Menu & Search

ကိုဗစ်အလွန် နေပြည်တော်၏ ပေကျင်းနှင့်သံခင်းတမန်ခင်း

October 9, 2020

ကိုဗစ်အလွန် ကာလသည် အရည်အသွေးပြည့် ကာကွယ်ဆေးကို ကျယ်ကျယ်ပြန့်ပြန့် ထိုးပေးနိုင်မည့်အချိန်တွင် အစပြုမည် ဖြစ်သည်။ နိုင်ငံတကာဆက်ဆံရေး အပါအဝင် နယ်ပယ်အသီးသီးတွင် ပုံမှန်အသစ်သည် နေရာယူလာမည်ဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာ ပြန်လည်ထူထောင်ရေးကာလ အတောအတွင်း သံခင်းတမန်ခင်းသည် သော့ချက်ကျလာမည် ဖြစ်သည်။ နေပြည်တော်သည် ပေကျင်းနှင့် နီးစပ်လွန်း၊ နီးကပ်လွန်းသည့်အလျောက် ကိုဗစ်အလွန် သံခင်းတမန်ခင်းတွင် ရှဉ့်လည်းလျှောက်သာ၊ ပျားလည်းစွဲသာထုံး နှလုံးမူလျက် ဆန်းစစ်သုံးသပ်၊ စီမံချက်ချမှတ်၊ ဖော်ဆောင်နိုင်ရေး ရှေးရှုရမည် ဖြစ်သည်။

၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၁ ရက်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်နှင့် ထိပ်တန်း သံကြီးတမန်ကြီး ရန်ကျဲ့ချိကို နေပြည်တော်၌ လက်ခံတွေ့ဆုံခဲ့သည်။ နှစ်နိုင်ငံတွေ့ဆုံဆွေးနွေးပွဲတွင် ကိုဗစ်-၁၉ ကပ်ရောဂါကာကွယ်ဆေး စတင် ဖြန့်ဝေသည့်အချိန်တွင် မြန်မာနိုင်ငံသို့ ထောက်ပံ့သွားရေး၊ သမ္မတ ရှီကျင့်ဖျင်၏ ခရီးစဉ်အတွင်း နှစ်ဖက်သဘောတူညီမှုရရှိခဲ့သည့် အကျိုးတူစီမံကိန်းများ အရှိန်အဟုန်မပျက် ဆက်လက်အကောင်အထည်ဖော်ဆောင်ရေး၊ ကိုဗစ်-၁၉ကပ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် နှစ်နိုင်ငံ ဆက်လက်ပူးပေါင်းဆောင်ရွက်ရေး အပါအဝင် နှစ်နိုင်ငံ ဆက်ဆံရေးကိစ္စများကို ဆွေးနွေးခဲ့သည်။

ဂျပန်နိုင်ငံခြားရေးဝန်ကြီး မိုတဲဂိတိုရှိမိစု၏ ဩဂုတ်လကုန်ပိုင်း မြန်မာနိုင်ငံ ခရီးစဉ်အလွန် လာရောက်ခဲ့သည့် တရုတ် ထိပ်တန်းသံတမန်ကြီး၏ ခရီးစဉ်သည် ကိုဗစ်အလွန် နှစ်နိုင်ငံဆက်ဆံရေးနှင့် ဒေသတွင်း သံခင်းတမန်ခင်းအတွက် အရေးကြီးသည့် ခြေလှမ်းပင် ဖြစ်သည်။ ပေကျင်းအနေဖြင့် ကိုဗစ်ကပ်ဘေးအတွင်း နေပြည်တော်နှင့် ပို၍ နီးကပ်သထက် နီးကပ်လာနေသော တိုကျိုနှင့် နယူးဒေလီတို့ကို သတိကြီးကြီးထား စောင့်ကြည့်နေပုံရသည်။ အဆိုပါ နှစ်နိုင်ငံကလည်း နေပြည်တော်နှင့် နီးနီးကပ်ကပ် ဗျူဟာမြောက် ဆက်ဆံ၍ ပေကျင်း၏ ရှိရင်းစွဲဩဇာကို လျှော့ချထိန်းညှိရန် ရည်ရွယ်ရင်း ဖြစ်သည်။ သမုဒ္ဒရာနှစ်စင်း ဗျူဟာအရ ပေကျင်းအဖို့ အရေးပါသည့် အိန္ဒိယသမုဒ္ဒရာထွက်ပေါက်ကို အကြောင်းပြုလျက် နေပြည်တော်သည် ဒေသတွင်း သံခင်းတမန်ခင်း မင်းသားကြီး ဖြစ်လာနေသည်ဟု သုံးသပ်မှုများလည်း ရှိနေသည်။

နယူးဒေလီ၊ တိုကျိုနှင့် ဆိုးလ်တို့သည် ဝါရှင်တန်နှင့် မိတ်ဖက်ရပ်တည်လျက်ရှိပြီး ပေကျင်းသည် အာဆီယံဒေသနှင့် အာဖရိကဒေသတို့ကို ကာကွယ်ဆေး သံခင်းတမန်ခင်း၊ လူမှုစီးပွားဘဝ ပြန်လည်ထူထောင်ရေးစသည့် ကြွေးကြော်သံများဖြင့် ထိုးဖောက်၊ ချဉ်းကပ်လျက် ရှိသည်။ ကိုဗစ်အလွန် ပုံမှန်အသစ်တွင် ဝါရှင်တန်နှင့် ပေကျင်းအကြား အားပြိုင်မှုသည် မလွဲမသွေ တရိပ်ရိပ် မြင့်တက်နေဦးမည်ဖြစ်ပြီး၊ အိန္ဒိယသမုဒ္ဒရာဘက်ကိုလည်း ရိုက်ခတ် သက်ရောက်လာမည် ဖြစ်သည်။ သို့ဆိုလျှင် နေပြည်တော်သည် ကိုဗစ်အလွန် ဒေသတွင်း သံခင်းတမန်ခင်းတွင် ပို၍ ဗျူဟာမြောက် အရေးပါလာနိုင်ဖွယ်ရှိသည့် အားလျော်စွာ နဂိုရှိရင်းစွဲ သံခင်းတမန်ခင်းကို ပြန်လည်သုံးသပ်ပြီး ပိုမိုဆန်းသစ်၊ အလုပ်ဖြစ်၊ သာတူညီမျှဖြစ်မည့် ဗျူဟာများ၊ လုပ်ဟန်များ၊ နည်းနာများကို ညှိနှိုင်းချမှတ်၊ ဖော်ဆောင်နိုင်ရန် စိုင်းပြင်းသင့်သည်။

ပေကျင်း၏ ဝါရင့် သံကြီးတမန်ကြီး ရန်ကျဲ့ချိသည် ဩဂုတ်နှင့် စက်တင်ဘာလတွင် စင်ကာပူနိုင်ငံ၊ တောင်ကိုရီးယားနိုင်ငံ၊ မြန်မာနိုင်ငံ၊ ဂရိနိုင်ငံနှင့် စပိန်နိုင်ငံတို့ကို အလုပ်သဘော အလည်အပတ်ခရီး သွားရောက်ခဲ့ပြီး နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိကလည်း ဥရောပနိုင်ငံများသို့ သံခင်းတမန်ခင်း ခြေဆန့်ခဲ့သည်။ ရန်ကျဲ့ချိနှင့် ဝမ်ယိတို့၏ ခရီးစဉ်များသည် ကိုဗစ်ကပ်ဘေးအတွင်း ဝါရှင်တန်နှင့် ပေကျင်းတို့အကြား ထိပ်တိုက်တွေ့မှု၊ ကိုဗစ်အလွန် စီးပွားရေးပြန်လည်ထူထောင်ရေး၊ နိုင်ငံစုံ ဘက်စုံပူးပေါင်း ဆောင်ရွက်နိုင်ရေး၊ သာတူညီမျှ သာယာဝပြောရေးတို့နှင့် ဆက်စပ်သော ဗျူဟာမြောက် ခြေလှမ်းကြီးပင် ဖြစ်သည်။ ရန်ကျဲ့ချိ၏ နေပြည်တော်ခရီးစဉ်ကလည်း ဒေသတွင်း သံခင်းတမန်ခင်းတွင် မြန်မာနိုင်ငံ၏အရေးပါမှုကို ထင်ဟပ်စေခဲ့သည်မှာ ငြင်းမရသောအချက်ပင် ဖြစ်သည်။

ကမ္ဘာ့နိုင်ငံ အများစုအကြား ကိုဗစ်ကပ်ရောဂါဘေး ပြင်းထန်နေဆဲကာလတွင် ဝါရှင်တန်နှင့် ပေကျင်းတို့အကြား ထိပ်တိုက်တွေ့မှုသည် ကုလသမဂ္ဂ အထွေထွေညီလာခံ စင်မြင့်ထက်အထိ ခရီးပေါက်ခဲ့သည်။ သမ္မတထရမ့်က ပေကျင်းအနေဖြင့် ကိုဗစ် ကပ်ရောဂါဘေးနှင့် စပ်လျဉ်း၍ တာဝန်ယူမှု၊ တာဝန်ခံမှု ရှိရမည်ဟု ပြောကြားခဲ့ပြီး သမ္မတရှီက သူ့နိုင်ငံအနေဖြင့် မည်သည့်နိုင်ငံနှင့်မှ စစ်အေးစစ်ဖြစ်ရန် မရည်ရွယ်ကြောင်း ပြောကြားခဲ့သည်။  လင်းယုန်နှင့် နဂါးအကြား အာရ-ပစိဖိတ်ဒေသတွင်း အားပြိုင်မှုသည် မြင့်တက်လျက်ရှိပြီး ထိုင်ဝမ်နှင့် တောင်တရုတ်ပင်လယ်သည် မုန်တိုင်း၏ဗဟိုချက်မ ဖြစ်နေလင့်ကစား အိန္ဒိယသမုဒ္ဒရာသည်လည်း မုန်တိုင်းရပ်ဝန်းထဲ ကျရောက်လျက်ရှိနေသည်မှာ အထင်အရှားပင် ဖြစ်သည်။

နေပြည်တော်သည် ပေကျင်းနှင့် စီးပွားရေး ရင်းနှီးမြှုပ်နှံမှု၊ နိုင်ငံတကာ သံခင်းတမန်ခင်း စသည့် ကဏ္ဍများတွင် နီးနီးကပ်ကပ် ဆက်ဆံနေရပြီး၊ နှစ်နိုင်ငံအကြား ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီ ရပ်တည်နေရသည့်သဘော တွေ့နေရသည်။ ကိုဗစ်အလွန်ကာလတွင် မြန်မာနိုင်ငံ အပါအဝင် ဒေသတွင်း နိုင်ငံများသည် စီးပွားရေး ပြန်လည် ရုန်းထရေးအတွက် အစွမ်းကုန် ရုန်းကန်ကြရမည် ဖြစ်ပြီး၊ ငွေပင်ငွေရင်းနှင့် စီမံကိန်းများ အဆင်သင့် ရှိပြီးဖြစ်နေသည့် ပေကျင်းအဖို့ အခြားနိုင်ငံများ ထက် နှာတဖျားသာနေမည်မှာ ဧကန်မုချပင်ဖြစ် သည်။ နေပြည်တော်အနေဖြင့် လင်းယုန်နှင့် ရော၊ နဂါးနှင့်ပါ ဗျူဟာမြောက်ဆက်ဆံရေးကို မိတ်မပျက် ထိန်းထားနိုင်ရေး အဆောတလျင် လေ့လာသုံးသပ်၊ ဆန်းစစ်၍ စီမံပြင်ဆင်ထားသင့်သည်။

ပေကျင်း၏ ကာကွယ်ဆေး သံခင်းတမန်ခင်းသည် အပေါ်ယံအားဖြင့် ချစ်ကြည်ရေးကို ပိုကောင်းစေလိမ့်မည်ဟု ဆိုနိုင်သော်လည်း လက်တွေ့အားဖြင့် ဝင်ငွေနှင့် စီးပွားရေးအရ အားနည်းချည့်နဲ့သော နိုင်ငံများအား ခေါင်းပုံဖြတ် အမြတ်ထုတ်လိုရင်းပင် ဖြစ်သည်ဟု ဝေဖန်သံများက နယူးဒေလီဘက်တွင် ကျယ်လောင်လျက် ရှိသည်။ ပေကျင်းသည် ကိုဗစ်ရောဂါ ကာကွယ်ဆေးကို တရုတ် ရင်းနှီးမြှုပ်နှံမှုစီမံကိန်းများနှင့် ချိတ်ဆက်ထားပြီး ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ကိုဗစ် ကာကွယ်ဆေးနှင့် ရင်းနှီးမြှုပ်နှံမှု စီမံကိန်းကို အလဲအထပ်လုပ်မည့် ခြေလှမ်းဟု သုံးသပ်မှုများလည်း ရှိနေသည်။ အဆိုပါ အကျပ်အတည်းကာလတွင် နေပြည်တော်၏ ဝါရှင်တန်၊ တိုကျို၊ နယူးဒေလီတို့နှင့် သံခင်းတမန်ခင်းသည် ပေကျင်း၏ ဩဇာအရှိန်အဝါကို ထိန်းညှိရာတွင် ကုတ်အားဖြစ်စေမည်မှာ မြေကြီးလက်ခတ်မလွဲပင် ဖြစ်သည်။

ပေကျင်းသည် ကိုဗစ်-၁၉ သံခင်းတမန်ခင်းနှင့် ကာကွယ်ဆေး သံခင်းတမန်ခင်းကို သုံး၍ ၂၁ ရာစု ပိုးလမ်းမစီမံကိန်းကို ကိုဗစ်အလွန် ပုံမှန်အသစ်တွင် အင်တိုက် အားတိုက် အရှိန်မြှင့်ဖို့ ပြင်ဆင်ဆောင်ရွက်လျက် ရှိသည်။ မြန်မာနိုင်ငံ အပါအဝင် အာဆီယံနိုင်ငံများသည် ကိုဗစ်အလွန် ဝါရှင်တန်နှင့် ပေကျင်း အားပြိုင်မှုအကြား စည်းဝါးကိုက် ရပ်တည်နိုင်ရေး ဦးတည်ကြရမည်ဖြစ်ပြီး အားပြိုင်မှုထဲ မပိတ်မိဖို့ အားထုတ်ကြရမည် ဖြစ်သည်။ နေပြည်တော်သည် ပေကျင်း၏ အိမ်နီးချင်းဖြစ်သည့်အပြင် နိုင်ငံရေး၊ သံရေးတမန်ရေး၊ စီးပွားရေးအရ အမှီသဟဲပြုနေရသဖြင့် အခြား အာဆီယံနိုင်ငံများထက် ပိုသတိရှိရမည် ဖြစ်သည်။ ဘန်ကောက်၊ ကွာလာလမ်ပူ၊ ဟနွိုင်နှင့် နေပြည်တော်မှလွဲ၍ ကျန် အာဆီယံနိုင်ငံများသည် ၂၁ ရာစု ပိုးလမ်းမစီမံကိန်းကို အကြောင်းပြုကာ ပေကျင်းဘက် ယိမ်းနေကြပြီဟုလည်း အကဲဖြတ်မှုအချို့ ရှိနေ သည်။

မြန်မာနိုင်ငံတွင် စီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှု စသည့် နှောင်ကြိုးများနှင့် တုပ်နှောင်နေသည့် ကိုဗစ်ရောဂါကာကွယ်ဆေးသည် ဆေးမဖြစ်၊ ဘေးဖြစ်လိမ့်မည်ဟု သုံးသပ်သံများ ကြားနေရသည်။ နှောင်ကြိုးမပါသော ကာကွယ်ဆေး သံခင်းတမန်ခင်းသည် ပေကျင်းနှင့် နေပြည်တော်အကြား ပြည်သူနှင့် ပြည်သူချင်း ဆက်ဆံရေးကို ပိုမို ကောင်းမွန်စေမည်ဖြစ်ပြီး နှောင်ကြိုးနှင့် ကိုဗစ်ကာကွယ်ဆေးသည် မြန်မာပြည်သူ လူထုအကြား ပေကျင်းဆန့်ကျင်ရေးအမြင် သဘောထားများကို ပိုအားကောင်းစေမည် ဖြစ်သည်ကို တရုတ်နိုင်ငံပါတီနှင့် အစိုးရခေါင်းဆောင်များအနေဖြင့် မျက်ခြည် မပြတ်သင့်ပေ။ အကယ်၍ ကာကွယ်ဆေးနှင့် ရင်းနှီးမြှုပ်နှံမှုစီမံကိန်းတို့ကို ချိတ်ဆက်မည်ဆိုလျှင် သမ္မတရှီ ဆော်ဩလျက်ရှိသည့် ပြည်သူချင်း ဆက်ဆံရေးနှင့် ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးတို့သည် မြန်မာနိုင်ငံတွင် အရာထင်၊ ရှေ့တန်းရောက်လာနိုင်ခြေ နည်းပြီး ရေပေါ်အရုပ်ရေးရုံသက်သက် ဖြစ်လိမ့်မည်။

ကာကွယ်ဆေး သံခင်းတမန်ခင်းနှင့်အတူ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ အရှိန်မြှင့်တင်ရန် ဟန်ပြင်နေသည့် ပေကျင်းကို တန်ပြန်နိုင်ရေး တိုကျို၊ နယူးဒေလီနှင့် ဆိုးလ်တို့ကလည်း ခြေလှမ်းသွက်လျက် ရှိသည်။ စက်တင်ဘာ ၂၅ ရက် ပြည်သူများသို့ အစီရင်ခံတင်ပြသည့် မိန့်ခွန်းတွင် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က “အခုဆိုရင် ကျမတို့ကနေပြီး Antigen test kit အဖြစ်ပေါ့နော်။ မြန်မြန်ဆန်ဆန်နဲ့ ရောဂါပိုး ရှိ၊ မရှိကို စမ်းသပ်နိုင်တဲ့၊ မှန်မှန်ကန်ကန် စမ်းသပ်နိုင်တဲ့ ပစ္စည်းဆေးဝါးတွေကို အခု တောင်ကိုရီးယားနိုင်ငံကနေပြီး နိုင်ငံတော်ကနေ တသိန်း မှာထားပါတယ်။ တောင်ကိုရီးယားနိုင်ငံ အစိုးရကလည်း ဒေါ်လာငါးသိန်းဖိုး လှူမှာ ဖြစ်ပါတယ်”ဟု ပြောကြားခဲ့သည်။

အိန္ဒိယသံအမတ်ကြီး ဆော်ရက်(ဘ်)ကူမားသည် စက်တင်ဘာ တတိယအပတ်တွင် ကိုဗစ်-၁၉ကူးစက်ရောဂါ ကုသရေး၌ အသုံးပြုရန်အတွက် Zydus Cadila ဆေးကုမ္ပဏီမှထုတ်သော Remdesivir ထိုးဆေးများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။  ဂျပန်နိုင်ငံကလည်း စက်တင်ဘာ လဆန်းပိုင်းတွင် ကိုဗစ်ကပ်ရောဂါ အရေးပေါ် အထောက်အပံ့ချေးငွေအဖြစ် တနှစ်လျှင် ဝ ဒသမ ဝ၁ ရာခိုင်နှုန်းအတိုးဖြင့် အမေရိကန်ဒေါ်လာ သန်း ၂၈၀ နီးပါး ပံ့ပိုးခဲ့သည်။  နယူးဒေလီ၊ တိုကျိုနှင့် ဆိုးလ်တို့သည် နေပြည်တော်၏ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းစဉ်တွင် တက်တက်ကြွကြွ ဝန်းရံပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ကိုဗစ်အလွန် လူမှုစီးပွားဘဝ ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင်လည်း ကျယ်ကျယ်ပြန့်ပြန့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန် ပြင်ဆင်ထားပုံရသည်။ သို့ဖြင့် ကိုဗစ်နှင့် ကိုဗစ်ကာကွယ်ဆေးကို အကြောင်းပြုလျက် ကိုဗစ်အလွန်ကာလတွင် ပေကျင်း၏ အသာစီးရနိုင်ခြေ၊ နှာတဖျားသာနိုင်ခြေတို့ကို ထိန်းညှိလျှော့ချနိုင်ရေး အားထုတ်နေကြပုံရသည်။

မြန်မာနိုင်ငံအနေဖြင့် လက်ရှိ နိုင်ငံတကာဆက်ဆံရေး အခင်းအကျင်းကို ဆန်ရင်း နာနာဖွပ် ထုံးနှလုံးမူလျက် အရှိအတိုင်း ပြန်လည်သုံးသပ်ပြီး အားနည်းချက်များ၊ လိုအပ်ချက်များ၊ ဟာကွက်များကို ဆန်းစစ်ဖော်ထုတ်၍ အဆောတလျင် ပြုပြင် ပြောင်းလဲနိုင်ရေး ဦးတည်သင့်သည်။ နိုင်ငံခြားရေးဝန်ကြီးဌာန အပါအဝင် အစိုးရအဖွဲ့တစ်ခုလုံးတွင် ဗဟိုချုပ်ကိုင်မှုနှင့် ဗျူရိုကရေစီယန္တရား အလွန်အမင်း အားကောင်နေခြင်းကို မြန်မြန်ထက်ထက် ဖြေလျှော့ပြုပြင်နိုင်မှသာ ၂၀၂၁ ခုနှစ်အလွန် မြန်မာနိုင်ငံ၏ သံခင်းတမန်ခင်းသည် မျက်နှာပန်းလှလာမည် ဖြစ်သည်။ ဗျူဟာမြောက် အရေးပါသည့် ဝါရှင်တန်၊ ဘရပ်ဆယ်လ်၊ လန်ဒန်၊ ဂျနီဗာ၊ နယူးဒေလီ၊ တိုကျို စသည့် သံရုံးများ၏ သံအမတ်ကြီးနေရာများကို နိုင်ငံရေးအရ ခန့်အပ်တာဝန်ပေးနိုင်ရန် သုံးသပ်သင့်ပြီး သံအမတ်ကြီးများထံ တာဝန်များနှင့် လုပ်ပိုင်ခွင့်များကို တိတိကျကျ ပေးအပ်ထားရန် လိုအပ်မည် ဖြစ်သည်။ အတွေ့အကြုံရင့် သံတမန်ဟောင်းများကို ပြန်လည်စုစည်းလျက် မြန်မာနိုင်ငံ၏ သံခင်းတမန်ခင်းနှင့် စပ်လျဉ်း၍ လေ့လာစောင့်ကြည့်မှုများနှင့် ဆန်းစစ်သုံးသပ်မှုများကို စဉ်ဆက်မပြတ် ဆောင်ရွက်ရန် လိုအပ်သည့် အပြင် အစိုးရအကြီးအကဲများက အကြံပြုချက်များ၊ အဆိုပြုချက်များကို အလေးအနက် သုံးသပ်ဆင်ခြင်နိုင်ပြီး အဆုံးအဖြတ်ပြုရာတွင် ထည့်သွင်း သုံးသပ်နိုင်မည် ဆိုလျှင် အတိုင်းထက်အလွန်ဟု ဆိုရမည်ဖြစ်သည်။ နေပြည်တော်အနေဖြင့် ပေကျင်း နှင့် သံခင်းတမန်ခင်းတွင် ပြည်သူနှင့် ပြည်သူချင်း ဆက်ဆံရေးကောင်းမွန်ရန်နှင့် အေးအတူ ပူအမျှ အသိုက်အဝန်းထူထောင်နိုင်ရန် မည်သို့မည်ပုံ ဆောင်ရွက်သင့်ကြောင်း၊ ပြုပြင်ပြောင်းလဲသင့်ကြောင်း မြန်မာပညာရှင်များ၊ သုတေသီများ၏ ရှုမြင်ချက်များ၊ တိုက်တွန်း အဆိုပြုချက်များကို စုစည်းရယူ၊ လေ့လာသုံးသပ်ရန် လိုအပ်မည်ဖြစ်ပြီး၊ တရုတ် ကွန်မြူနစ်ပါတီနှင့် အစိုးရခေါင်းဆောင်များကိုလည်း အသိပေး၊ ပေါင်းစပ်ဆောင်ရွက်နိုင်ရေးကျိုးကြောင်းပြ၊ တိုက်တွန်းဆော်ဩနိုင်ရန် သော့ချက်ကျမည် ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ ကိုဗစ်အလွန် ပုံမှန်အသစ်တွင် နိုင်ငံတကာဆက်ဆံရေး နယ်ပယ်အပါအဝင် နယ်ပယ်ပေါင်းစုံတွင် စိန်ခေါ်မှုအသစ်၊ အကျပ်အတည်းအသစ်၊ ပြဿနာအသစ်များနှင့် နဖူးတွေ့ဒူးတွေ့ ရင်ဆိုင်လာကြရမည်ဖြစ်ပြီး ထိုထို အသစ်များနှင့် စပ်လျဉ်း၍ ယခုကတည်းက အကြိတ်အနယ် ဆွေးနွေး၊ ဗျူဟာချ၊ ရေတို ရေရှည် စီမံချက်ချနိုင်ဖို့ စုဖွဲ့ပြင်ဆင်နေကြရမည် ဖြစ်သည်။ ကိုဗစ်ကပ်ဘေးသည် အရေးကြီးသကဲ့သို့ ကိုဗစ်အလွန် အကျပ်အတည်းကလည်း အလွန်အရေးကြီးမည် ဖြစ်ပါသည်။ ကိုဗစ်အလွန် နယ်ပယ်စုံ ပြန်လည်ထူထောင်ရေးလှိုင်းကြီးနှင့် ပက်ပင်း တိုးမည့် ရွေးကောက်ပွဲအလွန်အစိုးရအနေဖြင့် ယခုကတည်းက စု၊ တု၊ ပြုနိုင်ရေး အရှိန်အဟုန်မြှင့်ရမည်ဖြစ်သည်။ အိမ်နီးချင်းကို ရွေးချယ်မရနိုင်သည့်အလျောက် ကိုဗစ်အလွန် ပေကျင်းနှင့် သံခင်းတမန်ခင်းသည် အပြစ်အနာကင်းပြီး၊ အေးအတူ ပူအမျှ အသိုက်အဝန်းစစ်စစ်၊ ပြည်သူနှင့် ပြည်သူချင်း ဆက်ဆံရေးစစ်စစ်ဖြစ်ဖို့ လွှတ်တော်၊ အစိုးရ၊ တပ်မတော်၊ တိုင်းရင်းသားများနှင့် တတ်သိပညာရှင်များ၊ သုတေသီများ ကျောချင်းကပ်၊ ဟန်ချက်ညီညီ ဝိုင်းကြ၊ ဝန်းကြ၊ ငြင်းကြခုံကြ၊ ဆွေးနွေး အမြင်ဖလှယ်ကြရင်း ညှိနှိုင်းပေါင်းစပ်ပုံဖော်နိုင်ရန် လိုအပ်မည်ဖြစ်ပါကြောင်း သုံးသပ် တင်ပြလိုက်ရပါသည်။

စာညွှန်း

https://www.statecounsellor.gov.mm/node/4354

https://www.bbc.com/news/world-54253408

https://economictimes.indiatimes.com/news/international/business/chinas-vaccine diplomacy-tool-to-exploit-economically-weaker-states/articleshow/78228655.cms

Southeast Asia and the Belt and Road Initiative by Aisa Centre (centreasia.eu)

https://www.moi.gov.mm/index.php/news/6515

https://www.mm.emb-japan.go.jp/profile/english/press/20200901.html

Dr. Yan Myo Thein

ဒေါက်တာရန်မျိုးသိမ်းသည် နိုင်ငံရေးလေ့လာသုံးသပ်သူတဦး ဖြစ်သည်။

Related article
မြန်မာနိုင်ငံနှင့် ကိုဗစ်ကာကွယ်ဆေး ထိုးနှံနိုင်မှု အလားအလာ

မြန်မာနိုင်ငံနှင့် ကိုဗစ်ကာကွယ်ဆေး ထိုးနှံနိုင်မှု အလားအလာ

မြန်မာနိုင်ငံက အခုအချိန်မှာ လူပေါင်း ၁ ဒသမ ၇ သန်းကို ကာကွယ်ဆေး ထိုးနှံ ပြီး…

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါနှင့်  လော့ခ်ဒေါင်းမှတ်စု  (လော့ခ်ဒေါင်းနှင့်အတူနေထိုင်ခြင်း)

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါနှင့် လော့ခ်ဒေါင်းမှတ်စု (လော့ခ်ဒေါင်းနှင့်အတူနေထိုင်ခြင်း)

လော့ခ်ဒေါင်းချ ဆောင်ရွက်တဲ့ အခါမှာ ဆင်းရဲတဲ့အိမ်ထောင်စုတွေ၊ အလုပ်အကိုင် ဆုံးရှုံးသွားသူတွေ၊ ချို့တဲ့အားနည်းတဲ့ လူတွေအတွက်လည်း အဓိကစဉ်းစားပေးပြီး ကုစားရေး…

တရုတ်နိုင်ငံ၏ ကိုဗစ်-၁၉ကာကွယ်ဆေး သံတမန်လှုပ်ရှားမှုနှင့် မြန်မာနိုင်ငံအတွက် အလားအလာ

တရုတ်နိုင်ငံ၏ ကိုဗစ်-၁၉ကာကွယ်ဆေး သံတမန်လှုပ်ရှားမှုနှင့် မြန်မာနိုင်ငံအတွက် အလားအလာ

တရုတ်နိုင်ငံဟာ ကာကွယ်ဆေးကို အများကောင်းကျိုးအဖြစ် အသုံးပြုမယ်၊ မြန်မာနိုင်ငံစတဲ့ မိတ်ဖက်နိုင်ငံတွေကို ဦးစားပေးဖြန့်ဝေမယ် ဆိုတာဟာ စေတနာကောင်းရင်တောင် လက်တွေ့…

Discussion about this post

Leave a Reply

Your email address will not be published. Required fields are marked *

Type your search keyword, and press enter to search