Menu & Search

ကိုဗစ်-၁၉ကပ်ရောဂါနှင့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် ဒီမိုကရေစီစံနှုန်း

October 9, 2020

နိဒါန်း

ဩဂုတ်လလယ်လောက်က စပြီး ကိုဗစ်-၁၉ရောဂါ ပြည်တွင်းကူးစက်မှု ပမာဏ သိသိသာသာ မြင့်မားလာတာနဲ့အမျှ ရွေးကောက်ပွဲကို သတ်မှတ်ထားတဲ့အတိုင်း ကျင်းပရေး ဒါမှမဟုတ် ရွှေ့ဆိုင်းရေး အငြင်းအခုံဟာ နိုင်ငံရေးပါတီတွေအကြား၊ ပြည်သူလူထုအကြား ပိုပြီးကျယ်ပြန့်လာသလို လူထုကျန်းမာရေးဆိုင်ရာ စိုးရိမ်ပူပန်မှုဟာလည်း ပိုပြီးကြီးမားလာပါတယ်။  ကိုဗစ်-၁၉ကပ်ရောဂါဟာ ရွေးကောက်ပွဲဖြစ်စဉ် အပါအဝင် လူထုကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေးနဲ့ အခြားနိုင်ငံရေး ဖြစ်စဉ်တွေအပေါ် ကြီးမားတဲ့ သက်ရောက်မှုတွေ ရှိနေတယ်ဆိုတာ အထင်အရှားပါပဲ။ ဒါကြောင့် ရွေးကောက်ပွဲ ဆက်လက်ကျင်းပရေး ဒါမှမဟုတ် ရွှေ့ဆိုင်းရေးဟာ ရွေးကောက်ပွဲလုပ်ငန်းစဉ်အပြင် လူထုကျန်းမာရေးနဲ့ အခြားနိုင်ငံရေးဖြစ်စဉ်တွေနဲ့ပါ ဆက်စပ်နေတဲ့အတွက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်တခုတည်းက ဆုံးဖြတ်တာမျိုးဟာ မလုံ လောက်ပါဘူး။ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန အပါအဝင် အခြားအစိုးရဝန်ကြီးဌာနတွေနဲ့ တိုင်ပင်ဆွေးနွေးဖို့ လိုအပ်သလို သက်ဆိုင်ရာ နိုင်ငံရေးပါတီတွေနဲ့ အခြား Stakeholders နဲ့ပါ နိုင်ငံရေးအရ ဆွေးနွေးသဘောတူညီမှု ရရှိဖို့လိုပါတယ်။ ဒါမှလည်း ရွေးကောက်ပွဲ ကျင်းပခဲ့မယ်ဆိုရင် ရွေးကောက်ပွဲဖြစ်စဉ်နဲ့ ရလဒ်ကို ယုံကြည်လက်ခံပြီး ရွေးကောက်ပွဲအလွန်ကာလ တည်ငြိမ်မှုကို တည်ဆောက်နိုင်မှာဖြစ်ပါတယ်။ ထို့အတူပဲ ရွေးကောက်ပွဲကို ရွှေ့ဆိုင်းမယ်ဆိုရင်လည်း ရင်ဆိုင်ရမယ့် နိုင်ငံရေးအကျပ်အတည်းကို ကျော်လွှားနိုင်ဖို့ တိကျတဲ့အချိန်စာရင်းတွေနဲ့ နိုင်ငံရေးဆိုင်ရာ သဘောတူညီချက်တွေ တင်ကြိုရရှိထားဖို့ လိုပါတယ်။

ကပ်ရောဂါကာလ ရွေးကောက်ပွဲနှင့် ဒီမိုကရေစီစံနှုန်း

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က တတိယအကြိမ် လွှတ်တော်သက်တမ်းအတွက် ရွေးကောက်ပွဲတွေကို ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်မှာ ကျင်းပမယ်လို့ ဇူလိုင် ၁ ရက်မှာ ကြေညာခဲ့ပါတယ်။  နိုင်ငံရေးပါတီတွေအတွက် မဲဆွယ်စည်းရုံးခွင့်ကိုတော့ စက်တင်ဘာ ၈ ရက်ကစလို့ နိုဝင်ဘာ ၆ ရက်အထိ ရက်ပေါင်း ၆၀ မဲဆွယ် စည်းရုံးခွင့် ပြုထားပေမဲ့လည်း အရင်ရွေးကောက်ပွဲတွေတုန်းကလို မဲဆွယ်စည်းရုံးပွဲတွေ မြိုင်မြိုင်ဆိုင်ဆိုင် မလုပ်နိုင်ကြသေးပါဘူး။ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ကပ်ရောဂါကာကွယ်ရေး အစီအမံတွေ၊ Stay-at-Home အစီအစဉ်တွေအရ နိုင်ငံရေးပါတီတွေ၊ ကိုယ်စားလှယ်လောင်းတွေအနေနဲ့ အခု အနေအထားမှာ လူစုလူဝေးနဲ့ ကိုယ်တိုင်ကိုယ်ကျ သွားရောက် မဲဆွယ်စည်းရုံးတဲ့ လှုပ်ရှားမှုမျိုး ဆောင်ရွက်လို့မရတော့ပါဘူး။ ဒါပေမဲ့လည်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကတော့ ရွေးကောက်ပွဲကို ရွှေ့ဆိုင်းဖို့မရှိဘူးလို့ စက်တင်ဘာ ၁၉-၂၀ ရက်တွေမှာ အွန်လိုင်းကတဆင့် ကျင်းပခဲ့တဲ့ မီဒီယာဖိုရမ်တခုမှာ အတည်ပြု ပြောကြားခဲ့ပါတယ်။ ပုံမှန်ကာလတွေမှာကျင်းပတဲ့ ရွေးကောက်ပွဲတွေကို ဒီမိုကရေစီစံနှုန်းနဲ့ ကိုက်ညီဖို့ ဆောင်ရွက်ရတာ ပိုမိုလွယ်ကူပေမဲ့  ကိုဗစ်-၁၉ ကပ်ရောဂါကာလလို အကျပ်အတည်း ကာလမျိုးမှာ “ရွေးကောက်ပွဲဖြစ်စဉ်တခုလုံးကို တန်းတူညီမျှစွာ ပါဝင်ဆောင်ရွက်ခွင့်”ဆိုတဲ့ ရွေးကောက်ပွဲတွေရဲ့ အခြေခံကျတဲ့ ဒီမိုကရေစီစံနှုန်းကို အာမခံချက်ပေးနိုင်ဖို့ဆိုတာ အင်မတန်မှကြီးမားတဲ့ စိန်ခေါ်မှုတခုပါပဲ။ အဓိကအားဖြင့်တော့

(၁)        ပါဝင်ယှဉ်ပြိုင်တဲ့ ကိုယ်စားလှယ်လောင်းအားလုံး တန်းတူညီမျှစွာ ပါဝင်ယှဉ်ပြိုင်ခွင့်နဲ့ မဲဆွယ်စည်းရုံးလှုပ်ရှားနိုင်ခွင့်၊

(၂)        မဲဆန္ဒရှင်တွေအနေနဲ့ ရွေးကောက်ပွဲနဲ့သက်ဆိုင်တဲ့ မှန်ကန်တဲ့ သတင်းအချက်အလက်တွေ လက်လှမ်းမီ ရယူနိုင်ခွင့်၊

(၃)        မဲရုံတွေမှာ တာဝန်ထမ်းဆောင်ဖို့ မဲရုံဝန်ထမ်းလုံလောက်မှုနဲ့ ဝန်ထမ်းတွေကို သင်တန်းပြည့်ပြည့်ဝ၀ ပေးနိုင်မှု၊

(၄)        မဲရလဒ်တွေကို စနစ်တကျရေတွက်ခြင်းနဲ့ ရလဒ်တွေကို တိတိကျကျ ထုတ်ပြန်နိုင်ခြင်း၊

(၅)       ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုတွေကို မှန်ကန်တိကျစွာ မြန်မြန်ဆန်ဆန် ဆုံးဖြတ်နိုင်ခြင်း စတဲ့ ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲတွေအတွက် အနိမ့်ဆုံးလိုအပ်ချက်ကို ဖြည့်ဆည်းဖို့၊ အာမခံချက်ပေးဖို့ကို ဆိုလိုတာပါ။

အထူးသဖြင့် ဒီလိုကာလမျိုးမှာကျင်းပမယ့် ရွေးကောက်ပွဲတွေအတွက် ရွေးကောက်ပွဲရလဒ်ရဲ့ တရားဝင်မှုနဲ့ ရွေးကောက်ပွဲ အလွန်ကာလ တည်ငြိမ်မှုအတွက်ဆိုရင် ဒီအချက်တွေကို မဖြစ်မနေ အာမခံချက်ပေးနိုင်ဖို့ လိုပါတယ်။

လက်ရှိ ရွေးကောက်ပွဲအနေအထား

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဒီနှစ်နှောင်းပိုင်း နိုဝင်ဘာ ၈ ရက်မှာ အထွေထွေရွေးကောက်ပွဲတွေ ကျင်းပမယ်လို့ ဇူလိုင်လမှာ တရားဝင် အသိပေးကြေညာခဲ့ပါတယ်။  အဲဒီကာလတွေမှာတော့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ဖေဖော်ဝါရီလကနေ မေလကုန်အထိ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၂၉၉ ဦးသာ ရှိပါတယ်။  ဒီလ နှောင်းပိုင်း ၂၄-ဝ၉-၂၀ နေ့စွဲ ထုတ်ပြန်ချက်အရ လက်ရှိမှာတော့ ရောဂါကူးစက်ခဲ့ရသူဟာ စုစုပေါင်း ၈,၃၄၄ ဦးရှိပြီး မြို့နယ်ပေါင်း ၃၃၀ အနက် ၂၀၅ မြို့နယ်မှာ ရောဂါကူးစက်ခံထားရမှုကို တွေ့ရှိရပါတယ်။ တိုင်းဒေသကြီးနဲ့ပြည်နယ် ၁၄ ခုမှာ လည်း အသွားအလာ ကန့်သတ်စောင့်ကြပ်ကြည့်ရှုထားတဲ့ နေရာပေါင်း ၅,၂၈၅ နေရာရှိပါတယ်။

ဒါကြောင့် ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနအနေနဲ့လည်း ကူးစက်ရောဂါ ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ဖို့အတွက် အသွားအလာ ကန့်သတ်ချက်တွေနဲ့ လူစုလူဝေးဆိုင်ရာ အကန့်အသတ်တွေကို ထုတ်ပြန်ခဲ့ပါတယ်။ ဒီထုတ်ပြန်ချက်တွေဟာ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေအတွက် သူတို့ရဲ့ မူဝါဒတွေ၊ ရွေးကောက်ပွဲ ကတိကဝတ်တွေကို မဲဆန္ဒရှင်တွေနဲ့ တွေ့ဆုံဆွေးနွေး ရှင်းပြဖို့အတွက် ကြီးမားတဲ့ စိန် ခေါ်မှုတခုပါပဲ။  ဥပမာ- မဲဆွယ်စည်းရုံးရေးမှာ လူဦးရေ ၃၀ ထက်မပိုဖို့၊ တဦးနဲ့တဦး ခြောက်ပေကွာ နေထိုင်ကြဖို့ ညွှန်ကြားထားပေမဲ့ Stay-at-Home အကျုံးဝင်တဲ့ မြို့နယ်တွေမှာ မဲဆွယ်စည်းရုံးရေးလှုပ်ရှားမှုကို ခွင့်မပြုပါဘူး။ ဒါကြောင့် ကိုယ်စားလှယ်လောင်းတွေနဲ့ ပါတီအချို့က လူစုလူဝေးနဲ့ လူကိုယ်တိုင် မဲဆွယ်စည်းရုံးတဲ့ လှုပ်ရှားမှုတွေအစား Facebook တို့လို လူမှုမီဒီယာကွန်ရက်တွေကိုသုံးပြီး အွန်လိုင်းကနေ မဲဆွယ်စည်းရုံးရေးလုပ်တဲ့ပုံစံကို ပြောင်းလဲ အသုံးပြုလာတာကိုလည်း တွေ့ရပါတယ်။ Facebook လို လူမှုမီဒီယာကွန်ရက်ကိုသုံးပြီး မဲဆွယ်စည်းရုံးတာဟာ မြို့ပြဒေသအတွက် အဆင်ပြေနိုင်ပေမဲ့ ကျေးလက်ဒေသတွေအတွက်တော့ အခက်အခဲရှိပါတယ်။ ဩဂုတ်လမှာ PACE အဖွဲ့က ကောက်ယူခဲ့တဲ့ စစ်တမ်းအရ အစိုးရနဲ့ နိုင်ငံရေးဆိုင်ရာ သတင်းအချက်အလက်တွေကို ရုပ်မြင်သံကြားကနေ အဓိက ရယူတယ်လို့ နိုင်ငံသားတွေရဲ့ထက်ဝက်ကျော်က ဖြေကြားကြပြီး  သုံးပုံတပုံခန့်ကပဲ Facebook ကို အဓိကအားထားပါတယ်လို့ ဆိုပါတယ်။၁ ဒါ့အပြင် ရခိုင်ပြည်နယ်က မြို့နယ်ခုနစ်ခုမှာ Stay-at-Home အကန့်အသတ်အပြင် အင်တာနက် ပိတ်ဆို့ထားတဲ့အတွက် အဲဒီနေရာတွေမှာ နိုင်ငံရေးပါတီတွေနဲ့ ကိုယ်စားလှယ်လောင်းတွေအတွက် မဲဆွယ်စည်းရုံးရေးဟာ မဖြစ်နိုင်သလောက်ပါပဲ။

ကိုဗစ်-၁၉ကပ်ရောဂါကြောင့် နိုင်ငံရေးပါတီနဲ့ ကိုယ်စားလှယ်လောင်းတွေကို သာမက အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ ပါဝင်လှုပ်ရှား ဆောင်ရွက်မှုတွေမှာပါ ကြီးမားတဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်ရတာပါပဲ။ လက်ရှိအနေအထားအရ မဲဆန္ဒရှင် အသိ ပညာပေးလုပ်ငန်းတွေ၊ ဆော်ဩတဲ့လုပ်ငန်းတွေဟာ အရင်ရွေးကောက်ပွဲတွေနဲ့ နှိုင်းယှဉ်မယ်ဆိုရင် အဆမတန်နည်းပါးသွားတယ်လို့ ပြောလို့ရပါတယ်။ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကိုသာမက ပြည်သူ့ကျန်းမာရေးအတွက် မဲပေးတဲ့အခါ ရောဂါကူးစက်တာကို ကာကွယ်ဖို့ လိုက်နာရမယ့် ကျန်းမာရေးဆိုင်ရာ အချက်အလက်တွေကို မဲဆန္ဒရှင်တွေ သိရှိနားလည်အောင် ဆောင်ရွက်နိုင်ရေးဟာ အလွန်ကြီးမားတဲ့ စိန်ခေါ်မှုပါပဲ။ စောင့်ကြည့်လေ့လာမှုနဲ့ ပတ်သက်ပြီး လက်ရှိမှာ တနိုင်ငံလုံးအတိုင်းအတာနဲ့ စောင့်ကြည့်လေ့လာခွင့်ရရှိထားတဲ့ ပြည်တွင်း အရပ်ဘက် အဖွဲ့အစည်း အရေအတွက်ကတော့ PACE အဖွဲ့အပါအဝင် ၁၀ ဖွဲ့ရှိပြီး နိုင်ငံတကာအဖွဲ့ နှစ်ဖွဲ့ရှိပါတယ်။ လက်တွေ့မှာတော့ မဲဆွယ်စည်းရုံးရေးကာလ တဝက်ကျိုးလာပေမဲ့ ပြည်တွင်း အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ စောင့်ကြည့်လေ့လာမှုဟာ အခုအထိ ထင်ထင်ရှားရှား မတွေ့ရသေးပါဘူး။ PACE အဖွဲ့ကိုယ်တိုင်လည်း မဲဆွယ် စည်းရုံးရေးကာလ စောင့်ကြည့်လေ့လာမှုအတွက် သင်တန်းပေးနေဆဲဖြစ်ပါတယ်။ အွန်လိုင်းသင်တန်းတွေ ဖြစ်တာကြောင့် ပိုမိုခက်ခဲ ကြန့်ကြာတာကြောင့်လည်း ဖြစ်ပါတယ်။ နိုင်ငံတကာ စောင့်ကြည့်လေ့လာရေးအဖွဲ့တွေ အနေနဲ့ကတော့ ပြည်ပခရီး အသွားအလာ ကန့်သတ်မှုတွေကြောင့် ရွေးကောက်ပွဲကာလမှာ ဘယ်လောက် အတိုင်းအတာအထိ စောင့်ကြည့်နိုင်မလဲဆိုတာ မသေချာသေးပါဘူး။

နိုင်ငံရေးပါတီနဲ့ ကိုယ်စားလှယ်လောင်းတွေရဲ့ မဲဆွယ်စည်းရုံးရေး လှုပ်ရှားမှုနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ အသိပညာပေးလုပ်ငန်းတွေ အလွန်နည်းပါးနေတဲ့အတွက် မဲဆန္ဒရှင်တွေအနေနဲ့ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး တိကျမှန်ကန်တဲ့ သတင်းအချက်အလက် ပြည့်ပြည့်စုံစုံရရှိရေးနဲ့ ရွေးကောက်ပွဲနေ့မှာ အမှန်တကယ် မဲပေးရေးဟာ အခုလာမယ့် အထွေထွေရွေးကောက်ပွဲအတွက် အကြီးမားဆုံးစိန်ခေါ်မှုပါပဲ။ ဩဂုတ်လမှာ ကောက်ယူခဲ့တဲ့ စစ်တမ်းအရတော့ ပထမအကြိမ် မဲဆန္ဒရှင်စာရင်း ကြေညာပြသစဉ်တုန်းက နိုင်ငံသား ၁၀ ဦးမှာ လေးဦးက အမည်စာရင်း သွားရောက်ကြည့်ရှု စစ်ဆေးတာတွေ လုပ်ခဲ့တယ်လို့ ဖြေဆိုခဲ့တာတွေ့ရပါတယ်။ တဆက်တည်းမှာပဲ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး နိုင်ငံသား ၁၀ ဦးမှာ ငါးဦးကသာ “ကျိန်းသေမဲပေးပါမယ်”လို့ ဖြေဆိုထားပါတယ်။ မဲပေးဖို့အတွက် အကြီးမားဆုံး စိန်ခေါ်မှု ဒါမှမဟုတ် အတားအဆီးနဲ့ပတ်သက်လို့ မေးမြန်းတဲ့အခါမှာတော့ နိုင်ငံသားတွေရဲ့ သုံးပုံတပုံကတော့ ကိုဗစ်-၁၉ကပ်ရောဂါနဲ့ ကျန်းမာရေးအတွက် စိုးရိမ်ပါတယ်လို့ ဖြေကြားတာကို တွေ့ရပါတယ်။၂

ရွေးကောက်ပွဲဖြစ်စဉ်ကြီးတခုလုံး စနစ်တကျနဲ့ အကောင်အထည်ဖော်ဖို့ နောက်ထပ် အရေးကြီးတဲ့ကဏ္ဍကတော့ မဲရုံဝန်ထမ်း အလုံအလောက်ရှိမှုနဲ့ လုံလောက်တဲ့ သင်တန်းပို့ချမှုပါပဲ။ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲမှာ ပြည်ထောင်စု ရွေး ကောက်ပွဲကော်မရှင် စာရင်းတွေအရ တနိုင်ငံလုံးမှာ မဲပေးသူဦးရေ ၃၄ သန်းအတွက် မဲရုံအရေအတွက် လေးသောင်းကျော် (၄၀,၁၄၁ ရုံ) ရှိပြီး မဲရုံဝန်ထမ်း ငါးသိန်းခွဲကျော် (၅၇၀,ဝ၈၈ ဦး)ကို လေ့ကျင့်ပြီး ခန့်ထားခဲ့ပါတယ်။ ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲမှာတော့ မဲပေးသူဦးရေ တိုးလာတာနဲ့အမျှ (ခန့်မှန်းခြေ ၃၇ သန်းကျော်) မဲရုံအရေအတွက်တိုးလာမယ်လို့ ခန့်မှန်းရပါတယ်။ လက်ရှိအနေအထားအရ မဲရုံဝန်ထမ်း အလုံအလောက်ရရှိရေးနဲ့ အရည်အသွေးပြည့်ဝတဲ့ မဲရုံဝန်ထမ်းတွေဖြစ်လာဖို့ စနစ်တကျ သင်တန်းပို့ချနိုင်ရေးဟာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အတွက် အင်မတန်ကြီးမားတဲ့ စိန်ခေါ်မှုပါပဲ။ ဒါ့အပြင် မဲရုံမှာ တာဝန်ထမ်းဆောင်သူတွေကို ရောဂါမကူးစက်ခံရအောင် ဒါမှမဟုတ် မဲရုံတွေကနေ ကူးစက်တာတွေ မဖြစ်အောင်  စီမံခန့်ခွဲနိုင်ဖို့ ကော်မရှင်အပါအဝင် ကျန်းမာရေးဝန်ထမ်းတွေရဲ့ အကူအညီ လိုအပ်ပါ တယ်။

နိဂုံး

ဒါကြောင့် ရွေးကောက်ပွဲကို ဆက်လက်ကျင်းပမယ်ဆိုရင်တော့ ပထမဦးစွာ အခု လက်ရှိ ရောဂါကူးစက်ပြန့်ပွားမှု မြင့်မားလာတာကို ဘယ်လောက်အတိုင်းအတာအထိ ထိန်းချုပ်နိုင်မလဲ၊ ရွေးကောက်ပွဲနေ့မှာ ကူးစက်မှုတွေ ပြန်ပြီး မြင့်တက်မလာအောင် ဘယ်လောက်အထိ စီမံနိုင်သလဲဆိုတဲ့ အချက်ပါ။ ဒုတိယအနေနဲ့ ကိုယ်စားလှယ်လောင်းအားလုံး တန်းတူညီမျှစွာ မဲဆွယ်စည်းရုံးခွင့်နဲ့ပတ်သက်လို့ မဲဆွယ်စည်းရုံးရေး ကာလနဲ့ လုပ်ထုံးလုပ်နည်းတွေ၊ မဲဆန္ဒရှင် အသိပညာပေးလုပ်ငန်းတွေ၊ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေစတဲ့ လက်ရှိဥပဒေမူဘောင် လုပ်ထုံးလုပ်နည်းတွေကို  ကပ်ရောဂါကာလ လိုအပ်ချက်နဲ့အညီ ပြင်ဆင်ဖြည့်စွက်တာတွေ လုပ်ဖို့လိုပါမယ်။ တတိယအနေနဲ့ကတော့ ဒီလို ကပ်ရောဂါကာလမှာ ကျင်းပမယ့် ရွေးကောက်ပွဲဖြစ်တဲ့အတွက်  ကော်မရှင်အနေနဲ့ လုံလောက်တဲ့ အရင်းအမြစ်တွေနဲ့ ကျွမ်းကျင်မှု လိုအပ်ပါတယ်။ စတုတ္ထအချက်ကတော့ ကပ်ရောဂါ ကာကွယ်တားဆီး ထိန်းချုပ်ဖို့ လိုအပ်တာကြောင့် ကိုယ်စားလှယ်လောင်းတွေရဲ့ မဲဆွယ်စည်းရုံးရေး လှုပ်ရှားမှုဟာ အကန့်အသတ်နဲ့ ဆောင်ရွက်ရမှာဖြစ်တဲ့အတွက်ကြောင့် နိုင်ငံရေးပါတီတွေ ကိုယ်စားလှယ်လောင်းတွေနဲ့ ဆွေးနွေးပြီး သဘောတူညီမှုရယူဖို့ လိုပါတယ်။

ရွေးကောက်ပွဲကို ရွှေ့ဆိုင်းမယ်ဆိုရင်တော့ ရွေးကောက်ပွဲ ရွေ့ဆိုင်းရခြင်းဟာ နိုင်ငံရေးအကြောင်းပြချက်ကြောင့် မဟုတ်ဘဲ ကိုဗစ်-၁၉ကပ်ရောဂါကြောင့်သာ ဖြစ်ရမယ်။ ရွေးကောက်ပွဲရွှေ့ဆိုင်းတာဟာ နိုင်ငံရေးအကျပ်အတည်း၊ အခြေခံဥပဒေအကျပ်အတည်း ဖြစ်နိုင်တာကြောင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က တဦးတည်း ဆုံးဖြတ်ခြင်းမဟုတ်ဘဲ သက်ဆိုင်ရာ နိုင်ငံရေးပါတီတွေ၊ အရပ်ဘက်အဖွဲ့အစည်းနဲ့ အခြား နိုင်ငံရေးအဖွဲ့အစည်းတွေနဲ့ ဆွေးနွေးတိုင်ပင်ပြီး နိုင်ငံရေးအရ သဘောတူညီချက် ရရှိဖို့လိုအပ်တယ်။ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန စတဲ့ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေနဲ့ ညှိနှိုင်းတိုင်ပင်ပြီး ဘယ်ကာလမှာ ကျင်းပမယ်ဆိုတဲ့ အချိန်စာရင်း အတိအကျနဲ့ ရွှေ့ဆိုင်းဖို့လိုသလို ပြန်လည်ကျင်းပတဲ့ အချိန်ကာလအတွက် တိကျတဲ့ အစီအမံတွေပါ ထည့်သွင်းစဉ်းစားဖို့ လိုအပ်ပါတယ်။

အထက်မှာဖော်ပြခဲ့တဲ့အတိုင်းပါပဲ ဒီကပ်ရောဂါကာလမှာ ရွေးကောက်ပွဲကို သတ်မှတ်ထားတဲ့ရက်အတိုင်း ကျင်းပမယ်ဆိုရင် ရွေးကောက်ပွဲဖြစ်စဉ်အပေါ် ယုံကြည်မှု၊ ရွေးကောက်ပွဲရလဒ် တရားဝင်မှုနဲ့ ရွေးကောက်ပွဲအလွန်ကာလ တည်ငြိမ်မှုအတွက် အနိမ့်ဆုံး အခြေခံလိုအပ်ချက်တွေပါပဲ။ သို့ပေမဲ့လည်း ကိုဗစ်-၁၉ကပ်ရောဂါရဲ့ သက်ရောက်မှုဟာ နိုင်ငံရဲ့လူမှုစီးပွားနဲ့ နိုင်ငံရေးဖြစ်စဉ်တခုလုံးကို သက်ရောက်တာကြောင့် ရွေးကောက်ပွဲကို မူလသတ်မှတ်ထားတဲ့အတိုင်း ကျင်းပမလား ဒါမှမဟုတ် ရွှေ့ဆိုင်းမလားဆိုတာဟာ ရွေးကောက်ပွဲလုပ်ငန်းစဉ် ကိစ္စတခုတည်းကိုပဲ တည်ပြီးစဉ်းစားရုံနဲ့ မလုံလောက်ပါဘူး။ လူသားလုံခြုံရေးနဲ့ အခြားနိုင်ငံရေးဖြစ်စဉ်တွေနဲ့ပါ ချိန်ထိုး ဆုံးဖြတ်ရမှာပဲ ဖြစ်ပါတယ်။ ဒါကြောင့် လက်ရှိအစိုးရနဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်တို့အနေနဲ့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန အပါအဝင် အခြား အစိုးရဝန်ကြီးဌာနတွေနဲ့ အကျေအလည်ဆွေးနွေးဖို့ လိုအပ်သလို  ရွေးကောက်ပွဲဖြစ်စဉ်မှာ အဓိကပါဝင်နေကြတဲ့ နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံဆွေးနွေးပြီး သဘောတူညီချက်ရပြီးမှသာ ဆုံးဖြတ်သင့်ပါတယ်။

ကိုးကားစာရင်း

https://www.mohs.gov.mm/page/9914

Global Network of Domestic Election Monitors (GNDEM). (2020). Guidance on election monitoring during the COVID-19 Pandemic. https://gndem.org/stories/guidance-on-election-monitoring-during-the-covid-19-pandemic/

Sai Ye Kyaw Swar Myint

စိုင်းရဲကျော်စွာမြင့်သည် ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့ (PACE) ၏ အမှုဆောင်ဒါရိုက်တာဖြစ်သည်။

Related article
ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါနှင့်  လော့ခ်ဒေါင်းမှတ်စု  (လော့ခ်ဒေါင်းနှင့်အတူနေထိုင်ခြင်း)

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါနှင့် လော့ခ်ဒေါင်းမှတ်စု (လော့ခ်ဒေါင်းနှင့်အတူနေထိုင်ခြင်း)

လော့ခ်ဒေါင်းချ ဆောင်ရွက်တဲ့ အခါမှာ ဆင်းရဲတဲ့အိမ်ထောင်စုတွေ၊ အလုပ်အကိုင် ဆုံးရှုံးသွားသူတွေ၊ ချို့တဲ့အားနည်းတဲ့ လူတွေအတွက်လည်း အဓိကစဉ်းစားပေးပြီး ကုစားရေး…

တရုတ်နိုင်ငံ၏ ကိုဗစ်-၁၉ကာကွယ်ဆေး သံတမန်လှုပ်ရှားမှုနှင့် မြန်မာနိုင်ငံအတွက် အလားအလာ

တရုတ်နိုင်ငံ၏ ကိုဗစ်-၁၉ကာကွယ်ဆေး သံတမန်လှုပ်ရှားမှုနှင့် မြန်မာနိုင်ငံအတွက် အလားအလာ

တရုတ်နိုင်ငံဟာ ကာကွယ်ဆေးကို အများကောင်းကျိုးအဖြစ် အသုံးပြုမယ်၊ မြန်မာနိုင်ငံစတဲ့ မိတ်ဖက်နိုင်ငံတွေကို ဦးစားပေးဖြန့်ဝေမယ် ဆိုတာဟာ စေတနာကောင်းရင်တောင် လက်တွေ့…

ကိုဗစ်အလွန် နေပြည်တော်၏ ပေကျင်းနှင့်သံခင်းတမန်ခင်း

ကိုဗစ်အလွန် နေပြည်တော်၏ ပေကျင်းနှင့်သံခင်းတမန်ခင်း

မြန်မာနိုင်ငံ အပါအဝင် အာဆီယံနိုင်ငံများသည် ကိုဗစ်အလွန် ဝါရှင်တန်နှင့် ပေကျင်း အားပြိုင်မှုအကြား စည်းဝါးကိုက် ရပ်တည်နိုင်ရေး ဦးတည်ကြရမည်ဖြစ်ပြီး…

Discussion about this post

Leave a Reply

Your email address will not be published. Required fields are marked *

Type your search keyword, and press enter to search