပြီး ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ စစ်ဘေး ဒုက္ခသည်များသို့ သွားရောက်ကာ အသိပညာ ပေးခြင်း၊ ကြိုတင် ကာကွယ်ခြင်း လုပ်ငန်းများကို မြို့နယ်တိုင်းတွင် လုပ်ဆောင်လျက် ရှိနေပါသည်။ စစ်ဘေးဒုက္ခ သည်များတွင် ဃဥဠှီု-၁၉ ကပ်ရောဂါအသိပညာပေးရာတွင် ဃှဥျ များ၏အခန်း ကဏ္ဍသည် အစိုးရအခန်းကဏ္ဍထက် ပိုမိုလုပ်ဆောင်နိုင်ကြောင်း တွေ့ရှိခဲ့ရသည်။ အစိုးရဌာနများ လုပ်ဆောင်မှု နှေးကွေးနေရခြင်းသည်လည်း ဗဟိုအစိုးရ သြဇာလွှမ်းမိုးမှုများကြောင့် ဖြစ်နိုင်ဖွယ် ရှိပါသည်။

“အိမ်မှာနေပါ” ဟု ပြောနေသော်လည်း နေစရာ အိမ်မရှိသောအခါ၊ “လက်ကို ရေ ဖြင့် များများဆေးပါ”ဟု ပြောနေသော်လည်း ဆေးစရာ ရေမရှိသောအခါ၊ “သုံးပေ အကွာနေပါ”ဟု ပြောနေသော်လည်း နေစရာ မြေမရှိသောအခါ စစ်ဘေး ဒုက္ခသည် များအတွက် အနာနှင့်ဆေး တခြားစီလိုသာ ဖြစ်နေပြီး၊ စစ်ဘေး ဒုက္ခသည်များ နေထိုင်ရသော မြို့နယ်များသည် အင်တာနက်လိုင်း ဖြတ်တောက် ခံထားရသောကြောင့် ကိုဗစ်-၁၉ ကပ်ရောဂါ အသိပညာပေးမှုများ ပြည်သူများ လက်ထဲသို့ ရောက်ရှိမှု ကြန့် ကြာနေကြောင်း လေ့လာ သိရှိရပါသည်။ စစ်ဘေး ဒုက္ခသည်များအတွက် သတင်း အချက်အလက်များ ဆောလျင်စွာ ရရှိနိုင်ရန် အစိုးရအနေဖြင့် အင်တာနက်လိုင်းများ ဖွင့်ပေးရန် လိုအပ်ကြောင်း စာရေးသူအနေဖြင့် ထောက်ပြချင်ပါသည်။

အစိုးရက လက်လုပ် လက်စားများအတွက် ထောက်ပံ့ပေးနေသော ရိက္ခာများက ဆင်းရဲ နွမ်းပါးသော ရခိုင်ပြည်သူများ အတွက် အထောက်အပံ့ ဖြစ်စေသော်လည်း အစာ ရိက္ခာအစား ပြည်တွင်းစစ်သာ ရပ်ပေးရန် ရခိုင်ဒေသအတွင်း အဓိကကျသော မျှော်လင့်ချက်ပင် ဖြစ်သည်ဟု ယုံကြည်မိပါသည်။

နဂိုကတည်းက ဆင်းရဲနေကြသော ရခိုင်ပြည်သူများသည် ဘူးလေးရာ ဖရုံဆင့် ဆိုသကဲ့သို့ စစ်ဘေး ဒုက္ခကြုံနေရပြီး နေအိမ်ရပ်ရွာများ စွန့်ခွာ ထွက်ပြေးနေကြရကာ စစ်ရှောင် စခန်းများတွင် မဝရေစာ စားနေရသည့် အခြေအနေမျိုးတွင် ကိုဗစ်-၁၉ ကပ်ရောဂါဆိုးက ကံဆိုးမ သွားလေရာ မိုးလိုက်လို့ ရွာဆိုသလိုပင် ဖြစ်နေပြီ မဟုတ်ပါလော။

Nay Htun Naing
Related article
မြန်မာနိုင်ငံနှင့် ကိုဗစ်ကာကွယ်ဆေး ထိုးနှံနိုင်မှု အလားအလာ

မြန်မာနိုင်ငံနှင့် ကိုဗစ်ကာကွယ်ဆေး ထိုးနှံနိုင်မှု အလားအလာ

မြန်မာနိုင်ငံက အခုအချိန်မှာ လူပေါင်း ၁ ဒသမ ၇ သန်းကို ကာကွယ်ဆေး ထိုးနှံ ပြီး…

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါနှင့်  လော့ခ်ဒေါင်းမှတ်စု  (လော့ခ်ဒေါင်းနှင့်အတူနေထိုင်ခြင်း)

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါနှင့် လော့ခ်ဒေါင်းမှတ်စု (လော့ခ်ဒေါင်းနှင့်အတူနေထိုင်ခြင်း)

လော့ခ်ဒေါင်းချ ဆောင်ရွက်တဲ့ အခါမှာ ဆင်းရဲတဲ့အိမ်ထောင်စုတွေ၊ အလုပ်အကိုင် ဆုံးရှုံးသွားသူတွေ၊ ချို့တဲ့အားနည်းတဲ့ လူတွေအတွက်လည်း အဓိကစဉ်းစားပေးပြီး ကုစားရေး…

တရုတ်နိုင်ငံ၏ ကိုဗစ်-၁၉ကာကွယ်ဆေး သံတမန်လှုပ်ရှားမှုနှင့် မြန်မာနိုင်ငံအတွက် အလားအလာ

တရုတ်နိုင်ငံ၏ ကိုဗစ်-၁၉ကာကွယ်ဆေး သံတမန်လှုပ်ရှားမှုနှင့် မြန်မာနိုင်ငံအတွက် အလားအလာ

တရုတ်နိုင်ငံဟာ ကာကွယ်ဆေးကို အများကောင်းကျိုးအဖြစ် အသုံးပြုမယ်၊ မြန်မာနိုင်ငံစတဲ့ မိတ်ဖက်နိုင်ငံတွေကို ဦးစားပေးဖြန့်ဝေမယ် ဆိုတာဟာ စေတနာကောင်းရင်တောင် လက်တွေ့…

Discussion about this post

Leave a Reply

Your email address will not be published. Required fields are marked *

Type your search keyword, and press enter to search