Menu & Search

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါနှင့် လော့ခ်ဒေါင်းမှတ်စု (လော့ခ်ဒေါင်းနှင့်အတူနေထိုင်ခြင်း)

October 9, 2020

(၁)

ဒီကာလအတွင်းမှာ ကိုရိုနာဗိုင်းရပ်စ်(COVID-19)ကပ်ရောဂါဆိုတဲ့ စကားလုံးနဲ့ အတူ လော့ခ်ဒေါင်း(Lockdown)ဆိုတဲ့ စကားလုံးကိုလည်း ကြိမ်ဖန်များစွာ ကြားနေရတယ်။ ဒါပေမဲ့ လော့ခ်ဒေါင်းလို့ပြောရင် ဆွေးနွေးစရာ၊ အငြင်းပွားစရာတွေက အများသားကလား။ တလောကပဲ ရန်ကုန်မြို့ကမြို့နယ်တွေကို အိမ်မှာနေဖို့ (Stay-at-home) ညွှန်ကြားချက်ထုတ်တော့ ဒါဟာ လော့ခ်ဒေါင်း ဟုတ်၊ မဟုတ် ဆိုတာကို ဆွေးနွေးငြင်းခုံခဲ့ကြတယ်။ တကယ်တော့ ဒီမှာတင်မဟုတ်ပါဘူး။ တခြားနိုင်ငံတွေမှာလည်း လော့ခ်ဒေါင်းဆိုတာနဲ့ပတ်သက်ပြီး ဝိဝါဒကွဲနေကြတာပါပဲ။

ပထမဆုံးကတော့ လော့ခ်ဒေါင်းဆိုတာ ဘာကိုဆိုလိုတာလဲဆိုတာနဲ့ ပတ်သက်ပြီး ဝိဝါဒကွဲကြတယ်။ ဒါကြောင့်လည်း Tim Harford က “လော့ခ်ဒေါင်းဆိုတာ အတိအကျ ဘာကိုဆိုလိုသလဲ”ဆိုပြီး ဆောင်းပါးတစောင်ရေးခဲ့တယ်။ သူက လော့ခ်ဒေါင်း ဆိုတာ အတိအကျ ဘာကိုဆိုလိုတာလဲဆိုပြီး ဆောင်းပါးခေါင်းစဉ် တပ်ထားပေမဲ့ သူ့ဆောင်းပါးအစမှာပဲ လော့ခ်ဒေါင်းဆိုတာ တိတိကျကျပြောရခက်တယ်ဆိုပြီး လုပ်ပါ လေရော။ ဟုတ်လည်းဟုတ်ပါတယ်။ တကယ်လည်း လော့ခ်ဒေါင်းဆိုတာ ဘာဆိုပြီး တိတိကျကျ ပြောဖို့ခက်တာကိုး။ ဘာလို့ခက်သလဲဆိုတော့ လက်ရှိအချိန်မှာ နိုင်ငံ တွေဟာ ကိုယ့်နိုင်ငံအခြေအနေပေါ် မူတည်ပြီး လော့ခ်ဒေါင်းဆိုတာကို အကောင် အထည် ဖော်ကြရတယ်။ ဒီတော့ လော့ခ်ဒေါင်းဆိုတာက တကျောင်း တဂါထာ၊ တရွာ တပုဒ်ဆန်း ဖြစ်နေရော။ ဥပမာ- စပိန်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါ ပျံ့နှံ့နေချိန်မှာ ကလေးတွေကို ရက်သတ္တပတ်ပေါင်းများစွာ အိမ်ထဲကနေ အိမ်ပြင်ကို ထွက်ခွင့်မပေးဘူး။ ယူကေမှာကျတော့လည်း ကန့်သတ်မှုတွေ လုပ်ခဲ့ပေမဲ့ အဲဒီလောက် တင်းတင်းကျပ်ကျပ် မလုပ်ခဲ့ဘူး။ ဒါပေမဲ့ စပိန်မှာ အကောင်အထည်ဖော်တဲ့ မူဝါဒရော ယူကေမှာ အကောင်အထည်ဖော်တဲ့ မူဝါဒကိုပါ လော့ခ်ဒေါင်းလို့ နာမည်တပ်ကြတယ်။ ဒါကြောင့်လည်း လော့ခ်ဒေါင်းဆိုတာနဲ့ပတ်သက်ပြီး ဝိဝါဒကွဲကုန်ကြတာပေါ့။ ဆိုတော့ ပထမ ဆုံးကတော့ လော့ခ်ဒေါင်းဆိုတာနဲ့ ပတ်သက်ရင် ဆိုလိုရင်းမှာကိုက ဝိဝါဒကွဲနေကြတာ တွေ့ရတယ်။

နောက်တချက်က ဒီနေ့ကာလကြီးမှာ လော့ခ်ဒေါင်းလို့ပြောရင် ဆိုလိုရင်းတင်မကဘူး၊ အယူအဆပိုင်းအရလည်း ဝိဝါဒကွဲကြတာပဲ။ လော့ခ်ဒေါင်း လုပ်သင့်လား၊ မလုပ်သင့်ဘူးလား၊ လော့ခ်ဒေါင်း လုပ်ချိန်တန်ပြီလား၊ မတန်ဘူးလား။ လော့ခ်ဒေါင်းက ရောဂါကူးစက်မှုကို ထိန်းချုပ်ဖို့ တကယ်အကျိုးရှိရဲ့လား၊ အကျိုးမရှိဘူးလားဆိုပြီး အယူအဆပိုင်း ငြင်းခုံနေကြသံတွေလည်း မကြားချင်မှအဆုံးပါပဲ။ တချို့က လော့ခ်ဒေါင်း ချရမယ်၊ လော့ခ်ဒေါင်းချတာ နောက်ကျလို့ အစိုးရကို အပြစ်တင်ကြတယ်။ တချို့ကတော့ လော့ခ်ဒေါင်းချလို့ အစိုးရကို အပြစ်တင်ကြတယ်။ ဘာလင်တို့၊ ဆားဘီး ယားတို့မှာဆို လော့ခ်ဒေါင်းချတာကို မကျေနပ်ကြလို့ ထွက်ပြီးတောင် ဆန္ဒပြခဲ့ကြသေးတယ် မဟုတ်လား။

ဘယ်လောက်အထိ ဝိဝါဒကွဲသလဲဆိုရင် ဂျာနယ်လစ်တဦးဖြစ်တဲ့ Toby Young ရဲ့ အတွေ့အကြုံက သက်သေပဲ။ သူက  လော့ခ်ဒေါင်းဆန့်ကျင်သူတွေကို ဖူးစာဖက်တွဲပေးမယ့် ဝက်ဘ်ဆိုက်တခုကို စမ်းကြည့်ခဲ့တယ်။ တနေ့ သူ့ဆီ အီးမေးလ်တစောင် ရောက်လာပြီး ပေးပို့သူက “သူ့အနေနဲ့ကတော့ လော့ခ်ဒေါင်းကို ထောက်ခံသူနဲ့တော့ ဘယ်လိုမှ အကြောင်းဆက်ပေါင်းဖက်လို့ မဖြစ်နိုင်ဘူး” ဆိုပြီး ရင်ဖွင့်လာတယ်။ ဒီကိစ္စ ဟာ ဝမ်းနည်းစရာကောင်းလောက်အောင် သဘောထားကွဲလွဲစရာကိစ္စ ဖြစ်နေပြီ ဆိုတဲ့အကြောင်း အီးမေးလ်ပေးပို့သူက အခိုင်အမာဆိုခဲ့တယ်။ လော့ခ်ဒေါင်းနဲ့ ပတ် သက်လို့ ဘယ်လောက်တောင် ဝိဝါဒကွဲနေကြသလဲဆိုတာ စဉ်းစားသာ ကြည့်ကြပေ ရော့။

 

(၂)

အခုဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်(COVID-19) ကပ်ရောဂါကာလကြီးမှာ ကမ္ဘာပေါ်မှာရှိတဲ့ နိုင်ငံတွေအနေနဲ့ အခြေအနေပေါ်မူတည်ပြီး တုံ့ပြန်ဆောင်ရွက်နေကြပေမဲ့ အဓိက မူဝါဒနှစ်ရပ်ကိုတော့ ကျင့်သုံးဆောင်ရွက်လေ့ရှိတာ တွေ့ရတယ်။ အဲဒါတွေကတော့ (၁)ကျန်းမာရေးစနစ်ကို အားကောင်းခိုင်မာလာအောင် မြှင့်တင်ပြီး လူနာကုသရေးကို အလေးပေးဆောင်ရွက်တဲ့ ကျန်းမာရေးမူဝါဒနဲ့ (၂) ဗိုင်းရပ်စ်ကူးစက်နိုင်ခြေကို လျှော့ချနိုင်ဖို့အတွက် လော့ခ်ဒေါင်းလိုမျိုး အမိန့် တွေ ထုတ်ဆင့်ပြီး ရောဂါကူးစက်မှုလမ်းကြောင်း ဖြတ်တောက်တဲ့ မူဝါဒနှစ်ရပ်ပါပဲ။ ဒီတော့ လော့ခ် ဒေါင်းဆိုတာက  လက်ရှိအချိန်မှာ နိုင်ငံတွေအနေနဲ့ ကိုရိုနာဗိုင်းရပ်စ်(COVID-19) ကူးစက်ရောဂါကို တိုက်ဖျက်နိုင်ရေးအတွက် အဓိက ကျင့်သုံးဆောင် ရွက်နေရတဲ့ မူဝါဒတရပ်ဖြစ်နေတယ်။

လော့ခ်ဒေါင်း(Lockdown) ဆိုတဲ့ ဝေါဟာရ ဟာ “အရေးပေါ် အခြေအနေကြောင့် လူတဦး တယောက်ကို သတ်မှတ်ထားတဲ့နေရာ တနေရာကနေ ထွက်ခွာခွင့် တားမြစ်ကန့်သတ်လိုက်တာ မျိုး”ကို ဆိုလိုတယ်။ ဒီနေ့အချိန်မှာတော့ လော့ခ်ဒေါင်းဆိုတဲ့ အင်္ဂလိပ်စကားလုံးဟာ အသုံးများတဲ့စကားလုံး ဖြစ်လာနေတဲ့အတွက် နိုင်ငံအတော်များများမှာ ဒီစကားလုံးကို မူရင်း အင်္ဂလိပ်ဝေါဟာရ အတိုင်းပဲ အသုံးပြုနေကြတာ တွေ့ရတယ်။ ဥပမာ- ဂျာမန်ဘာသာစကားမှာ လော့ခ်ဒေါင်းနဲ့အဓိပ္ပာယ် မနီးရိုးစွဲတူတဲ့ Ausgangssperre ဆိုတဲ့ ဝေါဟာရ ရှိတယ်။ ဒါပေမဲ့ ဒီစကားလုံးကို မသုံးကြဘူး။ လော့ခ်ဒေါင်းဆိုတာကိုပဲ သုံးကြတယ်။ မြန်မာပြည်မှာဆိုလည်း လော့ခ်ဒေါင်းဆိုတဲ့ အသုံးဟာ အတော်တွင်ကျယ်နေတာပဲ။ ကိုဗစ်ကာလ နေ့စဉ်သုံး စကားလုံးတွေထဲမှာ မက်စ် (Mask)တို့၊ ကွာရန်တင်း (quarantine)တို့၊ လော့ခ်ဒေါင်းတို့ဆိုတာ တွင်ကျယ်တဲ့အသုံးတွေ ဖြစ်လာနေကြတယ်။ ခေတ်ရေစီးပဲကိုး။

ဒါပေမဲ့ လော့ခ်ဒေါင်းဆိုတာဟာ အများပြည်သူဆိုင်ရာ ကျန်းမာရေးတာဝန်ရှိသူတွေ သုံးလေ့ရှိတဲ့ နည်းပညာဆိုင်ရာ ဝေါဟာရမျိုးတော့ မဟုတ်ပါဘူး။ ကူးစက်ကပ်ရောဂါတွေ ဖြစ်ပွားကြတဲ့အချိန်မှာ ကပ်ရောဂါ ကာကွယ်တားဆီးရေးနည်းနာအနေနဲ့ သုံးစွဲကြရင်း ဒီအသုံးဟာ တွင်ကျယ်လာတာပဲဖြစ်တယ်။ ဝါရှင်တန် ဥပဒေကောလိပ်က ကျန်းမာရေးဆိုင်ရာ ဥပဒေပရော်ဖက်ဆာ Lindsay Wiley ကတော့ “လော့ခ်ဒေါင်း ဆိုတာ နေရာတခုကို ဥပဒေအရ ကန့်သတ်တားမြစ်မှုတွေကို ရည်ညွှန်းသလို ဥပဒေ အရ မလုပ်မနေရသဘောမျိုး မဟုတ်ပေမဲ့ လူတွေကို ကိုယ့်အိမ်ထဲမှာပဲ ကိုယ်နေကြဖို့ တိုက်တွန်းတာမျိုးကိုလည်း ရည်òန်းပါတယ်။ နောက်ပြီး ဒီနှစ်ခုကြားထဲက အခြေအနေ (ဥပမာ- စီးပွားရေးလုပ်ငန်းတချို့၊ ပွဲလမ်းသဘင်အချို့ကို ရပ်ဆိုင်းလိုက်တာမျိုး) ကို ရည်òန်းတာမျိုးလည်း ရှိပါတယ်” လို့ ဖွင့်ဆိုပါတယ်။

 

(၃)

လော့ခ်ဒေါင်း ချမှတ်ဆောင်ရွက်တယ်ဆိုတာဟာ ကူးစက်ရောဂါကို ထိန်းချုပ်ဖို့ အတွက် တုံ့ပြန်ဆောင်ရွက်တာ ဖြစ်တယ်။ အဲဒီအတွက် လော့ခ်ဒေါင်းဆိုတာ ကူးစက် ရောဂါထိန်းချုပ်ရေးရဲ့ အစိတ်အပိုင်းတရပ်ပဲ ဖြစ်တယ်။ ဒီတော့ လော့ခ်ဒေါင်းဆိုတာ မစဉ်းစားခင် ပထမဆုံးစဉ်းစားရမှာက အစိုးရရဲ့ ကူးစက်ရောဂါ ထိန်းချုပ်ရေး အစီအမံ ဆိုတာပဲ။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ကိုရိုနာဗိုင်းရပ်စ်ကို တုံ့ပြန်ရင်ဆိုင်ရာမှာ အစိုးရတွေအနေနဲ့ မဟာဗျူဟာချမှတ်ဆောင်ရွက်ဖို့ လိုတယ်လို့ဆိုတယ်။ အဲဒီလို မဟာဗျူဟာ ချမှတ်ဆောင်ရွက်ရာမှာ ပထမအရေးကြီးဆုံးကတော့ အစီအမံ ရေးဆွဲခြင်းပဲ။ ဒီနေရာမှာလည်း အစီအမံရေးဆွဲတယ်ဆိုတဲ့နေရာမှာ လက်ရှိဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်(COVID-19) ကပ်ရောဂါဟာဖြစ်ပွားတဲ့ ပမာဏကြီးသလို ဖြစ်တဲ့နှုန်း ကလည်း မြန်တဲ့အတွက် ကျန်းမာရေးဌာန၊ ကျန်းမာရေး တာဝန်ရှိသူတွေလောက်ပဲ ရေးဆွဲ အကောင်အထည်ဖော်ဖို့ မဖြစ်နိုင်ဘူး။ အစိုးရတရပ်လုံး ပူးပေါင်းပါဝင် ဆောင် ရွက်တဲ့ ချဉ်းကပ်ပုံ (world-of-government approach) နဲ့ လူ့အဖွဲ့အစည်းတရပ်လုံး ပူးပေါင်းပါဝင်ဆောင်ရွက်တဲ့ ချဉ်းကပ်ပုံ (whole-of-society approach) က အရေး ကြီးတယ်။

ဒီအစီအမံကို ရေးဆွဲတဲ့အခါမှာ နိုင်ငံတော်အစိုးရက ဦးဆောင်ရေးဆွဲရမှာဖြစ်ပြီး ရေးဆွဲတဲ့နေရာမှာလည်း အစိုးရဌာနအသီးသီး၊ အစိုးရအဆင့်အသီးသီးက ပူးပေါင်း ပါဝင်ဆောင်ရွက်ဖို့လိုသလို အကောင်အထည်ဖော် ဆောင်ရွက်တဲ့အနေရာမှာလည်း အစိုးရအ¸လည်း ပူးပေါင်းပါဝင်ဆောင်ရွက်ဖို့ လိုတယ်။ ပူးပေါင်းဆောင်ရွက်ရေး (coordination) က ဒီအစီအမံရဲ့ အရေးကြီးဆုံးသော့ချက်တခုပဲ။ အစိုးရဌာနတွေတင် ပူးပေါင်းဆောင်ရွက်တာမျိုး မဟုတ်ပါဘူး။ လူ့အဖွဲ့အစည်းတရပ်လုံး ပါဝင်ဆောင်ရွက်ရေးကိုလည်း ဦးတည်ဖို့လိုတယ်။ အထူးသဖြင့် တဦးနဲ့တဦး ထိတွေ့မှုတွေကို ရှောင် ရှားနိုင်ဖို့ လူ့အဖွဲ့အစည်းရဲ့ လိုက်နာဆောင်ရွက်မှုက အရေးကြီးတယ်။ ဒါကြောင့်လည်း အစိုးရတရပ်လုံး ပူးပေါင်းပါဝင်ဆောင်ရွက်တဲ့ ချဉ်းကပ်ပုံ၊ လူ့အဖွဲ့အစည်းတရပ်လုံး ပူးပေါင်းပါဝင်ဆောင်ရွက်တဲ့ ချဉ်းကပ်ပုံလို့ ဆိုတာဖြစ်ပါတယ်။

ကမ္ဘာ့ကျန်းမာရေအဖွဲ့ကတော့ ဒီအစီအမံတွေကို ရေးဆွဲတဲ့အခါမှာ ကိုယ့်နိုင်ငံရဲ့ လုပ်နိုင်စွမ်းကို အကဲဖြတ်မှုတွေ လုပ်ဖို့လိုတယ်။ ဘေးအန္တရာယ်စိစစ်ချက် (risk analysis) တွေလည်း လုပ်ရမယ်။ အများပြည်သူ ကျန်းမာရေးစောင့်ရှောက်မှုကို ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ကြက်နိုင်ဖို့၊ လူမှုစီးပွားရေး ကြားဝင်ဆောင်ရွက်မှုတွေ လုပ်နိုင်ဖို့အတွက် ဒီအစီအမံမှာ အရပ်ဘက်လူ့အဖွဲ့အစည်းတွေ၊ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍကိုလည်း ထည့်သွင်းဖို့လိုတယ်။ နောက်ပြီး ကပ်ရောဂါကြီးရဲ့ လူမှုရေးဆိုင်ရာ အကျိုးသက်ရောက်မှုတွေကို တားဆီးဖို့၊ လျှော့ချဖို့ အစီအစဉ်တွေကိုလည်း ထည့်သွင်းစဉ်းစားရမယ်လို့ အကြံပြုထားတယ်။ ဆိုတော့ ပြန်ချုပ်ရရင် ပထမအဆင့်မှာ အရေးအကြီးဆုံးက အစိုးရရဲ့ ကပ်ရောဂါထိန်းချုပ်၊ ကုသရေးအစီအမံ ရှိဖို့လိုတယ်။ ဟိုကွေ့ရောက်ရင် ဟိုတက်နဲ့လှော်မယ်၊ ဒီကွေ့ရောက်ရင် ဒီတက်နဲ့လှော်မယ်ဆိုတာမျိုး လုပ်လို့မရဘူး။ အစိုးရက ဦးဆောင်ရေးဆွဲထားတဲ့ စနစ်ကျပြီး ခိုင်မာတဲ့ ကပ်ရောဂါ ထိန်းချုပ်၊ ကုသရေးအစီအမံက ရှိကို ရှိဖို့ လိုအပ်ပါတယ်။

 

(၄)

နောက်ပြီး ဒီအစီအမံထဲမှာ အရေးပေါ် တုံ့ပြန်ဆောင်ရွက်မှု လုပ်ငန်းစဉ်တွေကို အဆင့်အလိုက်ချဉ်းကပ်ပုံ (phased-approach) နဲ့ ချဉ်းကပ်ပြီး အဆင့်လိုက် ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်တွေကို သတ်မှတ်ထားဖို့လည်းလိုတယ်။ တချို့နိုင်ငံတွေက အဆင့်လိုက်ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်တွေကို အပြာ၊ အဝါ၊ လိမ္မော်၊ အနီ စသဖြင့် အရောင်နဲ့သတ်မှတ်ကြပြီး အချို့နိုင်ငံတွေကတော့ အဆင့်(၁)၊ (၂)၊ (၃)၊ (၄) ဆိုပြီး အဆင့်လိုက်သတ်မှတ်တာကို တွေ့ရတယ်။၁၀ ဥပမာ- နယူးဇီလန်မှာဆိုရင် အရေးပေါ် တုံ့ပြန်ဆောင်ရွက်မှု လုပ်ငန်းစဉ်ကို အဆင့် ၄ ဆင့် ခွဲခြားထားတယ်။ ရောဂါကူးစက်မှု မရှိသေးဘဲ ကြိုတင်ပြင်ဆင်မှုတွေလုပ်ရမယ့် အနေအထားကို အဆင့်(၁)လို့ သတ် မှတ်ပြီး ရောဂါပြင်းထန်မှုအပေါ် မူတည်ပြီး အဆင့်(၂)၊ အဆင့်(၃)၊ အဆင့်(၄) ဆိုပြီး အဆင့်တွေကို တိုးမြှင့်သွားတယ်။ အဆင့်(၄)ကတော့ အပြင်းထန်ဆုံးအဆင့်ပေါ့။

အဆင့်လိုက်မှာ ကဏ္ဍတွေခွဲပြီး ဒီအခြေအနေဖြစ်လာရင် ဘယ်အဆင့်လို့ သတ်မှတ်မယ်။ အဲဒီအဆင့်မှာ အများပြည်သူကျန်းမာရေးအတွက်ဘာတွေဆောင်ရွက်မယ်။လှုပ်ရှားသွားလာမှုကိုဘယ်လိုကန့်သတ်မလဲ၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေကို ဘယ်လိုလည်ပတ်မလဲ၊ လူစုလူဝေးနေရာတွေ ဘယ်လိုကန့်သတ်မလဲ၊ အများပြည်သူနေရာတွေကို ဘယ်လိုဆောင်ရွက်မလဲ၊ ကျန်းမာရေးစောင့်ရှောက်မှု ပေးနေတဲ့နေရာတွေ၊ မသန်စွမ်းသူတွေကို စောင့်ရှောက်မှုပေးနေတဲ့ နေရာတွေကို ဘယ်လို ဆောင်ရွက်သွားမလဲ၊ လုပ်ငန်းခွင်တွေကိုလည်း ဘယ်လိုကန့်သတ်မလဲ၊ ပညာရေးကဏ္ဍကို ဘယ်လိုဆောင်ရွက်သွားမလဲ ဆိုတာတွေကို အတိအကျ သတ်မှတ်ထားတာကို တွေ့ရ တယ်။၁၁ ဒီနေရာမှာ အဆင့်လိုက်သတ်မှတ်ဆောင်ရွက်ဖို့အတွက် (၁)  ဘယ်အခြေ အနေဆိုရင် ဘယ်အဆင့်သတ်မှတ်မလဲဆိုတဲ့ စံနှုန်းလိုတယ်။ (၂) အဲဒီအဆင့်ဆိုရင် ဘာတွေလုပ်မလဲဆိုတဲ့ တုံ့ပြန်ဆောင်ရွက်မှု လုပ်ငန်းစဉ်တွေကို ချမှတ်ထားဖို့ လိုတယ် ဆိုတာကို တွေ့ရတယ်။

ဒီလို လုပ်ငန်းစဉ်အဆင့်ဆင့်ကို အဆင့်လိုက် သတ်မှတ်ထားတဲ့အတွက် အားသာချက်တခုကတော့ အရေးပေါ်အခြေအနေ ဘယ်လိုဖြစ်လာရင် ဘာတွေဆောင်ရွက် သွားမလဲဆိုတာ ကြိုတင်ပြင်ဆင်ထားပြီး ဖြစ်တယ်။ ဖြစ်လာမှ ဆန်စင်ရာ ကျည်ပွေ့လိုက်ပြီး မနိုင်မနင်းတွေ မဖြစ်တော့ဘူးပေါ့။ ဒီအဆင့်လိုက် လုပ်ငန်းစဉ်တွေကို ပြည်သူတွေကို ကြိုတင်အသိပေးထားတဲ့အတွက် ပြည်သူတွေအနေနဲ့လည်း ဘာတွေ ဖြစ်လာရင် ဘာတွေပြင်ဆင်ထားရမလဲဆိုတာကို ကြိုစဉ်းစားထားပြီး ကြိုပြင်ဆင် ထားလို့ ရတာပေါ့။ ဒီတော့ ကိုရိုနာဗိုင်းရပ်စ်(COVID-19) ကူးစက်ရောဂါ တုံ့ပြန် ထိန်းချုပ်ရေးကို ဆောင်ရွက်ရာမှာ တစုံလုံး လွှမ်းခြုံစဉ်းစားပြီး ပြင်ဆင်ထားတဲ့ အစီအမံကြီးတရပ် လိုအပ်သလို အရေးပေါ်အခြေအနေ ဖြစ်လာရင်လည်း အဆင့်လိုက် တုံ့ပြန် ဆောင်ရွက်မယ့် လုပ်ငန်းစဉ်အဆင့်ဆင့်ကို ကြိုတင်ပြင်ဆင် ရေးဆွဲထားဖို့လည်း လိုအပ်ပါတယ်။

 

(၅)

အရေးကြီးတဲ့ နောက်တချက်ကတော့ ကိုရိုနာဗိုင်းရပ်စ်(COVID-19) ကူးစက်ရောဂါဟာ ကူးစက်နှုန်း အရမ်းမြန်တယ်။ ဆတိုးနှုန်းနဲ့တိုးနေတာကို တွေ့ရတယ်။ ဥပမာ- ပြင်သစ်နိုင်ငံမှာ ရောဂါကူးစက်ခဲ့မှုနှုန်းကို လေ့လာကြည့်ရင် ကူးစက်သူ ၁,ဝဝဝ ကနေ ၂,ဝဝဝ တိုးဖို့က ၃ ရက် ကြာတယ်။ နောက် ၃ ရက်ကျတော့ ၂,ဝဝဝ တိုးပြီး ၄,ဝဝဝ ဖြစ်ပွားတယ်။ နောက်ထပ် ၄ ရက်ကျတော့ ၄,ဝဝဝ တိုးပြီး ၈,ဝဝဝ ဖြစ်သွားတယ်။ အီတလီမှာဆိုရင်လည်း ကူးစက်သူ ၁,ဝဝဝ ကနေ ၂,ဝဝဝ တိုးဖို့က ၃ ရက် ကြာတယ်။ နောက် ၃ ရက်ကျတော့ ၂,ဝဝဝ ကနေ ၄,ဝဝဝ တိုး၊ နောက် ၃ ရက်ကျတော့ ၄,ဝဝဝ ကနေ ၈,ဝဝဝ တိုး၊ နောက် ၅ ရက်ကျတော့ ၈,ဝဝဝ ကနေ ၁၆,ဝဝဝ တိုး၊ နောက် ၄ ရက်ကျတော့ ၁၆,ဝဝဝ ကနေ ၃၂,ဝဝဝ တိုး၊ နောက် ၆ ရက်ကျတော့ ၃၂,ဝဝဝ ကနေ ၆၄,ဝဝဝ တိုးသွားတယ်။ မြန်မာနိုင်ငံကို လေ့လာကြည့်ရင်လည်း ဒုတိယလှိုင်း စတင် ချိန်ကနေပြီး ၁၄ ရက်အကြာမှာ ကူးစက်သူ ၁,ဝဝဝ ပြည့်တယ်။ နောက် ၇ ရက်အကြာမှာတော့ ၁,ဝဝဝ ကနေ ၂,ဝဝဝ တိုးသွားတယ်။ နောက်ထပ် ၇ ရက်အကြာ မှာ ၂çဝဝဝ ကနေ ၄çဝဝဝ တိုးသွားတယ်။ နောက်ထပ် ၇ ရက်အကြာမှာ ၄,ဝဝဝ ကနေ ၈çဝဝဝ ကို တိုးသွားတယ်။ ဒီလို ဆတိုးနှုန်းနဲ့ တိုးနေတဲ့အတွက် အခြေအနေတွေကလည်း အချိန်တိုင်းပြောင်းနေတယ်။

ဒီတော့ မူဝါဒချမှတ်သူတွေအနေနဲ့ ကိုရိုနာဗိုင်းရပ်စ်(COVID-19) ကူးစက်ရောဂါကို တုံ့ပြန်ထိန်းချုပ်ဖို့အတွက် အချိန်နဲ့အမျှ နောက်ဆုံးအချက်အလက်တွေကို ရရှိနေဖို့ လိုသလို ပြောင်းလဲနေတဲ့ အခြေအနေတွေကိုလည်း အချိန်နဲ့အမျှ သုံးသပ်အကဲဖြတ်နေ နိုင်ဖို့လိုတယ်။ ဥပမာ- ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကိုရိုနာဗိုင်းရပ်စ်(COVID-19) ကူးစက်မှုအခြေအနေကို ကူးစက်မှုမရှိ အခြေအနေ(no case)၊ ထုံ့ပိုင်းထုံ့ပိုင်းကူးစက်မှု အခြေအနေ (sporadic cases)၊ နေရာတနေရာမှာ အစုလိုက်အပြုံလိုက် ကူးစက်မှုအခြေ အနေ (cluster of cases)၊ လူ့အဖွဲ့အစည်းအတွင်း ကူးစက်မှုအခြေအနေ (Community transmission) ဆိုပြီး အဆင့်လိုက်သတ်မှတ်ထားတယ်။၁၂ မူဝါဒ ချမှတ်သူတွေအနေနဲ့ ကိုယ့်နိုင်ငံက ဘယ်အခြေအနေမျိုးမှာ ရောက်နေပြီလဲဆိုတာကို အစဉ်မပြတ် သုံးသပ် အကဲဖြတ်ရင်း ရောက်နေတဲ့ အခြေအနေပေါ်မူတည်ပြီး သင့်တော်တဲ့မူဝါဒတွေ ချမှတ် ဖော်ဆောင်ဖို့လိုတယ်။ ဥပမာ- လူ့အဖွဲ့အစည်းအတွင်း ကူးစက်မှုအခြေအနေ ရောက်နေပေမဲ့ အစုလိုက်အပြုံလိုက် ကူးစက်မှုအခြေအနေမျိုးပဲလို့ ယူဆပြီး မူဝါဒချမှတ် ဖော်ဆောင်နေမယ်ဆိုရင် မူဝါဒလည်း အောင်မြင်မှာမဟုတ်ဘူး။ ရောဂါကိုလည်း ထိန်းချုပ်နိုင်ဖို့မလွယ်ဘူး။ ရောဂါကူးစက်မှုနှုန်းက အရမ်းမြန်တဲ့အတွက် မူဝါဒချမှတ် သူတွေအနေနဲ့က ရောဂါကို နောက်ကလိုက်နေရသလို ဖြစ်နေတယ်။ ဒီကြားထဲ အကဲ ဖြတ်ချက်ပါမှားရင် အခြေအနေ ပိုဆိုးကုန်တာပေါ့။ ဒီတော့ အချိန်နဲ့အမျှ နောက်ဆုံး အချက်အလက်တွေကို ရရှိနေဖို့လိုသလို အခြေအနေကိုလည်း အချိန်နဲ့အမျှ သုံးသပ် အကဲဖြတ်နိုင်ဖို့ လိုတယ်။

လော့ခ်ဒေါင်းချမှတ်ဖို့ ဆုံးဖြတ်တဲ့အခါမှာလည်း မူဝါဒရေးရာ ချမှတ်သူတွေအနေ နဲ့ အချိန်နဲ့အမျှ နောက်ဆုံးအချက်အလက်တွေကို ရရှိနေဖို့နဲ့ အချိန်နဲ့တပြေးညီ အခြေအနေကို သုံးသပ်အကဲဖြတ်နေဖို့လိုတယ်လို့ လေ့လာသူတွေက အကြံပြုတယ်။ မူဝါဒ ချမှတ်သူတွေဟာ ရရှိတဲ့အချက်အလက်တွေနဲ့ အခြေအနေကို သုံးသပ်အကဲဖြတ်ပြီး ကြိုတင်သတ်မှတ်ထားတဲ့ စံနှုန်းတွေအရ အရေးပေါ်အခြေအနေ ဘယ်အဆင့်ကို ရောက်နေပြီလဲဆိုတာကို ဆုံးဖြတ်မယ်။ ပြီးရင် အဲဒီအဆင့်နဲ့ သင့်တော်တဲ့ မူဝါဒ၊ လုပ်ငန်းစဉ်တွေကို ချမှတ်ဖော်ဆောင်ပြီး ကူးစက် ရောဂါကို တုံ့ပြန် ထိန်းချုပ်ဖို့အတွက် ကြိုးစားဆောင်ရွက်ရပါတယ်။၁၃ ဒီအတွက် ကူးစက်ရောဂါ ထိန်းချုပ်ကာကွယ်ရေးမှာ သတင်းအချက်အလက် ရရှိမှုနဲ့ အခြေအနေကို အချိန်နဲ့အမျှ သုံးသပ်အကဲ ဖြတ်မှုကလည်း အတော်လေး အရေးကြီးတယ်။ နို့မဟုတ်ရင်တော့ ရောဂါကပဲ ရှေ့ဆောင်သွားပြီး မူဝါဒချမှတ်သူတွေဟာ ရောဂါနောက်ကပဲ လိုက်နေရတဲ့ အခြေအနေမျိုး ဖြစ်သွားပါလိမ့်မယ်။

 

(၆)

အထက်မှာ ပြောခဲ့တာတွေကတော့ ကြိုတင် ပြင်ဆင်ရမယ့် အဆင့်တွေ၊ လုပ်ရမယ့် အဆင့် တွေပဲ ဖြစ်ပါတယ်။ အဓိကကတော့ အချက် ၃ ချက်ပဲ။ (၁) အစိုးရမှာ ကူးစက်ရောဂါ တုံ့ပြန် ထိန်းချုပ်ရေး အစီအမံရှိရမယ်။ (၂) အဲဒီ အစီအမံထဲမှာ အရေးပေါ်အခြေအနေ တုံ့ပြန်ဆောင်ရွက် တဲ့အခါ အဆင့်လိုက်ချဉ်းကပ်ပုံနဲ့ အဆင့်လိုက် လုပ်ငန်းစဉ် သတ်မှတ်ဆောင်ရွက်ရမယ်။ (၃) မူဝါဒချမှတ်သူတွေအနေနဲ့ အချိန်နဲ့အမျှ အချက် အလက်တွေကိုရယူပြီး အချိန်နဲ့တပြေးညီ အခြေ အနေတွေကို သုံးသပ်အကဲဖြတ်နေဖို့ လိုတယ်။ အဲဒီကမှ လိုအပ်ပြီဆိုရင်တော့ လော့ခ်ဒေါင်းချမှတ် ဆောင်ရွက်ကြတာပေါ့။

အထက်မှာပြောခဲ့သလို နိုင်ငံတွေရဲ့  လော့ခ်ဒေါင်းလုပ်တာတွေကို လေ့လာကြည့်ရင် တကျောင်း တဂါထာ၊ တရွာ တပုဒ်ဆန်းပဲ။ ဒီတော့ လော့ခ်ဒေါင်းဆိုတာကို နားလည်ဖို့အတွက် (၁) လော့ခ်ဒေါင်းလုပ်ရင် ဘာတွေလုပ်လဲ၊ (၂) ဘယ်လို လုပ်ငန်းစဉ် အဆင့်ဆင့်နဲ့ စဉ်းစားပြီး ဆုံးဖြတ်လုပ်ကိုင်ကြလဲဆိုတာကို လေ့လာကြည့်ဖို့လိုတယ်။

Oxford တက္ကသိုလ်ကနေ အခု ကိုရိုနာဗိုင်းရပ်စ်(COVID-19) ကပ်ရောဂါကြီးကို ကမ္ဘာပေါ်မှာရှိတဲ့ အစိုးရတွေရဲ့ တုံ့ပြန်ဆောင်ရွက်နေကြပုံတွေကို စောင့်ကြည့် လေ့ လာမှုတခု လုပ်နေတယ်။ The Oxford COVID-19 Government Response Tracker (OxCGRT) ဆိုတဲ့ စီမံကိန်းပါ။ ဒီစီမံကိန်းမှာ အစိုးရတွေရဲ့ တုံ့ပြန်ဆောင်ရွက်ပုံတွေကို ကဏ္ဍကြီးလေးခုခွဲပြီး လေ့လာတယ်။ ဒီထဲမှာ လော့ခ်ဒေါင်းချမှတ်တဲ့ အစီအမံတွေက လည်း ကဏ္ဍတရပ်အနေနဲ့ပါတယ်။ ဒီလေ့လာမှုအရ လော့ခ်ဒေါင်းချမှတ်တဲ့ အစီအမံ တွေကို လုပ်ငန်းစဉ် ရှစ်ခုအပေါ် အခြေခံပြီး လေ့လာတာ တွေ့ရတယ်။ အဲဒါတွေကတော့

(၁)      ကျောင်းတွေ ပိတ်တာ၊

(၂)      အလုပ်ခွင်တွေ ပိတ်တာ၊

(၃)      ပွဲလမ်းသဘင်တွေ တားမြစ်တာ၊

(၄)      လူစုလူဝေးလုပ်နိုင်တဲ့ အရေအတွက်ကို ကန့်သတ်တာ၊

(၅)      အများပြည်သူ သယ်ယူပို့ဆောင်ရေးတွေကို ပိတ်ပင်တာ၊

(၆)      အိမ်မှာနေဖို့ ထုတ်ပြန်တာ၊

(၇)      သွားလာလှုပ်ရှားမှုကို ကန့်သတ်တာ၊

(၈)      နိုင်ငံတကာ ခရီးသွားလာမှု တွေကို ကန့်သတ်တာဆိုတဲ့ ညွှန်းကိန်း ၈ ခုပါ။၁၄

အစိုးရတွေအနေနဲ့ လော့ခ်ဒေါင်း ချမှတ်ဆောင်ရွက်ပြီဆိုရင် အဓိကအနေနဲ့ ဒီ လုပ်ငန်းစဉ် ရှစ်ရပ်ကို ဆောင်ရွက်တာတွေ့ရပါတယ်။

နောက်ပြီး ဒီလုပ်ငန်းစဉ် ရှစ်ရပ်ကို အကောင်အထည်ဖော် ဆောင်ရွက်တဲ့နေရာမှာ (၁) နေရာဒေသအလိုက် အကောင်အထည်ဖော် ဆောင်ရွက်တာမျိုးတွေရှိသလို (၂) အဆင့်လိုက် အကောင်အထည်ဖော် ဆောင်ရွက်တာမျိုးတွေလည်း ရှိတာကို တွေ့ရ တယ်။ ဥပမာ- အီတလီနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်(COVID-19) ကူးစက်ရောဂါ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေချိန်မှာ လော့ခ်ဒေါင်းအစီအစဉ်တွေကို ဖော်ဆောင်တဲ့နေရာမှာ ပထမအဆင့်အနေနဲ့ ရောဂါကူးစက်ပြန့်ပွားရာ မြူနီစပယ်မြို့နယ်တွေကို လော့ခ်ဒေါင်း ပြုလုပ်ခဲ့ပြီး အဲဒီကမှ ဒုတိယအဆင့်အနေနဲ့ အီတလီမြောက်ပိုင်းကို လော့ခ်ဒေါင်း ပြုလုပ်ခဲ့တယ်။ ရောဂါကူးစက်ပြန့်ပွားမှု ပြင်းထန်လာတဲ့အခါကျတော့ တတိယအဆင့် အနေနဲ့ တနိုင်ငံလုံးကို လော့ခ်ဒေါင်းလုပ်ခဲ့တာကို တွေ့ရပါတယ်။ ဒါကတော့ နေရာ ဒေသအလိုက် အကောင်အထည်ဖော် ဆောင်ရွက်တာပေါ့။၁၅ နယူးဇီလန်နိုင်ငံမှာတော့ ကိုရိုနာဗိုင်းရပ်စ် တုံ့ပြန်ဆောင်ရွက်ရေးအတွက် အရေးပေါ် တုံ့ပြန်ဆောင်ရွက်မှု အဆင့်လေးဆင့် သတ်မှတ်ပြီး ဆောင်ရွက်ခဲ့တာ တွေ့ရတယ်။ ရောဂါပြင်းထန်မှုအပေါ် မူတည်ပြီး ကန့်သတ်မှုတွေကို အဆင့်အလိုက် တိုးမြှင့်လုပ်ဆောင်သွားတဲ့ ပုံစံမျိုးပေါ့။ ရောဂါကူးစက်မှု မပြင်းထန်တဲ့ အဆင့် (၁) မှာ အသင့်အနေအထား ပြင်ဆင်ရေးကို ဦးစားပေးဆောင်ရွက်ပြီး ရောဂါကူးစက်မှု ပြင်းထန်လာတာနဲ့အမျှ အရေးပေါ်အဆင့် တိုးမြှင့်လိုက်သလို ကန့်သတ်မှုတွေကိုလည်း တိုးမြှင့်ဆောင်ရွက်ခဲ့တာကို တွေ့ရတယ်။၁၆  ဒါကတော့ အဆင့်လိုက် အကောင်အထည်ဖော် ဆောင်ရွက်တာပေါ့။

လော့ခ်ဒေါင်းပြုလုပ်တဲ့အခါမှာ ဒေသအလိုက် အကောင်အထည်ဖော် ဆောင်ရွက်မှုက အရေးကြီးသလို အဆင့်လိုက် အကောင်အထည်ဖော် ဆောင်ရွက်မှုကလည်း အရေးကြီးတယ်။ ပြောရမယ်ဆိုရင် လော့ခ်ဒေါင်းဆိုတာက မဖြစ်မနေ အခြေအနေမို့ လုပ်ရတာ။ ဒါကိုလုပ်ရင် နောက်ဆက်တွဲ အကျိုးဆက်တွေ ရှိနေတယ်။၁၇ အထူးသဖြင့် စီးပွားရေးထိခိုက်မှု အကျိုးဆက်ကကြီးတယ်။ ဥပမာ-ဘင်္ဂလားဒေ့ရှ်မှာဆိုရင် လော့ခ် ဒေါင်းလုပ်လိုက်ပြီး ရက်ပိုင်းအတွင်းမှာပဲ မြို့နေအိမ်ထောင်စု ၇၂ ရာခိုင်နှုန်းနဲ့ တောရွာနေ အိမ်ထောင်စု ၅၄ ရာခိုင်နှုန်းဟာ သူတို့ရဲ့ အဓိကဝင်ငွေရရှိမှုကို ဆုံးရှုံးခဲ့ရ တယ်လို့ စစ်တမ်းတစောင်က ဆိုတယ်။၁၈ ဒီတော့ မဖြစ်မနေလုပ်ရတဲ့ လော့ခ်ဒေါင်းကို အစိုးရိမ်လွန်ပြီး အလွန်အကျွံတွေ လုပ်ပစ်လို့မရဘူး။ ချိန်ချိန်ဆဆ လုပ်ဖို့လိုတယ်။ ရောဂါကူးစက်တဲ့ဒေသတွေမှာ ဘယ်လိုလုပ်မလဲ၊ ရောဂါကူးစက်မှုအရှိန်ကို နှိုင်းဆပြီး ဘယ်လိုလုပ်မလဲ ဆိုတာကို မူဝါဒချမှတ်သူတွေအနေနဲ့ ချင့်ချိန်စဉ်းစားကြဖို့လိုပါတယ်။

 

(၇)

လော့ခ်ဒေါင်းပြုလုပ်တဲ့အခါမှာ နောက်ထပ်အရေးကြီးတာတွေကတော့ တိကျတဲ့ လမ်းညွှန်ချက်တွေ၊ တိကျတဲ့ အသိပေးထုတ်ပြန်ချက်တွေနဲ့ တိကျတဲ့ အရေးယူဆောင် ရွက်မှုတွေ ရှိဖို့လိုတယ်။ Foreign Policy မဂ္ဂဇင်းက အခု ကိုရိုနာဗိုင်းရပ်စ်(COVID-19) ကူးစက်ရောဂါ တုံ့ပြန်ထိန်းချုပ်မှုနဲ့ ပတ်သက်ပြီး ကမ္ဘာပေါ်က နိုင်ငံပေါင်း ၃၆ နိုင်ငံကို လေ့လာခဲ့ရာမှာ ရှင်းလင်းပြတ်သားတိကျတဲ့ လမ်းညွှန်ချက်တွေ၊ ညွှန်ကြားချက်တွေ က ကူးစက်ရောဂါထိန်းချုပ်ရေးမှာ အများကြီးသက်ရောက်မှုရှိတယ် ဆိုတာကို လေ့ လာ တင်ပြခဲ့တယ်။၁၉

လော့ခ်ဒေါင်းပြုလုပ်ပြီး တားမြစ်ပိတ်ပင် ကန့်သတ်မှုတွေကို ဆောင်ရွက်တဲ့နေရာမှာ ဘယ်လုပ်ငန်းတွေကိုတော့ ရပ်ဆိုင်းရမယ်။ ဘယ်လုပ်ငန်းတွေကတော့ လည်ပတ် ရမယ်။ လူစုလူဝေးကို ဘယ်လောက်ခွင့်ပြုမယ်။ ဘယ်သူတွေကတော့ အိမ်မှာနေရမယ် ဆိုတဲ့ သတ်မှတ်ချက်တွေကို လုပ်ရတယ်။ ဥပမာပြောရရင် လော့ခ်ဒေါင်းလုပ်လိုက် ပေမဲ့ လည်ပတ်နေတဲ့ယန္တရားကြီး ရပ်မသွားဖို့အတွက် အချို့သော မရှိမဖြစ်လိုအပ်တဲ့ လုပ်ငန်းတွေ (essential works) တွေကို အကန့်အသတ်နဲ့ ဆက်လက်လည်ပတ်ခွင့် ပြုရပါတယ်။ အဲဒီအတွက် အစိုးရအနေနဲ့ ဘယ်လုပ်ငန်းတွေကတော့ မရှိမဖြစ် လိုအပ် တဲ့ လုပ်ငန်းတွေလဲဆိုတာကို သတ်မှတ်ပေးပြီး တိကျတဲ့ လမ်းညွှန်မှုတွေကို ထုတ်ပြန်ရပါတယ်။

ဥပမာ- မလေးရှားနိုင်ငံမှာဆိုရင် ရေ၊ လျှပ်စစ်၊ စွမ်းအင်၊ ဆက်သွယ်ရေး၊ စာတိုက်၊ ပို့ဆောင်ရေး၊ ဆည်မြောင်း၊ ရေနံ၊ သဘာဝဓာတ်ငွေ့၊ လောင်စာ၊ စက်သုံးဆီ၊ ပြန်ကြား ရေး၊ ဘဏ္ဍာရေး၊ ဘဏ်၊ ကျန်းမာရေး၊ ဆေးဆိုင်၊ မီးသတ်၊ အကျဉ်းထောင်၊ ဆိပ်ကမ်း၊ လေဆိပ်၊ လုံခြုံရေး၊ ကာကွယ်ရေး၊ သန့်ရှင်းရေး၊ ကုန်စည်ဖြန့်ချိရေး၊ အစားအစာဖြန့်ချိရေး စတဲ့လုပ်ငန်းတွေကို မရှိမဖြစ်လိုအပ်တဲ့ လုပ်ငန်းတွေအဖြစ် သတ်မှတ်ပေးပြီး ဒီလုပ်ငန်းတွေ ဆက်လက်လည်ပတ်ဖို့နဲ့ အခြားလုပ်ငန်းတွေကို ရပ်ဆိုင်းဖို့ တိကျတဲ့ လမ်းညွှန်ချက်တွေ၊ ညွှန်ကြားချက်တွေကို ထုတ်ပြန်ခဲ့တာ တွေ့ရတယ်။၂၀ တကယ်လို့ လမ်းညွှန်ချက်တွေ၊ ညွှန်ကြားချက်တွေက ရှင်းလင်းပြတ်သားမှု မရှိဘူးဆိုရင် လော့ခ် ဒေါင်းက အချည်းနှီး ဖြစ်သွားပါလိမ့်မယ်။

ဒါ့အပြင် လမ်းညွှန်ချက်တွေ၊ ညွှန်ကြားချက်တွေကိုလည်း အများပြည်သူ သိရှိအောင် အသိပေးထုတ်ပြန်ရာမှာ ရှင်းလင်းပြတ်သားမှုရှိဖို့ လိုအပ်တယ်။ ယောင်ဝါးဝါး ထုတ်ပြန်ချက်တွေ၊ အဆင့်ဆင့်ဘာသာပြန်ရတဲ့ ထုတ်ပြန်ချက်တွေနဲ့ ဆိုရင်တော့ ဘူးလုံးနားမထွင်းဖြစ်ပြီး အခြေအနေပိုဆိုးသွားနိုင်တယ်။ နောက်တချက်ကတော့ မူဝါဒချမှတ်ပြီး လမ်းညွှန်ချက်တွေ၊ ထုတ်ပြန်ချက်တွေကို အတိအကျ ထုတ်ပြန်ပြီးရင် တိကျပြတ်သားတဲ့ အရေးယူဆောင်ရွက်မှုတွေလည်း လိုပါတယ်။ ဒီနေရာမှာ အရေး ယူဆောင်ရွက်မှုတွေ ပြုလုပ်တဲ့နေရာမှာလည်း တိတိကျကျ အရေးယူဆောင်ရွက်ဖို့ လိုသလို မျှမျှတတလည်း အရေးယူဆောင်ရွက်ဖို့ လိုပါတယ်။ တကယ်လို့ အရေးယူ ဆောင်ရွက်မှုတွေက မျှတမှုမရှိဘူးဆိုရင်လည်း လူ့အဖွဲ့အစည်းအနေနဲ့ အုံကြွမှုတွေ၊ စည်းကမ်းမလိုက်နာမှုတွေ ဖြစ်လာနိုင်ပါတယ်။ ဆိုတော့ လော့ခ်ဒေါင်းချမှတ် ဆောင် ရွက်ရာမှာလည်း တိကျတဲ့လမ်းòန်ချက်တွေ၊ တိကျတဲ့ အသိပေးထုတ်ပြန်ချက်တွေ၊ တိကျတဲ့ အရေးယူဆောင်ရွက်မှုတွေက အရေးကြီးပါတယ်။ Tim Harford ကတော့ လော့ခ်ဒေါင်းလုပ်တဲ့နေရာမှာ ရှင်းလင်းတိကျမှုမရှိရင် အခြေအနေ ပိုဆိုးသွားစေနိုင် တယ်လို့ဆိုပါတယ်။၂၁

 

(၈)

လော့ခ်ဒေါင်းချမှတ် ဆောင်ရွက်ရာမှာ နောက်ထပ် အရေးကြီးတဲ့အချက်ကတော့ အစိုးရအနေနဲ့ တားမြစ်ပိတ်ပင်မှုတွေချည်းပဲ လုပ်လို့မရပါဘူး။ လော့ခ်ဒေါင်းချ တားမြစ်ပိတ်ပင်မှုနဲ့အတူ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုကူညီရေး အစီအစဉ်တွေကိုလည်း တတွဲတည်း ဆောင်ရွက်အကောင်အထည်ဖော်ဖို့ လိုအပ်တယ်။ Oxford တက္ကသိုလ်က နေ ဆောင်ရွက်နေတဲ့ The Oxford COVID-19 Government Response Tracker (OxCGRT) ဆိုတဲ့ လေ့လာမှုအရဆိုရင်တော့ အစိုးရတွေအနေနဲ့ လော့ခ်ဒေါင်းချ တား မြစ်ပိတ်ပင်မှုတွေအပြင် စီးပွားရေး၊ ကျန်းမာရေး အစီအမံတွေကိုလည်း ဖော်ဆောင်နေတာကို တွေ့ရပါတယ်။

စီးပွားရေးအစီအမံတွေအနေနဲ့ဆိုရင် (၁) အလုပ်မရှိတော့လို့ အလုပ်မလုပ်နိုင်တော့ မိသားစုတွေကို ဝင်ငွေထောက်ပံ့တာ၊ (၂) လစဉ် အကြွေးပေးသွင်းမှုတွေကို ဖြေလျှော့ပေးတာ၊ ရေခမီးခတွေကို ဖြေလျှော့ပေးတာ၊ (၃) စီးပွားရေး ပြန်လည်ဦးမော့ လာဖို့အတွက် အစီအမံတွေကို ရေးဆွဲဖော်ဆောင်တာ စတဲ့ လုပ်ငန်းတွေကို ဆောင် ရွက်လေ့ ရှိကြပါတယ်။ ကျန်းမာရေး အစီအမံတွေအနေနဲ့ဆိုရင်တော့ (၁) အများ ပြည်သူ ကျန်းမာရေးအသိပညာပေးလုပ်ငန်းတွေကို ဆောင်ရွက်တာ၊ (၂) ပိုးစစ်ဆေး မှု မူဝါဒတွေ ချမှတ်ဖော်ဆောင်တာ၊ (၃) ထိတွေ့လူနာတွေကို ခြေရာခံလိုက်နိုင်ဖို့ အတွက် မူဝါဒတွေ ချမှတ်ဖော်ဆောင်တာ၊ (၄) ကျန်းမာရေး စောင့်ရှောက်မှုအတွက် အရေးပေါ်ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်တာ၊ (၅) ကာကွယ်ဆေး ထုတ်လုပ်နိုင်ဖို့အတွက် ရင်းနှီးမြှုပ်နှံမှုတွေပြုလုပ်တာ စတဲ့ လုပ်ငန်းတွေကို မူဝါဒတွေ ချမှတ်ဖော်ဆောင်တာ ကိုတွေ့ရတယ်။၂၂ အဲဒီလို အဘက်ဘက်က လွှမ်းခြုံဆောင်ရွက်နိုင်မှပဲ ကိုရိုနာဗိုင်းရပ်စ် (COVID-19) ရဲ့  လူ့အဖွဲ့အစည်းပေါ် အဘက်ဘက်က ခြိမ်းခြောက်မှုကို ရင်ဆိုင်ဖြေရှင်း နိုင်မှာ ဖြစ်ပါတယ်။

လော့ခ်ဒေါင်းပြုလုပ်တဲ့အခါမှာ အထူးသဖြင့် ဆင်းရဲတဲ့ အိမ်ထောင်စုတွေ၊ ချို့တဲ့ အားနည်းတဲ့ လူအုပ်စုတွေအတွက်လည်း အဓိကစဉ်းစားပြီး အစီအစဉ်တွေ ချမှတ် ဖော်ဆောင်ဖို့ လိုအပ်တယ်။ ကမ္ဘာ့သမိုင်းတလျှောက်လုံးမှာ ကပ်ရောဂါကြီးတွေ ဖြစ်ပွားတဲ့အခါတိုင်းမှာ ဆင်းရဲချို့တဲ့သူတွေဟာ အထိအနာဆုံးပဲ။ ကူးစက်ရောဂါရဲ့  ဒဏ်ကို ခံရသလို လော့ခ်ဒေါင်းကြောင့် အလုပ်အကိုင်တွေ ရပ်ဆိုင်းသွားတဲ့အခါမှာ စားရမဲ့၊ သောက်ရမဲ့ ဘဝတွေ ဖြစ်ကုန်ကြရတယ်။ Daniel Defoe က ၁၆၆၅ ခုနှစ်မှာ ဖြစ်ခဲ့တဲ့ ပလိပ်ရောဂါကြောင့် ဆင်းရဲသားကျောမွဲတွေ ဘယ်လိုဒုက္ခရောက်ခဲ့ရတယ် ဆိုတာကို ဒီလိုမျိုး မှတ်တမ်းတင်ခဲ့ဖူးတယ်။ “ကုန်သွယ်ရေးအားလုံးလည်း ရပ်တန့်သွားပြီ။ အလုပ်အကိုင်တွေလည်း ရပ်ဆိုင်းသွားပြီ။ ဆင်းရဲ သားကျောမွဲတို့ခမျာမှာ အလုပ်မရှိတော့လို့ စား စရာပေါင်မုန့်တွေလည်းပြတ်လပ်ကုန်ကြပြီ။ ပထမ တော့ သူဆင်းရဲတို့ရဲ့ ငိုကြွေးညည်းညူသံတွေကို ကြေကွဲဖွယ် ကြားနေရသေးတယ်။ သူဆင်းရဲ ထောင်ပေါင်းများစွာဟာ ကုန်းကောက်စရာ မရှိ တော့တဲ့အထိ လန်ဒန်မှာ သောင်တင်နေကြတယ်။ နောက်တော့ ကြံရာမရဖြစ်ပြီး ခြေဦးတည့်ရာ သွားလာနေကြတာပဲ။ မရဏမင်းက သူတို့ဇီဝိန် တွေကို လမ်းတွေထက်မှာပဲ ခြွေယူနေတော့တယ်။ နောက်ဆုံးတော့ သူတို့ဟာ မရဏမင်းရဲ့ ရှေ့ပြေး တမန်တော်တွေ ဖြစ်ကုန်ကြတော့တာပါပဲ”၂၃ Klaus Schwab နဲ့ Thierry Malleret တို့က “ဆင်းရဲသားတွေရဲ့ ဒီလိုအဖြစ်ဆိုးမျိုးဟာ ၁၆၆၅ မှာတင် ဖြစ်တာမဟုတ်ဘူး။ ကပ်ဘေးကြီးဖြစ်တိုင်း ကြုံရ တာပဲ” လို့ ဆိုခဲ့တယ်။၂၄

ဒါပေမဲ့ တခုသတိထားရမှာက ကပ်ရောဂါဟာ ကူးစက်တတ်တဲ့သဘော ရှိတဲ့အတွက် ဆင်းရဲသား ကျောမွဲတွေအနေနဲ့ ဒီလိုအဖြစ်ဆိုးမျိုး ကြုံရရင် လူ့အဖွဲ့အစည်းကြီးတခုလုံးလည်း လုံခြုံမှာ မဟုတ် ပါဘူး။ ဒီအတွက် လော့ခ်ဒေါင်းချ ဆောင်ရွက်တဲ့ အခါမှာ ဆင်းရဲတဲ့အိမ်ထောင်စုတွေ၊ အလုပ်အကိုင် ဆုံးရှုံးသွားသူတွေ၊ ချို့တဲ့အားနည်းတဲ့ လူတွေအတွက်လည်း အဓိကစဉ်းစားပေးပြီး ကုစားရေး အစီအစဉ်တွေကို ဆောင်ရွက်ပေးဖို့ လိုတယ်။ ဒါဟာ တရားဥပဒေစိုးမိုးရေး၊ လူ့အဖွဲ့အစည်းလုံခြုံရေးနဲ့ တည်ငြိမ်ရေး စတာတွေနဲ့ လည်း တိုက်ရိုက်ဆက်စပ်နေပါတယ်။

(၉)

လော့ခ်ဒေါင်းနဲ့ပတ်သက်ပြီးကတော့ အတော်လေးလည်း ပြောခဲ့ပြီးပါပြီ။ နောက်ဆုံးအနေနဲ့ကတော့ လော့ခ်ဒေါင်းက တကယ်ရော အကျိုးရှိရဲ့လား၊ တကယ်ရော ထိရောက်မှုရှိရဲ့လား ဆိုတာကို အကျဉ်းချုံးလေ့လာကြည့်ပါမယ်။ ဒါနဲ့ပတ်သက်ပြီး ပညာရှင်တွေကတော့ ကျယ်ကျယ်ပြန့်ပြန့် လေ့လာမှုတွေ လုပ်နေကြပါတယ်။

H.Lau တို့ရဲ့ လေ့လာချက်အရဆိုရင် တရုတ်မှာ ပိုးကူးစက်မှု ကျဆင်းသွားတာဟာ လော့ခ်ဒေါင်းအစီအမံတွေက အဓိကကျတယ်ဆိုတာကို လေ့လာတွေ့ရှိခဲ့ရတယ်။၂၅ ဒါ့ အပြင် နောက်ထပ် လေ့လာမှုတခုအရဆိုရင်လည်း ရောဂါရဲ့တိုးပွားတဲ့နှုန်းနဲ့ အခြေအနေကြောင့် ဆေးကုသမှုမဟုတ်တဲ့(လော့ခ်ဒေါင်းလို) ထိန်းချုပ်ရေးအစီအမံတွေက အရေးကြီးတယ်ဆိုတာကို တွေ့ခဲ့ရတယ်။၂၆ Piguillem နဲ့ Shi တို့ရဲ့  လေ့လာချက်အရ ဆိုရင်လည်း ကိုရိုနာဗိုင်းရပ်စ်(COVID-19) ကပ်ရောဂါကို တုံ့ပြန်ထိန်းချုပ်ဖို့အတွက်က ရောဂါရှာဖွေစစ်ဆေးမှုလုပ်ငန်းဟာ အစိုးရတွေအနေနဲ့ အဓိက ရွေးချယ်ဆောင်ရွက် ရမယ့် လုပ်ငန်းဖြစ်ပြီး လော့ခ်ဒေါင်းကတော့ ဒုတိယအကောင်းဆုံးသော ရွေးချယ်မှု ဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။၂၇

ဒါပေမဲ့ လော့ခ်ဒေါင်းချလိုက်တာနဲ့ ရောဂါကူးစက်မှုကို ထိန်းနိုင်တာမျိုးတော့ မဟုတ်ပါဘူး။ လော့ခ်ဒေါင်းကို ဘယ်လောက်အထိ ပီပီပြင်ပြင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်သလဲဆိုတာကလဲ အရေးကြီးတယ်။ အိန္ဒိယမှာ လော့ခ်ဒေါင်းချခဲ့ပေမဲ့ လော့ခ်ဒေါင်းကို ပီပီပြင်ပြင် အကောင်အထည် မဖော်နိုင်တဲ့အတွက် အချို့သော ပြည်နယ်တွေမှာပဲ ထိရောက်မှု ရှိခဲ့တယ်လို့ Sarder တို့ရဲ့ လေ့လာတွေ့ရှိချက်တွေက ဖော်ပြခဲ့တယ်။၂၈

နောက်ပြီး လော့ခ်ဒေါင်းချလိုက်တာနဲ့လည်း ရောဂါကူးစက်မှုက ချက်ချင်းလက်ငင်းကြီး ကျသွားတာမျိုးတော့ မဟုတ်ဘူး။ Alfano နဲ့ Ercolano တို့ရဲ့ လေ့လာချက် အရဆိုရင် နိုင်ငံအများစုမှာတော့ လော့ခ်ဒေါင်းချပြီး  ၁၀ ရက် လောက်အကြာမှာမှ ရောဂါကူးစက်နှုန်း ကျဆင်းလာလေ့ရှိပြီး လူဦးရေထူထပ်တဲ့ ဥရောပမှာဆိုရင်တော့ လော့ခ်ဒေါင်းချပြီး သုံးပတ်လောက်ကျမှပဲ ရောဂါကူးစက်နှုန်း ကျဆင်းလာတာကို တွေ့ရတယ်။၂၉ ဒီအချက်ကိုလည်း အထူးဂရုပြုဖို့လိုပါတယ်။

 

(၁၀)

ဒါပေမဲ့ လော့ခ်ဒေါင်းချပြီးလို့ ရောဂါကူးစက်မှုနှုန်း ကျဆင်းသွားချိန်မှာ စနစ်တကျ ပြင်ဆင်မှုတွေမရှိဘဲ၊ လော့ခ်ဒေါင်းကို အလျင်စလို ဖြေလျှော့မှုတွေ ပြုလုပ်ရင် တော့ ရောဂါကူးစက်မှုနှုန်း ပြန်တက်လာပြီး ရထားတဲ့ အကျိုးရလဒ်ကလေးတောင် ပြန်ပျောက်သွားမယ်လို့ Alfano နဲ့ Ercolano တို့က သတိပေးပါတယ်။၃၀ နိုင်ငံအများစု ကလည်း လော့ခ်ဒေါင်းချတဲ့အခါ လူမှုစီးပွားရေးဖိအားတွေ ရှိနေတဲ့အတွက် ရောဂါ ကူးစက်မှုနှုန်း ကျဆင်းသွားပြီဆိုတာနဲ့ လော့ခ်ဒေါင်းကို အလျင်စလို ဖယ်ရှားပစ်လေ့ ရှိတတ်တယ်။ အထူးသဖြင့် ဆင်းရဲတဲ့တိုင်းပြည်တွေ (ဝင်ငွေနိမ့်တဲ့တိုင်းပြည်၊ ဝင်ငွေ အလယ်အလတ်အဆင့်ရှိတဲ့ တိုင်းပြည်တွေ (Low and Middle-income Countries, LMICs) မှာ လော့ခ်ဒေါင်းကို အလျင်စလို ဖြေလျှော့လိုက်ကြပြီး နောက်ဆက်တွဲအနေနဲ့ ရောဂါပိုးကူးစက်မှု ပြန်မြင့်လာလို့ လော့ခ်ဒေါင်းပြန်ပိတ်ရတာမျိုးတွေ ရှိလာတာ တွေ့ရတယ်။၃၁ ဒါမျိုးဆိုရင်တော့ မိအေးအခါခါနာတဲ့ အဖြစ်ပါပဲ။

ဒီတော့ မေးစရာရှိတာက လော့ခ်ဒေါင်းချမယ်ဆိုရင် ဘယ်လောက်ကြာကြာ ချမလဲဆိုတဲ့ မေးခွန်းပါ။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကတော့ “ဘယ်လောက်ကြာကြာ လော့ခ်ဒေါင်းချရမလဲဆိုတာကိုတော့ အတိအကျပြောရခက်တယ်။ ဒါပေမဲ့ အခြား နိုင်ငံတွေရဲ့ အတွေ့အကြုံတွေအရဆိုရင် နှစ်လ သို့မဟုတ် သုံးလလောက်အထိ လော့ခ် ဒေါင်းချနိုင်ဖို့အတွက် ပြင်ဆင်ထားရမယ်လို့ ဆိုပါတယ်။၃၂ အတော်တော့ ခက်ခဲတဲ့ အခြေအနေပါ။ တိုင်းပြည်တခုကို နှစ်လ၊ သုံးလ ရပ်ဆိုင်းဖို့ဆိုတာက မလွယ်လှပါဘူး။

တချို့ပညာရှင်တွေကလည်း လေ့လာမှုတခုလုပ်ပြီး လော့ခ်ဒေါင်း မဟာဗျူဟာ တခုကို အကြံပြုကြတယ်။ အတင်း-အလျှော့နဲ့လုပ်တဲ့ လော့ခ်ဒေါင်း ((rolling lockdown) လို့ သူတို့ကဆိုကြတယ်။ အခု ရောဂါပိုးကူးစက်မှု အခြေအနေက (၁) လော့ခ်ဒေါင်း တကြိမ်တည်းနဲ့လည်း ပိုးကူးစက်မှုကိုထိန်းဖို့က မလုံလောက်ဘူး။ (၂) လော့ခ် ဒေါင်းကို အလျင်စလိုရုပ်သိမ်းလိုက်ရင် နောက်ဆက်တွဲ ရောဂါပိုးကူးစက်မှုက ပြန်မြင့် လာတယ်။ (၃) ထိန်းချုပ်မှုတွေ ဆက်မလုပ်ထားရင် ဒုတိယလှိုင်းကူးစက်မှုက ပထမ လှိုင်း ကူးစက်မှုထက် အခြေအနေပိုဆိုးတယ်။  (၄) နောက်ပြီး လက်ရှိအချိန်အထိ ကာ ကွယ်ဆေးရဖို့ကလည်း မလွယ်သေးဘူး။ အနည်းဆုံး နောက်နှစ်အထိ တောင့်ခံထားဖို့ လိုတယ်။၃၃ ဒီတော့ လော့ခ်ဒေါင်းကလည်း ဆက်လုပ်ရမှာပဲ။ ဆက်လုပ်တဲ့အခါမှာ အတင်း-အလျှော့နဲ့ ဆက်လုပ်သွားရင်တော့ အကောင်းဆုံးဖြစ်မယ်လို့ သူတို့က အကြံ ပြုတယ်။

ဒေါက်တာ Chowdhury ဦးဆောင်တဲ့သုတေသန အဖွဲ့ကနေ နိုင်ငံပေါင်း ၁၆ နိုင်ငံ ကို လေ့လာပြီးတော့ အတင်း-အလျှော့နဲ့လုပ်တဲ့ လော့ခ်ဒေါင်းကို အကြံပြုတယ်။ သူတို့ အဆိုအရတော့ ရက် ၅၀ ကို တင်းတင်းကျပ်ကျပ် လော့ခ်ဒေါင်းလုပ်၊ ပြီးရင် နောက်ရက် ၃၀ ကို ဖြေလျှော့မှုတွေ လုပ်ရင်တော့ ရောဂါကူးစက်မှုကိုလည်း လျှော့ချ နိုင်မယ်။ ကာလတခုကြာရင် စီးပွားရေးလုပ်ငန်းတွေလည်း ပြန်လည် လည်ပတ်နိုင် မယ်လို့ ဆိုပါတယ်။ ဒီသုတေသနအရ ဆိုရင်တော့ ရက် ၅၀ တင်းကျပ်တဲ့ လော့ခ် ဒေါင်းချရင် ရောဂါကူးစက်မှုနှုန်း၊ သေနှုန်းကို လျှော့ချပေးနိုင်သလို လူနာတွေကို ICU တင်ရတဲ့နှုန်းကိုလည်း လျှော့ချပေးနိုင်မယ်။၃၄ အဲဒီလိုပဲ နောက်ရက် ၃၀ မှာ ဖြေလျှော့ မှုတွေ ပြန်လုပ်ပေးတဲ့အတွက် လူတွေရော၊ စီးပွားရေးတွေရော အသက်ရှူပေါက် ရမယ်လို့ ဆိုပါတယ်။၃၅  စိတ်ဝင်စားစရာကောင်းတဲ့ သုတေသနပြုချက်ပါပဲ။

သေချာတာ တခုကတော့ ကာကွယ်ဆေး မတွေ့ခင်အထိ ကျနော်တို့ဟာ ကပ်ရောဂါကြီးနဲ့အတူ နှစ်ပါးသွားနေရမှာပါ။ ဒီအချိန်မှာ ကပ်ရောဂါကြီးကို ရင်ဆိုင် တုံ့ပြန် ဖို့အတွက်ဆိုရင် လော့ခ်ဒေါင်းနည်းနာဟာ အထိရောက်ဆုံးနည်းလမ်းတခု ဖြစ်နေပါ တယ်။ ဒါကိုလည်း နိုင်ငံတကာလေ့လာမှုတွေက မီးမောင်းထိုးပြနေပါတယ်။ ဆိုတော့ က္ဘာကြီးအနေနဲ့ ကပ်ရောဂါကြီးနဲ့အတူ နှစ်ပါးသွားရမှာဖြစ်သလို ဒီကပ်ရောဂါကြီးကို တုံ့ပြန်ရင်ဆိုင်ဖို့ လော့ခ်ဒေါင်းဆိုတာနဲ့လည်း နှစ်ပါးသွားနေရမှာပဲ။ ဒါကြောင့် ဒီနေ့ ခေတ်မှာ လော့ခ်ဒေါင်းနဲ့အတူနေထိုင်ခြင်း ဆိုတာကလည်း အရေးကြီးတဲ့ ဘဝနေနည်း တခု ဖြစ်လာနေပါပြီ။ ရှောင်လွှဲလို့မှမရနိုင်တာကိုး။

 

 

စာညွှန်း

Tim Harford, “What exactly is a “Lockdown?”, Financial Times (Sept 25, 2020)

Toby Young, “I’ve started a dating site for lockdown sceptics”, the Spectator (Aug 15, 2020)

Vincenzo Alfano & Salvatore Ercolano, “The Efficacy of Lockdown against COVID-19: A Crosscountry Panel Analysis”, Applied Health Economics and Health Policy (2020) 18, p. 510

“Difference between Quarantine, Isolation, Lockdown, Curfew, and Social Distancing”, India Today (March 23 2020).

Brian Resnick, “Italy and China used lockdowns to slow the coronavirus. Could we?”, Vox (Mar 10 2020)

World Health Organization (WHO), “COVID-19 Strategy Update”, (April 14 2020), p. 7.

ibid, p. 7

ibid, pp. 7-8

ibid, p.7.

၁၀ ဉပမာ-အိုင်ယာလန်မှာဆိုရင် အရေးပေါ်တုံ့ပြန်ဆောင်ရွက်မှု လုပ်ငန်းစဉ်ကို အရောင်နဲ့ခွဲပြီးဆောင်ရွက်တာတွေ့ရတယ်။ Jennifer Bray, Jack Horgan-Jones & Paul Cullen, “COVID-19 in Ireland: Color-coded response set to replace phases”, The Irish Times (Aug 12, 2020).နယူးဇီလန်ကတော့ အဆင့်လိုက်ခွဲပြီး ဆောင်ရွက်တာကိုတွေ့ရတယ်။

၁၁ တကောင်းနိုင်ငံရေးလေ့လာမှုအဖွဲ့၊”နယူးဇီလန်နိုင်ငံ၏ ကိုရိုနာဗိုင်းရပ်စ်ထိန်းချုပ်ရေး တုံ့ပြန်ဆောင်ရွက်ချက်များ” ဧပြီ ၂၁၊ ၂၀၂၀။

၁၂ World Health Organization (WHO), “Coronavirus disease 2019 (COVID-19): Situational Report”.

၁၃ Rajiv Chowdhurym Shammi Luhar, Nusrat Khan, Sohel Reza Choudhury, Imran Matin & Oscar H. Franco, “Long-term strategies to control COVID-19 in low and middle-income countries: an options overview of community-based, non-pharmacological interventions”, European Journal of Epidemiology (2020) 35, p. 746.

၁၄ Eric Sylver and, Giovanni Legorano, “As Virus Spreads, Italy Licks down Country”, The Wall Street Journal, (March 10, 2020)

၁၅ တကောင်းနိုင်ငံရေးလေ့လာမှုအဖွဲ့၊ “နယူးဇီလန်နိုင်ငံ၏ ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ်ရေး တုံ့ပြန်ဆောင်ရွက်ချက်များ”၊ဧပြီ ၂၁၊၂၀၂၀။

၁၆ World Health Organization (WHO), “COVID-19 Strategy Update”, (April 14 2020), p. 9.

၁၇ Banks & Hulme, “Understanding the impacts of COVID-19 on livelihoods in Bangladesh: findings from the PPRC-BIGD rapid response survey”, University of Manchester Global Development Institute Blog, (2020).

၁၈ Foreign Policy, “The COVID-19 Global Response Index – An FP analysis special report on 36 key countries”, (Sept 27, 2020), p. 8.

၁၉ “COVID-19; Movement Control Order imposed with only essential sectors operating”, New Strait Times, (March 16, 2020).

၀ Tim Harford, “What exactly is a “Lockdown?”, Financial Times (Sept 25, 2020).

၂၁ Batvatnik School of Government, University of Oxford, “Codebook for the Oxford COVID-19 Government Response Tracker”, (July 5, 2020)

၂၂ Sam Jordison, “Defoe’s Plague Year was written in 1722 but speaks clearly to our time”, The Guardian, (May 5, 2020)

၂၃ Klaus Schwab & Thierry Malleret, “COVID-19: The Great Reset”, (2020), p. 15.

၂၄ Lau H. Khosrawipour V, Kocbach P, Mikolajczyk A, Schubert J, Bania J, et al, “The Positive Impact of Lockdown in Wuhun on containing the COVID-19 outbreak in China”, J Travel Med (2020) 27(3).

၂၅ Riccardo F, Ajelli M, Andrianou X, Bella A, Del Manso M, Fabiani M, et al, “Epidemiological characteristics of COVID-19 cases in Italy and estimates of the reproductive numbers one month onto the epidemic”. (2020)

၂၆ Piguillem F & Shi L, “The optimal COVID-19 quarantine and testing policies (No.2004). Einaudi Institute for Economics and Finance (EIEF), 2020.

၂၇ Sardar T, Nadim SS, Chattopadhyay J, “Assessment of 21 days lockdown effect in some states and overall India: A perspective mathematical study on COVID-19 outbreak. (2020). Available at: https://arxiv.org/abs/2004.03487.

၂၈ Vincenzo Alfano & Salvatore Ercolano, “The Efficacy of Lockdown against COVID-19: A Crosscountry Panel Analysis”, Applied Health Economics and Health Policy (2020) 18

၂၉ ibid, p. 516

၃၀ Rajiv Chowdhurym Shammi Luhar, Nusrat Khan, Sohel Reza Choudhury, Imran Matin & Oscar H. Franco, “Long-term strategies to control COVID-19 in low and middle-income countries: an options overview of community-based, non-pharmacological interventions”, European Journal of Epidemiology (2020) 35, p. 747.

၃၁ ibid, pp. 746-747.

၃၂ World Health Organization (WHO), “COVID-19 Strategy Update”, (April 14 2020), p. 10.

၃၃ Rachael Rettner, “50 days in lockdown, 20 days of relaxation, could help contain COVID-19 pandemic”, Livescience, (May 20, 2020)

၃၄ Rajiv Chowdhurym Shammi Luhar, Nusrat Khan, Sohel Reza Choudhury, Imran Matin & Oscar H. Franco, “Long-term strategies to control COVID-19 in low and middle-income countries: an options overview of community-based, non-pharmacological interventions”, European Journal of Epidemiology (2020) 35, pp. 746-747

၃၅ Taylor C., “Scientists propose 50 days on, 30 days off coronavirus lockdown strategy”, CNBC (May 20, 2020)

Ko Ye

ကိုရဲသည် တကောင်း နိုင်ငံရေးလေ့လာမှုအဖွဲ့၏ အမှုဆောင်ဒါရိုက်တာ ဖြစ်ပါသည်။

Related article
မြန်မာနိုင်ငံနှင့် ကိုဗစ်ကာကွယ်ဆေး ထိုးနှံနိုင်မှု အလားအလာ

မြန်မာနိုင်ငံနှင့် ကိုဗစ်ကာကွယ်ဆေး ထိုးနှံနိုင်မှု အလားအလာ

မြန်မာနိုင်ငံက အခုအချိန်မှာ လူပေါင်း ၁ ဒသမ ၇ သန်းကို ကာကွယ်ဆေး ထိုးနှံ ပြီး…

တရုတ်နိုင်ငံ၏ ကိုဗစ်-၁၉ကာကွယ်ဆေး သံတမန်လှုပ်ရှားမှုနှင့် မြန်မာနိုင်ငံအတွက် အလားအလာ

တရုတ်နိုင်ငံ၏ ကိုဗစ်-၁၉ကာကွယ်ဆေး သံတမန်လှုပ်ရှားမှုနှင့် မြန်မာနိုင်ငံအတွက် အလားအလာ

တရုတ်နိုင်ငံဟာ ကာကွယ်ဆေးကို အများကောင်းကျိုးအဖြစ် အသုံးပြုမယ်၊ မြန်မာနိုင်ငံစတဲ့ မိတ်ဖက်နိုင်ငံတွေကို ဦးစားပေးဖြန့်ဝေမယ် ဆိုတာဟာ စေတနာကောင်းရင်တောင် လက်တွေ့…

ကိုဗစ်-၁၉ကပ်ရောဂါနှင့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် ဒီမိုကရေစီစံနှုန်း

ကိုဗစ်-၁၉ကပ်ရောဂါနှင့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် ဒီမိုကရေစီစံနှုန်း

ကိုဗစ်-၁၉ ကပ်ရောဂါကာလလို အကျပ်အတည်း ကာလမျိုးမှာ "ရွေးကောက်ပွဲဖြစ်စဉ်တခုလုံးကို တန်းတူညီမျှစွာ ပါဝင်ဆောင်ရွက်ခွင့်"ဆိုတဲ့ ရွေးကောက်ပွဲတွေရဲ့ အခြေခံကျတဲ့ ဒီမိုကရေစီစံနှုန်းကို…

Discussion about this post

Leave a Reply

Your email address will not be published. Required fields are marked *

Type your search keyword, and press enter to search