Menu & Search

ကိုဗစ်-၁၉ ကပ်ဘေးအကျပ်အတည်း၊ ဖြစ်တန်ခြေ အခင်းအကျင်းများနဲ့ မြန်မာ့နိုင်ငံရေး စတိုရီသစ်

October 9, 2020

အဖွင့်နှင့် ခြုံငုံတင်ပြချက်

ဒီ ကိုဗစ်-၁၉ ကပ်ဘေးကာလမှာ အကျပ်အတည်းကို အဟောသိကံ မဖြစ်စေနဲ့ ဆိုတဲ့ စကားဟာ ဖန်တရာတေ ပြောနေကြရသလို ဖြစ်နေပါပြီ။ အကျပ်အတည်းဆိုတဲ့ အင်္ဂလိပ်စကား Crisis ဟာ ဂရိဝေါဟာရ Krisis က ဆင်းသက်လာပြီး turning point အလှည့်အပြောင်းလို့ အဓိပ္ပာယ်ထွက်ပါတယ်။ အလှည့်အပြောင်းကာလဆိုတာ ရှိရင်းစွဲ ဖြေရှင်းပုံနည်းလမ်းတွေနဲ့ ကြုံတွေ့နေရတဲ့စိန်ခေါ်မှုကို ဖြေရှင်းဖို့ မလုံလောက်တော့တဲ့အခါ ဖြေရှင်းနည်းအသစ်တွေကို တီထွင်ကြံဆဖို့ ဖိအားပေးတဲ့ ကာလမျိုးပါပဲလို့ သုတေသီတွေက ဆိုပါတယ်။ ဒါပေမဲ့ အကျပ်အတည်းဖြစ်တိုင်း ဖြေရှင်းနည်းသစ်တွေ ပေါ်တာ မဟုတ်သလို ဖြေရှင်းနည်းသစ်တိုင်းကလည်း အောင်မြင်တာမဟုတ်ပါဘူး။ အောင်မြင်သလိုလိုနဲ့ လှော်တက်ထောင်မိရုံရှိသေး မအောင်မြင်ဘဲ အကျပ်အတည်း ဝဲဂယက်ထဲ ပြန်မြုပ်ဆင်းသွားရတာ၊ တစိတ်တပိုင်းသာ အောင်မြင်ပြီး လုံလောက်မှု မရှိလို့ လျှောမွေးဖြစ်ရတာတွေလည်း အများကြီးပါပဲ။

ဒီဆောင်းပါးမှာ ဆွေးနွေးချင်တာက

(၁)        လက်ရှိမှာ အခြေအနေကြောင့်ဖြစ်တဲ့ အကျပ်အတည်း (Situational Crisis) ဟာ အကိုင်အတွယ်မှားရင်၊ အကိုင်အတွယ် မှန်စေကာမူ အချိန် နောက်ကျတာနဲ့ စွမ်းဆောင်ရည်အားနည်းတာ ပေါင်းစပ်သွားရင် အင်စတီကျူးရှင်းကို ခေါင်းတည်တဲ့ အကျပ်အတည်း (Institutional Crisis) အဖြစ် ပြောင်းလဲသွားနိုင်ပါတယ် (Dyson & ‘t Hart 2013)။ အင်စတီကျူးရှင်းအကျပ်အတည်းဆိုရာမှာ ကျန်းမာရေးစနစ် အင်စတီကျူးရှင်းသာမက စီးပွား၊ နိုင်ငံရေးနဲ့ လုံခြုံရေးဆိုင်ရာ အကျပ်အတည်းတွေကိုလည်း ရည်ညွှန်းပါတယ်။

(၂)        ဒီလိုဖြစ်ရင် ဒါဟာ ၁၉၈၈ လူထုအုံကြွမှုနောက်ပိုင်း မြန်မာ့လူ့အဖွဲ့အစည်း ကြုံရမယ့် အကြီးမားဆုံးသော အကျပ်အတည်းသိမ့်ခါမှု ဖြစ် မယ်။ ၈၈ အုံကြွမှုဟာ နိုင်ငံရေးဖိနှိပ်မှုနဲ့ စီးပွားရေးအရ ခါးစည်းခံနိုင်စွမ်း မရှိတော့မှုတွေကြောင့် ပေါ်ပေါက်ခဲ့ရတာဖြစ်ပြီး ဒီကိုဗစ်-၁၉ သိမ့်ခါမှုကတော့ ရောဂါကပ်ဘေးကတွန်းပို့ပြီး နိုင်ငံရေး (အထူးသဖြင့် အကျပ် အတည်းနိုင်ငံရေး) စီမံခန့်ခွဲမှုအလွဲအမှားတွေနဲ့ စီးပွားရေး ခါးစည်းခံနိုင်စွမ်း မရှိမှုတွေကို အကျိုးဆက်အဖြစ် ကြုံနိုင်ပါတယ်။ တနည်းအား ဖြင့် ၁၉၈၈ ခုနှစ် အကျပ်အတည်းသိမ့်ခါမှုဟာ နိုင်ငံရေးစနစ် အုပ်စိုးမှု စနစ်လွဲမှားမှု (အင်စတီကျူးရှင်းအကျပ်အတည်း)ကြောင့် ဖိနှိပ်ရက်စက်မှုနဲ့ စီးပွားရေးပျက်ယွင်းမှု (အခြေအနေဆိုင်ရာ အကျပ်အတည်း) ဖြစ်လာရတာပါ။ ဒီ ကိုဗစ်-၁၉အကျပ်အတည်းကတော့ နဂို ဖားတပိုင်း ငါးတပိုင်းစပ်ကြားအုပ်စိုးမှုစနစ် (Hybrid Regime) ဖြစ်စေကာမူ အခြေအနေအကျပ်အတည်းကနေ အင်စတီကျူးရှင်း အကျပ်အတည်းဘက်ကို ခေါင်းတည်သွားနိုင်တဲ့ အကျပ်အတည်းမျိုးပါ။ ဒီနေရာမှာ အကျပ်အတည်းရဲ့ အရင်းခံအကြောင်းတရားထက် အကျပ်အတည်းက လူ့အဖွဲ့အစည်းအပေါ် သက်ရောက်နိုင်တဲ့ သိမ့်ခါမှုကို အဓိက အကဲဖြတ် သုံးသပ်တာ ဖြစ်ပါတယ်။

(၃)        ဒီအကျိုးဆက်တွေကို လူထုတွေက ဘယ်လိုတုံ့ပြန်မလဲ၊ စနစ်ပေါ် ဘယ်လို သက်ရောက်မှု အလှည့်အပြောင်းမျိုး ဖြစ်စေမလဲဆိုတာကို သေချာစောကြော စူးစမ်းသင့်ပါတယ်။ နိုင်ငံရေး စိတ်ပညာရှင်တွေကတော့ သိမ့်ခါမှုတွေကြောင့် (အင်စတီကျူးရှင်း အကျပ်အတည်းကြောင့်) ထီးရိပ်နန်းရိပ်က လူတွေ၊ အာဏာနဲ့ ဓနဥစ္စာ အခွင့်ထူးခံတွေအတွက် သွေးပျက်စရာ Elite Panic ဖြစ်တတ်တယ်လို့ ဆိုပါတယ် (Clarke & Chess 2008)။ ဒီလို အပေါ်လွှာသွေးပျက်မှုနဲ့ သိမ့်ခါမှု လမ်းဆုံလမ်းခွမှာ တိုင်းပြည်ဟာ လမ်းကြောင်း နှစ်ကြောင်းအနက် တကြောင်းကြောင်းကို ဦးတည်သွားနိုင်တယ်လို့ သုံးသပ်လို့ရပါတယ်။

(၄)        ပထမလမ်းကြောင်းကတော့ ဒီသွေးပျက်မှုဟာ တာဝန်ခံမှု ကင်းမဲ့ခြင်းနဲ့ အပေါ်ယံလွှာ အီလစ်တွေအနေနဲ့ သူတို့ ထီးသုဉ်းနန်းသုဉ်း၊ အသက် အိုးအိမ်စည်းစိမ် ပျက်သုဉ်းခြင်းမဖြစ်ရုံကိုသာ အဓိကဦးစားပေးပြီး အခြေအနေကို ပြန်ထိန်း၊ နဂိုရှိရင်းစွဲ နိုင်ငံရေး လူမှုစီးပွားပုံစံခွက်ကို အသစ်သောအခြေအနေ (New Normal) ခေါင်းစဉ်တပ်ပြီး ပြန်အသက်သွင်းတဲ့ (Restoration Strategy) လမ်းကြောင်းဖြစ်ပါတယ်။ တနည်း ပြောရရင် ဆက်လက်ခရီးနှင်ကြစို့ဆိုတဲ့ လမ်းကြောင်းဖြစ်ပါတယ်။ ဒီလမ်းကြောင်းက ကိုဗစ်ကပ်ဘေး အကျပ်အတည်းဟာ ယာယီပြဿနာ၊ လမ်းပျက်လို့ လမ်းပြင်နေတုန်းကွေ့ပတ်သွားဖို့ အချိန်ပေးရတဲ့ စိန်ခေါ်မှု (Detour Challenge) သာဖြစ်ပြီး လမ်းသစ်ထွင်စရာ၊ ရှာစရာမလိုဘူး။ အပေါက်ဖာပြီး ဆက်လျှောက်လို့ရတယ်ဆိုတဲ့လမ်းပါ။ ဒုတိယလမ်းကတော့ လူ့အဖွဲ့အစည်းမှာ အခြေခံကျတဲ့ ပြောင်းလဲမှုမျိုး (Transformation Strategy) ကိုရှေးရှုတာပါပဲ။ ဒီလမ်းကတော့ အကျပ်အတည်းကို မဟာဗျူဟာမြောက် ဘက်စုံလွှမ်းခြုံ ချိတ်ဆက်ရှုမြင်တာ၊ ပြင်ဆင်ပြောင်းလဲဖို့ အဖြေရှာတာပါပဲ။ ဒီလမ်းကို ရှေးရှုမယ့် လမ်းသွယ် နှစ်ခုရှိပါတယ်။ ပထမလမ်းသွယ်က ရယ်ဒီကယ်ကျတဲ့ တစုံလုံးပြောင်း လဲမှု၊ တော်လှန်ရေးဆန်တဲ့ (လိုအပ်ရင် အကြမ်းဖက်မှုကိုပါအားပေးတဲ့) လမ်းသွယ်ဖြစ်ပါတယ်။ နောက်လမ်းသွယ်တခုကတော့ အခြေခံကျတဲ့ အပြောင်းအလဲဟာ ရှိရင်းစွဲအကုန်လုံးကို ပစ်ပယ်တဲ့ အပြောင်းအလဲ မဟုတ်ဘဲ တမျိုးသားလုံးအတိုင်းအတာနဲ့ ပြောင်းလဲရမှာကို သိမြင်ပြီး၊ ပြောင်းလဲဖို့လက်ခံပြီး စိစစ်ရွေးချယ် ပြောင်းလဲမှုမျိုး (ပညာရှင် Jared Diamond ရဲ့ အယူအဆကို အခြေခံတဲ့) Selective Change မျိုး ဖြစ်ပါတယ် (Diamond, 2019)။ ဒီ စိစစ်ရွေးချယ်ပြောင်းလဲမှုဟာ အကြမ်းဖက်နည်းနဲ့ ပြောင်းတာကို အားမပေးတဲ့ ပြောင်းလဲမှုမျိုးဖြစ်ပါတယ်။

(၅)       စာရေးသူအနေနဲ့ကတော့ ဒုတိယလမ်းထဲက လမ်းသွယ်တခုဖြစ်တဲ့ စိစစ်ရွေးချယ်ပြောင်းလဲမှုကိုသာ မြန်မာနိုင်ငံအတွက် လိုလားအပ်တယ်လို့ မြင်ပါတယ်။ ဒီအပြောင်းအလဲ လိုလားသူတွေကတော့ အားထုတ်ရပါမယ်။ အဓိကအချက်ကတော့ ၁၉၈၈ ကစခဲ့တဲ့ မြန်မာ့နိုင်ငံရေးစတိုရီ (Story)၊ တည်ထားတဲ့ ဇာတ်အိမ်ဟာ ရှေ့ဆက်တွေ့ကြုံရမယ့် မြန်မာ့ ပကတိတရားအတွက် တခုတည်းသောအဖြေအဖြစ် အံဝင်ပုံမရတော့ဘူးဆိုတာကို လုံလောက်တဲ့ လူများစုကြီးလက်ခံနိုင်အောင် ဆောင်ရွက်ဖို့၊ ဒီနေ့ခေတ်အတွက် လိုအပ်တဲ့ နိုင်ငံရေးစတိုရီနဲ့ ဖြေရှင်းရေး နည်းလမ်းတွေကို ဖော်ထုတ်ဖို့နဲ့ မဟာဗျူဟာကျကျ အကောင်အထည် ဖော်ဖို့ပါပဲ။ ၁၉၈၈ ခုနှစ်က တည်ခဲ့တဲ့ မြန်မာနိုင်ငံရေး ဇာတ်အိမ်အရ စစ်အာဏာရှင်စနစ်ကို ဘုံရန်သူအဖြစ် ဆန့်ကျင်ရေးဆိုတဲ့ အရပ်ဘက်- စစ်ဘက် ပဋိပက္ခမျက်နှာစာက ပိုအားကြီး ခါးသီးပြီး ကျန်အရေးမှန်သမျှ ဒီအရပ်ဘက်-စစ်ဘက် ဆက်ဆံရေး အားပြိုင်မှု၊ ပဋိပက္ခ၊ အကွဲအဟရဲ့ လက်အောက်ခံ ပြဿနာ၊ စစ်အာဏာရှင်စနစ်မရှိတော့မှ အားလုံး စုံညီရှင်းရမယ့် အရေးအရာအဖြစ် သတ်မှတ်ခဲ့ကြတဲ့ နိုင်ငံရေးစတိုရီပါ။ ဒီနေ့ခေတ်မှာတော့ တိုင်းရင်းသားတန်းတူရေးအပေါ် အခြေခံတဲ့ ပြည်ထောင်စု တည်ဆောက်ရေးစတိုရီ (National Building Story)၊ တရိပ်ရိပ် ကြီးထွားလာနေတဲ့ တရုတ်နိုင်ငံရဲ့ဩဇာနဲ့ ပထဝီနိုင်ငံရေးစတိုရီ၊ ဆင်းရဲ-ချမ်းသာ ဓနဥစ္စာကွာခြားမှု ကြီးသထက် ကြီးလာနေတဲ့ နိုင်ငံရေးဘောဂဗေဒနဲ့ မျှတတဲ့ ဖွံ့ဖြိုးတိုးတက်ရေးစတိုရီ၊ အခု လက်ငင်း ကြုံနေရတဲ့ ရောဂါကပ်ဘေးလို၊ ခုလည်းကြုံ နောင်လည်း ပိုကြုံရမယ့် ဥတုဘေးလို လူသားဘဝ လုံခြုံရေးဆိုင်ရာစတိုရီ (Human Security Story)၊ ဆက်သွယ်ရေးနဲ့ ဇီဝဆိုင်ရာနည်းပညာစတဲ့ နည်းပညာတွေနဲ့ (အချက်လက်ဖြစ်စေ၊ မူဝါဒ အနှစ်အသားဖြစ်စေ) အမှန်အပေါ် အခြေမခံတဲ့ ပုံဖျက်ဖန်တီးတဲ့ အမှန်လွန်ခေတ် နိုင်ငံရေးစတိုရီ (Impact of Technology and Post-Truth Politics Story)၊ တခါ လူမျိုး၊ ဘာသာ၊ လူငယ်-လူကြီး၊ ကျား-မ လိင်စိတ်ခံယူမှုဆိုင်ရာ အမှတ်သရုပ် လက္ခဏာဆိုင်ရာစတိုရီ (Identity Story) တွေဟာ ၈၈ ခုနှစ်က စ ဇာတ်အိမ်တည်ခဲ့တဲ့ အရပ်ဘက်-စစ်ဘက်ဆက်ဆံရေးစတိုရီနဲ့ တန်းတူ(ဝါ) ပိုပြီးတော့တောင် အရေးပါတဲ့ အဆင့်နေရာ ဖြေရှင်းမှုမျိုးကို တောင်းဆိုနေကြတာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ တပြိုင်တည်း အာရုံထား နားလည်ဖို့ ကြိုးစားရမယ့်၊ ဖြေရှင်းရမယ့် အဓိကစတိုရီတွေ တခုမက ရှိလာနေပါပြီ။ ဆရာတချို့ကတော့ စတိုရီတခုတည်းကို အထိုင်ချပြီး နိုင်ငံရေးကွက်စိပ်ကို ခြယ်မှုန်းမယ်ဆိုရင်လည်း လူများစုထောက်ခံမှု ရဦးမှာပဲ၊ နိုင်ငံတကာမှာလည်း သည်းခြေကြိုက်ဝါဒ ပေါ်ပြူလစ်ဇင်တွေ ခေတ်ရှိနေသေးတာပဲလို့ စောဒနာနိုင်ပါတယ်။ စတိုရီတခု တရောင်တည်းခြယ် နိုင်ငံရေးဟာ အီလစ်တွေအတွက်တော့ အလုပ်ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ဒါတောင် ရေတိုပဲဖြစ်ပါလိမ့်မယ်။ တိုင်းပြည်အတွက် ကတော့ အတောမသတ်နိုင်မယ့် အကျပ်အတည်း (Perpetuation of Deadlock) ကနေ ထွက်လမ်းရှိဖွယ် မမြင်ပါဘူး။ ဒီ အသီးသီးအသက စတိုရီတွေအားလုံးရဲ့ ထူးခြားအရေးပါမှု၊ ရှုပ်ထွေးခက်ခဲမှုနဲ့ အပြန် အလှန် ဆက်စပ်နေမှုတွေ (Magnitude, Complexity and Interplay of the Stories)ကို နားလည်ဖို့ဆိုတာ အားထုတ်မှုမပါဘဲ မဖြစ်နိုင်ပါဘူး။ မြန်မာနိုင်ငံမှာ နိုင်ငံရေးဇာတ်အိမ် တည်ဆောက်ပုံဟာ သမိုင်းစဉ် တလျောက်လုံး အကန့်လိုက်စနစ်အနေနဲ့ပဲ ရှိသေးတဲ့အတွက် ဒီလို နားလည်ဖို့၊ အပြောင်းအလဲအတွက် လုံလောက်တဲ့ လူထုတွေ (Critical Mass) က လက်ခံလာအောင် အားထုတ်ဖို့ဆိုတာ ခက်ခဲမှာအမှန်ပါပဲ။ သို့ပေသိ ဉာဏ်ကြီးတဲ့၊ စေတနာကြီးတဲ့ ခေါင်းဆောင်မှုကတော့ ဒီစတိုရီတွေကို အပြန်အလှန် သဟဇာတဖြစ်အောင် မြော်မြင်ချက် (Vision) ကို ဖော်ထုတ်တည်ဆောက်ပြီး တိုင်းပြည်ကို ဦးဆောင်ရမှာဖြစ်ပါတယ်။ ဒီ စိစစ်ရွေးချယ်ပြောင်းလဲတဲ့ လမ်းကြောင်းရဲ့ အားသာချက်ကတော့ အကြမ်းမဖက်တဲ့ လူမှုလှုပ်ရှားမှု (Social Movement) တွေကတဆင့် အပြောင်းအလဲဖြစ်နိုင်သလို၊ အုပ်စိုးသူတွေ၊ အီလစ်တွေက အမြော်အမြင်ရှိလို့ အပြောင်းအလဲကို ဦးစီးဦးဆောင်လုပ်မယ်ဆိုရင်လည်း ဖြစ်တန်ခြေလမ်းကြောင်း ဖြစ်နေတာပါပဲ။

ဒီဆောင်းပါးမှာတော့ အကျပ်အတည်းဖွင့်ဆိုချက်နဲ့ အထက်ဖော်ပြပါ အခြေအနေတွေကို တဆင့်စီ တိုတိုသွက်သွက် တင်ကြိုရှင်းလင်းချက်များအဖြစ် ဆွေးနွေးသွားပါမယ်။

မီးခိုးကြွက်လျှောက်ဖြစ်နိုင်တဲ့အကျပ်အတည်းပါ၊ ယာယီလမ်းလွှဲမဟုတ်

အကျပ်အတည်း ဖြစ်-မဖြစ်ဆိုတာကို ချိန်ထိုးတဲ့စံချိန်တွေထဲက လက္ခဏာရပ် သုံးခုကို တင်ပြလိုပါတယ် (Dyson & ‘t Hart 2013; Ansell, Boin, & ‘t Hart 2014)။ ပထမတခုကတော့ ကြုံတွေ့ရတဲ့ စိန်ခေါ်မှုဘေးအန္တရာယ်ဟာ သိပ်မြင့်မားနေရင် အကျပ်အတည်း သတ်မှတ်ချက်တရပ်အဖြစ် ဆိုနိုင်ပါတယ်။ လူ့အသိုက်အမြုံတရပ်က ထားရှိတဲ့ သော့ချက်တန်ဖိုးတွေ၊ မရှိမဖြစ်စနစ်တွေ ပျက်စီးတော့မယ့်(ဝါ) အလွန်အမင်း ထိခိုက်သွားတော့မယ့် ဘေးအန္တရာယ်ကြုံနေရပြီ (High Level & Threat) ဆိုရင် ဒါကို အကျပ်အတည်းအခြေအနေလို့ သတ်မှတ်နိုင်ပါတယ်။  ဥပမာ ကိုဗစ်-၁၉ကပ်ဘေး ဟာ လူ့အသိုက်အမြုံရဲ့ တန်ဖိုးထားမှုတွေဖြစ်တဲ့ ကျန်းမာရေး၊ ပညာရေး၊ လုံခြုံရေး၊ လွတ်လပ်ခွင့် စတာတွေနဲ့ လုပ်သားဈေးကွက်ကစလို့ ဝန်ဆောင်မှုစနစ်အလယ် တရားစီရင်မှုစနစ်အဆုံး အဆက်ပြတ်တောက်မှုတွေကို ဖြစ်စေနိုင်လို့ စိန်ခေါ်မှုဘေး အန္တရာယ် သိပ်မြင့်မားပါတယ်။ အကျပ်အတည်းရဲ့  ဒုတိယလက္ခဏာတခုကတော့ ကရောက်လာတဲ့ဘေးကို ဦးထိပ်မီးလောင်၊ ရင်ဝလှံစူး အရေးလို အမြန်ဆုံး ဖြေရှင်းကိုင်တွယ်ဖို့ (Sense of Urgency) လိုအပ်တာပါပဲ။ တတိယအချက် မသေချာမှုဒီဂရီ မြင့်မားခြင်း (a high degree of uncertainty) ကလည်း အကျပ်အတည်းရဲ့ လက္ခဏာတရပ် ပါပဲ။ အကျပ်အတည်း ကြုံနေရပြီဆိုရင် ဘာဖြစ်နေတာလဲ၊ ဘယ်လိုဖြစ်ခဲ့တာလဲ၊ ရှေ့ ဘာဆက်ဖြစ်ဦးမှာလဲ၊ ဘယ်လောက် ထပ်ဆိုးဖို့ အခြေအနေရှိလဲဆိုတဲ့ မေးခွန်းတွေအပြင် အကျပ်အတည်းကိုဖြေရှင်းဖို့ အဖြေနဲ့ပတ်သက်ရင်လည်း မရေရာမှုတွေပဲ ကြီးစိုးနေတတ်ပါတယ်။ ဒီအကျပ်အတည်းကို ဘယ်လိုတုံ့ပြန်နိုင်မလဲ၊ ဒီလိုတုံ့ပြန်ရင် ဘယ်လိုအကျိုးဆက်တွေ ဖြစ်မလဲ၊ လူတွေ အသေအပျောက် အထိအခိုက် ပိုများမလား၊ လူတွေကရော ဘယ်လိုတုံ့ပြန်မလဲ၊ လက်ခံလိုက်နာပါ့မလား၊ စီးပွားရေးနဲ့ ဈေးကွက်က ဘယ်လိုတုံ့ပြန်မလဲ စတဲ့မေးခွန်းတွေ တန်းစီပေါ်လာတာပါပဲ။ ဒီနေ့ ကိုဗစ်-၁၉ကပ်ဘေးကို တုံ့ပြန်နေရပုံတွေကိုကြည့်ရင် အကျပ်အတည်းရဲ့  မသေချာ မရေရာမှုတွေကို အထင်းသား မြင်နိုင်ပါတယ်။

ဒီတော့ နဂိုကတည်းက ကမ္ဘာနဲ့အဆက်ပြတ် နောက်ကျကျန်ရစ်နေတဲ့ မြန်မနိုင်ငံလို နိုင်ငံမျိုးမှာ ကိုဗစ်-၁၉လို အကျပ်အတည်းဟာ ကာကွယ်ဆေးတွေ့ရင် ကျော်လွှားသွားနိုင်မှာပေါ့ ဆိုတာလောက် ရိုးရှင်းတဲ့အကျပ်အတည်း မဟုတ်ပါဘူး။ အကြောင်းကတော့ ကိုဗစ်-၁၉ကပ်ရောဂါဘေးဟာ ကျန်းမာရေးပြဿနာ သီးသန့် မဟုတ်လို့ပါပဲ။ အကျပ်အတည်းစီမံခန့်ခွဲမှုမှာ ဘက်စုံထောင့်စုံချဉ်းကပ်မှု လိုပါမယ်လို့ ဧပြီလထုတ် ISP-Myanmar Special Series: COVID-19 & Myanmar အမှတ်စဉ် ၁ စာအုပ်ပါ  စာရေးသူရဲ့ ဆောင်းပါးမှာ ဖော်ပြခဲ့ပြီးပါပြီ။ ကိုဗစ်-၁၉ ကူးစက်ရောဂါကိစ္စကို ချဉ်းကပ်တဲ့နေရာမှာ ပြည်သူ့ကျန်းမာရေးမူဝါဒ ရှုထောင့်တခုတည်းနဲ့ ချဉ်းကပ်လို့ မရဘူး။ တရားဥပဒေစိုးမိုးရေး၊ လူမှုစီးပွားတရားမျှတမှု စတဲ့ ဘက်စုံ လွှမ်းခြုံချိတ်ဆက် ရှုမြင်တဲ့ ပါရာဒိုင်း Inclusive and Comprehensive Paradigm အရ သတိချပ် စဉ်းစားအပ်ပါတယ်။ ဒီ ဘက်စုံ ကျယ်ကျယ်ပြန့်ပြန့်ရှုမြင်နိုင်ပုံကို လူသား ဘဝလုံခြုံရေး (Human Security) အမြင်အဖြစ်နဲ့ သတ်မှတ်နိုင်ပါတယ် (မင်းဇင်၊ ၂၀၂၀-က)။ တခါ ကိုဗစ်-၁၉ကပ်ဘေးကို ယာယီပြဿနာ၊ လမ်းပျက်လို့ လမ်းပြင်နေတုန်း ကွေ့ပတ်သွားဖို့ အချိန်ပေးရတဲ့ စိန်ခေါ်မှုသာဖြစ်ပြီး လမ်းသစ်ထွင်စရာ ရှာစရာ မလိုဘူး။ အပေါက်ဖာပြီး ဆက်လျှောက်လို့ရတယ်ဆိုတဲ့ အမြင်ဟာလည်း အကျပ်အတည်းရဲ့ ရိုက်ခတ်မှုကို ကျန်းမာရေးဘောင်တခုတည်းခတ်ပြီး ကြည့်သလို ဖြစ်နေပါတယ်။

ဒီနေရာမှာ နိုင်ငံရေးသိပ္ပံသုတေသီတွေ အမျိုးအစားခွဲပြတဲ့ အကျပ်အတည်း နှစ်မျိုးအကြောင်း ဆွေးနွေးချင်ပါတယ်။ ပထမတခုကတော့ အခြေ အနေကြောင့်ဖြစ်တဲ့ အကျပ်အတည်း (Situational Crisis) ဖြစ်ပါတယ်။ လူကြောင့်ဖြစ်စေ၊ သဘာဝ ကြောင့်ဖြစ်စေ ကြုံရတဲ့ အကျပ်အတည်းမျိုးပါ။ အခုကြုံနေရတဲ့ ကိုဗစ်လိုကပ်ဘေးကစပြီး ငွေကြေးဈေးကွက် ကမောက်ကမဖြစ်တာ၊ အရေးကြီးတဲ့ လျှပ်စစ်လို၊ ရေပေးဝေရေးလို၊ အဓိက လမ်း၊တံတားကြီးတွေလို စတဲ့ အခြေခံအဆောက်အအုံတွေ ပျက်ယွင်းတာ စတဲ့ အကျပ်အတည်းမျိုးပါ။ ဒီအကျပ်အတည်းမျိုးက အော်ပရေးရှင်းနဲ့ နည်းပညာဆိုင်ရာ စီမံခန့်ခွဲမှုကို အဓိကအားပြုဖြေရှင်း ရပါတယ်။ အစိုးရတွေဟာ ဒီလို အကျပ်အတည်း ဖြေရှင်းရေးမှာ လိုအပ်တဲ့အဖြေရဲ့ ပဓာန သော့ချက်ပဲ ဖြစ်ပါတယ်။ ဒုတိယကတော့ ပထမ အခြေအနေကြောင့် ရင်ဆိုင်နေရတဲ့ အကျပ်အတည်းကို အကိုင်အတွယ်မှားရင်၊ အကိုင်အတွယ်မှန်စေကာမူ အချိန်အတွက်အချက် နောက်ကျတာနဲ့ စွမ်းဆောင်ရည် အားနည်းတာ ပေါင်းစပ်သွားရင် အင်စတီကျူးရှင်းတွေကို ခေါင်းတည်လာတဲ့ အကျပ်အတည်း (Institutional Crisis) အဖြစ် ပြောင်းလဲသွားနိုင်ပါတယ်။

တနည်းအားဖြင့် အစိုးရတွေ၊ ခေါင်းဆောင်တွေက အခြေအနေအကျပ်အတည်းကို တုံ့ပြန်တာ ညံ့ဖျင်းလွန်းလို့ လူထုထောက်ခံမှု ကျဆင်းလာတာကစလို့ အာဏာကုလားထိုင် မမြဲတော့မှာ စိုးရိမ်ကြတာအလယ် သူတို့ကိုထမ်းတင်ထားတဲ့ အုပ်ချုပ်ရေး၊ နိုင်ငံရေးနဲ့ အခြေခံဥပဒေစနစ်တခုလုံးပါ မတည်မငြိမ်ဖြစ်လာ၊ လှုပ်ခါလာတာမျိုးပါပဲ။ ဒီ အကျပ်အတည်းမျိုးကို ဖြေရှင်းဖို့အတွက် လက်ရှိကျင့်သုံးနေတဲ့ အလုပ်မဖြစ်တဲ့လမ်းစဉ်တွေ၊ မူဝါဒတွေကို ဘယ်လိုပြင်ဆင်မလဲဆိုတဲ့ မဟာဗျူဟာနဲ့ နိုင်ငံရေးစီမံခန့်ခွဲမှုတွေကို အဓိက အားပြုရလေ့ရှိပါတယ်။ ဒီအကျပ်အတည်းမှာတော့ အစိုးရတွေဟာ အဖြေရဲ့ အစိတ်အပိုင်းသော့ချက် မဟုတ်တော့ဘဲ ပြဿနာရဲ့တရားခံတွေ ဖြစ်သွားလေ့ရှိပါ တယ်။ အခြေအနေကြောင့်ဖြစ်တဲ့ အကျပ်အတည်းကို ဖြေရှင်းတာဟာ လူ့အသိုက်အမြုံ တခုလုံး ရုပ်ဘဝ၊ လူမှုစီးပွားဘဝ မပျက်သုဉ်းရေးအတွက် ရုန်းကန်တာဖြစ်ပြီး အင်စတီကျူးရှင်းတွေကို ခေါင်းတည်လာတဲ့ အကျပ်အတည်းကို ဖြေရှင်းရတာကတော့ အပေါ်ယံအီလစ်တွေနဲ့ သူ့တို့ရဲ့ ကျောထောက်နောက်ခံ အဖွဲ့အစည်းတွေ ထီးသုဉ်းနန်းသုဉ်း အသက်အိုးအိမ်စည်းစိမ် မဆုံးရအောင် အဓိကရုန်းကန်တာပဲ ဖြစ်ပါတယ် (Dyson & ‘t Hart 2013)။

မြန်မာနိုင်ငံရဲ့ ကျန်းမာရေးစနစ် စွမ်းဆောင်ရည်၊ လက်ရှိ ပိုးကူးစက်နှုန်းတွေနဲ့ ဆက်တိုးဆောင်ရွက်နေတဲ့ ထိန်းချုပ်ရေးမဟာဗျူဟာ Containment Strategy အရ အချိန်နည်းနည်းကြာလာရင် ကျန်းမာရေးအင်စတီကျူးရှင်း အကျပ်အတည်း ဖြစ်လာမလားဆိုတာ စိုးရိမ်ရပါတယ်။ စီးပွားရေးမှာတော့ အခြေအနေတွေဟာ ပိုဆိုးလာနေပါတယ်။ EIU ရဲ့ စက်တင်ဘာ ၂၅ ရက်ထုတ် မြန်မာနိုင်ငံဆိုင်ရာ စီးပွားရေး ကိန်းဂဏန်းတွေမှာ ၂၀၂၀ ပြည့်နှစ်အတွက် GDP တိုးနှုန်းကို ၁ ဒသမ ၂ ရာနှုန်းအထိ လျှော့ချခန့်မှန်းခဲ့ပါတယ် (EIU, September 2020)။ နိုင်ငံရဲ့ အဓိကဝင်ငွေဖြစ်တဲ့ သဘာဝ ဓာတ်ငွေ့ဈေးတွေ ဆက်ကျနေလို့ ပုံမှန်ကုန်သွယ်ရေးကရမယ့် နိုင်ငံခြားဝင်ငွေ နည်းလာမှာလည်း ဂရုပြုရပါမယ်။ ခရီးသွားလုပ်ငန်းတွေလည်း ပြန်ခေါင်းထောင်ဖို့ ခက်ခဲဦးမှာပါ။ အဓိက ပို့ကုန်လမ်းကြောင်းနှစ်ခုဖြစ်တဲ့ တရုတ်နဲ့ ထိုင်း-မြန်မာ နယ်စပ်ဒေသ တွေက ပို့ရမယ့် လယ်ယာထွက်ကုန်လမ်းကြောင်း တွေ ပိတ်ဆို့နေတာ (ဝါ) အဖွင့်အပိတ် မတည်ငြိမ်တာတွေကြောင့် တောင်သူတွေအတွက် ဆုံးရှုံးမှုတွေ ကြီးကြီးမားမား ရှိလာနိုင်ပါတယ်။ ရန်ကုန်မှာ တာရှည်နိုင်မယ့် လော့ဒေါင်းကြောင့် အထည်ချုပ် နဲ့ စက်မှုကုန်ထုတ်ကဏ္ဍများ တောင့်ခံနိုင်စွမ်းမရှိတော့ဘဲ အတော်များများ ပိတ်သိမ်းရမယ့် အခြေအနေရှိနေပြီး အလုပ်လက်မဲ့ဦးရေ တိုးလာနိုင်ပါ တယ်။ ထိုင်း၊ မလေးရှားနဲ့ တရုတ်စတဲ့ ပြည်ပ သွားရောက်လုပ်ကိုင်ရာက ပြန်ရောက်လာတဲ့ အလုပ်သမားတွေကြောင့်လည်း ဟွန်ဒီလို့အပြောများတဲ့ အလုပ်သမားတွေရဲ့ ပြည်တွင်းပြန်လွှဲငွေဟာ သိသိသာသာ လျော့ပါးထိခိုက်နိုင်ပါတယ်။ ဒီ စီးပွားရေး အကျပ်အတည်းတွေ၊ ကြာမြင့်လာမယ့် လော့ဒေါင်းအခြေအနေကြောင့် ဖိစီးမှုတိုးလာတဲ့ လူမှုဘဝအခြေအနေတွေက တရားဥပဒေစိုးမိုးရေး နဲ့ အုပ်ချုပ်ရေးယန္တရားအတွက် အဓိကစိန်ခေါ်မှုတွေ ဖြစ်လာမှာပါ။ ဒီကြားထဲ မြွေမပူရာကင်းမှောင့် ဆိုသလို ၂၀၂၀ နိုဝင်ဘာမှာ စီစဉ်ထားတဲ့အတိုင်း ရွေးကောက်ပွဲတွေ ကျင်းပ၊ မကျင်းပ ဆိုတာကလည်း နိုင်ငံရေးအကျပ်အတည်း ဖြစ်လာပါတယ်။ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က “ကိုဗစ်-၁၉ရောဂါ အကြောင်းပြချက်နဲ့ အထွေထွေရွေးကောက်ပွဲကို ရွှေ့ဆိုင်းဖို့ အစီအစဉ် မရှိပါဘူး”လို့ စက်တင်ဘာ ၁၉ ရက်မှာ ပြောဆိုခဲ့ပါ တယ်။ အာဏာရပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း “ရွေးကောက်ပွဲတွေ ဆိုတာလည်း ကိုဗစ်-၁၉နဲ့ တန်းတူ အရေးကြီးတယ်။ တန်းတူထက်တောင်မှ ပိုတယ်လို့တောင် ဆိုလို့ရပါတယ်။ ဘာလို့လဲဆိုတော့ ကိုဗစ်- ၁၉ဆိုတာ အခုလက်ရှိ ကျမတို့အနေနဲ့ ကာကွယ်ဆေးပေါ်တာနဲ့ ဒီစိန်ခေါ်မှုကို ကျော် လွှားနိုင်မယ်လို့ မျှော်လင့်ထားတယ်”လို့  စက်တင်ဘာ ၂၉ ရက်မှာ ပြောဆိုပါတယ်။

ဒီမိုကရေစီဆိုတာ ရွေးကောက်ပွဲတွေ ပုံမှန် ကျင်းပတာထက် ပိုတယ်၊ သို့ပေသိ ရွေးကောက်ပွဲ မရှိရင်လည်း ဒီမိုကရေစီမရှိနိုင်ဘူးဆိုတဲ့ စကားများဟာ သုံးလွန်းလို့ ဆီသည်မလက်သုတ်ဖတ်လို ဖြစ်နေပါပြီ။ ခေတ်ပြိုင် နိုင်ငံရေးသိပ္ပံ သုတေသီတွေ အတွက်ကတော့ ရွေးကောက်ပွဲနဲ့ ဒီမိုကရေစီ အချိတ်အဆက်ဟာ ထင်သလောက် မရိုးရှင်းပါဘူး (Schedler 2019)။ အကွဲအပြဲများတဲ့နိုင်ငံ၊ တဦးချင်းဝင်ငွေ နိမ့်ပါးပြီး ဆင်းရဲတဲ့နိုင်ငံ၊ ပထဝီနိုင်ငံရေးအရ လွန်ဆန်နိုင်စွမ်းနည်းလာတဲ့နိုင်ငံမှာ ရွေးကောက်ပွဲတွေဟာ ရင်ကြားစေ့ သင့်မြတ်ပြေလည်ရေးထက် အကွဲအပြဲကို ပိုဖြစ်စေတယ်လို့ သုံးသပ်နိုင်ပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲကို ဒီအခြေအနေတွေအောက်မှာ ကျင်းပမှာပါ။ ဒီကြားထဲ ကိုဗစ်-၁၉ကပ်ဘေးရဲ့ အန္တရာယ်ဓားမိုးအောက်မှာ ကျင်းပရတဲ့အတွက် ၂၀၂၀ ရွေးကောက်ပွဲဟာ ယှဉ်ပြိုင်သူ ပါတီတွေကြားမှာ မျှတတဲ့ကစားကွင်းကို ဖြစစေပါ့မလားဆိုတာလည်း ရွေးကောက်ပွဲကျင်းပပုံ၊ ရလဒ်ကို လက်ခံပုံတွေအပေါ် သက်ရောက်စေပါတယ် (မင်းဇင်၊ ၂၀၂၀-ခ)။ ဒီအခြေအနေတွေကလည်း နိုင်ငံရေး အကျပ်အတည်းကို တာစူစေနိုင်ပါတယ်။

အလားတူ ရခိုင်မှာ တပ်မတော်နဲ့ အေအေ ရက္ခိုင့်တပ်တော်အကြား ပဋိပက္ခမီး မြင့်နေတာ၊ ရိုဟင်ဂျာအရေးနဲ့ပတ်သက်လို့ နိုင်ငံတကာဖိအား ပြစ်ဒဏ်ခတ်မှုတွေ တိုးလာနိုင်တာကလည်း နူရာဝဲစွဲအခြေအနေမျိုးပါပဲ။ ဒီလို အခြေအနေ အကျပ်အတည်းတွေကနေ အင်စတီကျူးရှင်းတွေကိုပါ ခေါင်းတည်လာမယ့် အကျပ်အတည်းအဖြစ် အသွင်ပြောင်းသွားဖွယ်ရှိပါတယ်။ ဒါကြောင့် ဆက်စပ်မတွေးရင် သီးသန့်ပြဿနာ၊ အချိန်ကာလတခုမှာ ပြီးသွားမယ့်ပြဿနာလို့ သတ်မှတ်နိုင်ပေမဲ့ ဆက်စပ်တွေးရင် မီးခိုးကြွက်လျှောက်ပြဿနာအဖြစ် အလေးအနက်ထားရမှာပါ။ ဒီလိုသာ မီးခိုးကြွက်လျှောက်ဖြစ်လာပြီ ဆိုရင်တော့ ကိုဗစ်-၁၉ကပ်ဘေးက စလိုက်တဲ့ အကျပ်အတည်းဟာ ၁၉၈၈ ခုနှစ် ဒီမိုကရေစီအုံကြွမှုနောက်ပိုင်း လူ့အဖွဲ့စည်းတခုလုံးကို သိမ့်ခါစေနိုင်မယ့် အကျပ်အတည်းအဖြစ် သတ်မှတ်နိုင်စရာရှိပါတယ်။ ၈၈ အုံကြွမှုဟာ နိုင်ငံရေးဖိနှိပ်မှုနဲ့ စီးပွားရေးအရ ခါးစည်းခံနိုင်စွမ်း မရှိတော့မှုတွေကြောင့် ပေါ်ပေါက်ခဲ့ရတာဖြစ်ပြီး ဒီ ကိုဗစ်-၁၉သိမ့်ခါမှုကတော့ ရောဂါကပ်ဘေးကတွန်းပို့ပြီး နိုင်ငံရေး (အထူးသဖြင့် အကျပ်အတည်းနိုင်ငံရေး) စီမံခန့်ခွဲမှု အလွဲအမှားတွေနဲ့ စီးပွားရေး ခါးစည်းခံနိုင်စွမ်း မရှိမှုတွေကို အကျိုးဆက်အဖြစ် ကြုံနိုင်ပါတယ် (အောက်ပါပုံကို ကြည့်ပါ)။

ပထမလမ်း (ဝါ) လမ်းဆက်လျှောက်မယ် ရွေးချယ်မှု

ဒီလိုအကျပ်အတည်းတွေကြုံလာရင် ထီးရိပ်နန်းရိပ်က လူတွေ၊ အခွင့်ထူးခံတွေစတဲ့ အီလစ်တွေက အရင် ယောက်ယက်ခတ် သွေးပျက်မှု ဖြစ်တတ်ကြပါတယ်။ သုတေသီတွေက အီလစ်တွေကသွေးပျက်တာကို ကြောက်တယ်၊ အီလစ်တွေက သွေးပျက်တာကို ဖြစ်စေတယ်၊ အီလစ်တွေကိုယ်တိုင် သွေးပျက်ရင် အလွန်အကျွံ တုံ့ပြန်မှုတွေ ဖြစ်တတ်တယ်လို့ အထောက်အထားများစွာနဲ့ သုတေသနလုပ် ဖော်ထုတ်ခဲ့ကြပါ တယ် (Clarke & Chess 2008)။ အီလစ်တွေက ဆင်စွယ်ရဲတိုက်မှာနေပြီး နင်းပြားတွေ ဆင်းရဲသားကျောမွဲတွေကိုတော့ စည်းကမ်းမလိုက်နာလို့ ဥပဒေစိုးမိုးရေးခေါင်းစဉ်နဲ့ ပြင်းပြင်းထန်ထန်အရေးယူတဲ့၊ ရာဇဝတ်မှုအဖြစ် သတ်မှတ်အရေးယူတဲ့ (criminalizetion) လုပ်ဆောင်ချက်မျိုးတွေကို ပိုလုပ်လာလေ့ရှိပါတယ်။

မြန်မာနိုင်ငံမှာ ၈၈ လူထုအုံကြွမှုကို မင်းမဲ့စရိုက်အဖြစ် ပုံဖော်ပြီး အကျပ်အတည်းကို မဖြေရှင်းဘဲ ငြိမ်ဝပ်ပိပြားရေးကို ပြန်လည်တည်ဆောက်ရမယ်ဆိုတဲ့ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့(နဝတ)ကို ဖွဲ့စည်းခဲ့တာဟာ နဂိုအခြေအနေကို ပြန်ထိန်းပြီး လမ်းဆက်လျှောက်မယ်ဆိုတဲ့ (Restoration Strategy) ပါပဲ။

အခု ကိုဗစ်-၁၉ကပ်ဘေးကြောင့်ဖြစ်နေတဲ့ မီးခိုးကြွက်လျှောက် အကျပ်အတည်းကိုလည်း (ဆေးတွေ့ရင် ပြန်ကောင်းသွားမယ့်) သူ့ဘာသာသူဖြစ်နေတဲ့ သီးသန့်ဖြစ်စဉ်၊ ရွေးကောက်ပွဲကတော့ ပိုအရေးကြီးတဲ့ ဒီမိုကရေစီဖက်ဒရယ် ထူထောင်ရေးဖြစ်စဉ်လို့ ခွဲစဉ်းစားပြီး ရွေးကောက်ပွဲတွေကို ပုံမှန်အတိုင်း ဆက်ကျင်းပ၊ မဲထွက်ပေးတဲ့ လူထုထောက်ခံမှုရရင် ရသလောက်တရားဝင်တယ်၊ မပြီးသေးတဲ့ခရီး ထပ်ဆက်ရမယ် ဆိုတာဟာလည်း (Restoration Strategy) တမျိုးပါပဲ။

တတိုင်းပြည်လုံး ညီညွတ်ရေးအခြေခံနဲ့ ရှိသမျှအရင်းအမြစ်တွေကို ကိုဗစ်-၁၉ ကပ်ဘေးဆိုးနဲ့အတူ တွဲဖက်ဖြစ်နေတဲ့ အကျိုးဆက် အကျပ်အတည်းတွေကို ဖြေရှင်းရာမှာ သုံးရမယ့်အစား အပြန်အလှန်ပုတ်ခတ် ကိုယ့်ဂုဏ်ကိုယ်ဖော်ရေး ဗန်းတင်ရတဲ့ မဲဆွယ်စည်းရုံးမှုမျိုးတွေနဲ့ အားတွေပြုန်းမှာ၊ အမုန်းတွေပွားမှာ၊ ဒီထက်ပိုရင် ရွေးကောက်ပွဲနဲ့နွှယ်ပြီး အကြမ်းဖက်မှုတွေပါ ဖြစ်လာနိုင်တာဟာ စိုးရိမ်စရာပါ။ တကယ်က မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲရလဒ်နဲ့ နိုင်ငံရေးရလဒ်ဟာ အမြဲထပ်တူမဟုတ်ဘူးဆိုတာ ၂၀၁၀၊ ၂၀၁၅ ရွေးကောက်ပွဲတွေကို ကြည့်ရင် သိနိုင်ပါတယ်။ အဓိပ္ပာယ်က ရွေး ကောက်ပွဲရလဒ်တွေဟာ နိုင်ငံရေးအရ အကျပ်အတည်းဆိုက်နေတာတွေကို ပြေလည်အောင် ဖြေရှင်းမပေးနိုင်ဘူး။ အခန့်မသင့်ရင် ဆေးကြောင့်လေး၊ ပိုဆိုးရွားသွားစေပါတယ်။ ဒါကို သင်ခန်းစာယူ၊ သိတတ်ရင် ရွေးကောက်ပွဲဟာ ကိုဗစ်နဲ့မဆိုင်ဘူး ပြောနေပေမဲ့ ရွေးကောက်ပွဲက ပိုအရေးပါတယ် ဆိုစေဦးတော့ ရွေးကောက်ပွဲရလဒ်ဟာ ကိုဗစ် ကပ်ဘေးနဲ့ ကပ်ဘေးကြောင့်ဖြစ်တဲ့ နိုင်ငံရေး အကျပ်အတည်းတွေကို ဖြေရှင်းနိုင်မလားဆိုတာ အတော့်ကို မရေရာလှပါဘူး။

ဒီလို မဖြေရှင်းနိုင်ဘူးဆိုရင် တိုင်းပြည်မှာ ပျက်ယွင်းမှုသုံးပါးကို ကြုံပြီး အရင်ကထက် ကြီးကြီးမားမား ထိခိုက်နိုင်ခြေရှိပါတယ်။ ဒါတွေကတော့ လျှပ်စစ်မီး၊ ရေ၊ ပညာရေး၊ ကျန်းမာရေးကနေ နေ့စဉ်ဘဝ တရားဥပဒေစိုးမိုးရေးအထိ အခြေခံ ဝန်ဆောင်မှု စွမ်းရည် ပျက်ယွင်းမှု၊ စစ်ပွဲတွေ ပိုတိုးဖြစ်လို့ နိုင်ငံတော်ကနေ တာဝန်ခံပြီး လုံခြုံရေး ပေးစွမ်းနိုင်ရည်ပျက်ယွင်းမှု၊ နိုင်ငံတော်ထဲမှာရှိတဲ့ အီလစ်အများစုနဲ့ လူ့အဖွဲ့အစည်းဟာ အာဏာနဲ့ ဓနဥစ္စာ ရှာဖွေခွဲဝေမှုတွေမှာ လိုက်နာစောင့်စည်းအပ်တဲ့ တရားတွေကို ငြင်းဆန်ပြီး ငါတကော ကောလာမှုဆိုတဲ့ တရားဝင်ခြင်းဆိုင်ရာ စွမ်းရည်ပျက်ယွင်းမှု တွေပါပဲ (Call 2011)။ ဒီနေရာမှာ ပြည်ပနိုင်ငံတွေ (အိမ်နီးချင်းနိုင်ငံတွေနဲ့ နိုင်ငံတကာ အဖွဲ့စည်းတွေ)က တိုင်းပြည်ရဲ့ အချုပ်အချာအာဏာ တရားဝင်မှုကို လက်မခံဘဲ ငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်တွေ လာရောက်ချထားတာတို့၊ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ဒေသက ခွဲထွက်ရေးကြိုးပမ်းမှုတွေကို အားပေးကူညီတာတို့လည်း ပါဝင်နိုင်ပါတယ်။

ဒုတိယလမ်း (ဝါ) အခြေခံကျတဲ့အပြောင်းအလဲကို ရွေးချယ်မှု

ဒီလမ်းကတော့ အကျပ်အတည်းကို မဟာဗျူဟာမြောက် ဘက်စုံလွှမ်းခြုံ ချိတ်ဆက်ရှုမြင်တာ၊ ပြင်ဆင်ပြောင်းလဲဖို့ အဖြေရှာတာပါပဲ။ ဒီလမ်းမှာ ရွေးချယ်စရာ လမ်းသွယ်နှစ်ခု ရှိပါတယ်။ ပထမလမ်းသွယ်က ရယ်ဒီကယ်ကျတဲ့ တစုံလုံး ပြောင်းလဲမှု၊ တော်လှန်ရေးဆန်တဲ့ (လိုအပ်ရင် အကြမ်းဖက်မှုကိုပါအားပေးတဲ့) လမ်းသွယ် ဖြစ်ပါတယ်။ မြန်မာ့လူ့အဖွဲ့အစည်းရဲ့ တင်ကြိုရှိရင်းစွဲ ရေခံမြေခံအခြေအနေတွေဖြစ်တဲ့ ပြည်တွင်းစစ်ပွဲနဲ့ ပဋိပက္ခပြင်းထန်မှု၊ ဆင်းရဲမွဲတေမှုနဲ့ ပထဝီနိုင်ငံရေး လွှမ်းမိုးမှုကို လွန်ဆန်နိုင်စွမ်းနည်းမှုတွေကြောင့် ဒီ ရယ်ဒီကယ် တစုံလုံးပြောင်းရေးလမ်းကြောင်းဟာ အန္တရာယ်များတယ်လို့ သုံးသပ်ပါတယ်။ မညင်သာတဲ့ အပြောင်းအလဲကြောင့် အခန့်မသင့်ရင် ပထမလမ်းကြောင်းကြောင့် ကြုံရနိုင်တဲ့ ပျက်ယွင်းမှုသုံးပါးကိုပဲ ကြုံပြီး ဆေးကြောင့်လေးနိုင်ခြေ ရှိပါတယ်။ တခါ မြန်မာ့သမိုင်းမှာ လွတ်လပ်ရေး ကြိုးပမ်းမှုက စလို့ ၁၉၈၈ ဒီမိုကရေစီအုံကြွမှုအလယ် ၂၀၁၅ အထွေထွေရွေးကောက်ပွဲအဆုံး ဖြစ်ရပ်တွေမှာ အရှိန်အဟုန်က တော်လှန်ရေးဆန်ပေမဲ့ အဖြေမှာတော့ တော်လှန်ရေးရလဒ် မထွက်ခဲ့တာသာ များပါတယ်။ ကာလတိုဖိအားနဲ့ ရလဒ်ထွက်မယ်ထင်ပြီး ဖုတ်ပူမီးတိုက် လုပ်တာ၊ ရရင်ရ မရရင်ချဆိုပြီး ရယ်ဒီကယ်ဆန်တာ၊ လူမှုပြောင်းလဲမှုကြီး ဖြစ်တော့မယောင် မိုးမျှော်နိုင်ငံရေးကမ်ပိန်းလုပ်တာတွေဟာ နောက်ဆုံးမှာ မှန်းချက်နဲ့ နှမ်းထွက်မကိုက်ဘဲ တဖက်က ပဋိပက္ခတွေ ပိုမီးမြှင့်ပြီး အခြားတဖက်မှာတော့ နိုင်ငံတော်ဟာ တရားမျှတ လွတ်လပ်ခြင်းနဲ့မသွေဆိုတဲ့ စံတန်ဖိုးတွေကနေ လွဲထွက်ပြီး ကွန်ဆာဗေးတစ်အထိုင်မှာ လျှောမွေးသွားရတာချည်းပါပဲ။

ဒါကြောင့် အခြေခံကျတဲ့ ပြောင်းလဲရေးနဲ့ပတ်သက်ရင် ရှိရင်းစွဲ အကုန်လုံးကို ပစ်ပယ်တဲ့ အပြောင်းအလဲမျိုးမဟုတ်ဘဲ တမျိုးသားလုံးအတိုင်းအတာနဲ့ ပြောင်းလဲရမှာကို သိမြင်ပြီး၊ ပြောင်းလဲဖို့လက်ခံပြီး စိစစ်ရွေးချယ် ပြောင်းလဲမှုမျိုး Selective Change မျိုးကို အကြံပြုလိုတာဖြစ်ပါတယ် (Diamond 2019)။ ဒီ စိစစ်ရွေးချယ် ပြောင်းလဲမှုဟာ အကြမ်းဖက်နည်းနဲ့ပြောင်းတာကို အားမပေးတဲ့ ပြောင်းလဲမှုမျိုး ဖြစ်ပါတယ်။ ဒီလမ်းကြောင်းကိုရွေးမယ်ဆို ဘာတွေကိုပြောင်းချင်တာလဲ ဆိုတာကို သိရပါမယ်။ ဘယ်လိုပြောင်းလဲချင်တာလဲဆိုတာ သိဖို့လိုပါတယ်။ ဘာတွေကို ပြောင်းလဲချင်တာလဲဆိုတာကို သိဖို့ဆိုရင် လက်ရှိ မြန်မာ့နိုင်ငံရေးစတိုရီတွေက ဘာလဲ။ ဒါတွေက လက်ရှိအကျပ်အတည်းတွေကို ဖြေရှင်းဖို့ ကုံလုံပြည့်စုံလား စောကြောသင့်ပါတယ်။ ဘယ်လိုပြောင်းချင်တာလဲ ဆိုတာကတော့ မြန်မာနိုင်ငံရေးစတိုရီသစ်ကို ဘယ်လို တည်ဆောက်မလဲ ဆိုတာနဲ့ အဓိကသက်ဆိုင်ပါတယ်။

မြန်မာ့နိုင်ငံရေးစတိုရီ

နိုဘယ်ဆုရှင် စီးပွားရေးနဲ့ စိတ်ပညာရှင် Daniel Kahneman ကနေ တကမ္ဘာလုံး အရေးတယူ ဖတ်ရှုလေ့လာနေကြတဲ့ သမိုင်းပညာရှင် Yuval Noah Harari အဆုံး မျက်မှောက်ခေတ် ပညာရှင်တွေဟာ Storytelling စတိုရီ (ဝါ) ဇာတ်လမ်းပမာပြောခြင်းဟာ လူမျိုးနွယ်ရဲ့ အခြေခံဆောင်ရွက်ချက်ပဲ၊ လူဟာ သူ့အကြောင်းသူ စဉ်းစားရင်၊ တွေးရင် စတိုရီဇာတ်လမ်းအဖြစ်သာ စဉ်းစားပုံဖော်တယ်လို့ ဆိုကြပါတယ်။ Kahneman က လူမှာ အတွေ့အကြုံကို ပစ္စုပ္ပန်တည့်တည့် သိတဲ့အသိနဲ့ ပြန်အမှတ်ရတဲ့ အသိ ရှိတယ်။ ဒီပြန်အမှတ်ရတဲ့အသိက စတိုရီတွေ၊ ဇာတ်လမ်းတွေကို ဖန်တီးတော့တာပါပဲ။ တဦးချင်းဟာ ကိုယ့်အကြောင်းကိုယ် အမှတ်ရချင်တာကလေးကို ပြန်အမှတ်ရပြီး စတိုရီတွေ၊ ဇာတ်လမ်းတွေကို တည်ဆောက်၊ ကိုယ့်စတိုရီ သူပြော၊ သူ့စတိုရီ ကိုယ်နားထောင်နေကြတာပါပဲ။ ဒီလို အပြန်အလှန် နားထောင်ကြရင်း စတိုရီတခု (ဝါ) တချို့ကို ယုံတဲ့လူတွေ ပိုများလာတယ်ဆိုရင်၊ ယုံကြည်မှုဟာ နှစ်ပေါင်း ဆယ်၊ ရာ၊ ထောင် ချီလာပြီဆိုရင် ဥပဒေတွေ၊ ယဉ်ကျေးမှုတွေ၊ ဘာသာရေးတွေ၊ အမျိုးသားနိုင်ငံတော်တွေ၊ တရားမျှတမှုတွေ၊ လူ့အခွင့်ရေးတွေ၊ ငွေကြေး၊ ဈေးကွက်နဲ့ စားသုံးသူဝါဒတွေ စသည်ဖြင့် ဖြစ်ထွန်းပုံပေါ်လာတာပါပဲ။ Harari က နိုင်ငံရေးပဲဖြစ်ဖြစ်၊ စီးပွားရေးပဲ ဖြစ်ဖြစ် အားလုံးဟာ ဇာတ်လမ်းဇာတ်ကြောင်း ပြောတာအပေါ် အခြေခံထားတာပဲလို့ ကောက်ချက်ချပါတယ်။ ဗုဒ္ဓမြတ်စွာ အဆုံးအမဖြစ်တဲ့ ဝိပ္ပလ္လာသတရားတွေကစလို့ အဘိဓမ္မာလာစိတ် စေတသိက်သဘောတွေကို နည်းနည်း တီးခေါက်ဖူးတယ်ဆိုရင် ဒီ ပညာရှင်တွေပြောတဲ့ စတိုရီဇာတ်ကြောင်းရဲ့ အရေးပါပုံကို အလွယ်တကူ နားလည်နိုင်ပါတယ်။

နိုင်ငံရေးစတိုရီဇာတ်လမ်းမှာတော့ မရိုးတဲ့ ဇာတ်အိမ်ဟာ လူ့သဘာဝ၊ လူ့သည်းခြေကြိုက်အပေါ်ပဲ အခြေခံပါတယ်။ အလွန်ဆိုးရွားတဲ့၊ လူတွေကို အန္တရာယ်ပြုနိုင်စွမ်းတဲ့ (လူပဲဖြစ်ဖြစ်၊ သဘာဝဘေးပဲဖြစ်ဖြစ်) ဗီလိန်ရှိတယ်။ အဲဒီဗီလိန်ဟာ ဆိုးလွန်းလို့ နိုင်မှနိုင်ပါ့မလားတောင် ဇာတ်နာတယ်။ အဲဒီမှာ ကယ်တင်မယ့်သူရဲကောင်း ပေါ်တယ်။ သူရဲကောင်းကိုဝန်းရံတဲ့ မိတ်ကောင်းတွေ၊ မဟာမိတ်တွေပါလာတယ်။ ဒီကြားထဲ ဗီလိန်ကို လက်နက်ချ အရှုံးပေးသွားတဲ့ သူရဲကောင်းကို အပြစ်တင်စွန့်ခွာပြီး ကိုယ်ကျိုးရှာ ဘက်ပြောင်းသွားတဲ့ သစ္စာဖောက်တွေလည်း ပေါ်လာတယ်။ အကောက်ကြံသူတွေလည်း ရှိလာတယ်။ ဒါပေမဲ့ သူရဲကောင်းက မယိမ်းယိုင်ဘူး။ အဆုံးမှာ (သူသေ ရင် အလွမ်းဇာတ်၊ သူရှင်ရင် ဟက်ပီးအန်းဒင်း ပေါင်းဇာတ်) လောကနိဗ္ဗာန်ကို ပြန်ဆောင်ကြဉ်းပေးနိုင်တယ် (Seargeant 2020)။

မြန်မာနားမှာတော့ စတိုရီဆိုတာ ဇာတ်ပါပဲ။ ဇာတကက ဆင်းသက်လာတဲ့ စကားမို့ ၊ ဇာတ်ကြီး ၁၀ ဘွဲ့နဲ့ ကြီးပြင်းလာတာမို့ စတိုရီကောင်းဆိုတာ (ဆရာဇော်ဂျီ ပညာရိပ်ကိုခိုပြီးပြောရရင်) အသိကိုလည်း ပေးတယ်၊ စေတနာကိုလည်း နှိုးပါတယ်။ သဘောက ဇာတ်လမ်းကောင်းပြီဆိုရင် မနော၊ ဝစီ၊ ကာယ စေတနာ ကံ လုပ်ရပ်တွေကို ဖြစ်ပေါ်စေပါတယ်။ ၅၅၀ ဇာတ်ပင်လယ်ကနေ ဆရာမင်းသုဝဏ်ရဲ့ သူ့ မှာတမ်းကဗျာ၊ ဟဲမင်းဝေးရဲ့ ပင်လယ်ပြာနဲ့တံငါအို၊ အဲလ်ဘတ်ကမူးရဲ့ ပလိပ်ဝတ္ထုအဆုံး၊ ရွှေဘကနေ ဟယ်ရီပေါ်တာရုပ်ရှင်အဆုံး အားလုံးဟာ ကျောရိုးတူတူချည်းပါပဲ။ ဇာတ်လမ်းထဲက ဇာတ်ကောင်စရိုက်ကပုံသေမို့ ကောင်းရင် အမြဲကောင်းနေမယ် (မကောင်းတာရှိရင်တောင် နားလည်မှုလွဲသွားလို့ စေတနာအမှားမို့၊ စေတနာကဝေဒနာဖြစ်လို့ပါပဲ)။ ဒီလို လူ့သဘာဝအပေါ်ပဲအခြေခံတဲ့ နိုင်ငံရေးစတိုရီတွေမှာလည်း အားပြိုင်မှု ပဋိပက္ခတခုခုကို အသည်းပေါက်လောက်တဲ့အထိ အားကြီးအောင် လုပ်ပေးရတာပါပဲ။ ဒါမှ ဇာတ်ရှိန်တက်မယ်။ ကံသုံးပါး စေတနာ နှိုးနိုင်ပါမယ်။ နိုင်ငံရေးလုပ်ရပ် ရလဒ်ထွက်ပါမယ်။ ဒါဆိုရင် နိုင်ငံရေးအာနိသင်ရှိတဲ့ စတိုရီပါပဲ။

လက်ရှိ မြန်မာ့နိုင်ငံရေးစတိုရီဟာ အဓိကအားဖြင့် ၁၉၈၈ ခုနှစ် လူထုအုံကြွမှုက စခဲ့တဲ့ ဇာတ်လမ်းပါပဲ။ အဲဒီကာလကတည်ခဲ့တဲ့ မြန်မာ့နိုင်ငံရေးဇာတ်အိမ်အရ စစ်အာဏာရှင်စနစ်ကို ဘုံရန်သူအဖြစ် ဆန့်ကျင်ရေးဆိုတဲ့ အရပ်ဘက်-စစ်ဘက် ပဋိပက္ခ မျက်နှာစာက ပိုအားကြီးခါးသီးပြီး ကျန်အရေးမှန်သမျှဟာ ဒီအရပ်ဘက်-စစ်ဘက် ဆက်ဆံရေး အားပြိုင်မှု၊ ပဋိပက္ခ၊ အကွဲအဟရဲ့ လက်အောက်ခံပြဿနာ၊ စစ်အာဏာရှင်စနစ် မရှိတော့မှ အားလုံးစုံညီရှင်းရမယ့် အရေးအရာအဖြစ် သတ်မှတ်ခဲ့ကြတဲ့ နိုင်ငံရေးစတိုရီပါ။ ဒီဘက်နောက်ပိုင်းမှာတော့ ပင်လုံစတိုရီလို့ ပြောလို့ရမယ့် တိုင်းရင်းသား တန်းတူရေးအပေါ် အခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရေးစတိုရီကိုလည်း တွဲဖက်ပြောလာတာတချို့ ရှိပေမဲ့ အဓိကစတိုရီကို မကျော်လွန်နိုင်သေးပါဘူး။ သုတေသီ တချို့ကလည်း တရိပ်ရိပ် ကြီးထွားလာနေတဲ့ တရုတ်နိုင်ငံရဲ့ဩဇာကို ထောက်ပြပြီး အင်အားကြီးနိုင်ငံတွေရဲ့ အားပြိုင်မှု ပထဝီနိုင်ငံရေးစတိုရီကို တင်ပြကြပါတယ်။ အလားတူပဲ ဆင်းရဲ-ချမ်းသာ ဓနဥစ္စာကွာခြားမှု ကြီးသထက်ကြီးလာနေတဲ့ နိုင်ငံရေးဘောဂဗေဒနဲ့ မျှတဲ့ ဖွံ့ဖြိုးတိုးတက်ရေးတိုက်ပွဲစတိုရီ၊ အခုကြုံနေရတဲ့ ရောဂါကပ်ဘေးလို၊ ခုလည်းကြုံ၊ နောင်လည်း ပိုကြုံရမယ့် ဥတုဘေးလို လူသားဘဝ လုံခြုံရေး ပြင်ဆင်အားထုတ်ရမယ့် စတိုရီ၊ ဆက်သွယ်ရေးနဲ့ ဇီဝဆိုင်ရာနည်းပညာ စတဲ့ နည်းပညာတွေနဲ့ (အချက်အလက်ဖြစ်စေ၊ မူဝါဒအနှစ်အသားဖြစ်စေ) အမှန်ပေါ်အခြေမခံတဲ့ ပုံဖျက် ဖန်တီးတဲ့ အမှန်လွန်ခေတ် နိုင်ငံရေးကို ဖြေရှင်းရေးကြိုးပမ်းရမယ့် စတိုရီ၊ လူမျိုး၊ ဘာသာ၊ လူငယ်-လူကြီး၊ ကျား-မ လိင်စိတ်ခံယူမှုဆိုင်ရာ အမှတ်သရုပ် လက္ခဏာဆိုင်ရာ ကိုယ်စားပြုခွင့်တိုက်ပွဲ စတိုရီတွေကို ၈၈ ခုနှစ်ကစ ဇာတ်အိမ်တည်ခဲ့တဲ့ အရပ်ဘက် -စစ်ဘက် ဆက်ဆံရေးစတိုရီနဲ့ တန်းတူ (ဝါ) ပိုပြီးတော့တောင် အရေးပါတဲ့ အဆင့်နေရာ ဖြေရှင်းမှုမျိုးကို တောင်းဆိုနေကြတာတွေ့နိုင်ပါတယ်။ မြန်မာနိုင်ငံမှာ တပြိုင်တည်း အာရုံထား နားလည်ဖို့ကြိုးစားရမယ့်၊ ဖြေရှင်းရမယ့် အဓိကစတိုရီတွေ တခုမက ရှိလာနေပါပြီလို့ ဆိုလိုတာပါ။ ဒီနေရာမှာ အဓိက သတိပြုစရာကတော့ ၁၉၈၈ က စခဲ့တဲ့ မြန်မာ့နိုင်ငံရေးစတိုရီ၊ တည်ထားတဲ့ဇာတ်အိမ်ဟာ ရှေ့ဆက်တွေ့ကြုံရမယ့် မြန်မာ့ ပကတိတရားအတွက် တခုတည်းသောအဖြေအဖြစ် အံဝင်ပုံမရတော့ဘူး ဆိုပေမဲ့ ခုချိန်ထိ လူကြိုက်များနေဆဲစတိုရီ ဖြစ်ပါတယ်။ စတိုရီတခုထက်ပိုပြီး တပြိုင်တည်း အာရုံစိုက်ဖို့လိုတယ်ဆိုတာကို လုံလောက်တဲ့ လူများစုကြီး လက်ခံနိုင်အောင် ဆောင်ရွက်ဖို့၊ ဒီနေ့ခေတ်အတွက် လိုအပ်တဲ့ နိုင်ငံရေးစတိုရီသစ်နဲ့ ဖြေရှင်းရေးနည်းလမ်းတွေကို ဖော်ထုတ်ဖို့နဲ့ မဟာဗျူဟာကျကျ အကောင်အထည်ဖော်ဖို့ဟာ အရေး ကြီးလာပါတယ်။

တခုထက်ပို အာရုံစိုက်စရာစတိုရီတွေ ရှိနေတယ်ဆိုပေမဲ့ ဆန်စင်ရာ ကျည်ပွေ့လိုက် အာရုံစိုက်ဖို့မဟုတ်ဘဲ တခုနဲ့တခု ချိတ်ဆက်မှုကို (ဇာတ်အိမ်ကြီးကြီး၊ ဇာတ်ကွက်များများကို ဇာတ်ကောင်စရိုက်ကြွယ်ကြွယ်ကို ကိုင်တွယ်နိုင်တဲ့ ဒါရိုက်တာလို) မြင်ဖို့ပါပဲ။ အလားတူပဲ စတိုရီတွေအကုန်လုံးကို အာရုံစိုက်ရမယ်ဆိုလို့ စတိုရီတွေမှာ အတင်အဖြေ၊ အဖိအဖော့မရှိဘူးလို့ မမှတ်ယူသင့်ပါဘူး (အောင်သင်း ၂၀၁၅)။ ဥပမာ ၈၈ နိုင်ငံရေးစတိုရီ ဇာတ်ကွက်အရ “တပ်မတော်ဟာ ဦးနေဝင်းလမ်းစဉ် လိုက်မလား၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းစဉ် လိုက်မလား။ အများပြည်သူတွေအနေနဲ့ မိမိတို့သဘောမတူတဲ့ အမိန့်အာဏာဟူသမျှ တာဝန်အရဖီဆန်ကြရမယ်။ စစ်အစိုးရရဲ့ အမျိုးသား ညီလာခံ သပိတ်မှောက်တာကနေ CRPP ခေါ်တဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီဖွဲ့စည်းရေးအလယ် ရွှေဂုံတိုင်ကြေညာစာတမ်း”အဆုံး ဇာတ်ရှိန် “တင်”ထားပြီးကာ မှ ဂငယ်ကွေ့ပြန်ကွေ့သွားတယ်ဆိုရင် စတိုရီဟာ အတင်အဖြေ မမျှဘူးလို့ ဆိုနိုင်ပါ တယ်။ ဒီလိုပြောလို့ တင်သမျှ ဖြေရမယ်ဆိုတာမျိုးလည်း မဟုတ်ပါဘူး။ တင်ထားပေမဲ့ မဖြေဘဲထားလိုက်ရတဲ့စတိုရီမျိုးလည်း ရှိပါတယ်။ ဆရာဦးအောင်သင်း ပြောဖူးတဲ့ ဥပမာတခုကို မှီးပြီးပြောရရင် ဖက်ဆစ်တွေက ကြီးစိုးတယ်၊ လွှမ်းမိုးရမ်းကားတယ်၊ လူထုက မတရားနှိပ်စက်တာ ခါးစည်းခံနေရဆဲ၊ ဒါကို ဇာတ်ကောင်သူရဲကောင်းက အာဇာနည်စိတ်ဓာတ်နဲ့ တွန်းလှန်ဖို့ကြိုးစားဆဲမှာ ခံပြင်းရင်နာစရာ သေပုံမျိုးနဲ့ သေခဲ့ရပြီး ဇာတ်လမ်းကိုအဆုံးသတ်လိုက်မယ် ဆိုပါစို့။ ဒီဇာတ်လမ်းမှာ တင်ပြီး ပြန်မဖြေပေးခဲ့ပါဘူး။ ပရိသတ်စိတ်မှာ တရားမျှတမှုမရှိလို့ ငြိုးပြီးမကျေနပ်ဘူး။ ဒါပေမဲ့ တရားမျှတမှုအတွက် ဆက်တိုက်ပွဲဝင်ရမယ့်ဆိုတဲ့ အသိနဲ့ စေတနာ နိုးသွားပါတယ်။ သူရဲကောင်းနောက် လိုက်မယ်ဆိုလည်း လူစံနမူနာကောင်း နောက်လိုက်၊ တန်ဖိုးထားအပ်တဲ့ ကျင့်ဝတ်ဆိုင်ရာ စံချိန်စံညွှန်းတွေနောက်လိုက်ရမယ်ဆိုတဲ့ မက်ဆေ့ချ်ကိုပေးပါတယ်။ ဒါကြောင့် ဒီလိုဇာတ်လမ်းမျိုးဟာ နိုင်ငံရေးအာနိသင်ရှိတဲ့ စတိုရီကောင်းပါပဲ။ အလားတူပဲ အများလက်ခံနိုင်တဲ့ စတိုရီကောင်းတွေမှာ အဖိအဖော့ရှိရပါတယ်။ ၂၀၁၇ ခုနှစ် က တသန်းနီးပါးရှိမယ့် ရိုဟင်ဂျာတွေ နေအိမ်စွန့်ခွာထွက်ပြေးရ၊ ထောင်နဲ့ချီ အသတ်ခံခဲ့ရ၊ ရွာလုံးကျွတ် မီးလောင်ပြာကျခဲ့ရချိန်မှာ အစိုးရနဲ့ မြန်မာ့ လူ့အဖွဲ့အစည်းဝင် အများစုက (တစိတ်တပိုင်း မှန်ကန်ကောင်း မှန်နိုင်ပေမဲ့) ရိုဟင်ဂျာတွေဟာ သူတို့အိမ် သူတို့ မီးရှို့ထွက်ပြေးတာသာဖြစ်တယ်၊ ရိုဟင်ဂျာတွေကြောင့် ဟိန္ဒူတွေအပါအဝင် အခြားလူနည်းစုတွေလည်း အသတ်ခံရတယ်ဆိုတဲ့ ဇာတ်ကွက်ကို အတင်း “ဖိ” ထိုးတင်မယ်ဆိုရင် အဖိအဖော့မမျှတလို့  နိုင်ငံတကာကလက်ခံနိုင်မယ့် ပင်မစတိုရီ ဖြစ်လာမှာ မဟုတ်ပါဘူး။ အလားတူပဲ ချိတ်ဆက်စဉ်းစားရမယ်ဆိုပေမဲ့ ဘယ်အချိန်မှာ စတိုရီရဲ့ ဘယ်ဇာတ်ခလုတ်ကို နှိပ်မလဲဆိုတဲ့ ဦးစားပေးစဉ်းစားမှုနဲ့ “အစဉ်”(Sequence) အတိုင်း မှန်ကန်အောင် တည်ဆောက်ဖို့လည်း အရေးကြီးပါတယ်။ ဥပမာ ရိုဟင်ဂျာ အရေး တာဝန်ယူမှု တာဝန်ခံမှုပြဿနာကို ဦးစားပေးဖြေရှင်းနိုင်ရင် ကျန်အကျပ်အတည်းတွေဖြစ်တဲ့ နိုင်ငံတကာ ပြစ်ဒဏ်ခတ်မှုဖိအားလျော့ပါးစေမှု၊ တရုတ်နိုင်ငံပေါ် အလွန်အကျူး မှီခိုနေရမယ့် ပထဝီနိုင်ငံရေးအကျပ်အတည်း သက်သာရာရမှု၊ စီးပွားရေးအခွင့်အလမ်း ပိုပွင့်လာမှု၊ ပိုမိုလမ်းတည့်သွားမယ့် ဒီမိုကရေစီနဲ့ လူ့အခွင့်ရေးဖော်ဆောင်မှုစတဲ့ တနွယ်ငင်တစင်ပါ အကျိုးများစေမှာ ဖြစ်ပါတယ်။ အလားတူပဲ ကိုဗစ် အရေးကိုသာ အားလုံးနဲ့ ပူးပေါင်းဆောင်ရွက်ပြီး အရင်ဆုံးဖြေရှင်းမယ်၊ ကျန် ရွေးကောက်ပွဲစတာတွေနဲ့ အားပြုန်းမခံဘူးဆိုတဲ့ “အစဉ်”အတိုင်း မှန်မှန်ကန်ကန် ဆောင်ရွက်မယ်ဆိုရင် တိုင်းပြည်အတွက် အမျိုးသားညီညွတ်ရေးအား ပိုထွက်လာစေမှာ ဖြစ်ပါတယ်။

မြန်မာ့နိုင်ငံရေးစတိုရီသစ်ကို တည်ဆောက်မယ်ဆိုရင် ဒီအသီးသီးအသက စတိုရီတွေအားလုံးရဲ့ ထူးခြားအရေးပါမှု၊ ရှုပ်ထွေးခက်ခဲမှုနဲ့ အပြန်အလှန် ဆက်စပ်နေမှုတွေကိုနားလည်ပြီး သဟဇာတဖြစ်တဲ့ စတိုရီသစ်တရပ်ကို တည်ဆောက်ဖို့ပါပဲ (စာမျက်နှာ ၁၉၄ ရှိ ပုံကိုရှုပါ)။  စတိုရီတွေရဲ့ အတင်အဖြေ၊ အဖိအဖော့ ဦးစားပေးမှုနဲ့ “အစဉ်” အချိန်အဆမှန်မှန် တည်ဆောက်ဖို့ပါပဲ။

အဲဒီလို တည်ဆောက်ရာမှာ

(၁)        အကျပ်အတည်းရဲ့ပြင်းအားနဲ့ အရေးပါမှုကို အသိမှတ်ပြုခြင်း၊

(၂)        လက်ရှိ သိမှုနဲ့ ဆောင်ရွက်ဖြေရှင်းမှု ပုံစံတွေဟာ အရှည်သဖြင့်မခံနိုင်ဘူး၊ အလုပ်မဖြစ်ဘူးဆိုတာ သေချာဂန တင်ပြနိုင်ခြင်း၊

(၃)        အကျပ်အတည်းကနေ ထွက်ပေါက်အဖြစ် ဦးတည်မယ့် အသီးသီးအသက စတိုရီတွေဟာ တခုနဲ့တခု ချိတ်ဆက် ဖော်ဆောင်ရနိုင်တယ်ဆိုတာ ပြသနိုင်ခြင်း၊

(၄)        အကျပ်အတည်းကထွက်မြောက်ဖို့  စတိုရီတခုစီက ဇာတ်ကောင်တွေဟာ သူ့အခန်းကဏ္ဍနဲ့သူ ပါဝင်နိုင်တယ်။ ဘယ်သူ့ကိုမှ ချန်ထားခဲ့စရာ မလိုဘူးဆိုတဲ့ အသိမှတ်ပြုခြင်းတွေ လိုအပ်ပါတယ် (Werder 2015)။

မြန်မာနိုင်ငံမှာ နိုင်ငံရေး ဇာတ်အိမ်တည်ဆောက်ပုံဟာ သမိုင်းစဉ်တလျှောက်လုံး အကန့်လိုက်စနစ်အနေနဲ့ပဲ ရှိသေးတဲ့အတွက် ဒီလို အပြန်အလှန်ချိန်ဆက်နိုင်တဲ့ ဇာတ်ကွက်တွေနဲ့ စတိုရီသစ်တခု ပေါ်ထွန်းဖို့၊ လုံလောက်တဲ့ လူထုတွေ လက်ခံလာအောင် အားထုတ်ဖို့ဆိုရင် အထက်မှာတင်ပြခဲ့တဲ့ အချက်လေးချက်ကိုတော့ အနည်းဆုံး အကျုံးဝင်အောင် အခြေခံပြီးတည်ဆောက်ရမယ်လို့ ရှုမြင်ပါတယ်။ အကျပ်အတည်းက ဖောက်ထွက်မယ့် ခေါင်းဆောင်မှုကတော့ ဒီစတိုရီတွေကို အပြန်အလှန် သဟဇာတဖြစ်အောင် မြော်မြင်ချက်ကို ဖော်ထုတ်တည်ဆောက်ပြီး တိုင်းပြည်ကို ဦးဆောင်ရမှာပဲဖြစ်ပါတယ်။ ဒီလမ်းကြောင်းဟာ အကျပ်အတည်းကို အပေါက်ဖာထေးပြီး ရှိရင်းစွဲလမ်းဆက်လျှောက်မယ်ဆိုတဲ့ လမ်းကိုရော၊ ရယ်ဒီကယ် တစုံလုံးပြောင်းမယ်ဆိုတဲ့ လမ်းကိုရော ရှောင်ရှားပြီး စိစစ်ရွေးချယ်ပြောင်းလဲသင့်တယ်၊ အားလုံးပါတဲ့လမ်း ကို အညင်သာဆုံးရွေးသင့်တယ်ဆိုတဲ့ လမ်းကြောင်းပဲဖြစ်ပါတယ်။ ဒီလမ်းကြောင်းရဲ့  အားသာချက်ကတော့ အကြမ်းမဖက်တဲ့ လူမှုလှုပ်ရှားမှုတွေကတဆင့် အပြောင်းအလဲ ဖြစ်နိုင်သလို၊ အုပ်စိုးသူတွေ အီလစ်တွေက အမြော်အမြင်ရှိလို့ အပြောင်းအလဲကို ဦးစီး ဦးဆောင်လုပ်မယ်ဆိုရင်လည်း ဖြစ်တန်ခြေလမ်းကြောင်း ဖြစ်နေတာပါပဲ။

နိဂုံး

ဆောင်းပါးကို နိဂုံးမချုပ်ခင် မေးခွန်းတခုနဲ့ အနားသတ်ချင်ပါတယ်။ ဒီဆောင်းပါးမှာ လက်ရှိတွေ့ကြုံနေရတဲ့ ကိုဗစ်-၁၉ ကပ်ဘေးအကျပ်တည်းကြောင့် ၈၈ လူထု အုံကြွမှုတုန်းကလို လူ့အဖွဲ့အစည်းအတွက် သိမ့်ခါတုန်လှုပ်စေတဲ့ အကျပ်အတည်း ဖြစ်လာနိုင်တယ်။ ဒီလိုဖြစ်လာမယ်ဆိုရင် ထွက်မြောက်ဖို့ နိုင်ငံရေးစတိုရီသစ်ကို တည်ဆောက်ပြီး ဖြေရှင်းရမယ်၊ စတိုရီသစ်ကို ဘယ်လိုတည်ဆောက်သင့်တယ် ဆိုတာကို ဆွေးနွေးခဲ့တာပါ။ ဒါဖြင့် ကိုဗစ်ကပ်ဘေးဟာ အခြေနေအကျပ်အတည်းကနေ အထွေထွေ အင်စတီကျူးရှင်းအကျပ်အတည်းအဖြစ် မပြောင်းလဲသွားဘူးဆိုရင်ကော မြန်မာ့ နိုင်ငံရေးအတွက် စတိုရီသစ်မလိုတော့ဘူးလားဆိုတဲ့မေးခွန်း ပေါ်လာပါတယ်။ စာရေးသူအမြင်ကတော့ အထွေထွေအကျပ်အတည်းဖြစ်လာရင် နိုင်ငံရေးစတိုရီသစ် တည်ဆောက်ရေးဟာ သေရေးရှင်ရေး လိုအပ်ချက်ဖြစ်နိုင်ပြီး အကျပ်အတည်းက သိမ့်ခါမှု သိပ်မပြင်းဘူးဆိုရင်လည်း မြန်မာနိုင်ငံအရေးမှာပါဝင်နေတဲ့ ခေါင်းဆောင်တွေအနေနဲ့  ၈၈ခုနှစ်ကတည်းက ကြီးစိုးခဲ့တဲ့ စတိုရီကို ပြန်သုံးသပ်ပြီး မျက်မှောက်အခြေအနေ၊ အနာဂတ်အခြေအနေတွေနဲ့ ဆီလျော်တဲ့၊ ဖြေရှင်းအောင်မြင်နိုင်မယ့် မြန်မာ့နိုင်ငံရေး စတိုရီသစ်ကို တည်ဆောက်သင့်တယ်လို့ မြင်ပါတယ်။

အကျပ်အတည်းကနေ အလိုအလျောက် အပြောင်းအလဲကို ရှေးရှုတယ်ဆိုတာ လူ့သမိုင်းမှာ  ရှာမှရှားဆိုတာမျိုးပါ။ အကျပ်အတည်းက လမ်းဖွင့်ပေးတဲ့ အခွင့်အလမ်းကို မဟာဗျူဟာကျကျ ဆုပ်ကိုင်နိုင်ပါမှ အကျပ်အတည်းကြောင့်ဖြစ်လာတဲ့ သမိုင်းဆိုင်ရာ အတိမ်းအစောင်းကို ရှောင်ကွင်းနိုင်ပြီး သမိုင်းဆိုင်ရာအလှည့်အပြောင်းကို ဖြစ်စေမှာပါ။ ဒီ့အတွက် အပြောင်းအလဲ လိုလားသူတွေအနေနဲ့ နိုင်ငံရေးစတိုရီသစ်တရပ်ကို ထုဆစ်တည်ဆောက်ပြီး လက်တွေ့လုပ်ငန်းစဉ်တွေနဲ့ မဟာဗျူဟာကျကျ အကောင်အထည်ဖော်မှရမယ်လို့သာ ဒီဆောင်းပါးက ဆွေးနွေးအဆိုပြုလိုရင်း ဖြစ်ပါ တယ်။

အဓိကဖတ်ညွှန်းများ

Call, CT . (2003). Beyond the ‘failed state’: Toward conceptual alternatives. Sociology; European Journal of International Relations. 17(2), 303-326.

Clarke, L., and C. Chess. (2008). Elites and Panic: more to fear than fear itself. Social Forces, 87(2), 993-1014.

Diamond, Jared. (2019). Upheaval: How Nations Cope with Crisis and Change. Penguin UK.

Dyson, Stephen B. and Paul ‘t Hart. (2013). Crisis Management.  Oxford Handbook of Political Psychology,  Oxford University Press

Harari, Yuval N. (2015). Sapiens : a Brief History of Humankind. New York: Harper.

Kahneman, D.(2011). Thinking, fast and slow. New York: Farrar, Straus and Giroux.

Rhodes, R. A. W. and Paul ‘t Hart .(2014). The Oxford Handbook of Political Leadership. Oxford University Press.

Sanderson, C. 2014. Yuval Noah Harari: Interview. The Bookseller. July 7. https://www.thebookseller.com/profile/yuval-noah-harari-interview

Seargeant, P. (2020). The Art of Political Storytelling: Why Stories win votes in post-truth politics. Bloomsbury  Academic.

Schedler, Andreas. 2019. “Elections and Transformations.” In The Handbook of Political, Social, and Economic Transformation” edited by Wolfgang Merkel, Raj Kollmorgen, and Hans-Jurgen Wagener. Oxford, Oxford University Press.

Werder, K. P. (2015). A Theoretical Framework for Strategic Communication Messaging.  The Routledge handbook of strategic communication,  (Eds.) Ansgar Zerfass, Derina R. Holtzhausen. Routledge. New York

The TED Interview. Daniel Kahneman wants you to doubt yourself. Here’s why. https://www.ted.com/talks/the_ted_interview_daniel_kahneman_wants_you_to_doubt_yourself_here_s_why/transcript?language=en

မင်းဇင်(၂၀၂၀-က)၊ မြန်မာနိုင်ငံရဲ့ ကိုဗစ်-၁၉အကျပ်အတည်းကို ကပ်ဘေးနဲ့ စီးချင်းထိုးသလို ရှုမြင်ပြင်ဆင် ဆောင်ရွက်တာဟာ နိုင်ငံတော်အသွင်ကူးပြောင်းရေးကို အထောက်အကူဖြစ်စေမလား။ ISP-Myanmar Special Series:COVID-19 & Myanmar.

မင်းဇင်(၂၀၂၀-ခ)၊ မြန်မာ့နိုင်ငံရေးပါတီများ၊ ရွေးကောက်ပွဲနှင့် ဒီမိုကရေစီနည်းကျ ကိုယ်စားပြုခြင်းဆိုင်ရာ ဆင်ခြင်ယူဆချက်တချို့။ The Impact Journal #3. ပန်းဆက်လမ်းစာပေ၊ ရန်ကုန်။

အောင်သင်း (၂၀၁၅)၊ စာပေရေးရာဆောင်းပါးများ။ စိတ်ကူးချိုချိုစာပေ၊ ရန်ကုန်။

Eleven(2020)၊ ရွေးကောက်ပွဲ ကျင်းပမည့်ရက်ကို ရွှေ့ဆိုင်းမည်မဟုတ်ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ပြောကြား။ စက်တင်ဘာ ၁၉။ https://news-eleven.com/article/193049

ထက်အာကာကျော်(၂၀၂၀)၊ ရွေးကောက်ပွဲသည် ကိုဗစ်-၁၉နှင့်တန်းတူ သို့မဟုတ် တန်းတူထက်ပိုသည်ဟု ဆိုနိုင်ကြောင်း NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ပြော။ 7 Day news/စက်တင်ဘာ 30/ https://7day.news/detail?id=200490

Min Zin

မင်းဇင်သည် ISP-Myanmar ၏ အမှုဆောင်ဒါရိုက်တာ ဖြစ်ပါသည်။

Related article
ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါနှင့်  လော့ခ်ဒေါင်းမှတ်စု  (လော့ခ်ဒေါင်းနှင့်အတူနေထိုင်ခြင်း)

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါနှင့် လော့ခ်ဒေါင်းမှတ်စု (လော့ခ်ဒေါင်းနှင့်အတူနေထိုင်ခြင်း)

လော့ခ်ဒေါင်းချ ဆောင်ရွက်တဲ့ အခါမှာ ဆင်းရဲတဲ့အိမ်ထောင်စုတွေ၊ အလုပ်အကိုင် ဆုံးရှုံးသွားသူတွေ၊ ချို့တဲ့အားနည်းတဲ့ လူတွေအတွက်လည်း အဓိကစဉ်းစားပေးပြီး ကုစားရေး…

တရုတ်နိုင်ငံ၏ ကိုဗစ်-၁၉ကာကွယ်ဆေး သံတမန်လှုပ်ရှားမှုနှင့် မြန်မာနိုင်ငံအတွက် အလားအလာ

တရုတ်နိုင်ငံ၏ ကိုဗစ်-၁၉ကာကွယ်ဆေး သံတမန်လှုပ်ရှားမှုနှင့် မြန်မာနိုင်ငံအတွက် အလားအလာ

တရုတ်နိုင်ငံဟာ ကာကွယ်ဆေးကို အများကောင်းကျိုးအဖြစ် အသုံးပြုမယ်၊ မြန်မာနိုင်ငံစတဲ့ မိတ်ဖက်နိုင်ငံတွေကို ဦးစားပေးဖြန့်ဝေမယ် ဆိုတာဟာ စေတနာကောင်းရင်တောင် လက်တွေ့…

ကိုဗစ်-၁၉ကပ်ရောဂါနှင့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် ဒီမိုကရေစီစံနှုန်း

ကိုဗစ်-၁၉ကပ်ရောဂါနှင့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် ဒီမိုကရေစီစံနှုန်း

ကိုဗစ်-၁၉ ကပ်ရောဂါကာလလို အကျပ်အတည်း ကာလမျိုးမှာ "ရွေးကောက်ပွဲဖြစ်စဉ်တခုလုံးကို တန်းတူညီမျှစွာ ပါဝင်ဆောင်ရွက်ခွင့်"ဆိုတဲ့ ရွေးကောက်ပွဲတွေရဲ့ အခြေခံကျတဲ့ ဒီမိုကရေစီစံနှုန်းကို…

Discussion about this post

Leave a Reply

Your email address will not be published. Required fields are marked *

Type your search keyword, and press enter to search